[နီမော်
ရေးတဲ့ - မငြိမ်းမချမ်း မစိမ်းမလန်း သိန်းသန်းကုဋေ ပြည်သူတွေ - စာအုပ်ထဲက
အင်တာနက်မိတ်ဆွေတွေ စိတ်ဝင်စားမယ်ထင်တာကို တင်ပေးလိုက်ပါတယ်။]
ဗမာပြည်ကွန်မြူနစ်ပါတီရဲဘော်များရဲ့
လက်ထပ်ထိမ်းမြားမင်္ဂလာ
ဗမာပြည်ကွန်မြူနစ်ပါတီကို
တရုတ်ပြည်ကွန်မြူနစ်ပါတီက နိုင်ငံတကာ အကူအညီအဖြစ် တည်ဆောက်ပေးခဲ့တဲ့ အသံလွှင့်ဌာနဟာ
(က) ဌာန၊ (ခ) ဌာန ဆိုပြီး နှစ်ခုခွဲထားတယ်။
အသံသွင်းတဲ့ ဌာနကို ညောင်နီကုန်းစခန်းလို့ ခေါ်ပြီး၊
အသံလွှင့်ထုတ်ရာဌာနကိုတော့ ညောင်ညိုစခန်းလို့ ခေါ်တယ်။ အသံလွှင့်ထုတ်တဲ့ ညောင်ညိုစခန်းဟာ 'ဝ' နယ်
ပန်ဆန်းမြို့ အလယ်လောက်ကနေ ရစ်ခွေစီးဆင်းနေတဲ့ နမ့်ခါချောင်းနဲ့ လယ်ကွင်းတွေ
ကြားမှာ တည်ဆောက်ထားတယ်။ ညောင်ညိုစခန်းကို
(က)ဌာနလို့လည်း ခေါ်သလို ကေဒါကျောင်း ဖွင့်ခဲ့ဖူးတော့ ကေဒါကျောင်းလို့လည်း
ခေါ်ကြတယ်လေ။ ညောင်ညိုစခန်းလို့ပဲ
အခေါ်များတဲ့ အသံလွှင့်ဌာနဟာ နမ့်ခါချောင်းဘေးမှာ ရှိတာမို့ မြေပြင်ညီညာပြန့်ပြူးကာ
စိုက်ပျိုးလို့ကောင်း၊ သွားလာလို့ ကောင်းတယ်။
ဒီနေ့
၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့။ ဒီနေ့
နေ့လယ်ကစလို့ ညောင်ညိုစခန်းက ရဲဘော်၊ ရဲဘော်မတွေ အားလုံး အခမ်းအနားလေး တခုအတွက်
လှုပ်လှုပ်ရွရွ ပြင်ဆင်နေကြတယ်။
ဘာအခန်းအနားလဲဆိုတော့ ညောင်နီကုန်းစခန်းခေါ် (ခ)ဌာနက ရဲဘော်မနီမော်နဲ့
ညောင်ညိုစခန်းခေါ် (က)ဌာနက ရဲဘော်အေးမောင်တို့ရဲ့ ထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားပါ။ သူတို့ နှစ်ဦးဟာ လက်ထပ်မင်္ဂလာ ပြုလိုကြောင်း
ပါတီဗဟိုကို တင်ပြခဲ့ပါတယ်။ အဲဒီ အချိန်က
ဗဟိုဝါဒဖြန့်ချိရေးဌာနကြီးမှူးက ပေါ်လစ်ဗျူရို ဗိုလ်ကြင်မောင် ခေါ်
ရဲဘော်ထွန်းပါ။ ပါတီကလပ်စည်း
အတွင်းရေးမှူးတွေကတဆင့် တင်ပြကတည်းက ဒီရဲဘော် နှစ်ဦးလုံးဟာ လက်ထပ်သင့်၊ မသင့်
စုံစမ်းစစ်ဆေးကြပါတယ်။ နောက်ကြောင်းရာဇဝင်
(Biography) ကို စုံစမ်းကြသလို ၊ လက်ရှိဌာနတွင်းမှာ တာဝန်ထမ်းဆောင်မှု အခြေအနေ၊
လက်ရှိ အတွေးအခေါ် အနေအထားတို့ကို အခြားရဲဘော် များရဲ့ လက်ထပ်ပွဲမှာ စစ်ဆေးသလို
ထုံးစံအတိုင်း လေ့လာ အကဲဖြတ်ကြတာပါ။
လက်ထပ်လိုသူတွေဟာ တပ်သက် သုံးနှစ်ပြည့်ရပါမယ်။ အမျိုးသား ရဲဘော်ရဲ့ အသက်ဟာ ၂၇ နှစ်ရှိကာ၊
အမျိုးသမီးရဲဘော်ကတော့ ၂၅ နှစ် ရှိရပါမယ်။
(ဒေသခံ တိုင်းရင်းသား ရဲဘော်တွေကတော့ အသက် သတ်မှတ်ချက် ပိုငယ်ပါတယ်)။
ဒီ
စည်းကမ်းတွေနဲ့လည်း ကိုက်ညီ၊ တင်ပြထားတဲ့ သတ်မှတ်ကာလ ပြည့်ပြီဆိုရင်တော့
လက်ထပ်ခွင့် ပြုလိုက် ပါတယ်။
လက်ထပ်မယ့်သူအတွက် မင်္ဂလာအခမ်းအနားမှာ ဧည့်ခံကျွေးမွေးဖို့ ဌာနက
ထောက်ပံ့ရေးဌာနကို တင်ပြတော့ ငွေတရာကျပ် ထုတ်ပေးပါတယ်။ ဒါလည်း ထုံးစံအတိုင်း ဆောင်ရွက်တာပါ။ ဒီငွေနဲ့ နေကြာစေ့၊ သကြားလုံးတွေနဲ့
လက်ဖက်ခြောက်တွေ ဝယ်ရပါတယ်။ ဧည့်ခံပွဲ
မျက်နှာမလှမှာ မလောက်ငမှာ မပူရပါ။ မင်္ဂလာ
ရွှေပွဲလာ ရဲဘော်များက ငှက်ပျောသီးမှည့်မှည့်၊ သင်္ဘောသီး၊ လိမ္မော်သီး၊
မက်မန်းချိုသီး၊ မက်မုံသီးနဲ့ ငှက်ပျောကောက်ညှင်းထုတ်တွေ၊ ချိုချဉ်တွေ
ထပ်ယူလာပေးကြပါသေးတယ်။ စည်စည်ကားကား
ပြည့်ပြည့်စုံစုံ ရှိအောင် ဝိုင်းဝန်းကြတာပါ။
လွတ်မြောက်ဒေသမှာတော့
ဘာပွဲလုပ်လုပ် စစ်ရေးအမြင် ရှိရပါတယ်။
တော်လှန်ရေးဆန်ရပါတယ်။
အခုကြည့်လေ။ လက်ထပ်ခွင့်
ကျလိုက်တာနဲ့ အရေးကြီးဆုံးဖြစ်တဲ့ နေထိုင်မှုကို စီစဉ် ဆောင်ရွက်ရတာပါ။ ရဲဘော်နီမော်က ညောင်နီစခန်းမှာ
အသံလွှင့်ဆောင်းပါး၊ တိုက်ပွဲသတင်းကြေညာသူ၊ တော်လှန်ရေး တေးသီချင်းများကို
သီဆိုအသံသွင်းရသူ၊ အသံလွှင့်ဆောင်းပါး ရေးရသူ ဖြစ်တယ်။ ရဲဘော်အေးမောင်က ညောင်ညိုစခန်း
အသံလွှင့်စက်ကိုင် စက်ပြင် အင်ဂျင်နီယာပါ။
ဒီတော့ ရဲဘော်အေးမောင်က ပိုတာဝန်ကြီးတယ်။
ဒါကြောင့် နေထိုင်ရေးကို ညောင်ညိုစခန်းမှာ နေရမယ်၊ မင်္ဂလာပွဲကိုလည်း
ညောင်ညိုအသံလွှင့်ဌာနမှာပဲ လုပ်မယ်လို့ ဌာနခေါင်းဆောင်တွေက ဆုံးဖြတ်ချက်
ပေးလိုက်တာနဲ့အညီ ညောင်ညိုစခန်းရဲ့ ခန်းမတခုမှာ ဧည့်ခံဖို့ ပြင်ဆင်နေကြတာပါ။ စားပွဲထိုင်ခုံတွေ အသင့်ရှိတော့
စားပွဲတွေပေါ်မှာ နှင်းဆီပန်းနဲ့ အောင်သပြေပန်းလှလှ ပန်းအိုးတွေ တင်ထားသလို
လက်ဘက်ခြောက်ရည်ခွက်တွေလည်း အဆင်သင့်ပါ။
ဒီမှာတော့ တပ်အိုးကြီးနဲ့ ရေနွေးကြိုကာ စစ်သုံးမတ်ခွက်တွေနဲ့
သုံးဆောင်စေတယ်။ အသီးအနှံ၊ မုန့်၊
နေကြာစေ့၊ ချိုချဉ်တွေကို ပန်းကန်ပြားတွေနဲ့ ထည့်ထားပြီးပြီ။
ဌာနခေါင်းဆောင်
ရဲဘော်ထွန်းအောင်နဲ့ ကေဒါရဲဘော်များရဲ့ စီစဉ်ပေးမှုကြောင့် ဧည့်ခံရေး အဆင်သင့်
ဖြစ်နေပါပြီ။ အော် အရေးကြီးတဲ့ ကိစ္စတခုကို
မနက်ပိုင်းမှာ ဆောင်ရွက်ဖို့ ဗဟိုဌာနချုပ်ရုံးကို သွားကြရသေးတယ်။ ဗဟိုဝါဒဖြန့်ချိရေး ဌာနကြီးမှူး ရဲဘော်ထွန်း ခေါ်
ပေါ်လစ်ဗျူရို ဗိုလ်ကြင်မောင်ရဲ့ေ၇ှ့မှောက်မှာ သတို့သား ရဲဘော်အေးမောင်နဲ့
သတို့သမီး ရဲဘော်နီမော်တို့က နှစ်ဦးသဘောတူ ပါတီရဲ့ ခွင့်ပြုချက်နဲ့ လက်ထပ်ကြောင်း အသိအမှတ်ပြု စာရွက်မှာ
လက်မှတ်ထိုးကြရတာပါ။ ဗဟိုရုံးက ပြန်လာတော့
ဗဟိုဓါတ်ပုံအဖွဲ့က ရဲဘော်စံဝင်း ရောက်လာကာ သတို့သား၊ သတို့သမီးကို အသိအမှတ်ပြု
ဓါတ်ပုံရိုက်ပေးပါတယ်။
ကျွန်မတို့
နှစ်ဦးလည်း ဌာနက စီစဉ်တာမှန်သမျှ ကျေးဇူးတင်စွာ ဝမ်းမြောက်ဝမ်းသာ
ခံယူကြပါတယ်။ ကိုယ့်မိဘ ဆွေမျိုး
အားလုံးနဲ့ ဝေးရာမှာ ရောက်ရှိနေတုန်း ဌာနခေါင်းဆောင်တွေကို ကိုယ့်မိဘလို၊
ရဲဘော်ရဲဘက်တွေကို ကိုယ့်ညီအစ်ကို မောင်နှမတွေလို သဘောထားကာ ဆောင်ရွက်ကြရတာပါ။
ဖိတ်ကြားထားတဲ့
ရဲဘော်တွေလည်း သက်ဆိုင်ရာ ဌာနအသီးသီးက အလုပ်တာဝန်တွေ ပြီးချိန် ညနေ
လေးနာရီလောက်မှာ မင်္ဂလာခန်းမရှီရာကို တဖွဲဖွဲ ရောက်လို့ လာကြပါပြီ။ သတို့သား သတို့သမီးတွေလည်း တသက်တာမှာ
အရေးပါလှတဲ့ မင်္ဂလာပွဲကို တပ်ဝတ်စုံသစ်တွေ ဝတ်ဆင်ကာ ပျော်တပြုံးပြုံး
ကျင်းပနေပါပြီ။
ဟော
ထင်တဲ့အတိုင်ပါပဲ။ ပြည်သူ့အသံ
တီးဝိုင်းရဲဘော်တွေ တူရိယာပစ္စည်းတွေနဲ့ ရောက်လာကြပြီး စတင်တီးမှုတ်ကြတော့တယ်။ အဲဒီတုန်းက စစ်ဒေသ ဆေးရုံအုပ်ကြီး
ဗိုလ်ကျော်စွာက မယ်ဒလင်၊ ပြည်သူ့အသံ တီးဝိုင်းခေါင်းဆောင်များ ဖြစ်ကြတဲ့
ရဲဘော်ထွန်းခိုင်က အော်ဂင်(စန္ဒယားသံ)၊ ရဲဘော်ရန်လင်းက တယော၊ ရဲဘော်ဝင်းသိန်းက
ဒုံမင်း (တရုတ်အခေါ် ယန်းချင်)၊ ရဲဘော်အဘ သက်ရှည်က ဝါးပတ္တလား၊ အသံတွေ စုံအောင်
တီးလိုက်ကြတာ ရွှေပွဲလာ ရဲဘော်အပေါင်း မပြန်နိုင်တော့ လောက်အောင်ပါ။ မြို့မှာ ဆိုရင် မင်္ဂလာအခါတော်ပေး သီချင်းကို
အဆိုတော်ကြီး ဒေါ်တင်တင်မြသီချင်းနဲ့ ဘိသိက်သွန်းက မင်္ဂလာ စကြတာပါ။ အားလုံးဟာ စိန်ရွှေ အတုအစစ်တွေ တွဲလွဲတွဲလွဲ၊
ကျွေးမွေးဧည့်ခံပုံ မျိုးစုံ၊ လက်ဖွဲ့တွေကလည်း ကားကြီးတွေနဲ့ တိုက်ယူရတယ်။ မင်္ဂလာခန်းမကြီးတွေကလည်း ဟည်းဟည်းထလို့၊
တချို့လည်း ရုံးတက်လက်မှတ်ထိုး၊ တချို့လည်း ခိုးရာလိုက်ပြေး လို့၊ အင်း….. အာဝါဟ ဝိဝါဟကတော့
လူ့ဘုံလူ့ရွာမှာ အမျိုးစုံအောင်ပါ။
ကျွန်မတို့လည်း
ပြည်သူ့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ လွတ်မြောက်ဒေသ ရောက်လာကြပြီး ကျရာတာဝန်
ထမ်းဆောင်ကြတာဆိုတော့ သတို့သား၊ သတို့သမီး ရဲဘော်နှစ်ဦးလုံးရဲ့ အိမ်ထောင်ရေးဟာ
အထူးတလည် စွန့်လွှတ် အနစ်နာခံစိတ် မွေးနေဖို့ မလိုလောက်အောင်
စိတ်ဓါတ်ရင့်ကျက်နေပါပြီ။
အင်း…… ဒီမင်္ဂလာပွဲကို
ကြွရောက်လာကြတဲ့ ရဲဘော်အပေါင်းဟာ စားလိုက်၊ သောက်လိုက်၊ စကားပြောလိုက်နဲ့ ဖျော်ဖြေရေး တေးဂီတတွေ တခုပြီးတခု နားဆင်ကြတဲ့
အထဲမှာ အဝါရောင်သီချင်းလို့ ပါတီက သတ်မှတ်ထားတဲ့ သီချင်းတွေ တပုဒ်မှ မပါရပါ။ ရွှင်မြူးတက်ကြွတဲ့ ပြည်သူတွေ ဆန္ဒအညီ
လွတ်မြောက်ဖို့ မှန်းမျှော်ရည်သီချင်း၊ ကောင်းကင်ယံက အာရုဏ်နီသီချင်း၊
ရွှန်းသစ်ပေါ်ထွန်းနေပြီ သီချင်းတွေကို သီဆို တီးမှုတ်ကြတာပါ။ အားလုံးဟာ စိတ်လက်ပေါ့ပါးကာ အလွန့်ကို
ပျော်ရွှင်နေကြပါတယ်။
ဌာနကတော့
ထုံးစံအတိုင်း လက်ထပ်မင်္ဂလာပွဲတိုင်းကို တပ်ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း၊
တပ်ဝတ်စုံအသစ်၊ တပ်သုံး အိုးခွက်ပစ္စည်းအသစ်တွေ လက်ဖွဲ့တယ်။ အော်…. အရေးကြီးဆုံး နေထိုင်ရေးအတွက်
အိမ်ဆောက်ခွင့် ပေးလို့ မင်္ဂလာမဆောင်ခင် ကတည်းက သတို့သားလောင်း ရဲဘော်အေးမောင်ဟာ
ဌာနက ရဲဘော်တွေနဲ့ သစ်ဝါးကို တောင်ပေါ်တက်ခုတ်ကြပြီး ဖေါင်မျှောဆင်းကာ
အိမ်ဆောက်ရမယ့်နေရာ ညောင်နီစခန်း အသံလွှင့်ဌာနမှာ အိမ်အသစ် ဆောက်လုပ်ရပါတယ်။ သက်ကယ်ဖိုးကိုတော့ ဌာနက ထုတ်ပေးပါတယ်။ ဒါ့ကြောင့် အိမ်ထောင်ပြုမယ့်အရေး ဌာနဆိုင်ရာ
လုပ်ငန်းတွေ အပြင် ကိုယ်ပိုင်အိမ်ပါ ရဲဘော်တွေ အကူအညီနဲ့ ဆောက်လုပ်ကာ
ဧည့်ခံကျွေးမွေးဖို့ ငှက်ပျောသီးမှည့် အုပ်ပေးရတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား
တဖြစ်လဲ ၇ဲဘော်အေးမောင်ဟာ ယူချင်ဦးဟ မိန်းမ၊ ယူချင်ဦးဟ မိန်းမ ငြှိမ်းမရတဲ့
မီးတွေပါနော်….. ဆိုတဲ့
ဓနုဖြူစိုးသိန်းရဲ့ သီချင်းကို နာနာကြီး ဟစ်ကြွေးရင်း ဘဝနာနေတာတော့ အမှန်ပါ။
တကယ်ပါ၊
တကယ်ပါ ကျွန်မတို့ နှစ်ဦးစလုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြလို့
မြို့ပေါ်မှာ ၇၀ ခုနှစ်ကျော် ကာလတွေ တုန်းကစပြီး တနှစ်ပြီး တနှစ်
ဆက်တိုက်ဖြစ်ပွါးလာတဲ့ ကျောင်းသားလှုပ်ရှားမှု သပိတ်တိုက်ပွဲတွေမှာ မတွေ့
မဆုံခဲ့ကြပေမယ့် အခု ၈၁ ခုနှစ်မှာတော့ လွတ်မြောက်ဒေသမှာ ဖူးစာဘက်တွေ၊
အိမ်ထောင်ဘက်တွေ ဖြစ်လာခဲ့ကြလို့ အံ့သြစရာ့ အံ့သြစရာ ရွှေဖူးစာကြီးပါ။
မင်္ဂလာဆောင်မှာ
ဧည့်ခံရေး ဆောင်ရွက်ပေးကြတဲ့ ပန်ဆန်းစစ်ဒေသ မူလတန်းကျောင်းအုပ် ဦးသန့်ဇင်၊ ဆရာမ
ဒေါ်ခင်သစ်၊ ဆရာလှမြင့်၊ ဆရာဌေးမောင်တို့ကို အမြဲသတိရနေတော့တာပါ။ ဌာနရဲ့ ဆုံးဖြတ်ချက်အရ လက်ထပ်ပြီးစမှာ
ညောင်ညိုစခန်းရဲ့ အခန်းတခန်းမှာ နေရပြီး နောက်တနှစ်မှာတော့ ညောင်နီစခန်းက
အိမ်အသစ်မှာ ပြောင်းရွှေ့ နေထိုင်ရပါတယ်။
စားတာကတော့ ဘုံရိက္ခာရုံမှာပါ။
အခြေခံဒေသ
ကျွန်မတို့ရဲ့ လက်ထပ်ပွဲ စည်ကားသိုက်မြိုက်တာထက် ပိုစည်ကား သိုက်မြိုက်တာကတော့
