Saturday, December 13, 2014

ရေးခဲ့မိတဲ့ကဗျာ - ရေးသူ ဖိုးသံ(လူထု)

ရေးခဲ့မိတဲ့ကဗျာ

            ဘာကြောင့်မှန်းမသိ၊ ထောင်ထဲရောက်တော့ ကျွန်တော်ကဗျားရူး ရူးခဲ့ပါတယ်။ ထောင်ထဲကို မရောက်မီက အနည်း အပါးရေးခဲ့ဖူးပေမဲ့ ထောင်ထဲကျမှ သဲကြီးမဲကြီးရေးမိပါတယ်။ ရရာစာရွက်အတိုအစမှန်သမျှကို စုဆောင်း၊ ခဲတံတိုရအောင် အကြံအဖန်လုပ်ပြီးရေးတာပါ။ တခါတလေများဆို တနေ့တပုဒ်ဆက်တိုက်ထွက်လာပါတယ်။ ကျွန်တော့်ပရိသတ်ကတော့ တတိုက်ထဲနေကြတဲ့ ထိန်းသိမ်းခံနိုင်ငံရေးသမားတွေပါ။ သူတို့ကဖတ်စရာမရှိလို့လား၊ အားနာလို့လားမသိဘူး၊ ကျနော့်ပို့ သမျှကိုဖတ်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေပေးကြပါတယ်။ ဒါကိုကအဲဒီတုန်းက ကျွန်တော်ပထမဆုံးနေရတဲ့ (၂)တိုက်ထဲက ထုံးတမ်းစဉ်လာတခုလို ဖြစ်နေပါတယ်။

            ကျွန်တော်က ငါတို့ဗမာစကားနဲ့ ဗမာစာပေ(အထူးသဖြင့်ကဗျာ)ဟာ အင်မတန်ကြွယ်ဝတယ်လို့ အဲဒီကတည်းက စွဲစွဲမြဲမြဲယုံကြည်သူဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမင်းသုဝဏ်ရဲ့လမ်းရိုးဟောင်းတွင်ဆက်ကာထွင်ဆိုတဲ့အဆိုအမိန့်ကိုလည်း အင်မတန်သဘောကျသူဖြစ်တော့ ကဗျာပုံစံတွေကိုအမျိုးမျိုးလျှောက်စမ်းရေးကြည့်ပါတယ်။ အင်္ဂလိပ်ကဗျာပုံစံတွေကို တုမှီးတဲ့ ဒီကဗျာမျိုးလည်းရေးမိခဲ့ပါတယ်။

ဝန်ချတောင်းပန်ခြင်း


ဗီယက်နမ်ပြည်တနေရာ
ဘုရားကျောင်းတခုအတွင်းမှာ
ကန်စစ်သားလေးသူဒူးထောက်
ဘုန်းတော်ကြီးရှေ့မှောက်။

ခပ်လှမ်းလှမ်းကသေနတ်သံ
ဘုရားကျောင်းဆီပဲ့တင်လျှံ
ဒီအသံတွေဂရုမစိုက်
သူ့ခေါင်းရှေ့ကိုငိုက်။

ဘုန်းတော်ကြီးမြတ်အိုအရှင်
တပည့်တော်ခုဝန်ချချင်
တပည့်တော်အပြစ်အလွန်များ
စိတ်မသန့်ပါဘုရား။           

တနေ့ဆီကရွာတရွာမှာ
အပြစ်မဲ့တဲ့လူတွေခမျာ
တပည့်တော်တို့သေနတ်အောက်
လဲကျအသက်ပျောက်။

“ခရစ်ယန်ကြီးတပည့်တော်ဟာ
ပညတ်တော်များဆန့်ကျင်ကာ
သူ့ဥစ္စာကိုခိုးလုယက်
သတ်ဖြတ်သူ့အသက်။“

သေနတ်သံများနီးလို့လာ
စစ်သားကလေးမရွေ့ပါ
ခေါင်းငိုက်စိုက်နဲ့ ပြောမပြီး
မျက်ရည်သွယ်သွယ်စီး။

“ကိုယ့်တိုင်းပြည်နဲ့ဘယ်မဆိုင်
လူမျိုးတွက်လည်းမဟုတ်နိုင်
တပည့်တော်တို့သေနတ်ပိုက်
အချောင်သေပွဲဆိုက်။

ဒီစစ်ပွဲကိုဘုရားရှင်
မဖန်ဆင်းလို့တပည့်တော်ထင်
ဖန်တီးလေသူ သူကြွယ်များ
အပြစ်ပေးပါဘုရား။

“ခရစ်ယန်ကြီးတပည့်တော်ဟာ
သစ္စာတရားပစ်ပယ်ကာ
အေးချမ်းမှုကိုဝင်ဖျက်ဆီး
လူသားတိုင်းမုန်းတီး။

ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်းကျည်သံလှိုင်
ဘုရားကျောင်းလေးယိမ်းခါယိုင်
ဘုရားသခင့်သားတော်လေး
ဒူးထောက်လျက်ရှိသေး။

“တပည့်တော်ခုဝန်ချတာ
ခွင့်လွှတ်ပေးဖို့မဟုတ်ပါ
တပည့်တော်လည်းထူးမခြား
အပြစ်ပေးပါဘုရား။“

ကန်စစ်သားလေးတုန်ရီရီ
တံခါးပေါက်ဆီလှမ်းလို့ချီ
ဘုရားကျောင်းပြင်ခြေအချ
ဗုံးဆံတခုသူ့ရှေ့ကျ
                     ၂၄--၆၇

            အဲဒီအချိန်တုန်းက ဗီယက်နမ်စစ်ပွဲဟာအထွတ်အထိပ်ကိုရောက်နေချိန်၊ နိုင်ငံတကာ့ရေးရာတွေမှာ ဒီစစ်ပွဲအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာ စံတခုဖြစ်နေတဲ့အချိန်ပါ။ ဒါကြောင့်ကျွန်တော်လည်း ဗီယက်နမ်ပြည်သူတွေ ဘက်ကရပ်တည်ပြီး အမေရိကန်နယ်ချဲ့သမားကိုဆန့်ကျင်တဲ့ ကဗျာတွေအများကြီးရေးခဲ့ပါတယ်။ အဲဒီတုန်းက ကဗျာပုံစံ တွေကို အမျိုးမျိုးပြောင်းလဲ စမ်းကြည်နေပေမဲ့ အကြောင်းအရာပိုင်းတွေးခေါ်ပုံကတော့ နည်းနည်းမှမပြောင်းပါဘူး။ အဖွဲ့ အစည်းပေါင်းစုံကလူတွေကလည်း မျက်စိဒေါက်ထောက်ကြည့်နေကြတယ်လို့ယူဆပြီး ကိုယ့်ကိုယ်ကိုအမြဲသတိပေးနေခဲ့ တာပါ။ ကိုယ့်အရင်ရောက်နေတဲ့အထဲက ထောင်ကလွတ်သွားတယ်ဆိုတာ မကြားရဖူးသလောက်ဖြစ်နေတော့ ကိုယ့်စိတ် ပိုင်းဖြတ်ချက်ခိုင်မှဖြစ်မယ်ဆိုတာ စွဲစွဲမြဲမြဲယုံနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အမေရေးသလိုပဲ ကျွန်တော်ဟာအဲဒီ တုန်းကအသက်ငယ်တဲ့လူငယ်လေးမို့ ကျားကလေး ကျားသစ်ကလေးတွေ တောထဲကဖမ်းလာပြီး လှောင်အိမ်ထဲမှာ ထည့်ထားတဲ့အခါ မာန်ဖီပြီးလှောင်အိမ်ထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့သဘောမျိုးဖြစ်လိမ့်မယ် ဆိုတဲ့အတိုင်း ဖြစ်နေတာပါ။

            အဲဒီတော့ ထောင်အာဏာပိုင်တွေကကိုယ့်ကိုဘယ်လိုဆက်ဆံတယ်ဆိုတာကို အင်မတန်အကဲဆတ်ခဲ့ပါတယ်။ ဘာ သဘောနဲ့ဒီလိုပြောတာလဲ၊ ဘာအဓိပ္ပာယ်နဲ့ဒီစည်းကမ်းထုတ်သလဲ စသဖြင့်အမြဲစဉ်းစားနေတာပါ။ မဆလအစိုးရလုပ်တာ၊ ပြောတာတွေဆိုတာကတော့ ပြောစရာမလိုတော့ပါဘူး။ ကျွန်တော့်အသက်ဟာပြည့်ဝရင့်ကျက်တဲ့အရွယ်မဟုတ်သေး ပေမဲ့ မဆလရဲ့အတုအယောင်ဆိုရှယ်လစ်စကား၊ အတုအယောင် ဝါဒဖြန့်မှုတွေကိုတော့ အသေအချာသိမြင်သဘော ပေါက်နေပါတယ်။ ၁၉၆၂ခုနှစ်မှာ ကျောင်းသားတွေကိုသတ်၊ ကျောင်းသားသမဂ္ဂကြီးကိုဖြိုပြီးတဲ့နောက် ကျောင်းသားတွေ ကိုမျက်နှာချိုသွေးချင်တဲ့ မဆလအစိုးရဟာ ကျောင်းသားပွဲတော်ဆိုတာတွေ နှစ်စဉ်ကျင်းပပါတယ်။ ကျင်းပတာက ဗမာ ပြည်သမိုင်းနဲ့ ကျောင်းသားသမိုင်းမှာ ဘယ်လိုမှချန်လှပ်ထားလို့မရတဲ့ ဗိုလ်အောင်ကျော်နေ့- ဒီဇင်ဘာလ ၂၀ရက်နေ့မှာမှ ကျင်းပတာဖြစ်ပါတယ်။

            မဆလစစ်အစိုးရက ကျောင်းသားပွဲတော်ဆိုတာကို မြို့ကြီးတွေမှာအလှည့်ကျကျင်းပတာဆိုတော့ မန္တလေးမှာက ဒုတိယအကြိမ်နဲ့တူပါတယ်၊ မန်းရာပြည့်ကွင်းကြီးထဲမှာကျင်းပပါတယ်။ ဒီတော့ အဲဒီပွဲကိုသွားကြတဲ့ ကားသံလူသံတွေကို နန်းတော်ရဲ့အနောက်မြောက်ထောင့်မှာရှိတဲ့ ထောင်ထဲကလူတွေက ကောင်းကောင်းကြားနေရပါတယ်။ ဒါပေမဲ့ညမှပါ။ ထောင်ဆိုတာက ညကိုးနာရီရောက်ရင် မအိပ်ချင်လည်းအိပ်၊ မတိတ်ချင်လည်းတိတ်ရတဲ့အရပ်ဆိုတော့ ညမှာကိုးနာရီ ကျော်တယ်ဆိုတာနဲ့ အားလုံးတိတ်ဆိတ်သွားပါတယ်။ ဒီအခါမှာအပြင်ကအသံတွေလှိမ့်ဝင်လာတာပါပဲ။

            တကယ်ကဗိုလ်အောင်ကျော်နေ့ဆိုတာ ကျောင်းသားသမဂ္ဂတွေကနှစ်စဉ် အလေးအနက်ဂုဏ်ပြုကျင်းပကြတဲ့ နေ့ ထူးနေ့မြတ်တရက်ပါ။ ကျောင်းသားနေ့လို့တောင်ခေါ်ခဲ့ကြတာပါ။ ကျွန်တော်မန္တလေးတက္ကသိုလ်တက်နေတဲ့ တနှစ်မှာ ပန်းချီဆရာ(ဦး)မောင်ငွေထွန်းဆွဲတဲ့ ခွပ်ဒေါင်းရုပ်လေးနဲ့ အနီရောင်ရင်ထိုးအလံလေးတွေ လိုက်ရောင်းပြီး ရံပုံငွေရှာ ခဲ့ကြတာကိုမှတ်မိနေပါတယ်။ မတကသအဆောက်အဦထဲမှာလည်း ဗိုလ်အောင်ကျောက်ရဲ့ပုံအကြီးကြီးထောင်ထားးတာ ရှိပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းစစ်အစိုးရကတော့ ဒီနေ့ဒီရက်၊ ဒီအထိမ်းအမှတ်ကိုကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ အာရုံထဲကနေပျောက်သွားအောင် စနစ်တကျဖျက်ဆီးခဲ့ပါတယ်။ ဗိုလ်အောင်ကျောင်အသတ်ခံရတဲ့နေ့ မှာပျော်ပွဲရွှင်ပွဲ တွေလုပ်တာထက် စော်ကားတာရိုင်းပျတာ မရှိတော့ဘူးလို့ဆိုချင်ပါတယ်။ ဒါကြောင့်ကျွန်တော်လည်း အောက်ပါကဗျာ လေးကိုရေးချခဲ့မိပါတယ်။

အောင်ကျော်သို့ (ကာချင်း)
    ကားများသံသည်
ညံရန်ကော ညံညံ။

ခွပ်ဒေါင်းလံသည်
ပျံရန်ကော ပျံပျံ။

    ကားများသံက နားဝမှာတည့် နားဝမှာ
ခွပ်ဒေါင်းလံက သဲစမှာတည့် သဲစမှာ

နားဝလေလော၊ သဲစလောဟေ့
တွေးတောပါက ရှင်းလင်းစွတည့်၊ ရှင်းလင်းစွ။

    ကားများသံက ဆူညံလှ
ပြင်ပလွမ်းရဖွယ် လွမ်းရဖွယ်။

ဒေါင်းမိခင်က သွန်သင်ပြ
မြင်ရနာကျည်းဖွယ်၊ နာကျည်းဖွယ်။

ကျောင်းသားပွဲတော် ထွင်လို့အော်
အောင်ကျော်မေ့ဖို့ရွယ် မေ့ဖို့ရွယ်။

 မသာအိမ်မှာလော်စပီကာ
မသတီစရာ ပွဲခံတယ်၊ ပွဲခံတယ်။

ဒီနေ့ချိန်ခါတို့ပြည်ရွာ
ခွေးသာစိုးတွင်ကျယ် စိုးတွင်ကျယ်

 ကျောင်းသားတွေဟာ ညှိုးငယ်စွာ
သွားလာစက်သို့နှယ် စက်သို့နှယ်။

ဒေါင်းပျိုငှက်ပျံ ချုပ်ဖို့ကြံ
မခံခွပ်တော့တယ် ခွပ်တော့တယ်။

 စက်ရုပ်ပမာ ကျောင်းသားဟာ
မာတာနှီလို့နွှယ် နှီလို့နွှယ်။

အောင်ကျော်ရဲ့စံ နည်းနာခံ
တွန်းလှန်ဒီနေ့ဝယ် ဒီနေ့ဝယ်။

အောင်ကျော်ပမာအောင်ပွဲဟာ
တို့မှာမဝေးတယ်၊ မဝေးတယ်။

                        ၂၁-၁၂-၆၆


(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ၂၀ရက် ဗိုလ်အောင်ကျော်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ပါ)

No comments: