[ဆရာကြီး
သိန်းဖေမြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ထုတ်ဝေတဲ့ "သိန်းဖေမြင့် - မဆလ
သမ္မတပုဆိုးဖိုး နှင့် ကောက်သင်းကောက်စာများ"
စာအုပ်မှ ကူးယူဖော်ပြပါတယ်။]
[စတာလင်ဆုရ အိန္ဒိယစာရေးဆရာကြီး
မုလ်ခ်ရပ်ခ်ျအာနန် ၏ ကူလီ ဝတ္ထုကို
ကျော်အောင်ဘာသာပြန် ကူလီစာအုပ်မှ အမှာစာ
၁၉၅၄ နိုဝင်ဘာ (ပ) နှိပ်၊ ရိုက်နှိပ် ဗမာအမျိုးသမီးပုံနှိပ်တိုက်
ဖြန့်ချိ ဗမာအမျိုးသမီးစာပေဖြန့်ချိရေး]
မိတ်ဆက်စကား
မြန်မာနိုင်ငံသည်
လူဦးရေ သန်း ၆၀၀ ရှိသော တရုတ်ပြည်ကြီးနှင့် လူဦးရေ သန်း ၄၀၀ မျှရှိသော အိန္ဒိယပြည်ကြီးတို့၏
ကြားမှာ တည်ရှိသည်။ ဤ ပထဝီ အနေအထားသည်ပင်လျှင်
ဗမာ့သမိုင်းကို ထိရောက်စွာ ပြုပြင်ခဲ့ပေသည်။ ရှေ့လည်း ပြုပြင်မြဲ ပြုပြင်ပေဦးမည်။
မြန်မာလူမျိုးတို့သည်
တရုတ်ပြည် ကန်စုဒေသမှ ဆင်းသက်လာခဲ့သည်ဟု လူမျိုးရေး အရင်းအမြစ်ဆိုင်ရာ
ပညာရှင်များက အခိုင်အမာ ဆိုကြသည်။
မြန်မာလူမျိုးတို့၏ ဘာသာစကားမှာ၊ တရုတ်ပြည် ဘာသာစကားစုများမှ
ဆင်းသက်ခဲ့သည်။ မြန်မာ့ဘာသာစကားသည်
တရုတ်ပြည်တွင် အဝင်အပါ တိဘက်ဘာသာစကားနှင့် ရင်းနှီးစွာ ဆက်သွယ်နေပေသည်။
သို့သော်
ဗမာသည် မိမိ၏ ပြောစကားကို ရေးသားသောအခါ အိန္ဒိယပြည်မှ ရေးစာလုံးကို ယူ၍
ချဲ့ထွင်ပြုပြင် အသုံးပြုခဲ့သည်။
ဗမာ့ယဉ်ကျေးမှုနှင့် အတွေးအခေါ်များတွင် များစွာ သြဇာကြီးနေသော ဗုဒ္ဓဘာသာကို
အိန္ဒိယပြည်မှ ယူခဲ့လေသည်။ ဗမာဘုရင်တို့သည်
အိန္ဒယဘုရင်တို့၏ အဝတ်တန်ဆာကို တုယူ၍ ပြုပြင်မွမ်းမံပြီး ဝတ်ဆင်ကြသည်။ ဗမာဝန်ကြီး မတ်ကြီးတို့သည် တရုတ်ဝန်ကြီး
မတ်ကြီးတို့၏ အဝတ်တန်ဆာများကို အတုယူ၍ ပြုပြင်မွမ်းမံပြီး ဝတ်ဆင်ကြသည်။ ဗမာသည် တရုတ်လက်ဖက်ကို စားပြီး ကုလား
ကွမ်းကိုလည်း စားသည်။
ဗမာနီတိကျမ်းများနှင့် ဆုံးမစာများကို ကြည့်လျှင် ဗုဒ္ဒ၏ ဒေသနာများအပြင်
တရုတ်ပညာရှိ ကွန်ဖြူးရှပ် နှင့် ကုလား နီတိဆရာကြီး စာနကျတို့၏ သြဝါဒများလည်း
ပါဝင်နေသည်ကို တွေ့ရပေမည်။
