၁၉၆၀ ခုနှစ်၊ ဧပြီလ ၅ရက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်သို့ ကျွန်တော် ရောက်သွားပါသည်။ ဆရာကြီးကို ရှိခိုးဦးချပြီး ဆရာနေထိုင်ကောင်းပါရဲ့လားဟု မေးသောအခါ၊ အေး၊ သခင်ဘမောင်လားဟေ့၊ လူတော့ နေကောင်းပါတယ်ကွယ်။ ဒါပေမဲ့ မင်းတို့ကို ဖမ်းသွားတဲ့နောက်၊ ဆရာလဲ စိတ်လက် တယ်မကောင်းပါဘူး။ အထူးသဖြင့် မျက်စေ့တဖက်က ကောင်းကောင်း ကြည့်မရအောင် ဖြစ်သွားတယ်ဟု ဆရာကြီးက မိန့်ကြားပါသည်။
ကျွန်တော့်မှာ ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်က အဖမ်းခံရပြီး၊ ပထမ အင်းစိန် တွဲဘက်ထောင်၊ ၎င်းမှ ပြည်ထောင်၊ သရက်ထောင်၊ ထိုနောက် ကိုကိုးကျွန်းထောင် တွင် တနှစ်ခန့်ထားပြီး၊ အင်းစိန်ထောင်ကြီးသို့ ပြန်ပို့ကာ ၁၉၆၀ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် လွှတ်လိုက်ပါသည်။ ထောင်ကလွတ်ပြီး ၅ ရက် အကြာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်သို့ သွားခဲ့ခြင်း ဖြစ်ပါသည်။
ဆရာကြီးနှင့် စပ်မိစပ်ရာပြောရင်း "တို့ ငြိမ်းချမ်းရေး ရှစ်ဦး အဖွဲ့ကြီးကိုလဲ ဖျက်လိုက်ကြပြီကွဲ့။ တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရသေးတာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေး မရသေးသမျှလဲ ဘာမှ အောင်အောင်မြင်မြင် လုပ်လို့ရမယ် မထင်ပါဘူး၊ ဒါကြောင့် ငြိမ်းချမ်းရေးအဖွဲ့တော့ ရှိနေဘို့ ကောင်းတာပေါ့" ဟု ဆရာကြီးက ဆက်လက်မိန့်ကြားပါသည်။
ဟုတ်ကဲ့ဆရာ၊ ကျွန်တော်လဲ ထောင်က ပြန်လွတ်လာတာ ငါးရက် ရှိပါသေးတယ်၊ အိမ်လဲ အဖျက်ခံထားရလို့ မိတ်ဆွေတယောက်အိမ်မှာ ခဏ တက်နေရပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးအဖွဲ့ ပြန်ဖွဲ့နိုင်အောင်လည်း ကြိုးစားပါမယ်။ ဘယ်ပုံဘယ်နည်း လုပ်သင့်တယ် ဆိုတာလဲ အမိန့်ရှိပါဦးလို့ ကျွန်တော်က ပြောသောအခါ၊ ဘယ်ပုံဘယ်နည်း လုပ်သင့်တယ် ဆိုတာတော့ စဉ်းစားကြပေါ့ကွယ်၊ ငြိမ်းချမ်းရေးရဘို့အတွက် နည်းစပ်မယ်ထင်တဲ့ လမ်းစတခုကတော့ အရင် 'မောင်နု' ပြောခဲ့တဲ့ အချက်သုံးချက်ကို တကယ် ဖြစ်မြောက်အောင် ဆက်ကြိုးစားသင့်တယ်လို့ ဆရာထင်တယ်။ အဲဒီ အချက်သုံးချက်ကို အရင်က ဆရာတို့ ရှစ်ဦးကော်မတီ ငြိမ်းချမ်းရေးအဖွဲ့ကရော၊ မောင်တို့ ပမညတ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု) ကရော သဘောတူခဲ့ကြပြီး မဟုတ်လားဟု ဆရာကြီးက မိန့်ကြားပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိန့်ကြားသည့် "မောင်နု ပြောခဲ့ဘူးသော အချက်သုံးချက်" ဆိုသည်မှာ ၁၉၅၈ ခုနှစ်၊ ဇန္န၀ါရီလ ၂၉ ရက်နေ့ ကမ္ဘာအေးကုန်းတော် တန်ဆောင်းတွင် ကျင်းပသည့် ဖဆပလ ညီလာခံ၌ ၀န်ကြီးချုပ်ဦးနုက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တောတွင်းလက်နက်ကိုင်များအား ရည်ညွှန်းပြောကြားခဲ့သော အချက်သုံးချက် ဖြစ်ပါသည်။ ယင်းအချက်တို့မှာ-
(၁) ခင်ဗျားတို့နှင့် ကျွန်တော်တို့ ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ဆိုတာ ပြောမနေကြပါနှင့်တော့။
(၂) ခင်ဗျားတို့ မှားတာရှိရင်လဲ ကျွန်တော်တို့က သည်းခံပါမယ်၊ ကျွန်တော်တို့ မှားတာ ရှိရင်လဲ ခင်ဗျားတို့က သည်းခံကြပါ။
(၃) ဒါကြောင့် ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ၀ါဒချင်း မတူစေကာမူ ပြည်သူတို့ ကောင်းကျိုးအတွက် တူညီရာတွေကို လက်တွဲလုပ်ကြရအောင် လာခဲ့ကြပါတော့။
ဟူသည်တို့ ဖြစ်ပါသည်။ ဤအချက် သုံးချက်၏ အနှစ်သာရမှာ ၂ ဘက် အာဃာတ မထားရေး၊ သင်ပုန်းချေရေး၊ အလုပ်အတူ ပူးတွဲလုပ်ရေးတို့ပင် ဖြစ်ပါသည်။
ဒီလိုဆိုရင် အဲဒီ အချက်များအပေါ် အခြေထားပြီး ငြိမ်းချမ်းရေး ကြိုးပမ်းကြဘို့ ပြည်သူတရပ်လုံးကိုရော အစိုးရနှင့် တောတွင်းလက်နက်ကိုင် အင်အားစုများကိုရော ဆရာ့အနေနှင့် နှိုးဆော်ချက် ပထမထုတ်ပြန်ပြီးတဲ့နောက် ငြိမ်းချမ်းရေး အဖွဲ့ဖွဲ့ဘို့ ဆက်လုပ်ကြ ရမှာဘဲဟု ကျွန်တော်က အကြံပေးသည့်အခါ ဆရာကြီးက "အေး၊ တိုင်ပင်သင့်တဲ့ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ပြီး အချိန်ရှိတုန်း လုပ်ကြကွယ်" ဟု ပြန်လည် မိန့်ကြားပါသည်။
ထိုနောက် ဆွေးနွေးသင့်သူများနှင့် ဆွေးနွေးကြပြီး ၁၉၆၀ ခုနှစ် မေလထဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြည်သူ့အစိုးရနှင့် တောတွင်းလက်နက်ကိုင်များသို့ ငြိမ်းချမ်းရေး ကြိုးပမ်းကြရန်အတွက် နှိုးဆော်ချက်တရပ် ထုတ်ပြန်ခဲ့ပါသည်။ ယင်းသည့် နောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဆရာဝန်ကြီးဦးဆင်ဖိုးနှင့်အတူ အရှေ့ဂျာမနီနိုင်ငံ သို့ ထိုနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ဆေးကုသရန် သွားရောက်ခဲ့လေသည်။
ဆရာကြီး ဆေးကုသွားရာမှ ပြန်ရောက်သောအခါ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့ကြပါသည်။ အဖွဲ့တွင် ဆရာကြီးကိုယ်တိုင် ဥက္ကဌ တာဝန်ယူပြီး ဒုတိယဥက္ကဌများအဖြစ် သစ်တောအရေးပိုင်ဟောင်း ဦးဘသော်နှင့် ဗိုလ်မျူးချုပ်ဟောင်း ကျော်ဇော၊ အတွင်းရေးမှူး အဖြစ် ၀တ်လုံဦးထွန်းတင်၊ အမှုဆောင်လူကြီးများအဖြစ် ဆရာတော်ဦးဥတ္တမနှစ်မ ဒေါ်အိမ်စိုး၊ ၀တ်လုံဦးလှကျော်၊ ၀တ်လုံ ဦးဘကျော်၊ ဦးအောင်ဇေ (တော်ဘုရားလေး)၊ ဦးကျော်၊ လူထု ဦးတင်မောင်တို့ ဖြစ်ကြပါသည်။ သခင်ထွေး၊ သခင်ဖေသန်း၊ သခင်ခင်အောင်၊ သခင်ဘမောင် (စာရေးသူ)၊ တို့က အကြံပေးလူကြီးများအဖြစ် တာဝန်ယူကြရပြီး၊ ဗန်းမော်တင်အောင်၊ လူငယ်များအစည်းအရုံး (ဗလစ)မှ ဦးစိုးမင်း၊ ၀တ်လုံဦးလှတင်တို့က အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် တာဝန်ယူကြသည်။
ထိုအချိန်ကား ၀န်ကြီးချုပ် ဦးနုကြီးမှူးသော ပထစ (ပြည်ထောင်စုအဖွဲ့) အစိုးရ လက်ထက် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့သည် ငြိမ်းချမ်းရေးအတွက် ပြည်သူသို့ တင်ပြခြင်း၊ အစိုးရနှင့် တောတွင်းအင်အားစုများကို အကြံပေးခြင်းတို့ လုပ်ရန် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်၌ မကြာခဏ ဆွေးနွေးကြပါသည်။
တနေ့သ၌ ဆရာကြီးအိမ်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည် အစိုးရနှင့် တွေ့ရန်လိုမည် စသည်ဖြင့် စပ်မိစပ်ရာ ပြောကြပါသည်။ ထိုအချိန်တွင် တစုံတယောက်က အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှာ ပုတီးစိတ်သူကစိတ်၊ ဥပုသ်စောင့်သူကစောင့်ဖြင့် တွေ့ရန်လွယ်ကူမည် မထင်ကြောင်း၊ ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင် လည်း ပုပ္ပါးတောင်တွင် ဥပုသ်ရက်ရှည်စောင့်နေကြောင်း ပြောကြားပါသည်။
ထိုအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်ဆိုတာ ပုတီးစိတ် ဥပုသ်စောင့်နေရုံနှင့် ပြီးတာ မဟုတ်ဘူး၊ ဆရာတို့ ဗုဒ္ဓဘာသာတရားအလိုအရ ပုတီးစိတ်တယ်၊ ဥပုသ်စောင့်တယ်ဆိုတာ အမှန်တော့ ကိုယ်ရေးကိုယ်တာ အလုပ်ပါဘဲ။ ကိုယ်ကုသိုလ်ရဘို့၊ ကိုယ်တမလွန်ဘ၀ကူး ကောင်းဘို့အတွက်ပါဘဲ။ ဆရာ ဥပုသ်စောင့်ရင် လည်း ဆရာကုသိုလ်ရတာဘဲ။ အခြားသူများ မရကြပါဘူး။ အခြား မောင်နီ မောင်ဖြူတို့ ကုသိုလ်ရအောင် ဆရာက ဥပုသ်စောင့်ပေးလို့၊ အလှူဒါနပြုပေးလို့ မရပါဘူး။ ကိုယ့်အတွက်သာ ကိုယ်လုပ်နိုင်ပါတယ်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်၊ တိုင်းသူပြည်သားတို့က မင်းအစိုးရအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရလို့ မင်းအစိုးရလုပ်တယ်ဆိုတာက တိုင်းသူပြည်သား အများ အကျိုးအတွက် လုပ်ဆောင်ကြရမယ့် တာဝန်ရှိတယ်။ တိုင်းသူပြည်သားတို့ရဲ့ စားဝတ်နေမှု မျှတချောင်လည်ရေး၊ ကျန်းမာရေး၊ အတတ်ပညာသင်ကြားနိုင်ရေး၊ ငြိမ်းချမ်းသာယာရေးတို့ အတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်တယ်။ အဲဒီလို အများအကျိုး သည်ပိုးတဲ့အခါ မြှောက်စားသင့်တာ မြှောက်စား၊ ဖိနှိပ်သင့်တာ ဖိနှိပ်၊ ဖယ်ရှားသင့်တာ ဖယ်ရှား၊ ပရိယာယ်ေ၀၀ုစ်လုပ်ပြီး လိမ်တန်လိမ်၊ ကုန်ကုန်ပြောရရင် သတ်သင့်ဖြတ်သင့်တာ ရှိရင်တောင် သတ်ဖြတ်ရသည်အထိ လုပ်ကြရတယ်။
သိင်္ဂိုကျွန်းလို့ခေါ်တဲ့ သီဟိုကျွန်းမှာ တစတစ၀င်ပြီး နယ်ချဲ့စိုးမိုးလာတဲ့ ကုလားများရဲ့ ဘေးရန်ကြောင့် ဗုဒ္ဓဘာသာ သီဟိုလူမျိုး တိုင်းရင်းသားများအဖို့ နေစရာပြည်ကလဲ ကျဉ်းမြောင်း၊ စားစရာ ဆန်ရေစပါးလဲ နည်းပါးပြီး၊ ကိုးကွယ်မှုဆိုင်ရာ ကျောင်းကန်ဘုရားများ ကိုပင် အဖျက်ဆီးခံရသည်အထိ ဖြစ်ရတယ်။ အဲဒီအခါ ဒုတ္ထဂါမဏိမင်းကြီးဟာ တိုင်းသူ ပြည်သားတို့ အကျိုး၊ ဘာသာ သာသနာ အကျိုးတို့အတွက် ကုလားများကို သတ်ဖြတ်နှိမ်နင်း ပြစ်ခဲ့ရဆို မဟုတ်လား။
မဟောသဓဇာတ်မှာလဲ ဘုရားအလောင်း မဟောသဓဟာ ကေးဝဋ်ပုဏ္ဏားကြီးနှင့် စကားစစ်ထိုးပြုလုပ်ကြရာမှာ ပုဏ္ဏားကြီးကို သူ့လက်ထဲက ပတ္တမြားလုံးပြပြီး လက်ဆောင်ပေး ပါရစေလို့ ပြောတယ်။ ပုဏ္ဏားကြီးက လက်ဝါးဖြန့်ပြီး လှမ်းယူတဲ့အခါ အပေါ်က မြှောက်ချလိုက် တော့ ပတ္တမြားက အောက်ကျသွားတယ်။ အဲဒီအခါ ပုဏ္ဏားကြီးက ပတ္တမြားလုံးကို ကုန်းကောက်ရှာတယ်။ ဒီတော့ ပုဏ္ဏားကြီး လည်ဂုတ်ကိုင် မြေကြီးနှင့် နဖူးထိအောင် နှိပ်ချပြီး၊ ပုဏ္ဏားကြီး ကျုပ်က သားမြေးအရွယ်ပါ၊ ရှိမခိုးပါနှင့်လို့ သူ့ပါးစပ်က သူ့တိုင်းသူပြည်သားများ အကျိုးအတွက် လိမ်လည် အော်ဟစ်ပြောလိုက်တယ်။ သူအော်ဟစ်ပြောသံ ကြားတဲ့အခါ ကြိုတင်စည်းဝါးရိုက်ထားတဲ့ သူ့လူ ဖွားဘက်တော်များက "ပုဏ္ဏားကြီးက တို့အရှင်ကို ရှိခိုးနေပြီ ဟေ့" လို့ ၀ိုင်းအော်ကြတယ်။ မဟောသဓရဲ့ လူများအော်သံကြားတော့ ကေးဝဋ်ပုဏ္ဏားကြီးကို ခြံရံလိုက်လာကြတဲ့ စူဠနီဗြဟ္မာဒတ်မင်းရဲ့ ဗိုလ်ပါရဲမက် သိန်းသန်းချီပြီး ပါဝင်တဲ့ စစ်တပ်ကြီးဟာ ထိတ်လန့်ပြန်ပြေးကြရှာတယ်ဆို မဟုတ်လား။
မင်းအစိုးရဆိုတာ မိမိတို့ တိုင်းသူပြည်သားတို့ ကောင်းကျိုးချမ်းသာအတွက် လိမ်တန်လိမ်၊ သတ်တန်သတ်ကြ ရတာကဘဲ။ ငရဲကြီးမှာ အကုသိုလ်ဖြစ်မှာ ကြောက်ရင် မင်းအစိုးရ လုပ်လို့ မဖြစ်ပါဘူး။ တေမိဇာတ်တော်မှာ တေမိမင်းသားကလေးဟာ အရင်ဘ၀က ငရဲကျခဲ့ဘူးတာမြင်ပြီး၊ ရှင်ဘုရင်လုပ်ရရင် ငရဲကျချည်သေးရဲ့လို့ ကြောက်နေတဲ့အတွက် ရှင်ဘုရင်မလုပ်ရအောင် စကားမပြောဘဲ အ အ, ယောင်ဆောင်နေတာလို့ ဖော်ပြထားတယ်။
တို့တိုင်းပြည်မှာ တိုင်းသူပြည်သားတို့ရဲ့ စားဝတ်နေရေး စသည်များကောင်းမွန်အောင် လုပ်ဖို့ တော်တော်အရေးကြီးနေသေးတယ်။ လွတ်လပ်ရေး ကြေညာပြီးတယ်ဆိုသော်လဲ ရေရေရာရာဖြစ်အောင် ခိုင်မြဲအောင် လုပ်ဖို့ လိုသေးတယ်။ ငြိမ်းချမ်းသာယာမှု ပြန်ရအောင် လုပ်ဖို့လဲ လိုတယ်။ အင်္ဂလိပ် အမေရိကန်ဆိုတဲ့ နယ်ချဲ့သမားများရဲ့ ဘေးရန်ကိုလဲ သတိနှင့် စောင့်ကြည့်ကာကွယ်ဖို့ လိုသေးတယ်။ ဒီလို အချိန်အခါမျိုးမှာ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ ပုတီးစိတ်၊ ဥပုသ်စောင့်တာကိုချည့် ဦးစားပေးလုပ်နေချင်ရင်တော့ အဲဒီလို ၀န်ကြီးတွေကို အနောက်ဖက်လွန် မင်းတရားကြီး လုပ်သလိုသာ လုပ်လိုက်ကြဖို့ ကောင်းပါတယ်ဟု ပြောကြားပါသည်။
တစုံတယောက်က အနောက်ဖက်လွန်မင်းတရားကြီးက ဘယ်လိုလုပ်ခဲ့ဖူးသလဲ အမိန့်ရှိပါအုန်း ဆရာကြီးရဲ့လို့ မေးလိုက်သဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အနည်းငယ်ဆိုင်ငံ့ပြီးမှ အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
အနောက်ဖက်လွန် မင်းတရားဆိုတာက အင်းဝ ညောင်ရမ်းမင်းတရားကြီးရဲ့ သားတော် ကြီး မဟာဓမ္မရာဇာဘွဲ့ခံ ဘုရင်ဖြစ်တယ်။ အောက်ပြည် ဒဂုံ၊ သံလျင်၊ မုတ္တမကစ တနင်္သာရီ ဇင်းမယ်ထိအောင် ပုန်ကန် ခြားနားသူများကို တိုက်ခိုက်အောင်မြင်ပြီး ဟံသာဝတီ ပဲခူးမြို့မှာ ခေတ္တ စံနေတယ်။ အဲဒီအချိန် ဗေဒင်အလိုအရ ချောင်းအနောက်ဖက်မှာ ယာယီစံနန်း ဆောက်ပြီး နေထိုင်တုန်း သားတော်မင်းရဲဒိဗ္ဗ လုပ်ကြံလို့ ကွယ်လွန်ခဲ့ရတယ်။ အဲဒါကို အကြောင်းပြုပြီး အနောက်ဖက်လွန် မင်းတရားရယ်လို့ ခေါ်တွင်တာပါဘဲ။
အဲဒီ အနောက်ဖက်လွန် မင်းတရားလက်ထက်မှာ အောက်ပိုင်းဒေသများဖြစ်တဲ့ ဒဂုံ၊ သံလျင်၊ မုတ္တမ စတဲ့နယ်များက ပုန်ကန်ခြားနားမှုတွေဟာ ပိုမိုကြီးမားလာတယ်။ အထူးသဖြင့် သံလျင်စား ကုလားငဇင်ကာတို့ တသိုက်က အဆိုးဆုံးပေါ့။ အင်အားစုပြီး အင်းဝအထိ တက်တိုက်ဖို့ ကြံစည်လာကြတယ်။ ဒါကြောင့် တူတော် မင်းသားတပါးကို ရဲမက်ဗိုလ်ပါများနှင့် အခြေအနေ စုံစမ်းရန် စေလွှတ်လိုက်တယ်။
ဘုရင့် တူတော်မင်းသားလဲ စစ်လှေကြီးတစင်းနဲ့ စုံဆင်းလာလို့ မင်းဘူးရောက်တဲ့အခါ ရွှေစက်တော်ဘုရားကို ဖူးမျှော်ချင်စိတ် ပေါက်လာတဲ့အတွက် လှေမှာ အစောင့်လောက်သာ ထားခဲ့ပြီး ရဲမက်ဗိုလ်ပါများနဲ့အတူ ဘုရားသွားဖူးတယ်။ ရွှေစက်တော်ဘုရားရောက်တဲ့အခါ စေတနာသဒ္ဓါပိုလာပြီး ၀ါတွင်းသုံးလ ဥပုသ်ရက်ရှည်စောင့်ပြန်တယ်။ ဥပုသ်ထွက်တော့မှ အခြေအနေ စုံစမ်းတဲ့အခါ ဒဂုံ သံလျင်ဖက်ဆီ ပုန်ကန်ခြားနားသူတို့ရဲ့ အင်အားဟာ ပိုမိုကြီးမား နေတဲ့အကြောင်း သိရတဲ့အတွက် အောက်ဖက်ကို ဆက်မသွားတော့ဘဲ အင်းဝကို ပြန်လာခဲ့ သတဲ့။
အင်းဝရောက်တော့ ရှင်ဘုရင်ကြီးက "ဘဲ့နဲ့လဲ တူတော်မောင် ကြာလှချည့်ကလား" လို့ မေးတဲ့အခါ "မှန်လှပါ တူတော်မောင် နိုင်ငံတော်အောက်ပိုင်းက ပုန်ကန်ခြားနားသူတို့ရဲ့ အခြေအနေကို စုံစမ်းရန်အသွား၊ မင်းဘူးရောက်တော့ ရွှေစက်တော်ဘုရား ၀င်ဖူးမျှော်လိုတဲ့ ဆန္ဒပြင်းပြလာလို့ ခေတ္တ ၀င်ဖူးပါတယ်။ ဘုရားရောက်တော့ စေတနာ ပိုမိုလာပြန်တဲ့အတွက် ၀ါတွင်းသုံးလ ဥပုသ်ရက်ရှည်စောင့်ပါတယ်။ ဥပုသ်ထွက်ပြီး မင်းဘူး ပြန်ဆင်းလာတဲ့အခါ ဒဂုံ၊ သံလျင်က ပုန်ကန်ခြားနားသူတို့ရဲ့ အင်အားဟာ ပိုမိုကြီးမားနေကြောင်း သိခဲ့ရပါတယ်" လို့ ဖြေကြားတယ်။
ဒီလိုဆိုရင် တူတော်မောင် "မင်းဘူးက အောက်ဖက်ကို မရောက်ခဲ့ဘူးပေါ့" လို့ ဘုရင်ကြီးက ထပ်မေးတော့ "မှန်လှပါ တူတော်မောင် မင်းဘူးအောက် မရောက်ခဲ့ပါဘူး" လို့ မင်းသားက ထပ်မံဖြေကြားတယ်။
အဲဒီတော့မှ ဘုရင်ကြီးက "တို့နိုင်ငံတော်ကြီးဟာ ဘိုးတော် ဘေးတော်တို့ လက်ထက် က တစုတပေါင်းထဲ ရှိခဲ့တယ်၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးများ အားလုံးဟာ လဲ ဧကရာဇ်မင်းတပါးထဲရဲ့ ထီးရိပ်အောက်မှာ စည်းစည်းလုံးလုံးနဲ့ ခိုလှုံနေကြတယ်။ အမျိုး ဘာသာ သာသနာရေးတွေဟာလဲ စည်ပင်ခန့်ညားခဲ့တယ်။ ဒါကြောင့်မို့ ပါတ်ဝန်းကျင် တိုင်းကြီးပြည်ကြီးများရှိ အမင်းမင်းတို့က လေးစားကြတယ်။ မကျူးကျော် မစော်ကားရဲကြဘူး၊ အကြည်တော် မဟာမိတ်များအဖြစ် လက်ဆောင်ပဏ္ဏာလဲလှယ် ပို့ဆက်ခြင်း ပြုခဲ့ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ကာလအနည်းငယ်ကစပြီး တိုင်းတပါးသား ကုလားဖြူ၊ ကုလားမဲများ ၀င်ရောက်လာကြပြီး သူတို့အကျိုးအတွက် တို့နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တို့တိုင်းရင်းသား လူမျိုးများကို အချင်းချင်း မညီညွတ်အောင် ကွဲပြားကုန်အောင် အမျိုးမျိုး ခြေထိုး သွေးခွဲကြတယ်၊ လက်နက်ပစ္စည်းများ ပေးပြီး အားပေးအားမြှောက် လုပ်ကြတယ်။
တိုင်းတပါးသားတို့ သွေးထိုးမြှောက်ပင့်ပေးတဲ့ အတွက်နဲ့ အချို့တိုင်းရင်းသားများ ကိုယ်တိုင်ရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပုန်ကန်ခြားနားမှုတွေကို ခမည်းတော်လက်ထက် ကလည်း နှိမ်နင်းပေါင်းစည်းခဲ့တယ်၊ ခမည်းတော်ဟာ သူ နတ်ရွာစံခါနီးမှာ ကျန်ဒေသတွေကို ဆက်လက်ပေါင်းစည်းဘို့ မှာကြားခဲ့တယ်။ ဒါကြောင့် ဦးကြီးတော် အနေနှင့်လဲ နိုင်ငံတော်ကို တပေါင်းတစည်းတည်း ဖြစ်အောင် ဆက်လက် လုပ်ဆောင်ရအုန်းမယ်၊ သံလျင်စား ကုလားငဇင်ကာတို့ကဆိုရင် ကျောင်းကန်ဘုရားတွေဖျက်၊ ကြေးဆင်းတု၊ ကြေးစည်၊ ကြေးခေါင်းလောင်းတွေ အရည်ဖျော် လက်နက်လုပ်လိုလုပ်ပြီး၊ ဘာသာ သာသနာကို ဖျက်ဆီးစော်ကား လာရုံမကဘူး အင်အားစုပြီ နေပြည်တော် အင်းဝကိုတောင် လုပ်ကြံဘို့ စီစဉ်နေတယ်လို့ ကြားတယ်။
အခုလို တိုင်းနိုင်ငံတော်အရေး၊ အမျိုးဘာသာ သာသနာတော်အရေးများက ဆောင်ရွက်စရာတွေ အလွန် အရေးကြီးနေတဲ့ အချိန်မှာ ကျုပ်တူတော်မောင်အနေနဲ့ ဘုရားတရား အာရုံပြုကာ ဥပုသ်သီလ စောင့်သုံးနေဘို့ကို ဆန္ဒပြင်းပြနေတော့ တိုင်းနိုင်ငံအရေးတွေ ဆောင်ရွက်ရမယ့် မြို့ပြထီးနန်းနဲ့ မသင့်တော်ပါဘူး။ ဥပုသ်သီလ စောင့်သုံးနေနိုင်မယ့် ကျောင်းကန်ဘုရားအနီးမှာ သွားနေဘို့သာ သင့်တော်တယ်။ ကိုင်း.... ဒါကြောင့် ကျွန်ပ်တူတော် မင်းသားနှင့် သူ့လူ နောက်ပါများပါ ဘုရားကို ခေါင်းလောင်းထိုးလှူလိုက်ကြ" လို့ မိန့်ကြားပြီး အတွင်းဆောင် ၀င်သွားသတဲ့။ အဲဒီအခါ မှူးကြီးမတ်ကြီးများက မင်းတရားကြီး အမိန့်အတိုင်း မင်းသားနှင့် သူ့လူများကိုပါ နန်းတော်တွင်းက ခေါင်းလောင်းထိုးပြီး ဘုရားကို လှူကြရတော့တယ်။
"မောင်တို့ တခုစဉ်းစားကြည့်၊ စစ်တခု ဖြစ်တယ်ဆိုရင် အိုးအိမ်မြို့ရွာတွေသာ ပျက်စီးတာ မဟုတ်ဘူး။ လူတွေလဲ အသက်ခန္ဓာဆုံးရှုံးခြင်း၊ စိတ်ဓါတ်ပျက်စီးခြင်းတို့လဲ ဖြစ်ကြစမြဲပဲ။ ဒါကြောင့် အခုလို စစ်ကြီးတခုပြီးကာစလဲဖြစ်၊ နှစ်တရာကျော် တိုင်းတပါးသား လက်အောက် ကျွန်သပေါက်ဘ၀ ကျရောက်ရာက လွတ်လပ်စ, လဲဖြစ်တဲ့ တို့နိုင်ငံမှာ အိုးအိမ်မြို့ရွာ အပျက်တွေကို ပြန်ပြင်ဘို့ အသစ်တည်ဆောက်ဘို့သာမက လူတွေရဲ့ ကိုယ်အင်္ဂါချို့ငဲ့မှုတွေ စိတ်ဓါတ်ပျက်ပြားမှုတွေကိုလဲ ပြုပြင်ဘို့လိုတယ်။ စီးပွါးရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးတို့အတွက်လည်း အများအပြား လုပ်ကိုင်ဆောင်ရွက်စရာ လိုနေသေးတယ်။ အဲဒီလို အစိုးရရဲ့ တာဝန်ဝတ္တရားတွေ များပြားနေတဲ့ အချိန်မျိုးမှာ ပုတီးစိတ် ဥပုသ်စောင့် နေချင်လှတဲ့ ၀န်ကြီးတွေကိုတော့ အနောက်ဖက်လွန်မင်းတရားကြီး လုပ်သလို ဘုရားကို ခေါင်းလောင်းထိုးလှူလိုက်ကြဘို့သာ ကောင်းပါတော့တယ်" ဟု မိန့်ကြားကာ ရယ်မောနေပါ တော့သည်။ ကျွန်တော်တို့လည်း မအောင့်နိုင်တော့ဘဲ ရယ်မောကြရပါသည်။
{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။
No comments:
Post a Comment