ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးနှင့်မျိုးဆက်များ
------------------------------------
၇၄၊
၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
ပထမအကြိမ်၊ မတ်လ၊ ၂၀၁၃ ခုနှစ်။အင်းစိန်ထောင်ထဲက မှိုင်းရာပြည့်
၁၉၇၄
ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် အလုပ်သမားများ စက်ရုံဆန္ဒပြမှုနှင့် ရေကြည်အိုင်မှ
အင်းစိန်ထောင်ထဲ ရောက်လာသော မိမိတို့ ဂုံနီစက်ရုံမှ အလုပ်သမား (၁၉) ယောက်မှာ ၁၉၇၆
ခုနှစ် ရောက်လာသော်လည်း အမှုက စစ်၍ မပြီးနိုင်သေး။
မိမိတို့
နေလာခဲ့ရသော ထောင်သက်တမ်းကာလတွင် အကျဉ်းသားတွေ တော်တော်စုံသည်။ သခင်စိုးကြီး၊ လော်စစ်ဟန်၊ အာဇာနည်ကုန်းကို ဥမင်လှိုဏ်ခေါင်းတူးပြီး
မဟောသဓာဥာဏ်နှင့် နိုင်ငံတော် အကြီးအကဲများကို ဗုံးဖောက်လုပ်ကြံရန် ကြံစည်ခဲ့သော
အိုင်စီအက်စ် ဦးစောဟန်၊ ပါလီမန်အမတ်ဟောင်း ဆိုသော ထွန်းမြင့်ကြူ၊ ဇော်ဝမ်း၊
အမျိုးသမီးများထဲတွင် မာလာ၊ အာဇာနည် စန်းစန်း၊ ဘိုးတော်စစ်ဆင်ရေးမှ ဘိုးတော်တင်ဦး၊
ဘိုးတော်မြစိန်၊ ဆင်ဖြူတော်စစ်ဆင်ရေးမှ သူဌေးရှော်ဖီ စသည်ဖြင့် လူတော်တော်စုံသည်။
ထိုထဲတွင်
မိမိတို့ (၃)ဆောင်၊ အောက် (၂) ခန်းကို ရောက်လာသောအခါ မြန်မာ့ပင်လယ်ပြင်တွင်
ငါးလာခိုးဖမ်းကြသော ထိုင်းတန်ကေးမှ ပသျှူးများကိုလည်း တွေ့ရသည်။ ၃ - ဆောင်အပေါ်တွင်မူ နိုင်ငံရေးသမား၊
ကျောင်းသားများ ရှိကြ၏။ ထင်ရှားသူများမှာ
ဦးထွေးမြင့် (ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း ယောက်ဖ)၊ ဦးရဲထွန်း (ဒေါက်တာဘမော်
သမက်)၊ တင်ဝင်း (မာလာ-တင်ဝင်း၊ မာလာက အမျိုးသမီးအဆောင်)၊ ဦးကျော်ဇံ၊
ထွန်းအောင်ကျော်တို့ အဖွဲ့(ဘဲဖြူ၊ ဘဲနာ၊ ဘဲမည်း)၊ ဗိုလ်ချုပ်ကျော်ဇော
ထွက်သွားရာတွင် ကားနှင့်လိုက်ပို့ခဲ့သူ ကိုရဲဝင်း၊ ရွှေတိဂုံကုန်းတော်ပေါ်မှ
ကျောင်းသားများ၏ နာယကကြီး ဗိုလ်ကြီး(ငြိမ်း) ဦးအောင်သန်းတင်၊ ဗိုလ်မြတို့အဆက်
တက္ကသိုလ်ဆရာ အော်လင်ဒိုး နှင့် ကိုအေးကြူ၊ မန်းငွေအောင်တို့အဆက် ဦးအောင်စိန်သာ၊
ကိုကျော်ခိုင်တို့အဖွဲ့၊ လူတွေက စုံသည်။
စာရေဆရာသားများ
ဖြစ်ကြသော ဗဟိန်းအောင်၊ ဇော်ငြိမ်းလတ်၊ မော်ကြီး၊ သားကြီးဇေယျ၊ စည်သူမြသန်း
စသည်ဖြင့် စာရေးဆရာ သားတွေကလည်း မနည်း။
ထို့ကြောင့် သူတို့ဆီက အထွေထွေ နိုင်ငံရေး သတင်းစကားများကို ကြားကြရသည်။ အပြင်တွင် မှိုင်းရာပြည့် ဆန္ဒပြမှု ဖြစ်တော့မည်
ဆိုသည်ကိုတော့ ကျောင်းသားများဆီက ကြားရသည်။
ထောင်ထဲတွင်
မှိုင်းရာပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းသားများ၏ စည်းရုံးမှုနှင့်
မှိုင်းရာပြည့်အထိမ်းအမှတ် စာစောင်ငယ်တစောင်ကို လက်ရေးနှင့် အကြံအဖန်လုပ်ပြီး
ထုတ်ကြရန် စိုင်းပြင်းကြ၏။ ကဗျာ အများဆုံး
ပါသည်။ မိမိကိုလည်း ကဗျာတပုဒ် ရေးပေးရန်
ကျောင်းသားများက စာရေးကမ်းပြီး တောင်းဆိုလာ၏။
မိမိမှာ ထောင်ထဲတွင် ကြာနေပြီ ဖြစ်သဖြင့် ခေါင်းက မကောင်းတော့။ လူက ထုံထိုင်းနေပြီ။ အသစ်ကဗျာရေးရန် ကြိုးစားကြည့်သော်လည်း ခေါင်းက
ထွက်မလာ။ ထိုအခါ ငဝ်စဉ်ကပင်
အလွတ်ရထားဖူးသော ဘကြီးမှိုင်း၏ မဟာလေးချိုးကြီးထဲက စာတပုဒ်ကို သတိရပြီး -
ထဆင်ထူးကို
တမြည်မြည်သင်ခဲ့သမို့
ထီမထင်
ကျောင်းတော်သားတွေရဲ့
အမည်အစဉ်
ခေါင်းအပေါ်ဖျားမှာလ
မင်းတို့ဘော်ဒါက်ု
စာရင်းတို့ကာ ထားလိုက်ကြပေတော့၊
ဟု
ဘကြီးမှိုင်းကဗျာကိုပင် ရေးပေးလိုက်ရ၏။
ထောင်ထဲတွင်
စက္ကူအခက်အခဲကြောင့် သူတို့လက်ရေးနှင့် ကော်ပီဘယ်နှစ်စောင် ဖြန့်ဝေကြသည်မသိ။ တခန်းပြီး တခန်း လက်ဆင့်ကမ်း ဖတ်ကြကာ မိမိတို့
အခန်းကိုလည်း ထိုစာစောင်(မှိုင်းရာပြည့်) ရောက်လာ၏။
ခေတ်နှောင်းက
အဘိုးမှိုင်း၏ လေးချိုးကြီး ကဲ့သို့ပင် အမှန်လည်း ထီမထင် ကျောင်းတော်သူ
ကျောင်းတော်သား များသည် အပြင်တွင် မှိုင်းရာပြည့်ကို
ထီမထင်စွာ ဆင်နွှဲခဲ့ကြတော့သည်။ (၁၉၇၆)
ခုနှစ်၊ မတ်လ (၂၃) ရက်ဟု ထင်သည်။
မှိုင်းရာပြည့်အရေးအခင်းကြောင့် ထောင်ထဲရှိ ၇၄၊ ၇၅၊ ၇၆ အလုပ်သမား၊
ကျောင်းသား၊ နိုင်ငံရေးသမားအားလုံးကို ထောင်ဝင်စာ၊ ရုံးထွက်ပိတ်လိုက်၏။ ထောင်အာဏာပိုင်များက အပြင်နှင့် လုံးဝ အဆက်အသွယ်
ဖြတ်ထားသည်။
သို့သော
ပျော်နေကြ၏။ အလုပ်သမား၊ ကျောင်းသား၊
နိုင်ငံရေးသမား အားလုံး တိုင်းတလျှောက်တုန်စေ (ဆန္ဒပြ)၊ ဂိုဏ်းမပျောက်ပုံသေပြီး၊
ကြုံပလေမြန်တိုင်း။
ထဆင်ထူး
အီတင်သည် ထီမထင် ရှေးသိုက်တနှိုင်း
မပေါ်ဖူး
ပေါ်လာသည် တော်ပါပေ့ လူ့တိုင်း
ကော်စရာ
ထိုသမိုင်းပေထင့် ဒီမှိုင်းတို့ခေတ်မှာ……..
ဆန္ဒပြမှုတွေ၊
မဆလ ဆန့်ကျင်သူတွေ မပေါ်စဖူး ပေါ်လာသည်မှာ အမှန်ပင်။ မှိုင်းရာပြည့်နောက်တွင် မီးမောင်း၊ အရျွှေ့လေ၊
ရေပူစီးကြောင်း စသည်ဖြင့် လှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်လာသည်။ သို့သော အစဉ်အလာ အတိုင်းပင် အာဏာရှင်
အမျိုးသားဖက်ဆစ် မဆလ အစိုးရသည် သူတို့၏ လက်မရွံ့စစ်တပ်နှင့် အရေးအခင်း အားလုံးကို
ပစ်သတ် နှိမ်နင်းခဲ့၏။
မှိုင်းရာပြည့်ကို
မဆလ အစိုးရက ဆလိုင်းတင်မောင်ဦးတို့ မိသားစုအရေးအခင်းဟု သေးသိမ် မှိန်ပျောက် သွား အောင်
ဝါဒဖြန့် လုပ်ပစ်လိုက်၏။ တင်မောင်ဦးကို
ဖမ်းမိကြောင်း ကြားရသည်။ သူ့အဖေနှင့်
သူ့နှမငယ်အား ထောင်ဒဏအပြစ်ပေးကြောင်း တင်မောင်ဦးအား သေဒဏ်ပေးကြောင်း သတင်းကို
ကြားကြရသည်။
ထောင်ထဲတွင်
တနေ့ထက် တနေ့ ကျောင်းသား၊ အလုပ်သမား၊ နိုင်ငံရေးသမားတို့ များများလာ၏။ မှိုင်းရာပြည့် ထောင်ချလိုက်သော
ကျောင်းသားတွေကလည်း မနည်း။ မိမိတို့လည်း ၃
ဆောင် အောက်ခန်းမှ အပေါ် (၄)ခန်းသို့ ပြောင်းကြရသည်။ ထိုအထဲတွင် နောင်၌ မိမိနှင့် အတူ
နေခဲ့ကြရသူများမှာ မှတ်မိသလောက်၊ စန္ဒာထူးမင်းဝင်း (ဘုရားနီ - ကဗျာဆရာ)၊
တင်ထူးလွင်၊ ကျော်စိန်ဦး၊ သိန်းသန်းဦး၊ ဇော်ငြိမ်းလတ်၊ ကျော်ဇော (ကျွန်တော့်
အင်္ဂလိပ်စာဆရာ)၊ သန်းထွေး၊ အောင်ကျော်ဦး - နှစ်ဦး၊ စံနု၊ ဘဲဖြူ- ဘဲနာ အုပ်စု
မဟုတ်သော ထွန်းအောင်ကျော်၊ ခင်မောင်စိုး(RFA)၊ ရာကျော်၊ စံရွှေမောင် - နှစ်မောင်၊
ကိုမြင့်ဦး(ဆလိုင်းတင်မောင်ဦး အမှုတွဲ)၊ သန်းထွန်း၊ ပလောင်တင်အောင်၊
ရခိုင်တင်အောင်၊ အောင်ညွန့်၊ မြတ်သာထွန်း၊ မြစ်ကြီးနား မြင့်အောင်ကြီး၊ ဗေဒါ၊ ကျော်ခိုင်၊
ငြိမ်းဝေသစ်(နာဂကျောင်းသား)၊ အိုင်ဗင်၊ ဝင်းလွင်၊ မြင့်သန်း၊ အောင်ညွန့်၊
ကျော်ဝင်း (ပန်းချီ)၊ အာနီ၊ သတ္တိ၊ မာရှယ် စသူတို့ ဖြစ်သည်။
မြတ်ခိုင်
(လျှပ်တပြက်) ကမူ မိမိနှင့် အတူမနေလိုက်ရ၊ ၃ ဆောင် ခဏရောက်လာပြီး
အဆောင်ပြောင်းသွားသည် ထင်၏။
အရေးအခင်းတွေ
ဆက်တိုက် ဖြစ်လာသဖြင့် အလုပ်သမား၊ ကျောင်းသား၊ နိုင်ငံရေးသမားတွေမှာ ရုံးမထွက်ရ၊
ထောင်ဝင်စာမရကြတော့။ သို့သော်
ပျော်နေကြသည်။ သည်အတိုင်းဆိုလျှင်
နောက်ထပ်လည်း အရေးအခင်းတွေ ဆက်တိုက် လာလေဦးမည်။
ပါးစပ်ပိတ် နှုတ်ပိတ် ခံထားကြရသော ပြည်သူများ ငတ်ပြတ် ဒုက္ခရောက်နေသော ပြည်သူများ
ပါဝင်လာကြရလိမ့်မည် ဟု အားတက်နေကြ၏။
သို့သော် အပြင်တွင် ဘာသံမှ မကြားရတော့ပဲ ငြိမ်းသွားကြပြန်လေသည်။ မိမိတို့မှာလည်း ရုံးထွက်။ ထောင်ဝင်စာ ရကြပြန်၏။
မိမိတို့
အမှု မပြီးမီ ဆလိုင်းတင်မောင်ဦး အဖေနှင့် သူ့နှမငယ်ကို သာယာဝတီထောင်သို့
ပြောင်းလိုက်ကြောင်း သတင်းရသည်။ သူတို့
ထောင်ပြောင်းရာတွင် မိမိတို့ အလုပ်သမား၊ သင်္ဘောကျင်းစက်ရုံက ထောင် (၁၀) နှစ် ချထားသူ ကိုတင်မြင့်လည်း ပါသွားသည်။ သူတို့ကို သံခြေကျင်းခတ်၍ ထုတ်သွားကြောင်း
သတင်းရသည်။
မကြာပါချေ။ ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ်၊ ဇွန်လ (၂၆)
ရက်၊ စနေနေ့ နံနက်တွင် အင်းစိန်ထောင်၌ပင် ကြိုးပေးကွပ်မျက်လိုက်သည်။
အမှန်မှာ
ထိုစဉ်က ၈၈ အရေးအခင်းလို ဖြစ်လာခဲ့လျှင် နိုင်ငံ ဤမျှ နာ မည်မဟုတ်ပေ။ သို့သော် အလုပ်သမား၊ ကျောင်းသား၊
နိုင်ငံရေးသမားများ လောက်သာ လှုပ်ရှားခဲ့ကြ၏။
ပြည်သူတွေ ပါမလာကြသဖြင့် အရေးတော်ပုံကြီးသည် ချုပ်ငြိမ်းသွားခဲ့ရလေသည်။
ဖိုးကျော့
No comments:
Post a Comment