[နီမော်
ရေးတဲ့ - မငြိမ်းမချမ်း မစိမ်းမလန်း သိန်းသန်းကုဋေ ပြည်သူတွေ - စာအုပ်ထဲက
အင်တာနက်မိတ်ဆွေတွေ စိတ်ဝင်စားမယ်ထင်တာကို တင်ပေးလိုက်ပါတယ်။]
ဗမာပြည်ကွန်မြူနစ်ပါတီ
အသံလွှင့်အဆောက်အအုံထဲက အထင်ကရဖြစ်ရပ်တွေ
၁၉၆၈
ခုနှစ်က တရုတ် - မြန်မာ နယ်စပ်ဒေသကို စတင် အခြေချခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ
အခြေခံစခန်းမှာ တပ်ဌာနအသီးသီးရဲ့ အဆောက်အအုံများကို တခုပြီးတခု ဆက်တိုက်
တည်ဆောက်ခဲ့ကြရာ၊ ၁၉၇၈ ခုနှစ်မှာတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ
စိတ်ဓါတ်နဲ့ အကူအညီပေးခဲ့တဲ့ အသံလွှင့်ဌာန
အဆောက်အအုံကြီး ပေါ်ပေါက်လာခဲ့တယ်။
အသံလွှင့်ရုံ(က)
ဌာန၊ (ခ)ဌာန ရယ်လို့ နှစ်ခုရှိရာ အသံလွှင့်ထုတ်တဲ့ (က) ဌာနကို ညောင်ညိုစခန်း၊
အသံသွင်းတဲ့ (ခ) ဌာနကို ညောင်နီစခန်းရယ်လို့ ခွဲခြားထားခဲ့တယ်။ အဲဒီကာလကတော့ နိုင်ငံတကာ ကူညီရေးစိတ်ဓါတ်
အလွန်အားကောင်းနေချိန်ဖြစ်တော့ မော်စီတုန်းရဲ့ ပေါ်လစီအရ ငွေကြေး၊ ရုပ်ဝတ္ထုအင်အား၊
လက်နက် စတဲ့ ဘက်ပေါင်းစုံအကူအညီများ ရရှိတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အမွေရတဲ့
သူဌေးသားလို ဖြစ်ခဲ့တာ အမှန်ပါ။
တရုတ်ပြည်ထဲက
အသံလွှင့်ဌာနကနေ မြန်မာပြည်နယ်စပ်ကို ပြောင်းရွှေ့ အသံလွှင့်ဖို့ ပြင်ဆင်ကြရာမှာ
ရှေးဦးစွာ တရုတ်အင်ဂျင်နီယာများနဲ့ အသံလွှင့်ရုံဆောက်မယ့် မြေနေရာ
ရွေးချယ်ကြရတယ်။ (ခ)ဌာနခေါ် ညောင်နီကုန်း
အသံလွှင့်ရုံကို နမ့်ခါချောင်းဘေးက တောင်ကုန်းပေါ်မှာ ဆောက်မှာဆိုတော့ ပထမဆုံး
တောင်ကုန်းကို မြေညှိရ တယ်။ စက်အင်အား
လူအင်အားသုံးကာ မြေညှိပြီးတာနဲ့
အသံလွှင့်ရုံနေရာနဲ့
ဝန်ထမ်းအိမ်ယာတွေကို အသံလွှင့်ရုံ ဘေး ပတ်ပတ်လည်မှာ တည်ဆောက်ဖို့
မြေနေရာများ သတ်မှတ်လိုက်ကြပြီး အဆောက်အအုံ တွေအတွက် လိုအပ်သမျှ သစ်ဝါးတွေ၊ နမ့်ခါချောင်းဖျားက တောင်ပေါ် တက်ခုတ်ကြရတယ်။
တရုတ်-ဗမာ
ကပြားရဲဘော်များ၊ ကချင်ရဲဘော်၊ အခါရဲဘော်များနဲ့ 'ဝ' တပ်ဖွဲ့ တခွဲစာ
လူအင်အားများစွာတို့ တောင်ပေါ် တက်ကြရပါပြီ။
ဒေသခံ တိုင်းရင်းသား ရဲဘော်တွေက အကြမ်းပတမ်း ခံနိုင်ရည် ရှိပေမယ့်
ဗမာရဲဘော်တွေနဲ့ ပင်လယ်ရပ်ခြား တရုတ်ရဲဘော်တွေကတော့ ခံနိုင်ရည် သိပ်မရှိကြပါ။ မြို့က တောခိုစ ပူပူနွေးနွေး
စက်မှုတက္ကသိုလ်ကျောင်းသား ၇ဲဘော်အေးမောင်နဲ့ ရဲဘော်ဝင်းသိန်းတို့လည်း
တတ်စွမ်းသလောက် သစ်ဝါးခုတ်ကြ၊ မခုတ်နိုင်ရင် တောတွင်းစခန်းမှာ ထမင်းဟင်းချက်
တာဝန်ယူကြနဲ့ သစ်အလုံးပေါင်း ငါးထောင်ကျော်၊ ဝါးအလုံးရေ တသိန်းလောက်ကို
တလနီးပါးခုတ်ယူကာ ချောင်းဖျားကနေ သစ်ဖေါင် ဝါးဖေါင် ဖွဲ့မျှော ကြရတာပါ။ ပညာတတ် တက္ကသိုလ်ကျောင်းသား ဘဝကနေ အရှင်လတ်လတ်
နေ့ချင်းညချင်း သစ်ခုတ်သမားဘဝ ပြောင်းသွားတဲ့ ရဲဘော်ဝင်းသိန်း နဲ့
ရဲဘော်အေးမောင်တို့ဟာ သစ်ဖောင် ဝါးဖောင်ဖွဲ့ရာ ဖောင်မျှောရာမှာ ဒဏ်ရာ အသီးသီးရလို့
အမေ့ရင်ခွင်မှာ မနေချင်ဘဲ လာချင်ဦးဟ လွတ်မြောက်ဒေသ၊ ခုတ်ချင်ဦးဟ သစ်ဝါး။ မှိုင်းရာပြည့်မှာ ဘွဲနှင်းသဘင်ခန်းမကြီးကို
စီးနင်းကာ သပိတ်စခန်းဖွင့်ခဲ့တုန်းက သတ္တိတွေ စွမ်းရည်တွေနဲ့ တခြားစီ ဖြစ်လို့နေတဲ့
'ဝ' တောင်တန်းက သစ်တော ဝါးတောထဲမှာ ပညာတတ်မာနကို ခဝါချခဲ့ကြပြီ။
ဒီလိုနဲ့
နတ်တို့ဖန် ရေကန်အသင့် ကြာအသင့် ဆိုတာလို ပဲခူးရိုးမတုန်းက အိပ်မက်မျှပင်
ယောင်လို့ မမက်ခဲ့တဲ့ နိုင်ငံတကာ အကူအညီကြီးကြောင့် ကြီးမားခန့်ထည်တဲ့
အသံလွှင့်ဌာနကြီးနှစ်ခု တနှစ်အတွင်းမှာ ပြီးစီးသွား လေပြီ။
နှစ်ဧကမျှ
ကျယ်တဲ့ အသံလွှင့်ဌာနဝန်းကြီးကို လူတရပ်ကျော်မြင့်တဲ့ အုတ်တံတိုင်း ဝင်းကြီးခတ်ကာ
လုံခြုံမှုယူဖို့ ပတ်ပတ်လည်မှာ
ဝန်ထမ်းရဲဘော်များရဲ့ နေအိမ်များ၊ ကင်းတပ်ဘုံရိက္ခာရုံကြီးတို့ကိုပါ ဆောက်လုပ်ခဲ့ကြပါတယ်။ အသံလွှင့်ရုံ တည်ဆောက်ရေးမှာ တရုတ် အင်ဂျင်နီယာများက
အဆောက်အအုံ ဆိုင်ရာတဖွဲ့၊ စက်ပိုင်းဆိုင်ရာတဖွဲ့ နှစ်ဖွဲ့ခွဲကာ
ဆောင်ရွက်ကြရတာပါ။ တည်ဆောက်ရေး
ရဲဘော်တွေရဲ့ ရိက္ခာ ဟင်းသီးဟင်းရွက်၊ ငှက်ပျောထင်း အတွက် မဲဇလီပင်တွေကို
တပြိုင်နက် စိုက်ပျိုးကြရကာ 'ဝ' ရဲဘော်တွေရဲ့ စာပေ ရေချိန်မြှင့်တင်ရေးအတွက်
ရန်ကုန်တက္ကသိုလ် တောခိုကျောင်းသား ရဲဘော်ဗထွန်းက မြန်မာစာ၊ မြန်မာစကား
နေ့စဉ်သင်ပေးတော့ 'ဝ' ရဲဘော်တွေ ပါးစပ်ဖျားမှာ ဆရာဗ၊ ဆရာဗ နဲ့ မြန်မာလို
ပီပီသသခေါ်နိုင်၊ မြန်မာစကားလည်း မွတ်နေအောင် ပြောနိုင်လာကြတယ်။
တပ်ဖွဲ့အတွက်
ဝက်မွေးမြူတဲ့တာဝန်ကို ကျွန်မရဲဘော်နီမော် တာဝန်ယူထားရတာကြောင့် နမ့်ခါချောင်းထဲက
ရေညှိတွေ ဆယ်ယူကာ ဝက်စာကျွေးရတယ်။
အသံလွှင့်ရုံ စတင် အသံလွှင့်တာနဲ့ ကျွန်မရဲဘော်နီမော်က မြန်မာဘာသာ
သတင်းဆောင်ပါး ဖတ်ကြားသူ၊ ရဲဘော်အေးမောင်က ညောင်နီစခန်း အသံသွင်းစက် အင်ဂျင်နီယာ၊
ရဲဘော်ဝင်းသိန်းက ညောင်ညိုစခန်း အသံလွှင့်စက်အင်ဂျင်နီယာ အဖြစ် တာဝန်ယူကြရတော့
မြို့ကရဲဘော်တွေ လူမှန် နေရာမှန် ဖြစ်နေကြပြန်ရော။ ပန်ဆန်းပါတီဗဟိုရဲ့ အသံလွှင့်ဌာနကြီးမှာ ဗမာ၊
ဂျင်းဖော၊ ကရင်၊ ရှမ်း၊ ဝ၊ တရုတ်ဘာသာ ၆ မျိုး နေ့စဉ် မနက်တကြိမ်၊ ညနေတကြိမ်
လွှင့်ပါတယ်။ နယ်စပ်ဒေသဖွင့်ပြီး နောက်
စစ်ရေးဆန်ဆန် ပြုမူ လှုပ်ရှားရမှာမို့
အခုလို ကြီးမားခန့်ထည်တဲ့ အဆောက်အအုံကြီးတွေ၊ ရုံဌာနကြီးတွေ
မဆောက်သင့်ကြောင်းကို ဗဟိုကော်မတီ ရဲဘော်သန်းလွင်ထွန်း (ခ) ကျင့်ကောင်းက
အမြင်သဘောထား တင်ပြပေမယ့် ရှုံးနိမ့်သွားခဲ့တယ်။
၈၅
ခု ပါတီကွန်ဂရက်မှာ ကိုယ့်ဒူးကိုယ်ချွန် လမ်းစဉ်ချမှတ်ပြီး တရုတ်ပြည်က
ဘက်ပေါင်းစုံ ပေးနေတဲ့ အကူအညီတွေ ရုတ်သိမ်းမှာမို့၊ အသံလွှင့်ရုံကို ပေးနေတဲ့
တရုတ်လျှပ်စစ်မီးကို အရင်ဆုံး ဖြတ်တောက် လိုက်တယ်။ ဒီမှာတင် အသံလွှင့်လုပ်ငန်းလည်း ရပ်ဆိုင်းသွားကာ
၈၆ ခုကျမှ 'ဝ' နယ် မြောက်ပိုင်း ခွင်းမားမြို့နယ် မှာ အသံလွှင့်စက် တပ်ဆင်ထားတဲ့
ကားကြီးတစင်းကို တရုတ်တို့က ပေးတာနဲ့ အသံလွှင့်လုပ်ငန်း ပြန်လည်လုပ်ဆောင်ရပါတယ်။
ဒီတော့
'ဝ' နယ်ရဲ့ မြို့တော် ပန်ဆန်းမှာ ရှိတဲ့ ကြီးမားခန့်ထည်တဲ့ အသံလွှင့်ရုံကြီးရဲ့
ညာဘက်ခြမ်းကို ပေါလစ်ဗျူရို ဦးကျော်မြက ဗဟိုဝါဒဖြန့်ချိရေးဌာနနဲ့ ဗဟိုသုတေသနဌာန
ရယ်လို့ ဖွင့်လှစ်ရာမှာ ဗဟိုသုတေသနဌာနမှူးက ရဲဘော်အောင်ထက် ခေါ် ဖိုးသံချောင်း
ဖြစ်ကာ၊ ဗဟိုဝါဒဖြန့်ချိရေး ရုံးအုပ်က ကျွန်မရဲဘော်နီမော်ပါ။ ဒီအချိန်မှာ ကိုယ့်ဒူးကိုယ်ချွန် လုပ်ရပြီမို့
ဌာနလုပ်ငန်းတဝက်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတဝက်နဲ့ တနေ့တာ အချိန်ကုန်ပါတယ်။
အသံလွှင့်ရုံ
အဆောက်အအုံကြီးထဲမှာ အသံလွှင့်လုပ်ငန်း မလုပ်နိုင်တော့ပေမယ့် ၈၅ ခုနှစ် တတိယအကြိမ်
ပါတီကွန်ဂရက်ကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့တယ်။
၈၆ ခုနစ်မှာ အမျိုးသားဒီမိုကရေစီတပ်ဦး ခေါ် (မဒတ) နဲ့လည်း
ဒီအသံလွှင့်ရုံခန်းမကြီးထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ မဒတ ကိုယ်စားလှယ်များ ပါတီဗဟိုနဲ့
ဆွေးနွေးချိန်မှာ ဘာတေးလင့်တနာဟာ ကေအိုင်အေ ကောင်းမှုနဲ့ အိန္ဒိယကတဆင့် ဗမာပြည်ထဲကို
ရောက်နေပါပြီ။ ကေအိုင်အေနယ်မြေကတဆင့်
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လွတ်မြောက်ဒေသ တကြောလုံးကို ဖြတ်ပြီး နောက်ဆုံး
ထိုင်းနိုင်ငံထဲ ပြန်ဝင်ဖို့ အစီအစဉ် ဖြစ်ပါတယ်။
ပါတီဗဟိုခေါင်းဆောင်များလည်း ဗမာပြည်ကွန်မြူနစ်ပါတီ တည်ရှိကြောင်းကို
ဘာတေးလင့်တနာ (Bertil Lintner) က ကမ္ဘာသိအောင် လုပ်ဆောင်ပေးတော့မယ်ဆိုကာ အထူးဝမ်းသာ
ပျော်ရွှင်နေကြကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီ တပ်ဦးအဖွဲ့ထဲမှာ ကေအိုင်အို၊ အက်စ်အက်စ်ပီပီ၊
ပီအက်စ်အယ်လ်အို (ပလောင်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့)၊ ဒဗလျူအင်န်အို('ဝ'
အမျိုးသားအဖွဲ့ချုပ်)၊ မွန်ပြည်သစ်ပါတီ၊ ပအို့ဖြူအဖွဲ့၊ ကရင်နီအဖွဲ့၊ ကေအင်န်ယူ၊
ရခိုင်အဖွဲ့ စသည်ဖြင့် အဖွဲ့အစည်း ၉ ခုမှ ကိုယ်စားလှယ်များဟာ ဗဟိုရှိရာ ပန်ဆန်းကို
ချီတက်ခဲ့ကြတယ်။ မဒတအဖွဲ့ ကိုယ်စားလှယ်တွေ
၈၆ ခုနှစ်မှာ …ဗဟိုဌာနချုပ်ရှိရာ
ပန်ဆန်းကို ရောက်လာကာ ပါတီဗဟိုနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပေမယ့် သတင်းထောက်
ဘာတေးလင့်တနာကတော့ ၈၇ ခုနှစ်ကျမှ ပါတီဗဟိုနဲ့ တွေ့နိုင်တော့တယ်။
အရှေ့ဖျားစီးပွါးရေးဂျာနယ်မှ
ဆောင်းပါးရှင် ဘာတေးလင့်တနာ (Bertil Lintner)
ထိုင်းအခြေစိုက်
ဆွီဒင်နိုင်ငံသား ဘာတေးလင့်တနာဟာ ပါတီဗဟိုရှိရာ 'ဝ' နယ် ပန်ဆန်းကို လာရာလမ်းမှာ
မြောက်ပိုင်းဗျူရိုရောက်တော့ စီစီဝမ် တာပန် တိုက်ပွဲကြီးကို ကြည့်လိုက်ရရုံမျှမက
လွတ်မြောက်ဒေသတကျောကို ခြေလျင် လာတဲ့အတွက် ကိုးကန့်နဲ့ 'ဝ' မြောက်ကို
ဖြတ်သန်းလိုက်ရတာကြောင့် သတင်းဆောင်းပါးရေးဖို့၊ စာအုပ်ထုတ်ဖို့ စီးပွါးရေးအရ
တွက်ခြေကိုက်သွားတဲ့ အပြင် ပန်ဆန်းရောက်တော့လည်း ဥက္ကဌသခင်ဗသိန်းတင်နဲ့ ၆
ကြိမ်လောက် တွေ့ဆုံ ဆွေးနွေးလိုက်ရတော့ နှစ်ဦးနှစ်ဖက် ကျေနပ်မှု ရလိုက်ကြတယ်
ထင်တယ်။
ပါတီဗဟိုကလည်း
ဗမာပြည်ကွန်မြူနစ်ပါတီ ရှိနေကြောင်း ကမ္ဘာသိအောင် ဝါဒဖြန့်စေချင်တယ်။ ဒါကြောင့် သူဟာ ပေါလစ်ဗျူရို ခေါင်းဆောင်
တော်တော်များများနဲ့ လည်း တွေ့ဆုံခွင့် ရခဲ့တယ်။
ပါတီဗဟိုက မူးယစ်ဆေးဝါး တရားဝင် လုပ်ကိုင်ခွင့်မပေးဘူး ဆိုတာကိုလည်း
ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေ အသံလွှင့်စေ ချင်တယ်။ ဘာတေးလင့်တနာကလည်း ကိုးကန့်နဲ့ 'ဝ'
မြောက်ဒေသကို ဖြတ်သန်းရာ လမ်းတလျှောက်မှာ ဘိန်းပန်းတွေ လှလှပပ ရောင်စုံပွင့်နေတာ
တွေ့ခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် ဘိန်းကိစ္စကို တို့ရုံထိရုံ ရေးခဲ့တာကတော့ ဗဟိုဟာ
မူးယစ်ဆေးဝါးလုပ်ငန်းတွေကို ရပ်တန့်စေဖို့ ဆုံးဖြတ်ချက်အပေါ် ယုံကြည်စိတ်ချမှု
မရှိတဲ့အတွက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ ဗမာပြည်ကွန်မြူနစ်ပါတီကတော့ ဘာတေးလင့်တနာတို့
မိသားစုအပေါ် အထူးဧည့်ဝတ်ကျေပွန်ခဲ့ပါတယ်။
ပါတီရဲ့
ကိုယ့်ဒူးကိုယ်ချွန်စိတ်ဓါတ်ကို ပါတီနဲ့ တပ်သားထု တရပ်လုံး ခက်ခဲ ပင်ပန်းဆင်းရဲစွာ
အကောင်အထည် ဖော်နေရပေမယ့် ဘာတေးလင့်တနာ ဇနီးဖြစ်သူ ရှမ်းအမျိုးသမီး ဆင်နုံနဲ့
သမီးငယ်လေးတို့ကို ပြည်သူ့အသံလွှင့် ဌာနရဲ့ လစ်ဟာနေတဲ့ အဆောက်အအုံထဲမှာ
ကောင်းမွန်နွေးထွေးမှုတွေနဲ့ ကြိုဆိုဧည့်ခံခဲ့တယ်။
ဧည့်ခံရေး ကျွေးမွေးပြုစုရေး တခုလုံးကို အသံလွှင့်ရုံဝန်းထဲရှိ
ဗဟိုသုတေသနဌာနက ရဲဘော်အောင်ထက်က တာဝန်ယူကာ ကျွေးမွေးရေးအတွက် ဗဟိုကော်မတီ
ရဲဘော်စံသူ(လင်စန်း)နဲ့ ဇနီး ဒေါ်စန်း၇ီတို့က တာဝန်ယူ ချက်ပြုတ်ကျွေးမွေး
ကြတာကြောင့် ရဲဘော်စံသူဟာ ဥရောပအစားအစာ ချက်နည်းတွေကို ဇနီးဒေါ်စန်းရီကို
သင်ကြားပြသနေတာ အမြဲတွေ့နေရတာနဲ့
နိုင်ငံခြားသားကို ငယ်ငယ်ကတည်းက အမြင်ကပ်တဲ့ ကျွန်မက ငါးပိထောင်း
စပ်စပ်ထောင်းပေးလိုက်ပါလားလို့ အကြံပေးလိုက်တယ်။
ပါတီက အသားငါးမပြတ် ဆီဦးထောပတ် အမြဲကျွေးရတာပါ။ ဘာတေးလင့်တနာကလည်း ငှက်ဖျားကြောက်လို့ ရေစိမ်းတောင်
မချိုးပါရစေနဲ့။ ရေကျက်အေး
ချိုးချင်ကြောင်း ပြောတော့ ကျွန်မတို့ ဌာနက 'ဝ' ရဲဘော်တွေ တပ်ခွဲအိုးကြီးနဲ့
ရေနွေးကြိုကာ အအေးခံပေးကြရတယ်။
ကင်ပွန်းချဉ်နဲ့ တောဟင်းရွက်တွေ မစားရဲကြောင်းပြောတော့ တရုတ်ပြည် မုံအာရွာက
အသီးအနှံ မပြတ် ဝယ်ကျွေးရတာပါ။
ဘာတေးလင့်တနာတို့ မိသားစု ပန်ဆန်းမှာ တလကျော် နေထိုင်သွားကြရာမှာ
ဇနီးဖြစ်သူ ရှမ်းအမျိုးသမီး ဆင်နုံက အတော်လူလည်ကျကြောင်း ကျွန်မတို့ သိလိုက်ရတယ်။
သူဟာ
ပါတီဗဟိုရဲ့ ကျွေးမွေးပြုစုမှု ဘယ်လောက်ကောင်းကောင်း သူ့နည်းသူ့ဟန်နဲ့ ပန်ဆန်းတခွင်
ပြဲပြဲစင်အောင်လှည့်လည်ကာ သတင်းနှိုက်ပါတယ်။
အခွင့်အရေးမှန်သမျှ ယူတာ ခံစားတတ်ပေမယ့် ပြည်သူ့တပ်မတော်သား တယောက်နဲ့
ပေါင်းပြီး သတင်းပလင်းကို လက်ကုန်နှိုက်တတ်တဲ့ သူတို့ လုပ်နည်း လုပ်ဟန်ကို
ရွံ့မုန်းပြီး ကျွန်မတို့ အသံလွှင်ဌာနမှာ နေထိုင်ကြသူ အားလုံး သွေးစည်းညီညွတ်
ကုန်ကြတယ်။ အဲဒီကာလကလည်း ပါတီထဲမှာ ဆယ်စုနှစ်
တစုကျော် ကြာပြီဖြစ်တဲ့ ကျွန်မတို့ ဗမာရဲဘော်တွေအတွက် အသိစိတ်ဓါတ်ကလေး ရသွားတာက
ကိုယ့်အတွင်းရေး ကိုယ်ပဲ ရင်ဆိုင်ဖြေရှင်းချင်ကြတယ်။ နိုင်ငံခြားသား ဝင်စွက်တာ၊ သတင်းနှိုက်တာ
ကိုယ့်လူမျိုးရဲ့ အရေးအရာ ကိစ္စတွေ ဝင်ရောက်စွက်ဖက် အမြတ်ထုတ်တာတော့ မခံသင့်ဘူး
ဆိုတာပါပဲ။
ကျွန်မတို့
မိဘတွေကလည်းမျိုးချစ်စိတ်ဓါတ်ရှိဖို့ နိုင်ငံခြားသားဆီက အတုယူသင့်တာ
ယူနိုင်တယ်။ အထင်မကြီးဖို့
ပြောဆိုဆုံးမတဲ့အပြင် ငယ်စဉ် ကတည်းက နိုင်ငံခြားသားတွေအပေါ် အမြဲသတိထား ဆက်ဆံတဲ့
အလေ့အကျင့် ရှိခဲ့တယ်။ မိဘတွေနဲ့ ပါတီရဲ့
မပြတ်သွန်သင်မှုအောက်မှာ ကျွန်မတို့အားလုံး နိုင်ငံခြားသားနဲ့ တွေ့မှ
မျိုးချစ်စိတ်ဓါတ် တဖွားဖွား ပေါ်လာတာ ကတော့ အမြတ်ရလိုက်တာပါပဲ။ အရပ် ခြောက်ပေကျော်ပြီး ကြီးထွားသန်မာတဲ့
ဖွံ့ဖြိုးပြီးနိုင်ငံက သတင်းထောက်ကြီးရေးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၏
နေထွက်ချိန်နှင့် နေဝင်ချိန် (The Rise And Fall of The Communist Party of Burma)
စာအုပ်ဟာ နိုင်ငံခြားသားတယောက်ရဲ့ ရေးသားချက် ဖြစ်တာမို့ အချက်အလက်တွေဟာ
တချို့တလေသာ မှန်ကန်သလို စေတနာမဲ့၊ ခံစားချက်မဲ့ ရေးသားချက်တွေကြောင့် အသက်မဝင်
စာပေမဖြူစင်တာတော့ ဖတ်ကြည့်လိုက်တာနဲ့ သိသာ ထင်ရှားလှပါတယ်။
No comments:
Post a Comment