Monday, December 27, 2010

နာရီနှင့်ငါ
ရေးသူ- တင်မိုး



နာရီ။ ။ အိပ်ချင်အိပ်လေ၊ အိုမိတ်ဆွေ
၁၂ နာရီ ထိုးပြီလေ။

ငါ။ ။ စောင့်ပါအုန်းဟဲ့၊ မိတ်ဆွေရဲ့
ကဗျာတပုဒ် စပ်တုန်းကွဲ့။


နာရီ။ ။ မစောင့်နိုင်ပေ၊ အိုမိတ်ဆွေ
လိုက်ချင်လိုက်ခဲ့လေ။

ငါ။ ။ သွားနှင့်တော့ဟဲ့၊ မိတ်ဆွေရဲ့
ကဗျာစပ်ရင်း နေရစ်မကွဲ့။

နာရီ။ ။ မိတ်ဆွေထံက၊ ရသမျှ
ဘ၀ဆိုတဲ့ အချိန်တွေ
ကျုပ်ယူသွားမယ်လေ။

ငါ။ ။ တလှေကြီးဟဲ့၊ ယူလေကွဲ့
ကဗျာကိုတော့ မင်းချန်ခဲ့။

နာရီ။ ။ ကဗျာနှင့်နေ၊ အိုမိတ်ဆွေ
ခင်ဗျာ့ ကဗျာလဲ ယူမယ်လေ။

ငါ။ ။ ယူနိုင်ယူဟဲ့၊ မိတ်ဆွေရဲ့
ရှေ့ခရီးတမိုင်
မင်းဆက်နိုင်မယ် မထင်နဲ့။

တင်မိုး
[စိမ်းလန်းသောအိပ်မက်၊ ပထမအကြိမ်၊ ၁၉၆၉ ဇူလိုင်]

Friday, December 24, 2010

ပုတီးတကုံး
ရေးသူ - ဖိုးသံ (လူထု)



ကွန်မြူနစ်တယောက်
ခေါင်းအုံးအောက်ကို
ဘယ်ကဘယ်လို ခြေထောက်ပေါက်လို့
ပုတီးတကုံး ရောက်လာပါလိမ့်။


ပေါက်ပေါက်ရှာရှာ
ရောက်လာပါတဲ့
၅၂၈ ရဲ့ သင်္ကေတ
သံယောဇဉ်ရဲ့ လက္ခဏာ
မိသားစုရဲ့ ကိုယ်စားလှယ်
တသွယ်ပုတီးမှာ
မေတ္တာပါရဲ့
ကရုဏာပါရဲ့
အမေ့ရုပ်လွှာပါရဲ့
ငါ့မှာ ချို့ငဲ့နေတာတွေ
အကုန်ပဲပါလေသမို့
မတို့ရက်၊ မထိရက်
စေ့စေ့တောင် မကြည့်ရက်ပဲ
အ၀တ်အိတ်လေးထဲထည့်
ခေါင်းအုံးအောက်မှာ ထားခဲ့တာ
အတော်တောင်ကြာပြီ။

နံသာနံ့မသင်း
သနပ်ခါးနံ့ကင်းတဲ့
အဆင်း သာမည
မ၀င်းမ၀ါလှတဲ့
ပကာသနမပါ
အ၀ိညာဏက
တရာ့ရှစ်လုံးဟာ
မိဘအပေါ်မှာ
တာဝန်မကျေ
လေပွေလိုနေတဲ့
တပြေတရွာရောက်
တေလေသားတယောက်ကို
ညရောက်လေတိုင်း
အမေ့ ပရိတ်ရွတ်သံ
မေတ္တာပို့သံတွေ
ကြားစေလေတယ်ထင့်
အိပ်မက်ထဲမှာ
ယောင်မှားသာဓုခေါ်
တမ်းယော်မိကာ
ဆုတောင်းမိတာက
အမေ့အမွေ
ဆက်ခံပလေတဲ့
လူတွေထဲက တယောက်ဖြစ်
ကွန်မြူနစ်စစ်စစ် ဒီသားလည်း
အမေ့သားပီသရလိုပါ၏လို့။

(အမေ ၉၅နှစ်မြောက်မွေးနေ့ အတွက်)
ဖိုးသံ (လူထု)

Saturday, December 11, 2010

ဒေါက်တာဂျော်နီ
ရေးသူ- တင်မိုး








ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။

မက်(စ်) ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တဲ့။

မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနဲ့ ပို့ခဲ့တယ်။


ရီဇာတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။



အမ်စီတက်တော့
ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး၊ အသွေးဖြူဖြူ
နှတ်ခမ်းထူသနဲ့။
အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။

မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။

ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။



နောက်တော့....
'ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော'
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။

'ဟိုလေ... အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့'။

ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။



တလနှစ်လ၊ သုံးလေးလမှာ....
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ

တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။



သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။



ထို့နောက် -
'ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်' ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။



အို - အလုပ်သမား၊ လယ်သမား
ပြည်သူများတို့......
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။

တင်မိုး
[တင်မိုး - စိမ်းလန်းသောအိပ်မက်၊ ပထမနှိပ်ခြင်း၊ သမဂ္ဂစာပေ၊ ၁၉၆၉ ဇူလိုင် ၂၅ ရက် မှ ကူးယူဖော်ပြပါတယ်။]

Thursday, December 9, 2010

ကျိုးအန်းလိုင်၏ သွားလာလှုပ်ရှားမှု စရိုက်သဘာဝများ ၉
ရေးသူ- မောင်မောင်လှိုင် ၊အပ်စိုက်ကု၊




[ဈေးကွက်ဂျာနယ် အမှတ် ၆၉၄၊ ဒီဇင်ဘာလ၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်]


တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟု ကမ္ဘာသိ ကြေညာနိုင်ပြီးသည့်နောက် လျောက်မုံ့စိန်က သူ့ကိုကိုကြီး ကျိုးအန်းလိုင်အတွက် စားစရာကလေး တွေသတိတရ ပို့ပေးတတ်ပါသည်။ များများစားစားတော့ မဟုတ်ပါ။ သူ့ရှိသလောက်ကလေး တတ်နိုင်သမျှ ပို့ပေးရှာခြင်းပါ။ အမြဲပို့တတ်ပါသည်။ ကွမ်တုန်းလူမျိုးတွေ၏ ဓလေ့မှာ ထိုအတိုင်းပင်ဖြစ်ကြောင်း ပြောသံကြားဖူးပါသည်။

မဒမ်ဆုန်ချင်လင်း ကလည်း ကျိုးအန်းလိုင် ယန်ချန်ကန်ထွက် ကဏန်းကို ကြိုက်နှစ်သက်မှန်း သိပါသည်။ နှစ်စဉ်သြဂုတ်၊ စက်တင်ဘာလမှာ ယန်ချန်ကန်ထွက် ကဏန်းတွေကို ပေကျင်းထိ ယူလာပေးတတ်ပါသည်။ အကောင်ကြီးကြီး အဆီများများ အကောင်တွေကို ရွေးပြီး ယူလာတတ်ပါသည်။ ယူလာပြီဆိုလျှင် ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်လေ့ ရှိပါသည်။

မဒမ်ဆုန်ချင်ကိုယ်တိုင် ကဏန်းတွေ လာပို့တာဆိုလျှင် ကျိုးအန်းလိုင် ကိုယ်တိုင်ထွက်ပြီ လက်ခံပါသည်။ များသောအားဖြင့် သူ့ကိုယ်ရေး အရာရှိကို အပို့ခိုင်း တတ်သည်။ ထိုအခါတွင် ကျွန်တော်ပဲထွက်ပြီး လက်ခံလေ့ ရှိပါသည်။ တခြားဘယ်သူ့ကိုမှ တစ်ဆင့်လူကြုံခိုင်းတာမျိုး ဘယ်တော့မှ မလုပ်ခဲ့ဖူးပါ။ အဘယ်ကြောင့်ဆိုသော် ကျိုးအန်းလိုင်၏ ပါးစပ်ဖြင့် စားရမည့် ပစ္စည်းတွေ ဖြစ်စေခြင်းကြောင့်ပင်။ ထိုခေတ်တုန်းက ဆိုဗီယက်တို့ သြဇာလွှမ်းမိုးမှုရှိနေ သေးရာ ဆိုဗီယက်တို့သည် စားစရာဆိုလျှင် အားလုံးဓာတ်ခွဲခန်းပို့ စမ်းသပ်စစ်ဆေးပြီးမှ ခေါင်းဆောင်ကြီး တွေဆီပို့ပေးကြပါသည်။ ထိုသို့စစ်ဆေးပြီးမှ ခေါင်းဆောင်ကြီးတွေ စားရပါသည်။ ကျွန်တော်တို့ကလည်း ဆိုဗီယက်စတိုင်အတိုင်း ကျိုးအန်းလိုင်အတွက် အပြင်ကပို့လာသော အစားအစာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြပါသည်။

ကျိုးအန်းလိုင် ကဏန်းတွေ လက်ဆောင်ရသည့်အခါ ကျွန်တော်တို့ ဝန်ထမ်းများနှင့်အတူ စားသည့် အခါစားတတ်ပါသည်။ တစ်ခါတစ်ရံတော့ ချင်ယီနှင့် ကျန်းစီးတို့ကို ဖိတ် ပြီးအတူစားတတ်ကြပါသည်။

ကျိုးအန်းလိုင်က အပေါင်းအသင်း မင်တတ်သူဖြစ်ရာ သူ့မှာ မိတ်ဆွေ အပေါင်းအသင်းတွေ များလှပါသည်။ အတူထမင်းစား၊ အရက်သောက်၊ မဟုတ်လျှင်လည်း ရေနွေးကြမ်းဝိုင်းဖွဲ့၊ ရောက်တတ်ရာရာ ထွေရာလေးပါး ဆွေးနွေးတာတွေကို လုပ်တတ်ပါသည်။

ပါတီတွင်း ကေဒါတွေထဲက ဆိုလျှင် ကျွန်တော်မှတ်မိ သရွေ့ကတော့ ချူတေး၊ ချန်ယွင်း၊ တုံပိဝူ၊ ချင်ယီ၊ လီဖုချွန်း၊ ဝမ်းကျားချန်တို့နှင့် လည်းကောင်း၊ သူ့ဦးဆောင်မှု အောက်မှာ တာဝန်ထမ်းဆောင်ကြသည့် ဝမ်ကျန့်၊ ချင်ယွီ(ကျောက်မီးသွေး ဌာန ဝန်ကြီး လုပ်ခဲ့သူ)၊ ချောင်ကွမ်းဟွာ၊ ကျန်းဟန့်ဖူး၊ ဝမ်ပိန်းနမ်နှင့် ဒေသခေါင်းဆောင်များ ဖြစ်ကြသည့် ထောင်ကျူ၊ အိုးယန်စင်၊ ချောင်တီချူး၊ ဖန်းဟန်ချန် စသူတွေ ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များမှာ သူ့ထမင်းစားပွဲ၌ တွေ့ရလေ့ ရှိသော ဧည့်သည်တွေပါပဲ။ အသွားအလာ များခဲ့ကြတဲ့သူတွေပါ။ ထိုပုဂ္ဂိုလ်များ အနက် ချင်ယီနှင့် ပိုပြီးရင်း နှီးပါသည်။

စာပေအနုပညာ အသိုင်းအဝိုင်းက လူတွေ၊ ဒီမိုကရက်တစ် ပါတီတွေက မိတ်ဆွေတွေနှင့်တော့ ပိုပြီးဝိုင်းဖွဲ့တာ များခဲ့ပါသည်။ ဝိုင်းဖွဲ့စုဝေးကြသည့် မိတ်ဆွေတွေ များလွန်းသည့် အတွက် ကျွန်တော်အားလုံးကို မမှတ်မိနိုင်ခဲ့ပါ။ စာပေအနုပညာ အသိုင်းအဝိုင်းထဲက ကျိုးအန်းလိုင်နှင့် ဆက်ဆံမှု အများဆုံး ပုဂ္ဂိုလ်မှာ စာရေးဆရာကြီး ကို့မို့ရို့(ကိုမိုးကြိုး)ပါပဲ။ ဒီမိုကရက်တစ် ပါတီတွေထဲက ဆက်ဆံမှု အများဆုံး ပုဂ္ဂိုလ်အချို့မှာ ကျန့်ကျိကျုံးနှင့် ပေါ်ကျိုယိတို့ ဖြစ်ကြပါသည်။ သူတို့ချင်း ရင်းနှီးမှုလည်း နက်ရှိုင်း ကြပါသည်။

ကျိုးအန်းလိုင်က ချင်ယီ၏ သဘောသကာယကို နှစ်ခြိုက်ပါသည်။ ချင်ယီက စိတ်ဓာတ်ကြံ့ခိုင်ပြီး သစ္စာရှိသည်။ လွတ်လွတ်လပ် လပ်နှင့်စတိုင်ကျသည်ဟု ကျိုးအန်းလိုင် မကြာခဏ ပြောပါသည်။ ရဲရင့်ဖြောင့်မတ်သည့် လူစွမ်းကောင်း ဖြစ်သော်လည်း ယဉ်ကျေးသိမ်မွေ့မှု ချွတ်ယွင်းသူတစ်ဦး မဟုတ်ခဲ့ပါ။

ကျိုးအန်းလိုင်က ချင်ယီကို သူပူးတွဲရာထူး တာဝန်တစ်ခု ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးနေရာတွင် အစားထိုး ခန့်အပ်ဖို့ ထောက်ခံတင်ပြ ခဲ့ပါသည်။ ချင်ယီသည် ရဲစိတ်ရဲမာန် အပြည့်နှင့် ဟောဟောဒိုင်းဒိုင်း ပြောတတ်သည်။ လှိုက်လှိုက်လှဲလှဲ တက်တက်ကြွကြွ ပြောတတ်သည်။ တချို့ စကားတွေမှာ အစိုးရ အနေနှင့်ဆိုလျှင် ဘောင်လွန်နေတတ်သည်။ ဒီအခါမျိုးမှာ တချို့အရာရှိတွေက ကျိုးအန်းလိုင်ဆီ လာတိုင်တတ်သည်။ ချင်ယီစကား ပြောတာ အမြောက်ပစ်တဲ့ အတိုင်းပဲ တဲ့။

''သူအမြောက်ပစ်တာကို မစိုးရိမ်ကြပါနဲ့။ အမြောက်ပစ်မှ လူတွေကို ဆွဲဆောင်နိုင်တယ်။ လှုပ်ခါသွားစေတာ''ဟု ကျိုးအန်းလိုင်က ချီးမွမ်း တတ်ပါသည်။

''သူပြောတာက ကျုပ်ပြောတာထက် ပိုကောင်းတယ်။ အားမာန်ပို ပါတယ်။ ကျုပ်တို့လို တိုင်းကြီးပြည် ကြီးရဲ့ ဂုဏ်ရှိန်ဒြပ်ရှိန်နဲ့ သိပ်ကိုက်ညီ တယ်''

''ဒါပေမယ့် တချို့စကားတွေက လွတ်ထွက်သွားတယ်။ သိပ် မသင့်လျော်လှဘူး။ မတိကျဘူးဗျာ''

''စကားအခွန်းတိုင်း တိတိကျကျ ရှိမယ်။ သင့်သင့်တော်တော်ရှိနေ မယ်ဆိုရင် အားမာန်ဘယ်ပါတော့ မလဲဗျ။ ဒီလောက်လဲဆွဲဆောင်နိုင် အားမရှိတော့ဘူး။ လှုပ်ခါသွား လောက်အောင်လဲ မဖြစ်တော့ဘူး ပေါ့ဗျ'' ကျိုးအန်းလိုင်က ပိုပြီးလေး နက်သည့်လေသံနှင့် ထပ်ပြောပါ သည်။

