Sunday, January 18, 2009

တမာရိပ်၊ နေကြာပွင့်နှင့် အာဖရိက ဒေစီ
ရေးသူ- ဒဂုန်တာရာ

စာအုပ်ဝေဖန်ချက်။
လှေတစင်းနှင့်သီချင်းသည် (တတိယနှိပ်ခြင်း)
ကဗျာဆရာ- တင်မိုး

(က)
ကိုတင်မိုးက မန္တလေး ထွက်မသွားမီ သူ၏ (တတိယနှိပ်ခြင်းကျရောက်ခါမှ) 'လှေတစင်းနှင့် သီချင်းသည်' ကဗျာစာအုပ်တွင် အမှာရေးပေးရန် 'အမှာစာ' ကလေး ထားရစ်ခဲ့သည်။ ရေးဖြစ်အောင် ရေးပေးစေချင်ပါတယ်ဟု သူက အထူးပြုထားပြန်သည်။



ယခုတလော အမှာစာများ အတော်ရေးနေရ၏။ အမှာစာရေးသမားဟူသော ဝေါဟာရသစ်တခုပင် တိုးချင်နေ၏။ ကျွန်တော်က အမှာစာတွင် ကျွန်တော် ရေးချင်တာတွေ ရေးပေးလိုက်တာ များ၏။ ရေးချင်တာတွေ ရေးရသဖြင့် လေးသိပ်နေသော ဝေဒနာများက ပေါ့ပါးသွား၏။ သို့သော် ထုတ်ဝေသူများက စာအုပ်ဆိုင်ပေါ် ရောက်ချင်ဇောနှင့် လောတတ်ကြ၏။ တချို့လည်း ငွေမအိပ်နေစေချင်။ ကနေ့ပြီး မနက်ဖြန် ဖြန့်ချင်နေကြ၏။ တချိုလည်း မှတ်ပုံတင်ငှားသူက တလကျော်လျှင် နောက်တလခ ထပ်တောင်းမည်မို့ လောကြဟန်တူ၏။ စီးပွါးရေးပေကိုး။ သို့သော် အမှာစာ ရေးသူက ဘာတွေရေးမလဲ။

(ခ)
ယခုနှစ် နတ်တော်လ အတွင်းက ထင်းရူးရနံ့သင်းမြသော၊ နေကြပန်းဖြင့် ၀ါပြက်သော၊ ပွင့်တူ ရွက်တူဖြင့် နီစွေးသော၊ နှင်းရီဝေမှုန်သော ရှမ်းပြည်ဘက်သို့ ရောက်ခဲ့ကြသည်။ စာပေမွေ့သော၊ တက်ကြွသော၊ စိတ်ဝင်စားသော လူငယ်များနှင့် ကြမ်းတပြေးတည်း တွေ့ဆုံခဲ့ကြသည်။ သူတို့ အမေးမြန်းဆုံးကား ယနေ့ကဗျာပြဿနာ၊ ကာရန်မဲ့၊ နမိတ်ပုံ၊ စာပေသစ်။
ယနေ့ လူငယ် စာဖတ်ပရိသတ်ကား ရသစာပေ ခံစားရာ၍ ခံစားရုံမက အနုပညာ သဘောတရားများကိုပါ တွေးခေါ်လာကြသည်။ ဝေဖန်ပိုင်းခြား၍ ဖတ်ကြသည်။ စာပေကို ဖတ်ရာ၌ စာရေးဆရာ၏ နိုင်ငံရေး အစဉ်အလာ နောက်ခံကားပါ ယှဉ်တွဲလေ့လာထား ကြသည်။ ဘ၀နှင့်စာပေ ဆက်စပ် ကြည့်ကြသည်။
သူတို့၌ ခေတ်ပြိုင်ခံစားမှု ရှိနေကြသည်။ သူတို့သည် စာလုံးနောက်ကွယ်မှ အဘိဓမ္မာအထိ ရှာဖွေနေကြသည်။ ကျွန်တော်မှာ စာလုံးများရွေးချယ် သုံးနှုန်းရကျိုးနပ်သည် ကို တွေ့ရ၍ ကျေနပ်မိသည်။ အံ့သြဘွယ်ကောင်းသော စာဖတ်ပရိသတ်သစ်။
အဟောင်းနှင့် အသစ်၏တိုက်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်နေရပေပြီ။ ရှေးဟောင်း ဂန္ထ၀င်နှင့် ဂန္ထ၀င်သစ် ခေတ်ပေါ်စာပေများသည် ခေတ်ပြိုင်နှင့် နပန်းလုံးနေကြသည်။ မှန်စီရွှေချ၊ ရွှေင်္ဟသာရုပ်ကြွကလပ်ထဲမှ လုယူနေကြသည်။ ပြတိုက်မှန်သားကို ပိုမိုကြည်လင် အောင် ဖုံမတက်အောင် ပွတ်တိုက်ရမည့်အစား၊ စာအုပ်တန်းများနှင့် ရောချင်နေကြသည်။ တဖက်မှ လူငယ်များကား ကောက်ရိတ်ပွဲတော်သို့ သွားရန် တက်ကြွနေကြသည်။ သူတို့သည် နွေဦးကို စောင့်စားနေကြပေသည်။

(ဂ)
ကိုတင်မိုးသည် လမ်းဆုံလမ်းခွ၌ ရောက်နေပေသည်။
သူသည် တမာရိပ်၌ ကြီးပြင်းကာ ခေတ်စမ်းကဗျာစာအုပ်ဖတ်ရင်း ကဗျာဆရာ ဖြစ်လာသူ ဖြစ်သည်။ သို့သော် ဗေဒါပန်းများ မျောနေသော ချောင်းရေပြင်၌ လှေတစင်းနှင့် သီချင်းဆိုရခြင်းကို စိတ်ကူးနေသည်။
သို့သော် သူ့ခေတ်ပြိုင် အသံဗလံများက သူ့အလွမ်း၊ သူ့တေူကို ဖောက်ထွင်းလိုက်ကြ သည်။ တမာရိပ်သည် လှုပ်ရှားခါ ထွက်သွားသည်။ ခေတ်စမ်းစာအုပ်ကား လွတ်မကျသွား သေး။ တွန့်နေသော စာရွက်ကို တိုက်ကာ တင်နေသည်။
ချောင်းညှာဆီမှ ညည်းညူသံကို ကြားရသည်။ ပဲ့တင်ရိုက်လာသော သေနတ်သံကို တော်လှန်သမားဆီက ပေလားဟု နားစွင့်လိုက်သည်။ ထို့နောက်သူသည် တမာရိပ်က ခွါကာ ကတ္တရာလမ်းမပေါ် ရောက်သွားသည်။ ဓာတ်ဆီနံ့ ရှူလာရသည်။ သို့သော် တမာရနံ့ကို လွမ်းနေဆဲ။
တဖက်က အညာမိသားစုကို တမ်းကာ လှပသာယာသော လေးချိုးကြီးကို ရေးရင်း တဖက်ကလည်း....
စပယ်ပန်းထဲမှာ
ရနံ့ ဘယ်သူထည့်သလဲ
ဒဏ္ဍာရီထဲက
နတ်သမီးလားမှ မသိဘဲ။
စသော လွတ်လပ်လင်္ကာကို ခေတ်ပြိုင်ခံစားမှု ဝေဒနာဖြင့် အရပ်ထဲမှာ စကားသံဖြင့် ရေးသည်။ (၁၉၆၀-ပတ်ဝန်းကျင်) 'နှင်းဆီပွင့်ပေါ်၌ အိပ်ပျော်ခြင်း' ၌ကား ကိုတင်မိုးသည် သူ၏ ခံစားမှုကို ရဲရဲဖော်ထားသဖြင့် စိတ်ကူးရုပ်ပုံများဖြင့် ပြိုးပြက်နေပေသည်။
နေကြပွင့် အ၀ါများ တလမ်းလုံး မြင်ခဲ့ရသဖြင့် မော၏ဟေမန်ဦးကို နေကြာပွင့်ဖြင့် တင်စားနေသည်။ အောင်ပန်းဘူတာ၌ အာဖရိကဒေစီ လာရောင်းသော ပန်းသည်ကို ငေးရီ၍ နေမိသည်။
အာဖရိက ကပင် လာရောက်သော ဒေစီပေတကား။ ကျွန်တော်တို့ဘေးမှ ရန်ကုန်သူတသိုက်က ပလပ်စတစ်အိပ်များဖြင့် ထွားဝေလှသော ဒေစီပန်းများကို ထည့်နေကြ သည်ကို မြင်နေရသည်။ ဥတုရေမြေတောင်၏ သဘာဝချင်းတူ၍ ဤ ရှမ်းဒေသ သာမိုင်းခမ်းမြေတွင် အာဖရိက ဒေစီပန်းများရှင်သန်ခြေင်း ဖြစ်ပေသည်။
နောင်ဆယ်နှစ် တခေတ်တွင် လူငယ်ကဗျာဆရာသစ်သည် ဤဒေစီပန်းကို ဖွဲ့ပေလိမ့် မည်။
ယင်းသို့ ရထားသည် ရှမ်းပြည်မှ ထွက်ခွါလာရာ တမာရိပ်ဖြင့် လွှမ်းသော သာစည်လမ်းဆုံသို့ ရောက်လာပေပြီ။

(ဃ)
ကိုတင်မိုးကား လမ်းခွဲ၌ ငေးရီနေသည်။ တမာရိပ် လွမ်းခြင်းလော။ နေကြာပွင့် ကိုလော။ အာဖရိက ဒေစီကိုလော။ အတိတ်ကိုလော။ အနာဂတ်ကိုလော။

ဒဂုန်တာရာ။
၁၈-၁၂- ၇၂။
[ဒဂုန်တာရာ ရဲ့ 'သဇင်သင်းပြန်တော့' စာအုပ်၊ ၁၉၇၄ ခု၊ ပထမအကြိမ် မှ ကူးယူဖော်ပြ ပါတယ်]

No comments: