Saturday, January 26, 2013

တော်ရာမှာပျော်အောင်နေရတယ် ရေးသူ ဖိုးသံ (လူထု)



ကျနော်က ကျနော့်အမေ ရေးတဲ့ "ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး" ဆိုတဲ့ စာအုပ်ကို ထွက်ပြီးလေးငါးနှစ်ကြာမှ ဖတ်ရပါတယ်။ ဖတ်ရင်းနဲ့ "ကျောင်းကြီးရွှေအင်ပင်" ဆိုတဲ့ ဆောင်းပါးကို ရောက်တဲ့အခါမှာ "ကျောင်းဒကာကြီးဦးစက်ရွှင်က ပြည်ကြီးသား တရုတ်အစစ်ပဲ။ သူ့ဇာတိက ယူနန်နယ် ထိမ်ရင့် လို့ခေါ်တဲ့ မိုးမြင်းမြို့နားက ယိလော်ရွာ" ဆိုတာကို သွားတွေ့ပါတယ်။ ကျနော် ဟာကနဲ ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေပြောတဲ့ နေရာက ကျနော် ရောက်နေတဲ့နေရာ ဖြစ်နေလို့ပါပဲ။ ဒီမြို့ကို ရှေးတုန်းက ထိန်ယွဲ့၊ ရှမ်းလို ( ဒီခရိုင်အတွင်းမှာ ရှမ်းရွာတွေ အများကြီး ရှိပါတယ်) မိုးမြဲလို့ ခေါ်ပြီး အခုတော့ ထိန်ခြုံးလို့ ခေါ်ပါတယ်။ ယိလော်ရွာက အခုထိန်ခြုံးရဲ့ ဆင်ခြေဖုံး ဖြစ်နေပါပြီ။ မြစ်ကြီးနားနဲ့ အရှေ့နောက်တန်းတန်း (ကားလမ်းနဲ့) ကီလိုမီတာ၂၀၀တောင် မဝေးပါဘူး။ လမ်းကလည်း ကောင်းတော့ ကားကို ပြင်းပြင်းမောင်းရင် သုံးနာရီသာသာနဲ့ ရောက်ပါတယ်။ ဒီကိစ္စကို ထိန်ခြုံးသားတွေ- သမိုင်းဆရာတွေတောင် မသိပါဘူး။ ကျွန်တော်က ပြောပြမှ သိတာပါ။ ဦးက်ရွှင်ရဲ့ အမျိုးတွေလည်း ယိလော်မှာ ရှိကြပါသေးတယ်။ ဒါပေမဲ့ သူတို့လည်း မျက်ခြေပြတ်နေတာ ကြာပါပြီတဲ့။


ပြီးတော့မှ ကျနော် အခုနေနေရတာဟာ အမေ့ဆောင်းပါးထဲက ထိန်ခြုံးမှာပဲ ဆိုတာကို အမေများသိရရင် ဘယ်လိုများ နေမလဲလို့ တွေးပြီး ပြုံးနေမိပါတယ်။ တိုက်ဆိုင်ချင်တော့ ဒီထိန်ခြုံးမြို့ဟာ ရှေးကတည်းက ဗမာပြည်နဲ့၊ မန္တလေးနဲ့ အဆက်အဆံ အသွားအလာများတဲ့ မြို့ဟောင်းတခု ဖြစ်နေပါတယ်။ ဒီမြို့နဲ့ ဆယ်မိုင်မဝေးတဲ့ နေရာမှာ 'မြန်မာရွာ' ဆိုတဲ့ ရွာတရွာတောင် ရှိပါတယ်။ အခုနေကြတာကတော့ တရုတ်ချည့်ပါပဲ။ ဒါမှမဟုတ်လည်း ကာလကြာလို့ တရုတ်ဖြစ်ကုန်ကြသလား မသိပါဘူး။ ဘာကြောင့် ဒီလိုခေါ်တယ်ဆိုတာကို အသေအချာ သုတေသနပြုမယ့်သူ မရှိတော့ ဘယ်လိုကနေ ဘယ်လို ဒီနာမည်ရခဲ့တယ်ဆိုတာ ဘာမှ ရေရေရာရာ မသိရပါဘူး။ အဲဒီမှာ အရင်တုန်းက မြှုပ်ခဲ့တဲ့ အရိုးအိုးတွေ ဘာတွေ တူးဖော်လို့ရတယ်၊ ရေးထားတဲ့စာတွေကို ဖတ်မရဘူးဆိုတဲ့ အပြောမျိုးကိုပဲ ကြားရပါတယ်။ အခုခေတ်က သမိုင်း လေ့လာတယ်ဆိုတာကို အင်တာနက်ပေါ်မှာ အချက်အလက်ရှာနေ၊ ရေးနေကြတဲ့ ခေတ်လိုဖြစ်နေတော့ ဒီလို အချက်အလက်တွေကို ဘယ်သူကမှ သတိမထားမိပါဘူး။ စိတ်ပါဝင်စား သုတေသနလုပ်မယ့်လူ လိုနေတာပါ။

            ဒီက တချို့ ဘုရားကျောင်းတွေမှာ ဗမာပြည်က ဆင်းတုတော်တွေ- ထိုင်ကိုယ်တော်ရော၊ လျောင်းတော်မူ-ရပ် တော်မူရော- ဘုရားစင်မှာ တင်ထားပြီး ကိုးကွယ်ကြတာလည်း တွေ့ရပါတယ်။ ပီဘိ စကျင် ကျောက်ရုပ်တုတော်တွေပါ။ တချို့နေရာမှာဆိုရင် ဘယ်တုန်း ကတည်းက လက်ရှိနေရာကို ရောက်နေတယ်ဆိုတာတောင် ပြောနိုင်တဲ့လူ မရှိတော့ ပါဘူး။

            ဒီမြို့နဲ့ ဗမာပြည်နဲ့ တချိန်က ဘယ်လောက် အဆက်အဆံရှိခဲ့တယ်ဆိုတာ ပြောရရင် ဒီမြို့မှာပဲပြောဆိုသုံးစွဲတဲ့ ဒေသိက စကားတွေထဲမှာ ဗမာစကားတွေဝင်နေတဲ့အထိပါပဲ။ ဥပမာ (ရေ) ပုံး၊ ချိုင့် (ထမင်းထည့်တဲ့ချိုင့်) ဆပ်ပြာ၊ မတ်ခွက် စတာတို့ တရုတ်သံနဲ့ ပြောပါတယ်။ ဥပမာ ဆပ်ပြာဆိုရင် ဆပ်ပြောင်းလို့ အသံထွက်ပါတယ်။ ဒီကလူတွေက ခရမ်းချဉ်သီးကို လောက်မြင်ချယ် (ဗမာခရမ်းသီး) လို့ခေါ်ပြီး မာလကာသီးကိုတော့ လောက်မြင်ထောင် (ဗမာမက်မုံသီး)လို့ ခေါ်ပါတယ်။ နောက်ပြီး သင်္ဘောသီးကိုလည်း စမ်းပေါကြီးလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်က နဂိုက ဒီအရပ်မှာမရှိပဲ ဗမာပြည်ကမှတဆင့် ရောက်လာတယ်ဆိုတာပါ။ ကျွန်တော် ဒီကိုရောက်ကာစတုန်းကဆိုရင် အသက်ကြီးတဲ့ လူကြီးတွေဟာ အပ်ချုပ်စက်ဆိုရင် စင်းဂါး (Singer)မှ၊ စက်ဘီးဆိုရင် ရာလေး (Raleigh)မှ တကယ်ကောင်းတာလို့ ပြောလေ့ရှိပါတယ်။ ဗမာပြည်မှာ ပြောလေ့ ရှိတဲ့အတိုင်း တသွေမတိမ်းပါပဲ။ သူတို့ အဲဒီပစ္စည်းတွေကို ဗမာပြည်ဘက်က သယ်တာပါ။ ဟိုတုန်းက လမ်းပန်းဆက်သွယ်ရေးဟာ ဗမာပြည်နဲ့ ပိုနီး၊ ပိုလွယ်ကူလို့ပါ။ စက်ဘက်တွေ၊ အပ်ချုပ်စက်တွေကို လားဝန်တင်တွေနဲ့ သယ်ယူ လာကြတာဖြစ်ပါတယ်။ အလားတူ ဗမာပြည်က ကျောက်စိမ်းလောက ကအသုံးအနှုန်းများဟာလည်း တရုတ်စကားနဲ့ ထိန်ခြုံး ဒေသိကစကားတွေ ဖြစ်နေ ပါတယ်။ ဥပမာ ကျောက်ကွမ်တယ် (ကျောက်ကိုအရောင်တင်တာ)၊ လန့်ပန်း (အပြာရောင်စွက်တဲ့ကျောက်)၊ ထယ်လုံးစိမ်း (တစ်လုံးလုံးစိမ်းပြီး အရောင်ခြောက်တဲ့ကျောက်)၊ ရှင်းကြလု (အစိမ်းထဲမှာ အမည်းအစက်အပြောင်တွေ ပါတဲ့ကျောက်) စတာတွေပါပဲ။

            နောက် ပြောဖို့လိုတာတစ်ခုက အင်္ဂလိပ်ကို ပြန်တိုက်တဲ့ မက္ခရာမင်းသားရဲ့ သားနှစ်ပါးဖြစ်တဲ့  စောရန်ပိုင်နဲ့ စောရန်နိုင်မင်းသား ညီအစ်ကိုထဲက အစ်ကို စောရန်ပိုင်ဟာ အင်္ဂလိပ်အဖမ်းခံရပြီး အိန္ဒိယကို အပို့ခံခဲ့ရပါတယ်။ ညီဖြစ်သူ စောရန်ပိုင် ခေါ် ချောင်းခွမင်းသားဟာ ရှမ်းပြည်ကို တက်ပြီး အင်အားစု၊ လှုပ်ရှားပါတယ်။ ဒါပေမဲ့ အင်အားမမျှလို့  ဆုတ်ခွာ လာရတာ တရုတ်ပြည်ထဲအထိ ရောက်လာပါတယ်။ တရုတ်ဘက်က  သူ့ကို အဲဒီတုန်းက အုပ်ချုပ်မှုတည်ငြိမ်ပြီး လုံခြုံ စိတ်ချရတဲ့ ထိန်ခြုံးမှာ သူ့ကို အိမ်ပေးထားပါတယ်။ နောက်ပြီးသင့်တော်စွာလည်း ထောက်ပံ့ပေးထားပါတယ်။ သူ့ကို "ကျီအန်းကော့" လို့ တရုတ်နာမည် ပေးထားတယ်လို့ ဆရာမြသန်းတင့်ရေးတဲ့ "တောင်သမန် လေညှင်းဆော်တော့" အထဲမှာ ဖတ်ရဖူးပါတယ်။ သူက ဒီမှာ ဗိန္ဓောဆေးရောင်းသလိုလိုလည်း အရပ်စကား ပြောသံကြားရပါတယ်။

ကျန်ပါသေးတယ်။ ၁၉၅၁ခုနှစ်က ထုတ်ခဲ့တဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ "ငွေနှင်းမှုံမှုံ" ၀တ္ထုပါ။ အဲဒီအထဲမှာ ဆရာက သူ့ ဇာတ်လိုက်ဟာ အင်္ဂလိပ်စစ်တပ်တွေနဲ့ ထိန်ခြုံးကို ရောက်လာခဲ့ပြီး ဒီက တရုတ်မလေး ၀မ်မေနဲ့ရည်းစား ဖြစ်ကြတယ်ဆိုပြီး ဇာတ်လမ်းဖွဲ့ထားပါတယ်။ နောက်ဆုံးမှာ အချစ်ရေးနဲ့စစ်ရေး ရွေးရတော့မှ ငွေနှင်းမှုံမှုံထဲမှာ ခွဲခဲ့တယ်လို့  ရေးခဲ့တာ မှတ်မိနေပါတယ်။

            ထိန်ခြုံးနဲ့ ၃-၄ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ဟော်ရွှင့်ဆိုတဲ့ ရွာကြီးတရွာရှိပါတယ်။ ရွာဆိုပေမဲ့မြို့ ကလေး တမြို့လောက်ရှိပြီး ခရီးသွားလုပ်ငန်းနဲ့ အင်မတန်စည်ကား၊ ၀င်ငွေကောင်းနေတဲ့ နေရာဖြစ်ပါတယ်။ ဒီ ဟော်ရွှင့် ကို တရုတ်ပြည်သားတွေဟာ အိုဗာစီးရွာကြီးလို့ခေါ်ကြပါတယ်။ အကြောင်းကတော့ ခေတ်အဆက်ဆက်မှာ ဒီရွာကြီးက လူတွေဟာ တခြားနိုင်ငံတွေ ထွက်သွားကြတာ သိပ်များလို့ပါ။ အထူးသဖြင့် အရှေ့တောင်အာရှတိုက်ပါ။  ဒီလိုနဲ့ နည်းနည်း စနဲနာလိုက်တော့ မန္တလေးက ကျွန်တော်သိတဲ့ အိုဗာစီးတရုတ် တစ်ဝက်လောက်ဟာ ဒီရွာကြီးက အဆက်တွေဖြစ်နေပါတယ်။ အထက်မှာပြောခဲ့တဲ့ ဗမာစကားလုံးတွေကိုသုံးတာ ဒီနေရာမှာ အများဆုံးပါပဲ။ သူတို့က ဒုက္ခဆိုတဲ့ စာလုံးကိုတောင် (ဗမာအသံထွက်အတိုင်း) သုံးတတ်ပါတယ်။

            တိုက်ဆိုင်လို့ တစ်ခုပြောချင်ပါတယ်။ အဲဒါက ယခင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် အကြောင်းပါ။ သူတို့ မိသားစုနဲ့ ကျွန်တော်တို့ မိသားစုဟာ အင်မတန်မှ ရင်းနှီးပါတယ်။ သူ့မိဘများကလည်း မန္ထလေးမှာ စက္ကူရောင်း၊ ကျွန်တော့ အဖိုးနဲ့အမေကလည်း မန္တလေးမှာ စက္ကူရောင်းဆိုတော့ ရှေးကတည်းက သိကျွမ်းနေကြတာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူ(ပထမအကြိမ်) အိမ်ထောင်ပြုတော့ ကျွန်တော်က လူပျိုရံလုပ်ရပါတယ်။ သူတို့ ညီအစ်ကို မောင်နှမတွေ ကလည်း ကျွန်တော်တို့လိုပဲ စိန်ပီတာ-ကွန်ဗင့်ကျောင်းသူကျောင်းသားတွေဆိုတော့ အားလုံးမှာ အင်္ဂလိပ်နာမည်တွေရှိကြပါတယ်။ သူ့ အင်္ဂလိပ်နာမည်က ဟယ်ရီရင်း (Harry Yin) ပါ။ ဒါကြောင့် ကျနော်တို့ အားလုံးကသူ့ကို ကိုဟယ်ရီလို့ ခေါ်ပါတယ်။ ကျွန်တော့ မိဘများကလည်း မောင်ဟယ်ရီလို့ပဲ ခေါ်ပါတယ်။ ဘယ်သူမှ တခြားနာမည်နဲ့ ခေါ်တာ မကြားဖူးပါဘူး။ သူက လူရည်လည်းသန့်၊ အနေအထိုင်အပြောအဆိုလည်းမွန်ရည်၊ ကျောင်းစာလည်းတော်ဆိုတော့ တစ်ချိန်က ကျွန်တော်တို့ အငယ်တွေ သိပ်အားကျရတဲ့ လူတစ်ယောက်ပါ။ သူ့အသက်က ကျွန်တော့အစ်ကိုထက် တစ်နှစ်ကြီးတယ် ထင်ပါတယ်။ ကျောင်းမှာ တစ်တန်းကြီးလို့ ဒီလို ပြောတာပါ။ ငယ်ငယ်လေးကတဲက ကျွန်တော့ ခေါင်းထဲမှာ သူနဲ့ ပတ်သက်ပြီး စဉ်းစားလို့ မပေါက်တဲ့ ပြဿနာတခုရှိခဲ့ ပါတယ်။ အဲဒါကတော့ သူ့အဖေနာမည်ရော၊ အမေနာမည်ရောမှာ 'ရင်း' ဆိုတဲ့စာလုံး မပါဘဲနဲ့ သူ့နာမည်က ဘယ်လိုလုပ်ပြီး ဟယ်ရီရင်း ဖြစ်နေရတာလဲ ဆိုတာပါ။ ဒီလိုနဲ့ တလောကတော့ မန္တလေးမှာမွေး၊ မန္တလေးမှာကြီးပြင်းတဲ့ အိုဗာစီးတရုတ် မိတ်ဆွေတစ်ယောက်နဲ့ ဒီမှာ တွေ့ပါတယ်။ သူက အခု မန္တလေးမှာ မနေတော့ပါဘူး။ အထက်ဘက်ပြောင်းသွားပါပြီ။ သူကလည်း ဒီဟော်ရွှင့်ရွာ အဆက်ပါ။ ဒါနဲ့ သူနဲ့ မန္တလေးရောက် တရုတ်ပြည်ပေါက်တွေအကြောင်း ပြောကြရင်း ကိုဟယ်ရီ့ အကြောင်းဆီ ရောက်သွားပါရော။ သူတို့ချင်း တရုတ်ချင်းပိုသိမှာပဲဆိုပြီး ကျွန်တော်က ငယ်ငယ်ကည်းက ကျွန်တော့်ခေါင်းထဲမှာ တည်ရှိနေတဲ့ ပဟေဠိအကြောင်း မေးကြည့်ပါတယ်။ ဒီအခါမှာ သူက တဟားဟားရီပြီး "ခင်ဗျားကလဲဗျာ၊ သူတို့မျိုးရိုး နာမည်က တရုတ်လို "ရင်း" ဗျ။ ဟောဒီ ဟော်ရွှင့်က။ သူ့အဖေရဲ့ အစ်ကိုအရင်းတွေ ဒီမှာရှိသေးတယ်။ အမွေဆိုင် အိမ်မြေတွေလည်း ရှိသေးတယ်" လို့ပြောပြပါတယ်။ ဒီတော့မှ လိပ်ပတ်လည်သွားတော့တာပေါ့။။ တစ်ဆက်ထဲ စဉ်းစားမိတာက အခု အချိန်မှာ ငါနဲ့ ကိုဟယ်ရီတို့ ပြန်တွေ့လို့ ဒါတွေပြော ပြရင်သူတော့ အံ့သြမှာပဲ။ ဒါ့အပြင် ကျွန်တော်က တရုတ်လိုသူ့ကို မှုတ်လိုက်ရင် ပိုအံ့သြမှာ (သူကတရုတ်စကားမတတ် သလောက်ပါ) လို့လည်း တွေးမိပါသေးတယ်။

            ဘယ်လိုပဲ ပြောပြော ကိုယ့်တိုင်းပြည်ကို အင်မတန်ချစ်၊ ကိုယ့်အိမ်နဲ့မိသားစုကိုအင်မတန်ခင်တွယ်တဲ့ လူက တရုတ်ပြည် ယူနန်ပြည်နယ်ထဲက ထိန်ခြုံးကို ရောက်နေပြီး ဒီထိန်ခြုံးက အဆက်ကတော့ ဗမာပြည်မှာ ၀န်ကြီးဖြစ်နေ ပါတယ်။
            ဒါဟာ လက်တွေ့ပါ။

ဖိုးသံ(လူထု)
           

No comments: