Saturday, May 14, 2016

အပြောင်းအလဲ ရေးသူ - သီဟလတ်



အပြောင်းအလဲ



ရေးသူ - သီဟလတ်


[ဒီဝတ္ထုဟာ ၂၀၁၂ ခု၊ ဇူလိုင်လထုတ်၊ လှိုင်းသစ်မဂ္ဂဇင်းမှာ ဖော်ပြပြီးသား ဖြစ်ပါတယ်။ သက်ရှိထင်ရှား စက်မှုတက္ကသိုလ် ကဗျာသမား၊ စာပေအနုပညာသမားတွေ၊ ၄၈၂၈ ဒေသပါတီ ကော်မတီအမှုတွဲတွေ ပါဝင်ခဲ့တာမို့ လမင်းတရာက လေးစားစွာ မှတ်တမ်းတင် ဂုဏ်ယူပြု ဖော်လိုက်ပါတယ်။ စာရေးသူ သီဟလတ်နဲ့ လှိုင်းသစ်မဂ္ဂဇင်းကို အထူးပင် ကျေးဇူးတင်ပါကြောင်း။]

ကျောင်းမျက်နှာစာ ကားပတ်လမ်းအတိုင်း လျှောက်လာရင်း လူငယ်စားသောက်ဆိုင်တန်း ဘက်ကို လှမ်းကြည့်မိသည်။ ကုက္ကိုပင်တွေ အုပ်ဆိုင်းဆိုင်းနဲ့ တခြမ်းကို လူငယ်ခန်းမ ဖွဲ့ထားကာ တခြမ်းကို စားသောက်ဆိုင်တန်း လုပ်ထားသည့် တထပ် သစ်သားဆောင် ရှည်မျောမျောမှာ ပကာသနကင်းစွာ အေးချမ်းလှသည်။ သူ့ရဲ့ ဟိုမှာ ဘက်ဆီမှာတော့ အင်ဂျင်နီယာကုန်ထုတ် သမဝါယမအသင်း အဆောက်အအုံတွေ အစီအရီ ရှိနေသည်။

ပင်မကျောင်းဆောင်ကြီးကို ကြည့်လိုက်တော့ အင်ဂျင်နီယာများကို မွေးထုတ်ပေးနေသူ ပီသစွာ ဟိတ်ဟန်ကောင်းလှသည်။ ဒီစာသင်နှစ် ကုန်လျှင်တော့ ဒီအရပ် ဒီဝန်းကျင်ကို ခွဲခွါရတော့မည် ထင်သည်။ တကယ်လည်း ကျောင်းအရိပ်က ခွဲခွါသွားဖို့ သင့်ပြီ။ စတုတ္ထနှစ်ကနေ အခုနောက်ဆုံးနှစ်အထိ တနှစ်မှ နှစ်ချင်းပေါက် မအောင်ခဲ့။ တတန်း နှစ်နှစ် နေခဲ့သည်ချည်း။ အခုလည်း နောက်ဆုံးနှစ်မှာ တနှစ်ထိုင်ပြီးပြီဆိုတော့ ဒီနှစ်တော့ စာမေးပွဲ အောင်အောင် ကြိုးစားရမည်။ ဓါသနာကို လျှော့ရမည်။ ကျောင်းပြီးတော့မှ ကိုယ် ဝါသနာပါကို လုပ်ရင် ရတာပဲဟု တွေးသည်။ ကားလမ်းမပေါ်ကနေ လူငယ်စားသောက်ဆိုင်တန်းဘက် ချိုးကွေ့လိုက်တော့ ဆိုင်ခန်းအပြင်ခုံမှာ ညီလင်းညိုတယောက်တည်း ထိုင်နေတာ တွေ့ရသည်။

"တယောက်တည်းလား"
"အေး၊ ရော့၊ မင်းအတွက်"
ညီလင်းညိုက သူ့အမေးကို ပြန်ဖြေရင်း စာအုပ်တအုပ် လှမ်းပေးသည်။ မျက်နှာဖုံးကို ကြည့်လိုက်တော့ ပန်းချီကိုမုတ်သုန် လက်ရာနဲ့ သူတို့တတွေရဲ့ တတိယမြောက် ကဗျာစာအုပ်။ "ခရီးရှည် မိုးစက်ပွင့်" ။ ကျောဖုံးမှာတော့ ကဗျာရေးသူတွေရဲ့ ကလောင်အမည်တွေကို လက်ရေးနဲ့ ဒီဇိုင်းလုပ်ထားသည်။

ဒတ္ထ၊ ကိုမိုးညို-ပျဉ်းမနား၊ မြေ(စက်မှု တက္ကသိုလ်)၊ စုစု(စက်မှုတက္ကသိုလ်)၊ အောင်စိုးဦး(မြင်းခြံ)၊ မောင်နိုင်လတ်(ပျော်ဘွယ်)၊ နေဝင်းသာ၊ ရည်ဦး၊ ပိုင်ရဲသစ်၊ သဲနီဝင်း၊ ဥသျှာ၊ မွန်းခိုင်၊ ညီလင်းညို၊ ကိုကို(စက်မှုတက္ကသိုလ်)၊ စသည့် စက်မှုတက္ကသိုလ်ကလောင်ရှင် အင်ပြည့် အားပြည့် ပါသည်ဟု ဆိုရပေမည်။

"မင်းရော ပုံရေးဖြစ်သေးလား"
"ပေါ့ထရိတ်တပုံ ရေးနေတာတော့ ရှိတယ်၊ အခု ဖတ်စ်တမ်းပိတ်မှပဲ လက်စသပ်နိုင်မယ်"
"ညီမလေးပုံလား"
ညီလင်းညို၏ အပြုံးနှင့်မေးခွန်းကို သူရဲကျဲကျဲနှင့် ဝန်ခံရသည်။
"ငါ ဒီနှစ် ကျောင်ပြီးမှ ဖြစ်မှာ၊ ကျောင်းပြီးရင် ဘယ်ရောက်လို့ ဘယ်ပေါက်ဦးမလဲ မသိဘူး၊ သူ့ကို အမှတ်တရပေးစရာ ဒါပဲ ရှိတာကွ"
"ငါလည်း မင်းနဲ့ အတူတူပါပဲကွာ၊ ဒီနှစ် ကျောင်းပြီးမှ ဖြစ်မှာ၊ ကျောင်းပြီးရင် ဘာလုပ်ရမလဲ မသိဘူး။ ရတဲ့အလုပ် လုပ်ရမှာပဲ"

သူတို့ နှစ်ယောက်စလုံး မိဘကျောထောက်နောက်ခံ တောင့်တင်းသူများ မဟုတ်ကြ။ နှစ်ယောက်သား နှုတ်ဆိတ်သွားကြပြီး မတ်လ၏ နေရောင်အောက်က လမ်းမကြီးကို ငေးကြည့်နေမိကြသည်။

"ဟိုမှာ ဆရာကလေးလေးနဲ့ ကျောင်းသား အဘိုးကြီး လာနေပြီ"

လက်ဖက်ရည်ဆိုင်က စားပွဲထိုးခေါင်း ဝင်းရီက ခပ်နောက်နောက်လေးပြောလို့ ကြည့်လိုက်တော့ ဆရာလေးနဲ့ ဦးကိုကြီး၊ အဆောင်နှစ်ဘက်မှ ဆင်းလာတာကို တွေ့ရသည်။ သူပြောလည်း ပြောစရာ။ ဆရာလေးက သူတို့နဲ့ ရွယ်တူတန်းတူ။ နှစ်စဉ် အတန်း မှန်မှန်အောင်သွားပြီး ဌာနမှာ ဆရာပြန်လုပ်နေသူ။ ဦးကိုကြီးကတော့ သူတို့ထက် ၁၀ နှစ်ကြီးသူ၊ စက်မှုတက္ကသိုလ်ကို နှစ်ကျော့ပြန်ဝင်ပြီး ကျောင်းဆွေး လူဆွေးနေ နေသည့် ကျောင်းသားကြီး။

သူတို့ ဝိုင်းမှာ ဝင်ထိုင်ရင်း ဦးကိုကြီး ကဗျာစာအုပ်ကို ကောက်ကိုင်ကာ ညီလင်းညိုကို မေးသည်။
"ငါ့အတွက် စာအုပ်တွေရော"
"အောင်စိုးဆီမှာ ပေးထားတယ်"

ဦးကိုကြီးက သဲနီဝင်း ကလောင်အမည်ဖြင့် ကဗျာရေးတာကို သတိရမိသည်။

"ဦးကိုကြီး တီဗွီက စွယ်တော်ရိပ် အငြိမ့်လွှင့်ရင် လူရွှင်တော် တိုင်ကီဆိုပြီး ခင်ဗျားပါတယ်၊ မဂ္ဂဇင်းတွေ စာစောင်တွေ ထွက်ရင် သဲနီဝင်းဆိုပြီး ခင်ဗျားပါတယ်"
"စာမေးပွဲအောင်စာရင်းတခုပဲ ခင်ဗျားမပါတာ ပြောမလို့ မဟုတ်လား"
ဦးကိုကြီးက လူရွှင်တော် ပီသစွာ သူ့အပြောကို မခံ၊ ကိုယ့်ပေါင် ကိုယ်ပဲ လှန်ထောင်းသည်။

"ကိုသစ်၊ ဆရာကြီးဦးလွန်းကြွယ်က သင်တန်းဆင်းရင် ပြပွဲလုပ်ဖို့ ပြောနေတယ်။ ဇွန်လလောက်ဖြစ်မယ်၊ ကျောင်းပိတ်ရင် ပုံရေးထားဦး"
"စိတ်ချဆရာလေး၊ ဒီကောင် ပေါ့ထရိတ် တပုံတော့ သေချာပြီးမှာ"
ညီလင်းညိုက အစ ထောင်ပေးသည်။

"ဟုတ်လား၊ ဒါဆို ငါလည်း မင်းကို ပုံတူ အပ်ဦးမှထင်တယ်"
ဦးကိုကြီးက ဝင်ကြပ်သည်။

ခဏကြာမှာတော့ ဗိုလ်ဝေ၊ မင်းဦး၊ ဗိုလ်စိုး၊ အောင်စိုး၊ သိန်းဇော်၊ ကိုနိုင်၊ ရဲမင်း၊ တယောက်ပြီးတယောက် ရောက်လာကြသည်။ စကားဝိုင်းလည်း ပိုစိုပြေ လာသည်။

---------------------------------------------------------------------------------

နွေကျောင်းပိတ်ရက်က ငြီးငွေ့စွာ ကုန်လွန်သွားသည်။ ပုံတူပန်းချီကားတကားနဲ့ ဈေးပုံ ပန်းချီကားတကားသာ ရေးဖြစ်သည်။ ဒုတိယ နှစ်ဝက်ပြန်ဖွင့်တော့ သူ အတန်းမှန်မှန် တက်ဖြစ်သည်။ ကျောင်းနှစ်လည်မဂ္ဂဇင်း ထွက်လာသည်။ အရင်ကဆို သူတို့ တပျော်တပါး လိုက်ရောင်းနေကျ။ အခုတော့ သူမလိုက်ဖြစ်တော့။ မဂ္ဂဇင်းကော်မတီမှာလည်း အတန်းငယ်က ကျောင်းသား ကျောင်းသူတွေနဲ့ အင်အားတောင့်နေပြီ။ တနေ့ ကျောင်းအရောက်မှာ ကာတွန်းဘောက်စ်မှာ ဟာလာဟင်းလင်း ဖြစ်နေ၍ သူ အံ့သြသွားသည်။ အမြဲတမ်းဆို ပုံသစ် မလဲသေးရင်တောင် ပုံဟောင်းတွေကို ထားထားနေကျ။ တခုခုတော့ ထူးနေပြီဟု တွေးမိသည်။

နွေးအေးရောက်တော့ ဗိုလ်ယိမ်းနဲ့ ဗိုလ်ဝေ ထိုင်နေတာကို တွေ့ရသည်။ သတင်းထူးတခုခု ရှိပြီဆိုလျှင် ဗိုယိမ်း နွေးအေးမှာထိုင်ကာ လာသမျှလူကို သတင်းပေးတတ်သည်။
"ဗိုလ်ယိမ်း ဘာထူလဲ"
သူဝင်ထိုင်ရင်း မေးလိုက်သည်။
"မင်းမသိသေးဘူးလား၊ မင်းတို့ ဆရာလေးကို ဆရာသက် ခေါ်ဆူတာ"
"ဘာဖြစ်လို့လဲ"
"ဒီတပါတ် ကာတွန်းဘောက်စ် ကာတွန်းတွေက အနုပညာအသင်းနဲ့ မဂ္ဂဇင်းကို ဆော်ထားတာတွေ များလို့တဲ့"
"ဒါကတော့ဗျာ မဂ္ဂဇင်းကလည်းထွက်၊ တီဗွီကလည်း စွယ်တော်ရိပ် အငြိမ့်လွှင့် ဆိုတော့ ရာသီစာလို ရေးကွက်ရသွားတာကိုး"
"မဂ္ဂဇင်းထဲမှာ ဂျိုကာကလည်း ရေးထားတာကို၊ နောင်ပြစ်မှားမယ့် အပြစ်တွေကိုပါ ကြိုတင်ခွင့်လွှင့်ပါ ဆရာကြီးဆိုတော့ ဒီကောင်တွေ အကြံအစည် ရှိပြီးသားလို့ တွေးစရာ ဖြစ်သွားတာပေါ့"

ဗိုလ်ဝေက ဝင်ထောက်ပြသည်။ ဗိုလ်ယိမ်းက သူသိထားတာကို ဆက်ပြောသည်။
"အခု ကာတွန်းကပ်မယ်ဆိုရင် အဆင့်ဆင့် ဖြတိရမယ်တဲ့။ ပထမ မင်းတို့ ပန်းချီ၊ ကာတွန်းအသင်း ဥက္ကဌ ဆရာဦးဝင်းမြင့်ရဲ့ ခွင့်ပြုလက်မှတ်၊ ပြီးရင် အနုပညာအသင်းက ဆရာဦးခင်မောင်တင့် ခွင့်ပြုလက်မှတ်၊ ပြီးရင် ပီအက်စ်ဌာနက ဆရာဦးသာဒင် ခွင့်ပြုလက်မှတ်၊ အဲဒါတွေ စုံရင် ကျောင်းရုံးကိုပြ၊ အဲဒီတော့မှ ကျောင်းရုံးက တံဆိပ်တုံး နှိပ်ပေးပြီး ကာတွန်းဘောက်စ် သော့ထုတ်ပေးမှာ"
"ဟင်.. ကာတွန်းဘောက်စ်သော့ကို ကျောင်းရုံးက ယူထားလား"
သူက အံ့သြစွာ မေးလိုက်မိသည်။

"ဟုတ်တယ်။ ကာတွန်းဘောက်စ်သော့ကိုပါ သိမ်းသွားတာတဲ့"
"ဒါဆို ဘာလို့ ဆရာလေးကို ခေါ်ဆူရတာလဲ၊ အတွင်းရေးမှူးက ဖေမောင်သိန်းပဲဟာ"
"မင်းဆရာလေး လက်ရာကြောင့် နေမှာပေါ့။ ဟိုမဂ္ဂဇင်းရောင်းနေတဲ့ပုံမှာ ရေးထားတာ မတွေ့ဘူးလား၊ ပွင့်ဖြူလွင်နဲ့ ဝင်းမာညွန့်ကတောင် ပြောနေတယ်၊ ဆရာလေးကို ချောင်းပြီး ခဲနဲ့ ထုမယ်တဲ့"

"ဗိုလ်ဝေရာ။ ခင်ဗျားတို့ မဂ္ဂဇင်းကော်မတီက ဟိုမိန်းကလေးတွေက တယ်အားကိုးရပါလား၊ ကျနော်ထင်တာတော့ မင်းတို့ ကာတွန်းတွေက ရယ်လည်းမရယ်ရဘူးလို့ ဆရာက ပြောတာကို ကာတွန်းသမားက ဟုတ်ပါတယ်၊ ကျွန်တော်တို့ ကာတွန်းတွေက ဆရာ့ကဗျာလောက် မရယ်ရပါဘူးလို့ ပြန်ပြောတဲ့ ကာတွန်းက ပိုထိသွားတာ ထင်တယ်"
"ဒါပေါ့ကွ၊ မင်းတို့က ခေါင်မှ သွားဆော်တာကိုး"
သူ့အမြင်ကို ဗိုလ်ဝေက ထောက်ခံလိုက်သည်။

"အင်း ကျွန်တော်တို့ ပြပွဲလည်း ဘယ်လို လာဦးမလဲ မသိဘူး"
"သင်တန်းဆင်းပြပွဲပဲဟာ အဆင်ပြေမှာပါ"
ဆိုင်အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ မိုးတွေညို့နေတာကို တွေ့ရသည်။

                 -------------------------------------------------------------

"ဒေါက်.. ဒေါက်"
အခန်းတံခါး ခေါက်သံနဲ့အတူ တံခါးပွင့်သွားပြီး မင်းခင်မောင်ရင်နဲ့ ဇော်ဇော် ဝင်လာသည်။
"မဂ္ဂဇင်းအတွင်းရေးမှူး အသစ်လေးပါလား၊ ဘာကျွေးမလို့လဲ"
"ကိုသစ်ကလဲဗျာ၊ မနောက်ပါနဲ့"
"ပေါက်စ၊ ငါတကယ်ပြောတာပါ၊ မင်း အတွင်းရေးမှူးဖြစ်တာကို ငါဝမ်းသာတယ်၊ ဘာလို့လဲ ဆိုတော့ စာပေဟောပြောပွဲအတွက်ပေါ့။ လိုင်းကြောင်တွေဆို သူတို့ စိတ်ကူးတည့်ရာ ဖိတ်မှာ၊ ငါတို့ ကျောင်းရဲ့ စာပေဟောပြောပွဲတွေကလည်း အစဉ်အလာနဲ့ မဟုတ်လား"
မင်းခင်မောင်ရင်ကို သူခေါ်နေကျအတိုင်း ပေါက်စလို့ ခေါ်ကာ ပြောလိုက်သည်။

"စိတ်ချပါ ကိုသစ်ရာ၊ ကျွန်တော်လည်း စာပေဟောပြောပွဲ လုပ်တော့မယ်ဆိုရင် ကိုဝေတို့ ကိုသစ်တို့ကို တိုင်ပင်ဦးမှာပါ"
ဇော်ဇော်က သူနဲ့ မင်းခင်မောင်ရင်တို့ စကားပြောနေတဲ့ဆီမှာ အာရုံမရှိ၊ သူ့အခန်းနံရံမှာ ချိတ် ထားတဲ့ ပန်းချီကားကိုသာ  စိတ်ဝင်တစား ကြည့်နေသည်။

"ဒါနဲ့ မင်းတို့ လာတာ ကိစ္စရှိလို့လား"
"ကျွန်တော့် ကိစ္စ မဟုတ်ပါဘူး ကိုသစ်ရာ၊ ဇော်ဇော်က ကိုသစ်ကို အလုပ်အပ်ချင်လို့တဲ့၊ ဇော်ဇော် ပြောလိုက်လေကွာ"
"ကိုသစ်၊ ကျွန်တော့်ကိုလည်း ပုံတူ ဆဲါပေးပါလား။ ပြပွဲတုန်းက ကိုသစ်ဆွဲတဲ့ မိန်းကလေးပုံက လက်ရာအရမ်းကောင်းတာပဲ"
"အင်း၊ ငါ စာမေးပွဲ ဖြေမပြီးမချင်း ကျောင်းစာကလွဲပြီး ဘာမှ မလုပ်တော့ဘူးလို့ စဉ်းစားထားတာ"
"ကိုသစ်ကလည်းဗျာ အဲသလို မလုပ်ပါနဲ့။ ကျွန်တော့်ပုံတပုံတော့ ဆွဲလိုက်ပါ၊ ကျောင်းပြီးလို့ ကျွန်တော့် စာအုပ်ထုတ်ရင် မျက်နှာဖုံး သုံးချင်လို့ပါ၊ အဲဒီကျ ကိုသစ်ကို ဘယ်ရှာမှန်းမသိ  ဖြစ်မှာ စိုးလို့ အခုကတည်းက အပ်ထားတာ။ ကျွန်တော်က ကိုသစ်လက်ရာမျက်နှာဖုံးနဲ့ ထုတ်ချင်လို့ပါ"
ဇော်ဇော်က ဆေးဗူးတွေ ထုတ်ပေးပြီး ဓါတ်ပုံတပုံလည်း ပြသည်။

"ကျွန်တော် ဖီးလ် ဆင်းတုန်းက ရိုက်ထားတာ၊ အလင်းအမှောင်ရော မျက်နှာအနေအထားရော ကောင်းလို့ ပုံတူ ဆွဲထားချင်တာ။ တခုပဲ ရှိတယ်။ ဓါတ်ပုံထဲမှာက ညာဘက်လှည့်နေတဲ့ ပုံ ဖြစ်တယ်။ အဲဒါကို ဘယ်ဘက် လှည့်တဲ့ပုံ ပြင်ဆွဲပေးလို့ ရတယ် မဟုတ်လား"
ဇော်ဇော်က တက်တက်ကြွကြွ ပြောနေတော့ သူ မငြင်းသာတော့။ ဒီတပုံတော့ ဆွဲလိုက်ပါမယ်လေလို့ တွေးလိုက်မိသည်။

"အင်း ဘယ်ဘက် လှည့်ပေးလို့ ရပါတယ်"
"ကဲပါ၊ ငါအကောင်းဆုံး ဆွဲမယ်၊ ဟုတ်လား၊ စာအုပ်ထွက်ရင်တော့ ငါ့ကို လက်ဆောင်ပေးဖို့ မမေ့နဲ့"
"ပို့ပေးမှာပေါ့ ကိုသစ်ရာ၊ ကျေးဇူး၊ ကျေးဇူး"
ပြီးတော့ သူတို့ သုံးယောက် အဝိုင်းဆိုင်မှာ လက်ဖက်ရည်သောက်ရင်း စကားပြောဖြစ်ကြသည်။ ပန်းချီအကြောင်း၊ စာပေအကြောင်း။

"ကျွန်တော် ကျောင်းပြီးရင် စာရေးမယ်၊ စာအုပ်ထုတ်မယ်၊ ဒါပေမယ် စာပေနဲ့ စာအုပ်လုပ်စားတာမျိုးတော့ မလုပ်ဘူးဗျာ"
ဇော်ဇော်က သူ့ စိတ်ကူးကို သူပြောသည်။

"အင်း စာပေအနုပညာ မစစ် မဖြစ်ဖို့ရယ်၊ လုပ်စားကိုင်စား အကြံအဖန်တွေ မဖြစ်ဖို့ရယ် အရေးကြီးတာ"
"ဟုတ်တယ် ကိုသစ်၊ အခု ရှဲဒိုးတွေ တော်တော်ခေတ်စားနေတယ်၊ ကျွန်တော်တော့ အဲဒါမျိုး ဘယ်တော့မှ မလုပ်ဘူး"

ကျောင်းသားဘဝ တက်ကြွမှုတွေဖြင့် အားတက်သရော ပြောဖြစ်ကြသည်။ ကိုယ်ကျိုးစီးပွါးတွေ အကြောင်း တခုမှ မပါ။ လေတချက်အဝှေ့မှာ မိုးစက်ကလေးများ ပါလာသည်။ မိုး၇ွာတော့မည်။ သူတို့ စကားဝိုင်းလေးကို သိမ်းလိုက်ကြသည်။

                                  ---------------------------------------------------------------

ကျောင်းပြီးကတည်းက ကျောင်းကို သူ ပြန်မရောက်ဖြစ်တော့ပေမယ့် ကျောင်းတော်ကြီး ကတော့ သိပ်မပြောင်းလဲသေး။ စီဆောင်ရှေ့ အပေါက်ကနေ အဆောင်ထဲသို့ ဝင်လိုက်သည်။ ကျောင်းပိတ်ထားတာ ကြာပြီမို့ အခန်းတွေက ဖုန်တွေ ပင့်ကူအိမ်တွေနဲ့ ဖြစ်နေသည်။ အေ ဆောင်အလယ်ထပ် ဆရာလေးခန်းကို လှမ်းကြည့်တော့ အခန်းတံခါး ဖွင့်ထားတာ တွေ့ရသည်။ ဆရာလေး အခန်းမှာ ရှိနေသည်။

"ဆရာလေး"
"ဟာ ကိုသစ်၊ ဘယ်တုန်းက ရောက်တာလဲ"
"ဒီမနက်ပဲ"
သူ ခ၇ီးဆောင်အိပ်ကို ချရင်း ခုံမှာ ဝင်ထိုင်လိုက်သည်။

"ငါအလုပ်က ပြုတ်လာတာ"
သူများတွေ ခေါ်သလို ဆရာလေးလိုက်ခေါ်ပေမယ့် သူငယ်ချင်းဆိုတော့ မင်းနဲ့ ငါနဲ့ ပြောတာ အကျင့်ဖြစ်နေသည်။

"ငါထင်သားပဲ၊ ကောင်းပါတယ်။ ဒီအလုပ်တွေကလည်း မင်းစိတ်နဲ့ မကိုက်ပါဘူး။ ဒါနဲ့ အဲဒီအလုပ်မှာ ဘယ်လောက်ကြာသွားလဲ"
အခု ၈၉ ဇွန်ဆိုတော့ ၂ နှစ်ကျော်လောက်တော့ ကြာသွားတာပေါ့၊ မင်းေ၇ာ အေးဆေးပဲလား"
"အေးဆေးလို့ပဲ ပြောရမှာပဲ၊ အခု မင်းဘာလုပ်မလဲ"
"လောလောဆယ်တော့ မဆုံးဖြတ်ရသေးဘူး၊ အဖေတို့ အမေတို့ဆီ ခဏပြန်နေရင်း အေးအေးဆေးဆေး စဉ်းစားမယ်"
"အေး၊ အဲဒါကောင်းတယ်၊ ဘယ်တော့ပြန်မယ် စိတ်ကူးလဲ"
"ဒီညနေ ရထားနဲ့လေ"
"မင်းကလည်း မြန်လိုက်တာ နေဦး၊ မင်းရော ထမင်းမစားရသေးဘူး မဟုတ်လား၊ ရေသွားချိုးပြီး ထမင်းသွားစားရအောင်"

သူတို့နှစ်ယောက် ထမင်းအတူစားရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြသလို၊ လက်ရှိအခြေအနေတွေ ပေါ်မှာလည်း ဝေဖန်သုံးသပ်ဖြစ်ကြသည်။

ဆရာလေးထံမှ သတင်းတော်တော်စုံစုံကို သိရသည်။ ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းမှာ အလုပ်လုပ်နေသူ ဖြစ်၍ တော်တော် သိနေတာ ဖြစ်မည်ဟု ထင်သည်။ တယ်တော့ သူထင်တာ မှားနေကြောင်း နောက်မှ သိရသည်။

သူအိမ်ပြန်ရောက်ပြီး တလလောက်အကြာ ဆရာလေး၊ ညီလင်းညို၊ ပေါက်စ တို့ တဖွဲ့ကြီး နရသိန်ရောက်သွားတာကို ကြားရသည်။ သူစိတ်မကောင်း။

                            ---------------------------------------------------------------

လွန်ခဲ့သော အနှစ်နှစ်ဆယ်ကာလကို သူတို့တွေ ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ကြသည်။

သူအိမ်ပြန်ရောက်ပြီး သုံးလေးလအကြာမှာ ရန်ကုန် ပြန်ရောက်လာခဲ့သည်။ ပထမတော့ သူ့ဆရာတယောက်ရဲ့ လုပ်ငန်းမှာ အလုပ်ဝင်လုပ်သည်။ ၂ နှစ်လောက်ကြာတော့ ဒီအလုပ်နဲ့ သူ့ဘဝ မကိုက်မှန်း သိလာသည်။ ဆရာ့ကို ခွင့်တောင်းပြီး အလုပ်က ထွက်လိုက်သည်။ စာအုပ် မျက်နှာဖုံးတွေ၊ ပန်းချီကားတွေ ရေးသည်။ တဖြည်းဖြည်း အသိအမှတ် ပြုခံလာရသည်။ ညီမလေးလို့ သူတို့ ခေါ်ကြတဲ့ ဝင်းဝင်းနဲ့ အိမ်ထောင်ပြုပြီး သမီးလေးတယောက် ရသည်။

ဆရာလေးနဲ့ ပေါက်စကတော့ ၇ နှစ်ကျော် ရှစ်နှစ်လောက်အကြာမှာ ပြန်ရောက်ကြသည်။ သူတို့လည်း သူတို့ ဝါသနာပါရာ ပုံနှိပ်မီဒီယာအလုပ် လုပ်ကြသည်။ သူနဲ့ အလုပ်ချင်း ဆက်စပ်နေတော့ မကြာခဏ တွေ့ဖြစ်သည်။ တခါတရံ သူ့ကို ဆရာလေးက အလုပ်အပ်သည်။ ပုံနှိပ်မီဒီယာမှာ ပေါက်စ သိတ်မကြာလိုက်။ NGO တခုရဲ့ ပရောဂျက်မန်နေဂျာ ဖြစ်သွားသည်။

ညီလင်းညိုကတော့ နရသိန်မှ နောက်ဆုံး ပြန်ရောက်သူ၊ (၁၆) နှစ်ခန့် ကြာသွားသည်။ ကျန်းကျန်းမာမာနှင့် ပြန်ရောက်လာ၍ အားလုံးစိတ်ချမ်းသာရသည်။ သူလည်း အခုတော့ NGO တခုမှာ အလုပ်လုပ်နေသည်။

ဘာပဲဖြစ်ဖြစ် သူတို့တတွေ ကျောင်းတုန်းကလေို ရိုင်းရိုင်းပင်းပင်း ချစ်ချစ်ခင်ခင် နေကြမြဲ။

သူတို့လိုပဲ ပုံနှိပ်မီဒီယာလောကကို ရောက်နေသူတဦး ရှိသေးသည်။ သူကတော့ ဇော်ဇော်(စက်မှုတက္ကသိုလ်)ပဲ ဖြစ်သည်။ ကျောင်းသားဘဝက ပြောခဲ့သည့်အတိုင်း စာတွေလည်း ရေးသည်။ အောင်မြင်မှုနဲ့အတူ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ သတင်းဓါတ်ပုံတွေမှာ သူ့ပုံကို မကြာခဏ တွေ့ရသည်။ သူတို့နဲ့ သိပ်မဆုံဖြစ်။ တခါတခါတော့ ဖုံးဆက်သည်။

ဒီနေ့ သူတို့တွေ ကျောင်းကြီးကို ခွဲခွါခဲ့တာ နှစ် နှစ်ဆယ်ပြည့်အဖြစ် အမှတ်တရ တွေ့ဆုံ ကြသည်။ ကိုယ့်အလုပ် ကိုယ့်အကိုင်နဲ့ အဆင်ပြေနေကြပြီမို့ ကျောင်းသားတုန်းကလို အရှည်ကြီးဆိုင်တို့၊ စိန်ဝှာမင်းတို့ မဟုတ်တော့။ အစားအသောက်လည်း အဆင်ပြေ၊ စကားလည်း အေးအေးဆေးဆေး ပြောလို့ ရတဲ့ အောင် ဝှိုက်ရိုက်စ် စားသောက်ဆိုင်ကို နေရာ ရွေးကြသည်။

