Wednesday, August 27, 2014

ဒဂုန်တာရာ - မေ ဝတ္ထု အမှာစာ -ရေးသူ ကိုဗဟိန်း

"ကိုဗဟိန်းမသေ"
သခင်ဗဟိန်းကွယ်လွန်ခြင်း ၆၆ နှစ်မြောက် အမှတ်တရ - အဖြစ် ထုတ်တဲ့
ကိုဗဟိန်း ရေးသားခဲ့သော စာများကို စုစည်းထုတ်ဝေခြင်းစာအုပ်။
[ပထမအကြိမ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ]


ဒဂုန်တာရာ - မေ ဝတ္ထု
အမှာစာ
[စာမျက်နှာ ၂၃ - ၂၅]


မေ ဝတ္ထုကို ဖတ်ရသည်မှာ ရှမ်ပိန်အရက်ကို သောက်လိုက်ရသည်နှင့် တူလေသည်။  အဘယ်ကြောင့်ဆိုသော် သူ့အရသာမှာ အခြား အစာအဟာရများလို  ဒါချည်း ဒါချည်း မဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းကနဲ ဖိန်းကနဲ ဖြစ်သွားသောကြောင့် ဖြစ်သည်။

သူ့ကို လျှာပေါ် တင်လိုက် ကတည်းက ဆန်းသစ်သော ဝေဒနာကို တွေ့ရသည်။  ခါတိုင်း စားနေကျ အရာများထက် ထူးသည်ကိုတော့ သိလိုက်သည်။  ဝမ်းထဲသို့ ချောချောမွေ့မွေ့ ဝင်မသွား၊ ပထမတော့ ပူတူတူ ရှိန်းတိန်းတိန်း နှင့်ပင် မျိုချလိုက်ရသည်။  သူ့ကို ဖတ်နေစဉ်ပင် အသစ်အဆန်း ကလေးများကို မတွေးဝံ့ဝံ့ တွေးဝံ့ဝံ့ ဖြစ်နေရသည်။  သို့ ရာတွင် ဘာပဲ ဖြစ်ဖြစ် သူ့ကို တွေ့ရ၍ ခံစားရမည့် ဝေဒနာကို ရင်ဆိုင်ရမည်။  သူ့ အယုအယကို ခံယူရာ၌ သူ့ကို အရည်လည်ဖို့ လိုသည်။  သူ၏ အယုအယမှာ အရည်လည်ရေး ပေါ်တွင် တည်လေသည်။  အရည်လည်လာလေ ဖတ်၍ အင်မတန် အရသာရှိလေ ဖြစ်သည်။  သူ့စိတ်ကူးကို ဖော်ကျူးသော အရေးအသားမှာ အနုစိတ်သည်။  သူ အနုစိတ်သလောက်ကို ကြည့်သူက မြင်မှ ဟန်ကျမည်။  သူ၏ ရောင်ခြည်များသည် ရှေ့ဝယ် လှပစွာ ထင်လာလေသည်။  ထိုရောင်ခြည်များသည် ပဉ္စလက်နည်းဖြင့် ပေါ်လာသော ရောင်ခြည်ဖြစ်၍ ထိုဟာသာ သူ၏ Art အနုပညာ ဖြစ်လေသည်။  ဒီဟာများသာ အရက်ကို မူးရသော အရသာ ဖြစ်လေသည်။

မေသည် မည်သူ့ အအုပ်အထိန်းကိုမှ မခံရသော ကောလိပ်ကျောင်းသူကလေး ဖြစ်လေသည်။  သူ့သဘောအတိုင်း ဘာမဆို လုပ်နိုင်သည်။  မေသည် ကျောင်းက ထွက်လျှင် ထွက်ခြင်း လူဂုဏ်တန်တွေနှင့် တွေ့ရသည်။  ပထမတော့ လူဂုဏ်တန်ကို နားမလည်၊ လူဂုဏ်တန်ကို အကဲမခတ်တတ်။  နောက်ဆုံး မေသည် လူဂုဏ်တန်ကို နားလည်လေသည်။  နားလည်လျှင် လူဂုဏ်တန်ကြောင့်ပင် သူတို့ကို စွန့်ခွါ၍ သွားရလေသည်။  ဒီအခန်းအထိ ဝတ္ထုရေးဆရာက လူဂုဏ်တန်တွေကို ပြောင်လှောင်လေသည်။  ဝတ္ထုရေးဆရာသည် မေ ဘက်ကနေ၍ လူဂုဏ်တန်ကို သရော်သည်။  နှုတ်ခမ်းမဲ့သည်။ ကျန် အခန်းများတွင် ဝတ္ထုရေးဆရာသည် မေ့ဘက်ကလည်း မနေ၊ ဘယ်ဘက်ကမှ မနေပေ။  မေ့ဘဝကိုသာ ဝတ္ထုရေးဆရာသည် ပန်းချီဆရာလို ပုံတူ ရေးပြသည်။  မေ့ပုံကားကို ရေးရာ၌ တလုံးတပါဒမျှ မကွန့်၊ ဆေးရောင်နှင့်လည်း မမှုန်းသေး၊ မေ့ကို စက္ခုဖြင့် မြင်ရသည့်အတိုင်းသာ ရေးဆွဲလေသည်။  တခုတော့ ရှိသည်။  ပုံကားကို ဆွဲရာတွင် ဆေးသား အင်မတန် ညီသည်။  အချယ်အလှယ် လှပသည်။  လက်ရာ ယဉ်ကျေးသည်။  ပုံကားပြီးလျှင် ဝတ္ထုရေးဆရာက မညွှန်ပြ၊ ကြည့်သူကသာ အလင်းနှင့် အမှောင်ကို ခွဲခြားရမည် ဖြစ်လေသည်။  ခွဲခြား၍ စိတ်ကူးဥာဏ် ထုတ်ရခြင်းမှာ အရသာ တမျိုး ဖြစ်လေသည်။

=======================================

မေဝတ္ထုကို ရေးသော ကိုဌေးမြိုင်သည်(ဒဂုန်တာရာ) မှာ ကျောင်းသား ဖြစ်လေသည်။  သူသည် တက္ကသိုလ် သမဂ္ဂအသင်းတွင် အမှုဆောင်တဦး ဖြစ်၍၊ သူသည် မနှစ်က ဝါဒပြန့်ပွါးရေးမှူး ဖြစ်လေသည်။  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော မျိုးညွန့် မဂ္ဂဇင်းနှင့် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတို့တွင် အယ်ဒီတာ ဖြစ်ခဲ့သည်။  သူသည် သမဂ္ဂအစည်းအရုံး စင်မြင့်မှ လာသော စာရေးဆရာ ဖြစ်လေသည်။  သူရေးသော ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာများကို ဒဂုန်မဂ္ဂဇင်း၊ ဂန္တလောက၊ ယူနီဘာစီတီ ကောလိပ်မဂ္ဂဇင်းများတွင် ဖတ်ရသည်။  သူသည် စာပေကို ရေးစက ကဗျာများကို ရေးသည်။  ယခုမူ သူသည် ဝတ္ထုရေးဆရာ ဖြစ်လေပြီ။  သူ့တွင် ကဗျာ စိတ်ကူး ရှိသည်။  ထို့ကြောင့် သူရေးသားရာ၌ စာလုံးကလေးများမှာ ကဗျာဆန်သည်။  အင်မတန် လှပသည်။  သူသည် ဝတ္ထုကို ရေးသားရာ၌ စာလုံးလေးများကို ပန်းသီသလို သီသည်။  နောက်တခုမှာ သူသည် စကားလုံးထုဆရာ ဖြစ်သည်။  သူသည် စကားလုံး အသစ်ကလေးများ ကို ထုလုပ်သည်။ အသစ်အဆန်းများ ပေါင်းဖွဲ့၍ သူ့အရေးအသား ဖြစ်လာရသည်။  သူသည် သီကုံး ရေးသားရာ၌ Rhythmic ညီညွတ်၍ ပြေပြစ်သည်။

သူသည် တော်လှန်ရေးသမားလည်း ဖြစ်လေသည်။  ရေးနေကျ စိတ်ကူးနေကျများကို တော်လှန်၍ အသစ်ထွင်သည်။  လေပြေလေညှင်းဟု မသုံး။ လေနုအေးဟု ရေးသည်။ ကစားသည် ဟုမရေး။  နော့သည်ဟု ရေးသည်။  ဒီလို သူသည် ဘယ်သူနှင့်မှ မတူ။  ဘယ်ဟာနှင့်မှ မတူသော အရသာ ရှန်ပိန်အရက်ကို သောက်၍ မူးနေသော အရသာ ဖြစ်လေသည်။  မေ၏ ပုံကားသည် ရှေ့တွင် အခိုးအငွေ့များသဖွယ် လိပ်၍ လိပ်၍ သဏ္ဍာန်ဝတ္ထုတခု ဖြစ်ပေါ်နေလိမ့်မည်။  ထိုပုံသဏ္ဍာန်သည် မေဝတ္ထု ဖြစ်၍ အရက်ကို မူး၍ လာရန်မှာ အမှာကို ကျော်၍ ရှေ့ဆက် ဝတ္ထုကို ဖတ်ဖို့ပင် ဖြစ်လေသည်။

သခင်ဗဟိန်း
တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအသင်း ဥက္ကဌဟောင်း။
၈-၈-၄၁။ ရန်ကုန်။

[ဒဂုန်တာရာ "မေ" တတိယအကြိမ်၊ မန္တလေး၊ မိုးဦးပန်း စာပေတိုက်၊ ဖေဖော်ဝါရီ ၁၉၆၃]

No comments: