Friday, December 11, 2009

အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ (ဒုတိယပိုင်း)
ရေးသူ- ညွန့်အောင် (ရေစကြို)

(၄)
ဖဆပလ အထက်မြန်မာပြည်အဖွဲ့ချုပ် ဖွဲ့စည်းအောင်မြင်ပြီးရုံနဲ့ ဦးလှတို့ ကျွန်တော်တို့ တာဝန်က မပြီးသေးပါဘူး။ မြို့ရွာဒေသအားလုံး တောကြိုအုံကြား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဖဆပလ အလံတော်အောက်မှာ တညီတညွတ်တည်း ဖွဲ့ဖွဲ့စည်းစည်းရှိနေအောင် နေရာအနှံ့ လှည့်လည်စည်းရုံးဖို့ လုပ်ငန်းတာဝန်တွေ ရှိနေပါသေးတယ်။ ဒီတာဝန်ကို အကောင်အထည်ဖော်ဖို့ ဦးလှနဲ့တကွ လူကြီးတွေရော ကျွန်တော်တို့ လူငယ်တွေပါ နေ့မနား ညမနား အလုပ်လုပ်ခဲ့ကြရတယ်။



ဒီတုန်းက အလုပ်လုပ်ခဲ့ကြပုံများကို စဉ်းစားရင်းနဲ့ ကျွန်တော်ရဲ့ လူငယ်ပီပီ စိတ်လှုပ်ရှားလွယ်ပုံနဲ့ ဦးလှရဲ့ သည်းခံတတ်ပြီး ဘယ်ကိစ္စမဆို ထစ်ခနဲရှိ သူတပါးအပြစ်ကိုသာ မမြင်တတ်ဘဲ ကိုယ့်ချို့ယွင်းချက် အားနည်းချက်ကို မြင်တတ် သိတတ်ပုံ အဖြစ်ကလေးကို သတိရမိတယ်။ အဲဒါက စစ်ကြီးမပြီးခင် မန္တလေးမြို့မှာ ပထမဆုံး ကပြခဲ့တဲ့ ရွှေမန်းသဘင်ပွဲ ပထမညမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးပါ။ အဲဒီအကြောင်း မိုးဂျာနယ် ၉၇ ခုနှစ် ဖေဖော်ဝါရီလထုတ်မှာ ကျွန်တော် ရေးခဲ့ဖူးပါတယ်။ ဖြစ်ပုံက ရွှေမန်းရဲ့ အော်ပရာကကွက် နောက်ဆုံးစခန်းသိမ်းမှာ မင်းသမီးလေးတွေကို ဖျတ်ခနဲဆို ယူနီယံဂျက်အလံ (အင်္ဂလိပ်နိုင်ငံတော်အလံ) လေးတွေကျလာပြီး ဖုံးသွားတဲ့ ပြကကွက်နဲ့ စခန်းသိမ်းခဲ့တဲ့ အဖြစ်ပါ။ ကျွန်တော်ကတော့ ယူနီယံဂျက်အလံတွေ မြင်လိုက်ရတာနဲ့ ရှူးကနဲ ဒေါသထွက် စိတ်လှုပ်ရှားသွားပြီး အော်ကျယ်ဟစ်တီး ပါးစပ်က ရေတော့ ရွတ်တော့တာပါဘဲ။ ကျွန်တော်ရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အပြုအမူကို ဦးလှက အိနြေ္ဒမပျက် "ကျနော်နဲ့ ကိုညွန့်အောင်တို့က မနက်အစောကြီး လုပ်စရာရှိနေလို့ နှစ်ပါးသွားတဲ့အထိ မကြည့်နိုင်တော့ဘူး။ ပြန်ပါဦးမယ်" လို့ ကျန်တဲ့ အမှုဆောင် လူကြီးများကို နှုတ်ဆက်ရင်း ကျွန်တော်ကို ပွဲကြည့်စင်ကနေ အပြင်ဘက်ကို ပ ထုတ်လာခဲ့တယ်။ အပြန်လမ်း မြင်းလှည်းပေါ်ရောက်တော့မှ "ကိုညွန့်အောင်ရေ ကျွန်တော်တို့ အများကြီး လိုသေးတာပဲ။ တကယ်ဆို ပွဲမပြခင်ကတည်းက ကိုတင်မောင် (ရွှေမန်း)- ကျွန်တော်တို့ ဖဆပလအဖွဲ့ကို ကြိုပြီး ဖိတ်ထားခဲ့တာပဲ။ ကျွန်တော်တို့က ကြိုမြင်ပြီး ရှင်းပြဆွေးနွေးထားသင့်တာပေါ့။ ကိစ္စမရှိပါဘူး။ ကိုတင်မောင်က သဘောကောင်းပါတယ်။ နက်ဖြန် သွားဆွေးနွေးကြတာပေါ့လို့ ပြောပါတယ်။ တကယ်လည်း နောက်တနေ့ သွားဆွေးနွေးကြတော့ ပြေလည်သွားတာပါပဲ" ဦးလှရဲ့ ဒီအကျင့် (အရည်အချင်း) ဟာ အလွန်ကောင်းလို့ အလွန် နမူနာယူသင့်တဲ့ အကျင့်ပါ။ လူတိုင်းမပြောနဲ့ တော်ရုံခေါင်းဆောင်ဆိုတဲ့ လူတွေတောင် ဒီအရည်အချင်းမျိုး မရှိတတ်ပါဘူး။
နောက်တမျိုး ရှိသေးတယ်။ ဦးလှတို့ ကျွန်တော်တို့ ရပ်ကွက်ကျေးရွာတွေအထိ ဖဆပလတွေ ဖွဲ့စည်းရေးနဲ့ အလုပ်ရှုပ်နေချိန်မှာပဲ အလုပ်ရှင် အလုပ်သမား ပဋိပက္ခအသွင်ဆောင်တဲ့ ပြသနာတခု ပေါ်လာတယ်။ ပြသနာက နဂါးဆေးပေါ့လိပ်ရုံ အလုပ်သမားတွေက ပိုင်ရှင်ကို ဆေးလိပ်လိပ်ခ တိုးပေးဖို့ တောင်းဆိုရာက မပြေလည်းဘဲ တင်းမာလာတဲ့ကိစ္စပါ။ ဒေါ်ဦးက ဖဆပလ အဖွဲ့မပေါ်ခင် စပြီးစည်းရုံးကြစဉ် ကတည်းက ဖဆပလကိုရော၊ ကွန်မြူနစ်ပါတီကိုပါ အဘက်ဘက်က ထောက်ခံ အားပေးနေသူ ဖြစ်တယ်။ ပြီးတော့ နဂါးဆေးလိပ်ခုံ အလုပ်သမားသမဂ္ဂ စပြီးဖွဲ့တော့လည်း ပိုင်ရှင် ဒေါ်ဦးကိုတိုင် လိုလိုလားလား အားပေးခွင့်ပြုခဲ့ တာပါ။ ဒီကြားထဲက ပြသနာပေါ်တာဆိုတော့ ဒါဟာ ကွန်မြူနစ်ပါတီက မြှောက်ပေးလို့ ဖြစ်ရတာလို့ စွပ်စွဲပြီး တင်းတင်းမာမာ ဆက်ဆံတော့တာပေါ့။
ဒီကြားထဲ မျက်နှာပူပြီး အနေရခက်တာက ကျွန်တော်ပဲ။ ကျွန်တော်က ဖဆပလမှာ အချိန်ပြည့် တာဝန်ယူနေရတော့ မိုးလင်းတာနဲ့ ၈၄ လမ်းရောက်၊ အချိန်တန်တော့ ဦးလှတို့ တိုက်မှာပဲ ထမင်းစားဆိုတော့ ဒေါ်ဦးတို့နဲ့ နေ့စဉ် မြင်တွေ့နေရတယ်။ အားလုံးသိတဲ့အတိုင်း ဒေါ်ဦးက ဦးလှဇနီး ဒေါ်အမာရဲ့ အစ်မကြီး။ ဒေါ်အမာတို့ မိဘဆွေမျိုး တအုံလုံးက ဖဆပလ အားပေးသူများ ဖြစ်ကြတော့ ၀င်လိုက်ထွက်လိုက် ခင်မင်နေကြ တာကိုး။ ခါတိုင်းလို နှုတ်ဆက်ရအခက်၊ မျက်နှာလွှဲရမှာ အခက်နဲ့ပေါ့။ ဒီတော့ ဒီကိစ္စ ကျွန်တော့်ရင်ထဲ ဘ၀င်မကျနိုင်ဘဲ ဦးလှရှေ့မှာ တညည်းညည်းတညူညူ လုပ်နေတော့ အစက ဘာတခွန်းမှ မပြောခဲ့ပေမယ့် အဲဒီနေ့ကတော့ "အင်း ကိုညွန့်အောင်လည်း ဒီကိစ္စ သခွပ်ပင်က မီးတကျည်ကျည် ဆိုတာလို ဖြစ်နေပြီ ထင်တယ်" လို့ ခပ်ညည်းညည်းလေး မှတ်ချက်ပြုလိုက်ပါတယ်။ အဓိပ္ပါယ်က အလွန်အရေးကြီးတဲ့ ကိစ္စအတွက် ကြံစည်စိတ်ကူး ပြောဆိုနေတုန်းမှာ ဘာမဟုတ်တဲ့ သာမန်ကိစ္စကလေးနဲ့ ဘေးကလာပြီး ပူညံပူညံ အနှောင့်အယှက် လာမပေးပါနဲ့ ဆိုတဲ့ သဘောပဲ။ အဲဒီမှာ ဇဝေဇ၀ါနဲ့ မရှင်းမရှင်း ဖြစ်နေတဲ့ ကျွန်တော်ခေါင်းထဲ ဥာဏ်အလင်းရောင်လေးပွင့်ပြီး အမြင်မှန် ၀င်လာခဲ့တယ်။ ဘုံရန်သူ နယ်ချဲ့သမားကို ရင်ဆိုင်ဖို့ တမျိုးသားလုံး ညီညွတ်အောင် လုံးပန်းနေရတဲ့အချိန်မျိုးမှာ ဘာမှ အရေးမကြီးတဲ့ အချင်ချင်း ကိစ္စကလေးအတွက်ကြောင့် အမျိုးသားညီညွတ်ရေးကို အနှောင့်အယှက်မလုပ်နဲ့ ဆိုတဲ့ သဘောပဲ။ နောက်ဆုံးမှာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခကိစ္စကို နှစ်ဖက်စလုံး ကျေနပ်အောင် အနူးအညွတ် စေ့စပ်ဆွေးနွေးလိုက်တော့ အားလုံး ပြေလည် ပြီးပြတ်သွားတာပါပဲ။
ဒီကိစ္စမှာလည်း ဦးလှရဲ့ အမျိုးသားရေး ဦးတည်ချက်ကို သတိမချွတ်အောင် ထိန်းနိုင် ထိန်းတတ်တဲ့ အရည်အချင်းပဲ။ အလွန်လေးစားထိုက်ပါတယ်။ နောက်တခုက သူတပါးအပေါ် ငါသိ ငါတတ် ဆရာမလုပ်တတ်တဲ့ အကျင့်ဖြစ်တယ်။ ပညာရှိများလို တီးမှ မြည်တယ်။ မတီးဘဲ မမြည်ဘူး။ မြည်တယ်ဆိုတာတောင် ငါမြည်လိုက်တဲ့ အသံက တဘက်မှာ အကျိုးသက်ရောက်မလား ဆိုးကျိုးသက်ရောက်မလားဆိုတာ ချင့်ချိန်ပြီးမှ မြည်တယ်။ တီးတိုင်း မြည်လေ့မရှိဘူး။ ယခု နဂါးဆေးလိပ်ခုံ ပြသနာမှာလည်း စကတည်းက သိပေမယ့် ကျွန်တော်တို့ကို ဆရာမလုပ်ဘူး။ ဒီလို မဖြစ်သင့်ဘူး၊ ဒီလိုဖြစ်သင့်တယ်၊ အကြံလည်း မပေးဘူး။ ပေးပြန်ရင်လည်း မကောင်းတဲ့ အကြောင်းက ရှိနေတယ်။ အလုပ်ရှင် နဂါးဒေါ်ဦးဆိုတာ ဦးလှရဲ့ဇနီး ဒေါ်အမာရဲ့ အစ်မအရင်းဆိုတော့ သူ့မရီး ဖြစ်နေတာကိုး။ သူပြောလိုက်လို့ မတော် သူ့မရီးဘက်က ၀င်စွက်တယ်ဆိုတာမျိုး အမြင်လွဲလိုက်ရင် အကျိုးမဖြစ်ဘဲ အပြစ်ဖြစ်မှာလည်း သတိရှိပုံရတယ်။ ပြောပြန်တော့လည်း စကားပုံလေးနဲ့ သိမ်သိမ်မွေ့မွေ့ပဲ ထိရောက်အောင် ပြောတတ်တယ်။
အမျိုးသားရေးဦးတည်ချက်ကို မမေ့ဘူး။ မျက်ခြည်ပြတ် မခံဘူးဆိုလို့ အမျိုးသားညီညွတ်ရေးကို အားဖြစ်စေမယ့် အကြောင်းအချက်မှန်သမျှ မလွတ်တမ်း အသုံးချတတ်ပုံကိုလည်း ကျွန်တော် သတိရမိသေး တယ်။ အဲဒါက မန္တလေးနန်းတွင်းမှာ စခန်းချထားတဲ့ ဗြိတိသျှစစ်တပ် (၁၃၆) တပ်ဖွဲ့က တပ်ကြပ်ကြီး ( A.Mackenzee) အေ- မက္ကင်ဇီ ဆိုသူတယောက် ကျွန်တော်တို့ ကွန်မြူနစ်ပါတီရဲ့ ဘုံရိပ်သာအဖြစ် ခိုလှုံနေတဲ့ မဟာဝေယံဘုံသာကျောင်းတိုက်ကို ရောက်လာတယ်။ သူဟာ ဗြိတိသျှကွန်မြူနစ်ပါတီက ပါတီဝင်တဦး ဖြစ်ကြောင်း၊ ယခု တပါတ်အတွင်းမှာ စစ်တပ်က သူအားရက်ရကြောင်း၊ သူ့အားလပ်ရက်များမှာ ဒီက မြန်မာကွန်မြူနစ်ပါတီဝင်များနဲ့ တွေ့ဆုံပြီး သဘောတရားရေးရာများ ဆွေးနွေးလိုကြောင်း ပြောလာပါတယ်။ ကျွန်တော်တို့က သဘောတူလို့ နောက်နေ့နံနက်ကစပြီး နေ့စဉ် နံနက် ၇ နာရီကစပြီး နံနက်စာစားချိန်ထိ ဆွေးနွေးတယ်။ နံနက်စာကို ကျွန်တော်တို့နဲ့ အတူစားတယ်။ စားပြီး ပြန်တယ်။ အမှန်က ဆွေးနွေးတယ် ဆိုတာထက် သင်တန်းပေးတဲ့ သဘောလိုပါပဲ။ ဆွေးနွေးတဲ့ အကြောင်းအရာက 'အရင်းရှင်စနစ်၏ အမြင့်ဆုံးအဆင့် နယ်ချဲ့စနစ် ( Imperialism the Highest Stage of Capitalism)' ဆိုတဲ့ လီနင်ရေးတဲ့ စာအုပ်ကို သူယူလာပြီး အသေးစိတ်တော့မဟုတ်ပါဘူး၊ အခန်းအလိုက် အကျဉ်းရုံးပြီး သူက ရှင်းပြတာပါ။ ဒါကို တက်ရောက်တဲ့ ရဲဘော်၊ ရဲဘော်မတွေ (၁၀ ယောက်လောက်) က အင်္ဂလိပ်လို မတတ်တော့ ကိုဌေး (ဗကပ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ရဲဘော်ဌေး၊ တောတွင်းသေဆုံး) နဲ့ ကျွန်တော်က တလှည့်စီ စကားပြန် လုပ်ကြရပါတယ်။
ဒီဆွေးနွေးပွဲကြောင့် တပတ်လောက် ကျွန်တော် ဖဆပလရုံးကို နံနက်ပိုင်း လာနိုင်မှာ မဟုတ်ကြောင်း ဦးလှကို သွားပြီးပြောတော့ ဒီကိစ္စ သူစိတ်ဝင်စားတယ်။ သူလာပြီး ကြည့်ချင် လေ့လာချင်တယ်လို့ပြောပြီး နောက်နေ့ကျတော့ ၉နာရီလောက်မှာ ဦးလှရောက်လာပြီး ဘေးကနေ ထိုင်နားထောင်ပါတယ်။ ဒီဆွေးနွေးပွဲက ထူးဆန်းတော့ ဝေယံဘုံသာကျောင်းတိုက် ဆရာတော် ဦးကလျာဏ (ရဟန်းပျိုအဖွဲ့ချုပ် ဒုဥက္ကဌ) ကလည်း နေ့တိုင်းလို ဘေးနားမှာ ကြိမ်ကုလားထိုင်ကြီးတလုံးနဲ့ ထိုင်ပြီး ဆွေးနွေးပွဲ ပြီးတဲ့အထိ နားထောင်လေ့ရှိတယ်။ ဆွေးနွေးပွဲသင်တန်းပြီးတော့ ဦးလှနဲ့ ရဲဘော်မက္ကင်းဇီတို့ကို ကျွန်တော်တို့က မိတ်ဆက်ပေးပါတယ်။ သူတို့ နှစ်ယောက်ပြောကြတာ အဓိကအားဖြင့် ရဲဘော်မက္ကင်းဇီ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ စစ်ထဲဝင်တာ ဘယ်လောက်ကြာပြီလဲကစပြီး အင်္ဂလိပ်လူထုအခြေအနေ၊ ဗြိတိသျှကွန်မြူနစ်ပါတီရဲ့ မြန်မာပြည် ပေါ် သဘောထား စတာတွေပါပဲ။ ရဲဘော်မက္ကင်ဇီကလည်း အင်္ဂလန်အပါအ၀င် ဥရောပမှာ ပြည်သူတွေ နိုင်ငံရေးနိုးကြားလာပုံ၊ ဖောက်ပြန်ရေးသမားတွေ တဖြေးဖြေးသြဇာကျဆင်းလာမယ့် လက္ခဏာနဲ့ ဗြိတိသျှပါတီ ကတော့ ကိုလိုနီများကို လက်လွှတ်လော့။ မြန်မာပြည်ကို လက်လွှတ်လော့ဆိုတဲ့ သဘောထားဖြစ်ကြောင်း ပြောကြတယ်။
အဲဒီဆွေးနွေးပွဲကို လာကြည့်ပြီးတဲ့နောက်ပိုင်း ဦးလှအတွက် လူထုစစ်သဘောတရားနဲ့ လုံးဝ လွတ်လပ်ရေးအတွက် အမျိုးသားစည်းရုံးညီညွတ်ရေး တိုးပြီး ခိုင်မာလာအောင် တည်ဆောက်ရာမှာ လူထုကို ဟောစရာ၊ ပြောစရာ အားတက်ဖွယ်ရာ အချက်အလက်အသစ်တွေက အများကြီး တိုးလာတယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်လူကြီးများကိုလည်း ကျွန်တော်တို့ရဲ့ လုံးဝလွတ်လပ်ရေးတိုက်ပွဲမှာ မိမိတို့ချည်းမဟုတ်ဘဲ ကမ္ဘာ့လူထုကြီးရဲ့ နိုးကြားတက်ကြွတဲ့ အထောက်အကူကို ရရှိမှာဖြစ်ကြောင်း အထူးသဖြင့် အင်္ဂလန် အင်္ဂလိပ် လူထုကြီးအတွင်းမှာပင် ကိုလိုနီစနစ် ဆန့်ကျင်တဲ့ အသိတွေ ပိုမိုကျယ်ပြန့်လာနေပြီး အင်္ဂလိပ်ကိုလိုနီဝါဒီ ဖောက်ပြန်ရေးသမားတွေ သြဇာကျဆင်းနေပြီဖြစ်ကြောင်း အားပါးတရ ရှင်းပြတဲ့အပြင် ရပ်ကွက်လူထု တရားပွဲ တွေမှာလည်း ပိုပြီး စုံစုံလင်လင် အားတက်သရော ရှင်းလင်းဟောပြောလေ့ရှိပါတယ်။
ဦးလှရဲ့ အဲဒီဟောပြောချက်တွေ မှန်ကန်ကြောင်း ခိုင်မာစေတဲ့ လက်တွေ့သာဓကအဖြစ် အင်္ဂလန်နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဖောက်ပြန်တဲ့ ကိုလိုနီဝါဒသမား မစ္စတာချာချီ ခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီ ရှုံးနိမ့်သွားပြီး မစ္စတာကလီမင့်အက်တလီ ခေါင်းဆောင်တဲ့ အလုပ်သမားပါတီ (လေဘာပါတီ) က အနိုင်ရရှိသွား ပြီ ဆိုတဲ့ သတင်းပါပဲ။ အမှုဆောင်လူကြီးတွေရော လူထုအတွင်းမှာပါ လေဘာပါတီ အနိုင်ရလို့ အင်္ဂလန်မှာ အလုပ်သမားအစိုးရ တက်လာပြီဆိုတဲ့ သတင်းဟာ ဧရာမ ၀မ်းသာစရာ သတင်းကောင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် လူထုကြီးရဲ့ ညီညွတ်မှုအင်အားကို မလျှော့ဖို့အပြင် တိုးပြီး စည်းလုံးညီညွတ်ဖို့၊ ဖဆပလအဖွဲ့ကြီးရဲ့ ခေါင်းဆောင်မှုနောက်မှာ သတိလျင်လျင်နဲ့ တက်တက်ကြွကြွ ရှိနေကြဖို့ ရှေးကထက် ပိုပြီး လိုအပ်ကြောင်း၊ အင်္ဂလန် အလုပ်သမားအစိုးရ တက်လာတာဟာ မြန်မာ့ လုံးဝလွတ်လပ်ရေးအတွက် အထောက်အပံ့ အလားအလာကောင်း တိုးလာခြင်းသာ ဖြစ်ကြောင်းကိုလည်း ဖိပြီး ဟောကြ ပြောကြရပါသေးတယ်။ ဒီစဉ်တုန်းက မန္တလေးမြို့ပေါ်နဲ့ အနီးနားတ၀ိုက်မှာ တနေရာမဟုတ် တနေရာမှာ ညစဉ် ဖဆပလတရားပွဲတွေ ခြိမ့်ခြိမ့်သဲနေခဲ့ တာကို အမှတ်ရမိပါသေးတယ်။
