သက္ကရာဇ် ၂၀၁၅၊
အမေမာ ရာပြည့်၊ သားတင်မိုး ၈၄ နှစ်။
အမေမာ(လူထုဒေါ်အမာ)
သား-လူထု(တင်မိုး) ကွယ်လွန်တော့ ဟောသည်လို ဝမ်းနည်းမှတ်တမ်းရေးပါတယ်။
"သူဆုံးတယ်
ကြားလိုက်တော့ နှမြောလိုက်တာ။
သူလိုလူ ၂
ယောက် မရှိဘူး။
တို့ခေတ်မှာ
ဇော်ဂျီ၊ မင်းသုဝဏ် ရှိတယ်။
ကဗျာဆိုတာ
တယောက်တမျိုး ကောင်းကြတာပဲ။
မောင်တင်မိုးကတော့
ငါ့စိတ်ထဲ သူ့ကဗျာတွေက
အိတယ်၊ ထိတယ်၊
မိတယ်၊
ပိုပြီးတော့
ဗမာဆန်တယ်လို့ ခံစားရတယ်။
အခုအမေက ဘာမှ
မရေးနိုင်တော့ဘူး။
ကြီးပြီး
အသုံးမကျတဲ့လူ (အဘွားကြီး)က သေရမှာ၊
၇၃ နှစ်ရှိတဲ့
မောင်တင်မိုး ဆုံးသွားရှာသတဲ့။
သူ့လို
မနေလို့ သေရရင် ကိုယ့်နိုင်ငံမှာပဲ သေစေ့ချင်တယ်
နောက်ဆုံး
မြင်ရ၊ တွေ့ရ၊ သင်္ဂြီုဟ်ရတာပေါ့။
တင်မိုးရေ
သွား တော့နော်…..
ဘဝတွေရှိကြသေးတယ်ဆိုရင်
နောင်ဘဝမှာ ဆုံကြ၊ တွေ့ကြ သေးတာပေါ့နော်။
လူထု ဒေါ်အမာ
(ဇန်နဝါရီ ၂၃၊
၂၀၀၇)"
ဆရာဂျမ်းဟာ
သမီးဖြစ်သူ မိုးမိုးနှင်း နေတဲ့ ဘယ်လ်ဂျီယံကို ရောက်တော့ ကိုယ့်ဆီကို ဖုံးဆက်တယ်။
၁၉၉၉ ခုနှစ် အကုန်ပိုင်းလောက်က ဖြစ်မယ်။ နောက်တော့ ၂၀၀၀ ဇွန်လမှာ အမေရိကပြည်၊
လော့စ်အိန်ဂျယ်လိစ်ကို ရောက်လာတယ်။ Alhambra
မှာ တည်းတယ်။
ကိုယ်က
ဆရာ့ကို တည်းတဲ့ အိမ်မှာ သွားခေါ်ပြီး တနေကုန် နှစ်ယောက်သား နားနားနေနေ စကားပြော နိုင်အောင်
Universal Studio ခေါ်သွားတယ်။
ယူနီဗာဆယ်စတူဒီယိုထဲက
ရုပ်ရှင်ရိုက်တဲ့ နေရာတွေ၊ ရုပ်ရှင်ရိုက်ပုံရိုက်နည်း ပြတဲ့ နေရာတွေ
လျှောက်ကြည့်ကြတယ်။
ဆရာ့အကြိုက်ဆုံးနေရာက
ကောင်းဘွိုင်(cow boy) ရုပ်ရှင်ရိုက်ခန်းပဲ။ ပရိသတ်က မြေဝိုင်းဇာတ်ကို ပွဲကြည့်စင်
ပေါ်က ကြည့်ရတယ်။ ဆက်တင်ကို အကျအန ဆောက်ထားတယ်။ saloon ရှေ့မှာ ရေတွင်း၊ ကောက်ရိုးပုံ၊
ခြံစည်းရိုးတိုင် စသဖြင့်….။
မြင်းတွေနဲ့
ထွက်လာ သေနတ်တွေပစ်ကြ၊ လက်သီး တွေထိုးကြ၊ ထိုးလိုက်တာ ရေတွင်းထဲ ကျ၊ saloon
အပေါ်ခေါင်မိုးနဲ့ အောက်မြေပြင် သေနတ်တွေ အပြန်အလှန်ပစ်၊ ခေါင်မိုးပေါ်က
ဂျွမ်းပစ်ကျလာ အောက်က ကောက်ရိုးပုံပေါ်ကျ၊ ဟာသတွေလည်း ပါသေးတယ်။ ဒိုင်းနမိုက်ခွဲဖို့
လုပ်ထားတဲ့ ခလုတ်ပေါ် ဖင်ထိုင်လျက်လဲ၊ မိုင်းတွေပေါက်ကွဲ၊ saloon ကြီး ပြိုကျ၊
ပွဲသိမ်း။
ပြိုကျလာတဲ့
saloon ကြီး ပြန်ထောင်မတ်သွား၊ ပကတိ အကောင်းအတိုင်း၊ လက်သီး ထိုးလိုက်လို့ ရေတွင်းထဲကျ
သွားတဲ့ ကောင်လည်း ပြန်တက်လာ၊ သရုပ်ဆောင်သူတွေ ပရိသတ်ကို နှုတ်ဆက်၊ ဓါတ်ပုံတွေ
တွဲရိုက်။ ပျော်စရာကြီး။
နောက်တခုက
စတူဒီယိုထဲ tram ကားနဲ့ လျှောက်ကြည့်ရတယ်။ မောင်းတဲ့ လူက မိုက်ခွက်နဲ့
လမ်းညွှန်လာတယ်။ တနေရာရောက်တော့ မိုးတွေက မည်းလာလိုက်တာ..။ လမ်းညွှန်ကား မောင်းသမား
အသံတွေ တုန်တက်လာတယ်။ လေတွေ မိုးတွေကျ၊ လျှပ်စီးတွေ လက်၊ မိုးတွေ ခြိမ်း။
တောင်ပေါ်က ကျလာတဲ့ ရေလုံးကြီးက ကားရှေ့ကို လှိမ့်ဆင်းလား၊ သစ်ပင်တွေ ကားရှေ့
ဖြတ်လဲ…..။
နောက်တော့
မုန်တိုင်း ရပ်သွားတယ်။ လဲတဲ့ သစ်ပင်တွေ သူ့နေရာနဲ့ သူ ပြန်ထောင်သွားတယ်။ ရေတွေလည်း
ဘယ်ရောက်ကုန်လဲ မပြောတတ်ဘူး။ ပျောက်ကုန်တယ်။ ဘာမှ မဖြစ်သလို.. ကားသမားလဲ တဟဲဟဲနဲ့
သူ ကြောက်ပြတာ အောင်မြင်သွားတဲ့ ပုံနဲ့ ဂုဏ်ယူစွာ။
တခါ tunnel
(studio) ကြီးတခု ထဲ ဝင်လိုက်တော့ မီးတွေ မှောင်ချ ထားချိန်မှာ ကိုယ်တို့ စီးလာတဲ့
ကားက ငလျင်လှုပ်လို့ သွက်သွက်ခါပါလေရော။ ရေကာတာကြီး ကျိုးကျလို့ ကားဘေးကို
ရေတွေရောက်လာတုံးမှာ မျက်နှာချင်းဆိုင်က လာတဲ့ မီးရထားကြီးက မှောက်ပြီး ဒရွတ်တိုက်
ဆွဲလာတာ ကားနားမှာမှ လာရပ်သွားတယ်။ ကြောက်လန့်စရာတွေ ဖန်တီးပြထားတာ။
ရုပ်ရှင်ထဲမှာဆိုတော့ တကယ် ဖြစ်နေသလို….။ တနေရာမှာ ကားရှေ့မှာ
မြစ်ကြီးလိုမျိုး (ရေကန်ကြီး) ခံထားတယ်။ The Ten Commandments ရုပ်ရှင်ထဲကလို၊
ကားဆရာက Jesus လုပ် အော်သလို အော်လိုက်တယ်။ ရေပြင်ကြီးက နှစ်ခြမ်းကွဲသွားတယ်။
အဲဒီမှာ ကားက ဖြတ်လာလိုက်တယ်။ ကားဖြတ်ပြီးသွားတော့ ရေပြင်ကြီး ပြန်ဖြစ်သွားတယ်။
နောက်ပြီး
ရုပ်ရှင်ထဲက တိရစ္ဆာန်အလိမ္မာတွေ၊ အပြင်မှာလည်း တကယ်အလိမ္မာတွေ၊ သူတို့
သရုပ်ဆောင်ပြတယ်။ ခွေး၊ ဝက်၊ ငှက်၊ မျောက်၊ ကြောင်…….။
ဝက်က stop bacon ဆိုပြီး ကားလိပ်ဆွဲ စာတမ်းထိုးသွားတာ၊ ခုခေတ် ဦးသိန်းစိန်တို့
စကားနဲ့ဆို ဆန္ဒကို ထုတ်ဖော်သွား ခြင်းပေါ့။
ဆရာနဲ့
ကိုယ်နဲ့ နားနားနေနေ စားလိုက်သောက်လိုက် စကားတပြောပြောနဲ့ တနေ ကုန်ခဲ့ တယ်။
နှစ်ယောက်သား ပီတိတွေ ဖြစ်ပြီး ပြန်လာကြတယ်။
"ဟောလီးဝုဒ်ကအပြန်"
ယူနီဗာဆယ်စီးတီး-တဲ့
မီးရောင်စုံ၊
ပန်းရောင်စုံ၊ လူရောင်စုံနဲ့
တုန်လှုပ်ဖွယ်၊
မက်မောဖွယ်၊ ရင်သပ်အံ့သြဖွယ်
တကယ်လား၊
အတုလား
ခွဲခြားလို့
မရ မရနိုင်တဲ့၊ မြို့တော်ကြီးမား
ခမ်းနားလှတဲ့
ဟောလီးဝုဒ်စခန်းမှာ
လမ်းရိုးအတိုင်းသွားနေတဲ့
ကဗျာဆရာ ငါရယ်
စာချစ်သူ
ကဗျာချစ်သူ ပညာချစ်သူ လမင်းတရာဆရာရယ်
အံ့ဖွယ်ကမ္ဘာ
အလည်အပတ် ရောက်လာပါတယ်။
တိုက်ခန်း
ခိုက်ခန်းတွေနဲ့
မိုက်ရမ်းနေကြတဲ့
ကောင်းဘွိုင်ဇာတ်လမ်းမှာ
ယမ်းငွေ့မပြတ်
သေနတ်တွေ စမ်းနေပေမယ့်
ဇာတ်သိမ်းခန်းမှာတော့
လူမိုက်တွေ ကျဆုံးရ
သဘောကျလို့
မဆုံးနိုင်ခဲ့။
ရေတံခွန်တွေ
တံတားတွေ ကျိုးကျ
ဟဒယနှလုံးတွေ
ဂျွမ်းထိုးမှောက်ခုံပေမယ့်
ဇာတ်ရုံကထွက်တော့
လေပြေညင်းညင်း
ပန်းသင်းသင်းနဲ့ပါ။
မြေငလျင်ကြီးတုန်ခါ
ကမ္ဘာကြီးပြိုကျ
ဘဝတွေလွင့်စဉ်ခမန်း
လျှပ်စီးလျှပ်ပန်းတဝင်းဝင်း
တခြွင်းခြွင်းမြည်ဟိန်း
တဂျိမ်းဂျိမ်း
တဂျိုင်းဂျိုင်းနဲ့
လှိုင်းတွေမောက်
လမ်းတွေပျောက်ပေမယ့်
နောက်ဆုံးတော့
ငြိမ်သက်
ရွှေလက်တူတူတွဲလို့
ရဲရင့်စွာလျှောက်လှမ်း
အောင်ပွဲခန်းရောက်လို့
ကိုကာကိုလာသောက်ရင်း
နှစ်ယောက်သား
ရယ်မောနိုင်ခဲ့ကြပါတယ်။
တိရစ္ဆာန် ဇာတ်လိုက်တွေမို့
ခပ်မိုက်မိုက်
မထင်လေနဲ့
လူယဉ်ကျေး
လူလိမ္မာတို့လို
လုပ်သင့်တာ
မလုပ်သင့်တာ
လိမ္မာစွာ
ပညာရှိစွာနဲ့
ချစ်စရာ
ဖြစ်ခဲ့ကြပါတယ်။
ရုပ်ရှင်မြို့တော်က
အပြင်ထွက်လို့
လက်တွေ့လောကထဲ
ရောက်လာတဲ့အခါမှာလည်း
ပညာသာ ထာဝရ
အလိမ္မာသာ
ထာဝရလို့
သဘာဝကျကျ
စိတ်မှာစွဲပြီး
ရဲရဲကြီး
လမ်းလျှောက်နိုင်ခဲ့ပါတယ်။
ဘယ်လောက်ပဲ
ဟိန်းဟိန်း
ခြိမ်းခောက်မှုဆိုတာ
တခဏပါပဲ
ထာဝရ
ဘယ်တော့မှ မဖြစ်နိုင်လို့
အခိုင်အမာ
ယုံကြည်ပြီး
ယူနီဗာဆယ်မြို့တော်က
ကဗျာကျော်
ငါတယောက်ဟာ
ထွန်းတောက်မယ့်
အနာဂတ်ကို မျှော်မှန်းရင်း
လမ်းပေါ်က
လမင်းတရာကို
ဝမ်းမြောက်စွာနဲ့
ပွေ့ဖက်ခဲ့ပါတယ်။
[လမင်းတရာကိုအေးဝင်းနဲ့
အမှတ်တရ။ ဇွန်လ ၁၈ ရက်၊ ၂၀၀၀ခု။ တနင်းဂနွေနံနက်ခင်း၊ လော့စ်အိန်ဂျယ်လိစ်။]
No comments:
Post a Comment