သူငယ်ချင်းတွေ အကုန် စုံအောင် စီစဉ်ပေမယ့် တချို့က မရောက်လာနိုင်။ ငဘိုက သင်္ဘောပေါ်မှာ။ နောက်လမှ ပြန်ဆင်းမည်။ ကိုအော်ပီကျယ်ကတော့ စာပေဟောပြောပွဲ ရှိလို့ နယ်ရောက်နေသည်။

"အနှစ် နှစ်ဆယ်ဆိုတာ ဘာမှ မကြာသလိုပဲနော်"
ပေါက်စက တကယ့် တွေးတွေးဆဆပုံစံဖြင့် ပြောသည်။

"မင်းဘကြီး မကြာရမှာလားကွ၊ ၁၆ နှစ်တောင် တော်တော်ကြာတာ"
ညီလင်းညိုက ပြန်ပြောတော့ ပေါက်စကို အားလုံးက ဝိုင်းရယ်ကြသည်။

"ကိုမြေရော ခေါ်ထားတယ် မဟုတ်လား"
ဗိုလ်မြင့်က မြေ(စက်မှု)ကို သတိတရ မေးသည်။

"ခေါ်ထားတယ်၊ ဒါပေမယ့် လာမှာ မဟုတ်ဘူးထင်တယ်"
"အေးကွာ၊ မြေကြီးက ငါတို့ကို တော်တော် စိမ်းသွားတာပဲ"
ကိုနိုင်က စိတ်မကောင်းစွာ ဝင်ပြောသည်။

"မင်းဦးနဲ့ ဗိုလ်စိုးက လာနေပြီတဲ့၊ ရောက်ခါနီးပြီလို့ ဖုံးဆက်တယ်"
သူပြေတော့မှ ဆရာလေးက တစုံတခုကို သတိရဟန်ဖြင့် ပြောသည်။
"ငါမေ့နေလို့၊ ဇော်ဇော်က ကိုသစ်အတွက် စာအုပ်ပေးလိုက်တယ်။ သူကတော့ မလာနိုင်ဘူးတဲ့။ အခမ်းအနားတခုမှာ စကားပြောဖို့ ဖိတ်ထားလို့တဲ့"

ဆရာလေးက စာအုပ်တအုပ် ထုတ်ပေးသည်။

"ဟာ၊ မျက်နှာဖုံးက ကိုသစ် ဇော်ဇော့်ကို ကျောင်းတုန်းက ဆွဲပေးတဲ့ ပုံတူပဲ"
ပေါက်စက သူနဲ့ အတူ လာခဲ့တဲ့ ကိစ္စမို့လို့ သတိတရနဲ့ ပြောသည်။ သူ စာအုပ် မျက်နှာဖုံးကို ကြည့်ပြီး အံ့သြသွားသည်။ ပြီးတော့ ပေါက်စကို မေးလိုက်သည်။

"ပေါက်စ သေသေချာချာကြည့်စမ်း၊ ဘာထူးခြားလဲ"
ပေါက်စက မျက်နှာဖုံးကို သေသေချာချာကြည့်ရင်း သတိရသွားသည်။
"ကိုသစ်ဆွဲပေးထားပုံက ဘယ်ဘက်လှည့်နေတဲ့ပုံပဲ၊ အခု ညာဘက်လှည့်နေတယ်၊ ဖိုတိုရှော့ပ်ထဲမှာ ဖလစ်လိုက်တာ ထင်တယ်"

ပေါက်စက ဖိုတိုရှော့ပ် နဲ့ ဒီဇိုင်းလုပ်ဖူးသူဆိုတော့ သိနေသည်။

"သူပဲ ပုံဆွဲခိုင်းတုန်းက ညာဘက်လှည့်နေတဲ့ ဓါတ်ပုံပေးပြီး ဘယ်ဘက်လှည့်နေတဲ့ ပုံ ပြောင်းဆွဲပေးပါဆိုလို့ ပြောင်းဆဲါပေးထားတာ။ အခုတော့ ဘာလို့ ညာပြန်လှည့်ရတာလဲ"
ပေါက်စက မကျေမနပ်ဖြင့် ဆက်ပြောသည်။

"ဘာဖြစ်လို့လဲ၊ ငါတို့ကိုလည်း ရှင်းပြပါဦး"
ကိုနိုင်က သူ့ထုံးစံအတိုင်း ခပ်လေးလေးနဲ့ ဝင်မေးသည်။ သူက ဇော်ဇော်နဲ့ ပေါက်စ ပုံလာအပ်စဉ်က အကြောင်းကို အသေးစိတ် ရှင်းပြရသည်။ အားလုံးက ငြိမ်ပြီး စိတ်ဝင်တစား နားထောင်နေကြသည်။ ဗိုလ်မြင့်က မှတ်ချက် ပေးသည်။

"အပြောင်းအလဲတွေ များတဲ့ ခေတ်ကြီးမှာ ဘာမဆို ပြောင်းလဲသွားနိုင်တာပဲ။ အရင်က ဘယ်ဘက်လှည့်ခဲ့တဲ့ အရာတွေ ညာဘက်လှည့်သွားတာလည်း အပြောင်းအလဲတခုလို့ မြင်တဲ့သူက မြင်နိုင်တာပဲလေ"

သူ ကိုနိုင် မှုတ်ထုတ်လိုက်တဲ့ စီးကရက် ငွေ့တွေ လေထဲမှာ ဝေ့ဝဲ ပျောက်ကွယ်သွားတာကို ငေးကြည့်နေမိသည်။

သီဟလတ်
၂၉ - ၅ - ၂၀၁၂

(မှတ်ချက်။   ။ ကာတွန်းဘောက်စ်ဆိုတာ တယ်လီဖုန်းရုံဟောင်းတခုရဲ့ တံခါမဟုတ်တဲ့ ကျန်သုံးဘက် မှန်တွေကို အတွင်းကနေ ကာတွန်းတွေ ကပ်ပြီး နံရံကပ် ကာတွန်းတွေ ကပ်တဲ့ ရုံကလေး လုပ်ထားတာ ဖြစ်တယ်)

Monday, May 2, 2016

၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်းနှင့် မီးမောင်းစာစောင် လှုပ်ရှားမှု ရေးသူ - ကိုဗေဒါ



၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်းနှင့် မီးမောင်းစာစောင် လှုပ်ရှားမှု
ရေးသူ - ကိုဗေဒါ


(က) မီးမောင်းစာစောင်လှုပ်ရှားမှု

၇၅ ခု၊ သြဂုတ်လမှာ တပ်လှန့်သံစာစောင် လျှို့ဝှက်ထုတ်ဝေပါတယ်။ ကျွန်တော်က ပြည်သူ့အသံက အသံလွှင့်ဆောင်းပါးတွေကို လက်ရေးတိုနဲ့ လိုက်ကူးပါတယ်။ ကိုဟံလွင် (ကဗျာဆရာ မောင်ဆွေဆက်)က ဖယောင်းပေါ် ရေးပေးပါတယ်။ ပြီးတော့ မီးချောင်းနဲ့ လှိမ့်ပါတယ်။ အကန့်အသတ်နဲ့မို့ စောင်ရေ မများပါ။ နီးစပ်ရာ ပေးဖတ်ပါတယ်။

မြောက်ဥက္ကလာ ပြောင်းနေတဲ့ ကိုထွန်းကြည်မှတဆင့် ကိုစိန် (မြောက်ပိုင်းABSDF မှာ အသတ်ခံရသူ)၊ ဒေါက်တာလှမြင့် တို့နဲ့ သိကျွမ်းလာရပါတယ်။ ကိုစိန်ကတဆင့် မြေအောက် စည်းရုံးရေး အဆက်ရပါတယ်။ ကိုစိန်၊ ကိုလှမြင့်၊ ကိုထွန်းကြည်၊ ကျွန်တော်တို့ Cell တခု ဖွဲ့ဖြစ်တယ်။ နောက် အဲဒီ Cell ကတဆင့် ပွါးသွားပါတယ်။ ကိုစိန်ကတဆင့် လက်ပံတန်းဘက် ခမုံဆိပ်ရွာနေ ကိုမြအေး(ကျွန်းပြန်) ဆီ အဆက်ရလာတယ်။

လှုံ့ ဆော်စည်းရုံးဖို့အတွက် စာစောင်တခုထုတ်ဖို့ စဉ်းစားကြတယ်။ အကန့်အသတ်နဲ့ ဖြန့်မယ်။ မီးမောင်းစာစောင်လို့ အမည်ပေးတယ်။ အတွေ့အကြုံရှိတဲ့ ကျွန်တော့်ကို တာဝန်ပေးပါတယ်။ ၇၆ ခု၊ ဇန်နဝါရီမှာ စတင်ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော်ပဲ သတင်းစာမူ စုဆောင်းပါတယ်။ ကိုယ်တိုင်ပဲ ဖယောင်းပေါ်ရေးတယ်။ ကိုစိန်လုပ် ပေးထားတဲ့ ဒလိမ့်တုံးပါ စာကူးစက်ကလေးနဲ့ ကိုဇော်ကြီးနဲ့ ကျွန်တော် ညဘက်လူခြေတိတ် ချိန်မှာ လျှို့ ဝှက်လှည့်ပါတယ်။ လေးခေါက်ချိုး ရှစ်မျက်နှာနဲ့ ပါ။ မနက်ရုံးတက်၊ ညနေရုံး ဆင်းတာနဲ့ ဘေးမြေကွက်လပ်မှာ သစ်ပင်စိုက်။ ဘယ်သူမှ ကျွန်တော် လုပ်ဆောင် နေတာ မရိပ်မိပါ။

တစ်နေ့.။ ဖြန့်ဝေဖို့အတွက် ကားနဲ့ ယူသွားရင် အရှာအဖွေနဲ့ တိုးနေမှာမို့ ငမိုးရိပ်ချောင်းက လှေတစင်းယူပြီး မြောက်ဥက္ကလာကို လှော်တက်ခဲ့ပါတယ်။ ရေတက်မို့ လှေကလေးက တရိပ်ရိပ် ပြေးလွှားနေပါတယ်။ လေပြင်းကြောင့် ကမ်းဘေးက လမုပင်တို့ ယိမ်းထိုးနေ။ လှေဝမ်းလေးထဲက တောင်းထဲမှာ မီးမောင်းစာစောင်တချို့ ဝှက်ယူလာခဲ့။ သမ္ဘာန်တချို့ ရွက်လွှင့် သွားကြ။ ကျွန်တော်လည်း တေးတကြော်ကြော်နဲ့ အသံပေးလိုက်သေး။ ချောင်အကွေ့မှာ ယဲတွေ ပွက်ပွက်ထနေ။

