Thursday, June 11, 2015

ပုစွန်တကောင်နဲ့ စကားပြောခြင်း ရေးသူ - အောင်ဘညို

ပုစွန်တကောင်နဲ့ စကားပြောခြင်း


ပုစွန်ဆီရောင် ကောင်းကင်အောက်မှာ
ပုစွန်တကောင်နှင့် တွေ့ခဲ့တယ်
ပုစွန်ရဲ့ လက်ထဲမှာ
လက်တော့ပ်ကိုင်လို့
လက်တဖက်မှာ ဟန်းဖုံးနဲ့
ပလိစ်မျက်မှန် အနက်ကြီးတပ်လို့
ပုစွန်ကပြုံးပြီးနှုတ်ဆက်တယ်
"ကောင်းသော ညနေခင်းပါ" တဲ့
ကိုယ့်လူနှင့်မတွေ့တာကြာပြီ
ဘီယာဆိုင်မှာ စကားပြောရအောင်တဲ့
ပုစွန်က ပုစွန်က ပုစွန်က.။
ဘီယာနှစ်ငုံလောက်စုပ်ပြီး
ချိစ်မြုံ့ရင်း
ပုစွန်က
နည်းပညာတွေအကြောင်း
တက်ခနိုလိုဂျီတွေ
ဖရန့်စစ်ဖူကူယားမားရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတွေ
တော်ဖလာရဲ့ တတိယလှိုင်း
ကမ္ဘာကြီး ပူနွေးလာရတဲ့အကြောင်း
ဒီရေတောများ ပြုန်းတီးမှု
ဒေါ်လာဈေးအတက်အကျ
ရေနံဈေးမြင့်တက်မှု
တယောက်တည်းအပြေးပြိုင်တဲ့
ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ်
ကရားရေလွှတ် တတွတ်တွတ်နဲ့
မမောတမ်းပြောတယ်.။
ပုစွန်က သူ့မိသားစုအကြောင်း စကားဆက်တယ်
သူ့အိမ်ရှင်မတွေရဲ့ စိန်အရောင်းအဝယ်အကြောင်း
သမီးက အော်ဇီမှာ
သားက စလုံးမှာ ကျောင်းတက်တဲ့အကြောင်း
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို
မနားတမ်းပြောခဲ့တယ်.။
ပုစွန်နဲ့ လမ်းခွဲတော့
အမှတ်တမဲ့ ပုစွန်ခေါင်းကိုကြည့်မိတယ်
အလို
ပုစွန်ခေါင်းက ချေးတွေချည်းပဲ..။

အောင်ဘညို
ရတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၈။

[မန်းရတနာ စာအုပ်တိုက်မှ ထုတ်ဝေတဲ့ အောင်ဘညို ရေးတဲ့ ၅၀/၅၀  စာအုပ်မှ ကူးယူဖော်ပြပါတယ်။]



No comments: