Monday, June 28, 2010

ယာတောကသာဗျောရဲ့ အဝေးက ပေးစာတစောင်
ရေးသူ- ယာတောကသာဗျော



အဝေးကပေးစာတစောင်

ရွေးကောက်ပွဲခါတော်မီစာစောင်နဲ့ကလောင်ရှင်တွေ
၂၀၁၀ခုနှစ်။ ဇွန်လ ၂၉ရက်။

ကိုဟိုဒင်းရေ-

ကျနော်တို့နိုင်ငံမှာ စစ်အစိုးရကရွေးကောက်ပွဲလုပ်မယ်လို့ ဆိုလိုက်တာနဲ့ ဗမာပြည်မှာ ဂျာနယ်မဂ္ဂဇင်းအသစ်တွေ၊ စာရေးသူတွေ ခါတော်မှီပေါ်လာကြတာရှိသလို နိုင်ငံရေးဆောင်းပါးဆိုတာတွေ အမြောက်အမြားကိုလည်းတွေ့ရ၊ ဖတ်ရ သဗျ။ ဒါဟာမဆန်းတဲ့ဖြစ်စဉ်မို့ ကျနော်လည်းဘာမှမပြောပဲ နေလိုက်မလို့ပါပဲ။ ဒါပေမဲ့ ဒီအဖြစ်ကိုထောက်ပြပြီး တချို့ လူတွေက ဒါကိုကပဲ ဗမာပြည်မီဒီယာမှာ ဒီမိုကရေစီပွင့်လန်းလာတာကို ထင်ဟပ်နေသလိုလို ပြောတာ၊ ရေးတာ၊ အသံ လှိုင်းပေါ်မှာဆွေးနွေးတာတွေကို တွေ့လာရလို့ ကိုယ့်အမြင်လည်းဖော်ပြချင်သလိုလို လက်ယားလာတာနဲ့ ဒီစာကို ရေးလိုက်တာပဲဗျာ။
နိုင်ငံရေးလောကမှာ ဗိုလ်သိန်းစိန်လို လူဝတ်လဲဗိုလ်ချုပ်နိုင်ငံရေးသမားကအစ နိုင်ငံရေးသမားအသစ်၊ အဟောင်း၊ နိုင်ငံရေးသမားဟောင်းသားသမီးစသဖြင့် မျက်နှာသစ် မျက်နှာဟောင်းတွေ အစီအရီပေါ်ထွက်လာသလို ဂျာနယ် မဂ္ဂဇင်းတွေမှာလည်း ကလောင်သစ်၊ ကလောင်ဟောင်း၊ ကလောင်မျိုးစုံပေါ်လာတာကိုတွေ့ရတယ်။ ကလောင်သစ်တွေ ထဲမှာ ကိုယ့်အမြင်ကိုယ်ဖော်ထုတ် ရေးသူတွေတွေ့သလောက်တော့ တွေ့ရပါရဲ့၊ နအဖကရေးခိုင်းတဲ့အတိုင်း၊ ချပေးတဲ့အတိုင်းရေးနေသူတွေကလည်း မနည်းဘူးဆိုတာသတိထားမိတယ်။ အလားတူပဲ တချို့ကလောင်ဟောင်း တွေဟာလည်း နအဖကရေးခိုင်းလို့ စိတ်မသက်သာနဲ့ ရွေးကောက်ပွဲဝင်သင့်ကြောင်းရေးနေရတဲ့ ပုံတွေ့ရတယ်။ စုံသလိုလိုတော့ရှိသပေါ့ဗျာ။ ဒါ့အပြင် သူတို့မပါရင် အစိုးရလက်ရာမမြည်ဘူးလို့ဆိုရမယ့် ခေတ်အဆက်ဆက်က လက်နက်ချပေါင်းစုံရဲ့ “ယခုအထိနဂိုစိတ်ဓာတ်အတိုင်းလက်နက်ချလျက်ရှိကြောင်းပါ”ဆိုတဲ့ ဆောင်းပါးရှင်များလည်း ပါသပေါ့ဗျာ၊ ဒါပေမဲ့ ဘယ်သူတွေ၊ ဘယ်လိုပဲရေးရေး နအဖရဲ့သဘောထားကိုဆန့်ကျင်ပြီးရေးခွင့်မရဘူးဆိုတာကတော့ ထင်အရှားနေသဗျ။

ကျုပ်တို့နိုင်ငံမှာက လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်နဲ့ဟာ အမြွာလိုမွေးလာတာဆိုတော့ အုပ်စိုးသူတွေကအတိုက်အခံ အင်အားစုတွေကို သည်းညည်းမခံတဲ့အလေ့က တပါတည်းပါလာတယ်လို့ ဆိုရမလားမသိဘူး။ ဖဆပလအစိုးရ လက်ထက်မှာ ပြည်တွင်းစစ်ကိုအကြောင်းပြုပီးအပေါ်စီးက နေလာ၊ နိုင်ငံရေးကိုချယ်လှယ်လာတဲ့ နောက်မှာစစ်အုပ်စုတခု ရယ်လို့ ပီပီမြည်မြည်ဖြစ်လာတဲ့ ဗိုလ်နေ၀င်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ရဲ့ ဆိုရှယ်လစ်ပါတီအနွယ် စစ်တပ် ထိပ်သီးတွေဟာ မြ၀တီမဂ္ဂဇင်းကိုထုတ်တာကအစ စာပေလောကကိုဝင်ချယ်လှယ်တဲ့ အစဉ်အလာလုပ်ခဲ့တယ်။ အဲဒီ အစဉ်အလာဟာု မဆလခေတ်မှာ စနစ်တခု၊ အဆောက်အအုံတခုလိုတောင်ဖြစ်လာပြီး ရှေ့သို့၊ လမ်းစဉ်၊ နိုင်ငံတကာ့ ရေးရာ စသဖြင့် ၀ါဒဖြန့်စာစောင်တွေ ထုတ်လိုက်တာ ပလူကိုပျံနေတာပဲမဟုတ်လားဗျာ။ သတင်းစာဆိုရင်လည်း အား လုံးဟာ အစိုးရပိုင်။ မှတ်မိတယ်မဟုတ်လားဗျာ။ စာရွက်တွေဆိုတာလည်း ကောင်းမှကောင်း၊ မင်ကျမင်နကလည်း ထိပ် တန်း၊ ဘလောက်တွေဘုံပေါလအောနဲ့၊ ပြင်ပကြော်ငြာကိုလက်မခံတဲ့ စာစောင်တွေလေဗျာ။ ဌာနတွေ၊ စစ်တပ်တွေကို အလကားပေး၊ ပိဿာချိန်ရောင်းတဲ့နေရာတွေမှာတောင်ပုံရာပုံ။ တိုင်းပြည်ရဲ့အခွန်ငွေတွေကိုထင်သလို လုပ်ခဲ့ကြ တာတွေလေ။ တချိန်တည်းမှာ ကျောင်းသုံးစာအုပ်တွေကတော့ စာရွက်အမျိုးအစားရော၊ မင်ကျမင်နရော ညံ့ဖျင်း စုတ်ပြတ်လာလိုက်တာ ကိုင်ကြည့်ချင်စရာမကောင်းဘူးမဟုတ်လားဗျာ။

အဲဒီ မဆလရဲ့ဝါဒဖြန့်ယန္တရားကြီးထဲမှာ ကိုယ့်ကလောင်၊ ကိုယ့်ဂုဏ်သိက္ခာကိုပုံအောခဲ့ကြတဲ့ စာရေးဆရာကြီးငယ် တွေကိုရော ခင်ဗျားမှတ်မိတယ်မဟုတ်လား။ တချိန်ကလျှမ်းလျှမ်းတောက်ခဲ့တဲ့ သိန်းဖေမြင့်ဆိုတဲ့ ကလောင်နာမည် လိုဟာကအစ ကလောင်ပေါက်စတွေ၊ ယူနီဖောင်းဝတ်ကလောင်၊ အမှုထမ်းကလောင်တွေ အကုန်မြောင်းထဲရောက်ကုန် ရတယ်မဟုတ်လား။ အဲဒီခေတ်ကတည်းက စစ်အစိုးရကိုဖားပြီးရေးတဲ့ တချို့ကလောင်ရှင်တွေ ဒီနေ့ကာလမှာလည်း နအဖကိုဖားပြီးရေးနေကြတာ တွေ့ရပြန်ပါပြီ။ စာဖတ်သူတွေကသူတို့ကို ရွံမုန်းလိုက်ပုံများ အနူအ၀ဲထက်ဆိုးပါတယ်။

ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း။ န၀တလက်ထက်ကျတော့လည်း စစ်အာဏာရှင်တွေဟာ ဒီလမ်းကိုဆက်လျှောက်ခဲ့တာပါပဲ။ ဒီပုဆိုးဝတ်ရင်ဒီချေးပါရတယ်ဆိုတာလို အာဏာရှင်လမ်းလိုက်ရင် ဒီလိုပဲဝါဒဖြန့်ချိရေး ယန္တရားကို အသေဆုပ်ကိုင်ပြီး ငါ့စကားနွားရ လုပ်ရတာပဲနဲ့တူပါတယ်။ စပ်မိလို့ ဘာမှမဝေးသေးတဲ့ကိစ္စတခုကို ပြောရဦးမယ်ဗျာ။ မြက်ခင်းသစ်မဂ္ဂဇင်းဆိုတာကို မှတ်မိမှာပေါ့။ န၀တက အပြတ်ကြမ်းပြ၊ ရမ်းပြနေတဲ့ အချိန်ဆိုတော့ ၀င်ရေးလိုက်ကြတဲ့ လက်နက်ချတွေ၊ ခြံကူးတွေမနည်းပေါင်ဗျာ။ သူတို့လောကမှာ မြက်ခင်းသစ်ထဲ ၀င်မရေးရင် ခေတ်မမီဘူးဆိုတဲ့အဆိုတောင် ရှိနေသလားအောက်မေ့ရတယ်။ တချို့ကတော့လည်း ကျွဲကူးရေပါဆိုသလို မြက်ခင်းသစ် ကနေတဆင် စာပေလောကထဲကို ခွေးတိုးပေါက်ကနေ ၀င်ခွင့်ရသွားမယ်လို့ထင်ခဲ့ကြသတဲ့ဗျ။ နောက်ဆုံးတော့ သူတို့ဘာဖြစ်သွားသလဲ။ ခွေးတိုးပေါက်ဝင်းသူ၊ မြက်ခင်းသစ်စားသူတွေပဲဖြစ်သွားတယ်မဟုတ်လား။ အဲ- မြက်ခင်း သစ်လည်းပျောက်ရော သူတို့ စားကျက်လည်းပျောက်ရောဖြစ်တော့တာပဲလေဗျာ။

ဒီလိုဆိုတဲ့အတွက် နအဖအစိုးရဟာ အဲဒီသင်ခန်းစာတွေကို မယူခဲ့ပါဘူး။ နောက်ကနွားလား စိုက်စိုက်လိုက် တာပါပဲ။ သူတို့လည်း သူတို့ကိုလျှာကုဋေနဲ့ချီးမြှောက်မယ့်ကလောင်ရှင်တွေ မွေးတော့တာပါပဲ၊ အဝေးမှခစားသူနဲ့ အနီးမှ ခစားသူ၊ အမျိုးမျိုးပေါ့ဗျာ။

ဒီတနှစ်လောက်အတွင်း ထွက်လာတဲ့တချို့ဂျာနယ်မဂ္ဂဇင်းတွေကတော့ ဒီရွေးကောက်ပွဲအတွက်တမင်ထွက်လာ တာမှန်း တယ်လဲသိသာသကိုး၊ နောသင်းစတားတို့၊ မော်နီတာတို့ဆိုတာတွေကို ကျနော်တော့ နအဖရဲ့မြက်ခင်းသစ်တွေ လို့ပဲဆိုလိုက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂျာနယ်တွေထဲမှာ တခြားနိုင်ငံရေးနဲ့မပတ်သက်တဲ့ဆောင်းပါးတွေပါပေမဲ့ အဓိကအားဖြင့်ကတော့ ဖဆပလ၊ ဗကပအပါ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံအားလုံးကို တိုက်ခိုက် တာပဲဗျ။ ဖဆပလဆိုရာမှာ စစ်အုပ်စုကိုထောက်ခံအားပေးခဲ့တဲ့ တည်မြဲဖဆပလကိုတော့ ညှာညှာတာတွယ်သဗျ။ ပထစ ကိုတော့ ရစရာမရှိအောင်တွယ်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ချမ်းသာမပေးဘူး၊ ဟိုတခေတ်ကရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားတွေဘယ်လိုညစ်တယ်၊ စစ်တပ်ကိုဆွဲထည့်တယ်၊ ဒါပေမဲ့စစ်တပ်က ကင်ကင်းနေတယ် စသဖြင့်ပေါ့ဗျာ။ စစ်တပ်ကပါဝင်ပြီး သတ်ခဲ့တာ၊ ခြိမ်းခြောက်မဲထည့်ခိုင်းခဲ့တဲ့ ကိစ္စတွေကိုတော့ သူတို့ကမရှိဖူးလေဟန် ဖျောက်ထားကြတယ်လေဗျာ။ ကိုယ့်ပစပ်ကထွက်တာဟာသမိုင်းပဲလို့ လုပ်နေကြတဲ့ အဲဒီအထဲက တချို့သောဆောင်းပါးရှင်တွေဟာ ထောက်လှမ်းရေးအဆက်ဆက်က သိမ်းဆည်းထားတဲ့ ဖိုင်တွဲတွေထဲကဟာတွေကို ပြန်ထုတ် အသုံးချနေတာကိုလဲတွေ့ရတယ်။ ထောက်လှမ်းရေးဖိုင်ကို ဖွင့်ကြည့်နိုင်တဲ့ကလောင်ရှင်ဆိုတာဟာ ဘယ်လိုလူ ဖြစ်မလဲ စဉ်းစားသာကြည့်ပေတော့ မိတ်ဆွေကြီးရေ့။

ဒီလိုနဲ့ တခါမတော့ အဲဒီလိုအတိတ်ကိုလှန်၊ နိမိတ်ကိုကြံဖန်ပြီးရေးနေကြတဲ့ ဆောင်းပါးတခုကိုဖတ်ရင်း ကျနော် ပြုံးမိသွားတယ်။ အဲဒါက ဆရာစံအကြောင်းရေးတယ်ဆိုပြီး ကိုလိုနီအင်္ဂလိပ်ကို (လက်ရှိအင်္ဂလိပ်အစိုးရကို အမြီး၁ရှိတဲ့ ကောင်တွေရိပ်မိကြလို့ပြောရင်း) အပုပ်ချတာပေါ့ဗျာ။ ထုံးစံအတိုင်း အင်္ဂလိပ်ကိုအသားကုန်ဆော်တာပဲ။ နို့ပေမဲ့ ပြဿနာက သူတို့ဂျာနယ်ရဲ့နာမည်လေဗျာ။ ဗမာပြည်ကထုတ်တဲ့ ဗမာဘာသာဂျာနယ်ရဲ့နာမည်က အင်္ဂလိပ်လိုကြီးလေ။ မိုက်တယ်နောကိုဟိုဒင်း။ သူများကျတော့ နယ်ချဲ့ကိုအဖေခေါ်တာတို့၊ နယ်ချဲ့ယဉ်ကျေးမှုကိုအထင်ကြီးတာတို့ ပုဒ္မမျိုးစုံ တပ်ပြီးတွယ်တယ်။ ကိုယ်တိုင်ကတော့ အောက်သွားမရှိဘူးလေ။

ဒီတခေါက်ဒါလောက်ပဲရေးဦးမယ်ဗျာ။ နောင်ရေးစရာတွေ့ရင် ထပ်ရေးပါဦးမယ်။

ဘယာဘေးကွာဝေးကြပါစေ။

ယာတောကသာဗြော

Wednesday, June 9, 2010

တံဆိပ်တပ်တဲ့ ၀ါသနာ
ရေးသူ- လူထုစိန်ဝင်း




တပည့် ကျောင်းသားဟောင်းတယောက်က နယ်မှာ ကျောင်းဆရာ လုပ်ပါတယ်။ သူ့ကျောင်းက စာကြည့်တိုက်အတွက် အလှူခံလို့ စာအုပ်တချို့နဲ့ ဂျာနယ်များ လှူလိုက်ပါတယ်။ လှူတဲ့အထဲမှာပါတဲ့ ဂျာနယ် တစောင်ကိုတွေ့တော့ သူက အံ့သြတဲ့ မျက်နှာပေးနဲ့ 'ဒီဂျာနယ်လည်း ဖတ်တာပဲလား ဆရာ' လို့ မေးလိုက် ပါတယ်။ ပြီးတော့ တဆက်တည်း 'ဆရာနဲ့ အယူအဆ ပြဒါးတလမ်း၊ သံတလမ်း မဟုတ်လား' လို့လည်း ပြောလိုက်ပါသေးတယ်။


မတူတာ ပိုဖတ်သင့်တယ်

သူပြောတဲ့ ဂျာနယ်နဲ့ အယူအဆချင်းက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက် ခြားနားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အယူအဆတူတဲ့ စာမျိုးထက် မတူတဲ့ စာမျိုးကို ပိုတောင်ဖတ် သင့်တယ် ထင်ပါတယ်။ မတူတဲ့ ရှုထောင့်ကကြည့်တဲ့ မတူတဲ့ အမြင်ကနေ ပေါ်ထွက်လာတဲ့ မတူတဲ့ အတွေးတွေ၊ မတူတဲ့ အကြံအစည်တွေကို သိရတာ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်ဘူးလား။ ကိုယ်နဲ့ အကြိုက်ချင်း မတူတာနဲ့၊ အယူအဆချင်းမတူတာနဲ့ မကောင်းဘူး၊ မမှန်ဘူးလို့ သဘောမထားအပ်ပါဘူး။ အယူအဆ မတူပေမယ့် ကိုယ်ကျိုးစီးပွါးနဲ့ ရပေါက်လမ်း အခွင့်အရေးကို မျှော်ကိုးပြီးရေးသားတာမျိုး မဟုတ်ဘဲ သူ ကိုယ်တိုင် အမှန်တကယ် ယုံကြည်လို့ ရေးတာမျိုးဆိုရင် ဘယ်လောက်ပဲအယူအဆ ကွဲနေနေ တလေးတစား သဘောထား ရမှာပဲ။ စာကိုသာ မဟုတ်ဘူး။ လူကိုလည်း လေးစားရမှာပဲ ဖြစ်တယ်။ ကိုယ့်အတွက် ရပေါက်ရလမ်း အကျိုးအမြတ်ကို မျှော်ကိုးပြီး ရေးတဲ့သူနဲ့ သူရေးတဲ့ စာကိုတော့ သိဖို့လောက်သာ ဖတ်ပြီး လေးစားစရာ မလိုပါဘူး။ လေကုန်ခံပြီး ပြောနေစရာလည်း မလိုပါဘူး။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းလွန်မြောက်လာခဲ့ပြီး အဖြစ်မျိုးစုံ ကြုံတွေ့ဘူးတဲ့ မြန်မာစာဖတ်ပရိသတ်က အင်မတန် အကင်းပါးပါတယ်။ 'ပါးစပ်ဟလိုက်တာနဲ့ အထဲမှာ အူဘယ်နှခွေရှိတယ်' ဆိုတာ ကောင်းကောင်းမြင်တတ်ပါတယ်။ စာဖတ်ပရိသတ်က အလေ့မလုပ်တော့ လို့ စာပေသင်္ချိုင်းကို အသက်ရှင်လျက် ရောက်သွားတဲ့သူတွေ ခေတ်အဆက်ဆက်မှာ မနည်းလှပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတာ စာရေးဆရာမှ တကယ်ဟုတ်တာ။

သမိုင်းရဲ့ အမှိုက်ပုံကြီးထဲ ရောက်သွားသူတွေ

နိုင်ငံရေးသမား အပြောမှားတာက ငြင်းလို့ရသေးတယ်။ နောက်မှ ပြင်ပြောလို့ ရသေးတယ်။ 'ကျွန်တော်က ဒီအဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး' လို့ ထေးလို့ ရသေးတယ်။ ဒါတောင်မှ သွေးနထင် အရောက် လွန်ပြီး နှုတ်မစောင့်စည်းမိတာကြောင့် မနက်ကတင် ဟီးရိုး ဖြစ်နေရာက ညနေကျတော့ ချက်ချင်းကြီး ဗီလိန်ဘ၀ ရောက်သွားပြီး ပရိသတ်ရဲ့ ရွံ့ရှာ ပစ်ပယ်ခြင်းခံလိုက်ရတဲ့ သာဓကတွေလည်း ရှိသေးတယ်။ နှုတ်ကြောင့် သေတဲ့ အဖြစ်ပေါ့လေ။ စာရေးဆရာကျတော့ စာရွက်ပေါ်မှာ အဖြူအမည်းနဲ့ မှတ်တမ်းတင် ကျန်ရစ်ခဲ့တာဆိုတော့ လိမ်လို့လည်း မရ၊ ငြင်းလို့လည်း မရတော့ဘူး။ ဒီလိုနဲ့ပဲ စာအရေးအသား အင်မတန်ကောင်းပြီး စာကောင်းတချို့ ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာ အတော်များများ 'သမိုင်းရဲ့ အမှိုက်ပုံကြီး' ထဲ ရောက်ရှိသွားတာမျိုးတွေလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးများရဲ့ စိတ်ယဉ်ကျေးမှု အထက်တန်းကျပုံက မှားခဲ့မိတာကို အမှန်တကယ်သိမြင်ပြီး ရိုးသားစွာနဲ့ မှားခဲ့မိကြောင်း တောင်းပန်ပြုပြင်လိုက် ရင်ဖြင့် အာဃာတ လုံးဝမထားတော့ဘဲ ခွင့်လွှတ်လက်ခံ ဆက်ဆံနိုင်ကြတာပဲ ဖြစ်တယ်။ အမှန်တကယ် ရိုးသားတယ်လို့ ယုံကြည်ဖို့သာ လိုပါတယ်။

တံဆိပ်တပ်တဲ့ ၀ါသနာ

'ကျွန်တော်တော့ ဒီဂျာနယ်လည်းမဖတ်ဘူး၊ ဟို စာရေးဆရာလည်း မဖတ်ဘူး။ သူတို့က အလိုတော်ရိ တွေမှန်း သိသာနေတာပဲ ဆရာရဲ့'
ကျောင်းသားဟောင်း ဆရာလေးက သူ့အမြင်၊ သူ့သဘောထားကို ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ဒါက စာဖတ်ပရိသတ်ရဲ့ အခွင့်အရေးပဲလေ။ ကြိုက်တာကို ဖတ်မယ်၊ မကြိုက်တာကို မဖတ်ဘူးပေါ့။ စာနယ်ဇင်းသမား ကျတော့ စာဖတ်ပရိသတ်လို ရွေးချယ်ခွင့် မရှိဘူး။ ကြိုက်လည်း ဖတ်၊ မကြိုက်လည်းဖတ်ပဲ။ မကောင်းတာကို လည်း ဘာက ဘယ်လို မကောင်းတာလဲဆိုတာကို စာဖတ်ပရိသတ်အတွက် ပြောဖို့ လိုအပ်တဲ့အခါ ပြောနိုင်ဖို့အတွက် ဖတ်ရတာပဲ။ ဆရာလေးပြောတဲ့ ဂျာနယ်ရဲ့ အယူအဆတွေဟာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ယုံကြည်မှုပဲ။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်နဲ့ မတူတာနဲ့ဘဲ မမှန်ဘူး။ မကောင်းဘူးလို့ ဘယ်ပြောလို့ ရမှာလဲ။ ကိုယ်က သူ့ကို မှားတယ်လို့ပြောရင် သူကလည်း သူမှန်ပြီး ကိုယ်မှားတယ်လို့ ပြန်ပြောမှာပဲလေ။ အယူအဆ ဘယ်လိုကွဲကွဲ သူတို့ ဂျာနယ်ဟာ ဂျာနယ်ကောင်းတစောင်ပဲ။ လူပြိန်းကြိုက် သည်းခြည်ခိုက် စာတွေနဲ့ စာဖတ်ပရိသတ်ကို မစော်ကားဘူး။ ပြီးတော့ သတင်းတွေလည်း စုံတယ်။ တင်ပြပုံ တင်ပြနည်းတွေလည်း ကောင်းတယ်။ သိက္ခာရှိပါတယ်လို့ တပည့်ဟောင်းကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့ ဘယ်သူ့ကိုဖြစ်ဖြစ် အလွယ်တကူ 'တံဆိပ်တပ်' တာမျိုး မလုပ်ဖို့လည်း ပြောလိုက်ရပါသေးတယ်။ 'အလိုတော်ရိ' လို့ သူက ပြောခဲ့တာကိုး။

တံဆိပ်တိုင်း မှန်တာမဟုတ်

'တံဆိပ်တပ်' တဲ့အလုပ်ကို ကျွန်တော်တို့လူမျိုးက အတော်ဝါသနာပါပုံ ရပါတယ်။ သူက လက်ဝဲသမားပဲ။ လက်ယာသမားပဲ၊ အချောင်သမားပဲ၊ ပရိုပဲ၊ အင်န်တီပဲ၊ ဂန္ထ၀င်တွေပဲ၊ ပို့စ်မော်ဒန်သမားပဲ၊ အရက်သမားပဲ၊ ဆေးသမားပဲ၊ လမ်းသရဲပဲ၊ ပုံစံခွက်သမားပဲ၊ တိုးတက်တဲ့သူပဲ၊ ဖောက်ပြန်တဲ့သူပဲ စတဲ့ စတဲ့ အခေါ်အဝေါ်တွေ၊ 'တံဆိပ်' တွေ မနည်းပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တခု၊ တဆင့်ကြားစကားတခု၊ ကောလဟလတခုကို အခြေပြုပြီး အလွယ်တကူ တံဆိပ်တပ်ပေးလိုက်ကြတာပါပဲ။ အသက် ၇၀ တန်း ရောက်နေပြီဖြစ်တဲ့ ကိုယ်တွေ့အရ ပြောရမယ်ဆိုရင် အဲဒီလို 'တံဆိပ်တပ်'မှု အတော်များများဟာ လုံးဝမမှန်တာတွေ ဖြစ်တယ်ဆိုတာ ပါပဲ။ လူတော်တော်များများက လက်ဝဲသမားပဲ၊ ကွန်မြူနစ်ပဲ၊ မတ်ဝါဒီပဲလို့ 'တံဆိပ်တပ်' ပေးထားကြသူ အများစုဟာ လုံးဝ လက်ဝဲတွေမဟုတ်၊ ကွန်မြူနစ်ဝါဒီတွေ မဟုတ်ဘူးဆိုတာကို နောက်ပိုင်း သူတို့ရေးတဲ့ နိဗ္ဗိန္ဒစာတွေ ဖတ်ရတော့ သိသာလာကြရတာပဲ။ လူတွေက သူရဲကောင်းကြီးပဲ၊ ဒါမှမဟုတ် သူတော်ကောင်းကြီးပဲလို့ 'တံဆိပ်တပ်' ပေးခဲ့ကြသူ တချို့ဟာလည်း နောက်ပိုင်းကျတော့မှ 'တံဆိပ်တပ်' ထားသလို မဟုတ်ကြောင်း ပေါ်လာကြရတာပဲ။ ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အင်မတန်ဆိုးတဲ့ 'တံဆိပ်' တမျိုးကို နေ့စဉ်လိုလို ကြားနေခဲ့ရပါတယ်။ အင်ဖော်မာ (informer) ဆိုတဲ့ တံဆိပ်ပါ။ တဦးတယောက်ကို ကိုယ့်စိတ်က မသင်္ကာဖြစ်လာတာနဲ့ သူက 'အင်ဖော်မာ' ပဲ၊ 'သတင်းပေး' ပဲလို့ တံဆိပ်တပ် ပေးလိုက်တော့တာပါပဲ။

လွယ်လွယ်တံဆိပ်မတပ်နဲ့

ထောင်ထဲမှာ အကြာကြီး နေခဲ့ဖူးလေတော့ အများက 'သူရဲကောင်း' လို့ တံဆိပ်တပ်ပေးထားသူတွေ တကယ်တမ်းကျတော့ 'အင်ဖော်မာ' ဖြစ်လိုဖြစ်၊ အများက 'အင်ဖော်မာ' တံဆိပ်တပ်ပေးထားသူက အမှန်တကယ် ရိုးသားသူ ဖြစ်လိုဖြစ် ဆိုတဲ့ အဖြစ်မျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကိုယ်က သူရဲကောင်းထင်သူက အင်ဖော်မာ ဖြစ်နေခြင်းဟာ ကိုယ့်အတွက် အခိုက်အတန့်သာ ထိခိုက်တာ ဖြစ်ပေမယ့် ရိုးသားသူတွေကို အင်ဖော်မာ တံဆိပ်တပ်လိုက်တဲ့အတွက် အတပ်ခံရသူရဲ့ တဘ၀လုံး ထိခိုက်သွားပြီး ရောက်လေရာအရပ်မှာ လူတကာက သံသယမျက်လုံးနဲ့ ကြည့်တာကို ခံသွားရလေ့ ရှိပါတယ်။ အဲဒါကြောင့် တဖက်သားကို လက်လွတ်စပယ်နဲ့ 'တံဆိပ်တပ်' တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တခုခု မသိုးမသန့် ဖြစ်နေရင် တိတ်တဆိတ် စောင့်ကြည့်၊ အကဲခတ်သင့်ပါတယ်။ ကိုယ်တိုင် အခိုင်အမာ အသေအချာ သိတာမျိုး မဟုတ်ပဲနဲ့ တခြားသူကို ထုတ်မပြောသင့်ပါဘူး။ ရိုးသားသူတယောက်ကို မှားပြီး စွပ်စွဲမိရင် သူ့ခမျာ တဘ၀လုံး ခေါင်းမဖော်ရဲ၊ လူတောမတိုးရဲ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ကိုယ်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်ရတတ်ပါတယ်။
အဲ.. တချို့ကျတော့ သူများက တံဆိပ်တပ်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တံဆိပ်တပ်ကြတာ ဖြစ်တယ်။ ဒီလူမျိုးကိုတော့ 'လူပြောမသန်၊ လူသန်မပြော' လို့ပဲ သဘောထားလိုက်ပါတယ်။ သူတော်စင်များဟာ ကိုယ့်ကိုယ်ကို ရဟန္တာပဲ၊ အနာဂမ်ပဲ၊ သောတာပန်ပဲလို့ ထုတ်ဖော်မြွက်ကြားလေ့ မရှိဘူးလို့ မှတ်သားရဖူးပါတယ်။ 'ကိုယ့်ကိုကိုယ်ဖော် မသူတော်' ဆိုတဲ့ ရှေးလူကြီးသူမတို့ စကား အရှိသားမဟုတ်လား။

လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဧပြီ ၂၀။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]

ယဉ်ကျေးချင်ရင် သမိုင်းသင်
ရေးသူ- လူထုစိန်ဝင်း




ဒီခေတ် လူငယ်တွေက သမိုင်းစာအုပ်မြင်ရင် နှာခေါင်းရံှု့တတ်ကြတယ်။ အဟောင်းအမြင်းတွေ ပြန်လှန်နေလို့ ဘာအကျိုး ရှိမှာလဲ၊ လက်ရှိဖြစ်နေတာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်။ သူတို့က အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်တာကိုလည်း မကြိုက်ကြဘူး။ စိတ်ကူးယဉ်နေလို့၊ အိပ်မက်တွေ မက်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာကိုပဲ လုပ်လို့ ဆိုကြတယ်။


ရှေးလူကြီးတွေ အိပ်မက်မက်လို့

အဲဒီလို ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာပဲလုပ်လို့ ဆိုတာကို သူတို့က လက်တွေ့ကျတယ်လို့ ပြောကြတယ်။ သူတို့ 'အာတွေ့' နေတဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ပရတ်မားတစ် (pragmatic) ဖြစ်တယ်ပေါ့လေ။ သူတို့ဟာ သူတို့တော့ ဟုတ်တယ်ထင်နေတာပေါ့။ ဒါပေမယ့် အဲဒီ 'ပရတ်မားတစ်' ဖြစ်တယ်၊ လက်တွေ့ကျတယ်ဆိုတဲ့ စကားက ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း လက်ခံလိုက်တယ်ဆိုတဲ့ သဘောမှ မဟုတ်တာ။ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ရှုမြင်၊ အဖြေကို အမှန်အတိုင်းသိအောင်လုပ်၊ ပြီးမှ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကိုလုပ်လို့ ဆိုလိုတာ ဖြစ်တယ်။ အရှိကို အရှိအတိုင်း ကျေနပ်နှစ်သိမ့်နေလိုက်မယ်ဆိုရင် တိုးတက်ပြောင်းလဲမှုဆိုတာ ဘယ်လိုလုပ် ရှိလာမှာလဲ။ ကျောက်ခေတ်အခြေအနေအတိုင်း ဂူအောင်းပြီး သားစိမ်း၊ ငါးစိမ်းပဲ စားနေရတော့ မှာပေါ့။ ရှေးလူကြီးတွေက စိတ်ကူးယဉ်အိပ်မက်တွေ မက်ခဲ့ကြလို့သာ လူသားတွေ ဒီအခြေအနေ၊ အဆင့်အတန်း ကို ရောက်ရှိနေကြတာ မဟုတ်ဘူးလား။

သမိုင်းဟာ ဒဿနပဲ

'သမိုင်းဆိုတာ ဖြစ်စဉ်နမူနာတွေပြပြီး သင်ကြားပေးတဲ့ ဒဿနိကဗေဒ ဖြစ်တယ်'
ရှေးခေတ် ဂရိသမိုင်းပညာရှင်ကြီး Thucydides ပြောခဲ့တဲ့အတိုင် သမိုင်းကို လေ့လာခြင်းဟာ တွေးခေါ် ဆင်ခြင်ခြင်းပညာရပ်ကို လေ့လာခြင်း ဖြစ်ပါတယ်။ လူမှန်ရင် ကိုယ်ပိုင် အတွေးအခေါ်၊ ဒဿနတခု ရှိရပါမယ်။ ဒဿနဆိုတာ သမိုင်းကို လေ့လာမှု မပြုဘဲ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာကို တန်ဖိုးထားသူတိုင်း သမိုင်းကို ပစ်ပယ်လို့ မဖြစ်ပါဘူး။ အတိတ်ကို ပစ်ပယ်ခြင်းဟာ အသိဥာဏ်တံခါးကို ပိတ်ပစ်လိုက်ခြင်းပဲ ဖြစ်တယ်။
'သမိုင်းဆိုတာ တိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်'
လူတချို၊ အထူးသဖြင့် အမေရိကန်တချို့က အဲဒီလို ပြောလေ့ရှိပါတယ်။ ယဉ်ကျေးမှုသမိုင်းကြောင်း ထောင်ချီရှိခဲ့တဲ့ ဥရောပကို နောက်မှပေါ်လာတဲ့ ရွှေကြာပင် အမေရိကန်က အပြတ်အသတ် ကျော်ဖြတ်ပြီး စူပါ ပါဝါ နိုင်ငံကြီး ဖြစ်သွားတာကို ထောက်ပြကြပါတယ်။ ဥရောပက သမိုင်းကို သိပ်ဖက်တွယ်ထားလို့ နောက်ကျ ရတာ လို့လည်း ပြောကြတယ်။

အောက်ဆုံးတန်းမှာ တနေရာ

စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နည်းပညာတို့မှာ အမေရိကန်က ကမ္ဘာပေါ်မှာ 'နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ်' ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် 'စိတ်ယဉ်ကျေးမှုအရာ' မှာတော့ ဥရောပနဲ့ပဲ ယှဉ်ယှဉ်၊ အာရှနဲ့ပဲ ယှဉ်ယှဉ် အောက်ဆုံးတန်းတနေရာမှာ ရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မူးယစ်ဆေးဝါးပြဿနာ၊ ဒုစရိုက်လုပ်ငန်းကြီးတွေ ပြဿနာ၊ ရာဇ၀တ်မှုခင်းကြီးများ ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ပြဿနာ၊ လင်မယားကွာရှင်းမှုနှုန်း မြင့်သထက်မြင့်နေတဲ့ ပြဿနာ၊ လမ်းပေါ်မှာ သေနတ်ကိုင် ရမ်းကားမှုပြဿနာ စတဲ့ စတဲ့ လူမှုရေး ကူးစက်ရောဂါ ဆိုးကြီး မှန်သမျှ အမေရိကန်က စခဲ့တာချည်းလို့ ပြောရင် မမှားပါဘူး။ ဒီနေ့ထိ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ အမေရိကန်လောက် မဆိုးသေးပါဘူး။ အီရတ်တို့၊ အာဖဂန်နစ္စတန်တို့မှာ စစ်ပွဲကြီးတွေသာ ဖြစ်နေတာ လူသားတွေရဲ့ အကျင့်စရိုက် ပျက်စီးမှုမှာတော့ အမေရိကန်လို ကြီးကြီးမားမား မရှိပါဘူး။ အဲဒါကြောင့် သမိုင်းမရှိရင် ယဉ်ကျေးမှုမရှိဘူးလို့တောင် ပြောလိုက်ချင်ပါတယ်။

ဝတ္ထုဟာ သမိုင်းမဟုတ်

သမိုင်းဟာ သိပ်ကို အရေးကြီးပါတယ်။ ပစ်ပယ်လို့ လုံးဝ မဖြစ်ပါဘူး။ လူတွေ ယဉ်ကျေးမှုဖို့ သမိုင်းကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါပေမယ့် စနစ်တကျ လေ့လာတတ်ဖို့တော့ လိုပါတယ်။ တချို့က သမိုင်းနောက်ခံ ၀တ္ထုတွေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို သမိုင်းလို့ ထင်မှတ်နေတတ်ပါတယ်။ ဒါတွေဟာ သမိုင်း လုံးဝ မဟုတ်ပါဘူး။ သမိုင်းနောက်ခံဝတ္ထုဟာ ၀တ္ထုသာ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ အတ္တနောမတိနဲ့ ရေးဖွဲ့ထားတာ ဖြစ်လို့ အဖြစ်အပျက်တွေမှာ ပုံကြီးချဲ့တာ၊ မှေးမှိန်ဖျောက်ဖျက်ပစ်တာတွေ (အနုပညာသဘောလိုအပ်ချက်အရ) ပြုလုပ်ရပါတယ်။ ဒါကြောင့် အဖြစ်မှန်တွေလို့ မယူဆသင့်ပါဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနဲ့ ကိုယ်ရေးမှတ်တမ်း ဆိုတာတွေဟာလည်း အားကိုးထိုက်တဲ့ အထောက်အထား မဖြစ်နိုင်ပါဘူး။

အတ္တနောမတိ လွှမ်း

ဘာကြောင့် ဒီလို ယတိပြတ် ပြောသလဲဆိုတော့ ကမ္ဘာမှာ အင်မတန်ကျော်ကြားတဲ့ 'ဆာဝင်စတန်ချာချီ' ရဲ့ ကိုယ်ရေးမှတ်တမ်းလို စာအုပ်ကြီးမှာတောင် ကိုယ်ရည်သွေးတာတွေနဲ့ သူများကို လက်ညှိုးထိုးတာတွေ ပြည့်နှက်နေအောင် တွေ့ရတာကြောင့် ဖြစ်တယ်။ မြန်မာပြည်မှာ ဖတ်ရတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေနဲ့ ကိုယ်ရေးမှတ်တမ်း အများစုကလည်း အတ္တနောမတိ လွှမ်းမိုးတာ များပါတယ်။ တချို့ ခပ်ညံ့ညံ့ လူတွေ ရေးတဲ့ မှတ်တမ်းတွေဆို အပြစ်မှန်သမျှ သူများအပေါ် ပုံချပြီး 'ငါလိုလူ ဇမ္ဗူမှာမရှိ' ဆိုတာမျိုးတွေ ချည်းပါပဲ။ အဲဒီလို စာအုပ်မျိုးတွေ ဖတ်ပြီး သမိုင်းလို့ ထင်မှတ်ရင်တော့ အချည်းနှီးဖြစ်ရုံမကပါဘူး။ လူကောင်းကို လူဆိုးထင်ပြီး မသူတော်ကို လူကောင်းကြီး မှတ်ပြီး ကိုးကွယ်ဆည်းကပ် သွားစေတတ်တဲ့ အန္တရာယ်တောင် အကြီးကြီး ရှိပါတယ်။

သမိုင်းဆရာမှ စိတ်ချရ

အဲဒါကြောင့် စနစ်တကျ လေ့လာမှုဟာ ဘယ်နေရာမှာမဆို အရေးကြီးပါတယ်။ မူရင်းကျမ်းကြီး ကျမ်းခိုင်တွေကို မဖတ်ဖူးဘဲနဲ့ နိဒါန်းလို၊ မိတ်ဆက်လို၊ အနှစ်ချုပ်လို စာအုပ်လောက်ဖတ်ပြီး 'ဂုရုကြီး' ယောင်ဆောင်၊ လူတွင်ကျယ် လုပ်ခဲ့ကြသူများကြောင့် မြန်မာ့နိုင်ငံရေး ရေစုန်မျောခဲ့ရတာ နှစ်ပေါင်း ၆၀ တောင် ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ လေ့လာဖို့ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ သမိုင်းကို စနစ်တကျ လေ့လာမယ်ဆိုရင် စနစ်တကျ လေ့လာသင်ကြားထားတဲ့ သမိုင်းပညာရှင်များရေးတဲ့ စာအုပ်တွေကို ဖတ်ရပါမယ်။ သမိုင်းပညာရှင်ကမှ ဘယ်လိုအချက်အလက်မျိုးက ခိုင်မာမှုရှိတယ်၊ ဘယ်လိုအချက်အလက်မျိုးက စိတ်မချရဘူး။ မယူဆသင့်ဘူးဆိုတာ စနစ်တကျ လေ့လာသင်ယူထားတာ ဖြစ်တယ်။ စာရေးဆရာတွေ ရေးတဲ့ စာအုပ်က ရသ ကဲသလို နိုင်ငံသမားတွေ ရေးတဲ့ စာအုပ်က ကိုယ်ရည်သွေးတွေ များလွန်းပါတယ်။ ပြီးတော့ ဘယ်ဟာက တန်ဘိုးရှိတဲ့ အချက်အလက်၊ ဘယ်ဟာက အမှိုက်သရိုက်ဆိုတာကို စနစ်တကျ လေ့လာသင်ယူထားတာ မဟုတ်လို့ စိတ်မချရပါဘူး။

ဇေယျာဆုပ် ခေါ်စေ

နန်းမတော်မယ်နု တန်ခိုးထွားစဉ်အခါက စစ်ကိုင်းကလုပ်တဲ့ 'အနုဆုပ်' ဆိုတဲ့ မုန့်တမျိုးကို 'နု' ပါနေလို့ မခေါ်ရဘူး။ 'ဇေယာဆုပ်' လို့ ခေါ်ခိုင်းတယ် ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် စနစ်တကျ သမိုင်းလေ့လာရေးဟာ အင်မတန် အရေးကြီးတယ်လို့ ထပ်လောင်းပြောလိုက်ပါရစေ။ စာရေးဆရာတွေနဲ့ နိုင်ငံသမားတွေ ရေးတဲ့ မှတ်တမ်းတွေဟာ စိတ်ချရတဲ့ သမိုင်းမဟုတ်ဘူးလို့လည်း သတိပြုစေချင်ပါတယ်။

လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၂၄။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]

Monday, June 7, 2010

မြန်မာတွေ ယဉ်ကျေးမှုနိမ့်ကျသေးတယ်တဲ့လား
ရေးသူ- လူထုစိန်ဝင်း




ရန်ကုန်မှာ ရွှေဆိုင်ဖွင့်ထားတဲ့ ကျောင်းသားတပည့်ဟောင်းတယောက် သီတင်းကျွတ်လပြည့်နေ့က ချောကလက်တဘူး၊ ရှပ်အင်္ကျီတထည်နဲ့ လာကန်တော့ပါတယ်။ သော့ချိတ်ကလေးတခု ပါတာကြောင့် စင်ကာပူက ပြန်လာတာလားလို့ မေးလိုက်တော့ သူ့ဇနီးနဲ့အတူ သွားလည်တာ တလကြာခဲ့တယ်လို့ ပြောပါတယ်။


ချီးမွမ်းခန်း ဖွင့်မဆုံး

'လေယဉ်ကွင်းထဲဆင်းဖို့ ၀ဲနေကတည်းက တအံ့တသြ ဖြစ်ရတော့တာပါပဲ။ တမြို့လုံး ၀င်းထိန်နေလိုက် တာများ လေယာဉ်ပေါ်ကနေ ကြော်ငြာဆိုင်းဘုတ်တွေကိုတောင် လှမ်းပြီးဖတ်လို့ရမလား ထင်ရတယ်ဗျ'
နိုင်ငံခြားခရီးကို ပထမဆုံးရောက်ဖူးသူတို့ ထုံးစံအတိုင်း သူက စင်ကပူသားတွေ စည်းကမ်းရှိပုံ၊ မြို့ကြီးသန့်ရှင်းပုံ၊ ကားတွေ၊ ရထားတွေ စီးရတာ ညက်ညောပုံ စတဲ့ချီးမွမ်းခန်းမျိုးစုံ ဖွင့်လို့ မမောနိုင်အောင် ရှိနေပါတယ်။ စကားပြောလို့ မောတော့မှ 'ဒီလို မြို့ကြီးသားပီသကြလို့ ဒီမိုကရေစီနဲ့ ထိုက်တန်တာကိုး' လို့ မှတ်ချက်ချလိုက်ပါတယ်။ သူက ဒီမှာတင် မရပ်သေးဘူး။ 'ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကတော့....' လို့ ဆက်ပြောနေတာကြောင့် သူ့စကားကို ၀င်ဖြတ်ပြီး လမ်းကြောင်းလွှဲလိုက်ရပါတယ်။

နားကြားပြင်းကပ်တယ်

သူဆက်ပြောမယ့် စကားတွေကို သိနေလို့ စကားလမ်းကြောင်း လွှဲလိုက်တာပါ။ ဒီစကားမျိုးတွေကို 'ဖန်တရာတေအောင်' နားထောင်ခဲ့ဖူးပါပြီ။ နိုင်ငံခြားသွားပြီးတော့ အတွေ့အကြုံကို ဗဟုသုတဖြစ်အောင် ပြန်ပြောပြတာ ကောင်းပါတယ်။ ဒါပေမဲ့ ယှဉ်ယှဉ်ပြီး ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကိုပါ သရော်သလိုလို နှိမ့်ချစော်ကား ပြောတာတွေကိုတော့ သည်းမခံနိုင်ပါဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကြောင်း ဘာမှ သိတာ မဟုတ်ပဲနဲ့ လူတတ်ကြီး လုပ်ပြီး စည်းကမ်းနားမလည်ဘူး၊ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျသေးတယ်၊ လူမျိုးက ဖျင်းရတဲ့အထဲ ပျင်းလိုက်သေးတယ်၊ ဒီမိုကရေစီနဲ့ မတန်သေးဘူး စတဲ့ စကားမျိုးတွေ 'ဟောင်ဖွာဟောင်ဖွာ' ပြောတာတွေကို နားကြားပြင်းကပ်လှတယ်။

ထွီခနဲ၊ ထွမ်ခနဲ

စင်ကာပူတို့၊ မလေးရှားတို့ တိုးတက်မှုအရှိန်အဟုန် ကြီးကြီးမားမားနဲ့ ကျားကလေးတွေ ဖြစ်လာတာ အားကျစရာပါ။ ဒါပေမဲ့ သိပ်စည်းကမ်းရှိလို့၊ သိပ်ယဉ်ကျေးလို့ တိုးတက်လာတာဆိုတဲ့ စကားကိုတော့ သဘောမတူပါဘူး။ မြို့သားတွေ စည်းကမ်းရှိလို့ မြို့ကြီး သန့်ရှင်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ တရုတ်လူမျိုးလောက် 'ထွီခနဲ၊ ထွမ်ခနဲ' တွေ့ကရာနေရာ တံတွေးထွေးတတ်တဲ့လူမျိုး ဘယ်မှာမှ မရှိပါဘူး။ လူအများ ၀ိုင်းထိုင်စားသောက်နေတဲ့ နေရာမှာလည်း 'ထွီ ထွမ်' လုပ်ကြတာပါပဲ။

အိမ်ဖော်တွေ နှိပ်စက်မှု

စင်ကာပူထီး၊ စင်ကာပူမတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်တဲ့ အိမ်အကူ မိန်းကလေးတွေကို ရေနွေးပူနဲ့လောင်းတာ၊ မီးပူနဲ့ ကပ်တာ၊ အပ်နဲ့ဆွတာ၊ ထိုးကြိတ်နှိပ်စက်တာမျိုးတွေ နေ့စဉ်လို စထရိတ်တိုင်းသတင်းစာမှာ ဖတ်နေရပါတယ်။ ဒါမျိုးကို ယဉ်ကျေးတယ်လို့ ဘာကြောင့်များ သတ်မှတ်ကြတာလဲ။ အိမ်အကူတွေကို နှိပ်စက်လွန်းလို့ အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရချင်း မကြာခဏ စကားများနေကြတာတွေကော မကြားကြဘူးလား။ ယဉ်ကျေးမှုအဆင့်အတန်း နိမ့်သေးတယ်ဆိုတဲ့ မြန်မာပြည်မှာ ဒီပြဿနာ ရှိလောက်ပေမယ့် ဒီလောက်ကြီး ဆိုးရွားတဲ့ အခြေအနေထိ မရောက်သေးပါဘူး။

တရားဥပဒေစိုးမိုးမှုရှိလို့

သူတို့ လမ်းမကြီးတွေ အမှိုက်ကင်းစင်ပြီး သန့်ရှင်းနေတာက ဒဏ်ငွေနဲ့ ကြိမ်လုံး ကြောက်လို့ပါ။ ပုလိပ်ကလည်း လမ်းထောင့်တိုင်းမှာ စောင့်ကြည့်နေပြီး စည်းကမ်းဖောက်သူ ဘယ်သူဘယ်ဝါဖြစ်ဖြစ် တကယ်ဖမ်းပြီး တကယ်ရုံးတင်တာလေ။ ဥပဒေနဲ့ ပတ်သက်ရင် သိပ်တိကျတာ။ ပုလိပ်က တကယ်ရုံးတင်သလို တရားရုံးကလည်း တကယ်စစ်ပြီး၊ တကယ်အပြစ်ဒဏ်ချတာ။ ဒီတော့ ဘယ်သူ ဖောက်ဖျက်ရဲမှာလဲ။ ပုလိပ်က သူ့အလုပ်သူ တိတိကျကျ လုပ်သလို မြူနီစပယ်ကလည်း သူ့အလုပ်သူ လုပ်တယ်။ ဥပဒေစည်းကမ်း တိတိကျကျ ချမှတ်ထားသလို တိတိကျကျလည်း လုပ်ကြတော့ ဘယ်သူမှ ကိုယ့်အလုပ်မဟုတ်တာကို ၀င်မစွက်ရဲ့ကြဘူး။ အဓိကကတော့ တရားဥပဒေစိုးမိုးမှု (rule of law) ရှိနေလို့သာ ဖြစ်တယ်။

မမြင်ဖူး 'မူး'မြစ်ထင်

အခု ကျားကလေးတွေ ဖြစ်နေကြတဲ့ နိုင်ငံတွေဟာ ဟိုရှေးကဆို စားနပ်ရိက္ခာအပါအ၀င် လူသုံးကုန် ပစ္စည်း တော်တော်များများကို မြန်မာနိုင်ငံက ၀ယ်ယူသုံးကြရတာကို အခု 'မမြင်ဖူး မူးမြစ်ထင်' ဖြစ်နေကြသူတွေ သိစေချင်လိုက်တာ။ ရွှေကျီးနိုင်လွန်လို တက်ထရွန်နဲ့ ဒက်ကရွန်လို အ၀တ်အထည်တွေကို မြန်မာနိုင်ငံက ၀ယ်ကြရတာပါ။ ဗန္ဓုလစောင်ဆိုရင် အာရှတခွင်လုံး နာမည်ကြီးပါတယ်။ ဘားမားစတိတ်လို၊ ကပ္ပီတန်လို၊ ဂိုဖလိတ်လို စီးကရက်တွေဆို ဂျပန်တွေ သိပ်ကြိုက်ကြပါတယ်။ အာမီရမ်လို့ခေါ်တဲ့ ရမ်အရက်ဆိုရင် ရုရှားသံရုံးက လူတွေတောင် သူတို့ ဗော့ဒကာနဲ့ လဲသောက်ကြပါတယ်။

ကလင်တန်လိုလား၊ ရေဂန်လိုလား

မြို့ကြီးသား မပီသကြသေးလို့ ဒီမိုကရေစီနဲ့ မတန်သေးဘူးလို့ ပြောသူတွေကို တခု မေးချင်ပါတယ်။ မြို့ကြီးသား ပီသတယ်ဆိုတာ ဘယ်လိုဟာလဲဆိုတဲ့ မေးခွန်းပါ။ သမ္မတကလင်တန်က ကျောင်းသူလေး မော်နီကာကို ပြုမူလိုက်တဲ့ အပြုအမူမျိုးကို ခေါ်တာပါလား။ ကမ္ဘာတခုလုံးကိုတော့ အယာတိုလာခိုမေနီရဲ့ အီရန်နိုင်ငံကို လက်နက်တွေ မရောင်းဖို့ အော်ဟစ်တားဆီးနေပြီး သူကတော့ ခိုးကြောင်ခိုးဝှက်နဲ့ ခိုမေနီကို လက်နက်တင်သွင်းရောင်းချပြီး ရတဲ့ငွေအားလုံးကို အစိုးရဘတ်ဂျက်ထဲ တပြားမှ မထည့်ဘဲ နီကာရာဂွါနိုင်ငံက လက်ယာသူပုန်တွေကို ထောက်ပံ့ခဲ့တဲ့ ရေဂန်ရဲ့ အပြုအမူမျိုးကိုများ ခေါ်တာပါလား။ ရေဂန်ဟာ ဒီလို မလုပ်ခဲ့ပါဘူးလို့ လွှတ်တော်ကိုတောင် ဗြောင်လိမ်ခဲ့သေးတယ်လေ။ အဲဒီအပြုအမူတွေဟာ မြို့ကြီးသား ပီသမှုပါလား။ ဒီမိုကရေစီ ယဉ်ကျေးမှုပါလား။