မြောက်ဥက္ကလာဘက်ကမ်း နွယ်နီလမ်းထိပ်မှာ ရှိတဲ့ ပိုက်တဲမှာ လှေချည်ပြီး ကိုလှမြင့်ဆီ သွားတယ်။ စာစောင်တချို့ အပေးအယူလုပ်ပြီး ပြန်လာ။ ရေက မကျတတ်သေး။ အဒေါ်ရဲ့ ယောက်ျားဖြစ်သူ ကိုကျော်မိုါ် (ကဗျာဆရာ နီမိုး) နဲ့ ရေစောင့်ပါတယ်။ မီးမောင်းစာစောင် သူ့ကို ပေးဖတ်လိုက်ပါတယ်။ သူက အတော်သဘောကျပြီး စာစောင်ကို တောင်းပါတယ်။ ကျွန်တော်က မပေးနိုင်ကြောင်း စောင့်ယူသွားမှာ ဖြစ်လို့ မြန်မြန်ဖတ်စေချင်ကြောင်း ပြောပါတယ်။ မရ။ ကျွန်တော်က သူ့ကို ကတိတခု တောင်းပါတယ်။ ဖတ်ပီးရင် ဖျောက်ပစ်ဖို့၊ ဘယ်သူ့မှ မပေးဖို့၊ သူက အားတက်သရော ကတိပေးပါတယ်။ ပြီးတော့ လှေကြိုးဖြုတ်ပြီး စုန်ဆင်းလာပါတယ်။ မှောင်ရီဖျိုးဖျ အိမ်ပြန်ရောက်လာပါတယ်။ စိတ်ချလက်ချနဲ့ မှိုင်းရာပြည့် အရေးအခင်းအတွက် ကိုသန်းလင်းတို့နဲ့ လျှို့ဝှက်ညှိနှိုင်း ဆောင်ရွက်ပါတယ်။

(ခ) ၁၉၇၆ ခု၊ မတ်လ ၂၃ ရက်နေ့

မနက် ၁၀ နာရီလောက် မြေနီကုန်းမှာ ကျွန်တော်တို့ သွားစောင့်နေပါတယ်။ ကိုဝင်းမြင့်(တေးရေး ဝင်းမင်းထွေး) ဦးဆောင်ပြီး ကျောင်းဘက်ကနေ ချီတက်လာပါ တယ်။ သူက ဆံပင်အရှည်ကြီးနဲ့ပါ။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြလာတာကို ဘေးက လူထုကြီးက လက်ခုပ်တီး အားပေးပါတယ်။ လမ်းမှာ အနှောင့်အယှက်တော့ မတွေ့ သေးပါ။ ဆရာကြီး ဂူဗိမာန်ရှေ့မှာ အားလုံး ငြိမ်သက်စွာ အလေးပြုပြီး ထိုင်လိုက်ကြပါတယ်။ ကိုမှိုင်းက ဆရာကြီးရဲ့ ကဗျာကို ရွတ်ဆိုပါတယ်။ စစ်တပ်က ရန်ကုန်ဘက် ဆက်ချီမတက်နိုင် အောင် ဆက်သွယ်ရေးတပ်ဘက်က ပိတ်ထားပါတယ်။ ကိုမှိုင်းစကားပြောအပြီး စစ်ကားအစုတ် တစီး ကျွန်တော်တို့ လူအုပ်ထဲကို မောင်းဝင်လာပါတယ်။ ပစ်လို့ကောင်းအောင် မီးရှို့ခိုင်းတဲ့ သဘောပါ။ ကျွန်တော်တို့လည်း အချင်းချင်း ထိန်းပြီး စစ်ကားကို မောင်းသွားဖို့ လမ်းရှင်းပေး လိုက်ပါတယ်။ နောက် ကိုမှိုင်းတို့ ဦးဆောင်ပြီး ကျောင်းဘက် ပြန်ချီတက်သွားကြတယ်။ ကျွန်တော်တို့ နောက်ချန်နေခဲ့ပါတယ်။

၂၃ ရက် ည ၈ နာရီသတင်းမှာ (၂၃?) ကျောင်းသားဆိုး ၃ ဦးအား ဖမ်းဆီးရမိကြောင်း ကြေညာ ပါတယ်။ နောက်မနက် သတင်းစာတွေမှာ ကိုမှိုင်း၊ ကိုဝင်းမြင့်၊ ကိုသန်းလင်းတို့ ဆံပင်ရှည်ကြီး တွေနဲ့ ဖော်ပြပါတယ်။ ကျွန်တော်တို့လည်း ခဏ အိမ်ကရှောင်နေလိုက်ပါတယ်။ အခြေအနေ မထူးမှ ပြန်နေပါတယ်။

(ဂ) ဇွန်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့

ဇွန်လ၇ဲ့ မိုးရေတွေနဲ့ အတူ ကျောင်းတွေ ပြန်ဖွင့်ပါတယ်။ ကောင်းကင်မှာ မိုးသားမိုးရိပ်တွေ တဖျတ်ဖျတ်နဲ့ ရွေ့လျားလို့။ သမီးက ကျောင်းစတက်မှာမို့ ပွေ့ချီပြီး ကျောင်းဝင်ပို့ပါတယ်။ သမီးကို စာတွေ တတ်အောင်သင်ဖို့ မုန့်ဖိုးပေး ချော့မြှူပြီး ဆရာမဆီ အပ်ခဲ့ပါတယ်။ရုံးသွားဖို့ ကားဂိတ်ကိုလာတော့ ဖိနပ် ပြတ်သွားပါတယ်။ နီးစပ်ရာဆိုင်က ဖိနပ်အသစ်ဝယ်ပြီး စီးလိုက်ပါတယ်။ ကားက တရိပ်ရိပ် ပြေးလွှားနေပေမယ့် စိတ်က သမီးဆီမှာပါ။

ရုံးရောက်တော့ လုပ်စရာရှိတာ လုပ်ရင်းနေ့လည်ဘက် ရောက်သွားပါတယ်။ ရုံးအုပ်က မန်နေဂျာဦးကျော်ငြိမ်းက တွေ့ချင်လို့ ကျွန်တော့်ကို လာပြောပါတယ်။ ကျွန်တော်လည်း မခေါ်စဖူး ခေါ်လို့ အံ့သြသွားပါတယ်။ ရုံးကြီးဘက်လာတော့ ဦးကျော်ငြိမ်းတယောက်ပဲ တွေ့ပါတယ်။ သူ့ရှေ့မှာ ကျွန်တော်ထိုင်တော့မှ နောက်က လူစိမ်းတွေ ဝိုင်းလိုက်ပါတယ်။

ဦးကျော်ငြိမ်းက သူတို့က ခင်ဗျားကို တွေ့ချင်လို့တဲ့။ ကျွန်တော်လည်း လူစိမ်းတွေကို လေ့လာကြည့်တော့ စစ်ထောက်လှမ်းရေးတွေပါ။ ကျွန်တော့်ကို သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောပါတယ်။ ဘာကိစ္စလဲ မေးတော့ ဘာမှ မပြောပါ။ ကျွန်တော့် စပွဲကို ရှာကြတယ်။ ဘာမှ မတွေ့။ ရုံးဝန်ထမ်းတွေလည်း စိတ်မကောင်းစွာနဲ့ ဝိုင်းကြည့်နေကြတယ်။ ကျွန်တော်က လျှပ်တပြက်နဲ့ ကိုစိန်ဆီကို ဖုံးဆက်ဖို့ ကြိုးစားတယ်။ သူတို့က တားပါတယ်။ ဘယ်ဆီဆက်မလို့လဲ မေးတော့ ကျွန်တော့်မိသားစုဆီ အကြောင်းကြားမှာလို့ ပြောတော့ မဆက်ပါနဲ့တဲ့။ နောက် သူတို့ ခေါ်တဲ့ ကားထဲကို ဝင်လိုက်ရပါတယ်။

မောင်းထွက်ပြီး မကြာခင် ရှေ့ ကထိုင်နေတဲ့သူက ခင်ဗျား မြောက်ဥက္ကလာက ကျော်စိုးဆိုတာ သိလားလို့ လှမ်းမေးပါတယ်။ ကျွန်တော်က မသိကြောင်း ဖြေတယ်။ လက်သီးနဲ့ လှမ်းထိုးပါ တယ်။ အလစ်ငိုက် ထိသွားပြီး နှခေါင်းက သွေးတွေ ကျလာပါတယ်။ ထပ်မေးတယ်။ မသိဘူးလို့ ပြောတယ်။ မြောက်ဥက္ကလာမှာ ပိုက်ထောင်နေတဲ့ မင်းကြီးတော် ယောက်ျားလေလို့ ပြောပါတယ်။

ကျွန်တော်က ကျော်စိုး မဟုတ်ဘူး ကျော်မိုးလို့ ပြောလိုက်တော့ ဟုတ်တယ် ကျော်မိုးတဲ့။ မင်း သူ့ကို ဘာပေးထားလဲလို့ ထပ်မေးတယ်။ ကျွန်တော်က ဘာမှ မပေးဘူးလို့ ပြောပါတယ်။ အေး တွေ့မယ် ဆိုပြီး ကားက ဘောင်ဒရီ စစ်ဘားတိုက်တခုမှာ ရပ်လိုက်တယ်။ ဘားတိုက်ထဲ ခေါ်လာပြီး ဝိုင်းထိုး ဝိုင်းကန် လုပ်ကြတယ်။ ကျွန်တော်က ငြင်းတယ်။

အရာရှိတယောက်က ဒီကောင့်ကို ပဲခူးပို့လိုက်လို့ အမိန့်ပေးပါတယ်။ ကျွန်တော့်ကို ကားတစီ ပြောင်းပြီး ဘေးက ဘော်ဒီဂတ်တွေ ဝိုင်းထိုင်ပြီး သေနတ်တွေ ထုတ်ပြပါတယ်။ ကားမောင်း ထွက်လာတယ်။ ကုက္ကိုင်းနားရောက်တော့ မင်းအိမ်သွားတဲ့လမ်း ပြလို့ ပြောပါတယ်။ ကျွန်တော်လည်း ဝမ်းသာပြီး ကွေ့ကောက် မောင်းခိုင်းတယ်။ သူတို့ မောင်းတယ်။ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့် ၇ဲဘော်တွေကို ကာကွယ်ဖို့ သူတို့ အလစ်အငိုက်မှာ ထွက်ပြေးမယ်။ သူတို့ လမ်းမကျွမ်းကျင်ကျင်တာ ကျွန်တော့်အတွက် အခွင့်လမ်း မဟုတ်လား။

အိမ်နဲ့ မလှမ်းမကမ်းမှာ ကားကို ရပ်လိုက်ပါတယ်။ ရှေ့က နှစ်ယောက်က ပြည်သူ့ ကောင်စီကို သွားခေါ်ပါတယ်။ နောက်နှစ်ယောက်က ကျွန်တော့် လက်နှစ်ဖက်ကို ချုပ်ထားပါတယ်။ ပြည်သူ့ ကောင်စီတွေလာတော့ ကျွန်တော့်ကို ကားပေါ်က တွဲပြီး ဆင်းပါတယ်။ အိမ်ပေါ်အတက်မှာ သူတို့ လက်ထဲက ရုန်းပြီး ထွက်ပြေးပါတယ်။ ဟေ့ကောင် မပြေးနဲ့လို့ အော်သံ၊ ရုန်းရင်ဆန်ခတ် လှုပ်ရှားသံတွေ နောက်မှာ ချန်ခဲ့ပြီး အိမ်နောက်ဘက်ပြေး၊ ခေါင်းရင်းဘက်လာ၊ ခြံစည်းရိုးကျော်၊ နောက်ဖေးလမ်းကြားမှ အိမ်တအိမ်ထဲ လှိမ့်ဝင်။ အဲဒီအိမ်က အံ့အားသင့်နေ။  ပြီးမှ ကျွန်တော့်ကို ခေါ်ပြီး ကုတင်အောက် ဝင်ပုန်းခိုင်း။ ရပ်ကွက်ထဲမှာ ဆူညံ အော်ဟစ်သံတွေ ကြားနေရ။ ကျွန်တော်လည်း ကုတင်အောက်က ပြန်ထွက်ပြီး အိမ်ရှင်ကို နှုတ်ဆက်ကာ ဆူညံ သံတွေရဲ့ ဆူညံသံတွေရဲ့ ဆန့်ကျင်ဘက်ကို ပြေးဆင်းခဲ့တယ်။

 ငမိုးရိပ်ချောင်းက ရေကျစ ပြုပြီ။ ဒိုင်ဗင်ထိုးချပြီး အားကုန် ကူးလိုက်တယ်။ ဟိုဘက်ကမ်း ရောက်ပြီး ခြုံဖုတ်ထဲ လှိမ့်ဝင်။ မိုးက ရွာချလာတယ်။ ထောက်လှမ်းရေးတွေ ပြေးဆင်းလာတာ မြင်နေရ။ နောက် သူတို့ ပြန်တက်သွားကြတယ်။

မှောင်စပျိုးတော့ တိုးကြောင်ကြီးရွာဘက်ကမ်းရှိတဲ့ လယ်ထဲမှာ ခွင့်ပန်ပြီး နားခိုလိုက်တယ်။ တဲရှင်ကလည်း ရင်းနှီးသူမို့ အဖြစ်မှန်ကို ပြောပြလိုက်တယ်။ သူက အဝတ်အစားတွေ ထုတ်ပေး၊ ထမင်းကျွေး။ ညဘက် သတ်ထားပြီး အိပ်ရတယ်။ မနက်ကျတော့် အိမ်ကို ခယ်မ တယောက်ကို လွှတ်ပြီး စုံစမ်းကြည့်တော့ မနေ့က ကျွန်တော်ထွက်ပြေးခိုက် ကိုစိန်ရောက်လာ လို့ ကိုစိန်ကို ဖမ်းသွားကြောင်း သိရတယ်။ ကျွန်တော် အတော်စိတ်ပူသွားပါတယ်။ သူ့ဆီမှာ ကျွန်တော်ပေးထားတဲ့ Diagram တွေ ရှိတယ်လေ။ ဒီ Diagram တွေ ရသွားရင် အကုန် ကျကုန်မှာ။ ကျွန်တော်လည်း နေလို့ မဖြစ်တော့။ ကျွန်တော်ရဲ့ အဝတ်အစား၊ မှတ်ပုံတင်၊ ငွေ ဇနီးဆီက လျှို့ဝှက်တောင်းယူရတယ်။

နောက်ညမှာ ညီတယောက်က လှေနဲ့ ငမိုးရိပ်ကို စုန်ဆင်းပြီး သုဝဏ္ဏကို လိုက်ပို့ပါတယ်။ လမ်းမှာ ငမိုးရိပ်တံတား အစောင့်စစ်သားတွေက လှေကို ကပ်ခိုင်းနေလို့ တံငါသည်တွေ ဖြစ်ကြောင်း၊ ရေမမီလို့ အမြန်သွားရမှာ ဖြစ်ကြောင်း လှမ်းအော်ရပါတယ်။ နောက်မှ .. သွားသွား ဆိုလို့ စိတ်အေးပြီး အမြန်လှော်ဆင်းခဲ့ရတယ်။ ညက မှောင်မဲလို့။ ယောက်ကော်ဝဲက တဟဲဟဲမြည်လို့။ သုဝဏ္ဏတဘက်ကမ်း အဘိုးရဲ့ တဲရောက်မှ ကိုကျော်မိုး အဖမ်းခံရကြောင်း သိရပါတယ်။

မနက် ဝေလီဝေလင်း ထပြီး သုဝဏ္ဏက ကားစီး၊ ပန်းဆိုးတန်း ဆိပ်ကမ်းဆင်း၊ ဒလဘက်ကို ကူး၊ တွံတေးကို ကားစီး၊ ၉ နာရီလောက် ဓနုဖြူသင်္ဘောရောက်လာ၊ ဓနုဖြူကို ညဘက်ရောက်။ မနက်ဖက် ဓနုဖြူနဲ့ ၆ မိုင်လောက်ဝေးတဲ့ ခနောင်ရိုက်ရွာကို ကားစီး။ ရွာမှာ ကိုကျော်နိုင် (ကဗျာဆရာထူးမြတ်) နဲ့ အဆင်သင့်တွေ့။ အကျိုးအကြောင်း ပြောပြပြီး ပုန်းခိုနေ။ သူကလည်း အားတက်သရော ကူညီပါတယ်။ ပြီးတော့ အဲဒီရွာကို ကြိုတင်ပို့ပြီး မြှုပ်နှံထားတဲ့ ကိုဇော်ကြီးကို ရန်ကုန်အခြေအနေ လေ့လာဖို့ လွှတ်လိုက်ပါတယ်။ အဖမ်းမခံရသေးတဲ့ ရဲဘော်များ ရှောင်နေ ဖို့လည်း မှာလိုက်ပါတယ်။

ကိုဇော်ကြီး ပြန်လာတော့ ကိုစိန့်အိမ်က Diagram ရသွားလို့ အဖမ်းအဆီးတွေ ရှိနေကြောင်း၊ ကျွန်တော့်အိမ်နဲ့ ကျွန်တော့် မိဘအိမ်တွေကို အစောင့်တွေ ဆက်ချထားကြောင်း၊ ဇနီးကို ခဏခဏ ခေါ်စစ်နေကြောင်း၊ ကျွန်တော့်ညီနှစ်ယောက်ကို ဖမ်းထားကြောင်း သိရပါတယ်။ ကျွန်တော့ ယောက်ဖတော်သူကလည်း လျှို့ဝှက်တွေ့ချင်ကြောင်း ပြောပါတယ်။ ကျွန်တော်နဲ့ ဇော်ကြီးလည်း သတိနဲ့ နေရပါတယ်။

ဇွန်လကုန်လောက်မှာ ဟင်္သတ၊ သာရဝေါမှတဆင့် ကိုမြအေးနေတဲ့ ခမုံဆိပ်ရွာကို ကားတတန်၊ ရေတတန်၊ ရထားတတန်နဲ့ လာခဲ့ပါတယ်။ ရောက်ရောက်ချင်း ကိုမြအေးညီ ကိုအောင်မြင့်က သူ့အစ်ကို အဖမ်းခံရလို့ အမြန်ပြန်ဖို့ ပြောတာနဲ့ သာရဝေါကို ရထားလမ်းအတိုင်း ပြန်ပြေးရပါတယ်။ ည မှောင်မဲမဲ သဲသဲကွဲကွဲမရှိ။ ဘူတာရောက်တော့ ဟင်္သတဘက်ကမ်းကူးဖို့ မဖြစ်တာနဲ့ ခရီသည် အချို့နဲ့ ရောနှောနေလိုက်ရပါတယ်။ ပတ္တရောင်၇ဲတွေ လာမေးတော့ ခရီးသည်တွေပါလို့ ပြောရတယ်။

မနက်ကျတော့ ဟင်္သတဘက်ကမ်းကူး။ တည်းခိုတဲ့ ရွာမရောက်ခင် ဆင်းပြီး အခြေအနေ စုံစမ်းရသေးတယ်။ အေးဆေးတယ် ဆိုမှ အိမ်ထဲ ဝင်ခဲ့ပါတယ်။ ကိုကျော်နိုင့်အမေက ကျွန်တော့်အတွက် စိတ်ပူလို့ နေတယ်။ ကိုကျော်နိုင်နဲ့ တိုင်ပင်ပြီး ဝပ်ကျင်းထပ်ပြောင်းဖို့ ပြောတော့ နောက်တပတ်လောက်ကြာရင် ကရင်ရွာတရွာ ထပ်ပြောင်းမယ် ပြောပါတယ်။

(ဃ) ဇူလိုင် ၄ ရက်

မနက် ၁၀ နာရီလောက် မလှမ်းမကမ်း မကမ်းမှာ ရှိတဲ့ ကျေူရွာလူကြီး ကိုစိုးမြင့်အိမ်မှာ ကားတစီး ဆိုက်ထားတယ်။ လူစိမ်းတွေလည်း  အရပ်ဝတ်တွေနဲ့ အိမ်ထဲ ဝင်သွားတယ်။ ကျွန်တော်က ကိုကျော်နိုင်ကို မေးတော့ ဘဏ်ငွေလာထုတ်ပေးတာလို့ ထင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်ကတော့ စိုးရိမ်စိတ် ဝင်နေခဲ့ပါတယ်။

နောက်တချက် ထူးခြားတာက ဓနုဖြူ-ဟင်္သတကားလမ်းမှာ ကားတွေ မသွားတာ အတော်ကြာခဲ့ပြီ။ ကျွန်တော်လည်း ကိုစိုးမြင့်အိမ်ကို အကဲခတ် ကြည့်နေပါတယ်။ မကြာပါ။ ကိုစိုးမြင့်အိမ်က လူစိမ်းတွေ ကားလမ်းအတိုင်း လျှောက်လာကြပါတယ်။ ကျွန်တော်တို့ အိမ်ရှေ့လည်း ရောက်ရော ပြေးဝင်လာကြပါတယ်။ ကျွန်တော်လည်း အိမ်နောက်ဖက်ပြေးပြီး ချောင်းထဲခုန်ခပြီး ကူးပြေးပါတယ်။

တဘက်ကမ်းရောက်ခါနီးမှာ ရဲတွေက သေနတ်တွေနဲ့ ချိန်ထားပါတယ်။ အိမ်ဘက်မှာလည်း ထောက်လှမ်းရေးတွေက သေနတ်တွေနဲ့ ချိန်ထားပါပြီ။ ကျွန်တော့်ကို အိမ်ဘက်ပြန်ကူးလာဘို့ လှမ်းခေါ်ပါတယ်။ ကျွန်တော်လည်း မတတ်သာတဲ့အဆုံး ပြန်ကူးလာရပါတယ်။ ကမ်းနားမှာဘဲ ကျွန်တော့်ကို လက်ထိပ်နောက်ပြန် ခတ်လိုက်ပါတယ်။ အိမ်ထဲမှာ ကိုကျော်နိုင်ကိုပါ လက်ထိပ် ခတ် ဖမ်းထားလို့ ကျွန်တော်က သူနဲ့ ဘာမှ မဆိုင်ကြောင်း။ အမေအိုကြီးကို လုပ်ကျွေး နေတာ ဖြစ်လို့ လွှတ်ပေးဖို့ မနည်း ပြောရပါတယ်။ မလွှတ်ချင် လွှတ်ချင်နဲ့ လက်ထိပ် ဖြုတ်လိုက်ပါ တယ်။ ကျွန်တော်နဲ့ မရှေးမနှောင်းမှာပဲ ကိုဇော်ကြီးကို ဖမ်းခေါ်လာပါတယ်။ တယောက် ယောက်က ကျွန်တော်တို့ နှစ်ယောက်ရှိရာ သတင်းပေးလိုက်တာပဲ ဖြစ်မှာပါ။

ကိုဇော်ကြီးနဲ့ ကျွန်တော့်ကို လက်ထိပ်တွဲခတ်လိုက်ပြီး ကျွန်တော့်ကို သံကြိုးနဲ့ ထပ်ချီပြီး ဆွဲထားပါတယ်။ ရန်ကုန်က ထွက်ပြေးလွတ်မြောက်လာသူမို့ အလွတ်မပေးတော့ပါဘူး။ ကားပေါ်တင်ပြီး ဓနုဖြူအချုပ်ထဲ ထည့်လိုက်ပါတယ်။ ညအိပ်။ နောက်မနက်မှာ သင်္ဘောနဲ့ မအူပင်အချုပ်ကို ပို့ပါတယ်။ သင်္ဘောပေါ်မှာ လက်ထိပ်တွဲခတ်၊ သံကြိုးနဲ့ သံတိုင်မှာ ချည်ထား ပြီး ခရီးသည်တွေနဲ့ စကားပြောခွင့် မပြုပါဘူး။ ခရီးသည်တွေက စားစရာတွေ လာပေးကြပါ တယ်။ အပေါ့အပါးသွားဖို့ ကျွန်တော်ပြောရင် တော်တော်နဲ့ မပို့ပါဘူး။ မတတ်သာလို့ ပို့ရင်လည်း ထွက်ပြေးမှာ စိုးလို့ သေနတ်နဲ့ ချိန်၊ သံကြိုးတွေ ဆွဲထားတာမျိုး လုပ်ပါတယ်။ မအူပင် အချုပ်မှာ ထည့်ထားပြီး ပုသိမ်ထောက်လှမ်းရေးက စစ်ကြောရေး လာလုပ်ပါတယ်။ နောက်မနက်မှာ ရန်ကုန်ကို ဆက်ပို့ပါတယ်။ ညဘက်ရောက်ပါတယ်။ အစောင့်တွေ အများကြီးချထားပြီး လာခေါ်တာပါ။ ခရီးသည်တွေ အထိတ်တလန့် ဖြစ်ကြရသေးတယ်။

အင်းစိန်ထောင် သီးသန့် စစ်ကြောရေးဝင်းထဲကို ည ၁၀ နာ၇ီလောက် ရောက်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခွဲလိုက်ပြီး ကျွန်တော့်ကို အလယ်အိမ်ကို ခေါ်လာပါတယ်။ လက်ထိပ်ဖြုတ်လိုက်ပါတယ်။ ကုလားထိုင်မှာ ထိုင်ခိုင်းပါတယ်။ 'C' မိလာပြီ ဆိုပြီး စစ်ကြောရေး ဝင်နေတဲ့ ထောက်လှမ်းရေးတွေ အားလုံးကို ခေါ်လိုက်ပါတယ်။ ကျွန်တော့်ကို အားလုံး ဝိုင်းလိုက်ပါတယ်။ ကျွန်တော့်ရှေ့  စပွဲမှာ ဗိုလ်မှူးသိန်းတိုး လာထိုင်ပါတယ်။ ကျွန်တော့်ကို စူးစိုက်ကြည့်ပြီး  Diagram တွေ ထုတ်ပြပါတယ်။ မင်းရေးထားတာလားလို့ မေးပါတယ်။ ကျွန်တော်က ခေါင်းညိတ် လိုက်တယ်။ နောက် စည်းရုံးထားတာတွေ ပြောလို့ မေးပါတယ်။ ကျွန်တော်က မရှိဘူးပြောလို့ ဗိုလ်မျူးသိန်းတိုးက ဆောင့်ကန်ပါတယ်။

ကျွန်တော် ကုလားထိုင်နဲ့ နောက်ပြန် လဲကျသွားခိုက်မှာ နောက်လူတွေက ဝိုင်းရိုက် ဝိုင်းကန် လုပ်ကြပါတယ်။ ဘယ်လောက်နှိပ်စက်ကြသလဲ ကျွန်တော် မသိတော့ပါ။ ကျွန်တော် သတိရတော့ အဝတ်ဗလာနဲ့ ခြောက်တိုက် ၂ ခန်းထဲ ရောက်နေပြီ။

တကိုယ်လုံး သွေးအလိမ်းလိမ်း နဲ့ပါ။ ဖျာလည်းမရှိ။ သောက်ရေအိုးလည်း မတွေ့။ အမှောင်တိုက်မို့ အလင်းရောင် မသဲကွဲ။ ချောင်းကြည့်ပေါက်ကလေးကတော့ တခါတခါ လာချောင်းကြည့်တာ တွေ့ရပါတယ်။ ကျွန်တော်က ရေပေးဖို့ အဝတ်အစားပေးဖို့ လှမ်းပြော ပေမယ့် ဘာမှ တုန့်ပြန်တာ မရှိပါ။ ညကျ စောင်အုပ်ပြီး ပြန်ထုတ်တယ်။ ထပ်မေးတယ်။ ရိုက်ကြပြန်တယ်။ တိုက်ထဲ ဘယ်အချိန် ပြန်ရောက်မှန်းမသိ။ ဘာမှ မထူးတော့မှ ရေနည်းနည်း ထမင်းနည်းနည်း တိုက်ကျွေးပါတယ်။

သူတို့ လက်ထဲက လွတ်သွားလို့ အရေးယူခံရတဲ့ ရန်ကုန် စစ်ထောက်လှမ်းရေးအုပ်စုက သီးသန့် လာရိုက်ကြပါသေးတယ်။


တရက်တော့ နောက်ဘက်က A1 B2 C3 မော့်စ်ရိုက်ဖို့ လှမ်းအော်ပါတယ်။ ပြီးတော့ (၃) ခန်းက အချက်ပေးသံ ကြားပါတယ်။ ကျွန်တော် သဘောပေါက်သွားပါတယ်။ W ကို ၂၃ ချက်၊ H ကို ရှစ်ချက်၊ O ကို ၁၉ ချက် ရိုက်လိုက်တော့ (၃)ခန်းက ကိုထွန်းအောင်ကျော် ဖြစ်နေတယ်။ (၁) ခန်းက ကို မြအေး ဖြစ်နေတယ်။ ခု ပုံစံနဲ့ အမှုအခြေအနေ အပြန်အလှန် မေးမြန်းနိုင်ခဲ့ တယ်။

သြဂုတ်လ ၈ ရက် ည ၈ နာရီ သတင်း။

တိုက်ရုံးက ရေဒီယို ဖွင့်သံ ကြားနေရတယ်။ အာရုံစိုက် နားထောင်ကြည့်တော့ ဗိုလ်မှူးချုပ်ကျော်ဇော၊ သား အောင်ကျော်ဇော၊ နဲ့ သမီး ဒေါက်တာလှကျော်ဇော တို့ကို အလိုရှိကြောင်း ကြေငြာနေပါတယ်။ အနွယ် ၅၁ ဦးကိုလည်း ဖမ်းဆီးရမိခြင်းလို့ ထပ်ကြေငြာပါတယ်။ မှိုင်းရာပြည့်လှုပ်၇ှားမှု၊ တရားမဝင် မီးမောင်းစာစောင် ထုတ်ဝေခဲ့ကြောင်း၊ ဦးဆောင်သူတွေကတော့ ကျော်ဇောဦး၊ ထွန်းအောင်ကျော်(ခ)မျိုးထွန်း(ကျွန်းပြန်)၊ မြအေး(ခ) မောင်အေး(ကျွန်းပြန်)၊ မောင်စိန်၊ မောင်မောင်အေး(ခ)ဗေဒါ(ခ)ကျော်ဇော(ခ)သန့်ဇင် တို့ ပါရှိပါတယ်။ မကြာပါ။ ဝါဒါဦးသူငယ် တံခါးလာဖွင့်ပြီး မင်းတို့တော့ ဒုက္ခပဲ ကြေငြာသွားပြီ၊ သေဒဏ်ပဲလို့ လာပြောပါတယ်။ ကျွန်တော်က ဘာတတ်နိုင်မှာလဲ အဘရယ်လို့ ပြောလိုက်ပါတယ်။ သူလည်း စိတ်မကောင်းစွာနဲ့ ပြန်သွားပါတယ်။

ဇွန်လ ၂၆ ရက်နေ့က ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကြိုးပေးခံရတာ နောက်မှ သိရပါတယ်။ စစ်ခုံရုံးတွေက လက်သံပြောင်ပြောင်နဲ့ အပြစ်ပေးနေတဲ့ အချိန်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ခေါင်းက ဆံပင်တွေလည်း ချွေးတွေနဲ့ ညစ်ပတ်နံစောပြီး ရှည်လျားနေပါတယ်။ နှုတ်ခမ်းမွေးတွေကလည်း ရှည်လို့။ ပုဆိုးကလည်း တထည်တည်းမို့ လျှော်စရာမရှိ (ပုဆိုးက စုတ်နေလို့ အဖျားတွေကို လုံးချီထားရပါတယ်) စွပ်ကျယ်လက်ပြတ်ကလေးကလည်း ရိုက်ထားလို့ စုတ်ပြတ်နေပြီး၊ ကိုယ့်အနံ့နဲ့ ကိုယ်ယဉ်နေ ပေမယ့် မိလ္လယ လာချတဲ့ အပြာဝတ် အမြဲဆင်းတွေဆို နှခေါင်းရှုံ့ကြပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့မှာ ခေါင်းညှပ်ပြီး ရေချိုးပေးပါတယ်။ ကိုယ်လုံးတီး ချိုးရပြီး ပုဆိုးစုတ် စွပ်ကျယ်စုတ်လေးကို ပွတ်လျှော်ပြီး အခန်းထဲမှာ ဖြစ်သလို ခြောက်အောင်လုပ်ပြီးမှ ပြန်ဝတ်ရပါတယ်။

သြဂုတ်လ ၂၄ ရက်ကျတော့ ကျနော်တို့ အားလုံးကို စောင်တွေ အုပ်ပြီး ထောင်ဗူးဝကို ခေါ်ထုတ်ပြီး စစ်ခုံရုံးက အမိန့်ချပါတယ်။ ကြည်း၊ ရေ၊ လေ ဗိုလ်မှူး ၃ ယောက်က အပြစ်ရှိလား မေးပြီး ထောင်ချတာပါ။ အားလုံး အပြစ်ရှိတယ် ပြောကြပါတယ်။ ကျွန်တော်ကတော့ ငြိမ်းချမ်းရေး လိုချင်လို့လို့ ပြောလိုက်ပါတယ်။

ပုဒ်မ ၅ (ဂ)၊ ၅ (ည) နှစ်ခုပါ။ တခုကို ၇ နှစ်စီနဲ့ တပေါင်းတည်း ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ် အုပ်စု သုံးခုခွဲပြီး ချပါတယ်။ ကိုစိန်ကိုတော့ မှိုင်းရာပြည့်အတွက် ၉ နှစ် ချထားပြီးပါပြီ။ အမိန့်ချပြီးတော့ ကျွန်တော်တို့ ဝမ်းသာသွားပါတယ်။ ဘာလို့လဲဆိုတော့ သေဒဏ်ချမယ်လို့ ထင်ထားလို့ပါ။ ရဲဘော်တွေက ပုဆိုးစုတ်၊ စွပ်ကျယ်စုတ်လေးနဲ့ ကျွန်တော့်ကို တွေ့ရတော့ ကရုဏာသက်နေကြပါတယ်။ ၃ ပုံ ၂ ပုံနီးပါးဟာ ကျွန်တော်နဲ့ ပတ်သက်တဲ့ ရဲဘော်တွေမို့ စိတ်မကောင်း ဖြစ်ရပါတယ်။

မီးမောင်းစာစောင်နဲ့ ပတ်သက်ပြီး ထောင်ကျသူများ စာရင်း။

သြဂုတ်လ ၂၄ ရက် စစ်ခုံရုံးအမှတ် (၂)မှ ပုဒ်မ ၅ (ည)၊ ၅ (ဂ) နဲ့ ချမှတ်သော ပြစ်ဒဏ်များ။

၁။ ကိုထွန်းအောင်ကျော်     ၉ နှစ်  (ပြန်လွတ်ပြီး တောခို။ ၃၊ ၉၊ ၂၁၀၀ ကွယ်လွန်)
၂။ ကိုမြအေး                     ၉ နှစ် (ယခု NLD)
၃။ ကိုမောင်စိန်                  ၉ နှစ် (မြောက်ပိုင်း ABSDF မှာ အသတ်ခံရ)
၎။ ကိုမောင်မောင်အေး(ခ)ဗေဒါ  ၉ နှစ် (နဝတ၊ နအဖ ထောင် ၂ခါကျ)
၅။ ဒေါက်တာ လှမြင့်                 ၉ နှစ်
၆။ ကိုထွန်းကြည်                 ၉နှစ်
၇။ ကိုဇော်ကြီး                     ၇ နှစ်
၈။ ကိုကျော်ဝင်း                   ၇ နှစ်
၉။ ကိုဟံလွင်                      ၇ နှစ်
၁၀။ ကိုစိန်ဝင်း(ခ) ကိုစိန်းမော်      ၇ နှစ်
၁၁။ ကိုစိုင်းသန်းထွန်း          ၇ နှစ်
၁၂။ ကိုစိန်ဝင်း                   ၇ နှစ်
၁၃။ ကိုရဲခိုင်                      ၇ နှစ်
၁၄။ ကိုနေဝင်း                   ၇ နှစ်
၁၅။ ကိုရန်ရှင်း                   ၇ နှစ် (ကွယ်လွန်)
ထောင်ဒဏ် (၅) နှစ် ကျသူများ
၁၆။ ကိုချစ်ဆွေ ( ၃၀၊ ၃ ၂၀၁၆ ကွယ်လွန်)               
၁၇။ ကိုတင့်လှိုင်              
၁၈။ ကိုကျော်ဟိုး            
၁၉။ ကိုမျိုးထွတ်
၂၀။ ကိုခင်ဇော်
၂၁။ ကိုအေးလူ
၂၂။ ကိုမြင့်အောင်(မြစ်ကြီးနား-လေတပ်)
၂၃။ ကိုအေးကြည်
၂၄။ ကိုသန်းထွန်း
၂၅။ ကိုမြင့်အောင်
၂၆။ ကိုကျော်မိုး
၂၇။ ကိုမောင်မောင်အေး (၂၉၊ ၈၊ ၂၀၁၁ ကွယ်လွန်)
၂၈။ ကိုအောင်ကြင် (ကွယ်လွန်)
၂၉။ ကိုအောင်ကျော်
၃၀။ ကိုတင်မောင်ဝင်း (စာရေးဆရာ လေးကိုတင်)
၃၁။ ကိုဘဆွေ
၃၂။ ကိုအောင်ညွန့်
၃၃။ ကိုဟန်စိန်

ဖမ်းဆီးခံရမှု ဖြစ်စဉ်

၁။ ကိုကျော်မိုးကို ကတိတောင်းပြီး မီးမောင်းစာစောင် ပေးခဲ့ပေမယ့် သူက တဆင့် ဦးလှနွယ်၊ ကိုကျော်လွင်၊ ဂျီတီအိုင်ကျောင်းသား ကိုကျော်စိန်ဦးဆီ ရောက်သွားပါတယ်။ မှိုင်းရာပြည့် အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုကျော်စိန်ဦးကို ဖမ်းမိတော့ မီးမောင်းစာစောင် ရသွားပါတယ်။ အဆင့်ဆင့် ဖမ်းဆီူဖော်ထုတ်ရမှ ကျွန်တော့်ဆီ လာဖမ်းတာပါ။
၂။ ကျွန်တော်က ထွက်ပြေးလွတ်မြောက်ပေမယ့် အဲဒီအချိန်မှပဲ ကိုစိန်ရောက်လာလို့ ထပ်ဖမ်းခံရပါတယ်။ (ကိုစိန်နဲ့ ကျွန်တော် တနင်းဂနွေနေ့က ချိန်းထားတာပါ။ သူမလာဖြစ်ပဲ ဖမ်းဆီးခံရတဲ့ ဗုဒ္ဓဟူးနေ့မှ သူက ရောက်လာတယ်) သူ့ဆီက Diagram တွေ ရသွားပြီး အဆင့်ဆင့် ဖမ်းဆီးခံရတာပါ။
၃။ ဓနုဖြူဘက်မှာ တတိယအကြိမ် ပြန်အဖမ်းခံရတော့ ကိုဇော်ကြီးကို ကျွန်တော် ရန်ုကုန်ပြန်လွှတ်ချိန် ပေါက်တာပါ။ ကျွန်တော်နဲ့ ကိုဇော်ကြီးတို့ နေတဲ့နေရာကို ယောက်ဖတော်သူ ကိုတင့်လှိုင်(ကဗျာဆရာနေထွန်း) သိပြီး သူအဖမ်းခံရတော့ ကျွန်တော်ဘယ်မှာလဲ အမျိုးမျိုး စစ်မေးတာရယ်၊ အိမ်ကို အစောင့်တွေ အမျိုးမျိုး ချထားတာရယ်၊ သူ့ညီမကို ထလရတွေက ခဏခဏ ခေါ်မေးတာကို မခံနိုင်လို့ ပြောလိုက်တာလို့ ထောင်ကျပြီးတွေ့တော့ ပြောပါတယ်။

သင်ခန်းစာ

၁။ အတွင်းစည်း မဟုတ်တဲ့ ကိုကျော်မိုးကို မီးမောင်းစာစောင် ပေးလိုက်မိတာ ကျွန်တော့်အမှားပါ။
၂။ ကိုစိန်က ချိန်းတဲ့နေ့မလာပဲ ဖမ်းတဲ့အချိန်မှ ရောက်လာတာလည်း ကျားရှေ့ မှောက်လျက်လဲ တာပါ။
၃။ Diagram တွေ မိသွားတာလည်း အတော်နစ်နာပါတယ်။ တဦးချင်း ရင်မဆိုင်နိုင်တော့ပါ။ အဲဒီနောက်ပိုင်း ကျွန်တော့်အနေနဲ့ ချိန်းထားတဲ့အချိန် အတိအကျ သွားတာ။ မှတ်တမ်းမှတ်ရာ ဘာမှ မရေးတော့တာ လုပ်ပါတယ်။

မီးမောင်းစာစောင်အတွက် အဖမ်းခ့ရတာ အိမ်ထောင်ဦးစီးတွေ ဖြစ်လို့ မိသားစုတွေ အတော် နစ်နာခဲ့ပါတယ်။ တချို့အိမ်ထောင်တွေ ကွဲသွားရပါတယ်။ အချိန်တွေ ပေးဆပ်ခဲ့ရတယ်။ ဘဝတွေ ပျက်ခဲ့ရတယ်။


ကိုဗေဒါ။