၇ှမ်းပြည်နယ် အလယ်ပိုင်း ပျောက်ကျားဒေသက လက်ထပ်မင်္ဂလာပွဲတခုပါ။ ပြောက်ကျားသတို့သားလောင်း ၇ဲဘော်က နေ့တိုင်း၊
အချိန်တိုင်း၊ ညတိုင်း မင်းကို သတိရနေတယ်၊ ကံကြမ္မာက ဘဝမှာ အခွင့်အရေးဆိုတာ
နှစ်ခါပေးချင်မှ ပေးတာ၊ လိုက်ရဲရင် လိုက်ခဲ့ပါ ဆိုတဲ့ စာတိုလေးကို ရှမ်းပြည်
အလယ်ပိုင်း နမ့်လန်မြို့နယ်၊ ဟိုခဲ - ဟမ်းမငိုင်းဒေသကနေ နောင်လုံနောင်ဝိုးမှာ
ရှိနေတဲ့ မြို့ရန်ကုန်က ရောက်လာတဲ့ မိန်းမပျို ၇ဲဘော်မလေးကို လူကြုံကောင်းနဲ့
ပေးလိုက်တယ်။ ဖူးစာမှန်တဲ့ မိန်းမပျိုလေးဟာ၊
ဒီစာကို ဖတ်လို့ ပြီးပြီးချင်း လွတ်မြောက်ဒေသကို ရောက်နှင့်တဲ့ ရဲဘော်စိုးနိုင်
(ယခုစာရေးဆရာ ဘာသာပြန်ဆရာကြီး သန်းစိုးနိုင်) ဆိုတာ သိသိချင်း ၇ဲဘော်စိုးနိုင်
ရှိရာကို ချက်ချင်း ဝမ်းသာအားရ သွားလိုက်တော့တယ်။
အဲဒီကာလက ၈၀ ခုနှစ်ပါ။
ရန်ကုန်တက္ကသိုလ်က
ဘွဲရခဲ့သူ မိန်းမပျိုလေးဟာ တော်လှန်ရေးလုပ်ဖို့ ရဲရဲကြီး ဆုံးဖြတ်ကာ ပါတီအလံတော်
အောက် ရောက်အောင်လာခဲ့သူ၊
နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးဖခင်ကြီး၊
ပြည်သူတို့ရဲ့ ဖခင်ကြီး၊ မျိုးချစ်စာဆိုရှင်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၅
- ၁၉၆၄) ၇ဲ့ မြေးမလေး ရဲဘော်မဖြူ ခေါ် မမြတ်မွန်ပဲ ဖြစ်ပါတယ်။ ၇ဲဘော်မဖြူဟာ အဖိုးရဲ့ သွေးပီသစွာ၊
ပြောက်ကျားဒေသမှာ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့တယ်။ ပါတီစည်းကမ်း၊ တပ်စည်းကမ်းနဲ့ ညီညွတ်စွာ
ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကွန်မြူနစ်ပါတီ ဒုဥက္ကဌ ရဲဘော်ခင်မောင်ကြီး၊ ဗဟိုကော်မတီဝင်
ရဲဘော်တိုက်အောင်တို့ကို၊ ရဲဘော်စိုးနိုင်က ရဲဘော်မဖြူကို
လက်ထပ်ထိမ်းမြားလိုကြောင်း ခွင့်တောင်းတော့ ခေါင်းဆောင်အားလုံးက သဘောတူ
ခွင့်ပြုရုံမက၊ ၁၉၈၃ ခုနှစ် မတ်လ ၂၈ ရက်မှာ (၃၄) နှစ်ပြည့်မယ့် တော်လှန်ရေးနေ့
