Tuesday, September 28, 2010

ရဲဘော်စိတ်
ရေးသူ- မောင်အေးဝင်း



သူသေသွားပြီ၊ မော်တော်ယဉ် မတော်တဆ ထိခိုက်မှုနဲ့ သေပြီလို့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က ကျနော်တို့ သိလိုက်ရတယ်။ ဒီသတင်းကို ကြားသိရပြီးတဲ့ နောက်ပိုင်းမှာ ပြည်တွင်းပြည်ပက ရဲဘော်များ၊ မိတ်ဆွေများနဲ့ သူ့အကြောင်းကို စကားဆုံလို့ မေးကြရင် ပြောကြရင် မပြောချင် ပြောချင် ဒီသတင်းဆိုးကို ကျနော်တို့ ပြောခဲ့ကြရတယ်။ ဘာဖြစ်လို့ မပြောချင် ပြောချင်လို့ ကျနော် ရေးရတာလဲ။ လူတယောက် အသေဆိုးနဲ့ သေရတဲ့သတင်း ဘယ်သူက ပြောချင်မှာလဲ။ အထူးသဖြင့် ချစ်သူ ခင်သူရဲ့ သတင်းဖြစ်နေရင် ဘယ်ပြော ရက်မှာလဲ။ ဘယ်လိုလုပ်ပြီး ပါးစပ်က ပြောထွက်မှာလဲ။


အကြောင်းကတော့ သူနဲ့ ကျနော်တို့ အဆက်အသွယ် ပြတ်သွားခဲ့တာ နှစ်ကာလ အတော်ကြာခဲ့တယ်။ စာမလာ သတင်းမကြားတာ လေးနှစ်လောက် ကြာခဲ့တယ်လေ။ သူ့ကို ကျနော်တို့ အားလုံးက သံယောဇဉ် ရှိကြတယ်။ ချစ်ကြတယ်။ ဘာသတင်းမှ မကြားတော့ ဘာဖြစ်လို့ပါလိမ့်..... ဘာဖြစ်လို့ပါလိမ့်နဲ့ တွေးတောပူပင် ခဲ့ကြတယ်။

သူက မဟုတ်မခံတတ်သူ၊ စိတ်ဆတ်သူ၊ လက်မြန်ခြေမြန် လုပ်တတ်သူဆိုတော့ တခုခုဖြစ်သလားပေါ့။ အဲဒီလို လေးနှစ်တာလောက် ပူပင်နေရတုန်းမှာ ကျနော်တို့က ကြားလိုက်ရတာကိုး။ ရန်သူ စစ်အစိုးရရဲ့ ညှဉ်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို အတော်ခံရပြီး မသေပဲ လွတ်လာသူက ဒီတိုင်းပြည်မှာ ဒီလို ဖြစ်ရတာ ဖြစ်မှ ဖြစ်ရလေ...... ပေါ့။

သူနဲ့ ကျနော်တို့ အပြန်အလှန် မေတ္တာတရားတွေ ကြီးစွာ ထားခဲ့ကြလို့ ကျနော်က သူ့အကြောင်းကို ခုလို စာတစောင်ပေတဖွဲ့ ရေးဖြစ်တာပါ။

သူနဲ့ကိုယ် ၁၉၇၆-၇၇-၇၈ အင်းစိန်ထောင်မှာ အတူနေခဲ့ရတယ်။ ထောင်ကထွက်လာပြီးတော့ ၁၉၇၈-ကနေ ၁၉၈၈ အရေးတော်ပုံကာလအထိ တတွဲတွဲပေါ့။ ယုံကြည်သက်ဝင်တဲ့ နိုင်ငံရေး အယူအဆမှာ တူတာလဲ ရှိတယ်။ ကွဲလွဲတာလဲရှိတယ်။ ဒါပေမယ့် ရန်သူစစ်အစိုးရကို ဆန့်ကျင်တဲ့၊ မုန်းတီးတဲ့ စိတ်ဓါတ်မှာတော့ တစက်ကလေးမှ မကွဲခဲ့ဘူး။ အဲဒီ ခေတ်ကာလမှာ အမိုးတခုထဲအောက် အတူအိပ် အတူစားခဲ့ရသူတွေမှာ ဒီအတိုင်းပဲ။

၁၉၈၈ လူထုအုံကြွမှုကြီးကို ရန်သူက ဖြိုခွဲပြီးတဲ့ အချိန်မှာ၊ ပြင်းထန်တဲ့၊ ရန်သူ့အပေါ် ထားတဲ့ သူသဘောထားကို ကိုင်စွဲပြီး သူဟာ လက်နက်ကိုင်တော်လှန်ရေးနယ်ပယ်ကို ကူးပြောင်းသွားတယ်။ ဒါပေမယ့် သူရောက်သွားတဲ့ နယ်မြေဟာ သူနဲ့ သဟဇာတ မဖြစ်လို့ ရန်ကုန်ကို သူတိတ်တဆိတ် ပြန်ရောက်လာတယ်။ နောက်တော့ အဲဒီနယ်မြေကိုပဲ သူပြန်သွားခဲ့တယ်။

မကြာလိုက်ပါဘူး၊ ကိုယ်လည်း အပြေးကောင်းလို့ ရန်သူ့လက်က သီသီကလေး လွတ်လာခဲ့တယ်။ ကံကြမ္မာလို့ပဲ ဆိုရမလား၊ ဘ၀ရေစက်လို့ ပြောရမလား၊ တဖက်နိုင်ငံရဲ့ နယ်စပ်မြို့ကလေးမှာ မမျှော်လင့်ပဲ ပြန်ဆုံရပါတယ်။ တသက်မှာတော့ ကျနော်တို့နှစ်ယောက် ဘယ်လိုမှ မတွေ့နိုင်တော့ဘူးလို့ အထင်အမှတ်ဟာ ဒုက္ခတွေ၊ အခက်အခဲတွေ အတူတကွ တွန်းလှန်ဖို့ ပြန်ဆုံကြရပြန်ပါတယ်။

သူဆိုတာက ဘယ်သူလဲ။ ပြည်တွင်းက ရဲဘော်တွေထဲမှာ သူ့ကို ချစ်စနိုးနဲ့ ငပွေးလို့ ခေါ်တဲ့လူက ခေါ်တယ်။ ဖိုးကြူးလို့ ခေါ်တဲ့လူက ခေါ်တယ်။ ကိုဖိုးကြူး လို့လဲ ခေါ်ကြတယ်။ ကျနော်တယောက်ပဲ သူ့ကို ဆရာကြီးပွေးလို့ ခေါ်တဲ့ 'မိုးကြိုး ခေါ် စောဖိုးကြူး' ပေါ့။ ရန်သူက နှိပ်စက်သတ်ဖြတ်လိုက်လို့ သေရာက ကိုယ်ရောင်လာပြ လေသလားလို့ ကျနော်ထင်ခဲ့တဲ့ ကိုဌေးဝင်းကို နယ်စပ်မြို့ကလေး ကျနော်ရောက်ပြီး နောက်တနေ့ မနက်လင်းမှာ တွေ့လိုက်ရတယ်။ ၀မ်းသာ လိုက်တာ မပြောတတ်လောက်အောင်ပါဘဲ။

ကိုယ့်မှာ ဘယ်သွားရမှန်း၊ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ နတ်သားကလေးတပါးကို တွေ့လိုက်ရသလို ပေါ့။ အတိုင်းထက်အလွန် ဖြစ်သွားခဲ့တာက အဲဒီ နတ်သားလေးက ကျနော့်အဖို့တော့ ဒိထက် အင်အားကြီးမားတဲ့ နတ်ကြီးတပါးကို ဆွဲထုတ်လာတယ်။ "ကျနော်တယောက်ထဲ မဟုတ်ဘူး.... ကိုဖိုးကြူးလဲရှိတယ်" တဲ့။

ဘာပြော ကောင်းမလဲ သုံးယောက်သား ဘုန်းကြီးကျောင်းဝင်းထဲသွားပြီး ခေါင်းချင်းဆိုင်ကြတယ်။ ဒီလိုနဲ့ ကိုယ်တို့ သုံးယောက် ဘန်ကောက်ကို ရောက်လာတယ်။

ဘန်ကောက်ရောက်ပြီး တပါတ်ဆယ်ရက်မှာ ကိုယ်တို့ သုံးယောက် အသင့်အတင့် ကောင်းမွန်သပ်ရပ်တဲ့ အခန်းတခု ငှားဖြစ်ကြပြီး ဘ၀ရဲ့ တဆစ်ချိုးအပြောင်းအလဲမှာ သမိုင်းရဲ့ ကဏ္ဍအသစ်တခုကို စခဲ့ကြတယ်။

ဘ၀တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ လောကဓံကို ထုသားပေသားကျ နေထိုင်နည်းနဲ့ နှစ် နှစ်လောက် အတူနေခဲ့ကြပြီး ကျနော်က အရင် အမေရိကကို ရောက်လာတယ်။ မကြာဘူး ကိုဌေးဝင်းက ဂျာမဏီကို ရောက်သွားတယ်။ ကျနော့်ရဲ့ ဆရာကြီးပွေး အမေရိကကို ရောက်လာတယ်။

နယ်စပ်မြို့ကလေးက ဘုန်းကြီးကျောင်းထဲမှာ ခေါင်းချင်းဆိုင်ခဲ့ကြတဲ့ ရည်မှန်းချက်တွေ ပြီးပြည့်စုံခဲ့တယ်။

မနေ့ကတော့ အိမ်တအိမ်ကို အလည်ရောက်သွားတာ ဆရာကြီးပွေးသေပြီလို့ ရထားခဲ့တဲ့ သတင်းမှား ကြောင့် စိတ်မကောင်းတွေ ဖြစ်ခဲ့ကြတဲ့ အဖြစ်ဟာ ပြီးဆုံးသွားခဲ့တယ်။ အလည်ရောက်သွားတဲ့အိမ်မှာ အိမ်ရှင်ရဲ့ မောင်ဖြစ်သူက "ကိုဖိုးကြူးကပြောတယ်၊ ခင်ဗျား အယ်လ်အေ ရောက်လို့ ကိုအေးဝင်းကို တွေ့မိရင် ကျနော်က ရှာဖွေနေတယ်လို့ ပြောပေးပါ....." တဲ့။

ကျနော့်နားကို ကျနော် မယုံဘူး ဖြစ်သွားတယ်။ ဘယ်တုန်းက ခင်ဗျားနဲ့ တွေ့လိုက်ပါသလဲပေါ့။ သူသေပြီ မဟုတ်လား.....။ ပြောသူက ရုတ်တရက် ကြောင်သွားတယ်။ တနှစ်ခွဲလောက်တုန်းက သူနဲ့တွေတာပါတဲ့။

ကျနော်တို့ကြားထားတာက လွန်ခဲ့တဲ့ (၃) နှစ်က.....။ ဒါပေမယ့်.....

မသေပါဘူး။ သူမသေးပါဘူး။ ကျနော့်မှာ သူ့ဖုံးနံပါတ်ရှိတယ်...... တဲ့။ အိမ်ရှင်ရဲ့မောင် သိကြားမင်းကြီး က ချက်ချင်း ဖုံးနံပါတ်ကို ထုတ်ပေးတယ်။ သူ့ ဆီက ရ ရချင်း ကျနော် ဖုံးဆက်လိုက်တာ.....

ဆရာကြီးပွေး... ဆရာကြီးပွေး.... ကျနော်တို့ရဲ့ ဆရာကြီးပွေး......။ ကျနော် ဘယ်လောက်များ ၀မ်းသာသလဲဆိုတာ မဖော်ပြနိုင်လောက်အောင် ပါဘဲ။

သူနဲ့ ဖုံးပြောတာ ချပြီးတာနဲ့ လက်လှမ်းမီရာကို ကျနော် သတင်းပို့လိုက်တာ ကြားကြသူတိုင်း ထခုန်မတတ် ၀မ်းသာသွားကြတယ်။

သူကပြောတယ်..... ခု သူ ဆူရှီလိပ်နေတယ် ည (၇) နာရီ ဖုံးပြန်ခေါ်မယ်တဲ့။ သူပြန်ခေါ်တဲ့အချိန် ကျနော်က ဈေးရောင်းပွဲကလေးတခုထဲမှာ ရောက်နေတယ်။ ထခုန်မတတ် ၀မ်းသာတဲ့အထဲက တယောက်ဖြစ်တဲ့ ရဲဘော် တယောက်လည်းဖြစ်တဲ့ မော်ကြီး(ကိုခင်မော်) ကလည်း ပွဲခင်းထဲမှာ ရောက်နေတယ်။ ကျနော်ခဏ စကားပြောပြီး မော်ကြီးကို ကျနော်က တယ်လီဖုံးကို ပေးလိုက်တယ်။ ပွဲကျင်းပနေတဲ့ ကားရပ်ဆိုင်းတဲ့ နေရာမှာ ဆူညံနေတော့ ကျနော်တို့ လမ်းအပြင်ဘက် မှောင်ရိပ်ခပ်ကျကျ မှာ စကားသွားပြောကြတယ်။ သူတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ဆဲဆိုနိုင်အောင် (ရဲဘော်ချင်းမို့ ဒီအသုံးကို သုံးတာ) ကျနော်က ဟိုနား ဒီနား လမ်းလျှောက် ပေးနေလိုက်တယ်။ ကျနော်ပြန်လာတော့ မှောင်ရိပ်ထဲမှာ မော်ကြီး မျက်စိကို လက်နဲ့ ပွတ်နေတယ်။ ကျနော့်ကို ဖုံးပြန်ပေးတယ်။ ကျနော်နဲ့ ဆက်ပြောတယ်။

ဆရာကြီးပွေးက ကျနော်နဲ့ ပြောနေရင်းက အသံနည်းနည်းတုန်လာတယ်။ ခင်ဗျားနဲ့ ပြန်တွေ့ရတာ ကျနော်တော့ ၀မ်းသာလွန်းလို့ ငိုတောင် ငိုချင်လာပြီတဲ့။ ကိုယ့်လူ ကျနော်လဲ ဒီလိုပဲ..... မော်ကြီးတော့ ခုနက သူ့မျက်လုံးကို ပွတ်နေတာ ကျနော်တွေ့တယ်.......... လို့။

ရဲဘော်စိတ်....၊ ရဲဘော်စိတ်....။

ရန်သူနဲ့ ရင်ဆိုင်ခဲ့တုန်းက တယောက်အသက် တယောက်ကို ပေးအပ်လာခဲ့ သူတွေ........ ရှိအတူ မရှိအတူ တလုပ်ရှိရင် တ၀က် ခွဲကျွေးဖို့ ၀န်မလေးခဲ့သူတွေ...... သူတွေ...... သူတွေ.....။

မောင်အေးဝင်း
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၀။
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲရံပုံငွေ ဈေးရောင်းပွဲပြီး နောက်တနေ့။

Wednesday, September 22, 2010

မီးဒုတ်-မီးဒုတ်
ရေးသူ- ညိုမြ




၁။

အေးမြသာယာထိုတောရွာ

သတ္တရဘံ တောင်စဉ်ခုနှစ်ထပ်တို့ဖြင့် ၀ိုင်းရံလျက်၊ လေပြေလေညှင်း ဆော်သွင်းမပြတ်မူ၍၊ သင်းကြူကြူ အသီးအပွင့်တို့ကို ဆောင်သည့် ဇီဇ၀ါ ခတ္တာ စမ္ပါယ် စကား ဂေါ်ဖီ ခယား စန္ဒကူး စသော ပန်းပင်တွေနှင့်၊ ချင်းတွင်းမြစ်ရေယဉ်တို့ တသွင်သွင်စီးကျလျက်၊ တောကြက် တောဝက်၊ ဆိတ်၊ သိုး၊ နွား ဥသြ သံတို့နှင့် မဆိတ်ညံသော အညာစစ်ကိုင်းနယ်ရှိ ဤ၀တ္ထု၏ ဇာတ်လိုက်ဖြစ်သူ မှီတင်းနေထိုင်ရာ ဇာတိချက်ကြွေ တောရွာ ကလေးသည်ကား- "သောတာပန်" ဟု နာမပညတ် ခေါ်တွင်အပ်၏။

စာဖတ်သူ အပေါင်းတို့သည် အေးမြသာယာ ထိုတောရွာကလေးသို့ ရောက်ဘူးကြမည် မဟုတ်ပေ။


မရောက်ဘူးသဖြင့်လည်း ကျွန်ပ်တို့သည် ထိုမည် ဤမည်သော စာဖတ်သူအား ရှုတ်ချပစ်တင် ကဲ့ရဲ့ချင်သော စိတ်များ လုံးဝ မရှိချေ။

အဘယ်ဘုရားသည် များစွာသောင်းသောင်း ဝေနေယျအပေါင်းတို့အား "သောတာပန်သို့ မရောက်မရှိကြ စေနှင့် ဆက်ဆက် သွားဖြစ်အောင် သွားလေလော့" ဟု မိန့်ဟ မြွက်ဖော် ဟောကြားတော် မူခဲ့ဘူးသနည်း။ လောကီ လူလုပ်ရေးတွင် သောတာပန်ကို ရောက်ဘူးမှ လူဖြစ်ကျိုးနပ်သည် လူစဉ်မှီသည် မဟုတ်။

အမှန်အားဖြင့် ကုဋေကုဋာသော ဗိုလ်ပါသင်းပင်း ဆင် မြင်း ကျွဲ နွား၊ ကုလား တရုပ် သပ္ပူရိသအပေါင်း သူတော်ကောင်းတို့သည် သောတာပန်သို့ မရောက်ဘူးကြ။ သို့စဉ်လျက် သူတို့သည် ပျော်ရွှင်ကြ၏။ ချမ်းသာကြ၏။

အေးမြသာယာ ထိုတောရွာကလေးတွင် မောင်ဘဆွေဟူသော လူငယ်တယောက် ရှိသတတ်။

ကိုဘဆွေ၊ ဦးဘဆွေ၊ ငဘဆွေ၊ ဟေ့ဘဆွေရေ- လာဟေ့ စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုနိုင်လေသည်။

သူသည် မိရိုးဖလာ ဗမာပြီပြီ တိုင်းရင်းသား တောင်သူလယ်သမား တဦးဖြစ်၏။

အရပ်အမောင်းကောင်း၏။ ပုခုံးကျယ်၏။ အသက်အောင့်၍ အကြောအချဉ် အားလုံးတို့ကို ညီညာရုံးစုကာ အားတင်းထားသော အခါများ၌ သူ့ရင်ဘတ်သည် ဒိုင်းလွှားပမာ ထိုးပါသော်လည်း နာသည်မရှိ၊ လွန်တောင့်ဘိ၏။

သူသည် သမ္မာအာဇီဝတည်းဟူသော သူ့အလုပ်အကိုင် သူ့အိုး သူ့ဆန် သူ့အိမ် ခြံကလေးတို့နှင့် အေးမြသာယာ ထိုတောရွာကလေးတွင် ပျော်ရွှင်တင်းတိမ် ထမင်းမြိန်လျက် အလွန်လျင် စည်းစိမ်ရှိနေ၏။

တခါက "ကွာ- ငါတော့ ဘာပြောပြော အေးအေးဆေးဆေး တို့တောရွာကလေးကိုဘဲ ချစ်တယ်။ မြို့ကြီးလေး ဘာကြီးလေးနဲ့ မျိုးချစ်တို့ ဖာချစ်တို့ ဒို့ငွေတွေ အလွဲသုံးစားပြီး သူတို့ မူးသံတွေနဲ့ ဆူညံနေတဲ့ ရန်ကုန်ကိုတော့ ရွံသကွာ" ဟု ဘဆွေပြောဘူးသည်။

သို့လျင် ကျေးလက်တောသားပင် ဖြစ်လင့်ကစား အသိအလိမ္မာ ဥာဏ်ပညာ၌ ကျွန်ပ်တို့ထက်ပင် သာမယောင်ဖြစ်၍ ခေါင်းဆောင် လူကြီးလူကောင်း မြို့သားများကို သူ့နွားလောက်ပင် အကောင်းမထင်ကြောင်း ထင်ရှား၏။

၂။

စာရေးဆရာ

အကြောင်းတိုက်ဆိုင် ကြုံကြိုက် အခွင့်သာသည့်အလျောက် ကျွန်ပ်သည် ရှေ့သို့ မဆက်မီ ဤ၀တ္ထုကို ခေတ္တရပ်ဆိုင်း၍ စာဖတ်သူအား အနည်းငယ်မျှ အစီရင်ခံပါရစေ။

ကျွန်ပ်သည် ငွေရပေါက်ကိုယ်ကျိုးကို တွေးရှုမျှော်ကိုး၍ ဤ၀တ္ထုကို ရေးရာတွင် ပြင်သစ်နည်းနှင့် မြန်မာ့နည်းကို ရောပြွမ်းအသုံးပြုကာ ရေးလိုက်ခြင်း ဖြစ်ပါသည်။

ပြင်သစ်နည်း ဟူရာ၌ ပြင်သစ်စာရေးဆရာများသည် စာပိုဒ်များကို တိုတိုနှင့် ဖြတ်လေ့ရှိကြ၏။ တပိုဒ်နှင့် ပြီးတန်သောစာကို ဆယ့်လေးငါးပိုဒ်ခွဲ၍ ရေးကြ၏။ ထို့ကြောင့် စာမျက်နှာ ကော်လံ အနည်း အများကို လိုက်၍ ငွေချေသော ထုတ်ဝေသူ ပုံနှိပ်သူများထံမှ ငွေ အမြောက်အမြား ပိုမိုရရှိကြလေသည်။

မြန်မာ့နည်းကား သိတော်မူကြသည့်အတိုင်းပင် စာတလုံးနှင့် အဓိပ္ပါယ် ထိမိပေါက်ရောက်နိုင်သော နေရာတွင် အာဒိကပ္ပ ကမ္ဘာဦးမှ ချီ၍ တောတောင်ရေမြေ သမုတိနတ်များကို တိုင်တည်ပြီးလျင် ဂါထာ ခြောက်ဆယ်ကိုပါ ထည့်သွင်း ရွတ်ဖတ်သရဇ္ဈယ်လျက် ရှစ်သင်္ချေနှင့် နှစ်သိန်းလေးသောင်းသော ယူဇနာအ၀ှန်းမက ဗာရာဏသီချဲ့ကာ ဆုံလည်နွားကဲ့သို့ ရေးသားသီကုံး စပ်ဟပ်သီဆို ဘွဲ့နွဲ့ကြစမြဲတည်း။ သို့ဖြစ်ရကား ဤမည်သော မြန်မာ့နည်းနှင့် ထိုမည်သော ပြင်သစ်နည်းကို ပေါင်းသင်းရောယှက် စုံဖက်ပူးတွဲ ရေးသားခြင်းသည် စာရေးဆရာအဘို့ ရတနာပုံ ဆိုက်လမ်း တခုပေတည်း။ ကျွန်ပ်တို့၏ ဒို့ဗမာ သတင်းထောက် များ၌ပင် ထိုအလေ့ဆိုး အတော်သက်ဝင်လျက်ရှိချေပြီ မဟုတ်ပါလော။

၃။

လယ်သမားဘဆွေ

လယ်သမား မောင်ဘဆွေကား ထကြွလုံ့လ၀ိရီယတို့နှင့် ပြည့်စုံ၏။

ဝသန္တမှသည် ဟေမန္တ၊ ဟေမန္တမှသည် ဂိမန္တဟူ၍ ဥတုသုံးပါးစလုံး ဆယ့်နှစ်ရာသီ နှစ်လည်နှစ်ဆက်ပင် သူ့အဖေ၏ ဘိုးဘပိုင် လယ်ကွင်းတွင် တေးသီချင်းတကျော်ကျော်နှင့် ပျော်ရွှင်စွာ ကြိုးပန်းလုပ်ကိုင်လေသည်။

ကောင်းသည် မှုတ်ပါလော။ ကောင်းမြတ်သော လုပ်ငန်းဖြစ်၏။

ဘုရားအစရှိသော ဘိုးဘွားမိဘ ဆရာသမားတို့သည် ကံဥာဏ်ဝိရိယ သီလ သမာဓိ ပညာ စသည်တို့ကို အားပေးချီးကြူးကြ၏။ ပစ္စုပ္ပန်၌လည်း ဆန်စပါးကို မြန်မာလူမျိုးတို့ အများဆုံး စားသုံးမှီဝဲသည် ဖြစ်သဖြင့် လယ်သမားသည် အမိမြန်မာပြည်၏ ကျေးဇူးရှင် ကျောရိုးပင် ဖြစ်တော့သည် မှုတ်ပါလား။

သို့သော် မြန်မာများ၏ စပါးလုပ်ငန်းကို နိုင်ငံခြားသားများ လက်ဝါးကြီးအုပ် အညွန့်ခူးစားနေကြ၏။ ယခု စာရေးနေချိန်၌ပင် ရန်ကုန်မြစ်ဆီမှ ကုလား အင်္ဂလိပ် တရုပ်တို့၏ စက်ကြီးများ တဒုန်းဒုန်း ခုတ်မောင်းနေသံကို ကြားနေရသည်။

၎။

အမျိုးသားအောင်ပွဲနေ့

တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် မြန်မာပြည်၌ အမျိုးသားအောင်ပွဲ ကျင်းပလေ့ ရှိကြ၏။ ဒေါင်းလံတွေ တလူလူနှင့် အော်ချင်တိုင်း အော်ပြီးလျှင် ဘင်တီး၍ စီတန်းလှည့်လည်ခြင်း စသည်ဖြင့် အမျိုးသားတို့၏ အမျိုးမျိုး အမျိုးချစ်ကြလေသည်။

အဘယ်ကြောင့် အမျိုးသားနေ့ ကျင်းပသည်ကိုကား အထူးရေးရန် လိုမည်မထင်။

အကျယ်ကို သိလိုသူ (၀ါ) ဗဟုသုတ ဟင်းလေးအိုး၌ ငန်းငန်းတက် သရေယိုကုန်သူ သုတေသီ အပေါင်းတို့သည် ဘကြီးမှိုင်း၏ ဘွိုင်းကောက်ဋီကာကို လှန်လှော သောက်သုံးကြပါကုန်။

ထိုတန်ဆောင်မုန်းလ အမျိုးသားနေ့တွင် ဘဆွေသည် မြို့ကြီးသို့ ရောက်သွား၏။

ကြီးကျယ်ဆန်းပြားသော အမျိုးသားနေ့ အခန်းအနားများကို မြင်ရလေသည်။

လူပရိသတ်များ ပြည့်ညှပ်ပြွတ်သိပ်လျက် အတော်စည်ကားသည်ပင်။ ဒါးမတပ် ရဲတပ် သူနာပြု စသည်ဖြင့် အလံများ တမျိုးတည်း မဟုတ်ဘဲ ၉၆ မျိုးလောက် ကွဲပြားကြ၏။ သို့သော် ဘဆွေ သဘော အကျဆုံးကား မီးဒုတ်များ ဖြစ်သတည်း။ မီးဒုတ် မီးဒုတ် ရှို့ရှို့ ဟု အော်သံကိုလည်း ဘဆွေ နှစ်သက်၏။ အလှမီးဒုတ်နှင့် အပျော်အော်သံများသာတည်း။ အော်ကြသော်လည်း တကယ်ရှို့ခြင်းကား မရှိချေ။

ရဲ၍ ရှို့စေကာမူ နိုင်ငံခြား ဓနရှင်ကြီးတို့၏ တိုက်ကြီးများကား ဖြုန်မည်မဟုတ်။ မီးမကူး မလောင်နိုင်သော အခိုင်အမာ တိုက်ကြီးများ ဖြစ်သည့်အပြင် အကယ်၍ လောင်လျှင်လည်း မီးသတ်စက် အကူအညီ သို့မဟုတ် မီးပေါင်ကုမ္ပဏီ၏ လျော်ကြေးများကို အရံသင့် ရရှိနိုင်ကြ၏။ ရှို့သူသာလျှင် ပုလိပ်ရိုက် ထောင်ချခံရမည် ဖြစ်လေသည်။

တရုပ်-ဂျပန်စစ်ပွဲတွင် မီးဒုတ်များ သုံးစွဲခြင်း မရှိချေ။ မီးဒုတ်များမှာ အလွန်ရှေးကျသည်။ အသုံးမကျ ခေတ်မမီဟုဆိုကာ တဦးကို တဦး လေယာဉ်ပျံနှင့် ဗုံးကြဲကြလေသည်။ ထိုနည်းကား အရေးပါ အရာရောက်လှ၏။ ဓနရှင်ကြီးတို့၏ တိုက်ကြီးတာကြီးများနှင့် မီးပေါင်ခံ အသက်အာမခံ ကုမ္ပဏီကြီးများပါ မြို့လုံးကျွတ် သေကျေ ပေါက်ကွဲ ပြာကျ ကုန်စေလေသည်။

ထို့ကြောင့် ကျွန်ပ်တို့သည် ခေတ်အလိုက် ခေတ်မှီသော အလားတူ လက်နက်ကြိယာများ ရရှိသုံးစွဲ နိုင်ရေးကိုသာ ညီညာ အားသွန်ကြဘို့ အချိန်အခါဖြစ်၏။

သို့သော် လယ်သမား ဘဆွေအား ကမ္ဘာအကြောင်း ခေတ်အကြောင်းကို သိကျွမ်းနားလည်သည်ဟု မယူဆအပ်ပေ။ သူ့မဲကို ယူကြသော်လည်း သူ့ပညာရေးကိုကား ဘယ်မျိုးချစ် ဘယ်အစိုးရကမျှ ဂရုမစိုက်ခဲ့။ ထို့ကြောင့် သူသည် မီးဒုတ်များကိုသာ စွဲမြဲ မနောခွေ့ နေ၏။ မီးဒုတ်- မီးဒုတ် ရှို့ရှို့.......

မိဘရပ်ထံ သောတာပန်သို့ ပြန်ရောက်သောအခါ၌လည်း ဘဆွေ၏ဦးဏှောက်သည် မီးဒုတ်များနှင့်သာ ပူထူပြည့်နှက်နေ၏။ စားလျှင်လည်း မီးဒုတ်၊ အိပ်လျှင်လည်း မီးဒုတ်။

ရီးစားဖြစ်သူ သိန်းခင်နှင့် တူနှစ်ကိုယ် တဲအိုပျက်တွင် တွေ့ကြသောအခါ၌လည်း ထုံးစံအတိုင်း မချစ်မူ၍ "မီးဒုတ် မီးဒုတ် ရှို့ ရှို့" ဟု ရွတ်နေ၏။ နားမလည်သော သိန်းခင်မှာ ဘဆွေအား ကြည့်ကာ... ကြီးစွာသော သနားခြင်းအားဖြင့် မျက်ရည်များ ကျမိရှာ၏။

၅။

ဘဆွေဘာပြောသနည်း

တနေ့သ၌..... မြစ်ဆိပ်မှ နွားရေချ၍ အပြန်တွင် ဘဆွေ နောက်ဆုံး နွားပြာနီကို စီးနင်းလိုက်ပါတော် မူခဲ့၏။

ရုတ်တရက် ဘဆွေသည် အလန့်တကြား လက်မြှောက်ကာ.. "အဆွေတို့ .. ရဲဘော်တို့.. ငါသည် နိုင်ငံရေးကို... ကိုယ်ထိလက်ရောက် လိုက်စားတော့အံ့။ မီးဒုတ်များ ငါကိုယ်တိုင် လုပ်အံ့။ မီးဒုတ်ပွဲကြီး ကျင်းပအံ့။ မီးပုံးပျံများ၊ ဒုံးများ လွှတ်ပြမည်။ မြို့သားများထက် သာစေလတံ့" ဟု ကြွေးကြော်လျက် နိုင်ငံရေး လေအိုးသည် စားပွဲကို ဒုံးခနဲ ထုသကဲ့သို့ ဘဆွေလည်း နွားပြာနီ၏ ကျောပြင်ကို အွန့်ခနဲ အားကုန် ထုချလိုက်၏။

နွားများလည်း လန့်ဖြန့်ကာ- ခြေဦးတည့်ရာ ပြေးကြကုန်၏။ ဘဆွေလည်း နွားပြာနီပေါ်မှ ဂျွမ်းပြန်ကျကာ ရွှံ့ဗွက်ထဲတွင် တွေဝေ မူးမော်လျက် ကျန်ရစ်လေသည်။

၆။

မိဘမျက်ရည်

ဘဆွေသည် သူ့အလုပ်ဖြစ်သော.. လယ်ယာစိုက်ပျိုးခြင်း၌ လစ်ဟင်းစ ပြုလာ၏...။

လယ်ယာစိုက်ပျိုးခြင်းတည်းဟူသော လယ်သမားအလုပ်သည် ၀ံသာနု အငတ်မင်းနှင့်.... ဟောင်ဖွာ ဟောင်ဖွာ ခေါင်းဆောင်တို့ထက် အရေးပါ အရာရောက် အဓိပ္ပါယ်ရှိသော တကယ့် ပင်ရင်း မျိုးချစ် လုပ်ငန်းကြီးပင် မှုတ်ပါလော။

စိမ်းစိုသော လယ်ကွင်းပြင်တို့သည်- မြန်မာပြည်၏ သာယာခြင်း ကျက်သရေကို ဆောင်လျက်၊ စပါးတို့သည် ဒို့ဗမာ အပေါင်းတို့၏ မှီဝဲရာ ကျေးဇူးရှင် အဟာရကြီးပင် ဖြစ်သတည်း။ သို့စဉ်လျက် ဘဆွေသည် ဤပင်ရင်း မျိုးချစ်လုပ်ငန်းကြီး၌ ပျက်ကွက် လစ်လပ်လျက် နယောင်နကန်း မီးဒုတ်ရူး ရူးနေ၏။ ဘဆွေကို အပြစ်ဆိုမည်လော။

ဘဆွေထက် ကံကောင်း ကုသိုလ်ကြီးသဖြင့်... ပညာရေအေးကို ငွေပေး ၀ယ်ယူသောက်သုံး နိုင်ကြသော.. ကျောင်းသားများပင်လျင်... "ငါ ပညာများများ တတ်အောင်သင်- သို့မှ အမှောင်ဆိုက်နေသော အမိပြည်ကြီးကို.. အသိတရား ပညာရောင်ဖြင့် လင်းလင်းကြီး ပူဇော်ကန်တော့နိုင်အောင် စာကြိုးစားလိုက်မည်" ဟူသော အရှည်ကောင်းကျိုးကို မတွေးမမြင်ကြဘဲ၊ မီးဒုတ်ရှို့နေကြသော အချိန်တွင် အသို့လျှင် ဘဆွေအား ကဲ့ရဲ့သင်္ဂြုံ အဆိုးဆိုနိုင်ပါအံ့နည်း။

ထို့ကြောင့် ဘဆွေသည် လယ်တော၌၊ "အို.... အဆွေနွားနှင့် ရဲဘော်ထွန်တုံးတို့။ ယနေ့မှစ၍ ငါသည် နောင်နှစ်ခါ နေရှင်နယ်ဒေးအတွက် မဆုတ်မနစ်သော လုံ့လဖြင့် မီးဒုတ်များ လုပ်ကိုင်ဆောင်ရွက်ပါတော့အံ့။ ဤ လယ်ယာလုပ်ငန်း၌ အလဟဿ အချိန်မဖြုန်းနိုင်တော့ပြီ။ သင်တို့ပင်... ၀သုန်ဤမြေကို ဖြစ်သလို ထွန်ယက်ကြတော့..." ဟု နွားနှင့် ထွန်တုံးများအား တောင်သူ့လုပ်ငန်းကို အာဏာကုန် လွှဲအပ်ခဲ့ပြီးသော် သူ့ကိုယ်သူ ယုံကြည်မြှောက်ပင့်ကာ ထွက်သွားလေသည်။

ဘဆွေသည် မြန်မာပြည်၌ ကောဠိဓါတ်ကြီး ဆိုက်ရောက်နေပြီ ဖြစ်၍ လူမွဲတို့၏ ထွက်ရပ်လမ်းများ ဖောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း၊ မကြာမီ ဂဠုန်သည် နဂါးကို သုတ်ပြီးလျှင် မိမိတို့ ရွာပေါ်၌ ပျံဝဲနေလိမ့်မည် ဖြစ်ကြောင်း။ ပျင်းသောသူများ အလုပ်လုပ်ရန် မလိုတော့ကြောင်းများကို သူ့အဖေကြီးအား ခပ်တည်တည် ပြောပြ၏။

ဖခင်ကြီးက... "အေးလကွာ.. မင်းလုပ်ပုံ ရူးပုံနဲ့ဆိုရင် ဒို့ငတ်ကြတော့မှာ ဧကန်ဘဲ...။ လူမွဲတို့၏ ထွက်ရပ်လမ်းက ဘာလဲ၊ သင်းချိုင်းကိုလား၊ မင်းကိုမြင်ရရုံနဲ့ လူမွဲငတ်ပေါက်လမ်းမှန်း သိသာပါပြီ၊ ငါတော့ မင်းဂဠုန်ငှက် ပျံဝဲလာမှ လောက်လေးနဲ့ ပစ်ချပြီး ၀၀ကြီး ချက်ပြုတ်စားလိုက်မယ်...။ အဲသာကမှ အငတ်သက်သာအုန်းမယ်.." ဟုဆိုကာ အဖိုးကြီး မှိုင်ရာမှ ငိုလေ၏။

မျက်ရည်များ ရာဝင်အိုးကြီးနှင့် အပြည့်ရရှိသဖြင့် ထိုနေ့အဖို့ ဘဆွေတို့ အိမ်တွင် သုံးရေ သောက်ရေ လုံလောက်သွား၏။

အိုချစ်ဆွေ စာဖတ်သူ၊ ဤ၀တ္ထုသည် နက်နဲလှသော နိုင်ငံရေး ၀တ္ထုကြီး ဖြစ်၏။ နိုင်ငံရေးဆရာများ၏ အော်ခြင်း၊ ဟစ်ခြင်း၊ ရူးသွတ်ခြင်း၊ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ အမြီးနှံ့ခြင်းတို့သည် ရယ်ဘွယ်ပင်ဖြစ် သော်လည်း၊ ဤ၀တ္ထု၏ တည်ကြည် မြင့်မြတ်ခြင်း ဂုဏ်ပုဒ်ကို.... အိနြေ္ဒနှင့် စောင့်ရှောက်ရန် အရေးကား အဆွေနှင့် ကျွန်ပ်တို့၏ ၀တ္တရားဖြစ်သည်ကို သတိပြုပါလော့။

၇။

သူလျှို

ဖခင်ကြီးနှင့် သဘောကွဲလွဲခြင်းကြောင့် ဘဆွေ၌ ၀မ်းနည်းခြင်း လုံးဝမရှိချေ။ မွေးသဖခင်ကြီးမှာ အစိုးရ ဒရှိုဖြစ်၍သာ သူနှင့် မညီမညွတ် ဖြစ်ရသည်ဟု ယူဆကာ "မျိုးဖျက်တွေ အလိုမရှိ၊ သွေးခွဲသူ သေပါစေ" ဟု အော်လျက် ရွာရှေ့ဇရပ်သို့ သွား၍ မီးဒုတ်များ စတင် လုပ်ကိုင်လေ၏။

ရွာထဲမှ ခလေးများ၊ ခွေးများ၊ အလုပ်မရှိသူများကား ဘဆွေ၏ ပရိသတ်များ ဖြစ်လေသည်။ ဘဆွေလည်း အားတက်ကာ ထိုရွာသားများ၏ အာသီသကို ငဲ့သဖြင့်၊ မီးဒုတ်ပွဲကြီးကို နေရှင်နယ်ဒေး တိုင်အောင် မစောင့်တော့ဘဲ... နောက်တနေ့တွင် ဆက်ဆက်ကျင်းပတော့မည်ဟု ကြွေးကြော်လိုက်၏။ လက်ခုပ်သံများကား ဘဆွေအား ရူးသထက် ရူးစေလေသည်။

၈။

စကားပြောပွဲ

နေအရုဏ်ကျင်းကာ ဘဆွေ၏ နေ့ထူး နေ့ရူးကြီး သိုက်မြိုက်စွာ ဆိုက်ရောက်လာ၏.....။

ရွာနီးချောက်စပ်မှ ခွေးရော လူရော တသောသော လာရောက်ကြ၏။ ဘူးသီးကြော်၊ မုန့်ပေါင်း ကွမ်းရာ စသော ဆိုင်ကလေးများလည်း ထွက်ကြ၏။

နိုင်ငံရေးနှင့် သက်ဆိုင်သော ထိုပွဲတွင် စကားပြော တရားဟောခြင်း ဧကန်မုချရှိမည်မှာ ယုံမှားဘွယ် မရှိချေ။

ကျွန်ပ်တို့ မြန်မာပြည်သည် ကမ္ဘာ့အဆင့်အတန်း၌ မည်မျှပင် အောက်ကျနောက်ကျ ရှိစေကာမူ စကားလေရှည်ပြောခြင်း၌ကား မည်သည့်နိုင်ငံနှင့်မဆို ပြိုင်နိုင်ပေမည်။ အထူးသဖြင့် နိုင်ငံရေး အာဘော်များ၌ အာသန်လှ၏။ ဖိုးပြောချင်မရှား၊ ဖိုးအော်ချင်များလည်း သူ့ထက်ငါ အလုအယက် အော်ကြလေသည်။ စင်မြင့်တခုနှင့် တွေ့လျှင်၎င်း၊ အစည်းအဝေးတခုသို့ ရောက်လျှင်၎င်း၊ နည်းနည်းမျှ အိနြေ္ဒမဆောင်နိုင်ကြပေ။ စကားပြောခွင့်ကို အလျှင်း အလုပ်မခံနိုင်ကြကုန်။

ထင်ပေါ်လိုခြင်း၊ ရင်ဘတ်ပုတ်ကာ ၀ါကြွားခြင်း၊ ကိုယ်ကျိုးရှာခြင်း...၊ ကောက်ကျစ် ညစ်ပတ်ခြင်း... စသော စိတ်ယုတ်၊ စိတ်ဆိုး စိတ်သူခိုးတို့သည် မျိုးချစ်စိတ်အသွင်ကို ဆောင်လျက် ထိုသူတို့၏ အာစောင်များမှ အာပုတ်နံ့၊ ချွဲ သလိပ် တံတွေး အမြှုတ်တို့ဖြင့် ရောနှောကာ ထွက်ပေါ်လာတော့၏။

ထို အချင်းအရာမျိုးမှာ သိတတ်သူများအဖို့ အလွန်သိသာ၍ ရွံရှာစက်ဆုတ်ဘွယ် လိလိပင်။

သို့သော် ထိုသူတို့နှင့် တန်းတူ သို့မဟုတ် အောက်တန်းကျသော နမူးနထိုင်း ပရိသတ်တို့ကား လွန်စွာပင် ပဏာရလေသည်။ သြဘာ မင်္ဂလာ လက်ခုတ်သံများ တဖြောင်းဖြောင်း တ၀ုန်းဝုန်းနှင့် ပွဲကျလှ၏။

ထို့ကြောင့် လောကတွင် ဖိုးပြောချင်များကို မည်သူမျှ တားဆီး၍ မရ။ သူတို့ကား မသေမခြင်း ပြောကြမည်ပင်။

အကြင် အစိုးရသည် တိုင်းသူပြည်သားတို့အား ရင်ဝယ်သားကဲ့သို့ သနားညှာတာသည်ဖြစ်အံ့။ အစိုးရသည် ထို ၁၄၄- (က) စသော ပုဒ်မများကို ဖြုတ်လျှော့၍ အဓိပ္ပါယ်မရှိ အချိန်ဖြုန်းကာ လောက၏ သာယာခြင်း၊ သတ္တ၀ါတို့၏ နားအေးခြင်းကို နှောက်ယှက် စော်ကားနေကြသူ၊ ထိုဖိုးပြောချင်တို့အား အင်္ဂလိပ် ဓါတ်ပြားများ အူသော ခွေးများနှင့်အတူ ဘမ်းဆီးချုပ်နှောင်ဘို့ ကောင်းလေသည်။

တနေ့က ထောင်ကြီး၌ ထောင်သားတယောက်အား ကြိုးပေးခါနီးတွင်... ထောင်မှူးက "မောင်မင်း မသေခင် ပြောချင်တာရှိက ပြောပါ" ဟု ခွင့်ပြုလေသည်။ ထိုအခါ အနီးရှိ ထောင်သားများ အကြားမှ နိုင်ငံရေး အကျဉ်းသမားတယောက်သည် ကြိုးပေးရာ စင်မြင့်ပေါ်သို့ အမြန်တက်လာပြီးသော် "တောင်းပန်ပါရစေ ခင်ဗျာ... ကျွန်တော်တို့၏ သေခါနီး မိတ်ဆွေက ဘာမျှမပြောမီ မပြောခင် မပြောချင်သပဆိုရင် ကျွန်တော် စကားအနည်းငယ် အစီရင်ခံလိုပါတယ်.... နားသောတဆင်တော်မူကြပါခင်ဗျာ... ယခုလို ကြိုးစင်ပေါ်မှ စကားပြောခြင်းမှာ ကျွန်တော်ပင် ပထမဖြစ်သဖြင့်.... အလွန်ပင် ၀မ်းသာပါတယ်။ သို့သော်လည်း အချိန်ကလည်း များများမရသဖြင့် အလွန်ဝမ်းနည်းပါတယ်၊ ကျွန်တော် နောက်ဆုံး ပြောလိုတာကတော့ ဒီ အင်မတန်ဆိုးဝါးတဲ့ ညွန့်ပေါင်းအစိုးရကို ဖြုတ်ပစ် သံပုံးတီးပြီး နောက်တခါ အုပ်ချုပ်ရေးမှာ ရွေးကောက်ပွဲကို တိုက်ဖျက်ပြီး၊ တိုင်းပြည်နှင့် ဆင်းရဲသားများအတွက် ရွတ်ရွတ်မာမာ အကျိုးဆောင်မည့် ကျွန်တော်နှင့် ကျွန်တော်တို့အဖွဲ့ကို ဆန္ဒမဲပေးကြဘို့ ယခုကပင် စ၍ လေးနက်စွာ တောင်းပန် လှုံ့ဆော်လိုက်ပါကြောင်း ခင်ဗျား..." ဟု ဟောပြောသွား လေသည်။

၉။

မီးပွဲကြီး

ဘဆွေ၏ မီးပွဲကြီးကို တက်ဖုန်းကြီး ဦးသောဘိတက နာယက အဖြစ်ဖြစ်.... ဆောင်ရွက် ဖွင့်လှစ်တော် မူ၏။ ဘဆွေ၏ ပညာရဲရင့် ပွဲလယ်တင့်ခြင်း၊ မျိုးချစ်စိတ် ကြီးမားခြင်း၊ အမေရိကန်တို့၌ လူငယ်များ ဘယ့် ကလောက် နိုးကြားနေကြခြင်း များကို ဋီကာချဲ့တော်မူလေသည်။

ဘဆွေလည်း မီးဒုတ်တခုကို ထွန်းညှိ၍ စင်ဒေါင့်တွင် ထောင်ထား၏။ ရှေးဦးစွာ.."ယခု ကျွန်တော် ကောင်းကင်ကို ပျံတက်တဲ့ မီးရှူးကို ပထမ ရှို့ပြပါမယ်" ဟုဆိုကာ၊ မီးရှူးတခုကို ရှို့လေ၏။

သို့သော် ထိုမီးရှူးမှာ ရှူးကနဲ ဘဆွေ၏လက်မှ မြေကြီးသို့ကျကာ မြက်ပေါ်တွင် တလံလောက် ပြေးသွားပြီးသော် နောက်ချေးပုံတခုနှင့် ၀င်တိုက်လျက် ငြိမ်းသွားလေသည်။ ပရိသတ်မှာ ပြေးကြလွှားကြနှင့် အတော်မငြိမ်မသက် ဖြစ်သွား၏။ ဘဆွေလည်း အတော် ရှက်သွားလေသည်။ သို့သော် စိတ်မပျက်မူ၍ ဆက်လက်ကြိုးစားပြန်၏။

"ယခု မီးလုံးဟာ ကောင်းကင်ကို ပျံတက်သွားပြီး စကြာပုံသဏ္ဍာန်နဲ့ တဖန် မြေပေါ်ကို ပြန်ကျလာပါလိမ့်မယ်" ဟု ပြောကာ ဒုတိယ မီးရှူးကို ရှို့၏။

ထိုစကြာမီးမှာလည်း ထူးမခြားနားပင် မြေသို့ ဆင်းပြေးလေသည်။

ပရိသတ်များ ရယ်စပြုလာ၏။ "မတတ်ယင်လဲ မညာနဲ့လေ၊ ရှက်ဖွယ် ရှက်ဖွယ၊် တော်ပါတော့ဗျို့" စသော အသံများ ပေါ်ထွက်လာ၏။

ဘဆွေသည် အံ့အားသင့် ၀မ်းနည်းနေ၏။ အဘယ့်ကြောင့် မိမိ၏ မီးရှူးများမအောင်မြင် ဖြစ်နေသနည်း။ ပရိသတ်ထဲတွင် မလိုမုန်းထားသော ပရောဂဆရာ ပညာသည် လူရှုတ်များ ရှိနေသလော။ ပြဿဒါး နေ့ပေလော။ သို့သော် တတိယမီးရှူးကား အမှန်အကောင်းဆုံး ဖြစ်၏။ "ဟောဒီမီးရှူးကို သီးခံ ရှုစားကြပါ ဂဠုန်ငှက်အသွင်နဲ့ ကောင်းကင်မှာ ပျံဝဲပြီး အနောက်စူးစူးသို့ မျက်နှာဖြူများကို ဖျက်ဆီးသုတ်သင်ရန် ထွက်ခွါသွားပါလိမ့်မည်" ဟုဆိုကာ ခပ်တည်တည် ရှို့ပြန်တော့၏။

သို့သော် ဇီးကွက်နှင့်တူသော ဂဠုန်ငှက်တော်ကြီးမှာ မိုးသို့ အလျင်းမပျံမူ၍ အညတြ သာမန် ဖွတ်ကဲ့သို့ မြေလျှိုးသွားလေသည်။

ပရိသတ်မှာ ရှူးရှူးရှဲရှဲ မကျေမနပ်ဖြစ်ကုန်ကြ၏။ ဆဲဆိုသံများ ကြားရလေသည်။ အချို့လည်း ထပြန်ကြ၏။ ရှေ့နားမှ အဘိုးကြီးတယောက်က "ဟေ့ လူကလေး မသေချာရင် တော်ပါတော့ကွယ်။ ဘေးဥပါဒ် အန္တရာယ်တွေ ဖြစ်ကုန်ပမယ်" ဟု ဘဆွေအား လှမ်းပြော၏။

"တော်ပါတော့ဗျို့" ဟူသော အသံများညံလျက် အခံရခက်လှသော ရယ်သံ သရော်သံများနှင့် မိုးမွှန်နေ တော့၏။ ဘဆွေရှိရာ စင်မြင့်ပေါ်သို့ ခဲများ.. နောက်ချေးတုံးများလည်း တ၀ီဝီ ကျရောက် သက်ဆင်းကြလေသည်။ "တော်ပါတော့ဗျို့"

ဘဆွေသည်ဒေါသအမျက် ချောင်းချာင်းထွက်လာသည်။ ကျန်ရှိသော မီးရှူးဗျောက်အိုးများကို အားလုံးစုပုံကာ "ကိုင်းကွာ" ဟု အားရပါးရ ရှို့ပစ်လိုက်လေသည်။

ဒိန်းကနဲ တခဲနက် ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် တမိုးလုံး မီးရှူးပျံတို့ဖြင့် ပြည့်နှက်သွား၏။ ပရိသတ်များ ဖရိုဖရဲ ကသောက်ကရောက် ဖြစ်ကာ "မီး မီး" ဟူသော ဟစ်အော်ပြေးလွှား ငိုကြွေးသံများ ကြားရလေသည်။ တမဟုတ် အတွင်း၌ပင် သောတာပန်တရွာလုံး မီးဟုန်းဟုန်း လောင်ကျွမ်းလျက် တမိုးလုံး ရဲရဲ တောက် နေလေသတည်း။

ညိုမြ
{၁၉၃၈- ခု၊ ဒီဇင်ဘာလထုတ် ဂန္ထလောက}
[တာရာမဂ္ဂဇင်း၊ အတွဲ၃၊ အမှတ် ၂ မှ ကူးယူဖော်ပြပါတယ်။ ခုနှစ်သက္ကရာဇ် နေ့စွဲရှာမတွေ့ပါ။ ၁၉၄၆ မှ စတင်ထုတ်ဝေသည်လို့ ဖော်ပြထားတဲ့အတွက်၊ အတွဲ ၃ ဖြစ်တဲ့ ဒီစာအုပ်ဟာ ၁၉၄၉ ထုတ်ဟု ယူဆ နိုင်ပါတယ်။]

Tuesday, September 21, 2010

ဦးညိုမြ (၂) နှစ်လည်တဲ့နေ့၊ အမရပူရတောင်လေးလုံးကျောင်း {၂၉-၉-၈၇}
လူထုဒေါ်အမာ- ဟောပြောချက်




{သတင်းစာဆရာ၊ စာရေးဆရာ ဦးညိုမြ ကွယ်လွန်ခြင်း ၂၅ နှစ်အမှတ်တရ}


ကိုညိုမြကို လွမ်းလို့ အထိမ်းအမှတ်ကလေး လုပ်တာ ဒီနှစ် ဒုတိယအကြိမ်ပါ။ ဒါ့ကြောင့် ဆရာတော် ကိုပညာကို တွေ့တဲ့အခါကျတော့ ဒေါ်ဒေါ်က မေးချင်တယ်။ ဆရာတော်ကိုပညာရဲ့ 'ကိုညိုမြက ခုထက်ထိ မပူးသေးဘူးလားလို့'။

ဘာပြုလို့တုန်းဆိုတော့ သူက နတ်ဖြစ်တယ်ဆိုတာကို သိပ်သဘောကျတာ၊ သူဖြစ်နိုင်ရင် သူကိုယ်တိုင် ဒီမှာ စာရေးဆရာနတ်ဖြစ်ပြီးတော့ နေချင်မှာ အမှန်ပဲ။ ကိုညိုမြက တောင်သမန်အင်းစောင်းမှာ ဝေါမှူးကြီးနတ်ကို နတ်ကွန်းဆောက်ပေးချင်တယ် ဆိုတာကိုလည်း ဆောက်ချင်တာပေါ့။ သူကိုယ်တိုင်လည်း ဒီနားနတ်ဖြစ်ချင် နေမှာပဲလို့ တပည့်တော် ထင်တယ်။



ဗိုလ်ချုပ်အောင်ဆန်းကို သူက ဘယ့်နှယ်ပြောတုန်းဆိုတော့ ဗိုလ်အောင်ဆန်း နတ်ဆိုတာ ဖြစ်ရမယ် ရှိရမယ်တဲ့။ မလုပ်ပါနဲ့ ကိုညိုမြရယ် အလကားနေမှ နတ်တွေက ရှုပ်လွန်းလို့ ရှိရတဲ့အထဲလို့ ကျွန်မက ပြောတော့၊ အဲ့ဒါ ဗမာ့နည်း၊ ဗမာ့ဟန်ပဲ ဗမာ့ပုံစံတဲ့။ သေလို့ရှိရင် နတ်ဖြစ်တယ်။ ဗမာတွေက ချစ်တယ်။ သူ့ကို အမြဲတမ်း အမှတ်ရတယ် တင်တယ် သတယ်တဲ့။ ဒါ ဗမာချစ်တဲ့ ပုံစံပဲတဲ့။ အဲဒီတော့ ဗိုလ်အောင်ဆန်း နတ်လည်း ရှိရမှာပေါ့တဲ့။ သူက အဲဒီလို ကျမကို ပြောသွားတာပါ။

အဲဒီတော့ ကိုညိုမြကလည်း သူလည်း နတ်ဖြစ်ချင်မှာပဲ စာရေးဆရာနတ်ဆိုပြီးတော့။ ဒါ့ကြောင့် ဦးဇင်းရယ် မပူးသေးဘူးလားလို့ ကျွန်မက မေးချင်တာ။ တကယ်လို့များ ပူးတယ်ဆိုရင် "ကိုယ့်ကို ကိုပညာက အမှတ်ရလို့ ဒီလို အခမ်းအနားလေး လုပ်နေတာ နှစ်ခါရှိပြီ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ ဟာလေးတွေကတော့ မပါသေးဘူး" ဆိုပြီး နှုတ်ခမ်းကြီးစေ့ပြီးတော့ ပြောမှာ တပည့်တော်က ကြားယောင်နေမိတယ်။ ဘာတွေ ရှင်ကြိုက်တာတုန်းလို့ တကယ်လို့များ တပည့်တော်က ဆစ်မေးလိုက်ရင် "ယမကာတို့၊ ဆေးပေါ့လိပ်တို့၊ မြီးရှည်တို့ပေါ့" လို့ သူက ပြောမှာဘုရား။

တောင်သမန်မှာ ရေတွေက ဘောင်ဘင်ခတ်နေတာနော်။ သူ ဒီနားလာပြီးတော့ နှစ်တိုင်း အမြဲတမ်း ရက်တွေ အကြာကြီး နေနေတာ။ တနေ့က ဆရာတော် ရွှေကိုင်းသား ဈာပနကျင်းပတော့လည်း သူ့ကို သတိရလိုက်တာ။ သူရှိရင်တော့ လာမှာ။ နတ်ပွဲတွင်းကလည်း သိပ်ဝေးတော့တာ မဟုတ်ဘူး။ ဆရာတော့် ဈာပနပလည်း ၀ါဆို လပြည့်ကျော် (၈) ရက် ဆိုတော့ ခါတိုင်းထက် နည်းနည်း စောသွားလိုက်ရင် ပြီးတာပဲဆိုပြီးတော့ သူရောက်လာမှာ ဆိုပြီး တပည့်တော် မျက်စိထဲ သူ့ကို မြင်ယောင်လို့ နေတယ်။

