ဟောဒီ- မွန်းတည့်နေရိပ်-ကဗျာစာအုပ်ကလေးဟာ ၁၉၇၁ ခု၊ မတ်လမှာ စက်မှုတက္ကသိုလ်က ကဗျာစာပေ၀ါသနာရှင်တွေ ပုံနှိပ်ထုတ်ဝေလိုက်တာဖြစ်တယ်။ အဲဒီတုန်းက စက်မှုတက္ကသိုလ် ပိသုကာဌာနမှာ အချိန်ပိုင်းကထိကအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗဂျီအောင်စိုး(ဆရာဦးအောင်စိုး) က စာအုပ်မျက်နှာဖုံးကို ရေးဆွဲပေးခဲ့ပါတယ်။ ကဗျာဆရာ ၂၂ ယောက်ရဲ့ ကဗျာ ၂၂ ပုဒ် ပါဝင်ပါတယ်။
စွယ်တော်ရိပ်သို့ အလွမ်းပြေရာပြေကြောင်း မာယာမှာ ကောက်နှုတ်ဖော်ပြသွားပါမယ်။
၃။ မပြတ်သားသည့်သဘာဝ
နေ့......
ရွေ့ ရွေ့ လျားလျား၊ မိုးတိမ်များလျင်
နေအားဖုံးဖိ၊ နယ်ချဲ့ ဘိမို့
မြေ၏ရုပ်ဝါ၊ မကြည်သာခဲ့
နေရဲ့ မိစ္ဆာ၊ မှောင်ရိပ်လွှာတွေ
လွှမ်းကာအုပ်စိုးနေပေသည်။
ည.....
လကွယ်ညမို့၊ အမှောင်စို့ကာ
မှိုင်းညှို့ အတိ၊ ပိတ်ဖုံးဘိ၍
မြေ၏ရုပ်ဝါ၊ မကြည်သာခဲ့
ညရဲ့ တစ္ဆေ၊ မဲရိပ်တွေလျင်
ဖိတ်စင်ဝါးမြိုနေပေသည်။
အော်.....
နေ့လည်းမဲမဲ၊ ညမဲမဲတည့်
မှောင်မဲရိပ်သာ၊ မြေကမ္ဘာသို့
စင်ကာဖိတ်ကျ၊ စွန်းထင်းကြ၏
နေ့လားညလား၊ မကွဲပြားချေ
ဒို့အားလှည့်စားနေသည်ထင့်။ ။
မောင်ဆန်းညွန့် (ရေကျော်)
၎။ ဥယျာဉ်နှစ်ခု
သီးသန့်ဥယျာဉ်
ဝင်ခွင့်မရ၊ နေ့ညစောင့်ကြပ်
အထပ်ထပ်ပိတ်၊ သော့ချိတ်ဆွဲခတ်
ဆိုင်းဘုတ်ကပ်သည်
"အရပ်သားတို့မ၀င်ရ"
သည်ဥယျာဉ်တွင်း၊ နှင်းဆီသစ်ခွ
ဒေသမျိုးစုံ၊ နိုင်ငံစုံမှ
မှာယူရသည့်၊ ပန်းလှပန်းအိ
မျိုးစုံရှိသည်၊ တွယ်ငြိမက်မောစရာပေ။
ကျန်ဥယျာဉ်ကား၊ တံခါးမရှိ
ဓါးမရှိပင်၊ ၀င်နိုင်ထွက်နိုင်
နေနားနိုင်၏၊ ထိုင်နေအိပ်နေ
အရိပ်ဝေရန်၊ ရေကန်ပတ်ဝိုင်း
ပဒိုင်းပင်များ၊ စိုက်ပျိုးထား၏
မြသားရွက်ဆင့်၊ ပဒိုင်းပွင့်တွေ
ချွေယူပန်ကြ၊ ကြည်နူးကြလေ
အပန်းဖြေရန်၊ လူနေရပ်ကွက်ဘုံဥယျာဉ်။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
၅။ ပုံပြင်မဟုတ်ပါ
နေခြည်အဖွင့်၊ လေအသင့်မှာ
လန်းစွင့်နေသည့် ကံ့ကော်ပွင့်။
နေခြည်ညှိုး၍၊ မိုးသားမိုးခဲ
ထူထဲပြည့်ညှပ်၊ ထပ်ထပ်ထစ်ချုန်း
ပြုန်းပြုန်းပြက်ပြက်
မိုးသက်မုန်တိုင်းကျပြီးသော်။
ဖြူစင်လန်းဆန်း
ကံ့ကော်ပန်းသည်၊ စိန်ပန်းပွင့်နီ
ပြောင်းသွားသည်ကို၊ မျက်ရည်သွယ်ကျ
ရင်ဖိုလှစွာ၊ မြင်ရလိုက်စဉ်။
ကြမ်းတမ်းမဲပြာ၊ ပုဝါကိုသုံး
မျက်လုံးစုံကို၊ ဗြုန်းဆိုချက်ချင်း
အတင်းပိတ်လိုက်၊ ထိုအခိုက်မှာ
မူးမိုက်ဝေဖြာ
ကမ္ဘာအမှောင်ဖုံးသွားသည်။ ။
မောရူးဆိုး
၁၄။ ကွက်လပ်ဖြည့်ပါ
အယ်ဇေးရှင်းကြီး၊ ၀ဖီးစေရန်
စိတ်ရည်သန်၍၊ ချိန်မှန်နေ့စဉ်
မွေးသုတ်သင်ကာ၊ စင်ကြယ်သန့်ရှင်း
နို့ပုလင်းနှင့်၊ ထမင်းထောပတ်
ပေါင်မုန့်ဖတ်တို့၊ မပြတ်လပ်ရန်
စီမံဆောင်ရွက်နေကြစဉ်။
နောက်ဖေးခန်းမှ၊ အိမ်ဖော်မသည်
အဟာရပြတ်၊ ပိန်လိန်ကပ်၍
မတ်တပ်မှလဲ၊ အိပ်ယာထဲဝယ်
ဆင်းရဲစွာနှင့်နေရသတည်း။ ။
ဘုန်းနွယ်လင်း
၁၉။ လူပျောက်ကြော်ငြာ
ဥပဒေကို
နုမေပျိုလှ၊ မှောင်ခိုမက
လက်တလုံးခြား၊ ပညာသားနှင့်
လှည့်စားရင်းမှ၊ ထောင်မကျလည်း
သူမကိုယ်ဝန်၊ အမှောင်ခွန်လျင်
ပိုင်ရှင်ဘယ်မှာရှာမလဲ။ ။
မောင်မှိုင်းလွင်(အင်းဝ)
No comments:
Post a Comment