Friday, April 15, 2011

အတာလက်ဆောင်ရတုန်းက
ရေးသူ- ဖိုးသံ(လူထု)



တခုသောအတာတန်ခူးမှာပ
ရဖူးတယ် နှမတဦးဆီက
ပဏ္ဍာထူး၊ သဒ္ဒါလူးပေတဲ့
အခါဦး သင်္ကြန်တေးနှစ်ပုဒ်ရယ်နဲ့
ခနဲ့တဲ့တဲ့ စာတကြောင်းပါ။


မြူမှောင်ဝေကင်းနဲ့
သင်္ကြန်လေညှင်းလုလင်တဲ့
အနွဲ့အနော့နဲ့ အတွဲ့အဆော့တွေကို
တလှည့်တကျော့ နားထောင်တော့
ကြားယောင်မယ် မန်းအတာကိုမို့
မှန်းကာအကို မျက်ရည်စို့ရင်ဖြင့်
နှမကိုအပြစ်မဆိုလေနဲ့တဲ့
ရေးတတ်ပေရဲ့ပလီပလာ။

ခမျာပြောလေမှ
ဇရာအမောတွေနဲ့
ဝါသနာဇောတွေကို ဘေးချပြီး
မန္တလာတကြောဆီကို အာရုံရောက်ကာ
ပိတောက်ပန်းနဲ့ တူးပို့ကိုလိုက်လို့ရှာတော့
အော် တွေ့ပါပေါ့ကိုမြို့မ
သင်္ဂဟနဲ့ နဂါးမယ်
ပတ္တမြားသူဇာနဲ့ ရေနန်း
‘တလကြမ်း’ ပက်သူတွေပေါင်းလို့
ဘော်ဒါဟောင်းမိတ်ဆွေများက
ငွေဖလားတွေပိုက်ပြီးပြေးလို့လာ
ဟုတ်တယ်
ဒီနှစ်မှာလည်းကြိုဆိုပါရဲ့။

တသက်မမေ့တဲ့ အတိတ်ဟာ
မထိတ်သာမလန့်သာပြန်ပေါ်လာတော့
ကွန်ပြူတာ မော့နေသူပြည်ပရောက်ဟာ
ဘာကဘယ်လိုပေါက်တယ်မဆိုနိုင်ဘု
အသက်မထောက်ပါ ယောင်မိယမ်းပါလို့
အရှက်ပျောက်ကာ ကြောင်စီစီတမ်းတယ်ထင့်
နှမရေ“ပက်နဲ့နော်၊ ပက်နဲ့နော်” တဲ့၊၊

ဖိုးသံ (လူထု)
၁၃၇၂ ခု၊ တန်ခူးလဆန်း ၁၂ရက်။

No comments: