Saturday, November 22, 2008

လွတ်မြောက်ရေးတိုက်ပွဲအတွက်ကျနော်လာခဲ့တယ်
ရေးသူ-မြင့်ဇေ


အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ‘ပြန်မလှည့်တော့ဘူး’ သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်း ရင်းနဲ့။ စစ်အစိုးရလက်အောက်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်လုပ်တဲ့သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရ တာပဲ။ ကိုယ်နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီ စိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်း ခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတိုင်း ရွေး ချယ်ရတဲ့ လမ်း (၂) ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲ ရွေးချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပဲမဟုတ်လား။


အိမ်က ထွက်ထွက်ချင်း လုပ်ဖော်ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေ အခြေအနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ် နိုင်သမျှလုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်းကာလ လယ်စိုက်ချိန်ကြီး။ ရေပြင် ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာနေလိုက်။ ရွာထဲပြန်လိုက်နဲ့။ အဲဒီကာလက စာတော့ တော် တော်ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ပဲ နေနေရတာဆိုတော့။အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်း ကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျ နော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကိုရှာ တော့ ဘုရားသုံးဆူဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန် တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန် လည်း မိသားစုတွေ ၀မ်းနည်းတာကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်းသောကပဲ ထပ်ရဦးမှာလေ။ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ် ...။ ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက် ဖြန့်တောင်းသုံးနေရတာ မဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာကျန်ခဲ့တဲ့ အ၀တ်အစား အားလုံးကို လူတယောက်လွှတ်ပြိး အမေ့ဆီက ပြန်တောင်းခိုင်းလိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမ ရှိလှပါ။အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက် လိုအပ်မယ့် ၀တ်စုံသုံးစုံကို ရွေး ပြီး ကျန်တာတွေအားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက် ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလားလို့မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်းချမိတယ်။ မလောက်လည်း နောက်ထပ် ရပေါက်ရလမ်းက မရှိတော့ဘူး ။ကျနော့်မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခု လာပေးတယ်။ ကိုယ့်မှတ်ပုံတင် အစစ်တော့ လုံလုံခြုံခြုံ သိမ်းပေါ့။ ရထားလက်မှတ်ဝယ်တော့ မှတ်ပုံတင်ပြပြီး ဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော် ကိုင်ဖက်တဦးရဲ့ အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။ခရီးထွက်မယ့် ညကျတော့ နောက်တယောက် ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော် နဲ့ မန္တလေးညီလာခံမှာ တွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်- ၁၉၉၄ ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျ ဆုံး) ဖြစ်နေတယ်။ လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှမကြုံ ဘူးတဲ့၊ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာ မဟုတ်လား။နောက်နေ့မနက် ဘူတာကြီးမှာရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက်ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ် သစ်တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက် စွာ တဖြည်းဖြည်းပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့အိပ်မက်တွေလည်း အဲဒီမှာတင် ပျောက် ကွယ်ကျန်ရစ်ခဲ့တော့တယ်။ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ ‘နင့်လိုသားမျိုးကို မောင်းချရမယ်ဟဲ့’ လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော်ဆင်းသွားတာက နောက်ဖေးကျောချင်းကပ်က အိမ်ကို။ အိမ်က ဆင်းတော့ ဟန်ကျပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ ပြီးတော့ နောက်ဖေးအိမ်မှာ သွား အိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´လို့ အ မေ့ရင်ခွင် ခေါင်းထိုးပြောတော့ မျက်နှာကတင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။အိမ်က ကျနော်ဆင်းရရင် ပုံမှန်တညပါပဲ။ အမေလည်း ကျနော့်ကို တညထက်ပိုပြီး မျက်စေ့အောက်က အ ပျောက်မခံနိုင်ခဲ့ဘူး။ တခါ ကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်း စိတ်ဆိုးတဲ့အခါတုန်းကတော့ ကျ နော် ထွက်သွားဖို့ စဉ်းစားသေးတယ်။ အဲဒီညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေကို လိုက်ရှာခိုင်းတာ ကား ဂိတ်၊ ရထားဂိတ်အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာလဲ။ ဘယ်သူကများ အမေ့ လောက် ကျနော့်ကို စိတ်ရှည်သည်းခံနိုင်မှာလဲ။ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေထွက်ခဲ့ရတာ တညထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မောနေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျ နော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား … ရထားက လေးလေးနှေးနှေး။ကရင်-မွန်ပြည်နယ် အ၀င်မှာတော့ နည်းနည်းရင်ထိတ်ရပါပြီ။ ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာ က လူတွေလာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမယ့် ကျနော်က မှတ်ပုံတင်နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလိုစဉ်းစားတာဟာ နောက်အချိန်တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။ဖြစ်ချင်တော့ သထုံအကျော်မှာ ကျနော် အိမ်သာထဲ ၀င်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲ ထည့်ထားတဲ့ မှတ် ပုံတင်အတုဟာ လျှောခနဲ ကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်းမသိဖြစ်ပြီး ပြန် ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကိုပြောတော့ အားလုံးက ဝေဖန်ရေးပေးတယ်။ အသုံးမကျဘူး ... ပေါ့ဆ တယ် … စသဖြင့်။ တိုက်ဆိုင်တာဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲ နေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရ တာပါပဲ။အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စကလွဲပြီး မုတ္တမရောက်သွားတယ်။ ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကြည့်ဖြစ်တော့ဘူး။ တန်းပြီး ကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာ ကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။ဖြစ်ချင်တော့ ကျနော်တို့တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေး ထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိမယ်ဆိုပြီး ကျောကို လယ်ကွင်းတွေဘက်ပေးထားတဲ့ လယ်တဲလေး (အိမ်နဲ့တော့ မဝေးလှပါ) မှာ တည်းလိုက်တယ်။အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက်ဆိုးလာပြီ မဟုတ်လား။ ကိုယ်တည်းမိတဲ့ အိမ်ကလည်း မိသားစု များတယ်ဆိုတော့ ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့် လမ်းကို အမြန်ရှာရတော့တယ်။လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေး နားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ ဘယ်ဟာအဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီးက ပိုလွယ်နိုင်တယ် ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ်၊ သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီး လမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့လမ်းဆိုတာ အဲဒီခရီးစဉ်မှာမှ သိရတော့တယ်။သြဂုတ်လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ။ အဲဒီအချိန်မှာ နဂို အတုယူလာတဲ့ မှတ်ပုံတင် မရှိတော့ တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲသွားတဲ့ အတွေ့အကြုံရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်း ဆိပ်ကြီးအထိ လိုက်ပို့ပေးပြီး ပြန်ရမှာပါ။ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အ ပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေဆင်းပြီး တောဘက်ကို ဆိုက်ကားတစီးငှားပြီး သွားလိုက်ရင် မြို့ပြင် ထွက်တာနဲ့ ကျနော်တို့ သွားမယ့်နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခု တော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းတထိတ်ထိတ် သွားရတော့တာပါ။မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သတ်သတ်၊ ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက် လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကိုသွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင် ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီး သတ်သတ်၊ ကြာအင်းက သတ် သတ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်း ထင်တယ်) ကပ်ပါတယ်။ အဲဒီ မှာတင် ရဲတွေ တက်လာပါတယ်။ အဲဒီဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့ တာပါပဲ။သူတို့ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်က လာတဲ့လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆို ပြီး ထုတ်ထားတာပါ။ အဲဒီမှာ သဘောင်္ထွက်ပြီး စစစ်တာက ရဲဘော်မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ ငြိသွားတယ်။ ဒါပေမယ့် ပါလာတဲ့ ရဲတပ်ကြပ်ကြီးကို ကပ်ပြီး ခေါ် သွားပြီးမှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့နေရာကို ပြန်လာပြီး ကျောချင်း ကပ်အနေအထားနဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ ပြောတယ်။ တွက် ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက် ကျနော်က ဒါမျိုးတခါမှ ပေးဖူးတာမဟုတ်တော့ ပေါက်တဲ့နဖူး မထူးတော့ဘူး။ နောက် ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာမဟုတ်ဘူးလို့ ထင်လိုက်မိ တယ်။ ကျနော်တို့အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင်ဆိုတော့ မေးတော့တာပေါ့။ ဘာလုပ်မလို့လဲ၊ ဘာ ကိစ္စနဲ့ လာတာလဲ၊ အသိရှိလား စသဖြင့် ...။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုး တွေဆီ လာလည်တာကဆက်ပြီး စီးပွားရေးလုပ်ငန်းလေးဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါ နဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လားမေးတော့ ဖျတ်ခနဲ သတိရလိုက်တာ ကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်း ရှိ ပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်း တို့မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ်ဆိုပြီး ပြန်ပြောလိုက် ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှတိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့ အချိန်မှာ ရဲဘော် မွှေးကြိုင်က ပြောတယ်။ ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့သွားမယ်ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော်ပြန်ပြောလိုက်တယ်။ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည်အားလုံး ကုန်တော့ မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ် မှာ အ၀င်အထွက်လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါပေးရင်း အကျိုးအ ကြောင်းတွေ ရှင်းပြလို့ ထားခဲ့တော့တယ်။ထောက်လှမ်းရေးနှစ်ကောင်လုံးက ခပ်ပုပု …၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တ ယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့်ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်း သောင်းခြောက်ထောင် မေး တော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့ စကားကို တ ယောက်ပြန်နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက် သူလို့ ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူ မဟုတ်သလို၊ အနာအကျင် လည်း လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွား ပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့နေရာက လည်း အခု ကျနော်တို့ရောက်နေတဲ့ ဆိပ်ကြီးမှာ။အဲဒီတုံးက ကြိုဆိုရေးတွေဘာတွေ လုပ်ကြတဲ့အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ နာမည်အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကို ဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တဥက္ကဋ္ဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင် ဖြစ်သွားတယ်။ အဲ ဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ်ပြောပြီး လိုက်ပို့တယ်။အိမ်ရှေ့ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီး ထွက်လာ တော့ ဥက္ကဋ္ဌ ခင်ဗျားအသိတွေလို့ သူတို့ကပြောတယ် ... ဟုတ်လား ... မေးတော့ အဖိုးကြီးကလည်း မမှတ်မိ ဘူး။အဲဒီ မှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ … အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ် အုပ်စုနဲ့လာပြီး အဘအိမ်မှာ တည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က …။ သူ အရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီး က တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုန်းက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူ တိုင်းကို တဦးချင်းစီမှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ် မသုံးခဲ့လို့ပါ။ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါ နဲ့ ကျနော်တို့ကိုအပ်ပြီး ပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို “အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန် ပေးပါဦး” ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့၊ မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင်လာပေးပါ့မယ် ဆိုပြီး ပြောပြီး ပြန်သွားကြရော။ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့ သားတွေကလည်း ကျနော့်နဲ့ အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကို သိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်ခဲ့တဲ့ ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက် ပါတယ်။ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီအိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့ နာမည်ကို ထမင်းစားပြီး အိမ်ရှင်ဘိုးတော်က ရုံးက စာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့ ထင်တဲ့အချိန်မှာ ပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။“ဘယ်က ကလေးတွေလဲ မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး”ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကိုပြေးပြီး လွတ်လွတ် မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။ ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့ လူတွေကို ဘာမှမဖြစ်စေ အောင် သူတို့အကျိုးအတွက် အသုံးမချခဲ့လို့ပါ။အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ် ယောက်သားက ဘယ်တော့ ပြန်ထွက်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန် ထွက်ရင် ဒီကောင်တွေ ပိုမသင်္ကာဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေ ပြီးမှ ဒီကောင်တွေကို ပြောပြီးပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက်သဘောတူလိုက်ကြတယ်။အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော်သဘောကောင်းပါတယ်။ အဲဒီကာလက ရဝတဥက္ကဋ္ဌ ခန့်တယ်ဆိုတာလည်း သူတို့လူဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့် ပြီးခါစပဲရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။ နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆို တော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။သူတို့သားတွေ တပည့်တွေကလည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင် ပြေသွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်မှာတော့ အမြဲလို လို မှတ်ပုံတင်သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်းသူထိုင်၊ ကိုယ့်ဝိုင်းကိုယ်ထိုင်ပါ။အဲဒီညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တွေ့လည်းတွေ့ချင်တာနဲ့ အီစီကလီမလေး ရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့ သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော် ရှာရပါတယ်။ သွားတဲ့အချိန်က ၅ နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျနော် မြင့်ဇေပါ ပြောတော့ …. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ … ရှိလားဆိုတော့ ရှိတယ်၊ ရေချိုးနေတယ်၊ ထိုင်ဦးလေ။ သူ့အမက ပြောတယ်။သိပ်မကြာပါဘူး။ ကျနော့်ပန်းကလေး ထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော်) ဟယ် … ဘာ လာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင် နေမှာလဲ၊ လဲပေါင်းများစွာ ...။ ကျနော်လည်း စိတ်မကောင်းခြင်း ကြီးစွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့အကြောင်း၊ မကြာခင် ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန် မာပြည်တပတ်လုံး လျှောက်လည်တဲ့အကြောင်း၊ သူကတော့ တသြော်သြော်နဲ့ ...။ ဒါပေမယ့် ယုံပုံမရပါဘူး။ ကျ နော်ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူကပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။ သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက် မှ သိရတာက ကြာအင်းရောက်ရင် (အဲဒီအချိန်က တောထဲရောက်ပြီ) နောက်တခုထပ်သိရတာက ကောင်မ လေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ ဒါနဲ့ စကားစမြည် နည်းနည်းထပ်ပြော ပြီး ပြန်လာခဲ့တယ်။နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန်ပြန်မယ်၊ မှတ်ပုံတင်ပြန်ပေးပါ ဆိုပြီး။ အဲဒါနဲ့ ဒီကောင်တွေက သင်္ဘောဆိပ်ကျမှ လာပေးမယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သ င်္ဘောဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမက လာနှုတ်ဆက်တယ်။ ကြာကြာမနေသွားလို့လည်း စိတ်မ ကောင်းဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သင်္ဘောပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေ ထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကိုတန်းပြန်လို့လည်း ပြောသေး တယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲ အကိုတို့ ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။ သင်္ဘောစထွက် တော့ ကမ်းပေါ်က လက်ပြနေသူတွေက အများကြီး ..။ အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်က ရွေးမြင်နေမိတယ်။သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကို ဖြတ်လို့ ဖားအောက်ကို နောက်တခေါက် ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့်သွားကြပုံရ တယ်။ သူတို့ကတော့ ရောက်လောက်ပြီ ထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ ထပ်ဝေ ဖန်ကြရော၊ ဒါ … မှတ်ပုံတင်ပျောက်လို့ ဖြစ်တာဆိုပြီး။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်း နည်းထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဖန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆ အဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဖန်နေရင်တော့ မ ဟုတ်တော့ဘူးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဖန်ပြီး သွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်း ငြိမ်သွားကြတယ်။အဲဒါနဲ့ သွားရမယ့် လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေ မကောင်းဘူး။ ဒါကြောင့် ကျနော်တို့တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့သွားဖို့ အကြံပေး တယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာဆိုတာရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တ ယောက် ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့ လူတွေနဲ့ ရင်းနှီးတာကြောင့် အဲဒီ လူဆီကို စာရေးပေးမယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်း မပြောနဲ့လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။ကဲ … လမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်းစဉ်းစားကြတယ်။ ရှိတဲ့ပိုက်ဆံက လမိုင်းလောက်ပဲ ရမယ်။ ဘုရားသုံးဆူသွားဖို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျက်ရှိ) ပါ။ သူလည်း ရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ဆိုတော့ … သူ့လည်း ဆက်နေဖို့ မလွယ်တဲ့အ ကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက်တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ် အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်ရေး - ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှ ပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်းဖတ်ပြီး ရောက်မယ့်ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့် အိမ်ကရော အဆင်ပြေပါ့မလား။လမိုင်းဘူတာရောက်တော့ ညနေ ၃ နာရီလောက် ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့်အိမ် လိုက် ပို့တယ်။ ကို … ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါပဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင် ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန် ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ်ဆိုတော့ ကိုလင်း က နှုတ်ဆက်ပြီး ထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအ ကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက် ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှ ဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာပဲတည်းပါ။ နှစ်ယောက်တည်းလည်း အားနာစရာမလိုဘူး။ အကိုကြီး အသိတွေ ပဲလို့ ပြောတာနဲ့ နှစ်ယောက်သား တည်းဖြစ်သွားတယ်။ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲနဲ့ ကိုယ်မဟုတ်လား။ ကြိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကိုက ပြောတယ်။ ညီတို့ ဒီအ ချိန် မိုးတွင်းမျိုးက သွားတဲ့လူ ရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏအိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကိုရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအ နေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြီး အကူအညီတောင်းမယ်လို့ ဆုံး ဖြတ်လိုက်တယ်။ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာ ထိုင်လို့။ တောခိုဖို့လာတဲ့အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူက မေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး …။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက် လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရ တာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲ့ထဲ ပါလားလို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မ ပြောပါနဲ့။ ရန်တောင် မဖြစ်ရဲပါဘူးဆိုတော့ သူက ဒါဆို အိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေ ပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြ တယ်။ မကြာခင် ရွေးကောက်ပွဲပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာ ဖြစ် တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်း တွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင်သူငယ်ချင်း ဆင် သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံးအဆင်ပြေသွားတဲ့ အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါ တယ်။ ကျနော်တို့က သုံးရက်လောက် အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကိုပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြော တယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေလို့ ပြန်ပြောတယ်။သုံးရက်အတွင်း ကျနော်နဲ့ ကိုလင်း နှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေး မြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာ တယ်။ ကုန်သည်အဖွဲ့တဖွဲ့ ဘုရားသုံးဆူဘက် တက်ဖို့ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင်အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီထွက် မယ် ပြင်ထားပါလို့ ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဖို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ ဆား စသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်မှာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေး ကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဖို့ကို ပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း၊ ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ် သက်ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက် လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုပ် ထုပ်ပေး တယ်။ ပြီးတော့ ကုန်သည်အုပ်စု စောင့်နေတဲ့ ရွာအပြင်က လမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ ရောက်လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါ ဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဖို့အကြောင်းပြောပြီး ပြန်သွား တယ်။အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမ ဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုး ရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင် လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့ မသိစိတ်ထဲမှာတောင် စစ်တပ်ကို အလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော် တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည် အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြ တော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု …။မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ် ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါး နာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များပြားပါတယ်။ အသော့နှင်လိုက်ကြ တာ ကျနော်လည်း ရွာအမည်တွေ မမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေး လိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီး နေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ် တွယ်တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန် ဘောင်းဘီတို ကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာ ချက်စားမယ်ဆိုတဲ့ ရွာရောက်တဲ့ အထိပါ ပဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့ အဖွဲ့နဲ့ နောက်မှာ ကျန်ရစ်ခဲ့တယ်။နောက်မှ သိရတာက ကျနော်တို့နဲ့ အတူပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်း မဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့ လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကို လင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွားတယ်။ မင်းတော့ ဖြည်းဖြည်းပဲ ဒီကုန်သည် အဒေါ် တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွားတယ်။ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခု စီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွား တယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာ အိပ်မယ်လို့ပြောတော့ လူက ထိတ်ခနဲ ဖြစ် သွားတယ်။ အရှေ့က အဖွဲ့ကို အမီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမ ဟုတ်ဘူးတဲ့။ ဘာမှမပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါလို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့် ကျောပိုးအိတ်ထဲမှာက ဆန်နဲ့ ငါး ခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့ အားလုံးက ကိုလင်းနဲ့ ပါသွားပြီ။ ကဲ … အခုမှ တော့ ပေါက်တဲ့နဖူး မထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီး နေလိုက်တယ်။ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့ တော့တာပါပဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရ တဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါပဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်း အငှားသမားတွေလည်း ကုန် ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်း လုပ်ပေးခဲ့ရတယ်။လမ်းမလျှောက်ဖူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ် မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ် မယ့် ခပ်ငယ်ငယ် မိသားစုတစုလည်း ပါတယ်။ သားအမိ သားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့် ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။ သွားနေရင်း တရက်မှာ အုန်း ထမင်းစားလိုက်ရသေးတယ်။ နေ့လည်ဘက် ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရ တယ်ဆို ပြီး အုန်းသီးခူးခိုင်းပြီး အုန်းထမင်းချက်တာ၊ အဲဒီရွာမှာပဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှမပြောဘဲ ဆက်လာခဲ့တယ်။သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိ မြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီး သွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေ စီးဖို့မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်း သောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီး နားကိုသွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူရောက်မှ ပြန်ပေးမယ် ဆိုတဲ့အကြောင်းပြောတော့ သူက ဟက်ဟက်ပက်ပက် ရယ်ပါတယ်။“ငါသိပါတယ် .. ကောင်လေးရဲ့၊ ကျန်တ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာမရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်း သားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာတောင် ကောင်းကောင်းမွန်မွန် ခေါ်လာ တာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ် လာပေးတာ မနည်းတော့ပါဘူး” လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလားဆို ပြီး နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက်မှာ အပြည့်အ၀ မပါဝင်နိုင် သေးပေမယ့် တတ်နိုင်တဲ့ဘက်က ၀ိုင်းလုပ်နေပါလား ဆိုတာကို ကျနော် မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ ပါးပါးနဲ့ လှေပေါ်တက်ပြီး ထွက်ခဲ့တယ်။မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါပဲ။ တောင်ဆင်ခြေလျှောတလျှောက် ရေဆင်းလာတာဆိုတော့ ရေဆန်က အရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေက ကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ပဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေး ကျောက် ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲ့ လူအားလုံး မိုး မခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေ ကြသလိုပါပဲ။လှေ နှစ်နာရီခွဲ၊ သုံးနာရီ သာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ် ပါတီရဲ့ တပ်တွေရှိတယ်။ ကုန်သည်တွေ အ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကိုမော့ကြည့် တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာတွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွား တယ်။ အဲဒါနဲ့ ကိုလင်းဆီက ငွေတောင်းပြီး အဒေါ်ကြီးကိုပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်း ပေးတော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး …။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကို နှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့်လမ်းအတိုင်း ဆက်လျှောက်လာခဲ့ တယ်။ အဲဒီနောက်ပိုင်း အဒေါ်ကြီးနဲ့ရော ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ်ပါသေးတယ်။ ဘုရားသုံးဆူ မကျခင်အထိ)ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရ တယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏပဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက် စီး လာတော့ နမ့်ကိတ်ဆိုတဲ့ နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက် ပြန်ကူးပြီး ၁၅ မိနစ်လောက် ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ် အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့ …`ဘာလုပ်နေလဲ … လေ့ကျင့်နေတယ်´`ဘာစိတ်ဓာတ်လဲ … ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါပဲ။ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံ ၀တ်ထားတဲ့သူရဲ့ ရင်ဘတ် မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည် ရွယ် လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်က ထွက်လာတဲ့ ခရီးအတွက် လမ်းဆုံးပန်းတိုင် ဖြစ်ပေမယ့် တော်လှန်ရေးပြောက်ကျားရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ …။

မြင့်ဇေ။
{ဒေါက်တာလွမ်းဆွေက ရိုးမ ၃ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြထားတဲ့ ရဲဘော်နေလ ရဲ့ အက်ဆေးကို မာယာက ပြန်လည်ဖော်ပြပါတယ်။ ရိုးမ ၃ နဲ့ ဒေါက်တာလွမ်းဆွေ တို့ကို ကျေးဇူး အထူးတင်ပါတယ်။}

Friday, November 21, 2008

ဂုရုသို့အမှတ်တရ
ရေးသူ- ဗိုစော

ကျွန်တော်သူနဲ့ စသိခဲ့တယ်၊
ဘုန်းကြီးကျောင်းဘေးက အကာမဲ့အဆောင်တခုမှာ
ကျွန်တော်တို့ တတွေစခန်းချခဲ့ကြတယ်၊
အနေအထိုင် အစားအသောက်က ဆင်းရဲ
တလတခါ ကြက်ရိုးဟင်းလေးများ စားရရင်
နတ်ဘုံရောက်သလား အောင့်မေ့ရတယ်။


ဟိုတချိန်က
အသက်လည်းငယ်
စကားလည်းကြွယ်
သုတမှာလည်း စုံတဲ့သူမို့
သူ့ကို ဂုရုလို့
ကျွန်တော်တို့ ဂုဏ်ပြုခေါ်ခဲ့တယ်။

ကျွန်တော်နေမကောင်း ဖြစ်တဲ့အချိန်
ငှက်ဖျားက မညှာမတာ အတင်းတက်
သတိလစ်နေတဲ့ အချိန်မှာ၊
ဆေးကျောင်းသားရဲဘော်တွေနဲ့အတူ
ဂုရု တယောက် ကျွန်တော့်ကို ပြုစုဂရုစိုက်ခဲ့တာ
ယနေ့တိုင်မမေ့နိုင်ပါ။

ဟိုအချိန်က တောထဲကသစ်ပင်အောက်မှာ
ကျွန်တော်တို့တတွေ ဂစ်တာလေးတီးပြီး
သီချင်းလေးတွေ ဟစ်ကြွေးခဲ့တာလည်း
အမှတ်ရမိ သေးတယ်ပေါ့။

ဂုရုရဲ့
ကြင်နာတဲ့နှလုံးသား၊
လွတ်လပ်ခြင်း နဲ့ ပျော်ရွှင်မှုကို မြတ်နိုးတဲ့စိတ်ဓါတ်
အမိမြန်မာပြည်ကို
ကောင်းစားစေလိုတဲ့ မျိုးချစ်စိတ်များနဲ့
တော်လှန်ရေးတလျှောက်မှာ
လက်မမြောက် ဒူးမထောက်ခဲ့တဲ့
ခွတ်ဒေါင်း ပီပီ အာဇာနည်သူရဲကောင်းကို
ကျွန်တော် ဒီနေရာကနေ
ဂါရ၀နဲ့ အလေးနီပြုလိုက်ပါတယ်။


ဗိုစော


Thursday, November 20, 2008

ကော်ရင်ဂျီ
ရေးသူ- လူထုဒေါ်အမာ

{၂၀၀၁ မတ်လ၊ မာယာတွင်ဖော်ပြပြီးဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ် အတွက် ထပ်မံ ဖော်ပြခြင်းဖြစ်ပါတယ်။ }

အမေတို့ ငယ်ငယ်တုန်းက တို့အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ စာဖတ်နေတယ်။ အမေတို့ ညီအစ်မက အဖေ့ခြေရင်းမှာ ကစားနေကြတယ်။ ကစားရင်း ဘာက ဘယ်လို ဖြစ်တယ်တော့ မမှတ်မိတော့ဘူး၊ ညီအစ်မ ရန်ဖြစ်ကြပါရော။ ရန်ဖြစ်တော့ အမေက ညီမကို "နင်က ဂန်ဂယား မယားဟဲ့" လို့ဆဲတော့၊ ညီမ အတင်က "နင်က အပ္ပနားမယားဟဲ့" လို့ပြန်ဆဲတယ်။ ညီအစ်မ "အပ္ပနားမယား၊ ဂန်ဂယားမယား" နဲ့ ဆဲနေကြတာ အခွန်းများတော့ အဖေက နားကြားပြင်းကတ်ပြီး ထရိုက်ပါလေရော။



အဖေဆိုတာ တို့ကိုသိပ်ရိုက်ခဲတဲ့ အဖေပါ။ ဒါပေမယ့် ဒီအရွယ်ကလေးတွေနဲ့ လင်ပေးစား ဆဲရမလားဆိုပြီး သိပ်စိတ်ဆိုးလို့ ရိုက်တာနေမှာပေါ့။ အခါတိုင်းဆိုရင် ရိုက်တဲ့ အလုပ်က အမေ့အလုပ်။ အဖေရိုက်တာ ဒီတခါပဲခံရဖူးတာ။ အမေတို့ ညီအစ်မကတော့ အဲဒီ ကတည်းက မဆဲဝံ့တော့ဘူး။
မင်းတို့က အမေတို့ဆဲတဲ့ အဆဲကို နားလည်ကြရဲ့လား။ အပ္ပနားတို့ ဂန်ဂယားတို့ ဆိုတာ တို့အရပ်ထဲမှာ ရေရောင်းနေတဲ့ ရေသည် ကော်ရင်ဂျီကုလားတွေရဲ့ နာမည်တွေပေါ့ကွယ်။
တို့မန္တလေးမှာက ဟိုအရင်က အဝီစိတွင်းရေဆိုတာကို ရပ်ကွက်နည်းနည်းကလေးပဲ သုံးနိုင်တာပါ။ ကျုံးပတ်လည်က အရပ်တွေက ကျုံးရေကို သုံးရတယ်။ ကျန် ရပ်ကွက်တွေ အားလုံးက တွင်းရေကိုခပ်သုံးရတာ။ အဲဒီမှာ ရေတွင်းကလည်း အတောင်၂ဝ-၂၅ ဆိုတာ တိမ်တဲ့တွင်းတွေ။ တချို့ရေတွင်းတွေက အတောင် ၃ဝ-၄ဝ နက်ကြတယ်။ ဒီလိုတွင်းထဲက ရေကို ခပ်ပြီး ၄ ဂါလံဝင် ရေနံဆီပုံး (၂)ပုံးနဲ့ အပြည့်ထည့်ပြီး အိမ်တွေကို ထမ်းပို့တဲ့အခါ လက်ငင်းဝယ်ရင် ရေတထမ်း ၁ပြား၊ လပေးဝယ်ရင် တနေ့တထမ်းယူရင် တလမှ တမတ်(၁၆)ပြား ပေးရတယ်။ အဲဒီ ရေထမ်းရောင်းတဲ့ အလုပ်ကို အများအားဖြင့် ကော်ရင်ဂျီ ကုလားတွေက လုပ်ကြတာ။ ဒါကြောင့် ရေသည်ကြီးဆိုတဲ့ စကားထက် 'ပန်နီဝါလား' ဆိုတာကို တို့တတွေက ပိုပြီး နားလည်တယ်။
အမေတို့ငယ်ငယ် အင်္ဂလိပ်ခေတ်တုန်းက ရေတထမ်း ၁ပြားနဲ့ ရောင်းစားရ တဲ့အလုပ်ကို ဗမာတွေက သိပ်မလုပ်ချင်ကြဘူး။ ပင်ပန်းသလောက် ပိုက်ဆံမရလို့။ ဒါကြောင့် မြို့တွေမှာ ကော်ရင်ဂျီတွေက ရေထမ်းရောင်းတယ်။
ရုံးတွေ၊ ကျောင်းတွေ၊ လမ်းတွေမှာ တံမြက်စည်းလှည်းတဲ့ အလုပ်ဆိုရင်လည်း ဗမာတွေ လုပ်တာနည်းတယ်။ ကုလားတွေ လုပ်ကြတာပဲ။ သူတို့ကို 'ဂျာဒူးဝါလား' လို့ခေါ်တယ်။ နောက်ပြီး တို့မန္တလေးမှာ ရထားလုံးလို့ခေါ်တဲ့ ဘီး(၄)ဘီးနဲ့ မြင်းရထား တွေရှိ တယ်။ ခုခေတ်မှာ ရှိတဲ့ ဘီး(၂)ဘီး နဲ့ မြင်းရထားကိုတော့ မြင်းရထား မခေါ်ဘူး။ မြင်းလှည်းလို့ ခေါ်တာ။ အောက်အရပ်က တချို့ မြို့တွေမှာ ဘုံပြတ် လို့ခေါ်တယ် ထင်တယ်။ မန္တလေးမှာ ဟိုတုန်းက မြင်းလှည်းမရှိသလောက်ပဲ။ မြင်းရထားပဲ လမ်းတွေပေါ်မှာ ရှိတယ်။ အဲဒီ ရထားမောင်းတဲ့ အလုပ်ကိုလည်း ကုလားတွေပဲ လုပ်တယ်။ သူတို့ကို 'ဂါလီဝါလား' လို့ခေါ်တယ်။ အဲဒီတုန်းက တို့မန္တလေးမှာ လံခြားတော့ မရှိဘူးကွဲ့။ ရန်ကုန်တို့၊ မော်လမြိုင်တို့မှာသာ ရှိတာ။ လံခြားကို ဘယ်သူတွေ ဆွဲသလဲ သိလား။ ကော်ရင်ဂျီတွေပဲပေါ့။
တို့က ကုလားမောင်းတဲ့ ရထားစီးကြတာဆိုတော့ ဒိုင်းနား-ညာချိုး။ ဘားယား-ဘယ်ချိုး၊ ဆီးတား-တည့်တည့်၊ အာစတေး-ဖြည်းဖြည်း၊ ဂျာလတီး- မြန်မြန်။ ဟိုး-ရပ်တော့ ဆိုတဲ့ကုလားစကားကို လူတိုင်း တတ်ကြတယ်။
အမေတို့ ဈေးသွားတဲ့အခါ ဈေးဝယ်တဲ့ ဈေးဆွဲခြင်းဟာ လေးရင် ဘယ်တော့မှ ကိုယ့်ဖာသာ မဆွဲခဲ့ဘူး။ ဈေးထဲမှာ တောင်းကလေးတွေ ထမ်းပြီး 'အစ်မ-ကူလီ- ကူလီ' လို့အော်နေတဲ့ ကလေးအလုပ်သမား ကော်ရင်ဂျီကလေးတွေကို ခေါ်ပြီး အကိုင်ခိုင်းလိုက်တာပဲ။ ပေးရတာက ၂ ပြား၊ ၁ ပဲကိုး။
ဟို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်က တို့နိုင်ငံမှာ တို့လူမျိုးတွေက အောက်တန်း ကျတယ်ထင်တဲ့ အလုပ်မျိုးတွေကို တို့က မလုပ်ဘူး။ အဲဒီ ကော်ရင်ဂျီတွေက ဈေးပေါပေါ နဲ့ လာလုပ်ပေးနေတယ်လေ။ တို့ကလည်း မိလ္လာသိမ်းတာကအစ ကောက်စိုက်တာ အဆုံး သူတို့ကို ခိုင်းတာပဲ။ သူတို့ တို့နိုင်ငံထဲ လာအလုပ်လုပ်နေတာက သိန်းနဲ့သန်း နဲ့ချီ ရှိတယ်ကွဲ့။ အောက်မြန်မာနိုင်ငံမှာ သာပြီး ပေါများသေးတယ်။
သူတို့ခမျာမယ် သူတို့နိုင်ငံက ဘယ်လောက်ဆင်းရဲနေလို့ တို့ဆီကိုလာပြီး ဒီလို ဈေးပေါပေါနဲ့ လုပ်နေသလဲတော့ မသိဘူး။ ဒါပေမယ့် တို့နိုင်ငံမှာ သူတို့ နေကြ ထိုင်ကြပုံ ကိုပြောပြကို ပြောပြဦးမယ်နော်။
ရေထမ်းပေးနေတဲ့ ရေဖောက်သည် ကော်ရင်ဂျီတယောက်က "အစ်မ အိမ်ဘေးက အဖီကလေး အားရင်ငှားပါ။ ကျွန်တော် တလ (၅)ကျပ် ပေးပါ့မယ်" ဆိုတာမျိုး လာပြောရင် အမိုးသာရှိပြီး တခန်းသာကျယ်တဲ့အဖီမို့ အိမ်ရှင်က အဖီကလည်း အားနေတာ၊ တလ (၅) ကျပ်ဆိုတာလည်း အလကားရနေတာ ပန်နီဝါလား လာနေရင် အိမ်စောင့် ဒလဝမ်တောင် ရသေးတယ်ဆိုပြီး ငှားလိုက်မိရော။ သူတို့က အကာကလေး တောက်တီးတောက်တဲ့ ထည့်တယ်။ ပထမတော့ အဖီကလေးထဲ ကုလား ၂ - ၃ ယောက်။ နောက်တော့ ၃ - ၄ ယောက်၊ နောက်တော့ ၅ ယောက် ၆ ယောက်၊ နောက် ၁ဝ ယောက် ၁၅ ယောက်။ လူတွေ များများလာလိုက်တာ၊ ညများ ဘယ်လို အိပ်ကြပါလိမ့်လို့ စဉ်းစားလို့တောင် မရဘူး။ တချို့လည်း အပြင်မှာ ထွက်အိပ်ကြတာပါ။
သူတို့က တနေကုန်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ကြ၊ ညနေတိုင်တော့ ထန်းရည်၊ ဓနိရည်စတဲ့ အပေါဆုံး အရက်သေစာကလေး သောက်စားပြီး ပြန်လာကြ၊ အခန်းမှာ သီချင်းညည်းတဲ့လူကညည်း၊ စကားဖောင်လောက်အောင် ပြောတဲ့လူက ပြော၊ တချို့က တကိုယ်ရေ မဟုတ်ဘူး၊ ကုလားမဇနီး ပါလာသေးတယ်။ ဒီမိန်းမနဲ့ အိမ်ထောင်သည် ဒီအခန်း ကျဉ်းကျဉ်းကလေးထဲ ဘယ်လိုနေကြမှန်းလည်း မစဉ်းစားတတ်ဘူး။
သူတို့မှာ စာတတ်တဲ့လူ မရှိဘူး။ သူတို့ နိုင်ငံပြန်ပြီး စာရေးချင်ရင် သူတို့လူမျိုးချင်းထဲ က စာတတ်တဲ့လူကို ပိုက်ဆံပေးပြီး အရေးခိုင်းတယ်။ အဲဒီလူက စားပွဲကလေး တတောင်လောက်နဲ့ လမ်းဘေးထိုင်နေတာ။ အလုပ်လုပ်လို့ ရသမျှစုဆောင်းပြီး နေရပ်ကို တလတကြိမ် ငွေပို့တယ်။ သူတို့ စားတာက ပဲဟင်းနဲ့ ငရုတ်သီးတောင့်။ ထမင်းကို ပဲဟင်းဆမ်း၊ ဆားဖြူး၊ ငရုတ်သီး အတောင့်လိုက် ကိုက်စား၊ တပန်းကန် ကုန်ပြီဆိုတော့ ပန်းကန်ထဲ ရေထည့် လက်ဆေးပြီး အဲဒီ လက်ဆေးရေ ပန်ကန်ဆေးရေကို မော့သောက်လိုက်တာ၊ သွန်မပစ်ဘူး။ ပလုတ်ကျင်းပြီးတော့လည်း မျိုချလိုက်တာ၊ ထမင်းတစေ့ မလေလွင့်ရဘူး။
တခါတရံ သိပ်ပိုက်ဆံစုမိလို့ရှိရင် အိန္ဒိယပြန်တဲ့လူက ရှိသေးတယ်။ ခဏပြန်တာနော်၊ အပြီးမဟုတ်ဘူး။ အဲဒီပြန်ရင် သူက မိန်းမနဲ့လူဖြစ်ခဲ့ရင် သူ့မိန်းမကို ပိုက်ဆံပေးနိုင်တဲ့ အတူနေ ကော်ရင်ဂျီတယောက်ကို ငှားထားခဲ့တယ်။ တလ ဘယ်ရွေ့ ဘယ်လောက်ဆိုတဲ့ ဈေးနှုန်းနဲ့။ ဒီငှားခ ယူသွားတယ်၊ သူပြန်လာတော့ သူ့မိန်းမကို ပြန်ယူပြီး ပြန်ပေါင်းတယ်။
အဲဒီ ကော်ရင်ဂျီ အလုပ်သမားတွေဟာ တို့နိုင်ငံကို ကမ္ဘာစစ်မီးကြီး ရောက်ရှိ တောက်လောင်လာတော့ အိန္ဒိယကို ပြန်ပြေးကြတယ်။ ဘယ်လောက်ပြန်ရောက်လို့ ဘယ်လောက်လမ်းမှာ သေသလဲ မသိဘူး။ အများစုကြီးက ကုန်းလမ်းကနေပြီး ခြေကျင် ပြန်ကြရတာကိုး။
စစ်ကြီးပြီးတော့ ဒီအလုပ်သမားတွေ တို့နိုင်ငံက လက်မခံတော့ဘူးကွဲ့။ ဒါကြောင့် စစ်ပြီးမှ လူဖြစ်တဲ့ လူငယ်တွေက ကော်ရင်ဂျီ အလုပ်သမားတွေ အကြောင်းကို မသိကြတော့ဘူး။ ဈေးပေါပေါနဲ့ အားမနာတမ်း ခိုင်းရစေရတဲ့ လူတွေ တခါတုန်းက တို့ဆီမှာ အများကြီး ရှိခဲ့ဖူးတယ်ဆိုတာကိုလည်း မသိကြတော့ဘူး။ တနေ့က မလေးရှားတို့၊ ထိုင်းတို့မှာ တို့ဆီက အလုပ်သမားတွေ တရားမဝင် သွားရောက် လုပ်ကိုင်နေကြတာ သိန်းဂဏန်းနဲ့တောင် ရှိတယ်။ ဒီအလုပ်သမားတွေက တိုင်းရင်းသားတွေ မလုပ်ချင်တဲ့ အလုပ်တွေမှာ ဈေးပေါပေါနဲ့ ခိုင်းလို့ရနေလို့ ခိုးဝင်တာ ဖြစ်ပေမယ့် မပြန်စေချင်ဘူးဆိုတဲ့ သတင်းတခု ကြားလိုက်ရတာ အမေ့မှာ ကြက်သီး ထလိုက်တာ။

ကလျာမဂ္ဂဇင်း၊ အမှတ် ၁ဝ၈၊ ၁၉၉၄ ဖေဖော်ဝါရီ။

ဧည့်ကြိုပွဲ
ရေးသူ- ပွင့်သစ်(ကရိန်ကန်)


နေခြည်ပျိုက
လှစ်ဟလို့ ကြိုဆို
အသံရှင်ကို
အလွမ်းပိုနေရှာရဲ့။

အေးမြတဲ့ အရိပ်
ချွေးသိပ်ခိုနိုင်ဖို့
သစ်ပင်စိုစို
တောင်ညိုညိုကလည်း
ပြင်ဆင်နေရဲ့။




ခရီးဝေးဧည့်သည်
မောနေရှာမယ်အတွေးနဲ့
စမ်းချောင်း ရေချိုက
အကဲပိုပြီး
အလိုလို ကြည်လင်နေရဲ့။

သူ့ရဲ့ခရီး မနီးလှဘူး
ကျေးငှက် အထူးထူးက
မြူးကြွမယ့် ဂီတသံ
ဖန်တီးဖို့ အကြံနဲ့
ဟိုတဖွဲ့ ဒီတဖွဲ့
စောင့်ကြိုနေရဲ့။

ရင်တွင်း အေးမြ
ရွှင်ပြစေဖို့
ပန်းမာလာတို့လေ
သင်းရနံ့တို့စု
ကမ္ဘာ့လေထု အနှံ့
ပျံ့လွင့်နေရဲ့။

ဟော
မြင်းခွာသံ တညံညံနဲ့
သူ့ရုပ်ပုံကား ထင်ရှားလာပြီ
လက်နက်ကိုင် တော်လှန်ရေး
လမ်းမထက်
အာဏာရှင်တွေအတွက်
ဓါးတလက်နဲ့အတူ။ ။

ပွင့်သစ်(ကရိန်ကန်)
ဒေါင်းအိုးဝေ၊ အတွဲ(၃)၊ အမှတ်(၁)။ ၁၉၉၂-ခု၊ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီ ။
နိုဝင်ဘာ ၂၀၊ ၂၀၀၈ မှာ ကွန်လွန်သွားရှာတဲ့ သားသားကြီး(ခ)နေလ(ခ)ဂုရု ရဲ့ကဗျာဖြစ်ပါတယ်။
ပွင့်သစ်(ကရိန်ကန်) အပြင်၊ အခြားကလောင်ခွဲများမှာ- နေလ၊ မြင့်အောင်၊ မြင့်ဇေ၊ ဒီမြင့်သစ်၊ ဖိုးဇေ ဖြစ်ပါတယ်။


Wednesday, November 19, 2008

သားသားကြီး၊ နေလ၊ မောင်မြင့်အောင်၊ ဂုရု
ရေးသူ- မောင်အေးဝင်း



"နေလ (ဦးအောင်ခင်သား အကြီး) ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး မဲဆောက်ဆေးရုံကို ဒီညနေမှာ တင်ထားလိုက်ပါသည်။ အခြေအနေမကောင်းပါ။" လို့ မဲဆောက် ယမုံနာကျောင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ရဲဘော်တယောက်က အီးမေလ် ပို့တယ်။ ကိုလဲ အလုပ်သွားရဘို့ အချိန်ကပ်နေတော့ သူ့ရဲ့ contact ဖုံးနံပါတ်ကို ကမန်းကတန်း ရေးချပီး၊ အလုပ်ကို ထွက်လာခဲ့တာ။ အလုပ် ရောက်ရောက်ချင်းပဲ သူတို့ဆီ ဖုံးဆက်လိုက် တယ်။ ကိုပေါက် ဆိုတဲ့ရဲဘော်လေးက "အကိုရေ.. မနက်တနာရီလောက်ကဘဲ ဆုံးသွားပီ" တဲ့။



ရုတ်တရက် ရင်ထဲ ဆို့သွားတယ်။ ချက်ချင်း ဆက်စရာရှိတဲ့ လူတွေဆီ ဖုံးခေါ်လိုက်တယ်။ 'ဂုရု မနက် တနာရီမှာ ဆုံးသွားဘီ' လို့။
သူတို့မိသားစုမှာ သူက သားအကြီးဆုံး။ သူ့မိဘတွေက သူ့ကို သားသားကြီးလို့ ခေါ်တော့ ကျနော်တို့လဲ လိုက်ပီး သားသားကြီးလို့ ခေါ်ကြတယ်။ ကျနော်တို့ဆိုတာက ကိုသက်ခိုင်(ခ)ကိုလတ်၊ မျိုးသန်း(ခ)ဂျပ်ကြီး(ခ)ခွန်းခ၊ နဲ့ ကျနော်။ သူ့အဖေက ကိုအောင်ခင်။ ကျနော်တို့ ရဲဘော်။
သူ့ အိမ်နာမည် 'နေလ'၊ သူ့အောက်က အငယ်ကောင်က 'သီလ'။ သီလအောက်မှာ 'မနှင်းဖွေး' ဆိုတဲ့ ညီမလေးတယောက် ရှိတယ်။ နောက်တော့မှ အငယ်ဆုံးကောင်လေးကို မွေးတာ။ အဲဒီ အငယ်ဆုံးကောင်ကို မွေးတော့ ဆရာဒဂုန်တာရာက 'ဗညားမော်' လို့ နာမည် ပေးလိုက်တယ်။ အော်လွန်းအားကြီးလို့ ကျနော်တို့က 'တအားအော်တဲ့-ဗညားမော်' လို့ ဘွဲ့ပေးထားတဲ့ ကလေးပေါက်စ။
ချစ်စရာကောင်းတဲ့ မောင်နှမလေးယောက်။
'နေလ' က လူအေး။ မျက်မှန်လေးနဲ့။ စာကြိုက်တဲ့ စာဂျပိုး။ 'သီလ' က သွက်သွက် လက်လက်။ ငမျောက်။ 'နေလ' တောခိုလာတယ်ဆိုတော့ ကျနော် အံ့သြသွားတယ်။ ဒါမျိုးကို လုပ်မယ့်လုပ်ရင် သီလ လုပ်မယ်ထင်တာ။ နောက်ပီး စိတ်မကောင်းလဲ ဖြစ်မိတယ်။ အဖေက ကျနော်တို့ ကိစ္စမှာသူလဲပါတော့ အဖမ်းခံသွားရတယ်။ သားအကြီးဆုံးကလဲ တောထဲ ရောက်ရတယ်။ မရောက်ရင်လဲ သူလဲ သူ့အဖေလို ထောင်ထဲရောက်မှာ။ ရိုးရိုးအေးအေး မဒမ်အောင်ခင် (ဒေါ်အေး) တော့ လူမမယ် ကလေးသုံးယောက်နဲ့ ဒုက္ခပါဘဲ။
'နေလ' အဖို့ရာ သူဖတ်ခဲ့တဲ့ စာတွေက သူရလိုက်တဲ့ အတွေးအခေါ်တွေဟာ သူ့လက်တွေ့ ဘဝကို ပြဌာန်းပေးလိုက်ခြင်းဖြစ်တယ်။ တော်လှန်ရေးနယ်ထဲရောက်လာပီး တော်လှန်ရေးသမားဘဝကို သူ ခုံခုံမင်မင် ဖြတ်သန်းတာဘဲ။ စာသင်ခန်းကိုစွန့်၊ ကျောင်းလွယ် အိတ်ကိုချ၊ AK 47 မောင်းပြန်သေနတ်ကို သူကိုင်ခဲ့တယ်။
ကျနော် ဘန်ကောက်မှာတုန်းက သူ ဘန်ကောက်ကို တက်လာသေးတယ်။ သူ့ကို ကျနော်က ဘန်ကောက်မှာ နေမလားမေးတော့ ကျနော် စစ်ပဲ တိုက်ချင်တယ်ဆိုပီး နယ်စပ်ကို ပြန်ဆင်းသွားတယ်။ တပ်နီတော်ရဲ့ စည်းကမ်းကြီး (၈) ချက်ကို လိုက်နာတဲ့ ABSDF ရဲ့ စံပြတပ်သားကောင်းတယောက် သူဖြစ်လာတယ်။ နိုင်အောင်တို့တပ်က သူတို့ [(၆၀)လောက်ရှိ မယ်ထင်တယ်] ခွဲထွက်လာကြတယ်။
သူ့တို့ ငယ်ဘဝလေးကို ကျနော့်မျက်စိထဲမှာ ပြန်မြင်လာတယ်။ ဒင်းတို့ ညီအကိုနှစ် ယောက်ကို ဘယ်လက်ညာလက်မှာ ဆွဲပီး၊ စော်ဘွားကြီးကုန်းကနေ မြို့ထဲမှာ ရုပ်ရှင်ကြည့်ဘို့ ခေါ်လာရတာ။ ရုပ်ရှင်ကအပြန် ကျနော့် စာအုပ်ဆိုင်ကိုဝင်၊ မင်းတို့ ဖတ်ချင်တဲ့စာအုပ်ကြိုက်တာ ယူဆိုတော့၊ 'သီလ'က ကာတွန်းစာအုပ်ပဲ။ 'နေလ' ကတော့ ဘာသာပြန်စာအုပ် ကောင်းကောင်း တွေကိုပဲ ရွေးတယ်။
သူတို့ အိမ်မှာ ကျနော် အိပ်တဲ့အခါ နှစ်ယောက်အိပ်ခြင်ထောင် တလုံးစာပဲ ကျယ်တဲ့ သူတို့အိမ်ရှေ့ခန်း ၀ါးကြမ်းခင်းရဲ့ ဖျာကြမ်းပေါ် ဖျာချော ထပ်ခင်းပီး ညီအကိုနှစ်ယောက်ရယ်၊ ကျနော်ရယ် သုံးယောက် အိပ်ကြတယ်။ တခါတလေ မျိုးသန်း(ခ)ဂျပ်ကြီးတောင် ပါလိုက် သေး။ ဒီကလေးတွေက အအိပ်ဆော့တော့ ခြင်ထောင်ထဲကို ခြင်တွေဝင်၊ မနက်ဆိုရင် သွေးဝနေတဲ့ ခြင်တွေ၊ ခြင်ထောင်ထဲ သီးနေလိုက်တာ၊ ရိုက်လို့မကုန်ဘူး။
တခါတလေ မျိုးသန်းက 'နေလ' ဂစ်တာကို ယူတီးတယ်။ ကျနော်တို့ အများဆုံး ဆိုတီးကြတာ စိုင်းထီးဆိုင်ရဲ့ 'သိတ်ချစ်ရတဲ့ နွဲ့တင်'။ တခါတော့ ကျနော်နဲ့ မျိုးသန်း ရောက်သွား တုန်း သူ့အမေက ကျနော်တို့ကို သူ့ သားအကြောင်း တိုင်တယ်။ ဘာလဲတော့ မမှတ်မိတော့ ဘူး။ မျိုးသန်းကလဲ နဲနဲ မူးလာတော့ ဆူနေတာ မဆုံးတော့ဘူး။ ဓါတ်ပြားက အပ်ကြောင်း ထပ်နေပီ။ ဆူတာကလဲ အတည်ပေါက်နဲ့ ဆူချင်ဟန်ဆောင်ပီး၊ တဖက်က ကျနော်ကို မျက်စိ မှိတ်ပြနေသေးတယ်။ ကြာတော့ အဆူခံရတဲ့ မောင်နေလ စိတ်ညစ် နားညည်းပီး ငိုပါလေရော။ သူကငို ကျနော်က စ။ ဆယ်တန်းကျောင်းသား လူပျိုပေါက်အရွယ်တောင် ရောက်နေပီ။
၁၉၈၈ လူထုအုံကြွမှုမှာ သားသားကြီး(ခ)နေလ(ခ)မောင်မြင့်အောင်ဟာ အထက်တန်း ကျောင်းသားဖြစ်နေပီ။ အင်းစိန်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂမှာ လှုပ်ရှားနေတာ တွေ့မိတယ်။ အာရုဏ်ဦးသတင်းစာအတွက်လဲ သူတို့ ကျောင်းသားလှုပ်ရှားမှု သတင်းတွေ သူ့ဆီက ရတယ်။
ကျောင်းသားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အနှစ် ၂၀ နီးပါး ဖြတ်သန်း လာပြီး အသက် ၃၆နှစ် (၄၀ နားနီးမှ) အိမ်ထောင်ပြုတယ်။ ဘဝကို အသစ်ပြန်စဖို့ ရည်ရွယ်တာမှ လေးလလောက်ပဲ ရှိသေးတယ်။ မကြွေသင့်ပဲ ကြွေခဲ့ရပါရောလား။ ကိုယ့်မျက်စိထဲမှာတော့ မင်းကို ကလေးလို့ပဲ မြင်နေတုန်း။ တူလိုသားလို ချစ်ပီး၊ ရဲဘော်တယောက်လို လေးစားတဲ့ သားသားကြီး'နေလ' အကြွေစောလို့ နှမြောရပါတယ်။

မောင်အေးဝင်း
နိုဝင်ဘာ ၁၉၊ ၂၀၀၈။


Monday, November 17, 2008

မိတ်ဆွေ ဘယ်လဲ ဘာလဲ
ရေးသူ- လူထုစိန်ဝင်း


မိတ်ဆွေ....
သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။အမိဝမ်းဗိုက်က ထွက်လာ ကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။
ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက် မ လား။
မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတ ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။


ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ ပိုက်ထား မိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိတ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကို လိုက်ပြီး အဖြေ အမျိုးမျိုး ထွက်လာနိုင်လို့ပါ။
မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကို သေစေအန္တရာယ်ဖြစ်စေတဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါ ကလေးတခု အဖြစ်နဲ့သာ တွေးမိမယ်ဆိုရင်တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ် တာရယ်ကြောင့် တုတ်ကလေး တချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခု ထဲပစ်ထည့်လိုက်မိ ပါလိမ့်မယ်။
မိတ်ဆွေ....
သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
မိတ်ဆွေ....
သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာ ထုံသူတဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုး တဦး ဖြစ်နေမယ်ဆိုရင် မေးခွန်းကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။
ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုး တွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန်ကြိုးစားအားထုတ် နေကြတာ တွေကို.....

မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူပြည်သားတွေ အထူး သဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ်သွား အောင် တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့ မျက်စိထဲ သဲပက်ပြီး လမ်းလွှဲကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါလားလို့ ရှုတ်ချမလား။
ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာဖြစ်တယ်။ ဆန်းသစ်တာ မှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေးပိုက်ထားမလား။
ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထတတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွား ပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါလိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန် ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် အန္တရာယ် မပြုနိုင်ပါ ဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူး လို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။

မိတ်ဆွေ
သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ် နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာတည်နေလို့ပါ။
လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရ တာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့အတွေး၊ သူ့ဆုံး ဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် မိတ်ဆွေရဲ့ အတွေးနဲ့ မိတ်ဆွေရဲ့ အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။
ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်း ကိုတော့ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံ အကြောင်းတရားတွေကို ဆင်ခြင်သုံးသပ် ကြည့်ပါ။ လေးလေးနက်နက် တွေးကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ် ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန်မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံး ထိမျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးအမြင်အသိနဲ့ ကြိုက်သလို ဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲက အတွေးကို မိတ်ဆွေရဲ့ အငှားပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲလက်ခံပါ့မယ်။
အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။
ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။
ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင် မရှိတဲ့ လူတစုက မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထား ရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွား အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်း ယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့ အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲ့တဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။
ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြောကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီ လူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေတဲ့ နာဇီ လက်သစ် လူငယ်မျိုးတွေလား။
အမေရိကန်နိုင်ငံမှရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။
ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေနဲ့လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။
ဒီလိုလူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြ ရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။
လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင် တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါ လိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေးတွေ အရာအထောင် ဖြစ်သွားပါ လိမ့်မယ်။
အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရ တာပါ။
ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။
မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့ မှာလည်း ကြားဆိုတာ မရှိပါဘူး။
ကဲ..... မိတ်ဆွေ......
ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

လူထုစိန်ဝင်း။
မဏ္ဍိုင် မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။

(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁ မှ ကူးယူဖော်ပြပါတယ်)

လူကိုဘယ်သူကဖန်ဆင်းသလဲ
ရေးသူ- လူထုဒေါ်အမာ

{မာယာမဂ္ဂဇင်း နိုဝင်ဘာ၊ ၂၀၀၃ မှာ ဖော်ပြခဲ့ပီးသောစာမူကို အင်တာနက် စာဖတ် ပရိသတ်အတွက် အမေမာ မွေးတဲ့ နိုဝင်ဘာလမှာ အမေ့ကို ဂါရ၀ပြုသောအားဖြင့် ထပ်မံ ဖော်ပြပါတယ်}

လူတယောက်ဆိုပြီးတော့ အမေတို့ အသက်ရှင် လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် လူတွေဟာ မတူညီကြတာတွေ ရှိသလို၊ တူညီကြတာတွေလဲ ရှိတယ်။ မတူညီကြမှုကို အကြောင်းပြုပီးတော့ အဲဒီလူရဲ့ ပုံပန်းဖြစ်ပေါ်လာတာပဲ ထင်ပါရဲ့ကွယ်။
ဥပမာ (၁) သူမွေးဖွားကြီးပြင်းရတဲ့ ခေတ်ကာလ အခြေအနေ (၂) သူ့ကို မွေးဖွားလာတဲ့ အခါ သူ့ကို ကြီးပြင်းအောင်မွေးတဲ့ မိဘအသိုင်းအ၀ိုင်းရဲ့ စီးပွါးရေးအခြေအနေ (၃) သူ သင်ကြားဖတ်မှတ်ရတဲ့ စာပေဗဟုသုတ၊ ပြီးတော့ (၄) သူ လုပ်ကိုင်စားသောက်ရတဲ့ အသက် မွေးဝမ်းကျောင်း (၅) သူ့ တသက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ သူ့ဘ၀ကို ပုံသွင်းတယ်လို့ အမေတော့ ထင်တာပဲ။



ကိုယ်မွေးလာတဲ့ ခေတ်ကာလအခြေအနေ ဆိုပါတော့။ အမေတို့ဆိုရင် ဗြိတိသျှ ကျွန်ဘ၀မှာ မွေးခဲ့တော့၊ အဲဒီဘ၀မှာ အသက် ၂၅ နှစ် ထက်မနည်း နေခဲ့ရတယ်။ ဗြိတိသျှ အစိုးရဆိုတာ အဲဒီတုန်းက ကမ္ဘာ့မြေပုံကို ကြည့်လိုက်ရင် အင်မတန်ကြီးမားလူဦးရေများပြားတဲ့ အိန္ဒိယနိုင်ငံကြီးနဲ့တကွ ဗြိတိသျှအစိုးရ ပိုင်ဆိုင်တဲ့နိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြထား တာဟာ တကမ္ဘာလုံးအနှံ့ နည်းတာတွေ မဟုတ်ဘူး။ ပြီးတော့ ကြားနေရသေးတယ် ဗြိတိသျှရဲ့ အင်ပိုင်ယာကြီးဟာ ခုအတိုင်း ရပ်မနေသေးဘူး။ ဆက်ဆက်ပြီးလည်း ကျယ်တုန်းတဲ့။ တမိနစ်ကို ဘယ်နှစ်ဧကနှုန်းနဲ့ ဆက်လက်တိုးတက်တုန်းတဲ့။ သူတို့ရဲ့ ရေတပ် လေတပ် ကြည်းတပ် ဆိုတာတွေကလည်း များမှများ။ အမေတို့ မြန်မာနိုင်ငံလေးက ဗြိတိသျှအင်ပိုင်ယာ ကြီးထဲက အိန္ဒိယအစိုးရရဲ့ လက်အောက်ပြည်နယ်တခုအဖြစ် နေရတာတဲ့။ အမယ်လေး အိန္ဒိယနဲ့ ခွဲရပါမယ့်အကြောင်း ကျွန်တသီးတသန့် ဖြစ်လာပါမယ့်အကြောင်း ခွဲရေးတွဲရေး ဆိုတာကို လုပ်လိုက်ရသေးတယ်။ ဒို့အချင်းချင်း စိတ်ဝမ်းကွဲကြရသေးတယ်။ အမေ ဒီအကြောင်းတွေကို ပြောနေတာက ဗြိတိသျှအစိုးရဟာ အင်အားကောင်းတယ်၊ ခိုင်မာတယ် ဆိုတာကို သိရအောင် ပြောပြတာပါ။ သူတို့က သူတို့ ခိုင်မာတယ် မြဲမြံတယ်လို့ သိထားတော့ သူတို့ အအုပ်ချုပ်ခံလူတွေကို ဒီမိုကရေစီ ၅၀ သားလောက်ပေးထားတယ်။ သူတို့ဆီမှာ ရှိတဲ့ တပိဿာလောက်ကို တ၀က်၊ အဲဒါကို ဒို့ အအုပ်ချုပ်ခံတွေက နည်းလို့ ထပ်တောင်းတော့ ၆၀ သားလောက်ထိ တိုးပေးတယ်။ ဒို့က တိုက်ပွဲဝင်လို့ ရမှန်းသိတော့ ထပ်တောင်းတယ်။ တောင်းတော့ ၆၅ိ သားလောက်ထိ ပေးတယ်။ နောက်တော့ ဘယ်လို တောင်းတောင်းကို မပေးဘူး။ အဲဒါ အမေတို့ ကြီးပြင်းခဲ့ရတဲ့ ခေတ်ကာလ အခြေအနေပဲ။
လူတယောက်အဖို့ ဆင်းရဲတဲ့ မိဘက မွေးကျွေးသုတ်သင်လာတာဖြစ်ရင် ဆင်းရဲတာ ဆို ကောင်းကောင်းနားလည်တယ်။ အဲဒါက လူများစု။ မိဘ ချမ်းသာတဲ့ဆီက မွေးဖွားခဲ့တာ၊ သူ ကြီးပြင်တဲ့အထိ မိဘတွေက ချမ်းသာသေးတယ်ဆိုရင် သူဟာ ဆင်းရဲတာကို သိတ်နားမလည် ဘူး။ စာနာထောက်ထားတတ်ပြီး စိတ်ကောင်းစေတနာရှိတဲ့လူက နည်းနည်း နားလည်တယ်။ ကိုယ်လိုချင်တခု ရဖို့အတွက် ဘယ်လောက် ရုန်းကန်ရတယ်ဆိုတာ နာလည်သိရှိမှုမှာ ကွာခြားချက်တွေရှိတယ်။
ပညာရေးနဲ့ ရှာဖွေမှတ်ခဲ့ရတဲ့ ဗဟုသုတကတော့ လူဘ၀မှာ အရေးကြီးဆုံးပါဘဲ။ အဲဒီမှာ လူ့အသိပညာချင်း တော်တော်ကွာခြားသွားတယ်။ ကွာခြားတာမှ အတူတူ ဒီစာကို ဖတ်ထားတာချင်းတောင်မှ ဒီစာနဲ့ပါတ်သက်လို့ ဆက်လက်တွေးခေါ်ရာမှာ ခြားနားသွားတတ် ပါသေးတယ်။ အထူးသဖြင့် ငွေဇွန်းကိုက် မွေးခဲ့တယ်ဆိုတဲ့ လူချမ်းသာနဲ့၊ မိဆင်းရဲ၊ ဖဆင်းရဲက မွေးဖွားကြီးပြင်းခဲ့ရသူနဲ့ သဘောပေါက်ပုံချင်း၊ လက်ခံယုံကြည်ပုံချင်း ကွဲပြားခြားနားတတ်ပါ သေးတယ်။
လုပ်ကိုင်စားသောက်ရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကလည်းလူကို ပုံသွင်းရာ မှာ ကွာခြားချက် ရှိနိုင်တယ်လို့ လူကြီးသူမတွေက ယုံကြည်ကြတယ်။ ဒီလူဟာ ခေါက်ရိုးကျိုး မှာပေါ့၊ သူ့မှာ ဆရာ့ဆရာတွေနဲ့ နေရတာကိုးလို့ ပြောတတ်တယ်။ ရွှေအရောင်းအ၀ယ်သမား လို့ဆိုရင် သိပ်စည်းကမ်းကြီးတယ်။ နှမိနှမြော သိတ်ရှိတတ်သတဲ့။ ဘာလို့လဲလို့ မေးတော့ သူတို့က ရွှေကို ရောင်းရာ ၀ယ်ရာမှာ ရွှေထိအောင် တွက်ချက်ရောင်းဝယ်ရတာမို့တဲ့။
ရွှေဆိုတာ အဖိုးတန် ပစ္စည်းဟုတ်လား၊ အဲဒီတော့ ဒီ တမတ်သား၊ တမူးသား၊ တပဲသားအပြင် ရွေးစေ့နဲ့ချိန်ပြီး ဘယ်နှရွေးထိ တွက်ချက် ရောင်းဝယ်ရတယ်လေ။ အဲဒီတော့ အကျင့်ပါပြီး ပစ္စည်းရဲ့ တန်ဘိုးကို နည်းနည်းထိအောင် တွက်ချက်သလို အရာရာကိုလဲ အဲဒီအကျင့်က ပါနေရောတဲ့။
လူတယောက်ကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေရင်လည်း စိတ်ရှည်မှာပေါ့ ကျောင်းဆရာကိုးတဲ့။
လူ့တသက်မှာ မမျှော်လင့် မထင်မှတ်တာတွေနဲ့လည်း ကြုံတွေ့ရတတ်တာပဲတဲ့။ ဥပမာ- ကိုယ်နေတဲ့နေရာ မီးကြီးလောင်ခံရတယ်။ ဘာမှ မယူလိုက်နိုင်ပဲ အားလုံးပြာကျ သွားတာနဲ့ ကြုံလိုက်ရတယ်ဆိုရင် ဘာမှ သိတ်စုဆောင်းမနေပါနဲ့။ သူကုန်ချင်ရင် လွယ်လွယ်နဲ့ ကုန်သွားတာပဲလို့ ပြောတတ်ပြီး၊ ပစ္စည်းပေါ် တွယ်တာမှု နည်းသွားတာမျိုးလည်း ရှိတယ်။
နိုင်ငံရေး နည်းနည်းပါးပါး လုပ်မိလို့ အဖမ်းအဆီးခံရတယ်။ နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရတယ်ဆိုရင်လည်း တော်တော်ရင့်ကျက်တဲ့ နိုင်ငံရေးသမားတယောက် ဖြစ်လာတတ်တယ်။
အသက်အရွယ် သိပ်မကြီးသေးဘဲနဲ့ အိမ်ထောင်ပျက်ပြားရတယ်ဆိုရင်လည်း အိမ်ထောင်ပြုမှုအပေါ်ကို ကြောက်သွားပြီး နောက်ထပ် ဒီအပူမျိုးကို မခံချင် ရတော့တာ မျိုးလည်း ရှိတယ်။ အိမ်ထောင်ပြုတယ်ဆိုတာကို သိပ်အလေးအနက် မထားတော့ပဲ ပေါ့ပေါ့တန်တန် ဖြစ်သွားသူတွေလည်း ရှိတယ်။
အရေးကြီးတာ စကားပြောတာကတော့ ဖတ်မှတ်စုဆောင်းတဲ့ ဗဟုသုတတွေနဲ့၊ အဲဒါတွေအပေါ် မှန်ကန်တဲ့ သုံးသပ်ချက်တွေ ရှိဖို့ပါပဲ။ ဒါကလည်း ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေကပဲ ဖြစ်ပေါ်စေတာမို့ သူတို့သည်ပင်လျင် လူတယောက်ရဲ့ ဘ၀ကို ဖန်ဆင်းရှင်တွေပါလို့ ပြောရမလား မသိပါဘူးကွယ်။

လူထုဒေါ်အမာ။

သတင်းစာဟောင်း ဂျာနယ်ဟောင်း
ရေးသူ- လူထုဒေါ်အမာ

စာကြည့်တိုက်ကြီးတွေများများနဲ့ ကောင်းကောင်းမရှိတဲ့ ဗမာပြည်၊ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ ဗမာပြည်မှာ သတင်းစာအဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေကို မပျောက်မပျက် သိမ်းထားနိုင်တဲ့ လူတွေ ရှိသေးတယ်ဆိုတာ နဲနဲနောနော ၀မ်းသာဘို့ကောင်း တာ မဟုတ်ဘူး။ 'လိုရစေကြိုးနှယ်ခွေ' ဆိုတဲ့ သဘောမျိုး ပိုးမထိုး ခြမကိုက်အောင် သိမ်းကြရမှာဘဲ။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ဖော်ထုတ်တဲ့အခါ ဒါတွေက သိပ်အသုံးကျတာ မဟုတ်လား။ အကြောင်းအရာ တစုံတခုကို ကိုယ်က ပြောချင်တယ်ဆိုရင် အဲဒီ အကြောင်းအရာနဲ့ ပါတ်သက်ပြီး၊ ဘယ်နေ့ထုတ် ဘယ်သတင်းစာက ဘယ်လိုရေးသား ဖော်ပြတယ်ဆိုတာကိုများ ဆွဲထုတ်ပီး ကိုးကား ပြနိုင်တယ်ဆိုရင် ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာက အပုံကြီး ခိုင်မာ တောင့်တင်းသွားတော့တာကိုး။ ဒါကြောင့် တတ်နိုင်ရင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ မဂ္ဂဇင်းဟောင်းတွေကို သိမ်းကြရတယ်။ ပိုးမထိုး ခြမကိုက်အောင်လဲ အတတ်နိုင်ဆုံး စောင့်ရှောက်နေကြပါတယ်။


ဒီလိုအဖိုးတန် အသုံးဝင်ရာမှာ တခုတော့ သတိထားရပါတယ်။ ကိုယ်သုံးတဲ့ သတင်းပါတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်းဟာ ဘယ်လိုအမျိုဒအစားထဲက ဖြစ်တယ်ဆိုတာကို တော့ ကိုယ်ကိုယ်တိုင်ကလဲ သတိထားဘို့ လိုတယ်။ အထူးသဖြင့် ကိုယ်ကပြန်ပီး အသုံးချမယ်၊ အကိုးအကားပြုမယ် ဆိုရင်ပေါ့။ ဒါမှလဲ ကိုယ့်အကိုးအကားဟာ လေးနက်မှု ရှိပါတယ်။
ဒီလိုမဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင်က ဒီ စာနယ်ဇင်း အဟောင်းဟာ ဘယ်အရည်အသွေး ရှိတယ်ဆိုတာ မသိဘဲ သုံးရင် ကိုယ့်စာဟာ တန်ဘိုးတက်သင့်သလောက် မတက်ဘူး။ သိတော့သိတယ် ဒါပေမယ့် မဖော်ပြဘဲ သုံးတယ်ဆိုရင်လဲ ရိုးသားမှု မရှိတဲ့ အနေအထားမို့ မလုပ်သင့် မလုပ်အပ်ဘူး။ ဒီစကားကို ရှင်းပါအုံးမယ်။
ပါလီမန်ဒီမိုကရေစီခေါ်တဲ့ အရင်းရှင်ဒီမိုကရေစီခေတ်၊ ဗြိတိသျှကျွန်ဘ၀ခေတ်တွေ တုန်းက သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဆိုတာ အသွေးအရောင် အမျိုးမျိုးနဲ့ ထုတ်ဝေကြတာ ဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီက အလုပ်သမား လယ်သမားတွေကို တကယ်ကိုယ်စားပြုတဲ့ လက်ဝဲပါတီမျိုးကို တရားဝင် ရပ်တည်ခွင့် မပေးပေမဲ့၊ အရင်းရှင် ကိုယ်စားပြု၊ မြေရှင်ကိုယ်စားပြု ပါတီတွေကိုတော့ ဆိုင်းဘုတ်အမျိုးမျိုးနဲ့ ဘယ်နှစ်ပါတီဖွဲ့ဖွဲ့၊ ဘယနှစ်မျိုးဘဲ ပေါ်ပေါ် ထွက်ပေါ် ရပ်တည်ခွင့် ပေးပါတယ်။ ဒါတွေအတွက် ၀ါဒဖြန့်စရာလဲ စာနယ်ဇင်းအမျိုးမျိုးကို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရှိပါတယ်။
ဒါကြောင့် သတင်းစာဆိုရင်လဲ အစောင်ပေါင်းမြောက်မြားစွာ၊ ဂျနယ်ဆိုရင်လဲ အမျိုး အမည် အများကြီး၊ မဂ္ဂဇင်းဆိုရင်လဲ စုံစေ့အောင်၊ ရေတွက်လို့ မလွယ်လောက်အောင် အများကြီး ထွက်ပေါ်ခဲ့တယ်။ နို့ပေမဲ့ ထွက်တဲ့ စာနယ်ဇင်းတိုင်း စောင်ရေတွေ အများကြီး ရိုက်နှိပ်ကြရသလား ဆိုတော့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုအပေါ် သြဇာရှိသလား ဆိုတော့ မဟုတ်ပါဘူး။ သတင်းစာတစောင်ဘဲ၊ ဂျာနယ်တစောင်ဘဲဆိုပေမဲ့ မည်ကာမတ္တဘဲ ပြည်သူလူထုအပေါ် သြဇာမရှိပါဘူး။ လူတွေရဲ့ အမြင်ကို လှည့်စားဖျက်ဆီးဘို့ အတွက် ကြိုးပမ်းထားတာတွေဘဲ ဖြစ်ပါတယ်။ အဖြူပေါ် အမဲထင်ပီး စာနဲ့ရေးထားတာဆိုရင် မှန်လိမ့်မယ်လို့ ရိုးအ,သေးတဲ့လူတွေက ထင်ကြလေရဲ့ ဆိုပြီး ပြည်သူကို မှိုင်းတိုက်ဘို့ ကြိုးစားခဲ့ကြမှုတွေပါ။ ဒါမျိုးကိုဘဲ တနေရာကနေပီး ကိုးကားရာမှလဲ အသုံးကျတယ် မှုတ်လား။ ဥပမာဆိုပါတော့ ရန်ကုန်မြို့မှာ ကုလားဗမာရိုက်ပွဲကြီး ဖြစ်နေတယ်။ အဲဒီရိုက်ပွဲနဲ့ ပါတ်သက်ပီး ကုလားငွေနဲ့ ထုတ်ဝေနေတဲ့ စောင်ရေ (၁၀၀၀-၉၀၀)မှ မရှိတဲ့ သတင်းစာလေးတစောင်က ဒီအဓိကရုဏ်းနဲ့ ပါတ်သက်လို့ ဘယ်လိုရေးတယ်လို့ အိန္ဒိယသတင်းစာအချို့က ကိုးကားရင် ကမ္ဘာမှာလဲ ဒီအာဘော်က ပြန့်လွင့်နိုင်တယ် မဟုတ်လား။ အဲဒီလို အသုံးချရအောင်၊ ဒီလို နာမည်ခံသတင်းစာလေးတွေ ထုတ်ဝေကြတာ ဖြစ်တယ်။ ဒါကြောင့် ဟိုခေတ်ကဆိုရင် သတင်းစာတချို့က ထွက်နေတယ်ဆိုရုံ သတင်းစာတစောင်လို့သာ ဆိုရတယ်၊ တနေ့မှ စောင်ရေ ၃၀၀ နဲ့ ၅၀၀ ကြားသာ ရိုက်နှိပ်နေတာမျိုးလဲ ရှိတယ်။
ဒီလောက်စောင်ရေနဲ့ဟာ စီပွါးရေးအရ ရပ်တည်နိုင်သလားလို့ အဲဒီခေတ်ကို အသိမီ လိုက်သူများက မေးချင်လိမ့်မယ်။ အံ့သြနေလိမ့်မယ်။ ရပ်တည်နေခဲ့ပါတယ်။ တချို့များ အဲဒီ စောင်ရေမျိုးနဲ့ ၁၅ နှစ်၊ နှစ် ၂၀ကြာအောင် ထုတ်ဝေနေတာတောင် ရှိပါတယ်လို့ ဖြေကြား ပါမယ်။
သူတို့ ရပ်တည်ပုံက အစိုးရကဖြစ်စေ၊ တခြား ငွေကြေးပေးကမ်းနိုင်သူတွေက ဖြစ်စေ၊ တိုက်စရိတ် ကာမိတဲ့အပြင် တိုက်ရှင်များ စားသုံးနိုင်လောက်တဲ့ ငွေကြေးမျိုးထိ ရရှိစေနိုင်တဲ့ ကြော်ငြာများ ထည့်ပေးထားပါတယ်။ အဲဒီငွေကြေးနဲ့ဘဲ ဒီသတင်းစာမျိုးက ထုတ်ဝေထွက်ပေါ် နေတယ်။ ဒါကြောင့် သူ့မှာ သတင်းစာဆိုပေမဲ့ သတင်းစုံစုံလင်လင်မပါဘူး။ သတင်းထောက် တွေ ဘာတွေကို ငွေကုန်ကြေးကျခံပီးခန့်မထား၊ သတင်းဝယ်ယူမှု မပြုဘဲကိုး။ သတင်းသာ စုံစုံစောစောစီးစီး မပါသလား။ ဆောင်ပါးတော့ ဖတ်ချင့်စဖွယ် အပါသား မဟုတ်လားလို့လဲ မမေးစေချင်ဘူး။ လူရိုသေ ရှင်ရိုသေ ကလောင်မျိုးက ဒီလိုသတင်းစာမျိုးမှာ ၀င်မရေးလိုဘူး။ ငွေကြေးရမှရေးတဲ့ ကလောင်ကောင်းတွေကလဲ ငွေကြေးမပေးလို့ မရေးကြဘူး။ အဲဒီတော့ ကလောင်နာမည်တလုံး ဖြစ်မလာသေးလို့ နာမည်ရချင်တဲ့ ကလောင်ရှင်ရဲ့ ဆောင်းပါးမျိုး၊ အဆင့်အတန်းမမီလို့ ဘယ်ကမှ လက်မခံတဲ့ ဆောင်းပါးမျိုးဘဲ ပါပါတယ်။
အဲဒီလို သတင်းစာမျိုးတွေ မန္တလေးမှာလဲ ရှိခဲ့တယ်။ ရန်ကုန်မှာလဲ ရှိခဲ့တယ်။ ဒီသတင်းစာဟာ ရှင်းရှင်းဆိုရရင် ကိုလိုနီသမားရဲ့ အလိုတော်ရိ သတင်းစာသက်သက်ဘဲ၊ ဒါကြောင့် သူတို့သြဇာ ပြည်သူကြားမှာ ဘာမှမရှိဘူး။ သူတို့ ဘာရေးနေနေ ဘယ်သူကမှ အရေးယူ အချိန်ကုန်ခံပီး ဖတ်မနေကြဘူး။
သူတို့ စီပွါးရေးအတွက် လုပ်စားနေကြတဲ့ ကြေးစားသတင်းစာလို့ဘဲ လူတွေက နားလည်ထားကြတယ်။ ဒါက တမျိုးပါ။
တချို့ သတင်းစာဂျာနယ်များကတော့၊ သတင်းစာတစောင်၊ ဂျာနယ်တစောင် မဖြစ်မနေ ထုတ်ဝေမယ်ဆိုပီး၊ စိတ်အားထက်ထက်သန်သန်နဲ့ စတင်ထုတ်ဝေတာတော့ မှန်ရဲ့။ နို့ပေမဲ့ ငွေရေးကြေးရေးကြောင့် ဖြစ်စေ၊ အရေးအသားကြောင့် ဖြစ်စေ ဒီသတင်းစာ၊ ဒီဂျာနယ်ကို သက်ဇိုးရှည်အောင် မတတ်နိုင်ဘူး။
ဒါကြောင့် ထွက်လာပီး ၃ လနဲ့ ပိတ်လိုက်ရ၊ ၆ လနဲ့ ပိတ်လိုက်ရ၊ တနှစ်လောက်ခံတယ် ပျက်သွားရော ဆိုတာမျိုးဖြစ်ကုန်လို့ သတင်းစာတစောင်၊ ဂျာနယ်တစောင်ဆိုတဲ့နာမည်၊ မှတ်ပုံတင်တခုတော့ဖြင့် ကျန်ရစ်ပါရဲ့၊ ပြည်သူ့ကြားမှာ ကြာကြာသြဇာသက်ရောက်မှု ရှိမသွား ရလို့ မေ့ပျောက်သွားကြတယ်။
တချို့ ဂျာနယ်၊ တချို့ သတင်းစာကတော့ နိုင်ငံရေးတကွေ့မှာ တခုသော အရင်းရှင်နိုင်ငံ ရေးပါတီတရပ်က သူတို့အတွက် ၀ါဒဖြန့်ဘို့ သက်သက်ရည်ရွယ်ပီး ထုတ်ဝေတဲ့ သတင်းစာ ဂျာနယ်ဖြစ်တယ်။ ဒါမျိုးကလဲ သက်ဇိုးမရှည်တတ်ဘူး။ နိုင်ငံရေး နောက်တကွေ့ မရောက်ခင် ပျောက်ကွယ်သွားတတ်တယ်။ ဒီသတင်းစာမျိုးကတော့ နိုင်ငံရေးရာသီအလိုက်ပေါက်တဲ့ မှို သတင်းစာမျိုးပေါ့။
အချို့ သတင်းစာကျတော့ သက်တမ်းရှည်တယ်။။ လူကြားမှာလဲ သြဇာတိက္ကမကြီး တယ်။ နို့ပေမယ့် ဒီသတင်းစာမျိုးထဲကကိုဘဲ သတင်းစာရဲ့ ပေါ်လစီဟာ ထွက်ကတဲကစပီး နောက်ဆုံးအထိ တသမတ်ထဲ ရှိချင်မှ ရှိတတ်တယ်။ အကြောင်းအမျိုးအမျိုးကြောင့် အပြောင်းအလဲတွေ ရှိတယ်။ ဥပမာ ဆိုပါတော့ သူရိယသတင်းစာကြီး။ သက်တမ်းဟာ အနှစ် ၃၀ ကျော် ၄၀ နီးပါးရှည်ခဲ့တယ်။ ပြည်သူကြားမှာ သြဇာကြီးခဲ့တယ်။ နို့ပေမယ့် သူရိယ သတင်းစာထဲမှာ ပါတဲ့ သတင်းကိုဖြစ်စေ၊ ခေါင်းကြီးကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ ကိုးကား ဖော်ပြချင်တယ် ဆိုရင်ဖြင့် ခုနှစ်သက္ကရာဇ်ကိုသာမက သူရိယသတင်းစာက ဘယ်ပေါ်လစီကို ကိုင်စွဲနေချိန်မှာ ဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထိုက်ပါတယ်။
သူရိယသတင်းစာဟာ ၁၉၁၁ ခုက စထွက်တယ်။ ၁၀ နှစ် ၁၁ နှစ်ကြာ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ တို့ရဲ့ ၀ါဒ အမျိုးသားလွတ်လပ်ရေးကို ကိုင်စွဲတယ်။ တိုင်းရင်းသားပညာတတ် လူတန်းစားရဲ့ အမြင်ကို ထင်ဟပ်တယ်။ နောက် ဂျီစီဘီအေ နှစ်ခြမ်းကွဲပီး ၂၁ ဦး ဒိုင်အာခီကို လက်ခံတဲ့အချိန်၊ သူရိယကို အုပ်စီးတဲ့ ဦးဘဖေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ ၂၁ ဦးခေါင်းဆောင်ကြီးတွေ ဖြစ်သွားတဲ့ အချိန်မှာ သူရိယဟာ ဗြိတိသျှ ကိုလိုနီသမားနဲ့ လက်တွဲရေး 'ပူးသတ်' ၀ါဒကို ကိုင်စွဲခဲ့တယ်။ ဂျီစီဘီအေတခြမ်းကို ဆန့်ကျင်တယ်။ ၁၉၃၀ ခုနှစ်လွန်တော့ ဦးဘဖေကြီးက သွေးသစ်လောင်းပါသော်ကောလို့ ဦးစောကို လက်သပ်မွေး လာတယ်။ အကြံကြီးလှတဲ့ ဦးစောက ဦးဘဖေရဲ့ မြှောက်စားချက်ကို အခွင့်ကောင်းယူပြီး ဦးဘဖေကြီးကို ငြမ်းသဖွယ် အသုံးချတယ်။ သူရိယကို အပိုင်စီးတယ်။ သူအာဏာရရေး အတွက် လုံးလုံးအသုံးချတယ်။ ဒီအချိန်မှာ သူရိယဟာ တိုးတက်တဲ့ လူငယ်များ ဆန့်ကျင်ရေးသတင်းစာ လုံးလုံးဖြစ်လာတယ်။
ဒါကြောင့် သတင်းစာတစောင်တောင်မှ အချိန်အခါလိုက် ထားရှိတဲ့ ပေါ်လစီအပြောင်း အလဲတွေ ရှိနေတာမို့ နောက်လူတွေက နိုင်ငံရေး၊ လူမှုရေး၊ စီပွါးရေးအတွက် သတင်းစာ ဟောင်းတွေကို ပြန်လည်ကိုးကားဖော်ပြတယ်ဆိုရင် အဲဒီသတင်းစာဟာ ဘယ်သူတွေက ဦးစီးထုတ်ဝေတဲ့ ဘာပေါ်လစီရှိတဲ့ သတင်းစာ၊ ပြည်သူကြားမှာ သြဇာတိက္ကမ ဘယ်လောက်ရှိ တဲ့ သတင်းစာကိုပါ သိမှ ကိုးကားသင့်တယ်။ ကိုးကားရာမှာလဲ အဲဒီသတင်းစာရဲ့ အရေအရောင်ကို ဖော်ပြသင့်တယ်။
ဒီလိုမဟုတ်ဘဲ သာမန်ဆွဲသုံးရင်တော့ အကျိုးထက် အပြစ်ဖြစ်နိုင်တယ်။ သိရက်နဲ့ လုပ်ရင်လဲ မရိုးသားမှု ကြီးလွန်းတယ်လို့ဘဲ ဆိုရလိမ့်မယ်။
သတင်းစာတွေရဲ့ ထိပ်မှာ 'မကြောက်မညှာ မှန်ရာရေးမည်' ဆိုတဲ့ စာတန်းမျိုး၊ 'မည်သည့်ပါတီ၊ မည်သည့်ဂိုဏ်းဂဏနှင့်မျှ မဆိုင်' ဆိုတဲ့ စာတန်းမျိုး၊ 'အမျိုးဘာသာ သာသနာအတွက်' ဆိုတဲ့ စာတန်းမျိုး ထဲ့တတ်ကြတယ်။ ဒီလို ထဲ့တာဟာ အဓိပါယ်တစုံတရာ အလေးအနက် မရှိပါဘူး။ ဖတ်တဲ့လူတွေ ယုံအောင် ထဲ့တာပါ။ ဘာဆိုင်းဘုတ်ကြီး တပ်ထားထား၊ သတင်းစာမှန်ရင် ကိုယ်ရပ်တည်တဲ့ လူတန်းစားဘက်ကနေ ရေးတာ၊ ဘက်လိုက်တာပါဘဲ။ ခေါင်းကြီးပိုင်းမှာမှ ဘက်လိုက်မှုက ရှိတာမဟုတ်ဘူး။ သတင်းရေးရာ၊ ခေါင်းစဉ်တပ်ရာ၊ နေရာပေးရာ အစခပ်သိမ်း၊ ကိုယ်မလိုရင် မလိုသလို၊ လိုရင် လိုသလို ဘက်လိုက်ပီး ဖော်ပြတာချည်းပါဘဲ။ ဆောင်းပါးကျတော့ သာဆိုးပါတယ်။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ ဆောင်းပါးမျိုး လုံးဝထဲ့မပေးဘူး။ သတင်းစာရဲ့ ပေါ်လစီနဲ့ ဘောင်ဝင်မှာ ထဲ့တယ်။ 'ဆောင်းပါးရှင်ရဲ့ အာဘော်ဖြစ်သည်' ဆိုပေမဲ့ သတင်းစာရဲ့ မူလပေါ်လစီကို မဆန့်ကျင်ကြဘူး။
ဒါကြောင့် သတင်းစာသမိုင်းကို ရေးကြဘို့ ကြိုးစားမယ်၊ ပြန်လည်ဖော်ထုတ်မယ် ဆိုတဲ့ အခါမှာလဲ ဘယ်သတင်းစာက ဘယ်နိုင်ငံရေးပါတီအတွက် ဘယ်သူထောက်ပံ့တဲ့ ငွေကြေးနဲ့ ထွက်ပေါ်လာတာ၊ ဘယ်ဝါဒအတွက် ရေးထားတာဆိုတဲ့ သတင်းစာရဲ့ ရှင်သန်ရာ အသက် သွေးကြောကိုလဲ တိတိကျကျဖော်ထုတ်ဖို့ လိုပါလိမ့်မယ်။
စစ်ကြီးမဖြစ်ခင် ဗြိတိသျှကျွန်ဘ၀တုန်းကဆိုရင် ဘယ်သတင်းစာဟာ ဘယ်သူ့ငွေနဲ့ ထုတ်တာ၊ ဘယ်ဘက်က ရေးပေးဘို့ ထုတ်တာ ဆိုတာတွေ သိတဲ့လူတွေ အများကြီးပါ။ ဖုံးကွယ်လို့ မရပါဘူး။ ဒါကြောင့် ရှေးမီ နောက်မီ လူကြီးတွေဆီက မေးမြန်းမှတ်သားတာ၊ သတင်းစာတစောင်အတွက် ဒီသတင်းစာရဲ့ အာဘော်ကို ကာလအမျိုးအမျိုးမှာ ဖမ်းယူတာမျိုး လဲ လုပ်ဆောင်သင့်ပါတယ်။
ခွဲရေးတွဲရေးခေတ်မှာ ကုလားငွေနဲ့ ထုတ်တဲ့ သတင်းစာက ဘယ်ဟာဘယ်ဟာ၊ ဘယ်သတင်းစာက ဘယ်ကုန်တိုက်ကြီးတွေရဲ့ ကြော်ငြာနဲ့ တသက်လုံး ဘယ်လိုရပ်တည် ခဲ့တယ် ဆိုတာတွေ ပြောပြနိုင်သူတွေ ရှိပါသေးတယ်။
ဒါကြောင့် သတင်းစာ ဂျာနယ်အဟောင်းကို ဖော်ထုတ်ကိုးကားတဲ့အခါ အဲဒီ စာနယ်ဇင်းဟာ ဘယ်လူတန်းစားက ဘာအတွက် ထုတ်ဝေတာ ဆိုတာကိုပါ ဖော်ပြ ကိုးကားနိုင်အောင် ကြိုးစားကြပါစို့။

အမာ။
{ ဦးဝင်းတင် စီစဉ်တည်းဖြတ်တဲ့၊ ဟံသာဝတီတိုက်ထုတ်၊ "ပြည်သူတို့၏စကားပြန်" စာအုပ်၊ ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉၇၄ မှ ကူးယူဖော်ပြပါတယ်။ }

Thursday, November 13, 2008

ရုပ်ပြောင်ပေါ်စ ရည်ရွယ်ချက်နဲ့ အကျိုးသက်
ရေးသူ- သန်းထွန်း၊ ပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေး။


ရုပ်ပြောင်ဆိုတဲ့ စကားထဲမှာ လူပြောင် (Caricature)၊ သတင်းပြောင် (Cartoon)၊ ပုံပြောင် (Comic Strip)၊ နဲ့ ရုပ်ရှင်ပြောင် (Animated Film Cartoon) ဆိုတာတွေ ပါ ပါတယ်။ ဗမာပြည်မှာ ရုပ်ရှင်ပြောင်ဆိုတာကတော့ နောက်ကျပါတယ်။ ဒါကြောင့် သူကလွဲရင် ကျန်သုံး မျိုးစလုံးကို ပေါ်စကဘဲ ရောနှောပြီး တွေ့ရပါတယ်။
သတင်းကို အပြောင်အပျက်ချရေးတဲ့အခါ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပုံတူဆံဆံ တကြောင်းဆွဲပုံမျိုး ပါလာတတ်တာဖြစ်လို့ လူပြောင်နဲ့ သတင်းပြောင်ဟာ တွဲနေပါတယ်။ အနောက်တိုင်းတွေမှာတော့ ရုပ်ပြောင်သမိုင်းဟာ လူပြောင်ရေးတာက စပါတယ်။ အများ ပရိသတ်က ကြည်ညိုစရာမြင်နေရတဲ့ ပုဂ္ဂိုလ်ကြီးတဦးဟာ သူလဲလူဘဲ၊ တိတ်တိတ်တော့ မဟုတ်တာလုပ်တာပါဘဲလို့ သိအောင် 'အပုပ်ချ' တဲ့ သဘောပါတယ်။ ဒီတော့ 'ရယ်စရာ' ဖြစ်ဖို့ထက် အမှန်ကိုဖော်တယ်။ တိုက်ခိုက်တယ်။ လက်ခံပြီးသား အထင်ကြီးပြီးသား ကိစ္စကို 'ကလော်တယ်' ဆိုတဲ့ တော်လှန်ရေးသဘော အပြည့်ပါ နေပါတယ်။ ဒါကြောင့် လူပြောင် ရေးဆွဲကြတာကို ဥရောပမှာ ၁၆ ရာစု နှစ်ပိုင်းလို အင်မတန် စောစောကာလကဘဲ တွေ့နေ ပါဘီ။ အရင် အနှစ် ၄၀၀ လောက်ကဘဲ ဒီသဘော ရေးဆွဲကြတာ ရှိတယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် သတင်းစာလို အလွယ်နဲ့ အများဖတ်ဘို့ စာစောင်တွေ ပေါ်လာတော့မှဘဲ ဒါမျိုး ရေးသား ပုံနှိပ်တာဟာ တွင်ကျယ်လာပါတယ်။



အမှန်ကတော့ သတင်းစာတစောင်ဟာ သတင်းကိုဘဲ ပေးတယ်။ ဒါပေမယ့် သတင်းစာတစောင်ရဲ့ ခေါင်းကြီးပိုင်းက 'စိတ်ကူး' ကို ပေးမယ်ပေါ့။ ရုပ်ပြောင်က စိတ်ကူးကို ရေးတဲ့ အယ်ဒီတာကို ကူညီပြီး သူ့ 'စိတ်ကူး' မျိုးကိုဘဲ အရုပ်နဲ့ ရေးပေးတယ်လို့ လွယ်လွယ် ပြောလဲ ဖြစ်နိုင်ပါတယ်။
ဥရောပမှာ ၁၉ ရာစု စတဲ့ နပိုလီယန်ခေတ်က လူပြောင်ရေးနည်း ခေတ်စားနေဘီ။ အင်္ဂလန်လို နေရာမှာဘဲ ၁၈၄၁ ဆိုရင် လူပြောင်နဲ့ သတင်းပြောင်ဟာ အင်မတန်ခေတ်စား နေဘီ။ အပေါ်ယံမျက်နှာဖုံးမှာ အကောင်းချည်းဘဲလို့ ထင်နေရတဲ့ လူမှုကိစ္စဆိုတာကို မျက်နှာဖုံးခွါပြတဲ့နေရာမှာ အယ်ဒီတာက ခေါင်းကြီးပိုင်းက ဝေဖန်အကဲဖြတ်သလို ရုပ်ပြောင် ဆရာကလဲ ၀င်ပြီး သူများမမြင်တာကို ကျုပ်မြင်ထားတယ်ဗျ၊ ဒီမှာကြည့်စမ်းလို့ တစ်တစ်ခွခွ ရှင်းရှင်းကြီး ရေးဆွဲပြတာဘဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အပြောင်ဆိုလို့ ပျော်စရာမထင်ကြနဲ့။ ရုပ်ပြောင်ဟာ ပေါ်စက အင်မတန် ပြောင်ပြောင်တင်းတင်း တဘက်သားကို ရှုတ်ချတိုက်ခိုက်တဲ့ လက်နက်ဖြစ်ခဲ့ပါတယ်။
အယ်ဒီတာရဲ့ သဘောထားဆိုလိုရင်းကို စာနဲ့ အတော်ကလေးရှည်ရှည် ရေးရတဲ့ အခါမှာ ဒီသဘောကိုဘဲ ကာတွန်းဆရာက သုံးလက်မပါတ်လည် အကွက်ထဲမှာ ရေးထည့် လိုက်တာကို အခု တွေ့နေကြရတယ် မဟုတ်လား။ ရောဂါတိုက်ဖျက်ဘို့ အယ်ဒီတာရဲ့ လက်ခုပ်တလုံးရှိတဲ့ ဆေးမှုန့်ကို ကာတွန်းဆရာက ဆေးကလေး သေးသေးလေးတတောင့် capsule လုပ်ပေးတာပါဘဲ။
ပီးတော့ ရုပ်ပြောင်လေးဟာ သမိုင်းသမားတွေအတွက် အလွန် တိကျပြတ်သားတဲ့ ခေတ်ပြိုင်ရုပ်ပြမှတ်တမ်းလဲ ဖြစ်နေပါတယ်။ အခုအခါ ဗမာ့လွတ်လပ်ရေးသမိုင်းကို ရေးချင်ရင် ရုပ်ပြောင်မှတ်တမ်းကိုဘဲ သုံးပီး ရေးလို့ရဘီ။ ရုပ်ပြောင်တွေ ပေါ်စ၊ သတင်းစာ ဂျာနယ်တွေမှာ၊ စရေးစ၊ ဗမာပြေကို ရုပ်ပြောင်ရောက်လာစက စပြီး ဒီသဘောတွေဟာ တခါထဲ ပါလာပါတယ်။
ရုပ်ပြောင်ခေတ်ဦးက ရွှေတလေးဟာ ထိထိမိမိဆော်တယ်။ ရုပ်ပြောင်ခေတ်လယ်ကြ တော့ ဘဂျမ်းက ထေ့တေ့တေ့လောက်ဘဲရေးတယ်လို့ ဝေဖန်သံကို ကြားဘူးမှာပေါ့။ အဲဒါ ဘာကြောင့်လဲဆိုရင် ခေတ်ဦးမှာ တိုက်ခိုက်ရေး လက်နက်ဖြစ်တယ်။ နောက်ပိုင်းမှာ ပျော်တော်ဆက်သာသာ အေးအေးရွှင်ရွှင် ဖြစ်လာတယ်ဆိုတဲ့ လက္ခဏာဘဲ။ ဒီလို အသွင်ပြောင်းတာကိုလဲ သတိထားသင့်ပါတယ်။ ဒါပေမယ့် အခုစာတန်းက ခေတ်ဦးအကြောင်း ဘဲ ရေးမှာဖြစ်လို့ ဒီလိုအသွင်ပုံသဏ္ဍာန် ဘာကြောင့်ပြောင်းတယ်၊ ဘယ်လိုပြောင်းတယ်ဆိုတာ မရေးတော့ပါဘူး။
ရုပ်ပြောင်ပေါ်စဆိုတဲ့ အချိန်ကာလကို ၁၉၁၅ က ၁၉၂၅ ထိ ပိုင်းဖြတ်ပါတယ်။ မှတ်တမ်းတွေ ရှောက်ရှာတော့ ဗမာပြည်မှာ ရုပ်ပြောင် စရေးတဲ့လူဟာ ရန်ကုန်ကောလိပ် ကျောင်းသား 'ဘဂလေး' ဖြစ်တယ်။ စပီး ပုံနှိပ်တဲ့ ဖြန့်ချိတဲ့ မဂ္ဂဇင်းက ၁၉၁၅ ရန်ကုန်ကောလိပ် နှစ်လည်မဂ္ဂဇင်း ဖြစ်တယ်လို့ ဆိုပါတယ်။ (ဒေါ်အမာ၊ 'ရွှေရိုး၊ဘကလေး' ပထမတွဲ စာမျက်နှာ ၂၄၁ မှာ ပထမဆုံးလို့ ဆိုတဲ့ ကာတွန်းကို ပြထားပါတယ်။)
အဲဒီ ၁၉၁၅ ကနေ ၁၉၂၀ ထိ ရုပ်ပြောင်လောကမှာ ဘဂလေး ဘဲ ဦးစီးခေါင်းဆောင်လို့ ဆိုနိုင်ပါတယ်။ ဘဂလေး လုပ်တဲ့အလုပ်ဟာ ယောဂီဆရာ မစ္စတာမောင်မှိုင်းစကားနဲ့ ပြောရရင် 'ခေတ်အလိုက် ကပ်ဆုပ်ပုံကို ဇာတ်ရုပ်စုံရေးတဲ့ ဘုံခန်း' ဖြစ်တယ်။ ပတ်လည်မှာ ဖြစ်နေတာ အကောင်းမထင်နဲ့။ 'ဆုပ်ကပ်' ဖြစ်တယ်။ ဒါကို ဘဂလေးက ထင်ရှားစေတယ်လို့ မောင်မှိုင်းက ၀န်ခံခဲ့တယ်။
အဲဒိနောက် ၁၉၂၀ နဲ့ ၁၉၂၅ မှ ဘဂလေး ကာတွန်းသိတ်မဆွဲတော့ဘူး။ ကုန်ပစ္စည်း ကြော်ငြာနဲ့ ရုပ်ရှင်ကြော်ငြာလောက်ဘဲ သူက ရေးတော့တယ်။ သူ့နေရာ မဂ္ဂဇင်းထဲမှာ ရုပ်ပြောင်ရေးလာတဲ့ လူသစ်တွေက ဘဇော် နဲ့ ဘသိန်းတို့ ဖြစ်ပါတယ်။ စကားမစပ် အဲဒီတုန်းက မဂ္ဂဇင်းတမျက်နှာပြည့် ရုပ်ပြောင်တခုကို ငွေ ၁၀ိ လောက်ဘဲ ရတယ်။ ဘဂလေး ရေးလို့ သိတ်လူကြိုက်များတဲ့အခါမှ ငွေ ၁၅ိ ရတယ်လို့ ဆိုပါတယ်။
သူတို့ ရေးတဲ့ပုံစံကတော့ 'တိုက်ခိုက်ရေး' ပုံစံ ဖြစ်တယ်။ ဒီကောင်ကြီးဟာ ခွေးကြီးပဲ လို့ထင်ရင် ခွေးပုံဆွဲပီး အဲဒီလူရဲ့ ခေါင်း တပ်ပေးလိုက်တာမျိုးပါဘဲ။ မညှာဘူး။ အင်္ဂလိပ် ဘက်သားဆိုရင် အင်္ဂလိပ်ကို ဖုတ်ထဲထိုင်ပီး ရှိခိုးနေပုံ ဆွဲပစ်လိုက်တယ်ပေါ့။ တရုပ်ဆိုရင် ကြစ်ဆံမီးနဲ့၊ ဘိန်းပြောင်းထဲ့ဆွဲတယ်။ ကုလားဆိုရင် ဗိုက်စူကြီးနဲ့ မတန်တဆ စားထားတဲ့ပုံကို ပြတယ်။
ရုပ်ပြောင်ရဲ့ ရည်ရွယ်ချက်ကို ယေဘူယျသဘော ပြောပြီးပါပြီ။ ထပ်ပြီး ဗမာပြေမှာ ဘာကိုရည်ရွယ်သလဲလို့ အတိအကျ ပြောချင်ပါသေးတယ်။ ဒီတော့ ရည်ရွယ်ချက်ကို လေးပိုင်း ပိုင်းပါရစေ။ နိုင်ငံရေး၊ လူမှုရေး၊ စီပွါးရေးနဲ့ ဓလေ့ ဆိုပါတော့။ ကာလအပိုင်းအခြားကတော့ ပြောခဲ့တဲ့ အတိုင်း ၁၉၁၅ က ၁၉၂၅ အတွင်းပါဘဲ။ အပြင်ကမ္ဘာနဲ့ ဆက်စပ်ပြီး ကြည့်စရာက တော့ အဲဒီကာလဟာ ပထမကမ္ဘာစစ်နဲ့ စစ်ပီးခုနှစ် နှစ်ပိုင်းဖြစ်ပါတယ်။ ဗမာနိုင်ငံအတွင်း မှာတော့ ၀ံသာနုခေတ်နဲ့ ဟုမ္မရူးတို့ ဒိုင်အာကီတို့ အများဆုံးပြောနေကြတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
ရုပ်ပြောင်တွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို တွေ့သလောက် တင်ပြရရင်
(၁) အင်္ဂလိပ်လက်အောက်မှာဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးရဘို့ (Home Rule)
(၂) ကောလိပ်ဘွဲ့ရ၊ ဘိလပ်ပြန် ၀တ်လုံတော်ရတွေပါတဲ့ ပညာတတ်နဲ့ တိုင်းရင်းသား ဘူဇွာတွေ နိုင်ငံရေးမှာ ၀င်ပြီး အမြတ်ထုတ်တာကို ကာကွယ်ဘို့နဲ့
(၃) အိန္ဒိယစက်ရိပ်က လွတ်ဘို့ တိုက်တွန်းခြင်းဘဲ ဖြစ်ပါတယ်။
ဒီလို တိုက်တွန်းရာမှာ 'ဇာတ်နာအောင်' ဗမာလယ်သမားကို အင်္ဂလိပ်ကြီးခွစီးနေပုံ၊ ဗမာနိုင်ငံနွားကို ကုလားတွေ၊ တရုတ်တွေ တက်စီးနေပုံ ရေးပါတယ်။ အမိ မြန်မာပြေကလဲ တငိုထဲငို ရတာဘဲ။ မငိုရလဲ သမီးဗမာမက မယ်မယ်ဗြိတန္ဒိယကို တရှိခိုးထဲ ရှိခိုးနေရတာဘဲ တွေ့ရတယ်။ တခါတရံ 'ဗမာသားသား' က မငိုလို့ 'ဗြိတန္ဒိယမယ်မယ်' က နို့မတိုက်ဘူးပေါ့။ ဒါမျိုးဘဲ လှည့်ပတ်သွားနေတယ်။ အင်္ဂလိပ် 'ဂျွန်ဘူး' ရဲ့ ဗိုက်ကို ဓါးနဲ့ ပေါက်ပုံတို့၊ ဂျိုကို ဓားနဲ့လှီးပုံတို့ကို မရေးဘူး။ အမှန်ကလဲ နိုင်ငံရေးအမြင်မှာ အင်္ဂလိပ်မုန်းတီးရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးဆိုတာ မရှိသေးလို့ ဖြစ်ပါတယ်။
ဒို့ဗမာတွေ ညီတယ်ဆိုရင် ဂျီစီဘီအေကွန်ဖရင့်မဏ္ဍပ်မှာ ယူနီယံဂျက်အလံထူပြီး ဒီအလံရဲ့ အလယ်က စက်ကွင်းထဲမှာ ဒေါင်းရုပ်ပါတာလောက်ဘဲ ရေးပြပါတယ်။ ဆိုလိုတာက ဗမာ့နိုင်ငံရေးအမြင်ဟာ အဲဒီတုန်းက အင်္ဂလိပ်ဆန့်ကျင်ရေး မဟုတ်ဘူး။
အင်္ဂလိပ်ကို အများဆုံး တိုက်ခိုက်ဝံ့တဲ့ အချက်သုံးချက်ဘဲ တွေ့တယ်။
(၁) ဘုရားထဲ ဘိနပ်စီးတာကို တိုက်ကြတယ်။
(၂) ဟိုတုန်းက ဖိုက်စကွဲယားခေါ်တဲ့ ရန်ကုန်ဗန္ဓုလပန်းခြံထဲမှာ ရဟန်းရှင်လူ ပြည်သူ အမျိုးသား အမျိုးသမီးတွေကို ၇ အောက်တိုဘာ ၁၉၂၄ က ပုလိပ်မင်းကြီးအမိန့်နဲ့ မြင်းတပ်က ၀င်ရိုက်တာကို ကဲ့ရဲ့တယ်။
(၃) ပထမ ကမ္ဘာစစ်အတွင်းက ဗမာကို စစ်သားအဖြစ်လက်ခံပီး စစ်ပီးလို့ ခုနှစ်နှစ်ကြာတော့ မင်းတို့ သိပ်စည်းကမ်းမရိုသေလို့ စစ်တပ်မှာ ဆက်မလိုချင်တော့ဘူးဆိုပြီး နှင်တာကို ဝေဖန်တယ်။ ဒါလောက်ဘဲရေးပါတယ်။
နိုင်ငံခြားသားဆိုပီး အင်္ဂလိပ်၊ ကုလား၊ တရုတ် သုံးမျိုး ရှိနေတာမှာ မူလရန်သူဟာ အင်္ဂလိပ်လို့ မပြောတတ်သေးဘူး။ ကုလားမုန်းတီရေးလောက်ဘဲ ပြောတတ်တယ်။ တိုင်းရင်းသားဘူဇွာကိုလဲ ခဏခဏ စကားဖျက်တယ်လို့ စွပ်စွဲတယ်။ ဗမာနိုင်ငံကို ရောင်းစားတယ်လို့တော့ ပြောလာဘီ။ ဒါပေမယ့် ပြောတဲ့အတိုင်းလုပ်နော်လို့ တောင်းပန်တာနဲ့ ဘဲ နိဂုံးချုပ်တယ်။ တိုင်းရင်းသားဘူဇွာကို နယ်ချဲ့လက်ပါးစေလို့ ရုပ်ပြောင်ဆရာကလဲ မမြင်ဘူး။ ကျန်တဲ့လူတွေက သာပီးမမြင်တော့မပေါ့လို့ဘဲ ပြောတတ်တော့တယ်။
လူမှုရေးမှာ ရုပ်ပြောင်ဆရာက ဘာကို အရင်းမူလထားသလဲဆိုတော့ ဗမာတွေ ပကာသနအားကြီးတာကို ချေမှုန်းဘို့ဆိုတာဘဲ ဖြစ်တယ်။ မင်္ဂလာဆောင်မှာ တီးကြ၊ မှုတ်ကြ၊ သီကြ၊ ကကြတာကို နားလည်ပါတယ်။ ဘုရားရှေ့မှာ ဘာဖြစ်လို့ ဆိုင်းတီးပီး ကကြပြန်ပါသလဲ။ ဆရာတော်ကြီးပျံလွန်တော့လဲ ဆိုင်းတီးပီး ကတာဘဲမဟုတ်လား။ မသာတောင် 'တုံးလုံးပွဲ' ခေါ်ရမယ့် ပုံမျိုးဖြစ်နေဘီ ဆိုတာမျိုးကို ရေးဆွဲကြပါတယ်။
လူမှုဆက်ဆံရေးမှာ ပညာရေးဟာ သိပ်အရေးကြီးတယ်။ ပညာရေးကို အစိုးရကလဲ ဘတ်ဂျက် အသုံးနဲတယ်။ ပြည်သူကလဲ ဂရုမစိုက်ဘူး။ ဘုန်းကြီးကလဲ ခေတ်ပညာမပေးနိုင် ဘူး။ ခေတ်ပညာပေးနိုင်တဲ့ လူလာတော့လဲ လက်မခံဘူးဆိုတဲ့ ဝေဖန်ချက် တွေ့ရပါတယ်။
အခုလေ့လာနေတဲ့ခေတ်မှာ ရုပ်ပြောင်ရဲ့ လူမှုရေးရည်ရွယ်ချက်ကို အချုပ်ပြောရရင် ဗမာတွေ ပကာသနရှောင်၊ ပညာရေးကို အခုထက်ပိုပီး အားပေးဆိုတာဘဲ ဖြစ်ပါတယ်။ နောက်တချက်တွေ့ရတာကတော့ ပညာတတ်လူငယ်ဟာ ကိုယ့်မှာသာ အကျိုးရှိတဲ့ အစိုးရလခစား ရာထူးမယူဘဲ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ပါလို့ တိုက်တွန်းထားတာမျိုးတော့ တွေ့ရပါတယ်။
အင်္ဂလိပ်ဟာ လူမျိုးကြီးအနေနဲ့ ဂိုက်ပေးပီး ဗမာနဲ့ တန်းတူ မဆက်ဆံဘူး။ ဒါကိုလဲ ဗမာက သိပ်မကြိုက်ဘူးဆိုတာကိုတော့ နဲနဲထဲ့ပြောလာပါတယ်။ ဥပမာ မီးရထား တတိယတန်းမှာတောင် ဥရောပသားဘဲ စီးစေဆိုတဲ့ သီးသန့်တွဲပါတာကို ဝေဖန်ပါတယ်။ ဒီဝေဖန်တဲ့ ကာတွန်းကို သူရိယမဂ္ဂဇင်း သြဂုတ် ၁၉၁၉ မှာ တကြိမ်၊ မတ် ၁၉၂၄ မှာ တကြိမ် ထပ်ထဲ့တာထောက်တော့ တော်တော်မကျေနပ်တာနဲ့တူတယ်။ ဒီလို လူမျိုးကြီးဝါဒဟာ ဟိုတုန်းကတော့ သမရိုးကျ တွေ့ရတာမျိုးပါဘဲ။ ခုထိ ကမ္ဘာမှာ ရှိသေးတယ်ဆိုရင်လဲ မမှားပါဘူး။ ရဟန်းတွေ အလဇ္ဇီများလှတယ်လို့လဲ ပြောဝံ့ပါတယ်။
စီးပွါးရေးမှာ စပါးဈေးနဲလို့ ဗမာလယ်သမားတွေ ရှုံ့နေတုန်း အင်္ဂလိပ်စက်ပိုင်ကြီး ၀မ်းသာတယ်။ ကြွေးရှင်ချစ်တီးမြူးတယ်ဆိုတာမျိုး ရေးဆွဲပါတယ်။ စာရေးကြီး လခထုတ်တဲ့ နေ့ ကြွေးဆပ်ရလို့ ငွေကုန်ပီး အိမ်ကို မူးပြန်လာတယ်ဆိုတာလဲ တွေ့ရပါတယ်။ စီးပွါးရေးဒုက္ခ ကို ပေါ်အောင် ဖော်နိုင်တယ်။ ဒါပေမယ့် သူတို့မြင်သလောက် စီးပွါးရေးဆိုင်ရာ အဖြေကတော့ သိပ်အားရစရာ မဟုတ်ပါဘူး။
အင်္ဂလိပ်က ရောင်းကြီးဝယ်ကြီး (Wholesale Trade) လုပ်တဲ့အခါ တရုတ်၊ ကုလားက လက်လီရောင်း (Retail Trade) တဲ့အလုပ်ကို ချုပ်ထားကြတယ်။ ဗမာကလဲ လက်လီ ရောင်းလုပ်ငန်းကို ၀င်တိုးပါလား ဆိုတာမျိုးဘဲ အကြံပေးတတ်တယ်။ ဗမာက လူရေလည် ပြန်တော့ ရှေ့နေရယ်၊ နိုင်ငံရေးရယ်၊ အစိုးရလခစားရယ်၊ ဒါဘဲလုပ်တတ်တယ်။ ဒီတော့ သိပ်မကြီးပွါးဘူးလို့လဲ ဝေဖန်ပါတယ်။ ရန်ကုန်မှာ ကြည့်ပါဦး၊ တိုက်လဲ ကုလားတိုက်၊ ကားလဲ ကုလားစီးတဲ့ကားလို့ ညွှန်ပြတယ်။ အဲဒါလောက်နဲ့ဘဲ ကျေနပ်တယ်။
တခါလောက်ဘဲ (သူရိယမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၆၊ သြဂုတ် ၁၉၂၀၊ စာမျက်နှာ ၉၀) ဗမာ့သံယံဇာတပစ္စည်းတွေ ဖော်ထုတ်ပီး ဗမာပိုင် စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ပါတော့လားလို့ ပြောဖော်ရတယ်။ တခါတော့ (သူရိယမဂ္ဂဇင်းအတွဲ ၄၊ အမှတ် ၁၀၊ ဒီဇင်ဘာ ၁၉၂၀ စာမျက်နှာ ၇၂) နိုင်ငံခြားအထည် ဈေးကြီးလှတယ်။ တအိမ်ရက္ကန်းစင် တစင်ပြန်ထောင်ကြလို့ တိုက်တွန်း ပါတယ်။ နိုင်ငံခြားကုန် သပိတ်မှောက်ဘို့လဲ တိုက်တွန်းတာမျိုး တွေ့ပါတယ်။
နောက်တမျိုးကတော့ ဗမာ့ကျွဲကြီးက ဒီမြေမှာ ရေလဲကောင်းတယ်၊ မြက်လဲပေါတယ်၊ ဒါပေမယ့် ငါဘာပြုလို့ ပိန်သလဲလို့ မေးထားတယ်။ (သူရိယမဂ္ဂဇင်းအတွဲ ၅၊ အမှတ် ၉၊ နိုဝင်ဘာ ၁၉၂၁ စာမျက်နှာ ၈၆)။ ဗမာ့စီးပွါးရေးဟန်ပြပီး မသမာသူတွေ ရှိတာကိုတော့ သတိထားကြရမယ်တဲ့။ ၀ံသာနု ဆိုင်းဘုတ်တပ်ထားပီး ပင်နီအတုရောင်းတဲ့ဆိုင် (သူရိယ မဂ္ဂဇင်း အတွဲ ၅၊ အမှတ် ၁၀၊ ဒီဇင်ဘာ စာမျက်နှာ ၆၄) ကို တခါရေးဆွဲပြတာ တွေ့ရပါတယ်။
ရုပ်ပြောင်ဆရာရဲ့ စီပွါးရေးအမြင်ကတော့ ကိုယ်ထူကိုယ်ထထက် အင်္ဂလိပ်အစိုးရက စပါးဈေး ကောင်းအောင် လုပ်ပေးပါလို့ အများဆုံး ပြောချင်ပုံပါဘဲ။
ဓလေ့ပိုင်းမှာ ရုပ်ပြောင်သမားဟာ ဗမာ့ဓလေ့ ပြန်လည်ဖော်ထုတ်ရေးကို လိုလား တယ်။ အဲဒါထက် ဗမာစစ်စစ်က ဗိုလ်တုမတုနဲ့ ဆိုတာကိုပဲ ထပ်ပြန်တလဲလဲ ရေးဆွဲကြတယ်။ ကိုယ်မလုပ်နိုင်တာ လုပ်တယ်လို့ဘဲ ပြောပါရစေ။
ရုပ်ပြောင်ဆရာဟာ ဗိုလ်တုတုပီး သူလဲ ဗိုလ်ကပေးတဲ့ ဒီပညာနဲ့ အသက်မွေးတယ်။ အရုပ်ကို စာတန်းထိုးတဲ့အခါ အင်္ဂလိပ်စာပါမှ လေးနက်တယ်ထင်တယ်။ ဗမာမက ခေါင်းမှာ ဖဲပြားစည်းပီး စီးကရက်ကို စွပ်တံနဲ့သောက်တာတော့ သူကြည့်မရဘူးတဲ့။ အမှန်ကလဲ ရှေးပုံစံ ၀တ်စားဆင်ယင်တာဘက်က သူတို့မဲပေးတယ် ဆိုပေမဲ့ တကယ် စိတ်မထက်သန် ပါဘူး။ အများသိတဲ့ ရှေးပုံစံ ၀တ်ကြပါ တိုက်တွန်းတာဟာ မအောင်မြင်ခဲ့ပါဘူး။ အဲဒါကို သူတို့လဲ သိတယ်။ မိန်းကလေးက မှန်သားလို အင်္ကျီဝတ်တာတော့ သူတို့က မှန်ဘီလူးနဲ့ ကြည့်ချင်တယ် ဆိုဘဲ။
ဗမာရုပ်ပြောင်လောက အစပိုင်းမှာ ကျနော့အနေနဲ့ သိပ်မကြိုက်တာတခုရှိတယ်။ အဲဒါကတော့ ကဗျာတွေ လင်္ကာတွေလဲ ရုပ်ပြောင်ရဲ့ စကားပြောစက်ကွင်း (Ballon) ထဲမှာ ထဲ့တယ်။ ရှင်းလင်းချက်သဘောလဲ မစ္စတာမောင်မှိုင်းတို့လိုလူက ပါဝင်ပီး ကဗျာလင်္ကာစပ် ပေးတယ်။ ခေတ်ပြောင်းတော်လှန်ရေး အသွင်ဆောင်တဲ့ ရုပ်ပြောင်မှာ ကဗျာလင်္ကာပါတာ ညံ့ဖျင်းသွားတယ်။ 'အဖွင့်ကဗျာ' ပါလို့သာပေါ့လို့ အကဲဖြတ်သူလဲ ရှိတယ်။ (ဒေါ်အမာ၊ ရွှေရိုး၊ ပထမတွဲ စာမျက်နှာ ၁၈) ကျွန်တော်တော့ မထောက်ခံပါဘူး။ စာတလုံးမှ မပါလဲ ရီရတာပါ ဘဲဆိုတာ မမေ့သင့်ဘူး။ တနည်းပြောတော့ ရုပ်ပြောင်ဆရာကလဲ အင်္ဂလိပ်စာတန်းလေး ထဲ့ချင်တယ်။ အယ်ဒီတာအဖွဲ့က သြဇာရှိသူတယောက်ကလဲ လင်္ကာရွတ်လိုက်ချင်တယ်။ ဒီတော့ စာဖတ်ပရိသတ်က နှစ်မျိုးစလုံးကိုဘဲ မကြိုက်ဘဲနဲ့ အရုပ်ကြည့်ချင်တာနဲ့ဘဲ လက်သင့်ခံ ရတယ်။ သည်းခံရတယ်။
ရုပ်ပြောင်ပေါ်စ ရည်ရွယ်ချက်ဟာ ဟုမ္မရူးဖြစ်တယ်။ အကျိုးဘက်ကို ပြောရရင် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ဘာပြုလို့လဲဆိုတော့ တိုင်းရင်းသားဘူဇွာတွေ ကိုယ်ကျိုးရှာတဲ့ အပြိုင်အဆိုင် ၀ဲသြဃထဲမှာ ရုပ်ပြောင်ဆရာလဲ နစ်မွန်းသွားလို့ဘဲ ဖြစ်ပါတယ်။

သန်းထွန်း။
{ ဦးဝင်းတင် စီစဉ်တည်းဖြတ်တဲ့၊ ဟံသာဝတီတိုက်ထုတ်၊ "ပြည်သူတို့၏စကားပြန်" စာအုပ်၊ ပထမအကြိမ်၊ ဒီဇင်ဘာ ၁၉၇၄ မှ ကူးယူဖော်ပြပါတယ်။}

Monday, November 10, 2008

ကြောင်ညိုပါးရယ်စားတတ်လှတယ်
ရေးသူ- နုနုရည် (အင်းဝ)

ဖိုးအေကြီးရေ.. ဖိုးအေကြီး။ သြော်.. ဒီအဖိုးကြီးကလဲ၊ နားလေးပလေးနဲ့ ခေါ်မကြား အော်မကြား..။ အေ.. ဖိုးအေကြီး.. မြန်မြန်လာစမ်းပါ၊ မြန် မြန်၊ မြန် မြန်...၊ တကတည်းတော် ခေါ်လိုက်ရတာ၊ ဘာလုပ်နေတာလဲ၊ အိမ်ရှေ့မှာ။ ဟင်း.. ပက်လက်ကုလားထိုင်ပေါ်မှာ တရေးနှပ်နေတာ မဟုတ်လား..။ အလကား အဖိုးကြီး၊ ဒီမှာ.. ကိုယ့်မြေးလေးအတွက်တော့ လာပြီး ကူပြု လုပ်မယ် ကိုင်မယ်မရှိဘူး။ တော်ဟာလေ.. ကျုပ်လောက်ကို မြေးလေးကို မချစ်ဘူး၊ ကျုပ်သိတယ်။ ဘာ... ချစ်ပါတယ်ကွာလဲ..။ ချစ်ရင်လာ၊ ရော့ ဒီမှာ.. အုန်းသီး၊ ဒီမှာ အုန်းခြစ်၊ အုန်းနို့ညှစ်ပေး.. ကျုပ်ကို...။ မြေးလေးအတွက် အုန်းနို့ကျောက်ကျော ကြိုရအောင်။ ဘာသက်ပြင်းချတာလဲ၊ ဘာ.. မျက်နှာကြီး မဲ့သွားတာလဲ။ ဟင့်အင်း မပြောနဲ့..၊ မပြောနဲ့။ တော့်ပါးစပ်ကြီး ဟမလာနဲ့။ မနေ့က ကျုပ် နွာနို့ထမင်းတွေ သွန်ပစ်ရတာကို တော်ပြောမလို့ မဟုတ်လား။ မပြောရဘူး၊ မပြောရဘူး၊ ကျုပ်.. ကျုပ် အော်ငိုပစ်လိုက်မှာနော်၊ အော်ငိုပစ်လိုက်မှာ....။


အဲ...အဲ.. ဒီလိုမှပေါ့၊ ဖိုးအေကြီးရယ်။ လိမ္မာစမ်းပါ။ ကျုပ်အလိုကို လိုက်စမ်းပါ။ ကျုပ်ပြောတာကို နားထောင်စမ်းပါ။ ကဲ.. လုပ်..လုပ်။ အုန်းသီး မြန်မြန်လေးခြစ်..။ ဟီ..ဟိ၊ တော့်မြေးလေးက အုန်းနို့ကျောက်ကျောများဆို အငမ်းမရ ကြိုက်တဲ့ဟာလေး။ ကျောက်ကျော တဗန်းများဆို အငမ်းမရ ကြိုက်တဲ့ဟာလေး။ ကျောက်ကျောတဗန်းများ သူနဲ့တင် တ၀က်ကုန်ရစေရဲ့။ တော်နဲ့ ကျုပ်နဲ့ကတော့ ကျန်တာပေါ့နော်။ ဆွမ်းတော် ပန်းတော်လေးလဲ တင်ပေါ့။
အင်း.. နေဦး၊ တော်အုန်းနို့ ညှစ်နေတုန်း ကျုပ်ဝက်သားလုံးကြော်လေး အရင်နွှေးလိုက် ဦးမယ်။ တော့်မြေးက ကျောက်ကျောမစားခင် ထမင်းအရင် လွေးချင် လွေးမှာ။ ထမင်းမစားလဲ ၀က်သားလုံးကြော်ကို ဒီအတိုင်း တစွပ်စွပ် နှိုက်စားနေတတ်တာ....။ ၀က်သားကြိုက်လေး..။ ကျုပ်နမ်းတိုင်း သူ့ပါးစပ်က အမြဲ ၀က်သားနံ့တသင်းသင်းနဲ့။ အဟင်း.. ကျုပ်ကလဲ ကျုပ်မြေးကြိုက်တတ်မှန်း သိလို့ ကြောင်အိမ်ထဲ ၀က်သားလုံးကြော်ပန်းကန် မပြတ်စေရပါ ဘူးတော်..။ ကျုပ်အိမ်ဆိုင်ကလေး တည်တာတောင် စီးပွါးရေးထက် ကျုပ်မြေးစားချင်တဲ့ သွားရည်စာ စားနိုင်အောင်လို့ တည်တာ သိပြီလား။ အရာအားလုံးဟာ ကျုပ်မြေးအတွက်၊ ကျုပ်ချစ်တဲ့ မြေးလေး ဖိုးသဲ (ခေါ်) ရန်ကျော်ဦးအတွက်....။
ဖိုးအေကြီးရေ... တကယ်တော့ မြေးလေး ဖိုးသဲဟာ ကျုပ်တို့ရဲ့ မြေးဆိုလဲ မြေး..၊ သားဆိုလဲ သားပါပဲနော်..။ ဟုတ်တယ်မဟုတ်လား။ မွေးကတည်းက ကျုပ်ရင်ခွင်ထဲရောက် ခဲ့တာ။ ကျုပ်တိုက်တဲ့ နို့ဘူးတလှည့်၊ နို့မထွက်တဲ့ ကျုပ်နို့ပိန်ကို စို့ရင်း ကြီးပြင်းခဲ့တာ။ သိပ်ကို သနားစရာကောင်းတဲ့ မြေးကလေးပါနော်.. ဖိုးအေကြီး။ မွေးမွေးချင်း မအေက ပစ်ပြီး သေမင်း ခေါ်ရာနောက် ကောက်ကောက်ပါရတော့...။ အို.. ဖိုးအေကြီးရယ် ကျုပ်ကို မငေါက်ပါနဲ့တော်၊ တော် မပြောစေချင် မပြောပါဘူး။ သမီး အမိုက်မအကြောင်း ကျုပ်လဲ မပြောချင်ပါဘူး။ သူမိုက်တာကိုးတော့။ မိဘ မနှစ်မြို့တဲ့ဟာကို ယူပြီး မိဘရင်ကွဲအောင် စုံကန်တော့ ဒီလိုမျိုး... အေးလေ.. ဖိုးအေကြီး အုန်းနို့ရမလား၊ ၀က်သားလုံးကြော်အိုး ချလိုက်တော့မနော်။ ဟေ..ဟေ.. ကောင်းလိုက်တာ၊ ၀က်သားလုံးလေးတွေ နီရဲပြီး မွှေးကြွပ်နေတာပဲ...။ ကျုပ်သားအကြိုက်..။ ကျုပ်သားဖိုးသဲအကြိုက်။ ဘယ်လောက်များ ကြိတ်လိုက်မလဲ မသိဘူး။ အေး.. ဒါပေမယ့် မကြိုတ်ခင်မှာတော့ ထုံးစံအတိုင်း ဘွားဘွားနဲ့ ဘိုးဘိုးကို သုံးခါစီ မွှေးရဦးမယ်နော်..။ သုံးခါ။
ဖိုးအေကြီးရယ်...။ ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ မကြည့်ပါနဲ့။ ကျုပ်ဘာပြောလို့လဲ။ ကျုပ်ဘာလုပ်လို့လဲ။ ကြည့်... သက်ပြင်းကြီးက ချရပြန်ပြီ။ ခက်တာပဲ... တော်ဟာလေ..။ ဖိုးသဲတို့ ဖိုးအေဟာလေ..။ တော် အဲလို မျက်လုံးကြီးပြူးတာ ဘာနဲ့တူလဲသိလား။ ဟို.. ဟို.. မကောင်းဆိုးဝါးနဲ့ တူတယ်တော့် သိရဲ့လား။
ကဲပါတော်... ကျုပ်ဆီကို ကြောင်အိမ်ထဲက သကြားပုလင်း လှမ်းလိုက်စမ်းပါဦး။ အင်း သကြား များများလေး ထည့်မှ။ သားလေးက ချိုမှ ကြိုက်တာ။ ပုလင်းဖွင့်ပြီး သကြားကို ကော်စားတာ။ ပုလင်းပိတ်ကို သေချာမပိတ်တော့ ပုရွက်ဆိပ်တွေက တက်ရော။ တော့်မြေးလုပ် တာလေ... တော့်မြေး။ ဟင်... ဖိုးအေကြီး ပုလင်းပိတ်လဲ ကျပ်လို့၊ ပုလင်းထဲလဲ သကြားသိတ် မလျော့ဘူး။ တော့်မြေး.. သကြားမစားပြန်ဘူးထင်တယ် ဖိုးအေကြီးရေ။ သြော်.... ကျုပ်သိပြီ၊ ကျုပ်သိပြီ..။ ခွေးကလေး.. ကျုပ်ဆိုင်က သကြားလုံးတွေချည်း ယူစားနေတာ ဖြစ်ရမယ်၊ သိလား ဖိုးအေကြီး။ အင်း.. ချောင်းဆိုးမှာတော့ စိုးရတယ်၊ သွားနာမှာလဲ စိုးရတယ်၊ ဒါပေမယ့် စားပါစေတော်.. သူကြိုက်တာ စားပါစေ။ သူစားနေတာ ကြည့်နေရရင် ကျုပ်စိတ်ချမ်းသာ နေတာပဲ။ တော်လဲ ကျုပ်လိုပဲ မဟုတ်လားဟင်...။ ဖိုးအေကြီး သားလေးဖိုးသဲကို ချစ်တယ် မဟုတ်လားဟင်...၊ ဖိုးအေကြီး ချစ်တယ်မဟုတ်လား... ပြောလေ ပြော။ အို ကျုပ်တို့ နှစ်ယောက်စလုံး သားလေးကို သိပ်ချစ်ကြပါတယ်နော်။ သွားလေသူ သူ့မအေနဲ့ နောက်မိန်းမ ယူဖို့ ကြိုးစားနေတဲ့ သူ့ဖအေတို့တောင်မှ ကျုပ်တို့လောက် သားလေးကို မချစ်နိုင်ပါဘူး... နော့ ဖိုးအေကြီးရယ်....။
ဟင်း.. ဟင်း.. ဖိုးအေကြီးရေ မှတ်မိသေးလား။ သားလေး ငါးလမှာ တော်ပုခက်ဝယ်ပြီး ပြန်လာတာလေ။ ခုလို မိုးတွင်းကြီးပဲနော်။ မိုးတွေ တဝေါဝေါ ရွာနေတဲ့ထဲမှာ တော် အသားပုခက်ကြီး ထမ်းပြီး ၀င်လာတာလေ။ နှစ်လမ်းကျော် လက်သမားအိမ်ကနေ ကိုယ်တိုင် ထမ်းယူလာတာ။ မြေးကိုထည့်ပြီး လွှဲသိပ်ချင်ဇောနဲ့... အိမ်ထဲအ၀င် ခြေချော်ပြီး ဟီ ဟီ.. မိုးရေထဲမှာ တော် ပစ်လဲတာလေ။ အမယ်လေး.. မြေးဇော.. မြေးဇော။ သူ့မယ် မနာနိုင်ဘူး။ ရွှံ့တွေပေသွားတဲ့ ပုခက်ကို သေချာဆေး၊ အ၀တ်နဲ့ခြောက်အောင် ပွတ်တိုက်ပြီး၊ ပုခက်ဆင်တာ။ ပြီးတော့ မိုးရေစိုကြီးနဲ့ ပုခက်ထဲကမြေးကို အကြာကြီးရပ်ကြည့်၊ ကျေနပ်နေ လိုက်တာ။ နောက်နေ့ကျ ဆေးသောက်ရတာပဲ မဟုတ်လား။
နောက်ပြီးတော့လေ... ဖိုးအေကြီး၊ သားလေးအခါလည်ကျော်... အပူကြီးပြီး တက်သွား တုန်းကလေ၊ မှတ်မိတယ်မဟုတ်လား။ အဲဒါကတော့ ကျုပ်.. ကျုပ်၊ တော်မဟုတ်ဘူး။ သားလေး ဖျားနေတာကို တော်နဲ့ထားခဲ့ပြီး၊ အိမ်ဆိုင်အတွက် ရောင်းစရာကုန်လို့ ကျုပ်ဈေးသွား ၀ယ်နေတုန်းလေ။ သားလေးက အပူကြီးပြီး တက်တာ..။ ကျုပ်က ဈေးခြင်းတောင်းကြီး ရွက်ပြီး ဘတ်စ်ကားပေါ်က အဆင်း။ လမ်းထိပ်မှာ.. လမ်းထိပ်မှာ...။ ဟိုးတလောက ဆုံးရှာတဲ့ မခင်လှလေ..၊ အဒေါ်ရေ. အဒေါ့်မြေး တက်နေလို့ ဆိုတဲ့အသံလဲ ကြားလိုက်ရော၊ ကျုပ်ဘာကိုမှ မမြင်တော့ဘူး။ ဈေးတောင်းရွက်ကြီးနဲ့ အိမ်ကို ပြေးတာ၊ မှောက်လျက်လဲပြီး ဒူးကြီးကွဲ သွားတာ၊ သွေးတွေ ရွှဲလို့။ ဒါပေမယ့် နာရကောင်းမှန်း မသိပေါင်တော်။ ဈေးခြင်းတောင်း မှောက်တာလဲ ကောက်ရကောင်းမှန်းမသိဘူး။ သားလေးဆီကို ကျုပ်အရောက် ပြေးချလာ တာပဲ။
အဲ..... နေဦး ဖိုးအေကြီး၊ ဟိုနေ့ကိုကော၊ တော်မှတ်မိတယ် မဟုတ်လား၊ သားလေးက စကားဝူးတူးဝါးတား ပြောတတ်ခါစ၊ 'ဖွား' လို့ စခေါ်တဲ့နေ့လေ။ အမယ်လေး ကျုပ်တို့နှစ် ယောက် ကြည်နူးလိုက်ကြတာ၊ နားထောင်လို့ မ၀ နိုင်ပါဘူးတော်.... နော်၊ ကျုပ်လေ.. ၀မ်းသာလုံးဆို့ပြီး၊ အိပ်လို့တောင် မပျော်ဘူး။ သိလား။ အမယ်... တော့်ကို 'ဖိုး' လို့ ခေါ်တတ် သွားတဲ့ နေ့ကလဲ တော်ပျော်ပြီး၊ ည အိပ်မပျော်ဘူး မဟုတ်လား။ ဖိုးအေကြီးရယ်... ကျုပ်မြေးလေးက ငယ်ငယ်လေး ကတည်းက သနားစရာ၊ ချစ်စရာပါတော်။ ကျုပ်မြေးလေး ဟာလေ... ကျုပ်မြေးလေးဟာ အပြစ်ကင်းပါတယ်တော်၊ အပြစ်ကင်း... ဟင့်...၊ ဘာလဲဟင် ဘာလဲ၊ ဖိုးအေကြီး...။ အို ဟုတ်ပါ့တော်၊ ကျောက်ကျောအိုးကြီး ပွက်ပွက်ဆူနေတာကို၊ ကျုပ်မေ့နေတာ။ အင်း.. ဟုတ်တယ်၊ ဟုတ်တယ်၊ တော်ပြောတာ။ ပျက်သွားလေး.. သားလေး မစားလိုက်ရဘဲ နေလိမ့်မယ်၊ ဟုတ်တယ်... သားလေး မစားလိုက်ရပဲ နေလိမ့်မယ်။ စိတ်ချ ဖိုးအေကြီးရေ့၊ မပျက်စေရဘူး။ မပျက်စေရဘူး။ ဟော.. ဒီမှာကြည့် ရပြီ။ ဟောဒီ လင်ပန်းလေး ထဲ လောင်းထည့်။ အအေးခံတာ ခဏလေးစောင့်၊ ခဏလေးပဲစောင့်။ အင်း.. စပွဲပေါ်မှာ တခါတည်း တင်ထားလိုက်မယ်။ ကျောက်ကျောဗန်း မ, ရအောင်၊ အ၀တ်စုတ် လှမ်းစမ်းပါဦး၊ ဖိုးအေကြီးရဲ့။
ကဲ....ရော့၊ ဟောဒီမှာ ကျောက်ကျောဗန်း။ ဟောဒီမှာ ၀က်သားလုံးကြော်ပန်းကန်။ ထမင်းကတော့ စားမယ်ဆိုမှ ခူးပေးလိုက်ရုံပဲ။ ကဲ.. အားလုံး အဆင်သင့် ဖြစ်ပါပြီတော်။ အားလုံးအဆင်သင့်။ အဲ... နေဦး၊ နေဦး ကျောက်ကျောစားဖို့ သူ့ခက်ရင်းလေး ချထားလိုက် ဦးမှ။ ဟင်... ဖိုးအေကြီး၊ ကျုပ်မြေးလေး ခက်ရင်းလေး သံချေးတွေ တက်လို့။ သူ ခက်ရင်းနဲ့ မစားတာ ကြာပြီလားဟင်။ ဖိုးအေကြီး၊ ကျုပ်.. ကျုပ်က..ကလေးကို ကျောက်ကျော လုပ်မကျွေးမိတာ ကြာပြီထင်ပါရဲ့ ဖိုးအေကြီးရယ်၊ နော်။ ဟုတ်လားဟင်၊ ဖိုးအေကြီး၊ ဟုတ်လား။
ဟင်... ဘာရယ်၊ ဖိုးအေကြီး၊ ကလေးပြန်လာရင် ပြောနေလိမ့်မယ်။ ကျုပ်ထမီ လဲထားဖို့လား၊ ခေါင်းက ဆံပင်တွေလဲ ရှုပ်ပွနေလား။ ဟုတ်တယ်၊ ဟုတ်တယ်။ ကလေးလေးကလေ သူ့အဘွားကို သိပ်လှစေချင်တာနော်...။ သနပ်ခါးတုံး မနိုင့်တနိုင်နဲ့ သွေးပြီး ကျုပ်ကို လာလိမ်းပေးရတာနဲ့။ နှုတ်ခမ်းနီ ဆိုးခိုင်းရတာနဲ့။ မျက်ခုံးမွေး ဆွဲခိုင်းရတာနဲ့။ မီးဖိုထဲ ကျုပ်အလုပ်ရှုပ်နေတုန်း ပြေးလာပြီး ကျုပ်ပါးအိုးမဲ ပေနေတာကို သုတ်ပေးရတာနဲ့။ အို ဖိုးအေကြီးရယ်... ကျုပ်မြေး အမောပြေလေးရဲ့ အလိုကျ နေမှာပေါ့။ ကဲ.. တော် ဒီမှာ စားပွဲကို စောင့်နေ၊ ကြောင်လာမယ်နော် သိလား....။
ဖိုးအေကြီးရေ.. ဖိုးအေကြီး၊ ကျုပ် ဇင်းမယ်လုံချည် အစိမ်းလေး မတွေ့ပါလား။ ဘယ်သေတ္တာထဲ မြင်မိတုန်း။ ကျုပ် ဟောဒီသေတ္တာ အောက်ဆုံးမှာ... သေချာထားတာတော့။ မှန်း... ဒီ စက္ကူအိတ်က ဘာလဲ။ သြော်... တွေ့ပြီ.. ဖိုးအေကြီးရေ့ တွေ့ပြီ။ ဟင်... ကျုပ်ထမီကြားထဲက ဘာလဲ...။ ကြည့်စမ်း... ကြည့်စမ်း၊ တော်တော် ဥာဏ်သွားတဲ့ အဖိုးကြီး၊ ဟင် ကျုပ်မြေးဓါတ်ပုံတွေကို ဒီထဲမှာ လာဖွက်ထားတယ်။ ကျုပ်မှာဖြင့် ပျောက်လို့ လိုက်ရှာနေတာ။ တော်က ဘယ်အချိန်ကများ ကျုပ်ခေါင်းအုံးအောက်ကနေ ခိုးသွားရ တာတုန်း။ တော်တယောက်ထဲ ကြည့်ချင်တာပေါ့လေ... တော်က.. ဘယ်ရမလဲ...။
ဟီ ဟိ ဒီမှာကြည့်စမ်း ဖိုးအေကြီး။ ချစ်စရာကောင်းလိုက်တဲ့ သားလေးရယ်။ ဒီပုံက ခြောက်လသားမှာ ရိုက်ထားတာ။ ၀တုတ်ပြဲလေး။ ဟောဒီပုံက အခါလည် ကျော်ပြီ။ ဒါက သုံးနှစ်သား၊ ဖိုးအေကြီး ကြည့်ပါဦး၊ ဒီအင်္ကျီနဲ့ ဘောင်းဘီဝတ်စုံလေးကို၊ ဒီဝတ်စုံလေး ၀တ်ပေးနေတဲ့ အချိန်လေ...၊ ဟိုခွေးတိရစ္ဆာန် ရောက်လာတာ မှတ်မိလား။ တော့်သမက်လေ တော့်သမက်။ မွေးကတည်းက ပျောက်သွားတဲ့ အကောင်က ခုမှ သူ့ကလေးတဲ့၊ သူ့သားတဲ့..၊ ပြန်ခေါ်ဖို့ လာတာတဲ့။ ကျုပ်တို့က မပေးဘူးဆိုတော့ ခဏလေး ချီဦးမယ်ဆိုပြီး သူခေါ်လာတဲ့ ကားပေါ်တင်ပြီး မောင်းပြေးတာလေ။ မိုက်ရိုင်းတဲ့ကောင်။ အို..... သားလေးငိုသံ၊ ကျုပ်နားထဲ က မထွက်ပါဘူး။ ကျုပ်ဆီကို လက်ကလေး လှမ်းလှမ်း ပြီးတော့လေ။ တော်နဲ့ ကျုပ်နဲ့ ကားနောက်ကို အတင်း ပြေးလိုက်ကြတာလေ။ မမီတော့မှ အဖိုးကြီးနဲ့အဖွားကြီး လမ်းမပေါ် ငိုကျန်နေခဲ့ရော....။
အဲဒီတုန်းကတခါ ကျုပ်အူတွေ အသည်းတွေကို နှုတ်ယူသွားသလို ခံစားခဲ့ရတယ်နော်။ မြေးလေးကို ပြန်မရခင် နှစ်ညလုံးလုံး ရင်ဘတ်ကြီး စည်းပြီး ကျုပ်လေ အရူးမကြီးလိုပဲနော်.. ဟီဟီ။ မြေးလေး လွမ်းဖျားဖျားပြီ သင်းကို ဘယ်လိုမှ မခင်တော့မှ ဟိုကောင် တော့်သမက် ပြန်လာပို့တာလေ..။ မှတ်မိတယ် မဟုတ်လား၊ ဟင်...။ အိမ် ရှေ့က အသံလေး စကြားရတာလေ။ 'ဘွား' ရေတဲ့။ 'ဘိုးဘိုး' တဲ့။ တခါတည်း ဘွားအေ ရင်ခွင်ထဲမှာ မျက်နှာလေး ဖြည်းဖြည်းချင်း လန်းလန်းလာလိုက်တာ။ ဟောဒီ ဓါတ်ပုံထဲက အရွယ်မှာပေါ့။
အို... ဖိုးအေကြီး၊ ဘာလို့ ဆွဲလုရတာလဲ၊ ဓါတ်ပုံတွေကို....။ ကျုပ်ကြည့်နေတယ်လေ..။ ပေးစမ်း တော့်လက်ထဲက ဓါတ်ပုံတွေ။ ပေးလေ၊ ပေးနော်...၊ မပေးရင် ကျုပ်ဓါးနဲ့ ခုတ်မှာ။ ပေး... ပေး...။ အို ကြည့်စမ်း၊ ဒီပုံက သားလေး ခြောက်တန်းရောက်တဲ့နှစ်မှာ ရိုက်ထားတာ။ တကယ့် လူပျိုကြီး ကျနေတာပဲတော်။ ဖေါင်တိန်ကြီးကို အိတ်မှာ ချိတ်လို့။ လွယ်အိတ် အကြီးကြီးကိုလဲ လွယ်ထားလိုက်သေး။ ဒီပန်းပွါးတွေနဲ့ လွယ်အိတ်အစိမ်းကို လိုချင်လှချည်ရဲ့ ဆိုလို့ ကျုပ်မှာလေ... ၀ယ်ပေးရတာ၊ ဒီလွယ်အိတ်ပေါ့... ဒီလွယ်အိတ်... ဒီလွယ်အိတ်...။
တော်.. တော် မဟုတ်လားဟင်၊ အဖိုးကြီး။ ကျုပ်ဆီကို ရွှံ့တွေ၊ သဲတွေ၊ သွေးတွေ စေးကပ် ပေကျေံနေတဲ့ လွယ်အိတ်ကို ယူပြေးလာတာလေ။ အဲဒီလွယ်အိတ်က ကျုပ်အူတွေ.. အသည်းတွေကို နှုတ်ယူလိုက်တာ၊ နှုတ်ယူလိုက်တာလေ...။
သားလေးရေ...။ သား....၊ အဘွားရဲ့ မြေးလေးရေ၊ လူ့လောကမှာ မရှိတော့ဘူးတဲ့လား။ အို ဖယ်ပါ ဖိုးအေကြီးရဲ့၊ ကျုပ် အော်ပါရစေ။ ကျုပ်တို့ မြေးအဖွားဟာ နှစ်ညပဲ ခွဲခဲ့ဖူးတာ.. တော်သိပါတယ် ဖိုးအေကြီးရဲ့....။
ဘာ... ဘာ ပြောတယ်၊ ဖိုးအေကြီး မြေးလေးက မသေဘူး၊ ကျောင်းက ပြန်လာတော့ မယ်၊ ဟုတ်လား၊ တကယ်နော်... တကယ်...၊ အို ဟုတ်တာပေါ့၊ သားလေးကျောင်းကအပြန် စားဖို့ ဒီမှာတွေ... ကျုပ်ကိုယ်တိုင် လုပ်ထားပြီးတော့၊ ဟင်း..ဟင်း.. မေ့တတ်လိုက်တဲ့ကျုပ်...၊ ကျုပ်တို့ မြေးလေး မသေဘူးနော်..။ ဖိုးအေကြီး၊ ကျောင်းသွားနေတာနော်... ဖိုးအေကြီး။ ဖွ.. ဖွ.. ကျောင်းကအပြန်မှာ ဘာကားမှလဲ တိုက်မသွားဘူးနော်။ ဟင့်အင်း... တိုက်မသွားပါဘူး...။ သေချာပါတယ်..။ ကျုပ်မှ မမြင်ရတာ...။ ဒါ ကျုပ်မြေး ဘာမှ မဖြစ်လို့ပေါ့ ဖိုးအေကြီးရဲ့...။
ဟော... မိုးတွေတောင် မှောင်လာပါပကောလား...၊ ဖိုးအေကြီးရေ...၊ တော့်ရဲ့ ထီးကောက်ကြီး မြန်မြန်ယူခဲ့...။ မြေးလေးကို သွားကြိုရအောင်..။ ကလေးပြန်လာတော့မယ်။ လာလေ...ဟောတော်.. ကြည့်စမ်း၊ ကျက်သရေမရှိတဲ့ ဒီမျက်ရည်တွေက ဘာဖြစ်လို့ ကျနေတာတုန်းလို့...။ လာစမ်းပါ.. မြန်မြန်....၊ သားလေးက ပြန်လာတော့မယ်... ဖိုးအေကြီးရဲ့...။

နုနုရည် အင်းဝ။

Tuesday, November 4, 2008

ကျွန်မနဲ့..ဖုန်းဖြေစက်
ရေးသူ- နုနုရည် (အင်းဝ)


ကျွန်မညီမလေး 'သီ' နဲ့ ကိုရဲလင်း (Alfred)တို့ ဇနီးမောင်နှံ ဒီတခေါက် အမေရိကားက အပြန်မှာ ကျွန်မတို့အိမ်အတွက် ဖုန်းဖြေစက် (Answering Machine) လေးဝယ်လာတယ်။ မြန်မာစကားကို မွှတ်နေတဲ့ ကိုရဲလင်းက 'ဒါ ဆရာမတို့အတွက် အလိုအပ်ဆုံး ဖြစ်မယ်။ နောက်ဆိုရင် ကျွန်တော်တို့ မောနေအောင် လိုက်မရှာရတော့ဘူးပေါ့နော်' တဲ့။ သူပြောတာ တကယ်ကို မှန်ပါတယ်။ နှစ်ယောက်တည်းရှိတဲ့ ကျွန်မတို့အိမ်မှာ နှစ်ယောက်လုံးထွက်သွားရင် လူကိုယ်တိုင်ပဲ လာလာ၊ ဖုန်းပဲဆက်ဆက်၊ လက်ခံပြီး ဖြေမယ့်သူရယ်လို့ ဘယ်သူမှ မရှိတော့ဘူးလေ။
တခါတလေကျ ဖုန်းဆက်ပြီးလာမယ့် သူတွေကလည်း ဖုန်းမြည်ပြီး ကိုင်မယ့်သူမရှိ တာကိုပဲ ပျက်နေတယ်ထင်ပါရဲ့ ဆိုပြီးလာ၊ ဒီရောက်တော့ မတွေ့၊ မေးရမယ့်သူကလည်း မရှိနဲ့ အင်မတန် အားနာစရာကောင်းတာ။ ကျွန်မမိတ်ဆွေကြီး ရွှေပုပ္ပါးဆို အကြိမ်ကြိမ် အခါခါ ခံရလွန်းလို့ 'မဖြစ်တော့ဘူးဆရာမ၊ ဘောလ်ပင်နဲ့ စာအုပ်ကလေးတအုပ် ဆရာမတို့ တံခါးဝမှာ ချိတ်မှ ဖြစ်တော့မယ်' လို့ အကြံပေးဖူးတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းကလည်း သိပ်အဆင် ပြေမယ် မထင်လို့ အဲဒီအကြံ အထမမြောက်ခဲ့ဘူး။



နောက်တော့ ကျွန်တော်တို့ နှစ်ယောက်က စိတ်ကူးပေါက်တဲ့အချိန် ထွက်ချင်ရာ ထွက်သွား၊ မိတ်ဆွေသူငယ်ချင်းတွေက ဖုန်းဆက် မတွေ့၊ သွားတတ်တဲ့နေရာတွေ လိုက်ရှာကြ မတွေ့၊ စိတ်ညစ်ကြ၊ စိတ်တိုကြ၊ မေတ္တာပို့ကြနဲ့ပဲ.... ဒီလိုနဲ့ပဲပေါ့။
ကျွန်မ ဝေးရပ်မြေခြားမှာတုန်းက ဖုန်းဖြေစက်လေးတွေ ရုံးတိုင်းစေ့၊ အိမ်တိုင်းစေ့ တပ်ထားတာတွေ့တော့ အိမ်ဖို့ စိတ်ကူးမိသေးတယ်။ ဒါပေမယ့် ကျွန်မတို့ဆီမှာ ဘယ်အိမ်မှာ၊ ဘယ်ရုံးမှာမှ သိပ်တပ်လေ့မရှိဘူးဆိုတာ သွားသတိရတယ်။ တယ်လီဖုံးဆိုတာလည်း အိမ်ပေါက်စေ့မရှိ။ ရှိတဲ့အိမ်တွေမှာလည်း တယ်လီဖုံးကိုင်ဖို့ လူအားတယောက်က အမြဲရှိနေတတ်တာလေ။ ကိုယ်တယောက်တည်း ကြောင်တောင်တောင်နဲ့ ဖြစ်နေဦးမယ်။ တော်ပါပြီလေဆိုပြီး မ၀ယ်ခဲ့တာ။ တကယ်တမ်းကျ (စီးပွါးရေး၊ ကြီးပွါးရေးကိစ္စ ဟုတ်လည်း မဟုတ်၊ ရှုပ်လည်း မရှုပ်ပေမယ့်) အပေါင်းအသင်းများစွာနဲ့ ကိစ္စများမြောင်လှတဲ့၊ အိမ်မှာလဲ ဘယ်တော့မှ ကပ်လေ့မရှိတဲ့ ကျွန်မတို့အိမ်မှာကမှ အဲဒီစက်ဟာ တကယ်လိုအပ်တာ။ ခုတော့ ဟန်ကျသွားပြီ။ 'သီ' တို့ ဇနီးမောင်နှံက သူတို့လက်ဆောင်ကလေးကို အိမ်တိုင်ရာရောက် လာရောက်တပ်ဆင်ပေးပြီး သုံးစွဲပုံ နည်းနာနိသျှတွေကို သင်ကြားပေးသွားပြီး နောက်တနေ့မှာ ပဲ ကျွန်မတို့ စတင်အသုံးပြုပါတော့တယ်။
နောက်တနေ့ အပြင်ထွက်ခါနီးမှာ စက်ကလေးကို ပလပ်ထိုး၊ အသံသွင်းခလုတ်ဖွင့်ပြီး၊ စက်ကို နည်းနည်းပါးပါး မြင်ဖူး၊ တွေ့ဖူးထားတဲ့ ကျွန်မက ဆရာကြီးလုပ်ပြီး 'ဟဲလို၊ ခြောက်၊ ခြောက်၊ ခွန်၊ သုံး၊ လေး၊ သုံး' လို့ ပြောထည့်လိုက်တယ်။ ပြီးတော့ အသံ ပြန်နားထောင်ပြီး မီးနီလေး ငြိမ်သွားပြီ ဆိုတော့မှ 'ရပြီ၊ သွားစို့' ဆိုတော့ ကျွန်မခင်ပွန်းက 'ဟာ.. ဒီလောက်နဲ့ ရပါ့မလား' တဲ့။ 'ရတာပေါ့၊ ဒီလိုပဲ သွင်းရတာ၊ ဟိုမှာ ဒီလိုပဲ ဖုန်းနံပါတ်ပဲ ပြောထားတာပဲ' ဆိုပြီး 'ဟိုမှာ' နဲ့ ကျွန်မကိုင်ပေါက်လိုက်တော့ ကျွန်မခင်ပွန်းခမျာလည်း 'ဟုတ်လား၊ ဒါဖြင့်လည်း ပြီးတာပဲ' ဆိုပြီးငြိမ်သွားရှာတာပေါ့။
အဲဒီနေ့ တနေ့လုံး စက်အားကိုးနဲ့ သွားချင်ရာတွေ သွားပြီး အိမ်ပြန်လာတော့ မီးနီလေးကိုလည်း ကြည့်လိုက်ရော မီးနီကလေးက နဂိုအနေအထားအတိုင်း ရဲရဲလေးပဲ ငြိမ်လို့။ တယောက်ယောက်က စက်ထဲစကားပြောထည့်ထားရင် မီးနီလေးက မှိတ်တုတ်မှိတ်တုတ်နဲ့ အချက်ပြမှာလေ၊ ခုတော့ ငြိမ်လို့။ ဘယ်လိုသဘောလဲ။ ကျွန်မတို့ သွားနေတုန်း တစုံတယောက်သောသူမှ မဆက်ဘူးဆိုတာကတော့ မဟုတ်နိုင်။ ဘယ်လိုမှ မဟုတ်နိုင်။ ဒါဆိုရင် ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတဲ့ အဖြေကို ကျွန်မ စဉ်းစားနေတုန်းမှာပဲ ဖုန်းသံ မြည်လာပါတယ်။ ကျွန်မကောက်ကိုင်ပြီး 'ဟဲလို' လုပ်လိုက်တော့ ကျွန်မသူငယ်ချင်း ကျောင်းအုပ်ဆရာမ အပျိုကြီးရဲ့ အသံ။
'ငါပါဟဲ့.....မယ်နုရဲ့'
'အေးပါ၊ ဘာလဲ ပြောလေ'
'နေစမ်းပါဦး၊ နေ့လည်တုန်းက နင်ဘယ်လို ဖြစ်တာလဲ။ ဘာဖြစ်လို့ ဖုန်းနံပါတ်ပြောပြီး ဖုန်းကို ချပစ်ရတာလဲ'
'ဟောတော့'
'ဘာဟောတော့လဲ။ အရေးကြီးတာ ပြောမလို့ပါဆိုမှ နောက်စရာ မဟုတ်ဘူးဟဲ့။ ငါလေ တကယ်စိတ်တိုတယ်။ သုံးခါတောင်လုပ်တယ်၊ နင်.... ဟင်း...'
'အမယ်လေး... သေတော့မှာပဲ၊ အဲဒါလူမဟုတ်ဘူးဟဲ့။ စက်၊ စက်။ Answering machine ဟဲ့။ နင်ပြောချင်တာတွေ အဲဒီထဲ ပြောထားခဲ့လို့ ရတယ်လေ။ ဒါလေးတောင်မှ နင်မသိဘူးလား။ ငါတနေကုန် အပြင်သွားနေတာ'
'ဟင်.. ဟုတ်လား၊ ငါဘယ်လိုလုပ် သိမလဲဟဲ့။ နင်ပဲ မှတ်တာပေါ့။ စက်ဆိုလည်း စက်မှန်းသိအောင် ပြည့်ပြည့်စုံစုံပြောဟေ့၊ တို့က တောသူတွေ'
ဟုတ်လိုက်လေ၊ ဒီတခါတော့ အပျိုကြီး မှန်သွားပြန်ပါပြီ။ စက်အတွေ့အကြုံ လုံးဝမရှိတဲ့ သူတယောက်ဟာ ဒီလိုဖြစ်နိုင်တယ် ဆိုတာကို ကျွန်မဘာဖြစ်လို့ ဘ၀ မေ့ရတာလဲ။ ဝေးမြေ ရပ်ခြားမှာ အဆောင်ကနေ သူငယ်ချင်းဆီ ဖုန်းဆက်တော့ ဖုန်းသံသုံးချက် မြည်အပြီးမှာ 'ဟဲလို သစ်စ်အစ်စ် ကြည်ကြည်' အစချီပြီး စက်သံပေါ်လာတာကို မသိဘဲ ၀မ်းသာအားရနဲ့ 'ဟေ့... မကြည်၊ မနုလေ၊ မနု' နဲ့ လုပ်နေတာ၊ ဟိုဘက်က မရပ်ဘဲ ဆက်ပြောနေတော့မှ နည်းနည်း ရိပ်မိသွားပြီး ငြိမ်နားထောင်ကြည့်ရတာ၊ အဲဒါကျမှ 'သြော်... စက်ဆိုတာ ဒါကိုး' ဆိုပြီး ဥာဏ်အလင်းပွင့်သွားတာ။ နောင် စက်များစွာနဲ့ တွေ့ထိဆက်ဆံပြီးတော့မှ စက်နဲ့လူကို ချက်ချင်း ကွဲနိုင်သွားတာလေ။ ဒီတော့ ကျွန်မ၏ များစွာသော ချစ်မိတ်ဆွေ၊ ချစ်သူငယ်ချင်းများ လည်း ကျွန်မကဲ့သို့ ဥာဏ်အလင်းပွင့်စေရန် စက်ဖြစ်ကြောင်း ထည့်သွင်းပြောကြားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ကို ခင်ပွန်းသည်အား တင်ပြလိုက်ခါ ရှိသေး။ တခါတည်း အောင်နိုင်သူတို့ မျက်နှာနဲ့ 'ကျုပ် မပြောဘူးလား၊ ဒါ 'ဟို' မဟုတ်ဘူး။ 'ဒီ.. ဒီ' မြန်မာပြည်... နော် ဖုန်းနံပါတ်လေး ပြောရုံပဲ မရဘူးဗျ' နဲ့ လိုအပ်သည်များကို လမ်းညွှန်မိန့်ကြားတော့တာပဲ။
အံမယ်၊ နောက်နေ့ကျတော့ 'ကိုယ်အသံသွင်းမယ်' ဆိုပြီး၊ ဘယ်လိုပြောထည့်လိုက် သလဲ သိလား။ 'ဟဲလို.. ခြောက်၊ ခြောက်၊ ခွန်၊ သုံး၊ လေး၊ သုံး၊ ဦးအောင်ကျော်တိုးနဲ့ ဒေါ်နုနုရည်အင်းဝ အိမ်ကပါချင်ဗျာ။ ကျွန်တော်တို့ နှစ်ယောက်လုံး အပြင်သွားပါတယ်။ ဒါစက်ပါခင်ဗျာ၊ မှာစရာရှိရင် စက်ထဲမှာ..'
အဲဒီနေရာလည်းရောက်ရော ကျွန်မက မအောင့်နိုင်ဘဲ ရယ်ချလိုက်ရော။
'ဟောဗျာ.... ဒီမှာ အသံသွင်းနေတယ် ဘာဖြစ်တာလဲ'
'ဘာမှ မဖြစ်ဘူး၊ 'ဒါစက်ပါခင်ဗျာ' ဆိုတာကြီးကို ရယ်ချင်လို့၊ မှာစရာရှိရင် စက်ထဲမှာ မှာခဲ့ပါ ဆိုရင် သိပါပြီ။ ကျုပ်တို့လူတွေ ဒီလောက် မတုံးပါဘူး'
အဲဒါကျမှ 'အေး.....အေး' ဆိုပြီး နောက်ဆုံး အချောသပ် ဘယ်လိုသွင်းလိုက်လဲ ဆိုတော့ 'ဟဲလို... ခြောက်၊ ခြောက်၊ ခွန်၊ သုံး၊ လေး၊ သုံး၊ ဦးအောင်ကျော်တိုးနဲ့ ဒေါ်နုနုရည်အင်းဝ အိမ်ကပါခင်ဗျာ၊ ကျွန်တော်တို့ နှစ်ယောက်လုံး အပြင်သွားပါတယ်။ မှာစရာရှိရင် စက်ထဲမှာ မှာထားခဲ့လို့ရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ' တဲ့။ မဆိုးပါဘူး၊ အိုကေဆိုပြီး အဲဒီနေ့က ကျွန်မတို့ အပြင်ထွက်ပြီး၊ ပြန်လာတော့ ကျွန်မရဲ့ စက်ကလေးမှာ မီးနီကလေးက မှိတ်တုတ်မှိတ်တုတ်နဲ့ အချက်တွေပြလို့။ ကြည့်စမ်း... ကျွန်မသူငယ်ချင်း၊ မိတ်ဆွေတွေ စက်မှန်းသိသွားပြီ။ မှိတ်တုတ်မှိတ်တုတ် မီးနီကလေးဟာ စက်ထဲမှာ မှာထားတာတွေရှိကြောင်း အသိပေးနေတာလေ။ ဘယ်သူတွေ ဘာတွေ မှာထားပါလိမ့်။ ကဲ.. လာခဲ့စမ်းဆိုပြီး နားထောင်တဲ့ခလုပ်ကို ကျွန်မ ဖွင့်ချလိုက်တယ်။
ပထမဆုံး ပေါ်လာတဲ့ အသံက ကျွန်မနဲ့ စိမ်းတဲ့ အမျိုးသမီးတယောက်ရဲ့ မ၀ံ့မရဲ အသံလေး။ '....မှာ.....ကျင်းပပါမယ်ဆရာ၊ အဲဒါ ဆရာ တက်ဖြစ်အောင်တက်ပါတဲ့။ ဒါပါပဲ' တဲ့။ ကျွန်မတို့ နှစ်ယောက် တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြတယ်။
'အသံက ပြတ်နေတယ်။ အဲဒါ ဘယ်သူလဲ'
'ကိုယ့်ဌာနက တယောက်ယောက် ဖြစ်မယ်၊ ကောင်းရော။ ဘယ်နှစ်နာရီ၊ ဘယ်မှာဆိုတာ အကုန်ပြတ်နေတယ်။ အေး... ကိုယ်သိပြီ။ စက်ထဲက တီ..တီ..တီ.. ဆိုတဲ့ အချက်ပေးသံ အဆုံးကို မစောင့်ဘူး၊ ပြောချလိုက်တာ'
'ဟုတ်တာပေါ့ ပြသနာပဲ'
စက်ထဲမှာ 'မှာစရာရှိရင်မှာပါ၊ ကျေးဇူးတင်ပါတယ်' ဆိုပြီး စကားဆုံးရင် တီ..တီ..တီ ဆိုတဲ့ အချက်ပေးသံလေး ပေါ်လာလေ့ရှိတယ်။ နောက်ဆုံး 'တီ' ဆိုတဲ့ အသံရှည်လေးဟာ စပြီးအသံသွင်းဖို့ စပြီးစကားပြောဖို့ အချက်ပေးတဲ့ အသံပဲ။ အဲဒီ အချက်ပေးသံ အဆုံးကို မစောင့်ပဲ သွင်းလိုက်ရင် ရှေ့က အသံတွေ အကုန်ပြတ်ကုန်တာပေါ့။ နောက်ထပ်သွင်းထားတဲ့ (Message) သုံးခုကို ကျွန်မနားထောင်ရတော့လည်း ထိုနည်းလည်းကောင်းပဲ။ ရှေ့က အသံတွေ အကုန်ပြတ်ပြီး တယောက်ကကျ 'ဒါပဲနော်' တဲ့။ နောက်တယောက်ကျ 'ဖုန်းပြန်ဆက်ပါ' တဲ့။ နောက်တယောက်ကျ 'လာခဲ့ပါနော်.. ဒါပဲ' တဲ့။ ဘယ်သူ့အသံလဲ ဆိုတာ ဖမ်းလို့မရဘူး။ ပြသနာပဲ။
'ကဲ... ဘယ့်နှယ်လုပ်မလဲ'
'အင်း..နေဦး'
နောက်တနေ့ အပြင်ထွက်မယ်လုပ်တော့ ကျွန်မတို့ ဘယ်လိုလုပ်လိုက်သလဲဆိုတော့ 'စက်ထဲမှာ မှာစရာရှိတာ မှာထားခဲ့လို့ရပါတယ်' ဆိုတဲ့ စကားနောက်မှာ 'မှာမယ်ဆိုရင် အချက်ပေးသံလေး နားထောင်ပြီး အချက်ပေးသံလေးဆုံးတော့မှ မှာပါနော်' ဆိုတဲ့ ၀ါကျရှည်တကြောင်းကို ထပ်မံဖြည့်စွက်ပစ်လိုက်တယ်။ ပြီးတော့မှ ကျေးဇူးတင်ပါတယ်ပေါ့။ အိုကေ... ဒါဆိုရင်တော့ တော်တော်လေး ဟုတ်သွားပြီ။ စက်ဖြစ်ကြောင်းလည်း ဖွင့်ဆိုရှင်းပြပြီး ပြီ။ စက်ကို ဘယ်လို အသုံးပြုပါ ဆိုတာကိုလည်း မေတ္တာရပ်ခံပြီးပြီ။ ဘာများအဆင်မပြေစရာ ရှိသေးလို့လဲ။ အဆင်ကို ပြေရမယ်ဆိုပြီး ကျွန်မတို့နှစ်ယောက် အပြင်လောကကို တခေါက် ထပ်မံထွက်ခဲ့ကြပြန်တယ်။

xxxx xxxx xxxx xxxx

ဒီတခါမှာတော့ ကျွန်မတွေးထင်ထားတဲ့အတိုင်းပါဘဲ။ မီးနီကလေး မှိတ်တုတ်နဲ့ စက်ကလေးထဲက ချစ်မိတ်ဆွေတို့ရဲ့ အသံတွေဟာ အပြတ်အတောက်မရှိ အဆင်တော့ ပြေပါရဲ့။ ကဲ.... ကျွန်မ စက်ကလေး တနေ့တာ ဖမ်းယူရရှိထားတဲ့ အသံတွေကို နားဆင်ကြည့်စမ်းပါဦး။

xxxx xxxx xxxx xxxx

'အဲ.. ဟဲဟဲ...ဟဲဟဲ (အကြောင်းမဲ့ ရှက်စနိုး ရယ်မောလိုက်သောအသံ) အဲ.. ခင်မောင်မြင့် ဆက်တယ်၊ ခင်မောင်မြင့်... ဟိုဟာလေ စာတမ်းဖတ်ပွဲကိစ္စပြောမလို့။ ပြည့်ပြည့်စုံစုံ ပြောချင်တာ။ အဲ.. ဘယ်လိုပြောရမလဲ မသိဘူး။ ဟဲ...ဟဲ.. ကိုတိုးနဲ့ မနု အခုဆက်တာ ခင်မောင်မြင့်၊ ဒါပဲနော် ကျေးဇူးပဲ'
(သူကတော့ ကျွန်မတိုရဲ့ ရင်းနှီးတဲ့မိတ်ဆွေ လက်ထောက်ညွှန်မှူးအဆင့်ရှိတဲ့ ဦးခင်မောင်မြင့် ဆိုသူ ဖြစ်ပါတယ်)
'ဟဲလို... အဲ..ဟဲလို...အဟင်း (လည်ချောင်းရှင်း၍အားယူသံ) ကိုအောင်ကျော်စိုးရှင်၊ ရှင့်ကို ကျွန်မ မသိပါဘူး၊ ကျွန်မကိုလည်း သိမှာ မဟုတ်ပါဘူး။ ဟို... ကျွန်မ ဖုံးမှားဆက်မိတာပါ။ ဒါပေမယ့်.... ဒီလို အသံမျိုး တခါမှ မကြားဖူးလို့ အသံသွင်းကြည့်တာပါ။ နောက်လည်း ဆက်ပါဦးမယ်ရှင်'
(နာမည်ကိုပါ မှားခေါ်သွားတဲ့ အမည်မသိ၊ လူချင်းလည်းမသိ၊ ထူးဆန်းသော မိန်းမတယောက်)

xxxx xxxx xxxx xxxx

'ခစ်ခစ်.....ခစ်ခစ်...' (ကလေးရယ်သံများ)
'ပြောလေ' (ကြီးကောင်ဝင်စ ချာတိတ်အသံ)
'အို.... ပြောချင်ပါဘူး' (စွာတာတာချာတိတ်မအသံ)
'ဒီမှာ... ဒီမှာ၊ ခင်ဗျားကိုယ်ခင်ဗျား ဘီအီးဒီအောင်သိုက်များ မှတ်နေလား၊ အသံကိုက 'ပဲ' ချည့်ဘဲ' (ဒီအသံပိုင်ရှင်များကတော့ ကျွန်မတို့ သူငယ်ချင်း လေယဉ်မှူးကြီးရဲ့ အနာဂါတ် မျိုးဆက်သစ် ရင်နှစ်သည်းချာလေးများနဲ့ သူကလေးတို့ရဲ့ မိခင်ငယ်လေး ဖြစ်ပါတယ်)

xxxx xxxx xxxx xxxx

'ဟဲလို.... အမယ်လေး.. စက်ကြီးက ချေလိုက်တာ အစ်မရယ်၊ တော်ပြီ၊ မပြောတော့ဘူး.. ဘိုင်' (ဒါက ကျွန်မရဲ့ 'ဂေးလ်' သမီးတွေထဲက နှုတ်ခမ်းတလန်ပန်းတလန် လုပ်တတ်တဲ့ သမီးတယောက် ဖြစ်လိမ့်မယ်)

xxxx xxxx xxxx xxxx

'ဟဲလို...ဆရာ၊ အဲ.. သမီးတို့ပါ၊ ဟို သမီးတို့ အောင်စာရင်းတွေ ဘယ်တော့လောက် ထွက်မှာလဲဆိုတာ သိချင်လို့ပါ။ ဟေ့.. ဒါ ငါ စက်နဲ့စကားပြောနေတာ သိလား။ စက်နဲ့။ (အနားရှိ သူငယ်ချင်းများ လှည့်ပြောသံ) မယုံရင်နေ၊ တကယ်ကို စက်၊ လာနားထောင်ကြည့်'
'ဟဲလို.. ဟဲလို၊ ဟင် စက်ကလည်း ဘာမှ ပြန်မပြောဘူး'
'ခုနကပြောတယ်၊ ငါကြားပါတယ်ဆိုနေမှ၊ ပေး...ပေး..၊ တော်ပြီ၊ ဟဲလို ဒါပါပဲဆရာ၊ သမီးတို့ ဖုန်းပြန်ဆက်ပါမယ်' (သူကလေးတွေကတော့ ကျွန်မခင်ပွန်းရဲ့ တပည့်လေးတွေ 'ဘွဲ့လွန်တက္ကသိုလ်ကျောင်းသူ' များဖြစ်ပါတယ်)

xxxx xxxx xxxx xxxx

'အေး... စက်၊ စက်ဟုတ်လား၊ အဲဒီစက်ကြီးပျက်၊ အေးရော' (ဒီအသံပိုင်ရှင်ကို ရင်းနှီးပုံရပေမယ့် ဒီနေ့ထိ ကျွန်မတို့ ဖော်လို့ မရသေးပါဘူး)
'ဟဲလို... အဲ... နက်ဖြန်မနက် ကိုးနာရီကနေ ဆယ့်တနာရီ (Top Star) ကို၊ ကိုသက်နွယ်ဖိတ်တာ လာခဲ့ဖို့ မှာခဲ့တယ်လို့ သေချာလေး၊ ပြောပေးပါဗျာ နော်၊ အရေးကြီးလို့ပါ၊ ကျေးဇူးတင်ပါတယ်ဗျာ' ('ဟောတော့' ဆိုပြီး ကျွန်မ သဘောကျစွာရယ်မိသူကကတော့ ကျွန်မတို့ အစ်ကိုကြီး နာမည်ကျော် ကဗျာဆရာ ဖြစ်ပါတယ်)

xxxx xxxx xxxx xxxx

'ဟဲလို.... အဲ.... တိုးလေး၊ ငါပါကွာ၊ မင်းသူငယ်ချင်းလေ၊ သိတယ်မဟုတ်လား၊ ဟင်... ဘာမှလဲ ပြန်မပြောဘူး၊ အင်း စက်တပ်တာ ကောင်းပါတယ်၊ ဒါပေမယ့် စကားပြောရတာ အရသာ မရှိဘူးကွနော်၊ အဲ... သူငယ်ချင်းရေ..၊ ပြောရဦးမယ်၊ ဖြစ်ကြောင်းရယ် ကုန်စင်ဆို သလိုပေါ့ကွာ။ ဟိုနေ့က အင်း... မှတ်မှတ်ရရ လွတ်လပ်ရေးနေ့၊ ဇန်န၀ါရီလ လေးရက်နေ့မှာဟေ့ ဖြစ်တာ။ တကယ်တော့ ငါမမှားဘူး သူငယ်ချင်း။ အဲဒီနေ့မနက်က ထင်တော့ထင်သား၊ မျက်ခုံးကလည်း လှုပ်တုတ်တုတ်ကွ။ ငါပြောတယ် မိန်းမကို၊ မိန်းမရေ ငါ ဒီနေ့...'
(မှာကြားရန် Message တခုကို စက္ကန့် ၃၀ အချိန်ကိုက်ထားတဲ့အတွက် စက်က ဖြတ်တောက်လိုက်တဲ့အတွက် ကျွန်မခင်ပွန်း ငယ်သူငယ်ချင်းရဲ့ ဖွဲ့နွဲ့မှုဟာ တ၀က်တပြက်နဲ့ (သူဘာဖြစ်တယ်ဆိုတာ မသိလိုက်ရဘဲ) ပြတ်တောက်သွားတော့တယ်။ သူကတော့ သူ့ထုံးစံအတိုင်း ဖြစ်ကြောင်းရယ်ကုန်စင်ကို ဘယ်အချိန်ထိ ဆက်ပြီး ဖွဲ့နွဲ့လေတယ်မသိ။)

xxxx xxxx xxxx xxxx

အသံတွေ အားလုံးကို နားထောင်ပြီးတဲ့ အချိန်မှာတော့ ကျွန်မတို့ နှစ်ယောက် မျက်နှာငယ်ကလေးတွေနဲ့ တယောက်မျက်နှာ တယောက် ကြည့်လိုက်မိကြတယ်။ သက်ပြင်းတချက်ကိုလည်း ကျွန်မ ရှိုက်လိုက်မိတဲ့ခဏမှာဘဲ ဖုန်းသံက မြည်လာပြန်တယ်။
'ဟဲလို.....'
'ဟဲ့... စက်လား၊ လူလား...'
ဟိုက်....၊ ကျွန်မရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း၊ အရာရှိကြီးကတော်ရဲ့ အသံ၊ စက်လား.. လူလားတဲ့။
'လူပါဟယ်၊ လူပါ၊ စက်မဟုတ်ပါဘူး'
ကျွန်မဖြေသံကို ကိုယ့်ဘာသာကိုယ်တောင် ကျွန်မ သနားနေမိတယ်။
'မသိဘူးဟေ့၊ မေးရသေးတာ၊ ငါ့အကြောင်းညည်းသိသားပဲ၊ စက်နဲ့ ပြောဖို့ မဆိုထားနဲ့ တယ်လီဖုန်းခွက်ကြီး နားနားကပ်ပြီးပြောရတဲ့ အလုပ်ကို ငါအင်မတန် စိတ်ပျက်တာ၊ ဟဲ့..... နေဦး ငါပြောဦးမယ်'
'အေး...အေး.. ပြော....'
ခါတိုင်း ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်တွေ့ရင် ဘယ်သူမှ ၀င်လို့မရအောင် စကား ပြောတတ်ကြပေမယ့် ဒီတခါမှာတော့ ကျွန်မတယောက် ဟီးဟီး ဟားဟား လည်းမလုပ်နိုင်၊ သူပြောတာတွေကိုပဲ အင်း လိုက်ရင်းနဲ့ ဖုန်းဖြေစက်ကလေးကိုပဲ မမှိတ်မသုန်ကြည့်လို့။ သင်းကလေးကို ဆက်ထားသင့် မထားသင့် ကျွန်မတွေးနေမိပါပြီ။

xxxx xxxx xxxx xxxx

'ဟဲလို'
'....'
'ဟဲလို'
'ဟဲလို.... အဲ... ဆရာမလား၊ လူကိုယ်တိုင်ပဲလား၊ ကျွန်တော်ပါ၊ မိုးထိုက်ပါ'
'အေး... ကိုမိုးထိုက်ပြော၊ လူကိုယ်တိုင်ပါပဲ မောင်ရာ...ပြောပါ'
'ဟာ... ဆရာမနှယ်၊ ဟိုနေ့က ကျွန်တော်ဆက်တယ်၊ စက်မှန်းသိပါဘူးဆိုဗျာ၊ ဆရာမ အသံကလည်းတိုးတိုး၊ မြန်လည်း မြန်နေတယ်ဗျာ။ သိုင်းကယူလို့လည်း ကြားလိုက်တော့ ကျွန်တော့်ကို ဘိုလိုပြောနေတယ်ထင်လို့.. ဟဲလို.. အိုင်အမ် မိုးထိုက်၊ အိုင်ဝမ့်တူ စပိခ် ၀သ်စ်ယူနဲ့ လုပ်နေတာဗျို့။ နောက်... ဆရာမအသံက ငြိမ်သွားပြီး တီတီ ဆိုတာတွေ ပေါ်လာတော့မှ ဟိုက်... စက်ဆိုတာ ဒါနဲ့ တူရဲ့ပေါ့။ ကိုယ်လည်း တခါမှ သုံးဖူးသုံးစ မရှိတော့ အဲဒီဟာထဲလဲ ဘယ်နှယ့်ဟာ၊ ဘာညာရယ်လို့ ထည့်ခဲ့တော့ပါဘူးဗျာ'
'သြော်...အေး၊ အဲဒီနေ့က လှည်းတန်းဘက် ခဏလေးထွက်သွားတာကွ၊ သွားခါနီး ငါ ကဗျာကယာ သွင်းသွားလို့နဲ့ တူတယ်'
'မသိဘူးလေဗျာ၊ အဲဒါ နေဦးဗျ၊ ညဘက်ကျတော့ ကျွန်တော် တခါ ထပ်ဆက်ပြန်ရော။ အောင်မယ် အဲဒီအခါကျတော့လည်း ခင်ဗျားယောက်ျား အသံကြီးနဲ့ လုပ်ပြန်ရောဗျို့'
အညာသား၊ နာမည်ကျော် ဓာတုဗေဒ ကျူရှင်ဆရာနဲ့ စကားပြောပြီးတဲ့ အချိန်မှာတော့ ကျွန်မခမျာ ရယ်ရတော့မလို၊ ငိုရတော့မလို။
ဘယ်လိုလဲ စက်ကလေးရေ၊ သနားစရာ စက်ကလေးကို ကျွန်မ အသာတို့ထိလိုက် တုန်းမှာဘဲ ဖုန်းသံက မြည်လာပြန်ပါပြီ။
'ဟဲလို'
'ဟဲလို... နုနုလား၊ ရွှေအေးပါ'
'ဟယ်...ရွှေအေး..သူငယ်ချင်း၊ ငါသတိရနေတာ ဘယ်လိုလဲ....'
(ရုတ်တရက် ရွှေအေးရှိုက်သံကို ကျွန်မ ကြားလိုက်ရပါတယ်)
'ဟဲ့... ရွှေအေး၊ ဘာဖြစ်ပြန်ပလဲ ငါ့ကို ပြောစမ်း'
ဝမ်းနည်းဓါတ်ခံ အလွန်ရှိတဲ့ မရွှေအေးက ဆက်ပဲရှိုက်နေတယ်။ ပြဿနာပဲ။ ကျွန်မ ဒီသူငယ်ချင်းက ငယ်ငယ်ကတည်းက ဆင်းရဲရှာပြီး၊ ရိုးရိုးအအ၊ အရာရာမှာ အားငယ်ကြောက် တတ်၊ ပြဿနာမှန်ကို မျက်ရည်နဲ့ဘဲ အလျှော့ပေး ဖြေရှင်းတတ်တဲ့သူ။ သူအားအကိုးဆုံးက ကျွန်မ။ ခုလည်း ဘာဖြစ်ပြန်ပြီလဲ မသိပါဘူး။
'ရွှေအေး၊ နင့်ကိုငါပြောထားတယ် မဟုတ်လား၊ မျက်ရည်နောက်မှကျ၊ ပြဿနာကို အရင်ပြောရမယ်လို့လေ'
'ငါ...ငါ... ၀မ်းနည်းလို့ပါ'
'အေး.. ဘာဖြစ်လို့ ၀မ်းနည်းတာလဲလို့'
'ငါ... ဟိုတနေ့က နင်တို့အိမ်ကို ဖုန်းဆက်တာ၊ နင့်ယောက်ျားက ငါ့ကို အဖက်လုပ် စကားမပြောဘူး သိလား'
'ဘာရယ်....'
'ငါက ဒီဘက်ကနေ ပြောနေပါတယ်။ ဆရာ၊ ကျွန်မ နုနုသူငယ်ချင်း ရွှေအေးပါလို့၊ သူက ဖုန်းနံပါတ်တွေ၊ နင်တို့ နှစ်ယောက်နာမည်တွေပြောတယ်။ အသံကလည်း တမျိုးကြီး၊ ငါ့ကို အရင်က ပြောတဲ့ အသံမျိုး မဟုတ်ဘူး။ ငါဘယ်လိုပြောပြော သူပြောချင်တာတွေ ပြောပြီး ဖုန်းချပစ်လိုက်တယ်။ ငါ ၀မ်းနည်းလိုက်တာ... ငါ...'
'နေဦး.... ရွှေအေး ငါပြောမယ်'
'(ရှိုက်လျက်) ငါက နင့်ကို ခဏခဏ အကူအညီတောင်းရတာ ခဏခဏ ဒုက္ခပေးရတော့ သူက ငါ့ကို....၊ ငါနောက်... နင့်ကို ဒုက္ခမပေးတော့ပါဘူး။ ဘယ်တော့မှလည်း ဖုန်းမဆက်တော့ပါဘူး'
'ရွှေအေး....၊ ရွှေအေး'
ကျွန်မ ဘယ်လိုပဲ ခေါ်ပေမယ့် ကျွန်မသူငယ်ချင်းဟာ 'ဂွပ်' ခနဲမြည်တဲ့ဖုန်းချသံနဲ့ နောက်ဆုံးနှုတ်ဆက်ခဲ့သွားပါပြီ။ သက်ပြင်းတချက်ကို ချလိုက်ရုံကလွဲလို့ ကျွန်မ ဘာများ တတ်နိုင်ဦးမှာလဲ။ စက်ကလေးရေ၊ မင်းကိုငါ ဖြုတ်ပစ်တာပဲ ကောင်းမယ်ထင်ပါရဲ့။ ဖုန်းဖြေစက်ကလေး ဘေးနာမှာ ထောင်ထားတဲ့ ၂၀၀၁ ခုနှစ် ပြက္ခဒိန်လေးထဲက လှည်းယဉ်ကလေးနဲ့ မြန်မာသမီးပျိုလေးက ပြုံးပြုံးလေးကျွန်မကို ကြည့်နေတယ်။ အလို... ကျွန်မ စက်ကလေးကို ဖြုတ်ဖို့ စိတ်ကူးတဲ့နေ့ဟာ ဇန်န၀ါရီ (၁)ရက်၊ နှစ်ဆယ့်တစ်ရာစုထဲကို ချင်းနင်း ၀င်ရောက်တဲ့ နေ့ပါလား....။ ။

နုနုရည် (အင်းဝ)
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၉၄။

Monday, November 3, 2008

ထားခဲ့ပါဆရာ
ရေးသူ- နုနုရည် (အင်းဝ)



အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို.... ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။
နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။
သိပ်လှတာပဲ။
ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။
ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။
သူများတွေပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။


'ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ' တဲ့။
ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်က မျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိတ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိတ်ပြောတတ်တာပဲ။
တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ 'ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား' ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။
စကားအလှတန်ဆာ မဆင်တတ်ဘူး။
'ဟင့်အင်း.... ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ' လို့ ပြောတော့ 'ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိတ်စိတ်ချမ်းသာ တာပဲ' တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင် တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေးရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။
ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်း ချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ် ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ၀ိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
'ဟဲ့... ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့... ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ်... ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး.... ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံ ယူလိုက်စမ်း....'
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ 'မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ' ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
'ကျွန်မ နိုးပီ အမေရေ့..... ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်'
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း... ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေး က လက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
'မိထွေး... နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ'
'ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်'
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ် က အမြဲ အလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ် နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
'မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့'
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိ အောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
'ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူက ခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော'
'တလုံး'
အမေရဲ့ 'ဘာဟဲ့' ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
'ဟဲ့.... လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ'
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက 'ကျွပ်' ခနဲ စုတ်သပ်ပြီး 'အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့' လို့ ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး-
'နင့်..... အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့် လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ'
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့......
'ဟဲ့.... အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အ၀င်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အ၀င်းတခေါက်လာသေးတယ်'
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
'ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ'
အ၀င်းနဲ့ ကျွန်မက ၀လုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အ၀င်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အ၀တ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
'ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား'
'ရတယ်အမေ... ကျွန်မနင်းနိုင်တယ်' ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အ၀င်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အ၀င်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင် တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
'ဟဲ့... အေးသစ် နင် နေကောင်းသွားပြီလား'
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အ၀င်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း....
'နင်.... မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်... နင်ခုဘယ် သွားမလို့လဲ'
'အမေ့အတွက် မြေနေရာ သွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား....'
'နင်တယောက်ထည်းလား'
'ဟင့်အင်း... ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး'
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစက မလိုက်ဘဲ နေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ်မှာ ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ ... သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာမှတ်လို့နော်.....။
အ၀င်းရယ်၊ ကျွန်မရယ်၊ အ၀င်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော.. ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အ၀င်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအ၀င်အ၀ကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအ၀င်အ၀မှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
'အေးသစ်ရေ... မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ'
အ၀င်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အ၀င်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ၀င်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ၀င်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့ နေရာ လာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အ၀င်းမောင်လေးက 'ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး' လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
'ဦးကြီး... ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ' သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
'နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ'
အ၀င်းဆီက 'ဒေါ်သိန်းခင်' ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
'အော်.... ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ'
အ၀င်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး....
'ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်'
'အေးပါ'
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
'အဲဒါပဲကွ' တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
'ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ'
'ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ'
အ၀င်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက်ကို တယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့ လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို... ဘုရားရေ.... ကျွန်မတို့ကို ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ်ခုန်လာတယ်။ အားကိုးရာတခုလို အ၀င်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ.... သူ အဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
'ဆရာ'
အို.... ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ၀င်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်းသူထွက်သွားခဲ့ပြီ ဆရာရယ်....။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိတ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။

နုနုရည် (အင်းဝ)။
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ။
လွန်ခဲ့တဲ့ ၁၈ နှစ်၊ ၁၉၉၀ နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပေမယ့် စာဖတ် ပရိသတ် ဖတ်ခွင့်မရခဲ့တဲ့ ၀တ္ထုလေးပေါ့။

Sunday, November 2, 2008

မာယာဝမ့်စွေ့


မာယာကိုစာမူ ပို့နိုင်ရင်ကျနော်ဝမ်းသာတယ်။ မာယာစာမျက်နှာမှာ ကိုယ့်ရေးတာလေး ပါလာရင် သိပ်ကြည်နူးမိတယ်။ တပါတည်းမှာ မာယာကိုစာမူမပို့နိုင်တာကြာလာရင် ကိုယ့်ကိုယ်ကိုမကျေမနပ် ဖြစ်ရတယ်။ ကိုယ့်မှာချွတ်ယွင်းချက်ကြီးတခုရှိနေသလို ခံစားရတယ်။ သူများရေးတာတွေဖတ်ရတဲ့အခါ မုဒိတာတော့ပွားမိပါရဲ့၊ မနာလိုသလိုလို ဖြစ်တာကိုလည်း ၀န်ခံရမယ်။ သေချာတာကတော့ ကိုယ်ရေး-ရေး၊ မရေး-ရေး။ မာယာက တော့အရှိန်အဟုန်နဲ့ရှေ့သို့ချီတက်နေဆဲ။


မာယာအရှိန်အဟုန်နဲ့ ဆက်ချီတက်နေတယ်ဆိုတာဟာ ဖတ်သူတွေ၊ ၀င်ရေးသူ တွေရှိနေလို့။ ဒါဟာ အရည်အချင်းရှိတဲ့ စာကိုဖတ်သူ၊ ရေးသူတွေအများအပြား ရှိနေသေး တယ်ဆိုတဲ့ အဓိပ္ပာယ်မို့ ၀မ်းသာရ ပြန်တယ်၊ ပြည်တွင်းမှာ အရည်အချင်းသန့်သန့်ထုတ်တဲ့ စာနယ်ဇင်းတွေဟာ နအဖဖန်တီးထားတဲ့ခေတ် ဒီရေကိုမလွန်ဆန်နိုင်ရှာကြ၊ တောင့်မထား နိုင်ရှာကြတဲ့အခြေအနေမှာ မာယာကတောင့်ထား၊ ထိန်းထား နိုင်တဲ့အတွက်လည်း မာယာကိုကျေးဇူးတင်၊ ချီးကျူးမိပါတယ်။ မာယာဟာ အတွင်းက စာပေလောက ကိုယ်စား လုပ်နိုင်သလောက် လုပ်နေတယ်လို့ သဘောပေါက်မိပါတယ်၊ဒီလိုနဲ့ပဲ ကာလကြာလာရင် မာယာလျှောက်တဲ့လမ်းဆိုတာမျိုးလေး ပေါ်လာမယ်လို့ ထင်ပါတယ်။ အဲဒီအခါကျရင် မာယာဟာဆင်ဖြစ်လောက်ပြီလို့ မျှော်လင့်လျက်၊
မာယာဝမ့်စွေ့၊ ၀မ့်-၀မ့်စွေ့!
ဖိုးသံ(လူထု)

အယ်ဒီတာနှင့် လက်ဖက်ရည် ယဉ်ကျေးမှု
ရေးသူ- ဒဂုန်တာရာ


(က)
အယ်ဒီတာနှင့် လက်ဖက်ရည်
ဆိုင်ချင်မှ ဆိုင်မည်။ အယ်တီတာသည် သူ့အိမ်တွင်လည်း လက်ဖက်ရည်ဖျော်၍ သောက်နိုင်သည်။ သို့သော် အယ်ဒီတာဘ၀နှင့် လက်ဖက်ရည်ဆိုင်ကတော့ ဆိုင်ကို ဆိုင်သည်။ အယ်ဒီတာဘ၀ဆိုသည်မှာ အယ်ဒီတာဘ၀၏ စားဝတ်နေရေးကို ဆိုလိုရင်းမဟုတ်။
သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာ၏ ဘ၀ကို ဆိုလိုခြင်း ဖြစ်သည်။ လှုပ်ရှားနေသော အယ်ဒီတာဘ၀။ အယ်ဒီတာစားပွဲတွင် ထိုင်ကာ ငြိမ်သက်နေ၍ မဖြစ်။ အယ်ဒီတာသည် လူအများနှင့် ထိတွေ့ရမည်။ လူအများ၏ ခံစားမှုကို သိရမည်။ စာရေး ဆရာများနှင့် ထိတွေ့ရမည်။ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူအများ လွယ်လွယ်ကူကူ ထိတွေ့ဆုံစည်းရာ နေရာတခု။



ကျွန်တော်ငယ်စဉ် အသက် ၂၀ မတိုင်မီ ကျောင်းသားဘ၀က စာကလေး ပေကလေး တောက်တိုမယ်ရ ရေးရင်းက အယ်ဒီတာများနှင့် ထိတွေ့ခဲ့ရသည်။
ကျွန်တော်သည် စစ်ကိုင်းကျောင်းဆောင်မှ ဖြတ်ကာ သထုံကျောင်းဆောင်ရှေ့ရှိ နဂါး ဘတ်စ်ကားကို စီးကာ ဆူးလေဘုရားလမ်းတွင် ဆင်းလိုက်သည်။ ထို့နောက် ဆူးလေဘုရား လမ်းရှိ ၀ိတိုရိယဘုရင်မ ပန်းခြံရှေ့ ဒဂုန်မဂ္ဂဇင်းတိုက်သို့ ၀င်သွားသည်။ ထပ်ခိုးလေးသို့ တက်လိုက်ရသည်။ ထိုထပ်ခိုးလေးတွင် အယ်ဒီတာ၏ အခန်း။ အယ်ဒီတာစားပွဲတွင် ကြာကြာ ထိုင်ချင်မှ ထိုင်မည်။ ထိုအခါက ဒဂုန်မဂ္ဂဇင်း အမှုဆောင်အယ်ဒီတာများ ဖြစ်ကြသော ကိုလှဘူး၊ ကိုစန်းငွေ၊ ကိုချင်းစိန်(ရွှေညာမောင်) တို့နှင့် အောက်သို့ဆင်းကာ ဆူးလေဘုရားလမ်း မှ ကွေ့လိုက်ပြီး ၃၂ လမ်းထိပ်ရှိ သဟာယလက်ဖက်ရည်ဆိုင်သို့ အတူသွားကြသည်။ သူတို့ကတော့ လက်ဖက်ရည်မှာသည်။ ကျွန်တော်ကတော့ မရင်းနှီးခင်က လက်ဖက်ရည် မှာသည်။ တငုံနှစ်ငုံသာ သောက်သည်။ ကျွန်တော်က လက်ဖက်ရည် သိပ်သောက်တတ်သူ မဟုတ်။
နောက်ကျွန်တော့်အကြောင်း သိသွားသောအခါ ကျွန်တော့်အတွက် ဗီတာမို၊ ကိုကိုး စသည်တို့ မှာတတ်သည်။ သူတို့က နားလည်နေသည်။ ကျွန်တော်ရောက်လာလျှင် ကိုချင်းစိန်က လက်ဖက်ရည်တိုက်ဗျာဟုခေါ်ပြီး အောက်သို့ ဆင်းတတ်သည်။ ကိုချင်းစိန်က ကျွန်တော့်ထက် ဆယ်နှစ်ခန့် ကြီးမည်။ လက်ဖက်ရည်ဆိုင်ထိုင်၍ စကားကောင်းနေကြစဉ် ပန်းချီဆရာ ကိုလေး၊ ပန်းချီဆရာ ကိုဘရင်ကြီးတို့လည်း ရောက်လာတတ်သည်။ သူတို့နှင့် ၀ိုင်းဖွဲ့ကြပြန်သည်။

(ခ)
၁၉၄၆ တွင် ကျွန်တော် တာရာမဂ္ဂဇင်းထုတ်ဝေခဲ့ရာ လက်ဖက်ရည်ဆိုင်နှင့် မကင်းပဲ ဖြစ်ရပြန်သည်။ ကျွန်တော့်ထံသို့ လာကြသော စာရေးဆရာများကို ခဏတဖြုတ် စကားပြောပြီး လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားတတ်သည်။ တာရာမဂ္ဂဇင်းတည်ရာ ၁၄ လမ်းရှိ အခန်းသည် ကျဉ်းသည်။ အိမ်တွင်လုပ်ထားသော အခန်းဖြစ်၍ အလုပ်မဆန်ပဲ အိမ်ဆန်နေသည်။ ဧည့်သည်များကလည်း ဤအခန်းကျဉ်းလေးတွင် ကြာရှည် စကားပြောရန် ဆန္ဒရှိချင်မှ ရှိမည်။ ကျွန်တော့်ထံတွင် ရေးသားကြသော တက္ကသိုလ်ကျောင်းသား လူငယ်များကို ၁၄ လမ်းနှင့်ကပ် လျက် ရွှေတောင်တန်းထိပ်ရှိ အီကော်နောမစ်ကဖီးသို့ ခေါ်သွားလေ့ရှိသည်။
သည်ဆိုင်က ကော်ဖီကောင်းသည်။ ကော်ဖီခပ်ခါးခါး ဖျော်တတ်သည်။ အိမ်မှာ စကားပြောရသည်က သိပ်မလွတ်လပ်သလို ခံစားရသည်။ မြင်ကွင်းကတော့ စိမ်းနေတတ် သည်။
လက်ဖက်ရည်ဆိုင်ကတော့ မြင်ကွင်းက မစိမ်း။ လူအများ ၀င်ထွက်နေကြသည်။ တစိမ်းမဆန်။ ထို့ကြောင့်ပင် လက်ဖက်ရည်ဆိုင် ထိုင်ရသည်မှာ အရသာရှိသည်ဟု ထင်မိသည်။
ထို့နောက် ကျွန်တော်၏ တာရာမဂ္ဂဇင်းစာပုံနှိပ်တိုက်မှာ ကိုင်းတန်းသို့ ရွှေ့ပြောင်းသွား ရာ ယင်းကိုင်းတန်းထိပ်တွင်လည်း လက်ဖက်ရည်ဆိုင် ရှိသည်။ ဤလက်ဖက်ရည်ဆိုင်သို့ လည်း ကျွန်တော်တို့ သွားတတ်သည်။
ကိုင်းတန်းထိပ်တွင် စေတီတဆူ ရှိသည်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ယင်းစေတီမှ ဆည်းလည်းသံ ကြားရသည့်အခါ တမျိုးခံစားရသည်။ လက်ဖက်ရည်ဆိုင် ရောက်သွားသော အခါ လွတ်လပ်သွား၍ မိမိခံစားမှုကို လွတ်လွတ်လပ်လပ် ပြောချင်လာသည်။ ကိုယ့်ဝိုင်းနှင့် ကိုယ် အခြားသူများကိုလဲ ဂရုစိုက်စရာမလို။ အိမ်တွင်ကျတော့ တမျိုး။ အိမ်မှာတော့ အိမ်သူ အိမ်သားများ ရှိနေ၍ မလွတ်မလပ် ဖြစ်နေတတ်သည်။
တာရာမဂ္ဂဇင်းမှာ ၁၉၅၀တွင် ရပ်စဲသွား၍ ကျွန်တော်တို့သည် ဗန်းမော်တင်အောင်၏ လင်းယုန်ဂျာနယ်ဝိုင်းသို့ ရောက်သွားပြန်သည်။ လင်းယုန်ဂျာနယ်မှာ လမ်း ၄၀ တ၀ိုက်ရှိ စစ်အတွင်းက ဗုံးကျထား၍ ပြန်မဆောက်နိုင်သော တိုက်ပြိုတိုက်ပျက် နံရံများကြား မြေစိုက်ဓနိမိုး ၀ါးကာအိမ်ကလေးများ ဖြစ်ကြသည်။ လင်းယုန်ဂျာနယ်အခန်းမှာ သိပ်ကျယ် ကျယ်ပြန့်ပြန့်မရှိ။ စာစီခုံများနှင့် ပြည့်ကျပ်နေသည်။ ထိုင်စရာ ကုလားထိုင်များကလည်း သိပ်မများ။ လူများလာလျင် ကျွန်တော်တို့သည် အနီးအနားရှိ လက်ဖက်ရည်ဆိုင်သို့ သွားကြသည်။
ကိုတင်အောင်ထိုင်တတ်သော လက်ဖက်ရည်ဆိုင်မှာ မဟာဗန္ဓုလလမ်းပေါ်ရှိ ပလက်ဖောင်း လက်ဖက်ရည်ဆိုင် ဖြစ်သည်။ ကိုတင်အောင်က သူ့အကြိုက် ရွေးထားသော ဆိုင် ဖြစ်သည်။ သူက လက်ဖက်ရည်ကြိုက်သူ။ သူက ဧည့်သည်ဘယ်နှစ်ယောက်လာလာ ဧည့်သည်ကို လက်ဖက်ရည်တိုက်ရင်း သောက်လေ့ရှိသည်ကို ကျွန်တော်က အံ့သြမိသည်။
ကျွန်တော်ကတော့ ထုံးစံအတိုင်း လက်ဖက်ရည်သောက်သူမဟုတ်။ ကော်ဖီ သို့မဟုတ် လျှင် နို့ဘာညာ မှာတတ်သည်။
တခါက ကျွန်တော့်ထက် အသက် ၁၅နှစ် အနှစ်၂၀ ခန့်ကြီးသော စာရေးဆရာကြီး တဦးက ကျွန်တော့်ကို ဝေဖန်ဖူးသည်။ ကျွန်တော်က ဓနရှင်ဆန်သတဲ့။ ကျွန်တော်ဘာမျှ မတတ်နိုင်။ ကျွန်တော့်အကြိုက်နှင့် ကျွန်တော်သောက်ခြင်းသာ ဖြစ်သည်။
'သူများကတော့ လက်ဖက်ရည်သောက်တယ်။ သူကတော့ ဟောလစ်သောက်တယ် ဗျား' ဟု ရယ်မောကာ ပြောလေသည်။ လက်ဖက်ရည်ဆိုင်ထိုင်ရသည်ကို ကျွန်တော်က ကြိုက်သည်။ လူစုံသည်။ ဆွေးနွေးရသည်။ ငြင်းခုန်ကြရသည်။ အငြင်းအခုန်ထဲမှ ခေတ်ပေါ်ခံစားမှု ရလာတတ်သည်။ လက်ဖက်ရည်ဆိုင်သည် အခမ်းအနားမပါ။ ခမ်းမဆောင် တောက်ပြောင်မှု မရှိ။ စကားအခြေကျအောင် ထိန်းကျောင်းကွပ်ကဲသော သဘာပတိ မရှိ။ ထိုကြောင့်လည်း ခေတ်ပေါ်စာပေ ရေစီးကြောင်းသည် လက်ဖက်ရည်စားပွဲမှ စီးဆင်းတတ်မြဲ ဖြစ်သည်ကို ကျွန်တော်က သဘောကျသည်။
နောက်ပိုင်းတွင် လမ်းဘေး လက်ဖက်ရည်ဆိုင်များ ခေတ်စားလာသည်။ အိမ်ခန်းများ ကလည်း စရိတ်ကြီးလှသည်။ အပျောက်ကြီးလှသည်။ အိမ်ခန်းများမငှားနိုင်။ ထိုအခါ လမ်းဘေးပလက်ဖောင်းပေါ်တွင် ခွေးခြေတို ခွေးခြေပုကလေးများဖြင့် ဆိုင်ဖွင့်ထား တတ်ကြ သည်။ ပလက်ဖောင်းဘေးဟု အထင်သေး၍မရ။ လက်ဖက်ရည် အရည်အသွေးက ကောင်း သည်။ ဈေးကလည်း သိတ်သေးသည်မဟုတ်။ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် စာပေသမားများသာမဟုတ်။ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ ဗွီဒီယိုဆရာ စသော အနုပညာရှင် များ၏ ဗဟိုအဖြစ်လည်း ဆုံရာ၊ ထိတွေ့ရာနေရာ ဖြစ်သည်ကို ကျွန်တော်က ကြိုက်သည်။
စာရေးဆရာ အယ်ဒီတာဆိုသည်မှာ လူထုနှင့် ကင်းကွာ၍ မဖြစ်၊ ပြည်သူ့ဘ၀နှင့် ကင်းကွာ၍ မဖြစ်။ ပြည်သူ့ဘ၀နှင့် ကင်းကွာလျှင် လူထုခံစားမှုကို သိမည်မဟုတ်။ ပြည်သူ့ဘ၀နှင့် ကင်းကွာလျှင် ခေတ်ပေါ်စာပေကို ဖွဲ့နိုင်မည်မဟုတ်ဟု ကျွန်တော်က ထင်နေသည်။

(ဂ)
ကျွန်တော်ငယ်စဉ် ၅-၆ နှစ်သား အရွယ်က ဖြစ်မည်။ လွန်ခဲ့သော နှစ် ၆၀- ၇၀ နှစ်ခန့်က ဖြစ်မည်။ ကျွန်တော်တို့ ရန်ကုန် ကိုင်းတန်းတွင် နေဖူးသည်။ ကမ်းနားလမ်းနှင့် ကိုင်းတန်းလမ်းထိပ် တအိမ်ကျော် ထောင့်အိမ်နှင့် လမ်းကြားတခုသာ ခြားသည်။ အိမ်ပေါ်မှနေ၍ ကုလားလက်ဖက်ရည်ဆိုင်ကို မြင်နေရသည်။ ကျွန်တော်တို့ အိမ်တွင် စပါးလုပ်ငန်းနှင့် ကျွန်တော့်အဖေက ဆက်စပ်နေ၍ သူတို့က လက်ဖက်ရည် မပြတ်မှာ သောက်နေကြသည်။ အိမ်ပေါ်မှနေ၍ ကြိုင်းရေးပြားလားဟု အော်လိုက်လျှင် ကုလားက လက်ဖက်ရည်တခွက် လာပို့သည်ကို မှတ်မိနေသေးသည်။
ထိုခေတ်က ကုလားစကားဖြင့် ပြော၍ လက်ဖက်ရည်ကို မှာကြားရသည်။ ကျွန်တော် လက်ဖက်ရည်ကို မြည်းကြည့်ဖူးသည်။ လက်ဖက်ရည်ပေါ်တွင် နို့မလိုင်များက ပေါ်နေသည်။ တခါတရံ နို့မလိုင်ဖတ်မှာ လက်ဖက်ရည်ပန်းကန် ပန်းကွက်ပေါ်တွင် တင်၍နေသေးသည်။ ထိုခေတ်က ကုလားများသာလျှင် လက်ဖက်ရည်ဆိုင် ဖွင့်ကြသည်။ ကုလားဗမာ အဓိကရုဏ်းများ ပေါ်ထွန်းလာသောအခါ မြန်မာလက်ဖက်ရည်ဆိုင် အနည်းအကျဉ်း ပေါ်ထွက် လာသည်။ ဂျပန်ခေတ်တွင်ကား မြန်မာလက်ဖက်ရည်ဆိုင်များ အတော်ပေါ်လာသည်။
စစ်ပြီးခေတ်တွင် မဂ္ဂဇင်း ဂျာနယ် အယ်ဒီတာ အခန်းများသို့ ရောက်သောအခါ စာစီသမားများက နို့ဆီခွက်ဖြင့် လက်ဖက်ရည် မှာသောက်သည်ကို တွေ့နေကြသည်။ ပုံနှိပ်စက်အလုပ်သမား စာစီသမားများက လက်ဖက်ရည် အတော်ကြိုက်ကြသည်။ ကျွန်တော်တို့စာများ စီနေသည့်အခါတွင် ကျွန်တော်တို့က လက်ဖက်ရည်တိုက်လျှင် သူတို့က ရွှင်ပြနေကြသည်။
၁၉၅၃ တ၀ိုက်က ကျွန်တော်သည် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရာလမ်းခရီး လေယဉ်ပေါ်တွင် လက်ဖက်ရည် တိုက်သည်။ ရုရှားလက်ဖက်ရည် ပုံစံကတမျိုး။ ငွေရောင် ပန်းကနုတ်ကွက်ဖော်ထားသော လက်ကိုင်အောက်တွင် ဖန်ခွက်၊ ယင်းဖန်ခွက်ထဲတွင် လက်ဖက်ရည် သကြားနှင့်ဖျော်သည်ကို သံပုရာ ညှစ်ထားသည်။ ရုရှားတို့ကလည်း လက်ဖက်ရည်ကို ချိုင်းဟု ခေါ်ကြသည်။ တရုတ်ပြည်ရောက်တော့ ဆွေးနွေးပွဲများတွင် လက်ဖက်ရည် လာချသည်။ လက်ဖက်ရည်စိမ်း။ စိမ်းဝါနုရောင်ထဲတွင် လက်ဖက်ရွက် စိမ်းဖတ်များက လတ်လတ်ဆတ်ဆတ်ကဲ့သို့ တွေ့နေရသည်။ လက်ဖက်ရည်နက် ဆိုတာလည်း ရှိသေးသည်။ သူကတော့ ဆေးနံ့လို ခပ်မွှေးတေးတေး။ တရုတ်လက်ဖက်ရည်တွင် စံပယ်နံ့၊ နှင်းဆီနံ့များ သင်းနေတတ်သည်။
ကျွန်တော်တို့တွင်လည်း လက်ဖက်ရည်ကြမ်းကို ရိုးရာအခင်းအကျင်းတမျိုးအဖြစ် တွေ့နိုင်သည်။ ရှမ်းပြည်ရောက်တော့ လှော်ထားသော လက်ဖက်ရည်နံ့ကလည်း တမျိုး။ ၁၉၃၀ က လားရှိုးတွင် ပထမ ခံစားရခြင်းဖြစ်သည်။ သူတို့ကတော့ အခါးရည်ဟု ခေါ်သည်။
ခေတ်များစွာကို ဖြတ်သန်းရင်း လက်ဖက်ရည်ကို ကျွန်တော် ထိတွေ့နေရသည်။
ယနေ့ခေတ်တွင်ကား လမ်းဘေးပလက်ဖောင်းတွေမှာ ခွေးခြေပုလေးနှင့် လက်ဖက် ရည်ဆိုင်များကို တွေ့နေရသည်။
ကျွန်တော်က ဒါကို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ဟု ခေါ်လိုက်ချင်သည်။ သူ့ခေတ်နှင့် သူ။
ကျွန်တော့် စာပေမိတ်ဆွေထဲတွင် လက်ဖက်ရည်ကြိုက်သူမှာ ဗန်းမော်တင်အောင်။ သူကတော့ တနေ့ကို ဘယ်နှစ်ခွက် သောက်ရမလဲ၊ သောက်နိုင်သူ ဖြစ်သည်။ သူ့ကြောင့်ပင် ကျွန်တော်သည် လက်ဖက်ရည်ဆိုင်များကို ရောက်ခဲ့ရသည်။ သူအကြိုက်ဆုံးက ရွှေလှေကား လက်ဖက်ရည်။ အခြားဆိုင်ဆိုလျှင် သိတ်မသွားချင်။ မသောက်။ သူ၏ ဒေါက်တာရေချမ်း ၀တ္ထုထဲတွင် သူ့ဇာတ်လိုက်သည် မသေခင်ကလေးတွင်ပင် လက်ဖက်ရည်ခါးခါးတခွက် တောင့်တသည်ကို ဖတ်ခဲ့ရဖူးသည်။ ၀တ္ထုဖတ်ပရိသတ်ကလည်း ၀တ္ထုထဲက ဇာတ်ကောင်၏ အတိုင်း လက်ဖက်ရည်ကို စွဲလန်းသည်ဟု ကြားဖူးရသည်။
လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူစုံသည်မှာ သဘာဝ။ တချို့က လူစုံသည့်အတွက် မကြိုက်။ လူစုံတော့ အယူအဆစုံ ခံစားမှုအစုံ ကြားရသည်။ မတူသော ခံစားမှုလည်း ပါချင်ပါမည်။
ကိစ္စမရှိပါ။ ဒါက သဘာဝတရား။ ယင်းသို့ မတူသော အယူမဆရှိသူများ တ၀ိုင်းတည်းတွင် အတူငြိမ်းချမ်းစွာ ရှိနေခြင်းက ကောင်းသည့်သဘော။ မတူသည်ကို အတင်းအဓမ္မ တူအောင်လုပ်စေခြင်းက သဘာဝတရားမဟုတ်။ မကြိုက်တာချင်း တူချင်မှ တူမည်။ အကြိုက်ချင်းတူမည်။ ကိစ္စမရှိ။
ယနေ့ခေတ်သည် ဗဟုဝါဒခေတ်။ ယနေ့ လူငယ်အယ်ဒီတာ (လူလတ်ပိုင်းလည်းဖြစ်နိုင် သည်။) တို့၏ ခံစားမှု၊ သူတို့၏သမိုင်းကို ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ သိနေကြသည်။
ခေတ်ပြိုင် ခံစားမှု ဆိုသည်ကလည်း ဗဟုဝါဒ။

ဒဂုန်တာရာ။
စံပယ်ဖြူမ၈္ဂဇင်း၊ အမှတ် (၇)၊ သြဂုတ်၊ ၂၀၀၁။