''တစ်ခုလုံး ခြုံတဲ့အကျိုးသက် ရောက်မှုကို ကြည့်ရမယ်ဆိုရင် သူပြောတာ သိပ်ကောင်းတယ်။ ကျုပ်ထက်ပိုပြီး အားမာန်ပါတယ်။ ကျုပ်ပြောတာထက် ပိုပြီး အကျိုးသက် ရောက်တယ်''

ထိုနေ့က ချင်ယီအလွန်ရွှင်မြူး နေခဲ့ပါသည်။ သူ့ထုံးစံအတိုင်း ကျယ်ကျယ်လောင်လောင် စကားတွေပြောရင်း ဟက်ဟက်ပက်ပက် ရယ်မောနေပါသည်။ သူငယ်ချင်း ပျော်ရွှင်နေတာမြင်တော့ ကျိုးအန်းလိုင်လည်း ပိုပြီးပျော်ရွှင်လာပုံရပါသည်။

''ကဲ- ရဲဘော်ကြီး ချင်ရေ၊ ခင်ဗျားမြူးတူး တက်ကြွလာပြီ၊ ကဗျာလေး တစ်ပုဒ်လောက် လုပ်စမ်းပါဦးဗျာ'' ဟု ကျိုးအန်းလိုင်က တောင်း ဆိုပါသည်။

''ဝန်ကြီးချုပ်လုပ်ပါ။ ဝန်ကြီး ချုပ်လုပ်ပါ'' ချင်ယီက ပျာပျာသလဲ နှိမ်ချပြီး ဝန်ကြီးချုပ်ကို ဦးစားပေးပါသည်။

''ကျွန်တော်မဖြစ်ဘူးဗျာ''ဟု ကျိုးအန်းလိုင်က ခေါင်းခါပြီး ငြင်း ပါသည်။ ''ကျွန်တော်ကဗျာကို မလေ့လာခဲ့ဖူးဘူး''

''ဝန်ကြီးချုပ်ကတော့ဗျာ၊ ကျွန်တော့်ကို အရှက်ကွဲအောင် လုပ်တော့မယ်နဲ့ တူတယ်ဗျာ'' ချင်ယီခမျာ ဘယ်လိုမှ ရှောင်လွဲလို့မရ။ အကျဉ်းအကျပ်ထဲ ရောက်နေသည့် ပုံစံမျိုးဖြင့် သနားစရာ ကောင်းအောင် ညည်းတွားလိုက်သည်။ တကယ်တော့ သူ့စိတ်ထဲမှာ ကဗျာစာသားတွေ ကွန့်မြူးလာပြီး ထွက်ပေါက်ရှာ နေကြပြီ ဖြစ်သည်။ ကျိုးအန်းလိုင်ကလည်း သူ့အကြောင်း ကောင်းကောင်းကြီးသိ ထားပြီးဖြစ်၍ ဘာမှဆက်မပြောဘဲ မသိလိုက် မသိဘာသာဖြင့် ငြိမ်နေပါ သည်။ ထင်တဲ့အတိုင်းပါပဲ။ ချင်ယီ နှုတ်မှအသံတွေပွင့်ထွက်လာပါပြီ။

စီချွမ်သံဝဲနေသည့် ဂီတသံစဉ်လို အသံမျိုး ပေါ်ထွက်လာပါသည်။ အသံအနိမ့်အမြင့် အတက်အကျဖြင့် သူလက်တန်း စပ်ဆိုလိုက်သည့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပါတော့သည်။ သူ့တင်္ခဏုပ္ပတ္တိ ဥာဏ်ကား အံ့မခန်းပါပေ။ အချောမွေ့ကြီး ချောမွေ့တာ မဟုတ်ပေမယ့် တကယ့်ခံစားမှုနှင့် စေတနာတို့ကြောင့် အမြဲလိုလိုကျိုး အန်းလိုင်၏ ချီးကျူးသြဘာပေး ထောက်ခံမှုကို ခံယူရရှိ ခဲ့ပါသည်။ တချို့နေရာလေးတွေမှာတော့ ကျိုးအန်းလိုင်က ထောက်ပြအကြံပြု ပြင်ဆင်ပေးပါသည်။ ချင်ယီက အိမ်ပြန်ရောက်လျှင် အသေးစိတ်အချော ကိုင်ပြုပြင်ရေးသားကာ မိတ္တူပွား ကူးရေးပြီး မော်စီတုန်း၊ တုန်ပိဝူ၊ ချူတေး၊ ယဲ့ကျန့်ယင် စသည့်ကဗျာ ရေးဖော်တွေဆီ ပို့ပေးမှာ သေချာပါသည်။


မောင်မောင်လှိုင်၊အပ်စိုက်ကု

Thursday, December 2, 2010

ဖုန်းသက်တိုင်
ရေးသူ- ကြည်အေး



သေဆိုသည် သစ်ရည်မွှေးပါဗျ
တမင် သူလာနွေးပါမှ
ရင်တွင် ကြင်သူ ထွေးရသည်သို့
နွေးလောက်တဲ့ အသွင်မှာ
ဆေး မကြောက်သမို့
အကြွေးသောက်ချင်ချင်။


'လိပ်ပြာ အင်တန်ပွေချင်ရဲ့
မသေခင် နေသရမ်းမယ်ကွယ့်
လင်းမိုက်လွင် ငွေမျှင်ခြမ်းကတောင်မှ
အချိန်ကုန် ပုံကြမ်းတယ်ဟရို့တွေနဲ့
တိမ်ခြုံ ပ၀ါနွမ်းကိုမှ'
လမ်းပြမယ် လှစ်ပဟဲ့။

အစဉ်မောပါရ
မကြင်တဲ့သဘောတွေတော့
ပြောမနေနိုင်ပြီမို့
စိတ်ကူးသာ အယဉ်ထိုင်မိရဲ့
သံယောဇဉ် သူသူ ငါငါ မခိုင်ပြန်တော့
နားနေထိုင်မှိုင်ခဏ
ပန်းလျလေ့ ရှိခဲ့တယ်။

ယုံပါရစေရှင့်
လှုံစရာ အချစ်ဆိုသည် သည်တလမ်းသာမို့
ညီအစ်ကို မသိမှန်းသာတဲ့
ဆည်းပြာမင်ရည်ချမ်းမှာလ
လေမုန်ဆင်သီရမ်းစေဦး
စမ်းလက်ဆန့်တွယ်။

မိုးတခါတခါလင်းပြန်လို့
နိုးလာလာချင်းမှာတော့
ပျင်းတတ်တာ တဒင်္ဂပါပဲ
ဘ၀ကာရန် ရှာမလို့
အလှကဗျာ အသာချစ်ရင်တော့
အားသစ်လို့ စိတ်လယ်
ရယ်ချင်သလိုလို သလေး။

စက်ဝန်းရွှေဝါ
ရက်ကန်းချည်ယှက်ဖြာမှ
မိုးပြာသာတဲ့ တောဆီက
ဥသြ တနွေကျော်လို့
ဖေဇော်ဟန် ကတ္တီလွနဲ့
ရာသီလွန် မှုန်ခြယ်သသည်မို့
စိန်ပန်းအခွေခွေ ကရာက
စီးထွေထွေ အပြီးကြွေကျချိန်မှ
နှုတ်စကြည်ဖြူနဲ့
စောင့်သသူ နွယ်ပခုန်းမှာရှင့်
(စွန့်ဝံ့ရင် ဘယ်မှာရှုံးနိုင်လဲ့
သံသရာညည်းညူလို့ မဆုံးစေနဲ့)
အုံးစက်နေနိုင်သေးပေလို့
ပြုံးမျက်ရည်ဖြိုင်အေး။ ။

ကြည်အေး
[ရှုမ၀မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၅၅၊ 'ဖုန်းသက်တိုင်' ၀တ္ထုမှ]
{စိတ်ကူးချိုချိုအနုပညာက ထုတ်ဝေတဲ့၊ ကြည်အေး ၏ ကဗျာများ စာအုပ်၊ ဒုတိယအကြိမ်၊ သြဂုတ် ၂၀၀၈ မှ ကူးယူဖော်ပြပါတယ်။}

ထူးမခြားနား မီးရေစုံသား
ရေးသူ- လူထုစိန်ဝင်း



[ဒီဆောင်းပါးကို မာယာ စာဖတ်သူတို့အတွက် လူထုစိန်ဝင်း ၀က်ဘ်ဆိုက် မှ ကူးယူဖော်ပြပေးပါတယ်။ လူထုစိန်ဝင်းနှင့်တကွ ၀က်ဘ်ဆိုက် ဖန်တီးသူများနဲ့ စီစဉ်ဆောင်ရွက်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။]

ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ‘ထူးမခြားနား’ ဆိုတဲ့ စာသားကြောင့်ပဲ ဒီဆောင်းပါးက စာဖတ်ပရိသတ်တွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

‘ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးထွေတည့် အံ့ရာသော်’

မနက် စောစောစီးစီး ကျက်သရေမင်္ဂလာရှိလှတဲ့ တေးသံလေထဲမှာ လွင့်ပျံလာတာကို သဲ့သဲ့ကြား လိုက်ရတဲ့အတွက် အိပ်ရာထဲကနေပြီး နားစွင့်မိလိုက်တယ်။ ရန်ကုန်မြို့လယ်မှာ ‘ထူး မခြားနား’ အသံကြားရတာ ထူးထူးခြားခြားရှိလှပါလား။ ဘယ်ကလာတဲ့အသံပါလိမ့်။


မသိုးသင်္ကန်းရက်ပြိုင်ပွဲ

‘ထူးမခြားနား -မီးရေစုံသား’
သဲ့သဲ့ကြားရတဲ့အသံက တဖြည်းဖြည်း ပီပြင်လာတယ်။ ‘ထူးမခြားနား- မီးရေစုံသား၊ ပြောင်းလို့ လို့များထွေ၊ ထူးတွေတည့် အံ့ရာသော်’ မလှမ်းမကမ်း ရောက်လာလို့ အသံကပိုပြီး ကျယ်လာ တယ်။ မနက် စောစောမှာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ခညောင်းလိုက်တာ။ ‘ထူးမခြားနား-မီးရေစုံသား’ တဲ့ ခဏနေတော့ သီချင်းသံရပ်သွားပြီး စကားသံ ထွက်လာတယ်။ တန်ဆောင် တိုင် မသိုးသင်္ကန်းရက်ပြိုင်ပွဲအတွက် အလှူတော်ငွေထည့်ဝင်နိုင်ကြောင်း နှိုးဆော်နေတာ ဖြစ် တယ်။

