တကယ်တော့ ဂျမ်းနဲ့ ရေရေရာရာ ခင်မင်ရတာ သူပြည်ပကို ထွက်လာတော့မှ။ ဘယ်လ်ဂျီယမ်က သမီး ဒေါက်တာမိုးမိုးနှင်း ဆီ သူရောက်တော့ သူ ကိုယ့်ဆီကို ဖုံးခေါ်တယ်။ အမေရိကကိုရောက်တော့ LA ကို အရင်ရောက်တာမဟုတ်ဘူး။ အရှေ့ဘက်ခြမ်းက ၀င်လာ တာ။
ရန်ကုန်မှာက သူနဲ့ ဆုံစည်းမှုတွေ ရှိတတ်ကြပေမယ့် စကားလက်ဆုံ မပြောဖူးဘူး။ သူက တက္ကသိုလ်မြေမှာနေ၊ တက္ကသိုလ်မှာအလုပ် လုပ်၊ ကိုယ်ကလဲ နယ်ကျော်ပြီး စွယ်တော်ရိပ်က ကံ့ကော်ရိပ်အထိ သွားရောက်ကျက်စားသူ။ လိပ်ခုံးနောက် တင်းနစ်ကွင်းတွေ နားက လက်ဘက်ရည်ဆိုင်၊ ဘီအိုစီကောလိပ်၊ မိန်းထဲက ဦးချစ်လက်ဘက်ရည်ဆိုင်၊ တောင်ငူဆောင်ကင်တင်း၊ အီကိုကင်တင်း၊ လက်ဘက်ရည်ဆိုင်၊ ဆိုင်တကာ့ဆိုင် သူထိုင်တတ် သလို ကိုယ်လဲ ထိုင်တတ်တယ်လေ။ တခါတလေ သူ့ဝိုင်းထဲမှာ ကိုယ့်အပေါင်းအသင်းတွေ ရှိတတ်တော့ သွားနှုတ်ဆက်ရင်း သူ့ကို ဂါရ၀ပြုရတယ်။ သူ့စာတွေကို ကြိုက်၊ သူ့စာတွေနဲ့ ကြီးပြင်းရပြီး၊ ကိုယ်လေးစားချစ်ခင်တဲ့ ကဗျာဆရာကြီး ဖြစ်တာကိုး။
တညမှာ ဆရာဂျမ်းရဲ့ ပုဂံလမ်းက အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ခဲ့ရတယ်။ ရောက်သွားတဲ့အချိန်လဲ ကြည့်အုန်း။ ည ဆယ်နာရီကျော်နေပြီ။
ဆေးတက္ကသိုလ် (၂) မှာ ကျောင်းဆွေးဆွေး လူဆွေးဆွေး နေပြီးမှ ဆရာဝန်ဖြစ်သွားတဲ့ ဘော်ဒါတယောက်က အေး-ဆေးကုခန်းမှာ အလုပ်လုပ်တဲ့ သူ့မိန်းမ ဆရာဝန်မကို လာကြိုရင်း ရွှေဘုံသာလမ်းက ကိုယ့်စာအုပ်ဆိုင်ကို ၀င်လာတယ်။ ပြန်တော့ သူ့အိမ်မှာ အရက်လိုက် သောက်ဆိုပြီး တက္ကသိုလ်ရိပ်သာလမ်းက သူအိမ်ကို ခေါ်သွားတယ်။ ဒင်းမောင်းတဲ့ ကားစီးရတာ ဘုရားတ, နေရတယ်။ မာဇဒါဂျစ်ကို တော်တော်ကြမ်းကြမ်းမောင်းတာ။
သူ့အိမ်မှာ ခဏတဖြုတ် စားသောက်ပြီး ကိုယ့်ကို ပြန်လိုက်ပို့တော့ ဆရာဂျမ်းအိမ် ခဏ၀င်ရအောင်ဆိုပြီး ပုဂံလမ်းက အိမ်ကို ၀င်ကြတာ။
အနှစ် (၃၀) လောက် ရှိသွားပြီဆိုတော့ ပြန်စဉ်းစားကြည့်တာ မြင်ကွင်းက ခပ်ဝါးဝါးပဲ (အဲဒီတုန်းက မူးနေလို့ ခပ်ဝါးဝါး ဖြစ်ချင်လဲ ဖြစ်မှာပေါ့လေ)။ ဆရာနဲ့ ဘာတွေပြောကြလဲ မမှတ်မိတော့ဘူး။ စကားပြောတဲ့နားမှာ ကလေးတွေ ဆော့နေကြတာ မှတ်မိနေတယ်။ မိုးချိုသင်းတို့ မောင်နှမတွေ နေမှာပေါ့။
နောက်ပိုင်း ဆရာဂျမ်းကို သိတ်မတွေ့တော့ဘူး။ အင်းစိန်ကို ပြောင်းသွားတယ်ကြား တယ်။ လူကိုသာ မတွေ့တာ၊ သူ့အိမ်ရှေ့က ဖြတ်တိုင်း ပုံဆန်းတဲ့ သူ့အိမ်ကလေးကို ကြည့်မိတယ်။ ဒါလဲ ဒီဇိုင်းဆရာ, ဆရာရွှေ ကြောင့်နေမှာ။
ပိသုကာဌာနမှာ လက်ချိုးရေလို့ လက်ဆယ်ချောင်းမပြည့်တတ်တဲ့ ဆရာတွေထဲမှာ ပြောစမှတ်အဖြစ် တည်နေတတ်တဲ့ ဆရာရွှေက ဆရာဂျမ်းအိမ်ကို ပုံစံဆွဲတာတဲ့။ ကျနော်တို့ ထောင်ကထွက်တော့ ထောင်ထဲမှာ အားလုံးက ချစ်စနိုးခေါ်တဲ့ ကျနော်တို့ရဲ့ အပြာကြီးထိန် (ကိုဗဟိန်းအောင်ပေးတဲ့နာမည်) နာမည်ရင်းက (ကိုထိန်ဝင်းအောင်(ခ) ဗညားလင်း) ဟာ စက်မှုတက္ကသိုလ် ရှေ့မှာ 'နေ၀န်းနှင်းဆီ' ဆိုပြီး စာအုပ်အငှားဆိုင်ထွက်တယ်။ သူ့ဆိုင်ကို သွားရင် မျက်မှန်ထူကြီး ထဲကနေ ဖောက်ထွက်လာမတတ် စာကို စူးစိုက်ဖတ်နေတဲ့ ဆရာရွှေကို တွေ့ရတတ်တယ်။
ဆရာရွှေက ဦးတင်မိုးအိမ်ကို ဆောက်ပေးတယ်တဲ့။ ကာတွန်းသက်စု (ချစ်ချစ်)တို့ အိမ်နားမှာ။ ကြည့်လိုက်တော့ ကာတွန်းဆရာအိမ်က ရိုးရိုးပဲ။ ဒါပေမယ့် ကဗျာဆရာအိမ်က စနိုးဝှိက်ပုံပြင်ထဲက ဒဏ္ဍာရီဆန်ဆန် အိမ်ကလေးလို။ ကိုပြည့် (အောင်ပြည့်) တို့ အိမ်ကို ကျော်ပြီးမှ ဂျမ်းတို့ အိမ်ရောက်တယ်။
ပြည်ပရောက်ပြီးမှ သူနဲ့ ပို အထိအတွေ့များတယ်။ ဒါကြောင့်လဲ သူကွယ်လွန်တာ နှစ်နှစ်တောင် ရှိတော့မှာ ဖြစ်ပေမယ့် သူ့ကို မကြာခဏ သတိရနေတုန်း။ တိုက်ဆိုင်မှုတွေက အများကြီး ရှိခဲ့တယ်လေ။
ကိုချစ်ဆွေရဲ့ ပင်လုံထိပ်ထားဦး စန္ဒယားလက်သံကိုကြားရင် သတိအရဆုံးပဲ။ ကိုယ်တို့နှစ်ယောက် ဒီသီချင်းကို စာသားနဲ့ လိုက်ဆိုချင်လို့ သူက မှတ်မိသလောက် စာသားကို ရွတ်ပြ။ ကိုယ်က စာရွက်မှာချရေး။ (ခုတော့ ဒေါ်မာမာအေး ကျေးဇူးနဲ့ ကိုချစ်ဆွေရဲ့ မူရင်းအသံနဲ့ 'ပင်လုံထိပ်ထားဦး' ကို ရလိုက်တယ်၊ ဂျမ်းကို သတိရခြင်းနဲ့ အတူ အစ်မကိုလဲ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။)
ကိုယ်ကြားချင်တဲ့ သီချင်းတွေ ဂျမ်းက သူမှတ်မိသလောက် ပြန် ပြန် ဆိုပြတယ်။ တခါလဲ 'ဆံမြိတ်လဲပြေ ပန်းလဲကြေ' အကြောင်းပြောကြရင်း ကျောင်းသားပွဲတော်မှာ ကိုမြတ်လေး စပ်ခဲ့ ဆိုခဲ့တဲ့ သီချင်းတွေ ပြန်ဆိုပြတယ်။
San Diego Zoo သွားတော့၊ 'ပင်လုံထိပ်ထားဦး' ကို နှစ်ယောက်သား တော်တော် ဆိုဖြစ်ကြတယ်။ Zoo မသွားခင်ညက သူ့ကို ကိုယ်သွားခေါ်ပြီး ကိုယ့်အခန်းကလေးမှာ သိပ်တယ်။ မနက်စောစော နေမပူခင် ကိုယ်တို့ အိမ်က ထွက်ချင်လို့။
ကြိုတင် reserved လုပ်ထားတဲ့ Bal Boa Park Inn မှာ ပစ္စည်းအထုတ်အပိုးတွေ အရင်ချပြီး၊ Zoo မဖွင့်ခင် နှစ်ယောက်သား Zoo ရှေ့မှာ တန်းသွားစီလိုက်နိုင်တယ်။
"ဗုံရှည်... ဗုံရှည်တီးလို့၊ လင်ကွင်းသံစာစာဝေ... မောမောမြေ..."
"တို့များ တောင်သူတောင်သား... လယ်သမားယာသမားတွေ... အမျိုးသားအမွေ အနှစ်ခံယူကာ စိုးပိုင်တဲ့နယ်မြေ၊ လယ်လုပ်သူတိုင်း လယ်ပိုင်စေ...."
xxxx xxxx xxxx xxxx
နေ့တ၀က်လောက်ပဲ ကိုယ်တို့ Zoo ထဲ ပတ်ကြတယ်။ ဆရာက လူကြီးဆိုတော့ နေပူပြီး ပမ်းမှာစိုးလို့။ နေ့လည်စာ Zoo ထဲမှာပဲ စားကြတယ်။ ကိုယ်က စားပြီးတော့၊ နားပြီး ဆက်ကြည့်မလား၊ ပြန်မလားမေးတော့ ပြန်ချင်တယ်ဆိုတာနဲ့ တည်းခိုတဲ့ ဟိုတယ်ကို နေ့လည် နှစ်နာရီလောက်မှာ ပြန်ခဲ့ကြတယ်။
ဒါတောင် ဆရာက Zoo ပတ်ကြည့်တဲ့ နှစ်ထပ်ကားကြီးပေါ်မှာ ကြည့်ရင်း ငိုက်လာတာ။ သူ အိပ်နေရာက ကိုယ့်ကို တချက် လှမ်းမေးတယ်။ အဲဒါ ဘာကောင်တွေလဲတဲ့။ ကိုယ်လဲ သူပြတဲ့ဘက်ကို လှမ်းကြည့်လိုက်ပြီး သူ့မေးခွန်းကိုဖြေရင်း လူကို ပြန်လှည့်အကြည့်မှာ သူက ပြန်အိပ်ပျော်သွားပြီ။ ဆရာက ဒီလောက် မြန်တာ။ အဲဒီအကြောင်း စကားကြုံလို့ ကိုမိုးသူကို ပြန်ပြောပြတော့ ကိုမိုးသူကပြောတယ်။ အဲဒါမှ ဗဂျမ်း အစစ်တဲ့။
ဟိုတယ်ပြန်ရောက်တော့လဲ နေ့ခင်းကြီး သူမအိပ်ပါဘူး။ အခန်းရှေ့က ပန်းခြံကလေးမှာ ဆေးလိပ်သောက်ရင်း စကားတပြောပြောပေါ့။ နည်းနည်းအေးလာတော့ အခန်းထဲဝင်၊ ဆေးလိပ်သောက်ချင်လာပြန်ရင် အခန်းပြင် ပန်းခြံကလေးထဲ ထွက်သောက်။ ဒီလိုနဲ့နေရင်းက ကိုယ့်ကို မေးတယ်။ အခန်းထဲမှာ ဆေးလိပ်သောက်လို့ မရဘူးလားတဲ့။ ကိုယ်က မရဘူးဆရာဆိုတော့ ဘယ်သူ သိမှာလိုက်လို့ တဲ့။ အော် ဆရာရယ် လူက မသိပေမယ့် ဟောဟိုမှာ တပ်ထားတဲ့ 'မီးခိုးအချက်ပေး' က သိသွားပြီး ထမြည်မှာ ဆိုတော့... အော်.... တဲ့။
ညဘက်မှာ သူကျယ်ကျယ်ဝန်းဝန်း အိပ်ရအောင် သူ့ကို ခုတင်ပေါ် သိပ်ပြီး ကိုယ်က ခုတင်နဲ့ နံရံကြားက ကြမ်းပြင်ပေါ် ဆင်းအိပ်တယ်။ တရေးနိုးမှာ ကိုယ့်နှခေါင်းထဲ ဆေးပေါ့လိပ်နံ့ရလို့ ကိုယ် လန့်နိုးသွားတယ်။ ခြေရင်းကို လှမ်းကြည့်တော့ အခန်းတံခါးက ဟ, နေပြီး ဆရာ့ကိုယ်က အခန်းထဲ၊ ခေါင်းကို တံခါးပြင်ထုတ်ပြီး ဆရာ ဆေးလိပ်မီးခိုး ထုတ်နေလို့ ကိုယ့်မှာ ရီလိုက်ရတာ။ အပြင်မှာ အေးတော့ ဆရာ အခန်းပြင်ထွက် ဆေးလိပ် မသောက်နိုင်တာနဲ့ အခန်းထဲကနေ ကြံဖန်ပြီး ဒင်းမှာ ဆေးလိပ်သောက်ရရှာတယ်။
ဆရာက ဘောင်းဘီရှည်နဲ့ ရှူးဖိနပ်ကို အကျအန ၀တ်စားပြီးမှ အပေါ်က လုံချည်ကို တထပ်ဝတ်တာ။ အဲဒါက သူ့ စတိုင်။ Zoo ကပြန်လာတော့ အိမ်နားက Starbucks ကော်ဖီဆိုင်မှာ ကော်ဖီဝင်သောက်ကြတယ်။ ကားပေါ်ကနေ ဆင်းတော့ သူ့လွယ်အိပ်ကလေး ကို လွယ်တဲ့နေရာကနေ စုထုံးပြီး လက်က ကိုင်လာတယ်။ ပုဆိုးက အောက်မှာ ကွင်းလုံးကျွတ်ကျပြီး တရွတ်တိုက်လို့။ ဘောင်းဘီရှည်ဝတ်ထားတယ်ဆိုတော့လဲ အပေါ်က ပုဆိုးကျွတ်နေမှန်း သူဘယ်လိုလုပ်သိမလဲလေ။
ဆရာ ပုဆိုးက အောက်မှာ တရွတ်တိုက်နေပြီ ဆိုမှ ခပ်တည်ပဲ ကောက်ပြီး ပြန်ဝတ်လိုက်တယ်။
သူနဲ့ နောက်ဆုံးတွေ့ရတာ ၂၀၀၆ ဒီဇင်ဘာ ၂၅ (သူမဆုံးခင် တလ မပြည့်တပြည့်) မှာ ကိုယ့်ညီမအိမ်မှာ ဘုန်းကြီးဆွမ်းကပ်တော့ ဘုန်းကြီး ဦးဂုဏိဿရ နဲ့ သူ၊ အတူတူ လာကြတယ်။ ကျနော်က သူတို့ နှစ်ယောက်ကို နာမည်ပေးထားတယ်။ ယူဂျီနဲ့ဘီဂျီ (UG & BG) လို့။ U G က ဦးဂုဏိဿရ BG က ဗဂျမ်း မို့ပါ။
ယူဂျီနဲ့တွေ့တိုင်း ဘီဂျီ (BG) ကို တသသ ဖြစ်ဆဲပါ။
လွမ်းနေရတုန်းဘဲ ဂျမ်းရေ........
မောင်အေးဝင်း
၀၁၊ ၁၄၊ ၂၀၀၉

No comments:
Post a Comment