Friday, April 29, 2011

မောင်ချမ်းသာ(ဆိုက်ကား)နှင့် မနှင်းပုလဲ(ပဲပြုတ်)တို့၏ မင်္ဂလာဆောင်
ရေးသူ- မောင်ကိုယု



တရားသူကြီး သုံးယောက်ရှေ့တွင် မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ ခပ်ယို့ယို့လေး ရပ်နေကြသည်။
မောင်ချမ်းသာက ခေါက်ရိုး မပြေသေးသော လုံချည်အသစ်စက်စက်ကို သလုံးသားပေါ်အောင် ၀တ်ထား၏။ လျှော်ပြီးသား အင်္ကျီလက်ရှည် အဖြူကို လက်တ၀က် ခေါက်၍ ထား၏။
မနှင်းပုလဲကတော့ မော်ရေးရှံ သက်တံရောင်နှင့် အပေါ်က အိရှံအဖြူလက်စကနှင့် ဖြစ်သည်။
သူတို့ နောက်တွင်တော့ မောင်ချမ်းသာ၏ ရောင်းရင်းများက ၀ါး ဦးထုပ်၊ စစ်ဦးထုပ် အစိမ်းပျော့ စသည့် ခေါင်းဆောင်း အမျိုးမျိုးကို လက်တွင်ကိုင်၍ စုပြုံ ရပ်နေကြ၏။
တရားရုံးရှေ့တွင်တော့ ဆိုက်ကားများ တန်းစီ ရပ်ထားသည်။


ယနေ့သည် ဆိုက်ကားသမားလေး မောင်ချမ်းသာနှင့် မနှင်းပုလဲတို့၏ လက်ထပ်မင်္ဂလာပွဲ ဖြစ်ပါသည်။
အလယ်ထိုင် နာယကကြီးက ရှေ့ဖတ်စာရေး ကမ်းပေးသော ရွှေရောင်ဖြင့် ရိုက်ထားသည့် လက်ထပ်စာချုပ် ကပ်ထူရွက် နှစ်ရွက်ကို အသေအချာ စစ်ဆေးကြည့်နေ၏။
'အဘ ဦးသူတော်၏သား မောင်ချမ်းသာ အသက် ၂၆ နှစ်၊ ဟုတ်သလား'
နာယကကြီးက စာချုပ်တွင်ပါသည်များကို ဖတ်၍ လှမ်းမေးလိုက်ရာ မောင်ချမ်းသာက မ၀ံ့မရဲ ခေါင်းညိတ်ပြသည်။
'အလုပ်က ဆိုက်ကား နင်းတယ်နော်'
မောင်ချမ်းသာ ခေါင်းညိတ်ရပြန်သည်။
'အဘ ဦးကွန်ပါ၏ သမီး မနှင်းပုလဲ၊ အသက် ၂၂ နှစ်၊ အလုပ်အကိုင် ပဲပြုတ်ဈေးသည်၊ ဟုတ်တယ်နော်'
မနှင်းပုလဲက ဘာပြန်ပြောရမှန်းမသိသဖြင့် မောင်ချမ်းသာကို လှမ်းကြည့်၏။ မောင်ချမ်းသာက လက်တို့၍ ခေါင်းညိတ်ပြသည်။ မနှင်းပုလဲက တရားသူကြီးဘက်လှည့်ပြီး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်၏။
'အခု မင်းတို့နှစ်ဦး သဘောတူ လက်ထပ်ကြမယ် ဟုတ်ပြီလား'
နှစ်ယောက်လုံးက 'ဟုတ်ကဲ့' ဟု သံပြိုင် ဖြေလိုက်ကြသည်။
'မနှင်းပုလဲက အခု လက်ထပ်တာ ဘယ်သူ့ရဲ့ သွေးဆောင် ဖြားယောင်းခြိမ်းခြောက်ခြင်းမှ မရှိဘဲ မိမိရဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ သဘောတူတာလား၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ခြိမ်းခြောက်မှု၊ သွေးဆောင်မှု၊ ဖြားယောင်းမှုကြောင့် လက်ထပ်ရတာလား ဆိုတာကို ဖြေပါ'
မနှင်းပုလဲက ဘာမှမဖြေဘဲ မောင်ချမ်းသာ ဘက်သို့သာ လှည့်ပြီး ငေးကြည့်နေသည်။
မောင်ချမ်းသာက ပခုံးချင်းတိုက်၍ မျက်ရိပ်ပြလိုက်၏။
'ကျွန်မ ကြိုက်လို့ ယူတာရှင့်'
နောက်က ဆိုက်ကားအဖွဲ့က '၀ါး' ခနဲ ရယ်လိုက်သဖြင့် နာယကကြီးက ခပ်တည်တည် လှမ်းကြည့် လိုက်သောအခါ မျက်နှာပိုးသတ်၍ ငြိမ်သွားကြသည်။
ဤလက်ထပ်ပွဲကို ကမကထ ပြုလုပ်ပေးခဲ့သော ရှေ့ဖတ်စာရေးမှာ ရယ်ချင်နေသော မျက်နှာထားကို ခေါင်းငုံ့၍ ဟန်ဆောင်ထားရသည်။
'ကဲ.. ကဲ.. ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ လာ လာ ဒီမှာ လက်မှတ်ထိုးကြ'
လက်မှတ်ထိုးရမည့် နေရာကို ရှေ့ဖတ်စာရေးက ထောက်ပြသည်။ မောင်ချမ်းသာက အလျင် လက်မှတ်ထိုး၏။ ဒုတိယ မနှင်းပုလဲက တုန်တုန်ယင်ယင်နှင့် လက်မှတ်ထိုးရာ တလုံး တလုံးကို အတော်ကြာကြာ ရေးနေရ၏။ တရားသူကြီးများက စိတ်ရှည်စွာ စောင့်ကြည့်နေကြ၏။
'သက်သေနှစ်ယောက် လာ လက်မှတ်ထိုးပါ' ဟု ရှေ့ဖတ်စာရေးက ခေါ်လိုက်ရာ၊ အောင်ဗလနှင့် လှကြည်တို့ နှစ်ယောက် အလုအယက် ထွက်လာကြပြီး သူအလျင် ကိုယ်အလျင် လုပ်နေကြသေးသည်။ နောက်မှ လှကြည်က အလျင် လက်မှတ်ထိုးဖြစ်သည်။

xxxxx xxxxx xxxxx

လက်မှတ်ထိုးခြင်းကိစ္စ ပြီးစီးကြသဖြင့် သတို့သားနှင့် သတို့သမီး တွဲ၍ ဆိုက်ကားအဖွဲ့ ခြံရံပြီး ရုံးတွင်းမှ ထွက်လာကြ၏။
အောင်ဗလက သပြေပန်းတွေ ဝေေ၀ဆာဆာ လက်ကိုင်ထိပ်၌ ထိုးစိုက်ထားသော ဆိုက်ကားကို အလျင်ဆုံးထုတ်၍ လမ်းပေါ်တွန်းတင်လိုက်သည်။ ထိုဆိုက်ကားသည် သတို့သား မောင်ချမ်းသာပိုင် ဆိုက်ကားဖြစ်သည်။ အောင်ဗလက နေ့စဉ် သူနင်းနေကျ ဆိုက်ကားကို ယနေ့အဖို့ ဆိုက်ကားပိုင်ရှင်အိမ်က ထုတ်ယူမလာပေ။ မောင်ချမ်းသာ၏ ဆိုက်ကားကို ယူကာ နင်းပေးရမည် ဖြစ်၍ ဖြစ်၏။
အောင်ဗလနင်းသော ဆိုက်ကားပေါ်သို့ မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ တက်ကြသည်။ မောင်ချမ်းသာ က ရှေ့ထိုင်ခုံမှာ နေရာယူ၍ မနှင်းပုလဲက နောက်ဘက်ခုံတွင် ယို့ယို့ကလေး ထိုင်လိုက်၏။ သူတို့နောက်မှ ဆိုက်ကား ဆယ့်နှစ်စီးက တန်းစီ၍ နေရာယူလိုက်ကြသည်။ တရားရုံးရှိ လူအားလုံးတို့သည် ထူးဆန်းသော မင်္ဂလာပွဲကြီးကို ပြုံးကာ ပြုံး၊ ရယ်ကာရယ်ဖြင့် ကြည်နူးစွာ လှမ်းကြည့်ကြလေ၏။
ဆိုက်ကား စထွက်တော့ အောင်ဗလက သူ၏ ညာဘက်လက်ကိုင်တွင် တပ်ဆင်ထားသော ခေါင်းလောင်းကို အဆက်မပြတ်တီးရင်း နင်းလာသည်။
'ဟေ့ကောင်အောင်ဗလ၊ ဘာလုပ်တာလဲကွ၊ လူတွေ ကြည့်နေကြပြီ၊ ရှက်စရာကြီး'
'ဟေ့ကောင် ချမ်းသာ၊ ငြိမ်ငြိမ်လိုက်လာစမ်း၊ တရုတ်မင်္ဂလာဆောင်ဆိုရင် ကားဟွန်းသံတွေ တညံညံနဲ့ ဒီလောက်တီးလာတာပဲကွာ'
'သူတို့က ကားကွ'
'တို့လည်း တို့အထွာနဲ့ တို့ပေါ့ကွ၊ ဘီးပါတာပဲ၊ သူတို့က မော်တော်ကား၊ တို့က ဆိုက်ကား... ဟား... ဟား... ဟား...'
'ငါ မျက်နှာ ပူတယ်ကွ'
'မျက်နှာပူရင် မင်းနားရွက်ကားသားပဲ၊ နားရွက် နှစ်ဖက်နဲ့ ကာထားပေါ့ကွ'
'အစ်ကို... လုပ်ပါဦး၊ အစ်ကို့ လူတွေက အော်ကြီးဟစ်ကျယ်နဲ့၊ ရှက်စရာကြီး'
မနှင်းပုလဲက နောက်မှ လှမ်းပြောသည်ကို နောက်ဆိုက်ကားနင်းလာသူ ကြည်မြင့်က ကြားသွားဟန်တူသည်။
'တို့ကတော့ အော်ကြီးဟစ်ကျယ်ပဲဟေ့၊ လမ်းထောင့်က ဆိုက်ကားဂိတ်ဆိုတော့ ဆူဆူညံညံ ကားသံ၊ လူသံတွေ ကြားထဲမှာ ပြောရ ဆိုရမို့ အော်ပြောရတာ အကျင့်ဖြစ်နေပြီ၊ ရှက်ရင် ခေါင်းငုံ့ပြီး လိုက်လာ၊ ရောက်တော့မယ်'
'ဒီကလဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြီး ဈေးလိုက်ရောင်းရတဲ့ ပဲပြုတ်သည်ပါပဲ တော်၊ အခုဟာက လွန်လွန်းလို့'
မနှင်းပုလဲဆီက အသံထွက်လာခြင်းမဟုတ်ပါ။ စိတ်ထဲက ရန်တွေ့ လိုက်ခြင်း ဖြစ်သည်။
နောက်ဘက်မှ ဆိုက်ကားများသည်လည်း ဟွန်းနှိပ်သူနှိပ်၊ ခေါင်းလောင်းတီးသူတီးဖြင့် တသီတတန်းကြီး ဆူညံစွာ ထွက်လာကြလေသည်။
လမ်းတလျှောက် လူများ ထွက်ကြည့်နေကြသဖြင့် မောင်ချမ်းသာနှင့် မနှင်းပုလဲမှာ ရှက်လွန်း၍ ခေါင်းငုံ့ပြီးသာ လိုက်လာကြရလေသည်။

xxxxx xxxxx xxxxx

အိမ်ကလေးပေါ်သို့ စုပြုံ တက်လာကြသော အဖွဲ့ကြီးကို ကြည့်၍ မနှင်းပုလဲ၏အမေ ဒေါ်အေးမမှာလည်း အလိုလို ရွံ့သလိုလို ဖြစ်ပြီး ခေါင်းရင်းဘက် ဘုရားစင်ရှိရာ အောက်ဘက်သို့ ယို့ယို့ကလေး သွားထိုင်နေလေသည်။
လူဆယ့်ငါးယောက်၏ အလေးချိန် ဒဏ်ကြောင့် အိမ်ကလေးမှာ ယိမ်းထိုး လှုပ်ခါနေသည်။
'ဟဲ့.... ဟဲ့.... အိမ်ပြိုပါ့မယ်'
အိမ်မှာ ထိုင်စောင့်နေကြသော မနှင်းပုလဲ၏ မိတ်ဆွေ အမျိုးသမီး အုပ်စုထဲမှ တယောက်က အော်လိုက်သည်။
'ကဲ... ကဲ... အခန်းအပ်ပြီး မင်္ဂလာသြဘာစကား ပြောရမယ်'
အောင်ဗလက အခန်းဝမှနေ၍ သံနေသံထားဖြင့် ဟန်ပန်ထုတ်၍ မိန့်ခွန်းခြွေရန် ပြင်လိုက်သည်။
'ဟေ့... အောင်ဗလ မင်းက ကြီးကြီးကျယ်ကျယ် ဘာတတ်လို့ ပြောမှာလဲ၊ မလိုပါဘူးကွ၊ သူတို့နှစ်ယောက်ထားခဲ့၊ တို့က မရီဆိုင် ပြေးပြီး မင်္ဂလာအောင်ပွဲလေး ကျင်းပမယ်၊ ဒါပဲ'
လှအောင်က ကပြင်တွင် ထိုင်နေလျက်က လှမ်းကန့်ကွက်နေ၏။
'နေပါဦးကွ၊ ငါ့ ဆိုက်ကားရှင်သမီး သမ္မတမှာ လက်ထပ်တုန်းက သြဘာမင်္ဂလာစကားပြောတာ ကြားဖူးလို့ပါ့၊ ငါပြောတတ်ပါတယ်ကွ'
'ကဲ... ဒါဆို ပြောကွာ မြန်မြန်၊ ငါ လေပျို့လာပြီ'
ကိုချစ်တီးက နောက်ကျနေသဖြင့် လှေကားအ၀တွင် တစ်ဆို့ကြီး ရပ်နေလျက်က လှမ်းပြောလိုက်၏။
'ဒီလိုပါ ခင်ဗျ၊ အခု မင်္ဂလာလက်ထပ်ပွဲကတော့ ဆိုက်ကားပိုင်ရှင် မော်ချမ်းသာနှင့် ပဲပြုတ်ပိုင်ရှင် မနှင်းပုလဲတို့ရဲ့...'
'ပဲပြုတ်တောင်း ပိုင်တယ်ပြောပါကွ'
'ဟုတ်ကဲ့၊ ပဲပြုတ်တောင်းပိုင်ရှင် မနှင်းပုလဲတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ဖြစ်ပါတယ်'
'တော်ပြီဟေ့ သွားမယ်၊ ချမ်းသာ ပေးထားတဲ့ ခဲဖိုးပိုက်ဆံ ဘယ်သူ့ဆီမှာလဲ ဟေ့'
'ကျုပ်ဆီမှာပါဗျ'
လှအောင်က ပြောရင်း အင်္ကျီအိတ်ကို ပုတ်ပြလိုက်သည်။
ဆိုက်ကား အဖွဲ့ကြီးက ဘဲလ်သံ ဆူညံစွာဖြင့် ထွက်ခွါသွားကြလေသည်။ မောင်ချမ်းသာတို့ နှစ်ယောက် အခန်းဝတွင် မောမောပန်းပန်း ထိုင်ချလိုက်ကြတော့သည်။
'အဲဒီလူတွေ ရုတ်ရုတ် လုပ်တာနဲ့ ကြိုးလည်း မတားလိုက်ရပါဘူးနော်' ဟု ဒေါ်မြမြ ခေါင်းဆောင်သော အမျိုးသမီးတစု ရယ်ရယ်မောမောဖြင့် ထွက်သွားကြလေသည်။

xxxxx xxxxx xxxxx

ဒေါ်အေးမကလည်း အလိုက်သိစွာ ဘေးအဖီ မီးဖိုဘက်သို့ ထွက်သွားသည်။
မနှင်းပုလဲသည် အခန်းတွင်းသို့ မရဲတရဲ လှမ်းကြည့်လိုက်၏။ ပြီးတော့ ရှက်စနိုးဖြင့် ခေါင်းငုံ့နေသည်။ ဤအခန်းသည် မနေ့ကအထိ သူ့အမေနှင့် သူ အိပ်နေကျ အခန်းဖြစ်၏။ ယခုတော့ ဤအခန်းပင် သူ့အတွက် မင်္ဂလာအခန်း ဖြစ်နေ၏။
အမေ့အိပ်ရာ ဖျာလိပ်က အိမ်ရှေ့ခန်း ခေါင်းရင်းဘက်တွင် လိပ်လျက်သား တွေ့ရ၏။
အခန်းတွင်းမှာတော့ နံနက်က မိမိကိုယ်တိုင် အိမ်ဘေးက မမြနဲ့အတူ ပြင်ဆင်ထားသော အိပ်ရာ အသစ်စက်စက်ကို တွေ့ရ၏။ နှစ်ယောက်အိပ်ဖျာချော အသစ်စက်စက်ပေါ်တွင် ရွှေဘုံသာလမ်းက ဆိုက်ကားအုပ်စုက လက်ဖွဲ့အဖြစ်ဝယ်ပို့ထားသော ခေါင်းအုံးအသစ်စက်စက်နှစ်လုံးနှင့် ခြေရင်းတွင် အညာစောင် အသစ်စက်စက်က ခေါက်လျက် ပုံချထားသည်။ စိန်ဂျွန်းဈေးက အမေ သွားဝယ်ပေးထားသော နှစ်ယောက်အိပ် နိုင်လွန်ခြင်ထောင် ပန်းရောင်က အပေါ်ကမိုးလျက်...။
နံရံဘေးတွင် မနေ့က ကိုချမ်းသာ လာပို့ထားသော ဆေးပြယ်စ ပြုပြီဖြစ်သည့် အနက်ရောင် သံသေတ္တာ အဟောင်းတခုကလည်း အခန်းအတွင်း ပစ္စည်းအသစ် ဖြစ်သည်။ မိမိ အ၀တ်များထည့်သည့် ထန်းခေါက်ဖာက ခြေရင်းထောင့်တွင် ယခင်နေရာအတိုင်း ဖြစ်၏။ အမေ့သံသေတ္တာကလည်း ယခင်နေရာဟောင်းမှာ....။
မောင်ချမ်းသာက ပြုံးပြုံးကြီး မနှင်းပုလဲကို ကြည့်နေ၏။
'ဘာကြည့်တာလဲ'
မနှင်းပုလဲက မျက်စောင်းထိုး၍ မေ့မေ့လျော့လျော့ နှုတ်ခမ်းစူထားရမည့်အစား ပြုံးလိုက်မိ၏။
'အဟင်း... ဟင်း.. ဘာလုပ်ရမှန်းမသိလို့'
'ခစ်..ခစ်...ခစ်...'
မနှင်းပုလဲက ပါးစပ်ကို လက်နှင့်အုပ်ပြီး ရုတ်တရက် အဆက်မပြတ် ရယ်ချလိုက်၏။
'ဘာရယ်တာလဲ ဟ'
မောင်ချမ်းသာက မလုံမလဲ ပြုံးဖြဲဖြဲနှင့် လှမ်းမေးသည်။
'ဘာမှမဟုတ်ပါဘူး၊ တခြားပါ'
ခုမှ တကယ် ရယ်စရာ တွေ့လိုက်ရ၍ မနှင်းပုလဲ ရယ်လိုက်ခြင်း ဖြစ်သည်။ ယခင်က အမှတ်တမဲ့ ဖြစ်ခဲ့ပြီး ယခု လမ်းမှာ ကိုအောင်ဗလ ပြောမှ သတိထားကြည့်လိုက်မိသည်။ ကိုချမ်းသာ နားရွက်ကြီးက တကယ် ရယ်စရာ ကောင်းအောင် ကားကားကြီး တွေ့နေရ၏။ သို့သော် လူကြီးသူမများက ပြောဖူးသည်။ နားရွက်ကောင်းရင် ဥာဏ်ကောင်းသည်ကို...။
'ဟုတ်မှာပါပဲ၊ ဒါကြောင့် အစ်ကိုက ကိုယ်ပိုင် ဆိုက်ကားနဲ့ ဘာနဲ့ ဖြစ်နေတာ'
မနှင်းပုလဲ မျက်နှာပိုး ပြန်သတ်သွားသည်။

xxxxx xxxxx xxxxx

'နှင်းပုလဲဆိုတဲ့ နာမည်က ဆန်းတယ်ဟ၊ နင်နဲ့လိုက်တယ်၊ နင့်ကို ဘာကြောင့် ဒီနာမည် မှည့်ပေးတာလဲ... ဟင်'
'အို အကိုကလဲ၊ ကျွန်မကို နှင်းပုလဲမှာ မွေးတာတော့၊ ဒါကြောင့် အဖေက လွယ်လွယ်ပဲ နှင်းပုလဲလို့ ပေးလိုက်တာ'
'ဟာ... စိတ်ကူးပျက်လိုက်တာဟာ၊ ငါက ပုလဲလေးလို နင်က ဖြူလို့ ပေးတာလားလို့ သဘောကျနေတာ'
'ကျွန်မက ဖြူမှ မဖြူတာ၊ အစ်ကို မြင်တဲ့ အတိုင်းပဲဟာ'
'ငါ့မျက်စိထဲကတော့ ဖြူနေတာပဲဟာ'
'ပို မနေစမ်းပါနဲ့'
'မပိုပါဘူးဟ၊ ဟောဒီမှာ'
'အို.... ကြည့်စမ်း.... ခစ်..ခစ်..'
အိမ်ရှေ့ခန်းက အမေ ဒေါ်အေးမက ချောင်းတချက် ဆိုးလိုက်၏။ ဤတော့မှ အခန်းထဲမှ မနှင်းပုလဲတို့၏ အသံ တိတ်သွားလေသည်။

xxxxx xxxxx xxxxx

ခြင်္သေ့မင်း လက်ဖက်ရည်ဆိုင်တွင် မနှင်းပုလဲအတွက် နံပြားစောင့်ရင်း မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ လက်ဖက်ရည် ထိုင်သောက်နေကြ၏။ ဆိုက်ကားရှေ့ခုံပေါ်တွင်တော့ မနှင်းပုလဲ၏ ပဲပြုတ်တောင်းကား အငွေ့တထောင်းထောင်းနှင့်....။
မောင်ချမ်းသာသည် ဤ လက်ဖက်ရည်ဆိုင်ကလေးက စ၍ မိမိနှင့် မနှင်းပုလဲတို့ ရေစက်ဆုံစည်းမိ ကြသည်ကို ပြန်လည်တွေးနေမိ၏။
မောင်ချမ်းသာသည် တကောင်ကြွက်၊ ဆွေမရှိမျိုးမရှိ။ ရန်ကုန်တွင် မြို့သစ်လေး၌ ဆိုက်ကားနင်းစားသူ ဖြစ်သည်။ မိမိ၏ ကြိုးစားမှု၊ ချွေတာမှု၊ လိမ္မာမှုကြောင့် သူတပါးဆိုက်ကားကို နေ့ပေးအငှား နင်းလာခဲ့ရာမှ ဆိုက်ကားတစီး ကိုယ်ပိုင်ဖြစ်လာသူ ဖြစ်၏။ မိမိနှင့် ဘ၀တူ ဆိုက်ကားဆရာ ကိုချစ်တီးအိမ်တွင် တလ လေးဆယ်ပေးပြီး နေခဲ့သူ ဖြစ်၏။
မနက်စောစော ဆိုက်ကားနင်းထွက်လာပြီး ဤလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တခွက် မှန်မှန် သောက်နေကျ ဖြစ်၏။ မနှင်းပုလဲကလည်း အခြား ပဲပြုတ်သည်များနှင့် အတူတူ ဤလက်ဖက်ရည်ဆိုင်၌ နံပြားဝယ်နေကျ ဖြစ်၏။
မောင်ချမ်းသာက မနှင်းပုလဲကို နံနက်တိုင်း တွေ့နေ မြင်နေရာမှ မျက်စိကျလာသလို မနှင်းပုလဲကလည်း မောင်ချမ်းသာအပေါ် စိတ်ယိုင်လာခဲ့ခြင်း ဖြစ်၏။
ငယ်ငယ်ရွယ်ရွယ် သူများတကာလို နေ့စားအငှားနင်းတာ မဟုတ်ဘဲ ကိုယ်ပိုင်ဆိုက်ကားနှင့် တကိုယ်ရေ တကာယ နေသူဖြစ်မှန်း တခွန်းစ နှစ်ခွန်းစ မေးရင်း သိလာရတော့ အားကိုးလိုစိတ်ကလေးက ၀င်လာမိ၏။
နောက်တော့ သူတို့ချင်း သဘောမျှလာကြသည်။
အစ ပထမတွင် မောင်ချမ်းသာနောက်ပိုးပုံကလေးက ရယ်စရာကောင်း၏။
'ညီမ ပဲပြုတ်ကလေး ဆီဆမ်းပြီး နံပြားကလေးနဲ့ စားချင်တယ်ဗျာ။ ပဲပြုတ်နာမည်က ဘယ်လိုတဲ့တုံး'
'ပဲပြုတ်ပဲ နာမည်ရှိမလားတော့'
'အို... အို... ယောင်လို့၊ လူနာမည် မေးတာပါ'
မနှင်းပုလဲက လက်ဖက်ရည်ကြမ်းသောက်ရင်း ရယ်မိသဖြင့် သီးသွားသည်။
ယခုတော့ တူနှစ်ကိုယ် တစားပွဲတည်း ထိုင်၍ လက်ဖက်ရည် သောက်နေရပြီ ဖြစ်၏။

xxxxx xxxxx xxxxx

'ဟောဒီ လမ်းထိပ် ချပေးရင် တော်ပြီအကို'
နှင်းပုလဲက သူရောင်းနေကျ နှစ် ရပ်ကွက် လမ်းထိပ်သို့ ရောက်သောအခါ မောင်ချမ်းသာကို ဆိုက်ကားရပ်ခိုင်းသည်။
ဆိုက်ကားပေါ်မှ လှမ်းဆင်းလိုက်ပြီး ပေါင်ပေါ် တင်ထားသော ပဲပြုတ်တောင်းကို ခေါင်းပေါ် ခေါင်းအခုယူ၍ ရွက်လိုက်သည်။
'အကို သွားတော့လေ'
'နေပါဦးဟ၊ နင်အော်တဲ့ အသံလေးကြားချင်လို့၊ ပြီးတော့ ဘယ်အချိန် ဒီနေရာက လာကြိုရမလဲ ဆိုတာ မေးမလို့'
'အို... အကိုကလဲ ကျွန်မဘာသာ ပြန်ပါ့မယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ၊ အလကား အမောခံပြီး လာကြို လာပို့ လုပ်နေရဦးမယ်၊ အကို အဲဒီအချိန် လူရနေတော့ ဘယ့်နှယ်လုပ်မလဲ'
'သူများ လွှဲပေးလိုက်မှာပေါ့ဟ၊ ပြောစမ်းပါ၊ ဘယ်အချိန် ပြန်လာစောင့်ရမလဲ'
'ကဲ... ကဲ... ကိုယ်တော်ရယ်၊ အကိုတော့ ပိုက်ဆံမရဘဲ မောနေရမှာ စိုးလို့ ပြောတာ၊ ခါတိုင်း တနာရီ ကျော်ကျော်လောက် လှည့်လိုက်ရင် ကုန်တတ်တာပဲ'
'ဒီလိုဆို ငါလာခေါ်မယ်၊ လုပ်ပါဟ၊ ငါကြားအောင် အော်လိုက်စမ်းပါဦး'
'ပိုလိုက်တာနော်'
နှင်းပုလဲက မျက်စောင်းလေး ပြုံး၍ ထိုးရင်း လမ်းကျဉ်းဘက်သို့ လှည့်ထွက်သွား၏။
'ပဲပြုတ်... နံပြား...'
မောင်ချမ်းသာအဖို့ကား နှင်းပုလဲ၏ အော်သံသည် မေဆွိသီချင်းသံထက် များစွာကောင်းကာ နားဝင်ချို သာယာလှပါသည်။
ကျေနပ်စွာပြုံး၍ ဆိုက်ကားကို မတ်တတ် အရှိန်ယူကာ နင်းချလိုက်ပြီးလျှင်-
'မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး' ဟု သီချင်းကို ညည်းကာ ထွက်သွားလေသည်။
မနှင်းပုလဲသည် နောက်သို့ လည်ပြန်ကြည့်လိုက်ရာ ဆိုက်ကားဘီး ချိုင့်ထဲကျသွားသံကို ကြားရပြီး မြူနှင်းများ အကြားတွင် မှုန်၍ ပျောက်ကွယ်သွားသော လင်တော်မောင်အား သူရဲကောင်းကြီး စစ်မြေပြင်သို့ ထွက်သွားသည်ကို မျက်စိတဆုံး လှမ်းမျှော်၍ ကြည့်နေမိသော ဇနီးသည်ကဲ့သို့ ကျေနပ်ပီတိ ဖြစ်နေမိတော့၏။
'ပဲပြုတ်... နံပြား....'

မောင်ကိုယု
[မြတ်လေးမဂ္ဂဇင်း၊ မေ ၁၉၈၆]
{ရာပြည့်စာအုပ်တိုက်ထုတ် မောင်ကိုယု- သားပြန်လာရင် ပေးလိုက်ပါနှင့် မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်၊ ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၀၆ မှ ကူယူးဖော်ပြပါတယ်။}

Wednesday, April 27, 2011

အမှတ်တရ ရတုတွေ….
ရေးသူ - မေငြိမ်း





[လမင်းတရာက ထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် ဆရာမ မေငြိမ်း ရေးပေးတဲ့ အမှတ်တရ စာစုတခု ဖြစ်ပါတယ်။ မာယာမှာ ကြိုတင် ဖော်ပြလိုက်ပါတယ်။]

ငယ်ငယ်လေး ကတည်းက ကျမ ဘာလုပ်ချင်ခဲ့သလဲလို့ ပြန်တွေးကြည့်တော့ ကျမက သူ့အချိန်နဲ့သူ ကြုံရာ စိတ်ကူးတည့်ရာကို လုပ်ခွင့် ရချင်ခဲ့တာပဲ ဆိုတာကို သတိထားမိတယ်…။
ငယ်ငယ်က ၈တန်းကျောင်းသူအရွယ်မှာ.. ကဗျာအတိုအစတွေ ဗလာစာအုပ် သပ်သပ်ထားပြီး ရေးတတ်နေပြီ။ နောက်တော့ ၁၀တန်းလောက်မှာ ၀တ္ထုတွေအဖတ်များပြီး ရည်းစားဆိုတဲ့ ဝေါဟာရမှာ စိတ်ကစားတတ်လာတော့ ရည်ရွယ်တဲ့သူ ရှိရှိ မရှိရှိ.. ရည်းစားစာ ကောင်းကောင်းတွေ ရေးနေတတ်ပြီ။ သူငယ်ချင်း ယောက်ျားလေး တွေအတွက် ရည်းစားစာတွေ ကူ ကူ ရေးပေးရတာလည်း မှတ်မိတယ်..။ နောက်တော့ အသက် ၁၇နှစ်လောက်.. တက္ကသိုလ်တက်စမှာ… အသည်းလည်း ကွဲတတ်ပြီ။

သေချာတာကတော့ အချစ်ဆိုတာအပေါ် သေသေချာချာ ပျော်ဝင်ခံစားတတ်တယ် ဆိုတာပါပဲ..။ အဲဒါကြောင့် ကြိုက်တဲ့ ၀တ္ထုတွေကတောင် အချစ်အပေါ် အခြေခံမှ ကြိုက်တာ..။

အသက် ၂၃နှစ်အရွယ်… အချစ်ဆိုတာကို အပြင်းထန်ဆုံး ခံစားလေ့တဲ့ အရွယ်မှာ အချစ်ဘ၀ဆိုတာ အိမ်ထောင်ရေးပဲလို့ မှတ်ထင်ခုန်ချခဲ့။ ဒါဟာ အချစ်တဲ့လားလို့ မူးမူးထွေထွေ သီချင်းတွေ အော်ဆို..။ အသည်းကွဲပေမဲ့.. ဒဏ်ရာရပေမဲ့.. နောင်တ မရတတ်ခဲ့…။

နောက်တော့….
ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း..
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး..
လူလိမ်မာတော့ မဖြစ်ချင်ခဲ့.. ခုတော့ ဘယ့်နှယ်လဲ…ဆိုတဲ့ ၀င်းမင်းထွေးနဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်က ကိုယ်နဲ့ လာအံကိုက်ခဲ့..။

ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ.. လျှောက်ခဲ့ဖူးပြီလေ…
ငါနေထိုင်လာခဲ့တဲ့ နှစ်က ၃၀.. မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို ဘ၀က ဆန်းကြယ်တယ်….။

တကယ်ပဲ ကိုယ့်ဘ၀ ဇာတ်အနာက ဒရာမာ ရုပ်ရှင်တကားလို…။ အံ့သြစရာ ကောင်းတာက အဲဒီ နာကျင်စရာ ဘ၀ကို စိတ်မနာဘဲ.. အဲဒီ ဖြတ်သန်းမှုကို အနုပညာတခုလို သဘောကျ..။ ဒါကြောင့်လည်း ရူးသွပ်နိုင်ခဲ့ပေတာ…။

ဒီလိုနဲ့.. ခုတော့ လူ့သက်တမ်းရဲ့ ၃ပုံ ၂ပုံ ကျိုးပြီ…။
၄၅ နှစ်မြောက်ဆိုတာ…. နီလာရတု..တဲ့။
အင်း.. တန်ဖိုးအားဖြင့် ရှိတန်သလောက်ရှိတဲ့ ကျောက်မျက်အပြာ..
သူ့အပြာက မှော်ဆန်တယ်.. အေးတယ်.. ရင့်မာတယ်… ပြီးတော့ ခိုင်ကျည်တယ်…။
ဒါဖြင့်.. ကိုယ်ကရော.. ၄၅ မှာ ခိုင်မာ တည်ငြိမ် အေးချမ်းပြီလား…။
ရောင့်ရဲ ကျေနပ်နိုင်မှုတွေ အရင်ကထက် ပိုများလာတာတော့ သေချာတယ်…
ဘ၀ထဲ ပို ပို နေပျော်လာတယ်…
လက်ရှိ ဖြစ်တည်မှုကို ချစ်တတ်လာတယ်…
အသက်ရှင် နေထိုင်မှုအတွက် မေတ္တာတရားသာ အရေးပါဆုံး လိုအပ်ချက်ရယ်လို့ အမြင် ပြတ်သားလာ တယ်…

လောကကို ကျေးဇူးတင်တတ် လာတယ်..
သဘာဝတရားကို ပို မြတ်နိုးတတ် လာတယ်..
သတ္တ၀ါတွေအပေါ် ပို ကြင်နာတတ်လာတယ်..
တန်ပြီ။

++++++

ချစ်ရတာတွေထဲမှာ မြို့မငြိမ်း ပါသလို.. The Beatles လည်း ပါတာပေါ့.. John Lennon လည်း ထိပ်ဆုံးနားမှာ ပါတာပေါ့..။ Imagine ကို သိပ် ယုံကြည်ကိုးကွယ်တာပေါ့…။ ပြောနိုင်ပါတယ်.. ကျမကိုလည်း အိပ်မက်သမား.. လို့။ ဒါပေမဲ့ ကျမလည်း ယုံတာပဲ.. ဒါဟာ လူတိုင်း နှစ်ခြိုက်နိုင်မယ့် လမ်းတလမ်းဆိုတာ…။

Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

+++++++

ဒီလိုနဲု့ နီလာရတု ကို ကျော်ဖြတ်လာရပြီဆိုတဲ့အခါမှာတော့ မကြာခဏ နားထောင်ရတဲ့ သီချင်းက When I’m 64 ဖြစ်သွားပြီ…။ Paul McCartney က ၆၄… ဆိုတဲ့ အသက် အပိုင်းအခြားကိုမှ ဘာလို့ ရွေးခဲ့လဲ.. ကျမ မသိပါ…။ ဒါပေမဲ့…

When I'm sixty-four (The Beatles)

When I get older losing my hair,
Many years from now,
Will you still be sending me a valentine
Birthday greetings bottle of wine?

If I'd been out till quarter to three
Would you lock the door,
Will you still need me, will you still feed me,
When I'm sixty-four?

oo oo oo oo oo oo oo oooo
You'll be older too, (ah ah ah ah ah)
And if you say the word,
I could stay with you.

I could be handy mending a fuse
when your lights have gone.
You can knit a sweater by the fireside
Sunday mornings go for a ride.

Doing the garden, digging the weeds,
Who could ask for more?
Will you still need me, will you still feed me,
When I'm sixty-four?

Every summer we can rent a cottage
In the Isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera, Chuck, and Dave

Send me a postcard, drop me a line,
Stating point of view.
Indicate precisely what you mean to say
yours sincerely, Wasting Away.

Give me your answer, fill in a form
Mine for evermore
Will you still need me, will you still feed me,
When I'm sixty-four?
Whoo!

တကယ်ပဲ အသက် ၆၄မှာ ကျမ ဆံပင်ဖြူတွေ ကျွတ်နေရော့မယ်…
ခြေလက်တွေလည်း အားလျော့လို့…
မျက်လုံးတွေက ဝေသီလို့..

ခုလို ညနေခင်း ၀ိုင်တူတူသောက်ရင်တောင်မှပဲ ခပ်ပါးပါးတခွက်ဆို ကျမမူးပြီး စောစောအိပ်ချင် လာတော့မယ်..။ ခုလို စကားတွေဖောင်ဖွဲ့ ပြောနိုင်ပါဦးမလား..။

အဲဒီအခါ ချစ်တဲ့သူက ဟိုးတုန်းကထက် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်ဖို့ဆိုရင်တော့ဖြင့် မေတ္တာတရား ကိုသာ အားကိုးရပေတော့မယ်..။

အသက် ၆၄နှစ်မှာတော့ ခြံဝန်းကျယ်ကြီးထဲ တနိုင်တပိုင် စားပင် သီးပင်ကလေးတွေ စိုက်လို့ နေချင်တယ်..။ မနက်ခင်းတွေမှာ ခြံထဲ သစ်ပင်အောက်မှာ .. နေရောင်ခံရင်း အဖိုးကြီး အဖွားကြီး နှစ်ယောက် လဘက်ရည်သောက်မယ်.. ငှက်ကလေးတွေ ကြည့်မယ်… ပန်းပင်တွေ ကြည့်မယ်..။ ပြီးရင် အဖိုးကြီးက သူ့တိုလီမိုလီအလုပ်တွေနဲ့ ရှုပ်…။ အဖွားကြီးကျမကတော့ စာဖတ်.. စာရေး.. ။ ကျမကတော့ သီချင်းတွေလည်း နားထောင်ချင်နေဦးမှာ ထင်ပါတယ်။ အဲဒီအချိန်ထိ Linda Ronstadt သီချင်းတွေလည်း ရှိနေစေချင်သေးတယ်…။ Love is a Rose တို့ Blue bayou တို့ပေါ့..။ သားသမီးတွေ မြေးတွေ မရှိတဲ့ အချိန်ဆိုရင်တော့ အဖွားကြီးက Mamma Mia အခွေကို ဖွင့်ပြီး Meryl Streep နဲ့ အပြိုင် ABBA သီချင်းတွေ လိုက်ဆိုဦးမှာ…။ ဗုဒ္ဓတရားကို အချိန်တကူးတကယူ မပွားများ တတ်ပေမဲ့ သတ္တ၀ါတွေကို မေတ္တာထားပြီး သတိကို အမြဲ စောင့်ကြည့်နေရင်.. ဒါဟာ ဘာဝနာပဲ မဟုတ်လားနော်…။

ခင်ပွန်းကလည်း စိုက်ခင်းလယ်ကွင်းပြင်ကျယ်ကြီးထဲမှာ သားသမီး မြေးမြစ်တွေပါ တစုတဝေးတည်း မိသားတစု အိမ်တလုံးစီနဲ့ ရွာတည်နေချင်တာတဲ့…။ ဟုတ်တယ်.. ဒါမှ မနက်လင်းတဲ့အခါ အလုပ်သွား ကျောင်းသွားမယ့် သားသမီးမြေးမြစ်တွေအတွက် မနက်စာ ကောင်းကောင်း ကျမ ပြင်ဆင်ကျွေးနိုင်မှာ…။ သူတို့ အသီးသီး ထွက်သွားကြတဲ့အခါ အဖွားကြီးရဲ့ ကိုယ်ပိုင်ချိန်တနေကုန်မှာ.. စာတွေ ဖတ်.. စာတွေရေး.. ပန်းချီတွေတောင် ဆွဲနိုင်သေးးး

နွေအားလပ်ရက်တွေဆိုရင်တော့ ခုလိုပဲ မိသားစုကြီး တစုတဝေး အပန်းဖြေခရီး ထွက်မှာပေါ့…။ တောင်ပေါ်ရွာလေးတွေမှာ အိမ်တလုံး လုံးချင်းငှား.. ဒါမှမဟုတ်.. ပင်လယ်ကမ်းခြေ.. ။ ဒါမှမဟုတ်.. ကျေးလက်တွေဘက်…။ အချင်းချင်းမတည့်တဲ့ သားသမီးတွေ ပါရင်လည်း အဖိုးကြီးအဖွားကြီးနှစ်ယောက် ကူရှင်းပေါ့..။ ပြီးတော့မှ ကွယ်ရာမှာ သားသမီးမြေးမြစ်တွေအတင်းပြောရင်း စိတ်ညစ်ညစ်နဲ့ ခေါင်းချင်းဆိုင် ပြုံးရယ်ကြမယ်..။ ချစ်တတ်မယ်ဆိုရင် အရာရာဟာ ပြုံးစရာ လို့ ယုံပါတယ်..။ အဲဒီအခါ ၆၄နှစ်ဆိုတာ.. ခု ၄၆နှစ်နဲ့ ဘယ်လောက်မှ မကွာ…။ စိတ်ထားတတ်ဖို့သာ လိုပါမယ်…။

++++

၆၄နှစ်မှာ.. လူ့လောကထဲ ကျမ နေခွင့်ရနေသေးတယ်ဆိုရင် ကျမ ရောဂါဝေဒနာ တခုခု ခံစားနေရတာလည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ကျန်းမာပကတိနဲ့ ခုလိုပဲ လှုပ်လှုပ်ရှားရှား သွားသွားလာလာ.. အလှတွေပြင်လို့ ခေတ်မီမီ အဖွားကြီးအဖြစ်နဲ့လည်း ရှိနေနိုင်သေးတယ်..။

အင်္ဂလိပ်တွေကတော့ ၇၀ သက်တမ်းဟာ ရွှေဖြူရတု..တဲ့။
မြန်မာအယူအဆမှာတော့ ပထမစိန်ရတု .. တဲ့။
၆၀..၆၄နှစ်ဆိုတာတွေအတွက် တန်ဖိုးသတ်မှတ်ထားတာ မရှိပေမဲ့ .. တန်ဖိုးရှိတဲ့ ရတု တခုခုတော့ ဖြစ်ရမှာပေါ့…။
ရတနာရတု တခုခုပေါ့လေ...။

အဲဒီအခါ.. ကျမကတော့ ကြည်အေးပြောတဲ့..

“ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်..” ဆိုတာကို သက်ဝင်သူပီပီ ကျမချစ်တဲ့ သံသရာနှောင်ကြိုးတွေထဲ အရစ်ပတ်ခံရင်း.. ရောက်လာဦးမယ့်

ရွှေရတုတွေ.. စိန်ရတုတွေနဲ့ အမည်ပေးမထားတဲ့ ရတုများစွာကို ခုလိုပဲ ကိုယ်လုပ်ချင်တာတွေ လုပ်ရင်း စိတ်ကူးယဉ် သာယာရင်း စိတ်လိုလက်ရ ကြိုဦးမှာ..။

+++++

အရွယ်ဆိုတာကိုက ရှေးဟောင်းဂန္ဓ၀င်ပစ္စည်းများလို တန်ဖိုးထား မက်မောတတ်တဲ့သူပေါ် မူတည်ပြီးတော့ သက်တမ်းရင့်လေ… တန်ဖိုးတက်လေ… မက်မောစရာ ကောင်းလေလို့.. ကျမကတော့ ယုံတာပဲ။


မေငြိမ်း
၂၀၁၁ ဧပြီ ၂၆။

Monday, April 25, 2011

မငြိမ်း၏သင့် ငြိမ်း၏သင့်
ရေးသူ - ကိုလေး (အင်းဝဂုဏ်ရည်)




[လမင်းတရာကထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ရေးပေးတဲ့ အမှတ်တရ စာစုတခု ဖြစ်ပါတယ်။ မာယာမှာ ကြိုတင် ဖော်ပြလိုက်ပါတယ်။]


(၁)

ကျုပ် အသက် ၇၅ နှစ်၊ ပြည့်တော့မယ်။
တမြို့လုံးက အဘ တဲ့၊ အဘ တဲ့။
ကျုပ် အဘကြီးက ချာပရာစီကြီး။
ချာပရာစီ မဟာဘွဲ့ သာမက ပါရဂူဘွဲ့တောင် ရပြီးပြီ။
ပါရဂူဘွဲ့ရတာဖြင့် ကြာတောင် ကြာလှပေါ့။
အခုတော့ မဟာချာပရာစီကြီး အငြိမ်းစား ယူသင့် မယူသင့် စဉ်းစားရပြီ။


(၂)

နေအုံး။
ချာပရာစီသင်တန်းကို ဟိုးလွန်ခဲ့တဲ့ အနှစ် ၇၀ နီးပါး၊ ဂျပန်ခေတ်က စ တက်ခဲ့တာ။
ဒုတိယကမ္ဘာစစ်အတွင်းက မန္တလေးမြို့ကြီး စစ်ဒဏ် သင့်ခဲ့ပါပကော။
မြို့ကလူတွေ အရှေ့ အနောက်၊ တောင်မြောက် ၀ဲယာ စစ်ပြေးကြရတော့တာပေါ့။
ကျုပ်နေတဲ့ အင်းဝမှာလဲ စစ်ပြေးတွေ စစ်ပြေးတွေ။
ကံကောင်းချင်တော့ မမအုန်း (အမ်အေ ဒေါ်အုန်း)၊ သခင်အေးမောင်ကြီး၊ သခင်အေးမောင်လေး၊ ဒေါ်နှင်းဦး အိုး...... အမျိုးသားကျောင်းက ဆရာတွေ ပါလာတယ်။
ကျုပ်အဖေ ကျေးဇူးကိုလဲ ပြောခွင့်ပြုပါ။
ကျုပ်အဖေက မန္တလေး ဥပစာကောလိပ် ကျောင်းသားဟောင်း။ ပညာရေး အလွန်လိုလားတယ်။
မအုန်း..... လုပ်အုန်း၊ ကျောင်းဖွင့်ရအောင်။
ထန်းရွက်တဲကြီးတွေ ထိုးပြီး 'အင်းဝဂုဏ်ရည်' အလယ်တန်းကျောင်းဖွင့်။ သခင်အေးမောင်လေးက ကျောင်းအုပ်။
နောက်တော့ ဂျပန်တော်လှန်ရေးအတွက် စုစည်းရာ နေရာတခု ဖြစ်လာတယ်။ အင်းဝဂုဏ်ရည်ကျောင်း တဲ့လေ။
ကောင်းလိုက်တဲ့ကျောင်း၊ ကောင်းလိုက်တဲ့ ဆရာတွေ။
ကျုပ်က ၀လုံးတန်း၊ တန်းပိုင်က ဆရာကြည်။
ဆရာကြည်ဆိုတာ ဦးကြည်မြ။ (ကြည်မြ) လေ။
ဆရာက ပုတော့ ရင်းနှီးသူတွေက ကိုကြည်ပု တဲ့၊ ကြည်ပု တဲ့။
၁၉၄၄ မှာ ဂျပန်ကပေးတဲ့ လွတ်လပ်ရေး။ ရွှေရည်စိမ်လား ဘာလား မသိပါဘူး။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကပွဲတွေ၊ ပြဇာတ်တွေ၊ အားကစားပွဲတွေနဲ့ အိုး ပျော်လိုက်တာ။
ဆရာကြည်က အနုပညာ ဒါရိုက်တာ။
ကျုပ်တို့က ဘောင်းဘီတိုလေးတွေနဲ့ ဂျပန်စစ်ချီသီချင်းကို ဘယ်ညာနင်းပြီး ပဏာမ ထွက်ရတယ်။
ကျုပ်တို့ ကလေးတွေကို ဂျပန်စစ်ဗိုလ်ကြီးတွေ ဆုချလိုက်ကြတာ ဂျပန်ငွေတွေ အများကြီး ရတယ်။
ပြီးတော့ ဗန္ဓုလယိမ်း။ ကျောင်းသားကြီးတွေ။
ပြီးတော့ ယိမ်းတွေ၊ ယိမ်းတွေ။ ပြီးတော့ မာဃ ပြဇာတ်။
မာဃက ဒေါ်အမာ၊ သုဇိတာက ဒေါ်တင်ကြည်။
မာဃကြီးကို သခင်ချန်ထွန်းက သိမ်းပိုက်၊ သုဇိတာကို ကျုပ်တို့ ဘထွေး ဦးဘရင်က သိမ်းပိုက်၊ အင်းဝဂုဏ်ရည် ရေးတဲ့ ဖူးစာပေါ့။
(သခင်ချန်ထွန်းကြီးသာ ဒီစာဖတ်ရရင် ဆဲများ ဆဲမလား၊ ဘောက်ဆူးများ ပေးမလားဘဲ။ အင်း ဘောက်ဆူးပေးဘို့ များမှာပါ။ အနှစ် ၇၀ က ရင်ခုန်သံ ပြန်ကြားမှာကိုး)
ဒီမှာ ချာပရာစီဂိုဏ်းချုပ်ကြီးအကြောင်း ရောက်ပြီ။
ဦးလှကြီးတဲ့၊ စကောက်မင်းကြီးတဲ့။ စကောက်မင်းကြီး ဦးလှကြီးက အင်းဝသူ ဒေါ်လှတင်နဲ့ အိမ်ထောင်ကျတယ်။
အင်းဝဂုဏ်ရည်မှာ ဘွိုင်းစ်စကောက်၊ ဂဲလ်စ်ဂိုက် ဖွဲ့ပေးတယ်။ ဒါကို Extra curriculum လို့ ခေါ်တယ်။ (နောက်တော့ Co-curriculum တဲ့)။
တကျောင်းလုံး စာသင်ခန်းထဲက ထွက်ခိုင်း၊ ဦးလှကြီးက 'စက္ကူစလေး အမှိုက်စလေး သန့်ရှင်းအောင်လို့ လုပ်ပါ၊ သန့်ရှင်းအောင်လို့ လုပ်ပါ ဒါ ဒါ ဒါ'
ဒါကို သင်ပေးတယ်။
ပါးစပ်ကလဲ ဆို၊ လက်ကလေးတွေနဲ့ အမှိုက်တွေ ကောက်၊ အိုး ကျောင်းဝင်းကြီးကို ပြောင်လက်သွား တာဘဲ။ ဒီမှာတင် ကျုပ် ချာပရာစီ စ ဖြစ်တာ။

(၃)

အသက် ဆယ်နှစ်စွန်းစွန်း ရောက်တော့ အင်းဝမှာ ငလျင်ကြီး လှုပ်ပါရော။ ၁၃၁၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်။
ကဗျာ စ ရေးတော့
လောကမာန်အောင်
ဟောပြကြံဆောင်
မောရမြန်ဘောင်
ပိုဒ်စုံရတုမှာ ငလျင်လှုပ်တဲ့ သက္ကရာဇ်ပါတယ်။ ဒါကြောင့် မှတ်မိတာ။
အင်းဝလေ၊ သိတယ် မဟုတ်လား။
မင်း တည်ဘုရားတွေက အများကြီး မှ အများကြီး။
လောကမာန်အောင်၊ ဇိနမာန်အောင်၊ တုဿမာန်အောင်၊ တိဿမာန်အောင်၊ ငါးမာန်အောင် အောင်စေတီတော်တွေ၊ စနေမင်းတြား ကောင်းမှုတော်တွေ ပြိုကျကုန်ပါရော။
ကြောင်လိန်ဆရာတော်ကြီး ဦးစန္ဒ ကြီးမှူးပြီး ဘုရားတွေ ပြန်ပြင်တယ်။ တလုံးထိုး လှေကြီးနဲ့ မြစ်မထဲ သဲခူး သွားကြတယ်။
ဒီနေရာမှာ မြစ်မတဲ့၊ သဲခူးတဲ့။
ကျုပ်ထွင်တာ မဟုတ်ဘူး။
လူတိုင်း ပြောတဲ့ စကားလုံး။
မြစ်မ ဆိုတာ ဧရာဝတီမြစ်ကြီး၊ မ ဆိုတာ ဒီနေရာမှာ ကြီးသော။
သဲခူးတယ်ဆိုတာ သိကြမှာပါ။ ဧရာဝတီ သောင်ပြင်ထဲက သဲတွေ သွားကျုံးတာ။
ပုံတောင်ကို လှေပေါ်မှာ တီးတော့ ရေနဲ့ဆိုတော့ အင်မတန်မှ နားထောင်ကောင်းတာ။
ပလုတ် တုတ် တုတ်.... ပလုတ်တုတ် တုတ် ဒူ
ကျုပ်တို့လဲ အုတ်သယ်၊ သဲ သယ်။
ပျော်လိုက်တာ..... ပျော်လိုက်တာ။

(၄)

လူပျိုပေါက် ရောက်လာတော့ ကျုပ်တို့ ကာလသားတွေက အလှူတွေ မင်္ဂလာဆောင်တွေမှာ ထမင်းရုံ တာဝန်။
ဒါလဲ သင်ရိုးညွှန်းတန်းနဲ့။
ပထမနှစ်မှာ သရက်ချဉ်နဲ့ ငရုတ်သီးကျော် လိုက်ရတယ်။
ဒုတိယနှစ်မှာ ပဲဟင်းနဲ့ ၀က်သားဟင်း။
နောက်ဆုံးနှစ်မှာမှ ဟင်းချိုလိုက်ရတယ်။
ဒီ ချာပရာစီ သင်ရိုးညွှန်းတန်းက မကောင်းပေဘူးလား။

(၅)

အိမ်ထောင်ကျတော့ ကျုပ်တို့ လင်မယား စုံတွဲက လက်ဖွဲ့ခုံ ထိုင်ရတယ်။
မင်္ဂလာဆောင်တွေ အလှူတွေမှာ လက်ဖွဲ့တာ၊ ကူတာကို ရေးမှတ်ရတာပေါ့။
ဒီနေရာမှာ ဒုက္ခလေးအကြောင်း ပြောချင်တယ်။
'ရော့ ဟေ့ ငါက သုံးကျပ်.....'
မော့ကြည့်လိုက်တော့ ကြည်လင်။
ကြည်လင်ဆိုတာ မဟာကဗျာဆရာကြီး ကြည်အောင်။
'ဟေ့ကောင် ရေးပါဟ' တဲ့။
ဟောဗျာ ဒီကောင့်နာမည် နာမည် ဘသူပါလိမ့် ဒုက္ခဘဲ ဒုက္ခဘဲ သူ ဘသူတုန်း။
နောက်က လူတွေကလဲ အုံလို့။
'ရေးလေ ကြည်လင် ဈေးချို ပန်းရန်ရပ် ၃ိ'
မိန်းမက ထောက်ပေးလို့ အမြန် ရေးလိုက်ရတယ်။
ခွေးမသားကြည်လင်၊ ငါ့ကို ဒုက္ခပေးတယ်။
စိတ်ပညာအရ Sub conscious mind ကနေ conscious mind ရောက်အောင် အချိန်ယူရ ဆိုကိုး။
လက်ဖွဲ့ခုံဆိုတော့ မော့်ကြည့်လိုက် ရေးလိုက်၊ မော့ကြည့်လိုက် ရေးလိုက်။
conscious mind မရောက်ခင် နောက်တယောက် နောက်တယောက်၊ လူကို ချာချာလည်ကုန်တော့ တာပေါ့။
ဟုတ် မဟုတ်တော့ မသိဘူး။
တူမလေး နုနုရည်(အင်းဝ) ရဲ့ ယောက်ျား စိတ်ပညာပါမောက္ခ ဗိုလ်တိုးကို မေးကြည့်အုံးမှ။

(၆)

ကလေးနှစ်ယောက်ရတော့ အိမ်ထောင်ဦးစီး ချာပရာစီ။
'ကိုဖိုးကိုကြီး အုတ်ကျိုးလှူအုံးဗျာ....'
'အေး......အေး လှည်းသုံးစီး... ရော့ ပိုက်ဆံ'
အင်းဝက ရေ၀င်မြေ။
ဒုဌ၀တီရော ဧရာဝတီရော ရေတွေတိုးတော့ အရပ်ထဲ ရေတွေ၊ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင်။
ရေကျသွားတော့ လမ်းတွေ ပျက်ကုန်တော့တာပေါ့။
အုတ်နီခဲကျိုးတွေကလဲ လယ်ကွက်တွေထဲ ပေါမှပေါ။ လယ်ကွက်ရှင်တွေကလဲ ကောက်တာကို သိပ်သဘောကျ။ စေတီပျက်တွေရဲ့ အုတ်ကျိုးတွေလေ။
မြင်းလှည်းသမားတွေ အားတဲ့ ဥပုသ်နေ့မှာ လမ်းတွေ ပြင်လိုက်ကြတာ ပျော်မှပျော်။
ကျုပ်တို့ကို ဆီထမင်းတွေ၊ အကြော်တွေ၊ လက်ဖက်သုပ် ဂျင်းသုပ်တွေ ကျွေးလိုက်ကြတာ အလျှံပယ်။
ရွှံ့အလိမ်းလိမ်း ဗွက်အလိမ်းလိမ်းနဲ့ မြေကြီးပေါ် ဖင်ချ ထိုင်စားရတာ ကောင်းမှ ကောင်း။
နှစ်တိုင်း နှစ်တိုင်း ပျော်ပျော်ပါးပါး။
ဒါနဲ့ ဟိုပါတီကြီး ပေါ်လာပါရော။
ကလပ်စည်း ခေါင်းဆောင်တွေ၊ ပါတီစိတ် အတွင်းရေးမှူးတွေ၊ ရပ်ကွက်ကောင်စီ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ.. အံမယ်လေး တိုက်ပုံအင်္ကျီကြီးတွေနဲ့ အရှေ့ နဲ့ အနောက်၊ တောင်နဲ့ မြောက် လမ်းသလား နေလိုက်ကြတာ။
အုတ်ကျိုး တခဲမှ မလှူ။
အုတ်ခဲ တခဲမှ မကိုင်။
ကျုပ်တို့ကို ကျွေးမယ့်ဟာတွေ တုတ်သွားလိုက်ကြတာ။ အံမယ် ဖျာတောင် ခင်းပေးရသေးတယ်။
အရာရာ ပါတီက ဦးဆောင် ဆိုကိုး။
ဒီမှာတင် ချာပရာစီ အငြိမ်းစား ယူသင့် မယူသင့် ခေါင်းထဲ ၀င်လာတော့တာဘဲ။

(၇)

ကျုပ်တို့ ပခုံးပေါ်က သင်းချိုင်းသွားတဲ့ လူတွေ ဘယ်နည်းတော့မလဲ။
ကျင်းတူးတယ်၊ ထမ်းတယ်၊ သီလယူတယ်။
ဦးချင်းရောက်ကြီး သူ့တဲလေးထဲမှာ ကွေးကွေးလေး သေနေတော့ ကဗျာကယာ ယပ်တောင်ပေါ် ဆယ်တန်လေးကပ်၊ ရေငုံဆရာတော်ပင့်၊ သရဏဂုံတင်- ကျုပ်တို့တတွေ ပခုံးနဲ့ ထမ်းပြီး သင်္ဂြီုဟ်ပေးခဲ့ကြတယ်။ သာဓုခေါ်ဗျာ။
ဒီလိုနဲ့ ချာပရာစီဘ၀ မက်မက်မောမော လုပ်နေတုန်း ဟိုလူတွေရဲ့ မျက်လုံးတွေ ကျုပ်တို့ပေါ် ရောက်လာကုန်ကြတယ်။
လူစုတယ် ဆိုသလိုလို၊ စည်းရုံးတယ် ဆိုသလိုလို၊ ပုန်ကန်တော့မယ် ဆိုသလိုလို။
ဟာ ဘာလဲဟ။
မဟာချာပရာစီကြီး အငြိမ်းစား ယူသင့် မယူသင့်။

(၈)

၆၀၊ ၇၀ ထဲ ရောက်လာတော့ မင်္ဂလာဆောင် အကန်တော့ခံတဲ့၊ ဘိသိက်သွန်းပေးပါတဲ့၊ ဆုံးမစကား ပြောပေးပါတဲ့ ချာပရာစီကြီး ပျော်ပျော်ကြီး လုပ်ပေးပါတယ်။
အဲ တဲ့.......
တခုသော မင်္ဂလာဆောင်မှာတဲ့......
သတို့သမီးဘက်က အကန်တော့ခံ ကြွပါတဲ့၊ ဆုံးမစကား ပြောပေးပါတဲ့ ပင့်ရော။
မင်္ဂလာ အခါရောက်တော့ အကန်တော့ခံဘို့ သတို့သားအဖေ ကျုပ်ကိုယ်တိုင် ခေါ်ပါတယ်၊ မလာပါဘူး။ လာပါ မိစုံ၊ ဘစုံ ကန်တော့ရအောင်။
နိုး...... မလာဘူး။
သူက ဟိုအသင်း သ့္ကဌ၊ ဟိုအဖွဲ့ အတွင်းရေးမှူးဆိုတော့ ကျုပ်နဲ့ ပေါင်းရင် သူပြုတ်မှာ။
ဒါကြောင့် မမှီဝဲနဲ့ ကင်းအောင်နေ။
မဟာချာပရာစီကြီး အငြိမ်းစား ယူသင့် မယူသင့်။
မနောကံကနေ ၀စီကံ ရောက်လာပြီ။
ခင်တဲ့ လူတွေကို ပြောကြည့်မိတယ်။

(၉)

ဒါကြားတာနဲ့ လူငယ်တွေ တော်တ်ာများများ ကျုပ်ဆီ လာကြပါလေရော။
'အဘကလဲဗျာ
အသက်ကြီးမှ တယ်မေ့တတ်သကိုး' တဲ့။
လူငယ်တွေက လူငယ်တွေက။
အဘ ကဗျာ လေဗျာ။
သတိရပလား......
'ကဗျာဆရာ
ဘယ်မှာလဲ ခင်ဗျားအတွက်။
လက်ခုပ်သံ တသောင်း
မျက်စောင်းကြီး ဆယ်ချက်နဲ့
အသက်ရှင်လျက်။ ။'
ဒါလေ.....
မျက်စောင်းကြီး ဆယ်ချက်က အဘကို forced to retire.
ဒါပေမယ့် လက်ခုပ်သံတသောင်းကတော့ တသက်လုံး မဟာချာပရာစီကြီး။
ဟေ......
'တသက်လုံး မဟာချာပရာစီကြီးတဲ့လား'
အေး.....
အေး....
ငါ 'တသက်လုံး မဟာချာပရာစီကြီးဟေ့'
လူငယ်တွေရေ ကျေးဇူးတင်သကွာ။

ကိုလေး (အင်းဝဂုဏ်ရည်)
အင်းဝ
၁၄- ၄- ၂၀၁၁
ညနေ ၃း၃၆
လမ်းမတော်
အင်းဝ တံတားဦးမြို့
မန္တလေးတိုင်း
မြန်မာပြည်။

Friday, April 15, 2011

အတာလက်ဆောင်ရတုန်းက
ရေးသူ- ဖိုးသံ(လူထု)



တခုသောအတာတန်ခူးမှာပ
ရဖူးတယ် နှမတဦးဆီက
ပဏ္ဍာထူး၊ သဒ္ဒါလူးပေတဲ့
အခါဦး သင်္ကြန်တေးနှစ်ပုဒ်ရယ်နဲ့
ခနဲ့တဲ့တဲ့ စာတကြောင်းပါ။


မြူမှောင်ဝေကင်းနဲ့
သင်္ကြန်လေညှင်းလုလင်တဲ့
အနွဲ့အနော့နဲ့ အတွဲ့အဆော့တွေကို
တလှည့်တကျော့ နားထောင်တော့
ကြားယောင်မယ် မန်းအတာကိုမို့
မှန်းကာအကို မျက်ရည်စို့ရင်ဖြင့်
နှမကိုအပြစ်မဆိုလေနဲ့တဲ့
ရေးတတ်ပေရဲ့ပလီပလာ။

ခမျာပြောလေမှ
ဇရာအမောတွေနဲ့
ဝါသနာဇောတွေကို ဘေးချပြီး
မန္တလာတကြောဆီကို အာရုံရောက်ကာ
ပိတောက်ပန်းနဲ့ တူးပို့ကိုလိုက်လို့ရှာတော့
အော် တွေ့ပါပေါ့ကိုမြို့မ
သင်္ဂဟနဲ့ နဂါးမယ်
ပတ္တမြားသူဇာနဲ့ ရေနန်း
‘တလကြမ်း’ ပက်သူတွေပေါင်းလို့
ဘော်ဒါဟောင်းမိတ်ဆွေများက
ငွေဖလားတွေပိုက်ပြီးပြေးလို့လာ
ဟုတ်တယ်
ဒီနှစ်မှာလည်းကြိုဆိုပါရဲ့။

တသက်မမေ့တဲ့ အတိတ်ဟာ
မထိတ်သာမလန့်သာပြန်ပေါ်လာတော့
ကွန်ပြူတာ မော့နေသူပြည်ပရောက်ဟာ
ဘာကဘယ်လိုပေါက်တယ်မဆိုနိုင်ဘု
အသက်မထောက်ပါ ယောင်မိယမ်းပါလို့
အရှက်ပျောက်ကာ ကြောင်စီစီတမ်းတယ်ထင့်
နှမရေ“ပက်နဲ့နော်၊ ပက်နဲ့နော်” တဲ့၊၊

ဖိုးသံ (လူထု)
၁၃၇၂ ခု၊ တန်ခူးလဆန်း ၁၂ရက်။

Tuesday, April 5, 2011

ရှင်ကွဲ
ရေးသူ - နုနုရည် အင်းဝ





[ကျမရဲ့ မိတ်ဆွေ ရဲဘော်ကြီးရဲ့ ၆၀ပြည့် မွေးနေ့ အမှတ်တရ စာအုပ်အတွက် ၀တ္ထုလေးပါ။
အကြောင်းအမျိုးမျိုးတွေနဲ့ ရှင်ကွဲ ကွဲနေကြရတဲ့ သူတွေကိုကြည့်ပြီး စိတ်ထိခိုက် ခံစားမိရာကနေ ဒီဝတ္ထုလေးကို ရေးဖို့ အာရုံရတာပါ။
ကျမ ချစ်မိတ်ဆွေကြီး ခင်မျာမလဲ ချစ်လှတဲ့ တိုင်းပြည်နဲ့ရှင်ကွဲ ကွဲနေရတာ ကြာရှာပါပကောလား။
ကျမရဲ့ မွေးနေ့လက်ဆောင်လေးကို ကြိုက်တယ်ဆိုလို့ သိပ်ဝမ်းသာပါတယ်။
မာယာမှာလဲ သုံးလို့ရပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ

မနု]




တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ဝင်လိုက်တာနဲ့ အိမ်ရဲ့အနံ့ကို ကျွန်မရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ ကောလိပ်ကျောင်းသူဘ၀နဲ့ ပြန်လာတုန်းကလည်း သည်အနံ့ပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေးထဲမှာ နဖူးဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက်ငါးဆယ်ကျော် မိန်းမတယောက်။


အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ်အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီးရယ် ရှိတယ်။ ၀မ်းနည်းစရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာနဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။ အမေ ... အမေ့ကို ကျွန်မ ဘယ်လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ်ဆိုတဲ့ အငယ်ဆုံးသမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနားကနေ မမကြီးကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေနဲ့ အမေ့ အိပ်ခန်း။

'ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့'
မျက်နှာထားတင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်းနဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တနှစ်အတွင်းမှာ ပြောင်းလဲသွားတာကတော့ မမကြီးရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။ မနှစ်က အဖေနဲ့ အမေရဲ့ ရှစ်ဆယ်ကိုးနှစ်ပြည့် မွေးနေ့အလှူမှာတုန်းက မမကြီးဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ်မတင်တဲ့ အစ်မနှစ်ယောက်ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့်ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နားနီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'
'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်ကဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'
ကျွန်မရင်ထဲ တမျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေကိုရော မမကြီး ဘယ်လိုလဲဟင်'
အလျင်စလို မေးလိုက်တဲ့ ကျွန်မကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေနဲ့ အမေ အိပ်ခန်းထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေနဲ့ အမေနဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်းအခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူးကတော့ ဒီလိုပါပဲအေ၊ အမေက အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး'
'ဘာရယ်'
အို.... တကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေကလား။ အဖေ့ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'
အားကိုးတိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မစကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ကို သွားခေါ်လိုက်ဦးမယ်၊ ညည်းအဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကိုကြီးတို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီးခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက်ကုလားထိုင်လေးပေါ်မှာ ကျွန်မကိုယ်ခန္ဓာကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရားမရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။ 'ဗုဒ္ဓယဉ်ကျေးမှုအခြေခံ' တဲ့။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ မမကြီးနဲ့ အဖေတို့ အမေတို့က မုန်းတဲ့ ကျွန်မချစ်လင်ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေးရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့သို့' တဲ့။ ဘုရားရှိမခိုးတဲ့၊ ဘုရားစာမရတဲ့၊ တရားလဲမထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့လက်ဆောင်။ လွန်ခဲ့တဲ့ တပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ကျွန်မရဲ့ ချစ်လင်။

စာအုပ်လေးကို တဖျပ်ဖျပ်လှန်လှောရင်း 'ဓာရဏပရိတ်' ကို အာရုံပြု ရွတ်ဖတ်ဖို့ ကျွန်မကြိုးစားတယ်။

ဆယ့်ငါးပေ၊ ပေငါးဆယ်ရှိတဲ့ အခန်းလေးတခု၊ ခပ်နွမ်းနွမ်း ပရိဘောဂအနည်းငယ်။ ကျွန်မနဲ့ တချို့ လူတွေ မုန်းပြီး သူမြတ်နိုးကိုးကွယ်တဲ့ စာအုပ်တွေအပြည့်။ နေရာအနှံ့ ပုံစံအမျိုးမျိုး ဆေးလိပ်ခွက်တွေ။ အလွန် သပ္ပာယ်တဲ့ ဘုရားဆောင်လေးတခုလဲ ရှိတဲ့ ဒီအခန်းလေးထဲမှာ အိမ်ထောင်သက် အနှစ်သုံးဆယ်နီးပါး ကျွန်မတို့ ဖြတ်သန်း ခဲ့တယ်။ ကျွန်မ ကောလိပ်ကျောင်းသူဘ၀ တပိုင်းတစနဲ့ သူ့နောက် ခိုးရာလိုက်ခဲ့ကတည်းက တဖက်က ကျူရှင်ပြရင်း သူလုပ်ချင်တာတွေ လုပ်ရင်း ချို့တဲ့မှုဒဏ်ကို ခါးစည်းမခံနိုင်တဲ့ ကျွန်မက အိမ်ပြန်လက်ဖြန့်ရင် သည်အခန်းလေးထဲမှာ 'သင်း သွေးကို ငါတို့ ချစ်နေရဦးမယ်၊ နင်တို့ သားသမီးမရစေနဲ့' လို့ ဆိုတဲ့ မမကြီး ကျိန်စာကလည်း ကျွန်မတို့ကို ထိခဲ့တာကိုးနော်။

စာအုပ်လေးကို ကျွန်မ ပိတ်လိုက်တယ်။ မသိမသာ လူးလွန့်လိုက်တဲ့ အဖေ့ကို ကြည့်ရင်း ကျွန်မ၀မ်းနည်းလာတယ်။ ကျွန်မ ဘယ်သူ့ကို ပြောရမလဲ။ ညသန်းခေါင်ရဲ့ ဆူညံလှုပ်ခါနေတဲ့ လူခေါ် ကြေးခေါင်းလောင်းသံ။ ပြီးတော့ သူစိမ်းတွေ။ သူစိမ်းတွေနဲ့အတူ ကျွန်မရှေ့က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အထီးကျန်ခြင်းကို ကျွန်မအတွက် ထားရစ်ခဲ့တဲ့ ကျွန်မချစ်လင်။ ကျွန်မ သိပ်ကြောက်တာပဲ အဖေ။ သူသာဆိုရင်တော့ ကျွန်မကို ပြောဦးမယ်။ 'မင်းဟာ ဘယ်တော့မှ ကြီးပြင်မယ့် မိန်းမ မဟုတ်ဘူး လို့'။

မှောင်စပြုလာတဲ့ အခန်းထဲမှာ မီးဖွင့်ဖို့ ကျွန်မ ထလိုက်တယ်။ မီးဖွင့်ပြီး အဖေ့ခုတင်နား ကျွန်မပြန်လာ တော့ အဖေရယ် နိုးနေပြီ။ ဒါပေမယ့် အဖေကျွန်မကို ဘာမှ မပြောခဲ့ပါ။ သူ့မျက်လုံးတွေ ဟိုဟိုသည်သည် လိုက်ကြည့်နေတယ်။ ပြီးတော့မှ 'ညည်းအမေရော' တဲ့။ ကျွန်မ ငယ်ဘ၀ တလျှောက်လုံး ကြားခဲ့ရတဲ့ အဖေ့ ရေရွတ်သံ။ ကျွန်မ ဘာပြောရမလဲ။

'အမေလား အဖေ'
ကျွန်မ စကားထစ်နေဆဲ အဖေ့မျက်နှာ ဖျတ်ခနဲ ညှိုးနွမ်းသွားပြီး မျက်လုံးတွေ ပြန်မှိတ်ပစ်လိုက်တယ်။ ခုတင်ဘေး စားပွဲလေးပေါ် ဓာတ်ဗူးလေးထဲက နွားနို့ကို အဖေသောက်နေကျ လက်ဖက်ရည်ပန်းကန်ပြား အပက်လေးထဲ ကျွန်မငှဲ့ထည့်လိုက်တုန်း......။

'စိတ်ချ၊ နက်ဖြန်ကျ လိုက်ပို့ပါ့မယ်လို့ဆို'
ဟော မမကြီးအသံ။ အမေလာပြီလား။ အဖေ့မျက်လုံးတွေ ပြန်ပွင့်လာတယ်။ ကျွန်မရင်တွေလဲ တဒိတ်ဒိတ် ပြန်ခုန်လာတယ်။ အမေ ဘယ်လို ဖြစ်နေမှာလဲ။

'လာပါအမေရဲ့'
အခန်းဝမှာ မမကြီးနဲ့အမေ ရုတ်တရက် ပေါ်လာတယ်။
'အမေ'
ပါးရေတွန့် ပါးပြင်မှာ သနပ်ခါးတွေနဲ့ အမေက ကျွန်မကို စိမ်းစိမ်းကြည့်နေတယ်။ လန်းဆန်းတက်ကြွမှု တမျိုး ပူးကပ်နေတဲ့ အသက်ကိုးဆယ်အရွယ်၊ ကျွန်မရဲ့ အမေဟာ ကျွန်မကို ကြည့်ရာက အဖေ့ဆီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကျွန်မ ငှဲ့လက်စ နွားနို့ပန်းကန်ပြားလေးပေါ်။ အို.... အမေ သတိရပါစေ။ ကျွန်မမျက်စိထဲမှာ အဖေ့မေးစေ့အောက်မှာ လက်ကိုင်ပုဝါလေးခံပြီး နွားနို့ ပန်းကန်ပြားလေးကို တိုက်နေတဲ့ အမေ။ အဖေ့ဒူးကို အမြဲတမ်း နှိပ်ပေးနေတဲ့ အမေ။ 'နင်အဖေရော' ဆိုတဲ့ အမေ့ပူပန်သံနဲ့ ပျာယာခတ် အမူအရာ၊ ကျွန်မအမေ့ကို မျှော်လင့်တကြီး ကြည့်မိတယ်။ ပြီးတော့ နွားနို့ပန်းကန်ကို ကျွန်မကောက်ကိုင်လိုက်ရင်း......

'ရော့လေ အမေ၊ အဖေ့ကို'
ကျွန်မစကားမဆုံးခင်မှာပဲ အမေဟာ အဖေ့ကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်တယ်။
'ဒီအဘိုးကြီးက ဘယ်ကလဲ၊ သူများအိမ်မှာ ဘာလာလုပ်နေတာလဲ။ ခုထိမပြန်သေးဘူးလား၊ မိုးချုပ်လှပြီ'
'အို..... အမေ'
မျက်စိစုံမှိတ်လိုက်တဲ့ အဖေ့မျက်နှာကို ကျွန်မ တသက်မမေ့နိုင်တော့ပါ။
'ဟဲ့ အဘိုကြီး ကိုယ့်အိမ်ကို ပြန်လေ။ မိုးချုပ်လှပြီဆို၊ အသားအရေတွေက ဖြူဖပ်ဖြူရော်နဲ့ အဲ့ဒါ ဘယ်က တရုတ်အဖိုးကြီးလဲ ဟင်၊ ဘယ်ကလဲ'
မမကြီးက အမေ့ကို အတင်းဆွဲခေါ်သွားတယ်။ 'အဖိုးကြီး ပြန်တော့' ဆိုတဲ့ အမေ့အော်သံသဲ့သဲ့ကို ကျွန်မ တကယ်ကြားနေရတာပါလား။ အမေဟာ အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး။ ဖြစ်နိုင်ပါ့မလား။ အိမ်ထောင်သက် အနှစ်ငါးဆယ်ကျော် တလျှောက်လုံး အမေဟာ အဖေ့ကို ဘယ်လောက် မြတ်နိုးခဲ့သလဲ။ ဘယ်လောက် ယုယခဲ့သလဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"ညည်းတို့အမေ၊ ညည်းတို့အဖေကို ယုယပုံများတော့ ငါတို့ တသက် တွေ့ဖူးပေါင်အေ၊ အရိပ်ကြည့်နေ တယ်ဆိုတာမျိုးပေါ့။ ညည်းတို့ အဖေဟာလေ ထမင်းတို့ ဟင်းတို့၊ လက်ဖက်ရည်ချိုတို့၊ ကော်ဖီတို့ ဆိုတာတွေဟာ ပန်းကန်ပြား၊ ပန်းကန်လုံးထဲမှာ ဖြစ်တာလို့ သိတော့တာ။ သူ့ရှေ့မှာ စားစရာ သောက်စရာ ချထားရင် မစားတတ်တော့ဘူး။ ညည်းအမေက ကောက်ယူပြီး 'ရော့ ... ကိုမောင်သန်း စားလေ' ဆိုတော့မှ စားတာ။ တခါများ ညည်းတို့အမေက ထမင်းပွဲ ပြင်ပေးခဲ့ပြီး ဧည့်သည်လာလို့ ဧည့်သည်နဲ့ စကားပြောနေတယ်။ တော်တော်လည်း ကြာသွားတယ်။ ဧည့်သည်ပြန်တော့မှ ထမင်းစားပွဲဆီ ၀င်လာတော့..... အမယ်လေးတော် ပြောချင်ဘူး။ မောင်မင်းကြီးသား ထမင်းဝိုင်းမှာ သည်အတိုင်း ငုတ်တုတ်။ ညည်းအမေက 'စား' လို့ မပြောသေးလို့။ အဖြစ်က။

တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာမို့လား မသိပါဘူးအေ စီးပွါးကလဲ ဖြစ်လိုက်တာ။ ညည်းအမေ မထိုက်ကလည်း တော်ပါပေတယ်။ သန်းထိုက် သစ်စက်ဆိုတော့ တနယ်လုံး ဟိုးဟိုးကျော်ပေါ့။

အဲ .... ညည်းအဖေ ဒူးမဖြတ်ရတာလဲ ညည်းအမေကြောင့်ပဲ။ ညည်းမွေးပြီးစလေးပေါ့။ ညည်းအဖေ ဖြစ်တာ။ မြို့ပြင် သံလမ်းတွေဆီသွားပြီး ကန်ထရိုက်သွင်းရဖို့ ဇလီဖားတုံးတွေကို သွားကြည့်တာလေ။ မြို့ဝင်လမ်းမှာ မန်းကျည်းပင်ကြီးတွေကို လှဲပြီး ထင်းလုပ်နေကြသတဲ့။ ညည်းအဖေက ကားလေးနဲ့တဲ့။ မောင်းတဲ့ လူလဲ ရှိပါတယ်။ အဲ့ဒါ လွတ်ပါတယ်ဆိုပြီး ကားဖြတ်မောင်းတာ တခါတည်း မန်းကျည်းပင်ကြီးတပင်က သူ့ကားပေါ် တည့်တည့်ကျတော့တာပဲ။ ကားလေးဟာ တခါတည်း ပြားချပ်သွားတော့တာပဲ။ မောင်းတဲ့လူကတော့ ပွဲချင်းပြီးပေါ့။ ညည်းအဖေက နောက်ခန်းမှာ ထိုင်လာတော့ လူတော့ မသေဘူး။ ကားထဲမှာ ခြေထောက်တွေ ညှပ်နေတာ ဆွဲထုတ်လို့ မရဘူး။ အမလေး ... ညည်းအမေက ဘယ်လောက်သတ္တိကောင်းတယ် မှတ်လဲ။ ဒါလောက်ချစ်တဲ့ ယောက်ျားနော်။ ဦးမောင်သန်းကြီးကား မန်ကျည်းပင် ပိလို့တဲ့ဗျို့ ဆိုပြီးကြားတော့ ငိုလိမ့်မယ် မှတ်လား။ ညည်းကို ရင်ခွင်ထဲက ချပြီး သစ်စက်ကို ပြေးတာပဲ။ သစ်စက်က ရှိသမျှလူခေါ်၊ သစ်လုံးမတဲ့ ဟာကြီးတွေ ယူဆိုပြီး အကုန်စီစဉ်တာ။ ဟိုရောက်တော့ ညည်းအဖေကလေ ပေါ်နေတဲ့ ခေါင်းလေး တယမ်းယမ်းနဲ့တဲ့။

'ဟာ ... မထိုက်၊ ငါပြန်လာပေါ့ကွာ၊ ဘာလို့ လိုက်လာတာလဲ' လို့ ပြောသေးသတဲ့။ တခါတည်း တစချင်း ဆွဲဖယ်ပြီးမှ လူကို ထုတ်ရတာ။ ခြေထောက်နှစ်ဖက်စလုံး အရိုးတွေ ကျိုးကုန်တယ်။ အိုး..... ကုလိုက်ရတဲ့ အမျိုး။ မရွှေထိုက်တို့ကတော့ လူ အားရော၊ ငွေ အားရော၊ ဒါပေမယ့် ဆရာဝန်က မရဘူး။ ဖြတ်ပစ်ရမယ် ဆိုပြီး ပြောရော။ အဲ့ဒါ ညည်းအမေက မဖြတ်ပါရစေနဲ့ဦး။ သူကြိုးစား ကြည့်ပါရစေဦးဆိုပြီး ဆေးဆရာ ရှာတာလေ။ နောက်ဆုံး ညည်းအမေ မေတ္တာကြောင့် ထင်ပါရဲ့။ ရှမ်းဆရာကြီးတယောက်နဲ့ တွေ့ပြီး ဆေးစည်းတာနဲ့ အရိုးတွေ ပြန်ဆက်ပြီး ခြေထောက် မဖြတ်ရတော့ဘူး။ အဲဒီကတည်းက ညည်းအမေ ညည်းအဖေ ခြေထောက်တွေကို အမြဲတမ်း နှိပ်ပေးတဲ့ အကျင့်ဖြစ်သွားတော့တာပဲ။ ညည်းအဖေ ပက်လက်ကုလားထိုင်ပေါ် ထိုင်တာနဲ့ ဘေးကနေပြီး နှိပ်ပေးနေတော့တာပဲ။ သစ်စက်အလုပ်တွေကိုလဲ မလုပ်ခိုင်းတော့ဘူး။"

ကျွန်မတို့ ငယ်ငယ်တုန်းက မေမေ့ညီမ ဒေါ်လေးသိုက် ပြောပြတတ်တဲ့ အဖေနဲ့ အမေအကြောင်းဟာ အိပ်ရာဝင် ပုံပြင်တွေလို နားထောင်လို့ သိတ်ကောင်းခဲ့တာပေါ့။ ကျွန်မတို့ ကြီးတဲ့အထိလဲ သမီးတွေ ကျွေးတာ တောင် မစားပဲ အမေကျွေးမှ စားတာတဲ့။ ခဏလေး အမေ့မမြင်တာနဲ့ 'ညည်းအမေရော' လို့ မေးတတ်တဲ့ အဖေ့ကို ကျွန်မတို့ ရယ်ပွဲဖွဲ့လို့ မဆုံးနိုင်ခဲ့ပါဘူး။

အဖေနဲ့အမေ ညအိပ်ညနေခွဲပြီး ခရီးသွားတာကိုလည်း ကျွန်မသိတတ်စ အရွယ်ကတည်းက တခါမှ မတွေ့ခဲ့ဘူးပါဘူး။ အမေ သစ်စက်သွားတဲ့ အချိန်လောက်ပဲ ခဏ ခွဲနေတာ။ အစ်ကိုကြီး အိမ်ထောင်ကျပြီး သစ်စက်ကို ဦးစီးနိုင်တာနဲ့ အဖေ့နားမှာပဲ အချိန်ပြည့် နေတော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်မှာ အဖေထိုင်ပြီး၊ ကြမ်းပေါ်မှာ အမေက ကျုံ့ကျုံ့ကလေးထိုင်လို့ အဖေ့ခြေထောက်တွေကို နှိပ်ပေးနေတဲ့ မြင်ကွင်းဟာ ကျွန်မတို့ အမြဲတမ်း တွေ့နေကျ မြင်ကွင်းပေါ့။

အမေရယ်။ အိပ်မပျော်နိုင်တဲ့ ကျွန်မ စိပ်ပုတီးတချောက်ချောက် စိပ်ရင်းဘယ်ညာ လူလှိမ့်နေမိတယ်။ အဖေ အိပ်ပျော်ရှာရဲ့လား။ အဖေနဲ့ အမေ တခါမှ ခွဲမအိပ်ဖူးဘူးနော်။ အထီးကျန်ခြင်း ဝေဒနာ ဆိုတာကို အမေမသိပါဘူး အမေရယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတာ။ အဖေ့ ချောင်းဆိုးသံက ကျွန်မကို ပိုဝမ်းနည်းလာ စေတယ်။ စိမ့်ကျလာတဲ့ မျက်ရည်တွေကို ကျွန်မ လက်နဲ့ ပွတ်သုတ်လိုက်တော့ စိပ်ပုတီးမှာပါ မျက်ရည်တွေ ရောနှော စွတ်စိုကုန်တယ်။

'နည်းနည်းလောက်တော့ သောက်လိုက်ပါ အဖေရယ်နော်၊ အဖေ ညကလည်း ဘာမှ စားတာ မဟုတ်ဘူး၊ နွားနို့လေး နည်းနည်းလေးနော်... အဖေနော်'

မနက်လင်းတယ် ဆိုကတည်းက ကျွန်မဘယ်လိုပဲ ကြိုးစားတိုက်တိုက် နွားနို့ပန်းကန်ကို အဖေ ခေါင်းယမ်းလို့ချည်း နေတော့တယ်။ ပါးစပ်က မမေးပေမယ့် အဖေ့မျက်လုံးတွေက အခန်းဝကိုချည်း ကြည့်လို့နေတယ်။ အဖေရယ်။

'ပက်လက်ကုလားထိုင်ပေါ် ပြောင်းထိုင်ရအောင်နော် အဖေ၊ ကျွန်မရွှေ့ပေးမယ်၊ ဒါမှ အဖေ အညောင်း မမိမှာ'
အဖေခေါင်းယမ်းနေတဲ့ ကြားထဲကပဲ ကျွန်မအဖေ့ကို ပက်လက်ကုလားထိုင်ပေါ်ကို အသာအယာတွဲပို့ဖို့ ကြိုးစားနေတုန်း
'ဟေ့ .... အဖိုးကြီး မပြန်သေးဘူးလား'
အခန်းဝကနေ ရုတ်တရက် ပေါ်လာတဲ့ အမေ့အသံ ကျယ်ကျယ်ကြောင့် အဖေရော ကျွန်မပါ လန့်ဖျပ်တုန်ယင် သွားခဲ့ပါတယ်။ ပိုးလုံချည် အစိမ်းတွန့်တွန့် ဖြူညစ်ညစ်ပုဝါကို ကျကျနန ခြုံထားတဲ့ အမေက အဖေ့ကို ကြည့်နေတယ်။ အဖေကတော့ အမေ့ကို မကြည့်ပါဘူး။ အဖေ့ကို ပက်လက်ကုလားထိုင်ပေါ် တွဲချ ထိုင်ခိုင်းပြီးတာနဲ့ အခန်းထဲကို ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ၀င်လာတယ်။ ပြီးတော့ အဖေ့ဘေးနား ကြမ်းပေါ်မှာ ထိုင်ချလိုက်တယ်။ ပြီးတော့ အဖေ့ခြေထောက်တွေကို ဖြည်းဖြည်း.... ဖြည်းဖြည်းချင်း။

'အို .... အမေ'
ကျွန်မရဲ့ ၀မ်းသာအားရသံနဲ့ အတူ အဖေ့ မျက်နှာကြည်လင်သွားပုံဟာလည်း မယုံနိုင်လောက်အောင် ပါပဲ။ ဒါပေမယ့် အမေကလေ......

'ဒီ အဘိုးကြီးက တို့အိမ်ဘာလို့ လာနေတာလဲ၊ သူ့မှာ အိမ်မရှိဘူးလား၊ မြန်မြန် ပြန်လွှတ်လိုက်စမ်း၊ ဘယ်ကလဲ ဒီအဖိုးကြီးဟာ...'
အမေရယ် ပါးစပ်က ပြောချင်တာတွေ တွင်တွင်ပြောပြီး အဖေ့ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်ပေးနေတဲ့ အမေ့ကို မကြည့်ချင်တော့ပါဘူး။
အမေအခန်းထဲက ပြန်ထွက်သွားတာနဲ့ ခုတင်ပေါ်က ဇာခြင်ထောင် ထူထူအောက်ကို အဖေပြန်ဝင်သွား ခဲ့တယ်။ ဘာမှလဲ ကျွေးလို့ မရဘူး။

နေ့လယ်လောက်ကျတော့ အဖေ့ကို နွားနို့နဲ့ မုန့်လေးကျွေးဖို့ ကျွန်မနဲ့ မမကြီး ကြိုးစားရပြန်တယ်။ အဖေကတော့ ခေါင်းယမ်းမြဲ။ အပေါ့အပါး သွားပြီးတာနဲ့ ခြင်ထောင်အောက်ကိုပဲ ပြန်ဝင်ဖို့ လုပ်တော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်ကို ရွှေ့လို့ အဖေ ပက်လက်ကုလားထိုင်ပေါ် ရောက်တာနဲ့ အမေရယ်လေ ဗြုန်းဆို ပေါက်ချလာပြီး.......
'ဒီအဖိုးကြီး မပြန်သေးဘူးလား၊ ဘယ်ကလဲ ဒီအဖိုးကြီးနဲ့' ပါးစပ်က ဘာတွေ ပြောပြော အမေက အဖေ့ ပက်လက်ကုလားထိုင်ဘေးမှာ ထိုင်ပြီး ယုယုယယ နှိပ်နေပါပြီ။ အမေရယ်။ မမကြီးက မျက်ရည်ကျ နေတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညနေကျတော့လည်း ခြင်ထောင်ထဲက မထွက်တော့တဲ့ အဖေ့ကို ကျွန်မ ဇွတ် ချော့မော့ပြီး အပြင်ကို ခေါ်ထုတ်ရပြန်တယ်။ ကျွန်မ မျက်ရည်တ၀ဲဝဲနဲ့ တိုက်တဲ့ နွားနို့ပန်းကန်ကို သည်တခါတော့ အဖေက ကြည့်တယ်။ ပြီးတော့ ကျွန်မကို သေချာ စိုက်ကြည့်နေပြီး ပက်လက်ကုလားထိုင်ပေါ် ပို့ဖို့ ပြတယ်။
ကုလားထိုင်ပေါ်ရောက်ပြီးမှ အဖေ ပြန်ထတယ်။ အိပ်ရာပေါ်ကို ဇွတ်လက်ညှိုးထိုးပြနေတယ်။ 'ပို့ ပို့' တဲ့။

'အဖေကလဲ နွားနို့လေး သောက်ပြီးမှ ပြန်အိပ်ပါ။ ဒီမှာ ခဏလေး နေလိုက်ပါဦး'
အဖေခေါင်းကို ယမ်းပြီး ကျွန်မကို သနားစရာ ကြေကွဲစရာ အကြည့်နဲ့ မော့ကြည့်တယ်။ ပြီးတော့မှ တိုးတိုးလေး 'ညည်းအမေ မြင်ရင် အဖေ့ကို နှင်လိမ့်မယ်' တဲ့။ အို.... အဖေရယ်။

ကျွန်မ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် စိတ်ထိခိုက်ရတယ်။ အေးစက်စက် အဖေ့လက်တွေကို ကျွန်မ ကြင်ကြင်နာနာ ကိုင်ထားလိုက်တုန်းမှာပဲ အမေရယ်လေ....

'မိသိုက်ကအေ သိပ်ညစ်တာပဲ၊ တော်ပြီ ဒီကောင်မနဲ့ နောက်မကစားဘူး'
ဒေါ်လေးသိုက်တို့ အိမ်က အပြန် အကြီးအကျယ် အော်ဟစ်သောင်းကျန်းလာတဲ့ အမေက အဖေ့အခန်းဝကိုတော့ တန်းတန်းမတ်မတ်လာတယ်။ ပက်လက်ကုလားထိုင်ဆီကိုလဲ တန်းတန်းမတ်မတ်။ ပြီးတော့ အဖေ့ခြေထောက်တွေကိုလည်း တယုတယ။ ဒါပေမယ့် အဖေ့ကို စူးစူးကြည့်လို့.....

'ဟဲ့ အဘိုးကြီး သူများအိမ်ကို အားမနာဘူးလား၊ မရှက်ဘူးလား၊ ပြန်ပါတော့လား၊ ကိုယ့်အိမ်ကို မပြန်ရင်လေ မပြန်ရင်'

အမေက နှိပ်နေတာကို ရပ်ပြီး ခဏ စဉ်းစားတယ်။ ပြီးတော့မှ အားရပါးရ ဆက်နှိပ်ရင်း 'ရိုက်ထုတ်မယ်၊ ရိုက်ထုတ်မယ်ဟေ့' တဲ့။

'အမေကလဲနော်'
မမကြီးနဲ့ ကျွန်မက စိတ်ထိခိုက် ညစ်ညူးပေမယ့် အဖေဟာ ဒီတခါတော့ ထူးထူးဆန်းဆန်း မျက်နှာ မလွှဲပဲ အမေ့ကို စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် အဖေ့ မျက်နှာကတော့ ကြေကွဲစရာ အကောင်းဆုံး၊ ၀မ်းနည်းစရာ အကောင်းဆုံး မျက်နှာ။
အဲ့သည်ညမှာပဲ အဖေ ဆုံးသွားရှာပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြတင်းပေါက်က ၀င်တဲ့ လေအရှိန်နဲ့ တဖျပ်ဖျပ်လွင့်နေတဲ့ ဇာခြင်ထောင်ကို ကျွန်မနဲ့ မမကြီး မွေ့ရာအောက်မှာ သပ်သပ်ရပ်ရပ် ဖိလိုက်ကြတယ်။ ပက်လက်ကုလားထိုင်ကိုလည်း နေသားတကျ။ ခုတင်ဘေးက စားပွဲလေးပေါ်မှာလည်း နွားနို့ဓါတ်ဗူးနဲ့ ပန်းကန်ပြားလေးကို အဖေရှိနေတုန်းကလိုပဲ သေသေသပ်သပ် ချထားပါတယ်။ အခန်းဝက ကြည့်လိုက်ရင် ခြင်ထောင်ထဲမှာ အဖေရှိနေသလို ပေါ့နော်။ မမကြီးဆီက ကြိတ်ပြီး ရှိုက်သံ ကြားရတယ်။

'ငါ့ကို ဘာဖြစ်လို့ မိသိုက်တို့အိမ် ညအိပ်ခိုင်းရတာလဲ၊ ပြောစမ်းပါဟဲ့'
ဟော အမေပြန်လာပြီ။ အမေပြန်လာရှာပြီ။ မမကြီးက မျက်ရည်တွေကို ကဗျာကယာ သုတ်တယ်။ အမေ့ကို ခေါ်လာတဲ့ အစ်ကိုကြီးရဲ့ 'အမေကလဲဗျာ' ဆိုတဲ့ စိတ်မကောင်းသံကို ကြားရတယ်။

'သူများအိမ်မှာ အပျိုအရွယ်လေး ည သွားအိပ်လို့ မကောင်းဘူးဆိုတာ နင်တို့ မသိဘူးလား။ ငါတစက်မှ အိပ်မပျော်ဘူး။ ဒီနေ့ညသာ ဆက်အိပ်ရရင် မိသိုက်တို့အိမ် မီးနဲ့ အရှို့ပဲ'
ကျွန်မနဲ့ မမကြီး အခန်းထဲက မြန်မြန်ထွက်လိုက်ကြတယ်။ ဧည့်ခန်းထဲမှာ အမေက ဆွဲထားတဲ့ အစ်ကိုကြီးလက်တွေကို ရုန်းဖယ်လို့။

'ဒီမှာ ထိုင်ရအောင်လေ အမေ'
အမေက ခေါင်းကို သွက်သွက်ခါ ယမ်းရင်း ကျွန်မနဲ့ မမကြီးကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကြားက ဖြတ်ပြီး အိပ်ခန်းဆီကို တန်းတန်းမတ်မတ်။

'အမေ'
ကျွန်မ လွှတ်ခနဲ ခေါ်လိုက်ရင်း အမေ့နောက် မြန်မြန် လိုက်ခဲ့တယ်။ အမေက အခန်းဝမှာ ရပ်ပြီး ခုတင်ကို ငေးကြည့်နေတယ်။ ပြီးတော့ အခန်းထဲ ဖြည်းဖြည်းချင်း ၀င်သွားတဲ့ အမေ့ကို နောက်ကနေ ကျွန်မတို့ မောင်နှမသုံးယောက် အသက်မရှူဘဲ ကြည့်နေမိကြတယ်။ အမေက ခုတင်ကို တပတ်ပတ်လိုက်တယ်။ ပြီးတော့ ပက်လက်ကုလားထိုင်လေးကို လက်နဲ့ ထိကြည့်တယ်။ ပြီးတော့ အခန်းထဲကို လှည့်ပတ်ကြည့်ရင်း ဘုရားစင် စားပွဲခုံပေါ် ထောင်ထားတဲ့ အဖေ့ဓါတ်ပုံကို မြင်တော့ ဟက်ဟက်ပက်ပက် ရယ်ချလိုက်တယ်။

'အမေကလည်းဗျာ'
အစ်ကိုကြီးက သက်ပြင်းတချက်ကို ချလို့ ခုတင်ဘေးက ပက်လက်ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
အဖေ့ဓါတ်ပုံကို ကြည့်နေတဲ့ အမေဟာ သည်ဘက်လှည့်လိုက်တာနဲ့ ပက်လက်ကုလားထိုင်ပေါ်က အစ်ကိုကြီးကိုလည်း မြင်ရော အံ့သြသလို မျက်နှာပြောင်းလဲသွားရင်း ပက်လက်ကုလားထိုင်ဘေးကို ချက်ချင်း ရောက်လာတော့တယ်။ ပြီးတော့ ကျုံ့ကျုံ့ကလေးနဲ့ အစ်ကိုကြီး ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်တော့တာပါပဲ။

'အမေ'
အစ်ကိုကြီးက သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်တယ်။ အမေကတော့ အားရပါးရ နှိပ်နေရင်းကနေ အစ်ကိုကြီးဆီက တအစ်အစ်နဲ့ ရှိုက်သံထွက်လာတော့ ဖြည်းဖြည်းချင်း အစ်ကိုကြီးကို မော့ကြည့်တယ်။ ပြီးတော့ ဘာမှ မဖြစ်သလို ဆက်နှိပ်ပြန်တယ်။ ဒါပေမယ့် တဖြည်းဖြည်း လှုပ်ရှားနေတဲ့ အမေ့လက်ချောင်း ပိန်ပိန်လေးတွေ နှေးကွေးသွားပြီး ခဏနေတော့ ဆတ်ခနဲ ထပြီး အခန်းထဲက ထွက်သွားတော့တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ခင်ထွေး .... သမီး'
အဖေ့အိပ်ရာဆီကို လှမ်းလိုက်တဲ့ ကျွန်မတကိုယ်လုံး တုန်လှုပ်သွားခဲ့တယ်။ အမေ။ နံနက်လင်းစ မှောင်ရီရီ အလင်းရောင်အောက်မှာ အမေရယ်လေ။ ခြင်ထောင်ဘေးမှာ ရပ်လို့။ အမေမနိုးခင် အဖေ့အိပ်ရာကို နေသားတကျ ဖြစ်အောင်လို့ ကျွန်မ အစောကြီး ထလာခဲ့တာ။

'အမေ'
ခုတင်ဘေးမှာ တည်ငြိမ်ခံ့ညားစွာ စိုးရိမ်ပူပန်ကြီးတတ်တဲ့ အမူအရာနဲ့ ရပ်နေတဲ့ အမေဟာ ကျွန်မတို့ရဲ့ အလျင်က အမေ ပေပဲလား။
'သမီး'
ကျွန်မ နားကြားမလွဲပါဘူးနော်။ အမေ့နားကို တိုးကပ်ရင်း အမေ့လက်တွေကို ၀မ်းသာအားရ ကျွန်မ ဆွဲယူမိလိုက်တယ်။

'အို အမေ့လက်တွေ အေးစက်နေတာပဲ'
'ဖယ်စမ်းပါ'
အမေက သူ့လက်တွေကို ပြန်ဆွဲယူရင်း အလျင်စလို နိုင်လှတဲ့ ဟိုတုန်းက အမေ့လေသံနဲ့...
'ညည်းအဖေရော'
'ဟင်'
'ညည်းအဖေ ဘယ်မှာလဲ၊ ညည်းအဖေ ဘယ်ရောက်သွားလဲ'
ဘုရား ဘုရား၊ ကျွန်မ ဘာပြောရမလဲ။ အမေလေ ကျွန်မလက်တွေကို ဆွဲခါလှုပ်ရမ်းနေတယ်။
'ပြောလေ၊ ညည်းအဖေရော လို့ဆို'
'အဖေ ရှိပါတယ်'
'ဘယ်မှာလဲ'
'ရှိပါတယ်'
'အို မရှိပါဘူး၊ ငါ အရုဏ်တက်ကတည်းက ညည်းတို့ မနိုးခင်ကတည်းက လိုက်ရှာနေတာ၊ တအိမ်လုံးနှံ့နေပြီ'
'ပြောစမ်းပါအေ ဘယ်မှာလဲ'
'...........'
'ညည်းတို့ ဘယ်ကို ပို့ထားကြသလဲ ဟင်'
'မပို့ပါဘူး အမေရယ်'
'အို အေ'

မျက်ရည်တွေ လိမ့်ဆင်းကျလာတဲ့ ကျွန်မကို အမေက စိတ်မရှည်သလို တွန်းလိုက်ပြီး အမေ့ခန္ဓာကိုယ် လေးဟာ ခုတင်ပေါ်ကို အ၀တ်ပျော့လေးတခုလို ပုံကျသွားခဲ့တယ်။ အမေတင်ထားတဲ့ ဇာခြင်ထောင်အောက်က အိပ်ရာရဲ့ ဘယ်ဘက်ခြမ်းပေါ်မှာ ခွေခွေလေး။ အမေ့မျက်နှာက အဆမတန် အိုမင်းနွမ်းနယ်နေပြီး အမေ့ မျက်လုံးမှာ ဒေါသနဲ့ စိုးရိမ်သောကတွေ။ အမေ့ဆီမှာ ပူးကပ်နေတဲ့ လန်းဆန်းတက်ကြွမှုတမျိုး ဘယ်ရောက် သွားပြီလဲ။
အမေက ခြင်ထောင်အမိုးကို အကြာကြီး စိုက်ကြည့်နေရာကနေ ကျွန်မဘက်ကို ဆတ်ခနဲ လှည့်ကြည့် လိုက်တယ်။

'အသက်ရှင်ရက်တော့ ငါတို့ကို ခွဲမထားကြပါနဲ့အေ'
အမေ့ရဲ့ တောင်းပန်ညည်းညူသံဟာ ကျွန်မကို နာကျင်စေပါတယ်။
'ရှင်ကွဲ, ကွဲရတဲ့ဒုက္ခကို ညည်းတို့ မသိပါဘူး'

အို ...... အမေရယ်။ ကျွန်မ မသိဘဲ ရှိပါ့မလား။ ကျွန်မခံစားနေရတာပဲ အမေ။ အမေ့လို ကျွန်မ ပေါက်ကွဲ ပါရစေတော့။ အမေ နားထောင်ပါနော်။
တဖက်စောင်းသွားတဲ့ အမေ့ရဲ့ လက်တွေကို ကျွန်မ ဆွဲယူလိုက်တဲ့အခါ အမေ အသက်မရှိတော့ပါဘူး။


နုနုရည် အင်းဝ။