Tuesday, December 8, 2009
အကန်တော့ခံထိုက်တဲ့ စာရေးဆရာ
ရေးသူ- ၀င်းဦး
ပြီးခဲ့တဲ့ သီတင်းကျွတ် လထဲတုန်းက ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ စန္ဒာမဂ္ဂဇင်းမှာ ဒေါ်ဒေါ် (လူထုဒေါ်အမာ) ရေးသားနေတဲ့ 'အညာသူများ ပင်လယ်သွား' ဆောင်းပါးရှည်ရဲ့ နောက်ဆက်တွဲနဲ့ အဆုံးသတ် အပိုင်းများကို ဒေါ်ဒေါ်က ကျွန်တော့်ဆီ ကြိုတင်ပြီး အပြီးရေးပို့တယ်။ ဒေါ်ဒေါ်ရဲ့ ဆောင်းပါးများ ရတဲ့အချိန်မှာ သီတင်းကျွတ်ရာသီက မကုန်သေးတော့ ကိုယ်က လူကြီးတွေကို သွားဂါရ၀ပြု၊ လူငယ်တွေက ကိုယ့်ဆီလာပြီး ဂါရ၀ပြုနဲ့ တော်တော်ကလေး မအားမလပ်ဖြစ်သွားတယ်။ ဒါကြောင့် ဆောင်းပါးရပြီး လေးငါးရက်ကြာမှပဲ မန္တလေးကို ဖုံးဆက်ဖြစ်တယ်။ ဖုံးထဲကပဲ နောက်ထပ်လဲ ဒေါ်ဒေါ်ရေးပါဦးလို့ တောင်းပန်လိုက်တယ်။ တန်ဆောင်တိုင်လောက်ကျရင် မန္တလေးကို ကျွန်တော်တက်လာဦးမှာမို့ ဒေါ်ဒေါ့်ဆီလာခဲ့ပါမယ်လို့လဲ ပြောရပါတယ်။ ဒေါ်ဒေါ်က ဆက်ဆက်ဝင်ဖို့အကြောင်းနဲ့ နောက်ထပ်ရေးဖို့အကြောင်းလဲ စဉ်းစားထားမယ်လို့ ပြောပြီး ကျွန်တော့်မှာ အားလပ်ချိန်များ ရှိမယ်ဆိုယင် ဦးလေးလှ (လူထုဦးလှ)နှင့် ပတ်သက်တဲ့ ဆောင်းပါးတစောင် ရေးပေးစမ်းပါ၊ အခြားသူများလဲ ရေးကြမယ်။ အဲဒါတွေ စုပြီး စာအုပ်ထုတ်မယ်လို့ ပြောပါတယ်။ တတ်နိုင်ယင် မြန်မြန်လိုချင်ပါသတဲ့။
ဒါနဲ့ တန်ဆောင်မုန်းလထဲမှာပဲ စာရေးဆရာ မြသန်းတင့်ရယ်၊ မောင်နေ၀င်းရယ်၊ ကျွန်တော်ရယ် သုံးယောက်သား မန္တလေးကို တက်လာဖြစ်ကြတယ်။ မန္တလေးကနေ တခါ မေမြို့ကို တပတ်တန်သည် နှစ်ပတ်တန်သည် သွားရောက်နေထိုင်ပြီး နားနားနေနေနဲ့ စာကလေး ပေကလေး ရေးကြဖို့ပါပဲ။ ကျွန်တော်တို့ဟာ မန္တလေးရောက်တော့ ကြာကြာမဆိုင်းပဲ မေမြို့တက်ချင်ကြလို့ ဒေါ်ဒေါ့်ဆီကို မ၀င်ဘူး။ တကြောင်းကလဲ ကျွန်တော်တို့ သုံးယောက်စလုံးဟာ ဦးလေးလှအကြောင်း ဆောင်းပါးတွေကို အသီးသီး ရေးကြပြီးမှပဲ မေမြို့ကနေ မန္တလေး ပြန်ဆင်းလာတဲ့အခါမှာ ဒေါ်ဒေါ့်ဆီဝင်ပေးရင်း ဂါရ၀ပြုကြမယ်လို့ ရည်စူးထားလို့ပါ။ ဆရာ မောင်နေ၀င်းတို့၊ မြသန်းတင့်တို့မှာက ဦးလေးလှနဲ့ ပတ်သက်လို့ ရေးစရာသားစရာတွေ တော်တော်ကလေး ရှိကြတယ်လို့ ဆိုတယ်၊ ရေးမယ်လို့လဲ ပြောကြတယ်။ ကျွန်တော့်မှာတော့ များများစားစား မရှိဘူး။
ဟိုး 'ရွှံ့နှင့်စစ်သား' ကစပြီး 'ဘိန်းဖြူသမား အမှားကမ္ဘာ' တို့အထိ ဦးလေးလှရဲ့ စာပေတွေနဲ့ ကျွန်တော်တို့ ထိတွေ့ ရင်းနှီးခဲ့တာတော့ မှန်ပါတယ်။ ဒါကလဲ ကျွန်တော်မှ မဟုတ်၊ စာပေမွေ့သူ မှန်သမျှ ဦးလေးလှရဲ့ စာတွေနဲ့ အနည်းနဲ့ အများဆိုသလို ဆုံခဲ့ ကြုံခဲ့ကြတာချည်းမို့ ဦးလေးလှရဲ့ စာပေသုံးသပ်ပြီးများကို ကျွန်တော့်အနေနဲ့ ရေးဖို့က မဟုတ်သေးဘူး။ ဒါမျိုးက မိတ်ဆွေရင်းတွေ၊ စာပေသုတေသီတွေရဲ့ ကိစ္စပဲလို့ အောက်မေ့ရတယ်။
ကျွန်တော့် အဖို့ရာမှာတော့ ဦးလေးလှနဲ့ တွေ့ကြုံ သိကျွမ်းခဲ့တာကလေးတွေကိုပဲ ရေးရမှာ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်လောက် ကျွန်တော်ဟာ စန္ဒာမဂ္ဂဇင်းကို ထုတ်ဝေတော့ စာရေးဆရာကြီးများကို ကန်တော့ပွဲ လုပ်ခဲ့တယ်။ ကျွန်တော့်ကို အကြံကောင်း ဥာဏ်ကောင်းပေးသူကတော့ စာရေးဆရာ သခင်တင်ဦးပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာတော့ သခင်တင်ဦးကပဲ အစစအရာရာ ဆောင်ရွက် ဆော်သြပေးတယ်။ မန္တလေးကိုလဲ သခင်တင်ဦးပဲ ဆက်သွယ်ပေးပြီး ဦးလေးလှနဲ့ ဒေါ်ဒေါ်တို့ရဲ့ တပည့်တဦး ဖြစ်တဲ့ မောင်စွမ်းရည်က အကူအညီပေးပါတယ်။ ရန်ကုန်မှာက ကျွန်တော့်အိမ်မှာပဲ ဆရာကြီးများကို ပင့်ဖိတ်ပြီး ကန်တော့ပါတယ်။ မန္တလေးမှာတော့ ဓမ္မဗိမာန်မှာ စုဝေးကြပြီး ဆရာကြီးများက အကန်တော့ခံပါတယ်။ ဘယ်သူတွေ ပါကြတယ်ဆိုတာကိုတော့ ဟိုစဉ်ကပဲ စန္ဒာမဂ္ဂဇင်းမှာ သခင်တင်ဦးက ဆောင်းပါးရေးပြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အခုဆောင်းပါးဟာ ဦးလေးလှတို့ ဒေါ်ဒေါ်တို့နဲ့ ဘယ်လို စတင်ပြီး ခင်မင်သိကျွမ်းခဲ့ရတယ် ဆိုတာကို ဖော်ပြတာဖြစ်လို့ ကျွန်တော့် ကန်တော့ပွဲအကြောင်းကို အကျယ်ချဲ့ရေးဖို့ မလိုဘူးလို့ပဲ ထင်ပါတယ်။ ဦးလေးလှနဲ့ စာရေးဆရာ ကန်တော့ပွဲ ကျမှပဲ မြင်ဖူး၊ တွေ့ဖူး၊ သိကျွမ်းဖူးတယ်လို့ပဲ ဆိုချင်ပါတယ်။
သခင်တင်ဦးနဲ့ တိုင်ပင်ပြီး ကန်တော့တဲ့ စာရေးဆရာတွေ စာရင်းပြုစုကြရာမှာ ကျွန်တော်က စာပေဂုဏ် အင်္ဂါအရ ပြည့်ဝတဲ့ ဆရာကြီးများကို ပင့်ဖိတ်ဖို့ ပြောပါတယ်။ ဒါကလဲ ဒီလိုပါ။ မြန်မာတယောက်အနေနဲ့က ကြီးသူကို ငယ်သူက ဂါရ၀ပြုမြဲပါ။ ဗုဒ္ဓဘာသာဝင်အနေနဲ့ဆိုရင် ၀ါလကင်းလွတ်တာနဲ့ သက်ကြီးဝါကြီးများကို ကန်တော့နေကျပါ။ ကျွန်တော်က စာရေးတဲ့ သက်ကြီးများကို သီးသန့် ပင့်ဖိတ်ကန်တော့ခြင်း ဖြစ်တော့ ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ စာပေအရာအားဖြင့်လည်း ကန်တော့ထိုက်သူ ဖြစ်ရမယ်လို့ တွေးပါတယ်။ ဟိုစဉ်က ကန်တော့ပွဲမှာ ကျွန်တော်ကန်တော့ချင်တဲ့ စာရေးဆရာများ အကုန်အစင် ပါဝင်တယ်လို့ မဆိုလိုပါဘူး။ တချို့လဲ မကျန်းမာလို့၊ တချို့လဲ ခရီးဝေးရောက်နေကြလို့ မလာနိုင်ကြတာ ရှိပါတယ်။ လာဖြစ်တဲ့အထဲမှာ ဦးလေးလှတို့၊ ဒေါ်ဒေါ်တို့ ပါလို့ ကျွန်တော် ကန်တော့ခွင့် ရခဲ့ပါတယ်။
ကန်တော့ပွဲမှာ ၀ိုင်းဝန်းပြီး ဆုံးမစကား သြ၀ါဒများ ပြောတဲ့အခါမှာ ဦးလေးလှကလဲ ကျွန်တော့်ကို စကားတခွန်းပြောပါတယ်။ စန္ဒာမဂ္ဂဇင်း အမြဲရှင်သန်နေတာကို မြင်ချင်ပါသတဲ့။ ခုထက်ထိ စန္ဒာကို ကျွန်တော် ထုတ်ဝေဆဲမို့ ဦးလေးလှရဲ့ ဆန္ဒပြည့်ဝပါတယ်လို့ ခေါ်ရပါမယ်။ စန္ဒာမှာ ဦးလေးလှတို့ ဒေါ်ဒေါ်တို့ စာပေအင်အားနဲ့ ထောက်ကူပေးကြတာဟာ အများအပြားပါပဲ။ ဒုတိယအကြိမ် ဦးလေးလှနဲ့ ဒေါ်ဒေါ်တို့နဲ့ ထိတွေ့ရတာကတော့ ရန်ကုန်ရောက်တုန်းအခိုက်မှာ ကျွန်တော်က သွားတွေ့တော့ ဦးလေးလှတို့ စာကို စကားပြောလို ရေးတာအပေါ် ကျွန်တော် ဘယ်လိုသဘောရသလဲလို့ ဦးလေးလှက မေးတယ်။ ဒေါ်ဒေါ်ကလဲ ရွှေတလေးခေါ် ကာတွန်း ဦးဘကလေး အကြောင်းရေးထားတဲ့ စာအုပ်တအုပ်ပေးရင်း ကျွန်တော့် ထင်မြင်ချက်ကို တောင်းတယ်။
ကျွန်တော်ဟာ မဂ္ဂဇင်းတစောင် တည်ထောင်ပြီး တည်းဖြတ်ထုတ်ဝေနေသူ တယောက်တော့ ဖြစ်ပါတယ်။ ဆယ့်လေးငါးနှစ်သား ကတည်းက စာရေးလာပြီး ကိုယ့်အထွာနဲ့ကိုယ်တော့ ကိုယ့်အင်အားကလေးနဲ့ ကိုယ် ခုထိ ရေးဆဲ သားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စာပေဟန်၊ စာပေစနစ်တို့နဲ့ ပတ်သက်လို့ကတော့ သုံးသပ်ဖို့ဟာ မရဲသေးဘူး။ လူကြီးတွေ ခွင့်ပေးတဲ့ တိုင်အောင် ကိုယ်က မကျူးလွန်ရဲဘူး။ အဲဒီတော့ ကိုယ့်ဥာဏ် သွားသမျှ စမ်းသပ်ချက်တရပ် လုပ်ကြည့်တယ်။ အဲဒါကတော့ ဒေါ်ဒေါ်ရေးတဲ့ ဦးဘကလေး အတ္ထုပ္ပတ္တိထဲက ဦးဘကလေးဟာ 'ဝေလွင်လွင်' ဇာတ်ကားကို ပင်လယ်ပိုင်းမှာ ဘယ်လိုသွားပြီး ရိုက်ကူးတယ်ဆိုတဲ့ အကြောင်းကို ဒေါ်ဒေါ်ရေးထားတဲ့အတိုင်း တသွေမတိမ်း ဖတ်ပြခြင်းပါဘဲ။ ဖတ်ပြတယ်ဆိုတာလဲ အသံဖမ်းစက် ရှေ့မှာပဲပေါ့။ တိပ်ကြိုးခွေထဲ အသံသွင်း ထည့်လိုက်တာပါ။ ဒေါ်ဒေါ်ရဲ့ ဝေလွင်လွင်ဆောင်းပါးက ဖတ်လို့ ပြောလို့ ကောင်းတယ်။ ဌာန်ရော၊ မာန်ရော၊ ဟန်ပန်ရောပါ အပြည့်ထည့်လို့ရတယ်။ 'ကျောက်ကလပ် လျှောက်ပတ်ပါတဲ့ အဏ္ဏ၀ါ' စတဲ့ ဆရာဟန်ရဲ့ ကဗျာလင်္ကာတွေလဲ ကြားညှပ်ပါတယ်။ အဲဒိတော့ သိပ်ပြီး ရွတ်လို့ ကောင်းတာပေါ့။ ကောင်းပေမယ့် ကျွန်တော်ဟာ သံနေသံထားကလွဲလို့ ကျန်တာ ကိုယ့်ဟာတွေ ဘာမှ ရောမထည့်ဘူး။ ဒေါ်ဒေါ့်စာသားအတိုင်း (စကားပြောသလို ရေးလို့ စကားသား လို့ ပြောရမလား) အဲဒီအတိုင်း အသံသွင်းလိုက်တယ်ဆိုတော့ နားထောင်တဲ့သူများ အရသာတမျိုး ခံစားရအောင်တော့ နောက်ခံတီးလုံးလေး နည်းနည်းပါးပါး ရောစပ်ပေး လိုက်တာပေါ့။ အဲဒီတိပ်ခွေကို ဦးလေးလှတို့ ဒေါ်ဒေါ်တို့ မန္တလေးအပြန်မှာ ထည့်ပေးလိုက်တယ်။ ဦးလေးလှတို့ နီးစပ်ရာဖွင့်ပြပြီး အကြံဥာဏ်ယူပါလို့ပဲ ကျွန်တော် ပြောလိုက်တယ်။
ကျွန်တော်က မန္တလေးကို မကြာမကြာ ရောက်သူ ဖြစ်တယ်။ ဦးလေးလှတို့နဲ့ အသိအကျွမ်း ဖြစ်လာတော့လဲ ဦးလေးလှတို့ရဲ့ အိမ်ကို မန္တလေးရောက်တိုင်းလိုလို ၀င်ဖြစ်လာတယ်။ နောက်တခါ ၀င်တဲ့အခါမှာ ဦးလေးလှက "မောင်ဝင်းဦး လုပ်ပေးလိုက်တာ အတော့်ကို အောင်မြင်ပါတယ်၊ ဦးလေးတို့ ခရီးသွားတဲ့အခါ ယူသွားပြီး ဟောပြေတဲ့နေရာတွေမှာ၊ မိတ်ဆွေတွေ ၀ိုင်းဖွဲ့တဲ့ နေရာတွေမှာ ဖွင့်ပြတယ်။ ကောင်းကောင်း လက်ခံကြတယ်" လို့ ပြောတယ်။ ဒေါ်ဒေါ်ကတော့ သူ့ထုံစံအတိုင်း ပြုံးပြုံးပါပဲ။ ဒါက ဦးလေးလှတို့ ဒေါ်ဒေါ်တို့နဲ့ ပတ်သက်လို့ ကျွန်တော်ခင်မင်ခွင့် ရခဲ့ရာမှာ ဘ၀င်စူးငြိတဲ့ ဆက်စပ်မှုကလေးများပါပဲ။
နောက်တခုကတော့ ကျွန်တော့် ရုပ်ရှင်ရိုက်ကူးမှုနဲ့ ပတ်သက်လို့ပဲ။ ဦးလေးလှနဲ့ စကားစပ်မိတော့ တခါက ဦးလေးလှရဲ့ ဇာတ်လိုက် ချစ်သဲအဖြစ် ကျွန်တော် သရုပ်ဆောင်ခွင့်ရလုနီးနီး ဖြစ်ခဲ့ပုံကို ပြောပြမိတယ်။ ညွန့်မြန်မာရုပ်ရှင်က အဲဒီ ချစ်သဲ အသွင်ကို ကျွန်တော် သရုပ်ဆောင်ရင် ထူးခြားမယ်လို့ ထင်ခဲ့တယ်။ နောက်တော့ အကြောင်းမညီညွတ်လို့ မဖြစ်မြောက်ခဲ့ဘူးပေါ့။ အဲဒါကို သိရတော့ ဦးလေးလှက ဒီလိုသဘောမျိုး တွေ ကမ္ဘာအနှံ့ရော၊ ကိုယ့်တိုင်းပြည်အနှံ့မှာရော ဖြစ်တတ်နေတာပဲတဲ့။ မောင်ဝင်းဦးလဲ စာရေးဆရာတယောက်ပဲ ကိုယ့်ဟာကိုယ် အဲသလို ဇာတ်လမ်းတွေ ဖန်တီးပြီး ရိုက်နိုင်ယင် ရိုက်ပါတဲ့။ ဒါနဲ့ပဲ 'အတွယ်အတာ' ဆိုတဲ့ လူဆိုး သူခိုး လူသတ်သမား ဇာတ်ကားတခုကို ရိုက်ဖြစ်ခဲ့ပါတယ်။
အတွယ်အတာကို ရိုက်တဲ့အခါမှာ မုသာဝါဒနဲ့ ပတ်သက်လို့ ကိုယ်သိချင်တာတွေ အမရပူရက ဆရာတော် အရှင်ဇနကာဘိဝံသထံမှာ ကျွန်တော် လျှောက်ထားမေးမြန်းခဲ့ဖူးတယ်။ ဆရာတော်က ကျွန်တော် လိုအပ်တာကို ဟောပြောပို့ချပြီးတဲ့နောက် ကျွန်တော် သတင်းစာထဲမှာ ကြော်ငြာတဲ့ ကြော်ငြာတခုနဲ့ ပတ်သက်လို့ သြ၀ါဒစကားတခု မိန့်ကြားတယ်။ ကျွန်တော်က ဘယ်လို ကြော်ငြာသလဲဆိုတော့ ကျွန်တော့်ကို မန်းသင်္ကြန်မှာ စောင့်ရှောက်ကြတဲ့ မိဘပြည်သူ ရဟန်းရှင်လူများကို ကျေးဇူးအန္တနဲ့ ရှိခိုးပါတယ်ပေါ့။ ဒါကို ဆရာတော်က ဘုန်းကြီးတွေ လူမှုကိစ္စမှာ ပါဝင်အောင် ရေလာမြောင်းပေး မလုပ်စေချင်ဘူးတဲ့။ တကာ ၀င်းဦးက ဘုန်းကြီးတွေကို ကြည်ညိုတာ ကြည်ညိုပါ။ လူတို့ကိစ္စမှာ ပါဝင်အောင်တော့ မဆွဲဆောင်ပါနဲ့လို့ အမိန့် ရှိပါတယ်။ ဒါကို ကြုံကြိုက်လို့ ဦးလေးလှကို ပြောပြတဲ့အခါ ဆရာတော်ရဲ့ အပြောမှာ ဘ၀င်ကျလှကြောင်း ပြောပါတယ်။ ကျွန်တော့် ဇာတ်ကားကိုလည်း မန္တလေးမှာ ပြတဲ့အခါ ကြည့်ချင်သတဲ့။ ကျွန်တော်က ကိုယ်စားလှယ်နဲ့တော့ စီစဉ်ခဲ့တာပဲ။ ဦးလေးတို့ ဒေါ်ဒေါ်တို့ ကြည့်ဖြစ် မကြည့်ဖြစ်ကိုတော့ ခုထိ မသိရဘူး။
ဦးလေးလှက စာပေနယ်က မည်သူနဲ့တွေ့တွေ့၊ ထိုသူရဲ့ စာပေအကြောင်း မေးတယ်။ သူဖတ်ထားတာ ဆိုယင်လဲ အရသာရှိရှိနဲ့ သုံးသပ်ပြတတ်တယ်။ သူရေးတဲ့ စာတွေကိုလဲ ဘယ်သူပဲ ဖြစ်ဖြစ် ဝေဖန်သုံးသပ်တာကို လိုလားတယ်။ သူက 'အရက်သမားအမှားတထောင်' ဆိုတဲ့ စာအုပ်ကို ရေးတော့ ကျွန်တော်က ဒီခေတ်မှာ ဘိန်းဖြူသမားတွေ အများကြီး ရှိနေပြီ။ ဦးလေးလှ အဲဒါကို သုံးသပ်ကြည့်သင့်ပြီလို့ ပြောတယ်။ ဦးလေးလှက သူ သတိထားမိ ပြီးပါပြီတဲ့၊ အကွက်စေ့စေ့ လေ့လာရဦးမယ်တဲ့။ ပြည့်စုံတဲ့အခါကျတော့ ရေးမှာပါလို့ ပြောတယ်။ တကယ်ပါ ဦးလေးလှရဲ့ 'ဘိန်းဖြူသမား အမှားကမ္ဘာ' စာအုပ်ဟာ ယနေ့အထိ ကျွန်တော်တို့ တိုင်းပြည်မှာ အချက်အလက် အစုံလင်ဆုံး ဖြစ်ပါတယ်။
အဲဒီနောက်တော့ ဦးလေးလှတို့ဆီ သိပ်မရောက်ဖြစ်တော့ဘူး။
စာပေ၀ိုင်းကလေးတွေတော့ မန္တလေးမှာ လုပ်ကြနေလေရဲ့။ မောင်ဝင်းဦး စိတ်ဝင်စားရင် ၀င်ခဲ့ပေါ့လို့ ပြောပေမယ့် မရောက်ဖြစ်တော့ဘူး။ ကိုယ့်ဘ၀ ခိုင်ကျည်ဖို့အတွက် တိုက်ခတ်လာတဲ့မုန်တိုင်းတွေကို ကျွန်တော့်မှာ ကြံ့ကြံ့ခံနိုင်အောင် ကြိုးပမ်းနေရလို့ပဲကိုး။
ဟော ဦးလေးလှ ဆုံးပြီလို့ ကြားတော့ တယ်လီဖုံးတော့ ဆက်ပါရဲ့။ ဒေါ်ဒေါ်မှာ ကိုယ်တိုင် ဖုံးမကိုင်နိုင် ရှာဘူး။ တခြားဧည့်သည်များကို ဧည့်ခံရမှာလဲ ရှိ၊ ဈာပနအတွက် စီမံစရာတွေလဲ ရှိပေသကိုး။ မဂ္ဂဇင်းတွေက အသီးသီး ၀မ်းနည်းကြောင်း ဖုံးဆက်တဲ့အထဲမှာ စန္ဒာကလဲ အမှာစကား ဆင့်လိုက်ရပါတယ်။ နောက်တော့ လူကိုယ်တိုင် ရောက်တော့မှပဲ ဒေါ်ဒေါ့်ကို ၀မ်းနည်းစကား ကိုယ်တိုင် ပြောလိုက်နိုင်ပါတယ်။
ခု ဒီဆောင်းပါးကလေး ကျွန်တော် ရေးနေတဲ့ အချိန်အခါဟာ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးတွေ မြိုင်ပြီးစ အခါပဲ ဖြစ်တယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်ရဲ့ အငွေ့အသက်တွေ မကုန်သေးဘူး။ ဒီလိုအခါမျိုးမှာ ဒီဆောင်းပါးကလေး ရေးဖြစ်တာ သိပ်ဝမ်းသာတယ်။ ဟိုတုန်းက ဦးလေးလှကို အသက်ရှင်စဉ်က လက်နဲ့ ကန်တော့ခဲ့ရတာ။ အခုတခါ ဦးလေးလှ ဘ၀တပါးသို့ ပြောင်းသွားပြီးမှ မိမိရဲ့ စာနဲ့ ကန်တော့ရတာ။ လူလူချင်း မာန်လျှော့ပြီး ကန်တော့တာဟာ ကောင်းမြတ်တယ်လို့ ဆိုပါတယ်။ စာရေးသူ အချင်းချင်း ကန်တော့တာဟာလဲ ကောင်းမြတ်တာပဲ မဟုတ်လား။ ဦးလေးလှက စာရေးဆရာဆိုတော့ စာရေးဆရာတွေ ကန်တော့တာ ခံထိုက်တဲ့ အရည်အချင်းတွေ ရှိလို့ပေါ့။ စာပေအကျိုး သယ်ပိုးခဲ့သူ ဖြစ်လို့ပေပဲပေါ့။ သူရေးတဲ့ စာတွေဟာ စာပေဂုဏ်မြောက် ခဲ့လို့ ပေပဲပေါ့။
ကျွန်တော့ကိုလဲ ရပ်ထဲရွာထဲက တပည့်တပန်းတွေက လာလာပြီး ကန်တော့ကျင့် ရှိလာကြပြီ။ အသက်အရွယ်ကလဲ ရောက်လာပြီကိုး။
ဒါပေမယ့် စာရေးဆရာတယောက်အနေနဲ့ စာရေးသူတွေက လာပြီး ကန်တော့ရလောက်အောင် အခြေတော့ မရောက်သေးဘူး။ ဘယ်တော့မှ ရောက်မယ်လို့လဲ ကိုယ့်ဟာကိုယ် မခန့်မှန်းတတ်ဘူး။ ဒါက ကိုယ့်လုပ်ရပ်ပေါ် တည်ပါလိမ့်မယ်။ လုပ်ရပ်ဆိုတာ ဘာလဲ။ စာရေးတာပဲ ဖြစ်တယ်။
စာရေးတဲ့သူကို တခြားစာရေးတဲ့သူက ဘာ့ကြောင့် ကန်တော့တယ်ဆိုတာကိုတော့ ဦးလေးလှကြောင့် အခု ကျွန်တော် သိလာပါပြီလို့ ဆိုပါရစေ။
ဝင်းဦး
၁၃၄၅ ခု၊ တန်ဆောင်မုန်းလဆုတ် (၃) ရက်။
[လူထုချစ်သမျှ.. လူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ သြဂုတ်၊ ၁၉၈၄ မှ ကူးယူဖော်ပြပါတယ်။]
Subscribe to:
Post Comments (Atom)
2 comments:
Thank you for this post. I would like to call this post as a beautiful essay.
All of us already have great respect on Sayagyi Ludu U Hla.
However, legacy of late actor Win Oo, as a brilliant writer is a little known fact to the current generation of Burmese people.
I wish to read more rare collection of other writers,and thanking you again for keeping Maya alive.
regards,
Sit Mone ( blogger/once upon a time )
ဦဝင်းဦးဟာ ကျနော် ငယ်စဉ်ကတည်းကနှစ်သက်ခဲ့တဲ့ သရုပ်ဆောင် စာရေးဆရာတစ်ဦးပါ ။ သူ့ရဲ့ နောင်အင်းလေး ဆိုတဲ့ စာအုပ်ကို အခေါက် ၂၀ လောက်ဖတ်ဖူးခဲ့ပါတယ် ။ ဒီလို အောင်မြင်ကျော်ကြားခဲ့တဲ့ မဂ္ဂဇင်းကြီးတစ်စောင်ရဲ့ ထုတ်ဝေသူ အယ်ဒီတာတစ်ယောက်ရဲ့ ဂါရဝတရားကို
လေးစားပါတယ်ဗျာ။ လူထုဦးလှ ရဲ့ နှစ်၁၀၀ ပြည့်မွေးနေ့မှာ အမှတ်တရ စီစဉ်တင်ဆက်ပေးတဲ့ မာယာ ကိုလည်း ကျနော်ကျေးဇူးတင်ပါတယ်ဗျာ။
(မာယာ ၏ ပရိတ်သတ် မားဆိုး)
Post a Comment