[နီမော်
ရေးတဲ့ - မငြိမ်းမချမ်း မစိမ်းမလန်း သိန်းသန်းကုဋေ ပြည်သူတွေ - စာအုပ်ထဲက
အင်တာနက်မိတ်ဆွေတွေ စိတ်ဝင်စားမယ်ထင်တာကို တင်ပေးလိုက်ပါတယ်။]
ဤမှတ်တမ်းစာအုပ်ငယ်ဖြစ်ပေါ်လာရခြင်း
ဤမှတ်တမ်းစာအုပ်ငယ်
ဖြစ်ပေါ်လာရခြင်းသည် မြန်မာပြည် အရှေ့မြောက်ဘက် တရုတ် - မြန်မာနယ်စပ်ဒေသ
တနံ့တလျားရှိ တိုင်းရင်းသားဒေသများသို့ ၁၉၆၈ ခုနှစ်မှ စတင်ကာ
တောခိုဝင်ရောက်လာကြသော မြို့ပြဒေသရှိ ပညာတတ် လူတန်းစား လူ့အလွှာအသီးသီး၏
လက်နက်ကိုင်တော်လှန်ရေးထဲတွင် ပါဝင်လှုပ်ရှားခဲ့မှု အဖုံဖုံကို အများပြည်သူ
သိရှိစေလိုသော စေတနာအရင်းခံကြောင့် ဖြစ်ပါသည်။
ထိုခေတ်ကာလများက
ကွန်မြူနစ်ဝါဒကို ယုံကြည်ကြသူတိုင်းလည်း တောမခိုဖြစ်ကြပါ။ သို့သော်လည်း
နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်းက တောတွင်းနေထိုင်မှုဘဝကို စိတ်ဝင်တစား
ရှိကြပါသည်။ မြို့ကြီးပြကြီးကို
လူတိုင်းမမက်မောကြပါ။ တောသဘာဝကို
မြတ်နိုးကြပါသည်။ ကျွန်မဖခင်ဆိုလျှင် ကျွန်တော့်သမီးဟာ
ကျေးလက်တောရွာမှာ လူထုလုပ်ငန်း သွားလုပ်နေတာဟု လူတိုင်းကို ဂုဏ်ယူဝင့်ကြွားစွာ
ပြောဆိုခဲ့ကြောင်း ကျွန်မပြန်လာတော့ သိရပါသည်။
သို့ဖြစ်ပါသောကြောင့်
နိုင်ငံရေး လုပ်သူတိုင်း ရောက်ခဲလှသော တောတွင်းလက်နက်ကိုင် တော်လှန်ရေးတရပ် အတွင်း
မြို့ပြမှ ရောက်ရှိလာသူများ၏ လှုပ်ရှားမှု အဖုံဖုံအပြင် ကွန်မြူနစ်ခေါင်းဆောင်ကို
မြင်တွေ့သိရှိလိုသူများ အတွက် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ
သခင်ဗသိန်းတင်အကြောင်းကိုလည်း ကိုယ်တိုင်ကြုံသမျှ၊ ဆုံသမျှနှင့်
လေ့လာသိရှိသလောက်ကိုလည်း ထည့်သွင်းရေးသားထားပါသည်။
ယခုအချိန်တွင်
ဥက္ကဌ သခင်ဗသိန်းတင်လည်း ကွယ်လွန်လေပြီ။ ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း ပါတီ၊ တပ်၊
အခြေခံဒေသကြီးအဖြစ် ခန့်ခန့်ထည်ထည် တည်ရှိခဲ့ရာမှ ဖြစ်မှု ပျက်မှု သဘောအရ ၈၉
ခုနှစ်တွင် နယ်စပ်အရေးအခင်းကြောင့် ဖရိုဖရဲ ပြိုကွဲခဲ့ပြီး ဖြစ်ကြောင်းလည်း
အများသိပြီး ဖြစ်ပါလိမ့်မည်။
ကွယ်လွန်ပြီးသူ တယောက်၏ အကြောင်းကို ရေးသားရာတွင်
အမှားကင်းနိုင်သမျှကင်းအောင် တာဝန်ယူစိတ်ကြီးကြီးနှင့် ရေးရပါသည်။ ကောင်းသည် (သို့မဟုတ်) ဆိုးသည်၊ သူ၏
သမိုင်းတလျှာက်လုံး လုပ်ရပ်များသည် မှန်သည် (သို့မဟုတ်) မှားယွင်းသည်ဟု
ကောက်ချက်ဆွဲကာ မသုံးသပ်လိုပေ။ အထူးသဖြင့်
ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှ စတင်ကာ အုပ်စိုးသူ
အဆက်ဆက်အား နှစ်ပေါင်းကြာရှည်မြင့်စွာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သော တခုတည်းသော
တောတွင်းလက်နက်ကိုင်ပါတီကြီး၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် သခင်ဗသိန်းတင်အကြောင်းကို
ရေးရန်မှာ မိမိနှင့် လျှော်ကန် ထိုက်တန်ပါရဲ့လားဟု မိမိကိုယ်ကိုမိမိ အကြိမ်ကြိမ်
မေးမြန်းမိခဲ့သည်။ ထို့ပြင် မိမိသည်
သမိုင်းပညာရှင် မဟုတ်သကဲ့သို့ ဝါရင့်စာရေးဆရာမကြီးလည်း မဟုတ်သည့်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်းကို
သုံးသပ်နိုင်စွမ်းလည်း မရှိပါပေ။
ဗမာပြည်ကွန်မြူနစ်ပါတီ
ဦးဆောင်သော လက်နက်ကိုင်တော်လှန်ရေးတရပ်သည် မြန်မာပြည်သမိုင်းတွင် ဧကန်အမှန်
ရှိခဲ့သည်။ နယ်စပ်ဒေသတွင် အခြေချခဲ့သည်၆၈ ခုနှစ်မှ အစပြုကာ ၈၉ ခုနှစ် မေလ ၁၇ ရက်အထိ
တောတွင်းလက်နက်ကိုင် ပါတီကြီးတရပ်၏ အဆောက်အအုံကြီးနှင့် လှုပ်ရှားမှု ရှိခဲ့သည်။
အုပ်စိုးသူ မဆလ အစိုးရအား တုံ့ပြန်တိုက်ပွဲဝင်မှုအပေါ် စာရေးသူ သိသရွေ့၊
ထိတွေ့သရွေ့လေးများကို အများပြည်သူတို့ သိစေလိုသော စေတနာနှင့်
ရေးသားလိုက်ရခြင်းကြောင့်လည်းကောင်း၊ ပကတိ ဖြူစင်သော စိတ်ရင်းဖြင့်
ရေးသားလိုက်ရသောကြောင့်လည်းကောင်း၊ ဤစာအုပ်ငယ်ကို ရေးရကျိုးနပ်သည်ဟု
ထင်မြင်မိပါသည်။
တကယ်တော့
မြို့ပြမှသည် ဝေးလံသီခေါင်သော တိုင်းရင်းသားတောင်တန်းဒေသများသို့ စာရေးသူကဲ့သို့
လူထုလုပ်ငန်း လုပ်ရန် ရောက်ရှိလာကြသော ပညာတတ်ကျောင်းသား၊ အမှုထမ်းအရာထမ်း၊
အလုပ်သမား၊ လယ်သမား လူတန်းစား အရေအတွက်မှာ ၁၅၀ ဦးမျှ ရှိခဲ့ပါသည်။ ထိုခေတ်ကာလ အခြေအနေနှင့် သမိုင်းရေးဝန်းကျင်၊
သမိုင်းအချက်အလက်များအရ ဤအင်အားသည် နည်းသည်ဟု မဆိုသာပါ။ ဤ ကြမ်းတမ်းခက်ခဲသော လမ်းသို့ လျှောက်လှမ်းရန်
ဘဝ၊ ဆွေမျိုးအသိုင်းအဝိုင်း၊ မြတ်နိုးတွယ်တာမှု၊ နုနယ်ပျိုမြစ်မှုနှင့်အတူ
ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသ အသီးသီးကို စွန့်လွှတ်နိုင်သော သတ္တိ ရှိဖို့
လိုပါသည်။ အနစ်နာခံမှုအပြင် အားမာန် ဇွဲသတ္တိတွေလည်း
ရှိဖို့ လိုပါသည်။ အဆုံးစွန်အားဖြင့်
အသက်ကိုပင် စွန့်လွှတ်ရန် စိတ်ပိုင်းဖြစ်ပြီးသော စိတ်ဓါတ်ကို ရရှိရန် မည်သည့်အရာက
လှုံ့ဆော်၍ တွန်းပို့ခဲ့ပါသနည်း။
တောမခိုမီက
စာရေးသူသည် ထိုခေတ် ထိုကာလက ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေသော အသက် ၂၂
နှစ်အရွယ် ကျောင်းသူတဦး ဖြစ်ပါသည်။
ထိုစဉ်အခါက လူလတ်တန်းစား အလွှာတွင် ပါဝင်၍ အစိုးရအရာရှိကြီး တဦးဖြစ်သော
ဖခင်၏ လစာမှာ မနည်းလှပါ။ သို့ရာတွင်
လူအပေါင်းမှာ ဆင်းရဲဒုက္ခ ကျပ်တည်းမှု အဝဝ ကြုံကြရသကဲ့သို့ စာရေးသူတို့ မိသားစုလည်း
ကြုံကြရပါသည်။ ၁၉၈၈ ခုနှစ်အလယ်တွင်
ဦးနေဝင်းကိုယ်တိုင် ရေဒီယိုမှ ကြေညာစကားဖြစ်သည့် မအောင်မြင်သော မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ကြီးကို ဖျက်သိမ်းကာ နှုတ်ထွက်စကား ပြောသွားချိန်တွင် ပြည်သူလူထု တရပ်လုံး
အဖိအနှိပ်ခံရလွန်းလို့ ဇီးဖြူသီး စကောထဲလှိမ့်သလို ကာလ ဖြစ်ခဲ့ပါ၏။ ဖိလွန်းရင် ကြွရသလို အလုပ်သမား၊ လယ်သမား၊
ကျောင်းသားတို့၏ မြို့ပြတိုက်ပွဲများသည် ပြင်းထန်သည်ထက် ပြင်းထန်ခဲ့ပြီ ဖြစ်ပါသည်။
မိုးသက်မုန်တိုင်းသည်
မြူတိမ်ကင်းစင် ကြည်လင်သော မိုးကောင်းကင်ကို မွေးဖွားပေးလိုက်သည်။ ဟုတ်ပါသည်။
မြန်မာပြည်၏ ကျောင်းသားသမိုင်းတွင် ဆန္ဒပြ သပိတ်တိုက်ပွဲများက
တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ မွေးဖွားပေးခဲ့သည်။ သူရဲကောင်းအာဇာနည်တွေ ပေါ်ထွန်းလာခဲ့ပေပြီ။
အသက်
၁၉ နှစ်အရွယ် ကျွန်မ ရန်ကုန်တက္ကသိုလ်ပညာစသင်သည့် ၁၉၇၃ ခုနှစ်သည် နိုင်ငံရေး
မိုးသက်မုန်တိုင်း ပြင်းထန်သည့်ကာလ ဖြစ်ပါသည်။
၁၉၆၂ ခုနှစ် ဂျူလိုင် ၇ ရက် အရေးအခင်းအကြောင်းကို အင်းလျားဆောင်မှာ နေစဉ်က
တက္ကသိုလ် အကိုကြီး၊ အစ်မကြီးများထံမှ စတင် ကြားသိခဲ့ရသည်။ တက္ကသိုလ်ဘော်ဒါဆောင်များမှာ ညတိုင်း ပုံပြင်
ပြောသည်ကတော့ ဗိုလ်ချုပ်နေဝင်းနဲ့ စစ်တပ်က၊ ကျောင်းသားများကို ပစ်သတ်တာ၊ တက္ကသိုလ်
ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တာ၊
လက်နက်ဆိုလို့ အပ်တိုတချောင်းမှ မရှိသည့် ကျောင်းသားများကို ဓား ဓားချင်း၊ လှံ
လှံချင်း ယှဉ်မယ်လို့ ကြိမ်းဝါးခဲ့တာကို ကြားသိရသည့်အခါ ကျွန်မတို့ ကျောင်းသားများ
မျက်ရည်လည်ရွဲ တောက်တခေါက်ခေါက်၊ အံတကြိတ်ကြိတ် ဖြစ်ခဲ့ရသည်။
အုပ်စိုးသူများသည်
သပိတ်မှောက်ကျောင်းသားများအပေါ် လက်နက်နှင့် မတုန့်ပြန်ပဲ နိုင်ငံရေးဖြင့်သာ
တုံ့ပြန်စေလိုသည်မှာ ကျွန်မ၏ မပြည့်ဝသော ဆန္ဒပါ။
ကျွန်မတို့သည်
ရန်သူကို အနိုင်တိုက်ရန် တက္ကသိုလ်ပညာနှင့်အတူ နိုင်ငံရေးပညာကိုပါ
သင်ယူခဲ့ရသည်။ ထိုခေတ်က ခေတ်အစားဆုံး လက်ဝဲစာပေ၊
မာက်စ်လီနင်ဝါဒ၊ မော်အတွေးအခေါ်တို့ကို လေ့လာသင်ယူခဲ့ ကြသည်။ အတန်းတက်နေလျှင်
လက်ဝဲနိုင်ငံရေးစာအုပ်များနှင့် ကွန်မြူနစ်သူရဲကောင်းများအကြောင်းကို
လျှို့ဝှက်စွာ အစုဖွဲ့ လေ့လာခဲ့ကြသည်။
လုပ်သလောက် ခံစားရသော၊ တိုင်းပြည်နိုင်ငံ မသတ်မှတ်သော
ကွန်မြူနစ်စနစ်ကြီးကို လွန်စွာနှစ်ခဲ့ကြသည်။
ငယ်ရွယ်သူ
ကျွန်မတို့မှာ လေ့လာရေး လုပ်ရန် စုစည်းမိသောအခါတိုင်း ဘယ်ရဲဘော်က
စတာလင်ကြီးနှင့်တူ သည်။ ဘယ်ရဲဘော်က
သခင်သန်းထွန်းနှင့် တူသည်။ ချီဂွေဗားရား၊
ငုယင်ဗန်ထရွိုင်း ကတ်စထရို တို့နှင့် တူသည်။
ဘယ်ရဲဘော်မက ချောအိမန်နှင့် တူသည် ပြောပြီး သူရဲကောင်းများ၏ စကားပြောသည့်
ဟန်ပန်အမူအရာများကို မတူတူအောင် အတုခိုးခဲ့ကြသည်။
နာမည်ဝှက်များမှည့်လျှင်လည်း ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ နာမည်
တလုံးလုံး ပါအောင် ထည့်ပြီး မှည့်ခေါ်တတ်ကြသည်။
ကျောင်းတက်လျှင်လည်း အဝတ်အစား ခပ်နွမ်းနွမ်း ဝတ်ကာ ငတ်ငတ်ပြတ်ပြတ် နေပြ၍
ဒါကို နိုင်ငံရေးဆန်သည်ဟု ကိုယ့်ကိုယ်ကို ကျေနပ်နေကြသည်။ ကွန်မြူနစ်၏ စံဖြစ်သော ကိုယ်ကျင့်သိက္ခာကိုလည်း
စောင့်ရှောက်ထိန်းသိမ်းနိုင်အောင် ကျိုးစားခဲ့ကြသည်။ အိုယန်ဟိုင်းလို ပြည်သူ့အတွက် အသက်စွန့်ရမည်ဆိုလျှင်
နှလုံးသွေး တချက်မျှ အခုန်မပျက် စေအောင် လေ့ကျင့်ကြမည်။ ကျွန်မတို့ အားလုံး
ကွန်မြူနစ်နှင့်ပါတ်သက်လျှင် ရူးသွပ်ခဲ့ကြသည်။
၁၉၆၇၊
၆၈၊ ၇၀၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇ ခုနှစ်….
အထက်ပါနှစ်များသည် ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်လုပ်ရှားသော နှစ်များ
ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်
ခန်းမကြီးသည် သပိတ်ကြီးသည် ဖြစ်ကာ အဓိပတိလမ်းမကြီးမှာ တော်လှန်သူ ကျောင်သား
ကျောင်းသူများ၏ သွေးခင်းလမ်း ဖြစ်ခဲ့ရသည်။
တနှစ်လုံးမှာ သုံးလမျှသာ ပညာသင်ရသော နှစ်များရှိသည်။ ကျောင်းသားမိဘများက သွားစရိတ်၊ ပြန်စရိတ်
ပေးရလွန်း၍ မတတ်နိုင်တော့။ အလုပ်လက်မဲ့
ပညာတပိုင်းတစ သားသမီးများ တက္ကသိုလ်ပိတ်၍ စိတ်လေလွင့်သော သားသမီးများကို မိဘများက
ရင်တမမ ထိန်းကျောင်းထားရသည်။
တက္ကသိုလ်နှင့် ကျောင်းများက ဖွင့်လိုက် ပိတ်လိုက်၊
ကျောင်းသားကျောင်းသူများက ထောင်ထဲ ဝင်လိုက်ထွက်လိုက်၊ စိတ်မရှည်သူတချို့ကလည်း
ကျောင်းဆက်မတက်တော့ပဲ ဘွဲ့မရ အလုပ်လက်မဲ့ အိမ်ထောင်သည်တွေ ဖြစ်ကုန်ကြသည်။ မိဘပြည်သူများ၏ စားဝတ်နေရေးကလည်း တနေ့တခြား
ဝါးလုံးခေါင်းထဲ ဆင်အောင်းရသကဲ့သို့ ဖြစ်လာသည်။
မိဘတချို့ကတော့ ထောင်အတွင်း သေဆုံးသွားသော၊ အရေးအခင်းများတွင်
ပါဝင်ပြီးအိမ်ပြန်ရောက်မလာတော့သော၊ တောခိုကာ လက်နက်ကိုင်တိုက်ပွဲထဲ ပါဝင်
သွားကြပြီး ကျဆုံးသွားကြသော သားသမီးများအတွက် သပိတ်သွတ်၊ ဆွမ်းကပ်ကာ အမျှအတမ်း
ဝေကြရတော့သည်။ ၇၆ နှစ်က
အင်းစိန်ထောင်တွင်း တိုက်ပွဲတွင် ထောင်အာဏာပိုင်များက ရိုက်နှက်သတ်ဖြတ်သောကြောင့်
ကျောင်းသား သူငယ်ချင်းများ ကျိုး၊ ကန်း ဒဏ်ရာရ သေကြေကြရကုန်သည်။ တချို့လည်း ထောင်ကထွက်လာပြီး
စိတ်မူမမှန်တော့ပေ။ ကျောင်းသူများလည်း
ထောင်တွင်းတွင် ဘဝပျက်ကြ။
ပြင်ပလောကမှာလည်း အိနြေ္ဒသိက္ခာပျက်ကြရနှင့် တတိုင်းပြည်လုံး
ကြိမ်မီးအုံးသကဲ့သို့ ဖြစ်နေတော့သည်။
အုပ်စိုးသူ မဆလ တပါတီစနစ် အာဏာရှင်တွေကတော့ ဆွေစဉ်မျိုးဆက် ဘဝပေါင်းများစွာ
သုံးမကုန်အောင် ကြီးပွါးချမ်းသာလာကြကာ လူထုနှင့်ယှဉ်လျှင် လူနေမှု အဆင့်အတန်း
အလွန်တရာမြင့်မားနေတော့သည်။
ထိုခေတ်ကာလက
အလုပ်သမား၊ ကျောင်းသားစသည့် အလွှာအသီးသီးက သပိတ်တိုက်ပွဲနှင့် မြို့ပြမုန်တိုင်းသည်
ပြင်းထန်သည်ထက် ပြင်းထန်လာတော့သည်။
မုန်တိုင်းထဲတွင် ရွှေကြာပွင့်လာသကဲ့သို့ ကျောင်းသူကျောင်းသား များနှင့် အလွှာအသီးသီးက လူထုအပေါင်းတို့သည် နေဝင်းစန်ယု
စစ်အာဏာရှင်များကို လက်နက်နှင့် တုန့်ပြန်တိုက်ဖို့၊ ဗမာပြည် ပြည်သူ့ဒီမိုကရေစီ
ရရှိဖို့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ လွတ်မြောက်ဒေသခေါ် တရုတ်မြန်မာနယ်စပ်ရှိ
အရှေ့မြောက် စစ်ဒေသသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။
ထိုကာလက တခုတည်းသော ပါတီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှု
အောက်တွင် ရိုးသား ကြိုးစား တက်ကြွစွာဖြင့် ကျရာတာဝန် ထမ်းဆောင်ခဲ့ကြပြီး
ကွန်မြူနစ်တော်လှန်ရေးသမား ဘဝကို ခံယူခဲ့ကြသည်။
ပြည်သူ့ဘဝ လွတ်မြောက်ရေးအတွက် ငယ်ရွယ်နုပျိုသောဘဝနှင့် အသက် သွေးချွေးကို
စတေးခဲ့ကြသည်။ ပြည်သူလူထုကို
အလုပ်အကျွေးပြုလိုသည့် မွန်မြတ်သော နိုင်ငံရေးသမား ဘဝကို ရောက်ရှိအောင်
ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်က တွန်းအားပေးခဲ့သည်။
ဤသည်မှာ…….
"နိုင်ငံရေးဆိုသည်မှာ
ကျွန်ပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေရသော ကိစ္စ ဖြစ်သည်။ တနည်း… နိုင်ငံရေးဆိုသည်မှာ
လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ပ်တို့၏
သွားလာမှု၊ စားသောက်မှု၊ နေထိုင်မှု အစုစုတို့သည် နိုင်ငံရေးဖြစ်သည်။ လူတို့သည် နိုင်ငံရေးနှင့် ကင်းကွာ၍ မဖြစ်ပါ။ ဤမျှ အရေးကြီးသော လူ့အရေး၊ နိုင်ငံအရေးကို
လစ်လျူရှုခြင်းသည် လူ့တာဝန်ပျက်ကွက်ခြင်းပင် ဖြစ်သည်။" ဟု
မိန့်ကြားခဲ့ဖူးပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏
အထက်ပါအဆိုအမိန့်ကို နှစ်သက်သော အဖိနှိပ်ခံ ပြည်သူအပေါင်းကို ကိုယ်စားပြုသည့်
အလုပ်သမား၊ ကျောင်းသား၊ လယ်သမား စသည့် မြို့နေ လူတန်းစားတို့သည် ထိုကာလ၏
အခြေအနေနှင့် သမိုင်းရေးဝန်းကျင်၊ သမိုင်းကြောင်းအချက်အလက်များအရ ဗမာပြည်ကွန်မြူနစ်ပါတိ၏
လက်နက်ကိုင် တော်လှန်ရေး နယ်ပယ်ထဲသို့ ခြေစုံပစ် ဝင်ရောက်ခဲ့ကြလေသည်။
ဆယ်စု
နှစ်စုကျော်သောအခါ နယ်စပ်ဒေသ၏ တောတွင်း လက်နက်ကိုင် အင်အားစုများထဲတွင်
အင်အားအကြီးဆုံးသော ဗမာပြည်ကွန်မြူနစ်ပါတီသည် ၈၉ ခုနှစ်၌ နယ်စပ်ဒေသ တနံတလျားတွင်
မိမိပြည်သူ့တပ်မတော်သား တိုင်းရင်းသားလက်နက်ကိုင်များ၏ အာဏာသိမ်းမှုကြောင့် ဖရိုဖရဲ
ပြိုကွဲခဲ့ပြီး ဖြစ်ပါ၏။ ယခုအခါ၌
ရဲဘော်အပေါင်းသည် မိမိ၏ ဆန္ဒအရ ဘဝကို လွတ်လပ်စွာ လျှောက်လှမ်းနိုင်သည်ဆိုသည့်
ပါတီဗဟို၏ သဘောထားအတိုင်း ၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲလိုက်သော
ကချင်ငြိမ်းချမ်းရေး နှင့်
ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်မှု အောက်တွင် နယ်စပ်ဒေသ
ဖွံ့ဖြိုးရေးလုပ်ငန်းများကို စာရေးသူတို့ လေးနှစ်ကျော်မျှ
တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာပြည်မအတွင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။
ကျွန်မတို့သည်
လက်နက်ကိုင် တော်လှန်ရေးထဲမှသည် မြို့ပေါ်ရှိ မိမိနေရပ်ဒေသတို့သို့ သပြေညိုပန်းတွေ
တဝေဝေနှင့် အောင်ပန်းကို ဆင်မြန်းကာ ပြုံးပျော်ရွှင်လန်း ဂုဏ်ယူဝင့်ကြွားစွာ
ပြန်လည်ရောက်ရှိလာခြင်း မဟုတ်ပါပေ။
မည်သူမဆို ကိုယ်ယုံကြည်စွာဖြင့် ဆယ်စုနှစ် တစုကျော် နှစ်စုကျော်နီးပါး ဆင်နွှဲခဲ့ရသော
တော်လှန်ရေးကြီးတရပ် အောင်မြင်စေလို၍သာ နုပျိုသောဘဝတခုလုံး စွန့်လွှတ်စတေးကာ
ပြည်သူလူထု လွတ်မြောက်ရေးအတွက် ပေးဆပ်ခဲ့ရခြင်း ဖြစ်ပါသည်။ အောင်ပန်းကို မလွတ်တမ်း ဆင်မြန်းလိုသူချည်းသာ
ဖြစ်သော်လည်း ကျွန်တို့ အားလုံးမှာ မသေ၍သာ ဘဝကို တစ်က ပြန်စကာ ရှေ့ခရီးဆက်နေရခြင်း
ဖြစ်ပါ၏။
ဤမှတ်တမ်းစာအုပ်ကိုလည်း
နောင်လာနောက်သားတို့ သိရှိစေရန် နိုင်ငံရေးပါတီကြီးတခု၏ ဖြစ်ပျက်မှုသဘော၊ ပါတီ၊
တပ်၊ အခြေခံဒေသ ကေဒါများ၊ ခေါင်းဆောင်များတို့၏ တော်လှန်ရေးတွင်းက
ရုပ်ပုံလွှာတို့ကို ကျွန်တို့ ထိတွေ့ သိရှိသမျှသာ ရေးသားလိုက်ခြင်းဖြစ်ကာ အချိန်အခါ၊
ကာလ၊ ဒေသ ကွဲပြားမှုအရ အမြင်ရှုထောင့် အမျိုးမျိုးအရ အကြောင်းအရာများလည်း
ကွဲပြားနေမည် ဖြစ်ပါသည်။ မည်သို့ ဆိုစေ
တော်လှန်ရေးတရပ်၏ နိမ့်ဆင်းပြိုကွဲမှု ဖရိုဖရဲဖြစ်မှုကို စိတ်ဝင်စားသူများအတွက်
အမှန်အကန်ဆုံး အချက်အလက်များဖြင့် စိစစ်ကာ ရေးသားလိုက်ရခြင်း ဖြစ်သကဲ့သို့
ဗမာပြည်ကွန်မြူနစ်ပါတီတွင် ဖြတ်သန်းခဲသော၊ လိုလားသော ရဲဘော်များကလည်း ကျွန်မ၏
မှတ်တမ်း ပြည့်စုံမှု မရှိပါက ထောက်ပြဝေဖန် ဖြည့်စွက်ရေးသားကြပါရန် ဖြူစင်သော
စိတ်ထားဖြင့် တောင်းဆိုအပ်ပါသည်။
ကျွန်မတို့
အားလုံးသည် အားမာန်တင်း၍ ဘဝရှေခရီး ဆက်နေရခြင်းသာ ဖြစ်ပေသည်။
စာရေးသူ
နီမော်
(၂၀ - ၁ - ၂၀၁၄)
No comments:
Post a Comment