အထိမ်းအမှတ်ပွဲ နေ့မှာ မင်္ဂလာ လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ပေးကြပါတယ်။
လက်ထပ်ပွဲဟာ
နမ့်ဟူးရွာမှာ ကျင်းပတဲ့ လက်နက်ကိုင် တော်လှန်ရေးနေ့ပွဲကို တက်ရောက်လာကြတဲ့ ရှမ်း၊
'ဝ' တိုင်းရင်းသားတွေနဲ့ စည်ကားလွန်းလှပါတယ်။
တနှစ်တခါ ကျင်းပတဲ့ ပွဲမှာ ထုံးစံအတိုင်း မြန်မာ့ရိုးရာ ချောတိုင်တက်ပွဲ၊
ခေါင်းအုန်းရိုက်ပွဲ၊ ထုတ်စီးတိုးပွဲ၊ ပြေးပွဲတွေ ပါဝင်တော့ အားလုံးဟာ
ပျော်ရွှင်မဆုံးကြပါ။ ထမင်း၊ ဝက်သားဟင်းနဲ့
ကျွေးတာ ဗိုက်ကို ခွေးနမ်းတယ်ဆိုတာ အဲဒါမျိုးပါ။
ရဲဘော်စိုးနိုင်၊ ရဲဘော်မဖြူတို့ရဲ့ မင်္ဂလာပွဲကို SSA ဥက္ကဌ
ဗိုလ်ချုပ်စိုင်းလိတ်က လိမ္မော်ခြံထဲမှာ နေရာထိုင်ခင်း စီစဉ်ပေးကာ ဦးစီး
ကျင်းပပေးခဲ့တယ်။ မင်္ဂလာအချိန်ရောက်လို့
ခေါင်းဆောင်တွေ ရှေ့မှာ လက်မှတ်ထိုးဖို့ ကိစ္စကိုတော့ ရဲဘော်လီစစ်ရူက
ဆောင်ရွက်ပေးခဲ့တယ်။
တပ်မဟာ
(၆၈၃)က ရဲဘော်များ တက်ရောက်ကြတော့ ပြောက်ကျားဒေသမှာ ကျင်းပတဲ့ မင်္ဂလာပွဲဟာ
မြို့ပေါ်က နှစ်ဖက်မိဘအလယ်မှာ ကျင်းပနေတာနဲ့ မခြား နွေးထွေးလုံခြုံလှတယ်။ သတို့သား သတို့သမီးတို့ရဲ့ တဦးနဲ့ တဦး ထားရှိပြီးတဲ့
စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေ ပြည့်လျှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုကာ ပါရမီ
ဖြည့်လိုလှတဲ့ ရဲဘော်ရဲဘက်များက ကြင်စဦး ဇနီးမောင်နှံနေဖို့ အိမ်ကလေးကို
ဝိုင်းဝန်းဆောက်လုပ်ပေးကြတာ သတို့သား သတို့သမီးတောင် မသိလိုက်အောင် မြန်ဆန်
သပ်ရပ်လှပါသတဲ့။
ပြောက်ကျားဒေသက
သီရိဂေဟာ အိမ်လေးရဲ့ နွေးထွေးလုံခြုံမှုတွေကတော့ ဆွီတီဟုမ်းမွေ့ယာလည်း လိုက်လို့
မမီ၊ ဒမ်းလော့ပ်ပီလို အိပ်ယာကြီးလည်း အရှုံးပေးလိုက်ရကြောင်း၊ ပစ္စည်းမဲ့လူတန်းစား
ရဲဘော်ရဲဘက်တို့ရဲ့ ချစ်ခြင်းမေတ္တာသာ အိမ်ထောင်ရေးကို သာယာခိုင်မြဲစေကြာင်း၊
ပြောက်ကျားဒေသ လက်ထပ်မင်္ဂလာပွဲရှင် မင်္ဂလာမောင်နှံက ပြောကြားပါတယ်။
No comments:
Post a Comment