စာအုပ်ဝေဖန်ချက်။
စိမ်းလန်းသောအိပ်မက်
ကဗျာဆရာ- တင်မိုး
ထုတ်ဝေသူ- သမဂ္ဂစာပေ
(က)
မြန်မာ့အစဉ်အလာ၌ ကဗျာသည် ပါဝင်သည်။ ရှေးက ကဗျာဟူသည် က၀ိတို့၏ ပိုင်ဆိုင်ရာဟူ၍ သဘောတရားထုတ်ခဲ့ကြသည်။ မြန်မာ့အစဉ်အလာက ကာရန်ဖြင့် သီကုံး တန်ဆာဆင်ထားသော လင်္ကာများကို တပ်မက်ကြသည်။ စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွ သော န၀ရတ်ရောင်စုံပြက်သည့် နန်းရင်ပြင် ခြင်္သေ့မုခ်ဦး၌ ကဗျာသည် စောင်းသံငြိမ့်ငြိမ့်ဖြင့် ပေါ်ထွက်ခဲ့သည်။ ထန်းပင်ရိပ်၊ ထနောင်းပင်ရိပ်၌လည်း တခါတရံ ကဗျာသံကို သဲ့သဲ့ကြားရသည်။ ကြိုးကြားမျှသာ။
မြန်မာ့သံလျက် လဲကျသော် သူများလက်အောက် ရောက်နေသော မြန်မာတို့သည် ဂန္ထ၀င်စာပေကို ပလ္လင်ပေါ်တွင်တင်ကာ အမျိုးသားမှု လက်နက်ဖြင့် နယ်ချဲ့သမားအား ခုခံခဲ့ကြသည်။ ကိုယ့်မင်းကိုယ့်ချင်းခေတ်က ရတနာများဖြင့် အမျိုးသားအားမာန်ကို ဖော်ကြွားကြသည်။ ကုန်းဘောင်နေမင်းများပေတကား၊ ဇမ္ဗူကျွန်းလုံးအနှံ့ တည်တော်မူသော ဘုရင်များပေတကား။
မြန်မာတို့၏ ဘုရင်ခေတ် လွတ်လပ်ရေးဘ၀ကို ဂန္ထ၀င်စာပေမှ လက်နက်ကရိယာ များဖြင့် ဟန်ရေးပြကြသည်။ သဇင်ရနံ့ထုံသောညကို အမှတ်ရရင်း စောင်းခတ်သံကဗျာများ ဖွဲ့ကြရသည်။
သို့သော် ဒုတိယကမ္ဘာစစ်မှ အမြောက်သံသည် မှန်ရွှေဖြူပြတင်းကို ခွင်းလိုက်တော့ သည်။ မှန်သားများ ကွဲစဉ်သွားတော့သည်။
(ခ)
အမျိုးသား လွတ်မြောက်ရေးလှိုင်းသည် ပေဖူးလွှာများကို ရိုက်ခတ်ပစ်တော့သည်။ သုတေသီတို့က ကမန်းကတန်း ပေဖူးလွှာကို ပြတိုက်ဘီရိုထဲသို့ ထည့်လိုက်ကြရသည်။ 'ဂန္ထ၀င်စာပေ' ဟု ပြတိုက်မှူးက စာတန်းထိုးလိုက်သည်။ ခေတ်စမ်းကဗျာကို စာပွဲ၌တင်ကာ အမျိုးအမည် စာရင်း၌ ခွဲတမ်းလုပ်နေဆဲ။
၁၃၀၀-ပြည့် အရေးတော်ပုံ၊ နဂါးနီစာအုပ်အုပ်၊ မတ်ဝါဒ၊ နုအက်တလီစာချုပ်များသည် ရာဇ၀င်တမျက်နှာ လှန်စေတော့သည်။ ဖက်ဆစ်တော်လှန်ရေး စခန်းချနေစဉ် 'တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့' တေးသံသည် စတင်းဂန်း သေနတ်ကိုင်ရင်း ပြန်လည်ဆန်းသစ် လာခဲ့သည်။ သို့သော် တပ်တော်မှာ ဒိုင်းလွှားရောင်လက်သော တပ်တော် မဟုတ်တော့ပြီ။ စစ်နှင့် တော်လှန်ရေးထဲမှ မွေးဖွားလာခဲ့သော ဗမာ့တပ်မတော်။
ကဗျာသည်လည်း လက်နက်ကရိယာအသစ်ကို ကိုင်တွယ်လာရသည်။ အသေးစိတ် ထုရန်အတွက် စူးကို သွေးရသည်။ ကရိယာထည့်သော သေတ္တာကို ဝေးဝေး၌ သွားမထား သော်လည်း သံချေးတက်နေသော ဆောက်ပြားကိုကား မသုံးတော့ပြီ။ တခါတရံ ခေတ်စမ်းမှ ဖဲ့၍ ယူရသည်။ သို့ဖြင့် ယနေ့လူငယ်များသည် မြန်မာမှု အစဉ်အလာအရပင် ကဗျာဖြင့် ခံစားမှုကို ဖော်ကျူးနေကြပေသည်။
စစ်နှင့် တော်လှန်ရေးကလဲ လှုပ်ရှားနေဆဲ။
လူငယ် ကဗျာဆရာသည် စိတ်ကူးလွတ်လပ်မှုတို့ကို ကိုးကွယ်လာသည်။ ကဗျာကို ကာရန်ကြိုးမျှင်ဖြင့် ယက်သီသော်လည်း ထိတွေ့ရသော ရုပ်ပုံတို့က အားကောင်းတွန်းကန် ရုန်းထွက်လာသော် တခါတရံ စိတ်ကူးမျဉ်းကြောင်းပေါ်၌သာ ကွက်ကျော် သွားကြရသည်။ သေနတ်သံက ကာရန်ကို အသံဖွဲ့ပြန်သည်။ လူထုလှုပ်ရှားမှုက ပုံပန်းကို ဖော်ပြန်၏။
(ဂ)
လွတ်လပ်သော စိတ်ကူး၊ ယင်း စိတ်ကူးနှင့်လိုက်သော အဆင်အယင်ကို တင်မိုး၏ 'အတ္တအိပ်မက်' ၌ ခံစားထိတွေ့ လိုက်ရသည်။ စင်စစ် တင်မိုး၏ အတ္တ ရုပ်ပုံလွှာ တချပ်ဖြစ်၏။ သို့သော် ထနောင်းရိပ်ကို မမေ့သော တင်မိုး၏ အခြားအတ္တရုပ်ပုံလွှာ တချပ်ကမူ ချူသံနှင့် နွားငေါက်သံကို တေးဖွဲ့နေဆဲ။
သုံးထပ်တိုက် မှန်ခန်း၌ရောက်နေသော တင်မိုးအား ထနောင်းပင်ရိပ်ကို လွမ်းရကောင်းလားဟု ဒေါသဝေဒနာ မဖြစ်စကောင်း။ စင်စစ် လူတို့သည် ဆန့်ကျင်ဖက်များ ဖြင့် ပေါင်းစပ်ထားကြသည်။ အိမ်လွမ်းတတ်သော တင်မိုးနှင့် ကတ္တရာလမ်းမပေါ်၌ လျှောက်နေသော တင်မိုးတို့၏ တင်မိုး နှစ်မိုးကို ကဗျာက တစ်မိုးတည်း လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဝေဒနာကြောင့် ကဗျာရေးသည်။ ဝေဒနာရုပ် ပေါ်လာရသည်။
ထနောင်းပင်ရိပ်ကို အိပ်မက်ရင်း စက်လူကို တင်မိုးသည် လှောင်ပြောင်၏။ သွေးပွင့်၌ နုနေ၏။ လှနေ၏။ သင်ပုတ်၊ စက်ခလုတ်၊ အလုပ်သမား၏တူသံ၊ ဆေးလိုပ်တိုပြာကြွေ၊ သဂြိုလ် စာအုပ်၊ ခေါင်းရင်းဗူးစင်၊ မြို့မငြိမ်း၊ ဒေါက်တာဂျော်နီ၊ မြစ်စောင့်နဂါး၊ မှိုင်း၊ စလေဆီးသီး.... လူ့ဘ၀၏ ရုပ်ပုံအားလုံးကို တင်မိုး စိတ်ဝင်စားပြီး ဝေဒနာ ခံစားသည်။
ယင်းဝေဒနာများမှ တင်မိုး၏ လှပသာယာသော ကဗျာများ ပွင့်ဖူး လာချေသည်။ တင်မိုးသည် တောနှင့်မြို့ ကူးသန်းနေလေတော့သည်။
ဒဂုန်တာရာ
ရှုဒေါင့်၊ ၃၀-၉-၆၉
[ဒဂုန်တာရာ ရဲ့ 'သဇင်သင်းပြန်တော့' စာအုပ်၊ ၁၉၇၄ ခု၊ ပထမအကြိမ် မှ ကူးယူဖော်ပြ ပါတယ်]
Showing posts with label ဝေဖန်ရေး. Show all posts

Sunday, January 18, 2009
တမာရိပ်၊ နေကြာပွင့်နှင့် အာဖရိက ဒေစီ
ရေးသူ- ဒဂုန်တာရာ
စာအုပ်ဝေဖန်ချက်။
လှေတစင်းနှင့်သီချင်းသည် (တတိယနှိပ်ခြင်း)
ကဗျာဆရာ- တင်မိုး
(က)
ကိုတင်မိုးက မန္တလေး ထွက်မသွားမီ သူ၏ (တတိယနှိပ်ခြင်းကျရောက်ခါမှ) 'လှေတစင်းနှင့် သီချင်းသည်' ကဗျာစာအုပ်တွင် အမှာရေးပေးရန် 'အမှာစာ' ကလေး ထားရစ်ခဲ့သည်။ ရေးဖြစ်အောင် ရေးပေးစေချင်ပါတယ်ဟု သူက အထူးပြုထားပြန်သည်။
ယခုတလော အမှာစာများ အတော်ရေးနေရ၏။ အမှာစာရေးသမားဟူသော ဝေါဟာရသစ်တခုပင် တိုးချင်နေ၏။ ကျွန်တော်က အမှာစာတွင် ကျွန်တော် ရေးချင်တာတွေ ရေးပေးလိုက်တာ များ၏။ ရေးချင်တာတွေ ရေးရသဖြင့် လေးသိပ်နေသော ဝေဒနာများက ပေါ့ပါးသွား၏။ သို့သော် ထုတ်ဝေသူများက စာအုပ်ဆိုင်ပေါ် ရောက်ချင်ဇောနှင့် လောတတ်ကြ၏။ တချို့လည်း ငွေမအိပ်နေစေချင်။ ကနေ့ပြီး မနက်ဖြန် ဖြန့်ချင်နေကြ၏။ တချိုလည်း မှတ်ပုံတင်ငှားသူက တလကျော်လျှင် နောက်တလခ ထပ်တောင်းမည်မို့ လောကြဟန်တူ၏။ စီးပွါးရေးပေကိုး။ သို့သော် အမှာစာ ရေးသူက ဘာတွေရေးမလဲ။
(ခ)
ယခုနှစ် နတ်တော်လ အတွင်းက ထင်းရူးရနံ့သင်းမြသော၊ နေကြပန်းဖြင့် ၀ါပြက်သော၊ ပွင့်တူ ရွက်တူဖြင့် နီစွေးသော၊ နှင်းရီဝေမှုန်သော ရှမ်းပြည်ဘက်သို့ ရောက်ခဲ့ကြသည်။ စာပေမွေ့သော၊ တက်ကြွသော၊ စိတ်ဝင်စားသော လူငယ်များနှင့် ကြမ်းတပြေးတည်း တွေ့ဆုံခဲ့ကြသည်။ သူတို့ အမေးမြန်းဆုံးကား ယနေ့ကဗျာပြဿနာ၊ ကာရန်မဲ့၊ နမိတ်ပုံ၊ စာပေသစ်။
ယနေ့ လူငယ် စာဖတ်ပရိသတ်ကား ရသစာပေ ခံစားရာ၍ ခံစားရုံမက အနုပညာ သဘောတရားများကိုပါ တွေးခေါ်လာကြသည်။ ဝေဖန်ပိုင်းခြား၍ ဖတ်ကြသည်။ စာပေကို ဖတ်ရာ၌ စာရေးဆရာ၏ နိုင်ငံရေး အစဉ်အလာ နောက်ခံကားပါ ယှဉ်တွဲလေ့လာထား ကြသည်။ ဘ၀နှင့်စာပေ ဆက်စပ် ကြည့်ကြသည်။
သူတို့၌ ခေတ်ပြိုင်ခံစားမှု ရှိနေကြသည်။ သူတို့သည် စာလုံးနောက်ကွယ်မှ အဘိဓမ္မာအထိ ရှာဖွေနေကြသည်။ ကျွန်တော်မှာ စာလုံးများရွေးချယ် သုံးနှုန်းရကျိုးနပ်သည် ကို တွေ့ရ၍ ကျေနပ်မိသည်။ အံ့သြဘွယ်ကောင်းသော စာဖတ်ပရိသတ်သစ်။
အဟောင်းနှင့် အသစ်၏တိုက်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်နေရပေပြီ။ ရှေးဟောင်း ဂန္ထ၀င်နှင့် ဂန္ထ၀င်သစ် ခေတ်ပေါ်စာပေများသည် ခေတ်ပြိုင်နှင့် နပန်းလုံးနေကြသည်။ မှန်စီရွှေချ၊ ရွှေင်္ဟသာရုပ်ကြွကလပ်ထဲမှ လုယူနေကြသည်။ ပြတိုက်မှန်သားကို ပိုမိုကြည်လင် အောင် ဖုံမတက်အောင် ပွတ်တိုက်ရမည့်အစား၊ စာအုပ်တန်းများနှင့် ရောချင်နေကြသည်။ တဖက်မှ လူငယ်များကား ကောက်ရိတ်ပွဲတော်သို့ သွားရန် တက်ကြွနေကြသည်။ သူတို့သည် နွေဦးကို စောင့်စားနေကြပေသည်။
(ဂ)
ကိုတင်မိုးသည် လမ်းဆုံလမ်းခွ၌ ရောက်နေပေသည်။
သူသည် တမာရိပ်၌ ကြီးပြင်းကာ ခေတ်စမ်းကဗျာစာအုပ်ဖတ်ရင်း ကဗျာဆရာ ဖြစ်လာသူ ဖြစ်သည်။ သို့သော် ဗေဒါပန်းများ မျောနေသော ချောင်းရေပြင်၌ လှေတစင်းနှင့် သီချင်းဆိုရခြင်းကို စိတ်ကူးနေသည်။
သို့သော် သူ့ခေတ်ပြိုင် အသံဗလံများက သူ့အလွမ်း၊ သူ့တေူကို ဖောက်ထွင်းလိုက်ကြ သည်။ တမာရိပ်သည် လှုပ်ရှားခါ ထွက်သွားသည်။ ခေတ်စမ်းစာအုပ်ကား လွတ်မကျသွား သေး။ တွန့်နေသော စာရွက်ကို တိုက်ကာ တင်နေသည်။
ချောင်းညှာဆီမှ ညည်းညူသံကို ကြားရသည်။ ပဲ့တင်ရိုက်လာသော သေနတ်သံကို တော်လှန်သမားဆီက ပေလားဟု နားစွင့်လိုက်သည်။ ထို့နောက်သူသည် တမာရိပ်က ခွါကာ ကတ္တရာလမ်းမပေါ် ရောက်သွားသည်။ ဓာတ်ဆီနံ့ ရှူလာရသည်။ သို့သော် တမာရနံ့ကို လွမ်းနေဆဲ။
တဖက်က အညာမိသားစုကို တမ်းကာ လှပသာယာသော လေးချိုးကြီးကို ရေးရင်း တဖက်ကလည်း....
စပယ်ပန်းထဲမှာ
ရနံ့ ဘယ်သူထည့်သလဲ
ဒဏ္ဍာရီထဲက
နတ်သမီးလားမှ မသိဘဲ။
စသော လွတ်လပ်လင်္ကာကို ခေတ်ပြိုင်ခံစားမှု ဝေဒနာဖြင့် အရပ်ထဲမှာ စကားသံဖြင့် ရေးသည်။ (၁၉၆၀-ပတ်ဝန်းကျင်) 'နှင်းဆီပွင့်ပေါ်၌ အိပ်ပျော်ခြင်း' ၌ကား ကိုတင်မိုးသည် သူ၏ ခံစားမှုကို ရဲရဲဖော်ထားသဖြင့် စိတ်ကူးရုပ်ပုံများဖြင့် ပြိုးပြက်နေပေသည်။
နေကြပွင့် အ၀ါများ တလမ်းလုံး မြင်ခဲ့ရသဖြင့် မော၏ဟေမန်ဦးကို နေကြာပွင့်ဖြင့် တင်စားနေသည်။ အောင်ပန်းဘူတာ၌ အာဖရိကဒေစီ လာရောင်းသော ပန်းသည်ကို ငေးရီ၍ နေမိသည်။
အာဖရိက ကပင် လာရောက်သော ဒေစီပေတကား။ ကျွန်တော်တို့ဘေးမှ ရန်ကုန်သူတသိုက်က ပလပ်စတစ်အိပ်များဖြင့် ထွားဝေလှသော ဒေစီပန်းများကို ထည့်နေကြ သည်ကို မြင်နေရသည်။ ဥတုရေမြေတောင်၏ သဘာဝချင်းတူ၍ ဤ ရှမ်းဒေသ သာမိုင်းခမ်းမြေတွင် အာဖရိက ဒေစီပန်းများရှင်သန်ခြေင်း ဖြစ်ပေသည်။
နောင်ဆယ်နှစ် တခေတ်တွင် လူငယ်ကဗျာဆရာသစ်သည် ဤဒေစီပန်းကို ဖွဲ့ပေလိမ့် မည်။
ယင်းသို့ ရထားသည် ရှမ်းပြည်မှ ထွက်ခွါလာရာ တမာရိပ်ဖြင့် လွှမ်းသော သာစည်လမ်းဆုံသို့ ရောက်လာပေပြီ။
(ဃ)
ကိုတင်မိုးကား လမ်းခွဲ၌ ငေးရီနေသည်။ တမာရိပ် လွမ်းခြင်းလော။ နေကြာပွင့် ကိုလော။ အာဖရိက ဒေစီကိုလော။ အတိတ်ကိုလော။ အနာဂတ်ကိုလော။
ဒဂုန်တာရာ။
၁၈-၁၂- ၇၂။

Subscribe to:
Posts (Atom)