မန္တလေးကို သတိရ

တန်ဆောင်တိုင်ပွဲတော် ရောက်ပြန်ပါပေါ့လား။ အချိန်တွေကုန်သွား တာမြန်လိုက်တာ။ သီတင်း ကျွတ်ပွဲတော်ပြီးတာတောင် မကြာသေးဘူး။ မနေ့ကလိုပဲထင်နေတုန်း တန်ဆောင်တိုင်ပွဲတော် က ရောက်လာပြီ။ မန္တလေးကို သတိရလိုက်တာ။ ရှေးတုန်း က ရန်ကုန်တန်ဆောင်တိုင်ပွဲတော် ဘယ်လောက်စည်တယ် ပြောပြော မန္တလေးလောက်တော့ ပျော်စရာ ကောင်းတယ်မထင်ဘူး။ တန်ဆောင် မုန်းလဆန်းတာနဲ့ ဈေးချိုတော်ထဲမှာ တစ်ရုံပြီးတစ်ရုံ ကထိန်တွေခင်းကြတာ နေ့စဉ် ရက်ဆက်ပဲ။ အကျွေးအမွေးကလည်းစုံ၊ လှူဖွယ်ပဒေသာပင် တွေကလည်းစုံ၊ လူတွေကလည်း စုံတော့ ကြိတ်ကြိတ်တိုးနေတယ်။ နွဲ့နွဲ့ စန်းတို့၊ အမာစိန်တို့ဆိုတာ နေ့ပွဲည ပွဲဆက်နေကြတယ်။ မြို့မကတော့ မပါမဖြစ်ပေါ့။

ရွှေတိဂုံတစ်ဆူတည်းသာရှိ

‘ဖြူနီညိုပြာ -ထွေလာတည့် ထူးထူးဆန်း၊ ထူးထူးဆန်း’
ဒီတစ်ခါတော့ ‘ထူးမခြားနား’ ရဲ့ ဒုတိယပိုဒ်ကိုဖွင့်တယ်။ ခဏနေရင် သီချင်းရပ်ပြီး မသိုး သင်္ကန်းရက် ပြိုင်ပွဲအလှူခံတဲ့ အသံထွက်လာလိမ့်ဦးမယ်။ ငယ်စဉ်က မန္တလေးမှာ မသိုးသင်္ကန်း ရက် ပြိုင်ပွဲမရှိပါဘူး။ ရန်ကုန်မှာ အခြေချနေရတဲ့အခါကျတော့ အဖိတ်နေ့ ညဦးပိုင်းကတည်းက ဖျာတွေ၊ အိပ်ရာခင်းတွေ ခေါင်းအုံးတွေနဲ့ စားဖွယ်ရာအစုံအလင်ယူပြီး ရင်ပြင်တော်ပေါ် သွားနေ ခဲ့ကြတယ်။ အိမ်သားတွေရော သတင်းယူဖို့ သတင်းထောက်တွေ ဓာတ်ပုံသတင်းထောက်တွေ ရော လူစုံတက်စုံဆိုတော့ ပျော်စရာကောင်းလှတယ်။

စစ်ကိုင်းမှာ ကြိတ်ကြိတ်တိုး

ပျော်စရာကောင်းတယ်ဆိုပေမယ့် မန္တလေးတန်ဆောင်တိုင်ကိုတော့ လွမ်းတုန်းပါပဲ။ ကျောင်း သား ဘ၀တုန်းကဆိုရင် မဖြစ်ဖြစ်အောင်ကို ပြန်ပြေးတာ။ အဖိတ်နေ့မနက် မန္တလေးရောက် တာနဲ့ အိမ်ကိုခဏ လေးဝင်ပြီး စစ်ကိုင်းဘက် တန်းပြေးတော့တာပါပဲ။ အဖိတ်နေ့ညက တော့ မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ရိုးရောက်နေတယ် လို့တောင် ပြောရလောက်အောင် နေရာ တိုင်းကြိတ်ကြိတ်တိုးဖြစ်နေတယ်။ ချောင်တိုင်း ချောင်တိုင်းမှာလည်း သူ့အစုနဲ့သူ လူတွေပြည့် နေတယ်။ တစ်နေ့ခင်း လုံးချက်ကြပြုတ်ကြနဲ့ ဆူညံ စည်ကားနေတယ်။ ညနေစာစားသောက် ပြီးတာနဲ့ အားလုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး ဘုရားဖူးလှည့်ကြတော့တယ်။ ဆွမ်းဦး ပုည ရှင် ဥမင်သုံးဆယ်၊ ဥမင်ခြောက်ဆယ်စတဲ့ နေရာတွေကတော့ အစည်ကားဆုံးပေါ့။ ညနက်လေ တိုးမပေါက်လေပါပဲ။ မြို့မအဖွဲ့ကလည်း တစ်ညလုံးဘုရား လည်ဖူးရင်းနဲ့ ပရိသတ်ကိုဖျော်ဖြေ ကြတယ်။

မြစ်ထဲမှာ ငှက်စီးပြီး

တချို့ကတော့ မြစ်ထဲမှာငှက်စီး ပြီး စစ်ကိုင်းတောင်အလှကို ခံစားကြတယ်။ နေရာတိုင်းမှာ တေးသံတွေ တစ်ကြော်ကြော်နဲ့ ပျော်မြူးကြတယ်။ တောင်ပေါ်မှာ လေတဟူးဟူးနဲ့ ခိုက်ခိုက် တုန်ချမ်းလေ သီချင်းတွေပိုပြီး အော်ဟစ်ကြလေမို့ ‘အုံးခြိမ့်ခြိမ့်ညံ’ လို့ ဆိုရမလောက် ဖြစ်နေ တယ်။ ချမ်းပေတုန်ပေမယ့် မောပေပန်းပေမယ့် တစ်ညလုံး ဘယ်သူမှမအိပ်ဘူး။ မြို့မလည်း မအိပ်ဘူး။ ၀မ်းဟာလာရင်လည်း မပူရဘူး။ ဘယ်ချောင်ဝင်စားစား ကြိုက်ရာရွေးစားလို့ရတယ်။ စတုဒိသာအကျွေးအမွေးတွေက နေရာတိုင်းမှာတစ်ပုံတစ်ပင်။ ချောင်တွေထဲမှာ သာမဟုတ်ဘူး။ လမ်းဘေး တွေမှာလည်း လက်ဖက်သုပ်၊ ဂျင်းသုပ်ဗန်းကြီးတွေနဲ့ ဆီးဖြူသီးဆားစိမ်နဲ့ ဘာလ ချောင်ကြော် ဇလုံကြီးတွေ နေရာတိုင်းမှာချထားကြတယ်။

မေ့မရတဲ့ပွဲတော်ည

ဒီနေ့ထိ စွဲစွဲလန်းလန်း မှတ်မိသေးတဲ့ တန်ဆောင်တိုင် ညတစ်ညရှိ သေးတယ်။ ချောင်လည် ချောင်ပတ် လုပ်ရတာ ခြေညောင်းလာတော့ သူငယ်ချင်းတစ်ယောက်နဲ့ အဖော်တွေ ဆီကခွဲ ထွက်လာပြီး ရှင်ဖြူရှင်လှဆိပ်က ငှက်တစ်စီး ငှားစီးကြတာ မိုးစင် စင်လင်းသွားခဲ့တယ်။ မြစ်ထဲ ကနေပြီး တောင်တန်းကြီးကိုကြည့်ရတာ သိပ်လှတယ်။ ပွဲတော်ညကိုတော့ တစ်တောင်လုံး ထိန် ထိန်လင်းနေတယ်။ မီးစိမ်းမီးနီမီးပြာတွေ နေရာတိုင်းမှာ။ အဖိတ်နေ့ညရဲ့ ပြည့်ပြည့်ဝိုင်းဝိုင်း လမင်းကြီးကလည်း ထိန်ထိန်သာလို့။ မြစ်ပြင်တစ်ခုလုံး လရောင်ဆမ်းထားတဲ့အတွက် ရွှန်း လက် တောက်ပနေတယ်။ မီးစိမ်း၊ မီးနီ၊ မီးပြာ ရောင်တွေရေထဲမှာ မီးပြဿဒ်တွေလို ထင်ဟပ် နေတာကြည့်ပြီး တောင်နဲ့ရေပြင် တစ်ဆက်တစ်စပ်တည်းလို့ ထင်မှတ်ရတယ်။ ဆောင်းလေ ကလေး တစ်ချက်သုတ်ဖြူးလိုက်တဲ့အခါ ရေထဲက မီးပြဿဒ်တွေ လှုပ်ခါသွားတယ်။ လှလိုက် တာ။ လှလိုက်တာ။
‘ထူးမခြားနား-မီးရေစုံသာ၊ ရောင်တောင်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးတွေထည့် အံ့ရာ သော်’

လျှမ်းလျှမ်းဖြိုး၊ အာကာကျော်ဟိုး

‘တေဇာရွှင်ရွှင်၊ ပေါ်လွင်တည့် လျှမ်းလျှမ်းဖြိုး၊ လျှမ်းလျှမ်းဖြိုး၊ အာကာကျော်ဟိုး၊ ဘုန်းတန် ခိုးရောင်၊ ဝေေ၀ရွှန်းပြောင်’ အလှူခံကားက ရှေ့ဆက် ထွက်ခွာသွားတာကြောင့် တေးသီချင်းသံ လည်း တဖြည်းဖြည်းဝေးဝေးသွားရာက သဲ့သဲ့လေးကြားရတယ်။ ခဏကြာတော့ အသံလုံးဝ ပျောက်သွားတယ်။ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာရှိလှတဲ့ တေးသံကို လွမ်းတ သသ ဖြစ်ကျန်ရစ်တယ်။
‘ထူးမခြားနား-မီးရေစုံသား၊ ထူးမခြားနား’ အသံပျောက်သွားပေမယ့် နှုတ်ဖျားမှာ စွဲကျန်ရစ် တယ်။ တစ်မနက်လုံး ‘ထူးမခြားနား၊ ထူးမ ခြားနား’ ဆိုတာပဲ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိတယ်။

စိတ်တေလေ

စိတ်ဆိုတာ တော်တော်ထိန်းရ ခက်တယ်။ ဒါကြောင့်လည်း ‘စိတ်တေလေ’ လို့ ကဗျာဖွဲ့သူတွေ က ဖွဲ့ကြတာနေမှာ။ စစ်ကိုင်းတောင်ရိုးကနေပြီး ရုတ်တရက်ချက်ချင်း ရွှေတိဂုံမသိုးသင်္ကန်း ရက် ပြိုင်ပွဲကိုရောက်သွားတယ်။ ရက်ကန်းစင်တွေနေရာမှာ လူတွေ အုံးအုံးကြွက်ကြွက် တိုးဝှေ့ ဆူညံနေကြတယ်။ ဆိုင်းဝိုင်းက တစ်ချက်တစ်ချက် ဗိန်းမောင်းတီးပေးလိုက်တဲ့ အခါမှာ ရက် ကန်းခတ်သူတွေပါ ဗိန်းမောင်းသံနဲ့အညီ ကြိုးကို ဒလကြမ်းဆွဲဆောင့်နေကြလို့ လက်မောင်း တွေ ပြုတ်ထွက်မလား ထင်ရတယ်။ အဲဒီလို ဗိန်းမောင်းသံကြားတဲ့အခါ ဇရပ်တွေထဲမှာ ၀ိုင်းဖွဲ့ နေသူတွေ၊ လဲလျောင်းနေသူတွေ အမောတကော ပြေးလာကြည့်ကြတယ်။ ပြီးဖို့ အတော် လိုသေးတာတွေ့ရင် ကိုယ့်နေရာကိုယ် ပြန်သွားကြပြန်တယ်။ ဗိန်းမောင်းသံက အရုဏ်ကျင်း ခါနီး လေကျယ်လာလေပဲ။

ရွှေကြာသင်္ကန်းစစ်စစ်

အရုဏ်မတက်ခင် အပြီးရက်ကြရလို့ မသိုးသင်္ကန်းလို့ ခေါ်တာတဲ့။ အခုခေတ်တော့မသိဘူး။ ရှေးကတော့ အစကအဆုံး တကယ်ကို နေ့ချင်းပြီး လုပ်ကြရတာ။ တစ်ခါက သတင်းယူဖို့ သေ သေချာချာ သွားကြည့်ခဲ့ဖူးတယ်။ ဘယ်ကယူလာ မှန်းမသိတဲ့ကြာပန်းတွေ ကားနဲ့ တစ်စီးပြီး တစ်စီး ရောက်လာတယ်။ ကြာပင်ကြာရိုးတွေကို အမျိုးသမီးတွေက အမျှင်အမျှင် ဖြစ်အောင် ဆွဲခွာကြတယ်။ စိတ်ကြဖြာကြတယ်။ နောက်တော့ ချားတစ်ပြီး ရစ်ကြဆွဲကြတယ်။ ကြာပန်းက ချည်ဖြစ်တဲ့အထိ တစ်နေ့လုံးကို လုပ်ကြရတာ။ ညနေ ၆ နာရီ ထိုးတာနဲ့စပြီးရက်ကြရတယ်။ သန်းခေါင်းကျော် အရုဏ်မကျင်းမီ ပြီးကြရတယ်။ ဒါကြောင့် မသိုးသင်္ကန်းလို့ ခေါ်သလို ရွှေကြာ သင်္ကန်း လို့လည်း ခေါ်တာဖြစ်တယ်။

ထူးမခြားနားနဲ့ပူဇော်

ရက်လို့ပြီး ချုပ်လုပ်ပြီးတဲ့ အခါကျတော့ စေတီတော်ကြီးကို လက်ယာရစ် လှည့်ပတ်ပူဇော်ကြ တယ်။’ ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့ များထွေ၊ ထူးထွေတည့် အံ့ရာသော်’ ဒီအခါကျတော့ ဆိုင်းဝိုင်းကြီးက ဗိန်းမောင်းမတိုက်တော့ဘူး။ ‘ ထူးမခြားနား’ နဲ့ မြတ်စွာဘုရားကို ပူဇော်တယ်။ မနက်အရုဏ်တက်မှာ ‘ထူးမခြားနား’ တေးသံနဲ့ပူဇော်ပြီး ရွှေ ကြာသင်္ကန်းကပ်ရတာလောက် ကြည်နူးစရာမရှိဘူး ထင်တယ်။ ရန်ကုန်တန်ဆောင်တိုင်ဟာ အင်မတန် ကျော်ကြားးတယ်၊ သင်္ကြန်လည်းသံချပ်သံတွေနဲ့ မြိုင်လှတယ်လို့ဆိုကြတယ်။ ဒါပေ မယ့် ရွှေတိဂုံစေတီတော်ရင်ပြင်က တန်ဆောင်တိုင်ညလောက်တော့ ဘယ်ဟာမှ လွမ်းလောက် စရာလို့ မထင်ပါဘူး။

အတိတ်ရဲ့အရိပ်

တကယ်တော့ အတိတ်ရဲ့အရိပ်တွေ ချည်းပါပဲ။ စစ်ကိုင်းတောင် ကထိန်ညတွေကလည်း အရင် လို ပျော်စရာ မကောင်းတော့ပါဘူးတဲ့။ ရွှေတိဂုံမသိုးသင်္ကန်းရက်ပြိုင်ပွဲလည်း ရှေးကလို ၀က် ၀က်ကွဲ မစည်ကားတော့ပါဘူး။ ‘ထူးမခြားနား၊ ထူးမခြားနား’ ဆိုတဲ့ တေးသံတောင် အတိတ်ရဲ့ အရိပ်ဖြစ်နေပြီလေ။ မကြားရ တာကြာပါပြီ။ ဒီနေ့မနက်မှ တိုက်တိုက်ဆိုင် ဆိုင် ကြားရတာ။ ဟော ပြောရင်းဆိုရင်း အလှူခံ ကား တစ်ပတ်လှည့်လာ ပြန်ပြီထင်တယ်။
‘ထူးမခြားနား၊ ထူးမခြားနား၊ မီးရေစုံသား’


လူထုစိန်ဝင်း