Monday, June 28, 2010

ယာတောကသာဗျောရဲ့ အဝေးက ပေးစာတစောင်
ရေးသူ- ယာတောကသာဗျော



အဝေးကပေးစာတစောင်

ရွေးကောက်ပွဲခါတော်မီစာစောင်နဲ့ကလောင်ရှင်တွေ
၂၀၁၀ခုနှစ်။ ဇွန်လ ၂၉ရက်။

ကိုဟိုဒင်းရေ-

ကျနော်တို့နိုင်ငံမှာ စစ်အစိုးရကရွေးကောက်ပွဲလုပ်မယ်လို့ ဆိုလိုက်တာနဲ့ ဗမာပြည်မှာ ဂျာနယ်မဂ္ဂဇင်းအသစ်တွေ၊ စာရေးသူတွေ ခါတော်မှီပေါ်လာကြတာရှိသလို နိုင်ငံရေးဆောင်းပါးဆိုတာတွေ အမြောက်အမြားကိုလည်းတွေ့ရ၊ ဖတ်ရ သဗျ။ ဒါဟာမဆန်းတဲ့ဖြစ်စဉ်မို့ ကျနော်လည်းဘာမှမပြောပဲ နေလိုက်မလို့ပါပဲ။ ဒါပေမဲ့ ဒီအဖြစ်ကိုထောက်ပြပြီး တချို့ လူတွေက ဒါကိုကပဲ ဗမာပြည်မီဒီယာမှာ ဒီမိုကရေစီပွင့်လန်းလာတာကို ထင်ဟပ်နေသလိုလို ပြောတာ၊ ရေးတာ၊ အသံ လှိုင်းပေါ်မှာဆွေးနွေးတာတွေကို တွေ့လာရလို့ ကိုယ့်အမြင်လည်းဖော်ပြချင်သလိုလို လက်ယားလာတာနဲ့ ဒီစာကို ရေးလိုက်တာပဲဗျာ။
နိုင်ငံရေးလောကမှာ ဗိုလ်သိန်းစိန်လို လူဝတ်လဲဗိုလ်ချုပ်နိုင်ငံရေးသမားကအစ နိုင်ငံရေးသမားအသစ်၊ အဟောင်း၊ နိုင်ငံရေးသမားဟောင်းသားသမီးစသဖြင့် မျက်နှာသစ် မျက်နှာဟောင်းတွေ အစီအရီပေါ်ထွက်လာသလို ဂျာနယ် မဂ္ဂဇင်းတွေမှာလည်း ကလောင်သစ်၊ ကလောင်ဟောင်း၊ ကလောင်မျိုးစုံပေါ်လာတာကိုတွေ့ရတယ်။ ကလောင်သစ်တွေ ထဲမှာ ကိုယ့်အမြင်ကိုယ်ဖော်ထုတ် ရေးသူတွေတွေ့သလောက်တော့ တွေ့ရပါရဲ့၊ နအဖကရေးခိုင်းတဲ့အတိုင်း၊ ချပေးတဲ့အတိုင်းရေးနေသူတွေကလည်း မနည်းဘူးဆိုတာသတိထားမိတယ်။ အလားတူပဲ တချို့ကလောင်ဟောင်း တွေဟာလည်း နအဖကရေးခိုင်းလို့ စိတ်မသက်သာနဲ့ ရွေးကောက်ပွဲဝင်သင့်ကြောင်းရေးနေရတဲ့ ပုံတွေ့ရတယ်။ စုံသလိုလိုတော့ရှိသပေါ့ဗျာ။ ဒါ့အပြင် သူတို့မပါရင် အစိုးရလက်ရာမမြည်ဘူးလို့ဆိုရမယ့် ခေတ်အဆက်ဆက်က လက်နက်ချပေါင်းစုံရဲ့ “ယခုအထိနဂိုစိတ်ဓာတ်အတိုင်းလက်နက်ချလျက်ရှိကြောင်းပါ”ဆိုတဲ့ ဆောင်းပါးရှင်များလည်း ပါသပေါ့ဗျာ၊ ဒါပေမဲ့ ဘယ်သူတွေ၊ ဘယ်လိုပဲရေးရေး နအဖရဲ့သဘောထားကိုဆန့်ကျင်ပြီးရေးခွင့်မရဘူးဆိုတာကတော့ ထင်အရှားနေသဗျ။

ကျုပ်တို့နိုင်ငံမှာက လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်နဲ့ဟာ အမြွာလိုမွေးလာတာဆိုတော့ အုပ်စိုးသူတွေကအတိုက်အခံ အင်အားစုတွေကို သည်းညည်းမခံတဲ့အလေ့က တပါတည်းပါလာတယ်လို့ ဆိုရမလားမသိဘူး။ ဖဆပလအစိုးရ လက်ထက်မှာ ပြည်တွင်းစစ်ကိုအကြောင်းပြုပီးအပေါ်စီးက နေလာ၊ နိုင်ငံရေးကိုချယ်လှယ်လာတဲ့ နောက်မှာစစ်အုပ်စုတခု ရယ်လို့ ပီပီမြည်မြည်ဖြစ်လာတဲ့ ဗိုလ်နေ၀င်း-ဗိုလ်မောင်မောင်-ဗိုလ်အောင်ကြီးတို့ရဲ့ ဆိုရှယ်လစ်ပါတီအနွယ် စစ်တပ် ထိပ်သီးတွေဟာ မြ၀တီမဂ္ဂဇင်းကိုထုတ်တာကအစ စာပေလောကကိုဝင်ချယ်လှယ်တဲ့ အစဉ်အလာလုပ်ခဲ့တယ်။ အဲဒီ အစဉ်အလာဟာု မဆလခေတ်မှာ စနစ်တခု၊ အဆောက်အအုံတခုလိုတောင်ဖြစ်လာပြီး ရှေ့သို့၊ လမ်းစဉ်၊ နိုင်ငံတကာ့ ရေးရာ စသဖြင့် ၀ါဒဖြန့်စာစောင်တွေ ထုတ်လိုက်တာ ပလူကိုပျံနေတာပဲမဟုတ်လားဗျာ။ သတင်းစာဆိုရင်လည်း အား လုံးဟာ အစိုးရပိုင်။ မှတ်မိတယ်မဟုတ်လားဗျာ။ စာရွက်တွေဆိုတာလည်း ကောင်းမှကောင်း၊ မင်ကျမင်နကလည်း ထိပ် တန်း၊ ဘလောက်တွေဘုံပေါလအောနဲ့၊ ပြင်ပကြော်ငြာကိုလက်မခံတဲ့ စာစောင်တွေလေဗျာ။ ဌာနတွေ၊ စစ်တပ်တွေကို အလကားပေး၊ ပိဿာချိန်ရောင်းတဲ့နေရာတွေမှာတောင်ပုံရာပုံ။ တိုင်းပြည်ရဲ့အခွန်ငွေတွေကိုထင်သလို လုပ်ခဲ့ကြ တာတွေလေ။ တချိန်တည်းမှာ ကျောင်းသုံးစာအုပ်တွေကတော့ စာရွက်အမျိုးအစားရော၊ မင်ကျမင်နရော ညံ့ဖျင်း စုတ်ပြတ်လာလိုက်တာ ကိုင်ကြည့်ချင်စရာမကောင်းဘူးမဟုတ်လားဗျာ။

အဲဒီ မဆလရဲ့ဝါဒဖြန့်ယန္တရားကြီးထဲမှာ ကိုယ့်ကလောင်၊ ကိုယ့်ဂုဏ်သိက္ခာကိုပုံအောခဲ့ကြတဲ့ စာရေးဆရာကြီးငယ် တွေကိုရော ခင်ဗျားမှတ်မိတယ်မဟုတ်လား။ တချိန်ကလျှမ်းလျှမ်းတောက်ခဲ့တဲ့ သိန်းဖေမြင့်ဆိုတဲ့ ကလောင်နာမည် လိုဟာကအစ ကလောင်ပေါက်စတွေ၊ ယူနီဖောင်းဝတ်ကလောင်၊ အမှုထမ်းကလောင်တွေ အကုန်မြောင်းထဲရောက်ကုန် ရတယ်မဟုတ်လား။ အဲဒီခေတ်ကတည်းက စစ်အစိုးရကိုဖားပြီးရေးတဲ့ တချို့ကလောင်ရှင်တွေ ဒီနေ့ကာလမှာလည်း နအဖကိုဖားပြီးရေးနေကြတာ တွေ့ရပြန်ပါပြီ။ စာဖတ်သူတွေကသူတို့ကို ရွံမုန်းလိုက်ပုံများ အနူအ၀ဲထက်ဆိုးပါတယ်။

ဒီလိုနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း။ န၀တလက်ထက်ကျတော့လည်း စစ်အာဏာရှင်တွေဟာ ဒီလမ်းကိုဆက်လျှောက်ခဲ့တာပါပဲ။ ဒီပုဆိုးဝတ်ရင်ဒီချေးပါရတယ်ဆိုတာလို အာဏာရှင်လမ်းလိုက်ရင် ဒီလိုပဲဝါဒဖြန့်ချိရေး ယန္တရားကို အသေဆုပ်ကိုင်ပြီး ငါ့စကားနွားရ လုပ်ရတာပဲနဲ့တူပါတယ်။ စပ်မိလို့ ဘာမှမဝေးသေးတဲ့ကိစ္စတခုကို ပြောရဦးမယ်ဗျာ။ မြက်ခင်းသစ်မဂ္ဂဇင်းဆိုတာကို မှတ်မိမှာပေါ့။ န၀တက အပြတ်ကြမ်းပြ၊ ရမ်းပြနေတဲ့ အချိန်ဆိုတော့ ၀င်ရေးလိုက်ကြတဲ့ လက်နက်ချတွေ၊ ခြံကူးတွေမနည်းပေါင်ဗျာ။ သူတို့လောကမှာ မြက်ခင်းသစ်ထဲ ၀င်မရေးရင် ခေတ်မမီဘူးဆိုတဲ့အဆိုတောင် ရှိနေသလားအောက်မေ့ရတယ်။ တချို့ကတော့လည်း ကျွဲကူးရေပါဆိုသလို မြက်ခင်းသစ် ကနေတဆင် စာပေလောကထဲကို ခွေးတိုးပေါက်ကနေ ၀င်ခွင့်ရသွားမယ်လို့ထင်ခဲ့ကြသတဲ့ဗျ။ နောက်ဆုံးတော့ သူတို့ဘာဖြစ်သွားသလဲ။ ခွေးတိုးပေါက်ဝင်းသူ၊ မြက်ခင်းသစ်စားသူတွေပဲဖြစ်သွားတယ်မဟုတ်လား။ အဲ- မြက်ခင်း သစ်လည်းပျောက်ရော သူတို့ စားကျက်လည်းပျောက်ရောဖြစ်တော့တာပဲလေဗျာ။

ဒီလိုဆိုတဲ့အတွက် နအဖအစိုးရဟာ အဲဒီသင်ခန်းစာတွေကို မယူခဲ့ပါဘူး။ နောက်ကနွားလား စိုက်စိုက်လိုက် တာပါပဲ။ သူတို့လည်း သူတို့ကိုလျှာကုဋေနဲ့ချီးမြှောက်မယ့်ကလောင်ရှင်တွေ မွေးတော့တာပါပဲ၊ အဝေးမှခစားသူနဲ့ အနီးမှ ခစားသူ၊ အမျိုးမျိုးပေါ့ဗျာ။

ဒီတနှစ်လောက်အတွင်း ထွက်လာတဲ့တချို့ဂျာနယ်မဂ္ဂဇင်းတွေကတော့ ဒီရွေးကောက်ပွဲအတွက်တမင်ထွက်လာ တာမှန်း တယ်လဲသိသာသကိုး၊ နောသင်းစတားတို့၊ မော်နီတာတို့ဆိုတာတွေကို ကျနော်တော့ နအဖရဲ့မြက်ခင်းသစ်တွေ လို့ပဲဆိုလိုက်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂျာနယ်တွေထဲမှာ တခြားနိုင်ငံရေးနဲ့မပတ်သက်တဲ့ဆောင်းပါးတွေပါပေမဲ့ အဓိကအားဖြင့်ကတော့ ဖဆပလ၊ ဗကပအပါ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်အပါအ၀င် အတိုက်အခံအားလုံးကို တိုက်ခိုက် တာပဲဗျ။ ဖဆပလဆိုရာမှာ စစ်အုပ်စုကိုထောက်ခံအားပေးခဲ့တဲ့ တည်မြဲဖဆပလကိုတော့ ညှာညှာတာတွယ်သဗျ။ ပထစ ကိုတော့ ရစရာမရှိအောင်တွယ်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ချမ်းသာမပေးဘူး၊ ဟိုတခေတ်ကရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားတွေဘယ်လိုညစ်တယ်၊ စစ်တပ်ကိုဆွဲထည့်တယ်၊ ဒါပေမဲ့စစ်တပ်က ကင်ကင်းနေတယ် စသဖြင့်ပေါ့ဗျာ။ စစ်တပ်ကပါဝင်ပြီး သတ်ခဲ့တာ၊ ခြိမ်းခြောက်မဲထည့်ခိုင်းခဲ့တဲ့ ကိစ္စတွေကိုတော့ သူတို့ကမရှိဖူးလေဟန် ဖျောက်ထားကြတယ်လေဗျာ။ ကိုယ့်ပစပ်ကထွက်တာဟာသမိုင်းပဲလို့ လုပ်နေကြတဲ့ အဲဒီအထဲက တချို့သောဆောင်းပါးရှင်တွေဟာ ထောက်လှမ်းရေးအဆက်ဆက်က သိမ်းဆည်းထားတဲ့ ဖိုင်တွဲတွေထဲကဟာတွေကို ပြန်ထုတ် အသုံးချနေတာကိုလဲတွေ့ရတယ်။ ထောက်လှမ်းရေးဖိုင်ကို ဖွင့်ကြည့်နိုင်တဲ့ကလောင်ရှင်ဆိုတာဟာ ဘယ်လိုလူ ဖြစ်မလဲ စဉ်းစားသာကြည့်ပေတော့ မိတ်ဆွေကြီးရေ့။

ဒီလိုနဲ့ တခါမတော့ အဲဒီလိုအတိတ်ကိုလှန်၊ နိမိတ်ကိုကြံဖန်ပြီးရေးနေကြတဲ့ ဆောင်းပါးတခုကိုဖတ်ရင်း ကျနော် ပြုံးမိသွားတယ်။ အဲဒါက ဆရာစံအကြောင်းရေးတယ်ဆိုပြီး ကိုလိုနီအင်္ဂလိပ်ကို (လက်ရှိအင်္ဂလိပ်အစိုးရကို အမြီး၁ရှိတဲ့ ကောင်တွေရိပ်မိကြလို့ပြောရင်း) အပုပ်ချတာပေါ့ဗျာ။ ထုံးစံအတိုင်း အင်္ဂလိပ်ကိုအသားကုန်ဆော်တာပဲ။ နို့ပေမဲ့ ပြဿနာက သူတို့ဂျာနယ်ရဲ့နာမည်လေဗျာ။ ဗမာပြည်ကထုတ်တဲ့ ဗမာဘာသာဂျာနယ်ရဲ့နာမည်က အင်္ဂလိပ်လိုကြီးလေ။ မိုက်တယ်နောကိုဟိုဒင်း။ သူများကျတော့ နယ်ချဲ့ကိုအဖေခေါ်တာတို့၊ နယ်ချဲ့ယဉ်ကျေးမှုကိုအထင်ကြီးတာတို့ ပုဒ္မမျိုးစုံ တပ်ပြီးတွယ်တယ်။ ကိုယ်တိုင်ကတော့ အောက်သွားမရှိဘူးလေ။

ဒီတခေါက်ဒါလောက်ပဲရေးဦးမယ်ဗျာ။ နောင်ရေးစရာတွေ့ရင် ထပ်ရေးပါဦးမယ်။

ဘယာဘေးကွာဝေးကြပါစေ။

ယာတောကသာဗြော

1 comment:

littlebrook said...

မှန်ပါ့ဗျား သစ္စာဆိုလို့တောင်ရတယ်