တရားပွဲတွေလို့ ဆိုလိုက်ပြန်တော့ အဲဒီတရားပွဲတွေကို အကြောင်းပြုပြီး ဦးလှကို ဂုဏ်ပြုမှတ်တမ်း တင်ချင်တဲ့ အရေးကြီးတဲ့ အချက်တခု ခေါင်းထဲ ပေါ်လာခဲ့ပြန်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အဲဒီခေတ်တုန်းက တရားပွဲတွေဆိုတာ အသံချဲ့စက် မသုံးနိုင်ကြသေးတော့ ဇာတ်ပွဲ လူပျက်တွေ (လူရွှင်တော်တွေ) ပြောသလို ကျုပ်မော်တော်ကားက လူမိုက်သလောက်ပြေးတယ်ဗျ ဆိုတဲ့အတိုင်း အားကုန်ကုန်းအော်ပြီး အော်နိုင် ဟစ်နိုင်ကာမှ ပရိသတ် တထောင်နှစ်ထောင်ကို ထိန်းနိုင်တယ်။ ဒါတောင် ပရိသတ်က ငြိမ်ပါဦးမှ။ ဦးလှက ကျွန်တော်တို့လို လက်သီးလက်မောင်းတန်းပြီး အသားကုန် အော်ဟစ် ဟောပြောတတ်တဲ့ အလေ့မရှိဘူး။ ပုံတိုပတ်စလေးတွေ တမျိုးမဟုတ် တမျိုးပြောပြီး ခပ်ရွှင်ရွှင် ခပ်အေးအေးပဲ ဟောတတ်တယ်။ ဒီတော့ ကျွန်တော်တို့တတွေ တရားပွဲတပွဲပြီးလို့ အိမ်ပြန်ရောက်ရင် လူကို ပက်လက်လန်အောင် နုန်းနေတတ်တယ်။ ဒါတွေကို ကြည့်ပြီး ဟိုး စောစောပိုင်းကတည်းက ကိုညွန့်အောင်ရေ အခုနေမှာ သတင်းစာဂျာနယ်ရှိဖို့ သိပ်လိုတယ်ဗျ။ နှုတ်တရာ စာတလုံးဆိုသလို သတင်းစာဂျာနယ်က ချောင်ကြိုချောင်ကြားထိ ရောက်နိုင်တယ် စသဖြင့် မကြာခဏ တတွတ်တွတ် ပြောတတ်တယ်။
တနေ့မှာ တနေ့ဆိုတာ မှတ်မှတ်ရရ အိန္ဒိယက ဖဆပလဖွင့်ပွဲအမီ ရောက်လာကြတဲ့ ကိုကျော်ရင် (ပါမောက္ခချုပ် ကွယ်လွန်) တို့ ကိုလှသောင်းတို့ လေထီးအဖွဲ့ အောက်မြန်မာပြည်ဘက် ခရီးမဆက်ခင် တညနေပိုင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုကျော်ရင်တို့ ဦးလှတိုက်ရောက်တဲ့အခါ ကဆုန် နယုန် နွေရာသီမို့ တိုက်ရှေ့လမ်းဘေးမှာပဲ တန်းလျားတွေ စပွဲတွေနဲ့ ထိုင်ကြရတယ်။ အဲဒီမှာ ဦးလှက သူ သတင်းစာထုတ်ဖို့ စိုင်းပြင်းနေကြောင်း၊ စက္ကူ ပုံနှိပ်မင် အခြေအနေကြည့်ပြီး ပထမ ဂျာနယ်စ ထုတ်မယ်။ စက္ကူနဲ့မင် စိတ်ချရရင် သတင်းစာ တိုးထုတ်မယ်။ ဂျာနယ်နာမည် ဘယ်လိုပေးရမလဲ။ The People တလုံးတည်း 'လူထု' ဆိုပြီး ပေးရင်ကောင်းမလားလို့ သူ စိတ်ကူးမိကြောင်း အဲဒါ ထိုင်ပြီး အကြံပေးကြပါဦးလို့ ပြောလာပါတယ်။
အဲဒီမှာ ကျွန်တော်တို့ ၀ိုင်းပြီး လူထုအသံ၊ လူထုအောင်လံ၊ လူထုလမ်းညွှန် စသဖြင့် ကောင်းနိုးရာရာ တွဲပြီး ရေရွတ်ကြည့်ကြပါသေးတယ်။ နောက်ဆုံးမှာ လူထု ဆိုတဲ့စကားတလုံးတည်းက အကောင်းဆုံးပဲ။ ဖတ်၇တဲ့လူထုက ကြိုက်သလို ဖြည့်ပြီး အဓိပ္ပါယ်ဖော်နိုင်တယ်။ ပြီးတော့ 'ထု' ဆိုတဲ့ စကားလုံးက ထုထည်ကြီးမားမှု၊ ခိုင်မာမှု၊ ကြီးမားမှုကို ဖော်ပြရာရောက်တယ်ဆိုပြီး လူထုဆိုတာပဲ အားလုံးသဘောကြိုက် ညီကြပါတယ်။ ( People ဆိုတာကို ခုခေတ်မှာလို ပြည်သူလို့ မသုံးကြပါဘူး။ တရားပွဲတွေမှာလည်း ယခုလို လုပ်သားပြည်သူများခင်ဗျာ၊ မိဘပြည်သူများခင်ဗျာလို့ သုံးလေ့မရှိပါဘူး။ လူထုကြီးခင်ဗျာ၊ လူထုကြီးက ဆုံးဖြတ်ပေးကြပါခင်ဗျာ စသဖြင့် အာလုတ်သံပြုပြီး ပြောကြ ဟောကြပါတယ်။) အဲဒီတုန်းက စကားဝိုင်းမှာ ရယ်စရာ အဖြစ်ကလေးကိုတောင် မှတ်မိနေပါသေးတယ်။ ကျွန်တော်က လူထုစကားလုံးကို နှစ်သက်ပြီး တက်ကြွထက်သန်တဲ့ သဘောနဲ့ 'ထု' ဆိုတာကို ထဆင်ထူးနဲ့ မထုချင်ဘူး။ ဒဒွေးနဲ့ 'ဒု' လိုက်ရင် ပိုကောင်းမယ်လို့ ပြောလိုက်တော့ အားလုံးက ၀ိုင်းပြီး ကြံကြံဖန်ဖန် ကိုညွန့်အောင်ရာ ရေးတော့အမှန် ဖတ်တော့အသံတဲ့။ ထဆင်ထူးကို ဘယ်လိုဖတ်ဖတ် 'ဒု' ဆိုတဲ့ အသံပဲ ထွက်တာပါဆိုပြီး ရယ်ကြ ပျော်ကြရပါသေးတယ်။ မကြာပါဘူး။ လူထုဂျာနယ် စပြီးထွက်ပါတယ်။ ကျွန်တော်တို့တောင် လိုအပ်ချက်ကိုလည်းသိ၊ အားလည်းကျလို့ ကိုအောင်သူ (တိုင်းပို့ဆက်မန်နေဂျာ- ငြိမ်း) နဲ့ ကျွန်တော် အယ်ဒီတာလုပ်ပြီး ကြယ်နီဂျာနယ် ထုတ်ခဲ့ကြသေးတယ်။ အဲဒီတုန်းက စာနယ်ဇင်းတစောင် ရပ်တည်စွဲမြဲသွားနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အစစ ရှားပါးတဲ့ခေတ်မို့ ဂျာနယ်တစောင် ပုံနှိပ်ပြီးဖြစ်အောင်လုပ်ရတာ မလွယ်သလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ဖြန့်ချိရတာလည်း မလွယ်ဘူး။ တပတ်ထုတ်တဲ့ ဂျာနယ်ဖိုး နှစ်ပတ် သုံးပတ်နဲ့ အရင်းပြန်ရပြီး လည်ပတ်နိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြယ်နီဟာ တစောင်တည်းသာ ထုတ်နိုင်ပြီး ရပ်သွားခဲ့တယ်။ ဒါပေမယ့် ဦးလှရဲ့ လူထုဂျာနယ်က ရပ်မသွားတဲ့အပြင် သတင်းစာအဆင့်ထိတောင် တိုးမြှင့်ထုတ်ဝေနိုင်ခဲ့တယ်။ ဒီအချိန် ဒီကာလတွေမှာ ဦးလှနဲ့ ကျွန်တော်ဆိုတာ စားအတူ သွားအတူ တတွဲတွဲ လုပ်ခဲ့ကြတာ နေထွက်နေ၀င်လို့ ပြောရုံနဲ့တင် မလုံလောက်ဘူး။ နေ့ရောညပါလို့ ပြောမှ စကားက နီးစပ်မှာပါ။ ဦးလှဟာ စိတ်ရောကိုယ်ပါ စုံလုံးနှစ်ပြီး လုပ်ခဲ့တာ ကျွန်တော်အသိဆုံးပဲ။ Full devotion ပဲ။ လူထုဂျာနယ်၊ လူထုသတင်းစာ ထုတ်ရတာကိုက ဖဆပလရဲ့ အလုပ်ဖြစ်နေတယ်။ အမျိုးရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတာပဲ ဖြစ်နေတယ်။
ဒါတွေကို တွေးမိပြီး ဦးလှကို သူ ထုတ်ဝေသည့် လူထုသတင်းစာကို အစွဲပြုပြီး လူထုဦးလှဟု အများက သိကြသည်ဆိုတဲ့ အပြောအဆို အရေးအသားမျိုးတွေနဲ့ ကျွန်တော့်စိတ်ထဲမှာ သိပ်ပြီးဘ၀င်မကျခဲ့လှဘူး။ ပေါ့ဟာဟာလို ခံစားနေမိတယ်။ တကယ်တော့ သူတို့ပြောကြ ရေးကြတာကို မှားတယ်လို့ မဆိုလိုပါဘူး။ မပြည့်စုံတာပါ။ အမှန်ပြောရင် ဦးလှ ဆိုတဲ့ နာမည်ရဲ့ရှေ့က လူထုဆိုတဲ့ ၀ိသေသနပုဒ်ဟာ အမျိုးသားရေး လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အရိုးသားဆုံး၊ အနိုးကြားဆုံးနဲ့ အကြိုးစားဆုံး လုံးပန်း အကောင်အထည်ဖော်ခဲ့ လို့ အမျိုးသား လုံးဝလွတ်မြောက်ရေး တိုက်ပွဲကြီးက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ အမျိုးသားဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ်ကြီး ဖြစ်တယ်လို့ ပြောမှ ရေးမှ ပြည့်စုံမှန်ကန်ပြီး လျော်ကန်သင့်မြတ်လိမ့်မယ်လို့ ကျွန်တော် သိမြင်ယုံကြည်နေမိပါတယ်။

(၅)
ဧပြီလကစပြီး လေးငါးလလောက် အမျိုးသားညီညွတ်ရေးအတွက် ကိုယ်ရောစိတ်ပါနှစ်ပြီး မနေမနား ကြိုးစားလုံးပန်းနေကြခိုက်မှာ ၀မ်းမြောက်စရာ အကောင်းဆုံး ကြားလိုက်ရတဲ့ သတင်းကတော့ သြဂုတ်လလယ် လောက်မှာ ဂျပန်က မဟာမိတ်တပ်များ ရှေ့မှောက်မှာ ချွင်းချက်မရှိ လက်နက်ချလိုက်လို့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီ ဆိုတဲ့ သတင်းဖြစ်တယ်။ သုံးနှစ်လုံးလုံး စားမဖြောင့် သွားမဖြောင့် အိပ်မဖြောင့် နေမဖြောင့် ကျီးလန့်စာစား နေကြရတဲ့ဘ၀က လွတ်ပေါ့ဟဲ့၊ ကျွတ်ပေါ့ဟဲ့လို့ ခံစားလိုက်ကြရတဲ့အသိဟာ ဘယ့်ကလောက် လွတ်လပ်ပေါ့ပါးပြီး ၀မ်းသာစရာ ကောင်းမယ်ဆိုတာ အကျယ်ပြောစရာတောင် မလိုပါဘူး။ တချိန်တည်းမှာ သက်စွန့်ဆံဖျား ပုခုံးပေါ်ထမ်းထားကြရတဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးလည်း တပါတည်း အောင်မြင်ပြီးစီး သွားတာမို့ ပျော်စရာတို့ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ကြတာပါပဲ။
ယခုလို ပျော်စရာတွေ့ကြုံခဲ့ပြီးလို့ မကြာခင်မှာပဲ နောက်ထပ်ပျော်စရာ စိတ်အားတက်စရာ ကြုံလာရတာ ကတော့ ကျွန်တော်တို့ မျှော်လင့်မထားပဲ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်းနဲ့ ပျော်ဘွယ်ဦးမြတို့ လေးယောက် ဗြုန်းစားကြီး မန္တလေးကို ရောက်လာကြခြင်းပဲ ဖြစ်ပါတယ်။ ဦးလှကတော့ ဗိုလ်ချုပ်တို့ ရောက်တာနဲ့ဟန်ကျတာပဲဗျို့၊ မန္တလေးမှာ ဗိုလ်ချုပ်တို့ တရားပွဲတခုလောက် လုပ်လိုက်ရရင် သိပ်ကောင်းမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူမျှော်လင့်သလို တရားပွဲ မလုပ်နိုင်ပါဘူး။ ဗိုလ်ချုပ်တို့က လူသိရှင်ကြား တိုင်းခန်းလှည့်လည်လာတာမျိုး မဟုတ်ပါဘူး။ အဓိကကိစ္စက မန္တလေးမှာရှိတဲ့ ဖဆပလ အမှုဆောင်လူကြီးများနဲ့တွေ့ပြီး အရေးကြီးကိစ္စဆွေးနွေးဖို့နဲ့ သွားရင်းလာရင်းနဲ့ ရန်ကုန်-မန္တလေးလမ်းတလျှောက် ဖဆပလလူထုအခြေအနေကို လေ့လာဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်က မန္တလေးကို မော်တော်ကားနဲ့ တမြို့ဝင် တမြို့ထွက် ထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်တို့ လေးယောက်စလုံး ဆရာကြီး ဦးရာဇတ်တိုက်မှာပဲ တည်းကြတယ်။ နောက်နေ့မနက်ကျတော့ ဆရာကြီးတိုက်မှာပဲ ကျွန်တော်တို့ ဖဆပလ အထက်မြန်မာပြည် အဖွဲ့ချုပ် အမှုဆောင်များအားလုံးနဲ့ တွေ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ အစအဆုံး ဗိုလ်ချုပ်ကပဲ တာဝန်ယူပြီး ပြောဆိုဆွေးနွေးပါတယ်။
စစချင်း ဗိုလ်ချုပ်က မန္တလေးမြို့နဲ့ အထက်ပိုင်းမြန်မာပြည် ဂျပန်အောက်က လွတ်လပ်ခြင်း၊ အထက်မြန်မာပြည်ကို ကိုယ်စားပြုပြီး ဖဆပလ အထက်မြန်မာနိုင်ငံအဖွဲ့ချုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း ဖော်ထုတ်နိုင်ခဲ့ကြတဲ့အတွက် အလွန်ဝမ်းသာအားရ ကျေနပ်မိကြောင်း၊ အချိန်ရလျင်ရချင်း ရန်ကုန်မှာ ဖဆပလဗဟိုအဖွဲ့ချုပ်ကို ဖွဲ့စည်းကြရာမှာ ရန်ကုန်မြို့နှင့် အနီးတ၀ိုက်သာ အဆက်အသွယ်ရပြီး ဖွဲ့စည်းခဲ့ကြရတဲ့ အတွက် ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ဦးနဲ့ အမြန်ဖွဲ့စည်းကြေညာခဲ့ရကြောင်း၊ အထက်မြန်မာပြည်က ခေါင်းဆောင်များ ကို မေ့ချန်ထားခဲ့သလိုဖြစ်၍ တောင်းပန်ပါကြောင်း၊ ယခု အထက်မြန်မာပြည် အဖွဲ့ချုပ်အမှုဆောင်များထဲက (၁၀) ဦးကို ဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် တိုးဖြည့်ကြဖို့ ရန်ကုန်အမှုဆောင်များနဲ့ ညှိနှိုင်းဆုံးဖြတ်ပြီး လာခဲ့ကြောင်း၊ ထို့ကြောင့် ယခုဆွေးနွေးပွဲပြီးလျှင် အထက်မြန်မာပြည်အမှုဆောင် အစည်းအဝေးထိုင်ပြီး ဗဟိုဦးစီးအဖွဲ့ဝင် (၁၀) ဦးရွေးချယ်ပြီး မိမိအား နက်ဖြန်နံနက်မှာ စာရင်းပေးကြစေလိုကြောင်း ပြောပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်က ဆက်ပြီး ယခု ဖတပလ ဗဟိုအဖွဲ့ချုပ် ပေါ်လာပြီမို့ အထက်မြန်မာပြည်အဖွဲ့ချုပ် ဆိုပြီး ဆက်ရှိမယ်ဆိုရင် အောက်မြန်မာပြည်အဖွဲ့ချုပ်ဆိုပြီး ထပ်ဖွဲ့ရမလိုဖြစ်ကြောင်း၊ အရိုးအစဉ်အတိုင်း ဖဆပလ အဖွဲ့များကို ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ဗဟိုဆိုပြီး ဖွဲ့ကြရမှာမို့ ယခုလက်ရှိ အထက်မြန်မာပြည် အဖွဲ့ချုပ်ကို မန္တလေးခရိုင် ဖဆပလအဖွဲ့ချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ မေတ္တာရပ်ခံကြောင်း ပြောပါတယ်ဗျ။
အဲဒိနောက် မြန်မာ့မျိုးချစ်တပ်မတော်နဲ့ ပတ်သက်တဲ့ ကန္နီစာချုပ်အကြောင်း၊ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု သေနာပတိမောင့်ဘက်တန်နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း၊ မြန်မာပြည်ကို ပြန်လာတော့မယ့် ဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ အကြိုတွေ့ပြီးဆွေးနွေးခဲ့ပုံများ အကြောင်းတို့ကို ရှင်းလင်းပြောပြပါတယ်။
နောက်ပြီး စစ်ကြီးအတွင်းနဲ့ စစ်ကြီးအပြီး ကမ္ဘာအရပ်ရပ်က တိုင်းပြည်အသီးသီး အထူးသဖြင့် တိုင်းငယ် ပြည်ငယ်တို့ တိုးတက်ပြောင်းလဲလာပုံများ၊ မြန်မာပြည် လုံးဝလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအဆင့်ဆင့် ပြောင်းလဲလာခဲ့ပုံနဲ့ လက်ရှိမြန်မာပြည်ရဲ့ အခြေအနေများ၊ လုံးဝလွတ်လပ်ရေးအတွက် ရှေးကထက်ပိုမို လမ်းပွင့် ပီပြင်လာပုံများအကြောင်းကို အကျယ်တ၀င့် ရှင်းပြပါတယ်။
နောက်ဆုံးအနေနဲ့ မိမိတို့ရဲ့ လက်ရှိအင်အားနဲ့ တိုင်းပြည်အခြေအနေများအရ ဘုရင်ခံ (ဒေါ်မန်စမစ်) ပြန်ရောက်လာရင် ဖဆပလအဖွဲ့ကို သူ့ရဲ့ ဘုရင်ခံအတိုင်ပင်ခံ အမှုဆောင်ကောင်စီအစိုးရထဲ ၀င်လုပ်ဖို့အတွက် ဖိတ်ခေါ်မှာ သေချာသလောက် ဖြစ်မယ်လို့ ထင်ကြောင်း၊ ဒါပေမယ့် ဘုရင်ခံအစိုးရအဖွဲ့မှာ ဖဆပလအဖွဲ့က ၀င်လုပ်မလုပ်ဆိုတာ အလွန်အရေးကြီးတဲ့ နိုင်ငံရေးကိစ္စဖြစ်လို့ မိမိတို့ အလုပ်အမှုဆောင်အဖွဲ့ တခုတည်း သဘောနဲ့ မဆုံးဖြတ်လိုကြောင်း၊ ဒီအတွက် ဖဆပလဗဟိုဦးစီးအဖွဲ့ အစည်းအဝေးခေါ်ပြီး ကျင်းပဖို့ မိမိတို့ အစီအစဉ်ရှိကြောင်း၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးကို ယခု မိမိတို့ ရန်ကုန်ပြန်ရောက်ရောက်ချင်း အမြန်ကျင်းပ လိုကြောင်း၊ ဒါကြောင့် ယခု အထက်မြန်မာပြည်အဖွဲ့ချုပ်က ရွေးချယ်ပေးမယ့် ဗဟိုဦးစီးအဖွဲ့ဝင် ၁၀ ဦးကလည်း အဲဒီဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို မဖြစ်မနေ တက်ရောက်ကြစေလိုကြောင်း၊ ဘုရင်ခံအမှုဆောင် အစိုးရအဖွဲ့ထဲ ၀င်လုပ်သင့်- မလုပ်သင့် ဆိုတဲ့ပြသနာကိုလည်း အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့ကြစေလိုကြောင်း ပြောပြီး ဗိုလ်ချုပ်က သူ့စကားကို နိဂုံးချုပ်ပါတယ်။ ဆွေးနွေးပွဲလဲ ပြီးဆုံးပါတယ်။
ညနေပိုင်းကျတော့ ဖဆပလအဖွဲ့ချုပ်ရုံးမှာ အထက်မြန်မာပြည်အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေး ထိုင်ပြီး ဗဟိုဦးစီးအဖွဲ့ဝင် ၁၀ ဦးကို ရွေးပါတယ်။ ရွေးလိုက်တဲ့ ၁၀ ဦးက (၁) ဆရာကြီးဦးရာဇတ်၊ (၂) သခင်ထိပ်တင်ကိုယ်တော်ကြီး၊ (၃) အမရပူရ ဦးဘသီ (၄) မင်းဘူး ဦးမောင်မောင်၊ (၅) ရွှေပြည်ဦးဘတင်၊ (၆) နန္ဒ၀န် ဦးဘတင်၊ (၇) သခင်အေးမောင်လေး (အမ်အေဒေါ်အုန်း ခဲအို)၊ (၈) ဦးလှ၊ (၉) ကျွန်တော်တို့ ဖြစ်ကြပါတယ်။ နောက်တယောက်ကတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတက်ဖို့ ရန်ကုန်သွားကြတော့ အဲဒီ ၉ ယောက်ထဲက ၇ ယောက်ပဲ လိုက်နိုင်ပါတယ်။ ဆရာကြီး ရွှေပြည်ဦးဘတင်နဲ့ နန္ဒ၀န် ဦးဘတင်နဲ့ နောက်တယောက်တို့က ကျန်းမာရေးအခြေအနေကြောင့် မလိုက်နိုင်ကြပါဘူး။
မန္တလေးခရိုင် ဖဆပလအဖြစ် အသွင်ပြောင်းတာကတော့ အထူးအထွေ မရှိပါဘူး။ ဆိုင်းဘုတ်ပြင်ရေး တာနဲ့ မူလက အထွေထွေအတွင်းရေးမှူးဆိုတဲ့အစား အတွင်းရေးမှူးလို့ ရိုးရိုးပြောင်းပြီး ခေါ်ဝေါ် သုံးနှုန်းလိုက်ကြ တာပါပဲ။
နောက်တနေ့မှာ ဗိုလ်ချုပ်တို့ကို ဗဟိုဦးစီးအဖွဲ့ဝင်စာရင်း ၁၀ ဦးစာရင်း ပေးအပ်လိုက်ပါတယ်။ ဗိုလ်ချုပ်တို့ လည်း နှစ်ညအိပ်လောက်နေပြီး ရန်ကုန်ပြန်သွားကြပါတယ်။
ဗဟိုဦးစီး အစည်းအဝေးက ဘယ်ရက်ရယ်လို့ သတ်မှတ်ချက်မရှိဘူး။ ဗိုလ်ချုပ်တို့ ရန်ကုန်ပြန်ရောက် ရောက်ချင်း အမြန်ကျင်းပချင်တယ်။ မန္တလေးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ရောက်တာနဲ့ ကျင်းပမယ်ဆိုတော့ ကျွန်တော်တို့လည်း ရန်ကုန်ချက်ချင်းဆင်းဖို့ စီစဉ်ကြတာပေါ့။ သိတဲ့အတိုင်း ဒီအချိန်က မန္တဘေး-ရန်ကုန် တိုက်ရိုက် မီးရထား၊ ကား မသွားနိုင်သေးပါဘူး။ တချို့မြို့တွေမှာ နီးရာတမြို့နဲ့ တမြို့ကြား အသွားအပြန် ပြေးဆွဲကြတာလောက်ပဲ ရှိတယ်။ ဒါကြောင့် ရန်ကုန် ဒါရိုက်ဆင်းနိုင်ဖို့က ကားရှာကြရတာပေါ့။
ထုံးစံအတိုင်း ဦးလှပဲ တာဝန်ခံပြီး ကားရှာတယ်။ နှစ်ရက်လောက်နေတော့ ကားရတယ်။ ဂျပန်တခေတ် လုံး ၀ှက်ထားတဲ့ ကားတဲ့။ ကုန်တင်တဲ့ လောရီကားပါ။ အမိုးမရှိဘူး။ ထိုင်ခုံမပါဘူး။ အင်ဂျင်ကတော့ ကောင်းတယ်လို့ သိရတယ်။ ကားရတော့ ဓါတ်ဆီရှာရပြန်တယ်။ ဓါတ်ဆီအလုံအလောက် မရဘူး။ ဒါပေမယ့် ကိစ္စမရှိ ရောက်ရာမြို့မှာ ရအောင်ရှာသွားမယ်လို့ ဦးလှက ပြောပါတယ်။ ဒီလိုနဲ့ လော်ရီကားကို ယာယီအမိုးကိုင်းတွေလုပ်၊ တာလပတ်နဲ့ ဖျာနဲ့စပ်ပြီးမိုး၊ ထိုင်ခုံမပါတော့ ကြမ်းပြင်မှာ အောက်က ဖျာကြမ်းခင်း၊ အပေါ်က သင်ဖျူးထပ်ခင်းပြီး ကြမ်းပေါ်မှာပဲ ထိုင်လိုက်ကြရတယ်။ တော်သလင်းနေမို့ လူကြီးတွေအဖို့တော့ မသက်သာလှဘူး။
အားလုံးသိတဲ့အတိုင်း ကလေးပါ ခိုင်းစရာဆိုသလိုပါပဲ။ ဒီခရီးမှာ ဦးလှနဲ့ ကျွန်တော်တို့က လူကြီးတွေ ဝေယျာဝစ္စကအစ လုပ်ကိုင်ပေးကြရတယ်။ ဦးလှနဲ့ ကျွန်တော်တို့ ဆိုရပေမယ့် ဦးလှရှေ့ဆောင် ကျွန်တော်က နောက်လိုက်ပါ။ ပထမနေ့ ညနေပိုင်းမှာ စထွက်တော့ ပျော်ဘွယ်ဦးမြတိုက် (လူမနေသေး) မှာ တည်းကြတယ်။ ဒိနောက် ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ညောင်လေးပင် စသဖြင့် နားလိုက် အိပ်လိုက် လုပ်သွားရတယ်။ ခရီးက ကြမ်းပေမယ့် လူကြီးတွေ မျက်နှာတောင် မညှိုးပါဘူး။ ပျော်လို့ ရွှင်လို့ပါပဲ။
ကျွန်တော်တို့ ရန်ကုန်ရောက်ပြီး နောက်နေ့မှာပဲ ဗဟိုဦးစီအဖွဲ့ အစည်းအဝေး ကျင်းပပါတယ်။ ကိုယ့်မင်း ကိုယ့်ချင်းလမ်း ဖဆပလအဖွဲ့ချုပ် (ယခု ပန်းချီပန်းပုကျောင်း) အဆောက်အဦ အောက်ထပ် လက်ဝဲဘက် (မြောက်ဘက်ခန်း) မှာ ပြုလုပ်ပါတယ်။ အခန်းက ကျဉ်းကျဉ်းမို့ အခန်းနဲ့ လူနဲ့ အပြည့်ပါပဲ။ ဦးစီးအဖွဲ့ဝင်များ အားလုံးက ကုလားထိုင် သုံးလေးတန်းလောက်နဲ့ အခန်းအလျားလိုက် ၀င်ပေါက်နားထိ တန်းစီပြီး ထိုင်ကြတယ်။ အလျားလိုက် မျက်နှာချင်းဆိုင်မှာပဲ ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်းတို့က ထိုင်ကြတယ်။
အစည်းအဝေး စပြီဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းထပြီး ဥက္ကဌမိန့်ခွန်း ခေါ်မလား၊ သဘာပတိ မိန့်ခွန်းခေါ်မလား ထပြီး ပြောတာပါပဲ။ အမှန်တော့ ကျွန်တော့်အမြင် မိန့်ခွန်းရယ် မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က အခြေအနေတွေ၊ မြန်မာ့လွတ်လပ်ရေး သမိုင်းစဉ်အဖြစ်အပျက်တွေ၊ ကမ္ဘာရော မြန်မာမှာပါ ကျင့်သုံးကြတဲ့ နည်းဗျူဟာတွေကို အသေးစိတ် အတွေ့အကြုံ အမျိုးမျိုးကို စိတ်ရှည်လက်ရှည် ရှင်းပြပြီး လက်ရှိ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲရဲ့ အင်အားအခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ယခုနေ ဘုရင်ခံက သူ့အစိုးရအဖွဲ့ထဲ ၀င်လုပ်ကြပါလို့ ဖိတ်ခေါ်လာရင် ကျုပ်တို့ ဘာလုပ်ကြမလဲ၊ ဘာလုပ်သင့်ကြသလဲ ဆိုတာကို ဦးစီးအဖွဲ့ဝင်များ စဉ်းစားဆုံးဖြတ်ကြဖို့ တင်ပြသွားတာပါပဲ။ ဗိုလ်ချုပ်ရဲ့ ရှင်းလင်းပြောကြားတဲ့ မိန့်ခွန်းဟာနှစ်နာရီခွဲလောက် ကြာပါတယ်။ ဗိုလ်ချုပ်မိန့်ခွန်းပြောပြီးတော့ အစည်းအဝေး ခေတ္တနားပါတယ်။
အစည်းအဝေး ပြန်စလျှင်စချင်း ဦးသိန်းဖေမြင့်က ပထမဆုံး ထပါတယ်။ နေသူရိန် အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်တဲ့ ယာယီအမျိုးသားအစိုးရ ဖွဲ့စည်းရေး၊ တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးရေး၊ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ဆိုရေး စတဲ့ မြန်မာအမျိုးသားတောင်းဆိုချက်များ အကောင်အထည်ဖော်ဖို့ ဖဆပလက ဘုရင်ခံအမှုဆောင် အစိုးရထဲ ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် ပိုပြီး အခွင့်လမ်းသာလာမှာ ဖြစ်ကြောင်းနဲ့ နည်းပရိယာယ် အမျိုးအမျိုးအနက် အတွင်းအပြင် ၀ိုင်းညှပ် ပူးသတ်တဲ့နည်းကို သုံးသင့်ကြောင်း အကြောင်းအကျိုး အချက်အလက်များ တင်ပြပြီး ပြောကြားသွားပါတယ်။
ဦးသိန်းဖေ ပြောပြီး ထိုင်လိုက်တာနဲ့ လူကြီး သုံးလေးယောက်လောက် တယောက်ပြီးတယောက် ကိုသိန်းဖေ ပြောတဲ့အတိုင်း၊ ကိုသိန်းဖေ ပြောတဲ့အတိုင်း ဆိုပြီး ထောက်ခံ ပြောဆိုသွားကြတယ်။ ဘယ်သူတွေ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ သူတို့ ပြောဆိုထောက်ခံပြီး နောက်ထပ် ဘယ်သူမှ မထတော့ပါဘူး။ ဘေးချင်းယှဉ် လူချင်းနီးရာ နီးရာသာ ကျိတ်ကျိတ်ကလေး ပြောဆိုနေကြတာ အတော်ကြာသွားပါတယ်။
ဒီအချိန်မှာ ဦးချစ်မောင် (ဂျာနယ်ကျော်) က ထပြီး အခု လူကြီးမင်းများရဲ့ အခြေအနေကို ကြည့်ရတာ အားလုံးသဘောတူကြပြီ (ဘုရင်ခံအစိုးရအဖွဲ့ထဲ ၀င်လုပ်ဖို့) လို့ ထင်ပါတယ် ဆိုပြီး သူ့စကားကို ခဏရပ်ထား လိုက်ပါတယ်။ ဘယ်သူကမှ ဟုတ်တယ် မဟုတ်ဘူး မပြောကြပါဘူး။ ဟုတ်ပါတယ်ဆိုတဲ့ သဘောပါပဲ။ ခဏနေတော့မှ ဦးချစ်မောင်က အားလုံးသဘောတူကြတယ်ဆိုရင် သဘောတူရုံနဲ့ မပြီးပါဘူး။ ဘယ်ရည်ရွယ်ချက် နဲ့ ၀င်တယ်၊ အထဲဝင်သွားတဲ့ လူတွေကို အဖွဲ့ချုပ်က ဘယ်လိုမူတွေနဲ့ ချုပ်ကိုင်ထားရမယ်ဆိုတာ Instruments of instruction ရေးဆွဲထားဖို့ လိုပါလိမ့်မယ်လို့ ပြောတော့ အားလုံးလူကြီးတွေက ထိုင်ရာမထဘဲ ဟုတ်တယ် ဟုတ်တယ် ရေးဖို့ လိုတယ်လို့ ပြောကြတယ်။ ဒီတော့ ဗိုလ်ချုပ်က ဒါကို ရေးဆွဲဖို့ အဖွဲ့လေးဖွဲ့ပေးဖို့ လိုမယ်လို့ ပြောလိုက်တော့ ဦးချစ်မောင်၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း၊ ဦးဘချို(ဒီးဒုတ်) စသဖြင့်နာမည်တွေ အများကြီးပြောကြတော့ ဗိုလ်ချုပ်က မတ်တတ်ထပြီး တော်လောက်ပါပြီ။ သိတ်များဖို့ မလိုပါဘူး။ လေးငါးယောက်ဆို လုံလောက်ပါပြီ ပြောပြီး တဆက်တည်းပဲ ဒီကိစ္စကတော့ သိပ်အရေးကြီးတာဆိုတော့ သုံးလေးရက်အတွင်း ရေးပြီးကြစေလိုကြောင်း၊ ရေးပြီးပါက ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့ကို ပေးဖို့နဲ့ ယခု ဗဟိုဦးစီးအဖွဲ့ရဲ့ သဘောထားကို သိရပြီးပြီဆိုတော့ ကိစ္စပေါ်တိုင်း ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်နိုင်မှာ မဟုတ်လို့ နောက်ကိစ္စများ ဆက်လက်ဆောင်ရွက်သွားဖို့ကိစ္စတွေကို ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့ကိုပဲ လွှဲအပ် တာဝန်ပေးခဲ့ဖို့ ဗဟိုဦးစီး အဖွဲ့လူကြီးများကို မေတ္တာရပ်ခံကြောင်း ပြောပါတယ်။ အားလုံးက သဘောတူကြလို့ ဗဟိုဦးစီအဖွဲ့ အစည်းအဝေးလဲ ဒီမှာတင် ပြီးဆုံးပါတယ်။

ဒုတိယပိုင်းပြီး။
တတိယပိုင်း ဆက်လက်ဖော်ပြပါမည်။
[မာယာစာဖတ်ပရိသတ်သို့ တောင်းပန်ချက်- 'ဦးညွန့်အောင်ရဲ့ အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ' ဆောင်းပါးဟာ အခန်း(၉) ခန်းနဲ့ ရေးသားဖွဲစည်းထားတဲ့ စာမျက်နှာ (၂၀) ရှိတဲ့ ဆောင်းပါးဖြစ်ပါ၍ မာယာအနေဖြင့် ၃ ပိုင်းခွဲပြီး ဖော်ပြမည်ဖြစ်ပါကြောင်း။]
{ကြီးပွါးရေးစာအုပ်တိုက်ထုတ် "နှစ် ၉၀ ပြည့် လူထုဦးလှ"၊ ပထမအကြိမ်၊ ၂၀၀၀ ပြည့် ဇွန်မှ ကူးယူဖော်ပြပါတယ်။ }


No comments: