Tuesday, April 27, 2010

အင်းကိုပစ်၍မြစ်ကိုရှာ(ဒုတိယပိုင်း)
ရေးသူ- ဗန်းမော်တင်အောင်




(၃)

ပြူစောထီးဗိုလ်ကြီးကျော်ဒင်အား ကြိုးးပေးသတ်ဖြတ်ခြင်းမပြုမီ နောက်ဆုံး ညက နရသိမ်ထောင်ကြီးသည် အခါတိုင်းညများထက် ထူးခြားကာ တိတ်ဆိတ် ငြိမ်သက်လျက် ရှိလေသည်။ တနေ့တာလုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြရပြီးနောက် ညအိပ်တန်းတက်၍ အိပ်ရာမဝင်မီ အချိန်ကလေးများအတွင်း စကားပြောသူကပြော၍ တေးညည်းသူက ညည်းလေ့ ညည်းထရှိသော နရသိမ်ထောင် အကျဉ်းသားများသည် ကျော်ဒင်ကို ကြိုးပေး သတ်ဖြတ်ခြင်း မပြုမီ ညကမူ အထူးပင် စိတ်မကောင်းဖြစ်နေကြသည့်အလား မည်သူတဦး တယောက်မျှ စကားပြောဆိုခြင်းနှင့် တေးညည်းခြင်းများကို မပြုလုပ်ကြဘဲ မိမိတို့ အိပ်ရာ ကလေးများထဲတွင် လှဲလျောင်း၍ ခွေနေကြသည်။


ကျော်ဒင်သည် ပြူစောထီးဗိုလ်ကြီးဘဝနှင့် ပြင်သာနယ်တဝိုက်တွင် ဖိန့်ဖိန့် တုန်အောင် မည်ကဲ့သို့ပင် ဆိုးသွမ်း သောင်းကျန်းစေခဲ့ကာမူလည်း ဘဝတူ အကျဉ်းသားတယောက်အား သတ်ဖြတ်ကြတော့မည် ဆိုသောကာလ၌ အကျဉ်းသားများသည် ဝမ်းနည်းတတ်ကြသည် သာဖြစ်သည်။ ကိုယ်ချင်းစာနာ၍ စိတ်မချမ်းမသာဖြစ်ကြရသည် သာဖြစ်သည်။ နရသိမ် ထောင်ကြီးအတွင်း၌ ကျော်ဒင်မိုးကောင်းစဉ်က နှိပ်စက်ညှဉ်းပန်းခြင်းကို နာနာကျင်ကျင် ခံလာခဲ့ကြသော အကျဉ်းသားလေးငါးဦးမျှရှိသည်။ ထိုသူများသည် ကျော်ဒင် နရသိမ်ထောင် အတွင်းသို့ သားကောင်အဖြစ် မကျရောက်လာမီက ၎င်းတို့ထောင်မှ လွတ်သောတနေ့တွင် ကျော်ဒင်အား တနည်းမဟုတ်လျှင် တနည်းဖြင့် ချောင်းမြောင်းသတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့ကြ သူများဖြစ်လေသည်။ သို့ရာတွင် နရသိမ်ထောင်အတွင်းသို့ ကျော်ဒင်သည် ၎င်းတို့နှင့် ဘဝတူအကျဉ်းသားအဖြစ် ကျရောက်လာသောအခါ ထိုသူများသည် ကျော်ဒင်အပေါ်၌ ဖွဲ့ထား တေးထားခဲ့သော ရန်ငြှိုးများကို တခါတည်း မေ့လျော့သွားကြသည်။ လူသားသည် မိမိ၏ ဘဝတူလူသားအပေါ်၌ ကြင်နာတတ်သောစိတ်ကြောင့် ယခင်က နာနာကြည်းကြည်းခံလာခဲ့ ကြရသူများသည် ကျော်ဒင်အပေါ်၌ ယခုကဲ့သို့ လွယ်လင့်တကူ ခွင့်လွှတ်မေ့ပျောက်နိုင်ခြင်း ဖြစ်တန်ရာသည်။ ထိုသူများ သည် ကျော်ဒင်၏အပေါ်၌ အဘယ်မျှ ကြင်နာကြောင်းဖော်ပြရပါမူ ကြိုးမိန့်ကျ၍ ကျော်ဒင်အား ကြိုးတိုက်ထဲတွင် ပြောင်းရွှေ့ချုပ်နှောင်ထားလိုက်သော အချိန် ကာလမှစ၍ ၎င်းတို့၌ စားကောင်းသောက်ဖွယ်ကလေးများ ရှိလာသောအခါတိုင်း ကြိုးသမား ကျော်ဒင်အား သွားရောက် ပေးပို့ ဝေမျှ စားသောက်ကြသည်အထိ ဖြစ်သည်။ နောက်ဆုံး ကျော်ဒင်၏အသနားခံစာကို နိုင်ငံတော်သမ္မတကြီးက ငြင်းဆန်လိုက်သောအခါ ထိုသူများ သည် ကျော်ဒင်အား ခဲခဲယဉ်းယဉ်း သွားရောက်တွေ့ဆုံကာ ၎င်း၏ မိခင်ကြီးအတွက် တတ်နိုင်သမျှ ကူညီစောင့် ရှောက်ပါမည်ဟု အားပေးစကားပြောဆို၍ ကတိပေးခဲ့ကြသည် အထိ ဖြစ်သည်။
ပြင်သာနယ်တဝိုက်ရှိ ပြည်သူလူထုအပေါ်၌ ၎င်းမိုးကောင်းစဉ်ကာလက အဘယ်မျှ ဆိုးသွမ်း သောင်းကျန်းစေခဲ့ကာမူလည်း ယခုကဲ့သို့ ကျော်ဒင်အား မနက်ဖြန် နေမထွက်မီ ကြိုးးစင်သို့ တင်၍ သတ်ဖြတ်ကြမည်ဆိုသောအခါ၌ နရသိမ်အကျဉ်းသားများအားလုံးသည် ဝမ်းနည်းလျက်ရှိကြသည်။ ဘာသာရေး အစွဲအလမ်းကြီးလွန်းသော အကျဉ်းသားတချို့ကမူ လူသတ်သမားကြီး ကျော်ဒင်ကို ကောင်းရာသုဂတိ လားစေဖို့ ဆုမွန်များ တောင်းလျက်ပင် ရှိကြသည်။ မေတ္တာပို့ကာ အမျှအတန်း ပေးဝေလျက်ရှိကြသည်။
တနေ့တာလုံး ပင်ပန်းကြီးစွာ လုပ်ကိုင်လာခဲ့ကြရသဖြင့် အခါတိုင်းညများတွင် ကိုးနာရီနှင့် ဆယ်နာရီအတွင်း တခေါခေါနှင့် အိပ်စက်တတ်သော အကျဉ်းသားများသည် ထိုညကမူ ညသန်းခေါင်ကျော်သည်အထိ အိပ်စက်၍ မရကြပေ။ ကျော်ဒင်ကြီး ကြိုးပေးခံ ရတော့မည် အကြောင်းကိုသာ တဦးနှင့်တဦး တိုးတိုးတိတ်တိတ် ပြောဆိုရင်း စိတ်မကောင်း ဖြစ်နေကြလေသည်။
ဤကဲ့သို့ နရသိမ်ထောင်ကြီး တထောင်လုံး မအိပ်စက်နိုင်ကြဘဲ စိတ်မကောင်းဖြစ် နေကြသည့်အခိုက် ကြိုးတိုက်အတွင်း၌ကား ကြောက်မက်ဖွယ်ရာပင် တိတ်ဆိတ်ငြိမ်သက် လျက်ရှိသည်။ သို့ရာတွင် ကြိုးသမားနှစ်ယောက် ရှိသည့်အနက် နှစ်ယောက်စလုံး အိပ်စက် ခြင်း မရှိကြပေ။ နံနက် နေကို မမြင်ရမီ သေဆုံးရတော့မည့် ကြိုးသမားကျော်ဒင်သည် မည်သို့မျှ အိပ်၍မပျော် နိုင်တော့သည့်နည်းတူ ကျော်ဒင်နှင့် မျက်နှာချင်းဆိုင် အခန်းကလေး အတွင်း၌ တရားလွှတ်တော်ချုပ်မှ အဆုံးအဖြတ်ကို နာခံစောင့်ဆိုင်းလျက် ရှိနေရှာသော လက်သမားဆရာ ဦးဘိုးမင်းသည်လည်း အိပ်စက်၍ မရပေ။ နှစ်ဦးစလုံး အိပ်စက်၍ မရနိုင်ကြ သော်လည်း တဦးနှင့်တဦး စကားပြောဆိုနိုင်ခြင်း မရှိဘဲ အတွေးကိုယ်စီနှင့် ငြိမ်သက်လျက် ရှိလေသည်။
အသက်ရှင် နေထိုင်ခွင့်အတွက် နည်းလမ်းကုန်ဆုံးသွားပြီဖြစ်သော ကျော်ဒင်သည် သေခြင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တွေ့ဆုံခြင်း ပြုရန် ၎င်းကိုယ်ကို အားပေးလျက်ရှိသည်။ သို့ရာတွင် ကျော်ဒင်၏ အလုပ်မှာ လွယ်ကူသောအလုပ်ကား မဟုတ်ပေ။ မိမိကိုယ်ကို ရဲရဲဝံ့ဝံ့သေဖို့ အားပေးရသော အလုပ်သည် အဘယ်အာဇာနည်သူရဲကောင်းတဦး အတွက်ကော လွယ်ကူ နိုင်ပါမည်နည်း။ ကျော်ဒင်သည် မျက်လုံးသူငယ်နှင့် အပြောကျယ်သော ဤကမ္ဘာမြေပြင်၌ ကျန်ရစ်ခဲ့တော့မည်ဖြစ်သော ၎င်း၏မုဆိုးမမိခင်ကြီးအတွက် စိတ်မကောင်းဖြစ်မိသည်။ အဘယ်သားသည် မိခင်ကို နောက်ဆံမတင်းဘဲ ရှိအံ့နည်း။ ကုန်လွန်ခဲ့သော ညချမ်းက သားလုပ်သူအား မသေမီ တွေ့လို မြင်လိုရှာသော ကျော်ဒင်၏ မိခင်သည် သားလုပ်သူအား ကြိုးတိုက်အတွင်းသို့ ဝင်ရောက် တွေ့ဆုံခြင်းပြုရန် ကြိုးပမ်းလာရောက်ရှာသေးသည်။ သို့ရာတွင် ကျော်ဒင်သည် ထောင်အာဏာပိုင်များအား ၎င်းမိခင်ကို ကြိုးတိုက်အတွင်းသို့ ခေါ်ဆောင်လာခြင်းမပြုရန် ကန့်ကွက်ပိတ်ပင်လိုက်သည်။ သေရတော့အံ့ဆဲဆဲ သားလုပ်သူကို လာရောက်တွေ့ဆုံ၍ အချည်းနှီးငိုကြွေးခြင်းဖြင့် ၎င်းအတွက် စိတ်မကောင်းရုံသာ ရှိလိမ့်မည် ဖြစ်သကဲ့သို့ ထိုအဖွားအိုအတွက် ပင်ပန်းနွမ်းနယ်ရုံသာ ရှိတော့မည် မဟုတ်လော။ ကြိုးဒဏ် ခံရအံ့ဆဲဆဲ အကျဉ်းသားတဦး၏ လိုအင်ဆန္ဒကို အစွမ်းကုန်နှင့် အတတ်နိုင်ဆုံးလိုက်လျောရန် တာဝန်ရှိသော အာဏာပါးကွက်သားများသည် ကျော်ဒင်၏ အလိုဆန္ဒအတိုင်း ၎င်း၏ မိခင်အိုကြီးအား ကြိုးတိုက် အတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ၊ ထောင်ဘူးဝမှပင် နှစ်သိမ့်ပြောဆို ၍ ချော့မော့ကာ ပြန်လွှတ်လိုက်ကြသည်။
ကျော်ဒင်သည် ၎င်းသေဆုံးရမည့် အရေးထက်၊ ကျန်ရစ်ခဲ့သော ၎င်းမိခင်အိုကြီး၏ အရေးအတွက် အသတ်ခံရမည့် နာရီနှင့် နီးကပ်လာသောအခါမှပင် မိုက်မိုက်မဲမဲ စဉ်းစားမိသည်။ သူသည် ယခင်အချိန်ကာလများကသာ ယခု အချိန်တွင် နက်နက်နဲနဲ စဉ်းစားခြင်းပြုသလိုသာ ပြုတတ်ခဲ့လျှင် သူတို့ သားအမိ၏ ကံကြမ္မာသည် ဤကဲ့သို့ ဆိုက်ရောက်လာရန် အကြောင်းမရှိပေ။ ကျော်ဒင်၏ နောင်တရခြင်းသည် များစွာ နှောင်းခဲ့လေ ပြီ။
သံချောင်း သုံးချက်ခေါက်သံကို ကြားလိုက်ရသောအခါ၊ ကျော်ဒင်သည် တုန်လှုပ်၍ သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အား ကြိုးစင်ထက်တွင် သတ်ဖြတ်ခြင်းပြုရန် (၂) နာရီလောက်သာ ကျန်ရှိနေသောကြောင့်တည်း။ သူ့ အတွက် လူသတ္တဝါတကောင်အဖြစ် အသက်ရှင်နေထိုင်ခွင့်သည် အချိန်ကာလအားဖြင့် (၂) နာရီမျှသာ ကျန်ရှိတော့မည့် အကြောင်း ကို မေ့လျော့ထားချင်သည်။ သူသည် သူ၏ မုဆိုးမ မိခင်အို၏ အကြောင်းကိုလည်း မစဉ်းစား နိုင်တော့၊ အခြားစဉ်းစားရန် အကြောင်းကိုသည်လည်း ဘာမျှရှာဖွေ၍ မတွေ့မိ။ (၂) နာရီမျှ လောက်သာအချိန်သာ ကျန်ရှိနေတော့သည့် သူ၏ ဘဝသက်တမ်းအတွင်း သူ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ဘဝကို မေ့ပျောက်ထားနိုင်ရန် ကျော်ဒင်သည် ဘာလုပ်မည်နည်း။ ကျော်ဒင်သည် အကြောင်းကို ရှာကြည့်သည်။ သူသည် အခြားအကြောင်းကိုကား မတွေ့ပေ။ သူသည် အကြောင်းတခုကိုတော့ တွေ့လေသည်။ ထိုတခုမှာ အခြားတော့ကား မဟုတ်၊ သူ၏ အတိတ်ဘဝအကြောင်းပင် ဖြစ်သည်။ ထိုအတိတ်ဘဝ၏ အကြောင်းကို သူသည် တယောက်တည်း စဉ်းစားခြင်းပြုရန် သူ၌ အားခွန်မရှိပေ။ ထို့ကြောင့် သူနှင့် ဘဝတူ ကြိုးသမားဖြစ်သော လက်သမားဆရာ ဦးဘိုးမင်းနှင့် နှစ်ယောက်အတူ ကျယ်ကျယ် လောင်လောင်ကလေး စဉ်းစားခြင်းပြုရန် အကြံရလာသတည်း။

(၄)

"ဗျိုး.... ဦးဘိုးမင်း အိပ်ပျော်နေသလား" ဟု ကျော်ဒင်က အသံပြုလိုက် သောအခါ၊ ကျော်ဒင့်နည်းတူ အိပ်၍မရနိုင်ရှာသော လက်သမားဆရာကြီးကလည်း "အိပ်မရပါဘူး ဗိုလ်ကျော်ဒင်ရာ" ဟု ပြန်၍ ဖြေကြားလိုက်သည်။
"ကျနော့်ကို ခုလို ကြိုးပေးသတ်ဖြတ်ကြတော့မယ့် ကိစ္စနဲ့ပတ်သက်ပြီး တရားခံအစစ်ကို ကျနော်စဉ်းစားမိလာတယ်ဗျ"
"ဆိုစမ်းပါဦး"
"ဒီလူသတ်မှုတွေ၊ ဓားပြမှုတွေနဲ့ တခြားရာဇဝတ်မှုတွေ ကျူးလွန်နေကြတဲ့ အတွက်နဲ့ ပတ်သက်ပြီး အစိုးရရော၊ တရားရုံးတော်တွေကပါ တကယ့်တရားခံ စစ်စစ်ကြီးကိုတော့ မျက်ချေပြတ်နေကြပြီး ဒီတရားခံရဲ့ ကိုင်းဖျားကိုင်းနားကလေးတွေဖြစ်တဲ့ ကျနော်တို့လို လူတွေ ကို တကယ့်တရားခံလုပ်, လုပ်ပြီး အပြစ်ပေး ပေးနေတာဟာ မှားနေပြီဗျ"
"ဘယ်လိုများလဲဗျ ဗိုလ်ကျော်ဒင်၊ ခင်ဗျားခု ပြောလိုက်တာကို ကျုပ်တော့ ကောင်းကောင်း နားမလည်လိုက်ဘူးဗျာ"
"ကျနော်ရှင်းပြမယ် ဦးဘိုးမင်း"
"ရှင်းစမ်းပါဦးဗျာ"
"ရှင်းစမ်းပါဆိုရင်တော့ ကျနော့်အကြောင်းကိုပဲ ရှင်းရမှာပဲဗျ"
"ရှင်းမှာသာရှင်းပေါ့ဗျာ"
"အခု ကျနော့်ကို အစိုးရနဲ့ တရားရုံးတော်တွေက ကြိုးဒဏ်ချမှတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့မစဉ်းစားမိကြတဲ့ အချက်တချက်ကို ကျနော် စဉ်းစားမိတယ်ဗျ"
"ဘယ်လိုအချက်များလဲဗျ၊ ဗိုလ်ကျော်ဒင်"
"ကျနော့်ကို လူသတ်မှုတို့ ဓားပြမှုတို့ ကျူးလွန်တယ်ဆိုပြီး ကြိုးမိန့်ပေးကြတယ်။ ဒါပေမယ့် ဒီလို ရာဇဝတ်မှုကြီးတွေကို မိုက်မိုက်ကန်းကန်းနဲ့ ရက်ရက်စက် စက်ကျူးလွန်နိုင် အောင်၊ ကျူးလွန်ဝံ့အောင် ကျနော့်ကို ဘယ်သူတွေက တန်ခိုး အာဏာပေးသလဲ၊ ဘယ်သူတွေက လက်နက်တွေ ထုတ်ပေးသလဲဆိုတာ ဦးဘိုးမင်း စဉ်းစားမိဖူးသလား"
"အင်း.....ဗျို့၊ ဗိုလ်ကျော်ဒင် ခင်ဗျား ခုလိုပြောလိုက်တော့မှ ကျုပ်လဲ ခပ်ရေးရေး စဉ်းစား လာမိတယ်"
"ကျနော်တို့ ပြူစောထီးတွေကို အင်မတန်ဆိုးတယ်၊ အင်မတန် ရက်စက်တယ်ဆိုပြီး သတင်းစာတွေ အားလုံးလိုလိုက နေ့စဉ်နဲ့အမျှ ဝိုင်းပြီးရေးနေကြတယ်။ ပြူစောထီးဆိုရင် တကယ့်သူခိုးကြီး၊ ဓားပြကြီးတွေ ဖြစ်အောင်လဲ ဝါဒ ဖြန့်ကြတယ်။ ဒါပေမယ့် ဒီပြူစောထီးတွေ အကြောင်းလောက်ကိုသာ ရစရာ မရှိအောင်၊ မကောင်းအောင်ရေးကြပြီး ပြူစောထီးတွေ ဘာဖြစ်လို့ ပေါ်ပေါက် လာရတယ်ဆိုတဲ့..... အကြောင်းကိုတော့ မရေးကြဘူး။ ပေါ်ပေါက် လာရတဲ့ အကြောင်းရင်းကို သုတ်သင်ရှင်းလင်းပေးဖို့လဲ ဘယ်သူတွေကမှ တိုက်တွန်းရ စကောင်းမှန်း မသိကြရော့သလား မပြောတတ်ပါဘူးဗျာ"
"ဟုတ်တယ်ဗျို့ ဗိုလ်ကျော်ဒင်၊ ကျုပ်လဲ ခင်ဗျားခုလို ရှင်းပြတော့မှပဲ စဉ်းစားလာမိ တယ်ဗျ"
"ကျနော်ခုလို ပြူစောထီးဖြစ်လာရတာရော၊ တန်ခိုးအာဏာနဲ့ လက်နက် တွေရပြီး ခုလို ရာဇဝတ်မှုတွေ ကျူးလွန်လာရတာဟာ ကျနော့်ဘာသာ ကျနော် ဖြစ်ချင်လို့ ဖြစ်လာရတာ မဟုတ်ဘူးဗျ"
"ဘာပြုလို့လဲ ဗိုလ်ကျော်ဒင်"
"အစိုးရက သူပုန်တွေကို အပြုတ်တိုက်ဖို့အတွက် ကျနော်တို့လို ပညာမဲ့ လူတန်းစား တွေကို အသုံးပြုလို့ပေါ့ဗျ။ ဦးဘိုးမင်း ခင်ဗျားလဲ စဉ်းစားနိုင်တဲ့ လူတယောက်မဟုတ်လား"
"ခင်ဗျားပြောတာဟုတ်တယ်ဗျို့ ဗိုလ်ကျော်ဒင်"
"တကယ့် ပညာတတ်တွေနဲ့ ဖွဲ့စည်းပြီး စည်းကမ်းစနစ်နဲ့ အုပ်ချုပ်ထားတဲ့ လက်နက်ကိုင်တပ်တွေတောင် မှားတဲ့အခါ မှားကြသေးရင် ဘာပညာမှ အခြေခံမရှိတဲ့ ကျနော်တို့လို လယ်သမား သားသမီးတွေနဲ့ အရေးပေါ်ဖွဲ့စည်းပြီး ဘာစည်းကမ်းနဲ့မှ မအုပ်ချုပ်တဲ့ ပြူစောထီးတပ်တွေ ခုလိုအမှားမှားအယွင်းယွင်းဖြစ်တာဟာ တကယ်ဆိုတော့ ကျနော်တို့ အပြစ်ချည့် မဟုတ်ဘူးလို့ ဆိုချင်တာပဲ"
"သဘာဝကျပါတယ်"
"ဒီလိုဆိုလိုက်တဲ့အတွက် ကျနော်ဟာ ကြိုးစင်တက်ရခါနီးမှ ကျနော့်ကို ထမင်းကျွေး ထားခဲ့တဲ့ နိုင်ငံတော်အစိုးရအဖွဲ့ကို အပြစ်တင်ချင်လို့ ကျေးဇူးကန်းစကား ပြောတယ်လို့ မအောက်မေ့ စေချင်ဘူးဗျ"
"ရှင်းစမ်းပါဦး"
"အစိုးရရဲ့ သစ္စာတော်ကို စောင့်သိထမ်းဆောင်တဲ့ ပြူစောထီးတို့၊ ဗထူးတို့၊ ကာကွယ် ရေးတို့ဆိုတာတွေကို ကျနော် မလုပ်ခင် အရင်က သူပုန်လဲလုပ်ခဲ့ဖူးသေးတယ် ဦးဘိုးမင်း"
"သြော် ဒီလိုလား"
"သူပုန်လုပ်ခဲ့ဖူးတယ်ဆိုလို့ ကျနော့်ကို သိပ်လဲ အထင်မကြီးသွားနဲ့ဦးနော်"
"သူပုန်လုပ်တယ်ဆိုတာ တော်ရုံတန်ရုံ သတ္တိမျိုးနဲ့ လုပ်နိုင်တာမှ မဟုတ်တာ ဗိုလ်ကျော်ဒင်ရ"
"ကျနော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ် မဖြစ်ခင်က ကျနော်က လယ်ကူလီ စာရင်းငှား လုပ်ပြီး ကျနော့်အမေကို လုပ်ကျွေးနေခဲ့တဲ့ လယ်သမား သားသမီး တယောက်ပါဗျာ...... ဦးဘိုးမင်း..... နိုင်ငံရေးဆိုလို့ ဘာတလုံးမှလဲ မသိခဲ့ပါဘူး။ လက်နက်ဆိုလို့လဲ လောက်လေး လောက်သာပဲ ကိုင်ဖူးခဲ့ပါတယ်"
"ဆိုစမ်းပါဦးဗျ"
"ဒီလို ကျနော်တို့ရွာမှာ လယ်ကူလီစာရင်းငှားဘဝနဲ့ အမေ့ကို လုပ်ကိုင် ကျွေးမွေးနေ တုန်း၊ ပထမကွန်မြူနစ်တွေ တောခိုလာကြတယ်၊ သူပုန် စထတယ် ဆိုကြပါစို့ဗျာ"
"ဒီတော့ ကွန်မြူနစ်တွေအထဲကို ဝင်ပြီး ခင်ဗျားက သူပုန်လုပ်လိုက်ရော လားဗျ"
"ခင်ဗျားပြောသလောက် မလွယ်သေးဘူးဗျ၊ အဲဒီကွန်မြူနစ်တွေက ကျနော်တို့ ရွာကို အုပ်ချုပ်ပြီး လယ်မြေဝေခြမ်းရေး စလုပ်ကြတယ်။ ဒီလယ်မြေဝေခြမ်းရေးကြောင့် ကျနော့်အဖေ လက်ထက်က မြေရှင်ဦးဟန်ပ မတရားသိမ်းယူသွားတဲ့ ကျနော်တို့ တတုန်းမောင်း လယ် ကလေးကို ပြန်ရတာကိုး၊ အဲဒီလယ်ပြန်အရမှာ ကျနော်ဟာ ကွန်မြူနစ်တွေကို ဆရာသမား မိဘတွေလောက် ကြည်ညိုလေးစားပြီး သူတို့ရဲ့ လက်နက်ကိုင်ပြည်သူ့တပ်မတော် ထဲကိုဝင်၊ သူတို့ပေးတဲ့ နိုင်ငံရေးသင်တန်းတွေကိုလဲ တက်ခဲ့ဖူးတယ်ဗျ"
"ခင်ဗျားဘဝက တော်တော်စုံခဲ့တာပဲဗျ"
"အဲဒီလို ကွန်မြူနစ်တွေအထဲဝင်ပြီး လေးငါးလလောက်အကြာမှာ အစိုးရက ကျနော်တို့ ရွာကို အင်အားကြီးကြီးနဲ့ ဝင်တိုက်တော့ ကွန်မြူနစ်တွေ အားလုံးရော၊ ကျနော်တို့ လက်နက် ကိုင်တပ်တွေပါ ရိုးပေါ်ကို တက်ပြေးခဲ့ရတာကိုးဗျ ဦးဘိုးမင်းရဲ့"
"အဲသလို ကျနော်လက်နက်ကိုင်တယောက်ဖြစ်လာရတာဟာ ကျနော့် ဘာသာ ကျနော်ဖြစ်ချင်လို့ ဖြစ်လာရတာမဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလားဗျ ဦးဘိုးမင်း"
“ခင်ဗျား အဆိုးမှမဟုတ်ဘဲဗျæ ဗိုလ်ကျော်ဒင်ရဲ့"
"ကျနော့်အဆိုး မဟုတ်ဘူးဆိုရင် ပထမ အစဦးဆုံး ကျနော့်ကို လက်နက် ကိုင်တတ် အောင် သင်ကြားပြသပေးကြတဲ့ ကွန်မြူနစ်သူပုန်တွေရဲ့ အပြစ်လို့ ကော ဆိုနိုင်ပါ့မလား"
"ဒီလိုဆိုလို့လဲ မဖြစ်သေးဘူးပေါ့ဗျာ"
"သူပုန်တွေရဲ့ အပြစ်မဟုတ်ဘူးဆိုရင်ကော အစိုးရဘက်က နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ အပြစ်လို့ ဆိုနိုင်ပါဦးမလား"
"ဒီလိုဆိုလို့လဲ မမှန်သေးဘူးထင်တယ်"
"ခင်ဗျားပြောတာမှန်တယ်ဗျæ ဦးဘိုးမင်း၊ ကျနော့်လို ပညာမဲ့ သားသမီး တယောက်ကို လက်နက်ကိုင်နည်းသင်ပေးပြီး လက်နက်ပေးအပ်ခဲ့ကြတဲ့ သူပုန် တွေမှာရော အစိုးရမှာရော အပြစ်မရှိသလို ကျနော့်မှာလဲ အပြစ်မရှိဘူးလို့ ကျနော် ပြောထားခဲ့ချင်တယ်။ ဘာပြုလို့လဲ ဆိုတော့ အစိုးရနဲ့သူပုန်တွေသာ ခုလို စစ်ဖြစ်မနေခဲ့ကြရင် ကျနော့်လို နောက်ပိတ်ခွေး လယ်ကူလီ စာရင်းငှား တယောက်ကို ဘယ်သူတွေကမှ လက်နက်ကိုင်တွယ် ပစ်ခတ်နည်းကို သင်ကြားပြသပေးဖို့ အကြောင်းမရှိသလို၊ လက်နက်ကိုလဲ ပေးအပ်ထားကြဖို့ အကြောင်းလဲ မရှိဘူးပေါ့ဗျာ...... ဟုတ်ရဲ့လား ဦးဘိုးမင်း"
"မှန်ပါတယ်...... ဗိုလ်ကျော်ဒင်"
"အခုတော့ တကယ့်တရားခံ စစ်စစ်ကြီးကိုတော့ ရအောင် မဖမ်းဆီးကြဘဲ ဒီတရားခံကြီးက ပေါက်ဖွားလာရတဲ့ ကျနော်တို့လို အဆွယ်ကလေး အပွား ကလေးတွေသာ တကယ့် တရားခံကြီးတွေ လုပ်,လုပ်ပြီး အပြစ်ပေးနေလိုက်ကြတာ ဟုတ်များကော ဟုတ်နိုင်ကြပါဦးမလားဗျာ......" ကြိုးပေးခံရအံ့ဆဲဆဲ တရားခံ၏စကားမှာ တရားခံ၏စကားနှင့် မတူတော့ဘဲ စွဲချက်တင်လျက်ရှိသော ပညာရှိဝတ်လုံတော်ရ၏ စကားနှင့် တူလေသည်။
"အေးဗျာ...... ကျုပ်တို့ တိုင်းပြည်မှာသာ အစိုးရနဲ့ သူပုန်တွေ ခုလို စစ်မဖြစ် နေခဲ့ကြဖူး ဆိုရင် ခုလို နေ့စဉ်နဲ့အမျှ စိတ်မချမ်းမြေ›စရာကိစ္စတွေဟာ ဘယ်လိုမှ ပေါ်ပေါက်လာစရာ အကြောင်းမရှိပေဘူးပေါ့....."
"သတင်းစာတွေက ကျနော်တို့ပြူစောထီးတွေကို ဆိုးသွမ်းသောင်းကျန်းတယ်ဆိုပြီး အပြစ်တင် ရေးသားကြတယ်။ တိုင်းပြည်ကလဲ ရွံကြမုန်းကြတယ်။ ဒါတင်မကသေးဘူး၊ နေ့တိုင်း ကျိန်ဆဲကြသေးတယ်"
"ဒါကတော့ အမှန်ပဲဗျ"
"နောက်ပြီးတော့ သူပုန်တွေက ဟိုမြို›ဝင်စီး ဒီမြို›ဝင်စီးပြီး မီးရထားလမ်းတွေ၊ တံတား တွေဖျက်တာ အပြစ်တင်ရေးကြတယ်၊ ပြောကြတယ်"
"အဲဒါလဲ အမှန်ပဲဗျ"
"ဒါပေမယ့် ပြူစောထီးတွေ မပေါ်ပေါက်သင့်ဘဲ ပေါ်ပေါက်လာအောင် ဖန်တီး ပေးနေတဲ့ တကယ့်တရားခံ စစ်စစ်ကြီးကိုတော့ မျက်ခြည်ပြတ်နေကြတယ်ဗျ"
"ခင်ဗျားပြောတာ ဟုတ်တယ်ဗျို့ ဗိုလ်ကျော်ဒင်"
"နောက်ပြီးတော့ သူပုန်တွေက မြို့ဝင်စီးပြီး ရထားလမ်းတွေဖျက်၊ တံတားပျက်အောင် ဖန်တီးနေရတဲ့ တကယ့် တရားခံစစ်စစ်ကြီးကိုလဲ ခင်ဗျားတို့ ကျနော်တို့က မေ့ထားလို့ မဖြစ် သေးဘူးဗျ"
"အေးဗျာ.... ခင်ဗျား ခုပြောပြတော့မှပဲ ကျုပ်လဲ ရှင်းရှင်းလင်းလင်း မြင်လာတယ်ဗျ"
"အဲဒီတော့ ပြူစောထီးတွေ ပေါ်ပေါက်လာရပြီး ပြည်သူတွေကို ဒုက္ခပေး နေတာရော၊ သူပုန်တွေ တံတားဖျက်နေတာပါ ပြည်တွင်းစစ်ကြီးကြောင့်ပဲ မဟုတ်လားဗျ ဦးဘိုးမင်း"
"အစစ်ပေါ့ ဗိုလ်ကျော်ဒင်"
"နောက်ဆုံး ကျနော် မသေရမီကလေး ပြောခွင့်ရလို့ ဦးဘိုးမင်းကို ပြောခဲ့ချင် တာကတော့ ဤကဲ့သို့ ၎င်းနောက်ဆုံး မှာကြားပြောဆိုထားခဲ့လိုသော စကားကို ပြူစောထီး ဗိုလ်ကျော်ဒင်သည် အဆုံးသတ်ပြောဆိုခြင်း မပြုရသေးမီ ကြိုးတိုက်တံခါးဖွင့်သံကို ကြားလိုက် ရပြီးနောက် ကြိုးတိုက်အတွင်းသို့ ဝင်လာကြသော အာဏာပါးကွက်သားများနှင့် ဒေါက်ဖြုတ် တို့၏ ခြေသံများကို ကြားလိုက်ရသည်။ ၎င်း၏ နောက်ဆုံးနာရီသည်လည်း စေ့သွားပြီဖြစ်၍ ပြူစောထီး ဗိုလ်ကျော်ဒင် ၎င်းနောက်ဆုံးပြောဆိုထားခဲ့လိုသော စကားကိုပင် အဆုံးသတ် ပြောဆိုခြင်း မပြုနိုင်ရှာတော့ပေ။ သူ၏ ဦးခေါင်းသည် မူးဝေလျက် မျက်လုံးများလည်း ပြာသွားခဲ့လေပြီ။
အကျဉ်းသားများအား အိပ်တန်းမှ အဆင်းခိုင်းသော နံနက်ခရာသံသည် နရသိမ် ထောင်ကြီးအတွင်းမှ ထွက်ပေါ်လာသော အချိန်တွင် ပြင်သာနယ် တဝိုက်၌ ဖိန့်ဖိန့်တုန်အောင် ကျော်ကြားလာခဲ့သော ပြူစောထီးဗိုလ်ကြီး ဗိုလ်ကျော်ဒင်၏ အလောင်းကို ကြိုးစင်မှ ထောင်အုတ်ရိုးအပြင်ဘက်သို့ ထုတ်ယူ ပြီးသွားခဲ့လေပြီ ဖြစ်ပေသတည်း။

ဗန်းမော်တင်အောင်
ရှုမဝမဂ္ဂဇင်း

No comments: