Sunday, January 27, 2008

ငါမင်းကိုလွမ်းတယ်ဂျွန် (၂)
ရေးသူ-ငြိမ်းအေးအိမ်

ကျွန်တော့်မှာ 'ဂျွန်'ဟုခေါ်သော သူငယ်ချင်းတယောက် ရှိသည်။ သူနှင့်ကျွန်တော် သိကျွမ်းခဲ့သည် မှာ နှစ်ပေါင်း သုံးဆယ်ရှိပြီ။ သူနှင့်ကျွန်တော် ကွဲကွာနေခဲ့သည်မှာတော့ နှစ်ပေါင်းနှစ်ဆယ်ခန့် မကနိုင်။ သို့သော် သူ့ကို ကျွန်တော်မေ့လျော့ သွားခြင်းမရှိ။ သူ့ လက်တွင် ပတ်နေကျ အိန္ဒိယနိုင်ငံလုပ် သားရေကြိုးအနက်နှင့် ရွှေရောင်လက်ပတ်နာရီ ပြားပြားလေးကိုပင် ကျွန်တော်မှတ်မိ နေသေးတော့ သည်။
ဗမာစစ်စစ်တယောက် ဖြစ်သော်လည်း ဘုရားစူးရပါစေ့ ဗမာပါဗျာဟု ပြောရလောက်မည့် ထူးခြား သော သူ့ရုပ်ရည်ကြောင့် သော်လည်းကောင်း၊ သူ့နာမည်ကြောင့် သော်လည်းကောင်း၊ သူ့ကို ထူးခြားစွာ အမှတ်ရနေခြင်းမျိုး မဟုတ်မှန်း ကျွန်တော့်ဖာသာ သိနေသည်။



ကျွန်တော့် အမှတ်ရခြင်းမှာ အလွမ်းတို့ နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်။ သူ့ကို သတိတရ ရှိတိုင်း သူ့အညိုရောင် အသားအရေနှင့် ဖြူဖွေးသော သွားများကိုလည်းကောင်း၊ တဟားဟား ရယ်သံ သြသြကို လည်းကောင်း၊ လတ်လတ်ဆတ်ဆတ်ကြီးကို မြင်ကြားနေမိတတ်သည်။
သူသည် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တခုမှ အလွန်စာတော်သော ကျောင်းသား ဖြစ်သလို အတော့်ကို အူတူတူ အတတနိုင်သော လူထူးလူဆန်းတယောက်လည်း ဖြစ်နေပြန်သည်။
ကျွန်တော်တို့၏ လူငယ်ခေတ်သည် လမ်းသူရဲဂိုဏ်းဟုခေါ်သော ခပ်ပေပေ လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်တတ်သည့် ဓလေ့ ကုန်လုလု အချိန်လေး ဖြစ်သည်။ စိန်ဂေါ်လီဂိုဏ်း၊ ဘာဂိုဏ်းညာဂိုဏ်းတို့ ပျောက်ကွယ်စ ဖြစ်သော်လည်း စရိုက်ကြမ်းလေးများ ကျန်နေသေးသည့် အချိန်။ တရက်တွင် 'ဂျွန်'က ရေကျော်ရပ်ကွက်ရှိ သူ့သူငယ်ချင်းများထံ သွားလည်သည်။ ထိုညက ရေကျော်တွင်ပင် သူအိပ်လိုက်ရန် ဆုံးဖြတ်သည်။ ညသန်းခေါင်ခန့်တွင် ရေကျော်ရှိ သူ့သူငယ်ချင်းများက အခြားရပ်ကွက်မှ လူငယ်များနှင့် ရန်ဖြစ်ကြသည်။ ထိုအခါ ရပ်ကွက်မတူသော လူငယ်အုပ်စု နှစ်ခု သံလမ်းကူး တံတားတခုပေါ်တွင် ချိန်းရိုက်ကြရန် ပြင်ဆင်ကြသည်။ တုတ်ဓါးကိုယ်စီ ကိုင်ဆောင်ကာ သူငယ်ချင်းများက ထိုတံတားဆီ သွားကြသောအခါ ငါလည်း လိုက်မည်ဟု 'ဂျွန်'က လိုက်ပါ သွားခဲ့သည်။ ဓါတ်တိုင် မီးရောင်အောက် တွင် ဟိုဘက်အုပ်စုနှင့် သည်ဘက်အုပ်စု ရန်စောင်နေကြသည်။ အုပ်စုတခုနှင့် တခုကြား ဓါတ်တိုင် တတိုင် ကွာသည်။ သို့သော် တကယ်တန်း ခုတ်ထစ် ရိုက်နှက်သည့် ရန်ပွဲမဖြစ်ပဲ ဆဲဆိုပွဲ တခုအဖြစ်သာ ပွဲပြီး၍ ပြန်ခဲ့ကြသည်။ လမ်းတလျှောက်တွင် ကျန်သူများ အာပေါင်အာရင်းသန်သန်နှင့် ရန်ပွဲအကြောင်း ပြောဆိုနေကြသော်လည်း 'ဂျွန်'က နှုတ်ဆိပ်နေသည်။ သူ တစုံတရာကို နက်နက်နဲနဲ တွေးနေပုံရသည်။ သည့်နောက် သူက သူငယ်ချင်းဘက်ကို လှည့်ကာ မေးခွန်းတခု မေးလိုက်သည်။
"ဟေ့ကောင် လဒ..ခုနတုန်းကသာ တကယ်ရန်ဖြစ်ခဲ့ရင် မင်းကိုင်ထားတဲ့ငှက်ကြီးတောင်ဓါးကို အသွားကနေ ခုတ်မှာလား.. ဓါးပြားနဲ့ ရိုက်မှာလား..."
အမေးခံရသော လဒ ခေါ် သူငယ်ချင်းမှာ ငေါင်းစင်းစင်း ဖြစ်သွားခဲ့သည်။ ထိုမေးခွန်းအတွက် အဖြေကိုသော်လည်းကောင်း၊ ထိုမေးခွန်းမျိုးကို သော်လည်းကောင်း သူ ယောင်မှားတွေးမိထားပုံမရ။
"မင်းဆိုရင်ကော" ဟု ပြန်မေးရာ၊ တုတ် ဓါးမပြောနှင့် ငှက်တောင်မွေးတချေင်းပင် လက်ထဲ ကိုင်မသွားခဲ့သော 'ဂျွန်'ကိုယ်တိုင် ထံတွင်လည်း သူသိချင်သော ထိုအဖြေ မရှိခဲ့။
သူသည် 'ကြည်အေး' ကိုကြိုက်ပြီး၊ 'ရေဆန်လမ်း' ကို တိုက်ခိုက်ခဲ့သော သူငယ်ချင်းမျိုး ဖြစ်သည်။ သူ့ အတွေးအိမ်တို့သည် ညက်ညောပျော့ပြောင်းသလို ရှိသော်လည်း ဆုံးဖြတ်မှုတို့မှာ ဓါးသွားတခုလို ထက်မြက်မာကြောမည်မှန်း ဘယ်သူမှ ကြိုမသိခဲ့။
ကျွန်တော် ခုချိန်မှာ ဂျွန်ကို လွမ်းနေခဲ့ရပြီ။
'ဂျွန်' မိန်းမရပြီလား။ သားသမီး ပွါးစီပြီလား။ ဘယ်နေရာမှာ ဘာအလုပ်ကို လုပ်ကိုင်နေသည်လဲ။ အသက်ရှင်လျက်ကော ရှိသေးသည်လား။ ဘာဆိုဘာမှ ကျွန်တော် မသိ။ အဆက်အသွယ်မရှိ။ ကျွန်တော့်မှာ မမေ့မလျော့ခြင်းများသာ အပြည့်အသိပ် ရှိနေခဲ့သည်။
ကျွန်တော့် လွမ်းစိတ်တို့ အိပ်မက် ဖြစ်သွား၏။
အိပ်မက်ထဲတွင် ချောင်း ဟုခေါ်သော ရေစီးကြောင်း တခုရှိသည်။ ထိုရေတို့ ကြည်လဲ့၏။ ရေစီးအောက်တွင် ကျောက်စရစ်လုံး ဖြူဖြူညိုညိုလေးများ အပြည့်အသိပ် အိပ်စက်နေကြသည်။ ထို ရေစီးချောင်းလေးသို့ ရောက်ရန် ရေမရ၍ သွေ့ခြောက်နေသော အလားတူ ကျောက်တုံးပေါင်း များစွာကို နင်းကာ အတော်ကြာအောင် လျှောက်ခဲ့ကြရသေးသည်။ ထိုသို့ လျှောက်လာကြစဉ် 'ဂျွန်' က ချောင်းကျောက်ချင်း အတူတူ စိုတဲ့ကျောက်ကစို ခြောက်တဲ့ကျောက်ကခြေညက်နဲ့ သဘာဝတရားကြီး ကိုယ်တိုင်က တရားမျှတမှု မရှိဘူးဟု တွေးမနေနိုင်ကြောင်း ကျွန်တော် အာမမခံပါ။ သူသည် တရားမျှတမှုကို အရာ အားလုံးထက် ပိုချစ်တတ်သူ ဖြစ်ကြောင်းကိုတော့ ရဲရဲကြီး အာမခံပါမည်။ ထိုချောင်းကလေးသည် နယ်မြေနှစ်ခုကို ခြားထား၏။ ထိုနယ်ခြား ချောင်းလေးက သူနှင့် ကျွန်တော့်ကို ရာသက်ပန် စည်းခြား ထားမည်လား။ အိပ်မက်က ထိုအချက်ကို အတည်မပြု။ သူသည် အမြှုပ်မထွက်သော ဆပ်ပြာကို တွင်တွင်တိုက်ရင်း ရေချိုးနေသည်။ သူ့လက်က ရွှေရောင် လက်ပတ်နာရီလေးကို ချွတ်ပြီး ကျောက်တုံးလေးတတုံးပေါ် တင်ထားသည်။ ထိုနာရီသည် နေရောင်တွင် ရွှေပြောင်ပြောင် လက်နေ၏။ ထိုနာရီလေး သူ့လက်တွင် နှစ် ဘယ်လောက်ကြာအောင် နေထိုင် သွားမည်လဲ။ နာရီ ဟူသည်မှာ အချိန်ကို ကိုယ်စားပြု၏။ နာရီများက ရက်များကို စောင့်ကြပ်သည်။ ရက်များက လများ နှစ်များ ပြက္ဒဒိန်များကို စောင့်ကြပ်မည်။ အိပ်မက်သည် ကျွန်တော့်ကို သက္ကရာဇ်များနောက်ကွယ်သို့ အတင်း ပြန်တွန်းပို့၏။
ဂျွန်နှင့် ကျွန်တော်ငယ်ဘ၀သို့ ပြန်ရောက်သွားခဲ့ ပြန်ပြီ။
ထိုသက္ကရာဇ်တနှစ်က ဂျွန် အလုပ်စာမေးပွဲ တခုဖြေသည်။ ကျွန်တော် အမှတ်မမှားလျှင် ထိုအလုပ်သည် ဆေးသုတေသနလိုမျိုး အလုပ်ဖြစ်လိမ့်မည်။ စာတော်သော ကျွန်တော့်ဂျွန် ရေးဖြေတွင် အဆင့်(၁)ဖြင့် အောင်သည်။ နှုတ်ဖြေတွင်လည်း လျှောလျှောရှူရှူ။ အလုပ်ဝင်ရတော့မည်။ ဆေးစစ်ရန် တဆင့်သာ ကျန်သည်။ ဆေးအောင်လျှင် သူ့မှာ အလုပ်ရှိပြီ။ ကျွန်တော်တို့ သူငယ်ချင်းတစုထဲတွင် ပထမဆုံး အလုပ်အကိုင် ရှိသူအဖြစ် သူစာရင်း ၀င်သွားတော့မည်။ ကျွန်တော် ၀မ်းသာသည်။ ဆေးစစ်မည့်အချိန် နီးလာပြီ။ ထိုအချိန်မှာမှ ဂျွန်သည် ပန်းနာရင်ကြပ်လား၊ ဖျားနာသည်လားမသိ တခုခု ဖြစ်သည်။ ကျွန်တော်တို့ သူ ဆေးကျမှာ စိုးရိမ်နေမိသည်။ သူငယ်ချင်းများက (အမြင်အရ) ကျန်းမာရေးအကောင်းဆုံးဟု ယူဆသော ကျွန်တော့်ကို ဂျွန့်ကိုယ်စား ဆေးရုံကြီးတွင် ဆေးစစ်ခံပေးရန် တိုက်တွန်းကြသည်။ ကျွန်တော်ဆေးအောင်လျင် ဂျွန် အလုပ်ရပြီ။ ကျွန်တော်သည် ဂျွန်၏ မှတ်ပုံတင် နှင့် လေဘာကဒ်တို့ကို ယူပြီး သူ့ကိုယ်စား ဆေးရုံကြီးသို့ ပျော်ပျော်ချီတက်ခဲ့သည်။ ထိုအဖြစ်သည် လူငယ်ဘ၀၏ မဟာ စွန့်စားခန်းဖြစ်၏။
ထိုအချိန် အခိုက်အတန့်လေးတွင် ကျွန်တော်သည် ဂျွန်ဖြစ်၏။
ဂျွန်သည် ကျွန်တော် ဖြစ်၏။
သူနှင့် ကျွန်တော်သည် အသက်ဝိဥာဉ်နှစ်ခု ခန္ဓာကိုယ်နှစ်ခုဖြစ်သော်လည်း တခုတည်း ဖြစ်ခဲ့ဖူး သည့် အချိန်ခဏတာလေးသည် ထိုအချိန်လေးပင် ဖြစ်ပါသည်။
ကျွန်တော့် လုပ်ဆောင်မှုတို့သည် ရာဇ၀တ်မှုဖြင့် အရေးယူခံရနိုင်သည့် လိမ်လည်မှုတခု မြောက်နေသော်လည်း ကျွန်တော် ထိတ်လန့်မနေခဲ့။
စစ်ဆေးသည့် ဆရာဝန်က တကိုယ်လုံးချွတ်ဆိုတော့လည်း ဆယ်တန်းအောင်၍ တက္ကသိုလ် ကျောင်းတော်ကြီး တက်ရမည့် အချိန်က ဆေးစစ်ခံခဲ့ရဖူးသည့် အတွေ့အကြုံကြောင့် ရဲရဲမြန်မြန် အချွတ် ခံ ခဲ့ပြန်သည်။ အရေပြားရောဂါ၊ အူကျရောဂါတို့ အစစ်ခံခဲ့ရပြီးနောက် ကုတင်ပေါ် တက်ခိုင်းကာ အေးစက်စက် နားကြပ်ဖြင့် ဟိုထောက်သည်ထောက် စမ်းသပ်ပြန်သည်။ သည့်နောက် ရပြီဟု အခန်းပြင်ထွက်ခိုင်းသဖြင့် ပေါ့ပါးပျော်ရွှင်သောစိတ်ဖြင့် ပြန်လာခဲ့သည်။ နောက်ရက် ဆေးစစ်ချက် သွားယူတော့ နှလုံးမှာ ခိုညည်းသံ ပေါက်နေသည်ဆိုလား၊ နှလုံးအဆို့ရှင်များ သိတ်မကောင်းဆိုလား မသိတော့ပါ။ ဆေးရုံမှ ကျွန်တော့်ကို ရှင်းတော့ပြသည်။ သည့်နောက် ယခုအလုပ်နှင့် မသင့်လျော်ပါ ဟူသော မှတ်ချက်စာရွက်လေးကို လက်ခံရလိုက်သည်။ ကျွန်တော့်မျက်လုံးတို့ကို ကျွန်တော်ကိုယ်တိုင် မယုံနိုင်ခဲ့။ ကျွန်တော် ယုံခြင်း မယုံခြင်းက အရေးမကြီး။ အရေးကြီးသည်မှာ ကျွန်တော်ချစ်သော ဂျွန် ကျွန်တော့်ကြောင့် ဆေးကျကာ အလုပ်မ၀င် လိုက်ရခြင်းပင်ဖြစ်သည်။
ထိုရလဒ်ကို သွားတဖြီးဖြီး တပြုံးပြုံးနှင့် လက်ခံခဲ့သော ဂျွန်ကို ကျွန်တော်နားမလည်နိုင်ခဲ့။ ထိုအချိန်က သူ့အမေနှင့် ညီညီမများအတွက် အလွန်ခက်ခဲနေသော အချိန် ဖြစ်သည်။ အလုပ်နှင့် ၀င်ငွေ အရေးတကြီးလိုအပ်နေသော လူတယောက်က အတော်ဆိုးရွားသော ဆုံးရှုံးမှုကို ပကတိ အပြုံးဖြင့် လက်ခံနိုင်ခဲ့သည်။ ထိုစိတ်တို့ကို ကျွန်တော်အမှတ်ရနေခြင်း ဖြစ်မည်။ ထိုစိတ်တို့ကို ကျွန်တော် ချစ်နေမိခြင်း ဖြစ်မည်။
ကျွန်တော့်မှတ်ဥာဏ်တို့ မျောက်တကောင်လို ခုန်ပေါက်နေ၏။ ဂျွန်၏ အူအသော အဖြစ်တခု ခေါင်းထဲ ရောက်လာပြန်သည်။
အခန်းကြီးတခုထဲတွင် သူငယ်ချင်းများ စုနေကြရသော အချိန်ကာလတခုက ဖြစ်သည်။
တနေ့လာလည်း ဒီမျက်နှာ၊ မျက်နှာသစ်လည်း ဒီမျက်နှာ၊ အိမ်သာတက်လည်း ဒီမျက်နှာ၊ ထမင်း စားလည်း ဒီမျက်နှာ၊ အိပ်ရာဝင်လည်း ဒီမျက်နှာ၊ မမြင်ချင်လည်း ဒီမျက်နှာ၊ မြင်ချင်လည်း ဒီမျက်နှာ...၊ ကျွန်တော်တို့အတွက် မြင်နေရသော မျက်နှာများသည် ခေါက်ရိုးကြေနေပြီ။ ထို့ကြောင့် နောက်ပြောင် ခြင်း၊ မတော်မတည့် မဟုတ်က ဟုတ်က ချောက်ချပြောဆိုခြင်း များကို ကစားနည်းသစ်များသဖွယ် တီထွင်ကစားကာ နာရီများကို ရိုက်ချိုးချေဖျက် နေရသော အချိန်လည်းဖြစ်သည်။
'မြတ်ကိုကို' ဆိုသော သူငယ်ချင်းတယောက်က ပျင်းရိဖွယ် နေ့ခင်းတခုကို အပြောင်အပျက် စကားဖြင့် စဖြိုခွင်းသည်။
"ကိုယ်တို့ စမ်းချောင်းက ရေခဲပေါက်ဆီ ရောင်းတဲ့အသည်တွေက ဆန်းတယ်မောင်၊ ရေခဲပေါက်ဆီ လေးတွေကို ဗန်းထဲစီထည့်ပြီး၊ ဟောဒီက ရေခဲပေါက်ဆီ စားကြဦးမလားရှင် လို့ အော်ရောင်း လည် ရောင်းတာဗျ မယုံမရှိနဲ့"
လေသံအေးအေး မင်သေသေနဲ့ အတည်ပေါက် လုပ်ချလိုက်သည်။ အကြောသိသူများကတော့ ပြုံးစိစိမျက်နှာများကို မျက်နှာပိုးသပ်ပြီး ဒီထောင်ချောက်ထဲ ဘယ်သူဝင်လာမလဲ စောင့်ကြည့်နေကြ သည်။ မိနစ်အချို့ ငြိမ်ဆိတ်သွား၏။ ထို့နောက် ဂျွန့် အသံ ထွက်လာသည်။
"ဟေ့ကောင်..မြတ်ကို၊ ရေခဲပေါက်ဆီဆိုတာ ဘယ်လိုဟာတုန်း"
"ဘုရားရေ... ရေခဲပေါက်ဆီ မသိတဲ့လူက ရှိသေးတယ်။ ရေခဲပေါက်ဆီဆိုတာ ရေခဲကို ခြစ်ခုံနဲ့ ခြစ်၊ ရေခဲ မွမွလေးတွေရတော့ ဆုပ်ပြီး၊ အဲဒီပေါ်မှာ အရောင်ဆိုးထားတဲ့ သကြားရည်တွေ အနံ့တွေ ဖြန်းပြီးတော့ ရောင်းတာ၊ ကျုပ်တို့ စမ်းချောင်းမှာ အဲဒါကို ရေခဲပေါက်ဆီလို့ ခေါ်တာ"
စိတ်ရှည်လက်ရှည် ရှင်းပြနေသော မြတ်ကို မျက်နှာပေါ်တွင် စိတ်မရှည်မှုများ အတိုင်းသားပေါ် နေသည်။
မိနစ်အနည်းငယ် ငြိမ်သက်သွားပြန်သည်။
အာခိမိဒိ ရေ၏ဖေါ့ဂုဏ်သတ္တိကို ရှာတွေ့သွားသလိုမျိုး အလန့်တကြား အသံတခု ထွက်လာသည်။ အသံရှင်သည် ဂျွန် ဖြစ်၏။ သူပြောလိုက်သည်မှာ
"ဟေ့ကောင်...ရေခဲပေါက်ဆီလို့ မကြားဖူးပါဘူးကွာ၊ မင်းပြောတာ ရေခဲခြစ်နေမှာပါ။ ထားပါ၊ မင်းပြောတဲ့ ရေခဲပေါက်ဆီတွေကို အဲလို လည်ရောင်းရင် အရည်ပျော်ကုန်မှာပေါ့" ဟုဖြစ်သည်။
မြတ်ကိုထံမှ "ခွီး" ကနဲ အသံတခု ထွက်ပေါ်လာသည်။ ကြိတ်ရယ်နေရာမှ ဖုံးမနိုင် ဖိမရ ပေါ်လာသော လေသံ ဖြစ်သည်။ ဂျွန်ကတော့ မြတ်ကို ဘာကြောင့်ရယ်သည်ကို နားမလည်နိုင်သလို စိုက်ကြည့်နေ၏။
ကျွန်တော့်ဇာတ်လိုက်ကျော် ဂျွန်သည် ထိုသို့သော ရိုးရှင်းမှုများကို ရှုတ်ထွေးအောင် ကြည့်မြင်တတ် သော်လည်း ရှုတ်ထွေးသော စနစ်များကိုမူ ရှင်းလင်းစွာ မြင်လွယ်တတ်သည်မှာ သူ၏ ထူးခြားသော စွမ်းရည် တခုဖြစ်သည်။
သူနှင့် ကျွန်တော် အတူတကွ မိုင်ထောင်ချီအဝေးသို့ ပျံသန်းဖူးခဲ့ကြ၏။ သူနှင့်ကျွန်တော်အတူတကွ ဘ၀တခုလုံးကို တွင်းနက်ကြီးထဲ ပစ်ထည့် ပုံအောခဲ့ကြဖူး၏။ သူနှင့်ကျွန်တော် အတူတကွ နှောင်ကြိုး အားလုံးကို ပယ်ဖြတ်ကာ ပင်လယ်အဆုံးရှိမည်ထင်ရာ ရွက်လွှင့်ခဲ့ဖူး၏။ ထူးဆန်းသည်မှာ ထိုအတူတကွ နှစ်ကာလများ အကြောင်းတွေးတိုင်း ပြင်းရှအားကောင်းသော မုန်တိုင်းတခု ကျွန်တော့် ရင်ကို ဗဟိုပြုလာတတ်၏။ အတွေးထဲမှာ မိုးမခပင်များ ညှို့ ညှို့စို့စို့ စိမ်းအုံ့နေတတ်၏။ တောင်ပေါ် လွင်ပြင်တခုက စပါးခင်းများ ရွှေရောင်ဝင်းမှည့် နေပုံကို မြင်ရောင်နေတတ်၏။
"အဲသလို စပါးတွေ မှည့်ချိန်မှာပေါ့...၊ ဟောဟိုက မိုးမခပင်တွေအောက်မှာ.." အစချီသော ဂျွန်၏ ပုံပြင်ပြောသံများကို ကြားယောင်နေမိတတ်၏။ ပြန်မရနိုင်တော့သော အတိတ်တို့သည် လွမ်းဆွတ်ဖွယ် ကောင်းသည်ဆိုလျှင် ဂျွန့်ကို ကျွန်တော်လွမ်းနေသည့် ဘယ်တော့မှ ဖုန်တက်မည်မဟုတ်သော အလွမ်းတို့သည် ကြေကွဲဖွယ်ကောင်းနေလိမ့်မည်။
မြင့်မားသော တောင်စဉ်တောင်ထွတ်များဆီသို့ မြွေလိမ်မြွေကောက် လမ်းကျဉ်းကလေးဖြင့် တက်သွားနေသော (သို့မဟုတ်) တရွေ့ရွေ့ဆင်းနေသော ကားတစီးပေါ်တွင် ဂျွန်နှင့်ကျွန်တော် ခရီးသည်များအဖြစ် အတူလိုက်ပါခဲ့ဖူးကြပါသလား။ လိုက်ခဲ့ကြဖူးသည်ဆိုလျှင် ကျွန်တောတို့ စီးမိသော ကားသည် သက္ကရာဇ်ဟု အမည်ရသော ကားတစီးသာ ဖြစ်ပါလိမ့်မည်။
အဖြူရောင် နှလုံးသားရှိပြီး လူသားချစ်စိတ် သည်းထန်သော ပညာတတ် လူချွန်တိုင်းကို အလွန် ချစ်ခင် အားကိုးတတ်သည့် ကျွန်တော့်အဖေသည် ဂျွန့်အကြောင်းကို အမြဲ တဖွဖွ ပြောတတ်၏။ ဂျွန့်ကို လွမ်းနေတတ်၏။ ယခုမူ ဂျွန့်ကိုတသသ လွမ်းနေတတ်သော အဖေ ကွယ်လွန်ခဲ့သည်မှာ ဆယ်စုနှစ် တခုကျော်ခဲ့ပြီ။ ဂျွန် ဘယ်ဆီမှာလဲ။ သူရော အဖေ့ကို သတိတရ ရှိနေမည်လား။ အဖေ အသက်ရှင်လျက် ရှိနေသည်ဟု ထင်နေဦးမည်လား။ လူမလာခင် အပြုံးတွေ အရင်လာတတ်တဲ့ ကောင်ကြီးဟု သူ့ကို ထောပနာခဲ့သော အဖေ့အသံများကို သူကြားယောင်နေဦးမည်လား။
ဂူလီယာ အမည်ရှိ ရုပ်ရှင်ဇာတ်ကား အကြောင်းအရာများ ခေါင်းထဲတွင် လျှပ်တပြက် ပေါ်ပေါက် လာခဲ့သည်။ မွေးလာသည့် ကလေးကို ကိုယ်ချစ်ခင်ယုံကြည်သော မိတ်ဆွေရဲဘော်တယောက်၏ အမည်မှည့်ခေါ်ခဲ့သော ဇာတ်ဝင်ခန်းက ထိုသတိရမှုကို ဖြစ်ပေါ်စေသည့် ပင်မအရင်းအမြစ် ဖြစ်ပေလိမ့်မည်။ ကျွန်တော်သမီးလေးကို ဂျွန်လတွင် မွေးဖွားခဲ့သော်လည်း ဂျွန်ပါသည့် အမည်ကို ကျွန်တော် မပေးဖြစ်ခဲ့ပါ။
ဟိုဝေးဝေးမှာ ရွှေရောင် လက်ပတ်နာရီတလုံး တလက်လက်တောက်နေသည်။ စိုင်းထီးဆိုင်၏ သီချင်းသံကို သဲ့သဲ့ကြားရပြန်သည်။ ထိုသီချင်းကို သူဆိုနေမည်လား။ သို့မဟုတ် သူရေးပေးဖူးသော စာတစောင်ထဲမှာ ပါသည့် စာသားများက သူ့အလိုလို အသံထွက်နေကြမည်လား။
"ရည်မှန်းချက်အတွက် ကြင်နာသူကို စွန့်ခဲ့တဲ့ သူရဲကောင်းတွေ ရှိခဲ့လဲကွယ် ငယ်ရွယ်သူမို့ အချစ်တခုသာ ကိုးကွယ်အားထားရာ ထင်မှတ်ယူမယ်"
ရာဇ၀င်ရှည် နှစ်သမိုင်းများတွင် ကြင်နာသူ အသီးသီးကို စွန့်ခဲ့သော သူရဲကောင်း ဘယ်နှစ်ယောက် ရှိခဲ့သည်လဲ။ ရမည်၊ ရောက်မည် မသေချာသော်လည်း လူသားအားလုံးအတွက်ဟူသော ယုံကြည်မှုဖြင့် နတ်ဒေ၀တာတို့၏ ပန်းတပွင့်ကို ဆွတ်ယူရန် ကြိုးစားခဲ့သူတို့၏ ဖ၀ါးများသည် ကြမ်းတမ်းရက်စက်မှုက ပေးသော ဒဏ်ရာများကြောင့် သွေးချင်းချင်း နီနေလိမ့်မည် ထင်သည်။
"ငှက်တွေဟာ ပျံရင်းသေတယ်၊ လူတွေဟာ ကြံရင်းသေတယ်"
ထိုစကားသည် ကျွန်တော်တို့ခေတ်က နာမည်အလွန်ကြီးခဲ့သော ရုပ်ရှင်ဇာတ်ကား တကားမှာ ဇာတ်ဝင် စကားဖြစ်သည်။
ထိုကားအမည်သည် "ပျံသာပျံပါ ထက်အာကာ"လား။ သိပ်မသေချာ။
ထိုဝတ္ထုသည် ဆရာမကြီး ခင်ဆွေဦး၏ ၀တ္ထုလား။ ဒါလည်း သိပ်မသေချာ။
သေချာသည်မှာ ထိုဇာတ်ကားတွင် စောမြသန္တာ ဟူသော မင်းသမီး သရုပ်ဆောင်ခဲ့သည်။ ထို ဇာတ်ဝင်စကားကို သူပြောကြားခဲ့သည်။ တီစကွဲယားတချောင်း ကိုင်ကာ စက်မှုတက္ကသိုလ် နောက်ခံပြု ဇာတ်လမ်း၏ စက်မှုကျောင်းသူအဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကား ရုံတင်စဉ်မှာ ကျွန်တော် သည် ဆယ်တန်းဖြေဆိုရမည့် ကျောင်းသားတယောက် ဖြစ်ခဲ့သည်။ အင်ဂျင်နီယာ ကျောင်းတက်ချင် လွန်းသော စိတ်ဖြင့် ရုပ်ရှင်ရုံတွင် ပြားငါးဆယ် ရှေ့ဆုံးတန်းမှာ ၀င်ကြည့်ကာ ဇာတ်ဝင်စကားများကို ကက်ဆက်ဖြင့် ဖမ်းယူပြီး အိမ်ရောက်မှ အကြိမ်ကြိမ် ဖွင့်နားထောင်ခဲ့ဖူးသည်။ ကျွန်တော်သည် ပျံရင်းသေချင်သော ငှက်တကောင် အမှန်ပင် ဖြစ်ချင်ခဲ့၏။ ဂျွန် အမည်ရှိ ကျွန်တော့်ငှက်ကလေး ဘယ်ထိဝေးတဲ့ ခရီးကို ပျံသန်းထွက်ခွါသွားသည်လဲ။
ယခုရောက်နေသည့် အသက်အရွယ်တွင် ကြံစည်ခြင်းအမှုကို ပြုဖို့ ခက်ခဲနေပြီ ဖြစ်သော်လည်း မသေမချင်း ပျံသန်းနေရသေးသည့် အခြေအနေမှ မလွတ်မြောက်နိုင်သေးသည်မှာ ဂျွန်ရော ကျွန်တော် ကိုယ်တိုင် ပါဖြစ်သည်။
ဧပြီလ၏ နွေရက်များသည် မြေပြန့်လွင်ပြင်တွင် ပူအိုက်စပ်နေသော်လည်း တောင်တန်းများတွင် မပူ။
နှစ်ပေါင်းများစွာ အသွားအလာမဲ့သဖြင့် ပျက်စီးနေသော စစ်ကျန် ကတ္တရာလမ်းဟောင်းတခု ပေါ် တွင် ဂျွန်နှင့်ကျွန်တော် အေးဆေးစွာ လမ်းလျှောက်နေသည်ဟု စိတ်အာရုံတွင် ခံစားလိုက်မိပြန်သည်။ ထိုအချိန်သည် ညနေခင်း ဖြစ်ပုံရ၏။ ကျွန်တော်တို့ မျက်စိရှေ့တွင် တောင်ကုန်းတောင်ကမူများ ရှိသည်။ မျဉ်းသားသလို စီးဆင်းနေသော ချောင်းငယ်တခု ရှိသည်။ ထိုနေရာတွင် တချိန်က ကြီးကျယ်ခန်းနားခဲ့ ဖူးသော ထိုအရပ်၏ အတိတ်နှစ်များလည်း ရှိခဲ့သည်။
လွမ်းဆွတ်ခြင်း၊ သတိရခြင်း ဆိုသည်မှာ မြက်ဖျား နှင်းစက်နှင့် တူသလား။ ဖွဲဖွဲမှ သည်းသည်း ရွာချတတ်သော မုတ်သုန်မိုးနှင့် တူသလား။ နေမလာမီ အုံဆိုင်းစုဖွဲ့တတ်သော တောင်ပေါ်မြူများနှင့် တူသလား။ သို့မဟုတ် ကျောက်ဆောင်ကျောက်သားလို ခိုင်မတ်နေတတ်သည်လား။ ကျွန်တော်သရုပ် မခွဲတတ်ခဲ့။
သေသေချာချာကြီးကို ပြောနိုင်သည်မှာ ထိုရက်များ အတွင်း ကျွန်တော်ဂျွန့်ကို တခုတ်တရ လွမ်းနေခဲ့သည် ဆိုသည့်အကြောင်း။
ကျောက်ခေတ်ဂူဟောင်း တခုနှင့်တူသော ကျွန်တော်နေထိုင်သည့် (၂၁)ရာစု မြို့ပြ တိုက်ခန်းတခု ထဲမှာ ကျွန်တော် အသံကုန်အောင် ဟစ်လိုက်မိသည်။
"ငါ မင်းကို လွမ်းတယ် ဂျွန်"
ထိုအော်သံကို ဂျွန် မကြားနိုင်မှန်း ကျွန်တော်သိနေသည်။ ကျွန်တော့်သိမှုကို ကျွန်တော့အလွမ်း များက မသိနိုင်ခဲ့ကြ။
နက်ဖြန်မနက် နေသာဦးမည်လား။
ကျွန်တော်သည် 'ဖာနန်ဒို' အမည်ရှိ သီချင်းတပုဒ်ကို တီးခတ်သီဆိုနေမိပြီ။ ထိုမနက်၏ အလင်းများ သည် ကျွန်တော့် သံစဉ်နှင့် စာသားများ ဖြစ်ခဲ့၏။
ကျွန်တော့်သီချင်းသံသည် အလွမ်းတို့ဖြင့် စိုနေသည်။

ငြိမ်းအေးအိမ်
၂၀၀၆၊ မိုးရာသီ။

[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူလိုက်ရပဲ မာယာပေါ် တင်လိုက်တာကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]

Friday, January 25, 2008

မဲဇာတောသို့ ဒုတိယတခေါက်ပြန်ရောက်ရခြင်း
ရေးသူ- လေထီးအုန်းမောင်


[ဗမာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ သူရဲကောင်းတဦးဖြစ်တဲ့ လေထီးအုန်းမောင်(အသက် ၈၂ နှစ်) ဟာ သက္ကရာဇ် ၂၀၀၀ပြည့်၊ ဒီဇင်ဘာ ၂၈ မှာ ကွယ်လွန်ခဲ့ပါတယ်။ ခုဆိုရင် (၇) နှစ်တိုင်ခဲ့ပြီ။
ဦးအုန်းမောင်ဟာ လေထီးဆင်း ဖက်ဆစ်တော်လှန်ရေးသမား၊ ကိုလိုနီနယ်ချဲ့အပါအ၀င် ဖိနှိပ်တဲ့ အုပ်စိုးသူတွေကို လက်နက်နဲ့ရော၊ လက်နက်မဲ့ပါ ဆန့်ကျင်တိုက်ခိုက်ခဲ့သူ၊ ကိုကိုးကျွန်း နှစ်ခေါက်၊ ဂေါ်တူးကျွန်းတခေါက် ပြန်ခဲ့သူ၊ အသက် (၇၀) နီးမှ ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာ ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်တယ်။
မာယာ ၂၀၀၁ မတ်လထုတ်မှာ ဖော်ပြခဲ့တဲ့ မိုးဂျာနယ်၊ အတွဲ (၈)၊ အမှတ် (၂)၊ မတ်လ ထုတ်က ရဲဘော်လေထီးဦးအုန်းမောင်ရဲ့ "မဲဇာတောသို့ဒုတိယတခေါက်ပြန်ရောက်ရခြင်း" ဆောင်းပါးကို ဒုတိယ အကြိမ်အဖြစ် မာယာက အမှတ်တရ ပြန်လည်ဖော်ပြပါတယ်။]


[မိုးဂျာနယ်နှင့်.....သို့၊
အခြေအနေမပေးလို့ ခွင့်ပြုချက်မတောင်းခံလိုက်ရတာကို နားလည်ခွင့်လွှတ်ပါရန် လေးစားစွာဖြင့် အနူးအညွတ် တောင်းပန်အပ်ပါတယ်။]

ကျွန်တော်တို့သည် မန္တလေးတွင် ကျင်းပသော လူထုဒေါ်အမာ၏ ၈၂ နှစ်မြောက် မွေးနေ့ပွဲသို့ တက်ရောက်ပြီးနောက် မန္တလေးမှ အင်းတော်နှင့် ကသာမြို့များသို့ ခရီးဆန့်ခဲ့ကြ၏။
ကျွန်တော်တို့ အဖွဲ့တွင် သခင်အုန်းမြင့် (တိုးတက်ရေး)နှင့် သခင်သိန်းမောင်(၀ါးခယ်မ)တို့လည်း ပါကြပါသည်။
မန္တလေးမှ မြစ်ကြီးနားသို့ ရထားဖြင့် ညနေ ၅ နာရီထွက်ခဲ့ရာ ညမှောင်စပျိုးချိန်တွင် ရွှေဘိုသို့ ရောက်သည်။ ရွှေဘိုမှ ထွက်လာကတည်းက အညာဆောင်း၏ အအေးဓါတ်က ပို၍ ကဲလာသည်။ အညာဆောင်း၏ အအေးဒဏ်ကို မခံနိုင်သဖြင့် ရထားပြူတင်းပေါက် တံခါးများကို ပိတ်၍ အနွေးထည်များ ၀တ်ကာ ကာကွယ်နေရသည်။ ရထားသည် မှောင်ကြီးမဲမဲတွင်တဘူတာရပ် တဘူတာထွက်ဖြင့် ခုတ်မောင်း လာခဲ့ရာ ကျွန်တော်လည်း မပျော်တချက် ပျော်တချက်ဖြင့် မှေး၍ လိုက်ပါလာခဲ့သည်။

မဲဇာတော

နံနက်လင်း၍ ရထားပြူတင်းပေါက် တံခါးများကို ဖွင့်ကြည့် လိုက်သောအခါ နန်းခမ်း၊ ဘုံချောင်း၊ မဲဇာ၊ ဆည်ရွာ စသော ဘူတာများကို တဘူတာပြီး တဘူတာ တွေ့ရသည်။ ဘေးပတ်ဝန်းကျင် တခုလုံး တွင်ကား နှင်းများဝေနေသည်။ ရထားပြူတင်းပေါက်မှ အဝေးသို့ မျှော်ကြည့် လိုက်သောအခါ ညှို့ဆိုင်း အုံ့မှိုင်းနေသော သစ်တောကြီးများ၊ တောင်တန်းကြီးများကို မှုန်ဝါးဝါး တွေ့ရသည်။ မဲဇာတော၊ မဲဇာတောင်၊ မင်းဝံတောင်တန်းကြီးများဖြစ်ကြောင်း၊ ဘေးမှ ခရီးသည်တဦးက ပြောပြသည်။
ထိုတော ထိုတောင်တန်းများသည် ဒုတိယ ကမ္ဘာစစ်အတွင်းက သခင်ဗိုလ်၊ မန်းဝင်းမောင်တို့ ခေါင်းဆောင်သော ကျွန်တော်တို့ ရဲဘော်တစု ဖက်ဆစ်တော်လှန်ရေး တာဝန်ဖြင့် အိန္ဒိယသို့ သွားခဲ့ရာ တွင် ကုန်းကြောင်းဖြတ်သန်း လျှောက်လှမ်းခဲ့ကြသော တောတောင်များပင် ဖြစ်၏။ ကျွန်တော်တို့သည် အဝေးတွင် မြင်နေရသော မဲဇာတော၊ မင်းဝံတောင်များကို ငေးမျှော်ကြည့်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အဖြစ်အပျက်များကို တွေးတောနေမိခဲ့သည်။

အင်းတော်
မကြာခင်မှာပင် ကျွန်တော်တို့ စီးလာသော ရထားသည် အင်းတော်ဘူတာသို့ ဆိုက်သည်။ ဘူတာတွင် အင်းတော်မှ မိတ်ဆွေများက လာရောက်ကြိုဆိုပြီး ကျွန်တော်တို့ တည်းခိုရမည့် ဦးစောလှိုင် (ဗဟိုတရားရုံးရှေ့နေ)၏ အိမ်သို့ ခေါ်ဆောင်သွားသည်။ ဦးစောလှိုင်တို့ မိသားစုမှာ သဘောကောင်းပြီး အလွန်ဖော်ရွေသည်။ ကျွန်တော်တို့ အင်းတော်တွင် နေစဉ်အတွင်း ဧည့်ဝတ်ပြုကြသည်မှာ အားနာစရာပင် ကောင်းလှသည်။ ကျွန်တော်တို့ အဖွဲ့မှ သခင်သိန်းမောင် တယောက်သာ အင်းတော်၊ ကသာမြို့များသို့ ရာက်ဖူးပြီး ကျွန်တော်နှင့် သခင်အုန်းမြင့်မှာ တခါမှ မရောက်ဖူးပေ။
ကျွန်တော်သည် အင်းတော်သို့ မရောက်ဖူးသော်လည်း အင်းတော်ဆိုသော နာမည်ကိုကား ကြားဖူးနေ၏။ အင်းတော်အမည်ကို စ,ကြားဖူးသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်က ဖြစ်သည်။

ဝင်းဂိတ်၏ခရီးဝေးထိုးဖောက်ရေး
၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလလောက်က ဗြိတိသျှ စစ်တပ်မှ မေဂျာဂင်နရယ် ၀င်းဂိတ်သည် အင်အား ၃၀၀၀ ဖြင့် မြန်မာပြည်မြောက်ပိုင်းရှိ ဂျပန်အုပ်ချုပ်ထားသော နယ်မြေအတွင်း ခရီးဝေးထိုးဖောက်၍ ပြောက်ကျားစစ် ဆင်နွှဲခဲ့သည်။ ၀င်းဂိတ်၏ ရန်သူဂျပန်နယ်မြေအတွင်းသို့ ခရီးဝေးထိုးဖောက် တိုက်ခိုက်ရေး ရည်ရွယ်ချက်မှာ-
ရန်သူ၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် မန္တလေး-မြစ်ကြီးနား ရထားလမ်းနှင့် တံတားများကို ဖောက်ခွဲ ဖျက်ဆီးပစ်ရန်၊
ဂျပန်တို့ သိုလှောင်ထားသော ရိက္ခာနှင့် လက်နက်ကျည်ဆံများ သိုလှောင်ရေးစခန်းများကို ဖျက်ဆီးရန်၊
ရန်သူကို တိုက်ပွဲငယ်ကလေးများ ဆင်နွှဲပြီး အနှောက်အယှက်ပေးရန် တို့ဖြစ်သည်။
ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ၀င်းဂိတ်တပ်များသည် အင်းတော် ပတ်ဝန်းကျင် တ၀ိုက်တွင် စစ်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
ကျွန်တော်တို့ ရထားစီးလာစဉ်က တွေ့ခဲ့ရသော နန်းခန်း၊ ဘုံချောင်း၊ မဲဇာ မီးရထားလမ်းများ၊ မဲဇာချောင်း တံတားများသည် ၀င်းဂိတ်တပ်များ ဖောက်ခွဲ ဖျက်ဆီးခဲ့ဖူးသော ရထားလမ်းများ၊ တံတားများပင် ဖြစ်သည်။ ၀င်းဂိတ်တပ်များသည် ထီးချိုင့်မြို့ထဲကိုပင် ၀င်ရောက်ခဲ့သေးသည်။
၁၉၄၄ ခုနှစ်ကလည်း ၀င်းဂိတ်၏ ခရီးဝေးထိုးဖောက်ရေး တပ်များသည် အင်းတော်၊ ဗန်းမော်၊ မိုးကောင်း တြိဂံနယ်မြေများအတွင်း လေထီးစစ်သားများဆင်းကာ ခံတပ်မြို့များ တည်ဆောက်၍ ခံတပ် စစ်ဆင်ရေးကို နောက်တကြိမ် ဆင်နွှဲခဲ့သေးသည်။ ထိုအကြိမ်တွင် ၀င်းဂိတ်တပ်များသည် အင်းတော်ကိုပင် အလစ်ဝင်ရောက် တိုက်ခိုက်ကာ ရိက္ခာနှင့်လက်နက်များ သိုလှောင်ရာ စခန်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ထိုကြောင့်လည်း အင်းတော်သည် ၀င်းဂိတ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် စစ်အတွင်းက လူသိများပြီး ထင်ရှားသော မြို့လေးတမြို့ ဖြစ်လာသည်။
ထိုစဉ်က ကျွန်တော်တို့သည် အင်းတော်နှင့် အင်းတော်နယ်မြေအတွင်း လှုပ်ရှားနေသော ၀င်းဂိတ်၏ စစ်ရေးလှုပ်ရှာမှုသတင်းများကို တဆင့်စကား တဆင့်နားဖြင့် လည်းကောင်း၊ ထိုစဉ်က ထုတ်ဝေသော ဂျပန်စစ်တပ်က ချုပ်ကိုင်ထားသည့် မြန်မာသတင်းစာ များတွင် တစွန်းတစ ဖတ်ရသဖြင့် လည်းကောင်း၊ အင်းတော်ဆိုသော နာမည်ကို ကြားဖူးနေခြင်း ဖြစ်သည်။
အင်းတော်တွင် ရောက်နေစဉ်အတွင်း ဦးစောလှိုင်၊ ဦးညွန့်လွင် စသော မိတ်ဆွေများက အင်းတော် မှ တန်ခိုးကြီးဘုရားများကို လိုက်လံပို့ဆောင်၍ ဖူးမျှော်ကြည်ညိုစေသည်။ အင်းတော်လေးကန်ကို ကြည့်ရှုစေသည်။ ထီးချိုင့်မြို့ကိုလည်း လေ့လာရေးခရီးအဖြစ် ပို့ဆောင်ပေးသည်။ ထီးချိုင့်မြို့မှာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး သာယာလှပသော မြို့ကလေးတမြို့ ဖြစ်သည်။ မန္တလေး-ထီးချိုင့် ကားလမ်း၊ မန္တလေး-ထီးချိုင့် သင်္ဘောလမ်းများ ပေါက်သဖြင့် စီးပွါးရေးလုပ်ငန်း ကောင်းမွန်သော ကြောင့်လည်း မြို့ကလေးမှာ စည်ကားနေသည်။

မဲဇာကမ်းမှလွမ်းစေတီများကို ပြုပြင်တည်ဆောက်သောဆရာတော်

ထီးချိုင့်မြို့သို့ ရောက်စဉ် တည်တောဆရာတော်အား သွားရောက်ဖူးမျှော်ကြသည်။ တည်တော ဆရာတော်မှာ သက်တော် ၈၀ ကျော်ပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းလျက်ပင် ရှိနေသေးသည်။
တည်တောဆရာတော်သည် စစ်ကြိုခေတ်က စာနယ်ဇင်းများတွင် 'ထီးချိုင့်နတ်ဆိုး' ကလောင် အမည်ဖြင့် ဆောင်းပါး၊ ကဗျာ၊ လေးချိုးများကို ရေးသားခဲ့သော ဆရာတော် ဖြစ်သည်။ ကျွန်တော်တို့ ကျောင်းသားဘ၀က 'ထီးချိုင့်နတ်ဆိုး' ၏ ကဗျာ ဆောင်းပါးများကို ဖတ်ခဲ့ရဖူးသည်။
လက်ဝဲသုန္ဒရ အမတ်ကြီး မင်းပြစ်မင်းဒဏ်ကြောင့် မဲဇာသို့ အပို့ခံခဲ့စဉ်အတွင်း စေတီပုထိုးများကို တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီများမှာ နှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပြီ ဖြစ်သည်။ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော စေတီပုထိုးများကို ဆရာတော်က ဦးဆောင်၍ ပြုပြင် တည်ဆောက်နေသည်။ ယခုအခါ ဆရာတော်၏ ကောင်းမှုကြောင့် ထုံးဖြူဖွေးဖွေးနှင့် ကြည်ညိုသပ္ပါယ် ဖွယ် ကောင်းနေပါပြီ။
ဆရာတော်ရေးသော 'မင်းလက်ဝဲသုန္ဒရ၏ မဲဇာကမ်းမှ လွမ်းစေတီများ' အမည်ရှိ စာအုပ်ကို ကျွန်တော်တို့အား ဆရာတော်က လက်ဆောင်ပေးပါသည်။

ဂျုံးဂျုံးကျရွာ
ဦးစောလှိုင်နှင့် ဦးညွန့်လွင်တို့သည် ကျွန်တော့်အား ထီးချိုင့်သို့ ပို့ပြီးနောက် ကျွန်တော်သွားချင် သော မဲဇာတောမှ ဂျုံးဂျုံးကျရွာသို့လည်း ပို့ပေးသည်။ မဲဇာတောမှ ဂျုံးဂျုံးကျရွာကလေးသို့ သွားလိုခြင်း မှာ ဂျုံးဂျုံးကျရွာကလေးသည် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် တနည်းမဟုတ် တနည်းဖြင့် ပါတ်သက်နေသော ရွာကလေး ဖြစ်သောကြောင့်ပင်။
၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်များက မောင်းထုတ်လိုက်သဖြင့် အင်္ဂလိပ်တပ်များနှင့် တရုတ်တပ်များ ဒရောသောပါးနှင့် ဆုတ်ခွါထွက်ပြေး သွားခဲ့ရသည်။ ထိုသို့ ဆုတ်ခွါထွက်ခဲ့ရာတွင် ဖက်ဆစ် ဆန့်ကျင် ရေးသမားများ ဖြစ်သော ကိုသိန်းဖေ(ဦးသိန်းဖေမြင့်)၊ သခင်မြသွင် နှင့် သခင်ကျော်စိန် တို့သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မဟာမိတ်များနှင့် ဆက်သွယ်မှုရယူရန် ချန်ကေရှိတ်တရုတ်တပ်များနှင့် လိုက်ပါသွားခဲ့ကြသည်။ ဤသို့ လိုက်ပါရာတွင် ချန်ကေရှိတ်တပ်များနှင့် ဆက်ဆံရေး အဆင်မပြေ သဖြင့် ဆက်၍မလိုက်တော့ပဲ လမ်းတ၀က်မှနေ၍ ပြန်လည် ထွက်ပြေး ခဲ့ကြသည်။ တရုတ်တပ်မှ ထွက်ပြေးခဲ့ကြပြီးနောက် ပထမဆုံး ပုန်းအောင်း ရှောင်တိမ်းနေရသော ရွာမှာ ထိုဂျုံးဂျုံးကျ ရွာကလေး ပင် ဖြစ်သည်။

ခေတ္တစတည်းချ
ထို့နောက် ၁၉၄၄ ခုနှစ်တွင်လည်း သခင်ဗိုလ် ခေါင်းဆောင်သော ကျွန်တော်တို့ ရဲဘော် ၉ ယောက် သည် ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်ဖြင့် အိန္ဒိယသို့ ကုန်းကြောင်းခရီး သွားခဲ့ရာတွင် ခေတ္တစတည်းချ ခဲ့သော ရွာကလေးမှာလည်း ထိုဂျုံးဂျုံးကျ ရွာကလေးပင် ဖြစ်သည်။ သို့ဖြင့် မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးတို့မှာ ကျွန်တော်တို့စိတ်ထဲတွင် အမြဲအမှတ်ရနေသဖြင့် ထိုနေရာ ထိုဒေသများသို့ သွားလိုနေခြင်း ဖြစ်သည်။ သွားသာ သွားလိုသည်။ ထို ဂျုံးဂျုံးကျရွာကလေးမှာ မဲဇာတောထဲတွင် ရှိပြီး လမ်းခရီးကလည်း ခက်ခဲကြမ်းတမ်းသဖြင့် ထိုရွာကလေးသို့ ပြန်ရောက်ဖို့ ဆိုသည်မှာ မလွယ်ကူဟု ထင်မှတ်ခဲ့သည်။ သို့သော် အင်းတော်နှင့် မဲဇာတောမှ ဂျုံးဂျုံးကျရွာကလေးတို့မှာ မော်တော်ကားလမ်း ပေါက်နေပြီ ဖြစ်သဖြင့် စစ်အတွင်းက ကျွန်တော်တို့ ရောက်ခဲ့စဉ်ကလောက် ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်း မသွားရတော့ပေ။
ကျွန်တော်တို့သည် ကားကလေးဖြင့် အင်းတော်မှ နံနက်၉ နာရီထွက်ခဲ့ကြရာ ဂျုံးဂျုံးကျ ရွာကလေး သို့ နံနက် ၁၀ နာရီသာသာတွင် ရောက်သည်။ အင်းတော်နှင့် ဂျုံးဂျုံးကျ ရွာကလေးမှာ ကားဖြင့် တနာရီ ကျော်ကျော်သာ သွားခဲ့ရတော့သည်။

မဲဇာတောသို့ ဒုတိယတခေါက်

ကျွန်တော့်တသက်တွင် ဘယ်တော့မှ ပြန်ရောက်နိုင်တော့မည် မဟုတ်တော့ဟု ထင်မှတ်ခဲ့သော မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးကို ဒုတိယအကြိမ် ရောက်ခဲ့ရပြန်သည်။ မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးသို့ ပထမအကြိမ် ရောက်ခဲ့သည်မှာ စစ်အတွင်း ဂျပန်ခေတ်က ဖြစ်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်ဖြင့် ရောက်ခဲ့ခြင်းဖြစ်သည်။
ရောက်ခဲ့ပုံမှာ ဤသို့ဖြစ်၏။ သခင်ဗိုလ်(မြန်မာပြည်တွင်းသို့ လေထီးနှင့် ဆင်းရန်အပြန်တွင် ဂျက်ဆိုးလေဆိပ်၌ လေယာဉ်မီးလောင်ပျက်ကျ၍ သေဆုံးခဲ့သူ)၊ မန်းဝင်းမောင် (သမတဟောင်း ဦးဝင်းမောင်-ကွယ်လွန်) တို့ခေါင်းဆောင်၍ ကိုကျော်ရင် (မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း-ကွယ်လွန်)၊ ကိုချစ်ကောင်း(ဗိုလ်မှူးချစ်ကောင်း-တောတွင်းကျဆုံး)၊ ဗိုလ်ဘညွန့်(ပီကင်းပြန်-ကွယ်လွန်)၊ ကိုသန်း(ကွယ်လွန်) နှင့် ကျွန်တော်တို့သည် ဖက်ဆစ်ဆန့်ကျင်ရေးတာဝန်ဖြင့် အိန္ဒိယသို့ သွားရန် မန္တလေးသို့ ခရီးစခဲ့ကြသည်။
မန္တလေးမှတဆင့် အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးဗထူး၏ အစီအစဉ်ဖြင့် အိန္ဒိယသို့ ခရီးဆက်ကြ သည်။ အိန္ဒိယသို့ ကသာ၊ မြစ်ကြီးနားနယ်များမှ ဖြတ်သွားရမည် ဖြစ်သဖြင့် ထိုနယ်များကို ကျွမ်းကျင်သော ဗိုလ်မှူးဗထူး၏ တပ်မှ ဗိုလ်လှဖေနှင့် တပ်သားမောင်ကျောက်တို့ကို လမ်းပြအဖြစ် ကျွန်တော်တို့နှင့် ထည့်ပေးလိုက်သည်။
ကျွန်နော်တို့ အဖွဲ့သည် စစ်ကိုင်းမှကောလင်းသို့ ရထားနှင့် သွားခဲ့ရပြီး ရထား ဆက်မထွက်နိုင်တော့ သဖြင့် ကောလင်းမှစ၍ ကျွန်တော်တို့သည် ကုန်းကြောင်းလျှောက်ခဲ့ကြရသည်။
တတောဝင်၊ တတောထွက်၊ တတောင်တက်၊ တတောင်ဆင်းဖြင့် ကုန်းကြောင်းလျှောက်ခဲ့ကြရာ ကသာနယ်မှ ဂဟဲဆိုသောရွာသို့ ရောက်သည်။ ရောက်သောအခါ ဗိုလ်မှူးဗထူး၏ လမ်းပြအဖြစ်ထည့် ပေးလိုက်သော ဗိုလ်လှဖေမှာ အပြင်းဖျားတော့သည်။ ဗိုလ်လှဖေအား ကျွန်တော်တို့တွင် ပါလာသော ဆေးဝါးများဖြင့် ကြိုးစားကုသကြသည်။ ပျောက်နိုးနိုးနှင့် စောင့်ကြည့်ကြသော်လည်း ရက်သာကြာသွား သည်။ အဖျားကမသက်သာ။ သို့ကြောင့် ကျွန်တော်တို့သည် ကြာကြာမစောင့်နိုင်တော့ဘဲ ဗိုလ်လှဖေ အား သူ့အစ်မရှိရာ တကောင်းသို့ ပြန်ပို့ရန် စီစဉ်ခဲ့ကြသည်။ လူမမာကို မဲဇာချောင်း ကမ်းပေါ်ရှ ဂျုံးဂျုံးကျရွာကလေးသို့ ထမ်းစင်ဖြင့် သယ်ယူခဲ့ကြသည်။ ဂျုံးဂျုံးကျရွာတွင် တရက်နှစ်ရက် နားပြီး စောင့်ကြည့်သေးသော်လည်း ထူးမလာသဖြင့် ရှေ့ခရီးဆက်ရေး ကျွန်တော်တို့ ဆွေးနွေးကြသည်။ အိန္ဒိယသို့ အမြန်ဆုံးရောက်ဖို့ အရေးကြီးသဖြင့် လူနှစ်စုခွဲကာ တစုက အိန္ဒိယသို့ ဆက်လက်သွားခဲ့ကြ ပြီး တစုက လူမမာအား တကောင်းသို့ ပို့ရန် ဆုံးဖြတ်ကြသည်။
ထို့ကြောင့် သခင်ဗိုလ် ခေါင်းဆောင်၍ ကိုကျော်ရင်၊ ကိုဘညွန့်၊ ကိုသန်းနှင့် မောင်ကျောက်တို့က အိန္ဒိယသို့ ခရီးဆက်သွားရန် ဖြစ်သည်။ မန်းဝင်းမောင် ခေါင်းဆောင်၍ ကိုချစ်ကောင်းနှင့် ကျွန်တော်က ဗိုလ်လှဖေအား တကောင်းသို့ သွားပို့ကြရန် ဖြစ်သည်။
နောက်တနေ့တွင် လူစုခွဲကြသည်။ ရဲဘော်အားလုံး၏ မျက်နှာများတွင် စိတ်မကောင်းသည့် အမူအရာများ ပေါ်နေသည်။ သခင်ဗိုလ်တို့ အုပ်စု နံနက်ပိုင်းတွင် ခရီးထွက်သွားပြီးနောက် မန်းဝင်းမောင် ခေါင်းဆောင်သော ကျွန်တော်တို့အုပ်စုက ညနေပိုင်းတွင် ၀ါးဖောင်တခုကို ၀ယ်၍ ဖောင်ပေါ်တွင် လူမမာကိုတင်ကာ ဂျုံးဂျုံးကျရွာချောင်းဆိပ်မှ နေ၍ မဲဇာချောင်းအတိုင်း ဖောင်ဖြင့် မျှောခဲ့ကြသည်။ တညလုံး ဖောင်မျှောလာကြရာ ညနက်လေ ဆီးနှင်းများ တပေါက်ပေါက်ကျလာပြီး အအေးက လွန်ကဲလာသည်။ ကျွန်တော်တို့၏ စောင်များကိုလည်း လူမမာကို ခြုံပေးထားရသဖြင့် ကျွန်တော်တို့ တကိုယ်လုံးမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေသည်။ ရေနွေးအိုးတည်၍ လက်ဖက်ရည် ကြမ်း ပူပူလေးသောက်ကာ အချမ်းကို ကာကွယ်နေကြရသည်။ ဖောင်ကို တအိအိနှင့် မျှောခဲ့ရာ နှစ်ရက်လောက် အကြာတွင် တကောင်းသို့ ရောက်ခဲ့သည်။

ရဲဘော်များကို အောက်မေ့သတိရခြင်း

ကျွန်တော်သည် ယခုတခေါက် ဂျုံးဂျုံးကျရွာသို့ ရောက်သောအခါ ၀မ်းသာအားရစွာဖြင့် ရွာကလေး ကို လှည့်ပတ်ကြည့်သည်။ ကျွန်တော်တို့ စတည်းချခဲ့သော အိမ်ကလေးကို ရှာဖွေကြည့်သည်။ ရွာမှ လူဟောင်းများကို စုံစမ်းကြည့်သည်။ ကျွန်တော်တို့ ဖောင်နှင့်မျှောခဲ့သော မဲဇာချောင်းကိုလည်း သွား၍ ကြည့်သည်။ စစ်အတွင်း ထိုရွာသို့ အတူသွားခဲ့ ရောက်ခဲ့ကြသည့် ရဲဘော်များနှင့်လည်း အဖြစ်အပျက် များမှာ တရေးရေး မြင်ယောင်လာမိပါသည်။
မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးများကို တွေ့ရသောအခါ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အဖြစ်အပျက်များကို ပြန်လည် သတိရလာပြီး စိတ်ထဲတွင် ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရသည်။
ဝမ်းသာခြင်းမှာ ကျွန်တော်တသက်တွင် ဘယ်တော့မှ ပြန်ရောက်တော့မည် မဟုတ်ဟု ထင်မှတ်ခဲ့ သော မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးကို မမျှော်လင့်ပဲ ပြန်ရောက်ခဲ့ရသောကြောင့် ဖြစ်သည်။
ဝမ်းနည်းခြင်းမှာ မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးသို့ ထိုစဉ်က ရောက်ခဲ့ကြသော ကွယ်လွန်သွားကြသည့် ရဲဘော်များကို အောက်မေ့တသ သတိရသောကြောင့် ဖြစ်သည်။
စစ်အတွင်းက ဤတော၊ ဤရွာကလေးသို့ ရောက်ခဲ့ကြသော ရဲဘော် ကိုးယောက်တွင် သခင်ဗိုလ်၊ မန်းဝင်းမောင်၊ ကိုကျော်ရင်၊ ကိုဘညွန့်၊ ကိုချစ်ကောင်း၊ ကိုသန်း၊ မောင်ကျောက်တို့မှာ မရှိကြတော့ပေ။ ကွယ်လွန်ကုန်ကြပြီ။ ကျွန်တော်နှင့် ကိုလှဖေတို့ နှစ်ယောက်သာ အသက်မသေပဲ ကျန်ရှိတော့သည်။
ကွယ်လွန်သွားကြပြီ ဖြစ်သော ထိုရဲဘော်များကို ကျွန်တော်အောက်မေ့တသ သတိရသကဲ့သို့ သခင်အုန်းမြင့်နှင့် သခင်သိန်းမောင်တို့ကလည်း ထိုရဲဘော်များမှာ သူတို့နှင့် ခင်မင်ရင်နှီးသော ရဲဘော်များ ဖြစ်ကြသဖြင့် အောက်မေ့တသ သတိရကြသည်။
ဂျုံးဂျုံးကျရွာကလေးကို အားရအောင် လှည့်ပတ်ကြည့်ရှု ပြီးနောက် မခွဲချင် မခွါချင်ဖြင့် ထိုရွာ ကလေးမှ ခွဲခွါခဲ့ရသည်။ ခွဲခွါရသော်လည်း မဲဇာတော၊ မဲဇာချောင်းနှင့် ဂျုံးဂျုံးကျရွာကလေးကိုကား ကျွန်တော့် စိတ်ထဲတွင် မေ့ပျောက်၍ မရဘဲ အမှတ်ရနေမည်သာ ဖြစ်ပါသတည်း။

လေထီးအုန်းမောင်
[မိုးဂျာနယ်၊ အတွဲ(၈)၊ အမှတ်(၂)၊ ၁၉၉၈ မတ်လ]

Sunday, January 20, 2008

ငါမင်းကိုလွမ်းတယ် 'ဂျွန်'
ရေးသူ-ငြိမ်းအေးအိမ်

မန္တလေးကို ကျွန်တော် စရောက်ဖူးတာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကပါ။ 'ဂျွန်'လို့ခေါ်တဲ့ သူငယ်ချင်းနဲ့ အတူရောက်ခဲ့ဖူးတဲ့ အဲဒီတုန်းက မန္တလေးဟာ ခုလို ကွန်ကရစ်တောအုပ်ထဲမှာ ကြပ်ခဲကြီး အကျဉ်းကျမနေဘူးလို့ ထင်ပါတယ်။ သစ်သားအိမ်တွေ ခြံဝင်းတွေနဲ့ ၀ပ်ဝပ်ငြိမ်ငြိမ်လေး ရှိခဲ့ပါတယ်။ မြန်မာမြို့ပီလို့ မြန်မာရနံ့ကိုလည်း ခံစားရခဲ့ပါတယ်။ အဲဒီတုန်းက ၂၆ ဘီလမ်းနဲ့ ဘူတာကြီးနားတ၀ိုက်မှာ ကျွန်တော်တို့ အခြေချ တည်းခိုခဲ့ကြရ ဖူးသပေါ့။

၂၀၀၅ ကုန်ခါနီးမှာ မန္တလာမြို့ကို ၀င်ခလုပ် ထွက်ခလုပ်ရောက်တော့ 'ဂျွန်'ကို လွမ်းမိပါတယ်။ ဟိုတုန်းက နှောင်းခဲ့ရက်တွေကို တမ်းတမိပါတယ်။ ဒါ့ကြောင့် ဘူတာနဲ့ နီးရာမှာ တည်းခိုရင်း သူ့ကို လွမ်းစိတ် ဖြေခဲ့မိပါတယ်။


ကျွန်တော် တည်းတဲ့နေရာက ကြည့်ရင်ဘူတာကြီးက မေးတင်ထားတဲ့ (၇၈)လမ်းကို အလျားလိုက် ကြီး မြင်နေရပါတယ်။ သစ်လွင်ကျယ်ပြောနေတဲ့ လမ်း (၃၀)ကိုလည်း မြင်နေ၇ပါတယ်။ (၇၈)လမ်းဟာ နေ့နေ့ညည အသွားအလာမပြတ် စည်ကားလှုပ်ရှားလျက်ပါပဲ။ အရင်ကထက် ပိုလာတာက၊ တိုက်တာ တွေ၊ ကားတွေ၊ နီယွန်မီးတွေ လူတွေပဲ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်အမြင်မှာတော့ မန္တလေးဟာ အသားပိုဖြူ လာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် စီးပွါးရေး အချက်အချာကျတဲ့နေရာတွေ၊ မြို့လည်ခေါင်လို နေရာမျိုးတွေမှာပါ။ ဘယ်နိုင်ငံရောက်နေမှန်း မသိတဲ့ 'ဂျွန်' နဲ့ ပြန်ဆုံရင်၊ မန္တလေးဟာ တို့နှစ်ယောက် စရောက်ဖူးစဉ်တုန်းကထက် ပိုအသားဖြူလာတဲ့ အကြောင်း ပြန်ပြောင်း ပြောပြဖြစ်လိမ့်မယ် ထင်ပါတယ်။ သူကလည်း ကျွန်တော့်ကို '၀သုနြေ္ဒလက်ရေး' တို့ 'ဆယ်နှစ်မျက်နှာနာရီစင်' တို့အကြောင်းများ ပြန်ပြောလေဦးမလား မသိတော့။

အရင်က သံလမ်းတွေကို သူ့နံရိုးတွေအဖြစ် တပ်ဆင်ထားပြီး၊ မြေပြင်မှာ ပြားပြားဝပ်ကလေးပဲ နေထိုင်ခဲ့တဲ့ ဘူတာရုံကြီးဟာ ခုတော့ အစွမ်းကုန် အလှပြင်ထားတဲ့ အပျိုကြီးတယောက် ဧည့်သည် ဗိုလ်ပုံအလည်မှာ ထည်ထည်ခန့်ခန့်ကြီး ထိုင်နေတဲ့ပုံမျိုး ဖြစ်နေပါပြီ။

အောက်ဆုံးထပ်မှာ ရထားတွေကို ငုံခဲထား၊ ပထမထပ်မှာ ကားတွေရပ်နားဖို့၊ လက်မှတ်ဝယ်ဖို့၊ လူနားဖို့၊ ကျန်တဲ့အထပ်တွေမှာ ဘာဖို့ညာဖို့ စသဖြင့် သင့်တင့်အောင် စီစဉ်ပြင်ဆင် ထားပေမယ့်၊ ကျွန်တော့် စိတ်ထဲမှာ ဟိုတုန်းက မှုန်ကုပ်ကုပ် ပုံစံလေးကိုပဲ ပြန်လွမ်းနေမိသလိုလို။ အဲဒါမျိုးကို ပြောတာနေမှာ၊ အတိတ်ထဲက ပြန်မထွက်တတ်တဲ့ နောက်ပြန်ဆွဲ အဟောင်းသမား အတွေးဆိုတာ။

ကျွန်တော်ဟာ အတိတ်က မလွတ်မြောက်နိုင်သေးတဲ့ အစွဲဟောင်းတွေကို တယုတယ ပွေ့ပိုက်ပြီး အနာဂတ်ကို ကြည့်မျှော်တဲ့မျက်လုံးတွေနဲ့ ဘူတာတ၀ိုက်(ဟိုးတုန်းက ကျွန်တော်တို့ ယာယီကွန်းခိုတဲ့ နေရာ)ကို ကြည့်လိုက်မိပါတယ်။

မနက်ခင်းနေဟာ ဘူတာ အဆောက်အဦရဲ့ အပေါ်ပိုင်းကို စွန်းထင်းနေပါတယ်။ ရထားဆိုက်ဖို့ စောလွန်းသေးပေမယ့် ခရီးသည် ကြိုမယ့်ကားတွေကတော့ ဘူတာ မျက်နှာစာမှာ အစီအရီပါပဲ။ အပေါ်ထပ် ကားရပ်တဲ့ နေရာမှာတော့ လေးဘီးကားတွေသာ စီတန်းနေတတ်တာ တွေ့ရပါတယ်။ နေရာအမျိုးမျိုးက ရောက်လာသူတွေ၊ ဦးတည်ရာအရပ်ရပ်ကို ထွက်ခွါသွားမယ့်သူတွေနဲ့၊ ဒီဘူတာဟာ နှစ်ပေါင်းဘယ်လောက်တောင် ရှင်သန်နေထိုင်ခဲ့ပြီလဲ။ ဘူတာကြီးကတော့ အသစ်ဖြစ်ခဲ့ပြီ။ ခရီးသည် တွေလည်း အသစ်ပဲ ဖြစ်မှာပါ။ စစ်ကြိုခေတ်က ခရီးသည် တယောက်တလေကဖြင့် ဒီအချိန်မှာ ခရီးသွား မနေလောက်တော့ဘူး။ ခရီးသည်တွေ အသစ်သစ်ဖြစ်ခဲ့သလို သူတို့ရဲ့ဘ၀တွေဟာလည်း သစ်လွင်ပျော်ရွှင်တဲ့ အသစ်တွေ ဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိတယ်။

ဟိုးတုန်းက ကျွန်တော်တို့ ရောက်ခဲ့တဲ့ ဘူတာမှုန်ကုပ်ကုပ်လေးမှာ ခရီးသည်တွေဟာ လက်က အထုတ်ကို ဆွဲလို့၊ ခေါင်းကအထုတ်ကို ရွက်လို့၊ ပခုံးက၀န်တွေ ထမ်းလို့ ဘူတာဆီ ၀င်ထွက် သွားလာနေတတ်ပါတယ်။ ခုလူတွေလည်း ဒီလိုပါပဲ။ အရင်က မရှိဘူးတဲ့ ကြွပ်ကြွပ်အိတ် ဆိုတာမျိုးနဲ့ ထုတ်ပိုး ဆွဲသယ်နေတာတခုပဲ သစ်ဆန်းလာသလားလို့ စဉ်းစားမိ ပြန်ပါတယ်။

ကျွန်တော်တို့ဆီမှာ ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါဆိုတဲ့ အသုံးကို သိပ်သုံးတတ်ကြပါ တယ်။ တကယ်ပါ။ ဟောင်းသော်လည်း အကောင်းလုပ်သုံးနေရသေးတဲ့ ယာဉ်တွေကို အဲဒီဘူတာ နားတ၀ိုက်၊ နိုင်လွန်ကတ္တရာ လမ်းသစ်ကြီးတွေပေါ်မှာ အမြိန့်သား သွားသွားလာလာ လုပ်နေကြတာ တွေ့ရပြန်တယ်။

(ကျွန်တော်ကိုယ်တိုင် အစွဲမကျွတ်သေးတဲ့ တစ္ဆေတကောင်လို ဘူတာနားမှာပဲ နေထိုင်မိပြီး အခြားနေရာတွေ မရောက်ခဲ့လို့ အဲဒီနားမှာ တွေ့ကြောင်းပြောတာပါ။ အခြားနေရာမှာလည်း အသုံးပြုဆဲ သွားလာဆဲ ဖြစ်နိုင်ပါတယ်။ ရန်ကုန်မှာတောင် သုံးဘီးကားကလွဲရင် စစ်ကြိုခေတ်က ကားကြီးတွေ ပြေးတုန်းလွှားတုန်း၊ သန်တုန်းမြန်တုန်း၊ ငွေရှာတုန်းကိုး။)

ပီပါခွံ သံပြားတွေက ကားဘော်ဒီဖြစ်၊ အမြဲပြန်ပြန် ပြုတ်ထွက်တတ်လွန်းတဲ့ ဂီယာတံကို သစ်သား ခွထောက်လေးနဲပထောက်၊ ၀န်ပိုတင်နိုင်အောင် မတန်တဆ လေးသံပြားတွေပိုး၊ သူ့ကို ထုတ်လုပ် လိုက်တဲ့ စက်ရုံနဲ့ ပညာရှင်တွေ အနိစ္စသဘောကို ပြဆိုသွားပြီးသည့်တိုင်၊ သူကိုယ်တိုင် ရှင်သန်နေသေး တဲ့ အာဂသူရဲကောင်း မော်တော်ကားကြီးတွေ ပေါ်မှာ ကျွန်တော်တို့ မျိုးဆက်သစ်တွေက လိုက်ပါ စီးသွားနေကြ။ (အင်း လိုရာရောက်ဖို့က အဓိက ကျပါတယ်။ ဘယ်နည်းနဲ့ ရောက်ရောက်ပေါ့။ စိတ်က လေးတော့ ထားတတ်ဖို့ လိုပါမယ်)

အဲသလို ဟိုဟိုဒီဒီ တွေးနေတုန်း မနေ့က လမ်းမှာ တွေ့ခဲ့ရတဲ့ ဘူတာခရီးသည်ကို ပို့အပြီး နွမ်းလျလျ အိမ်ပြန်နေတဲ့ ဆိုက်ကားသမားကြီးကို သွားသတိရမိတယ်။ 'ဂျွန်' ရေ ဟိုတုန်းက ကိုယ်တို့ ဆိုက်ကား မစီးခဲ့ကြပေမယ့် ဆိုက်ကားသမားကြီးတွေရဲ့ မျက်နှာကို လိုက်လိုက် ကြည့်မိတတ်တာ မှတ်မိလား။ ခု ကိုယ်မြင်ခဲ့ရတဲ့ မျက်နှာဟာလည်း အဲဒီတုန်းက မင်းနဲ့ ကိုယ် မြင်ဖူးခဲ့တဲ့ မျက်နှာပါပဲကွာ။ လက်ထဲမှာ မီးငြိမ်းထားတဲ့ ဆေးပေါ့လိပ်တိုကလေး ညှပ်ထားတာကအစ အဲဒီအတိုင်းပါပဲ။ ပိန်မွဲမွဲ ညှိုးနွမ်းနွမ်း မျက်နှာတွေဟာ စစ်ကြိုခေတ် မော်တော်ကားတွေလိုပဲ အသက်ရှည်လွန်းလှတယ် သူငယ်ချင်း။ သူဆိုက်ကားနင်းနေတဲ့ လမ်းမကြီးကတော့ မင်းနဲ့ကိုယ် လျှောက်ခဲ့ဖူးတဲ့ ချိုင့်များများ ကျဉ်းမြောင်းမြောင်း လမ်း မဟုတ်တော့ဘူးပေါ့။

ဟိုးတချိန် မင်းနဲ့ကိုယ် ဘူတာမှာ လူစောင့်နေတုန်းက တွေ့ခဲ့ဖူးတဲ့ ခရီးသည်တွေလိုပဲ။ ဘုန်းကြီး တွေ၊ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အလွှာစုံက လူတွေ သွားမြဲ၊ လာမြဲ၊ တိုးဝှေ့မြဲ၊ အထုတ် အပိုးတွေ လက်မှာဆွဲလို့၊ လိုရာသွားလာနေကြမြဲပါ သူငယ်ချင်း။

ကွမ်းယာဆိုင်၊ လက်ဘက်ရည်ဆိုင်လေးတွေအပေါ် ကျုံးလေအေးလေး ဖြတ်တိုက်မြဲ အခြေအနေ ကို မြင်ရတော့ မင်းကို လွမ်းလိုက်တာ။

'ဂျွန်' ရေ မင်းရော ခုနှစ်အသစ်၊ လမ်းအသစ်တွေပေါ်မှာ လူအဟောင်း အခြေအနေ အဟောင်းကြီးနဲ့ ခရီးဆက်နေတုန်းပဲလား။ ကမ္ဘာ ဖြစ်မှုနဲ့အညီ ပြောင်းသင့်တာ အားလုံး ပြောင်းလဲခဲ့ပြီလား။ အိမ်ထောင် ရက်သား ကျပြီလား၊ ကျန်းမာပျော်ရွှင်စွာ ရှိရဲ့လား။

'ဂျွန်'

နှစ်တွေကြာလို့ မင်းမွေးနေ့ဟာ ဂျွန်လ (၁)ရက်လား၊ ဒီဇင်ဘာ (၃၁)လား၊ ငါ ဝေေ၀၀ါးဝါး ဖြစ်ခဲ့ပေမယ့် အခုရက်တွေအတောအတွင်းမှာ ဘာကြောင့်မှန်းမသိ ငါမင်းကို လွမ်းလိုက်တာ။

အချစ်နဲ့ အလွမ်းမှာတော့ ဟောင်းတယ် သစ်တယ်ရယ်လို့ ရှိမယ် မထင်ဘူးကွာ။

ငြိမ်းအေးအိမ်

၂၀၀၅၊ ဒီဇင်ဘာ (၃၁)။

[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူလိုက်ရပဲ မာယာပေါ် တင်လိုက်တာကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]

Monday, January 14, 2008

ဒေါက်တာသိန်းလွင်သို့ပေးစာ
ရေးသူ-ဆရာစော

ကိုသိန်းလွင်(ဒေါက်တာသိန်းလွင်-ချင်းမိုင်)နဲ့ရဲဘော်များခင်ဗျား-
ကျနော်တို့ ပြည်တွင်းမှာရှိစဉ် ထောင်ကထွက်လာတော့ အလုပ်မျိုးစုံ လုပ်ကြရတယ်။ အလုပ်က မျိုးစုံပေမဲ့ အတော်များများက တူနေတယ်။ ဒါကြောင့် တယောက်နဲ့တယောက် တွေ့ရင် ဘာလုပ်နေသလဲ မမေးကြဘူး၊ ဖော်မြူလာကြီး အတိုင်းဘဲလားဟေ့လို့ဘဲ မေးကြတယ်။ လူတွေက အဲဒီအချိန်တုံးက လုပ်စရာ အလုပ်ကလဲ သိပ်မရှိဘူးလေ။ အိပ်ခ်ျဂျီပီ (HGP)ဖြေပြီး ရှေ့နေယောင် ယောင် လုပ်ချင်လုပ်၊ ရွာကလေးတရွာ သွားပြီး တွဲဘက်ကျောင်းဆရာ လုပ်ချင်လုပ် ဒါဘဲရှိတာကိုး။ ပညာကလဲ တ၀က်တပျက်၊ မတောက်တခေါက်၊ နိုင်ငံရေးယောင်ယောင်ကလဲ လုပ်ခဲ့တော့ နတ်အိုးကွဲ လို ဘယ်နေရာမှလဲ သုံးမရလို့ မိဘတွေ ညည်းရတဲ့ ကျနော်တို့တတွေရဲ့ ၇၀စုနှစ်များ အကုန်ပိုင်း ကာလတွေဟာ ပြန်တွေးကြည့်ရင် လွမ်းစရာတွေပါဘဲ။

ကုသိုလ်လို့ဘဲ ပြောရမလား၊ ၀ဍ်လို့ဘဲ ပြောရမလား မသိဘူး၊ ကျနော်နဲ့ ကျောင်းဆရာအလုပ်ဟာ ရေစက် ကုန်သေးဟန် မတူဘူး၊ ရောက်လေရာ နေရာတိုင်းမှာ တခါမဟုတ် တခါတော့ ကျောင်းဆရာ လုပ်ခဲ့ရတာချည်းဘဲ။
အခု ခင်ဗျားတို့ဆီကို ဒီဘက်မှာထုတ်တဲ့ ဖရန့်လိုင်း(Front Line)ဆိုတဲ့ ၂ ပါတ်တခါထုတ် စာစောင် တခုက ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးလေးကို ပို့ပေးလိုက်ပါတယ်။ ဒီမဂ္ဂဇင်းဟာ ရုပ်ရှင်ဝေဖန်ရေးကို လတိုင်းထည့်နေတာ မဟုတ်ပါဘူး။ သူက နိုင်ငံရေးမဂ္ဂဇင်းပါ။ အခုဟာက ထူးခြားလို့ပါ။
အရင်တပါတ်လောက်ကလဲ အိုင်စင်စတိန်းရဲ့ မွန်းတပ်ခ်ျကို သူ့ရာပြည့် အထိမ်းအမှတ် အနေနဲ့ ဖော်ပြခဲ့သေးတယ်။
ဒီကားဟာ တခြားကုလားကားတွေလို မဆလာကဲထားတဲ့ မြင်နေကျဇာတ်ကားမျိုး (အလကား နေရင်း သစ်ပင်ကြီး ပတ်ပြေး၊ သီချင်းဆို၊ က၊ ငိုလိုက် ရီလိုက်)ဆိုတဲ့ ကားမျိုး ဟုတ်ဟန်မတူဘူး။ အကြောင်းအရာကလဲ ထူးခြားတယ်။ ကျနော်တို့ ကျောင်းဆရာ ဘ၀မှာ လူတိုင်းကြုံဘူးကြတဲ့ မင်းနဲ့တော့ ငါ သေသာသေ လိုက်ချင်ပါတော့တယ်ကွာ ဆိုတဲ့ စာသင်ရခက်တဲ့ ကလေးမျိုး (dyslexia, autism) ရောဂါရနေတဲ့ ကလေးတွေ အကြောင်းဘဲ။ slow learner လို့လဲ ကိုသိန်းလွင်တို့ ခေါ်ကြ သလား မဆိုနိုင်ဘူး။
အကြောင်းအရာက ထူးခြားပါတယ်။ ကျနော်လဲ ဒီကားကို မကြည့်ရသေးဘူး။ အခု သတင်းစာတွေ၊ စာစောင်တွေမှာတော့ ဒီကားအကြောင်းကို တော်တော်ပြော တော်တော်ရေးနေကြတယ်။ ဒီက အင်တာဗျူးကို ဖတ်ကြည့်ပါ။ ထူးခြားတာတွေ တွေ့ရပါလိမ့်မယ်။ သူပြောတဲ့ inclusive education ပညာရေးဆိုတာလဲ ဘာမှန်းတော့ ကျနော်မသိပါ။ ကျနော်တို့ ဗမာပြည်မှာ လုပ်လေ့ရှိတဲ့ အေတန်း (A-Class) ဆို အတော်ဆုံးဆိုတဲ့ တန်းခွဲ ခွဲခြားထားတာ တွေကိုလဲ အပြစ်တင်ထားတယ်။
ကိုသိန်းလွင်တို့ ပြောလေ့ရှိတဲ့ student center or child centerပညာရေးမျိုးကိုဘဲ သူတို့ ဆိုလိုချင်ဟန် ရှိပါတယ်။ အိန္ဒိယမှာ ပဝေသဏီထဲက ရှိခဲ့တဲ့ တဂိုးရဲ့ စန္တိနိကေတန် ကျောင်းမျိုးတွေကို ဒီကားရိုက်သူတွေက အပြည့်အ၀ ထောက်ခံတယ်။ ဒီလို ပညာရေးမျိုးကို သူတို့ တောင်းဆိုနေတာပဲ။ ခုခေတ်က စကားလုံးတွေလဲ ဆန်းကြယ်လာတယ်။ အရင်က disable လို့ခေါ်တာကို အခု differently able လို့ ပြောင်းခေါ်လာတယ်။ ဒီကားရဲ့ ကြော်ငြာမှာလဲ ထင်ထင်ရှားရှား ရေးထားတာတွေက (ဇာတ်ကားနာမည် နဲ့ စာလုံးရွယ်တူက) Every child is special တဲ့။ တဆက်တည်း problem child လို့ ခေါ်ကြတဲ့ ကလေးတွေအကြောင်းလဲ သတိရမိသေးတယ်။
ဆရာတွေဟာ အဆိုးဆုံးနဲ့အတော်ဆုံးကိုဘဲ မှတ်မိတတ်သတဲ့။ အဲဒီထဲမှာမှ အဆိုးဆုံးကို ပိုမှတ်မိ သတဲ့။ ကျနော်လဲ ကျနော့်တပည့် ၂ တန်းကျောင်းသား ကူမာရူးဆိုတဲ့ ကုလားလေးကို အမြဲသတိရနေတယ်။ ဒီကောင်က ၇ တန်းကျောင်းသားကို ကျောင်းဆင်းရင် မင်းနဲ့ငါ ချမလားဆိုပြီး စိန်ခေါ်တဲ့အကောင်။ ဘယ်လောက်ရိုက်ရိုက်လဲ မမှတ်ဘူး။ တချိန်လုံး သူ့ကိုဘဲ မျက်လုံး ဒေါက်ထောက် ကြည့်နေရတယ်။ နောက်ဆုံးထိန်းမရလို့ သူ့ကို မိန်းကလေးတွေထဲမှာ ညှပ်ပြီး တယောက်ထဲ ထိုင်ခိုင်းရတယ်။ အတန်းက နဲနဲ ဆူနေရင် ဒီကောင့်ကို အကြောင်းမရှိအကြောင်းရှာပြီး ခပ်ပြင်းပြင်း ၃ ချက်လောက် ချလိုက်ရင် အတန်းထဲမှာ တရားဥပဒေ စိုးမိုးသွားတာဘဲ။ ကျနော်ကတော့ ဒေါက်တာ ကေမြရီလဲမသိ၊ ပညာရေး စိတ်ပညာလဲမသိ၊ ရိုက်ဖို့သာသိတဲ့ Blackboard Jungle by Evan Hunters ထဲက ဇာတ်ကောင်တယောက်လို ဆရာဦးကြိမ်လုံးကိုး။ ကျနော်သိတဲ့ class control က ဒါဘဲ။
ကဲ ပြည်ဖုံးကား ရှေ့မှာ ၀န်ကြီးထွက်ပြီး ပြည်တည်နေတာ အတော်ကြာသွားပြီ။ ပရိသတ်ကြီးလဲ ငြီးငွေ့လောက်ပါပြီ။ ပြည်ဖုံးကား ဖွင့်လိုက်ပါတော့မယ်။ မင်းသားမင်းသမီးကိုသာ ဆက်လက်ရှုစား ကြပါ။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ခင်မင်စွာဖြင့်
သင်တို့ရဲ့
ဆရာစော
၁၂ ဇန်န၀ါရီ ၂၀၀၈။

TAARE ZAMEEN PAR (Stars on Earth)


The Frontline
Vol. 25, Issue 01
05-18 January 2008
CINEMACatch a falling star
DIONNE BUNSHA
Interview with Amole Gupte and Deepa Bhatia, creators of the film “Taare Zameen Par”.
PICTURES: BY SPECIAL ARRANGEMENT Amole gupte and Deepa Bhatia. TAARE ZAMEEN PAR (Stars on Earth), a film on childhood released recently, has been greeted with unanimous acclaim. Audiences have left theatres moved by the film’s sensitive portrayal of its protagonist Ishaan (played by Darsheel Safary), and his rebellion, mischief and creativity.

The couple behind the film is Amole Gupte (creative director and writer) and Deepa Bhatia (who envisioned the concept, researched and edited the film). They spent seven years in Mumbai’s schools, and the film is their labour of love. Frontline spoke to them about education and inclusion, the theme of the film. Excerpts from the conversation:

How did you start your workshops with children?

Amole
: I have always shared a special bond with all children. It hurt me to see how they had to endure silently the idiosyncrasies and mood swings of adults. Yet, no allowance is made for their moods.
I have played Santa Claus in several schools. I wanted to continue that bond, went to various schools and used theatre-painting workshops as a way to spend time with children. That’s how I entered this magical world.
A lot of special mention is being made that I worked with children with alternative abilities. Actually, every child has an alternative ability, so it’s incorrect to classify children like this.

Have you seen any change in the way children behave in your workshops when they are given the space to be themselves?

Amole
: In one of the schools, we saw a physiotherapy session being done in a very rigid way that would make you suspect the brightness of a child. A friend was watching and clicking his tongue and thinking “how unfortunate”.
Then, I started our session. I have understood that children are very embarrassed with their names. It happened to me too when I was growing up. So, at the beginning of any experience with children, I introduce myself as Amole Frog. The minute they hear that, they start laughing and the attention is diverted from the embarrassment of their own names.
Then, I started a memory game where we re-name each other. I called myself ‘coconut’, and made all these 30 kids re-name themselves – mountain, strawberry, banana, et cetera. They were supposed to remember these new names. It baffled my friend, when he saw all 30 children could remember all the names by the third round. It was so effortless. Why? Because it was not daunting. It was not a judgment zone, it was a fun zone.
Why not fun in education? Why have a curriculum? You can learn in many ways. Putting marks to it and judging children is not the job of teachers. Let the judge do his job. Schools should not be courts. You don’t have to look at a child and judge and think that he or she will not accept this much at this speed. Leave it to the child. Let him or her accept it at the speed that they are meant to.
Aamir Khan, director of “Taare Zameen Par”, with Darsheel Safary, who plays the character of Ishaan, the child protagonist of the film.
So, we must give without expectation or without drawing lines. When we are making 30 per cent of the population insecure by setting the rules, then we are not being democratic.

How have you tried to work within the rigid system to change it?

Amole: I have no new system to offer. It’s already happening in Scandinavian countries. Let us also follow a less aggressive system based on imparting knowledge, not on curriculum excellence. We should guide children but allow them to fly. We cannot assert our power over them.
People argue that it was possible in developed nations but not here. But we also had gurukuls and Rabindranath Tagore’s Shantiniketan or the Baroda School of Art.
Is inclusive education really being implemented?
Deepa: The first step is that people have accepted it. Inclusive education is a national policy under the Sarva Shiksha Abhiyan. It is there on paper, but no one is implementing it because there isn’t enough propaganda to make it happen.
We got a call from a school and the first thing that they said was that they are practising inclusive education. It has become a matter of pride. We have to make it an accepted and do-able thing.
It’s being discussed, it is being tried, and it has even failed in some cases.
Amole: Inclusion cannot succeed with the same parameters of academic excellence. It does not mean to include “that outsider”. Inclusion means all-inclusive – one group, all children together. In that, you can’t start saying “light-skinned, dark-skinned, downs, palsy, autism, dyslexia”. Stop defining. If you think you are alleviating the pain by recognising the symptoms, then you will suffer more. It is not an illness. Please don’t make the mistake of branding the child.
In Mumbai, there is no space for children. One family has four cars and one child. You have parking space for the cars, but no play space for one child in your building. You have 200 new malls, but not even one school for middle class children. They are using one school in three shifts because there are no schools.
And then people say children are hyperactive, when they don’t have the natural space to expend their energy.
Deepa: In many schools, they compartmentalise kids from ‘A’ to ‘F’, ‘A’ is for the very best and ‘F’ for the failures. This kind of segregation is practised in a lot of schools in Mumbai and it is being removed. At one of the schools where this was being removed, we saw a protest of parents who were fighting against it. They were parents of children from the ‘A’ class who didn’t want their kids to study with the rest. They are fighting against measures that would make for a fuller, more balanced society.
In schools where all children learn together, the results are much better because those with learning disabilities don’t need anybody. Their own classmates teach them and fight to protect them. Everyone becomes more sensitive to others, and that’s what makes this world a better place to live in. We are not doing the child a favour by including him, everyone benefits.
At one of the schools where we are involved, there was sports day. One of the kids was blind. But they tied a rope from one end to the other so that she could run the race with everyone else. That is inclusion. It’s a matter of being ingenious as a teacher and thinking on behalf of the student. It doesn’t take a lot.
It’s just a matter of making little changes in the system to accommodate people.
Most parents would agree that the system is too demanding, but feel that eventually their children have to survive in a competitive world and so need the high grades.
Amole: But what do the children agree upon? Have they been asked? Why are there no open fora for children to talk about it? See it from their eyes.
Deepa: We are not willing to let children take a little more time than others. There’s panic because we want perfect kids.
Many children who don’t have any learning disability are slotted as having one because parents think that is the reason why they are not performing well academically. It may just be that the child has other interests, dreams and aspirations.
We used to have this study group of parents and teachers, and their kids are doing five things in a day – tuition, sport, dance, et cetera. There is no free space for children to do nothing; the space for thinking, exploring is not there. Free play is very important.
Have teachers been trained to deal with children with such problems?
Deepa: There is this whole concept of ‘special within normal’. They have resource rooms within the school that give the child more help, which is good. But at the same time, this makes them very conscious of the fact that they are different from others. Personally, I have mixed feelings about this. We are trying to make them get better at academics instead of trying to find other things that may excite the child. That leeway is not given to children.
It’s not like they won’t be able to survive in the world without high marks. There are hundreds of people who have suffered in pathetic schooling but went on to do marvellous things.
Amole: Teachers often ask: “how do we cope?” They have to find their own answers. You can’t wait for the system to change suddenly. If teaching is a calling, the answer is within you. We have great examples – Tagore, Sane Guruji...

Tell me about the process of making the film ‘inclusive’?

Deepa: The physical dimensions of the characters came from our experiences with children. In the film, there is a painting by a child of a soldier digging a trench, and when you turn the page you see the soldier emerging from the ground and escaping. This was done by one of the children and the teachers didn’t think much of it. They could not appreciate his idea. Which child would think of using the back of the page as a continuation of the painting? Small things like these were incorporated into the film.
Amole: When someone comes up with an idea, it is celebrated – Sabeer Bhatia, Bill Gates. Why are we so blind to children’s ideas?
We want them all to sing in the same note, have one step when they are marching, one answer to the question.
Deepa: A lot of the scenes were visualised in the script. In the climax, where there is an art mela in the school, it was important to show the sports teacher not able to draw. When adults are put to test, they also fail. So why test children?
The real triumph of the film is that it is real, everyone can connect to this film. In many ways, it is re-visiting your own childhood.


Sunday, January 13, 2008

တိမ်ဖုံးခြင်းငှာ မစွမ်းသာသည့် လ
ရေးသူ-ငြိမ်းအေးအိမ်


(က)


၂၀၀၇ခု ဇန်န၀ါရီလထဲတွင်၊ ရန်ကုန်မြို့ မှ မိုင်ထောင်ချီ ဝေး သော တောင်ကြိုတောကြား အရပ်ဒေသ တခုတွင် ကျွန်တော်ရောက်ရှိနေခဲ့သည်။ မနားတမ်း ခရီးထွက် နေရသော ရက်များထဲမှ တချို့ ဖြစ်၏။
၂၃-၁-၀၇
ထိုနေ့က ကျွန်တော့်အခန်းလေးထဲသို့ ပြန်ရောက်ရှိ ချိန်သည် မြန်မာစံတော်ချိန် သန်းခေါင်ကျော် မနက်အကူး။ တနာရီခွဲ သာသာခန့် ရှိပြီ။ ဆဲလ်ဆီးရပ် ငါးဒီဂရီခန့် အပူချိန်သာရှိသည့် ရာသီ။ အေးလွန်းသော်လည်း မတတ်နိုင်။ ခရီးဝေးဒဏ်ကြောင့် သန်းခေါင်သန်းလွဲ မှာပင် ရေမိုးချိုး သန့်စင်ရသည်။ သည့်နောက် အိပ်စက်မပျော်။ မိတ်ဆွေ သူငယ်ချင်းများနှင့် လည်းကောင်း၊ ကမ္ဘာအ ရပ်ရပ် သတင်းများနှင့် လည်းကောင်း၊ ကင်းပြတ်နေသည်မှာ ရက်သတ္တ နှစ်ပါတ်ခန့် ရှိပြီဖြစ်၍ မေးလ် ဖွင့် စစ် သည်။ သတင်းဖွင့်ကြည့်သည်။ ထိုင်းမှ မိတ်ဆွေတယောက်က 'ဆရာဂျမ်း' ဆုံးပြီဆိုသည့် သတင်းတိုလေး ပို့ ထား သည်။ ထိုသူက ဆရာဂျမ်းနှင့် တူသားလို ရင်းနှီးချစ်ခင် ရှိလှသူ။ အမြဲနောက်ပြောင် ကျီစယ်နေလေ့ရှိသူ။ ' ဒီလိုကြီးတော့ မနောက်ကောင်းပါဘူး'ဟု အောက်မေ့လျက်။ ၀င်နေဖတ်နေကြ ဆိုဒ်တခုကို ဖွင့်ကြည့်သည်။ စိတ်အေးလက်အေး။ သို့သော် ထိုဆိုဒ်ထဲတွင် ဆရာ့ နာရေးသတင်းများ တက်နေ၊ ဆွေးနွေးနေ၊ ကြေကွဲ တသ ၀မ်းနည်းကြောင်းတွေ ပြောနေကြပြီ။
" ဒါတော့ နောက်နေကြတာ မဟုတ်လောက်တော့ဘူး"ထိုစကားကို ကျွန်တော့်နှုတ်က ဝေေ၀၀ါးဝါး ယောင် ယောင်နန ထုတ်ပြောမိလေသလား။ စိတ်ထဲမှာပဲ ဗုံးတလုံးလို ထပေါက်ခဲ့သလား မသိတော့။ ရန်ကုန်က ကဗျာ ဆရာတယောက်ဆီကို ကမျောသောပါး ဖုန်းလှမ်းဆက်မေးမိတော့ မြန်မာချိန် နှစ်နာရီခွဲကျော်ပြီ။ ကျွန်တော် နေရာအရပ်မှာ အရုဏ်ကျင်းတော့မည်။
"ဟုတ်တယ်။ ကိုယ်တို့ မနက်ကို အင်းစိန်အိမ်သွားကြဖို့ စီစဉ်ထားပြီးပြီ" ဟု အတည်ပြုပြောတော့ ကျွန်တော့် နှုတ်မှာ စကားလုံးတွေ ကုန်စင်သွားခဲ့ပြီ။
'မိုးမခ'လားမသိ။ ဆိုဒ်အမည် မမှတ်မိတော့။ ဆရာ့အား လွမ်းတသသည့် စာများကို ရေးသားနေကြ သည်ကို တွေ့လိုက်ရသည်။ ကျွန်တော် ကဗျာတိုတပုဒ် ချက်ချင်းရေးတင်ပို့လိုက်မိသည်။ အမှန်မှာ မဟာ ကြယ်တာရာတစင်း ကြွေပျက်ခြင်းကို ကဗျာတပုဒ်ဖြင့် အလွမ်းဖွဲ့ခြင်းသည် သေးဖွဲလွန်းသော အားထုတ်မှုသာ ဖြစ်ပါလိမ့်မည်။
ကျွန်တော့်အာရုံတွင် (အိုမင်းသော်လည်း)အပြစ်ကင်းသော ကလေးတယောက်မျက်နှာနှင့် တူလွန်း သည့် ဆရာ့မျက်နှာပေါ်မှ အပြုံးချိုချိုတို့ကို မြင်ယောင်သည်။ အသံ တိုးအက်အက်ကို ကြားယောင်လာ သည်။ ရန်ကုန်မြို့ လမ်းဘေးပလက်ဖောင်း လက်ဘက်ရည်ဆိုင် ထိုင်ခုံ ပုလေးပေါ်တွင် လွယ်အိပ်ကို ပေါင်ပေါ်တင်လျက် ရေနွေးကြမ်းတခွက် သောက်နေပုံက လတ်ဆတ်ရှင်သန်ဆဲ။ ဆိုင်းမဆင့် ဗုံမပါ၊ ဆရာတိမ်းပါး သွားရှာပြီ ဆိုသည်က တကယ့်အမှန်တရား။ ကျွန်တော့် အာရုံရိပ်တွင်တော့ ဆရာက ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်။ သို့သော် ပျော်ပျော်ရွှင်ရွှင် ဟူသော စကားကို ကျွန်တော်သုံးရ မည်မှာ မ၀ံ့မရဲ။ သည်ဘက်နှစ်ပိုင်းများတွင် ဆရာတကယ် ပျော်ရွှင်စွာ ရှိခဲ့ပါသလား။ ဆရာမကြီး လူထုဒေါ်အမာပြောသော 'သူ့ခမျာ ဗမာပြည်ကို နောက်ဖေးပေါက်က လာလာချောင်းကြည့်ရှာတာ' ဟူသော စကားသံကို ကြားခဲ့ရ ဖူးသည်။ သေချာသည်။ ဆရာသည် သူ့ခန္ဓာကိုယ် ၀ဖိုင့်ဖိုင့်ကြီးနှင့် အပြည့် မြန်မာပြည်သူတွေကို ချစ်သောစိတ်၊ တရားမျှတမှုနှင့် အမှန်တရားကို ချစ်သောစိတ်ကို လွယ်ပိုး သယ်ဆောင်ထားခဲ့သည်။ သူချစ်သောမြေကို သူလွမ်းနေသည်မှာလည်း အသေအချာ။
တခါတရံ စကားစဉ်ဆက်စပ်မိလျင် ဆရာသည် သီချင်းတပုဒ်ကို တိုးတိုးညည်းပြလေ့ရှိသည်။ ထိုသီချင်းကို ဆရာအလွန်နှစ်သက်ပုံရသည်။ သီချင်းကို နှစ်သက်သည် ဆိုခြင်းထက် သီချင်းကပေး သော အနှစ်အသားကို နှစ်သက်ပုံရသည်။ ထိုသီချင်းစာသားအတိုင်း သူဖြစ်စေချင်သည်။သူချစ်သော တိုင်းပြည်ကို သီချင်းသဘောသွားအတိုင်း ဖြစ်တည်ထွန်းကား တိုးတက်နေသည်ကို မြင်ချင်ပုံရသည်။ သီချင်းက အသစ်မဟုတ်။ အဆန်းမဟုတ်။ ကျွန်တော်တို့ အားလုံးကြားသိဖူးပြီးသား သီချင်းတပုဒ်ဖြစ် သည့် 'ကမ္ဘာမကြေ'။ ဆရာနှင့်အတူ ကျွန်တော် သီချင်းလိုက်ဆိုနေမိသည်။ ကြက်သီးမွေးညင်း ထသည် အထိ။
ကျွန်တော်နေထိုင်ရာ အခန်းလေးသည် မိုးသောက်ယံတွင် တယောက်ထဲ 'ကမ္ဘာမကြေ' သီချင်းသီ ဆိုနေသူ တယောက်ကို နားမလည်နိုင်စွာ ငုံ့ကြည့်နေလေမလား။ တကယ်တော့ တိုင်းတပါးက အခန်းလေးတခန်းက ကျွန်တော့်ကို နားလည်နေရန်/နားလည်ပေးရန်မလိုပါ။ ဆရာနှင့်အတူ ကျွန်တော် တို့ မြန်မာပြည်သူပြည်သား အားလုံးသည် သီချင်းလေးကို နားလည်နေကြပါသည်။ သီချင်းလေး၏ ဆန္ဒကို နားလည်ကြသည်။ ထိုသီချင်းသည် ဆရာ့ဆန္ဒ ဖြစ်သလို ကျွန်တော်တို့ ပြည်သူအားလုံး၏ ဆန္ဒလည်း ဖြစ်ကြပါသည်။


တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြည် တို့မြေ
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်
တို့ပြည် တို့မြေ
ပြည်ထောင်စု အမွေ အမြဲတည်တံ့စေ
အဓိဌာန်ပြုပေ ထိန်းသိမ်းစို့လေ။

ကမ္ဘာမကြေ မြန်မာပြည်
တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
တို့ပြည် တို့မြေ
အကျိုးကို ညီညာစွာတို့တတွေ
ထမ်းဆောင်ပါစို့လေ
တို့တာဝန်ပေ
အဖိုးတန်မြေ။


(ခ)
မဟာကြယ်တာရာတလုံး၏ ထွန်းလင်းပုံ ရှည်လျားသော သမိုင်း၊ တည်ငြိမ်ရင့်ကျက်ခြင်း၊ တိကျစွာ လမ်းပြခြင်း စသည့် ကောင်းခြင်းဂုဏ် အထူးထူးကို ချီးကျူးဖွင့်ဆိုပြရန်မှာ ကျွန်တော်လို လူသာမန် တယောက် အတွက် မတန်မရာအလုပ် ဖြစ်ပါသည်။
သို့သော် ဆရာနှင့် ထိတွေခဲ့ရသော ကျွန်တော့် ဘ၀တကွေ့၏ အမှတ်တရတခုကို ဖော်ပြလို ပါသည်။ အမှတ်ရခြင်း ဆိုသည်ထက် ဆရာ့ထံက သင်ကြားရယူခွင့် ရခဲ့သည့် ယနေ့ရေးသား ဖန်တီး နေကြသော မော် ဒန်ကဗျာ၊ မော်ဒန်စာပေနှင့် ပတ်သက်သည့် အယူအဆ၊ အတွေးအမြင်များ ဖြစ်ပါသည်။
၁၉၉၅-၉၇ အတွင်းတွင် 'သရဖူမဂ္ဂဇင်း' ကိုထုတ်ဝေခဲ့ပါသည်။ ' လူငယ်တို့၏ရွှေခေတ်သို့' ဟူသော ကြွေး ကြော်သံဖြင့် လူငယ့်အရေးအရာများနှင့် မြန်မာမော်ဒန်/ပို့စ်မော်ဒန် စာပေများကို အလေးကဲ တင်ပြရန် မဂ္ဂဇင်း မူ ချမှတ်ခဲ့ပါသည်။ ထိုမူအတိုင်း ဆောင်ရွက်ခဲ့ရာ ဂယက်အတော်ထန်ခဲ့ပါသည်။ လက်ခံသူများ အုံကျင်းဖွဲ့ ၀င် လာခဲ့သလို လက်မခံနိုင်သူများ၏ ဆန့်ကျင်မှုလည်း ပြင်းထန်ခဲ့ပါသည်။
သို့အတွက် ဖန်တီးဖော်ပြခဲ့ကြသည့် မော်ဒန်/ပို့စ်မော်ဒန် အနုပညာပစ္စည်းများကြောင့်၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူ့အဖွဲ့အစည်းနှင့် အတွေးအခေါ်များအပေါ် မည်သို့သော (ကောင်းကျိုး/ဆိုး ကျိုး)များ ရိုက်ခတ် ထင်ဟပ်စေခဲ့ပါသနည်းဟူသော မေးခွန်းများဖြင့် စာရေးဆရာ/ အယ်ဒီတာ/ ဝေဖန် ရေးဆရာ/ကဗျာဆရာ/ ပန်းချီဆရာ/ဒါရိုက်တာ စသည့် နယ်ပယ်စုံမှ ဆရာ (၃၀) ဦးအားမေးမြန်း၍ ထိုဆရာများ၏ ဖြေ ဆိုချက်များကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ ယခု ဖော်ပြပါ စာမူသည် ထိုမေးခွန်း အပေါ် ဖြေဆိုခဲ့သော 'ဆရာကြီးတင်မိုး'၏ အဖြေ ဖြစ်ပါသည်။ မော်ဒန်/ပို့စ်မော်ဒန်စာပေအပေါ် ဆရာ့သဘောထား၊ ဆရာ့အမြင်၊ ဆရာ့စေတနာများဖြစ်ကြောင်း၊ ဖော်ပြပါ ဆရာ့ဆောင်းပါးက သက်သေခံလိမ့်မည်ဟု ယုံကြည်ပါသည်။
ဆရာ့စာကို ဖတ်ရသည်မှာ သစ်တရိပ် ၀ါးတရုံ အေးအေးအောက်တွင်၊ ရေနွေးကြမ်းတအိုး သောက် ရင်း ကျောင်းသားများကို စိတ်ရှည်လက်ရှည် ရှင်းပြနေသော ကျောင်းဆရာတယောက်၏ အသံကို ကြားလာရစေပါသည်။ အညာသံ လေးတွဲတွဲအောက်တွင် စေတနာမိုးများ သည်းသည်းရွာနေသည်ကို ခံစား ရ နိုင်ကြပါ လိမ့်မည်။

(ဂ)
ဆရာသည် ခေတ်ကာလအလျောက် ပါရာဒိုင်း အရွေ့အလျောက် အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှု အပေါ် မဆန့် ကျင်ခဲ့၊ မတားဆီးခဲ့ပါ။
"ဂန္ထ၀င်ခေတ် ကနေ ခေတ်စမ်း၊ ခေတ်စမ်းကနေ ပြည်သူ့စာပေ(၀ါ)စာပေသစ်၊ စာပေသစ် ကနေ အခု မော်ဒန် စသဖြင့် တဆင့်ပြီးတဆင့် တရစ်ပြီးတရစ် တိုးတက်လာရမှာ အမှန်ပဲ။ ဒါကို ငြင်းဆန်နေရင် မိုက်မဲရာ ကျမှာ သေချာပါတယ်" ဟု ရှင်းလင်းစွာ ပြောကြားခဲ့ပါသည်။
နောက်တခုကောက်ယူနိုင်သည်မှာ ဆရာသည် မည်သည့် ခေတ်ကာလတွင်မဆို စာပေဖန်တီးသူ များ အသီး သီး အနေဖြင့်၊ သူတို့ လက်ရှိ ဖြတ်သန်းရင်ဆိုင်နေရသော မျက်မှောက်လူမှုဘ၀ ပုံရိပ်များကို ပီပြင် ထင်ရှားအောင် ဖွဲ့ဆိုစေလိုကြောင်းပင် ဖြစ်ပါလိမ့်မည်။ ထိုသို့ ဖွဲ့ဆိုခြင်းသည်သာ သမိုင်းတာဝန်ကို ကျေပြွန် အောင် ထမ်းဆောင်ခြင်းမည်သည်ဟု ဆရာယုံကြည်စွဲမှတ်ခဲ့ပါလိမ့်မည်။
'ခေတ်ရဲ့အသံ၊ ခေတ်ရဲ့ ခံစားမှုနဲ့ ကိုက်ညီတဲ့ ကဗျာတွေ အသစ်ထွန်းကားလာတော့တာပေါ့။ ကြည့်လေ..သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးများ' ဟု မဟာလေးချိုးကြီးများ ၏ ခေတ်ကို ဖွဲ့ဆိုမှုကို ညွှန်းခဲ့သည့် နောက်၊
'ကိုလိုနီဘ၀ ကြေကွဲဖွယ်တွေကို ဆရာဇော်ဂျီ ရေးခဲ့တာပဲ' ဟုနောက်တခေတ်၏ ပုံရိပ်ဆီ ဆွဲယူခဲ့ပြီး၊
' လွတ်လပ်ရေး ကြိုးပမ်းမှုအသံတွေ ကဗျာထဲမှာ ဖန်တီးဖော်ပြခဲ့ကြတယ်' ဟု ဆရာမင်းသုဝဏ်ကို ထုတ် နှုတ်ပြခဲ့ပြန်သည်။
ထိုမျှမက မြန်မာ့သမိုင်းနှင့် မြန်မာ့စာပေသမိုင်းကို မျက်ခြေမပြတ်ခဲ့သော ဆရာသည်
'ဒီသမိုင်းနောက်ခံကားကြီးနဲ့အတူ၊ ဒဂုန်တာရာရဲ့ 'မုန်းမှသည်ကာလီဖိုးနီးယာ'လို၊ ဆရာဇော်ဂျီရဲ့ '၀ိဒူရဒုက္ခ'လို ခေတ်ပေါ်ခံစားမှုကို ပေးနိုင်တဲ့ ကဗျာတွေ ထွက်ပေါ်လာတာကိုလည်း သတိပြုဖွယ်ပါ။ 'ဗေဒါလမ်း' တို့လို ကဗျာ ရှည်ကြီးဟာဆိုရင် လူ့ဘ၀ခရီးရဲ့ အတွေးအခေါ်တွေကို၊ ဖြန့်ခင်းပြလိုက်တဲ့ ခေတ်ပေါ် ကဗျာတပုဒ်ပေပဲ' ဟု ထုတ်နှုတ်ညွှန်းဆိုခဲ့ပြန်ပါသည်။
ကျွန်တော်တို့အနေဖြင့် ဆရာ့ရင်ထဲမှ အသံစစ်စစ်များကို ကြားနာခဲ့ရပြီးနောက် ဘယ်ဆီရောက်ချင် သလဲ၊ ဘယ်လိုလျှောက်ကြမလဲ ဟူသော မေးခွန်းများကို ကိုယ်တိုင်မေးမြန်းရင်း ကိုယ်တိုင်ဖြေဆိုဖို့ အသင့်ရှိ လောက်ပြီဟု ယူဆမိပါသည်။

(ဃ)
ခေတ်ပေါ်အရေး

(၁)
'သရဖူ'မဂ္ဂဇင်းက 'ကြိုငိမ်းအေး'၊ 'ကိုအောင်ကျော်ဦး' တို့က ကျွန်တော့်ကို မော်ဒန်ကဗျာ၊ မော်ဒန်စာပေနဲ့ ပါတ် သက်လို့ ထင်မြင်ချက် ရေးခိုင်းသဗျ။
ကျွန်တော်က နားထောင်ချင်တဲ့ လူဗျ။ ပြောချင်တဲ့လူ မဟုတ်ဘူး။ ဆရာ့ ဆရာကြီး၊ ဆရာငယ်တွေ ပြောတာ မှန်သမျှ တလေးတစား နားထောင်ပြီး ကိုယ့်ဖာသာ စဉ်းစားချင်တာပဲဗျာ။
ပြောခွင့်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပါးစပ်ထက် နားကို အလေးထားတာ မို့ ဖြစ်နိုင် ရင် မပြောချင်လှဘူးပေါ့လေ။ ကိုယ်က စကားကျွံသွားရင်လဲ မကောင်းဘူးမဟုတ်လား။
ပြောရရင်တော့ မော်ဒန်တွေ၊ တော်လှန်တွေက စပြောရတော့မှာပဲ။ မော်ဒန်၊ တော်လှန်ဆိုတာ စာပေဂိုဏ်းရဲ့ အလံတွေ မဟုတ်လား။ အလံတွေထူပြီး တလူလူ လုပ်ချင်နေတာကိုပဲ ကျွန်တော် သိပ်သဘော မတွေ့ လှဘူးပေါ့ဗျာ။
ဒီ တံဆိပ်ကပ်တဲ့ လုပ်ငန်းကို အပန်းတကြီး လုပ်နေဖို့ မလိုအပ်လှဘူးလို့ ကျွန်တော်မြင်မိတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အသံတကြွကြွ၊ ဟန်တပြပြ လုပ်ခဲ့ကြတာ များခဲ့ပြီ မဟုတ်လား။ ကုန်းဘောင်ခေတ် ကတည်းက 'လက်လေးသစ်စာတိုကို၊ ၀ိဂြိုလ်တွေ ကျင်းပြီးလျင်၊ အငြင်းက ကြောက်ဖွယ်သန်' ဆိုတဲ့ ဘုရား မကြိုက်တဲ့ လူတွေ ရှိခဲ့တယ်။ ဦးပုညက ဒီလိုလူစားတွေ အကြောင်း ရေးခဲ့ဖူးသားပဲဗျာ။
' ဥာဏ်ကအပြိန်း၊ အသံဗလံတွေကဟိန်း' နေတာတွေကြောင့် တကယ် အလုပ်လုပ်ဖို့ကျတော့ ခြေခြေမြစ်မြစ်မရှိ ဖြစ်နေကြပါလေရော။ လက်ခုပ်သံတိုင်း မှန်တယ်ထင်ရင် အန္တရာယ်ပဲဗျို့။
'သရဖူ' ဆရာတို့ရေ......၊ မြန်မာစာပေကို ခေတ်လည်းမီ၊ တိုးလည်းတိုးတက်၊ သစ်လည်း သစ်လွင် အောင် လုပ်ချင်ကြတဲ့ ဆရာတို့ စေတနာကို လေးစားပါတယ်။ ဆရာတို့ အားထုတ်မှုကို ဥပေက္ခာလည်း မပြုပါဘူး။ အရာရာမှာ သတိရှိမှ ကောင်းမယ်။ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဖြစ်မှ ကောင်းမယ်။ ဗိန်းမောင်းတိုက်မှ ဖြင့် တိမ်းစောင်းလိုက်မှာကို စိုးရပါတယ်။
အရာရာမှာ တည်ငြိမ်မှုမရသေးတော့ စာပေလောကမှာလည်း မတည်ငြိမ်၊ ဣနြေ္ဒမထိန်းနိုင် ဖြစ်နေ တာလည်း ဆန်းတော့ မဆန်းဘူးပေါ့လေ။ ၀ဲဂယက် ခရုပတ်နေသလို တ၀ဲလည်လည်လှည့်နေတာ ဓမ္မတာပါပဲ။

(၂)
အသစ်နဲ့ အဟောင်းဆိုတာ အမြဲတမ်း ဖြစ်နေတဲ့ ပဋိပက္ခပါ။ နိယာမတခုလို့လည်း ဆိုနိုင်ပါတယ်။ တခေတ်ပြီးတခေတ် အသစ်အသစ် တိုးတက်သွားရမှာ မြေကြီးလက်ခတ်မလွဲ ပေါ့ဗျာ။
ဒါဘာငြင်းစရာလိုလဲ။ ဂန္ထ၀င်ခေတ်ကနေ ခေတ်စမ်း၊ ခေတ်စမ်းကနေ ပြည်သူ့စာပေ(၀ါ)စာပေသစ်၊ စာပေ သစ်ကနေ အခုမော်ဒန် စသဖြင့် တဆင့်ပြီး တဆင့်၊ တရစ်ပြီး တရစ် တိုးတက်လာရမှာ အမှန်ပဲ။ ဒါကို ငြင်းဆန် နေရင် မိုက်မဲရာကျမှာ သေချာပါတယ်။
မန္တလေးခေတ်၊ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ တေးထပ်တွေ ဘောလယ်တွေ ခေတ်စားခဲ့တယ်။ ကဗျာ အသွင်မှာ တေးသံစဉ်တွေ ကဲ လာခဲ့တယ်။ ကိုလိုနီခေတ်ရောက်လာတော့ ဒီလေသံတွေကို ငြီးငွေ့လာကြတယ်။ တေးထပ်တွေ ဘောလယ်တွေကို ကဗျာပြတိုက်ထဲ သွင်းလိုက်ကြတာပဲ။
ခေတ်ကလည်းပြောင်းသွားတာကိုး။ ခေတ်ပြောင်းတော့ စကားတွေ လေသံတွေ ပြောင်းလာကြ တယ်။ အ ကြောင်းအရာသစ်တွေ ပေါ်လာတယ်။ အနုပညာမှာလည်း အသစ်ပြောင်းဖို့ ရုန်းကန်လှုပ် ရှားမှုတွေ ပေါ်လာ တာပဲ။ ဒီတော့ 'ခေတ်ရဲ့အသံ၊ ခေတ်ရဲ့ခံစားမှုနဲ့ ကိုက်ညီတဲ့' ကဗျာတွေ အသစ်ထွန်းကား လာတော့တာပေါ့။ ကြည့်လေ...သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးများ။
ဆရာကြီး ဖွဲ့ခဲ့တဲ့ အကြောင်းအရာတွေကလည်း ခမ်းနားကြီးကျယ်တဲ့ ခေတ်သစ်သမိုင်း မြင်ကွင်းကြီး၊ မြန်မာ့ လွတ် လပ်ရေးသမိုင်းကြိုးပမ်းမှုကို မဏ္ဍိုင်ပြုပြီး ဖြစ်ရပ်တွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေ၊ စာနယ်ဇင်း တွေအကြောင်း ရောင်စုံကားချပ်ကြီး ဖြန့်ခင်းလိုက်သလို။
အဲဒီအတွင်းသားကို ကြွယ်ဝဆန်းသစ်တဲ့ ကဗျာဥာဏ်နဲ့ မွှေလိုက်တဲ့အခါကျတော့ အလွန်ထူးခြား တဲ့ ခေတ် ကဗျာကြီးတွေ ပေါ်ပေါက်လာတော့တာပေါ့။
ဒီလို လေးချိုးကြီးရဲ့ ထီးရိပ်ကို လှုံပြီး တက္ကသိုလ်ပညာတတ် လူငယ်တစုကလည်း ရှေးနဲ့မတူ တမူထူးခြားတဲ့ အရေးအသားနဲ့ 'ခေတ်စမ်း' ကဗျာတွေ ရေးဖွဲ့လာကြတာပဲ။
ရွှေနန်းတော်မြို့ရိုးကြီးကို ကြည့်ပြီး၊
တို့ကျုံးမှာ ကြာမပျော်၍
ပြသဒ်တော် ခြေထော့ကျိုးနဲ့
ညှိုးရှာသတဲ့လေး" စတဲ့
ကိုလိုနီဘ၀ ကြေကွဲဖွယ်တွေကို ဆရာဇော်ဂျီ ရေးခဲ့တာပဲ။
"ဤမြေဤယာ၊ ဘယ်သူ့ယာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း" တဲ့။
လွတ်လပ်ရေး ကြိုးပမ်းမှုအသံတွေ ကဗျာထဲမှာ ဖန်တီးဖော်ပြခဲ့ကြတယ်။
"သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို" တဲ့။ ဆရာမင်းသုဝဏ်က လွတ်လပ်ရေး အောင်စည်သံပါအောင် ကဗျာဖွဲ့ခဲ့ တယ်။ နိမိတ်ပုံသုံးမှု အားကောင်းပုံကို သတိပြုဖွယ် ဖြစ်ပါတယ်။

(၃)
လွတ်လပ်ရေးခေတ် မြင်ကွင်းကတော့ ကျယ်သလားမမေးနဲ့။ ပင်လုံစာချုပ်၊ နု-အက်တလီ၊ ကွန်မြူနစ်ပါတီ၊ စစ်အတွေ့အကြုံများ၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖဆပလပြိုကွဲခြင်း စတဲ့ ခေတ်ရဲ့ ဂယက်ရိုက်ခတ်မှုတွေ အစုံပါပဲ။
ပြင်းထန်တဲ့ လှိုင်းတံပိုးတွေကြားမှာ ကူးကာပြန်ကာ လူးလာဆန်ကာ ချီတက်ခဲ့ကြတဲ့ ခရီးတာမှာ ခံစားမှု ရောင်ပြန်တွေ ထင်ဟပ်ပြီး၊ ဆေးရောင်စုံ စပ်ထားတဲ့ ပန်းချီကားတချပ်လိုပါပဲ။
ဒီသမိုင်းနောက်ခံကားကြီးနဲ့ အတူ၊ ဒဂုန်တာရာရဲ့ "မုန်းမှသည် ကာလီဖိုးနီးယား"လို၊ ဆရာဇော်ဂျီရဲ့ "၀ိဒူရဒုက္ခ"လို ခေတ်ပေါ် ခံစားမှုကို ပေးနိုင်တဲ့ ကဗျာတွေ ထွက်ပေါ်လာတာကိုလဲ သတိပြုဖွယ်ပါ။ "ဗေဒါလမ်း" တို့လို ကဗျာရှည်ကြီးဟာဆိုရင် လူ့ဘ၀ခရီးရဲ့ အတွေးအခေါ်တွေကို၊ ဖြန့်ခင်းပြလိုက်တဲ့ ခေတ်ပေါ် ကဗျာ တပုဒ်ပေပဲ။
ဒီလိုနဲ့ ကဗျာဆရာများစွာဟာ ဒီနေ့ခေတ်ကို ထင်ဟပ်ခံစားပြီး၊ ထူးခြားတဲ့ နိမိတ်ပုံတွေသုံးကာ ဖွဲ့ဆို လာတာ ဟာဖြင့် မြစ်ရေအလျင် တသွင်သွင် စီးသလိုပါပဲဗျာ။ 'အားရစရာကောင်းလိုက်တာ'လို့ ဥဒါန်းကျူးရ တော့ မှာပဲ။ ကာရန်တွေ စည်းလျော့ပြီး ရေးကြတာလည်းရှိ၊ ကာရန်မဲ့ပြီး စကားပြေအစု အနေနဲ့ ရေးဖွဲ့တာလည်းရှိ၊ ကာရန်လေး ချိတ်ရုံချိတ်ပြီး လွတ်လွတ်လပ်လပ်ရေးဖွဲ့တာလည်း ရှိတာပေါ့။ ဒီအတော အတွင်းမှာ ကာရန်ကို စနစ်တကျသုံးပြီး ခေတ်ပေါ်ခံစားမှုနဲ့ဖွဲ့တဲ့ ကဗျာတွေလည်း ရှိတယ်ဆိုတာ အသိ အမှတ်ပြုရမှာပဲ။ အသိအမှတ်ပြုဖို့ လိုအပ်တာလည်း အမှန်ပဲ။
အရေးကြီးတာ ကဗျာကောင်းတပုဒ် ဖြစ်ဖို့ပါ။

(၄)
ကျွန်တော့်အမြင်ကတော့ မော်ဒန်ကဗျာတွေကို အားလည်းပေးချင်တယ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖွံ့ဖွံ့ဖြိုးဖြိုးလည်း ဖြစ်စေချင်တယ်။ ရမ်းရမ်းကားကားနဲ့ တလမ်းသွားလုပ်နေတာကိုလဲ သတိပေးချင် တယ်။ 'ရမ်းတော့မတုတ်ကြနဲ့ကွာ၊ ကြာရင် ကဗျာနာမယ်' လို့လည်း အဟန့်အတားလေးလည်း လုပ်ချင် တယ်။ တယူ သန်၊ တကြောင်းစွဲနဲ့ 'ဒါပဲ...ဒါပဲ ' လို့ လှေနံဓါးထစ်စွဲပြီး အစွဲမထားပဲ ကဗျာချစ်မြတ်နိုးမှု၊ ကဗျာဖွံ့ဖြိုးတိုးတက်မှုနဲ့ အားထုတ်စေချင်တယ်။ " အပိုင်နော်ကြံလိုက်သခင်၊ တိုင်ပေါ်အလံစိုက်ချင်" ဆိုတဲ့ လေဘာတီမမြရင်ရဲ့ သီ ချင်းလို အလံစိုက်ဖို့၊ အလံလုပွဲနွှဲဖို့ချည်း လုပ်မနေပဲ၊ မိမိတို့ မြန်မာကဗျာ ခေတ်ပေါ်ကဗျာ ပီသရေး၊ အ ခြေခိုင်ရေးတို့အတွက် တွေးတွေးဆဆ၊ ဖေးဖေးမမ လုပ်သင့်တယ်လို့ ထင်မြင် ယူဆပါတယ်။
ကာရန်လွတ်လပ်သလို အတွေးအခေါ်လည်းလွတ်လပ်၊ အရေးအဖွဲ့လည်းလွတ်လပ်ပြီး၊ ချစ်မြတ်နိုး စရာ ခေတ် ပေါ်ကဗျာတွေ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။

ဒီလောက်ပါပဲဗျာ
တင်မိုး

(၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ သရဖူမဂ္ဂဇင်းအမှတ် (၃၁)၊ စာမျက်နှာ ၆၈-၆၉ တွင်ဖော်ပြပါရှိ သော ဆရာ့စာမူကို(ပုံနှိပ်မူအတိုင်း)ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

(င)
သေလွန်သည်၏ အပ၌ ကျွန်တော်တို့ လက်လှမ်းမမီ၊ မသိမြင်နိုင်သော အခြားဘုံတခုရှိသေးသည်လား။ ထို အချက် သည် ကျွန်တော့် အတွက် မသေချာလှပါ။
ဘာမျှမရှိတော့ ဆိုငြားအံ့။
တဘ၀တာလုံး ဆောင်ရွက်သည်များကို စေတနာသန့်သန့်ဖြင့် ဆောင်ရွက်ပြီးစီး၊ ခရီးဆုံးခဲ့ပြီ ဖြစ်သော ဆရာ့ အတွက် အမိမြေမှ ပေးအပ်မည့် 'တာဝန်ကျေပွန်ခဲ့သည် ကြယ်တာရာ' ဟူသော ဂုဏ်ပုဒ်သည် ထာဝရလင်း လက်တောက်ပ နေဦးတော့မည်။
တစုံတခုသော ဘုံ ရှိသည်ဆိုငြားအံ့။
ဖြူစင်သော နှလုံးသား သက်သက်ဖြင့် တဘ၀တာ ရှင်သန်ခဲ့သည့် ဆရာ့အတွက် သွားရာ၊ နားရာသည်ကောင်း ရာဘုံမှတပါး အခြားမရှိ။


ငြိမ်းအေးအိမ်
၂၀၀၇ခု၊ ဇူလိုင်လ ၁၉ ရက်၊ ၁၅း၂၀ နာရီ၊ ရန်ကုန်။

[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူလိုက်ရပဲ မာယာပေါ် တင်လိုက်တာကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]

Saturday, January 12, 2008

မော်ရဲ့ကဗျာအမြင်
ရေးသူ-မောင်စွမ်းရည်

--------တရုတ်ပြည်က နိုင်ငံရေးခေါင်းဆောင်ကြီး မော်စီတုန်းဟာ ကဗျာဆရာအဖြစ်လဲ ထင်ရှားတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားကြီးတွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေဟာလဲ တရုတ်တမျိုးသားလုံးရဲ့ အရေးတော်ပုံကြီးမို့ နိုင်ငံရေး၊ စစ်ရေးထဲ ပါဝင်လာရပေမယ့် မူလက စာပေသမားတွေ ဖြစ်ခဲ့ကြတယ်။ မာရှယ်ချင်ယီ၊ ယဲ့ကျင်ယင်း၊ တုန်ပီဝူး အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အပန်းဖြေချိန်တွေမှာ ကဗျာရေး၊ ကဗျာဖတ် လုပ်လေ့ရှိကြတယ်။ ကဗျာတပုဒ် ရေးပြီးတိုင်း၊ အချင်းချင်း လဲလှယ်ဖတ်ရှု၊ မျှဝေခံစားလေ့ ရှိကြတာကိုလဲ တွေ့ရတယ်။ တခါတလေ ကဗျာကိစ္စတွေကို ဆွေးနွေးကြတယ်။ သူတို့ ဆွေးနွေးကြ တာတွေဟာ ကာရန်အကြောင်း၊ စပ်နည်းအကြောင်းလောက်သာ မဟုတ်ဘဲ မော်ဒန်ကဗျာသဘော တရားတွေပါ၊ ပါရှိနေတာ တွေ့ရတတ်တယ်။ ကဗျာသဘောတရားတွေကို အပေါ်ယံမျှသာ မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း သိရှိဆွေးနွေးတတ်ကြတာမျိုးကို သူတို့စာတွေမှာ တွေ့ရတတ်ပါတယ်။ခု ကျွန်တော် ဖော်ပြမှာက 'မော်က ချင်ယီဆီကို ပေးတဲ့စာ' ဖြစ်ပါတယ်။ ဒီစာမှာ မော်က ချင်ယီရဲ့ ကဗျာတပုဒ်ကို ပြင်ပေးရင်း ကဗျာအကြောင်း စပ်မိစပ်ရာ ဝေဖန်ထားတာကို တွေ့နိုင်တယ်။ ကဗျာကောင်းရဲသဘော၊ နိမိတ်ပုံရဲ့သဘောတို့ကို အရိပ်အမြွက် ဆွေးနွေးထားတာ တွေ့ရပါမယ်။ အဲဒီစာကို ဖတ်ကြည့်ပါ။
ရဲဘော်ချင်ယီ
ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ ကဗျာတွေ အချောကိုင်ပေးဖို့ ခိုင်းလိုက်ပေမဲ့ ကျုပ်က ငါးလုံးစပ် "လူရှိ" ကဗျာကို ဘယ်လိုစပ်ရမယ်ဆိုတာ မလေ့ကျက်ခဲ့ဖူးတဲ့အပြင် ဒီပုံစံနဲ့လဲ တခါမှ ရေးသား ထုတ်ဝေခြင်း မလုပ်ခဲ့ဖူးဘူး။ ခင်ဗျားရဲ့ ကဗျာတွေဟာ ခွန်အားရှိပြီး ကျယ်ပြန့်တယ်။ ပုံစံအရ (၀ါ) မတြာ စနစ်အရ ကျုပ်သိသလောက်နဲ့သာ ပြောရမယ်ဆိုရင် သူတို့ဟာ "လူရှိ" မဟုတ်ဘူး။ အဲဒါ တင်းကျပ်တဲ့ အသံအနိမ့်မြင့်စနစ် ရှိလေတော့ အဲဒီ စနစ်နဲ့ မကိုက်တော့ရင် "လူရှိ" မဟုတ်ဘူးပေါ့။ ဒီကိစ္စမှာတော့ ကျုပ်တို့ နှစ်ယောက်စလုံးဟာ လက်သင်လေးတွေပဲ ရှိသေးတာကိုး။ ကျုပ်အနေနဲ့ ခုနှစ်လုံးစပ် "လူရှိ" နည်းနည်းပါးပါး တခါတလေဆိုသလို ရေးခဲဖူးပါရဲ့။ ဒါပေမဲ့ ကျုပ်တော့ တပုဒ်မှ ကျေနပ်လောက်အောင် မဖြစ်မြောက်ခဲ့ပါဘူး။ ခင်ဗျားက သမားရိုးကျ မဟုတ်တဲ့ ကဗျာတွေမှာ တော်သလို၊ ကျုပ်ကတော့ ပါဒ အလျား အမျိုးမျိုးလုပ်လို့ရတဲ့ "ဇု" ကဗျာစပ်နည်းအကြောင်းကို နည်းနည်းပါးပါး တီးမိခေါက်မိပါရဲ့။ ကျင်ယင်း (ယဲ့ကျင်ယင်း) ကတော့ ခုနှစ်လုံးစပ် "လူရှိ" စပ်နည်းမှာတော်ပြီး၊ ရဲဘော်ကြီးတုန် (တုန်ပိဝူး) ကတော့ ငါးလုံးစပ် "လူရှိ" မှာ တော်သဗျ။ ခင်ဗျား အဲဒီပုံစံ စပ်နည်းနဲ့ ရေးချင်ရင်တော့ သူတို့ဆီက အကြံဥာဏ် တောင်းပေတော့။

"အနောက်ဖက်ခရီး"

အနန္တဟင်းလင်းပြင်မှာ လေအလျင်ကိုစီးလို့
အနောက်ဖက်ဆီ၊ လီတသောင်းအသော့နှင်ခဲ့တယ်။
ဂဠုန်ကြီးသာ အတောင်ဖြန့်မထားရင်
ငှက်တွေသာ ကူးသန်းတဲ့ ဒီလဟာထဲမှာ
လူသားဟာ ဘယ်လို ကူးနိုင်မလဲ။
အောက်မှာ ပင်လယ်ဟာ စပျစ်ရည်ခွက်တသောင်းလောက်
စိမ်ရည်ဖောက်နေပြီ။
တောင်တွေကတော့ ကြက်သွန်ဥပြာသာဒ်တွေနဲ့
အမြင့်ကြီး မိုးမတ်နေလေရဲ့။
ကမ္ဘာမြေတရိုးမှာ လေနဲ့မိုးကြိုးလွှမ်းမိုးနေတဲ့အခါ
နေရာတကာ ငါတို့ဟာ မိတ်ကောင်းတွေ တွေ့ရပေတာ။
ကျုပ် ဒီကဗျာကို နည်းနည်းပါးပါး ပြင်လိုက်တယ်။ ဒါပေမဲ့ စိတ်ကြိုက်ဖြစ်လာဖို့ကတော့ ဝေးသေးရဲ့။ ဆက်ပြီးလုပ်ဖို့ ကျုပ် မ၀ံ့စားတော့ဘူးဗျို့။
တခြားကိစ္စတခုက ကဗျာဆိုတာ စကားပြေလို ရိုးရိုးစင်းစင်း ဆက်သွယ်ပေးတာ မဟုတ်ဘဲ စိတ်ကူးတွေကို သယ်ဆောင်ဖို့ရာအတွက် နိမိတ်ပုံတွေကို သုံးရတဲ့ ကိစ္စပဲ။
ဒါကြောင့် ကျုပ်တို့ဟာ " ပိ" (ဥပမာအင်္လကာနဲ့ရူပကအင်္လကာတွေ) နဲ့ "ရှင်း" ခေါ် (တွဲဖက်အနက်) တွေကို လက်လွှတ်လို့ မရဘူး။ ကျုပ်တို့ဟာ "တုဖူး" ရဲ့ "မြောက်ဖက်ခရီး" ကဗျာမှာလို "ဖု" နည်းနာ (သဘာဝု၀တ္တိ၊ တိုက်ရိုက်အဆို) ကို သုံးထားတာဟာ "ရိုးရိုးစင်းစင်းဝေါဟာရတွေနဲ့ဖော်ပြတာ" လို့ ဆိုနိုင်ပေမဲ့၊ ဒီမှာလဲ သူဟာ "ပိ" နဲ့ "ရှင်း" သုံးထားတာပါပဲ။ " ပိ-ဆိုတာ အရာဝတ္ထုတခုကို အခြားအရာ ၀တ္ထုတခုနဲ့ခိုင်းနှုင်းတာ" လို့ အဓိပ္ပါယ်ရပြီး "ရှင်း-ဆိုတာကတော့ တခြားတစုံတရာကို အရင်ပြောဆို လိုက်ပြီးမှ ကိုယ်ပြောလိုရာဘက်ကို သယ်ယူသွားတာ" လို့ အဓိပ္ပါယ်ရတယ်။ ဟန်ယု(၇၆၈-၈၂၄) ဟာ ကဗျာမှာ စကားပြေနည်းနာ သုံးခဲ့တယ်။ ဒါနဲ့ တချို့လူများက သူဟာ ကဗျာအကြောင်းကို လုံးဝမသိဘူးလို့ ပြောကြတယ်။ ဒီလိုပြောတာကတော့ လွန်လွန်းတာပေါ့နော်။ သူရဲ့ "ကျောက်ဆောင် များ" "ဟိန်ရှန်းတောင်" "ရှစ်လဆယ့်ငါးရက်နေ့မှာ၊ဒိုင်နယ်မှူးကျန်သို့" တို့လို ကဗျာမျိုးတွေဟာ တကယ့်ကို မဆိုးဘူး။ ဒီမှာ ကဗျာရေးရတယ်ဆိုတာ မလွယ်ဘူးဆိုတာ မြင်သာတယ်။ "စုန်ခေတ်" စာဆိုတွေဟာ စိတ်ကူးစိတ်သန်းတွေကို နိမိတ်ပုံတွေသုံးပြီး ဖော်ကျူးရတယ်ဆိုတာ နားမလည်ကြတဲ့ အပြင်၊ "တန်ခေတ်" ကဗျာအစဉ်အလာကိုလဲ ဥပက္ခာပြုခဲ့ကြတယ်။ ဒါကြောင့် သူတို့ ကဗျာတွေဟာ ရိုးရိုးစင်းစင်းကြီးတွေပဲ ဖြစ်နေတော့တာပေါ့။ ဒီ ရောက်တတ်ရာရာ မှတ်ချက်တွေဟာ ဂန္ထ၀င်ကဗျာတွေ ကိုပဲ ညွှန်းတာပါဗျာ။ ခေတ်ပေါ်ကဗျာကို ရေးဖို့ဆိုရင်တော့ လူတန်းစားတိုက်ပွဲနဲ့ ကုန်ထုတ်လုပ်မှုတိုက်ပွဲ ကို ထင်ဟပ်ဖော်ပြရာမှာ နိမိတ်ပုံတွေကတဆင့်၊ စိတ်ကူးစိတ်သန်းတွေ ဖော်ပြတဲ့နည်းကို ကျုပ်တို့ သုံးရမယ်။ ဒါပေမဲ့ နောက်ဆုံး ဆယ်စုနှစ် အနည်းငယ်အတွင်း တိုင်းရင်းဘာသာ(တရုတ်စကား)နဲ့ ရေးထားကြတဲ့ ကဗျာတွေဟာ မအောင်မြင်ကြဘူး။ ကောင်းမွန်တဲ့ လူထုရိုးရာတေး တချို့တော့ ရှိပါရဲ့။ အနာဂတ် လမ်းကြောင်းကတော့ လူထုရိုးရာတေးကနေ အဟာရယူ၊ လူထုရိုးရာ တေးပုံသဏ္ဍန်တွေကို ပြုပြင်ယူပြီး အများစု စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်မယ့် ကဗျာအမျိုးအစားသစ်တခု ဖွံ့ဖြိုးတိုးတက် အောင် လုပ်တာဖြစ်လိမ့်မယ်လို့ ထင်ရတာပဲဗျာ။ စကားမစပ် လိယို (၇၁၁-၇၆၂) ဟာ "လူရှိ" ကဗျာ အရေးနည်းခဲ့တယ်နော်။ လိဟို (၇၉၀-၈၁၆) လဲပဲ ငါးလုံးစပ်"လူရှိ"စပ်နည်း အနည်းအကျဉ်းကလွဲရင် ခုနှစ်လုံးစပ်နည်းကို တခါမှ မရေးခဲ့ဖူးဘူးဗျနော်။ လိဟို ကို ကောင်းကောင်းဖတ်ထိုက်တယ်။ ခင်ဗျား စိတ်ဝင်စားရဲ့လား မသိဘူး။

ကျန်းမာရွှင်လန်းပါစေ

မော်စီတုံး
၁၉၆၂၊ ဇူလိုင် ၂၁။

အဲဒါ မော်ရဲ့ စာပဲ။
နိမိတ်ပုံသုံးခြင်း၊ ကဗျာမှာစကားပြေရဲ့ရေးဖွဲ့နည်းကိုအသုံးပြုခြင်း၊ လူထုရိုးရာ ကျေးလက်တေးကို လေ့လာခြင်း ဆိုတဲ့ အချက်တွေကို ဆွေးနွေးထားတာ သတိပြုစရာကောင်းတယ်။ ဒါဟာ မော်ရဲ့ ကဗျာအတွေ့အကြုံက ထွက်ပေါ်လာခဲ့တဲ့ သဘောတရားတွေပဲ။ သေသေချာချာ ပြန်စဉ်းစားရင် ခရစ္စတိုဖာကော့ဒ်ဝဲလ်၊ ဂျော့သော်မဆင် တို့ ဆွေးနွေးတင်ပြခဲ့တဲ့ ဆိုရှယ်လစ်စာပေ သဘောတရားတွေနဲ့ ထပ်တူပဲဆိုတာ တွေ့ရမယ်။ ၁၉၆၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေဟာ ဒါတွေပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကဗျာမော်ဒန် ဖြစ်ရေးအတွက် လမ်းရှာတဲ့အခါ အဲဒီစာတွေပဲ ဖတ်ရှုနှစ်သက်ခဲ့တာကိုး။

၁၉၆၈ ခု ဆရာမင်းသုဝဏ်ရဲ့ အိမ်မှာ ကဗျာ ၀ပ်ရှော့ တခုလုပ်ခဲ့တယ်။ အဲဒီဝပ်ရှော့က ဆွေးနွေး ချက်တွေကို မြဇင်၊ မောင်သာနိုး နဲ့ ညွန့်ကြူး တို့က စာပေလောကကို ပြန်လည်တင်ပြတယ်။ မော်ဒန်ကဗျာနဲ့ ပတ်သက်ပြီး နိမိတ်ပုံကို ရှေ့တန်းတင်လာကြပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် မော်၊ ဂျော့သော်မဆင် နဲ့ မင်းသုဝဏ်ကဗျာ ၀ပ်ရှော့ပေါင်းစပ်မိခြင်းဟာ မော်ဒန်ကဗျာ ရှေ့တလှမ်း တက်ရေးအတွက် တစုံတရာ အင်အားတခု ဖြစ်သွားခဲ့တယ်လို့ ပြန်လည်သုံးသပ်မိတာပါပဲ။ ဟုတ်ပါ ရဲ့လား။

မောင်စွမ်းရည်
၁၉၉၃ ဒီဇင်ဘာ။

မမေ့နိုင်တဲ့ပုံရိပ်များ (၃)
ရေးသူ-ကျွန်းပြန်ရဲဘော်တဦး

------ကျွန်တော်တို့ ရောက်ပြီး တလမပြည့်ခင်မှာပဲ ထောင်တွင်းတိုက်ပွဲငယ်ကလေး စတင်ပါတယ်။ တိုက်ပွဲက ငပိအကောင်းစားရရေး တိုက်ပွဲပါ။ ငပိပုတ်တိုက်ပွဲလို့ ခေါ်ရင်လဲ ရပါတယ်။ ရိက္ခာဂိုဒေါင် ထဲမှာ ဘယ်တုန်းကရင်း ပို့ထားတဲ့ ပစ္စည်းတွေမသိပါ။ ဆန်တွေ ပိုးထိုး၊ ပဲတွေ ပိုးထိုး၊ ကြက်သွန်တွေ ဟာ ကိုင်ကြည့်လိုက်ရင် ၁၀လုံးမှာ ၁ လုံးလောက်ပဲ စားလို့ဖြစ်တော့တယ်။ အဲဒီအထဲ ငပိဟာ အဆိုးဆုံးပါ။ စဥ့်အိုးနဲ့ထည့်ထားတဲ့ ငပိဟာ၊ ငပိရောင်မဟုတ်တော့ပဲ မဲညစ်ညစ်နဲ့၊ လောက်ကောင်တွေ ဆိုတာ အိုးနှုတ်ခမ်းကရင်း တထွေးကြီးနဲ့ပါ။ လက်နဲ့နှိုက်ပြီး တခါကော်ချလိုက်လဲ အကောင်းမတွေ့ရပါ။ နောက်ထပ်ကော်လဲ အကောင်းမတွေ့ရပါ။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေရတဲ့ ဟင်းဟာ ပဲနဲ့ငပိပါ။ ငပိကို အားပြု အဟာရပြုနေရပါတယ်။ ကျွန်းကို ပို့လိုက်တဲ့သူတွေထဲမှာ ပြည်မထောင်မှာ အမျိုးမျိုး ညှင်းပမ်းနှိပ်စက်ပြီးမှ ပို့လိုက်ကြတာပါ။ ဒီအထဲမှာ အင်းစိန်ထောင်က အဆိုးဆုံးခံကြရတာပါ။ ရောက်လာပြန်တော့လဲ အစာအဟာရကချို့တဲ့၊ ရေစိမ်းမြေစိမ်းဆိုတော့ ပိုခံရပါတယ်။


------ဒါကြောင့် အသားဝါရောဂါတွေ ဖြစ်ကြတာများတယ်။ ဒီရဲဘော်တွေကို ကျန်းမာတဲ့ ရဲဘော်တွေက ပင်လယ်ရေချိုးထွက်ရတဲ့အခါ သားငါးဖမ်းပြီး ကျွေးကြရတယ်။ ခရုတို့ ကနန်းတို့ ရရာ မိမိတို့ တတ်စွမ်းသမျှ အဟာရ ဖြည့်ပေးကြတယ်။ ရေထွက်ခပ်ရတဲ့ ရဲဘော်ကလဲ ထောင်စောင့်အလစ်မှာ ကျွန်းစောင့်ပုလိပ်အိမ်ထောင်စုတွေ သောက်ပြီး ပစ်ထားတဲ့ အုံးသီးတွေ ပုဆိုးနဲ့ ထုတ်ယူခဲ့ပြီး၊ အဆောင်ရောက်တော့ ခွဲကျွေးကြရတယ်။ ကျွန်တော်တို့ကို အုန်းသီးမခူးရဘူးတဲ့လေ။ ခူးတာတွေ့ရင် ဒဏ်ငွေ ၅ကျပ် တပ်မယ်တဲ့။ ရီတော့ ရီစရာကြီးဘဲ။
ထောင်ထဲရောက်နေတာ ကျွန်တော်တို့မှာ ဘယ်ကလာ ပိုက်ဆံရှိမှာလဲ။ ကျွန်းရောက်စ စည်းကမ်း တွေ အမျိုးမျိုး ထုတ်ထားတယ်။ ညရေးညတာ သွားတာတောင် ဖန်မီးအိမ်ထွန်းပြီး ဘယ်သူဘယ်ဝါပါ။ အပေါ့အလေးသွားတာပါ စသဖြင့် ဒေါင့်လေးဒေါင့်မှာ ကင်းကျတဲ့ အစောင့်ကို ပြောကြရတယ်။ ပြီးတော့ စခန်းထဲမှာ ပေးထားတဲ့ ရေဒီယိုကို ဒိပြင်သတင်း နားထောင်လို့ မရအောင် ရေဒီယိုကို သစ်သားအိမ်နဲ့ ပိတ်ပြီး သော့ခပ်ထားတယ်။ လာပေးကတည်းက မြန်မာ့အသံကို ဖွင့်ပေးထားတယ်။ ကိုးနာရီကျော်ရင် လေဒီယို လာသိမ်းသွားတာပဲ။


ဂိတ်ပေါက်က အပြင်ထွက်ရတဲ့ ရေခပ်အဖွဲ့၊ ထင်းခွေအဖွဲ့၊ တောင်ယာလုပ်ရတဲ့အဖွဲ့ ရယ်လို့ ရှိပါတယ်။ တဖွဲ့ကို ၅ယောက်၊ ဒါမှမဟုတ် ၇ ယောက်လောက်၊ အဲဒီမှာ ထောင်စောင့်တယောက် လိုက်တယ်။ ရေခပ်ရတာကတော့ တဖာလုံသာသာလောက်မှာ ရေတွင်းရှိတယ်။ ရေတွင်းနဲ့ မနီးမဝေး မှာ ကျွန်းစောင့်ပုလိပ် အိမ်ထောင်စုတွေ ရှိတယ်။ ကျွန်တော်တို့က ထောင်ထဲမှာ ၃-၄ နှစ်၊ တချို့လဲ ဒိထက်ကြာကြာ နေလာခဲ့ရတာတကြောင်း၊ ပြည်မထောင်လို မိသားစုနဲ့ မတွေ့ရတာကတကြောင်းမို့ ၊ အဲဒီ ကျွန်းစောင့် အိမ်ထောင်စုတွေက ကလေးငယ်ကလေးတွေကိုတွေ့ရင်တော့၊ ကျွန်တော်တို့ထဲက အိမ်ထောင်ရှိသူတွေက အိမ်ကိုသတိရပြီး၊ ကလေးတွေကို ပွေ့ဖက်ကြ၊ စကားပြောကြ။ အိမ်ထောင်မရှိ သေးတဲ့ လူလွတ်တွေကလဲ ကိုယ့်ညီ၊ ကိုယ့်ညီမ၊ တူ တူမကလေးတွေကို သတိရပြီး စကားပြောကြ ပွေ့ဖက်ကြတာပေါ့။
မင်းတို့ ဒီမှာနေရတာ မပျင်းဘူးလား? ပြည်မကို မပြန်ချင်ဘူးလားနဲ့ပေါ့။ ဒီတော့ ကလေးတွေက ဘာပြောလဲဆိုတော့ ပြည်မကို မပြန်ချင်ဘူးတဲ့၊ ပြည်မမှာ လူတွေများ အသံတွေက တအားဆူတာတဲ့။ ဟုတ်မှာပါ။ သူတို့က ဒီမှာမွေး ဒီမှာပဲ ကြီးလာကြတော့ ကျင့်သားရနေပြီလေ။ ကျွန်တော်တို့ကသာ ရေစိမ်းမြေစိမ်းဆိုတော့ အနေရခက်တာ။ ရောက်ပြီးတပါတ်လောက်ကများ ပင်လယ်ပြင်က တိုက်လာ တဲ့လေက ညှီစို့စို့နဲ့။ နှာခေါင်းထဲမှာ အသက်ရှူမ၀သလိုပဲ။ သိပ်မကြာပါဘူး၊ ကျွန်တော်တို့နဲ့ စကား မပြောစေချင်လို့နဲ့တူတယ် ကျွန်းစောင့်ပုလိပ်အိမ်ထောင်စုတွေကို သူတို့ချည်း သပ်သပ်နေတဲ့ ကျွန်းရဲ့ မြောက်ဘက်အစွန်းကို ပို့လိုက်တယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ် မလုပ်စေချင်တဲ့ သဘောပေါ့။
အာဏာပိုင်ဆိုသူတွေက နိုင်ငံရေးသမားဆိုရင် သိတ်ကြောက်တာ။ ကျွန်တော် အထက်ကပြောခဲ့ တဲ့ တိုက်ပွဲအကြောင်းကို ဖြစ်လာပုံကို ပြောပြရရင် ရိက္ခာပြသနာပါ။ စစ်သားတွေလို တရက်ကို လူတယောက်အတွက် ဆန် ဆီ ဆား ငရုတ် ကြက်သွန် နို့ဆီ လက်ဖက်ခြောက်ကအစ စကေးနဲ့ တွက်ပြီး ပေးတာ။ ဒီအချိုးကျအတိုင်း သွားသွားထုတ်ရပါတယ်။ တပါတ်တခါ နှစ်ပါတ်တခါ ဖြစ်တယ်။ တပါတ်ကို အသားဗူး တရက်ပါတယ်။ အသားမစားတဲ့သူ ပဲဗူးပေါ့။ မန္တလေးဗာကင် စည်သွတ်စက်ရုံက ထွက်တာပါ။ ဒီဗူးတွေကလဲ နှစ်ကြာနေလို့ စားမဖြစ်တော့ပါဘူး။ အမဲဗူးတဗူးကို ၃ ယောက်၊ ဒါမှမဟုတ် ၄ ယောက် တွဲစားရတယ်။ ဗူးကိုဖောက်လိုက်လို့ သွန်ချလိုက်တာနဲ့ အနံ့အသက်က မလပ်ဆတ်တော့ ဘူးဆိုတာ ပြပါတယ်။ အမဲသားတုံးဟာ ပျက်နေပါပြီ။ အရသာလဲ မရှိတော့ပါ။ ပဲဗူးဆိုလဲ ဒီအတိုင်းပဲ။ ဆီရောင်နဲ့ မဆလာနံ့ပဲ ရှိတယ်။ စားလိုက်ရင် ချဉ်နေပြီ။ ဒီတော့ ၀မ်းပျက် ၀မ်းလျှောကြတယ်။
ဆန်တို့ ပဲတို့ကလဲ မကောင်းဆိုတော့ ကျွန်တော်တို့ထဲက လူကောင်းတွေတောင် တနေ့တခြား အဟာရချို့တဲ့ပြီး ဖျားနာမှုတွေ များလာပါတယ်။ ဒီအထဲမှာ လူထုကိုစိန်ဝင်းဟာ ထမင်းချက်ရာကနေ အသက်ရှူကြပ်သလိုဖြစ်ပြီး မူးလဲသွားပါတယ်။ ကျွန်တော်တို့ထဲက ကျောင်းမပြီးသေးပဲ အဖမ်းခံရတဲ့ ဆရာဝန်လောင်းတွေရဲ့ ပြုစုကုသမှုကြောင့် အခြေအနေကောင်းလာပါတယ်။ အာဏာပိုင်တွေကို ငပိအကောင်းလဲပေးဘို့ တောင်းဆိုလာတာ ကြာပါပြီ။ ရောက်ကတည်းကပါ။ ရိုးရိုးတောင်းလို့မရတော့ တိုက်ယူမှ ရမယ်ဆိုတဲ့ သဘောဖြစ်လာပါတယ်။ နေ့ရက်တော့ မမှတ်မိတော့ပါ။ ရောက်ပြီးမကြာခင် ဖြစ်တာမို့ တလအတွင်းလို့ တွက်ဆလို့ ရပါတယ်။ ကျွန်တော်တို့ထဲက လူကြီးတွေက ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ တင်ပြခဲ့တာ ကြာပြီ။ ငပိမကောင်းတာလဲ ခင်ဗျားတို့ မျက်မြင်ပဲ။ ငပိကို အားပြု စားနေရတာ အဆောင်တွေမှာလဲ ဖျားကြ နာကြတာ များလာပြီ။ ဒီတော့ ဒီနေ့ကစပြီး ငပိ အကောင်း မရမချင်း သေတဲ့အထိ အစာငတ်ခံမယ်လို့ ဗူးဝသွားပြီး ကြေညာလိုက်ပါတယ်။
ဒီ အစာငတ်ခံတဲ့ အထဲမှာ ကျန်းမာတဲ့ လူကြီးပိုင်းပါသလို လူငယ်ပိုင်းကလဲ ပါပါတယ်။ အရေ အတွက်ကိုတော့ မမှတ်မိတော့ပါ။ အစာငတ်ခံတိုက်ပွဲဟာ တပါတ်ကျော် ၈ ရက်လောက်နဲ့ပဲ မိမိတို့ တောင်းဆိုချက်ကို အာဏာပိုင်တွေက လိုက်လျှောလိုက်လို့ ပြီးဆုံးသွားပါတယ်။
ကျွန်တော်တို့ ကျွန်းရောက်တာ ၁၉၆၉ ခု ဖေဖော်ဝါရီလ ၁၃ ရက်မှာပါ။ ကျွန်းမှာ ၃ နှစ်နီးပါး နေခဲ့ရပါတယ်။ ဒီ ၃နှစ်တာ ကာလမှာ ရန်သူနဲ့ ကျွန်တော်တို့အဖိနှိပ်ခံတွေကြားမှာ ဘ၀ကို ရုန်းကန်တိုက်ပွဲ ၀င်ခဲ့ရတဲ့ ရက်တွေဟာ မနည်းပါ။ ဒီရက်တွေထဲမှာ မှတ်မိသမျှ အဖြစ်အပျက်များကို ကျွန်တော်ပြောပြသွားမှာ ဖြစ်ပါတယ်။ မကြာမီ ဧပြီလကို ရောက်လာတော့မယ်။ ကျွန်တော်တို့ကလဲ မိမိတို့ရဲ့ ပြည်မထောင်မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေ ဆုံးရှုံးပြီး ရေစိမ်းမြေစိမ်း အပို့ခံထားရတာကို တနည်းနည်းနဲ့ တောင်းဆို တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ အနိမ့်ဆုံး ဖြစ်နိုင်တဲ့ဘက်ကနေ အနုနည်းရော အကြမ်းနည်းရော(အကြမ်းနည်းသုံးတာက ထောင်ထဲမှာ အမြင့်ဆုံးလို့ဆိုရင် ပိုမှန်ပါလိမ့် မယ်၊ အဲဒါက အစာငတ်ခံ တိုက်တဲ့နည်းပဲ) သုံးဘို့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြပါတယ်။ တချို့လဲ သဘောတူသလို တချို့လဲ ရန်သူကိုကြောက်ပြီး သဘောမတူ ဘေးထွက်ထိုင်တာများလဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလဲ ရန်သူဘက်မပါသွားအောင် ရန်သူ့အကြိုက်မဖြစ်ရအောင် အတတ်နိုင်ဆုံး စည်းရုံးသိမ်းသွင်း ရပါတယ်။
ငပိတိုက်ပွဲ အောင်မြင်စွာပြီးဆုံးသွားပြီးတဲ့နောက် ကျွန်တော်တို့က အာဏာပိုင်တွေကို လာမယ့် တန်ခူးလ သင်္ကြန်မှာ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့အတွက် ရွာမက (ရွာမဆိုတာ ကျွန်းရဲ့ မြောက်ပိုင်းမှာနေကြတဲ့ ၊ ကြားသိရသမျှ ရေတပ် တပ်ခွဲတခွဲလောက် ကျွန်းလုံခြုံရေး အတွက် တပ်စွဲ ထားတယ်၊ ပပကဆိုင်တဆိုင်၊ စာသင်ကျောင်းတကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်းတကျောင်း၊ အုန်းဆံကြိုးကျစ်စက်ရုံ၊ လေယဉ်ကွင်း၊ မီးပြတိုက် စသဖြင့် ရှိကြောင်း သိရတယ်) ဘုန်းတော်ကြီးကို ပင့်ပြီး ကုသိုလ်လုပ်လိုကြောင်း။ ဒါကြောင့်မို့ ယခုကရင်း မိမိတို့ ရရှိတဲ့ ကိုတာထဲက သကြားနိုဆီကို စုထားပြီး မုန့်လုပ်လိုကြောင်း၊ ဒီအတွက် အုန်းသီးလိုမှာ ဖြစ်တဲ့အတွက် အုန်းသီးရလိုကြောင်း။ ကျွန်တော်တို့ထဲမှာ အုန်းပင်တက်တတ်တဲ့သူပါကြောင်း၊ ဒါကြောင့် အာဏာပိုင်များအနေနဲ့ အုန်းသီး အတွက် စီစဉ်ပေးဖို့လိုကြောင်း ပြောဆိုကြပါတယ်။
အာဏာပိုင်များကလဲ အထက်ကို တင်ပြပြီး ၃ ရက်အတွင်း အကြောင်း ပြန်မဲ့အကြောင်း ပြောပါ တယ်။ ငပိတိုက်ပွဲရဲ့ အောင်မြင်တဲ့ အရှိန်ကြောင့် ကျွန်တော်တို့ တောင်းဆိုချက်များ ရရှိခဲ့တယ်။ ကျွန်တော်တို့ထဲမှာ အုန်းပင်တက်တတ်တဲ့ သူလဲပါသလို မတက်တတ်တဲ့ ရဲဘော်များကလဲ အားလုံး အတွက် ဖြစ်တာကြောင့် စိတ်ထက်သန်စွာနဲ့ တက်နိုင်အောင် ကြိုးစားတက်ကြ၊ အုန်းသီးခူးကြပါတယ်။
ကျွန်တော်ဆိုရင် ကုန်းခေါင်ခေါင် တောင်ပေါ်ဒေသကပါ။ တောင်ပေါ်မှာ ယာလုပ်ရင်း နွားကျောင်း၊ ကျွဲကျောင်းရင်းနဲ့ သစ်ပင်တက်ခဲ့ဖူးပေမဲ့၊ အခုလို ပင်လယ်ကမ်းမှာ ပေါက်ရောက်နေတဲ့ မမြင်ဘူး မတွေ့ဘူးတာ အမှန်ပါ။ သစ်ပင်ချင်း မတူပေမယ့် စိတ်ကတော့ ရဲနေပါတယ်။ အုန်းပင်က ပြောင်ချောကြီးဆိုတော့ မောလို့နားဖို့ ရာ ဒိပြင် သစ်ပင်တွေလို အကိုင်းအခက်မရှိလေတော့ ထိပ်ကို မရောက်မချင်း ပင်စည်ကို ဖက်ထားပြီး အနားယူ အားမွေးရပါတယ်။ မတက်တတ်ခင်က တော်တော် ပင်ပမ်းပါတယ်။ နောက် တက်တတ်သွားတော့လဲ အခက်အခဲ မရှိတော့ပါဘူး။ ဘယ်အရာမျိုးမဆို မတတ်ခင်မှာ ခဲရင်းပင်ပမ်းပေမဲ့ တတ်မြောက်ကျွမ်းကျင်သွားတော့လဲ ဘာမှမဟုတ်တော့ပါဘူး။
ကျွန်တော်တို့ရဲ့ ရိုးရာပွဲတော်သင်္ကြန်ရက်လဲ နီးလာပါပြီ။ ခူးထား စုထားတဲ့ အုန်းသီးတွေလဲ ၂၀၀ ကျော် ၃၀၀ လောက် ရပါပြီ။ ဆန်ကို အမှုံ့ထောင်း၊ စုထားတဲ့ နို့ဆီသကြားကို အုန်းသီးကို ဂျစ်နဲ့ ခြစ် ညှစ်ရတဲ့ အုန်းရည်နဲ့ ရောပြီး ဆနွင်းမကင်း လုပ်ကြမှာပါ။ မုန့်ဖုတ်ဖို့ အိုးကင်းတွေလဲလုပ်ပြီးကြပြီ။ မုတ်ဖုတ်ဖို့ အိုးကင်းက လွယ်လွယ်နဲ့ ရကြတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောပြတဲ့ စခန်းရှေ့က မီးလောင်သင်္ဘောပျက်က အထောက်အကူရပါတယ်။
သင်္ဘောဝမ်းဗိုက်ထဲမှာ မီးလောင်ကျွမ်းထားတဲ့ ဆန်အိပ်တွေဟာ မြင်မကောင်း ရှုမကောင်းပါပဲ။ အထပ်လိုက် အထပ်လိုက် မီးသွေးတုံးတွေလို မဲနေတာ တွေ့ရတယ်။ သင်္ဘောပုံစံက ကြယ်ငါးပွင့် သင်္ဘောက ပုဂံ ပုံစံပါ။ သင်္ဘောပေါ်မှာ မီးလောင်ထားတဲ့ သံထည်ပစ္စည်း၊ မီးဟပ်ထားတဲ့ ပစ္စည်း၊ မိမိတို့ လိုရာသုံးနိုင်တဲ့ ပစ္စည်းတွေ တက်ဖြုတ်ကြတယ်။ တချို့ သံကြိုးခွေတွေဆိုရင် သုံးရပါသေးတယ်။ ဒီတော့ အတီးအမှုတ် ၀ါသနာပါတဲ့ ရဲဘော်တွေက မယ်ဒလင်ကြိုး၊ တယော ဒုံမင်းကြိုးလုပ်ဖို့ အတွက် အသုံးပြုကြတယ်။ တချို့သံထည်တွေက ပင်လယ်ပြင် သားငါးရှာရာမှာ သုံးဘို့ မှိန်းတို့၊ ကျောက်တုံးကြီး တွေကို ကလော်ဘို့ တူးရွင်းတို့ လုပ်ကြတယ်။
ကျောက်တုံးကြီးတွေကို လှန်လိုက်ရင် ခရုတို့၊ ဂနန်းတို့၊ ငါးကျွတ်တို့ ရှိတော့ တူရွင်းက တော်တော် အသုံးဝင်ပါတယ်။ ကိုယ်လိုချင်တဲ့ အသုံးအဆောင်ရဘို့အတွက် စခန်းမှာ ပန်းပဲဖိုပါ လုပ်လာကြတယ်။ ဒါး၊ မှိန်း၊ သံတူရွင်း စသဖြင့် လက်ဖြစ် လက်နက်ပစ္စည်းတွေဟာ တော်တော်များလာလို့ ထောင်အာဏာ ပိုင်တွေဟာ ကျွန်တော်တို့ကို လန့်လာပါတယ်။ စခန်းနဲ့ ပို့ထားတဲ့ လူဦးရေနဲ့ ဘယ်လိုမှ သူတို့အတွက် မလုံခြုံတော့ပါ။ ကာထားတဲ့ သံဆူးကြိုးတွေဟာ နေရာတိုင်းမှာ အပေါက်တွေ ဖြစ်ကုန်ပါတယ်။ ရောက်ခါစက ထုတ်ထားတဲ့ အမိန့်တွေဟာ ပျက်ကုန်ပါပြီ။ သူတို့ဟာ ကျွန်တော်တို့ကို စကားမာမာ မပြောနဲ့ မလွှဲသာလို့သာ တာဝန်အရ ပြောရတယ်၊ မျက်နှာသေကလေးတွေနဲ့ သနားစရာ သတ္တ၀ါ ကောင်တွေလို ဖြစ်နေကြတယ်။ အရင်က ပင်လယ်ရေချိုးထွက်ရင် လူ ၃၀-၄၀ လောက်ထွက်ပြီး နာရီဝက်လောက် ချိုးရတယ်။ ပင်လယ်ကပြန်တက် စခန်းထဲဝင်၊ နောက်တသုတ်ထွက်ချိုး၊ ဒီလို အလှည့်ကျ ချိုးရတယ်။ အခုတော့ ဒီစနစ်က လွတ်ပြီး ပင်လယ်ပြင်မှာ လွတ်လပ်စွာ ရေချိုး၊ သားငါးရှာ လုပ်နိုင်ကြပါပြီ။ ဒီလွတ်လပ်မှုဟာ ငပိတိုက်ပွဲရဲ့ ရလဒ်တွေပဲ။
သင်္ကြန်ရက် မတိုင်မီ ၂ရက် ၃ ရက်က ကြိုပြီး အုန်းသီးခြစ်ကြ၊ ဆန်ထောင်းကြနဲ့ ရဲဘော်တွေ အလုပ်ရှုပ်နေကြတယ်။ သင်္ကြန်ကျတော့ ကျွန်တော်တို့ လုပ်ထားတဲ့ မုန့်နဲ့ စခန်းမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။ ပြည်မမှာ ပျော်ခဲ့တာတွေလဲ သတိရကြတာပေါ့။ စခန်းနဲ့ အနီးအနားက သောင်ပြင်မှာ ဟိုတစု ဒီတစု သွားလာ လှုပ်ရှားနေကြတာလဲ တွေ့ရတယ်။ တချိုလဲ ကမ်းစပ်မှာ ခရုအလှကလေးတွေ ကောက်နေကြတာ တွေ့ရသလို တချိုလဲ ဆပ်သဖူးပင်က ပန်းတွေခူးကြနဲ့ စိတ်ပေါ့ပါးစွာနဲ့ သွားလာနေကြတယ်။ မကြာခင် မိုးဦးရာသီက မေလလောက်မှာ စပါတော့မယ်။ ကျွန်းမှာ ပြည်မထက် မိုးဦးစောပါတယ်။ မိုးလာတော့မယ်ဆိုတော့ မိုးရဲ့ရှေ့ပြေး လေမုန်တိုင်းဟာ တိုက်ခတ်လာပါတယ်။ လေက မိုင် ၃၀-၄၀ နှုန်းလောက်ရှိမယ်။ မုန်တိုင်းကျရင် အနည်းဆုံး ၇ ရက်၊ တပါတ်လောက်ကြာ တတ်ပြီး၊ စခန်းမှာ စိုက်ထားတဲ့ ဗူး၊ ဖရုံ၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေ၊ ငြုတ်၊ ချဉ်ပေါင် စတဲ့ အပင်တွေဟာ မီးမြိုက်ခဲရသလို လေမုန်တိုင်း ဒဏ်ကြောင့် မဲခြောက်ကုန်ပါတယ်။ လေထဲမှာ ဆားရေငွေ့တွေ ပါလာတော့ ဒီဒဏ်ကို အပင်တွေက မခံနိုင်ပါ။ ဒါကြောင့်မို့ စားရမဲ့ဆဲဆဲ ဗူးသီးတို့ ဖရုံသီးတို့ အသီးအရွက်မှန်သမျှ အကုန်ပျက်စီးကုန်လို့ မစားလိုက်ရပါဘူး။
မုန်တိုင်းရိုက်ခတ်လို့ ကျွန်တော်တို့ထဲက ကိုထွန်းရှိန်ဆိုတဲ့ မန္တလေးက ကျောင်းဆရာ ပင်လယ်ပြင် ထဲကျပြီး ရေနစ်သေသွားတာ အလောင်းတောင် ရှာမတွေ့ပါ။ မုန်တိုင်းနဲ့အတူ ပင်လယ်ပြင်ဟာလဲ ဒေါသပုန်ထပြီး လှိုင်းလုံးတွေဟာ ကမ်းခြေမှာရှိတဲ့ ကျောက်တန်းတွေ၊ ကျောက်တုံးကြီးတွေကို ရိုက်ခတ်ပါတယ်။ လှိုင်းလုံးတွေဟာ ပင်လယ်ပြင်ကနေ ပြေးပြေးတက်လာပြီး ကျောက်တန်းတွေ ကျောက်တုံးတွေကို ပြေးပြေးဆောင့်တာကြောင့် ရေသိမ်ရေမွှားတွေဟာ ၀ါးတပြန်အထက် ဖွားကနဲ ဖွားကနဲတက်တာ အတော်ကြောက်စရာကောင်းပါတယ်။
ခုလို ကိုထွန်းရှိန်သေဆုံးရတာဟာ မုန်တိုင်းဒဏ်ကြောင့် ရေနစ်သေဆုံးတာမှန်ပေမဲ့ စစ်အာဏာရှင် တွေရဲ့ နိုင်ငံရေးသမားတွေကို ကျွန်းပို့ ဖိနှိပ်သတ်ဖြတ်ရေးအစီစဉ်ကြောင့် သေဆုံးရတာ ဖြစ်ကြောင်း၊ ဒါကြောင့် ရှုံ့ချကြောင်း၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြောပြီး သူကျသွားတဲ့နေရာမှာ ကျောက်တုံး ကျောက်ခဲများနဲ့ မှတ်တိုင်ပြုပြီး တရက်အစာငတ်ခံခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ စခန်းတွင်းက ရဲနီတယောက် (ကိုတင်ငြိမ်း)ဟာ အစာ အဟာရ ချို့တဲ့ပြီး ကျန်းမာရေးမကောင်းလို့ ဆုံးပါတယ်။ အခုလို သေဆုံးရတာဟာ အာဏာပိုင်တွေက ဂရုတစိုက် ဆေးမကုသပေးလို့၊ ပေးထားတဲ့ရိက္ခာတွေ မကောင်းလို့၊ ပြည်မထောင်မှာလို အစား အသောက်ကောင်းဘို့၊ အသားငါးစားရဘို့၊ ပြည်မထောင်မှာ ရနေကျဖြစ်တဲ့ မိဘနဲ့ စာရေးဆက်သွယ် ခွင့်၊ သတင်းစာ ဂျာနယ် စာအုပ်စာတန်းဖတ်ခွင့်ရဘို့၊ ကျွန်းမှာ မကုနိုင်တဲ့ ရောဂါဝေဒနာရှင်တွေကို ပြည်မခေါ်ယူ ဆေးကုသခွင့် ရဘို့၊ စသဖြင့် အချက်အတော်များများ တောင်းဆိုကြတယ်။ ဒီတောင်းဆို ချက်တွေဟာလဲ အသစ်အဆန်း တောင်းဆိုတာ မဟုတ်ကြောင်း၊ ရရှိပြီးသား ပေးပြီးသား အခွင့်အရေး ကိုသာ တောင်းဆိုတာ ဖြစ်ကြောင်း၊ အာဏာပိုင်တွေဘက်ကလဲ မပေးနိုင်စရာ အကြောင်းမရှိကြောင်း၊ ပြောဆိုတင်ပြ တောင်းဆိုကြတယ်။
သေဆုံးသွားတဲ့ သူကိုတော့ စခန်းသွင်းမှာပဲ ခေါင်းသွင်းထားပြီး အာဏာပိုင်တွေနဲ့ အရေးဆိုပါ တယ်။ တနေ့မှာ အာဏာပိုင်တွေက အင်အားသုံးပြီး အလောင်းကို စခန်းကလုယူကာ မီးရှို့လိုက် ကြတယ်။ ဒီတော့ ကျွန်တော်တို့လဲ ပိုပြီး စိတ်ထိခိုက်ကြတယ်။ ရန်သူကို အနုနည်းနဲ့ တိုက်လို့မရတော့ နောက်ဆုံး အစာငတ်ခံတိုက်ပွဲနဲ့ တုံ့ပြန်ဖို့ ဆွေးနွေးတိုင်ပင်ကြတယ်။ မကြာခင် ရက်ပိုင်းမှာပဲ ရန်သူကို ကြေညာပြီး တိုက်ပွဲ ၀င်ပါတယ်။ ဒီတိုက်ပွဲဟာ ရက်ပေါင်း ၄၀ ကြာလို့မို့ ရက် ၄၀တိုက်ပွဲလို့လဲ ခေါ်ကြပါတယ်။ ဒီတိုက်ပွဲဟာ ပထမ ငပိတိုက်ပွဲထက် လူအင်အားများတယ်။ လူပေါင်း၂၀ ကျော် ၃၀ လောက် ရှိမယ်။ တိုက်ပွဲပြီးတော့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အားလုံးနီးပါးလောက် ရတယ်။ စာရေးခွင့်၊ စာဖတ်ခွင့်၊ အသားစို (အသားစိမ်း) ရရှိကြတယ်။ ရာသီဥတု ကောင်းလို့ သင်္ဘောလာရင် အထက်က အခွင့်အရေးတွေ ရပါတယ်။ အသားစိမ်းနဲ့ ပါတ်သက်လို့ ၀က် ဘဲ ဆိတ် အကောင်လိုက် တင်လာပေးတယ်။ ဒီသားငါးနဲ့ ပါတ်သက်လို့ကတော့ မကြာပါဘူး။ ၂လ-၃လလောက်ပဲ စားရပြီး ဒုံရင်း ဒုံရင်း ဖြစ်သွားတာပါဘဲ။ ကျွန်းမှာ ၃ နှစ်နီးပါးနေခဲ့ရတာ အာဏာပိုင်တွေနဲ့ တခါမဟုတ်တခါ ပြသနာက ပေါ်ပေါ်နေပါတယ်။
ကျွန်တော်တို့ ထွက်မပြေးနိုင်အောင် ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမှာထားပြီး၊ ထောင်က ထုတ်ပေး တဲ့ အ၀တ်အစားကလဲ အားလုံးအဖြူရောင်တွေ။ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ပုဆိုး၊ အတွင်းခံဘောင်းဘီ အဆုံး ဆေးမဆိုးထားတဲ့ အဖြူရောင် ပိတ်ကြမ်းတွေချည်းပါ။ အခုလို အဖြူရောင်တွေချည်းပေးတာ အကြောင်းရှိပါတယ်။ ပင်လယ်ပြင် ပြာပြာမှာ အဖြူရောင်ဟာ တော်တော် ဝေးဝေးက မြင်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်မှာ အရပ်ဘက် သွားလာလှုပ်ရှားတဲ့ ကုန်တင်သင်္ဘော၊ ငါးဖမ်းလှေတို့ဟာ ဆေးဖြူရောင် သုတ်ထားကြတာပါ။ စစ်တပ်ရေတပ်ဆိုရင် သဘာဝအရောင်နဲ့ လိုက်လျောညီထွေအောင် ရေတပ်သားအတွက် ၀တ်စုံအပြာ၊ သုံးတဲ့သင်္ဘော စက်လှေတို့ကိုလည်း ဆေးပြာ သုတ်ထားကြတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ ထွက်ပြေးလို့ ရှိရင် တွေ့နိုင်မြင်နိုင် အောင်လို့ တကိုယ်လုံး အဖြူဆင်ပေးထားတာ။
ဒါပေမဲ့ ကျွန်တော်တို့ကလဲ မလွှဲသာ မရှောင်သာ သားငါးရှာ နယ်ကျွံပြီး သွားရတဲ့အခါ သူတို့မတွေ့ အောင် အင်္ကျီလုံချည်ကို အရောင်ပြောင်းကြရတယ်။ ဘာနဲ့ပြောင်းလဲ ဆိုတော့ စိုက်ပျိုးထားတဲ့ ကြက်ဟင်းခါးပင်၊ သင်္ဘောပင်က အရွက်ကိုခူးပြီး အင်္ကျီလုံချည်ကို ပွတ်တိုက်ကြတယ်။ အစိမ်းရောင် ဖြစ်ကုန်တယ်။ ကြာကြာတော့မခံပါ။ တချို့ အုန်းသီးခြောက် အပေါ်ခွံတွေကို အိုးထဲထည့် ရေနဲ့ ပြုတ်၊ အင်္ကျီလုံချည်ကိုထည့်နှစ်၊ ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ အိုးထဲကဆယ်။ အရောင်က ပင်နီရောင် ထွက်လာတယ်။ တခါ တောထဲသွားလို့ သစ်ကနက်သားတွေ့ရင် ယူလာ၊ ခုတ်ထစ်ပြီး အိုးနဲ့ပြုတ်၊ စိမ်းညိုရောင် ရတယ်။ ရန်သူကပေးတဲ့ အဖြူရောင် အင်္ကျီလုံချည်တို့ဟာ အရောင်တွေနဲ့ ဖြစ်ကုန်ကြပါတယ်။
ကျွန်တော်တို့ရဲ့ စခန်းနဲ့ မလှမ်းမကမ်းမှာ ဆိုင်းဘုတ်စိုက်ထားတယ်။ ရေးထားတဲ့စာကတော့ တဖက်က ဖွံ့ဖြိုးရေးနယ်မြေတဲ့။ ကျန်တဖက်က စစ်တပ်နယ်မြေတဲ့။ ဖွံ့ဖြိုးရေးနယ်မြေဆိုတာက ကျွန်တော်တို့ကို ထားတဲ့နေရာပါ။ နယ်မြေ တခုလုံးကို မိုင်နဲ့တွက်ရင် တမိုင်ပတ်လည်လောက် ရှိပါ မယ်။ ကျန်တဲ့နယ်မြေက စစ်တပ်နယ်မြေပါ။ ရန်သူက အသား၊ ငါး အစိမ်း ကြာကြာမပေးနိုင်တော့ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ဖြေရှင်းကြရတယ်။ ဥပမာ- ငါးဆိုရင် ကမ်းခြေကနေ သိတ်မဝေးဘဲ သွားလာနေကြတာ တွေ့ရပါတယ်။ တချို့ ကြီးတဲ့ ငါးများဆိုရင် ကျွဲလောက်ကြီးပြီး ကိုယ်လုံးကြီးတွေ ပေါ်လာလိုက်၊ ဆူးတောင်ကြီးတွေ ပေါ်လာလိုက်၊ အမြီးကြီးတွေ ပေါ်လာလိုက်နဲ့။ တချို့ကြတော့လဲ အတန်းလိုက် သွားနေကြတာ ရေပေါ်မှာ ကြိုးကြီးတချောင်း ချထားသလိုပဲ။ မဲမဲတန်းကြီးကို လှမ်းမြင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖမ်းစရာ ဘာလက်နက်မှ မရှိတော့ မြင်နေရပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။
ဒီတော့ တတ်နိုင်တဲ့ အရာကို လုပ်ကြရပါတယ်။ ဒါကတော့ ရန်သူ့နယ်မြေမှာ ရှိတဲ့ လိပ်သောင်ကို သွားကြရပါတယ်။ ကျွန်တော်တို့ အထဲက ကျန်းမာရေးကောင်းပြီး ဖျတ်လတ် လျင်မြန်တဲ့ ရဲဘော်တွေ က ဒီတာဝန်ကို ယူရပါတယ်။ နေ့စဉ်နဲ့အမျှ ပဲနဲ့ငပိဟာ ကျွန်တော်တို့ စခန်းမှာ နေရတဲ့ သူတွေအတွက် မလုံလောက်ပါဘူး။ ရက်တွေ လတွေ နှစ်တွေ ကြာလာတာနဲ့အမျှ တမိုင်ပတ်လည်လောက် ရှိတဲ့ ကျွန်တော်တို့ နေရတဲ့ ဖွံ့ဖြိုးရေးနယ်မြေဟာ မဖွံ့ဖြိုးနိုင်တော့ပါ။ ဘယ်ကျောက်တုံး လှန်လှန် ဘာ ခရု ကနန်း ငါးကြွက်မှ မရှိတော့ပါဘူး။ အုံးပင်က အုံးသီးတွေလဲ လုံလောက်အောင် မသီးနိုင်ကြတော့ ဘူးလေ။ အခြေအနေက တဖြေးဖြေး ဆိုးလာနေပါပြီ။
ရန်သူဟာ ကျွန်တော်တို့ကို နယ်နှင်သလို မိဝေးဖဝေးတဲ့ နေရာမှာထား၊ မ၀ရေစာကျွေးပြီး၊ တဖြေးဖြေးနဲ့ ကျန်းမာရေးချို့တွေတဲ့၊ စိတ်ဓါတ်တွေ ကျကုန်အောင်၊ သူတို့ဆီ ဒူးထောက်လာအောင်၊ ကြိုးပမ်းတာဘဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သာမန်လူတွေမှ မဟုတ်တာ။ နိုင်ငံရေးသမားတွေကို ဒီလိုနည်းနဲ့ ဦးချိုးလို့ ရလိမ့်မယ်လို့ တွက်ထားတဲ့တွက်ကိန်းဟာ မမှန်တော့ဘူးဆိုတာ ကျွန်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက သက်သေပြ နေပါတယ်။

အပိုင်း(၃)ပြီး။

Monday, January 7, 2008

သရဲရထား
ရေးသူ-ငြိမ်းအေးအိမ်

အပိုင်း(၁)

ကျွန်တော်တို့ သည် ခရီးတခုကိုသွားရန် အဆင်သင့်ဖြစ်နေကြပါပြီ။စိတ်ညစ်ညူးဖွယ် ကောင်းသော ငရဲ (သို့မဟုတ်) ၎င်းနှင့် ဆင်ဆင်တူကောင်း တူနိုင်သည့် အရပ်တခုဆီသို့ အ လည်အပတ်သွားရန် အသင့်ဖြစ်နေကြခြင်း ဖြစ်၏။ကျွန်တော်တို့သည် နှစ်ပေခန့်ကျယ်သော သံလမ်း တခုပေါ်တွင် တင်ထားသည့် ရထားသေးသေး လေး တစီးပေါ်တွင်ထိုင်ရင်း ခရီးစတင်မည့် အချိန်ကို စောင့် စား နေကြသည်။

ရင်ခွင်ထဲတွင် ငါးနှစ်အရွယ် သားငယ်ကို ပွေ့ဖက်ထားရင်း လမ်းခရီးတွင် တွေ့ကြုံရမည့် အတွေ့ အကြုံ သစ်များကို စိတ်ကူးဖြင့် တေွးကြည့်နေမိသည်။
ထိုစဉ် ဘယ်ဘက် လက်မောင်းပေါ်တွင် တဒိတ်ဒိတ် သွေးတိုးသံတခု ဖြစ်ပေါ်နေကြောင်း အထိအတွေ့ဖြင့် ခံစား လိုက်ရ၏။ ထိုသွေးတိုးသံတို့သည် ကျွန်တော့် ဘယ်လက်မောင်းနှင့် ထိကပ်နေ သော သားငယ်၏ ရင်ဘတ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။

ကျွန်တော့်သားငယ်၏ နှလုံးသားဆီမှ ကြောက်ရွံ့ခြင်း(သို့မဟုတ်)စိတ်လှုပ်ရှားခြင်းကြောင့် ဖြစ်ပေါ်နေသည့် နှလုံးခုန်သံ မြန်မြန်များသည် တဒိတ်ဒိတ် သွေးတိုးသံတို့ကို ဖြစ်စေ၏။

ကျွန်တော့်ဘေးတွင် ကပ်ထိုင်နေသည့် ဇနီးသည် သူ့ရှေ့တူရူရှိ (ကျွန်တော်တို့ ဖြတ်သန်းဝင်ရောက် ရမည့်) တံ ခါး ပေါက်ကို ငြိမ်သက်တိတ်ဆိပ်စွာ ငေးကြည့်နေသည်။ သူလည်း စိတ်လှုပ်ရှားနေပုံ (သို့မဟုတ်) ကြောက်နေပုံ ရသည်။
ဘာကြောင့် သည်လို ခရီးစဉ်မျိုး၊ အစီအစဉ်မျိုးကို ကျွန်တော်တို့ ရွေးချယ်လိုက်မိကြပါလိမ့်ဟု တွေးနေမိသည်။ ကျွန်တော်တို့ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်လိုက်ကြသည်လား။ အကြောင်း ကြောင်းက ကျွန်တော်တို့ကို ရွေးချယ်ပေးလိုက်သည်လား။


လူ့သဘာဝသည် အကြောက်တရားနှင့် စိတ်လှုပ်ရှားမှုကို အဟာရတခုလို မက်မက်မောမော သောက် သုံး လို တတ်သည့် သဘောရှိပါသလား။
ကျွန်တော်သည် သားလေးလက်ထဲသို့ ပစ္စတိုသေနတ်ကို ထည့်ပေးလိုက်၏။ ပြီးမှ ပြန်ယူကာ ကျည်ဆံများ ဖြည့် ပေးနေမိပြန်သည်။ အားလုံးပေါင်း ပလတ်စတစ်ကျည်ဆံလုံးလေးများ ရှစ်လုံးတိတိ။
သူ့သေနတ်ထဲသို့ ကျွန်တော် ကျည်ဆံဖြည့်ပေးနေချိန်တွင်၊ သားသည် သေနတ်ကို စူးစူးစိုက်စိုက် ကြည့် နေသည်။ သူကျေနပ်နေပုံ (သို့မဟုတ်) စိတ်လုံခြုံမှု တစုံတရာ ရရှိနေပုံပေါ်သည်။
ဤ ကျည်ဆံမကုန်မီ ခရီးစဉ် ပြီးဆုံးပါ့မလား။ ကျွန်တော်မသိပါ။
ဤသေနတ်ဖြင့် မည်သည့်ရန်ကိုမျှ မကာကွယ်နိုင်ကြောင်းတော့ ကျွန်တော်သိပါသည်။ ကျွန်တော် သိသလို သား လေး မသိသည်မှာ ကံကောင်းသည်။ လောလောဆယ်ဆယ် ထိုကလေးအတွက် သူ့ ကစားစရာ သေ နတ်လေးသည် အဖေ့ရင်ခွင်မှ လွဲလျင် ကြီးမားသော အားကိုးရာ တခုဖြစ်၏။ ရှေ့ဆက် ကျွန်တော်တို့ ကြုံရမည့်ခရီးတွင် ကျွန်တော်တို့ကို ရန်သတ္တုပြုမည့်၊ ချောက်လှန့်မည့်၊ စိတ်အနှောင့် အယှက်ဖြစ်စေမည့် အစီ အစဉ်များဖြင့်သာ ပြည့်နှက်နေမည်မှာ သေချာသည်။
ကျွန်တော်တို့သည် သူများစိတ်တိုင်းကျ (သူတို့အလိုကျ) ပြုပြင်ဖန်တီး ကျုံးသွင်းထားသည့် ၀န်းကျင်တခုထဲသို့ မိမိကိုယ်ကို (သိလျက်နှင့်) ပစ်ထည့်လိုက်သင့်ပါသလား။
ဤသို့ သေချာနေပါလျက် ထိုခရီးကို သွားရန် ကျွန်တော်တို့ ဘာကြောင့်ရွေးချယ်ခဲ့ကြပါသလဲ။ မသိပါ။
ကျွန်တော်ရွေးချယ်ခဲ့သည့် ခရီးလား။ ကျွန်တော့်ဇနီး ရွေးချယ်ခဲ့သည့် ခရီးလား။ ကျွန်တော့် သားငယ် ပူဆာ၍ လိုက်ပို့ဖြစ်သည့် ခရီးလား။ မသိပါ။
မည်သို့ဆိုစေ ကျွန်တော်တို့သည် ခရီးတခုကို အစပျိုးရန် အသင့်ဖြစ်နေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
စူးရှသော ၀ီစီသံ တချက်ကြားလိုက်ရ၏။
သိမ့်ကနဲ တုန်သွားသော ခံစားမှုတခုကို ရလိုက်သည်။ ခန္ဓာကိုယ်များ ယိမ်း လှုပ်သွားခဲ့၏။
ကျွန်တော်တို့သည် ခရီးတခုကို အမှန်တကယ်ပင် စတင်ခဲ့ပါပြီ။ ရထားသည် ကျွန်တော်တို့အား ခရီးတခုဆီသို့ ခေါ်ဆောင်သွားခဲ့ပြီ။ တကျွိကျွိ တအိအိမြည်သံများနှင့်အတူ ရထားငယ်သည် ပိတ်ထားသော ဆင်နား ရွက်တံခါးတခုကို သူ့ဦးခေါင်းဖြင့် တိုးဝှေ့လိုက်သည်။ ထိုတံခါးသည် တကျွိကျွိ တအိအိမြည်ရင်းပင် ပွင့်သွားခဲ့ပြီ။
ကျွန်တော်တို့သည် အလင်းမှလာသူများ ဖြစ်သော်လည်း တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် အမှောင်ထဲ ရောက်ရှိသွားကြသည်။ ပိန်းပိတ်မှောင်တော့ မဟုတ်။ အနီနှင့် ခရမ်းဖျော့ဖျော့ စွက်ထားပြီး ပြပြ အလင်း သာရှိသော အတော်မှောင်သည့် အမှောင်ဖြစ်သည်။ ပြန်ဆုတ်ခွင့်မရှိသော ခရီးတခုကို ကျွန်တော်တို့ စတင် ခဲ့ပါပြီ။ လမ်းခရီးတလျှောက် ကြုံတွေ့ရမည်များကို ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ လက်ခံ ဖြတ်သန်း ရုံမှတပါး အခြားနည်းလမ်း မရှိတော့ပါ။
မြင်ကွင်းသည် အမှောင်ကို အလင်းက လုနေ၏။ အလွန်အင်အားနည်းပါးလှသော အလင်းမှုန်မှုန် လေးကို အ မှောင်က ပျက်ရယ်ပြုနေ၏။ အလွန်အင်အား နည်းပါးလှသော အလင်းမှုန်မှုန်ကလေးကို အမှောင်က ပျက်ရယ် ပြုနေ၏။
ရယ်သံလိုလို၊ ညည်းသံလိုလို၊ ခြိမ်းခြောက်သံလိုလို အသံများ ၀န်းကျင်တခုလုံးတွင် ထွက်ပေါ်နေ သည်။ စိတ် ဓါတ်ကို စတင် ချိုးဖဲ့ဖျက်ဆီးဖို့ ကြိုးစားနေသော အစီအစဉ်ဖြစ်သည်။ သားငယ်၏ ခန္ဓာကိုယ် သည် တချက် တုန်သွားသည်။ ကျွန်တော်က သားငယ်၏ လက်ကို တင်းတင်းဖျစ်ညှစ်လိုက်ရင်း-
"သားမကြောက်နဲ့ မင်းသေနတ်ကို အသင့်ချိန်ထား"
ဟုအားပေး၍ သူ့သေနတ်လေးကို ကျွန်တော့်လက်ဖြင့် အုပ်မိုးကာ ပတ်ဝန်းကျင်ကို ချိန်ရွယ် ပစ်ခတ်ဟန် ပြုလိုက်သည်။ ကလေး၏ စိတ်ဓါတ်ကို အရေးပေါ် အားမာန် ဖြည့်သွင်းပေးသည့် ကြိုးပမ်းမှု ဖြစ်သော်လည်း ဤနေရာသို့ ထိုကလေးကို ခေါ်လာမိသည့် လွဲချော်လွန်းလှသော အစီအစဉ်ကိုတော့ ထိုလုပ်ရပ်က ချေဖျက် နိုင်စွမ်းမရှိမှန်း ကျွန်တော် သိရှိနောင်တ ရနေမိသည်။
သုံးနိုင်စွမ်းရည်မရှိသော သူ့သေနတ်လေးအကြောင်း (သည်ကလေး) မတွေးမိစေဖို့ ကြိတ်ဆု တောင်းနေမိ၏။
ကျွန်တော့ ဘယ်ဘက်လက်မောင်းပေါ်တွင် ခပ်ပြင်းပြင်း ဆုပ်ညှစ်လိုက်သော လက်သည်းရှည်များ စူးနစ်ဝင် ရောက်လာသည်။ စနစ်တကျ စိတ်ဓါတ်ဖြိုခွဲခြင်းဒဏ်ကို စတင်ခံစားလိုက်ရသော မိန်းမသား တယောက်၏ ခံစားမှုပြယုဂ်ဖြစ်သည်။ လူများ၏ စိတ်ဓါတ်ကို ဖျက်ဆီးနှိပ်ကွပ်ပစ်ဖို့ စနစ်တကျ မကြံစည်အပ်မှန်း ဘာကြောင့် လူတွေ သတိမမူ မိကြပါသလဲ။
တုန်ယင်သလို ရှိသော်လည်း ထိမ်းသိမ်းထားသော အသံဖြင့်-
"သားသား၊ မကြောက်နဲ့၊ အကောင်တွေ့ရင် သေနတ်နဲ့ ပစ်"
အမေ၏ သားကို အားပေးစကား မဆုံးလိုက်ပါ။ ကျွန်တော့ ညာဖက် အပေါ်ထောင့်မှ အ၀တ်ဖားလျားနှင့် သရဲရုပ်ကြီးတရုပ် ပြိုကျလာပြီး၊ သူ့ညာလက် ဖတ်လပ်ကြီးနှင့် ကျွန်တော့် မျက်နှာဆီသို့ လှမ်းရိုက်လိုက်သည်။
"သား ပစ်၊ ဒိုင်း ဒိုင်း ဒိုင်း" အော်ဟစ်အားပေး၍ ကလေးလက်ကို ဆွဲကာ သေနတ်သေးသေး လေးနှင့် ထို အရုပ်ကို ပစ်ဟန်ပြုရင်း သူ့ရိုက်ချက်ကို ခေါင်းငုံ့ရှောင်လိုက်ရ၏။ ထိုအချိန်တွင် ကျွန်တော် ကြောက်ရွံ့ နေခဲ့ပါသလား။
မကြောက်ပါ။
'တာရာမင်းဝေ' ၏ 'အရုပ်မြို့တော်' လို၊ ပျော်စရာမကောင်းသော၊ စိတ်ရှိတိုင်း ကန့်လန့်တွေးရင်း ရယ်မောပစ်ဖို့ မ ကောင်းသော အရုပ်များနှင့် တွေ့ဆုံရမည်ကို သိထားနှင့်ပြီး၊ ကျွန်တော့်စိတ်ကို ကြိုတင်ပြင်ဆင် ထား ခဲ့ပြီးသောကြောင့် ဖြစ်ပါသည်။
ရထားဘီးသည် တကျွိကျွိ တအိအိ မြည်နေ၏။
အမှောင်ကို ခရမ်းပြာနှင့် အနီကျဲကျဲတို့ ဆိုးပက်ထား၍ ထိုအရောင်တို့သည် စိတ်ကို ခြောက်ခြား စေသည်။ အ လုံပိတ်ခန်းဖြစ်၍ လေမသန့်။ ဖုံနံ့များ မွှန်နေသည်။ အော်ညည်းသံ တုန်တုန်ရီရီတို့က အဆက်မပြတ် ပျံ့လွင့်နေ၏။ ထိုဝန်းကျင်သည် သူ့ရည်ရွယ်ချက် ပေါက်မြောက်အောင် ကစားကွင်း ဖန်တီးရှင်တို့ စိတ်တိုင်းကျ ပြုပြင်ထားသော ၀န်းကျင်ဖြစ်သည်။
လူတို့ စိတ်ဓါတ်ကို အကြောက်တရားတို့ဖြင့် ဖိညှစ်အနိုင်ယူထားသည့် အချိန်ကာလများ ဖြစ်သည်။
ထိုအခြေအနေတွင် နေပျော်ပါမည်လား မိတ်ဆွေ။
ကျွန်တော်တို့ မိသားစုကတော့ ပြန်ဆုတ်ခွါခွင့်မဲ့ ရထားသံလမ်းတခုပေါ်တွင် သူခေါ်ရာသို့ လိုက်ပါ သွားနေရပြီ ဖြစ်သည်။
ရထားတစီး၊
စိတ်ညစ်ညူးဖွယ်ဖန်တီးထားသော ၀န်းကျင်၊
အမှောင်များ၊
မိသားစု သုံးယောက်၊
လေထုညစ်ထပ်ထပ်၊
ညည်းညူသံများ၊ လေတိုးသံများ။
အမှောင်၊ မိသားစုသုံးဦး၊ ရထားတကောင်၊ သံလမ်းတချောင်း၊ ဖုန်နံ့စူးရှရှရှိသောလေ၊ သံလမ်းကို ပွတ်ကြိတ်သံ တဂျိမ်းဂျိမ်း၊
ကြိုတင်စီစဉ်ထားသောဝန်းကျင်၊
အကြောက်တရား၊
ဖိစီးခြင်း၊
ခြိမ်းခြောက်မှုများ၊
နီကျင်ကျင်မီးရောင်၊
လူတို့ဖန်တီးထားသည့် အခြေအနေ၊ ရထားတရုပ်၊ မိသားတစု၊ သူလိုရာသွားမည့် သံလမ်းတစုံ။ အစွမ်းရှိသလောက် ခြောက်လှန့်တတ်သော အရုပ်များ။
အလုံခန်းတခုထဲတွင် ကျွန်တော်တို့ မိသားတစုသာ။
သံလမ်းသည် အကွေ့တခုဆီသို့ လှည့်ပတ် ၀င်ရောက်လိုက်၏။ အကွေ့တိုင်းသည် အပြောင်းအလဲ တခုစီကို ပိုင်ဆိုင်ထားတတ်ကြောင်း ကျွန်တော်တို့ မမေ့ထားသင့်ပါ။
ကျွန်တော်တို့ ပန်းရောင်စုံပွင့်ဖတ်များ ကျရောက် မျောပါနေပြီး၊ ရေကြည်ကြည် စီးနေသော စမ်းချောင်းတခုမှ ရေဖြင့် မျက်နှာသစ်ချင်လာသည်။
နားထဲသို့ တဂျုန်းဂျုန်း တဂျိမ်းဂျိမ်း မြည်နေသော အမျိုးအမည်မသိ ယန္တရားတခု၏ အသံ ၀င်ရောက်လာသည်။ ညာဖက်သို့ စောင်းငဲ့ကြည့်လိုက်တော့ တီဗွီဇာတ်လမ်းတွဲများတွင် မြင်ဖူးနေကျ ပြည်သူ့တရားရှင်ကြီး 'ပေါင်ချိန်' နှင့် သူ့ အပေါင်းအပါများ။
တီဗွီဇာတ်လမ်းတွဲများတွင်၊ အမှန်တရားမြတ်နိုးလွန်းသူကြီး၊ သမာသမတ်ရှိလွန်းသူကြီး 'ပေါင်ချိန်' သည် ဤအ ခန်းထဲတွင်တော့ လူများကို ခြောက်လှန့်ခြိမ်းခြောက် သူကြီး ဖြစ်နေသည်ကို တွေ့ရ၏။ သူ့လက်ထဲမှ သစ်တုံးတခုဖြင့် သူ့စပွဲကို တဒုန်းဒုန်းထုနေသည်။ သူ့ရှေ့ရောက်လာသူ ဘယ်သူကိုမဆို တရားခံအဖြစ် ပြစ် ဒဏ်ချမည့်သဘော။ သူ့အခြံအရံများ အားလုံးကလည်း ရထားပေါ်ပါလာသူ မှန်သမျှကို တရားခံလိုသ ဘောထားကာ ခပ်တင်းတင်း ခပ်ရဲရဲကြည့်နေကြသည်။ ခွေးခေါင်းဓါးစက် ကြီးက ပါးစပ်ဟဖြဲကာ လူတိုင်း၏ ခေါင်း ကို သွေးသံရဲရဲ ဖြတ်ချလိုက်မည့်ဟန်။
ကျွန်တော် မအံ့သြဖြစ်ပါ။
အရာရာသည် စီမံခန့်ခွဲသူတို့ ဖန်တီးထားသော အခြေအနေ အကြောင်းတရားများပေါ် မူတည်ပြီး ဖြစ်လိုရာ ဖြစ်တတ်သည့် သဘောကို စဉ်းစားမိလိုက်သောကြောင့် ဖြစ်ပါသည်။
သေနတ်ကိုင်ထားသော ကျွန်တော်တို့ သားအဖ၏ လက်များသည် တင်းကနဲ ဖြစ်သွားပြီး၊ 'ပေါင်ချိန်' ၏ နဖူးတည့်တည့်ကို ချိန်ရွယ် ပစ်ခတ်လိုက်ကြသည်။ ထိုလှုပ်ရှားမှုသည် ကျွန်တော်တို့ သားအဖနှစ်ယောက် လုံးဝ တိုင်ပင်ထားခြင်းမရှိသော တိကျလှသည့် ချိန်ကိုက်လှုပ်ရှားမှုတခု (လွန့်တုန့်မှု) တခုသာဖြစ်သည်။
ထိုစိတ်သည် မတရားမှုကို ရွံမုန်းသောစိတ်၊ ဖိနှိပ်ခြင်းကို ရုန်းကြွတုန့်ပြန်သောစိတ် ဖြစ်မဖြစ် စိတ်ပညာရှင်တို့ စိစစ်စေချင်သည်။ မတော်မတရား နှိပ်စက်သည်ဟု မြင်လာလျှင် အမှန်တရား၏ သင်္ကေတအဖြစ်( နှစ်သက်ခဲ့ စုံမက်ခဲ့သော) 'ပေါင်ချိန်' ကိုပင် ပစ်သတ် လိုက်ဖို့ ၀န်မလေးသော စိတ်တခုကို တွေ့လိုက်ရသည်။ ထိုစိတ်သည် မွေးဖွားလာသည့် လူသားတိုင်း၏ ရင်ထဲသို့ သဘာဝတရားက ထည့်သွင်းပေးလိုက်သော အမြုတေဓါတ်တမျိုး ဖြစ်နိုင်သည်။
ပေါင်ချိန်ကြီး တို့ ကျန်ရစ်ခဲ့ပြီ။
ရထားကတော့ ကျွန်တော်တို့ကို တင်ဆောင်ကာ ဆက်လက်ရွေ့လျားသွားလာရင်း ခြောက်လှန့်မှု အဆင့် ဆင့်ဆီသို့ ခေါ်ဆောင်သွားနေဆဲ ဖြစ်၏။
ကွေ့ချိုးတခုသို့ ရထားကွေ့ချလိုက်သည်။
'အား' ကနဲ အော်သံတခု ထွက်လာသည်။ ဇနီးနှင့် သားငယ်ထံမှ ဖြစ်သည်။ သူတို့ ခေါင်းငုံ့လိုက်ကြ သည်။ သား က ကျွန်တော့်ရင်ခွင်ထဲ ကြုံ့ဝင် စီးကပ်နေ၏။ ကျွန်တော့် ညာလက်က သူတို့နှစ်ဦး ကိုယ် ပေါ်မှ ကန့်လန့်ဖြတ် မိုးကာပြီး ဖြစ်နေသည်။
မမြင်ကွယ်ရာမှ ပါးပျဉ်းထောင်ထားသော မြွေတကောင်ကျွန်တော်တို့ကို ပေါက်သတ်မည့်ဟန်ဖြင့် ရုတ်တရက် ထိုးထွက်လာသောကြောင့် ဖြစ်၏။ စက္ကူမြွေရုပ်ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် အရုပ်ဟု မမြင်နိုင် မထင်နိုင်ပဲ ကြောက်လန့် နေခဲ့ကြသည်။
ကျွန်တော် နည်းနည်းရယ်ချင်လာသည်။
ကိုယ့်ချွေးနည်းစာငွေကြေးကို ရက်ရက်ရောရောပေးပြီး ကိုယ့်စိတ်ဓါတ်ကို နှိပ်စက်ခံနေသည့် ကျွန်တော် တို့မိ သားစုအဖြစ်ကို ပြန်စဉ်းစားတွေးမိ၍ ဖြစ်သည်။
ကျွန်တော်တို့တတွေသည် ကိုယ်ရသင့်သည်များကို ထိုးအပ်၍ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါများ နှိပ်စက်ခံခဲ့ကြ ဖူးပါသလဲ။

အပိုင်း (၂)

ရုပ်ရှင်များ၊ ဗွီဒီယိုဇာတ်ကားများထဲတွင်တော့ 'ခြောက်နှစ်ခန့်ကြာသော်' ဟု စာတမ်းထိုးကြမည် ထင်သည်။
သရဲရထား၊ အပိုင်း(၁)ဟု ခေါင်းစဉ်တပ်ထားသော အထက်ပါ အရေးအသားကို ကျွန်တော် ရေးသားခဲ့သည်မှာ လွန်ခဲ့သော (၆)နှစ်ခန့် (၂၀၀၀ ပြည့်ဝန်းကျင်က) ဖြစ်ပါလိမ့်မည်။ ထိုစဉ်က အသက်ငါးနှစ်သားဟု ဖော်ပြ ထားသော ကျွန်တော့ သားငယ်သည် ယခုအခါ (၁၁)နှစ်သားအရွယ် ရောက်နေပြီ ဖြစ်သောကြောင့် ထိုသို့ ခန့်မှန်းမိခြင်း ဖြစ်သည်။
ထိုအရေးအသားကို ဘာ့ကြောင့် ပြီးဆုံးအောင် ကျွန်တော် ဆက်မရေးဖြစ်ခဲ့သည်ကို အမှတ်မရတော့၊ မသိ တော့ပါ။ ၂၀၀၆ နှစ်ဦးတွင် ကျွန်တော်တို့ သားအဖ ဓါတ်ပုံဟောင်းဖိုင်များ ရှာဖွေ ရာမှ ထိုရေးလက် စကလေးအား အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ' ကျွန်တော်၏ စာပေ ဆိုင်ရာ အားထုတ်မှုများ' ဟူသော ဖိုလ်ဒါ (Folder) ကြီးအောက်ရှိ 'ရေးလက်စများ' ဟူသော ဖိုလ်ဒါ ထဲတွင် ဖိုင် (File) တခုအနေဖြင့် ပြန် လည် တွေ့ရှိခဲ့ကြပါသည်။
ယခုအခါ မြန်မာစာကို အတန်ငယ်ချောအောင် ဖတ်ပြုနိုင်နေပြီ ဖြစ်သော အလယ်တန်း ကျောင်းသားလေးက သူကိုယ်တိုင် ပါဝင်ခဲဖူးသော နေ့ရက်တခု၊ ကစားနည်းတခုအကြောင်းကို ပြန်ဖတ် ရသောအခါ အလွန် သဘောကျသွားပြီး ဖခင်ဖြစ်သူ ကျွန်တော့်အား ပြီးဆုံးအောင် ဆက်ရေးရန် တိုက်တွန်းခဲ့သည်။ သို့သော် သူ့ဆန္ဒအား ကျွန်တော် မဖြည့်ဆီးနိုင်ခဲ့ပါ။ ထိုနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကျွန်တော့် မှတ်ဥာဏ်က မှိန်ဝါးလိုက်ခြဲ့ပီ ဖြစ်သည်။ မြွေကြီးပြီးတော့ ဘာကောင်တွေနဲ့ တွေ့ခဲ့လဲ။ ကျွန်တော်တို့ တွေ့မြင် ခဲ့ကြရသည်မှာ အရိုးစုတွေ၊ လူသေအလောင်းလိုမျိုး တွေ၊ ဖုန်နံ့မွှန်ထူထူတွေ၊ မှောင်မဲမဲနီရဲရဲ အလင်း အမှောင်တွေပဲ ဖြစ်ပါလိမ့်မည်။ ဆိုရလျင် စိတ်ပျက်စရာ မြင်ကွင်းများ၊ အသံများ၊ အနံ့များသာ ရရှိခဲ့ကြပြီး မည် သည့် ပျော်ရွှင်ချမ်းမြေ့ဖွယ်မျိုးမှ တွေ့ကြုံခဲ့ရသည် မဟုတ်ပါ။
ခြိမ်းခြောက်၊ ခြောက်လှန့်ခံရမှု၊ စိတ်ဖိစီးခံရမှု၊ သက်တောင့်သက်သာမရှိမှု၊ ဟူသောခံစားမှုများ အတွက် အချိန်နှင့် ငွေများပေးပြီး၊ ကစားခဲ့ကြပြီးဖြစ်သည်။ မှတ်မှတ်ရရ ကျွန်တော်တို့ မိသားစု အနေဖြင့် ထို တကြိမ်နောက်ပိုင်းတွင် သရဲရထား မစီးဖြစ်ကြတော့ပါ။ ဖန်တီးသူတို့ စိတ်ကြိုက် စီမံခန့်ခွဲထားသော ဘောင် တခု၊ ၀န်းကျင်တခုထဲတွင် ထိုသူတို့ စိတ်တိုင်းကျ အနှိပ်စက်ခံရသော ဘ၀မှ လွန်မြောက်၊ လွတ်မြောက်ခဲ့ကြပြီ ဖြစ်သည်။ သို့သော် ထိုအရာမှာ ကစားနည်းတခု ကစားကွင်းတခုသာ ဖြစ်ကြောင်း ကျွန်တော်တို့ မမေ့ခဲ့ပါ။
ကစားနည်းတခုကို မကစားခြင်းဖြင့်လည်းကောင်း၊ ကစားကွင်းတခုကို မသွားရောက်ခြင်းဖြင့် လည်းကောင်း၊ ရှောင်ကွင်းနိုင်သော်လည်း ဘ၀ကစားကွင်းအတွင်းရှိ ကိုယ်မကစားလိုသော ကစားနည်းကို မည်သို့ ရှောင် ကွင်းရမည်ကို ကျွန်တော်မသိခဲ့။ နည်းလမ်းမရှိခဲ့။
သရဲရထားစီးနည်းသည် ပိန်းပိတ်အမှောင်နှင့် မီးအလင်းမှိန်တို့ကို အားပြုတည်ဆောက်ထားသော ၀င်္ကပါ ကစားကွင်း တခုဖြစ်လျင် ဘ၀သည် နေ့အလင်းနှင့် ညအမှောင်တို့ကို အားပြုတည်ဆောက်ထား သော ၀င်္ကပါ ကစားနည်းတခုသာ ဖြစ်ပါလိမ့်မည်။
သရဲရထား ကစားနည်းတွင် ကျွန်တော့်သားက ပလတ်စတစ် သေနတ်ကို ကိုင်တွယ်ခဲ့သော်လည်း ဘ၀တွင်မူ ကျွန်တော်က သံမဏိသေနတ် ကိုင်ကောင်း ကိုင်ရမည်။ တရားမျှတသင်္ကေတ ' ပေါင်ချိန်' ကြီးက မြင်မြင် သမျှကို သတ်ဖြတ်ပြဖို့ ဒေါသကြီးနေသလိုမျိုး၊ ဘ၀ထဲတွင် အမှန်တရား၏ ပက်ပက်စက်စက် ခြိမ်းခြောက်မှုကို မခံ ရနိုင်ဟု မည်သူမျှ ကံသေကမ္မ မပြောနိုင်။
တကယ်တော့ ကျွန်တော်တို့သည် ရှင်သန်နေထိုင်ရသမျှ အချိန်တွင်း၊ ကွေ့ပေါင်းများစွာမှ ခြိမ်းခြောက်မှုများစွာ အချိန်မရွေး ထွက်ပေါ်လာနိုင်သည့် ဘ၀၀င်္ကပါထဲတွင် သရဲရထား စီးနေကြရခြင်း မျှသာ ဖြစ်သည်။
ကစားကွင်းမှ သရဲရထားတွင် ရထားစီးနေရချိန် ရှိသည်။
ကျွန်တော့်ဘ၀တွင် ကျွန်တော် ရှင်သန်နေခွင့်ရ အချိန်ရှိသည်။
ကစားကွင်းက ရထားတွင် ခရီးဆုံးထွက်ပေါက်ရှိသည်။
ကျွန်တော့်ဘ၀တွင် ခရီးဆုံးထွက်ပေါက် ဘယ်မှာရှိပါသလဲ။
မေးခွန်းများသည် ရထားတစီးစာမက လေးလံစွာ ကိုယ်ပေါ်ပိကျလျက်။

ငြိမ်းအေးအိမ်
[အခြေအနေ အကြောင်းတစုံတရာကြောင့် စာရေးသူထံမှ ခွင့်ပြုချက်မယူလိုက်ရပဲ မာယာပေါ် တင်လိုက်တာ ကို ခွင့်လွှတ်နားလည်ဖို့ တောင်းပန်ပါတယ်]