ခုတခါ ဒီရောက်တော့ ဥတ္တရလွင်ပြင် ကိုသန်းဌေးက ကိုညိုမြ ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးတွေ ကူးပြီးတော့ စာကူးစက်ကလေးနဲ့ လှည့်ပြီး ဝေပြန်တော့လည်း တပည့်တော်တို့ ကျောင်းတုန်းက အတူတူ နေခဲ့ထိုင်ခဲ့တာလေးတွေ ပြန်ပြီးတော့ သတိရနေတယ်။ ဒီကဗျာလေးထဲက ပထမဦးဆုံး ကဗျာလေး ဒေစီသို့ ဆိုတာက တကယ်ပါ၊ ကျောင်းသူမလေးတဦး ဒေစီဝှိုက်ဆိုတာ ရှိပါတယ်။ ကျွန်မတို့နဲ့ တတန်းတည်းပါ။ သူက မော်လမြိုင်က ကျောင်းသူလေးပါ။ သူ့အစ်ကိုတွေကလည်း တက္ကသိုလ်မှာ ရှိတာပဲ။ ဟာရှင်ဗွိုင်ဆိုတာ သူ့အစ်ကိုတယောက်ပါ။ သူတို့က မွတ်စလင်တွေပါ။ ဒေစီဝှိုက်က လှတယ်။ ချစ်စရာလေး။ ပြီးတော့ သူက စန္ဒယားတီးကောင်းတယ်။ ဘင်ဂျိုတီးကောင်းတယ်။ အတီးအမှုတ်မှာ အတော်လေး ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်။

အဲဒါ ကျွန်မတို့ မြို့မကျောင်းကပွဲမှာ တက္ကသိုလ်က တီးဝိုင်းနဲ့ တပင်တိုင်အက အခန်းတခုထည့်တဲ့အခါ ကျတော့ ဒေစီက ဘင်ဂျိုတီးပါတယ်။ အဲဒီ ဒေစီကို ကိုညိုမြက ပိုးပါတယ်။ ပိုးပြီးလို့ သူ့အဆိုအရပေါ့လေ။ သပိတ်မှောက်တော့ သူနဲ့ ဒေစီနဲ့ ကွဲကြတယ်လို့ ပြောတယ်။ နောက်တော့ ဒေစီက အကောက်အခွန် မင်းကြီးကတော် ဖြစ်သွားပါတယ်။ နောက်တော့ ဗုဒ္ဓဘာသာ ဖြစ်သွားပါတယ်။ ယောက်ျားက ဗုဒ္ဓဘာသာကိုး။ သိပ်မကြာလှခင်ကမှ သေသွားရှာတယ်။ သူ ဒီအကြောင်းတွေ ရေးတော့ ငယ်ငယ်တုန်းက ကျွန်မတို့ အတူတူ နေခဲ့ထိုင်ခဲ့တာတွေ ပြန်ပြီးတော့ သတိရတယ်။ ဒေစီက သဘောကောင်းတယ် မဟုတ်လား။ ချစ်စရာလေး။ မျက်လုံးလေး သိပ်လှတဲ့ ကုလားမလေး။ အဲဒါကို ကိုညိုမြ ပိုးတာက ပြောင်ပိုးတာပါ။ ရတာ မရတာ အပထား ဘယ်သူ့ကို သူပိုးတယ် ဘယ်ဝါ့သူပိုးတယ်။ အဲဒီ ပိုးတဲ့အကြောင်း မောင်းတီးနေတာပဲ။ ဒါ သူ့ဝါသနာ။

နောက် ဒီထဲက ပါတဲ့ ငပိကြော်ဆိုတဲ့ ကဗျာထဲကလည်း ခြင်းကြားတို့၊ ပုပုဒွေးတို့၊ မိပုတို့ ဆိုတာတွေက သူနဲ့ မောင်နှမ တ၀မ်းကွဲတွေပါ။ ဟို ၀န်ထောက် ဦးဒွေးရဲ့ သမီးတွေ။ ခြင်းကြားဆိုတာက အမအကြီးဆုံး ပြီးတော့ ပုပုဒွေးဆိုတာက အပုကို ခေါ်တာ။ အပုက ကျွန်မတို့ ပါမောက္ခဆရာဦးမျိုးမင်းကတော်ပါ။ ကျောင်းနာမည်ကတော့ အပုလို့ပဲ ခေါ်ကြတယ်။

ပြီးတော့ ဦးဝန်ကတော် ဒေါ်ကြည်ကြည်၊ ဒီသူတို့ ညီအစ်မသုံးယောက်က အရင်းပါ။ ကိုညိုမြနဲ့ မောင်နှမ တ၀မ်းကွဲ တော်တာတွေလေ။

အဲဒီတော့ သူက အင်းလျားလာလို့ ရှိရင် နှမ၀မ်းကွဲတွေ၊ အစ်မ၀မ်းကွဲတွေကို ခလုတ်တိုက် ခြေထောက်နဲ့ ခတ်သွား ပြီးတော့ ပိုက်ဆံတောင်းတယ်။ ချေးတယ်တဲ့။ ပြန်မပေးဘူး။ သူကဒီလို လုပ်နေကျ။ မိပု ငါဘာမရှိဘူး၊ ညာမရှိဘူး၊ ဘာပေးဦး၊ ညာပေးဦး။ ဟိုက ကျောင်းပိတ်လို့ ပြန်လာရင်လည်း အဲဒီ ငပိကြော်တို့ ဘာတို့က သူက တခါတည်း ခွဲယူသွားတာပါ။ အဲဒါကို သူက ရည်ရွယ်ပြီးတော့ ကဗျာစပ်တာပါ။

ကျွန်မတို့နဲ့ သူနဲ့ အတူတူ နေခဲ့တဲ့ တခေတ်မှာ ကိုညိုမြ ဘယ်ကျောင်းသူနဲ့မှ မစွံပါဘူး။ သူပိုးတာတွေကတော့ ရေတွက်လို့ မကုန်ပါဘူး။ အင်းလျားကလည်း အများကြီးပဲ။ နေ့ကျောင်းသူတွေ ထဲကလည်း အများကြီးပဲ။ နို့ပေမယ်လို့ သူက အင်္ဂလိပ်စာတော်တာက လွဲလို့ အမျိုးသမီးတွေ စုံမက်လောက်စရာ သူ့မှာ ဘာမှ မရှိပါဘူး။ သူက ညစ်ပတ်တယ်။ စုတ်ပဲ့တယ်။ ပစ္စလက္ခတ် နေတတ်တယ်။ သူ့ကြည့်လိုက်ရင် ဘယ်တော့မဆို သန့်သန့်ရှင်းရှင်း ကြော့ကြော့ရော့ရော့ မိန်းကလေးတွေ စိတ်ဝင်စားဖို့ရာ အနေအထိုင် အမူအရာ ဘာမှ မရှိဘူး။ ဆေးပေါ့လိပ်ကြီး တဖွါးဖွါးနဲ့ ပြာတွေနဲ့ ဘာနဲ့ အဲဒီလို ရှုပ်တီးရှုပ်ပွတွေ ဒီလိုနေတာ။ အဲဒီတော့ ကျွန်မတို့ ရှိတဲ့ခေတ်တုန်းက ကျောင်းသူ ဘယ်သူကမှ သူ့ကို ပြန်ပြီးတော့ မကြိုက်ဘူး။ သူက ပိုးတာတွေကတော့ ခု ဒေစီတို့လို ဟာတွေကတော့ အများကြီး။ သူက ဒိတ်ဆိုတဲ့ ဟာတွေ အကုန်ပိုးတာပဲ။

ကျွန်မတို့ ကျောင်းကထွက်ပြီးတဲ့နောက်ကျတော့မှ ခင်သင်းနွယ်နဲ့ ရတာပါ။ အဲဒီကျတော့လည်း မယ်တက္ကသိုလ် ရတယ်ဆိုပြီး ကျွန်မတို့ဆီကို ကြွားပြီး အကြောင်းကြားတာပါ။ သူက မယ်တက္ကသိုလ်နဲ့ ရတယ်။ လှတာချောတာကို သူက ကြိုက်တာကိုး။ ကိုညိုမြက အဲဒီလိုပါ။ ကိုညိုမြ ငယ်ငယ်တုန်းက ဒီလိုဟာတွေ ကြိုက်ခဲ့ပေမယ်လို့ ကိုညိုမြ သတင်းစာ ပညာတော်သင်ကနေ ပြန်လာပြီးတော့ ဗမာပြည်မှာ အလုပ်ခွင်ထဲ ၀င်တဲ့အခါ ကျတော့ ကိုညိုမြက အဲဒီလို ချောတာတွေ၊ လှတာတွေ၊ ရေပေါ်ဆီတွေ နောက် သူ မလိုက်ရှာပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်တယ်။ ရေနက်ထဲကို ဆင်းလျှောက်တယ်။ သူ့ သတင်းစာဆရာဘ၀ဟာ မဖြောင့်ဖြူး မသာယာပါဘူး။

ဟိုတုန်းက သူနဲ့ အာဏာရနေတဲ့ လူတွေနဲ့က ဖက်လှဲတကင်း အင်မတန် တရင်းတနှီး ရှိတဲ့ လူတွေချည်းပေါ့။ တယောက်မှ လူစိမ်းမပါပါဘူး။ အဲဒါတွေကို သူ ကြိုက်သလို သူ့အတွက် သူ့ကိုယ်ရေးကိုယ်တာ အတွက် သူ့သတင်းစာအတွက် အသုံးချပြီးတော့ ဟိုလူတွေအကြိုက် လိုက်ပြီးတော့ သူဆောင်နေမယ်လို့ ရှိရင် ကိုညိုမြဟာ သူဌေးတယောက်လည်း ဖြစ်ချင်ဖြစ်နေမှာပါ။ နည်းအမျိုးမျိုးနဲ့ စောင်မနိုင်ပါတယ် သူ့ကို ဟိုလူတွေက။ ရာထူးပေးလို့လည်း ၀န်ကြီးထိအောင် ဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ရင်လည်း စီးပွါးရေးအရ အဘက်ဘက်က ပြေလည်အောင် ကူညီနိုင်ပါတယ်။ နို့ပေမယ့် ကိုညိုမြက ဒီလမ်းမျိုး မလိုက်ပါဘူး။ သူယုံကြည်တာ သူမှန်တယ်ထင်တာကိုပဲ ဘယ်အခါမဆို ပြောဆို ရေးသားပြီးတော့၊ ပေါက်ဆိန်ပေါက်ပွဲ ကျတော့လည်း သူ့တိုက်က ရှေ့က ခံခဲ့ရတာပဲ။ အဲ.... အာမခံတင်ဦး ဟယ်၊ ဘာဦးဟယ် ဆိုတော့လည်း သူ့ခမျာ အခြားအတိုက်အခံ သတင်းစာတွေနဲ့အတူ ပါရှာတာပါပဲ။ ကိုညိုမြဟာ သာယာတဲ့လမ်း၊ ပန်းခင်းတဲ့လမ်း၊ ဖြောင့်ဖြူးတဲ့လမ်းကို ဘယ်တော့မှ မရွေးပါဘူး။ အမှန်တရားလို့ သူယုံကြည်တဲ့ဘက်က တလျှောက်လုံး သွားပါတယ်။

ဒီတော့ သူငယ်ချင်းတယောက်အနေနဲ့ ရေးဘော်ရေးဘက်တယောက်အနေနဲ့ သူ့ကို စိတ်ထဲက လေးစားပါတယ်။ ဦးဇင်းက အခုလို အမှတ်တရပွဲလေး လုပ်တယ်ဆိုတော့လည်း ၀မ်းသာတယ်။ တခြား ဘယ်မှာမှ ဒီလိုပွဲ မရှိပါဘူး။ ကိုညိုမြပွဲ ဒီမန္တလေးမှာ ဒီနေရာမှာပဲ ရှိပါတယ်။

အဲဒါ... သြော် ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင် လုပ်နေတာပဲ။ တို့ ၀မ်းသာစရာ ကောင်းတယ်။ ရေးဘော်တယောက် ကိုညိုမြတယောက်အတွက် ဒီလိုပဲ ရှိရမှာပဲ။ သူပြောသလို သူကြိုက်တဲ့ နည်းမျိုးနဲ့ ပသတာမျိုး တင်မြှောက်တာမျိုး မဟုတ်စေကာမူ စာရေးဆရာတွေအနေနဲ့ ရေးဘော်ရေးဘက်တွေ အနေနဲ့ တလေးတစား တမြတ်တနိုး ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်တဲ့အတွက် ၀မ်းသာဂုဏ်ယူပါတယ်။

ဆရာတော် ကိုပညာကိုလည်း ဒီအတွက် တပည့်တော်တို့က ထူးထူးလည်လည် ကျေးဇူးတင်ပါတယ် ဘုရား။ တတ်နိုင်သလောက် အရှင်ဘုရား ဒီခရီးကို ဆက်သွားပါ။ တပည့်တော်တို့လည်း တတ်နိုင်သလောက် ပါဝင်ပါရစေလို့ လျှောက်ပါတယ်။ ဒါပါပဲဘုရား။

လူထုဒေါ်အမာ။
[လူထုဒေါ်အမာ (၈၂)ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ "တောင်လေးလုံးမှ နတ်ကျွန်အထိ အမှတ်တရ မှာစကား" စာအုပ်မှ ကူးယူဖော်ပြပါတယ်။ ဒီစာအုပ်ကို ကြီးပွါးရေးစာအုပ်တိုက်မှ ၁၉၉၇ ခု၊ နိုဝင်ဘာလမှာ ပထမအကြိမ် ရိုက်နှိပ်တာ ဖြစ်ပါတယ်။]

Thursday, September 16, 2010

နိုင်ငံခြား၌မြန်မာစာပေလေ့လာရေးဌာနထူထောင်ခဲ့သူ ဆရာမင်းလတ်ရဲခေါင်
ရေးသူ- နိုင်မြင့်သစ်

ဆရာမင်းလတ်ရဲခေါင်ရဲ့ အမည်ရင်းက ဦးထွန်းကြည် ဖြစ်ပါတယ်။ ဆရာက မြန်မာစာ ဘာသာဗေဒ ပညာရှင်၊ စာပေ သမိုင်းပညာရှင်၊ စာရေးဆရာနဲ့ ကျောင်းဆရာ ဖြစ်ပါတယ်။ ဆရာက အဲဒီအချိန်တုန်းက ချက်ကိုစလိုဗက်ကီးယား နိုင်ငံအတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းနဲ့ သိပ္ပံသိမှတ်စရာတွေကို အများဆုံး ပံ့ပိုး ပေးတဲ့သူပါ။

ဆရာ့ကို ၁၉၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ မွေးပါတယ်။ ရန်ကုန် စိန့်ပေါလ်အလယ်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီတုန်းက ဒီကျောင်းက နံမည်ကြီး ကျောင်းတကျောင်းပါ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့ အောက်မြန်မာနိုင်ငံရဲ့ ပဲခူးဒေသကနေ ဂျပန်ကျူးကျော်သိမ်းပိုက်မှုကို ထကြွပုန်ကန်ကြတဲ့အထဲမှာ ဆရာပါဝင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ ဆရာဟာ ဗမာပြည် ကွန်မြူနစ် ပါတီဝင် တယောက် ဖြစ်လာပါတယ်။ အဲဒီနှစ်မှာပဲ ဆရာဟာ မြေအောက်သို့ တောခိုခဲ့ပါတယ်။


၁၉၅၀ ခုနှစ်၊ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ ပရာဟာမြို့ကို ပထမဆုံး ရောက်လာကြတဲ့ မြန်မာကျောင်းသား သုံးဦးထဲမှာ ဆရာဟာ တယောက်အပါအ၀င် ဖြစ်ပါတယ်။ ပရာဟာမြို့ရှိ ချက်ပြည်ထောင်စု သမ္မတနိုင်ငံတက္ကသိုလ် ချည်မျှင်ဗေဒဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်းဘာသာရပ်တွေကို သင်ယူခဲ့ပါတယ်။ ဆရာတင်သွင်းတဲ့ ဒီပလိုမာဘွဲ့စာတမ်းရဲ့ ခေါင်းစဉ်ကတော့ "အင်္ဂလိပ်စာချွန်တော်များထဲမှ မြန်မာနိုင်ငံ" ဖြစ်ပါတယ်။ ဒီစာတမ်းက ပရာဟာရဲ့ မြန်မာစာလေ့လာရေးအတွက် မိတ်ဆက်စာတမ်းတစောင် ဖြစ်ပါတယ်။ ပရာဟာ ဘာသာစကား သင်တန်းကျောင်းမှာ ဆရာက မြန်မာစာကို ပို့ချပေးပါတယ်။ ခုနှစ်က ၁၉၅၅-၅၈ ခုနှစ်တွေမှာပါ။ "မြန်မာ-အင်္ဂလိပ် နှင့် အင်္ဂလိပ်-မြန်မာ အက္ခစဉ် ဝေါဟာရများနှင့် ပရာဟာသင်ကြားနည်း၊ မြန်မာဖတ်စာအုပ်" ကို ဆရာက ရေးသားပြုစုပြီး ၁၉၅၆ ခုနှစ် ပုံနှိပ်ထုတ်ဝေပါတယ်။ ဆရာ့ရဲ့ ကျေးဇူးကြောင့် ချက်ကျောင်းသားတွေဟာ မြန်မာဘာသာစကားကို ဦးဦးဖျားဖျား လေ့လာခွင့် ရရှိခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်များအတွင်းမှာ အဲဒီကျောင်းသားတွေထဲက နှစ်ယောက်က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်မှာ ဆက်လက် ပညာသင်ကြားခဲ့ ကြပါတယ်။

၁၉၅၅-၁၉၆၇ ခုနှစ်တွေမှာ ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့ဖျားတက္ကသိုလ်မှာ ဆရာဟာ သုတေသနလုပ်သားတဦး ဖြစ်လာပါတယ်။ ၁၉၆၀ မှာ "အကယ်ဒမီသိပ္ပံနဲ့ သင့်တော်သူ" ဆိုတဲ့ အမည်ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ ချက်တက္ကသိုလ် ဒဿနိကဗေဒဌာနမှာလည်း ဆရာတဦး ဖြစ်လာပါတယ်။ ၁၉၆၀ ခုနှစ်များအတွင်း မှာတော့ ပရာဟာ အရှေ့ဖျားတက္ကသိုလ်ရဲ့ ဘာသာဗေဒ အ၀န်းအ၀ိုင်းအတွင်းမှာတော့ ဆရာဟာ တက်ကြွတဲ့ အဖွဲ့ဝင်တဦး ဖြစ်လာပါတယ်။ ဆရာ့ရဲ့ ခေတ်ပေါ်မြန်မာဘာသာစကားနဲ့ စာပေအကြောင်း လေ့လာချက်စာတမ်း တွေကို ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။ မြန်မာစာပေ အတော်များများကို ချက်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ တာလည်း ရှိပါတယ်။ ဆရာကိုယ်တိုင်ကလည်း တက်ကြွတဲ့ စာရေးဆရာတဦး ဖြစ်ပါတယ်။ ရဲခေါင် ဆိုတဲ့ ကလောင်အမည်နဲ့ မြန်မာပြည်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဆရာ့ရဲ့ ၀တ္ထုတိုတွေ၊ ကဗျာတွေ တော်တော်များများ ရှိပါတယ်။ "အာရှလမ်းဆုံလမ်းခွမှ မြန်မာပြည်" ဆိုတဲ့ ဆရာ့ရဲ့စာအုပ်ဟာ ချက်ကိုစဗက်ပြည်သူတွေကို မြန်မာနိုင်ငံဆိုင်ရာ သမိုင်း၊ နိုင်ငံရေးနဲ့ စီးပွါးရေးတွေကို ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်ပါ။ ဆရာ့ရဲ့ အဓိက အရေးပါဆုံးဖြစ်တဲ့ စာတွေကတော့ သိပ္ပံလေ့လာချက်ဆိုင်ရာ စာတွေ ဖြစ်တယ်။ ဒီသိပ္ပံလေ့လာချက် ဆောင်းပါးတွေကို အရှေ့ဖျားတက္ကသိုလ်ရဲ့ သိပ္ပံစာစောင်ဖြစ်တဲ့ "အရှေ့ဖျားမော်ကွန်း" စာစောင်မှ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

"မြန်မာစာ ရောမအက္ခရာနဲ့ ရေးသားပုံ ပရာဟာ သင်နည်းစနစ်" ဆောင်းပါးကို ၁၉၅၈ ခုနှစ်ထုတ် "အရှေ့ဖျားမော်ကွန်း" စာစောင် အမှတ် ၂၆ မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဆရာက ချက်ကိုစလိုဗက်ဆိုင်ရာ ဗဟုသုတ ကြွယ်ဝမှု ရှိတဲ့အတွက် ဒီဆောင်းပါးကို ရေးသားနိုင်တာ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ မြန်မာစာမှ လက်တင်စာ၊ လက်တင်စာမှ မြန်မာစာကို အမှားအယွင်းကင်းစွာ တိကျ မှန်ကန်စွာ ပြောင်းလဲ ရေးကူးနိုင်တဲ့နည်းကို ဖော်ပြထားပါတယ်။ အသံနိမ့်မြင့် ၄ သံနဲ့ ရေးကူး နိုင်ပါတယ်။ အနီးကပ်ဆုံး အသံထွက်ကို ရရှိနိုင်ပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းတွေမှာ ဒီနည်းကို ယနေ့အထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ဆရာ့ရဲ့ နောက်ထပ် ဘာသာရပ်လေ့လာချက် စာတမ်းတွေကတော့ "ခေတ်ပေါ်မြန်မာစာပေရှိ စကားလုံးနှင့် ၀ါစင်္ဂဆိုင်ရာ ခွဲခြား ရွေးထုတ်မှု ဖြည့်ဆည်းချက်" ၁၉၅၉၊ အရှေ့ဖျားမော်ကွန်း။ "မြန်မာ့သဒ္ဒါ လေ့လာချက် ပထမအကြိမ်အစီရင်ခံစာ" ၁၉၆၂၊ အရှေဖျားမော်ကွန်း။ "ဒုတိယအကြိမ်အစီရင်ခံစာ" ၁၉၆၃၊ အရှေဖျားမော်ကွန်း။ "တတိယအကြိမ်အစီရင်ခံစာ" ၁၉၆၄၊ အရှေ့ဖျားမော်ကွန်း နဲ့ "ခေတ်ပေါ်မြန်မာစာနှင့် အရပ်သုံးစကားများအတွင်းရှိ အသံအနိမ့်အမြင့် အဆက်အစပ် စကားအဆုံး အသံနဲ့ ဖိရွတ်ဆိုမှု" ၁၉၆၅၊ အရှေ့ဖျားမော်ကွန်းတို့ပဲ ဖြစ်ပါတယ်။

ဆရာရဲ့ သုတေသန တွေ့ရှိချက်ဆိုင်ရာ မှတ်တိုင်တခုဖြစ်တဲ့ စာအုပ်ကတော့ ၁၉၆၆ ခုနှစ်မှာ ပရာဟာ အကယ်ဒမီသိပ္ပံ၊ အရှေ့ဖျားတက္ကသိုလ်မှာ တင်သွင်းတဲ့ အရှေ့ဖျားဆိုင်ရာဘွဲ့ယူစာတမ်း အမှတ်စဉ် ၁၁ ဖြစ်တဲ့ "မြန်မာစာခေတ်မီရေးပြုလုပ်ချက်" ဘွဲ့ယူစာတမ်း ဖြစ်ပါတယ်။ ဒီစာတမ်းထဲမှာ မြန်မာဘာသာစကားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတရပ်ပါရှိပြီး၊ ဖြစ်နိုင်တဲ့ ရှေ့ဆက်ဖွံ့ဖြိုးမှုနဲ့ စကားအသုံးအနှုန်းတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက် တွေ ပါဝင်ပါတယ်။

မြန်မာဘာသာစကားနဲ့ စာပေဆိုင်ရာ အစဉ်အလာသမားတွေ၊ ကွန်ဆာဗေးတစ်တွေကို ဝေဖန်တိုက်ခိုက် နေတဲ့ ခေတ်ပေါ်မြန်မာဘာသာစကားနဲ့ စာပေသမားအတွက် ဆရာ့ရဲ့ ကျမ်းစာတွေက အများကြီး အထောက် အကူ ဖြစ်ပါတယ်။ အစဉ်အလာသမားတွေ ဆိုတာက အရေးကြီးတဲ့ ကျမ်းတွေကို ရေးသားရာမှာ ဂန္ဓ၀င် မြန်မာ စာပေသည်သာ သင့်တော်တယ်လို့ ထင်နေတဲ့ သူတွေပါ။ ခေတ်ပေါ်နည်းနဲ့ ရေးတာဟာ မြန်မာဘာသာစကားရဲ့ အစဉ်အလာကို နိမ့်ကျစေတယ်လို့ ဒီလူတွေက ထင်နေကြတာပါ။ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက လူငယ်စာရေးဆရာမျိုးဆက်တွေဟာ စာပေမှာရော၊ ကျမ်းရေးရာမှာပါ ခေတ်ပေါ် မြန်မာဘာသာစကားကို အသုံး ပြုခဲ့ကြပါတယ်။ ဒီရေးသားနည်းဟာ ဘာသာစကားကို ပိုမိုရှင်းလင်းအောင် ရေးသားနိုင်ပြီး ပိုမိုသိမြင်နားလည် နိုင်စေတယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ဆောင်းပါးတွေ လေ့လာချက်တွေကို ခေတ်ပေါ် ဘာသာစကားနဲ့ မြန်မာသတင်းစာ၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေမှာ ပို၍ ရေးသားလာကြတဲ့ အခါကျမှာသာ ဒီရေးနည်းရဲ့ တိမ်းညွတ်မှုကို စောင့်ကြည့်အကဲခတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ် New Orient စာစောင် အမှတ် ၁၊ ၃၊ ၆ နဲ့ ၁၉၆၂ ခုနှစ်ထုတ် အမှတ် ၃ တို့မှာ ဆရာ့ရဲ့ "မြန်မာစာပေပင်မရေစီး" ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဆရာ့ရဲ့ စာပေဆိုင်ရာ စိတ်ဝင်စားမှု တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို့ပြင် ၁၉၆၄ ခုနှစ် (အာရှ-အာဖရိက စာပေစာစောင်) တခုမှာ "မြန်မာစာပေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာရေးသားခဲ့တာ ရှိပါတယ်။ ဒီဆောင်းပါးထဲမှာ မြန်မာစာပေ ဖြစ်ပေါ်တိုးတက်မှုအကြောင်းကို ဖော်ပြထားပါတယ်။ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်တဲ့ ဆရာ့ရဲ့ ချက်ကိုစလိုဗက် ဘာသာနဲ့ ရေးတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ စာပေဆိုင်ရာ စာအုပ်တွေလည်း ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေကို ချက်ကိုစလိုဗက် ဘာသာသို့ ပြန်ဆိုထုတ်ဝေတဲ့ စာအုပ်တွေလည်း ရှိပါတယ်။

ဆရာမင်းလတ်ရဲခေါင်ဟာ ထင်ရှားတဲ့ ဘာသာဗေဒပညာရှင် ဖြစ်တဲ့အတွက် အရှေ့ဂျာမနီ (ယခင် အရှေ့ဂျာမနီ)၊ ရုရှားနဲ့ အင်္ဂလန်တို့မှ မြန်မာစာဘာသာဗေဒ ပညာရှင်တွေနဲ့ အဆက်အသွယ်ရှိပါတယ်။

၁၉၆၇ ရောက်တော့ ချက်ကိုစလိုဗက်နိုင်ငံမှ တရုတ်နိုင်ငံ ပီကင်းမြို့သို့ ထွက်လာခဲ့ပြီး အဲဒီမှာ ရှမ်းဘာသာစကားကို လေ့လာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်များ အတွင်းမှာ ဆရာမင်းလတ်ရဲခေါင်ဟာ တရုတ်-မြန်မာ နယ်စပ်တနေရာမှာ နေထိုင်ရင်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

နိုင်မြင့်သစ်

ရည်ညွှန်း
U Minn Yekhaum- Founder of Burmese Studies in Czchoslovakia ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

Wednesday, September 15, 2010

ကြက်သွန်ကြော်လုပ်ငန်း
ရေးသူ- လူထုဒေါ်အမာ



လက်ဖက်အကြောင်းကို ကမ္ဘာ့စွယ်စုံကျမ်းများက ရေးသားဖော်ပြကြတဲ့အခါ လက်ဖက်ရည်ဟာ ရေကလွဲရင် လူသားတွေ အသောက်သုံးဆုံး အရည်ဖြစ်တယ်လို့ ဆိုကြတယ်။ လက်ဖက်ရည်(အချို)၊ လက်ဖက်ရည် (အဖန်-အခါး) ဟာ ရေကလွဲရင် လူတွေ အသောက်သုံးဆုံးအရည် ဆိုတဲ့စကားဟာ သိတ်မှန်တာပေါ့။ ကော်ဖီတွေ၊ ကိုကိုးတွေ ရှိသေးသားကပဲ။ နို့ပေမယ့် လက်ဖက်ရည်လောက် လူကြိုက်မများဘူး။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း လက်ဖက်ရည်အချိုဟာ စစ်ပြီး ဒီဘက်ခေတ်မှာ ကော်ဖီထက် ပိုပြီး သောက်သုံးသူများလာတာ တွေ့ရတာပဲ။ လက်ဖက်ရည် (အဖန်-အခါး) ကတော့ ကျွန်မတို့ တောသူတောသား တွေရော၊ မြို့နေ လူပေါင်းစုံရော ရှေးကလည်းသောက်တယ်။ အခုလည်း စုံစုံမက်မက် သောက်နေကြတာပဲ မဟုတ်လား။


အဲ တခြားနိုင်ငံတွေထက် ကျွန်မတို့နိုင်ငံက လက်ဖက်ကို ပိုပြီး တမျိုးတဖုံ၊ စားသုံးမှု ရှိသေးတယ်။ လက်ဖက်ရွက်ကို ခူးပြီး မီးနဲ့ ပေါင်းပြီးသိပ်ထားတဲ့ လက်ဖက်စိုကို စားတဲ့ ဓလေ့ လေ........။

လက်ဖက်စိုကို ဒီလိုစားတာ နိုင်ငံများများ ရှိမယ်မထင်ပါဘူး။ တခမ်းတနား အများဆုံး စားတာက ကျွန်မတို့နိုင်ငံ၊ ပြီးတော့ အနည်းအပါး စားတာက ထိုင်းနိုင်ငံ၊ ဒါလောက်ပါပဲ။

လက်ဖက်စိုကို ကျွန်မတို့နိုင်ငံက ရိုးရာလူမှုဓလေ့အဖြစ်နဲ့ စားသုံးတယ်။ ခံတွင်းချဉ်ပြေစေရန် စားတယ်။ တည်ခင်းဧည့်ခံ ကျွေးမွေးရာမှာ စားစရာ အဟာရတခု အနေနဲ့ တည်ခင်းဧည့်ခံတယ်။ မုန့်ပဲသရေစာလို စားတယ်။ ဒီခေတ်မှာ ဟင်းရှားတော့ ထမင်းနဲ့အတူ ဟင်းအဖြစ်နဲ့လည်း စားပါတယ်။

လက်ဖက်စိုကို ယောက်ျားတွေထက် မိန်းမတွေက ပိုပြီး နှစ်နှစ်သက်သက် စားပါသေးတယ်။ ခေတ်ဆန်ချင်လွန်းလို့ ထဘီချွတ်ပစ်ပြီး ဘောင်းဘီဝတ်တယ်၊ စကတ်ဝတ်တယ်ဆိုတဲ့ မိန်းကလေးတွေလည်း လက်ဖက်နဲ့တွေ့ရင် ဟန်မလုပ်နိုင်ပါဘူး။

လက်ဖက်အစိုကို မြည်းကြည့်ရင် ဖန်တဲ့အရသာ၊ ခါးတဲ့အရသာ၊ ချဉ်တဲ့အရသာ၊ ဆိမ့်တဲ့အရသာဆိုတဲ့ အရသာလေးမျိုး တခုနဲ့တခု မယုတ်မလွန် တွဲဖက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကို ဆားသင့်ရုံထည့်ပြီး နှမ်းဆီ၊ ပဲဆီ စစ်စစ်ကလေး အိနေအောင်ဆမ်းပြီး စားကြတာပါ။

လက်ဖက်စိုမှာ ဆားနယ်တာက အရေးပါပါတယ်။ ပြီးစလွယ်နယ်လို့ မကောင်းပါဘူး။ လက်ဖက်ရွက်က ပေါင်းထားပြီး လပေါင်းများစွာ လေလုံ၊ ရေလုံ တောင်းထဲမှာ သိပ်ထားတဲ့ ပစ္စည်းဖြစ်လေတော့ ဆားမထည့်ခင် လက်ဖက်ရွက်ကလေးတွေကို တရွက်စီ၊ တခက်စီ ဖြစ်သွားအောင် လက်နဲ့ ဖွရပါတယ်။ ပြီးမှ ဆားဖြူးပြီး နှံ့အောင် ဆွနယ်ပေးရတာပါ။ လက်ဖက်ဟာ ဆားပေါ့ရင် မကောင်းဘူး။ အဆာစုံနဲ့ စားမယ့် လက်ဖက်ဆိုရင် ဆားလေးလေး ထည့်နယ်ပါ။

ခုခေတ် လူငယ်တွေတချို့က လက်ဖက်ကို ရေဆေးပစ်လိုက်သေးတယ်။ ပြီးမှ ရှောက်ရည်ထည့်၊ ဟင်းချိုမှုန့်ထည့်ပြီးမှ ဆားနဲ့ ဆီနဲ့ နှပ်ကြပါတယ်။ လူကြီးတွေက လက်ဖက်ရဲ့ ပင်ကိုယ်အရသာကို ပျက်စေတဲ့ ရေနဲ့ဆေးပစ်တာ၊ ပြီးတော့ ဟင်းချိုမှုန့်ထည့်တာ မကြိုက်ကြဘူး။ ရှောက်ရည်၊ သံပုရာရည်ကိုလည်း လူကြီးတိုင်း မကြိုက်ဘူး။ တချို့ကသာ ကြိုက်ပါတယ်။

ကိုယ့် စိတ်တိုင်းကျ နှပ်ထားပြီးပြီးဆိုရင် တောသူတောင်သားများကတော့ စားသောက်ပြီးတဲ့အခါ ခံတွင်းချဉ်ပြေ လက်ဖက်တရိုး ပါးစပ်ထဲထည့်ပြီး မြုံ့နေလိုက်တယ်။ သူတို့အဖို့ မစားရဘဲတော့ မနေနိုင်ဘူး။ အဲဒီလောက်စားရရင်လည်း ကျေနပ်လိုက်ကြတယ်။ တချို့ အဆင်ပြေသူများရဲ့ လက်ဖက်အုပ်ထဲမှာတော့ အိမ်မှာတင် ချွတ်ထား၊ လှော်ထားတဲ့ နှမ်းကလေး ရွရွပါတတ်တယ်။ တချို့အုပ်က ကြက်သွန်ဖြူ အစိမ်းကလေး၊ အကြော်ကလေး၊ တချို့က မြေပဲဆံကြော်ကလေး၊ ပဲခြမ်းကြော်ကလေး ရရာ ရှိရာ တမျိုးတလေ ပါတတ်တယ်။ အများအားဖြင့်ကတော့ မပါပါဘူး။ လက်ဖက်သားကလေးချည်း ဆီနဲ့ ဆားနဲ့ နှပ်ထားတာကို မြုံ့ကြတာပါ။

အဲဒီလို ခံတွင်းချဉ်ပြေ မြုံ့တဲ့အထဲမှာ ရေဦးနယ်က လက်ဖက်သားကောင်း အကြိုက်ဆုံးနယ် ဖြစ်သတဲ့။ ဒါကြောင့် လက်ဖက်ပွဲရုံတွေက ရေဦးကို ပို့ဖို့ဆိုရင် ဇယန်းကြီးရွာက လုပ်တဲ့ ဇယန်းလက်ဖက်ကို ရွေးပို့ကြတယ်။ ဒေသတကာမှာ လက်ဖက်သား အကောင်းဆုံးကိုမှ ကြိုက်တာ ရေဦးနယ်ပဲတဲ့။

မြို့ကလူတွေ စားတဲ့ လက်ဖက်ကတော့ ခံတွင်းချဉ်ပြေ စားတာ မဟုတ်တော့ဘူး။ အလှူမင်္ဂလာတွေမှာ ဧည့်ခံတော့ ဧည့်ကျွေးအဟာရတခု အဖြစ်နဲ့လည်း ပါနေပြီ။ ဒါကြောင့် ဧည့်ကျွေးက ပန်းကန်ပြားထဲမှာ လက်ဖက်ကတပုံ၊ ကြက်သွန်ကြော်ကတပုံ၊ နှမ်းကတပုံ၊ မြေပဲကြော်ကတပုံ၊ ပဲခြမ်းကြော်ကတပုံ လှလှပပ ထည့်လာပြီး တည်ခင်းပါတယ်။

မန္တလေးကတော့ လက်ဖက်ပွဲကို ချဲ့နိုင်သလောက်ချဲ့၊ ခမ်းနားထည်ဝါအောင် လုပ်နိုင်သလောက် လုပ်ပြီး တည်ခင်းဧည့်ခံပါတယ်။ ဒါကြောင့် လက်ဖက်ပွဲကို ပန်းကန်ပြား အကြီးကြီးနဲ့ ပြင်ထားရာမှာ
၁။ ကြက်သွန်ကြော်
၂။ ပဲလှော်ကြော်
၃။ နှမ်း
၎။ မြေပဲကြော်
၅။ ချင်း
၆။ လက်ဖက် (ဇယန်းနှပ်) တို့အပြင်
၇။ လွန်ဆန်စေ့
၈။ ဖရုံစေ့
၉။ ပိုးကောင်ကြော် (တွင်းပိုး)
၁၀။ ပုစွန်ခြောက်
၁၁။ အုန်းသီးကြော်
၁၂။ ကြက်ခြေနီလက်ဖက်သုတ် (ချဉ်ငန်စပ်)
လို့ အစာ ၁၂ မျိုး ထည့်တယ်။ အရီးတောင်းက လက်ဖက် တာဝန်ယူတယ်ဆိုရင် သူ့လက်ဖက်ကို ပန်းကန်ပြားနဲ့ မပြင်ဘူး။ အကန့် ၁၂ ကန့် ပါတဲ့ ယွန်းအုပ်နဲ့ ပြင်ပြီး တည်ခင်းတယ်။ အဲဒါ ပွဲထိုင်တည် ၁၂ မျိုးပါ လက်ဖက်အုပ်ပဲ။

အိမ်မှာ စားသုံးကြတဲ့အခါမှာတော့ ပိုးကောင်ကြော်တွေ၊ လွန်ဆန်ကြော်တွေ၊ ဖရုံစေ့ကြော်တွေ မပါနိုင်ဘဲ ကြက်သွန်ကြော်၊ ပဲခြမ်းကြော်၊ နှမ်းလှော်၊ မြေပဲဆန်ကြော်တို့က ပါတတ်တယ်။

လက်ဖက်ကို ဒီလို အစာမျိုးစုံနဲ့ စားရာမှာ ကြက်သွန်ကြော်ရဲ့ အရေးပါမှုက ကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ လက်ဖက်နဲ့ တွဲဖက်စားတဲ့ အကြော်အလှော်တွေ အားလုံးထဲမှာ ကြက်သွန်ကြော်က လက်ဖက်နဲ့ စားလို့ အလိုက်ဖက်ဆုံး အကောင်းဆုံး ဖြစ်လို့ပါ။ ကြက်သွန်ကြော်ဆိုတာ ကြက်သွန်ဖြူကြော်ကို ပြောတာပါ။

ဒီကြက်သွန်ကြော်က သူ့ချည်း စားလို့ မကောင်းဘူး။ မရဘူး။ လက်ဖက်နဲ့ တွဲဖက်စားတော့ တခြားဘယ်အစာမှ သူ့ကို လိုက်မမီဘူး။ ဒါကြောင့် ကြက်သွန်ကြော်ဟာ လက်ဖက်နဲ့ပဲ စားရတဲ့ အကြော်သန့်သန့် ပဲ။

ဒီလိုရှိရာမှာ ကြက်သွန်ကြော်က သူသူငါငါ ဆီရှိလို့ ကြက်သွန်ရှိရင် အကြော်ဝယ်လို့မရတဲ့ နေရာမှန်သမျှ စားချင်သူက ဘာသာ ကြော်စားကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီကြက်သွန်ကြော်ဟာ မွှေးတာပဲ ရှိမယ်။ သူ့အရသာ အပြည့်အ၀ ပေါ်လွင်လာအောင် ကြော်တတ်သူက နည်းတယ်။

လက်ဖက်နဲ့ စားဖို့ ကြက်သွန်ဖြူကို ကြော်ရောင်းတဲ့ ကြက်သွန်ကြော်မှာ ပျဉ်းမနားကြော်က နာမည် အကြီးဆုံးပါ။ ပျဉ်းမနားက ထွက်တဲ့ ကြက်သွန်ကြော်တွေထဲမှာ ဒေါ်အေးရင်ရဲ့ ကြက်သွန်ကြော်က အကောင်းဆုံးလို့ နာမည်ရပါတယ်။ ဘာပြုလို့လဲဆိုတော့ ကြက်သွန်ကြော်ရာမှာ ဒေါ်အေးရင်တို့က အကောင်းဆုံး ဖြစ်အောင် အစစဂရုစိုက် လုပ်ဆောင်လို့ပါပဲ။ သူက ဈေးလည်း အများထက် နည်းနည်း ပိုပါတယ်။

ကျွန်မတို့ နိုင်ငံမှာ ကြက်သွန်ဖြူထွက်တဲ့ အရပ်တွေ တော်တော်များများ ရှိပါတယ်။ ဒီလို ရှိတဲ့အနက်က လက်ဖက်နဲ့ စားဖို့ ကြက်သွန်ကြော် ကြော်မယ်ဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်တဲ့ ကြက်သွန်ဖြူဟာ ကြော်ဖို့အကောင်းဆုံး ကြက်သွန်ဖြစ်ပါသတဲ့။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြော်ဖို့အတွက် ပထမတန်း ကြက်သွန်ဖြူက တောင်ကြီးဒေသက ထွက်တဲ့ ကြက်သွန်ပဲ။ တောင်ကြီးကထွက်တာကို ရနိုင်သမျှ ရအောင်ဝယ်ပြီး ဆီဆိုင်၊ ဟိုပုန်း၊ ဘန်းယဉ်၊ နန်းခုတ်၊ ပင်းတယ စတဲ့ အရပ်တွေ လိုက်ဝယ်ရတယ်။ တောင်ပိုင်းက ကြက်သွန်မရတော့ဘူးဆိုရင် မြောက်ပိုင်း နောင်ချို၊ သီပေါက ကြက်သွန်ကို သုံးပါတယ်။ အရသာမှာ တောင်ပိုင်းကို မမီတတ်ပေမယ့် ဒုတိယတန်းစား လိုက်ပါတယ်။

မြန်မာပြည် မြေပြန့်ကလည်း ကြက်သွန်ဖြူ ထွက်ပါတယ်။ ဒါပေမယ့် ကြော်တဲ့နေရာမှာ ရှမ်းကြက်သွန်ဖြူ ကို မမီဘူး။

ခု သုံးလေးနှစ်အတွင်းမှာတော့ တရုတ်ကြက်သွန်ဖြူ ဥအ၀ိုင်းကြီးတွေ ၀င်လာတယ်။ ဥတလုံးမှ အကြီးကြီးတွေ၊ ဈေးကလည်း ရှမ်းကြက်သွန်၊ မြန်မာကြက်သွန်တွေထက် ပေါပြီး ၀င်လာတယ်။ ဥကြီးတွေက လှလွန်းလို့ ရွှေဒင်္ဂါးကြော် ကြော်ဖို့များ လှီးလိုက် ကြော်လိုက်ရင် အာလူးကြော်ကြီးတွေလား မှတ်ရတယ်။ ဒါလောက်ကိုပဲ ဥအနေနဲ့ လှတယ်။ နို့ပေမယ့် တရုတ်ကြက်သွန်ဖြူက မြေသြဇာတွေနဲ့ ကြီးထွားလာစေခဲ့ တာကြောင့်လားတော့ မသိဘူး။ ကြော်တဲ့အခါ အရောင်အသွေးက ၀ါဝင်းမလာဘူး။ မည်းတယ်။ အနံ့ကလည်း မမွှေးဘူး။ ပြီးတော့ သူ့ကို စားမိရင် သုံးဖတ်လောက် ရှိလာရင် လည်ချောင်းမှာ ပူလာ စပ်လာတယ်။ ဒါကြောင့် ဈေးပေါပြီး ဥကြီးတွေ လှပေမယ့် အကြော်သမားက မကြိုက်ဘူး။ အစားမလိုက်ဘဲကိုး။

ကြက်သွန်ကြော်ကောင်း ကြော်သူများက တပေါင်းလပြည့်ပြီး မတ်လရောက်ပြီ ဆိုကတည်းက ကြက်သွန်သစ် ရှမ်းပြည်နယ်မှာ စ ပေါ်ပြီမို့ ငါးရက်တဈေးတွေကို တက်ပြီး ကြက်သွန်သစ်ကို ၀ယ်တယ်။ အသစ်ကို စကြော်ပါတယ်။ ပြီးတော့ အသစ်က လှောင်လို့ မရသေးဘူး။ စိုသေးတော့ ၀ယ်ဝယ်ကြော်ကြော် လုပ်ရတယ်။ မေလကျမှ ခြောက်တယ်။ ပင်းတယက ပေါ်တဲ့ ကြက်သွန်ဟာ သုံးလလောက် ၀ယ်မိရင် တုံးရော။ တောင်ကြီးနဲ့ အောင်ပန်းက ထွက်တဲ့ ကြက်သွန်ဖြူကတော့ နှစ်ပတ်လည် ၀ယ်လို့ ရပါတယ်။

အဲဒီလို ၀ယ်တဲ့အခါ အကြော်သမားက ဥတလုံးရော အမြွှာကိုရော ၀ယ်ပါတယ်။ ၀ယ်ပြီးမှ လှီးလို့ရရာကို လှီးကြော်တာပါ။
ကြက်သွန်ဖြူကြော်မှာ
၁။ ပိုးတီကြော်
၂။ ရွှေဒင်္ဂါးကြော်
၃။ ဒေါင်းပြားကြော်
၎။ ဂျွန်ကြော် ရယ်လို့ လေးမျိုးခွဲထားပြီး ရောင်းတာပါ။

ပျဉ်းမနားက ကြက်သွန်ကြော်လုပ်ငန်းမှာ နာမည်ကြီးတာက အကြော်သန့်တဲ့အပြင် ပိုးတီကြော်ကိုပါ ကြော်ရောင်းနိုင်လို့ နာမည်ကြီးတာပါ။ မန္တလေးမှာ ကြက်သွန်ပိုးတီ မကြော်ကြလို့ ၀ယ်လို့ မရပါဘူး။ ပိုးတီကြော်ဆိုတာက ကြက်သွန်ဖြူ ဥတလုံး ဒေါင်းသိုးလို့ခေါ်တဲ့ အမျိုးအစားထဲက ကြီးပေ့ လှပေ့ဆိုတဲ့ ကြက်သွန်ဥကို ရွေးထုတ်ပြီး ပိုးတီလှီးပြီး ဥလိုက်ကြော်တာပါ။ အဲဒီ ပိုးတီကြော်ဟာ ဟိုတုန်းက ဂျွန်ကြော်လို့ ခေါ်တဲ့ အမြွှာကြော် တပိဿာကို ၂၀၀ ကျပ် ဈေးလောက် ရှိရင် သူက ၆၀၀ ကျပ် ဈေး ပေးရတယ်။ သုံးဆလောက် တန်ဖိုးရှိပါတယ်။

ကြက်သွန်ပိုးတီကြော်က ဈေးကြီးလွန်းလို့ ကနေ့ဆိုရင် ဘယ်ဈေးလောက်ရှိလဲမေးတော့ ကြက်သွန်ဖြူ ဈေးက ၆၅၀၀ ကျပ်၊ ၇၀၀၀ ကျပ်ဈေးနဲ့ ပေါ်တယ်။ ဆီဈေးက ၂၀,၀၀၀ ကျပ် ကျော်တယ်ဆိုတော့ ပိုးတီကြော်ဈေးက တပိဿာကို ၁၅၀၀ ကျပ်ကနေပြီး ၁၈၀၀ ကျပ်ဈေးအထိ ရှိလိမ့်မယ်တဲ့။

ကျွန်မက ကြက်သွန်ပိုးတီကြော်က ဈေးကြီးလှပါလား၊ ဒါလောက်ဈေးကြီးတော့ ၀ယ်တဲ့သူကော ရှိရဲ့လားလို့ မေးတော့ ဒီခေတ်က လက်ဆောင်ပေးရတဲ့ ခေတ်မို့ ကြော်လို့ မလောက်ဘူးတဲ့လေ။

တောင်ကြီးက ထွက်တဲ့ ဥတလုံး ကြက်သွန်ဖြူ အချိန် ၁၀၀ ၀ယ်ရင် ပိုးတီလှီးနိုင်တဲ့ လက်ရွေးစင် ဥတလုံး ငါးပိဿာလောက် ရွေးလို့ရတယ်။ အဲဒါကို ပိုးတီလှီးခချည်း တပိဿာကို ၁၀၀ ကျပ်ပေးပြီး အလှီးခိုင်းရတယ်။ ဒါကြောင့် ပိုးတီကြော်ဟာ ဈေးအလွန်ကြီးနေတာ ဖြစ်တယ်တဲ့။

ဥတလုံး ကြက်သွန်ဖြူ ဒေါင်းသိုးကို ဥလှလှရွေးပြီး အ၀ိုင်းလှီးကြော်ရင် 'ရွှေဒင်္ဂါးကြော်' ခေါ်ပါတယ်။ ရွှေဒင်္ဂါးကြော်ဟာ ဒုတိယ ဈေးအကြီးဆုံး ကြက်သွန်ကြော်ပါ။ သူက အမြီးပိုင်း ထည့်လို့မရလို့ ဥအမြီးက ကျန်တဲ့အတုံးကလေးတွေကို တခြားကြော်ပြီး ဈေးလျှော့ရောင်းရတယ်။

ကြက်သွန်ဖြူ ဥတလုံး ဒေါင်းသိုးကိုပဲ အ၀ိုင်းမဟုတ်ဘဲ အရှည်လှီးပြီး ကြော်တာကိုတော့ 'ဒေါင်းပြားကြော်' လို့ ခေါ်ပါတယ်။ သူက ရွှေဒင်္ဂါးလို အမြီးဖျား မပယ်ရတော့ ရွှေဒင်္ဂါးကြော်ထက် ဈေးနည်းနည်း သက်သာတယ်။

ဒေါင်းသိုးမဟုတ်တဲ့ အမြွှာတွေကိုတော့ ဂျွန်ကြော်ဆိုပြီး အမြွှာလှီးကြော်တာပါ။ အဲဒါက ဈေးအပေါဆုံး ကြက်သွန်ကြော်ပါပဲ။

ကြက်သွန်ကြော် ကြော်ရာမှာ အရေးကြီးဆုံး ပထမကိစ္စက ကြက်သွန်လှီးတဲ့အခါ အထူအပါး ညီအောင် လှီးဖို့ပါ။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူကို ကြော်တဲ့အခါ ရေကုန်လို့ ကြွပ်တဲ့ဘက်ကို ရောက်ခါနီးမှာ ဆီပူထဲက ဆယ်တဲ့အချိန်က သိပ်အရေးကြီးပါတယ်။ စောသွားရင် ချတော့ ပျော့လာတယ်။ နောက်ကျသွားရင် အရောင်ရင့်သွားပြီး အချို လျှော့သွားတယ်။ ကြက်သွန်ကြော်ဟာ ကျွမ်းရင် ခါးတယ်။ နည်းနည်းကျွမ်းရင် နည်းနည်း ခါးတာပါ။ ဒါကြောင့် သူ့ကို အနေတော် ဆီပူထဲက ဆယ်နိုင်ရတယ်။ အဲဒီတော့ ပထမလှီးထားတာ အထူအပါး အရွယ် မညီရင် အကျက် မတူနိုင်ဘူးပေါ့။ ဒါကြောင့် ကြက်သွန်လှီးရင် အထူအပါးညီအောင် လှီးကြော်မှ အကောင်းဆုံးရတယ်။

ဒုတိယ အရေးကြီးတာက လှီးပြီးကြက်သွန်ကို ရေစင်အောင် ဆေးနိုင်ရပါတယ်။ အစေးမကုန်ရင် ကြော်တော့ မဲတယ်။ ဒါကြောင့် ရေဖောဖောနဲ့ ဆေးရတယ်။ တတ်နိုင်ရင် အစေးစင်အောင် ဆေးပြီးကို ရေစိမ်ထားလိုက်ဦး။ ကြာကြာ။ ပြီးမှ ရေစစ်ပြီး ကြော်ရင် ပိုလို့တောင် လှသေး၊ ရွသေးတယ်။ ရေဆေးရင် အခွံတွေ စင်သန့်အောင်လည်း လုပ်ပေးရတယ်။

အစေးစင်ပြီး ကြက်သွန်ကို ကြော်တော့မယ်ဆိုတော့ နောက်ဆုံးအရေးကြီးဆုံးက ဆီကောင်းနဲ့ ကြော်ဖို့ပါ။ ဆီဈေးက ဒီခေတ်မှာ အလွန်အရေးကြီးတယ်မှုတ်လား။ ဆီဈေးကြီးတော့ အကြော်သည်က ဆီမှာ ဈေးသက်သာတာကို သုံးချင်ကြတယ်။ တချို့က စားအုန်းဆီ ထည့်ကြော်တယ်။ တချို့က ၀ါစေ့ဆီနဲ့ ရောကြော်တယ်။ ဈေးသက်သာတဲ့ ဆီနဲ့ကြော်တော့ ကိုယ့်အတွက် အကျန်များတာပေါ့။ နို့ပေမယ့် အစားမှာ ကွာပါတယ်။

လက်ဖက်နဲ့ တွဲစားတဲ့ အစာရယ်လို့ မြေပဲဆန်ကြော်၊ နှမ်းလှော်၊ ပဲခြမ်းကြော်ရယ်လို့ ရှိသေးတယ်။ ခုခေတ် အရီးတောင်းက ချဲ့ထွင်ပေးလို့ ဖရုံဆံကြော်၊ လွန်ဆန်ကြော်၊ တွင်းပိုး ပိုးကောင်ကြော်နဲ့ ပုစွန်ခြောက်ရယ်လို့ ရှိသေးတယ်။ ဒီအစာတွေ အားလုံးဟာ လက်ဖက်နဲ့ အတူမစားဘဲနဲ့ လက်ဖက်မရှိလို့ သူ့ချည်း စားရင်လည်း အားလုံးစားလို့ရတဲ့ ပစ္စည်းတွေချည်းပါ။ ဒါပေမယ့် ကြက်သွန်ကြော်ဆိုတဲ့ အကြော်ကတော့ လက်ဖက်မရှိရင် သူ့ချည်းစားလို့ မရဘူး။ သူက လက်ဖက်နဲ့ကို တွဲဖက်စားမှ ရတယ်။ တွဲမိပြန်တော့လည်း ဘယ်အစာမှ သူ့ကို လိုက်မမီဘူး။ သူနဲ့ လက်ဖက်ဟာ သိပ်ကို လိုက်ဖက်တဲ့ အရသာ ထွက်တယ်။ ဒီလိုရှိရာမှာ ကြက်သွန်ကြော်က အကြော်ကောင်းမှ ချိုပြီး မွှေးတဲ့အရသာကို အပြည့်အ၀ ရတာပါ။ ကြော်ရာက ချွတ်ယွင်းရင် ရနိုင်တဲ့ အရသာကုန် မရတော့ဘဲ အနှုတ်လက္ခဏာတောင် ပြတတ်ပါသေးတယ်။ ကျွမ်းသွားရင် မချိုတဲ့အပြင် သက်တဲ့အရသာတောင် သူက ဆောင်သေးတာကိုး။

မန္တလေးမှာ အခုခေတ် ပိုးတီ မကြော်ဘူး။ အရင်ကတော့ မန္တလေးမှာ ပိုးတီကြော်ပေးတဲ့ ဖိုတဖို ရှိတယ်။ အဲဒီဖိုကတော့ ပိုးတီကြော်ကို ပိုးတီရိုးရိုးတောင်မဟုတ်ဘဲ ပိုးကောင်လေးလို ဖြစ်အောင် ကြော်ပေးသတဲ့။ အရီးတောင်း သားမြေးများရဲ့ အလှူတလှူမှာ လက်ဖက်ပွဲထဲထည့်ဖို့ ပိုးတီကြော်ခိုင်းတော့ လှီးပေးတဲ့လူက ကြက်သွန်ဖြူကို ပထမရွေးတုန်း ကတည်းက ခေါင်းပိုင်းမှာ အမြစ်ကလေးတွေ ဖွာရရာပါတဲ့ ဥကလေးတွေချည်း ရွေးတယ်။ ပိုးတီလှီးတော့ အဲဒီအမြစ်ကလေးတွေကို ကောင်းကောင်းချန်ပြီး ကြော်တယ်။ ကျက်ခါနီးတော့ တူနှစ်ချောင်းနဲ့ ဥကလေးကို ဆီထဲက ဆယ်ယူပြီး တူနဲ့ ရှည်ရှည်ကလေးဖြစ်အောင် ဥကို ပထမ ဆွဲဆန့်တယ်။ ရှည်ထွက်လာတော့ ခေါင်းပိုင်းက သင့်တော်တဲ့နေရာမှာ ရှမ်းနှမ်းစေ့လေး နှစ်စေ့ကို ပိုးကောင်လေးရဲ့ မျက်စိအဖြစ်နဲ့ ညှပ်ပြီး ထည့်ပေးလိုက်တယ်။ ပါးစပ်ထားလောက်တဲ့နေရာမှာ နောက်ထပ် နှမ်းနှစ်စေ့ပူးပြီး ညှပ်ထည့်ပေးပြီး ဖိုပေါ် ပြန်ကြော်တယ်။ ကျက်ပြီဆိုတော့ ပိုးတီကြော်ကလေးက မျက်စိကလေး နှစ်လုံး၊ ပါးစပ်ပေါက်ကလေးနဲ့ ထိပ်ကလည်း ဆံပင်လိုလို အမွှေးကလေးနဲ့ တကယ့် ပိုးကောင်ကြော်ကလေးလို ဖြစ်သွားတယ်။

အဲဒီလောက် လက်ဝင်ခံပြီး ကြော်ပေးတဲ့ လူက ခုတော့ သေဆုံးရှာပြီမို့ ဆန်းဆန်းပြားပြားလည်း မထွက်တော့၊ မရတော့ဘူးတဲ့။

လက်ဖက်စိုကို ထိုင်းနိုင်ငံကလည်း ကျွန်မတို့လို စားတယ်လို့ သိရတယ်။ နို့ပေမယ့် သူတို့ စားပုံက လက်ဖက်ရွက် ခပ်ကြီးကြီးကို ဖြန့်ခင်း၊ အစာကို လက်ဖက်ရွက်နဲ့ ထုပ်ပြီး စားတာလို့ ဆိုပါတယ်။ ကျွန်မတို့ဆီမှာ စားသလောက် လူတိုင်းစားတဲ့ သဘောလည်း မရှိဘူး ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ဖက်စားတဲ့ အလေ့က ပိုလို့ ပိုလို့ ကျယ်ပြန့် လာနေပါတယ်။

လူထုဒေါ်အမာ
[ကြီးပွါးရေးစာအုပ်တိုက်မှ ထုတ်ဝေတဲ့ လူထုဒေါ်အမာ ရဲ့ ၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ စာအုပ်၊ ၂၀၀၂ ခု နိုဝင်ဘာလ၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြပါတယ်။]

Tuesday, September 14, 2010

မန္တလေးပဲပြုတ်
ရေးသူ- လူထုဒေါ်အမာ

ဝါခေါင်လဆိုတာ မန္တလေးမှာ မြို့တကာ နယ်တကာက လာတဲ့ ဧည့်သည်အများဆုံးလ တလပါပဲ။ ဒီလမှာ တောင်ပြုန်းနတ်ပွဲ၊ ရတနာဂူနတ်ပွဲတွေက ရှိသကိုး။ အဲဒီတော့ နတ်ပွဲလာချင်သူက မန္တလေးကို စတည်းချရတယ်။ ဒါကြောင့် တည်းခိုခန်းတွေ ဘယ်လိုပဲ ပေါပေါ အိမ်တွေမှာလည်း ဧည့်တွေက ရှိတာပဲ။ အဝေးကဧည့်သည်ကို မန္တလေးအိမ်ရှင်က နံနက်အစောစာအဖြစ် ပဲပလာတာ၊ ပဲပြုတ်နဲ့ နံပြား၊ ပဲပြုတ်နဲ့ ပေါင်မုန့်၊ ပဲပြုတ်နဲ့ ထမင်းဆီဆမ်း၊ ငါးခြောက်ဖုတ် စတာတွေနဲ့ ကျွေးမွေးလေ့ ရှိပါတယ်။ ဧည့်သည်က ပဲပြုတ်စားရရင် မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောကြပါပြီ။ သူတို့ဆီမှာလည်း ပဲပြုတ်
ရှိတော့ရှိတာပါပဲ၊ ဒါပေမယ့် မန္တလေးပဲပြုတ်ကိုတော့ မမီဘူးတဲ့။


ဧည့်သည်က အဲဒီလိုပြောရင် အိမ်ရှင်ကလည်း ကျေ
နပ်လို့။ မန္တလေးက ပဲပြုတ်ကြိုက်တယ်မဟုတ်လား။ မနက် မလင်းတလင်း ဝေလီဝေလင်းမှာ "ပဲ" ဆိုတဲ့အသံ ကြားလိုက်ရင် တအိမ်က မဟုတ်ရင် တအိမ်က ခေါ်ဝယ်တာပဲ။ အများအားဖြင့် ပဲသည်ကို ဖောက်သည်လုပ်ထားကြတာ။ ကိုယ့်ဖောက်သည်ကို မမီလိုက်တော့မှ တခြားအသည်ကို ပျံကျ ၀ယ်စားတာ။



ပဲပြုတ်ဟာ မနက် (၈) နာရီလောက်မှ ၀ယ်ချင်လို့ မရတော့ဘူး။ အဲဒီအချိန်မှာ ပဲသည်တွေအားလုံး ရောင်းလို့ ကုန်ကြပြီ။ သိပ်စားချင်ရင် ညနေ (၂) နာရီ (၃) နာရီမှာမှ တပတ်လာရောင်းတဲ့ ပဲသည်ကို ၀ယ်စားပေတော့။ ဒါပေမယ့် ညနေရောင်းတဲ့ ပဲပြုတ်က စားတော်ပဲပြုတ် မပါဘူး။ စွန်တာနီပဲ၊ သိပ္ပံပဲတွေကို ပြုတ်ရောင်းတာ။

မန္တလေးရောက်အဝေးဧည့်သည်က မန္တလေးပဲပြုတ် ကောင်းတဲ့အကြောင်း ပြောလာရင် ဟုတ်ပါတယ်လို့ ထောက်ခံချင်ပါရဲ့။ ကျွန်မလည်း တခြားအရပ်က ပဲပြုတ်ကို စားဖူးတာပဲ။ မန္တလေးပဲပြုတ်နဲ့တော့ အရောင် အသွေးချင်းကစပြီး ကွာတယ်။ တခြားပဲပြုတ်တွေက ညစ်ပုပ်ပုပ်နဲ့။ မန္တလေးပဲပြုတ်ကလေးကတော့ ၀ါလို့ ၀င်းလို့။ ဒီလို အရောင်အသွေးကွာရတာက ပဲကိုရွေးပြီးမှ မပြုတ်လို့ပါ။ စားတော်ပဲမှာ ပဲဆေးလုံးလို့ ခေါ်တဲ့ စားတော်ပဲလုံး အနက်ကလေးတွေလည်း ရောလျက် ပါပါတယ်။ အဲဒါကို မန္တလေးပဲသည်က ပဲကို ရေစိမ်တော့မယ်ဆိုတော့ ရွေးယူထားလိုက်တာပါ။ သူနဲ့အတူ ရောလည်း မစိမ်ဘူး။ ရောလည်း မပြုတ်ဘူး။ ရောပြုတ်တော့ ပဲဆေးလုံးရဲ့ အနက်ရောင်ကကျွတ်ပြီး စားတော်ပဲကို လူးတော့ ပဲပြုတ်အရောင်ဟာ ၀င်းမနေမတော့ဘဲ ညစ်ပုပ်ပုပ် ဖြစ်သွားတာပေါ့။

မန္တလေးက ပဲပြုတ်သည်က ပဲကို ပွဲရုံက ၀ယ်လာပြီးတော့ ပထမ ဗန်းထဲမှာ သေသေချာချာ ရွေးပါတယ်။ သူတို့က ပဲဆေးလုံးခေါ်တဲ့ ပဲနက်ကလေးတွေကို တစေ့မကျန် ရွေးပြီး ဘူးတဘူးနဲ့ တခြားထားတယ်။ ပြီးတော့ ပိုးကိုက်ထားတဲ့ ပဲစေ့၊ မအောင်မြင်တဲ့ ပဲစေ့ကလေးတွေကို တခြားရွေးတယ်။ ရွေးတဲ့အခါ တကယ်စင်အောင် ရွေးတာပါ။ ပဲပိုးကိုက်တို့၊ ပဲစုန်းပြူးဖြစ်မယ့် မအောင်တဲ့ ပဲစေ့ကလေးတွေကို ရွေးပြီးတော့ စုထားပြီး ခိုစာကျွေးမယ့်လူကို ရောင်းစားပါတယ်။ ပဲဆေးလုံးကိုတော့ စုထားပြီး သီးခြားပြုတ်ပြီး နေ့လည်တခေါက် ပဲပြုတ်ရောင်းထွက်တဲ့အခါ စွန်တာနီပဲပြုတ်ရောင်းရင်း ပဲဆေးလုံးပြုတ်လို့ သီးခြား ပြုတ်ရောင်းပါတယ်။ ပဲဆေးလုံးပြုတ်ဟာ စားတော်ပဲပါဘဲ။ နက်နေလို့သာကိုး၊ အဲဒီတော့ သူ့ကို သန့်ပြီး ပြုတ်ရောင်းတဲ့အခါ အရောင်နက်တာကလွဲလို့ သူလည်း ချိုတာပဲ၊ နူးညံ့တာပဲ။

နောက်ပြီး ပဲရဲ့သဘောက ရေစိမ်တဲ့အခါ ပွရုံမစိမ်ဘဲ အညှောင့်ပေါက်အောင် ပေါက်တဲ့အညှောင့်လေး ရှည်လာတဲ့အထိ ထားပြီးမှ ပြုတ်ရင် ပိုချိုပါတယ်။ ပဲအညှောက် မပေါက်ခင် ပြုတ်ရင် အချိုနည်းပါတယ်။

မန္တလေးမှာ အရင်ကတော့ စားတော်ပဲထဲမှာ အချိုဆုံး အမျိုးဖြစ်တဲ့ ရွှေဘိုစားတော်ပဲကို ပဲပြုတ်သည်တွေ က ရွေးဝယ်ပြီး ပြုတ်ကြတယ်။ တခြား အရပ်က ပဲကို မန္တလေးပဲပြုတ်သည်က မကြိုက်ဘူး။

စားတော်ပဲက ရွှေဘိုနယ်က ထွက်တာကို ရွှေဘိုစားတော် ခေါ်တယ်။ အနက်ပြောက်ကလေး သေးသေးကလေးတပြောက် အညှောင့်ပေါက်မယ့် အနားမှာ ပါတယ်။ အလုံးသေးတယ်။ ကနေ့ပေါက်ဈေး သုံးတင်းကို ၄၈၀ိ/- လောက် ရှိတယ်။ သူက ဈေးအရဆုံးပဲ။ ကျွန်းစားတော်လို့ခေါ်တဲ့ စားတော်ပဲက အလုံးမှာ ရွှေဘိုပဲထက် ကြီးတယ်။ ထီးချိုင့်တို့၊ ကောလင်းတို့ ဘက်က ထွက်တာ ဖြစ်ပါတယ်။ သူက ၄၅၀ိ/- ၄၆၀ိ/- ဈေး ရှိပါတယ်။

စားတော်ပဲမှာ အလုံးအကြီးဆုံးကတော့ မထုစားတော်လို့ ခေါ်တဲ့ ချင်းတွင်း အလယ်ပိုင်းက ထွက်တဲ့ စားတော်ပဲပါဘဲ။ ကလေးဝ၊ ကလေးမြို့၊ မစိန်မထု အဲဒီဘက်က ထွက်တာပါ။ သူက အလုံးကြီးပြီး ချိုရာမှာ ရွှေဘိုပဲကို မမီပါဘူး။ သူပေါက်တဲ့ဈေးက ၄၂၅ိ/- ၄၃၀/ိ- ရှိပါတယ်။

အဲဒီလို ရှိရာမှာ အရင်ကတော့ မန္တလေးပဲပြုတ်သည်က ရွှေဘိုစားတော်ကို ရအောင် ၀ယ်တယ်။ အညှောက်ပေါက်အောင်၊ အညှောက်ရှည်အောင်ထားတယ်။ ပြီးမှ ပြုတ်ပါတယ်။

ပဲပြုတ်တဲ့ နေရာမှာလည်း အိုးနဲ့ ပဲနဲ့ အလောတော် ထည့်ပြုတ်မှ။ အိုးချောင်နေရင် အခွံ ကျွတ်တယ်။ ရေကို လိုသလို လိုက်ပေးရတယ်။ ပြီးတော့ မီးကို တအားမထိုးဘဲ ပထမ ထင်းမီးနဲ့ ပြုတ်၊ နောက်မှ လွှစာမီးနဲ့ နှပ်ထားမှ အိအိစက်စက်နဲ့ အလုံးမပျက်ရှိပြီး နပ်တာပါ။

ဒုကမ္ဘာစစ်မဖြစ်ခင်က မန္တလေးမှာ ပဲပြုတ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ ပဲသည်နှစ်ဦး ရှိပါတယ်။ တယောက်က ဒေါ်ဖွားချစ်တဲ့။ တယောက်က ဒေါ်စီတဲ့။ သူတို့ ပဲဆိုရင် စိတ်ချလက်ချ စားရော့။ ပဲပြုတ်ကို လူတိုင်းမရောင်းဘူး။ ရသာကြီးရွာက မန္တလေးလာပြီး အလုပ်လုပ်တဲ့ လူတွေရဲ့ ဇနီးတွေက ရောင်းတာ။ သူတို့က တရွာတည်းသားချင်း စုဝေးနေကြတယ်။ ရသာတန်းတို့၊ ပဲဝင်းတို့ဟာ သူတို့ အရပ်ပဲ။

ဒေါ်စီတို့၊ ဒေါ်ဖွားချစ်တို့က ပဲအပြုတ်ကောင်းတော့ တချို့ ပဲရောင်းချင်တဲ့ မိန်းကလေးတွေက သူတို့ဖို့ ပိုပြုတ်ပေးပါ။ ရောင်းပါရစေဆိုလို့ နောင်သူတို့ အသက်ကြီးလာတော့ ပဲဒိုင်ခံပြုတ်ပေးပြီး သူတို့ကိုယ်တိုင် ထွက်မရောင်းဘဲ နေတယ်လေ။ သူတို့ နှစ်ယောက်ပြုတ်တဲ့ ပဲကတော့ မနပ်တဲ့အစေ့ မပါဘူး။ မချိုမှာလည်း မပူနဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ပဲပြုတ်က ၂၅ ကျပ်သားမှ သုံးပြား ပေးရတာ။ အလုပ်သမားအိမ်က မနက်လင်းတော့ ပဲပြုတ် (၃) ပြားဖိုး ၀ယ်ပြီး ညက ကျန်အောင်ချက်ထားတဲ့ ထမင်းကြမ်းကို ပဲပြုတ် ဆီဆမ်းနဲ့ တအိမ်လုံးစား၊ လက်ဘက်ရည်ကြမ်း တအိုးသောက်ပြီး အဖေက အလုပ်ဆင်းတာ။ ပဲပြုတ်ဟာ ဆင်းရဲသားစာပဲ။

ခုတော့ ပဲပြုတ်က အစိတ်သားကို ၅ိ/- တဲ့။ ထမင်းကလည်း ကျန်အောင်ချက်ဖို့ထား၊ ၀အောင်မှ အနိုင်နိုင်။ ဆီဈေးကလည်း တဆယ်သား ၇ ကျပ် ၅၀ ပြားတဲ့။ ပြီးတော့ ပဲပြုတ်ကလေ ကျွန်မတို့ ငယ်တုန်းက စားခဲ့ရတဲ့ ပဲပြုတ်နဲ့ သိပ်ကွာတာပဲ။ မန္တလေးပဲပြုတ်သည်က အရင်လို ရွှေဘိုစားတော်ကိုလည်း ရအောင်မ၀ယ်တော့ဘူး။ မထုက ဈေးပေါတော့ မထုစားတော်ပဲ ၀ယ်တယ်။ ၀ယ်ရာမှာလည်း တပြည်ချင်း နှစ်ပြည်ချင်း ၀ယ်ရတာ။ ပဲဈေးက ကြီးတာကိုး။ အဲဒီတော့ တနေ့စာပဲ ၀ယ်နိုင်တော့တယ်။ အရင်းမရှိလို့။ ပဲကို အညှောက်ပေါက်အောင် ထားဖို့က (၃) ရက် ကြာမှ အညှောင့်ရှည်တာမို့ အနည်းဆုံး (၃) ရက်စာ ပဲဖိုး ရှိဖို့ လိုပါတယ်။

ခုတော့ ပဲသည်ခမျာမယ် ပဲဝင်းမီးလောင်တော့ မီးဘေးဒုက္ခသည် ဖြစ်ပြီး လေယဉ်ကွင်းကြီး အရှေ့ဘက်က ပဲဖြူကုန်း ရောက်သွားရော၊ ပဲဖြူကုန်းကနေပြီး မန္တလေးဖောက်သည်တွေဆီကို လာရောင်းဖို့က ကားခလိုလာတယ်။ ဒါမှမဟုတ် လင်ယောက်ျားက စက်ဘီးကလေး ဘာလေး စီးနိုင်အောင် ချောင်လည်ရင် ပဲတောင်းရော၊ သူရော စက်ဘီးရှေ့က ဘားတန်းပေါ်က ထိုင်လိုက်ခဲ့ပြီး မန္တလေး လာရောင်းရတယ်။

ရောင်းပြန်တော့လည်း သူ့ပဲပြုတ်က အညှောက်မပေါက်ရုံမက ပဲတွေက ပိုးသတ်ဆေး ဖြန်းထားတဲ့ပဲမို့ ပိုးသတ်ဆေးစော် နံရဲ့လား နံရဲ့။ ထင်းသိပ်မကုန်ဘဲနဲ့ မြန်မြန်နူးအောင် ဆော်ဒါထည့်ပြုရတော့ ဆော်ဒါစော်နံလား နံရဲ့။ တချို့ကတော့လည်း ဆော်ဒါတောင် ၀ယ်မထည့်နိုင်ရှာဘူး။ သဲဆပ်ပြာကို ရေဖျော်ပြီး သဲဆပ်ပြာက ရတဲ့ ဆော်ဒါရည်ကို ထည့်ပြုတ်ရတာပါ။

အဲဒီတော့ ပဲပြုတ်က မကောင်းတော့ဘူး။ ဒါသာဖြစ်တယ် တဆယ်သား ၂ိ/- ရောင်းတာ။ ပဲ ၁၀ ကျပ်သားဆိုတာလည်း ဘာမှ များတာမှ မဟုတ်ပဲ။ အရင်က အဆစ်ပေးသလောက် ရှိတာ။

ကျွန်မတို့ ငယ်ငယ်တုန်းကများ ပဲသည်ကို အိမ်ကခေါ်ဝယ်လို့ ပဲသည် အိမ်ဝမှာ ပဲတောင်းချပြီဆိုရင် အိမ်ရှိတဲ့ ကလေးတွေက အားလုံးထွက်လာပြီး ပဲသည်နားမှာ ၀ိုင်းအုံကြတာပဲ။ အဲဒီတော့ ပဲသည်က အင့်ရော့နဲ့ ကလေးလက်နဲ့ တဆုပ်စီ သူ့ပဲပြုတ် ထည့်ပေးတာပဲ။ ကလေးလက်ဆောင်။ ဒါကိုက ၁၀ ကျပ်သားမကပါဘူး။ ပဲပြုတ်ကလည်း ချိုသကိုး၊ နုညံ့သကိုး။ ပဲပြုတ်မကြိုက်တဲ့ ကလေးတယောက်မှ မရှိဘူး။ ဒါကြောင့် လက်ထဲက ဟာကုန်တော့ ထပ်တောင်းချင်တာ။ အဲဒီမှာ ပန်းကန်ကိုင်ပြီး ပဲဝယ်ထွက်လာတဲ့ အမေတို့၊ အစ်မတို့က မြင်တွေ့သွားပြီမို့ ဟဲ့ တော်ကြတော့ဆိုပြီး ပဲသည်နားက ဆွဲခေါ်သွားတာ ခံခဲ့ရတာပါ။

ကျွန်မတို့ နိုင်ငံက မြေသြဇာကလည်းကောင်း၊ ဥတုရာသီကလည်းကောင်းတော့ ပဲဟာ အမျိုးပေါင်း မြောက်များစွာ ထွက်ရှိပါတယ်။ (၁) ထောပတ်ပဲ၊ (၂) ပဲစွန်တာနီ၊ (၃) ပဲစွန်တာပြာ၊ (၄) ပဲကြား၊ (၅) ပဲကြီး၊ (၆) ဗိုလ်ကိတ်ပဲ၊ (၇) သိပ္ပံပဲ၊ (၈) ပဲပုပ်စေ့ စတဲ့ ခပ်ပြားပြားပဲတွေ။ (၁) မတ်ပဲ၊ (၂) ပဲဒီစိမ်း၊ (၃) ပဲနောက်၊ (၄) ပဲလွန်း၊ (၅) ပဲယဉ်၊ (၆) ပဲစင်းငုံ၊ (၇) ပဲရာဇာ၊ (၈) ပဲချဉ်ပေါင်၊ (၉) ကုလားပဲ၊ (၁၀) စားတော်ပဲ၊ (၁၁) နိုင်လွန်ပဲ၊ (၁၂) ပဲဖြူလေး၊ (၁၃) မြေထောက်ပဲ စတဲ့ ပဲအလုံးတွေ အမျိုးပေါင်း မြောက်များစွာ ထွက်ပါတယ်။ အဲဒီ ပဲတွေကို နိုင်ငံခြားတင်ပို့တယ်ဆိုရင် အိန္ဒိယလည်း ၀ယ်ချင်တာပဲ၊ ဂျပန်ကလည်း ၀ယ်ချင်တာပဲ။ တရုတ်ကလည်း ၀ယ်ချင်တာပဲ။ အဲဒီ ပဲအမျိုးပေါင်း ၂၀ လောက်ထဲမှာ ပဲပြုတ်လုပ်ရောင်းတဲ့ စားတော်ပဲကတော့ သဏ္ဍာန်အားဖြင့် လုံးလည်း အလုံးဆုံး၊ အရသာလည်း အချိုဆုံးနဲ့ အနူးညံ့ဆုံးမို့ အကောင်းဆုံးပဲဆိုပြီး ဘုရင်များ စားဖို့ တော်ဆက်သ ရတဲ့ပဲ၊ ဘုရင်များကလည်း ကြိုက်ကြလို့ "စားတော်ပဲ" လို့ ခေါ်တာပဲ။။


လူထုဒေါ်အမာ
[ကြီးပွါးရေးစာအုပ်တိုက်မှ ထုတ်ဝေတဲ့ လူထုဒေါ်အမာ ရဲ့ ၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ စာအုပ်၊ ၂၀၀၂ ခု နိုဝင်ဘာလ၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြပါတယ်။]

Monday, September 13, 2010

ညိုမြတို့ရွာ
ရေးသူ- ကိုလေးမြတ်



အနိမ့်-အမြင့်တဲ့။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ ရှိကြတဲ့ ရွာကလေးတွေရဲ့ အမည်ပါ။ ကျွန်တော်တို့ ဒေသက ရွာနာမည်ပြောရင် တရွာတည်း မပြောဘဲ ချုပ်စပ်က ရွာနဲ့ တွဲဖက်ပြီး ပြောတတ်လေ့ ရှိကြတယ်။ ဥပမာ။ အိုင်နီ- နိဗ္ဗာန်ဝ၊ ကြီးအုပ်- ဘန်စီ၊ ခတက္ကန်- တောင်မာတော၊ အောင်သာ- မြေနဲ၊ ကြာပိုင်- တောပု၊ ခင်မွန်- အောင်ချမ်းသာ စသည်ဖြင့်.....။ ကျွန်တော်တို့ကို ဘယ်ရွာကလဲလို့ မေးမြန်းလာလျှင် "မုံရွေး" ကလို့ ပြောလိုက်ရင် ပြီးပါရဲ့...။ ဒါပေမယ့် အဲဒီလို မဖြေတတ်ဘူး...။ "မုံရွေး-ကြေးမုံ... မုံရွေးက" လို့ ဖြေတတ်ကြတယ်။ ဒေသဓလေ့ တရပ်ပေါ့...။ ခုလည်း အနိမ့်-အမြင့် တဲ့။ အနိမ့်ရွာက သတ်သတ် (သီးခြား)၊ အမြင့်ရွာက သတ်သတ်။ တရွာနဲ့တရွာ နှစ်မိုင်ကျော်၊ သုံးမိုင်နီးပါးလောက် ဝေးကွာလိမ့်မယ် ထင်ပါရဲ့။ အဲဒီရွာ နှစ်ရွာကြားမှာလည်း ရွာကလေးနှစ်ရွာလောက် ရှိနေသေးတယ်။ ဒါပေမယ့်... အနိမ့်.... အမြင့် လို့ပဲ တွဲဖက် ခေါ်ဝေါ်ကြပါတယ်။...။
ပဒေသရာဇ်ခေတ် ကာလတွေတုန်းကတော့.. ကုန်သွယ်မှုဟာ ရေလမ်းခရီးကိုသာ အားထားရလေတော့ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာ ကပ်လျက် တည်ရှိနေတဲ့ အမြင့်ရွာဟာ စည်ပင် စည်ကားခဲ့ပေလိမ့်မယ်။ (ခုတော့.. ၀ါးဖောင်လေးတွေ၊ ထင်းလှေလေး တစီးတလေနဲ့ ပျင်းတိပျင်းတွဲ ခြောက်ကပ်လို့....)။ ကုန်းဘောင်ခေတ် နှောင်းပိုင်း မြို့စားတွေထဲမှာ ထင်ရှားခဲ့တဲ့ မင်းလက်ဝါးကြီး ဆိုတာ အဲဒီအမြင့်မြို့ကို အပိုင်စားရတဲ့ အမြင့် မြို့စားကြီးပေါ့။ ကိုလိုနီခေတ်ရောက်တော့ ကုန်သွယ်မှုဟာ ရေလမ်းထက် ကုန်းလမ်းခရီးကို အားထားလာ ကြတယ်။ အဲဒီမှာ.. မန္တလေးနဲ့ မုံရွာဆက်သွယ်တဲ့ ကားလမ်း၊ ရထားလမ်းက ချောင်းဦးဆယ်ရွာကို ဖြတ်သန်းသွား လေတော့ ချောင်းဦးဆယ်ရွာဟာ ချောင်းဦးမြို့နယ်အဖြစ် တိုးတက်စည်ကားလာတယ်။ အမြင့်မြို့ဟာ အမြင့်ရွာ အဖြစ် နိမ့်လျောကျဆင်းသွားတော့တယ်။

အမြင့်ရွာဟာ ပုဂံခေတ်ကတည်းက တည်ရှိလာခဲ့တဲ့ ရွာလို့ ဆိုပါတယ်။

မြိတ်၊ တနင်္သာရီတို့ဘက်က ထင်ရှားတဲ့ နေရာတွေဟာ များသောအားဖြင့် အလောင်းဘုရားနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်တွေ ဆက်နွှယ်နေတတ်တယ်။ ကျွန်တော်တို့ ဒေသမှာလည်း ကျန်စစ်သားနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်တွေ ဆက်နွှယ်နေတယ်။ ဆိုပါစို့။ မြင်းမူမြို့နယ် ရွှေယင်းမာရွာက ရွှေရင်နာဘုရား။ နှစ်စဉ် ဒေသနဲ့ ချီပြီး ဘုရားပွဲတော် ကျင်းပလေ့ရှိတဲ့ ထင်ရှားတဲ့ ဘုရားကြီးပေါ့။ အနော်ရထာမင်းက အရိန္ဒမာလှံနဲ့ ကျန်စစ်သားမင်းသားကို ထိုးသတ်လိုက်တာ လူမထိဘဲ နှောင်ကြိုးထိ ပြတ်သွားလေတော့ ကျန်စစ်သားက လှံကို ကောက်ယူပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။ ရွှေယင်းမာရွာကို ရောက်ကရောဆိုပါတော့။

အဲဒီမှာ ရေကလည်း ဆာ။ ရေကလည်းရှားဆိုတော့ ၀လင်အောင် သောက်ရှာရဟန် မတူဘူး။ ဒါနဲ့.. ရင်နာလွန်းလို့ ရွှေရင်နာဘုရားရယ်လို့ ဘွဲ့တော်တွင်စေတာတဲ့လေ။ (ကျွန်တော်ရောက်ဖူးတဲ့ ၁၉၇၂ ခုနှစ် တ၀ိုက်ထိ ရွှေယင်းမာရွာမှာ ရေရှားပါသေးတယ်။ ခုတော့ ရေတွေ အလျှံပယ် ပေါနေပြီလို့ သတင်းကြား ရတယ်)။

ဒီနောက် ကျွန်တော်တို့ရွာ မုံရွေး-ကြေးမုံ အရှေ့ဘက် နွယ်ခွေတောင်တန်းက ရွှေမြင်တင်တောင် ရောက်လာသတဲ့။ အဲဒီမှာ အိပ်ပျော်သွားစဉ် စီးတော်မြင်းက ပျောက်သွားပါရောတဲ့။ အဲဒါနဲ့ တောင်ပေါ်ကနေ တက်ကြည့်တော့ ကုန်းတခုမှာ မြင်းက မြက်စားနေတာကို မြင်ပါသတဲ့။ ဒါနဲ့ .. မြင်းကို မြင်ရတဲ့တောင်မို့ ရွှေမြင်းမြင်တောင်တဲ့။ ကာလရွေ့လျောလာတော့ ရွှေမြင်တင်တောင် ဖြစ်လာသတဲ့။ မြင်းမြက်စားနေတဲ့ ကုန်းနေရာမှာ ရွာတည်ထားလို့ ကြည့်ကုန်းရွာတဲ့။ ကြည့်ကုန်းရွာက ခင်မွန်ရွာရဲ့ အနောက်ဘက် ၂ မိုင်ကွာလောက်မှာ တည်ရှိတယ်။ ရွှေမြင်တင်တောင်နဲ့ဆို ၅ မိုင်လောက် ကွာဝေးတယ်။

အဲဒီကနေ ကျန်စစ်သားက အမြင့်ရွာကို ရောက်သွားတယ်။ အဲ့ဒီအရပ်မှာ အရည်းကြီးရဲ့တူမ (ဓါတ်ဆီ-ဓါတ်ဆံ ပြက်လုံးထဲကလို ချောင်ထဲကိုက ဖြူနေလို့ ချောင်ဖြူတဲ့လား- မဟုတ်လားရှင့် ကြောင်ဖြူ) ဖြစ်တဲ့ ကြောင်ဖြူမင်းသမီးနဲ့ တွေ့ဆုံတယ်။ ပုဂံရာဇ၀င်မှာ ထင်ရှားတဲ့ နှစ်စဉ်နယ်ချီပြီး ဘုရားပွဲကျင်းပတဲ့ ရွှေတွင်းအောင်းစေတီကြီး ရှိတယ်။ ကျန်စစ်သား ပုန်းအောင်းတဲ့ နေရာမှာ တည်ထားတဲ့ တည်ထားလို့ ရွှေတွင်းအောင်းဘုရားလို့ ဘွဲ့တော် တွင်ပါသတဲ့။

ဘာပဲဖြစ်ဖြစ် အမြင့်ရွာမှာ ထူးခြားချက်က အဲဒီရွာမှာ တည်ရှိနေတဲ့ စေတီဟောင်း အများစုဟာ ပုဂံခေတ်အရည်းကြီးတွေ တည်ထားခဲ့တဲ့ စေတီတွေဖြစ်တယ်လို့ သမိုင်းပညာရှင်တွေရဲ့ ကောက်ချက်ချမှုပါပဲ။ အရည်းကြီးတွေဟာ အနော်ရထာမင်းရဲ့ ရန်ကို ကြောက်လို့ အမြင့်အရပ်မှာ လာရောက်ပုန်းအောင်းနေကြဖွယ် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီတော့ အမြင့်ရွာဟာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့တယ်ဆိုတာ ထင်ရှားသလောက် ပါပဲ.....။

ကျွန်တော်တို့ လက်လှမ်းမီတဲ့ သမိုင်းမှာတော့ အမြင့်ရွာ ဆိုတာ သခင်လေးမောင်နဲ့ ညိုမြတို့ရဲ့ ဇာတိချက်မြှုပ်တွေပါဘဲ။ သခင်လေးမောင်ဆိုတာ ပထစအစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီး ဖြစ်ခဲ့တဲ့ သူပါ။ နောက် အလုပ်သမားရေးရာတွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ၀န်ကြီးရာထူးက နှုတ်ထွက်လိုက်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်တာဝန်ကိုယ်သိပြီး ၀န်ကြီးရာထူးကနေ မိမိဆန္ဒအလျောက် နှုတ်ထွက်တဲ့ ၀န်ကြီးဆိုလို့ သခင်လေးမောင်တဦးပဲ ရှိပါတယ်။ သခင်လေးမောင်ဟာ အနုပဋိလောမ ရုပ်ဝါဒ(ဘာသာပြန်)၊ အလုပ်သမားလှုပ်ရှားမှုသမိုင်းစတဲ့ စာအုပ်တွေလည်း ရေးသားပြုစုခဲ့တယ်။

ညိုမြက အမြင့်ရွာသားတော့ မဟုတ်ပါဘူး။ အမြင့်ရွာရဲ့ တောင်ဘက် ဘောလုံးကွင်း ၂ ကွင်းစာလောက် အကွာမှာ တည်ရှိတဲ့ သောတာပန် ရွာသားပါ။ အိမ်ခြေ ၁၅ အိမ်လောက်သာ ရှိတယ် ထင်ပါရဲ့။ တကယ့် ရွာ မည်ကာမတ္တရွာကလေး။ ဒါပေမယ့် နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ သောတာပန်နတ်ပွဲဟာ နယ်တရိုးမှာ ထင်ရှားလှတဲ့ ပွဲတော်တပွဲပါပဲ.....။

ဦးညိုမြဟာ နှစ်စဉ် အဲဒီ သောတာပန်နတ်ပွဲရောက်တိုင်း အရပ်ကို အလည်အပတ်ပြန်လေ့ရှိတယ်လို့ အဆိုရှိပါတယ်။ ဒါ့ကြောင့် တချို့က နတ်ကတော်ကြီးပါကွာလို့ စွပ်စွဲတတ်ကြတယ်။ ဟုတ်ဟန်မတူပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ နှိုင်းမိလို့ပါ။ ကျွန်တော်လည်း ကျွန်တော်တို့ရွာ နတ်ပွဲကို နှစ်စဉ်လိုလို ပြန်တတ်လေ့ ရှိပါတယ်။ နတ်က ဘာနတ်မှန်းတောင်မသိလို့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ "ကိုကြီးကျော်တို့ပွဲ" ဆိုပြီး အက်ဆေးတပုဒ် ရေးသားလိုက်မိတယ်။ အဲဒီမှာ သူငယ်ချင်း မောင်ချိုက ဆဲပါလေရော...။ ကိုကြီးကျော် မဟုတ်ဘူးဟ ဘိုးတော်မြင်းဖြူရှင်နတ်ပွဲတဲ့။ ကျွန်တော့်အနေနဲ့ ဘာလို့ နတ်ပွဲကာလမှာ ရွေးချယ်ပြီး ရွာပြန် ရပါသလဲဆိုတော့ ဆွေမျိုးတွေ စုံလို့ပါပဲ။

နတ်ပွဲရောက်ရင် အရာတော်မြို့နယ် ဥသျှစ်ကျေးရွာက အဒေါ်နဲ့ အကို၊ နှစ်မတွေလည်း လာကြတယ်။ ဒီပဲယင်းမြို့နယ် တင်းတိမ်ရံရွာက အစ်မတွေ၊ တူမတွေလည်း လာကြတယ်။ မြောင်မြို့နယ်က မြောင်က ဦးကြီးတွေလည်း လာကြတယ်။ မန္တလေးက အစ်ကိုတွေလည်း လာကြတယ်။ ဒီတော့ ဆွေမျိုးတွေ စုံစုံညီညီကို တနေရာတည်း တပြိုင်တည်း တွေ့နိုင်တယ်လေ။ ဒါကြောင့် ရွာကို နတ်ပွဲကာလမှာ ရွေးချယ်ပြန်ဖြစ်နေခြင်းပါပဲ။ ဦးညိုမြလည်း ကျွန်တော့်လို ဖြစ်လိမ့်မယ်ထင်ပါရဲ့လို့ တွေးဆပြီး ဦးညိုမြ နတ်ကတော် ဟုတ်ဟန်မတူဘူးလို့ သုံးသပ်မိခြင်းပါပဲ..။

အဲဒီအမြင့်ရွာကို ကျွန်တော် နှစ်ခေါက်ရောက်ဖူးတယ်။ ၁၉၉၁ ခုက တခေါက်၊ ၂၀၀၁ ခုနှစ်က တခေါက်...။ ပထမအခေါက်က ကျွန်တော်တို့ ဂျာနယ်တွေ တခေတ်ပြန်လည်ဆန်းသစ်ချိန်မှာ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ အိုးဝေဂျာနယ်ကို ပြန်လည်ထုတ်ဝေကြဖို့ ကြိုးပမ်းစဉ်ကာလကပါ။ အဲဒီမှာ ကျွန်တော်ကလည်း ရွာပြန်ဖို့ ကြုံကြိုက်နေလေတော့... ညိုမြတို့ရွာကို ကြုံကြိုက်လို့မဟုတ်ဘဲ တခုတ်တရ သွားရောက်လေ့လာဖို့ စီစဉ်ခဲ့မိတယ်။ ရွာရောက်တော့ သူငယ်ချင်းကဗျာဆရာ မောင်ဆေးရိုးက ဖိုးစန်းကို ခေါ်သွားရင် အဆင်ပြေနိုင်တယ် ပြောတာနဲ့ ချောင်းဦးမြို့က ဖိုးစန်းဆီ ရောက်သွားမိတယ်။

အရင်ကတော့ သွားရလာရ အဆင်မချောလှဘူး။ (ခုတော့.. အမြင့်ရွာကို ချောင်းဦးမြို့ကနေ မြေသားလမ်း တိုက်ရိုက်ဖောက်လုပ်ထားလို့ သွားရလာရ အဆင်ပြေသွားပါပြီ။) ချောင်းဦးမြို့ကနေ စက်ဘီးနဲ့ (ခုခါလို ဆိုင်ကယ်ကလည်း မပေါများဘူး) လူသွားလမ်းအတိုင်း နင်းသွားရတယ်။ လူသွားလမ်းဆိုတာကလည်း လယ်ကန်သင်းရိုးအတိုင်း ကွေ့တိကောက်တောက် သွားကြရတဲ့ လမ်းတွေပေါ့။ ပေတရာလမ်းသာ စက်ဘီးစီးတဲ့ ကျွန်တော့်အဖို့ လယ်ကန်သင်းရိုးပေါ် စက်ဘီးစီးရတာ အခက်အခဲ တခုပါပဲ။ ပြီးတော့ ချောင်းတချောင်းကို စက်ဘီးတွေ လှေပေါ်တင်ပြီး ကူးကြရသေးတယ်။ မုံရွာမြို့ကနေ အမြင့်ရွာထိ ဖောက်လုပ်ထားတဲ့ ချင်းတွင်းမြစ်ရေ တားဆီးထားတဲ့ တာရိုးကြီးပေါ်ရောက်မှ စက်ဘီးလမ်းက ချောမောသွားတယ်။

အမြင့်ရွာရောက်တော့.. ဖိုးစန်းရဲ့ သူငယ်ချင်းအိမ်မှာ တည်းကြတယ်။ အဲဒီ သူငယ်ချင်းရဲ့ ဖခင်က အိုးဝေဂျာနယ်မှာ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ပြီး ဦးညိုမြနဲ့ အနီးကပ် နေထိုင်ခဲ့သူ ဖြစ်လေတော့ ကျွန်တော့်အတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားတယ်။ ပြီးတော့ စာပေ၀ါသနာရှင်တွေ ဖြစ်ကြတဲ့ ကိုဘသောင်း ကိုညွန့်သောင်းတို့နဲ့ တွေ့ဆုံရတာလည်း ဒုလ္လဘတခုပါပဲ။ သူတို့က... မုံရွာမြို့ကနေ လကျော်မဂ္ဂဇင်းတွေ စုပေါင်း ၀ယ်ပြီး လှည့်ပတ် ဖတ်ရှုနေကြတာလေ။

ကိုညွန့်သောင်းတို့ အိမ်ရှေ့ ဧရာမ မန်ကျည်းပင်ကြီးအောက် ၀ိုင်းဖွဲ့ထမင်းစားကြရင်း စာကြည့်တိုက် ဖြစ်ပေါ်ဖို့ အားတက်မာန်တက် စကားပြောခဲ့ကြတာ ခုချိန်ထိ သတိရနေမိပါသေး။ ဒုတိယအခေါက် ရောက်သွားတော့ အမြင့်ရွာမှာ "ညိုမြတို့ရွာ" ဆိုတဲ့ စာကြည့်တိုက် တည်ရှိနေလေပြီ။ ကိုဘသောင်း ကိုညွန့်သောင်း တို့ကိုလည်း တွေ့ခဲ့ရပါရဲ့။ သူတို့က သူတို့ရွာမှာ စာကြည့်တိုက်လေး ဖြစ်ပေါ်တည်ရှိလာပြီမို့ သေပျော်ပါပြီလို့တောင် ဆိုကြရှာတယ်။

ဖိုးစန်းရဲ့ သူငယ်ချင်းက ကျွန်တော်တို့ ရောက်သင့်ရောက်ထိုက်တဲ့ နေရာတွေအားလုံးကို လိုက်ပို့တယ်။ အနိမ့်ရွာကိုတောင် ရောက်ရှိလို့ သွားရပါသေးတယ်။ အနိမ့်ရွာဆိုတာက အာဇာနည် အရှင်ဦးဝိစာရရဲ့ ဇာတိရွာလေ။ (ရန်ကုန်မြို့တော်မှာ အထင်ကရလမ်းတခုဖြစ်တဲ့ ဦးဝိစာရလမ်းဆိုတာ အဲဒီ အာဇာနည် အရှင်ဦးဝိစာရကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ထားတဲ့ လမ်းပေါ့။) အနိမ့်ရွာက အမြင့်ရွာလို မြစ်နဖူးရွာ မဟုတ်ဘူး။ ကုန်းတွင်းရွာဆိုတော့ ခြောက်သွေ့သွေ့ပါပဲ။ ဦးဝိစာရကျောက်တိုင်ကြီးက ရွာလည်မှာ ထီးထီးမားမား ရပ်တည်နေလိုက်တာ။ အနိမ့်ရွာလေး ကျက်သရေအပေါင်းနဲ့ ပြည့်စုံသွားတော့တာပဲ။ မမျှော်လင့်ဘဲ ဘုန်းတော်ကြီး ဦးပညိန္ဒနဲ့ တွေ့ဆုံနေလို့ အနိမ့်ရွာမှာ တနေ့ခိုခဲ့ကြပါသေးရဲ့။

သောတာပန်ရွာက ညိုမြတို့ရဲ့ အိမ်နေရာဝင်းကိုလည်း ရောက်ခဲ့သေးတယ်။ အိမ်ကြီးကတော့ မရှိတော့ဘူး။ ဖျက်ပြီး ကျေးလက်ဆေးခန်းကို လှူလိုက်ပြီလို့ ဆိုပါတယ်။ အောက်ခံပလ္လင်ခင်းကိုပဲ တွေ့ခဲ့ကြရတယ်။

ရန်ကုန်ပြန်ရောက်တော့ ညိုမြတို့ရွာဆိုတဲ့ ဆောင်းပါးရှည်ကြီးကို ရေးသားမိတယ်။ ဒါပေမယ့်... အိုးဝေဂျာနယ်က အကောင်အထည် ပေါ်မလာခဲ့ဘူး။ ဂျာနယ်ထုတ်ဖို့ အိုးဝေဂျာနယ်ဆိုတဲ့ စာလုံးကို ရှိခဲ့ဖူးပြီးသား မူအတိုင်းတင်လိုက်တယ်။ အဲဒီမှာ စာလုံးပေါ်က "ကနေတဲ့ဒေါင်း" ပုံလေးကို ဖြုတ်ခိုင်းတယ်။ ခွင့်မပြုဘူး။ အဲဒီမှာ... အစဉ်အလာကို ထိန်းသိမ်းမလား။ ပယ်ဖျက်မလားဆိုပြီး ဆွေးနွေးကြတယ်။ ပယ်ဖျက်သင့်တဲ့ အစဉ်အလာ ရှိသလို ထိန်းသိမ်းသင့်တဲ့ အစဉ်အလာတွေ ရှိပါတယ်။ မပယ်ဖျက်သင့်ဘူး။ ထိန်းသိမ်းသင့်တယ် ဆိုပြီး ဂျာနယ်ကို မထုတ်ဝေ ဖြစ်တော့တာပါ။

ဒုတိယအခေါက်ကတော့ အမြင့်ရွာ ညိုမြတို့ရွာ စာကြည့်တိုက်မှာ စာပေဟောပြောပွဲ ပြုလုပ်လို့ ကျွန်တော်က နယ်ခံအဖြစ် လိုက်သွားခဲ့တာပါ။ ညိုမြတို့ရွာ စာကြည့်တိုက်မှာ နှစ်စဉ်စာပေဟောပြောပွဲ ကျင်းပနေ တာတဲ့။ လက်လှမ်းမီရာ မန္တလေးမြို့က စာရေးဆရာတွေပဲပေါ့။ ရန်ကုန်မြို့က စာရေးဆရာတွေဆိုရင် စရိတ်စကနဲ့ လက်ဆောင်ပစ္စည်း (ဟိုစဉ်ကတော့ နယ်ထွက်ပစ္စည်းလေးတွေ ပေးကြတာပါ။ ခုခေတ်မှာတော့ ငွေနှစ်သောင်း၊ သုံးသောင်းကျပ် ပေးကြရတယ်လို့ ဆိုတယ်) ပေးရနဲ့ဆိုတော့ မနိုင်ကြရှာဘူးပေါ့လေ။ ခုတော့ အကြောင်းတိုက်ဆိုင်လို့ ရန်ကုန်က စာရေးဆရာတွေကို ခေါ်ဖြစ်ကြတာ။

အကြောင်းတိုက်ဆိုင်တာက.... ဒီလို။ ကျွန်တော်တို့ မုံရွေး-ကြေးမုံ အလင်းရောင် စာပေဗိမာန် စာကြည့်တိုက်က ၁၉၅၁ ခု နိုဝင်ဘာ ၂၇ ရက်မှာ တည်ထောင်ခဲ့တာဆိုတော့ ၂၀၀၁ ခု နိုဝင်ဘာ ၂၇ ရက်ဆို နှစ် ၅၀ တင်းတင်း ပြည့်ပါတယ်။ ရွှေရတုသဘင်ပွဲ ကျင်းပဖို့ ကျွန်တော်တို့ ၁၉၉၈ ခုလောက်ကနေ ကြိုးစားခဲ့ကြတာ။ စာရေးဆရာတွေလည်း တက်ရောက်စေချင်တယ်လေ။ အဲဒီမှာ ဒေါ်ဒေါ် (လူထုဒေါ်အမာ)ရဲ့ မွေးနေ့ပွဲက နိုဝင်ဘာ ၂၉ ရက်။ မွေးနေ့ပွဲမှာ ရန်ကုန်က စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ အနယ်နယ် အရပ်ရပ်က စာရေးဆရာ၊ ကဗျာဆရာတွေ လာကြတယ် မဟုတ်လား။ အဲဒီတော့ ဘတ်စ်ကားတစီးနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ခေါ်မယ်။ ပြီးတော့ မန္တလေးမြို့ကို ပြန်ပို့ပေးမယ်။ အဲဒီစရိတ်လောက်တော့ ကျွန်တော်တို့ တတ်စွမ်းနိုင်တယ်ပေါ့။ အဲဒီမှာ စာရေးဆရာကြီးငယ်၊ ကဗျာဆရာ ကြီးငယ်တွေ အားတက်သရော လိုက်ပါလာကြလို့ ၀မ်းသာရပါတယ်။ ကျေးဇူးလည်း တင်နေမိတယ်......။

အမြင့်ရွာ ညိုမြတို့ရွာစာကြည့်တိုက်က တာဝန်ရှိကြတဲ့ သူတွေ ရောက်လာကြတယ်။ သူတို့ဆီ စာပေဟောပြောပွဲ ပြုလုပ်ဖို့ ကမ်းလှမ်းလာကြတာပါ။ အချိန်လည်း ပေးနိုင်၊ လိုက်ချင်စိတ်လည်း ပြင်းပြတဲ့ ကဗျာဆရာကြီး၊ စာရေးဆရာ ထက်မြက်၊ ကဗျာဆရာမ မအိ၊ လူငယ်ကဗျာဆရာတို့ လိုက်ပါလာကြတယ်။ ကျွန်တော်ကတော့ နယ်ခံလမ်းညွှန် အဖြစ်ပေါ့။ ပါပလေကာ အမိုးဖွင့်ကားလေးနဲ့ လာခေါ်တယ်။ ချောင်းဦးမြို့က ထွက်ပြီး အမြင့်ရွာရောက်သည်အထိ ဖုန်တလုံးလုံး အညာလမ်းပီသပါတယ်။ တော်ပါသေးရဲ့ လိုက်ပါလာကြသူ တွေက သူတို့ကိုသူတို့ ပြည်သူ့စာရေးဆရာ၊ ပြည်သူ့ကဗျာဆရာတွေ အဖြစ် ခံယူထားကြတဲ့ သူတွေမို့။

နယ်ခံတွေက ရွာမှာရှိတဲ့ စေတီ၊ ပုထိုးတွေကို လိုက်ပို့ကြတယ်။ ပြီးတော့ ညိုမြတို့ရွာ သောတာပန်ရွာလေးကို လိုက်ပို့ကြတယ်။ အဲဒီမှာ တမျှော်တခေါ်ကြီး ထန်းတောကြီးကို တွေ့ရ မြင်လိုက်ရတော့ အောက်သူအောက်သားတွေ ဖြစ်ကြတဲ့ ကဗျာဆရာမ မအိနဲ့ လူငယ်ကဗျာဆရာတို့ဟာ မင်တက်မိ အံ့သြကြလို့ပေါ့။ ဒါ့အပြင် ထန်းပင်တွေကြားမှာ ၀ိုင်းဝိုင်းစက်စက် ရွှေလမင်းကြီးကလည်း ထွန်းလင်းလို့လေ။ အောက်သူအောက်သားတွေ မပြောပါနဲ့ အညာသားဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် အညာရဲ့ ည အလှရှုခင်းကို ဖွတ်မေ့ ပတတ်မေ့ဆိုတာလို ငေးမောမေ့နေမိတော့တယ်။

အပြန်ခရီးလမ်းမှာတော့ ကျွန်တော့်အနေနဲ့ ညိုမြတို့ရွာ စာကြည့်တိုက်အကြောင်းကို စဉ်းစားနေ မိတယ်။ စာကြည့်တိုက်က၊ ဆရာဝန်ဘွဲ့ရပြီး အလုပ်မရခင်စပ်ကြား ရွာကို ပြန်ရောက်လာတဲ့ ဆရာဝန်လေးက ငွေအား၊ လူအား စိုက်ထုတ်ပြီး အားလုံးဝိုင်းဝန်းကူညီကြလို့ ဖြစ်ထွန်းလာတာပါတဲ့။ ဆရာဝန်လေး ရှိစဉ်ကတော့ စာပေဟောပြောပွဲကျင်းပဖို့ မဲမတင်းရပေမယ့် အခု ဆရာဝန်လေးက အလုပ်တာဝန်ရှိရာ သွားရလေတော့ စာပေဟောပြောပွဲ ကျင်းပဖို့ အခက်အခဲ ဖြစ်လာရပါသတဲ့။ ဆရာဝန်လေးရဲ့ စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ စာကြည့်တိုက်ကိုတော့ ရေရှည်တည်တံ့အောင် ကြိုးစားအားထုတ် သွားရမှာပါတဲ့လေ။

ဒီမှာ ကိုတာကို သွားပြီး သတိရမိသေးတယ်။ ကိုတာလည်း ဆရာဝန်ဘွဲ့ရပြီး အလုပ်မရခင် စပ်ကြား ရွာကို ပြန်ရောက်လာတယ်။ မုံရွေး-ကြေးမုံ ကျေးလက်ဗျောတည်ထောင်တယ်။ မောင်းထောင်ရွာသွားပြီး ကောက်စိုက်တေးတွေ စုဆောင်းကြ။ အရာတော်နယ်သွားပြီး ပေါင်းပေါက်တေးတွေ စုဆောင်းကြ။ မုံရွာကိုလေးခန့်ကို ဖိတ်မန္တကပြုပြီး ကျေးလက်တေးတွေ အသံသွင်းကြ။ တီးလုံးတိုက်ကြ။ နောက် မြန်မာ့အသံတည်ရှိရာ ရန်ကုန်မြို့တော်အထိတက်ရောက်ပြီး အသံသွင်းကြ။ ကျေးလက်ရဲ့ ဂီတသံတွေ တည်တံ့ပျံ့နှံ့ဖို့ ကြိုးစားရှာတဲ့ ကိုတာရဲ့ စေတနာပဲပေါ့။ ဒါပေမယ့်လည်း ကိုတာ ခန္တီးမှာ အလုပ်ရရှိလို့ ပြောင်းရွှေ့သွားတဲ့နောက် လူအား ငွေအား ၀ါယမ မစိုက်ထုတ်နိုင်လေတော့ မုံရွေး-ကြေးမုံ ကျေးလက်ဗျောဟာ ပြိုကွဲ သွားရတော့တယ်။

ကျွန်တော့်အနေနဲ့တော့ ဘယ်အရာမဆို ခေတ်ရဲ့တောင်းဆိုမှုအရ ဖြစ်ထွန်းပေါ်ပေါက်လာကြတဲ့ အရာတွေသာ ရေရှည်တည်တံ့မှု ရှိနိုင်တယ်လို့ သုံးသပ်မိတယ်။ ရှိသင့် ရှိအပ်တယ်ထင်လို့ တကိုယ်တော် ကြိုးစားအားထုတ်မှုတွေဟာ အဲဒီပုဂ္ဂိုလ် ရှိစဉ်သာ တည်တံ့နေပြီး အဲဒီပုဂ္ဂိုလ် မရှိတော့ရင် ပြိုလဲသွားတတ်ကြ တယ်လို့ သုံးသပ်မိပါတယ်။

အမြင့်ရွာက ညိုမြတို့ရွာ စာကြည့်တိုက်ဟာ ရှိသင့် ရှိအပ်တဲ့ အရာတခုပါပဲ။ စတင်တည်ထောင်သွားတဲ့ ဆရာဝန်လေး အလုပ်ရှိရာ ရောက်သွားပေမယ့် ညိုမြတို့ရွာ စာကြည့်တိုက်လေး ရွှေရတုပွဲ ဆင်နွှဲနိုင်ပါစေ။ စိန်၇တုပွဲတိုင် ချီတက်နိုင်ပါစေလို့သာ......။

ကိုလေးမြတ်။
[ပိတောက်ပွင်သစ်-စာပေအနုပညာ မဂ္ဂဇင်း၊ အမှတ် ၃၃၊ သြဂုတ်လ၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။]
[မာယာမှာ တင်ပြဖူးတဲ့ မောင်မင်းရာ ရဲ့ ပေါရီတို့ ရွှေလှေရွာ ကိုလည်း ပြန်လည် ဖတ်စေချင်ပါတယ်။ ]

စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၃)
ရေးသူ- မောင်အေးဝင်း



"ပုလဲရည်မိုးပေါက်တို့ လောကမြေပြင်ကို ချီးမြှောက်သည့် ပျိုးပေါက်သစ်ပင် မြသစ်လွင်ရာ နယုန်ကြွေမူး ၀ါဆိုဦးတွင် မုတ်သုန်လေရူးနှင့်အတူ မေရီတယောက် တက္ကသိုလ်သို့ ရောက်ခဲ့လေသည်..."

"ညောင်းရွက်တို့ ကြွေသည်နှင့်အမျှ ပရစ်ဖူးတို့ သစ်ဦးလေသော ဆောင်းကူးနွေစ တပေါင်းလ အခါသမယပင် ဖြစ်တော့သည်..."

ကလေးဘ၀မှာ စာတွေဟိုဖတ်ဒီဖတ်နဲ့ လျှောက်ဖတ်တဲ့အချိန်က ဒီစာသားတွေဟာ ကိုယ့်ကို အတော်ဖမ်းစားခဲ့တာ။ အဖုံးလှလှ ကော်ပီစာအုပ်တွေ ၀ယ်၊ ဖတ်မိတဲ့စာအုပ်တွေထဲက ကြိုက်တာတွေကို ကျောင်းစာမှတ်စု ကူးသလို ကူးထည့်။ ကူးထည့်ခဲ့တာတွေ အများကြီးထဲမှာ ကူးသလောက် စာတွေရဲ့အဓိပ္ပါယ်ကို အပြည့်အစုံ နားလည်တဲ့ အရွယ်တော့ မဟုတ်သေး။ ကဗျာဆန်တယ်၊ ကဗျာကို ချစ်တယ်။ စာသားလှတယ်ဆို ကူးထားလိုက်တယ်။ စိတ်ကူးတွေ အတော်ယဉ်ခဲ့တာ။
၇ တန်း၊ ၈ တန်း လောက်က ကျောင်းမှာ စာစီစာကုံးတွေ ရေးရရင်၊ ကိုယ့်မှတ်စုစာအုပ်ထဲက ကိုယ်အလွတ်ရနေတာတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင်၊ ဇွတ်ထည့် ပစ်လို့ မကြာခဏ ဆရာ့မှင်နီနဲ့ အခြစ်ခံရ၊ အဆူခံရတယ်။

'ပုလဲရည်မိုးပေါက်........' (ညီမလေးရယ်စိုးရိမ်မိတယ်) ဟာ ပထမဆုံး ဖတ်ရတဲ့ တက္ကသိုလ်ဘုန်းနိုင် စာအုပ်လို့ ထင်တယ်။ အဖုံးက ငွေရောင် ပန်းချီသရုပ်ဖော်ပုံကလေးလား မပြောတတ်ဘူး။ လှပတယ်လို့ ထင်ရတဲ့ စာသားတွေကို ကြိုက်ခဲ့တာကလွဲလို့ ၀တ္ထုဇာတ်လမ်းက ကိုယ့်ကို သိတ်မစွဲလို့ မမှတ်မိဘူး။ တကယ်ကြိုက်ခဲ့တာက "စိမ်းနေဦးမည့် ကျွန်တော့်မြေ"။ သူ့ကို အတော် စွဲတာ။ ဘုန်းကြီးကျောင်းသား ငသန့်စင်နဲ့ လောကဓာတ်ကျောင်းသူ မလေးနွယ်။ အရူးကြီး ကိုပု၊ ဥသျှစ်သီးတွေ တလုံးပြီးတလုံးထုကျွေးပြီး၊ ချီးအလှပြိုင်ပွဲပုံပြင် ပြောတဲ့အကြောင်း၊ ဒုတ်ပီး ဓါးပီးတဲ့ ခြသံအကြောင်း.....။ အမြှုပ်ထွက်တဲ့ သွားတိုက်ဆေး၊ ချော့ကလက်၊ အရိုးပါစားလို့ရတဲ့ ငါးသေတ္တာ တို့ကို တအံ့တသြ ပြောပုံတွေ။ သူကြီးဟောင်းရဲ့သားနဲ့ အာဏာရ သူကြီးသမီးတို့ ဇာတ်လမ်း။

စွယ်တော်ရွက်ကို ရှာပြီး၊ စာအုပ်ကြားမှာ ညှပ်... နှစ်လွှာပေါင်းမှ တရွက်ဖြစ်သလေး.. ဘာလေးပေါ့။ "လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒာနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့....." ခိုင်ယူလာဖတ်ပြတဲ့ စာအုပ်မျိုးကို ရှာပြီး ဖတ်ကြည့်ရသေးတယ်။

ခိုင့်ကို ပေးဖို့ ငြိမ်းမောင်အတွက် မောင် ရေးပေးတဲ့စာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ master piece ပါပဲ။ "အစက ဘယ်မှာ- အဆုံးကဘယ်ဆီ မသိနိုင်ပြီတဲ့ သံသရာကြီးနဲ့ ချီပြီး၊ အတီတေ ဘယ်ဘ၀က ဘယ်လိုစခဲ့တဲ့ သံယောဇဉ်ပါလို့ ကိုယ့်မှာ ပြောနိုင်ခွင် မရှိပါဘူး ခိုင်။ ဒါပေမယ့် ဆယ်ကျော်နှစ်က ကျွမ်းချစ်သဒ္ဓါကြိုးသူမှာ လို့တော့ သူတကာထက် လွန်ပြီး မေတ္တာသက်ကို ရေတွက်ပြနိုင်သူပါ ခိုင်...." ဘယ်လောက်များ စွဲငြိစရာ ကောင်းလိုက်ပါသလဲ။ သူ့ကို ကိုးကားအသုံးချရတဲ့ ဖြစ်စဉ်များကိုတော့ ရေးမနေတော့ပါဘူး။

နောက်တော့ တက္ကသိုလ်ဘုန်းနိုင်တွေကို တအုပ်ပြီးတအုပ် အရူးအမူး စွဲခဲ့တာ။ သူ့စာအုပ်တွေကလည်း အဖုံးက သရုပ်ဖော်ပုံမှာ ကဗျာအတိုအစ စာအလှအပတွေ အမြဲပါတယ်။ လွမ်း။ သူငယ်ချင်းလို့ဘဲဆက်၍ ခေါ်မည်ခိုင်။ ကမ္ဘာကုန်ကျယ်သရွေ။ မောင်ဘ၀ညအလားကွယ်။ ပိတောက်နှင့် ကြိုနေပါမည်မာရီယာ။ လွမ်းတေးမဆုံးစေနှင့် စောသခင်။ မိုးညအိပ်မက်မြူ။ ချစ်သောဤကမ္ဘာ။ နောက်တော့... နည်းနည်းကြီး လာတော့မှ နွေကန္တာဦး၊ ၀သန်လေချိန်မှန်ကူး၊ တပြည်သူမရွှေထား၊ နှင်းငွေတထောင့် မိုးတမှောင့်တို့ ဘာတို့ ဖြစ်လာတာ။

"လကလေးကလည်း သာနေမယ်၊ ကြယ်တွေကလည်း လင်းလက်နေမယ်။ ဒီလိုညမျိုးမှာ အိပ်စက်လိုက်ရင် လကိုရော.. ညကို ရော နှမြောဘို့ ကောင်းပါတယ်" တဲ့။ မိုးညအိပ်မက်မြူထဲမှာ မောင်ညိုမှိုင်း ပြောတာ ထင်တယ်။ ဒါမျိုးကို လသာတဲ့ ညတွေမှာ သူ့ကိုတုပြီး ပြောခဲ့ ဖူးတာပေါ့။ "ချောတယ်လှတယ်ဆိုတာ တကယ်တော့ ပုဂ္ဂလိက စိတ်တ္တဇအမြင်ပါ....." တဲ့။ သူလည်း ပါတယ်။

ညီမလေးရယ်စိုးရိမ်မိတယ်ကို ပြန်ဖတ်ဖြစ်တာ သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင် ကြောင့်။ ခိုင် စာအုပ်ထဲမှာ မောင်နဲ့ ခိုင် အင်းလျားကန်စပ်ကို လမ်းလျှောက်ထွက်ရင်း ခိုင် မေ့လဲသွားတော့ ကားကြုံတင်ပြီး အိမ်ပြန်ပို့ပေးတဲ့ လင်မယားမှာ ဇနီးဖြစ်သူက မေဘယ်လ်လွင်။ တက္ကသိုလ်ဘုန်းနိုင်က မေဘယ်လ်လွင် အကြောင်းကို ညီမလေးရယ်စိုးရိမ်မိတယ်မှာ ဖော်ပြပြီးလို့ ညွှန်းဆိုလိုက်တာကိုး။ ကိုယ်က ညီမလေးရယ်စိုးရိမ် မိတယ် ဇာတ်လမ်းကို ခပ်မေ့မေ့ ဖြစ်နေလို့ ပြန်ဖတ်ရတာ။

အမေရိကကို ကိုယ်ရောက်တော့ အလည်အပတ်အဖြစ် ပထမဆုံးရောက်သွားတဲ့နေရာဟာ Long Beach ဆိပ်ကမ်းတနေရာမှာ ရာသက်ပန် ကျောက်ချလိုက်ပြီး ပြတိုက်တပိုင်း ဟိုတယ်တပိုင်း လုပ်ထားတဲ့ Queen Mary သင်္ဘောကြီးပေါ့။ လော့စ်အိန်ဂျယ်လိစ်ရဲ့ ကြည့်ရှု လည်ပတ်စရာတွေထဲက တခုပါ။ ဒီမြို့မှာ နေထိုင် အခြေချနေတဲ့ ညီမတွေက ရောက်ခါစ ကိုယ်ပျင်းနေမှာစိုးလို့ အိမ်နဲ့လည်း သိတ်မဝေး၊ ၀င်ကြေးအဖိုးအခ လည်း သိတ်မပေးရတဲ့ နေရာတခုကို အရင်ဆုံး ခေါ်သွားတာ။

Queen Mary လို့ ကြားလိုက်ရကတည်းက ကိုယ့်ရဲ့ အိပ်မက်ထဲက ကိုစောနိုင်တို့၊ စောစန္ဒာနွယ်နဲ့ စောဝ်ခိုင်ဖတို့ စီးလာခဲ့တဲ့ ဘုရင်မမေရီ သင်္ဘောကြီးမှန်း တန်းသိလိုက်တယ်။ ကိုယ့်နှုတ်မှာစွဲ ခေါင်းထဲမှာမြဲနေတာ Queen Mary ဆိုတဲ့ အခေါ်အဝေါ် မဟုတ်ဘူး။ တက္ကသိုလ်ဘုန်းနိုင် သုံးခဲ့တဲ့ စကားလုံးဖြစ်တဲ့ "ဘုရင်မ မေရီ"။

ကိုစောနိုင်ဟာ အမေရိကန်ပြည်ထောင်စုကနေ ဂီတပညာသင်ပြီး ဘုရင်မမေရီ သင်္ဘောကြီးကို စီးကာ ပြည်တော်အပြန်မှာ စောစန္ဒာနွယ်နဲ့ အလွမ်းတေးတွေ သီခဲ့တာ။ "လွမ်းတေးမဆုံးစေနှင့်စောသခင်" တဲ့။ ဘယ်နှစ်ခါ ဖတ်ဖတ်၊ ဘယ်တော့ ဖတ်ဖတ် မရိုးတဲ့ စာအုပ်ပေါ့။ ရူပဗေဒကထိက ဆရာခင်ဦးလှိုင်၊ မန္တလေး တမ္ပ၀တီရပ်က ကျောင်းဆရာကိုမိုးလှိုင်နဲ့ ကိုစောနိုင်ရဲ့ ကမ္ဘောဇခရီး။ လွမ်းမောဖွယ်ရာ......။

'ကမ္ဘာကုန်ကျယ်သရွေ့ဝယ်' စာအုပ်ထဲမှာ ဇာတ်လိုက်က သက်ခိုင်၊ ဇာတ်လိုက်သူငယ်ချင်းက အေးဝင်း။ သူ့နဲ့ မရှေးမနှောင်းထွက်တဲ့ တက္ကသိုလ်ခင်မောင်အေး ရဲ့ 'ကံ့ကော်တောကို စွန့်ခဲ့ပြီ'၊ 'ကံ့ကော်တောနှင့် ဝေးခဲ့ပြီမှ'။ ဒီနှစ်အုပ်မှာ 'ကမ္ဘာကုန်ကျယ်သရွေဝယ်' ထဲက ဇာတ်ကောင်တွေပဲ။ ဒါပေမယ့် အေးဝင်းက ဇာတ်လိုက်၊ သူငယ်ချင်းက သက်ခိုင်။

ဒီဝတ္ထုတွေထဲက ဇာတ်ကောင် သက်ခိုင်နဲ့ အေးဝင်းတို့ ၀တ်စားဆင်ယင်မှုကို အားကျပြီး ရှပ်အင်္ကျီအဖြူ ကော်လာလည်ကတုံးကို ကြယ်သီး အစေ့တပ်၊ ယောပုဆိုးအကွက် စိပ်စိပ်အနီရောင်၊ တိုက်ပုံအင်္ကျီအနက် ၀တ်လိုက်သေးတယ်။ လေယာဉ်ပေါ်မှာ ကိုသက်ခိုင်က လေယာဉ်မယ်ကို အော်တိုဂရပ်ဖ်မှာ ရေးပေးတဲ့ "ထာဝစဉ် ကျန်းမာရွှင်လန်း၍ မြင်သူတိုင်းအတွက် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ပါစေသတည်း..." စာလေးကို အသေမှတ် အလွတ်ကျက်ပြီး ကိုယ့်ကို အော်တိုလာရေးခိုင်းရင် အဲဒီအတိုင်းတောင် ရေးပေးခဲ့ဖူးပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇာတ်ကောင်တိုင်းလိုလိုဟာ စာပေ၊ ဂီတကို ၀ါသနာပါတယ်။ ဂီတပစ္စည်းတခုခုကို တီးခတ်တတ်တယ်။ ပညာတတ်တယ်။ ကိုယ်ကျင့်တရား ကောင်းတယ်။ ကိုယ် စာပေနဲ့ ဂီတကို နှစ်သက်စွဲလန်းပြီး ၀ါသနာထုံခဲ့တာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကျေးဇူးလို့ တထစ်ချ ပြောနိုင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တို့ ညီအကိုက စန္ဒယားကို ခြောက်တန်းလောက်ကနေ ဆယ်တန်းရောက်တဲ့ အထိ အိမ်မှာ ဆရာနဲ့ အတီး သင်ခဲ့ရတာ။ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် ဖတ်ပြီး၊ ၉တန်းနှစ်မှာ ကိုယ်တို့ စန္ဒယားဆရာ သထုံကြည်ကို "ကြိုင်မြိုင်ခိုင်လုံးရယ်....." မြိုင်ထ သီချင်းသင်ပေးဖို့ ပူဆာလို့ ဆရာက အဲဒီ မြိုင်ထကို သင်ပေးခဲ့တယ်။ တခါတခါ စိတ်ကူးနဲ့ ရူးပြီး တက္ကသိုလ်ဘုန်းနိုင်ဇာတ်ကောင်လို ညလယ်သန်းခေါင် ထပြီး "သာဆန်းရဂုံဘွေ"၊ "ချစ်သမျှကို" "ယမုံနာ" တီးရင် တီးပစ်တာ။ မိုးတွေရွာတဲ့အခါ ဖီလင်တွေ တက်ပြီး ဒေါ်စောမြအေးကြည်ရဲ့ "အို.. မျက်မာန်တော်ညှိုး လိုက်ပါနဲ့....ခိုကိုးသူပါ..၊ မိုးနတ်ဒေ၀ါ..။ ကိုမြကြီးရဲ့ "မိုး'' တို့နဲ့ ဖီလင်ယူပစ်တာ။

ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဒါမျိုး ပြန်လည်း မရတော့ပါဘူး။

မောင်အေးဝင်း
၂၀၁၀ စက်တင်ဘာလ။

Friday, September 10, 2010

ခပ်ပါးပါးအလင်းခွံ
ရေးသူ- မောရူးဆိုး




မှိုတက်တဲ့ မျက်နှာမှာ
ရှက်စရာမသိ
မှိုဖျက်တဲ့ မျက်နှာမှာ
သက်သာဖွယ်မရှိ။


ချေးညှော်စွန်း အဖုံးချပ်
ဖျတ်ခနဲ ကွာကျတဲ့အခါ
အမှတ်မရှိ
ခပ်ရိရိ ချဉ်ဖတ်တထုပ်လို
ပစ်လည်းခက် စားလည်းခက်မို့
နေ့ဖို့ညစာ သံယောဇဉ်
ရှင်သေ သေတဲ့ သီချင်းနဲ့
ထမင်းစားကြတာပေါ့။

ကမ္ဘာကျဉ်းကျဉ်းထဲက သမ္ဘာ
နေစရာရှိတုန်းပါပဲ။

သောက်ရေအိုးစင်ပေါ်မှာ
ဖျားနာကင်းခဲ့ပြီ
မျှော်လင့်ခြင်း ကင်းခဲ့ပြီ
ပြီတီတီ လမ်းမများတို့
ခရီးဝေးဝေး ရောက်ခဲ့ပြီးနောက်။

ပန်းပွင့်များ၏ မွှေးရနံ့သည်
ပြင်းထန်သည့် အပုပ်နံ့ ပမာ
သစ်ရွက်ကြွေတို့၏ အရောင်သည်
တောက်လောင်သည့် မီးညွန့်ပမာ
မိုးစက်တို့၏ မြေသင်းမှုန့်သည်
လွင့်ပျံ့သည့် မီးခိုးပမာ။

ကျွန်ပ်တို့၏ သစ်ပင်များ
ရွှေမချအားတော့ပါ။ ။


မောရူးဆိုး
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၃၃ သြဂုတ်လ၊ ၂၀၁၀]

Thursday, September 9, 2010

အော်သံ
ရေးသူ- မိနှောင်း



ငါဖမ်းလိုက်ရမှာလား
ငါရှောင်လိုက်ရမှာလား
မျက်နှာချင်းဆိုင်တွေ့နေရတဲ့
ကြောက်မက်ဖွယ်အသံနက်ကြီးနဲ့
မောဟိုက်စွာအော်ဟစ်ပြေးလွှားလာတဲ့
မင်းကို
ငါဖမ်းလိုက်ရမှာလား
ငါရှောင်လိုက်ရမှာလား


ခနော်နီခနော်နဲ့
တံတားကျဉ်းကျဉ်းလေးပေါ်မှာ ပြေးလာနေတဲ့မင်း
မင်းလာရာတံတားရဲ့အဆုံးကို
ငါ အထိတ်တလန့် လှမ်းကြည့်တော့
အလို......
အက်ကွဲခြောက်ကပ်စွာရယ်နေတဲ့
ကြောက်မက်ဖွယ်ကောင်းကင်တိမ်လိပ် မိုးကြိုးနှင်တံတွေ
အပြည့်ပါလား
(ဒီကမ္ဘာမှာ ဒိထက်ကြောက်မက်ဖွယ်အကောင်းဆုံး
နောက်ခံကား မရှိဘူး)
အဲဒီမှာတုန်းက
မင်းရဲ့စိတ်အကျဉ်းထောင်ကို
ကိုယ့်ဟာကိုယ်ဆောက်ခဲ့မိလို့လား

ဒါမှမဟုတ်
ပုပ်အဲ့အဲ့တုန်ခါမှုတွေက
မင်းရဲ့လည်မျိုကို ဖြတ်ဖြတ်ရိုက်ခဲ့လို့လား
မင်းပိန်လိုက်တာ
မင်းဟာဘာဖြစ်လို့ နာနာဘာဝတကောင်နဲ့
တူနေရတာလဲ
မင်းဟာ လူနဲ့တောင် မတူတော့ဘူး
(တကယ်လို့ ငါတို့အားလုံး မင်းနဲ့တူသွားပြီဆိုတာနဲ့
တပြိုင်နက်တည်း မင်းဟာ
တို့လိုလူဖြစ်သွားကောင်းပါရဲ့)
ထား.....
အီသီယိုပီးယားက မင်းလာတာလား
သူကဖြေ၏။
မောဟိုက်တုန်လှုပ်စွာဖြေ၏
"မဟုတ်ဘူး အီသီယိုးပီးယားကလာတာ မဟုတ်ဘူး
ဟုတ်တယ် အီသီယိုးပီးယားကလာတာ ဟုတ်တယ်"
လာ လာ လာ လာ မြန်မြန်လာဆိုပြီး
ငါက သူ့ကို ရင်ခွင်ထဲထည့်ပြီး ထွေးပိုက်လိုက်တယ်
ပြီးတော့ ပွဲနေပွဲထိုင် ပုဝါစနဲ့ သူ့ချွေးတွေကို
သုတ်ပေးလိုက်တယ်
သူ့အစာအိမ်နဲ့ ငါ့အစာအိမ်ကို ချက်ချင်းလဲပေးလိုက်တယ်
ပြီးတော့
ငါ....
သူ အပြေးအလွှားမောဟိုက်စွာ အော်ဟစ်ဖြတ်သန်းလာခဲ့ရတဲ့
တံတားရဲ့ အဆုံးဆီသို့ ငါ စတင်ပြေးလွှားလိုက်ပြီ။ ။

မိနှောင်း။
[ပန်းအလင်္ကာ စာပေမဂ္ဂဇင်း၊ အမှတ် (၃)၊ ၂၀၁၀ ဧပြီလ]

Tuesday, September 7, 2010

တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ
ရေးသူ- သန်းမြင့်အောင်




ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘ၀ လူ့အဖွဲ့အစည်းကြားမှာ အနေကြာလာတာနဲ့ အမျှ ကျွန်မရဲ့ ခြေလှမ်းတွေက မှန်းဆလို့ မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ် ချိုးနှိမ်ရင်း ဘ၀အမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။

ဒုလ္လဘတပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘ၀တလျှောက်မှ လူသားတို့၏ အို၊ နာ၊ သေ၊ ၀ုဋ်ဒုက္ခသည်ကား ဘ၀၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွှဲ၍ မရလေသော အကြောင်းတရားများ ပင်တည်း။


ထိုရှောင်လွှဲ၍ မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြသော သူတို့အတွက် ၎င်းတို့၏ ဘ၀တလျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတို့ ပျောက်ကွယ်ပျက်သုဉ်း၍ ပျော်ရှင်မှု မဲ့ခဲ့လေသော အထီးကျန်ဘ၀သို့ ရောက်ကြရလေသောအခါ ......

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် (၇)နှစ်တာ ကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံ သယ်ယူပို့ဆောင် ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအစ်ကို မောင်နှမ များအတွက် လူသားတယောက်၏ ဘ၀နိဂုံး အဆုံးသတ်ချိန်တွင် အကြောင်းတရား အမျိုးမျိုးနှင့် လူ့ဘ၀ထဲမှ ထွက်ခွါသွားကြသူပေါင်း များစွာကို တွေ့မြင်ခဲ့ကြရသလို၊ ကျန်ရစ်သူတို့၏ ဘ၀ရှင်သန်မှုများစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ရခြင်းမှ တဖန် ပဟေဠိပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။

မိသားစုပေါင်း များစွာထဲက ထွက်ခွါနေကြသည့် တယောက်ချင်းသော ဘ၀ကူးကောင်းသည့် မကောင်းသည့် သူတွေ၏နောက်မှာ-

"ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ"
"သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့"
"ကျုပ်တို့ရဲ့ ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့" စသည့် အသံပေါင်း များစွာက ဘ၀ကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အားတစုံတရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တသက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ ကျေးဇူးတရားနှင့် ခိုင်မြဲသော မေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့် သောကဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာ နားလည်နိုင်ကြပါသည်။

ကျွန်မအတွက် တကယ်တမ်း ရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး မေ့ပစ်၍ မရနိုင်သည့် ထွက်ခွါသွားကြသူတို့နှင့် ကျန်ရစ်ခဲ့ကြသူ အချို့၏ ဘ၀များသည်ကား....

အချိန်ကာလကို အတိအကျ ပြောမပြလိုပေမယ့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင် ဖြစ်သည်။

ပထမဦးဆုံး ကျွန်မရင်ထဲကို ၀င်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အိုတဦးကား ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့ အလျော့လျော့ ဖြစ်နေပြီ ဖြစ်သော သူပိုင်တိုက်ခန်းတခန်း၏ အတွင်းမှာ ဖြစ်သည်။ ၆ ပေ - ၉ ပေ ခန့် နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ရဖူးခြင်းကြောင့် ဖြစ်သည်။

တင်ပဆုံရိုး ကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွား အစဉ်အဆက် ဆွေမရှိ မျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ၊ ကလေးဘုစုခရုနှင့် အဘိုးကြီး အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (၇၈) နှစ်က ညီမ (၇၅) နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေ ရောက်လာသည်။ တနေ့ ထိုအကိုကြီး ဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာ ကောက်ရိုးတမျှင်ပင် လက်လှမ်း၍ မမီနိုင်လောက်အောင်ပင် သောက ရောက်ရတော့သည်။

မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီး နောက်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အယောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါး သွားရပြန်ပါသည်။

အကွက်မပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏ နောက်မှ မှောင်မိုက်မိုက်အခန်းကလေး ထဲတွင် ရေမိုးချိုးပေးမည့်သူ မရှိ၊ ဆံပင် ဖြီးသင်ပေးမည့်သူ မရှိ၊ ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်းကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တခါပြင်စာကလေး ပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့် အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေး သည်။ သည်အဖွားအိုနှင့် အသိအကျွမ်းဖြစ်ခဲ့ဖူးသော စာပေနယ်မှ ကျွန်မ၏ အစ်မကြီးကဲ့သို့သော ဆရာမကြီး တယောက်ကြောင့် ထို ဒုက္ခိတ အဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ် ပတ်သက်ခဲ့ရဖူးခြင်း ဖြစ်သည်။

"မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူး ညီမရေ၊ သူတို့ သိက္ခာကျ တယ်လို့ ယူဆတယ် ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတယောက်လိုပဲ အပေါ့အလေး စွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကာကြားက ထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီ ရောက်အောင် သွားရတာ။ လမ်းမှာ ထွက်ကျလို့ ပေကျံရင်လည်း ငြိုငြင်ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာစိုးလို့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲ ရှာပါဘူး။ အဲဒီအဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့ မီးခြစ်ပဲ။ မမက တလ တခါ ဖယောင်းတိုင် အသေးကလေးတွေရယ်၊ မီးခြစ်ရယ်နဲ့ အ၀တ်အစားတစုံ၊ ပြီးတော့ မုန့်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာ စားရအောင် ပိုက်ဆံကို အကြွေကလေးတွေ အမ်းပြီး အဲဒီ အိမ်သားတွေ ငြိုငြင်နေတဲ့ ကြားကပဲ သွားသွားပို့ပေးနေရတယ်။ သူ့ အခန်းကလေးထဲမှာက နေ့ည မပြတ် ဖယောင်းတိုင် ထွန်းထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြွက်တွင်းပေါက် နဲ့ ပြည့်နှက်ပြီး မြေကြီးတွေ အမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှ မရှိရင် မြေကြွက်တွေက လူကို လာလာ ကိုက်နေလို့ပဲ"။

အို ဖြစ်မှ ဖြစ်ရလေနော်၊ ကျွန်မရင်ထဲ ကျင်ခနဲ ဖြစ်သွားခဲ့သည့် ထိုခံစားချက်က ခုချိန်ထိ မပြေနိုင်သေးပါ။

"ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တလတကြိမ် ပို့ပေးတဲ့ တပတ်ရစ် ၀တ်စုံတစုံက တလလုံးအတွက် တခါသုံး ပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမယ့် မုန့်ဝယ်မဲ့ ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခ ပေးရတဲ့ ပိုက်ဆံပါ အတိအကျ ပေးလိုက်မှ၊ နို့မဟုတ်လို့ ပြန်အမ်းရမယ့် ငွေစက္ကူ ပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူး ဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာ နေရာက မရှိ၊ သူနဲ့ အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာ ခေါင်းပါးတော့ အရင်တုန်းက သူ့ကို မြင်ဖူး သိခဲ့ဖူးတဲ့ လူအချို့ အဲဒီ ပတ်ဝန်းကျင်မှာ ရှိနေသေးရင်တောင် ဒီတိုက်ခန်းကလေးရဲ့ နောက်ဘက် အမှောင်ထဲမှာ ဒုက္ခိတ အမေအိုကြီးတယောက် ရှိနေသေးတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး။ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်"

နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုပ်ကုပ် မျက်နှာတွေကြားမှာ တလတကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။

ချေးအထပ်ထပ်နှင့် ဂျပ်ခဲ လိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အ၀တ်အစားများနှင့် ပိန်လှီလှီချိနဲ့နဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မှိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။

ကျွန်မနှင့် အခါများစွာ တွေ့ပြီးသောတနေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွါခွင့် ရသွား ရှာလေသည်။ ထိုအခါ ကျွန်မသည် သံယောဇဉ်ကြိုးတမျှင် ကြားမှပင် ၀မ်းပမ်းတသာ ရေရွတ်လိုက်မိသည်မှာ-

"၀ဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်" ဟုသာ.....။

xxxxxxxxxxxxxxx xxxxxxxxxx xxxxxxxxxx

ဒေါ်ကျော့မြိုင်
အသက် (၅၅) နှစ်

အမည်က "ကျော့" ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ ကလေးထဲက မဟုတ်တာ သေချာပါသည်။ ထိုဈာပနကိစ္စကို သင်္ဂြီုဟ်ပေးရန် သွားရောက်သယ်ဆောင်ရသော ကျွန်မတို့ ပင်လျှင် စိတ်မော လူမောနှင့် ဇောချွေး ဖြိုင်ဖြိုင်ကျခဲ့ရသည့်အဖြစ်၊ သူတို့ ဆက်သွယ် အကြောင်းကြားထားသော လမ်းညွှန်အတိုင်း မြို့သစ်ကလေးတခု၏ အစွန်အဖျားသို့ ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာ လွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သော အခါတွင်လည်း ထိုနေရာထက် ပိုဝေးပြီး ကားဝင်၍ မရနိုင်သော လမ်းရှည်ရှည် ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကို သယ်ကာ ခြေလျှင်လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။

နေ့ချင်း သဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ ရောက်သောအခါတွင်မူ လူရိပ်လူယောင်က ရှားပါးလှချေသည်။ ကျွန်မနှင့်အတူပါသော ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလပ်အား ဂရုတစိုက် အောက်ခံကပ်ထဲသို့ ထည့်ပြီး အပေါ်မှ အလူမီနီယမ် ခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီတောင်းရတော့သည်။

"ယောက်ျားလေး သုံးလေးယောက်လောက်တော့ ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း မနိုင်လို့ပါ"
"ယောက်ျားဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာထိုင်နေတဲ့ မျက်မမြင် အဘိုးကြီး တယောက်ရယ်၊ ဟောဒီ ကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲ ရှိတာ၊ ဒီအိမ်က သားအဖ နှစ်ယောက်ထဲ နေတာ။ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူနေကြတာ၊ ဟိုမှာထိုင်နေတဲ့ အဒေါ်ရဲ့ အဖေပေါ့"
ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကို လာကြိုသည့် လူရွယ်၏ စကားကြောင့်-

"ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့ အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင် နာမည်က ရှင့်နာမည်ဆို"
"ဟုတ်ပါတယ်၊ ကျွန်တော်က ခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောက်ျားဘက်က တော်တဲ့ တူပါ။ ကျွန်တော့် ဦးလေးက ပြီးခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စိမမြင်တဲ့ အဘိုးဆီကို တခါတခါလာကြည့်ရင်းနဲ့ အဒေါ်ဆုံးတာနဲ့ ကြုံလို့ပါ။ ကျွန်တော်က စက်မှုဇုံက တွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ"
သူ့စကားကြောင့် ကျွန်မ စိတ်မကောင်း ဖြစ်သွားသည်။

"သြော် ဟုတ်လား.... တော်သေးတာပေါ့ကွာ၊ မင်းရောက်လာလို့၊ ကဲ ကဲ သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ ဖြစ်အောင် သယ်ကြတာပေါ့။ ဒီလမ်းထဲကို ကားမှ ၀င်လို့မရဘဲ။ သားလေးတို့လည်း ၀ိုင်းကူပေးနော်"
ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှားစပြုချိန်တွင် အနားမှ အသက် ငါးဆယ်ကျော် အမျိုးသမီးကြီး တယောက်က-

"ခဏ... ခဏလေးပါ ဆရာမရယ်၊ တခုလောက် ပြောပါရစေ"
"ဟုတ်ကဲ့ ပြောပါ"
သူက တခုခုကို ချိန်ဆနေသလို အနည်းငယ် တုံ့ဆိုင်းနေပြီးမှ....
"ဒီ ဒီ အဘကိုပါ ခေါ်သွားလို့ မရဘူးလားဟင်" တဲ့။
"ရပါတယ်၊ အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့၊ ကျွန်မတို့ ကားက နောက်ခန်းမှာ မိသားစုနှစ်ဦး လိုက်ခွင့် ရှိပါတယ်" ဟု ကျွန်မဆိုတော့
"အသုဘပို့ဖို့ မဟုတ်ပါဘူး၊ သူ့သမီး မရှိရင် အဘကို ဘယ်သူမှ ရှာဖွေကျွေးမွေး ပြုစုမယ့်လူ မရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ ကိုယ်မို့ လာလည်း ကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်"
"ရှင် ကျွန်မက ဘယ်ကို ခေါ်သွားပေးရမှာလဲ"
"တနေရာရာကိုပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ၊ သူ့ကို ကြည့်မယ့်လူမရှိလို့ ကူညီပါနော်"
"ဟုတ်ပါတယ် ဆရာမရယ်၊ ကျွန်တော်လည်း တောင်းပန်ပါတယ်၊ အဒေါ်ရှိတုန်းကဆို အဘကို ထမင်းကအစ ခွံ့ကျွေးရတာပါ၊ အခုဆို အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စိ မမြင်တဲ့အပြင်၊ နားကပါ မကြားတော့ သနားစရာပါ"

ဘုရားရေ...... ဒုက္ခပါပဲ။

ကျွန်မတို့ ပြောနေကြတာတွေကို ဘာမှ မမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တလှည့်၊ သနားကြင်နာခြင်းမှလွဲ၍ ဘာမှ မပေးနိုင်သော ပုဂ္ဂိုလ်များကို တလှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါ ချနေရုံမှ တပါး ကျွန်မကရော ဘာများတတ်နိုင်ပါလိမ့် ဦးမည်နည်း။

xxxxxxxxxx xxxxxxxxxx xxxxxxxxxx


နောက်တကြိမ် ကျွန်မ ကြုံတွေ့ရသည့် နေရာကား တောင်ဒဂုံ ( ) ရပ်ကွက်မှ ဖြစ်ပြီး လူနေ ထူထပ်သော်လည်း စီးပွါးရေး နိမ့်ကျသော အခြေခံလူတန်းစား အသိုင်းအ၀ိုင်းထဲမှာ ဖြစ်ပါသည်။

အသက် ၄၀ ခန့် ခေတ်ပေါ်ရောဂါတခုဖြင့် ကွယ်လွန်သွားသော လူတယောက်၏ ဘေးတွင် ဇနီးနှင့် သားသမီး နှစ်ယောက် တရှုံ့ရှုံ့ ငိုကြွေးနေကြသော မြင်ကွင်းထက် ကျွန်မက ခပ်လှမ်းလှမ်းမှာ သင်ဖျူးဖျာ အဟောင်းကလေး တချပ်ပေါ်တွင် ယင်ကောင်အချို့ ၀ိုင်းအုံ နားနေကြသော အသက် (၇၀)ခန့် တတိယအရွယ် ဝေဒနာသည်တဦးကို ပို၍ ငြိတွယ်နေမိသည်။

ကွယ်လွန်သူ၏ ရုပ်ကလပ်ကို သယ်ယူမသွားခင် ဇနီးနှင့် သားသမီးများအတွက် ရနိုင်သလောက်အချိန် ပေးရင်း နာရေး ပို့ဆောင်မည့် သူများအကြားမှ စကားသံတွေကို ကျွန်မ မကြားချင်ပဲနှင့် ကြားနေရပြန်သည်။

"တကယ်တော့ ဘယ်သူမပြု မိမိမှုပဲလို့ ပြောလို့ ရပေမယ့် ဖြစ်လာတော့ သားမယား သားသမီးတွေပါ မျက်နှာငယ်ရတာပဲ မဟုတ်လားကွ"
"ကလေးက သနားပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖတဆိုး ဖြစ်ရရှာတယ်"
"မိုက်လိုက်တဲ့ လူကွာ"
ကျွန်မ အဲသည်လို ပြောနေကြသူတွေကို ရင်ထဲကနေ- "ရှင်တို့ အဲဒီလို ဝေဖန်အပြစ်တင်နေကြမယ့် အစား နားလည်စာနာပြီး ကူညီဖေးမ ပေးကြဖို့ မစဉ်းစားမိကြတော့ဘူးလား၊ လူတဖက်သားကို ပါးစပ်အရသာခံပြီး သနားတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်နေကြမယ့်အစား၊ ရှင်တို့ရဲ့ ကြင်နာတဲ့ နှလုံးသား၊ နွေးထွေးတဲ့ လက်ဖ၀ါးတွေနဲ့ တွဲထူပြီး အဲဒီ လူမမယ်ကလေးတွေရဲ့ နှလုံးသားထဲကို သံမဏိ စိတ်ဓါတ်တွေ သွင်းမပေးနိုင်ကြဘူးလား" ဟု တုံ့ပြန်ပြောဆိုနေလိုက်မိသည်။ မကြာခင် အချိန်မှာပဲ နာရေးလာပို့သူတယောက်က ကျွန်မကို လာနှုတ်ဆက် သည်။ ယခင်က သိဟောင်းကျွမ်းဟောင်းတယောက် ဖြစ်နေ၍ ကျွန်မ၏ အတွေးအာရုံက ထိုသူတွေထံမှ သူ့ဆီသို့ မြားဦးလှည့်လိုက်မိသည်။

"ဆရာမနဲ့ မတွေ့တာ ကြာပြီနော်၊ ကျွန်တော်လည်း တာမွေက ပြောင်းလာပြီးကတည်းက ဒီမှာ ဆိုင်ကလေး ဖွင့်ထားတော့ အပြင် သိပ်မထွက်ဖြစ်တော့ဘူး။ အခုလိုမျိုး နာရေးကိစ္စတွေ ဘာတွေ ရှိမှပဲ မဖြစ်မနေ ထွက်ရတာ" ဟူသော အလ္လပ သလ္လာပတွေ ပြောဆိုအပြီးမှာ စောစောကတည်းက ကျွန်မ သတိပြုနေမိသော ဝေဒနာသည် အမေကြီးထံညွှန်၍-
"အဲဒါက ဆုံးသွားတဲ့ ကို... ရဲ့ အမေပေါ့။ ကိုယ်တခြမ်း လေဖြတ်ပြီး အိပ်ရာထဲ လဲနေတာ ကြာပြီ။ အခု သူ့သားကလည်း ဆုံးပြီဆိုတော့ ချွေးမနဲ့ ကလေးတွေက ကောင်မလေး မိဘများ ရှိရာ အရပ်ကို ပြန်မယ်လို့ ပြောနေကြတယ်။ ငှားနေကြတဲ့ ဒီအိမ်ကလေးကိုလည်း ပြန်အပ်ရတော့မှာ။ ခက်နေတာက ဒီ လေ ရောဂါသည်ကြီးပဲ။ သေလည်းမသေ၊ ကောင်းလည်းမကောင်းတော့ သူ့ကို ဘယ်နားသွားထားရမှန်း မသိကြဘူး ဖြစ်နေတယ်။ အဲဒါ ဆရာမများ နည်းနည်းပါးပါး မကူညီနိုင်ဘူးလား။ သူ့ခမျာ အခြား သားထောက်သမီးခံကလည်း မရှိတော့လို့ပါ ဖြစ်နိုင်ရင် ကူညီပါဦး"

ဟုတ်ကဲ့ ကျွန်မ ကူညီချင်ပါတယ်.....
ဒါပေမယ့်.......

သန်းမြင့်အောင်
( ၂၀၀၉၊ ဇွန်လ၊ ကလျာမဂ္ဂဇင်း)

Monday, September 6, 2010

နောင်ရိုးတင်ဝင်း (၃)
ရေးသူ- မောင်အေးဝင်း



အင်တာနက်ပေါ်ကနေ ရဲဘော်တယောက်က တဆင့်ပွါးဖတ်ဖို့ ပို့ပေးတဲ့ ကျေညာချက်တစောင် ဖတ်ရပါတယ်။ အကြောင်းအရာက ၂၀၁၁ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ကျရောက်မယ့်၊ ၁၉၇၆ ခုနှစ် မှာ မဆလ စစ်ခုံရုံးက ကြိုးပေးသတ်လိုက်တဲ့ ပါလီမန်ဒီမိုကရေစီပါတီ (ပီဒီပီ)က ကိုတင်မောင်ဦးကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုသ၀ဏ်လွှာပါ။ ၃၅ နှစ်ပြည့်ဘို့ (၉) လ အလိုမှာ သ၀ဏ်လွှာက ကြိုထွက်လာပါတယ်။ သြော်.... ၃၅ နှစ်တောင် ပြည့်တော့မှာပါလား။

ပီဒီပီကိုတင်မောင်ဦး

ကိုအောင်လို့ ကျနော်ခေါ်တဲ့ နောင်ရိုးတင်ဝင်း (ခ) ပီဒီပီ ကိုတင်ဝင်အကြောင်းကို ရေးတော့ အကြောင်း အရာ ဆက်စပ်လာပြီး ပီဒီပီ ကိုတင်မောင်ဦး အကြောင်းလည်း ရေးဖို့ သတိရလာပြန်တယ်။ ကိုတင်မောင်ဦးကို ကြိုးပေးတဲ့အချိန်မှာ ကြိုးစင်နဲ့အနီးဆုံးက ကျနော်တို့ပဲလေ။ ကျနော့်တို့ အခန်းက ၅ တိုက်ရဲ့ အစွန်ဆုံးအခန်း။ ကျောနောက်မှာ ကြိုးစင်ပဲဟာ။


ကျနော်တို့အခန်း(အခန်းနံပါတ် ၂၁) မှာ ကျနော်ရယ်၊ စက်မှုတက္ကသိုလ် စတုတ္ထနှစ်မြို့ပြက ရင်ဖွင့်သံ နိဒါန်း အမှုနဲ့ ၉ နှစ်ကျတဲ့ ကျော်ဝင်းရယ်၊ ဂျီတီအိုင်က တင်ရှိန်နဲ့ ၀င်းမြင့် (ပဲခူး) ရယ် လေးယောက်ရှိတယ်။ နောင်ရိုးကြီးက (အခန်းနံပါတ် ၂၀) ကျနော်တို့နဲ့ ကပ်လျက်အခန်း။ သူ့ ဘယ်ဘက်နှစ်ခန်းက မီးမောင်းစာစောင် အမှုနဲ့ ထောင်ကျသူတွေ။ မှတ်မိသလောက် ရေတပ်သားဟောင်း ဖေသိန်း ခေါ် ဇော်ကြီး၊ ကိုတင့်နိုင်၊ ကိုအေးလူ၊ ကိုဟန်လွင်(ကျောင်းဆရာ)။ မီးမောင်းတွေရဲ့ ဘယ်ဘက်အခန်း တွေမှာ ခုထောင်ထဲပြန်ရောက်နေတဲ့ ကိုခင်ဝင်း (ခ) ဘိုးတော်၊ ဟန်ရှင်ဝင်း၊ စက်မှုတက္ကသိုလ်က ကိုဦးလှစော၊ ကိုမြင့်အောင်ကြည်၊ ဆေးတက္ကသိုလ်(၂)က ကိုထွန်းသန်း၊ အထက်တန်းကျောင်းသားလေးတွေ ဖြစ်တဲ့ ခင်မောင်လွင်၊ အောင်ကျော်သိန်း၊ ဟာနစ် ခေါ် မြင့်ဦး၊ ကျော်မြင့်၊ ဓါတုဗေဒ အဓိကကျောင်းသား ကိုချစ်ကြိုင်၊ (သူတို့က ၇၅ ရွှေတိဂုံအရေးအခင်းမှာ ရွှေတိဂုံဘုရားပေါ်ကနေ အဖမ်းခံရသူတွေ)။

တမနက်မှာ လူသံတွေ အော်သံတွေ ဆူဆူညံလို့ ကျနော်တို့ လန့်နိုးသွားတယ်။ တကယ်ကို လန့်နိုးတာ။ အစောကြီးမှ မနက် နှစ်နာရီ သုံးနာရီ လောက်ပဲ ရှိမယ်ထင်တယ်။

တယောက်နဲ့ တယောက် အော်ခေါ်သံလိုလ၊ို ဟေးလားဝါးလားနဲ့ ညာသံပေးသလိုလို၊ အော်သံတွေအများကြီး၊ ဒါပေမယ့် တယောက်တပေါက်နဲ့၊ အစီအစဉ် မကျဘူး။ ကျနော် ရိပ်စားမိတာက အော်သံတခုခုကို မကြားအောင်ဖုံးလိုတဲ့ သဘောနဲ့ ဘေးကနေ အပြိုင်လိုက်အော်နေပုံမျိုး။

ကိုတင်ဝင်းက ကျနော်တို့ဘက်ကို ဘာသံတွေလဲလို့ ခပ်အုပ်အုပ် တချက်လှမ်းပြောလိုက်တယ်။ ကျနော်တို့ ငြိမ်ပြီး နားစွင့်နေရင်းပဲ နည်းနည်းကြာတော့ အသံတွေ ငြိမ်သွားတယ်။ ကျနော်လည်း ပြန်အိပ်ပျော်သွားတယ်။

မနက်လင်းတော့ တိုက်တံခါးတွေ သော့လိုက်ဖွင့်တဲ့ အချိန်မှာ သော့လည်းမဖွင့်ဘူး။ တတိုက်လုံးဟာ ထူးထူးဆန်းဆန်း ငြိမ်သက်လို့။ ခါတိုင်းဆို မိုးလင်းရင် ၀ါဒါက အခန်းသော့တွေကို လိုက်ဖွင့်ရင်း အပြင်ကနေ လူတွေကို စစ်ဆေး ရေတွက်သွားတယ်။

ဝါဒါက သော့ပဲ ဖွင့်တာ။ သော့အိမ်က ဂလန့်ကို ဖြုတ်တာ မဟုတ်ဘူး။ မိလ္လာပုံးချဖို့ လုံချည်ပြာ လာတော့မှ လုံချည်ပြာကအခန်းတံခါးကို ဖွင့်တယ်။ ကျနော်တို့က ကိုယ့် အခန်းထဲက ကိုယ့် ဂံဖလားကိုယ် ထွက်သွန်ရတယ်။ ဒီနေ့မှ လူလည်းမစစ်၊ သော့လည်းမဖွင့် ငြိမ်ချက်သား ကောင်းလို့။ ဂံဖလားလဲ မချရဘူး။ (ဂံဖလားဆိုတာက တိုက်ထဲမှာ အပေါ့ အလေးသွားဖို့ ပေးထားတဲ့ ခေါက်ဆွဲဆိုင်တွေမှာ ပန်းကန်ဆေးတဲ့ အင်တုံနဲ့ ဆင်ဆင်တူတဲ့ စဥ့်ရည်သုတ် မြေအင်တုံ)။

အတော်ကြီးကို နေမြင့်မှ သော့ဖွင့်တဲ့ ၀ါဒါနဲ့အတူ ထောင်မှူးတယောက်လည်း အဖော်ပါလာတယ်။ မိလ္လာပုံးသယ်တဲ့ လုံချည်ပြာလည်း ပါလာတယ်။ အခန်းထဲက တယောက်က ပုံးထဲ မိလ္လာထွက်သွန်၊ ဂံဖလားဆေးပြီးတဲ့အထိ ထောင်မှူးနဲ့ ၀ါဒါက မျက်နှာသေကြီးတွေနဲ့ မလှုပ်မယှက် စောင့်ကြည့်နေတယ်။

သူတို့ရဲ့ မျက်နှာတွေကိုက မျက်နှာသေပြီး ထူးခြားနေတာ။

သူတို့ထွက်သွားပြီး တအောင့်လောက်နေတော့ ကိုတင်ဝင်းက လှမ်းပြောတယ်။ ငါပြောတယ်မဟုတ် လား၊ တခုခုတော့ ထူးခြားနေပြီဆိုတာ၊ မိလ္လာချတာကို ထောင်မှူးပါ လိုက်လာရတာ အလုပ်မှ မဟုတ်တာ။ မဟုတ်မှ လွဲရော TMO ကို hang လုပ်လိုက်ပြီထင်တယ်။ မနက်အစောကြီးက ကြားတဲ့အသံက ဒါပဲ ဖြစ်မယ်။ သေချာအောင် ငါ့နည်း ငါ့ဟန်နဲ့ စုံစမ်းကြည့်လိုက်ပါဦးမယ်။ ကိုတင်ဝင်းက ကိုတင်မောင်ဦးကို ပြောရင် နံမည်အတိုကောက် TMO လို့ပဲ သုံးတယ်။

တနေ့လုံး ကိုတင်ဝင်းဆီက ဘာသံမှ မကြားပဲကို တိတ်နေတယ်။ တတိုက်လုံးလည်း ငြိမ်သက်လို့။ ညဘက်ရောက်တော့ ကိုတင်ဝင်းဆီက ကျေကွဲတဲ့ အသံနဲ့ ပြောတယ်။ သူ့ကို သူစိတ်ချရတဲ့ ၀ါဒါလာပြောသွားတယ်- ဟုတ်တယ်တဲ့။ ကျနော်တို့ အားလုံး စိတ်မကောင်းကြဘူး။

တိုက်တိုက်ဆိုင်ဆိုင် ကိုတင်မောင်ဦးကို ဖမ်းမိတဲ့အချိန်မှာ ကျောင်းသားတွေကလည်း မှိုင်းရာပြည့်ပွဲ အတွက် ပြင်ဆင်လှုပ်ရှားနေချိန် ဖြစ်နေတယ်။ သူက ထိုင်းနယ်စပ်မှာ လှုပ်ရှားနေတဲ့ ဦးနုတို့ ကျိုက်မရော ဦးသွင်တို့ရဲ့ ပါလီမန် ဒီမိုကရေစီပါတီ(PDP) နဲ့ ဆက်သွယ်ပြီး ၀င်လိုက်ထွက်လိုက် လှုပ်ရှားနေချိန်မှာ လက်နက်နဲ့ အတူ မိသွားတာ။ သူ့နဲ့ ဆက်စပ်တဲ့ စီးပွါးရေးတက္ကသိုလ်က ကိုခင်မောင်မြင့်လည်း ပါတယ်။ ကိုခင်မောင်မြင့်ခမျာ လူရည်ချွန် ကျောင်းသားအစုရဲ့ ရင်ဖွင်သံနိဒါန်းစာရွက် အမှုနဲ့ ပြစ်ဒါဏ်ချခံရပြီး၊ ပီဒီပီ ကိုတင်မောင်ဦးအမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် အချခံလိုက်ရတယ်။

ကိုတင်မောင်ဦးကတော့ ပီဒီပီမှုနဲ့ သေဒဏ် ချခံရတယ်။ သူ့ကို မိတဲ့အချိန်မှာ ပီဒီပီအမှုတွေက ကြမ်းခင်းဈေး မြင့်ကုန်ပြီ။ ဗမာပြည် တနံတလျား ဗုံးလျှောက်ခွဲတဲ့ ကိုတင်ဝင်း၊ မမာလာတို့က တကယ်ခွဲခဲ့သူတွေမို့ သေဒဏ်ကျတယ်။ ဒါပေမယ့် စစ်ခုံရုံးမဟုတ်တော့ သေဒဏ်ကျပြီးမှ တရားရုံးချုပ်မှာ အယူခံလွှာတွေ ဘာတွေ လုပ်နေတုန်း ၁၉၇၃ အခြေခံဥပဒေ ဆန္ဒခံယူပွဲ အောင်မြင်လို့ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်က တသက်တကျွန်း ပြောင်းသွားတယ်။ သူတို့လင်မယား ကံကောင်းတယ်။ သေဒဏ်ချင်း အတူတူ ပီဒီပီချင်း အတူတူ ပြစ်ဒဏ်စောကျတော့ အခြေခံဥပဒေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကြုံပြီး တသက်တကျွန်း ပြောင်းခံရတယ်။ တခါ ၂/၈၀ နဲ့ ကြုံပြီး လွတ်သွားကြတယ်။

သူတို့လိုပဲ ကံကောင်းတာ ဦးမန်းငွေအောင်၊ ဦးမန်းဒါဝိတ်တို့ အမှုတွဲတွေ။ သေဒဏ်လည်းကျတယ်။ သေဒဏ်ပေးဖို့ ပြင်ဆင်နေတုန်း ကိုယ်အလေးချိန်တွေဘာတွေတောင် ချိန်ပြီးပြီ ပြောတယ်။ ၂/၈၀ နဲ့ လွတ်သွားတယ်။ သူတို့တွေ လွတ်တော့ ဦးဝိစာရလမ်းက ကိုထွန်းအောင်ကျော်အိမ်မှာ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ကြွေးတယ်။ ကျနော်က ဦးထွေးမြင့်၊ ကိုတင်ဝင်းတို့ လင်မယားနဲ့ ပတ်သက်ပြီး ရောက်သွားလို့ စားလိုက်ရသေးတယ်။ ဦးမန်းငွေအောင်က စစ်အစိုးရလက်ချက်နဲ့ သေကိန်းရှိတော့ ကြိုးပေးခံရလို့ မသေဘဲ မြန်မာ့အသံကို လောင်ချာနဲ့ ပစ်တဲ့ ကိစ္စမှာ အင်းလျားလမ်းမှာ တိုက်ပွဲဖြစ်ပြီး ကျသွားရှာတယ်။

ကိုတင်မောင်ဦးနဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုထွန်းအောင်ကျော် (အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌဟောင်း)၊ ကိုရဲမြင့်သိန်း (ယခုရေပန်းစားနေတဲ့ အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဗွီဒီယို ရုပ်ရှင်ထဲမှာ ထည့်ပြောခံရတဲ့ ကုလားကြီး ရဲမြင့်သိန်း) တို့ ကျတော့ ဖောက်ခွဲရေးပစ္စည်း အမြောက်အများနဲ့ မိသွားတယ်။ ဒါပေမယ့် မခွဲရသေးဘူး။ တသက်တကျွန်း ကျသွားရှာတယ်။ ဒါလည်း စစ်ခုံရုံးပဲ။ ကိုတင်မောင်ဦးကို မမိခင်မှာ ရန်ကုန်ဆေးရုံကြီးမှာ ဗုံးခွဲတဲ့သူတဦး မိလိုက်သေးတယ်။ ဗုံးကွဲတာ ပြည်သူတယောက်သေသွားတော့ အဲဒီ ပီဒီပီကို သေဒဏ်ပေးပြီး တခါတည်း ကြိုးပေးပါ ခံလိုက်ရတာ။ အဲဒီမှာ ပီဒီပီမှုတွေ ဈေးတက်နေပြီ။

နောက်တော့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ နိုင်ငံတော် ပုန်ကန်မှုတွေ ဖြစ်လာတယ်။ အင်းစိန်ထောင်မှာ ခြမ့်ခြိမ့်သည်း ပွဲစည်တဲ့ အချိန်ပေါ့။ မရှေးမနှောင်းမှာတခါ ဦးထွန်းလင်းတို့ မဆလ ဗဟိုကော်မတီတွေ ထောင်ထဲ ၀င်လာပြန်တယ်။

ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ အသံလွှင့်ဌာနဖြစ်တဲ့ မီတာ ၆၀ က လွှင့်တာတွေကို စာအုပ်ရိုက်ပြီး မီးမောင်း ဆိုတဲ့နံမည်နဲ့ စာစောင် ဖြန့်ချိထုတ်ဝေသူတွေကို စာစောင်အမှတ်စဉ် ၅ ကျမှ တပြုန်လုံး ဖမ်းမိသွားတယ်။ ကျွန်းပြန်တွေလည်း ပါတာပေါ့။ သူတို့လည်း အမြင့်ဆုံးကြမ်းခင်းဈေး ၉ နှစ်ပဲ။

ကျနော်တို့ကို စီရင်ချက်ချပြီးလို့ တိုက်သစ်မှာ လူတွေပြန်ဆုံတော့ ၄ တိုက်မှာ နေခဲ့ရတဲ့ ငသိုင်းချောင်းစိုးဝင်း တခန်းထဲ နေရတယ်။ သူတို့ ပြောပြတယ်။ ကိုတင်မောင်ဦးရဲ့ အဖေနဲ့ ညီတွေကို ၄ တိုက်မှာ ထားတာတဲ့။ တညနေ အ၀တ်အစားတွေသိမ်း ဆိုပြီး ၄ တိုက်က ကိုတင်မောင်ဦး မိသားစုကို လာခေါ်ထုတ်သွား တယ်။ အဲဒါ ကြိုးမပေးခင် ညနေ မိသားစုနဲ့ ပေးတွေ့တာဖြစ်မယ်။ နောက်တော့ သူတို့တွေကို ၄ တိုက်ပြန်ခေါ်မလာတော့ပဲ သာယာဝတီထောင်ကို ပြောင်းလိုက်တယ်လို့ ကြားတယ်။

ကျနော်သိမှီ မှတ်မိတဲ့ အကြောင်းအရာလေးပါ။ ပီဒီပီ ကိုတင်ဝင်းနဲ့ ဆက်စပ်နေလို့ ပြန်လည်တင်ပြ လိုက်တာပါ။ ထောင်ကျဖော် ပီဒီပီတွေအကြောင်း ရေးအုန်းမယ်။ အင်မတန် ခင်စရာကောင်းတဲ့ လူတိုင်းကို အနွံအတာ ခံတတ်တဲ့ ကုလားကြီး(ခ)ရဲမြင့်သိန်း၊ ဒီနေ့အထိ ကျနော်နဲ့ တကျက်ကျက် ရန်ဖြစ်နေရတဲ့၊ နယ်စပ်ကျောင်းသားတွေက ချစ်စနိုးငှက်ကြီးလို့ ခေါ်ပြီး ကျနော်က ဖွတ်ကြီးလို့ ခေါ်တဲ့ တင်မောင်ဌေး၊ အလွန်ရီရတဲ့ ကိုစိန်ပေါ၊ ကိုကျော်ဝဏ္ဏ ဦးလေး ကိုသန်းထွန်းအောင် ခေါ် ကိုပွင့် ခေါ် ငပွင့်၊ သေသွားရှာပြီဖြစ်တဲ့ ကိုကြေးမုံ ခေါ် ကိုမြင့်သိန်း၊ ဒန်အိုး ခေါ် လှအောင်၊ ဘုန်းကြီးဝတ်သွားပြီး ပျံလွန်တော်မူသွားတဲ့ ဦးဇင်း လေးခင်၊ ပြီးတော့... ပြီးတော့..... ဟင်းချက်ကောင်း၊ စေတနာကောင်း၊ သတ္တိကောင်းတဲ့ အစ်ကိုကြီး ကိုအောင်ရဲ့ ညီမလေးမာလာ....။

နိဂုံးချုပ်ရင်း စကားမစပ် ပြောလိုတာက ဒီ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ ကျေညာချက်ကို ထုတ်ပြန်တာ "၇၄- ၇၅- ၇၆ မျိုးဆက်ကျောင်းသားဟောင်များ" လို့ ခေါင်းစဉ်တပ်ထားပါတယ်။ သူတို့ကတော့ ဘယ်သူတွေလဲ ဆိုတာ ကျနော်လည်း မသိပါဘူး။ အဟောင်းဆိုတော့ နဂိုပေါက်ဈေးမှ ရပါတော့မလား....။

မောင်အေးဝင်း
စက်တင်ဘာ ၆၊ ၂၀၁၀ ခုနှစ်