အချုပ်အားဖြင့်
ဆိုရလျှင် ယနေ့ ဗမာသည် ကုလား တရုတ်တို့အား ရောမွှေပြီး ဗမာ့ပင်ကိုယ်နှင့်
ပြုပြင်မွမ်းမံသော ဟင်းလေးအိုးကြီးပင် ဖြစ်သည်။
မဝေးသေးသော
အတိတ်နှင့် မျက်မှောက်နိုင်ငံရေး ဖြစ်စဉ်ကို ကြည့်ပါဦး။ အနောက်နိုင်ငံမှ ဝါဒ သဘောတရား လှိုင်းလုံးကြီး
အမျိုးမျိုးသည် ဗမာအား ရိုက်ခတ်နေလင့်ကစား နောက်ဆုံး အဆုံးအဖြတ်ပေးသော သြဇာများမှာ
ဂန္ဒီ၊ နေရူး၊ ဂျီရှီ၊ ရာနာဒီဗေ၊ အဂွိုင်ဂိုရှ် စသော အိန္ဒိယ ခေါင်းဆောင်များ၏ အယူအဆ
ဝါဒ သဘောတရားများနှင့် ဆွန်ယက်ဆင်၊ မော်စီတုံး စသော တရုတ်ခေါင်းဆောင်ကြီးများ၏
ဝါဒသဘောတရားများ အယူအဆများသာ ဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ်ပေသည်။
ယင်းသို့သော
အကြောင်းများကြောင့် တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ကံကြမ္မာများသည်
ဗမာ့ကံကြမ္မာနှင့် ပူးကပ် ဆက်သွယ်နေသည်။
တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏
ဖြစ်ရပ်များကို ပြုပြင်နိုင်သည်။ နောက်ဆုံး သတ္တုချကြည့်လျှင် တရုတ်ပြည်နှင့်
အိန္ဒိယပြည်တို့၏ ဖြစ်စဉ်သမိုင်းများသည်
ဗမာ့ဖြစ်စဉ်ကို အဆုံးအဖြတ်ပေးနိုင်၊ ပေးခဲ့၊ ပေးအံ့သော သြဇာများ ဖြစ်ပေသည်။
ထို့ကြောင့်
ဗမာတို့သည် တရုတ်ပြည်နှင့် အိန္ဒိယပြည်အကြောင်းကို ကိုယ့်ပြည် ကိုယ့်အကြောင်းမျှ
သိအပ်ပေသည်။
ယခုအခါ
တရုတ်တို့၏ အကြောင်းကို အတော်ပင် လေ့လာနေကြပြီ။ အိန္ဒိယအကြောင်းကိုကား ရှေးကလို
ထိထိရောက်ရောက် မလေ့လာကြတော့ပေ။
အိမ်နီးနားချင်းမို့ မလွှဲသာ၍ ကြားရသမျှလောက် နားထောင်နေကြသည်နှင့် တူနေသည်။
ဤလို
ဖြစ်နေချိန်တွင် 'ကျော်အောင်' ဘာသာပြန်၍ ထုတ်ဝေလိုက်သော မုလ်ခ်ရပ်ခ်ျအာနန်၏
'ကူလီ' မှာ အိန္ဒိယပြည်၏ အကြောင်းကို ဗမာများ သိစေရန် အခွင့်လမ်းတခု
ဖွင့်ပေးလိုက်ခြင်း ဖြစ်နေပေသည်။
စစ်အတွင်းက
အိန္ဒိယပြည်သို့ ကျွန်တော်တို့ သွားကြပြီး ရောက်ရောက်ချင်း ဒေလီမြို့မှာ
အကျယ်ချုပ်ခံနေရစဉ် ဗဟိုအစိုးရ စုံထောက်မင်းကြီး၏ အစစ်အဆေးခံရ၏။ အနားယူချိန်တွင် စုံထောက်မင်းကြီး၏ ဗီရိုတွင်
'အာနန်' ၏ 'ကူလီ' နှင့် အခြားဝတ္ထုများကို ကျွန်တော်တွေ့သဖြင့် ဟော်တယ်သို့
ငှားလိုက်ပါရန် တောင်းပန်လေသည်။ 'အာနန်' ၏ စာပေများမှာ ညစ်ညမ်းသော စာပေများ ဖြစ်၍
အစိုးရ ပိတ်ပင်ထားသောကြောင့် မငှားနိုင်ပါဟု ဆိုလေသည်။
သို့ဖြင့်
အင်္ဂလိပ်များ ကြီးစိုးစဉ်က အာနန်၏ ကူလီကို မဟုတ်တရား အကြောင်းပြပြီး
ပိတ်ပင်ထားခဲ့သည်။ တကယ်စင်စစ် အိန္ဒိယတွင်
ဗြိတိသျှတို့၏ ညစ်ညမ်းမှုများကို လူမသိအောင် အာနန်၏ စာအုပ်ကို ပိတ်ပင်ထားခြင်းသာလျှင်
ဖြစ်သည်။
'ကူလီ'
တွင် မူနူးသည် နွားကျောင်းသား ဘဝမှ အိမ်စေခံဘဝသို့၊ ထိုမှတဖန် အိမ်ပြေးဘဝသို့၊
အိမ်ပြေးမှသည် ခေတ်မမီသော တိုင်းရင်းသားပိုင် အလုပ်ရုံတွင် ထမင်းစား
ကျွန်ခံဘဝသို့၊ ယင်းမှသည် ကူလီဘဝသို့၊ ကူလီမှသည် ခေတ်မမီသော အင်္ဂလိပ်ပိုင်
ဝါဂွမ်းစက်ရုံကြီးတွင် အလုပ်သမားဘဝသို့ ရောက်ခဲ့ပုံ တွေ့ရသည်။ မူနူးသည် အောက်လွှာတွင် ကျက်စားပြီး အပေါ်လွှာ၏
ခြယ်လှယ်သွေးစုပ်မှု အဝဝကို ဖော်ပြထားသည်။
အောက်လွှာတွင်
ဟိန္ဒူမွတ်စလင်ဘာသာ အယူဝါဒကွဲခြင်း၊ ဇာတ်ကွဲခြင်း၊ လူမျိုးကွဲခြင်း၊
အရင်းအမြစ်မရှိပုံကို ဖော်ပြထားသည်။ လူသားအားလုံးအတွက် ကွဲနေသည်မှာ အောက်လွှာနှင့်
အထက်လွှာသာဖြစ်ကြောင်း တွေ့ရသည်။
အောက်လွှာသည် လူများစု ဖြစ်ကြောင်း၊ ထိုလူများစု၏ လွတ်လပ်ရေးအတွက်
အောက်လွှာတို့သည် ဘာသာအယူဝါဒ၊ ဇာတ်လူမျိုး ကွဲမှုတွေ ကျော်နင်း၍ ကြိုးပမ်းရမည် ဖြစ်ကြောင်း
ဖတ်ရင်း ဖတ်ရင်း သဘောပေါက်လာစေပေသည်။
ဤဝတ္ထုကို
ဖတ်ရင်း ကျွန်တော်တို့သည် အင်္ဂလိပ်ကျွန်ဘဝက မွေးမြူခဲ့ကြသည့် ကုလားမုန်းတီးရေး
စိတ်ဓါတ် ပျောက်ကွယ်နိုင်ပေသည်။
အိန္ဒိယဆင်းရဲသား လူထုကြီးကို ချစ်တတ်ပေလိမ့်မည်။ အိန္ဒိယ ဆင်းရဲသား လူထုကြီး၏ ဘဝလွတ်မြောက်ရေး
တိုက်ပွဲများတွင် စိတ်ဝင်စားလာပေလိမ့်မည်။
အာနန်သည်
ဝတ္ထုကို အင်္ဂလိပ်လို ရေးသူ ဖြစ်သည်။
ဆင်း၇ဲသား လူထုအား လေ့လာကာ အပြင်မှနေ ရေးရသော ပညာရှင် လူတန်းစားတဦးသာ
ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲသား
လူထုကြားမှ ပေါက်ဖွားလာသော ဂေါ်ကီတို့လို 'သရုပ်ဖော်' စာရေးဆရာ အဆင့်အတန်းကို
မမီသော်လည်း ဆင်း၇ဲသား လူထုကို လှောင်ပြောင်သရော်သော၊ ဆင်းရဲသားလူထုဘဝကို
ရုပ်ပျက်ဆင်းပျက်ဖြစ်စေသော အပြင်ပမှ ပညာရှင် စာရေးဆရာမျိုး မဟုတ်ပေ။ ဆင်းရဲသား လူထုနှင့် တသားတည်း ဆက်မနေသည့်တိုင်
ဆင်းရဲသားလူထု ဘက်သားပင် ဖြစ်သည်။
ထို့အပြင် အိန္ဒိယပြည်၏ နယ်ချဲ့ပဒေသရာဇ် စနစ်ဟောင်းကို အကြင်နာကင်းမဲ့စွာ
ဖော်ထုတ် ရှုတ်ချသူ ဖြစ်ပေသည်။
ဘာသာပြန်သူ
ကျော်အောင်နှင့် ပတ်သက်၍ အနည်းငယ် ပြောလိုသည်။
စာရေးဆရာအနေနှင့်
ဘဝနှင့် အကြောင်းအရာများကို နိုင်နင်းသူ၊ သရုပ်မှန် ဖော်ပြနိုင်သူ ဖြစ်သည်။ သို့သော် စာပေအရေးအသားမှာ တောက်ပြောင်ခြင်း
မရှိလှ (ဝါ) စာရေးဆရာအတတ်တွင် ကျွမ်းကျင်မှု လိုသေးသည်။ ထို့ကြောင့် ဘာသာပြန်သော အခါ၌
မပြေမပြစ်ရှိမှုများ တွေ့ရသည်။
ဘာသာပြန်ခြင်းမှာ 'ရွက်ကြမ်းရေကျို' သာ ဖြစ်နေသည်။
သို့သော်
ကျော်အောင်၏ ထုံးစံအတိုင်း ဘဝအခြေအနေနှင့် အကြောင်းအရာများကို သစ္စာရှိစွာ
ဖော်ပြနိုင်သော ဘာသာပြန် ဖြစ်ပေရကား ကျွန်တော်တို့ လိုရင်းဖြစ်သည့်
အိန္ဒိယအကြောင်းကို ဗမာက သိရေး၌ အထူးကျေးဇူးကြီးပါပေကြောင်း ဖော်ပြရပေသတည်း။
စတာလင်ဆုရ
အိန္ဒိယစာရေးဆရာကြီး
မုလ်ခ်ရပ်ခ်ျအာနန်
၏ ကူလီ ဝတ္ထုကို
ကျော်အောင်ဘာသာပြန်
ကူလီစာအုပ်မှ အမှာစာ
၁၉၅၄
နိုဝင်ဘာ (ပ) နှိပ်၊ ရိုက်နှိပ် ဗမာအမျိုးသမီးပုံနှိပ်တိုက်
ဖြန့်ချိ
ဗမာအမျိုးသမီးစာပေဖြန့်ချိရေး
[ဆရာကြီး
သိန်းဖေမြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ထုတ်ဝေတဲ့ "သိန်းဖေမြင့် - မဆလ
သမ္မတပုဆိုးဖိုး နှင့် ကောက်သင်းကောက်စာများ"
စာအုပ်မှ ကူးယူဖော်ပြပါတယ်။]
No comments:
Post a Comment