အီလစ်အုပ်ချုပ်ရေး

ပြောရမယ်ဆိုရင် စင်ကာပူဆိုတာလည်း တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီအဆင့် မရောက်သေးပါဘူး။ Autocracy နဲ့ Meritocracy နှစ်ခု ပေါင်းစပ်ထားတဲ့ ရေပေါ်ဆီလူတန်းစား 'အီလစ်' တွေ အုပ်ချုပ်တဲ့ အစိုးရမျိုး ဖြစ်ပါတယ်။ ဒါဆို စင်ကာပူ ဘာကြောင့် ထိပ်တန်းရောက်နေသလဲ မေးရင် အထက်မှာ ပြောခဲ့တဲ့အတိုင်း ဥပဒေစိုးမိုးမှု (rule of law) အပြည့်အ၀ ရှိနေလို့ ဖြစ်တယ်လို့ပဲ ဖြေရပါလိမ့်မယ်။ တိုင်းပြည်လည်းကြီး၊ လူဦးရေလည်းများပြီး သယံဇာတတွေလည်း များတဲ့ ယိုးဒယားက လူဦးရေ ငါးသန်းတောင် ပြည့်အောင်မရှိရုံမက သဘာဝသယံဇာတဆိုလည်း ဘာမှမရှိတဲ့ စင်ကာပူကို ဘာကြောင့် မမီတာလဲဆိုတာ ကြည့်သင့်တယ်။ ယိုးဒယားနိုင်ငံမှာက ပိုက်ဆံပေးနိုင်ရင် ထောင်ထဲက လူကိုတောင် လူစားလဲနိုင်တယ်လို့ ဆိုကြတယ်လေ။ ငွေများ တရားနိုင်ရုံသာမက ၀န်ကြီးချုပ်တောင် လုပ်လို့ရတယ်ဆိုတာ 'သက်ဆင်' က လက်တွေ့ပြခဲ့တယ် မဟုတ်လား။

လူထုစိန်ဝင်း။
၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁၁။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်-(နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]

ဟန့်ရာက တန့်၊ တန့်ရာက တုံးသွားတတ်တယ်
ရေးသူ- လူထုစိန်ဝင်း



'စာနယ်ဇင်းကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ဂါကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလောဂ့်တွေ သိတ်များလာပြီး တချို့ မဟုတ်မဟတ်တွေချည်း ရေးနေကြတယ်'

လူငယ် စာနယ်ဇင်းသမားတစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကို စောင့်ကြည့်ဖတ်ရှုနေသူဖြစ်တော့ သူတို့ ပြောသလို ဘလော့ဂ်တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

လူထုဂျာနယ်လစ်တွေ

ဘလော့ဂ်ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင် ဘလော့ဂ်တွေ လုပ်လို့ ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ၀ါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်ကလေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်ဂါတွေကို တချို့က 'လူထု ဂျာနယ်လစ်' (Citizen Journalist) လို့ အမည်တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး တကယ့်ကို ပုံမှန်ဘလော့ဂ်တွေထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရင်ဖွင့်တဲ့နေရာ

ဘလော့ဂ်ဂါတွေဟာ အများအားဖြင့် လူငယ်ကလေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကျတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်ကလေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိ ရေးမိကြတာတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ်၊ မတော်တရော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းနဲ့ချီတဲ့ ဘလော့ဂ်တွေထဲမှာ သိတ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်ကလေးတွေ အပျော်တမ်း လုပ်ကြတာတွေမို့ သင့်- မသင့်၊ တော်-မတော်၊ တင့်တယ်၏- မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ဂ်တို့၊ အင်တာနက်တို့ဆိုတာတွေကို စပြီး သုံးနိုင်ကြတာ ဘာမှမကြာသေးပါဘူး။ ဒီတော့ လူငယ်ကလေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့ဂ်ထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ် ဆိုတာကလည်း လူငယ်တို့ရဲ့အကြိုက် ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂ်ဂါတွေ များနေတာ ဖြစ်ပါတယ်။

စမ်းသပ်မှ တွေ့ရှိတယ်

ကွန်ပြူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂ်ဂါတွေ အများစုကလည်း လူငယ်ကလေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေနဲ့ ပြောပြီး 'မဟန့်' ချင်ပါဘူး။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပြူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေ သွားရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက 'ဟန့်' ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ 'တန့်' သွားတတ်တယ်။ 'တန့်' ရာကနေ တဆင့်တက်တော့ 'တုံး' သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားခြင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားခြင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှမတွေ့တော့ ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။

မရှိမဖြစ် R နဲ့ D

တိုင်းပြည် ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရ ပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံမက စီးပွါးရေးလုပ်ငန်းကြီး တိုင်းမှာလည်း R & D ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေကို သွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုး ပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်ပါတယ်။

ယုံကြည်မှု အရေးအကြီးဆုံး

ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တခု ပေးအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ 'ယုံကြည်မှု' ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့တဦး ယုံကြည်မှု အပြန်အလှန် ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူမျိုးနဲ့တမျိုးလည်း အပြန်အလှန် ယုံကြည်မှု၊ ရှိကြပါမှ ချစ်ကြည်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်ပါတယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

လူငယ့်စွမ်းအား အဓိက

နိုင်ငံတနိုင်ငံ တိုးတက်ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိကကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အထက်မှာပြောခဲ့သလိုပဲ 'ဟန့်' ရာက 'တန့်'၊ 'တန့်' ရာက 'တုံး' သွားတတ်လို့ပါ။

လူထုစိန်ဝင်း
၂၀၀၉ ခုနှစ်၊ ဇွန် ၁၇။
[လူထုစိန်ဝင်းရဲ့ 'ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်- (နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများ)' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၁၀ ဇန်န၀ါရီမှ ကူးယူဖော်ပြပါတယ်]

ဝေဒနာက ဖတ်ကြားခြင်း
ရေးသူ- နေသွေးနီ




ငါ့အစ်ကို။
ငါ့မှာ နေရောင်ပြင်းပြင်းတွေ ၀ိုင်းရံထိုးဟပ်ခြင်း ခံနေရတဲ့အခါ အစ်ကိုဟာ အရိပ်တခု ဖြစ်နေခဲ့တယ်။
ငါ့မှာ မိုးပေါက်အလုံးကြီးကြီးတွေ ထိခိုက်ရိုက်ပုတ်ခြင်း ခံနေရတဲ့အခါ အစ်ကိုဟာ စလူရွက်လေး ဖြစ်နေခဲ့တယ်။
ငါ့မှာ ဆောင်းနှင်းခဲတွေ အဆုပ်လိုက်၊ အဆုပ်လိုက် တအားပစ်ပေါက်ခြင်း ခံနေရပြီး ရိုးတွင်းချဉ်ဆီတွေ အအေးပတ်နေရတဲ့အခါ အစ်ကိုဟာ မီးဖိုကလေး ဖြစ်နေခဲ့တယ်။
ငါ့ကို ကူညီခြင်း၊ ရိုင်းပင်းခြင်း၊ နှစ်သက်ခြင်း၊ ခင်မင်ခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်စင်းခြင်း၊ အကောင်းဆုံး အဖြူရောင်ကို ပေးစွမ်းသူ ငါ့အစ်ကို...။
ငါ့ကို မသနားတော့ဘူးနော်။ မြေအပြင်ပေါ်မှာ ကျူတိုင်တချောင်းလို ၀ီခေါ်အောင် ရပ်နေရတော့မယ့် ငါ့ဘ၀ကို အစ်ကို မစဉ်းစားခဲ့ဘူးနော်။
အစ်ကိုရယ်... တို့အစ်ကိုရယ်......။

မျက်နှာလွှဲသွားခဲ့တယ်။ ဘယ်တော့မှ မကြည့်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြီး ယတိပြတ် လုပ်ဆောင်ပြီး ငါ့အစ်ကို ကျောခိုင်းသွားတယ်။ အေးမြခြင်း၊ အစ်ကိုအတွက်တော့လေ ငြိမ်းချမ်းခြင်းရှိတဲ့ မြေ၀ပ်ကျင်းကလေးထဲ အစ်ကို သွားအိပ်တော့တယ်။
မေ့ပါ၊ ပစ်ပါ၊ ပျောက်ပါ။

++++++++++++++++++++++++++++++++++++++++++++++++++++

ငါ့မှာ ရိုးသားခြင်းတခု ရှိနေတာ အစ်ကိုပေါ့။
ငါ့မှာ ပွင့်လင်းခြင်းတခု ရခဲ့တာ အစ်ကိုပေါ့။
ငါ့မှာ ဖြောင့်စင်းခြင်းတခု ရခဲ့တာ အစ်ကိုပေါ့။
ငါ့မှာ အနုပညာသီလ၊ အနုပညာဓမ္မ၊ အနုပညာသမာဓိ၊ အနုပညာကမ္မဌာန်း ပွါးများရခြင်းဟာ အစ်ကိုပေါ့။
မေတ္တာအစစ်၊ တုပခြင်းကင်းတဲ့ အဖြူတကာ့ အဖြူရောင်ကို ငါ မြဲမြဲဝတ်ဆင်နိုင်ခဲ့ခြင်းဟာ အစ်ကို ပေးခဲ့လို့ပါပဲ။
ဒီမယ် အစ်ကို။
ကမ္ဘာလောကထဲမှာ ရှင်ခြင်းဘ၀တုန်းက ကိုယ့်အကျိုးစီးပွါး၊ ကိုယ့်အကောင်းချည်း ရရေးပိုင်ရေးအတွက် အစ်ကို မလုပ်ခဲ့ဘူး။ ဖုန်မှုန့်တမှုန့်လောက် အတ္တအကျိုးစီးပွါးကို အိတ်ကပ်ထဲ မထည့်ခဲ့ဘူး။ လူရှေ့မှာ သူတော်စင်၊ လူကွယ်ရာ အယုတ်တကာ အယုတ်ဆုံးသော အကျင့်ကို လျှိ့ဝှက်သိပ်သည်းစွာ ပြုကျင့်ခြင်းကို ကာမကဲ့သို့ တပ်မက်သောလူနဲ့ အစ်ကိုဟာ မြေကြီးနဲ့မိုးလို ဖြစ်ခဲ့ပါတယ်။

အစ်ကို့အနား ဗေဒကျမ်း ဗုံးပေါလအော ဒဿနအမြင်တွေ၊ အမြင်တရားကို စစ်ထုတ်ပေးတဲ့ ပန်းပုရုပ်တွေ အစ်ကို ပြန်ဆေးသုတ်ပြီး ကိုယ်ကျိုးရှာခဲ့ရင် အစ်ကို အသက်လည်းရှည်မယ်၊ အရောင်လည်း ပြောင်မယ်။ ပြိုးပြိုးပြက်ပြက် လက်မယ်။ မလုပ်ဘူး။ တကယ်ဆို ကမ္ဘာမှာ ထည်ဝါတဲ့ အဆိုအမိန့်၊ အဟောအပြောကောင်းတဲ့ ပညာရှင်များရဲ့ ရုပ်ပုံကို ထုစား၊ ခွဲစားရင် ငါ့အစ်ကို အသက်တရာတောင် ရှည်မလား မသိ။ အများအကြိုက် ဝေါဟာရတွေ အပြွတ်လိုက် အခိုင်လိုက် သုံးပြတတ်ရဲ့။ ဒါပေမယ့် ငါ့အစ်ကိုက တယ်ရိုး၊ တယ်အ။ ခေတ်သုံးစကား လှိုင်လှိုင်မပြောတော့ ငါ့အစ်ကိုရဲ့ ဒုက္ခဟာ တောင်ပုံရာပုံ ဖြစ်ခဲ့ရခြင်းပေါ့။

အင်းလေ.... သဗ္ဗေသတ္တာ ကမ္မသကာ။ ဒါပေါ့.... ဒါပေါ့။

+++++++++++++++++++++++++++++++++++++

ငါ့အစ်ကိုရဲ့ ရိုးသားမှုဟာ တောင်ကြားနေ လယ်သမားနဲ့ တယ်တူ။

ယုံပါတယ်။ အရင်က ငါ့အစ်ကိုနဲ့ငါ ဘယ်တော့မှ မျက်နှာချင်းပြုံးလို့ မဖြစ်လိုက် ဖြစ်လိုက်။ ငါ့အစ်ကိုက ရေဆေးချမြဲ။ ပြီး... ငါ့ကို သည်းခံခြင်း အပွေ့အဖက်တွေနဲ့ ငါ့ရင်ထဲက ဒေါသနဂါးမောက်ကို လက်နဲ့ ပွတ်သပ်ချော့မြဲ။ ဒါပေါ့။ ငါ့ အစ်ကိုဟာ ယောဂီတဦးနဲ့ သိပ်တူလို့။ တချို့က အစ်ကိုရေ ကြက်ဥအကာတွေ၊ အစ်ကိုက အနှစ်... အနှစ်။

ငါ သိခဲ့တယ်။ တနှစ်ကျော်ကပေါ့။
ငါနဲ့ အစ်ကိုနဲ့ တွေ့တိုင်း ငါ့အစ်ကိုက ငါ့ဖို့တဲ့ ဒဿနအမြင် စာအုပ်ကလေး တအုပ်နှစ်အုပ်။ ဘယ်သူမှ လက်ဖျားနဲ့ အတို့မခံဘဲ ပေးတယ်။

'ညီငယ် မလာတော့ တခါတခါ အားငယ်ရတယ်'
'ညီငယ်က စကားပြောရင် တုံးခနဲ တိခနဲ ပြောတာတွေ မြင်နေ ကြားနေရရင် အားရှိတယ်'
'ဟုတ်ပါပြီဗျာ၊ ညီငယ်က ဆေးလိပ်မသောက်နဲ့ဆို မသောက်ပါဘူး'
'အေးလေ... ငယ်စဉ်က ငါလည်း မှားတာပါ။ ခုတော့ ညီငယ်ငါ့ကို အတုံးလိုက် အတစ်လိုက် ပိဿလေးနဲ့ ဘေးပစ်သလို ပြောတာတွေ နားထောင်ရတော့ လောကမှာ ဘာလုပ်လုပ် မေတ္တာရယ်၊ ဖြူစင်ခြင်းရယ်၊ ရာခိုင်နှုန်း အပြည့်ရှိအောင် လုပ်သွားမယ်။ ဒါ လူဖြစ်ရကျိုး အမြတ်ပဲ ထင်တယ်'
'ညီငယ်နဲ့ လူတိုင်းနဲ့ မတည့်တာဟာ ညီငယ်ကို ငါ့လို နားမလည်ကြဘူး။ ညီငယ်ကလည်း ခက်တယ်။ ဟန်ဆောင်နေတာမျိုးဆို ချက်ချင်း ကောက်ကာငင်ကာ ပြောတော့ မခံနိုင်ဘူး'
'ပြေးကြည့်မှ ညီငယ်ရေ.... လူနည်းနည်းလေး ရှိတယ်။ တချို့လည်း ခွဲသွားကြ၊ ခွါသွားကြ၊ တချိုလည်း ဟန်ဆက်မဆောင်နိုင်ကြတော့ဘူး။ ညီငယ်အမြဲ လာလာတွေ့နေတော့ စိတ်ထဲ ၀မ်းသာရတယ်။ အားဆေး တခုပေါ့'

ငါ့အစ်ကိုရဲ့ အသံချိုချိုဟာ ငါ့နားထဲမှာ စမ်းရေလို အေးစိမ့် စီးဝင်လာမြဲ။ ငါ့အစ်ကိုက ငါ့ကို ကြည့်နေ၊ ပြုံးနေတာ ကြာပွင့်တပွင့်နဲ့ တူတယ်။

ငါက ရင်ထဲက အကောက်အလိမ်တွေ၊ စိတ်တီကောင်တွေ မထားတတ်ဘူး။ ငါ့ ရင်ထဲမှာ မြွေဟောက်က အမြဲခွေနေတတ်တယ်။ မီးခဲတွေကလည်း အမြဲ ရှိနေတတ်တယ်။ ငါ့မျက်စိက ငါ့အနားမှာ။ သတ္တ၀ါဝေနေယျကို ချွတ်ဖို့ပြောပြီး မိန်းမအတွက်၊ အက္ခရာတွေ၊ ကားချပ်လှလှတွေ တကုပ်ကုပ် ရေးဆွဲပြီး လက်သိပ်ထိုး လျှိ့ဝှက်ရွှေခဲ၊ မြေကြီးထဲက ထွက်တဲ့ အရောင်လက်တဲ့ ခဲလုံးတွေ ကျွန်းသေတ္တာထဲ စုနေတဲ့ လူတွေနဲ့ ချက်ချင်းတွေ့။ ငါက သူ့ကို မစင်လို ခွေးသေတကောင်လို ရွံ့မုန်းသွားတတ်တယ်။

အဲဒီလူကို ငါက စစ်ထိုးတယ်။ မုန်းတယ်။
ငါက ဟန်ရော၊ မာန်ရော၊ အသံရော၊ ရုပ်အလှုပ်အရှားရော၊ အပြုအမူအားလုံးဟာ ပြင်းထန်ပြီး ဘီလူးတကောင် ဖြစ်နေတတ်တယ်။
ငါ့အစ်ကိုက လူတွေမှာ အသံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ မျက်နှာအမျိုးမျိုးတွေ။ သူ့မှာလည်း တခါတလေ အညစ်အကြေးတွေ တင်နေမှာပေါ့တဲ့။ သည်းခံခြင်း ပရိတ်ကို ရွတ်နေဖို့ ငါ့ကို ပြောတယ်၊ နားချတယ်။ အင်း..... ငါ့အစ်ကိုကတော့ ဘယ်သူနဲ့ မဆို သစ်တပင်လို ငြိမ်ပြီး နေတတ်တဲ့ လူကိုး။
ငါ့ကို အမှားတွေ၊ အတ္တတွေ၊ ဒေါသလှံဒိုင်းတွေ လွှင့်ပစ်ဖို့ ငါ့ကို တရားချရဲ့။ ပထမ၊ ဒုတိယ၊ တတိယ။
ငါ့ နားနဲ့ နာခဲ့ပါတယ်။ ခေါင်းနဲ့ နာခဲ့ပါတယ်။
သြော်.... ခု ငါ့ကို ဘယ်မှာ နားချမှာလဲ အစ်ကို။ ဘယ်သူက ငါ့အနားမှာ ငါ့ရဲ့ရိုးဖြောင့်ခြင်း၊ ပွင်းလင်းခြင်း၊ စိတ်ထန်းခေါက်ဖာ မှောက်ပြခြင်းကို သည်းခံ စောင့်ကြည့်နေမှာလဲ ဟင်.....။
ငါ့ကို မသနားဘူး။ အစ်ကို ပစ်သွားတော့တယ်။

++++++++++++++++++++++++++++++

ငါ့ အစ်ကိုကြောင့် ငါ ကျန်းမာခဲ့ရတာပါ။
ငါ့အစ်ကိုကြောင့် ငါ မြေကြီး ကြည့်တတ်တာပါ။
ငါ့အစ်ကိုကြောင့် ငါမြင်ရတဲ့ မျက်စိနှစ်ကွင်း အလင်းရခဲ့တာပါ။
အစ်ကိုက တယ် ခရီးသွားတတ်တယ်။
ငါက အလင်းရပေမယ့် အစ်ကိုနဲ့ မလိုက်ချင်တာတွေ အပုံကြီး။ အစ်ကိုက အဟိံသ တရားကို ရှုတယ်။ ၀ိမုတ္တိကို မရမနေ ရှာတယ်။ ဝေဿန္တရာမင်းကြီး နှလုံးကို ဆင်မြန်းတယ်။ ၀ိဓူရရဲ့ အသည်းကို ဆင်မြန်းတယ်။ လောကကို သုံးကြိမ်သုံးခါ သတ္တ၀ါများ ကျန်းမာခြင်း၊ ချမ်းသာခြင်း စိတ်များ လွှတ်ပေးဖို့ တောင်းဆိုတယ်။

ဓားကိုင်သူကော၊ ပန်းကိုင်သူကော၊ လေးကင်းပြသူကော၊ ဘယ်သူမဆို လောကကောင်းခြင်း၊ စိမ်းလန်းခြင်း၊ နုပျိုခြင်း အကျိုးပြု လုပ်ရပ်တွေ ဆောင်ရွက်ဖို့ လက်ကမ်းခေါ်တယ်။
ပြီးတော့ ငါ့အစ်ကိုက ဖန်တီးတတ်တဲ့ တီထွင်တတ်တဲ့ အတတ်ပညာတွေနဲ့ အက္ခရာပန်းကုံးတွေ သီကုံးပြီး လူတိုင်း လူတိုင်းလည်မှာ ဆင်မြန်းပေးတယ်။ နေကို ကြည့်တတ်သော၊ လ ကိုကြည့်တတ်သော၊ မြေကို ရှုတတ်သော အမြင်များ ရစေရန် ဆင်မြန်းပေးခြင်းပေပဲ။
အဲဒီပန်းကုံးတွေဟာ ဓနအတွက် အစ်ကို လိုက်မရောင်းဘူး။ အစ်ကို့ အရပ်မြင့်ဖို့အတွက် အစ်ကို လိုက်မရောင်းဘူး။ အစ်ကို့ အိမ်ကလေး ၀င်းဝင်းဝါ၀ါ အရောင်တောက်ဖို့အတွက် အစ်ကို မရောင်းဘူး။ အစ်ကို ဧည့်ခန်းဆောင်ထဲ ရသာစုံ နတ်သုဒ္ဓါမျိုး စားစရာတွေ ရောက်လာဖို့အတွက် အစ်ကို လည်မရောင်းဘူး။
အဲဒီ သီလ၊ အဲဒီ ကျင့်စဉ်၊ အဲဒီ တရားဟာ အစ်ကို့မှာ စိပ်ပုတီးတကုံးပါပဲ။
ငါက ဒီအကြောင်းတရားတွေ မြင်ပြီး တစတစ ခင်မင်ခြင်း စိတ်ကလေး လှုပ်ခါမိခဲ့ရတာပဲပေါ့။

+++++++++++++++++++++++++++++++++++++

နေပူထဲက သူလိုငါလို အများတွေလို လူတွေအတွက် အစ်ကိုက စလူရွက်တွေ လိုက်ဝေငှချင်ပါရဲ့။ အင်း... လူသားတဦးရဲ့ ပုခုံးပေါ်မှာ ကျွဲပေါက်လို ပခုံးထနေတာ မြင်ရင် ငါ့အစ်ကို သက်ပြင်းကြီး ချလိုက်ပြန်တယ်။ လူသားတယောက်ရဲ့ ၀မ်းဗိုက်မှာ ဟောက်ပက်ကြီး၊ ၀ဖောင်းမနေရင် အစ်ကိုက သစ်ဥသစ်ဖုတွေ ပေးလိုက်ချင်တယ်။ မိခင်မြတ်တဦးရဲ့ နို့ချို ခန်းခြောက်နေတာမြင်ရင် ငိုနေတဲ့ကလေးကို ပွေ့ပြီး အစ်ကို ချော့လိုက်ချင်တယ်။

မြို့ပြဈေးတခု။ အင်ကြင်းတောက ချေ သမင် ဒရယ်တွေလို လူတွေ ပြေးလွှားနေတာ မြင်နေရင် ဒုက္ခခံစားရခြင်း၊ ၀ဋ်ဆင်းရဲဖြစ်ခြင်းမျိုး ထင်ပြီး အစ်ကိုက မေတ္တာသုတ် ရွတ်ဖတ်တော့တယ်။ ဒုက္ခ၊ ၀ဋ်၊ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်း၊ နာကျည်းခြင်း၊ ဆွေးမြေ့ခြင်း အရာအားလုံး ကပ်ဆိုက်ခြင်း ခံရတဲ့ ဤလူ့ဘုံ ဘီးထဲက လူတွေအားလုံး ပခုံးပေါ်တင်ပြီး အစ်ကိုက နိဗ္ဗာန်ကလေးတခုရှိရာ ခေါ်သွားဖို့ ကြိုးစားတယ်။

ဗုဒ္ဓတရားကဲ့သို့ အေးမြခြင်း၊ ဖြူစင်ခြင်း၊ မြင့်မြတ်ခြင်းတရားကို ပွါးစီးဖို့ အစ်ကို အားထုတ်ခြင်းမျိုးလား။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆီဆုံဟာ မရပ်ဘူး။
အဲဒီ ဆီဆုံကြီးလည်အောင် ရုန်းနေရတဲ့ လူတွေ အကျွတ်တရားရအောင် ငါ့အစ်ကို တရားကို ရှုတော့တယ်။ ဒဿနတွေ ပွါးတော့တယ်။

လူဟာ ကောင်းကင်လို လွတ်လပ်ခြင်း၊
အာရုဏ်ဦးလို တောက်ပခြင်း၊
လေလို သန့်ရှင်းခြင်း၊
မြေကဲ့သို့ သည်းခံခြင်း၊
နေရောင်ကဲ့သို့ တောက်ပခြင်း၊
နေကဲ့သို့ လှခြင်း၊
လကဲ့သို့ အေးမြခြင်း
ခံစားထိုက်သော ခံစားမှု အားလုံးရလေမှ မနုဿတ္တ၊ လူဖြစ်ရခြင်းသည် မြတ်ပေတယ်လို့ အဆိုအမိန့်တခု ငါ့ကို ပေးတယ်။
အဲဒီ တရား တစိတ်လောက်ရတော့ မေတ္တာရေအိုးထဲထည့်ပြီး စကြာဝဠာအနှံ့ သူ လိုက်ဝေငှမတဲ့။
အစ်ကိုက ငါ့ခေါ်တယ်။ ငါက ခေါင်းခါတယ်။ လည်ခါတယ်။

လူတိုင်းဟာ ၀မ်းစာကျည် ဆောက်ကြတယ်။ မယားရယ်၊ သားရယ်၊ သမီးရယ်၊ မီးဖိုချောင်ထဲ ပျော်ပျော်ပါးပါး ဟင်းလျာစုံ လက်ဆုံစားဖို့ သံပတ်စက်ရုပ် ဖြစ်ကြရတယ်။ နေရဲ့ ပူခြင်း၊ မိုးရဲ့ ချမ်းခြင်း၊ မီးရဲ့ ဟပ်ခြင်း၊ ဒေါသရဲ့ လှိုင်းသံ၊ မာန်ဖီခြင်း ဂယက်သံ၊ သည်းခံခြင်းအရောင်၊ ရက်စက်ခြင်း အပြုတွေကြားမှာ လူဟာ တောင်ဘက်ရောက်လိုက်၊ မြောက်ဘက်ရောက်လိုက်၊ လိမ့်လိမ့်နေတယ်။

ငါ့အစ်ကိုက ဒီ ဒုက္ခဘုံ၊ သင်္ခါရဘုံ၊ သံသရာဝဲကြီးထဲ နှစ်လိုက်ပေါ်လိုက် လူတွေ ကြည့်ပြီး တခါတည်း လူတွေဟာ သစ်ပင်စိမ်းလေးတွေ ဖြစ်နေရင်ကောင်းမယ်။ နိဗ္ဗာန်ခရီးသွားတွေ ဖြစ်နေရင် ကောင်းမယ်။ တရောင်တည်း အဆင်မျိုး ၀တ်နိုင်ကြရင် ကောင်းမယ်။
ငါ့ အစ်ကိုက စိတ်ကူးဥာဏ် ကျယ်ပေ့။
ဒီဘ၀ တခါဆုံကြတဲ့အခါ သူက အများအတွက်၊ သူ့ဒဿနတွေ ဖြန့်ဝေငှမယ်တဲ့၊ သူ့ကိုယ်ဟာ သူ့အတွက်ထက် အများအသုံးချရုပ် ဖြစ်ရမယ်တဲ့။ အဲဒီ ကတည်းက ငါ့ အစ်ကိုဟာ သူ့တရား သူကျင့်ပြီး သူ့ဓမ္မ သူရွတ်တယ်။
ကိုယ်ဟာ ကြုံလှီသွားတယ်။ ရုပ်ဟာ အိုမင်းရင့်ရော်သွားတယ်။
မျက်နှာဟာ သစ်ရွက်ခြောက် ဖြစ်သွားတယ်။ ခန္ဓာဟာ အရွက်မရှိတဲ့ အပင် ဖြစ်သွားတယ်။ အသံဟာ တိမ်သွားတယ်။
သာဓု...... သာဓု..........။

+++++++++++++++++++++++++++++++++++++

ဒါပေမယ့် ငါ့နဲ့တွေ့တိုင်း ငါ့အစ်ကိုဟာ စံပယ်ပန်း၊ ကြာပန်း၊ လပြည့်ည၊ သောကြာကြယ်။ အရုဏ်ဦး။
မာန၊ ဒေါသ၊ လောဘ၊ မောဟတွေ ခ၀ါချပြီးတဲ့ ငါ့အစ်ကိုဟာ မိုးသောက်တခုလို လှနေတော့တယ်။
ငါ့ကို သူက တရား စီးဖြန်းခိုင်းတယ်။ သူ့ဓမ္မရွတ်ခိုင်းတယ်။
ငါလို အတ္တ ကြီးမားတဲ့ သတ္တ၀ါဟာ သူ့ဓမ္မကို နားက ကြားရပေမယ့် အသံထွက် ရွတ်မရဘူး။ သူ့ခရီးစဉ်အတိုင်း ငါမလိုက်နိုင်ဘူး။ ဒါပေမယ့် ငါ့အစ်ကိုက ကိစ္စမရှိတဲ့။ လူမှာ လူကို ချစ်တတ်ခြင်းတရားရလျှင် တော်ပြီ။
ငါ့အစ်ကို အကျင့်၊ ငါ့အစ်ကိုတရား၊ ငါ့အစ်ကို သီလမျိုး ငါက မကျင့်နိုင်။ အ၀ိဇ္ဇာ တဏှာတုံးကြီး ဖြစ်နေတဲ့ ငါ။ မောဟအင်္ကျီကို နေ့စဉ် ၀တ်ထားတဲ့ ငါ။

ငါ့ အစ်ကိုက ပွင့်လင်းမှု၊ ဖြောင့်စင်းမှု ရှိတာလည်း သီလလို ဖြူစင်ခြင်းပါတဲ့။
မြေကို မညာခြင်း၊ '၃၁' ဘုံသားတွေကို ချစ်ခြင်း၊ တရားကို နှလုံးထဲ ထည့်ခြင်း၊ မေတ္တာကို ပေးကမ်းခြင်း၊ ကိုယ့်အတတ်ပညာနဲ့ ကိုယ့်အရောင်ထွက်အောင်မလုပ်ခြင်း၊ လောကလှပစေခြင်း၊ စိမ်းလန်းစေခြင်းအတွက် ပြုချင်တဲ့ စိတ်ရှိတဲ့ စိတ်ကလေးနဲ့ အသက်ရှင်နေရင် လူဖြူတယောက်ပေပဲတဲ့။

ငါလူဖြူ ဖြစ်နိုင်သလား။
တရားရတဲ့အစ်ကို၊ ဖြူစင်တဲ့ အစ်ကို။ အေးငြိမ်းတဲ့ အစ်ကို။
ငါ့အစ်ကိုရဲ့ သီလ၊ ဓမ္မ၊ ကျင့်စဉ်၊ ဖြူစင်မှုမျိုးတွေ ငါ့ကိုယ်မှာ မြဲဖို့ ငါနည်းနာတွေ ရှာဖွေဆဲမှာ ငါ့အစ်ကို လက်တွဲဖြုတ်ပြီး ခရီးရှည် ထွက်သွားတယ်။ ပျောက်သွားတယ်။ မေ့ထားခဲ့တယ်။
ငါ့အစ်ကို လေထဲ ရောက်သွားတယ်။ မြေထဲမှာ အိပ်ပျော်သွားတယ်။
ငါ့အစ်ကို ငါနဲ့ မျက်နှာချင်းဆိုင်ပြီး လောဘငြိမ်းခြင်း အကျိုးပြုလုပ်ငန်းတရား ပွါးစီးဖို့ ကူညီဆဲမှာ ဘယ်တော့မှ မပြန်လာတော့တဲ့ ခရီးအဆုံးတခုဆီ ရက်ရှည်လများ ထွက်သွားတော့တယ်။

ငါ့အစ်ကိုရဲ့ သည်းခံမှုမျိုး၊ ကျိုးနွံမှုမျိုး ငါ့ရှေ့မှာ ဘယ်သူ အစစ် ပြနိုင်မလဲ။ အတုတွေ ငါမမြင်ချင်ဘူး။ အယောင်ဆောင်တွေ ငါ့ဆီ မလာစေချင်ဘူး။ ငါ့အစ်ကိုရဲ့ ရိုးသားခြင်း၊ ဖြူဖြောင့်ခြင်း၊ စိတ်တည်ခြင်း၊ တည်ငြိမ်ခြင်း၊ သည်းခံခြင်း၊ ကူညီခြင်းမျိုးတွေ ငါ့ရှေ့ အတုတွေ လာလာလုပ်ပြရင် ငါ ငိုရာက ရယ်မိမှာပါ အစ်ကို။

အစ်ကို ခရီးအဆုံး ထွက်သွားတဲ့နေ့က ငါတယောက်တည်းပါပဲ။ အထီးတည်းပါပဲ။
ငါ့ဝမ်းနည်းမှုဟာ ငလျင်လေးကြိမ် ရင်ထဲလှုပ်တယ်။
ကြေကွဲရမှု မိုးဟာ လေးကြိမ်ခြိမ်းတယ်။
ပူဆွေးရမှု မုန်တိုင်းဟာ ငါ့ရင်ထဲ မွှေနှောက်တိုက်ခတ်သွားတယ်။
ငါ နောက်ဆုံး ငါ့ အစ်ကို ကောင်းရာခရီးရောက်ဖို့ ဆုတောင်းဝတ်ပြုခြင်းကို ငါ နှစ်နှစ်ခြိုက်ခြိုက် ရွတ်ဖတ်နေစဉ်မှာ ငါ့ အစ်ကိုကို ချစ်တဲ့၊ သနားတဲ့၊ ခင်မင်တဲ့၊ စွဲလန်းတဲ့ မျက်ရည်တွေဟာ နှလုံးသားမှာ လျှံတက်လာတယ်။ မျက်လုံးအိမ်ထဲမှာ ပြည့်တက်လာတယ်။ ချုပ်တည်းတဲ့စိတ် ရှင်းတဲ့ပ၀ါနဲ့ ငါရှင်းပါရဲ့။ မျက်ရည်တွေဟာ ဒီရေအလားပါပဲ ငါ့အစ်ကို။

ငါ့အစ်ကို မရှိတော့ဘူး။ သွားပြီ။ ပြန်မလာတော့ဘူး။
ငါ ဘယ်သူနဲ့ ပြုံးရမလဲ။ ငါ ဘယ်သူနဲ့ သီလစောင့်ရမလဲ။
ငါ ဘယ်သူနဲ့ ဓမ္မရှာရမလဲ။ ငါ ဘယ်သူနဲ့ တရားကျင့်ရမလဲ။
ငါ ဖြေပါ့မယ်။ ငါ ဖြေပါ့မယ်။
သွားပါ။ သွားပါ။
အစ်ကို မရှိတော့ ပေမယ့် ငါ့အစ်ကို အနားမှာ ရှိနေတယ်လို့ ငါယူဆမယ်။
သင့်ရိုးသားမှုတွေ ငါ့ရင်ထဲ ထည့်ထားမယ်။
သင့်ဖြောင့်စင်းမှုတွေ နှလုံးထဲ ၀ှက်ထားမယ်။
သင့်ကိုယ်ကျိုးစွန့်မှုတွေ ငါမြတ်နိုးမယ်။
သင့်အနုပညာသီလ အကျင့်တွေ ငါကျင့်နေမယ်။
ငါ့အစ်ကိုဟာ ငါ့မျက်စိထဲ၊ ငါ့နှလုံးထဲ၊ ငါ့ရင်ထဲ၊ ငါ့အသည်းထဲ၊ ငါ့စိတ်ထဲ၊ ငါ့မေတ္တာထဲ၊ ငါ့တရားထဲ၊ ငါ့ဓမ္မထဲ အမြဲရှိနေဖို့ ငါ အာရုံယူမယ်။ သမာဓိကို ပွါးမယ်။

ငါ..... သည်ကောင်းမှု ဓမ္မတရား၊ သမာဓိပွါးပြီး ကမ္မဌာန်းထိုင်ခြင်းဟာ လောကကို ချစ်ရာ၊ လူသတ္တ၀ါများကို ကြင်နာရာ၊ အနုပညာ သီလတရားထိန်းရာ ရောက်မှာပဲ။ ဒါဆို ငါ လူဖြစ်ပါပြီ အစ်ကို။ ငါ ပျော်ပါပြီ။ ၀မ်းသာပါပြီ။ ငါ့မျက်လုံး မြင်ရက်က မြင်ပါပြီ။
ငါ့နား ကြားရက်က ကြားပါပြီ။
ငါ့အစ်ကို။
ငါမှားမိသမျှ၊ လွန်မိသမျှ၊ မိုက်မိသမျှ၊ ဆိုးမိသမျှ ခွင့်လွှတ်သည်းခံနိုင်စွမ်းအားကောင်းသော ငါ့အစ်ကို။
ခရီးအဆုံးမှာ ကောင်းသောရောက်ခြင်း ရောက်ပါစေ။
ငါ့အစ်ကို သီလ၊ တရား၊ ဓမ္မများ ငါ့ဦးခေါင်းထဲ ကိန်းအောင်းပါစေ။ ငါ မေတ္တာတရားကို ပွါးမယ်။ သီလကို ရှာနေတော့မယ်။
လူ့အမြင်၊ လူ့အကြည့်၊ လူ့အသိများ ပေးစွမ်းနိုင်ခဲ့သော ငါ့အစ်ကို။
ငါလူမိုက် ပြစ်မှားမိသမျှ ငါ့လက် ကြာပဒုံမြှောက်ကာ ငါကန်တော့လိုက်ပါတယ်။ ငါ သီလလုံပါ့မယ်။ ငါတရားလုံပါ့မယ် ငါ့အစ်ကို။
ငါ့မှာ တယောက်တည်းပါ။ ငါပဲ ရှိတော့တယ်။ ။

နေသွေးနီ။
[ဗန်းမော်တင်အောင်ဋီကာစာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၀ ခုနှစ် အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]

Friday, June 4, 2010

ပြောင်းပြန် ပြန်ကြည့်နေတဲ့မှန်
ရေးသူ- မောရူးဆိုး




အပေါ်က ထွက်ကျလာတဲ့ မိုးဥတုမှာ အတိတ်က အမှတ်အသားပြုခဲ့တဲ့ အချစ်ဇာတ်လမ်းတခု ပျံထွက်ပြေးသွားတယ်။ အမှန်တော့ ကျွန်တော်က နှုတ်ဆက်လိုက်တာပါ။ သူမကတော့ ထုံးစံအတိုင်း အတိုင်းအတာတခုကိုသာ ကိုင်ဆုပ်ထားပြီး မီးလျှံသီချင်းကို ဆိုတာ။ ပြောတော့ ပြောကြပါရဲ့။ "ကျန်းမာရေး ကောင်းရဲ့လား" တဲ့။

လူတိုင်းကို ကျွန်တော်က အချိန်တိုင်း ဂေါက်သီးရိုက်ပြရမှာလား။ အနံ့သိပ်မကောင်းလှတဲ့ အတွင်းကျကျ ကလီစာတွေ လမ်းလျှောက်ထွက်သွားပြန်ပြီ။ နေပါဦး၊ မေးပါရစေ။

"ခင်ဗျားတို့ ဘာကို အလိုရှိတာလဲ။ ဘာကို လဲလှယ်မှာလဲ။ ဘာကို ၀ယ်မှာလဲ။ ဘာကို ပြန်ပေးမှာလဲ။ ဘာကို ရင်းနှီးမြှုပ်နှံမှာလဲ။ မိနစ်တွေကို စခန်းသိမ်းလိုက်ရင် ပြီးသွားရော မဟုတ်လား။ ဘက်အပ်ထဲမှာ ဘာထည့်ဦးမလို့လဲ။ ဒီမှာ ကိုယ့်လူ။"

"ဟိုမှာတွေ့လား။ မဟောသဓာက ပြုံးနေတယ်ဗျ" တနုံ့နုံ့နဲ့ စဉ်းစားခဲ့တဲ့ အရာတွေဟာ ဒြပ်မှုန်တွေ လိုလားမသိ။ ဒါပေမယ့် ဒြပ်မှုန်တွေလို ပျက်စီးကျန်ခဲ့တယ်။ ပြီးတော့လည်း ဘာမှ မဟုတ်သလို။ ငြိမ်ငြိမ်ကလေး လွင့်မျောနေလို့ အခွင့်မရှိဘူးလား။ သိပ်သဘာဝကျတဲ့ သဘာဝတရားထဲမှာ သဘာဝမကျတာဆိုလို့ သဘာဝကျတာပဲ ရှိတယ်။ မှတ်မိပြီလား။

"ခန္ဓာငါးပါးကို ပြင်းပြစွာ စွဲလမ်းခြင်းသည် ဥပါဒါန်ဖြစ်၏။ ယင်းဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးသည် ဥပါဒါနိယမည်၏" (ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓာန်၊ စာမျက်နှာ ၁၇၅)

မေတ္တာတွေ ပူလောင်နေကြ၏။ တောင်းပန်ပါရစေ။ ပုံတွေ ပြောမပြကြပါနဲ့တော့။ ပန်းရနံ့တွေလည်း အရောင်မခြယ်ပါနဲ့တော့။ တိမ်မျှင်တွေလည်း သင်းမပျံ့ပါနဲ့တော့။ လေညှင်းလေးတွေလည်း ပွင့်လန်းမပြပါနဲ့ တော့။ ဟုတ်ကဲ့။ တောင်းပန်ပါရစေ။ ဦးခေါင်းကို ခဏခဏ ညိတ်ပါ။ လက်နှစ်ဖက်ကို ခဏခဏ ငြိမ်ငြိမ်နေပါ။ ကိုယ်ကာယကို ခဏခဏလှမ်းပါ။ အသိစိတ်ကို ခဏခဏ ဘေးမှာ ချထားပါ။ တခုတော့ ရှိတယ်။ ဘယ်သူ့ကိုမှ တီးတိုးစကားပြောဖို့ ခွင့်မပြုပါပဲ ချစ်သူ့စကားကို ရင်မှာသိမ်းဆည်းထားပြီး မုန်းသူ့စကားများကို ပြောဖို့ ကြိုးစားကြည့်ရအောင်လား။ စကားပြောတတ်ခါစလို စကားပြောကြည့်ရအောင်လား။

ကျွန်တော်က "ကျွန်ပ်၏ ဒီဇင်ဘာ" ကို ဣတ္ထိလိင်ကို နှစ်သစ်ကူးလက်ဆောင် ပေးဖူးသည်။ ကြည့်။ ရင်ခေါင်းထဲမှာ အောင့်နေကြတဲ့ အချိုးကျ ပန်းသီးတလုံး စိတ်ကူးနဲ့ ညှော်ရနံ့ခပ်သန့်သန့် လက်သုတ်ပ၀ါတထည် အလိုရှိလိုက်ပါတယ်။

သောကြာနေ့များထဲမှာ ခုနှစ်တန်းက မော်ကွန်းတင် အမျိုးသားစိတ်။ အင်အားကြီး ယဉ်ကျေးမှု။ ခွင့် (လျှို့ဝှက်) ဒဿန။ ကြောက်ရွံ့တာ၊ ပူပန်တာ စိတ်မချမှုကြောင့်ပါ။ အေးအေးဆေးဆေး မျက်နှာမာများ ထမင်းစားကောင်းကြစေ။ ဆောင်းငွေ့ငွေ့ ဘယ်နှစ်ခါ ပြုံးစစ အလှကြားမိပါစ။

သြော်.... ကိလေသာရယ်။ ရယ်မော နာကျည်းသေး။ ကဗျာ။ ကဗျာ။ ဒါဟာ ရှင်းပြဖွယ်ရာလား။ နှုတ်ခမ်းကို ချုပ်သိမ်း၍ အလုံးစုံ တိတ်ဆိပ် လျောင်းစက်၍ သေရည်၌ မျှော်မောလိုက်တဲ့အခါ ထိပ်တန်းကျသော ကလောင်တံများက စေ့စေ့ကြည့်လျက် ဒဏ်ရာတွေက မကျက်သေး၍ ကိုယ်ရေးရာဇ၀င်များ အားလုံးကို ဒီလိုပဲ သင်္ဘေဆေးမလို၊ ရေဆေး၊ ဆီဆေး မလိုတော့ချေ။

သိရပါပြီ။ သိလိုက်ရပါပြီ။ သိခဲ့ပါပြီ။ ကျမ်းကိုးတွေနဲ့ ဝေဒနာများကို ပလုတ်ကျင်း သန့်ရှင်း။ ညှင်းညံ့ညံဓာတ်ပုံ။ အိပ်မပျော်ခဲ့တဲ့ စာတန်းပြီးတဲ့နောက်။ နေရောင် သောင်းကျော်တန် ဖိနပ်ရဲ့ ကော်ဖီခွက်ထဲက သီးသန့် အချစ်နှစ်များစွာ ကြာလို့ ကျွန်ပ်၏ ခြေလှမ်းများရဲ့ ကြံ့ခိုင်ရေးလို လျော့ရိလျော့ရဲ။

အမာရေ။ အမာရေ။ အေးစက်နေပြီလားကွယ်။ ကျက်သရေ ကင်းမဲ့လှတဲ့ အသံ။ သီချင်းရဲ့ လော်လီခြင်းမှာ နက်နက်နစ်မြှုပ်ပြီး ထုတ်တန်းမှာ ဆွဲထားတဲ့ သစ်သီးခြောက်လို ကံတရားရဲ့ အပေါ်မှာ မျက်နှာငယ်စွာ။ စကားလုံး စာရွက် ဘာသာဗေဒရဲ့ ၀င်္ကပါ။ ဒါနဲ့ပဲ ကြေကွဲစရာလေးတွေ ဖြစ်ကုန်ပြီ။ သေချာတယ်နော်။ အဆင့်မြင့် စိတ်လျှော့ပြီး တ၀က်တပျက်မှာ ရှာဖွေဖြစ်သည်။ ပေတံတချပ်ပေါ်က ထိုင်ခုံမှာ သံယောဇဉ်ကို ရှာဖွေ တွေ့ရှိခဲ့ရ၏။ မငိုချင်ခဲ့ရပါဘူးဗျာ။

ပင်လယ်ဆိုတာ ပူပြင်းလွန်းလှတဲ့ ကလေးငယ်။ ဆိတ်ငြိမ်တဲ့ ဂူတွေထဲကို တွားသွားရွေ့တော့ မိခင်မြေရဲ့ အရိပ်ကျ ကမ်းပါးတွေကို ပွတ်တိုက်သွားတာပေါ့။ သက်ပြင်းချဖို့ တီးတိုးပြောဖို့ အဲ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့။ ။ (အမည်မသိရှေးစာဆို)

သူကလေးရဲ့ အင်္ကျီကလေးကို အားနာမိတယ်။ လေးနာရီ ထိုးခဲ့ပါပြီ။ ၄ နာရီ ထိုးခဲ့ပါပြီ။ မျက်နှာရဲ့ အရိပ်များဟာ အမှတ်ရခြင်း ၀တ္ထုပဲ ဖြစ်သင့်တယ်။ အသည်းနှလုံးကို ဘာသာမပြန်ကြပါစို့။ သော့မပိတ်ခင် အသင် အသက်ဝအောင် ရှူပါ။ ပုံပြမျဉ်းကို ဖတ်ပါ။ သမားတော်ကို ကျေးဇူးတင်ပါ။ လှုပ်ကြဟေ့လို့ ခွေးခြင်္သေ့က အော်တယ်။ နေခဲ့ပါရစေတဲ့။ ယုန်ကလေးက ပြောရှာတယ်။ မနေ့က လေးတင်ပဲ ပြောခဲ့ပြီးပြီတဲ့။ သြော် အနာဂတ်မှာ နေရပ်လိပ်စာ လိုသေးတယ်ဆိုရင် အိမ်နံပါတ်တော့ မမှားစေနဲ့တော့။ အသားများများ စားပြီး ရေချိုးနိုင်အောင် ရည်ရွယ်ပါ။ ယတြာမရှိပါ။ ငေးကြည့်နေရသေးတယ်။ အံ့လောက်ဖွယ် လက်ခုပ်သံများ။ မြင်နေကျ တောအုပ်မဟုတ်။ အလျားလိုက် တိမ်းစောင်းသွားတဲ့ ၀န်ရိုးပေါ်မှာ ကိုယ့်ကိုယ်ကို ခိုင်ခံ့လုံခြုံဖို့ ဦးစွာပထမ သတ်ပုံကို ပြင်ဆင်ထားပါ။ နာရီရဲ့ အသံကို မြင်တယ်။ ခပ်စောစောက နှင်းရော။ ဘယ်သူမသိ ရှိပါ့မလဲလေ။ ဒီလိုပဲ လူကြားထဲ ထားရစ်ခဲ့တာ။ အခုတော့လည်း မမြင်ချင်ယောင်။ မမှတ်မိတော့ယောင်ဆောင်ပြီး သကာလ အသက်ရဲ့ အချိန်ကာလကို မသိကျိုးကျွံဟန်လုပ်ပြီး သည်လိုမိတ်ဆွေ နောက်ထပ်တဦးနဲ့ပဲ စကားရော ဖောရော ပြုနေတာကို ကျွန်တော်မသိဘဲ ရှိပါ့မလားလေ။ ကျေးဇူးတင်ပါတယ်။ သင်ပေးခဲ့တဲ့ အကြောင်းအရာတွေလေ။ ဟန်မလုပ်တဲ့ အချိန်တွေ ကျန်ပါသေးတယ်။ အဲဒီကျရင်တော့ မော့ကြည့်ရအောင်နော်။ ခုနလိုပဲပေါ့။ ခင်ဝမ်းကတော့ 'လမ်းရဲ့သယ်ဆောင်ရာ ဟို အဝေးကို၊ အဝေးကို လွမ်းတတ်ရင်လည်း လမ်းကပဲ လွမ်းတော့မယ်' တဲ့။ သီချင်းလုပ်ဆိုတယ်။ ကိုယ့်လူကရော။ မြဲမြဲကိုင်ထားနော်။ အရှိန်ပြင်းတယ်။ အတင်းပြောတဲ့ ဘာသာရပ်ကို မသိခဲ့ရိုး အမှန်ပါ။ ၀န်ခံပါတယ်။ ရဲရဲသာ လက်ခံပါ။ အနောက်ဘက်က သို့မဟုတ် အရှေ့ဘက်က တောင်ကုန်းလို မို့မို့ကလေး တခုမှာ ယာတဲကလေး တခုရှိပါတယ်။ ယာတဲကလေးရဲ့ နဘေးမှာ မိုးမခပင် တပင်ရှိပါတယ်။ ပတ်ပတ်လည်မှာ စိမ်းလန်းတဲ့ မြက်ခင်းအပါအ၀င် စိုက်ခင်းတွေလည်း ရှိပါတယ်။ မော်တော်ကား သို့မဟုတ် မော်တော်ဆိုင်ကယ် ရှိ၊ မရှိ မသေချာ။ ယာတဲကလေးထဲမှာ အသံဖမ်းစက် သို့မဟုတ် ကွန်ပြူတာ ရှိ၊ မရှိ သေချာ။ အိပ်ပျော်နေတဲ့ သို့မဟုတ် အလုပ်လုပ်နေတဲ့ လူပုဂ္ဂိုလ်တဦးဦး ရှိ မရှိ မသေချာ။ သခင်နားကပ်သလို ကပ်နေတဲ့ ခွေးကလေးတကောင် သို့မဟုတ် ကြောင်ကလေးတကောင် ရှိ၊ မရှိ မသေချာ။ ပြောချင်တာကတော့ အဲဒါတွေ အားလုံးရဲ့ အပေါ်မှာ ကျယ်ပြန့်သော မိုးကောင်းကင်ကြီး ရှိနေတယ် ဆိုတာပဲ။

ဤ ကမ္ဘာမြေကြီးက ကျွန်တော့်အပေါ်မှာ ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်က ဤကမ္ဘာမြေကြီး အပေါ်မှာ ခွင့်လွှတ်လိုက်ပါတယ်။

အိပ်မက်ကလေးသာ ပေးပါ။

မောရူးဆိုး
[မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ အမှတ် ၁၄၊ ဇွန်လ၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]

Wednesday, June 2, 2010

ကျနော်နဲ့ ဦးလေးဦးတင်အောင်
ရေးသူ- ဖိုးသံ(လူထု)



ကျနော့ စာဖတ်တတ်ကာစ ကာလတွေမှာ ကျနော် အဖတ်များဆုံး စာတွေက ရွှေဥဒေါင်း(စုံထောက် မောင်စံရှားစသည်)၊ ဒဂုန်ရွှေမျှား(အမ်ကြာရိုးစသည်)နဲ့ ဇ၀န(ဆိုးပေစသည်) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလမှာကိုပဲ ကျနော် အလေးစား၊ အထင်အကြီးဆုံး စာရေးဆရာဟာ ဗန်းမော်တင်အောင်ပါ။ ကျနော် သူ့အကြောင်းကို စသိတဲ့အချိန်မှာ သူဟာ ထောင်ထဲရောက်နေပါပြီ။ သူပုန်ကြီး၊ ပြည်တော်သာ ခင်ခင်ဦး စတဲ့ဝတ္ထုတွေကြောင့် ဖြစ်ပါတယ်။ သူ့စာရဲ့ အရသာနဲ့ တန်ဘိုးကို မသိခင်ကတည်းက သူ့ရပ်တည်ချက်ကြောင့် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။


အဲဒီတုန်းက ကျနော့်ပတ်ဝန်းကျင်က လူကြီးတွေဟာ ကျနော်ဖတ်နေတဲ့ စာပေတွေအကြောင်း မဆွေးနွေး၊ မပြောဆိုကြပဲ ဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ သူ့အကြောင်းကိုပြောတာ မကြာခဏ ကြားရပါတယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း သူ့အမှုနဲ့ ပတ်သက်လို့ မကြာမကြာ ဖတ်နေရပါ တယ်။ သူ့စာအုပ်တွေ၊ အထူးသဖြင့် ဖဆပလအစိုးရက ပိတ်ပင်တဲ့ စာအုပ်တွေကို တခုတ်တရ စုံစမ်းစုဆောင်းတာတွေလည်း တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကျနော့အနေနဲ့ အဲဒီစာအုပ်တွေကို နာမည်နဲ့ လွမ်းခဲ့ရတာ အကြာကြီးပါ။

နောက်တော့ မထင်မှတ်ပဲ ဦးလေးဗန်းမော်တင်အောင်ကို သွားတွေ့ပါတယ်။ နွေရာသီကျောင်း ပိတ်ရက်ကာလ တခုမှာပါ။ ဘယ်မှာလဲဆိုတော့ ရန်ကုန်ထောင်ကြီးအထဲမှာပါ။ ဘယ့်နှယ်၊ ၁၉၅၅ ခုလောက်အချိန်မှာ ကျနော်က အသက်ဘယ်နှနှစ် ရှိလိုမို့ ထောင်ထဲရောက်သွားရတာလဲလို့ မေးစရာရှိ ပါတယ်။ ဟုတ်ပါတယ်။ မဆလခေတ်နောက်ပိုင်းမှာ လူဖြစ်လာသူတွေအဖို့ လုံးဝနားမလည်စရာ ဖြစ်မှာပါ။

အဲဒီတုန်းက ကျနော့အဖေကို ဖဆပလအစိုးရက ပုဒ်မ(၅)နဲ့ ထောင်ထဲထည့်ထားတုန်း ကျနော်က သွားတွေ့ပါတယ်။ ကျနော့်အဖေဟာ ထောင်သားတွေအတွက် သာရေးနာရေး၊ ဘာသာရေးတွေမှာ၊ အကုန်လုပ်ကိုင်ပေးနေလို့ ထောင်အာဏာပိုင်များကလည်း သူ့ကို လေးစားပါတယ်။ ဒါနဲ့ ကျနော်သူ့ကို သွားတွေ့တဲ့အခါမှာ ထောင်အထဲ၊ အဆောင်အထဲထိ သွားတွေ့လို့ ရခဲ့ပါတယ်။ မနက်မှာ ၀င်သွား၊ ညနေ ထောင်မပိတ်ခင် ပြန်ထွက်လာ၊ အဲဒီအထဲမှာပဲ နေ့လည်စာစား၊ ကလေးဆိုတော့ နေချင်သလိုနေ၊ သွားချင်ရာကို သွားခွင့်ရခဲ့ပါတယ်။

ရန်ကုန်ထောင်ကြီးကို ၆၀ ခုနှစ်တ၀ိုက်လောက်မှာ ထောင်အဖြစ်ကနေ ကောက်ပဲသီးနှံဌာန ဆန်ဂို ဒေါင်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ နောက်တော့ ၇၀ ခုနှစ်များထဲမှာ ဖျက်ပစ်လိုက်ပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ ပုဒ်မ (၅)နဲ့ ဆွဲတာ၊ စတာတွေကို အင်းစိန်ထောင်မှာ မထားလေ့ပါဘူး။ ရန်ကုန်ထောင်ကြီးထဲမှာ ထားလေ့ရှိပါတယ်။ ကျနော့်အဖေကို ပုဒ်မ(၅)အဆောင်လို့ ခေါ်တဲ့ အဆောင်ကြီးထဲမှာ ထားပါတယ်။ အဲဒီအထဲမှာတော့ နိုင်ငံရေး လောကသားတွေနဲ့ စာနယ်ဇင်း လောကသားတွေချည်းလို ဖြစ်နေပါတယ်။ အဲဒီတုန်းက ဘယ်သူတွေ ရှိတယ်ဆိုတာ ကျနော်အကုန် မသိခဲ့၊ မမှတ်မိခဲ့ပေမယ့်၊ တွေ့ခဲ့ သိခဲ့အထဲမှာတော့ နိုင်ငံရေးလောက ကဆိုရင် ဗကပက ဗိုလ်အုန်း မောင်၊ အလံနီက သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ စသူတွေ ရှိပါတယ်။ စာနယ်ဇင်း သမားတွေ အထဲကတော့ ကျနော့်အဖေအပါ ဦးလေးဗန်းမော်တင်အောင်၊ မောင်နေ၀င်း(လူထု)၊ ရွှေဒါး၊ စသူတွေ ရှိပါတယ်။ ဒီမှာ တောထဲက မိလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးအမျိုးက လူတွေ အတော်များပါတယ်။ စစ်မော်တော်ယဉ်တစင်းကို မောင်းပြီးတောခိုလာတဲ့ ကွန်မြူနစ်ပါတီက ဗိုလ်ဖုန်း၊ ထောင်ထဲမှာကျသွားတဲ့ တကသ ကိုတင်မောင်ဝင်း(ခရမ်း)ရဲ့ အကို ပြည်သူ့ရဲဘော်က ဗိုလ်စက်စိန် စတဲ့ လူမျိုးတွေပါ။

ပုဒ်မ(၅) အဆောင်ကြီးထဲကို ရောက်သွားတယ်ဆိုတော့ အဲဒီတုန်းက သတင်းစာတွေထဲမှာ မျက်နှာဖုံးက ပါလေ့ရှိတဲ့ သခင်ဖေဌေးတို့၊ ဗိုလ်အုန်းမောင်တို့လို ပုဂ္ဂိုလ်တွေကို တွေ့ရတော့ ကျနော် အတော်ကျေနပ်သွားပါတယ်။ ဒါပေမယ့် အာသာမပြေပါဘူး။ ကျနော် အတွေ့အမြင်ချင်ဆုံးလူကို မတွေ့ရ သေးလို့ပါ။ ဒါကြောင့် ကျနော်က အဖေ့ကို "အဖေ၊ ဗန်းမော်တင်အောင် ဘယ်မှာလဲဟင်"လို့ တဖွဖွ မေးနေမိပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းစာတိုက်မှာ လက်ထောက်အယ်ဒီတာနဲ့ သတင်းထောက်လုပ်တဲ့ ကိုနေ၀င်းက ကျနော့်ကို အဆောင်အောက်ထပ်၊ အ၀င်ပေါက်ကနေဆိုရင် ဘယ်ဘက်တန်းမှာနေတဲ့ ဦးလေးဦးတင်အောင်ဆီကို လိုက်ပို့ပါတယ်။ ဟောဒါ မင်းတွေ့ချင်တဲ့ ဗန်းမော်တင်အောင်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကျနော်က ကလေးပေမယ့် ဦးလေးဦးတင်အောင်က သူ့ အမှတ်တဆိပ်ဖြစ်တဲ့ ကြည်လင်ရွှင်ပြတဲ့ အပြုံးနဲ့ ကြိုဆိုပါတယ်။ သူ့အပြုံးက တသက်မမေ့နိုင်တဲ့ အပြုံး မျိုးပါ။ နောင်ဆယ်စုနှစ်တွေ လွန်တော့လည်း မပြောင်းလဲတဲ့ အပြုံးဖြစ်ပါတယ်။

နောက်တော့သူ ကျနော်တို့အိမ်၊ ကျနော့်မိဘများဆီကို လာတာ နှစ်ခါ၊ သုံးခါလောက်တွေ့ဖူး ပါတယ်။ ဒါပေမယ့် အရွယ်ကွာတော့ အဲဒီစကားဝိုင်းထဲမှာ ကျနော်မပါနိုင်ပါဘူး၊ ရေနွေးကြမ်းချရင်း၊ လက်ဖက်ချရင်း ခိုးကြည့်ရတာမျိုးပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တယောက် သူ့စာတွေနဲ့ ရင်းနှီး နေပါပြီ။ အထက်မှာပြောခဲ့တဲ့ စာအုပ်တွေသာမက မြိုင်၊ ဒေါက်တာရေချမ်း၊ ချောကလက်ဗိုလ်ကြီး၊ ပါမောက္ခအုန်းကျော်၊ မုန်တိုင်းထဲကလူ၊ ပြောရရင် စာရင်းက အရှည်ကြီးပါ။ ကျနော့်ပတ်ဝန်းကျင်က လူတွေကလည်း သူ့စာတွေနဲ့ ရင်းနှီးတဲ့ လူတွေချည်း ဖြစ်ပါတယ်။ တနည်း-ကျနော်က သူ့စာတွေကို ဖတ်တဲ့လူမျိုးတွေနဲ့မှ အပေါင်းများလာတယ်လို့ ဆိုရမယ်ထင်ပါတယ်။ မိတ်သစ်ဖွဲ့ရင် ဒါမှမဟုတ် လူတယောက်ကို ကိုယ်က နိုင်ငံရေးအရ စည်းရုံးချင်ရင် ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေကို အရင်ဆုံး ပေးဖတ်ကြည့်ပါတယ်။ ပြီးမှ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပြီး ဆက်လှမ်းတာပါ။ ဒါကို နိုင်ငံရေး လုပ်ဖူးသူတိုင်း ကြုံဖူးမယ်လို့ ယုံပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ်ကကြိုက်တဲ့ မိန်းကလေးကိုတောင်မှ စာဖတ်စေချင်ရင် ဦးလေးရဲ့ 'မြိုင်' ကို ပေးဖတ်ပါတယ်။ အခု ကျနော်နေတဲ့မြို့ကို သူများက ဘယ်မှာရှိတာလဲလို့မေးရင် ကျနော်က ဗန်းမောင်တင်အောင်ရဲ့ ငွေနှင်းမှုန်မှုန် ထဲကမြို့ ကလေးလို့ ပြောလေ့ရှိပါတယ်။

ကာလတခုရောက်တော့ ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေဟာ ရောင်းအကောင်းဆုံး စရင်းမှာပါ နေတာ မှတ်မိနေပါတယ်။ ဖေတော့မောင်တော့ ၀တ္ထုတွေ၊ အလွယ်ဖတ် အပေါ့ဖတ်စာတွေအကြားမှာ သူ့စာအုပ်လိုဟာတွေ ထိပ်ဆုံးရောက်ခဲ့တာဟာ ကျနော်တို့ ဗမာစာပေလောကရဲ့ ထူးခြားချက် လည်းဖြစ်၊ ဂုဏ်ယူစရာလည်း ဖြစ်တယ်လို့ အောက်မေ့မိပါတယ်။ တခြားနိုင်ငံတွေမှာ ဒါမျိုးကို တွေ့ရခဲလှပါတယ်။ ကျနော်တို့နိုင်ငံဟာ ဆင်းရဲလှ၊ နောက်ကျလှပေမယ့် နိုင်ငံရေးနိုးကြားမှုနဲ့ စာပေကို တန်ဘိုးထားမှုတို့မှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ ဆိုရဲပါတယ်။ ဦးလေးဦးတင်အောင်ဟာ ဗမာစာဖတ်ပရိသတ်ကို အဲဒီလို အဆင့်မြင့်အောင် ကူညီတွန်းပို့ခဲ့သူတွေထဲက တဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

နောက်တခါ ဦးလေးဦးတင်အောင်နဲ့ တွေ့တာကတော့ တသက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့ည။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တဲ့ ပြည်တော်အေး သင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။ တွဲဖက်ထောင်ထဲက ခေါ်လာတဲ့ အညာဖက်က နိုင်ငံရေးအကျဉ်းသမားတွေကို သင်္ဘောဝမ်းထဲဆင်းခိုင်းလို့ ဆင်းလိုက်တော့ ၀ပ်လေးဆယ်အား လောက် မီးလုံးတွေ ထွန်းထားတဲ့ သင်္ဘောဝမ်းခန်းထဲမှာ ကိုယ့်အရင်ရောက်နှင့်တဲ့ အောက်ပြည်က ဘ၀တူတွေကို တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်အရင်ဆုံး လုပ်တာဟာ ထောင်ထဲရောက်နေသူတွေ လုပ်လေ့ရှိတဲ့အတိုင်း ကိုယ်သိတဲ့လူ ဘယ်သူများပါလေသလဲလို့ စူးစမ်းတာပါ။ မေးတော့တာပေါ့။ အဲဒီတော့ ကိုယ့်ဘေးမှာရှိတဲ့ ကိုယ့်အရင် သင်္ဘောဝမ်းထဲရောက်နေသူက "ဗန်းမောင်တင်အောင်၊ မြသန်းတင့်....." စသဖြင့် ပြောပြပါတယ်။ သင်္ဘောဝမ်းခန်းက ကျယ်လှတာ မဟုတ်ပေမဲ့ သူသူကိုယ်ကိုယ် ပင်ပမ်းငြီးငွေ့နေ၊ လူတွေ ပြွတ်သိပ်ကျပ်နေ စတဲ့အကြောင်းတွေကြောင့် အစမှာ လူရုပ်တွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် သူလက်ညှိုးထိုးပြတဲ့ ဖက်ကို လှမ်းကြည့်လိုက်တော့ သင်္ဘောဝမ်းခေါင်း နံရံကိုမှီပြီး ထိုင်နေကြတဲ့ သခင်ခင်အောင်(နောင်ကျတော့ ကျွန်းမှာ အားလုံးက အန်ကယ်ကြီးလို့ ချစ်ချစ်ခင်ခေါ်တာ ခံရသူ)၊ ဦးလေးဦးတင်အောင်နဲ့ ဦးလေးမြသန်းတင့်။

သူတို့သုံးယောက်စလုံးဟာ ဈာန်သမာပတ် ၀င်စားနေသလား ထင်ရလောက်အောင် အင်မတန် အေးဆေး တည်ငြိမ်တဲ့ မျက်နှာထားတွေနဲ့ ထိုင်နေကြပါတယ်။ ဒါဟာ နောင်မှာ ကျနော် အနီးကပ် ထပ်တွေ့ရမယ့် ဦးလေးဦးတင်အောင်ရဲ့ သမာဓိရုပ်ပုံလွှာပဲ ဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတဲ့အခါပဲ ဖြစ်ဖြစ် စမ်းသပ်မှုတွေကို ရင်ဆိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ သူဟာ အဲဒီလို တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ ရင်ဆိုင်တာချည်း တွေ့ရပါတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတိုက်ပွဲတွေ ကျင်းပတယ်ဆိုရင် တိုက်ပွဲစတယ် ဆိုတာနဲ့ ပထမအသုတ် တိုက်ပွဲဝင်တွေကို တိုက်ပွဲဆောင်ရဲ့ အရှေ့မှာ ရပ်စေပြီး ကျန် အကျဉ်းသားများနဲ့ မိတ်ဆက်ပေးလေ့ ရှိပါတယ်။

"ရက် ၄၀ တိုက်ပွဲ" မှာ ပထမအသုတ် တိုက်ပွဲဝင်တွေကို မိတ်ဆက်ပေးတုန်းက အရပ်မြင့်မြင့်နဲ့ မားမားရပ်နေတဲ့ ဦးလေးဦးတင်အောင်ရဲ့ တည်ငြိမ်ခိုင်မာ ပြတ်သားတဲ့ သဏ္ဍန်ကို အခုထိ မြင်ယောင်နေ ပါတယ်။ ဒါနဲ့ သူတို့ရှိရာကို ကျနော်က သွားပြီး ကိုယ့်ကိုယ်ကို ဘယ်သူပါလို့ ပြောပြ ဂါရ၀ပြုတော့မှ ဦးလေးဦးတင်အောင်ရဲ့ မျက်နှာမှာ ကျနော်မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ ၁၃-၁၄နှစ်က တွေ့ဖူးတဲ့ အပြုံးကို ပြန်တွေ့ရပါတယ်။ မတူတာ တခုက အခုတခါမှာတော့ သူ့အပြုံးမှာ ဂရုဏာအရိပ်အယောင်တွေ သန်းနေပါပဲ။

ကိုကိုးကျွန်းကို ရောက်တော့ သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို ဒုက္ခသည်တွေလို အထုပ်အပိုးတွေ တိုးလို့တွဲလောင်းနဲ့ လှိုင်းတွေအကြားမှာ အလဲလဲ အကွဲကွဲ လျှောက်လာခဲ့ကြပြီးတဲ့နောက် ခြစ်ခြစ်တောက် ပူလောင်နေတဲ့ သဲသောင်ပြင်ပေါ်မှာ ကျနော်တို့ကို ထိုင်စောင့်ခိုင်းထားပါတယ်။ အဲဒီနောက် အကျဉ်းထောင်အထူးအရာရှိ ဒုဗိုလ်မှူးကြီး ထွန်းရင်လောဆိုသူက သတိပေးခြိမ်းခြောက် တဲ့ မိန့်ခွန်းတခုခြွေပါတယ်။ မိန့်ခွန်းပြောပြီးတော့ သူက- ဒီထဲမှာ စာရေးဆရာ ဗန်းမော်တင်အောင် ပါတယ်လို့ သိရတယ်။ ရပ်ပြစမ်းပါလို့ တောင်းဆိုလို့ ဦးလေးဦးတင်အောင်က ရပ်ပြရပါတယ်။ ရန်သူ လေးစားအသိအမှတ်ပြုရတဲ့ ကျနော်တို့ ဦးလေးပါလား။

ကျွန်းပေါ်ကိုရောက်တော့ သဘာဝကျစွာပဲ တခြားအဖွဲ့အစည်းကလူတွေနဲ့ ထောင်အမှုထမ်းတွေ အပါအ၀င် လူတိုင်းဟာ သူလို ပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်ကြပါတယ်။ ကျနော်လည်း ခြွင်းချက် မဟုတ်ပါဘူး။ ကျနော် ပထဆုံး သတိထားမိတာက ဦးလေးဟာ အနေအထိုင် အင်မတန် စည်းကမ်းရှိ၊ သပ်ယပ်တာပါ။ နောက်တော့ ဆက်သတိထားမိတာက သူဟာ အပြောအဆိုမှာလည်း အင်မတန် စည်းကမ်းရှိ သပ်ယပ်တာပါပဲ။ ဒါဟာ အတွေ့အကြုံ၊ အသိပညာ ပြည့်ဝတယ်ဆိုတဲ့ လက္ခဏာသာမကပဲ ပုဂ္ဂိုလ်ရေး မာန်မာနလည်း ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဒေါသထွက်တယ် ဆိုတာ တွေ့ရခဲလှပါတယ်။ ကျနော်တော့ တခါမှ မတွေ့ဖူးပါ။ လူငယ်တွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစား၊ သိမ်သိမ်မွေ့မွေ့၊ လေအေးလေးနဲ့ ပြောတတ်တဲ့ ဦးလေးဟာ ပြင်းပြင်းထန်ထန် ငြင်းခုန်ရပါတယ်ဆိုတဲ့ အစည်းအဝေးတွေမှာလည်း အလားတူပဲ အေးအေးဆေးဆေး ပြောတတ် ပါတယ်။ ဒီနေရာတွေမှာ ကျနော့်အဖေနဲ့ တူလိုက်လေလို့ အောက်မေ့မိခဲ့ပါတယ်။

ဦးလေးက နိစ္စဓူဝလို မပျက်မကွက်လုပ်တဲ့ အလုပ်တွေကတော့ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ ညမှာ ရေဒီယိုသတင်း နားထောင်တာ၊ နောက်ပြီး အဲဒီသတင်းကို နောက်မနက်မှာ ကျောက်သင်ပုန်းပေါ်မှာ အများဖတ်ရအောင် ရေးပြတာပါပဲ။ ရေဒီယိုကို အိပ်ဆောင် ၁၁ ဆောင်က တညစီ အလှည့်ကျ ယူနား ထောင်ကြတာဆိုတော့ သူများအဆောင်တွေကို သွားပြီးနားထောင်ရတဲ့ ဇွဲမျိုး ရှိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဦးလေးကတော့ တခြားအဖွဲ့အစည်းက အဆောင်တွေကိုပါ ညစဉ်သွားပြီး မှန်မှန်နားထောင်၊ မှန်မှန် သတင်းရေးပါတယ်။ မနက်စာ သွားစားတဲ့အခါ ဦးလေးရဲ့ ကျောက်သင်ပုန်းသတင်းကို ကျနော်တို့ နေ့စဉ် စောင့်ဖတ်ခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။ အစာအိမ်ရောဂါ ဆိုးဆိုးဝါးဝါးရှိတဲ့ ဦးလေးဟာ သတင်းရေးတာ ပျက်ကွက်ခဲလှပါတယ်။

ကိုကိုးကျွန်းမှာ အယူအဆရေးရာတိုက်ပွဲ အင်မတန်ပြင်းထန်ခဲ့တယ်ဆိုတာကို လူအတော်တော် များများ ကြားဖူးကြမှာပါ။ ဦးလေးဟာ အဲဒီအရှုပ်အထွေးပေါင်းစုံ အကြားမှာ သူလုပ်စရာရှိတာကို မယိမ်းမယိုင်လုပ်သွားတာဟာ အတုယူစရာပါ။ မှန်တာပြောရရင် ဦးလေးရဲ့ တချို့အရည်အချင်းတွေကို ကျနော့်အနေနဲ့ အသက်လေးရလာမှ ပိုသဘောပေါက်လာတာ ဖြစ်ပါတယ်။ သူတပါး ရင့်ကျက်တာကို သဘောပေါက်ဖို့အတွက် ကိုယ်ကလည်း တစုံတရာတော့ ရင့်ကျက်ဖို့လိုတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ သူနဲ့ နီးနီးနေရတုန်းက နားမလည်လိုက်တာတွေအတွက်လည်း နှမြောဝမ်းနည်းရပါတယ်။

ခု ဒီစာကိုရေးတော့ ကျနော့ခေါင်းထဲမှာ နောင်တလိုလို၊ ဦးလေးကို တောင်းပန်ချင်စိတ်လိုလိုတွေ ပေါ်နေတာ အမှန်ပါပဲ။ မှန်တာပြောရရင် ကျွန်းပေါ်တုန်းက ကျနော်ဦးလေးကို မကောင်းပြောခဲ့တာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့်အလေ့တခုက လူကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှာ နေတတ်တာပါ။ ဒါကြောင့် ကျနော့်မိဘဆီကို စာရေးဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လာလည်ရင် ကျနော်က ရှောင်လို့သာ နေပါတယ်။ ဒီတော့ ဦးလေးဦးတင်အောင်နဲ့ ကျနော် သုံးနှစ်နီးပါးနေခဲ့တဲ့ ကိုကိုးကျွန်းပေါ်မှာ စကားများများ မပြောခဲ့ရပါဘူး။ အဲဒီအကျင့်ကြောင့် ကျနော်ဦးလေးနဲ့ နောက်ဆုံးတွေ့တဲ့တခါမှာလည်း စကားမပြောလိုက်ရပဲ ဖြစ်သွားခဲ့ပါတယ်။

အဲဒါက ကျနော် ထောင်ကလွတ်လာတဲ့ ၁၉၇၂ခုနှစ်၊ ဇွန်လအဆန်းပိုင်းမှာပါ။ ကျနော် အင်းစိန်ထောင်က လွတ်တော့ ကျနော့်အဖေနဲ့အမေက ထောင်ဗူးဝမှာ လာကြိုပါတယ်။ ပြီးတော့ နောက်တနေ့ညမှာ လူတချို့ကိုဖိတ်ပြီး တရုတ်ထမင်းဆိုင်တဆိုင်မှာ ထမင်းကျွေးပါတယ်။ ညစာပါ။ အဲဒီတုန်းက အဖိတ်ခံရသူတွေက သခင်လွင်၊ သခင်လှကျွေနဲ့ ဦးလေးဦးတင်အောင်၊ ဦးလေး မြသန်းတင့်တို့ပဲ ဖြစ်ပါတယ်။ စီစဉ်ပေးသူက ကျနော့်အကိုဝမ်းကွဲတော်တဲ့ ၀င်းမော်ဦး ဦးတင်မောင် ဖြစ်ပါတယ်။ အဲဒီလို ထမင်းအတူစားကြရာမှာ ကျနော့်အနေနဲ့ စကားတခွန်းမှ မပြောခဲ့ပါဘူး။ လူကြီးတွေနဲ့ ကျနော့်ကို မိတ်ဆက်ပေးတဲ့အခါမှာ ကျနော်က ပြုံးပြတာလောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်သူ့ကို နောက်ဆုံးတွေခဲ့တာပါပဲ။ သူကတော့ ကျနော် ၁၀နှစ်သားလောက်တုန်းက တွေ့ဖူးတဲ့ အပြုံးနဲ့ပဲ ကျနော့်ကို နှုတ်ဆက်ပါတယ်။ လူကြီးဝိုင်းမို့ ကျနော်က ဘယ်သူ့ကို ဘာစကားမှ မပြောခဲ့ပါ။ ဘေးက နားထောင်သူသာ လုပ်နေခဲ့ပါတယ်။ အဲဒါ ကျနော်နဲ့သူ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။

သူကွယ်လွန်တယ်လို့ ကြားတော့ ကျနော်က ၀နယ်၊ ပန်ဆန်းမှာပါ။ ကြားတဲ့အခါမှာ ကျနော် စကားမပြောနိုင်ပဲ ငိုင်သွားခဲ့ပါတယ်။ စောလိုက်၊ မြန်လိုက်တာလို့ တွေးမိပြီး ပြည်သူ့အရေးတော်ပုံ အတွက် စာပေစစ်မြေပြင်က တပ်မှူးကြီးတယောက် လျော့သွားရပြီလို့ ၀မ်းနည်းမိပါတယ်။ တဆက်တည်း သူ့အကြောင်းတွေကို ကျနော်ပြန်စဉ်းစားတော့ ကျနော့်ဘ၀မှာ သူ့စာပေတွေ၊ သြဇာညောင်းခဲ့ပုံကို ပြန်တွေးမိနေပါတယ်။ ဒီနေရာမှာ သူ့စာပေတွေကို ဆွေးနွေးဖို့ မရည်ရွယ်တာမို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် ကျနော့်အပေါ် သူ့ကျေးဇူးကိုတော့ ချန်လို့မဖြစ်တာနဲ့ အနည်းအပါး ထောက်ပြချင်ပါတယ်။

ဦးလေးဦးတင်အောင်ရဲ့ ကျေးဇူးတွေထဲမှာ အင်မတန်အရေးကြီးတဲ့ တချက်က သူဟာ လူငယ်တွေ အတွက် စံပြပုံစံတွေ ထုဆစ်ပြသွားခဲ့တာပါပဲ။ ဒီဖက်မှာ သူ့လောက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူဟာ မရှိသလောက်နီးပါးပါ။ သူဟာ အချစ်အတွက် အရက်ပုလင်းထဲ ခေါင်းနှစ်ပြီး ဘ၀ကို အရှုံးပေးဖို့ အားမပေးခဲ့ပါဘူး။ လူငယ်ပဲ၊ လောကကြီးမှာ ပျော်ပျော်နေသေခဲ ဆိုသလို ထင်သလိုနေ၊ လုပ်ချင်သလိုလုပ်တဲ့ လမ်းမျိုးဆီကိုလည်း တွန်းမပို့ပါဘူး။ ငွေဟာ အရာရာကို ဖန်တီးနိုင် တယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်း တည်ဆောက်မပေးပါဘူး။ သူ့ခေတ်က စာပေနယ်မှာ အဲဒီလို အယူအဆတွေကို သင်ပေးနေတဲ့ ကျော်ကြားတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေက ဦးလေးဦးတင်အောင်ကို လူပုဂ္ဂိုလ်အရ တိုက်ခိုက်လို့မရတော့ လက်ဝဲဆိုပြီး အယူအဆကို ဖိတိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် ရာစုနှစ်တ၀က်မှ မကြာဘူး၊ ပတ္တမြားမှန်ရင် နွံမှာမနစ်ကြောင်း တွေ့ခဲ့ကြရပါတယ်။

အဲဒီခေတ်တုန်းက ဗန်းမော်တင်အောင် ဇာတ်လိုက်ပုံ လိုက်ဖမ်းတယ်ဆိုတဲ့ လူတွေ ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လိုက်လုပ်သူတွေဟာ လူ့သိက္ခာ၊ လူကျင့်ဝတ်တွေကို စောင့်စည်းရတာမို့ တယ်မသက်သာလှတာတော့ အမှန်ပါ။

သူ့စာတွေကိုဖတ်ပြီး၊ သူ့အကြောင်းတွေကိုကြားပြီး၊ လူတယောက်ဟာ အဖိနှိပ်ခံတွေဘက်က ရပ်တည်ရမယ်၊ ကိုယ့်ယုံကြည်ချက်အတွက် အနစ်နာခံရမယ်ဆိုတဲ့ ခံယူချက်တွေ စွဲမြဲစေပါတယ်။ နိုင်ငံရေးကြောင့် ထောင်ထဲရောက်တာ ဂုဏ်ယူစရာဖြစ်တယ်လို့ ယုံကြည်လာစေပါတယ်။ ပြည်သူတွေ၊ လူငယ်တွေ၊ ကနေ့အထိ မျိုးဆက်လိုက်ချီပြီး ဖိနှိပ်သူတွေကို ရင်ဆိုင် အံတုနေကြတာဟာ ဦးလေးဦးတင်အောင်ရဲ့ စာမျိုးတွေရဲ့ ကျေးဇူးအများကြီး ပါပါတယ်။

တလောဆီတုန်းက ဗမာပြည်စာပေလောကနဲ့ နီးစပ်တဲ့ နိုင်ငံခြားသား အမျိုးသမီးကြီးတဦးက ကျနော့်ဆီကို သူဗမာပြည်က ၀တ္ထုရေးဆရာတွေအကြောင်း စာတမ်းတစောင် ရေးနေတဲ့အကြောင်း ပြောပြရင်း ဗမာပြည်က စာရေးဆရာတွေအထဲမှာ ဘယ်သူတွေဟာ သြဇာကြီးခဲ့တယ် ထင်သလဲလို့ မေးပါတယ်။ ကျနော်က တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ (နာမည်တွေ ရှေ့မှာ ဆရာ-ဦးမတတ်ခဲ့တာကို နားလည်ပါ)စသူတွေဟာ ပေါ်ပြူလာအဖြစ်ဆုံးပဲ။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာအညောင်းဆုံးကတော့ ဗန်းမော်တင်အောင်ပဲလို့ ပြန်ရေးပြလိုက်ပါတယ်။

ဒီတော့ သူက ဗန်းမော်တင်အောင်ရဲ့စာဟာ ဒီလောက် သြဇာကြီးနိုင်ပါ့မလား၊ သူ့စာအရေးအသား ဟာဆိုပြီး အတတ်ပညာပိုင်းတချို့ ပြောပြပါတယ်။ အဲဒီတော့ ကျနော်က တခြားတော့ မသိဘူး၊ သူ့ အသုဘနဲ့ ပါတ်သက်ပြီး ရေးကြတာတွေ၊ အထူးသဖြင့် ဆရာပါရဂူရေးတဲ့ ဆောင်းပါးကို ဖတ်ပြီး ဦးလေးဦးတင်အောင် သေရပုံကို ကျနော်သိတ်အားကျမိတယ်လို့ ပြန်ရေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လုံးဝမပါတ်သက်တဲ့ အနောက်နိုင်ငံသူ ပညာရှင်တယောက်အနေနဲ့ ကျနော်ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်ရဲ့လား မပြောတတ်ပါ။ ကျနော်သာ အဲဒီအသုဘကို ရောက်ရင် သူတကာလိုပဲ ပန်းခွေတွေက ပန်းတပွင့်ကို နှုတ်ယူပြီး ရင်ပတ်မှာ အမြတ်တနိုး ထိုးလာခဲ့မှာပါ။

-ဖိုးသံ(လူထု)-
[ ၁၃၆၇ ၀ါဆိုလဆန်း၂ရက်၊ သက္ကရာဇ် ၂၀၀၅ ဇူလိုင် ၇ ရက်ထုတ် မာယာမဂ္ဂဇင်းက ပြန်လည် ကူးယူဖော်ပြပါတယ်]

Tuesday, June 1, 2010

လောကဓမ္မကိုလွန်မြောက်သူ
ရေးသူ- လူထုစိန်ဝင်း



'ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့'

လူတိုင်းပြောနေကျ စကားတခုပါ။ မကြာခဏလည်း ကြားနေရတာမို့ လွယ်လွယ်ကူကူ ကောက်ခါငင်ခါ ပြောတတ်ကြမြဲ ဖြစ်ပါတယ်။ လောကဓမ္မ ဖြစ်ရိုးဖြစ်စဉ်တခုအဖြစ် မှတ်ယူ သဘောပိုက်ထားကြပါတယ်။

အမှန်တရားရဲ့ခြွင်းချက်

လောကဓမ္မအဖြစ် မှတ်ယူကြရပေမယ့် ခြွင်းချက်အဖြစ် ထားရတဲ့အခါများလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ဆိုရိုးစကားအတိုင်း အကြွင်းမဲ့မှန်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။ လောကဓမ္မတာ အမှန်တရားကို လွန်မြောက်တဲ့အရာ၊ လူပုဂ္ဂိုလ်များ လူ့လောကမှာ ရှိစမြဲဖြစ် တယ်။ ဆိုကရေးတီးတို့၊ ပလေတိုတို့၊ အရစ္စတိုတယ်တို့ လွန်ခဲ့တာ နှစ်ထောင်နဲ့ချီ ကြာခဲ့ပေ မယ့်၊ သူတို့အမည်နာမဟာ မှေးမှိန်ပျောက်ကွယ် မသွားခဲ့ပါဘူး။ ရှိတ်စပီးယား၊ အလက်ဇန္ဒာဒူးမား၊ ဘိုင်ရွန်၊ ရှယ်လီတို့ လွန်ခဲ့တာ နှစ်ရာချီခဲ့ပြီ။ ဒါပေမယ့် ကမ္ဘာတခုလုံးမှာ သူတို့နာမည်ကို တနေရာမဟုတ် တနေရာမှာ ထုတ်ဖော်ပြောနေကြဆဲ ဖြစ်တယ်။


မသေသောသူ

အလားတူပဲ အနန္ဒသူရိယတို့၊ ပဒေသရာဇာတို့၊ မယ်ခွေတို့၊ လှိုင်ထိပ်ခေါင်တင်တို့၊ မြ၀တီမင်ကြီးတို့၊ န၀ဒေးကြီးတို့ဆိုတဲ့ အမည်နာမဟာလည်း မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ နေ့စဉ်မပြတ်ဆိုသလို ထုတ်ဖော်ပြောကြားနေကြဆဲ ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးများဟာ လောကဓမ္မကို လွန်မြောက်သူများ ဖြစ်ကြတယ်။ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက်ပဲ ကြာကြာ၊ လူ့လောကမှာ သူတို့ရဲ့ အမည်နာမများဟာ တည်တံ့နေမှာ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးများကို 'မသေသောသူ' လို့ ဆိုရင်တောင် ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။

ရန်သူကတောင် လေးစားရသူ

ဗန်းမော်တင်အောင်ဆိုတာက အဲဒီလိုပုဂ္ဂိုလ်မျိုး။ မြန်မာနိုင်ငံသားများအဖို့တော့ သူဟာ ဘယ်တော့မှ မသေဘူး။ အမြဲတမ်းရှင်သန် တည်တံ့နေမှာ ဖြစ်တယ်။ သူ့ကို အမှတ်တရ ဖြစ်နေရုံမက ချစ်လဲ ချစ်နေကြဆဲ ဖြစ်တယ်။ လူ့လောကရဲ့ ဘ၀တခုက သေမှ ချစ်တတ် လွမ်းတတ်ကြတယ်။ သူက သက်ရှိထင်ရှားရှိနေဆဲ ကာလမှာတောင် လူကြီးလူငယ်မရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားအလွှာအားလုံးရဲ့ ချစ်ခင်ကြည်ညိုမှုကို ရရှိခဲ့သူ ဖြစ်တယ်။ ကုန်ကုန်ပြောရရင်၊ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်အခါအခါ သူ့ကို ထောင်သွင်းအကျဉ်းချထား ခဲ့သူများကတောင်မှ ဗန်းမော်တင်အောင်ဆိုတဲ့ လူပုဂ္ဂိုလ်တဦးကိုတော့ လေးစားကြည်ညိုခြင်း ရှိခဲ့ကြပါတယ်။ နိုင်ငံရေးအရ ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပေမယ်လို့၊ အဲဒီလူတွေဟာ လူပုဂ္ဂိုလ်အနေနဲ့ တော်တော်ကို လေးလေးစားစား ရှိကြပါတယ်။ စာရေးဆရာ ဗန်းမော် တင်အောင်ကို မချစ်တဲ့သူ ဘယ်သူမှမရှိဘူးလို့တောင် ပြောဝံ့ပါတယ်။

ရှားပါးလူကြီးလူကောင်း

ဆရာဗန်းမော်တင်အောင်ဟာ ရုပ်ရည်သန့်ပြန့်သလို စိတ်လည်း အင်မတန် သန့်ပြန့်သူ ဖြစ်ပါတယ်။ အနေအထိုင် ရိုးဖြောင့်တည်ကြည်ပြီး တဖက်သားအပေါ် အလွန်အမင်းကို စာနာတတ်သူ ဖြစ်တယ်။ လူရော စိတ်ပါ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တယ်။ ရှားရှားပါးပါး တွေ့ရတဲ့ 'လူကြီးလူကောင်း' တယောက်ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ဆက်ဆံရာမှာလည်း 'သမားဂုဏ်ပြ' လုပ်တာမျိုး လုံးဝမရှိဘဲ တန်းတူရည်တူ သဘောထားပြောဆိုဆက်ဆံ လေ့ရှိတယ်။ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ရတာ ဖြစ်ပေမယ့် ကာလကြာရှည်စွာ အတူနေ အတူစား အတူသွားအတူလာ လုပ်ခဲ့ရတဲ့ ကိုကိုးကျွန်းရောက်မှ သူ့အကြောင်းကို ပိုသိခဲ့ရပြီး ပိုလေးစားကြည်ညိုခဲ့ရတယ်။ တခါတလေ အယူအဆမတူတာတွေကို ဆွေးနွေးငြင်းခုန် ပြုကြရတဲ့အခါများမှာ သူ့ 'လူကြီးလူကောင်း' ဆန်မှုကို ပိုပြီး သတိထားမိတယ်။ အချေအတင် ပြောဆိုကြပြီဆိုရင် သူဟာ ဘယ်တော့မှ 'ငါ့စကားနွားရ' စကားနိုင်လု ပြောလေ့မရှိဘူး။ တခြားလူတွေ ပြောတာကို အစအဆုံး စိတ်ရှည်လက်ရှည် နားထောင်လေ့ရှိပါတယ်။ လူအားလုံး ပြောစရာမကျန်တော့ဘူးဆိုမှ သူက သူ့အမြင်သူ့သဘောထားကို လေအေး ကလေးနဲ့ ရှင်းပြတတ်ပါတယ်။ အဲဒီလို ရှင်းရာမှာလဲ၊ သူ့သမ္ဘာ သူ့ဝါတွေ၊ သူဖတ်ခဲ့တဲ့ စာအုပ်ကြီးတွေနဲ့ ကိုင်ပေါက်လေ့မရှိပါဘူး။ အဲဒီကာလက ကျွန်တော်တို့တတွေဟာ နှစ်ဆယ်ကျော် သုံးဆယ်လောက် 'မပြည့်အိုး' ကလေးတွေသာ ရှိကြသေးတာပဲ။ တကယ်တမ်း 'ထိုင်ငြင်း' ငြင်းလို့ကတော့ ကြာကြာဘယ်ငြင်းနိုင်မှာလဲ။ ကျွန်တော်တို့ လူငယ်တွေရဲ့ အားနည်းချက်ကို ဆရာက ဘယ်တော့မှ ထိုးနှက်လေ့ မရှိပါဘူး။ စိတ်ရှည်လက်ရှည် ညင်ညင်သာသာနဲ့သာ ရှင်းပြ ဆွေးနွေးလေ့ရှိပါတယ်။

ရွှေဥဒေါင်းရဲ့ကိုယ်ပိုင်စံ

အင်္ဂလိပ်စာတွေ သိတ်ဖတ်ပြီး ရှေးခေတ်အင်္ဂလိပ်လူမျိုးများရဲ့ 'လူကြီးလူကောင်းစိတ်' ကို သိပ်သဘောကျ နှစ်ခြိုက်တဲ့ ဆရာကြီးရွှေဥဒေါင်းဟာ ကိုယ်တိုင်လည်း နေတာ၊ ထိုင်တာ၊ စားတာ သောက်တာကအစ လူမှုပေါင်းသင်းဆက်ဆံရေးအထိ အင်မတန်မှကို စည်းကမ်း တိကျပါတယ်။ လူတိုင်းကို သူ့ 'ကိုယ်ပိုင်စံ' နဲ့ တိုင်းပြီး ကြည့်လေ့ရှိပါတယ်။ အဲဒီ 'သူ့ကိုယ်ပိုင်စံ' ကြောင့် တွေ့သမျှ လူတိုင်းကို သူသဘောတွေ့လေ့ မရှိပါဘူး။ သူချီးကျူးသူ၊ သူလေးစားသူ ဆိုတာ၊ မရှိသလောက်ကို ရှားပါတယ်။ တလောကလုံးမှာ ဆရာကြီးရွှေဥဒေါင်း နှစ်နှစ်ကာကာကြီး လေးစားသူဆိုလို့ 'ဗုဒ္ဓ' ကလွဲရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီး ဘာထရန်ရပ်ဆယ် နှစ်ဦးသာ ရှိပါတယ်။

ရွှေဥဒေါင်းချီးကျူးခဲ့သူ

အဲဒါလောက်ထိ 'ကိုယ်ပိုင်စံ' သိပ်တင်းကျပ်လွန်း၊ သိပ်မြင့်လွန်းတဲ့ ဆရာကြီး ရွှေဥဒေါင်းကတောင်မှ ဆရာဗန်းမော်တင်အောင်ကို 'တကယ့် ဂျင်းတဲလ်မဲန်းပဲကွ' လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဒီစကားကို အများသူငါအတွက်တော့ သိပ်ပြီးအရေးပါလှတယ်လို့ ထင်ချင်မှ ထင်ကြပါလိမ့်မယ်။ အင်မတန်မှကို စည်းစနစ်ကြီးကြီး၊ အင်မတန်မှလည်း မာနကြီးလွန်းတဲ့ ဆရာကြီးရွှေဥဒေါင်းအကြောင်း ကောင်းကောင်းသိသူ တယောက်အနေနဲ့ တော့ ဒီစကားရဲ့ အလေးအနက်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းက ချီးကျူးတဲ့ သူဆိုလို့ တကမ္ဘာလုံးမှာ လက်ဆယ်ချောင်းပြည့်အောင်တောင် ရေတွက်လို့ မရှိနိုင်ပါဘူး။

အုန်းပင်စိုက်သူ

ဆရာဗန်းမော်တင်အောင်လည်း လူရောစိတ်ပါ စည်းစနစ်ရှိသူ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ နေစဉ်က နေ့စဉ်မှန်မှန် ကျွန်းပတ်လမ်းလျှောက်ပါတယ်။ တနေ့တနာရီလောက် သူ့အိပ်ရာပေါ်မှာ 'အုန်းပင်စိုက်' လေ့ကျင့်ခန်း မှန်မှန်လုပ်ပါတယ်။ အုန်းပင်စိုက်လေ့ကျင့်ခန်း လုပ်တာ သွေးလှည့်ပတ်မှု မျှတစေပြီး ဦးနှောက်ကြည်လင်လန်းဆန်းစေတယ်။ ဆံပင်မဖြူ အောင်လည်း တားဆီးကာကွယ်ပေးတယ်လို့ ဆရာက ပြောပါတယ်။ ထမင်းစားတဲ့အခါမှာ လည်း ဆရာက သူသတ်မှတ်ထားတဲ့အတိုင်း တပန်းကန်ပြည့်ပြည့်သာ စားပါတယ်။ ဟင်းရှိလို့ ပိုမထည့်သလို၊ ဟင်းမရှိလည်း လျှော့မထည့်ပါဘူး။ ပုံမှန်အတိုင်း ၀င်အောင်စားပါတယ်။

ချစ်ဆဲလွမ်းဆဲ

အဲဒီလို စည်းစနစ်ရှိတာ လူကြီးလူကောင်းဆန်တာတွေကြောင့် လူတိုင်းက စာကိုချစ် သလို လူကိုလည်း ချစ်ကြတာပါ။ အခုဆိုရင် ဆရာကွယ်လွန်ခဲ့တာ ဆယ်စုနှစ်၊ သုံးခုတိုင် ခဲ့ပါပြီ။ ဆရာကွယ်လွန်ခဲ့တဲ့ လရောက်တိုင်း ဆရာ့စာဖတ်ပရိသတ်တွေက ဆရာ့အလွမ်းပြေ အခမ်းအနားတွေ လုပ်လေ့ရှိသလို မဂ္ဂဇင်းတွေဂျာနယ်တွေကလည်း ဆရာ့အမှတ်တရ အထူးထုတ်တွေ ထုတ်လေ့ရှိကြတယ်။ ဆရာ့ကို ဘယ်သူမှ မမေ့ကြဘူး။ ချစ်ကြဆဲ၊ လေးစားကြည်ညိုကြဆဲ ဖြစ်တယ်။ ဆရာကွယ်လွန်ချိန်က အိမ်မှာမရှိတာကြောင့် ကိုယ်တိုင် မမြင်မတွေ့လိုက်ရပေမယ့် ဆရာ့ဈာပန ၀က်ဝက်ကွဲမျှ စည်ကားလှကြောင်း စာတွေဖတ်ပြီး သိခဲ့ရတယ်။ ဒီနေ့ထိ အနယ်နယ်အရပ်ရပ်ရှိ ဆရာ့စာဖတ်ပရိသတ်များက ဆရာ့အမှတ်တရ အခမ်းအနားလေးတွေ လုပ်ကြတာ၊ ကြာလေ နည်းလေဖြစ်မသွားဘဲ၊ တနှစ်ထက် တနှစ်ပိုပြီး တိုးလာ များလာတာတွေ တွေ့ရလေတော့ ဆရာ့ကို လူတွေက တော်တော်ချစ်ကြပါလားလို့ ကြည်နူးမိရပါတယ်။

စာရေးအကောင်းကြီးမဟုတ်ပါ

တကယ်တော့ ပြောရမယ်ဆိုရင် ဆရာက စာရေးအကောင်းကြီး မဟုတ်ပါဘူး။ ၀တ္ထု ရေးသားခြင်း အတတ်ပညာရှုထောင့်က ကြည့်ရင် ဆရာ့ထက် ကိုး၊ ဆယ်ဆ သာတဲ့ စာရေးဆရာတွေ အများကြီး ရှိပါတယ်။ ဆရာ့ဝတ္ထုတွေ အတော်တော်များများက ပျင်းစရာကောင်းပါတယ်။ တချို့ဆိုရင် ၀တ္ထုနဲ့မတူပဲ နိုင်ငံရေးကြေညာစာတမ်းနဲ့ တူနေတာ မျိုးတောင် ရှိပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်တွေက မငြိုငြင်ပါဘူး။ ဆရာ့စာတွေကို မက်မက်မောမော ဖတ်နေကြမြဲ ဖြစ်တယ်။ ဆရာ့ကိုလဲ ချစ်ခင်လေးစား ကြည်ညိုမြဲ ဖြစ်တယ်။ ဟော... အခု ဆရာမရှိတော့တာတောင် အတော်ကြာပြီ။ ဆရာ့စာဖတ်ပရိသတ်တွေက ချစ်ဆဲ၊ လွမ်းဆဲ၊ လေးစားကြည်ညိုဆဲ၊ ဆရာ့အမှတ်တရပွဲတွေ လုပ်ဆဲ လုပ်မြဲပါပဲ။ အဲဒါ ဘာ့ကြောင့်ပါလဲ။

ရှည်ရှည်ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။

စာရေးမကောင်းပေမယ့် ဆရာဟာ စာကောင်းရေးသူ ဖြစ်လို့ပါ။ ဆရာရေးခဲ့သမျှ စာတွေမှာ တအုပ်မှ စာဖတ်ပရိသတ် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ စာမျိုး မပါပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုကို ဆရာဘယ်တော့မှ မစော်ကားပါဘူး။ ဆရာဟာ သူတကိုယ် ကောင်းစားရေးအတွက် စာဖတ်ပရိသတ် ပြည်သူလူထုကို သစ္စာမဖောက်ခဲ့ပါဘူး။ ဆရာ့ဘ၀ တလျှောက်လုံးမှာ ဆရာဟာ ပြည်သူလူထုနဲ့အတူ ရှိခဲ့ပါတယ်။ ဆရာဟာ ပြည်သူကိုချစ်လို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။

စာရေးမကောင်းပေမယ့် စာကောင်းတွေ ရေးလို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ ပြည်သူချစ်တဲ့ ဆရာ့နာမည်ဟာ ပြည်သူတွေကြားမှာ အမြဲ ရှိနေမှာပါ။

ပြည်သူချစ်တဲ့ဆရာ ဘယ်တော့မှ မသေပါ။

လူထုစိန်ဝင်း။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၉)၊ စက်တင်ဘာ ၂၀၀၈။

ဂျက်လန်ဒန်၊ သူ့ဘ၀ သူ့စာပေ (ဒုတိယအကြိမ်-၂၀၀၁၊ ဇွန်လ)




ဒုတိယအကြိမ် ထုတ်ဝေသူ့အမှာ

စာပေသူရဲကောင်းတလူ

'လောက၌ ထာဝရ မိတ်ဆွေနှင့် ထာဝရ ရန်သူဟူ၍ မရှိ။
ထာဝရ အကျိုးစီးပွါးသာရှိသည်'
(ဗန်းမော်တင်အောင်၏ မြစ်ဧရာပေါ်ဝယ်...... မှ)

(၁)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်ဆီက
မဟာစကြာဝဠာထဲ တောင်ပံတဖျန်းဖျန်းခတ်လျက် ပျံဝဲသွားခဲ့လေသော
လင်းယုန်ကြီး .........


ထိုလင်းယုန်ကြီးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေလောက အတိုင်းအတာအားဖြင့် 'ကြီးမြတ်ခြင်းဂုဏ်' နှင့် ထိုက်တန်သည်ဟု ကောင်းမြတ်သော မနသီနှင့် ကျွန်တော်တွေးဆ ဆင်ခြင်မိသည်။ ဤသည်မှာ ကျွန်တော် တဦးချင်း၏ တသီးပုဂ္ဂလ ခံစားဝိမြင် နားလည်ချက်မျှသာ ဖြစ်ပါသည်။
'ရိုးသားဖြောင့်မတ်ခြင်း (Simplicity) မရှိသောနေရာ၌ ကြီးမြတ်ခြင်းတရား (Greatness) သည် မရှိ' ဟု ကမ္ဘာကျော် ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းက မြွက်ဆိုဖူးသည်။ ဆရာဗန်းမော်တင်အောင်သည် မိမိ၏ လူမှုအဖွဲ့အစည်းအတွင်း သူရောက်ရှိခဲ့သော အဆင့်နှင့် နေရာတိုင်း၌ လူပုဂ္ဂိုလ်ရေးရာအရလည်းကောင်း၊ စာပေရေးရာ အားဖြင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း အလှဂုဏ်နှင့် ကုံလုံပြည့်စုံသည် ဟူသောအချက်ကို 'အချိန်တည်းဟူသော သဲပွင့်ကလေးများပေါ်တွင် အမှတ်ထင်ထင် တင်ကျန်ရစ်သော သူ၏လက်ရာများ' က အခိုင်အမာ သက်သေထူပြလျက် ရှိသည်။

(၂)
ဆရာဗန်းမော်တင်အောင်အပါအ၀င် မြန်မာသမိုင်းပညာရှင်နှင့် သမိုင်းသုတေသီတွေ က မြန်မာ့လူမှုဖြစ်ပေါ်တိုးတက်ရေးနှင့် မြန်မာ့သမိုင်းအစဉ်ကို အဓိကအားဖြင့် သမိုင်းခေတ်ကြီး လေးခေတ် ဆစ်ပိုင်းခွဲခြား ပြကြပါသည်။
အနော်ရထာမင်း တည်ထောင်ခဲ့သော ပုဂံရွှေပြည်ကို ပထမမြန်မာနိုင်ငံ သမိုင်းခေတ်
တပင်ရွှေထီးနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ တည်ထောင်ခဲ့သော ဟံသာဝတီ ရွှေပြည်ကို ဒုတိယမြန်မာနိုင်ငံသမိုင်းခေတ်
အလောင်းမင်းတရား ဦးအောင်ဇေယျတည်ထောင်ခဲ့သော ကုန်းဘောင်ရွှေပြည်ကို တတိယမြန်မာသမိုင်းခေတ်နှင့်
လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံသမိုင်းခေတ် ဟူ၍ ဖြစ်သည်။
ကျွန်တော် စီးပွါးရေးတက္ကသိုလ်သို့ တက်ရောက်ခါစ .... ဆရာဗန်းမော်တင်အောင်၏ 'မြန်မာနိုင်ငံတော်သမိုင်း' နှင့် 'ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း' အမည်ရှိ သမိုင်းစစ်တမ်း ကျမ်းနှစ်စောင်အပြင် အခြားသောမြန်မာ့သမိုင်းပညာရှင်တွေ၏ ကျမ်းအစောင်စောင်ကိုလည်း အတော်အသင့် လေ့လာဖတ်ရှုခွင့် ရခဲ့ပါသည်။ ထိုမြန်မာ့သမိုင်းကျမ်းများ၌ လွတ်လပ်ရေးရပြီး နောက် ပြည်ထောင်စုမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ တင်စားခေါ်ဝေါ် သော အဆိုအမိန့်တရပ် ပါရှိပေရာ၊ ထိုအဆိုကို ကျွန်တော်လွန်စွာ နှစ်ခြိုက်သဘောကျမိ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ထဲမှာ မွေးဖွားရှင်သန်ပြီး၊ လူဖြစ်တည်နေမှု ကြုံဆုံခွင့်ရထားသူ တဦးပါကလားဟူသော အသိဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားစိတ်၊ နိုးထတက်ကြွမှု လှိုင်းခတ်ခံစားရသောကြောင့်ပင် ဖြစ်ပါသည်။
မှန်ပါသည် ..... ကျွန်တော်တို့ ဖြတ်သန်းလျှောက်လှမ်းနေသည့် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်သည် ကမ္ဘာ့စနစ်ကြီး အထွေထွေအရပ်ရပ် တိုးတက်ဖြစ်ထွန်းပြောင်းလဲမှုနှင့် ရင်ဘောင်တန်းလျက် အလွန်ထူးခြားတောက်ပသည့် သမိုင်းလက္ခဏာနှင့် ပြည့်စုံ၍ အနာဂတ်စက်မှု၊ အီလက်ထရွန်နစ်၊ ကွန်ပြူတာအဆင့်မြင့်နည်းပညာနှင့် တတ်သိပညာ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ အလျှံပယ်ကြွယ်ဝချမ်းသားသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့ အစည်း ပေါ်ထွန်းဖြစ်တ်ာနေမည့် ပဉ္စမမြန်မာနိုင်ငံသမိုင်းခေတ်သစ်ဆီ ဦးတည်လှမ်းတက်ဖို့ ရေခံမြေခံကောင်း မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါသမယဟု ဆိုရကောင်းမည် ထင်ပါသည်။

(၃)
ပြင်သစ်ပြည် ခေတ်ဆန်းချိန်ကာလကို အင်္ဂလိပ်ကဗျာစာဆို သုခမိန်ကြီး ၀ဒ်စ၀သ် (Wordsworth) က ကဗျာတပုဒ်ရေးဖွဲ့ မွမ်းထုံပြခဲ့သည်။ ထိုကဗျာထဲမှာ ပွင့်သစ်စ နုပျိုငယ်ရွယ်သူ မျိုးဆက်သစ်တွေကို ရည်ညွှန်းထားသည့် စာပိုဒ်ကလေးတပိုဒ် ပါရှိပါသည်။ ကျွန်တော်ကား သာမန်စာဖတ်သူတဦးမျှသာဖြစ်ပြီး ကဗျာဖွဲ့နွဲ့တတ်သူ ကဗျာဆရာတဦး မဟုတ်လေ၍ မြန်မာပြန်ရန် မ၀ံ့စားပါ။ သို့ပါ၍ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဆရာဦးတင်အုန်း (ယခုကွယ်လွန်) ပြန်ဆိုထားချက်ကို မူရင်းနှင့်တွဲ၍ စာဖတ်သူတွေ ခံစားနိုင်ရန် ဖော်ပြလိုက်ရပါသည်။

'Bliss was it in that dawn to be alive,
But to be young was very heaven!'
'ဟောင်းနွမ်းသောဘ၀အခြေမှ
သစ်လွင်သောဘ၀အခြေကို
ကူးပြောင်းတည်ဆောက်နေသော
ရောင်နီပျိုးဖျ တော်လှန်ရေးကာလနှင့်
ကြုံရဆုံရခြင်းသည် ကံထူးသည်။
စွမ်းအားသစ်သစ် ငယ်ရွယ်သူများဖြစ်မူ
အဟောဝတ သာလွန်၍ ကံထူးစွ'
(ပညာပဒေသာစာစောင်၊ အတွဲ ၅၊ အပိုင်း ၄၊ ၁၉၇၈)

ကောင်းပြီ..... စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်မှသည် အလျှံပယ်ကြွယ်ဝချမ်းသာသော လိုတ,ရ ခေတ်မီမြန်မာ့လူမှုအဖွဲ့အစည်း (Mordern Affluent Society of High-mass Consumption) ပေါ်ထွန်းဖြစ်တည်နေမည့် ပဉ္စမမြန်မာနိုင်ငံ သမိုင်းခေတ်သစ်ဆီ မြှော်လင့်ချက်ရောင်ခြည် သန်းဖြာလင်းလက်နေသည့် အခါကာလကောင်း......။

(၄)
အင်္ဂလိပ်စာပေ သုခမိန်ကြီး သောမဲ့စ်ကာလိုင်း (Thomas Carlyle) က သူ့ခေတ်သူ့အခါ၏ ကာလဒေသပယောဂ ရုပ်ဝတ္ထုအခြေအနေများကိုကြည့်၍ လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည်ဟု သူရဲကောင်းတို့၏ ပုံရိပ်များကို မီးမောင်းထိုးပြဖူးသည်။ ထိုသူရဲကောင်း ၆ မျိုးအကြောင်းကို ဤနေရာ၌ ကျွန်တော် အကျယ်ဆွေးနွေးမည် မဟုတ်ပါ။ အမြွက်မျှ ဖော်ပြရုံသာ ရည်ရွယ်ပါသည်။
ပထမအမျိုးအစား သူရဲကောင်းမှာ မိုးကျရွှေကိုယ် သူရဲကောင်း (၀ါ) နတ်ဒေ၀တာ သူရဲကောင်း (Divinity Hero) ဖြစ်သည်။ ကမ္ဘာ့မြေထဲပင်လယ်ဒေသနှင့် ကမ္ဘာ့မြောက်ဘက် ခြမ်းရှိ စကင်းဒီနေးဗီးယန်းလူမျိုးတို့၏ ပဂန်းနစ်ဇင်း(Paganism) ထွန်းကားစဉ်က အိုဒင် (Odin) အမည်ရှိ သူရဲကောင်းမင်းတပါး ပေါ်ထွန်းခဲ့ဖူးသည်။ သူကား သတ္တိအလွန်ပြောင်သည်။ အရာရာအောင်နိုင်သည်။ ဆန္ဒရှိသမျှ လိုတ,ရသည်။ သူ့မှာ တိုင်ပင်ဖော်တိုင်ပင်ဖက် ဂုဏ်ရည်တူ မှူးကြီးမတ်ရာ ၁၂ ဦး ရှိသည်။ ထို့ကြောင့် ယင်းဒေသနေ လူအပေါင်းတို့က အိုဒင်ကို နတ်ဒေ၀တာသဖွယ် မိမိတို့၏ သူရဲကောင်းအဖြစ် သက်ဝင်ယုံကြည်ခဲ့ကြသည်။
ဒုတိယ သူရဲကောင်းမျိုးမှာ တမန်တော်သူရဲကောင်း (Prophet Hero) ဖြစ်သည်။ တမန်တော် သူရဲကောင်းအဖြစ် မူဆလင်ဘာသာဝင်တို့၏ အစ္စလမ်ဝါဒ (Islam) ကို ထူထောင် ဟောညွှန်ပြခဲ့သည့် မဟိုမက် (Mahomet) အား သောမဲ့စ်ကာလိုင်းက အဓိကညွှန်းဆိုသည်။
တတိယအမျိုးအစား သူရဲကောင်းကား ကဗျာစာဆို (၀ါ) ကဗျာသူရဲကောင်း (Poet Hero) ဖြစ်သည်။ ဒန်တီ(Dante) နှင့် ရှိက္ကစပီးယား (Shakspeare) တို့မှာ ကြီးကျယ်ထင်ရှားသော ကဗျာသူရဲကောင်းများဖြစ်သည်ဟု ကာလိုင်းက ထောက်ပြသည်။
စတုတ္ထသူရဲကောင်းမျိုးမှာ ဘုန်းတော်ကြီးသူရဲကောင်း (Priest Hero) ဖြစ်သည်။ ခေတ်ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာ(Nartin Luther) နှင့် နော့(ဆ်) (Knox) တို့နှစ်ဦးကို ကြီးကျယ်ထင်ရှားသော ဘုန်းတော်ကြီးသူရဲကောင်းများအဖြစ် ကာလိုင်းက ပုံရိပ်ထိုးပြသည်။
ပဉ္စမသူရဲကောင်းမျိုးကား စာရေးဆရာ(၀ါ) စာပေသူရဲကောင်း (Man-of-Letters Hero) ဖြစ်သည်။ ဂျွန်ဆင် (Johnson)၊ ရူးဆိုး (Rousseau)၊ ဘန်းစ် (Burns) နှင့် ဂိုးထေး (Goethe) တို့၏ ပုံရိပ်များကို ကြီးမြတ်ထင်ရှားသော စာပေသူရဲကောင်းတွေဟူ၍ ကာလိုင်းက မီးမောင်းထိုးပြသည်။
နောက်ဆုံး ဆဌမအမျိုးအစားသူရဲကောင်းမှာ မင်းစိုးရာဇာသူရဲကောင်း (King Hero) ဖြစ်သည်။ ကရွမ်းဝဲလ် (Cromwell) နှင့် နပိုလီယွန် (Napoleon) တို့သည် ခေတ်သစ် တော်လှန်ပြုပြင်ပြောင်းလဲရေးသမား မင်းစိုးရာဇာ သူရဲကောင်းကြီးများဖြစ်ကြသည်ဟု သောမဲ့စ်ကာလိုင်းက ညွှန်ပြသည်။

(၅)
သောမဲ့စ်ကာလိုင်း မီးမောင်းထိုးပြသော သူရဲကောင်းပုံရိပ် ၆ မျိုးအနက် စာရေးဆရာ (၀ါ) စာပေသူရဲကောင်း (Hero as a Man of Letters) မှာ ခေတ်သစ်လူသားနှင့် လူ့လောကအတွက် အရေးကြီးဆုံးသော ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်သားရ၏။ ထို့ကြောင့် စာပေသူရဲကောင်း အယူအဆကို ကျွန်တော်လွန်စွာ စိတ်ဝင်စားမိပါသည်။
ဘယ်လို ပုဂ္ဂိုလ်မျိုးကို စာပေသူရဲကောင်းခေါ်သနည်း။ ကာလိုင်း၏ အလိုအားဖြင့် စာပေသူရဲကောင်း၌ ကြီးကျယ်မြင့်မြတ်သော နှလုံးဝိညာဉ် တခုရှိသည်။ ယင်းနှလုံးဝိညာဉ် သည် သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုနှင့် သူ့လောက အသိုင်းအ၀ိုင်းအတွက်သာမဟုတ်၊ လူသားအားလုံးဆက်နွှယ်ပေါင်းဆုံရာ မနုဿဘုံကြီးအတွက်လည်း မယိမ်းမယိုင် ကျောက်စာ တိုင်ကြီးကဲ့သို့ တည်မြဲခိုင်ခံ့သော ဥပဓိရှိသည်။ ထာဝရ မပျက်မယွင်းသော 'ဂတိမြဲခြင်းဂုဏ်' နှင့် အကြွင်းမဲ့ ပြည့်စုံသည်။ ထို 'မြဲသောဂတိ' ကို အသက်သေဘေးအကြောင်းပြု၍ သော်လည်းကောင်း၊ စည်းစိမ်ဥစ္စာဟူသော အနုပ်ဝတ္ထုကြောင့်သော်လည်းကောင်း၊ စိုးစဉ်းမျှ မဖောက်ဖျက်၊ မပျက်ယွင်းစေသပြီ။ သူသည် လောကအတွက် အစဉ်သဖြင့် ဂုဏ်သိက္ခာ ရှိသောအလုပ်၊ ထာဝရကြီးမြတ်သော အလုပ်ကို လုပ်ကိုင်လျက်ရှိသည်။ ဤသို့ 'ဂတိမြဲခြင်းဝိညာဉ်၏အရှင်သခင်' ဖြစ်သောကြောင့် စာပေသူရဲကောင်းသည် လောက၏ မီးရှူးတန်ဆောင်.......၊ လောက၏ ပဲ့ကိုင်မှူး......။ သူလမ်းပြရာနောက်သို့ လောကတခုလုံး လိုက်ကြသည်။ သူ့သွန်သင်ချက်အတိုင်း တလောကလုံး လိုက်လုပ်ကြသည်။ သူနှင့် လူ့လောက အပြန်အလှန် ပြုမူဆက်ဆံရေးသည် လူ့လောက၏ ယေဘူယျအခြေအနေကြီး ထဲက အထူးခြားဆုံးနှင့် အရေးပါဆုံး အရာဖြစ်သည်။ သို့ဖြင့် တချိန်သောအခါ၌ ကြီးမြတ်သူ အဖြစ် ထင်ပေါ်ကျော်ကြားလာသည်။ သည်လိုဖြစ်လာအောင် သူ့မှာ နိုးထတက်ကြွသော ၀ိညာဉ် (inspired soul) ရှိသည်။ ထိုဝိညာဉ်သည် ဇစ်မြစ်ကောင်း (၀ါ)ရေခံမြေခံကောင်းရှိခြင်း (originality)၊ နှလုံးစိတ်ဝမ်း ဖြူစင်ဖြောင့်မတ်ခြင်း (sincerity)၊ ပါရမီညာဉ်ထက်သန်ခြင်း (genius) စသည့် စာပေသူရဲကောင်းအရည်အချင်းတွေနှင့် ထုံမွှမ်းနေတော့သည်။ ဤကား သောမဲ့စ်ကာလိုင်း ရေးဆွဲပြသော စာပေသူရဲကောင်း ပုံရိပ်ရှည်ကြီးထဲက လိုရင်မျှသာပါပဲ။
သို့လျှင်...... ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံထုံမွှမ်းနေသည့် စာပေသူရဲကောင်း.......။

(၆)
လူ့အသိ အလိမ္မာတရား ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လူ့လောက၌ ပုဂ္ဂလိကပိုင် စနစ် ထွန်းကားလာ၍ လူတန်းစားတွေ အကွဲကွဲအပြားပြား ပေါ်ပေါက်လာပြီး ကတည်းက လူသည် ကမ္ဘာလောကကြီးအား အဓိကအမြင် နှစ်မျိုးဖြင့် ကြည့်မြင်လာခဲ့သည်။ ပထမအမြင် က စိတ်ဝါဒအမြင်၊ ဒုတိယက ရုပ်ဝါဒအမြင် ဖြစ်သည်။
လူသည် သာမန်လူမှုကိစ္စရေးရာများ၌ သိသာထင်ရှာခြင်း မရှိသော်လည်း အကျိုးစီးပွါး ပြဿနာများနှင့် နင်လားငါလား ထိပ်တိုက်ရင်ဆိုင်ရသည့်အခါမျိုး၌ကား ဖုံးကွယ်ဟန်ဆောင် ထားခြင်းငှာ မတတ်သာတော့ဘဲ ထိုဝါဒအမြင်နှစ်ရပ်အနက် အမြင်တရပ်ရပ်ဘက်မှ အခိုင်အမာ စည်းပြတ်ဘက်လိုက် ရပ်တည်သွားမြဲဖြစ်သည်။ ကျွန်တော်တို့သည် ဤတရား ကိုယ်သဘောကို မလွန်ဆန်နိုင်သောကြောင့် ကျွန်တော်တို့ နေထိုင်ရာ လူ့ကမ္ဘာကြီး၌ မရေမတွက်နိုင်အောင် များပြားလှသော ပြဿနာနှင့် ပဋိပက္ခပေါင်းများစွာတို့သည် လူ့အသိအလိမ္မာတရားနှင့် လူ့ယဉ်ကျေးမှု အထွတ်အထိပ်စံနှုန်းသို့ ရောက်ရှိနေပြီဆိုသည့် ကနေ့ ကမ္ဘာရွာခေတ် (Global Village) တိုင်အောင် မလွဲမရှောင်သာ ဖြစ်ပွါးပေါ်ပေါက်နေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်။
အကျိုးစီးပွါးဆိုင်ရာ ကမ္ဘာ့အမြင်ဝါဒနှစ်ရပ်၏ ပဋိပက္ခသည် ကမ္ဘာ့စာပေလောက အသိုင်းအ၀ိုင်းသို့လည်း ဂယက်ရိုက်ခတ်လာသည်။ ကမ္ဘာ့စာပေနယ် နှစ်ခြမ်းကွဲခဲ့သည်။ တခြမ်းက အရင်းရှင်လူတန်းစား အကျိုးပြုစာပေ၊ စိတ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ နောက်တခြမ်းက ပြည်သူ့အကျိုးပြု ဆိုရှယ်လစ်သရုပ်မှန်စာပေ၊ ရုပ်ဝါဒဂိုဏ်းက ဦးဆောင်သည်။ ဤရပ်တည်ချက် ကွဲပြားခြားနာမှု ပဋိပက္ခသည် လူတို့၏ အကျိုးစီးပွါးချင်း၊ လူတန်းစားတို့၏ အကျိုးစီပွါးချင်း ဆန့်ကျင်ကွဲပြားနေသမျှ ကာလပတ်လုံး အသိမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကမ္ဘာအရှည် ဆက်လက်တည်ရှိနေပေမည်။
ရုပ်ဝါဒီနှင့် ဆိုရှယ်လစ်ဝါဒိတေါ ရှုမြင်ခဲ့သော ခေတ်ကြီးငါးခေတ် သမိုင်းအမြင်နှင့် အယူအဆသည် အရင်းရှင်ကော်ပိုရိတ်ယဉ်ကျေးမှု (Capitalist Corporate Culture) ၏ ရှေ့တန်းတိုက်စစ်မှူးတဦးဖြစ်သော ကမ္ဘာကျော် ထော့ဖလာ (Toffler) ၏ လှိုင်းကြီးသုံးလှိုင်း အောက်ဝယ် နစ်မျောပါသွားပြီဟု ရှေ့နေလိုက်သူက လိုက်သည်။ ငါးစိမ်းကို မြင်၍ ငါးကင်ကို ပစ်ကာ အလျှံပယ်ကြွယ်ဝမှု၏ ပုခက်တွင်း၌ မွေးဖွားကြီးပြင်းလာသူ (Son in the cradle of Affluency) ဖူကူးယာမာ (Fukuyama) က 'သမိုင်နိဂုံး' (End of History) ဟု ဟစ်ကြွေးလိုက်သည်။ 'ရုပ်ဝါဒသွားတော့၊ စိတ်ဝါဒလာလော့' ဆိုသည့် နိမိတ်ပြ အဓိပ္ပါယ်။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတခုဖြစ်သော State Empire Building ၏ ခေါင်ထွတ်ပေါ်ကနေ၍ ကမ္ဘာကြီးအား အပေါ်စီး ဒေါင်လိုက်ကြည့်မြင်ကာ မျက်မှောက်ခေတ် ကမ္ဘာကြီး၌ လူတန်းစားပဋိပက္ခနှင့် အကျိုးစီးပွါးပဋိပက္ခတွေ မရှိတော့ပြီ။ လူမျိုးချင်း ယဉ်ကျေးမှုပဋိပက္ခ (Clash of Civilations) အသေးအမွှား လက်ကျန်ရှင်းတမ်းလောက်သာ ရှိတော့သည်ဟု အိမ်ဖြူတော်၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဆင်မြူအဲလ်ဟန်တင်တန် (Samuel Hantington) က ယုတ္တိဆင်ခြေထုတ်ပြသည်။ (ပီဒီကျော်စွာ၏ စီမံခန့်ခွဲရေးမှူး ကောင်း အရည်အချင်းစံနှုန်းများ စာအုပ်အမှာစာမှ.....)
ယင်းကြွေးကြော်ပြောဆိုချက်နှင့် ဆင်ခြေများသည် ပုဂ္ဂလိကပိုင်စနစ်နှင့် လူတန်းစား ကွဲပြားလာပြီးကတည်းက ကမ္ဘာကြီးအပေါ် ရှုမြင်လာခဲ့သည့် ၀ါဒအမြင်ကြီးနှစ်ရပ်၏ ပဋိပက္ခမှ ကမ္ဘာ့စာပေလောကအပေါ် ဂယက်ရိုက်ခတ် ထင်ဟပ်လာသော အကျိုးဆက်များဖြစ်သည်။ သူ့ဝါဒ သူ့လူတန်းစားနှင့် သူ့အကျိုးစီးပွါးကို စာပေမျက်နှာစာမှ အကျိုးပြုဖို့ ကြိုးပမ်းအားထုတ် ချက်မျှသာ ဖြစ်သည်။
စင်စစ် ဤကိစ္စမျိုးသည် အဆန်းတကြယ်တော့ကား မဟုတ်။ လူ့သမိုင်း၌ အကြိမ်အခါပေါင်း မြောက်များစွာ ဖြစ်ပေါ်ခဲ့ဖူးပြီ။

(၇)
ကမ္ဘာ့စာပေလောက၌ လွန်စွာကြီးကျယ်ထင်ရှားသည့် ဆိုရှယ်လစ်သရုပ်မှန်စာပေ ရှေ့တန်းတိုက်စစ်မှူးနှင့် စာပေတပ်မမှူးကြီးတွေ လေးငါးခြောက်ဦးခန့် ရှိမည်ဟု ကျွန်တော် ထင်သည်။ သည်ထက်ပို ရှိကောင်း ရှိမည်။ ကျွန်တော်မကျွမ်းနှံ့လို့သာ မသိတာ ဖြစ်ပေမည်။ ကျွန်တော်သိသလောက် ပြောရပါလျှင် တရုပ်ပြည်က လူရွှန်း၊ ရုရှပြည်က ဂေါ်ကီနှင့် ကဗျာအကျော်အမော် မာယာကော့စကီး၊ ဂျာမဏီပြည်က ဗာတော့ဗရက်၊ ချီလီပြည်က ကဗျာဆရာကြီး နီရူးဒါးနှင့် အမေရိကန်ပြည်က ဂျက်လန်ဒန်။ ပီးတော့ ..... ကိုယ့်အထွာနှင့် ကိုယ်ဆိုရသော် မြန်မာပြည်က ဗန်းမော်တင်အောင်။
ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ အဓိကမဟာဗျူဟာ တူညီချက်တွေ ရှိသည်။ ကမ္ဘာ့အမြင် လောကအမြင်တူသည်။ မူဝါဒနှင့် လမ်းစဉ်တူသည်။ လူတန်းစား ရပ်တည်ချက်နှင့် အကျိုးပြုချက် တူသည်။ ရုပ်ဝါဒအမြင် ကိုင်စွဲတာခြင်း တူသည်။ ဆိုရှယ်လစ်သရုပ်မှန်စာပေ ယုံကြည်ခံယူချက်ချင်း တူသည်။ နှစ်ဦးစလုံး၌ 'နိုးထတက်ကြွ သော ၀ိညာဉ်၊ တည်ကြည်ခိုင်ခံ့သော ဥပဓိနှင့် ထာဝရတည်မြဲသောဂတိ' ကိုယ်စီ ရှိကြသည်။ ဤ၀ိညာဉ်၊ ဤဥပဓိ၊ ဤဂတိတို့ဖြင့် ကွယ်လွန်ချိန်ထိ မဆုတ်မနစ် စာရေးသားခဲ့ကြသည်။ သူ့လောက၊ သူ့ဝန်းကျင်၊ သူ့ပြည်သူနှင့် သူ့လူတန်းစားကို အကျိုးပြုခဲ့ကြသည်။ ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် မတွန့်ဆုတ်ခဲ့၊ မသွေဖီခဲ့၊ မယိမ်းယိုင် မတွေဝေခဲ့။ ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြံ့ခိုင်မြဲမြံခြင်း အလျဉ်းရှိခဲ့သည်။ သူတို့နှစ်ဦး၏ စာပေလက်ရာများ (literary works) ကို ဖတ်ရှုလေ့လာကြည့်ပါက သည်ယုတ္တိတရားတွေကို ထင်ရှားစွာ တွေ့ရပါမည်။ ဤသည်ပင် ရိုးသားဖြောင့်မတ်ခြင်းနှင့် ကြီးမြတ်ခြင်းဂုဏ် ကုံလုံသည့် စာပေသူရဲကောင်း၏ အရည်အချင်း ပုံရိပ်တွေပဲ မဟုတ်လော။
သို့အတွက် ဂျက်လန်ဒန်ကို သူ့ပြည်သူတွေက ချစ်ခင်လေးစားကြသလို ဗန်းမော်တင်အောင်ကိုလည်း မြန်မာပြည်သူတွေက ချစ်ခင်လေးစားကြသည်။ ကြီးမြတ်သော အမျိုးသားစာပေ သူရဲကောင်းတွေအဖြစ် အသိအမှတ် ပြုကြသည်။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်ဟူ၍ မြန်မာ့သမိုင်းပညာရှင်တွေက သဘောတူ လက်ခံထားသော အဆိုအမိန့်ကို အထက်တနေရာမှ ကျွန်တော်တင်ပြ ခဲ့ပြီးပြီ။ သူ့ခေတ် သူ့အခါအလျောက် လူ့လောက၌ သူရဲကောင်း ၆ မျိုးရှိသည့်အနက် ရိုးသားဖြောင့်မတ်ခြင်းအစ ကြံ့ခိုင်မြဲမြံခြင်းအလယ် ကြီးမြတ်ခြင်းအဆုံးရှိသော အရည်အချင်းစံဝင် နှလုံသားဝိညာဉ်ရှင် စာရေးဆရာကို စာပေသူရဲကောင်း ခေါ်ထိုက်ကြောင်း အင်္ဂလိပ်စာပေသုခမိန်ကြီး သောမဲ့စ်ကာလိုင်း၏ အဆိုကိုလည်း ကျွန်တော်တစေ့တစောင်း ရေးပြခဲ့ပြီး ဖြစ်သည်။ ယင်းအဆိုနှစ်ရပ်ကို ပေါင်းစည်းညီညွတ်ခြင်း ပြုထားသော သမူဟ အဆိုတရပ် ဤနေရာ၌ ကျွန်တော် ရိုးသားပွင့်လင်းစွာ တင်သွင်းလိုသည်။ ထိုအဆိုသည်လည်း ကျွန်တော်တဦးချင်း၏ ပုဂ္ဂလိကခံစား သိနားလည်ချက် သက်သက်မျှသာဖြစ်သည်ဟူသော အချက်ကို သတိပြု မှတ်ယူစေချင်ပါသည်။ အဆိုမှာ ဤသို့........
"ဗန်းမော်တင်အောင်သည် စတုတ္ထမြန်မာနိုင်ငံ သမိုင်းခေတ်၏ စာပေသူရဲကောင်း တလူ........."

(၈)
ကျွန်တော်သည် ဘောဂဗေဒသမားတဦးဖြစ်သည့်အားလျော်စွာ အလုပ်တခုကို အကောင်အထည်မဖော်မီ ဦးစွာပထမ လုပ်ငန်းစဉ်တရပ် (Program) ရေးဆွဲလေ့ရှိပါသည်။ နည်းပညာဘာအားဖြင့် လုပ်ငန်းစီမံချက် (၀ါ) လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း (Planning) ဟု ခေါ်ကြသည်။ စီးပွါးရေးဆန်ဆန် လုပ်ရသော ကိစ္စရပ်တိုင်း၌ ဤသို့ ပဏာမလုပ်ငန်းအစီအစဉ် (၀ါ) စီမံချက်တရပ် ရေးဆွဲရခြင်းမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
ခုလည်း ..... စာအုပ်ထုတ်ဝေရေး အစီအစဉ်တရပ် ရေးဆွဲပြီးသည့်အခါ မိမိစာအုပ်တိုက် ထူထောင်မည်၊ သည်မူ၊ သည်စည်းကမ်း သည်ကျင့်ဝတ် သည်စနစ်တေါနှင့် လုပ်ကိုင်မည့်အကြောင်း နီးစပ်ရာမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းတွေကို ချပြပြီး၊ အကြံဥာဏ်တောင်းခံသည်။ မှတ်မှတ်ရရ ဆရာလေးဦးကို သီးခြားစီ တွေ့ဆုံခဲ့သည်။ ဆရာမောင်ပေါ်ထွန်း၊ ဆရာ မောင်မောင်ဇေယျ (ဒဿနပညာဆရာ ကိုမောင်မောင်)၊ သူငယ်ချင်း ကဗျာဆရာမောင်ညီညွတ် နှင့် ကဗျာဆရာ စာရေးဆရာ ညိုသစ်....
သည်ဆရာတွေမှာ လေ့လာဖြည့်ဆည်းထားသော ဘ၀ရပ်တည်ဘောင် (Frame of reference) တစုံတရာ အခိုင်အမာ ရှိနေကြသည်ဟု ကျွန်တော်ယုံကြည်သည်။
လူသည် သူ လေ့လာဖြည့်ဆည်းထားသော ရပ်တည်ဘောင် (Frame of reference) အရ လောကကို ကြည့်မြင်သည်။ ပတ်ဝန်းကျင်ကို ဝေဖန်သုံးသပ်သည်။ လူမှုရေးရာ ကိစ္စတွေကို အကဲဖြတ်သည်။ သူ၌ရှိသော ရပ်တည်ဘောင်ကောင်းရင် ကောင်းသလို၊ ညံ့ရင် ညံ့သလို .... မြင့်ရင် မြင့်သလို၊ နိမ့်ရင် နိမ့်သလို လောက၀န်းကျင်ပေါ် အကျိုးသက်ရောက် တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ နယ်ပယ်၌ ရပ်တည်ဘောင် အရေးကြီးသည်ဟု မြင်မိသည်။ သည်လို ရပ်တည်ဘောင် ခိုင်မာရင့်ကျက် မြင့်မားသူတွေက ကျွန်တော်ကို အကြံညာဉ်ကောင်းတွေ အားတက်သရော ပေးကြသည်။ ကျွန်တော် ၀မ်းသာမဆုံး ဖြစ်ခဲ့သည်။
နောက်တပါတ်၊ နောက်တနေ့ဝယ်...... လေထန်ကုန်းမှာ ပြန်ဆုံကြတော့ ညိုသစ်က 'ရော့... စာမူကောင်းတခု၊ ခင်ဗျားတိုက်က ထုတ်သင့်တယ်' ဟု ဆိုကာ စာအုပ်တအုပ် လှမ်းပေးသည်။ ကျွန်တော် ယူကြည့်လိုက်တော့ ဆရာဗန်းမော်တင်အောင် ရေးသည့် 'ဂျက်လန်ဒန် သူ့ဘ၀ သူ့စာပေ' စာအုပ်။ သူ (ညိုသစ်) ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ကျွန်တော် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
သို့နှင့် သည်စာအုပ်ကို ဒုတိယအကြိမ်ထုတ်ဝေဖို့ ကျွန်တော် အားထုတ်ခဲ့ရခြင်း ဖြစ်ပါသည်။

(၉)
အမှန်စင်စစ် ဂျက်လန်ဒန်နှင့် ဗန်းမော်တင်အောင်တို့မှာ စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီး တွေချည်း။ ဤစာအုပ်သည်ကား ကမ္ဘာ့စာပေလောက က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သော ဂျက်လန်ဒန်၏ အတ္ထုပတ္တိပုံရိပ်ကို မြန်မာစာပေနယ်က စာပေဆင်ကြီးနှင့် စာပေဝေလငါးကြီးဖြစ်သူ ဗန်းမော်တင်အောင်က ရေးဖွဲ့ ခြယ်မှုန်းထားခြင်းဖြစ်သည်။ ဘာမဟုတ်သည့် ကျွန်တော်ကား.....။
ဆိုခဲ့သည့်အတိုင်း စာပေရေးရာနှင့် စပ်လျဉ်း၍ ကျွန်တော်သည် ဘာမျှမဟုတ်၊ သာမန် စာဖတ်ပရိသတ်မျှသာ ဖြစ်ပါသည်။ သို့အတွက် ကျွန်တော်ထမ်းဆောင်သင့်သော တာဝန်မှာ ဤရွေ့ ဤမျှသာဟု ဆိုရလျင် လုံလောက်မည် ထင်ပါသည်။

ပီဒီကျော်စွာ
မြင့်မြတ်သူစာအုပ်တိုက်
၉-၆-၉၉

အပြောမှန်ကြရဲ့လား
ရေးသူ- ဇော်ဝင်းကို့



ထိုင်နေတဲ့ လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော် (ပျဉ်းမနား)ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့..... ဆရာဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်........။

ဆရာဗန်းမော်တင်အောင်ကို 'ဦးလေးဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး' လို့ပဲ ကျွန်တော်တို့ လူငယ်တွေက ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာဒဂုန်တာရာကိုပါ 'ဦးလေး' လို့ ကျွန်တော်ခေါ်ဖြစ်တော့တယ်။

လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့) ဘက်က အဲဒီအချိန်မှာ စကား ဆက်တိုက်ပြောနေသူက ကျွန်တော်....။

ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်.......။

ဒါပေမယ့် တူတယောက်က ဦးလေးတယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အသည်းအမည်းကြီးကြီး၊ အညှိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။

ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းက ထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' နဲ့ ပါတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက 'ဓနရှင်လောက' စာအုပ်ရေးသူနဲ့ ပတ်သက်လို့ ကောက်ချက်တခု ချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်းအချက်အလက်တခု ကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့ နွယ်ပြီး 'မြစ်ဧရာပေါ်ဝယ်' ကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ အချက်အလက်ကတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက်အလက် အချို့ပေါ် အခြေခံပြီး ဦးလေးဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြ လိုက်တဲ့ ကောက်ချက်ကတော့ (ခုပြန်တွေးရင်) ကြောက်စရာကောင်းလောက်အောင် ပြင်းထန် နေခဲ့တယ်။ ကျွန်တော့်စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာ ဖြစ်ခဲ့ရင် တဖက်သား အပိုင်းပိုင်း ပြတ်သွားလောက်အောင် စူးရှခဲ့တယ်။ ကြားဇာတ်ဆောင်သဘောတရား....၊ ဓနရှင်ပေါက်စ ကျောရိုးမဲ့မှု...၊ လစ်ဘရယ်ဒီမိုကရက်...၊ ပန်းခင်းကို မြင်းစီးပြီးကြည့်...။ အို... အဲဒီအချိန်က အရင့်သီးတကာ့ အရင့်အသီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တလုံးပြီးတလုံး ပစ်ပေါက်....။

ဦးလေးဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော့်စကားလုံးတွေ ရင့်သီးသထက် ရင့်သီးလာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပြီး ကိုင်းကျလာတယ်။ နောက် ပုခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့ သိမ့်ခနဲ.....။ ဟော- ဦးလေး ငိုနေပြီ။ မျက်လုံးမှာ မျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။

(၁)

ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်းတွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီဆိုတာ ကိုယ်သိတာပေါ့။ ဒါပေမယ့် ကျွန်တော့်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့ နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်းလုံးတွေလို တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညှိုးငေါက်ငေါက်ထိုးပြီး ဦးလေးကို ပြောလိုက်တယ်။

"ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး" လို့။

ဦးလေးရဲ့ခါးဟာ ဆတ်ခနဲမတ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့ အလင်းရောင်တခုနဲ့ ရွှန်းတောက်နေရဲ့.....။

ဦးလေးက သူ့အံကပ်ကို ချွတ်လိုက်တယ်။ ကျွန်တော်တို့ကို ပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီရဲ့ လက်တွေကို ပင့်ပြီး အရိုးရိုးပြိုင်းပြိုင်းကျနေတဲ့ သူ့လက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ....ပြတယ်။ ပြီးတော့မှ သွားတွေကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ (ဒေါသသံတော့ လုံးဝ မပါဘူး။ ဒါပေမယ့် အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့ အသံ နဲ့.....။)

"ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘာတွေကို စွန့်လွှတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ။ ကျွန်တော် စွန့်လွှတ်ခဲ့တဲ့ ဒီအသွေးအသား၊ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ် ခဲ့ရတဲ့ ဒီဘ၀ အစိတ်အပိုင်းတွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား......" တဲ့။

တခြားလူတွေ အားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့ အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစားစွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်းမြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့ ဘေးကလူတွေရဲ့ ပင့်သက်ချသံကို ကျွန်တော်ကြားနေရတယ်။

ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြောလိုက်တယ်။ 'ကျွန်တော်အမှန်ကို ပြောတာဘဲလေ' လို့။

(၂)

၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတခုအတွင်းမှာ...။

ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာလရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့်တကိုယ်လုံး ချွေးတွေရွှဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တခုခုပြိုလဲကျသံ။ နောက်- အနောက်ဘက် လေဟုန်ပြင်းပြင်း တိုက်ခတ်စ ပြုနေတာကိုလဲ အသံအရရော...........................

ကျွန်တော် ရုတ်တရက် ထထိုင်လိုက်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။

"ဦးလေး....ဦးလေးဦးတင်အောင်" လို့။

ပေါင်းလောင်းမြစ်တနေရာမှာ ကျွန်တော်အမှားကြီးတခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည် ရုတ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော်ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန် တချို့တလေအပေါ် အခြေခံပြီး ကောက်ချက်အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ.... ကျွန်တော့်ကို ခွင့်လွှတ်ပါ။

အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော့်ကို ဦးလေးတို့ ၀ိုင်းပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်းတည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်းပေးခဲ့ကြတယ်။ နေရာတကာမှာလဲ 'အဲဒီတုန်းက ကျွန်တော်တို့အထဲမှာတော့ သူက အငယ်ဆုံးလေ' ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။

စကားတတ်စ ကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ 'ဟယ်.... ဒီလူကလေး ဆဲတောင် ဆဲတတ်နေပြီဟဲ့' လို့ ချစ်စိတ်ကို အရင်းခံပြီး စွန့်လွှတ်ခဲ့တဲ့ လူကြီးမိဘတွေလို အတူနေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော် သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်းယူပြီး လူပုံအလယ်မှာ ဦးလေးကို ကျွန်တော် စော်ကားမိခဲ့ပြီ။ အကျင့်စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင်သန့်ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွှတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက် ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က..... ကျွန်တော်လိုကောင်က လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။

ကျွန်တော် ကျွန်တော် ယုံကြည်ရာ မှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ် လိုက်မိတယ်။

"ဦးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်" လို့။

ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော် မသိခဲ့ပါဘူး။

(၃)

ဆရာဗန်းမော်တင်အောင်ကို ကျွန်တော် ဝေဖန်ခဲ့ရာမှ အချက်အလက် အချို့တော့ မှန်ပါရဲ့၊ ဒါပေမယ့် အောက်ပါ နည်းနာဆိုင်ရာ အမှားတွေကို ကျူးလွန်မိတယ်လို့ ကျွန်တော် ပြန်သုံးသပ်မိပါတယ်။

၁။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အကျကောက်ဝေဖန်ရေး' သာဖြစ်ခဲ့တယ်။

လူတယောက်ကို ဝေဖန်တော့မယ်ဆိုရင် အဓိကနဲ့သာမည ကို ခွဲခြားဖို့ လိုပါတယ်။ အသေးအဖွဲ အမှားလေးတွေကို မှန်ဘီလူးနဲ့ ပြူးပြဲရှာပြီး အဲဒီလက်ရာတခုလုံးရဲ့ သာလွန် ကောင်းမွန်ချက်တွေကို မျက်ကွယ်ပြုပစ်တာ၊ အသေးအဖွဲ အမှားကလေးတွေကို ပုံကြီးချဲ့ပြီး၊ အားကောင်းချက်များကို ဖုံးကွယ်သွားစေတာဟာ 'အကျကောက်ဝေဖန်ရေး' လို့ အမည်ပေးရ မယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ 'မြစ်ဧရာပေါ်ဝယ်' ကို ဝေဖန်ရာမှာ အဲဒီဝတ္ထုထဲက အသေးစိတ် အချက်အလက် တခုနှစ်ခုကို အကျကောက်ပြီး သူ့ဝတ္ထုရဲ့ ဦးတည်ချက်၊ သူ့ဝတ္ထုရဲ့ ၀ိဥာဉ်၊ သူ့ဝတ္ထုရဲ့ အားကောင်းချက်တွေကို ဖုံးလွှမ်းပစ်မိ ခဲ့တယ်။

၂။ ကျွန်တော့်ရဲ့ ဝေဖန်ရေးဟာ 'အဆောတလျင် ယေဘူယျပြုခြင်း' အမှားကို ကျူးလွန်ခဲ့တယ်။

ဝေဖန်ရေးဟာ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုပေါ်မှာ အခြေပြုတာပါ။ ဒါကြောင့် ဝေဖန်ရေး လုပ်တော့မယ်ဆိုရင် ယုတ္တိဗေဒနည်းကျ ဆင်ခြင်စဉ်းစားမှု ရှိဖို့ လိုပါတယ်။ ယုတ္တိဗေဒမှာ 'အဆောတလျင် ယေဘူယျပြုခြင်း' (Hasty Generalization) ဆိုတဲ့ ဆင်ခြင်ပုံ အမှားတမျိုး ရှိတယ်။ ခြုံယူဆင်ခြင်မှုစနစ်နဲ့ ဆင်ခြင်ရာမှာ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံသထက် ပြည့်စုံအောင်မစုဆောင်းဘဲ၊ ရရာအချက်အလက်တချို့ အပေါ် အခြေပြုပြီး အမြန်အဆန် ကောက်ချက်ဆွဲလိုက်တဲ့ အမှားမျိုးပါ။ ကျွန်တော့်အနေနဲ့လဲ ဆရာဗန်းမော်တင်အောင်ရဲ့ တခြား ပြုစုပြီး စာပေတွေ၊ သူ့ဖြတ်သန်းမှု အစဉ်အလာတွေ၊ သူ့ရဲ့ အထင်အရှားဖြစ်တဲ့ သဘောတွေကို ထည့်သွင်းမစဉ်းစားမိခဲ့ဘူး။ အချက်အလက်တွေကို ပြည့်စုံသထက် ပြည့်စုံအောင် မစုဆောင်းမိခဲ့ဘူး။

၃။ ကျွန်တော်ရဲ့ဝေဖန်ရေးဟာ 'ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး' ဖြစ်ခဲ့တယ်။

ကောက်ချက်ကို အရင်ဆွဲပြီးမှ အဲဒီကောက်ချက်ကို ထောက်ခံဖို့ အချက်အလက်တွေ ရှာတာဟာ ဆန္ဒစွဲကျတဲ့စဉ်းစားမှု ( Subjective thinking) ပါ။ ဝေဖန်ရေးမှာလဲ 'ဒီလူ၊ ဒီစာရေးဆရာဟာဖြင့် ဒီလိုမျိုး ဖြစ်တယ်။ ဒါကြောင့် သူ့မှာတော့ ဒီလိုအမှားမျိုး ရှိမှာပဲ' လို့ ကြိုတင် ဆုံးဖြတ်ထားမိတာမျိုး ရှိတတ်တယ်။ အဲဒါ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေးပါ။ ကျွန်တော့်အနေနဲ့လဲ (အဲဒီအချိန်က ဆရာဗန်းမော်တင်အောင်ကို အားမလိုအားမရနဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေခဲ့တယ်။ အဲဒီ ကြိုတင်သတ်မှတ်ထားချက်အရ အဲဒီကြိုတင် သတ်မှတ်ထားချက်ကို အထောက်အကူပြုမဲ့ အချက်အလက်တွေကိုသာ လိုက်ရှာနေမိတယ်။ အမှားတွေ့တယ် ထင်လိုက်တာနဲ့ အဲဒီအချက်အလက်အပေါ်မှာ အခြေပြုသလို ပုံဖမ်းပြီး မူလကောက်ချက်ကို ချပြလိုက်တာပါဘဲ။

၎။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ 'အတ္တဗဟိုပြုဝေဖန်ရေး' သာဖြစ်ခဲ့တယ်။

အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိပ်မှန်၊ သိပ်ဟုတ်၊ သိပ်ပြတ်သားတယ် လို့ ထင်နေခဲ့တယ်။ တခြားသူတွေကိုလဲ.... လူတယောက်မှားတယ်လို့ ထင်ရင်လဲ 'မှားရကောင်းလား၊ ငါ့လောက်မှ မမြင်ရကောင်းလား' လို့ ဒေါသ ထွက်မိပြန်ရော။ ပြီးတော့ 'အကြောင်းပြလိုက်မယ်' ဆိုတဲ့ စိတ်တွေ ကဲနေတာကြောင့် 'နည်းနည်း မမှားလိုက်နဲ့၊ ငါနဲ့တွေ့သွားမယ်' ဆိုတဲ့ မာန်မာနတွေ ကဲနေမိခဲ့တယ်။ ဒီလို အတ္တဗဟိုပြုစိတ်နဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကျွန်တော် ဝေဖန်ခဲ့တာပါ။ တကယ်တော့ ကျွန်တော့် ဝေဖန်ရေးဟာ ဆရာဗန်းမော်တင်အောင်ကို ကူညီလိုစိတ်က ပေါ်လာတာ မဟုတ်ဘဲ ကျွန်တော်ရဲ့ အတ္တကို အစာကျွေးရာက ပေါ်ပေါက်လာတဲ့ အတ္တဗဟိုပြုဝေဖန်ရေး (Self-centered Criticism) သာ ဖြစ်ခဲ့ပါတယ်။

(၄)

ကျွန်တော် ကြားဖူးခဲ့တယ်။ ရွယ်တူ သူငယ်ချင်းတယောက်က ပြောတာလား၊ ကိုယ့်ထက် အသက်အရွယ် ကြီးသူတယောက်က ပြောတာလား၊ မမှတ်မိဘူး။ ပြောသူရဲ့ ကိုယ်ပိုင် စကားလား၊ သူကိုယ်တိုင် တနေရာရာက ကြားဖူးဖတ်လို့ ထပ်ဆင့်ကိုးကားတာလား ဆိုတာလဲ မသိဘူး။ မှတ်မှတ်ရရတော့ ကြားဖူးတယ်။

'အမှန်ကို ပြောသလို အပြောလဲ မှန်ရတယ်' တဲ့။

အမှန်ကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လဲ ရှိပါတယ်။ အမှန်လို့ တထစ်ချ မဆိုနိုင်ရင်တောင်မှ မှန်တယ်ထင်ရာကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါတယ်။ မှန်တယ်ထင်ရာကို ပြောရဲတဲ့ သတ္တိကိုလဲ ကြိုဆိုသင့်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်ပြောရမှာလဲ။ ဘယ်လိုပြောရမှာလဲ။ ဒါကတော့ သေသေချာချာ စဉ်းစားရမယ့် ကိစ္စပါ။ ပြောသူက ဘယ်သူလဲ။ အပြောခံရသူက ဘယ်သူလဲ။ ပြောသူရဲ့ ဖြတ်သန်းမှုက ဘယ်လိုလဲ။ အပြောခံရသူရဲ့ ဖြတ်သန်းမှုနဲ့ အစဉ်အလာက ဘယ်လိုလဲ။ အဲဒီ အခြေအနေ အရပ်ရပ်နဲ့ အချက်အလက်ပေါင်းများစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲ ဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။

အပြောခံရသူက အစဉ်အလာကြီးမားရင် သတိထားပြောရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။ အပြောခံရသူရဲ့ အနေအထားကို ထည့်သွင်းတွက်ချက်ဖို့ပါ။ အပြောခံရသူဟာ နုနယ်သေးတဲ့အချိန်မှာ ရေနွေးပူနဲ့ လောင်းပစ်တာမျိုး၊ မိတ်ဆွေအချင်းချင်းကို ပြောရမှာကို ရန်သူလို ရန်စွယ်ငေါငေါ ပြောတာမျိုးလဲ မှန်ကန်တဲ့ပြောနည်းလို့ ဆိုနိုင်မှာ မဟုတ်ဘူးပေါ့။

အထူးသဖြင့် စာပေနယ်မှာ စာပေသမားအချင်းချင်း ပြောကြဆိုကြတာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။ ကိုယ်မှန်တယ် ထင်ရုံမျှနဲ့၊ ကိုယ့်ဘက်က ပိုင်နိုင်ပြီလို့ ထင်ရုံမျှနဲ့ နှုတ်စွမ်းအားရှိသမျှ တဆုံးတဆ ပြောလိုက်ကြတော့မှာလား။ အလွန်အကျွံ ဒေါသတကြီးနဲ့ ပြောကြဆိုကြတော့မှာလား။

(၅)

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်အတွင်းမှာ မဂ္ဂဇင်းတွေ အပြိုင်းအရိုင်း ပေါ်လာကြပါတယ်။ တချို့က ဟုန်းကနဲတောက်၊ ဟုပ်ကနဲပျောက်၊ တချို့က တအုပ်နဲ့ ဇာတ်သိမ်း၊ တချို့ကလဲစိုက်လိုက်မတ် အောင်လံလွှင့်လို့။

ဒီမဂ္ဂဇင်းတွေထဲမှာ လူငယ်ဝေဖန်ရေး ဆောင်းပါးရှင်တွေလဲ အများအပြား ပါဝင်ရေး သားလာကြတယ်။ သူတို့ အများစုဟာ ရဲရဲတွေ၊ စူးစူးနစ်နစ်ခွဲခြမ်းစိတ်ဖြာပြီး ထက်ထက် မြက်မြက်ရေးတာကြောင့် စာပေလောကမှာ 'စာပေဝေဖန်ရေး' ဆိုတဲ့ ကဏ္ဍကလေးဟာ အုံးအုံးကျွတ်ကျွတ်နဲပပါပဲ။

အစပိုင်းမှာတော့ စာပေလောသား အချင်းချင်းရော၊ စာဖတ်ပရိသတ်တွေကပါ ဒီစာပေဝေဖန်ရေး ဆောင်းပါးတွေကို ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုကြတယ်။ 'ဘယ်ဆောင်းပါး မှာတော့ ဘယ်စာရေးဆရာ၊ ဘယ်စာအုပ်ကို ဘယ်လိုဝေဖန်ထားလေရဲ့' ဆိုပြီး စာပေသမား အချင်းချင်းလဲ လက်တို့ သတင်းပေးကြရဲ့၊ စာဖတ်ပရိသတ်တွေကလဲ စိတ်ဝင်တစား ရှာဖွေ ဖတ်ရှုကြရဲ့။

ဒါပေမယ့် တဖြေးဖြေးနဲ့ စာပေဝေဖန်ရေးဆိုတဲ့ ဆောင်းပါးတွေမှာ စကားလုံးမီးရှူး မီးပန်းလွှတ်တာတွေ များသထက် များလာတယ်။ အချက်အလက်ကို အသေအချာ မစုဆောင်းဘဲ 'မြန်မြန်ပြော၊ များများပြော၊ မှားမှားမှန်မှန်ပြော' ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေကို 'တမင်ဖြိုလိုက်မဟဲ့' ဆိုတဲ့ စိတ်မျိုးနဲ့ ဝေဖန်တာတွေ မကြာခဏ တွေ့လာရတယ်။ နာမည်တက်စ လူငယ်စာရေးဆရာတွေကို အညွန့်ချိုးသလို ပစ်ပစ်ခါခါ ဝေဖန်တာမျိုးလဲ အများအပြား ဖတ်လာရတယ်။ စာပေဝေဖန်ရေးဟာ စာဖတ်ပရိသတ်အတွက်၊ စာပေသမား အချင်းချင်းအတွက် အင်အားဖြစ်ရမယ့်အစား ကြောက်စရာ လန့်စရာ ဖြစ်လာတယ်။ သူတို့တွေရဲ့ ဆောင်ပါးတွေမှာသာမက သူတို့ရဲ့ 'အင်တာဗျူး' ဆိုတာတွေမှာပါ သူတို့ အတ္တတွေဟာ အငွေ့တထောင်းထောင်းနဲ့။

(၆)

ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ချောင်ထိုးထားခဲတဲ့ ကလောင်ကို ကောက်ကိုင်လာ မိတာဟာ မေးခွန်းတခု မေးချင်လို့ပါ။ ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ အမှားတခုကို တမြေ့မြေ့ ပြန်လည်သုံးသပ်ရင်း စာပေဝေဖန်ရေးဆောင်ပါးရှင်တွေကို ရင်းနှီးခင်မင်စွာ မေးချင်လို့ပါ။

မိတ်ဆွေရောင်းရင်းများခင်ျော။ စာပေညီအကိုတော်များခင်ဗျာ-

"အမှန်ကို ပြောတယ်ပဲထားပါတော့၊ အပြောရောမှန်ကြပါရဲ့လား....."

ဇော်ဝင်းကို။

{ထုတ်ဝေသူ- "ပြည်သူ့ဘက်တော်သားများ" ရဲ့ ဗန်းမော်တင်အောင်- တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။ }