Tuesday, April 27, 2010

ပြည်တော်သာ၏ နေ့တနေ့
ရေးသူ- ဗန်းမော်တင်အောင်



(၁)

မှန်သေတ္တာ အတွင်းက စိန်ပွင့်တွေ အကြားမှာ နှင်းဆီက ပွင့်နေသလား။
အမေရိကန် ပညာတော်သင်ပြန် ခင်မမကြီးက နှင်းဆီပန်းကို လှမ်းယူကာ ဟန်လုပ်၍ မွှေးရင်း ဘေးတွင် ရပ်လျက် တဘက်စားပွဲ၌ လှပစွာ ခင်းကျင်းပြသထားသော ဗမာလုပ် ယွန်းထည်များကို၊ အထင်သေး ရှုတ်ချသော မျက်လုံးပြာနှမ်းနှမ်းဖြင့် မသိမသာ ကြည့်ရှု နေသော အမေရိကန် သံရုံးအရာရှိကို အနီဆိုးထားသော နှုတ်ခမ်းအား လှပသည် ထင်ရ အောင် ချွန်ချွန်ကလေး စူ၍ မော့ ကြည့်လိုက်သည်။




မောင်တော်က နှမတော်၏ ဟန်ရေးပြ အလှကို မြင်မိဟန်မတူ။ မြန်မာရာဇဝင်၌ ကျော်ကြား ထင်ရှားလှသော ရာမဇာတ်တော်ကြီးအား ရွှေမင်ဖြင့် အသေးစိတ်ရုပ်လုံး ဖော်ထား သော ယွန်းအုပ်ကြီးကို အသိမိုက်မဲသော မျောက်က ပဋ္ဌာန်းကျမ်းကြီးအား ကြည့်သလို ကြည့်နေသဖြင့်၊ ခင်မမကြီးက မောင်တော်၏ ချွေးစော်နံလှသော ချိုင်းကို သူမ၏ ဦးခေါင်း နွဲ့မူ ဟန်နှင့် မနံမစော် တိုးဝှေ့ လိုက်လေသည်။
"အိုး...ဘေဘီ...ကျွန်ပ်ဝမ်းနည်းပါတယ်..."
မိန်းမမြင်တိုင်း 'ဘေဘီ'ဟု တွင်တွင်ကျယ်ကျယ်ကြီး ခေါ်တတ်သော၊ အမေရိကန် လူယဉ်ကျေးက ခင်မမကြီးအား ဘေဘီဟူ၍ပင် အမြတ်တနိုး ခေါ်ဝေါ်ကာ တောင်းပန်ဟန်ြပ၏။
"ကိစ္စမရှိပါဘူး၊ ဒါထက်ရှင်ဘယ်တော့ ကယားပြည်ကို သွားဦးမှာလဲဟင်... ရှင်သွား နေတုန်း၊ ကျမတော့ အများကြီး ပျင်းကျန်နေရစ်မှာပဲ၊ သြော်..... ဒါထက်....ရှင် ယိုးဒယား ဘက်က ဇင်းမယ်များ၊ ခုတခေါက် ရောက်ဦးမယ်ဆိုရင် ဇင်းမယ်လုံချည် တထည်လောက် ဝယ်ခဲ့ပေးပါလားဟင်" လက်ဦးလင်ကြီးနှင့် မကွာရှင်းရမီပင် နောက်တလင်နှင့် ဗိုက်ကြီးခဲ့ ရသော အမေရိကန်ပြည် ဟောလီးဝုဒ်မြို့တော်မှ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အင်းဂရစ်ဘဂ်မင် ၏ အမူအရာကို အတုခိုးကာ အလွမ်းသယ်ရင်း ခင်မမကြီးက မှာပုံတော်ကို သီဆိုလိုက်၏။
"ဘန်ကောက်က ကျွန်ုပ် ဟိုတလောက ယူလာတဲ့ လုံချည်တွေ ရှိသေးတယ် မဟုတ်လား" ဘန်ကောက်နှင့် ရန်ကုန် အကူးအသန်း လုပ်နေသော မောင်တော်က မေးလေ သည်။
"ဇင်းမယ်လုံချည်က ရန်ကုန်မှာ ကောင်းကောင်းမရဘူး"
"ဇင်းမယ်ရောက်မယ် မရောက်ဘူးဆိုတာ၊ အခု အသေအချာ မပြောနိုင်ဘူး ကယား ပြည် သွားဖို့ကတော့ ကျွန်ုပ်တို့မှာ အင်မတန် တာဝန်ရှိတယ်၊ ဟိုမှာ အခု ရောက်ရှိနေတဲ့ ကျွန်ုပ်တို့ စစ်တပ်တွေကို ကြည့်ရှုစစ်ဆေးဖို့ အလုပ်တွေ များတယ်၊ ဒါပေမယ့် ဟိုကပြန်ရင် ဘေဘီ့အတွက် လက်ဆောင်တခုခု ယူလာပါမယ် ဆိုတာတော့ ကတိပေးမယ်"
"အို....ရှင်ဟာ ကြင်နာတတ်တဲ့ လူတယောက် ပါပဲ"
အီးစီအေရဲ့ ဂုဏ်ကျေးဇူးသည် အနန္တငါးပါး၊ ဂုဏ်ကျေးဇူးထက်ပင် ထူးကဲလှပါပေ သည်ဟု သတင်းစာများက ရေးသားချီးကျူး၍၊ အစိုးရကလည်း လက်ခံထားသော တိုင်းပြည်၌ ခင်မမကြီးက သည်လိုပြောလိုက်ခြင်းမှာ မလွန်ပါ။
ငွေစီးကရက်ဘူးကိုဖွင့်၍ စီးကရက်တလိပ်ကို မီးညှိရင်း ခင်မမကြီးရဲ့ ကြင်နာတတ် သူက ပြုံးလေသည်။ သူက ခင်မမကြီးရဲ့ တင်ရှိ နေရစ်သေးသော ကိုယ်အလုံးအထည်ကို ပြင်သစ်ဆန်ဆန် စီးကရက်မီးခိုးများ အကြားမှ ခပ်မှေးမှေး ကြည့်နေလေသည်။
ခင်မမကြီးသည် နှင်းဆီပန်းကို ဟန်လုပ်၍ မွှေးနေပြန်၏။
"ကနေ့ည....လသာသာ အင်းယားမှာ ရေသွားကူးရင် မကောင်းဘူးလား"
ကြင်နာတတ်သူက စေတနာ ရေစီးကမ်းပြိုမတတ် ဖိတ်ကြားလေသည်။
"အကောင်းဆုံး စိတ်ကူးပဲ၊ ရှင်ဘယ်အချိန် လာခေါ်မှာလဲဟင်"
လှယဉ်ကျေးက သွက်လက်လှ၏။
"ကိုးနာရီလောက် ကားနဲ့ လာခေါ်မယ်လေ၊ ဒါထက်မင်းတို့ ဗမာပြည်ရဲ့ ရာသီဥတု သိပ် ရွံစရာကောင်းတာပဲ"
ကြင်နာသူက ယွန်းအုပ်ကို မဲ့ရွဲ့ကာ ကြည့်ရင်း သူ့ဘာသူ လာနေသော ဗမာပြည်ရဲ့ ရာသီဥတုကိုပင် ကျိန်ဆဲနေ လိုက်သည်။
"ရွံစရာကောင်းတဲ့အထဲမှာ ခင်မမကြီးတယောက်တော့ မပါပါဘူးနော်"
"အိုး မင်းကတော့ ချွင်းချက်ပဲ"
"ဟုတ်တယ် ကျမလဲ ဗမာပြည်မှာ မွေးပေမယ့် ဗမာပြည်ကို သိပ်မုန်းတာပဲရှင်"
"မင်းတို့ဗမာပြည်မှာ ဘယ်ဟာတခုမှ ငါတော့မကြိုက်ဘူး"
"ကျမတယောက်တော့ ချွင်းချက်ပါပဲနော်"
စကော့ဈေးအတွင်း ဗမာ့ယွန်းထည်နှင့် ကျောက်မျက်ရတနာများ ရောင်းချနေသော ကုန်တိုက်ကြီးအတွင်းမှ တယောက်နှင့်တယောက် လင်မယား ဆန်ဆန် ပူးပူးကပ်ကပ်နှင့် ထွက်လာကြပြီးနောက် ဈေးရှေ့ပလက်ဖောင်းဘေးတွင် ရပ်ထားသော ကားသစ်ကြီးတစီး ပေါ်သို့ ရီကာမောကာနှင့် စုံတွဲတက်ထိုင်ကာ ငြိမ့်ကနဲထွက်သွားကြသော ကြင်နာသူ အမေရိကန်လူယဉ်ကျေးနှင့် ဗမာ့ရာသီကို မုန်းသည်ဆိုသော ဗမာ့သမီးတို့အား ကျွန်တော် သည် ပလက်ဖောင်းဘေးမှ အငေးသားရပ်ကြည့်ခိုက်......
"အဖေတို့ အမေတို့ဟာ တောက ပြေးလာရတဲ့ ဒုက္ခသည်တွေပါ သားရယ်၊ တပဲစ တမူးစကလေးများ လှူနိုင်ရင် လှူပါလားကွယ်"
ကျွန်တော်သည် ထိတ်လန့်စွာ ကြည့်မိ၏။
သက်ရွယ်အိုမင်းလှပြီဖြစ်သော အလွန်တရာချည့်နဲ့နေသည့် အဘိုးအို၊ အမယ်အို၊ လင်မယား နှစ်ယောက်သည် အစုတ်စုတ် အပြတ်ပြတ်နှင့် ခွက်ကို ဆွဲ၍ ကျွန်တော့်ထံမှာ တပဲစ တမူးစကို အသနားခံနေကြသည်။ (၄) နှစ်ကျော်ကျော်မျှ ဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်၏ ဒဏ်ကို အလူးအလဲ ခံနေရသော တောမှ ဆင်းရဲသားများသည် သူတို့၏ ဘဝလုံခြုံရေးအတွက်၊ ကြောက်အားလန့်အားဖြင့် ပြေးမိပြေးရာပြေးရင်း၊ အစိုးရ ရုံးစိုက်ရာ မြို့တော်ကြီးဖြစ်သော ရန်ကုန်သို့၊ မျက်စိလည် လမ်းမှားကာ ရောက်လာရှာကြခြင်း ဖြစ်ဟန်တူ ၏။ တောကို မသိသော ရန်ကုန်က သူတို့ကို ဂရုစိုက် အရေးယူ မှာတဲ့လား၊ ရန်ကုန်က နေသာပါ၏။ တောမှာ ဘာပဲဖြစ်ဖြစ် ဘယ်သူပဲ သေသေ။
"တောမှာ လုပ်ကိုင်စားလို့ကလဲ မဖြစ်၊ ရွာကလဲ မီးလောင်၊ လဲဗြီးတွေကလဲ နှိပ်စက်နဲ့၊ ဘယ်လိုမှ မနေသာ၊ မတတ်သာလွန်းလို့ ရန်ကုန်မြို့ကြီးကို ပြေးလာမိတာပါ မောင်ရယ်၊ ဒီ ရောက်တော့လဲ ဘာမှလဲ လုပ်စရာ ကိုင်စရာကမရှိ၊ နေစရာ ထိုင်စရာကလဲ မရှိ၊ စားစရာ ကလဲ နတ္ထိနဲ့မို့ အသက်ကလေးတချောင်း ရှင်နေပါမယ့်အရေး လမ်းပေါ်မှာ လိုက်တောင်းစား ရတာ ပါကွယ်"
ဘုရားဟော ပဋာစာရီဇာတ်ထက် ကြေကွဲ ရင်နာဖွယ်ရာ ပုံဝတ္ထုကို ကျွန်တော်သည် မချမ်းမသာ ကြားနေရပေသည်။ သည့်အခိုက်တွင် ကျောင်းနေရမည့် အရွယ်ဖြစ်သော အသက် (၁ဝ) နှစ်ခန့် သူငယ်ကလေးတယောက်သည် သံပုံးတခုကိုလွယ်ကာ ထီးမပါ၊ ဖိနပ်မပါ၊ နေပူကြဲထဲက လျှောက်လာရာမှ ကျွန်တော်၏ အနီးက ဖြတ်၍သွားရင်း အော်လံကြီးကို ပါးစပ်တွင်တပ်ကာ "လွတ်လပ်ရေး မြေပဲဆားလှော်" ဟု အသက်မွေးဝမ်းကြောင်း အတွက် ရုတ်တရက် အော်သွားသဖြင့် ကျွန်တော်သည် လန့်ဖျပ်၍ တွန့်ဆုတ်သွားမိပါ၏။
ကျွန်တော်ပင်၊ မနက်စာကို မစားခဲ့ရသေး။ အရေးရယ် အကြောင်းရယ် ဖြစ်လာလျှင် ခြေစောင့် လက်စောင့်အဖြစ် လိမ်ပိန်ကုတ်ကပ်၍ ထားခဲ့သော အိတ်ကပ်အတွင်းမှ မတ်စေ့ ကလေးတစေ့ အကြောင်းကို ငိုင်၍ တွေးတော စဉ်းစားနေစဉ် ဘဝ၏ လုံခြုံမှုအတွက် တောမှ ရန်ကုန်သို့ ခိုဝင် ပြေးလွှားလာကြရင်း အသက်ကလေးတချောင်း ရှင်နေနိုင်ရေးအတွက် နေပူ ခြစ်ခြစ်ထဲ၌ လိုက်လံတောင်းခံနေရသော အဖေနှင့်အမေတို့သည် စလေဆရာ၏ အလိုအားဖြင့် "ဆန်ဖြူဖြူတခွက်" ပင် မဟုတ်သေးဘဲ ဆန်တစေ့မျှပင် ထွက်နိုင်ပုံ မပေါ်သော ကျွန်တော့် ထံပါး မှ ထွက်ခွာသွားရှာကြလေပြီ။

(၂)

စကော့ဈေးရှေ့မှ ကျွန်တော်သည် လေးကန်ထိုင်းမှိုင်းစွာ ထွက်လာသော အခါ၌ နာရီပြန် နှစ်ချက်ပင်တီးနေပေပြီ။ ကျွန်တော်သည် အလွန်တရာ ထမင်း ဆာလောင်လျက် ရှိနေပါ၏။ သို့ရာတွင် လွန်ခဲ့သော (၁ဝ) မီနစ်ခန့်အတွင်းက ရန်ကုန်၏ အလှအပများ၊ ဇိမ်ခံပစ္စည်းများ ရောင်းချရာ စကော့ဈေးကြီးရှေ့တွင် တွေ့မြင်ခဲ့ရသော အဖြစ်အပျက် အကြောင်းအရာများသည် ထမင်းဆာလောင်နေခြင်းကို မေ့လျော့စေပါ၏။
ဗမာပြည်၏ ရာသီဥတုကို မုန်းနေရုံမျှနှင့် မကသေး၊ ဗမာပြည်သို့ လာရောက်နေထိုင် ကာ ဗမာပြည်မှ ဘာတခုမျှလဲ မကြိုက်ဘူးလို့ ပြောနိုင်ဆိုနိုင်လိုက်သော ခင်မမကြီးရဲ့ ကြင်နာတတ်သူကြီး၊ ဗမာရဲ့ သမီးစင်စစ်က "ဗမာ ရာသီဥတုကို သိပ်မုန်းတာပဲရှင့်" ဆိုသော ဘေဘီတို့၏ အကြောင်းအရာများနှင့် ကျောင်းမနေရဘဲ ဈေးရောင်း၍ အသက်မွေးဝမ်း ကျောင်းနေရသော ကလေး၊ တောမှပြေးလာသော ဒုက္ခိတ အမေနှင့်အဖေတို့၏ အကြောင်း အရာများကို ဆက်စပ်၍ စဉ်းစားကြည့်နေမိသည်။
ဤ တခန်းရပ် စကော့ဈေးရှေ့ ပြဇာတ်တိုကလေး အတွင်း၌ ပွဲကြည့်ပရိသတ် လိုဖြစ်နေသော အလုပ်လက်မဲ့ဖြစ်သူ၊ ကျွန်တော်၏ အကြောင်းကိုကား ကျွန်တော်သည် စဉ်းစားရန် မေ့သွား၏။ ထမင်းဆာနေခြင်းကိုမှပင် သတိမရမိတော့။ တနပ်သောထမင်းကို အဘယ်မှာ လိုက်လံရှာဖွေရမည်ဆိုသော အသံသည်လည်း ပျောက်ကွယ်နေ၏။
ဘေဘီ၏ ကြင်နာတတ်သူကြီးကို ကျွန်တော်မသိ၊ ဝေါလမ်းမကြီး၏ သူလျှို ဖြစ်ကောင်း ဖြစ်လိမ့်မည်။ အမေရိကန်သမ္မတ ထရူးမင်း၏ အမ်အက်(စ်)အေ ရန်ပုံငွေ ဒေါ်လာ သန်းတစ်ရာ ထဲမှ လခကောင်းကောင်း ထုတ်ချင်လည်း ထုတ်နေရမည်။ အမှန်ကိုတော့မသိ၊ သို့သော် ဖြစ်နိုင်၏။ ဖြစ်နိုင်သောအချက်မှာ သူ အင်မတန်မုန်း၍ မကြိုက်သောဒေသမှာ သူက ဘာကြောင့်လာနေရသလဲ။
ကျွန်တော်သည် ခင်မမကြီး၏ အကြောင်းကို စဉ်းစားကြည့်သည်။
ခင်မမကြီးကို ကျွန်တော်က သိပေသည်။ အလတ်တန်းစား အစိုးရအရာရှိ တယောက်၏ သမီးဖြစ်၍ ကွန်ဗင့်ကျောင်းမှ တက္ကသိုလ်ကို ရောက်လာသူ ဖြစ်၏။ တက္ကသိုလ်တွင် သူမကိုယ်ကို ကုန်ပစ္စည်းအဖြစ် ကြော်ငြာသည်ကို ကျွန်တော်က မမေ့ပါ။ ပွဲတိုင်း လမ်းတိုင်းတွင် ကျော်နေသော ခင်မမကြီးကို ခပ်ပျော်ပျော်နှင့် ပေါ့ပေါ့နေတတ်သော ကျောင်းသားတိုင်းသိကြ၏။ ကျွန်တော်ကသာ မိဘဆင်းရဲ၍ ကျောင်းတွင် ကုပ်ကုပ်ကပ်ကပ် နှင့် စာကြိုးစားနေရသောကြောင့် လူချင်းမသိခဲ့ရခြင်းသာ ဖြစ်ပေသည်။ အမှန်တော့ မိန်းကလေးတဦးတယောက်၊ အသက်မွေးဝမ်းကျောင်းအလုပ်မှာ လင်ကောင်းတယောက် ကို မရအရဖမ်း၍၊ ပညာတတ်တယောက်၏ အသက်မွေးဝမ်းကျောင်းမှာ အစိုးရလခစား ဖြစ်စေ၊ တပါးသူ၏ လခစား ဖြစ်စေ၊ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ကြိုးစားနေရသော ခေတ်ကာလ အတွင်း၌ ကျွန်တော်၏ ကြိုးစားနေရခြင်းနှင့် ခင်မမကြီး၏ ကြော်ငြာတို့မှာ အပြစ်တင်စရာတော့ မဟုတ်ဟု ထင်မိသည်။ ထို့ကြောင့် ကျွန်တော်သည် ခင်မမကြီးကို ထို့ထက် ပို၍တော့ မသိခဲ့ရပေ။
ကျွန်တော့် --------ကျောင်းမှ တပိုင်းတန်းလန်းနှင့် ထွက်လာခဲ့ရပြီး နောက် ကျွန်တော်သည် ---------ကျောင်းအကြောင်းကို ဘာမှ မသိခဲ့ သော------။ အမိမုဆိုးမကြီးနှင့် လူလား မမြောက်သေးသော ညီငယ်နှမငယ်ကလေးများအား ကျွေးမွေးဖို့ရန် အလုပ်ရှာ ခဲ့ရပေသည်။ ပညာတတ်တွေများ၍ နီးစပ်ရာကို အလုပ်ခန့်နေသောခေတ်၌ အောက်တန်း စာရေး အလုပ်ကလေးကိုပင် ကျွန်တော်သည် ၆-လကျော်မျှ ရှာဖွေကာ ရရှိခဲ့ပြီးနောက် တောမှ မိဘနှင့်ကလေးများကို ရန်ကုန်သို့ခေါ်လာရသည်။
တကယ်ဆိုသောအခါ၌ တလလျှင် တရာ့အစိတ်သုံးဆယ်မျှသော လခကလေးဖြင့် ကျွန်တော်က အမေနှင့် ကလေးများကို ဘယ်လိုများ နပ်စေ့အောင် ကျွေးနိုင်ပါမည်လဲ၊ အသွေးအသား မဖြစ်နိုင်သော ထမင်းဟင်းကလေးများဖြင့် ကျွန်တော်တို့ အိမ်သားများ အသက်ရှင် နေရသည့်အခိုက် ၁၉၄၉-ခုနှစ်တွင် အစိုးရက လူလျှော့၊ ရှားပါးစားရိတ်ဖြတ်နှင့် ရက်ရက်စက်စက်ကြီး လုပ်လိုက်သောအခါ၊ မဝဘဲ စားနေရသော အဟာရမရှိသည့် ထမင်းနှင့် ဟင်းကလေးများထဲမှ လုယူခြင်းဖြစ်၍ ကျွန်တော်သည် ဘဝတူ စာရေးများနှင့် သပိတ်မှောက် အရေးဆိုမိသောကြောင့် ကျွန်တော်တို့ ရုံးစာရေး အမှုထမ်းများ၊ သမဂ္ဂ၏ ဥက္ကဋ္ဌကြီး ဦးထွန်းအောင်ကျော် နှင့်အတူ စာရေးအများအပြားပင် မတရားညှဉ်းဆဲ အဖမ်းအဆီး ခံခဲ့ကြရပေသည်။ ရန်ကုန်ထောင်ကြီးထဲသို့ ကျွန်တော့်အား မပို့မီ ဘားလမ်းအချုပ်ထောင်ထဲ၌ ချုပ်ထားစဉ် ရဲဘော်စာရေးတယောက်က လာပေးသော သတင်းစာတစောင်တွင် ခင်မမကြီးသည် အမေရိကန်ပြည်သို့ ပညာတော်သင်အဖြစ် ရွေးချယ်စေလွှတ်သော သတင်းကို ကျွန်တော်က ဖတ်လိုက်ရပေသည်။ ကျွန်တော်သည် စိတ်ဝင်စားခြင်း မရှိမိ၊ အပြင်ဘက်တွင် မလုပ်တတ် မကိုင်တတ်ဖြစ်ကာ ဒုက္ခကြီးစွာ ရောက်နေရတော့မည် ဖြစ်သော အမေနှင့်ကလေးများအကြောင်းကိုသာလျှင် ပူပန်နေရပေသည်။
ရန်ကုန်ထောင်ကြီးထဲတွင် (၉)လနီးပါး မတရား ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး နောက် ထောင်အပြင်သို့ ထွက်လာရသောအခါ၌ အမေက မြေပဲလှော်၍ ကလေးများက မြေပဲလှော်လိုက်ရောင်းနေရသော အဖြစ်ကို ကျွန်တော်က တွေ့ရပေသည်။ သူတို့သည်လည်း ထမင်းရှာဖွေပေးမည့်သူကို အစိုးရက ဖမ်းဆီးထား၍ ရတတ်သလို သူတို့စုံမက်သော အသက်ကလေးများကို မွေးနေရခြင်းပင် ဖြစ်ကြပေသည်။
ထောင်မှ ထွက်လာရပြီးနောက် ကျွန်တော်သည် အစိုးရ၏ လူဆိုးစာရင်းတွင် ပါဝင်သွား ပြီဖြစ်၍ မည်သည့်ရုံးကမှ အလိုမရှိသော လူဆိုးကြီးတယောက် ဖြစ်သွားရသည်။ အစိုးရလက်အောက်ခံ ရုံးများမှာ ကျွန်တော့်အတွက် တံခါးပိတ် ထားပြီဖြစ်ရကာ အခြား ကုန်တိုက်များတွင် လိုက်လံတိုးဝှေ့၍ အလုပ်ရှာသော အခါ၌လည်း အရောင်းအဝယ် ပျက်ပြား ၍ လူများကိုပင် လျှော့ပေါ့ ထုတ်ပစ် နေရကြောင်းများ ပြော၍ ပြော၍ လွှတ်ကြပါ၏။
ထိုအချိန်မှစ၍ ကျွန်တော်သည် အလုပ်လက်မဲ့တယောက် ဖြစ်လာရကာ လမ်းမပေါ်၌ ဇွဲကောင်းကောင်းနှင့် အလုပ်ရှာနေခဲ့ရခြင်း ဖြစ်ပေသည်။
လွန်ခဲ့သော (၁ဝ) မိနစ်ခန့်က ခင်မမကြီးကို ကျွန်တော်က စကော့ဈေးထဲတွင် မြင်ခဲ့ရခြင်းသည်.....ကျွန်တော် ကျောင်းမှ ထွက်လာခဲ့ရ ပြီးနောက် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပါ၏။ ခင်မမကြီးသည် အမေရိကန်မှပင် ပြန်လာခဲ့ပေပြီ။ ပြန်လာခဲ့ခြင်းနှင့် အတူ ဗမာ့ အမျိုးသားယဉ်ကျေးမှုကို အထင်သေးသော အမေရိကန်ယဉ်ကျေးမှုကိုလည်း ယူဆောင် လာခဲ့ဟန် တူပေသည်။
ကျန်သေးသော ကျောင်းမနေရဘဲ လွတ်လပ်ရေး မြေပဲဆားလှော် ရောင်းရသည့် ကလေးနှင့် အဖေတို့ အမေတို့မှာ ရန်ကုန်မြို့၏ လမ်းမပေါ်တိုင်း၌ နေ့စဉ်နှင့် အမျှ တွေ့နေရသော အကြောင်းအရာများ ဖြစ်နေ၍ ကျွန်တော်သည် နက်နက်နဲနဲ စဉ်းစားစရာ မရှိတော့ပေ။
နိုင်ငံတော်၌ သူတောင်းစားမရှိရဟု သမ္မတကြီးတင်မက၊ မိုးပေါ်က သိကြားမင်းပင် ဆင်း၍ အမိန့်ထုတ်ပြန် ထုတ်ပြန်၊ သူတောင်းစား ဖြစ်လာရသော အကြောင်းရင်းခံ ပဒေသရာဇ် မြေပိုင်ရှင် စီးပွားရေးစနစ်ကို မဖျက်သိမ်းနိုင်၍ ပြည်သူပိုင်လယ်မြေစနစ်ကို မပြုလုပ်နိုင်မချင်း သူတောင်းစား ပြဿနာကား ရှိနေမည်သာ ဖြစ်လေသည်။ ကလေးသူငယ်များကား အဘယ်သို့ပင် ပညာမသင်မနေရ ဥပဒေလုပ်လုပ်-ထိုကလေးများ၊ နောက်ပိုင်းစားရေး သောက်ရေး ကို သက်သာကောင်းမွန်အောင် မပြုလုပ်မပေးနိုင်မချင်း မည်သည့်ကျောင်းသို့မှ ကလေးများသည် ကခုန်ရယ်မောကာ ပညာလာသင်မည် မဟုတ်ဘဲ ပညာရေးထက် လောလောဆယ် အရေးကြီးနေသော ထမင်းစားရေး ပြဿနာအတွက် ဖြစ်သလို ဖြေရှင်း နေကြမည်သာ ဖြစ်ပေသည်။
ဆူးလေဘုရား အဝိုင်းကြီးပေါ်ဝယ် ကျွန်တော်သည် ရပ်လိုက်သောအခါ၌ ရန်ကုန်မြိုလယ်တွင် နေ့ခင်း ကြောင်တောင်တောင်ပင် မှောင်ချကာ ဖုတ် သူရဲ တစ္ဆေများနှင့် ချောက်၍၊ ခြောက်လုံးပြူး (၂) လက်ကိုင် လူဆိုးကြီးများကလည်း သူရဲကောင်းကြီးများအဖြစ် ပြသနေကြသော ဆူးလေဘုရားလမ်း ရုပ်ရှင်ရုံများမှ ဧရာမ လူအုပ်ကြီး ထိတ်လန့်တကြား အန်ထွက်လာသည်ကို မြင်ရပါ၏။

(၃)

မော်တော်ကားများသည် ကြောက်မက်ဖွယ်ပင် သူ့ထက်ငါ အလုအယက် ပြေးလွှား နေကြပါ၏။ တစီးနှင့်တစီး ပွတ်ကာသီကာ ပြေးလွှား မောင်းနှင်နေ ကြပုံမှာ ဘေးမှ ကြည့်နေရာ သူတယောက်အဖို့တွင် အသဲယားစရာပင် ဖြစ်ပေသည်။
စပယ်ယာကလေးများသည် ကားနောက်မြီးမှ ခရီးသည်များကို အော်ခေါ်ကာ သူ့ထက်ငါ အလုအယက် တင်နေကြသည်မှာလည်း ကြည့်ရသူအတွက် မသက်သာလှ။ ရန်ကုန်မြို့မှ ဘတ်စ်ကားများသည် လူစီးရန်မဟုတ်ဘဲ ပိုက်ဆံရှာရန်သာ အဓိက ယာဉ်တမျိုး ဖြစ်နေပါ၏။ ထို့ကြောင့်ပင် ကားတိုက်မှုများ ကြောက်မက်ဖွယ် များပြားနေရခြင်း ဖြစ်ဟန် တူလေသည်။
ကျွန်တော်သည် ရည်ရွယ်ချက်ကင်းမဲ့၍ မရေမရာရှိလှသော လမ်းလျှောက်ခြင်းမျိုးဖြင့် ဆူးလေဘုရား လမ်းမကြီးအတိုင်း ပလက်ဖောင်းပေါ်တွင် အမောပြေ ခေတ္တရပ်လိုက်မိပါ၏။ အမေရိကန် ရုပ်ရှင်မင်းသမီး ဒေါရ(စ်)ဒေး၏ ဆေးရောင်ခြယ် ဓာတ်ပုံကိုမှ နှမြောရမှန်း မသိသလို ပိုက်ဆံငါးမူးမျှပင် ပေးဝယ်၍ ထွက်လာခဲ့သော အသက် အစိတ်သာသာခန့် လူရွယ်တယောက်သည် သူ့လက်ထဲမှ ဓာတ်ပုံကလေးကို ပီတိဖြစ်ကြည်နူးလာရင်း၊ ကျွန်တော့် အားဝင်၍ ဆောင့်သွားလိုက်သဖြင့် ကျွန်တော်သည် အငေးသားကြည့်ရင်း ခံလိုက်ရသည်။ သူကပဲ ဝင်၍ တိုက်သွားပြီး ကျွန်တော့်အားပင် အပြစ်တင် မာန်မဲချင်သော အကြည့်ဖြင့် ကြည့်ကာ ထွက်သွားသော လူရွယ်ကို ကျွန်တော်က အဘယ်သို့ သဘောထားရပါမည်လဲ။
ကြာကြာနေ၍တော့မဖြစ်၊ ကျွန်တော်သည် ဂလုပ်ရုံရှေ့မှ ထွက်လာခဲ့ရလေသည်။ ပလက်ဖောင်းပေါ်တွင် ကားမစီးနိုင်သူများကလည်း ထမင်းစားရေးသောက်ရေး ကြပ်တည်း ခက်ခဲနေသူများအတွက် ဖြစ်သလို ရှာဖွေစားသောက် နေရသော ကွမ်းရာသည်၊ ထီအုပ်၊ စားသောက်ဆိုင်နှင့် သရေစာဆိုင်များကလည်း ရှုပ်ရှက်ခတ်နေသဖြင့် မနည်းပင် ရှောင်ကွင်း သတိထား၍ သွားရပေသည်။
ရန်ကုန်မြို့တော် သန့်ရှင်းရေးကို တာဝန်ရှိသည်ဆိုသော မြူနီစပါယ်ရုံးကြီး ရှေ့တွင် ကျွန်တော်သည် ခေတ္တမျှ ငိုင်၍ ရပ်နေမိရင်း၊ ကျွန်တော်တို့ ကွက်သစ်မှ မြောင်းပုပ်နှင့် အမှိုက်ပုံကြီးများကို ပြန်၍သတိရမိပါ၏။ မြို့တော်ဝန်ကိုယ်တိုင် တံမြက်စည်းလှည်း နေပါသည်ဟု ဖြစ်နေရသောခေတ်၌ ကျွန်တော်သည်လည်း မြောင်းပုပ်နံ့ကို ခံနိုင်ရမည်ဟု ဆိုချင်တာများလားဟု ကျွန်တော်က တွေးကြည့် မိပါသည်။
ဝမ်းထဲ၌ အစာခံမရှိ၍ တော်တော်ကလေး အနေရ အခံရခက်သဖြင့် ကျွန်တော်သည် ရှေ့တွင် အရိပ်ခိုနားနေရန်ကောင်းလှသော ဆူးလေစေတီတော်ကို လှမ်းကြည့်သည်။ ရွှေကတော့ ဝင်း၍ အိနေသည်။ ပြီးတော့ ဖြူဖြူဖွေးဖွေးနှင့် ခပ်လှမ်းလှမ်းမှ စိုက်ထူထားသော လွတ်လပ်ရေး ကျောက်တိုင်ကြီးနှင့်လည်း ပဏာရပေသည်။ သို့ရာတွင် ပြည်သူပြည်သားများ အား ငှက်ကလေး ကြက်ကလေးများ ဖမ်းဆီးသလို ဖမ်းပြီး ထောင်များထဲ၌ ရက်လနှစ် အကန့်အသတ်မရှိ ချုပ်နှောင်ထားခြင်းအား ရေငုံနှုတ်ပိတ် နေနိုင်သော တရားရုံးတော်၏ နာရီ ကြီးက (၂) ချက်ပင် ခွဲနေပါပကော..... ။
ကျွန်တော်သည် ဆူးလေကုန်းတော်ပေါ်သို့ တက်မိလျှင် ပထမဦးစွာ ပန်း ရောင်းသူများ ၏ အသိအမှတ်ပြုခြင်းကို ခံယူရပါ၏။ သို့ရာတွင် နောင်တမလွန်ဘဝထက် လောလောဆယ် ဘဝတွင်ပင် အေးချမ်းမှု ရပုံမရှိသေးသော ကျွန်တော်၏ လှုပ်ရှားပုံကို အကဲခတ်မိကြသလို သူတို့သည် ငြိမ်သက်သွားကြလေသည်။
ရင်ပြင်ပေါ်သို့ ရောက်သောအခါ၌ ကွမ်းဝါးနေသော ဗေဒင်ဆရာက အဆိုးအကောင်း ကလေးများ စစ်ဆေးဖို့ အကြံပေးခြင်းကိုလည်း ခံလိုက်ရသေး၏။ လောကဓာတ်ပညာ မပေါ်ထွန်းမီက ဘုရင့် ဟူးရားများအဖြစ် ဟန်ကျခဲ့ဖူးသော ဗေဒင်ဆရာများကလည်း အဏုမြူဓာတ်အားကို လူတို့ခွဲစိတ်နေနိုင်သော ခေတ်၌ပင် လဟာပြင်မှဂြိုဟ်နက္ခတ်များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရှာကြခြင်းကို ကျွန်တော်က စာနာမိပေသည်။ အလုပ်လက်မဲ့ ဘဝ၌ စားသာသလို ရှာကြံစားခြင်းအတွက် ဗေဒင်ဆရာကို အပြစ်တင်ရမှာလား။
ကျွန်တော်က ကြင်နာစွာ ခေါင်းခါပြလိုက်ရပေသည်။

(၄)

အလှူရှင်များ၊ ဘုရားဖူးနိုင်ကြသူများ များပြားလှသဖြင့် ကျွန်တော်သည် လူအနည်းငယ် ရှင်းသော အနောက်တောင် စနေထောင့်ဘက်ရှိ ဇရပ်တခုတွင် တယောက်ထဲဝင်၍ ထိုင်လိုက် ရပေသည်။ တကယ်ဆိုတော့ အလုပ်ကလဲမရှိ၊ ရဖို့ရာလဲ လမ်းမမြင်၊ အိမ်၌လဲ နပ်မမှန်၊ လောလောဆယ်အားဖြင့်လည်း ထမင်းဆာနေရသောဘဝ၌ ကျွန်တော်သည် သက်သာမှုကို ဖြစ်တတ်သလို ရှာကြံခြင်း ဖြစ်ပေသည်။
တယောက်တည်း ကျွန်တော်သည် ဇရပ်နံရံကို မှီ၍ထိုင်ကာ သက်သာနားနေခြင်းကို ပြုနေစဉ် ဇရပ်တွင်းမှ လူတယောက်သည် ကျွန်တော့်အား လာ၍ မိတ်ဖွဲ့လေသည်။
"ကျနော်တို့က ဘီအိုအေဒီ အလုပ်သမားတွေလေ.....ဒါက ကျနော်တို့ရဲ့ သပိတ်စခန်း ပေါ့..." ဟု ထိုလူကပြောတော့မှ ယခုထက်တိုင် အများက မသိရှာကြရသေးသော ဆူးလေကုန်းတော်ပေါ်ရှိ ဘီအိုအေဒီ သပိတ်စခန်းကို ကျွန်တော်က လန့်ဖျပ်သိရှိ လာရပါ၏။ ကျွန်တော်သည် (၁၉၄၉) ခု သပိတ်ကြီးကိုလည်း ပြေး၍ အမှတ်ရမိပါ၏။ အဆုံးမှာတော့ ဘဝတူချင်း တွေ့နေရ ခြင်း ဖြစ်ပေသည်။
ကျနော်သည် ထိုသပိတ်မှောက် အလုပ်သမား ရဲဘော်အား ထမင်းဆာသော်လည်း စိတ်ဝင်စားမိပေသည်။ ကျွန်တော်ကဲ့သို့ပင် ရှပ်နီတပ်သားများ၏ လက်ချက်ကြောင့် နာကျင် နေရရှာသူဖြစ်ပေသည်။ ကျွန်တော်၏ နာကျင်ခြင်းမှာ (၂) နှစ်ကျော်ခဲ့ပြီဖြစ်၍ သူ၏နာကျင်ခြင်း မှာ အခါလည် သာသာမျှသာ ရှိသေးသောကြောင့် သူ၏ နာကျင်ခြင်းများသည် လတ်ဆတ် လျက် ရှိနေပေလိမ့်မည်။
ထိုအလုပ်သမားရဲဘော်သည် သူတို့သပိတ်မှောက်စဉ်က အဘယ်သို့အရိုက် အနှက်ခံ ခဲ့ရပုံ။ အဘယ်ကဲ့သို့ ညှဉ်းပမ်းခြိမ်းခြောက်ခဲ့ပုံများအား လည်ပင်းမှ အကြောများ ထကြွလာသည်အထိ တက်တက်ကြွကြွ ပြောဆိုလျက်ရှိပါ၏။ သို့ရာတွင်အလုပ်သမားရဲဘော်၌ လေးမြတ်စရာ ကောင်းသောအချက်တချက် သည်ကား သူတို့၏ "အရေးတော်ပုံ အောင်ရမည်" ဟူသော ယုံကြည်တက်ကြွချက်ပင်ဖြစ်သည်။ သည့်တနေရာ သည့်တချက်၌လည်း ကျွန်တော်တို့ ပညာတတ် လူလတ်တန်းစားများထက် အလုပ်သမားတို့သည် များစွာမြင့်မား သာလွန် လှပေသည်။
ကျွန်တော်က သူ့အား စိတ်ပါဝင်စားခြင်းကို အကဲခတ်မိပုံရသော အလုပ်သမား ရဲဘော်က (၁၃ဝဝ) ပြည့် အရေးတော်ပုံ မှစ၍ ဗမာပြည်အလုပ်သမားတို့ အရေးတော်ပုံ သမိုင်းကို ကျွန်တော်အား ဆရာက ကျောင်းသားငယ်အား သင်ကြားပို့ချသလို ရှင်းလင်းပြောပြ လာပေသည်။ ကျွန်တော်သည် ထမင်းဆာလောင်ခြင်းကို မေ့လျော့ကာ သူနှင့် တွေ့ဆုံသိကျွမ်း ရခြင်း၌ သာယာမှုကို ရရှိလာရာ၊ သူပြောသမျှ နားထောင်နေခြင်းဖြင့် နေဝင်၍ သွားလိုက်သည် ကိုမှ သတိမရတော့ဘဲ ဘုရားရင်ပြင်၌ မီးများ လင်းလာတော့မှ အချိန်၏ ကုန်လွန်ခြင်းကို သတိရလာပါ၏။
ဘုရားပေါ်မှ ဆင်းလာသောအခါ ထို အလုပ်သမားရဲဘော်သည် ကျွန်တော်အား လက်ဖက်ရည်ဆိုင်တဆိုင်သို့ ဇွတ်အတင်းခေါ်သွားကာ သူ၌ ရှိတတ်သေးသော တစ်ကျပ်တန် ငွေစက္ကူဖြင့် လက်ဖက်ရည်နှင့် မုန့်များ ကျွေးမွေးလေသည်။ သည်တော့မှပင် ကျွန်တော်သည် လည်း တနေ့လုံး ဆာလာသမျှ အမောပြေရ၏။

(၅)

နေ့နှင့်မခြားလှသော ရန်ကုန်မြို့၏ ညလယ် လမ်းမကြီးများအတိုင်း ကျွန်တော်သည် အိမ်သို့ပြန်လာ ရသောအခါ ရယ်မောနေသောရန်ကုန်မြို့ကိုပင် တွေ့မြဲ တွေ့ရပါသေးသည်။ တစ်သောင်းကျော်ကျော် ပေးရသော ကားသစ်ကြီးများသည် မီးရောင်များ အောက်ဝယ် တအိအိလှိမ့်ကာ တငြိမ့်ငြိမ့်ပြေးလွှား နေကြသည်။ ကားထဲမှ ရေဒီယိုကလဲ 'ဘေးမသန်းဘဲ အေးချမ်းသော မြနဒီသို့ လှေကလေးကို လှော်ပေးနေ၏။' ဘယ်လောက်များ သာယာချမ်းမြေ့ နေကြပါသလဲ။
ဆူးလေဘုရားလမ်း၊ ကုန်တိုက်ကြီးများကလည်း မှန်သေတ္တာအတွင်း၌ အလှကုန်များ ကို မီးမောင်းကြီးများဖြင့် ထိုး၍ ထိုး၍၊ ခင်ကျင်းပြသ နေကြပေသည်။ စားရမဲ့ သောက်ရမဲ့ များအား ပြောင်လှောင်နေသည်နှင့် ဘယ်လောက် တူလိုက်ပါသလဲ။
ကျွန်တော်သည် အလံပြဘုရားလမ်းအတိုင်း တဖြည်းဖြည်းလျှောက်လာစဉ် မော်တော်ကား အသစ်များ လှောင်ထားသော တိုက်ကြီးတတိုက်ကို သတိပြုမိသည်။ ထိုတိုက်နှင့် မျက်စောင်းထိုး ခပ်လှမ်းလှမ်းတွင် တကြိမ်သော ကာလက မြန်မာပြည်ဘုရင်ခံ သည် သံအမတ်အနည်းငယ်ဖြင့် ပြောင်းရွှေ့နေထိုင်သော ဧရာမတိုက်ကြီးဖြစ်လေသည်။
ကျွန်တော်သည် စစ်ရုံးကြီးအနီးမှ ကွေ့၍ အမေနှင့် ကလေးများရှိရာ ဖဆပလ ကွက်သစ်ဘက်သို့ ဆက်လက် လျှောက်လာရသည်။
ဖင်မလှဲ့သာ ခေါင်းမဝင်သာသော တင်းကုတ်ရှေ့သို့ရောက်သောအခါ ကျွန်တော်သည် ပင်ပန်းလှစွာ ညအချိန်၌ပင် ထင်းခွဲနေသောအမေကို အငေးသား ကြည့်နေမိသည်။ ကလေး များကတော့ မရှိကြ၊ ပဲလှော်ရောင်းသူကရောင်း၊ မုန့်ဖက်ထုပ် ရောင်းသူကရောင်းနှင့် လမ်းအကြိုအကြားများ၌ ရှိနေကြလိမ့်မည်။
"အမေ....." ကျွန်တော်က အမေ့ကို မြင်ရခြင်း၌ မသက်သာ၍ ခေါ်လိုက်မိသည်။
"ဘာတုံးသား၊ သြော် မင်းက ပြန်ရောက်လာပလား၊ အလုပ်ကလေး ဘာကလေးကော ဟန်မယ့်ပုံ ပေါ်ရဲ့လားကွယ်" အမေက နဖူးမှ ပင်ပန်းလှ၍ ယိုစီး သော ချွေးများကိုသုတ်ရင်း၊ ကျွန်တော့်အား မကြည့်ဘဲမေးနေလေသည်။
"အမေ ထင်းခွဲတာကလဲ၊ ညကြီးအချိန် မတော်ဗျာ၊ တော်တော်ကြာ ချော်ချက်ထိနေ ပါ့မယ် အမေရယ်" အမေ၏ အမေးကိုမဖြေဘဲ ကျွန်တော်၏ ပူပန်ခြင်းကိုသာ ပြန်ပြောလိုက်မိ သည်။
အမေကလည်း အလုပ်အတွက် မဟုတ်သေးမှန်းသိ၍ "မနက်မြေပဲလှော် ရအောင် အခုကတည်းက လုပ်ထားမှပေါ့ကွယ်၊ မင်းကော ထမင်းဆာပလား၊ ရေချိုးပြီးစားမလား" ဟု အလိုက်သင့်စွာ ပြန်၍ပြောရင်း ကျွန်တော့်အား မေးနေရှာလေသည်။
"ကျနော် စားခဲ့ပြီအမေ၊ သူငယ်ချင်းတယောက်က ကျွေးလိုက်လို့" အမေနှင့် ကလေးများ ရှာဖွေနေရသော ထမင်းကို မျို၍ မကျနိုင်သော ကျွန်တော်က မနေ့ညကလိုပင် လိမ်ပြော လိုက်ရပေသည်။
သည်အခိုက်မှာပင် ကျွန်တော့်နှမအကြီး သန်းခင်က ပဲလှော်များ ရောင်း၍ ကုန်သဖြင့် အားရဝမ်းသာနှင့် အပြေးအလွှားရောက်လာသဖြင့် "ဟဲ့ သန်းခင်၊ ညည်းအစ်ကို ထမင်းစားခဲ့ပြီတဲ့ အေ.... ဒါပေမယ့် ညည်းအစ်ကို ရေချိုးဖို့ ဆင်ချေးတုံးဆပ်ပြာနဲ့ ရေလဲတို့ မျက်နှာသုတ်ပုဝါတို့ ယူပေးလိုက်ပါဦးလားကွယ်" ဟု အမေက သန်းခင်အား ခရီးရောက် မဆိုက် ခိုင်းလိုက်လေသည်။
ကျွန်တော်သည် ရေဘုံဘိုင်၌ တယောက်ထဲ ရေချိုးနေရစဉ် တောင်တွေး မြောက်တွေးနှင့် နေ့ခင်းက ဇိမ်ခံပစ္စည်းနှင့် အလှကုန်များ စုပုံရောင်းချရာ စကော့ဈေးတွင် ကြည့်ရှုခဲ့ရသော တခန်းရပ်ပြဇာတ်ကလေးထဲမှ "မင်းတို့ဗမာ ပြည်မှ ဘယ်ဟာတခုမှ ငါတော့ မကြိုက်ဘူး" ဟု ဆိုခဲ့သော ကြင်နာတတ်သူကြီးနှင့် ဗမာ့ရာသီဥတုကို သိပ်မုန်းသည်ဆိုသော ဗမာ့သမီးတို့အား ပြန်လည် သတိရမိကာ "လသာသာ အင်းလျားမှာ ရေသွားကူးရင် မကောင်းဘူးလား တဲ့"
"အကောင်းဆုံး စိတ်ကူးပဲတဲ့ဗျာ၊ မမချောက။ အင်း ပြီးတော့ ဘယ်အချိန် လာခေါ်မှာတဲ့လဲ" တဲ့လေ။
"ကိုးနာရီလောက် ကားနဲ့ လာခေါ်မယ်" တဲ့လေဗျာ။ ဘကြီးသား ကြင်နာ တတ်သူကြီးက......။
ကျွန်တော်သည် မြို့တော်ဝန်မင်း ကိုယ်တိုင် တံမြက်စည်းလှည်းနေရသော မြူနီစပါယ် အဖွဲ့ကြီးက အထူးစီစဉ်ပေးနေသော ရေဘုံဘိုင်မှရေကို ပိတ်လုလုဆဲတွင် ဆပ်ပြာများ ကုန်စင်အောင် ခပ်သွက်သွက်ကလေး ပွတ်တိုက် ရေချိုး နေရစဉ်........။ ဘကြီးသားနှင့် မချောတို့သည် လသာသော အင်းလျားရေပြင်ဝယ် ရေပေါပေါနှင့် မြူးတူးကူးယက်နေကြရင်း ပြည်တော်သာသို့ ရောက်ရှိလာလုလုဆဲဖြစ်သော "ကိုကာကိုလာ" အကြောင်းကို လွမ်းလွမ်း ဆွေးဆွေးနှင့် ဖွဲ့ဖွဲ့နွဲ့ နွဲ့ ပြောကြားနေကြလိမ့်မည်ဟု ခန့်မှန်းရမိပါသတည်း။

ဗန်းမော်တင်အောင်
သွေးသောက်မဂ္ဂဇင်း

No comments: