Thursday, May 6, 2010

နာရီပြင်ဆရာ၏အိမ်နီးချင်း
ရေးသူ- ဂျူး


{၂၀၀၀ မာယာတွင် ဖော်ပြပြီး ဖြစ်ပါတယ်}
သာမန်အားဖြင့်ဆိုလျှင်တော့ နာရီတလုံးကို သူ မမုန်းတတ်ပါ။ သို့သော် ဤကိစ္စမှာ တော့ လွန်လွန်းသည်။
သူ ဤအိမ်သို့ ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်း ကပ်လျက်ဖြစ်သော ကြောင့် ဝမ်းသာကျေနပ်ခဲ့၏။ သူ့မှာ မကြာခဏ ပျက်တတ်သော စားပွဲတင်နာရီတလုံး ရှိသောကြောင့် ဖြစ်သည်။ နောက်ပြီး နာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သဘောကျ သောကြောင့် ဖြစ်သည်။ နာရီပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်း မှတပါး မည်သည့်အလုပ်မျှ မလုပ်သူဖြစ်လိမ့်မည်။ သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျက်သား သို့မဟုတ် သားရေဖုံး ဘာသာရေး စာအုပ်တခုခု ကို ဖတ်လျက်သား တွေ့ရသည်။


နာရီပြင်ဆရာက ပြဿနာ မဖြစ်ပါ။ သူ့ နာရီများကသာ ပြဿနာ ဖြစ်နေ၏။
နာရီပြင်ဆရာ၏ အိမ်တွင် စားပွဲတင်နာရီမျိုးစုံ၊ တိုင်ကပ်နာရီမျိုးစုံ ရှိသည်မှာ သဘာဝ ကျသော ဖြစ်ရပ်တခုဟု သူလက်ခံသည်။ သို့သော် သူ့အိမ်နှင့် နာရီပြင်ဆရာအိမ်မှာ ခြံစည်းရိုး တလွှာသာခြားလျက် ဟိုဘက် သည်ဘက်ကပ်နေသည်က ဘယ်လိုမျှ ပြင်ဆင်၍မရသော တည်ရှိမှုတခု ဖြစ်၏။ ထိုတည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော သူ့ဒုက္ခမှာ သူအိပ်ရေး ပျက်ခြင်းပင် ဖြစ်သည်။
ဟိုဘက်အိမ်က နာရီများသည် သူ့ကို အကြီးအကျယ်တော့ အနှောင့်အယှက်မပေးကြ။ သို့သော် နာရီသံမျိုးစုံကြားနေရခြင်းသည် နှစ်သုံးဆယ်ကျော် ဒုက္ခပေးခဲ့သော (သူ့မိန်းမ၏) ဟောက်သံထက်ပင် နှောင့်ယှက်လေ့ရှိသည်။ ထရံတချပ်စီသာ ကာရံထားသောကြောင့် ဟိုဘက် အိမ်မှနာရီသံများသည် သူ့အိမ်ထဲသို့ အဆီးအတားမရှိ ဝင်ရောက်လာ၏။
ရောက်ခါစတုန်းကဆိုလျှင် လေးငါးညခန့် အိပ်ရာမှ နိုးနိုးလာတတ်၏။ နာရီများသည် တပြိုင်နက်ထည်း မမြည်ကြပဲ တမိနစ် သို့မဟုတ် မိနစ်ဝက်ခြားပြီး မြည်ကြသဖြင့် နာရီခုနစ်လုံး ရှစ်လုံး၏ ဆက်တိုက်မြည်သံမှာ အသံရှည်ကြီး ဖြစ်နေတာ့သည်။ သူဥာဏ်မီ သလောက် စဉ်းစားကြည့်သမျှတော့ နာရီတွေအချိန်မှန်လျှင်၊ ပြိုင်တူ မြည်ကြလျှင် အကြားအာရုံကို ခဏပဲ နှောင့်ယှက်ပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ ဆွေးနွေးကြည့်ဖူးသည်။
'ခင်ဗျားနာရီတွေက ပြင်လက်စမို့နဲ့တူတယ်၊ မိနစ်နည်းနည်းခြားပြီးထိုးကြတယ်ဗျ၊ ဒါဟာ နာရီမမှန်တဲ့သဘောမဟုတ်လား၊ တကယ်လို့ စံတော်ချိန်နဲ့သာ ကိုက်ညီရင်....'
ထိုအခါ နာရီပြင်ဆရာက ကလေးတယောက်ကို စိတ်ရှည်လက်ရှည် ရှင်းပြတော့မည့် မျက်နှာပေးဖြင့် ပြုံး၏။
'မဟုတ်သေးဘူးဗျ၊ ကျုပ်အနေနဲ့ ဘယ်နာရီက ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ သိဖို့လိုတယ်၊ ကျုပ်က နာရီတွေရဲ့ ထိုးသံကို ခွဲခြားပြီးသိတယ်၊ အသံအနှေးအမြန် အတိုး အကျယ်ရော နာရီအချိန်မှန် မမှန်ကိုရော အမြဲစောင့်ကြည့်ရတာကိုး၊ ဒီတော့ နာရီတွေကို တမင် အချိန်ခြားပြီး တိုက်ထားတယ်လေ၊ ဒါမှ ကျုပ် ထိုင်ရာက ထမကြည့်ပဲ ဘယ်နာရီက သံပတ်နည်းနေပြီလဲ၊ ဘယ်နာရီက ဆံခြည်မကောင်းဘူးလဲ၊ ဘယ်နာရီက ထိုးစက်မကောင်း ဘူးလဲ ခွဲခြားပြီး သိရမှာပေါ့'
သေလိုက်ပါတော့ကွာ၊ ဘယ်လောက် ယထာဘူတကျသော နှောင့်ယှက်မှု တခုပါလိမ့်။ သူ ရယ်မောလျက် လက်ခံခဲ့ရသည်။
နောက်ပိုင်း လအနည်းငယ်မှာတော့ နာရီသံများနှင့် နေသားတကျ ဖြစ်သွားလေတော့ သည်။
နာရီသံများသည် သူ့အတွက် သာယာသော အိပ်ရာဝင် ဂီတသံစဉ် များလို ဖြစ်လာ သည်။ လေတိုက်ခတ်မှု နှုန်းကိုလိုက်၍ နာရီသံ အတိုး အကျယ် ပြောင်းလဲလာသောအခါ ထိုအသံများသည် သူ့အတွက် နားထောင်၍ ချိုမြသောဂီတသံဖြစ်လာ၏။
နာရီပြင်ဆရာနှင့် အိမ်နီးချင်းဖြစ်ရခြင်းကြောင့် ရရှိလာသောဒုက္ခထဲတွင် နာရီပြင်ဖို့ လူကြုံပေးခံရခြင်းလည်း ပါဝင်၏။
လက်ပတ်နာရီလို၊ စားပွဲတင်နာရီလို ဝန်မကျယ်လှသော နာရီမျိုးဆိုလျင် ပြဿနာမဖြစ် သော်လည်း တိုင်ကပ်နာရီလို ကြီးကြီးမားမား ဝန်ထုပ် ဝန်ပိုးမျိုးကျတော့သူ့အနေနှင့် ကူညီဖို့ တော်တော်စဉ်းစားရသည်။ သိပ်မရင်းနှီးသူများဆိုလျင်တော့ အကြောင်းပြချက်တခုခုပေးကာ ခပ်ပြုံး ပြုံးငြင်းဆန်နိုင်၏။ သို့သော် အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေဆိုလျင် သူအားနာပါးနာ လက်ခံ၍ လူကြုံပေးပစ္စည်းကို သယ်ယူလာရတော့သည်။(ကံအကြောင်း မလှစွာပင် ဤ နာရီပြင်ဆရာသည် ဤမြို့ပေါ်တွင် တိုင်ကပ်နာရီများကို ပြန်လည်ပြင်ဆင်ခြင်း၊ ရောင်းဝယ်ခြင်း တို့၌ အပိုင်နိုင် အကျွမ်းကျင်ဆုံး ဖြစ်နေပေသည်။)
သူ နောက်ဆုံး သယ်ပေးခဲ့သည်မှာ အလွန်စိတ်ညစ်ညူးဖွယ်ကောင်းသော တိုင်ကပ် နာရီတလုံး ဖြစ်သည်။ (ဤနာရီ၏နောက်တွင် မည်သည့် နာရီကိုမျှ လူကြုံအဖြစ် မသယ်ရဲ တော့ပေ။)
ထိုနေ့က သူ သယ်ခဲ့သောနာရီကြီးမှာ အတော်ကြီး၏။ သူ့စိတ် အထင်တော့ နာရီ၏ အရှည်မှာ နှစ်ပေခွဲလောက်ရှိမည်။ (တကယ်တော့ နာရီကြီးသည် သုံးပေနီးပါး ရှိ၏။) နာရီ မျက်နှာပြင် ဒိုင်ခွက်က အဝိုင်းကြီး၊ ဒိုင်ခွက်၏ ဘေးဘောင်ကို ရှစ်နားညီ ဗဟုဂံပုံစံ ဖြစ်အောင် သစ်သားပြား ကွပ်ထားသည်။ ဂဏန်းကွက်များမှာ ရောမဂဏန်းများ ဖြစ်သည်။ လက်တံ အရှည်နှင့် လက်တံ အတို(မိနစ်လက်တံနှင့် နာရီလက်တံ)မှာ ဗဟိုမှပြုတ်ကျနေပြီး နာရီ ဒိုင်ခွက်နှင့် မှန်၏အကြားတွင် နာရီလှုပ်ရှားတိုင်း တဂျောက်ဂျောက်မြည်အောင် နေရာရွေ့လျား လျက် ရှိကြသည်။ နာရီအိမ်ကတော့ ချိန်သီးအိမ်အထိ တဆက်တည်းလေးထောင့် အရှည်ကြီး ဖြစ်နေသည်။ အနှစ်နှစ်အလလ မပြုပြင် မမွမ်းမံဘဲထားပုံမျိုးဖြင့် နာရီအိမ် သစ်သားအရောင်မှာ ခပ်မွဲမွဲဖြစ်ပြီး ဖုန်တက်နေသေး၏။
ဤ ကြီးမားလှသော နာရီကိုးရိုးကားရားကြီးကို လူကြုံပေးလိုက်သော မိတ်ဆွေအား သူ ကျိတ်၍ ကျိန်ဆဲမိလိုက်သည်မှာ အိမ်ပြန်ရာလမ်း၏ ခရီးတဝက်၌ ဖြစ်သည်။ ဂုန်လျှော်အိတ် အဖြူဖြင့် သေသေသပ်သပ် ထုပ်ပိုးချည်နှောင်ပေးလိုက်သော နာရီကြီးသည် လူအရှုပ်ဆုံး နေရာ ဖြစ်သော ရုပ်ရှင်ရုံရှေ့ရောက်သော် အသံကျယ်လောင်စွာ ထိုးတော့သည်။
ပထမတော့ မျှော်လင့်မထားသော အနီးကပ် အသံကြီးကြောင့် သူလန့်ဖျပ်သွား၏။ သို့သော် ပထဆုံးအသံ မပျောက်မီပင် ဤနာရီကြီးမှ ဖြစ်ရမည်ဟု သူသိလိုက်သည်။ အသံကြီးက ကြီးမားကျယ်လောင်လှ၏။ ထို့အပြင် အက်ကွဲကွဲကြီးဖြစ်သည်။ ထိုအချိန်မှာ ညနေ ၅ နာရီမခွဲမီ ၁ဝ မိနစ် အလိုခန့်ဖြစ်သည်။ ဘယ်လို နာရီအမျိုးအစားမျှ အသံမ မြည်သင့်သည့်အချိန် ဖြစ်သည်။ ထို့ကြောင့်လည်း သူအံ့သြတုန်လှုပ်သွားခြင်းဖြစ်၏။ သို့သော် ဤနာရီကြီး ပျက်နေပေသည်။
လက်ဖက်ရည်ဆိုင်မှလူများ၊ ရုပ်ရှင်ရုံရှေ့မှ လူများ၏ စိတ်ဝင်တစား အကြည့်တို့ကြောင့် သူ့မျက်နှာ ပူနွေးကာ ရှက်ရွံ့ သွားမိလေသည်။ သူဆွဲလာသော လက်ကိုင်ကွင်းတပ် ဂုန်လျှော် အိတ် အဖြူကြီးထဲတွင် ဤနာရီကြီးပါမှန်း မသိသူတို့အဖို့မူ ဤအသံသည် ထူးဆန်းအံ့သြ ဖွယ်ရာ ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူခြေတလှမ်းလှမ်းတိုင်း နာရီကြီးက ဒုံကနဲ အသံမြည်နေခြင်းပင်ဖြစ်၏။ သူ ချွေးပြန်လာကာ ယောင်မှားစွာ ခြေလှမ်းရပ်တန့်လိုက်၏။ ထို အချိန်တွင် ခုနှစ်ချက်ခန့် ကျယ်လောင်စွာ အော်မြည်ပြီးသော နာရီသံသည် ရပ်တန့်သွားသည်။
'အင်း....ဒါဟာ ငါ့ခြေလှမ်း လှုပ်ရှားမှုကြောင့် အထဲကစက်တွေ ကပြောင်းကပြန် ဖြစ် သွားတာများလား' ဟု သူ ပထမဆုံးအကြိမ် ကြောင်တောင်တောင် တွေးမိသွား၏။ ရှေ့ဆက် ပြီးလှမ်းလိုက်လျှင် ဒါကြီးက ထပ်ပြီး မြည်ဦးမလား။
ထိုအချိန်တွင် သူ ခြေတလှမ်းလှမ်းဖို့ တော်တော်စဉ်းစားယူရ၏။ လူအားလုံး သူ့အား ဝိုင်းကြည့်နေသည်ဟူသော မလုံမလဲအတွေးဖြင့် သူ စိတ်ကျဉ်းကျပ်လျှက် ရှိသည်။
အိုကွာ.....ငါခြေလှမ်းလှမ်းလို့ နာရီမြည်တော့ရော ဘာဖြစ်သေးလဲ။ နာရီတလုံးဟာ သူမြည်ချင်တဲ့အချိန်မှာ အသံမြည်ခွင့်ရှိတာပဲ။ ညနေ ၅ နာရီပေမယ့် ခုနှစ်ချက်ထိုးတော့ ဘာဖြစ်သေးလဲ။ ရှစ်ချက်ထိုးတော့ရော ဘာဖြစ်သေးလဲ။ အခုလို ရပ်လိုက်တာကမှ လူတွေအတွက် စိတ်ဝင်စားစရာဖြစ်နေဦးမယ်။
သူ အားတင်း၍ ခြေလှမ်း စတင်လှမ်းသည်။
ထိုအချိန်မှာပင် ဒုံကနဲကျယ်လောင်သော ထိုးသံပေါ်လာ၏။ သူ ထူပူ တုန်လှုပ်သွားကာ ခြေလှမ်းတုန့်ကနဲ ရပ်ပစ်လိုက်၏။ ထိုအချိန်မှာပင် နာရီသံကလည်း ရပ်သွားပြန်လေသည်။ နောက်ထပ်ခြေလှမ်းလျှင် မြည်ဦးမလား မသိ။ မဖြစ်ဘူး။ ဒီနာရီသံရပ်သွားအောင် လုပ်ဖို့ တနည်းနည်းတော့ရှိရမယ်။
သူသည် သက်မဲ့နာရီတလုံးကို လှည့်ဖြားရန် အကြံရသွား၏။ ထို့နောက် ဂုန်လျှော် အိတ်ကိုဖွင့်ကာ အထဲမှ ဧရာမနာရီကြီးကို ခဲခဲယဉ်းယဉ်း ထုတ်ယူလိုက်၏။ ထို့နောက်နာရီ၏ ချိန်သီးအိမ်က အပေါ်ရောက်ပြီး နာရီမျက်နှာပြင်ဝိုင်းက အောက်ရောက်သွားအောင် နာရီကိုဇောက်ထိုး ထည့်ပစ်လိုက်၏။ အထဲမှာ ထည့်ထားသော ကြေးချိန်သီးအပြားဝိုင်းကြီး ၏ လှုပ်ခတ်တိုက်ခတ်သံ ခဏကြားရပြီးနောက် အသံငြိမ်သွားသည်။
ကိုင်း.....ဒီအထဲက စက်တွေပြောင်းပြန်ဖြစ်ကုန်ပြီ။ ဒါကြီးလည်း အသံ မြည်တော့မှာ မဟုတ်ဘူး။
သူသည် ဇောက်ထိုးဆွဲထားသော နာရီကြီးကိုငုံ့မကြည့်ရဲဘဲ ခြေလှမ်းကို စတင်လှမ်း လိုက်လေသည်။ သူလေးငါးလှမ်းခန့် လှမ်းလိုက်ပြီးချိန်မှာပင် ကျယ်လောင်သောမြည်သံသည် ဆက်တိုက် ပေါ်လာလေတော့သည်။ သူ့မျက်နှာ ရှုံ့မဲ့သွားပြီးနောက် တယောက်တည်း ရှက်ရယ် ရယ် မိတော့၏။
ထိုနာရီကပေးသောဒုက္ခသည် ဤအချိန် ကတည်းက စတင်ခဲ့ပေသည်။ သူသည် ပင်စင်ယူပြီးကတည်းက နံနက် ၇ နာရီမှ ညနေ ၅နာရီ အထိ မြို့ထဲက စည်ပင်သာယာ ဈေးကြီးတွင် ကုန်ခြောက်ဆိုင် သွားဖွင့်ရောင်းနေသူ ဖြစ်သောကြောင့် ဤနာရီသည်သူ့အား ညကျမှ ဒုက္ခပေးလေသည်။
အခြား နာရီပေါင်းများစွာ၏ မြည်သံထိုးသံနှင့် သူရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်လည်း ဤ နာရီကြီး၏ အသံကိုတော့ သူဘယ်လိုမှ သည်းညည်း ခံ၍မရ။ နာရီပြင်ဆရာနှင့် အိမ်နီးချင်း ဖြစ်ပြီးကတည်းက နာရီပေါင်းများစွာ၏ ထိုးသံကို သူကြားဖူးလှပြီ။ ဤနာရီလောက် အောက်ကလိအာသံမျိုး တခါမှမကြားဖူးပေ။
နာရီပြင်ဆရာ၏ အိမ်ရှိ အချို့နာရီများသည် ဒင်.....ဒင် ဟုအသံမြည်၏။ အချို့က ဒေါင်.....ဒေါင်ဟု အသံမြည်၏။ တချို့က တိန်....တိန် ဟုအသံ ခပ်သေးသေး မြည်၏။ သံစုံနာရီ များလည်းရှိသည်။ ဂီတသံလို အသံ အနိမ့်အမြင့်ဖြင့် တော်တော် နားထောင်ကောင်းလှသည်။ သို့သော် ဤနာရီကျတော့ ဒုံခနဲ အသံမြည်၏။ မြည်ပုံကလည်းတမျိုး။ ဒုံဟူသော အသံ၏နောက်တွင် ဂျရစ် ဂျရစ် ဟူသောတုန်သံတခု ပါသေး၏။ သူတော့ ဤနာရီသံကြားလျင် သွားကျိန်းလှသည်။ ဘယ်နိုင်ငံကများ ဤနာရီမျိုး တီထွင်လိုက်ပါလိမ့်။ အသံကတော့ တော်တော်မာန်ထန်ပြီး ကျယ်လောင်သည်။ တော်ရုံသွေးကြောင်သူဆိုလျင် တိတ်ဆိတ်သော ညမှာ ထိုအသံကြောင့် နှလုံးတုန် ရင်ခုန်သွားနိုင်၏။
သူသည် ဤနာရီကြီးကို နာရီပြင်ဆရာအား ကိုယ်စားအပ်ပေးပြီးသည့်နောက် တပတ်တိတိ ဘယ်လိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ချေ။

••••

တညနေမှာ သူ၏ သစ်ပင်များ ရေလောင်းပေါင်းမြက်သင်ချိန်ကို ဖျက်၍ နာရီပြင် ဆရာ၏အိမ်သို့ သူ ကူးသွားလိုက်၏။
သူ့အား အသံဖြင့်နှိပ်စက်နေသေးသော သူမှတ်မိနေသည့် နာရီကြီးမှာ အားလုံးထဲတွင် အကြီးဆုံး၊ နံရံတွင်မားမားကြီး ချိတ်လျက်ရှိ၏။ နာရီအိမ် သစ်သားမှာ အညိုရင့်ရောင် ဆေးသုတ်ထားပြီး ဒိုင်ခွက်ကလည်း ဖြူဖွေးကာ သစ်လွင်တောက်ပနေ၏။ အင်း.... ဒါကြီးကို ပြင်ဆင် မွမ်းမံပြီး ပြီပေါ့။
'နေကောင်းရဲ့လားဗျ'
နာရီပြင်ဆရာသည် သူ့ကိုတွေ့တိုင်း နေကောင်းရဲ့လားဟု ပဋိသန္ဓာရ စကားဖြင့် နှုတ်ဆက်လေ့ရှိသော်လည်း ဤအိမ်ပြောင်းပြီးမှ သူတခါမျှ မဖျားနာဖူးမှန်း နာရီပြင်ဆရာ သိပါသည်။
'ကောင်းပါတယ်ဗျာ'
ည အိပ်မပျော်တာတခုပဲ ဟု သူဆက်ပြောချင်သေးသော်လည်း ပြောမထွက်ပေ။ သူက ဟိုဘက်အိမ်ကနေ အိပ်ရေးပျက်နေရလျှင် နာရီပြင်ဆရာအဖို့ မည်သို့ရှိမည်နည်းဟု ကိုယ်ချင်းစာလိုက်သောကြောင့် ဖြစ်သည်။
'ဟိုနာရီကြီးက အသံတော်တော်ကျယ်တယ်နော်' ဟု သူ စကား စလိုက်သောအခါ နာရီပြင်ဆရာက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ခေါင်းညိတ်၏။
'အေးဗျ၊ ခင်ဗျားသယ်လာတဲ့ နာရီကြီးလေ၊ သူ့ထိုးစက် သံချောင်းတွေက တော်တော် သန်ပြီး တုတ်တယ်ဗျ၊ အသံမာတာပေါ့ဗျာ'
'အဲဒါ ဘယ်နိုင်ငံက လုပ်တာလဲ'
နာရီများကို သိတ်စိတ်မဝင်စားသူ သူ့ထံမှ ဤမေးခွန်းကို ကြားရသောအခါ နာရီပြင်ဆရာက မျက်ခုံးပင့်ကြည့်ကာ သဘောကျသွားဟန် တူပါသည်။
'အမေရိကန်ပေါ့ဗျာ'
အံ့သြစရာပါပဲ။ သူသည် အမေရိကန်ပြည်ထောင်စုကို ယခင်က အလွန် အထင်ကြီး ခဲ့သည်။ ယခုတော့ တိုင်ကပ်နာရီတလုံးကြောင့် အမေရိကန် နာမည်ပျက်ရပေတော့မည်။ အင်းလေ...... နှစ်ပေါင်းများစွာ ကြာပြီး နောက် ဤနာရီသည် နဂိုက ပစ္စည်းချည်း မည်သို့ဖြစ် နိုင်မည်နည်း။ မြန်မာပြည်တွင် ပြုလုပ်ဖန်တီး၍ ပြင်ဆင် ထည့်သွင်းသောပစ္စည်းရော မဖြစ်နိုင် ဘူးလား။
'စက်သောမ (Set Thomas) အမျိုးအစားဗျ၊ သိပ်ကောင်း တယ်၊ ခိုင်တယ်၊ ဟိုတုန်းက နာမည်ကြီးပေါ့ဗျာ၊ ရွှေဈေး အစိတ်တုန်းက ငါးဆယ်ပေးရတဲ့ နာရီအမျိုးအစားဗျ'
ဤ နာရီပြင်ဆရာ၏အကျင့်မှာ သူ့နာရီများ (သို့မဟုတ်) သူကိုင်တွယ် ပြင်ဆင်ရသော နာရီများကို တန်ဖိုးပြောပြတိုင်း ယခင်နှစ်ပေါင်းများစွာက ရွှေတကျပ်သား ဈေးဖြင့်နှိုင်းယှဉ် လေ့ရှိသည်။
'ဟောဟို ခင်ဗျားနောက်က နာရီကိုကြည့်၊ အဲဒါ ဂျာမဏီနိုင်ငံက လုပ်တာ'
သူ့နောက်လှည့်ကြည့်လိုက်တော့ သူ့နောက်နံရံမှာ မင်းဂွတ်သီးရောင် ဖျော့ဖျော့နုနု လေးထောင့်နာရီတလုံးကို မြင်ရသည်။
'သိပ် အသံသာတဲ့ နာရီ၊ ကျုပ်ကိုင်ဖူးသမျှ သံစုံနာရီတွေထဲမှာတော့ အကောင်းဆုံးပဲ'
နာရီဒိုင်ခွက် မျက်နှာပြင်မှာ ငွေရောင်ဖြစ်ပြီး မောင်ကိုနှင့်ညီများဟု ခံ့ထည်သော မြန်မာစာလုံး ပါသည်။
'မောင်ကို ဟုတ်လား၊ ဂျာမဏီဆိုဗျ'
'အေးလေ၊ ဒါက မြန်မာနိုင်ငံရောက်မှရေးတဲ့ နာမည်ဖြစ်မှာပေါ့၊ ဂျာမဏီကုမ္ပဏီနဲ့ ဆက်သွယ်ပေးတဲ့ မြန်မာကုမ္ပဏီနာမည် ဖြစ်ချင်ဖြစ် မယ်လေ၊ တကယ်တော့ ဒီနာရီရဲ့ စက်မှာ ဂျာမဏီလို့ရေးထားတာပဲ'
သူ သိပ်နှစ်သက်သော သံစုံတီးခတ်မှုမှာ ဤနာရီမှဖြစ်လိမ့်မည်ဟု သူမှန်းဆကြည့်မိ၏။ ချိန်သီးအိမ်၏ ရှေ့မှန်က ထုကောင်းပြီး ရှေးက ကြည့်မှန်ပြုလုပ်သော နိုင်ငံခြားမှန် အမျိုး အစားဟု ထင်သည်။ အထဲက ချိန်သီးမှာ သတ္တုရောင်လက်နေပြီး ဖြည်းလေးစွာ လွှဲယမ်းနေ၏။
'ဒီကောင်က ၁၅ မိနစ်တခါထိုးတာလေ'
သေချာသည်။ သူအနှစ်သက်ဆုံးနာရီမှာ ဤနာရီဖြစ်ပေသည်။
'ဘယ်သူ့နာရီလဲဗျ'
'ကျုပ်ဝယ်ထားလိုက်တာဗျ၊ နှစ်နှစ် ရှိပြီ၊ ကိုးရာနဲ့ဝယ်ထား လိုက်တာ'
သူအံ့သြသွား၏။ ပုံစံခပ်ဟောင်းဟောင်း ရှေးတိုင်ကပ်နာရီတလုံး။ ကိုးရာတန်ဘိုးရှိမှန်း သူမသိခဲ့ပေ။
'ဈေးများလှချည်လား'
ထိုအခါနာရီပြင်ဆရာက သဘောကျစွာရယ်၏။
'အဲဒီနာရီကို နှစ်ထောင်နဲ့ လာဝယ်တဲ့သူရှိတယ်၊ ကျုပ်မရောင်းဘူး၊ သံစုံနာရီချင်းယှဉ် ရင်လည်း သူကသာတယ်၊ ဒီကောင့်အသံက ခုခေတ် ဂျပန်သံစုံနာရီထိုးသံတွေလို ကလက် တက်တက် မဟုတ်ဘူး၊ ခံ့ညားတယ်'
သူတအံ့တသြပြုံးမိသည်။
'ခုချိန်ထိ နှစ်နှစ်ရှိပြီ၊ တခါမှ ပြန်မပြင်ရသေးဘူး၊ သူ့ထိုးစက်ချောင်းတွေက ကြေးချောင်း တွေလေ၊ သံချောင်းမဟုတ်ဘူး၊ သံချေးမတက်ဘူး၊ အက်သံမပါဘူး လိုဏ်သံပေါက်ပြီး ကြည်လင်နေတယ်၊ ရွှေဈေးအစိတ်တုန်းက တရာ့အစိတ်ပေးရတဲ့ နာရီပဲဥစ္စာ၊ ခင်ဗျားစဉ်းစား ကြည့်လေ.... အခု ရွှေဈေးနဲ့များ တွက်ကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက်အဖိုးတန်သလဲဆို တာ'
ဤလူသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လာသော စက်မှုသိပ္ပံ ပညာကို ထည့်တွက်ဟန်မတူပေ။
ဤကိစ္စထက်အရေးကြီးသည်မှာ အသံကျယ်လောင်လွန်းလှသော အမေရိကန်နာရီကြီး ၏ ပြဿနာဖြစ်သည်။
'အဲဒီ အမေရိကန်ကြီးကော ပြင်ပြီးသွားပြီလား၊ ပြန်ယူရင်တော့ သူ့ဟာသူ လာယူပါစေ ဗျာ၊ ကျွန်တော် အဲဒါကြီးနဲ့ နောက်တကြိမ် လမ်းမှာ ဒုက္ခမရောက်ချင်ဘူး'
ထိုအခါ နာရီပြင်ဆရာက ပြုံး၏။
'ကျုပ် အဲဒီနာရီကို ဝယ်လိုက်ပြီဗျ၊ ပြင်ခ မတတ်နိုင်လို့ ငွေလဲလို နေလို့ဆိုပြီး တနေ့ကပဲ ကျုပ်ကို အပြီးရောင်းသွားတယ်လေ၊ ကြည့်စမ်းပါဦးဗျာ.... ဘယ်လောက် ကြီးမားခံ့ညား လိုက်သလဲလို့'
'မြတ်စွာဘုရား'
လက်စသတ်တော့ ဤနာရီသံ၏ ဒုက္ခကို သူတသက်လုံး ခံစားနေရတော့မှာပါလား၊ သူလုံးဝစကားမပြောနိုင်ပဲ ငိုင်ကျသွားတော့သည်။
ထိုအချိန်မှစ၍ ဤအမေရိကန်နာရီကြီးသည် သူ့အား ညစဉ် အနှောင့်အယှက်ပေး လေသည်။ ဒီအသံကြီးနဲ့ နာရီပြင်ဆရာ ဘယ့်နှယ့် လုပ်ပြီး အိပ်ပျော်ပါလိမ့်မလဲ။ အင်းလေ... သူက ၇ဝ ကျော် အဘိုးကြီးပဲ၊ နားလေးနေတာလဲ ဖြစ်နိုင်တာပေါ့။ ဤနာရီသံကတော့ သူတို့ တရပ်ကွက်လုံး နာရီထကြည့်စရာမလိုအောင် အသံမြည်လှသည်။ မန္တလေးမြို့တော်ခန်းမမှ နာရီထိုးသံလို သာယာသောဂီတသံ ဆိုလျှင်တော့ ပြောစရာမရှိပါ။ ယခုတော့ အက်ကွဲသံကြီး ဒုံကနဲမြည်ပြီးတိုင်း နောက်ဆက်တွဲ ဂျရစ် ဂျရစ် အသံကြီးမှာ သူ့အား သွားကျိန်းစေပေသည်။
ရက်မှလသို့ ချဉ်းကပ်လာသည့်တိုင်အောင် သူ့အား ဤနာရီက အနှောင့်အယှက် ပေးဆဲ။ သူအိပ်ရေးမဝပဲ နိုးလာရပေါင်း များလာသောအခါသူ မလှုပ်ရှားချင်သလိုလို၊ ညောင်းညာနာကျင်သလိုလို၊ မူးဝေနောက် ကျိသလိုလို ဖြစ်လာသည်။ မကြာခဏ ဆေးခန်း သွားပြပြီး ဆေးထိုးခံရသည်။
'အဲဒီ နာရီကြီးကို ခင်ဗျားပြန်ရောင်းမယ်ရော စိတ်ကူးသေးလား'
'ဟာ..... ရောင်းမှာပေါ့ဗျာ၊ ကျုပ်အတွက် ဟောဟို သံစုံနာရီ ရှိနေရင် ပြီးရော'
သို့သော် ဤမျှ ကြီးမားလေးလံသော ပုံစံခပ်တုံးတုံး နာရီကြီးကို အသံမကြားရဘဲနဲ့ တောင် ဝယ်ချင်သူရှိမှာမဟုတ်ဟု သူလောင်းရဲသည်။
သူထင်သည့်အတိုင်းပင် ဤနာရီကြီးသည် နာရီပြင်ဆရာ၏ အိမ်တွင် မားမားကြီး ချိတ်ထားခံရဆဲ၊ ညစဉ် ဝတ္တရားအဖြစ် သူ့အား လေးလံသော စောင်ခြုံထဲအထိ အသံကြောင် ကြီးဖြင့် နှောင့်ယှက်ဆဲသာဖြစ်သည်။ ကြာတော့ နာရီကြီးကို သူ ခါးခါးသီးသီး မုန်းတီးလာ သည်။
နေစမ်းပါဦး၊ ဤကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရန်နည်း တခုခုတော့ ရှိရမှာပေါ့။ အကောင်းဆုံးနည်းမှာ ဤနာရီကြီးကို ရိုက်ခွဲဖျက်ဆီးပစ်ဖို့ပဲ သူစိတ်ပေါက်ပေါက်ဖြင့် တွေးမိ သေးသည်။
ထိုးစက်သံချောင်းတွေက သန်မာပြီးတုတ်တယ်ဆိုပဲ၊ အဲဒါတွေကို ပျော့တဲ့သံချောင်း ခပ်သေးသေးဖြင့် လဲခိုင်းရလျှင် ကောင်းမည်။ သို့သော် ဤကိစ္စသည် သူ့အဖို့တော့ သူများ ကိုယ်ရေးကိုယ်တာထဲ ဝင်စွက်ခြင်းသာဖြစ်သည်။ ဒါဟာ သူ့နာရီမှ မဟုတ်ဘဲ။
သို့မဟုတ် သံချောင်းကို လာထုသော (ကြေးသတ္တုဖြင့်ပြုလုပ်သည့်) တူကလေးကို အသံသိပ်မကျယ်အောင်လုပ်တဲ့နည်း ရှိချင်ရှိမှာပေါ့။ ဥပမာ-တူကလေးကို သင်္ဘော ဆေးသုတ်ခြင်း၊ သို့မဟုတ် စက္ကူပတ်ခြင်း၊ ထို့နောက် သူ့အတွေးသူ သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ မဟုတ်သေးပါဘူးလေ။
တိုင်ကပ်နာရီတလုံးမှာ စက်နှစ်မျိုးပါမှန်း သူသိသည်။ နာရီသွားသောစက်၊ နာရီထိုးသောစက်ဟူ၍ ဖြစ်သည်။ နာရီကို သံပတ်ပေးလျှင် နာရီပြင်ဆရာသည် ဒိုင်ခွက် အောက်မှ အပေါက်နှစ်ပေါက်ထဲသို့ သော့တံဖြင့် ထိုးသွင်းလှည့်ယူ၍ သံပတ်ပေးတာ မြင်ဖူးသည်။ ထိုးစက်သံပတ်ကုန်လျှင် နာရီသံ ကြားရတော့မှာမဟုတ်ဘူး။ ဤအချက်က သေချာသည်။ သူပျော်ရွှင်သွား၏။ သို့သော်.....
နောက်ဆုံးတွင် သူသည် တခုတည်းသော နည်းလမ်းကိုသာ စဉ်းစား၍ ရ၏။
'ခင်ဗျားနာရီကို ဘယ်လောက်ရရင် ရောင်းမလဲဗျ..... ဟင်'
နာရီပြင်ဆရာက သူ့ကိုတအံ့တသြမော့ကြည့်ကာ
'ခင်ဗျား လိုချင်လို့လား' ဟုမေးသည်။
'အေးဗျာ'
သူ့အသံမှာ အားနည်းလှသည်ကို နာရီပြင်ဆရာက ဂရုထားမိဟန် မတူပါ။ အားရပါးရ ပြုံးရယ်လျှက် လက်ဖဝါးနှစ်ဖက်ကို ကျေနပ်စွာပွတ်သပ်ကာ ခေါင်းတဆတ်ဆတ်ညိတ် လေသည်။
'ခင်ဗျားယူရင်တော့ လျှော့ပေးမှာပေါ့ဗျာ၊ နှစ်ရာ့ငါးဆယ်ပဲ ပေးပါ'
တော်ပါသေးရဲ့၊ ရွှေဈေးအကြောင်းမပြောပေလို့။ သူစိတ်သက်သာရာ ရသွားသည်။ ငွေနှစ်ရာ့ငါးဆယ်မှာ နောက်ထပ်ဆေးခန်း ၅ ခါ သွားရလျှင် ကုန်မှာပဲ။ ဤနာရီကို ဝယ်ယူလိုက် ခြင်းအားဖြင့် ဆေးခန်းသွားရမည့် ဒုက္ခမှ လွတ်မြောက်လျှင် သူ့အတွက်တော့ ကျေနပ်နှစ်သိမ့် ဖွယ်ရာ ဖြစ်ပေသည်။
'ခင်ဗျား အိမ်နံရံမှာ ကျုပ်လိုက်ပြီး ချိတ်ပေးပါ့မယ်၊ တခါတလေ နာရီတွေက ချိတ်ပုံ ဟန်မကျရင် မသွားချင်ဘူးဗျ၊ ဒေါင်လိုက်တည့်တည့် မဟုတ်ပဲ နည်းနည်းစောင်းသွားရင် စက်မမှန်ချင်ဘူး'
ကျေးဇူးကြီးမားလှပါသည်။ သို့သော်ဤကိစ္စမှာ သူ့အတွက် အရေး မကြီးလှပါ။
'ထိုးစက်သံပတ်က ဘယ်ဥစ္စာလဲဗျ'
'ဟောဒီဘက်က ဟာပေါ့၊ ခင်ဗျား တခါသံပတ်ပေးထားပြီးရင် တပတ်လောက် အနည်းဆုံးမေ့ထားလို့ရတယ်၊ သူ့သံပတ်က အော်ရီဂျင်နယ်တွေ၊ အက်ရာဆက်ရာ ဘာမှမရှိ ဘူး၊ သန်သလားမမေးနဲ့'
နာရီပြင်ဆရာသည် သံပတ်ပေးပုံ ပေးနည်းကအစ အသေအချာ ပြသသွား၏။
သူသည် နာရီသံပတ်ကို ဂရုတစိုက်ပေး၏။ ထိုသို့ သံပတ်ပေးရာတွင် သွားစက်သံပတ် ကိုသာ ပေးလျက် ထိုးစက်သံပတ်ကို အမြဲတမ်း ချန်လှပ်ခဲ့သည်။ ထို့ကြောင့် နာရီသည် လုံးဝ မထိုးတော့ချေ။ ဤသို့ဖြင့် နာရီကို ဝယ်ယူပြီး တပတ်အကြာတွင် သူ သက်တောင့်သက်သာ အိပ်ပျော်သွား သောအကျင့်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ဘဝတွင် သူမုန်းတီးသော အရာဝတ္ထုတခုကို အပိုင်ဝယ်ယူ ပစ်လိုက်ခြင်းမှာ ဤတကြိမ်သာ ရှိသေးသည်။

ဂျူး

စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်များ(အာဖဂန်နစ္စတန်၊ ၁၉ ရာစု- ၂၀ ရာစု)
ဘာသာပြန်သူ - အုတ်လှငယ်(မြသန်းတင့်)



[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]

၁၉ ရာစုနှစ်တုန်းက အလယ်ပိုင်း အာရှတိုက်ကို စိုးမိုးရန်အတွက် ဂရိတ်ဗြိတိန် နှင့် ဇာဘုရင် ရုရှားတို့သည် အာဖဂန်နစ္စတန်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို ရုဒ်ယတ်ကစ်ပလင်းက 'မဟာ ကစားပွဲကြီး' ဟု အမည်ပေးခဲ့သည်။ ယနေ့ခေတ် ကစားသူများ ဖြစ်သည့် အင်အားကြီးနိုင်ငံများ၏ လက်ထက်တွင်မူ အာဖဂန်နစ္စတန်မှ မဟာကစားပွဲကြီးသည် အပြီးသတ်ပွဲကို ကစားနေပြီဟု ယူဆရသည်။ ယခုပွဲတွင်မူ ယခင်က ကစားခဲ့သူများသည် ဘေးသို့ရောက်သွားကာ ပွဲကြည့်ပရိသတ်များ ဖြစ်နေလေပြီ။ သူတို့သည် ကစားပွဲကို စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ယခုပွဲတွင် ပါဝင်ကစားသူများမှာ တခါက စစ်တုရင်ရုပ်များ ဖြစ်ခဲ့သည့် အာဖဂန် လူမျိုးများကိုယ်တိုင် ဖြစ်သည်။
ကစ်ပလင်း၏ ခေတ်တုန်းကမူ ဂရိတ်ဗြိတိန်သည် မိမိတို့ အုပ်စိုးသည့် အိန္ဒိယ ပထ၀ီတိုက်ငယ်ကို ၀င်ရာ တံခါးပေါက်ဖြစ်သည့် အာဖဂန်နစ္စတန်ပြည်၏ ကိုင်ဘာတောင်ကြားကို ရုရှတို့လက်သို့ မကျစေရန် စစ်ပွဲ နှစ်ပွဲကို တိုက်ခိုက်ခဲ့ဖူးသည်။ စစ်အေးခေတ်တွင်မူ ၀ါရှင်တန်နှင့် မော်စကိုတို့သည် တတိယကမ္ဘာ့နိုင်ငံတခုဖြစ်သော အာဖဂန်နစ္စတန်တွင် လာ၍ အားပြိုင်နေကြသည်။ သို့ရာတွင် ဆိုဗီယက်တို့၏ ရုပ်သေးရုပ် ဖြစ်သော နာဂျီဘူလာ အစိုးရပြုတ်ကျသွားသည်နှင့်အတူ တတိယကမ္ဘာတွင် ဖြစ်နေသော ဆိုဗီယက်နှင့် အမေရိကန်တို့၏ စစ်အေးတိုက်ပွဲ တပွဲသည် အဆုံးသတ်သွားခဲ့လေပြီ။
မည်သည့်ဘက်က ကြည့်ကြည့် အမေရိကန်တို့ အဖို့မူ ၀မ်းသာစရာပင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တုန်းက ရုရှားသည် အာဖဂန်နစ္စတန်ရှိ ကွန်မြူနစ်အစိုးရကို ထောက်ခံရန်အတွက် အာဖဂန်နစ္စတန်ကို ၀င်ရောက် သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က သမ္မတ ကာတာသည် စိတ်ဆိုးမာန်ဆိုး ကန့်ကွက်သည့်အနေဖြင့် ၁၉၈၀ ပြည့်နှစ် မော်စကို အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ခဲ့သည်။ ထို့နောက်မှစ၍ ၀ါရှင်တန်သည် ဒေါ်လာသန်းပေါင်း ၂၀၀၀ တန်ဖိုးရှိသည့် လက်နက် ခဲယမ်းမီးကျောက်များကို အာဖဂန်နစ္စတန်ရှိ မူဂျာဟစ်ဒင် သူပုန်အစု အသီးသီးသို့ ထောက်ပံ့ခဲ့သည်။ မူဂျာဟစ်ဒင် သူပုန်အစုများသို့ သမ္မတကာတာလက်ထက်က ပေးပို့ခဲ့သော ထောက်ပံ့မှုတန်ဖိုး မှာ သန်းသုံးဆယ်ဖိုးခန့်သာ ရှိသော်လည်း သမ္မတရေဂင် လက်ထက်သို့ ရောက်သည့်အခါတွင် ပခုံးထောက်၍ ပစ်ရသည့် စတင်းဂါးဒုံးကျည်များ အပါအ၀င် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို အောတိုက်ပို့ပေး ခဲ့သည်။ အာဖဂန်သူပုန်များသည် ထို စတင်းဂါးဒုံးကျည်များဖြင့် ဆိုဗီယက်အစိုးရ လေယာဉ်ပေါင်း ၂၅၀ တို့ကို ပစ်ချနိုင်ခဲ့သည်။
နာဂျီဘူလာ ပြုတ်ကျသွားပြီးနောက် အစ္စလာမ် အစိုးရအဖွဲ့ တက်လာသည့်အခါတွင် နောက်လှမ်းရမည့် ခြေလှမ်းများမှာ နည်းနည်းတော့ ရှုတ်ထွေးသည်။ ၀ါရှင်တန်သည် နာဂျီဘူလာ ပြုတ်ကျသွားသည်ကို ၀မ်းသာသည်။ သို့ရာတွင် မော်စကိုနှင့် မိမိတို့နှစ်ဦး (၀ါရှင်တန်နှင့် မော်စကို) တို့ အာဖဂန်နစ္စတန်ရှိ သူပုန် အစုစုအသီးသီးထံသို့ လက်နက်တင်ပို့ ထောက်ပံ့ခြင်းမပြုရန် သဘောတူပြီးနောက်တွင်မူ ၀ါရှင်တန်သည် မူဂျာဟစ်ဒင် အစုများပေါ်တွင် သြဇာမညောင်းတော့ဘဲ ဖြစ်လာကာ သူပုန်အုပ်စုအချင်းချင်း တိုက်ခိုက်ကြမည့် အာဏာလုပွဲကြီးကို စိုးရိမ်နေခဲ့သည်။ (နောက်ပိုင်းတွင် သူပုန် အုပ်စုချင်း တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်) အထူးသဖြင့် အလယ်အလတ်ကျသူ မာဆွတ်နှင့် ပြင်းထန်သူ ဟက်မာတီယာတို့၏ အစုနှစ်ခုကြားတွင် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်ခဲ့သည်။ (နောင်တွင်လည်း စိုးရိမ်ခဲ့သည့်အတိုင်း တိုက်ပွဲများ ဖြစ်ပွါးလာခဲ့သည်) နာဂျီဘူလာ ပြုတ်ကျသွားသည့်အခါတွင် ၀ါရှင်တန်ရှိ ပြောရေးရှိသူက 'သင်တို့တွင် အာဏာလဟာနယ်ကြီးတခု ဖြစ်သွားသည်။ ပရမ်းပတာမှုများ ပေါ်ပေါက်လာနိုင်သည်။ အကြမ်းဖက်မှုများ မဖြစ်ပါစေနှင့်' ဟု ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံခဲ့သည်။
သို့ရာတွင် အာဖဂန်နစ္စတန်သည် များစွာ ကံမကောင်းလှပါ။ ကာဘူး မြို့သိမ်းတိုက်ပွဲသည် သွေးထွက်သံယို များလှပါသည်။ အယ်လဇန္ဒြား ဘုရင်ဖြစ်စေ၊ ဂျင်ဂျစ်ခန် ဖြစ်စေ၊ ဆိုဗီယက်တပ်မတော် ဖြစ်စေ၊ မည်မျှ အင်အားကြီးသော စစ်တပ်ကိုမဆို အာဖဂန်လူမျိုးများသည် ခုခံ တိုက်ခိုက်မည်သာ ဖြစ်ပါသည်။
'အာဖဂန် လူမျိုးတွေဟာ ဘယ်လိုရန်သူမျိုးကိုပဲ ဖြစ်ဖြစ် ခုခံတိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြား ကျူးကျော်သူ မှန်သမျှကို အသေအလဲ တိုက်ကြတယ်။ နောင်တော့ သူတို့အချင်းချင်းလည်း ပြန်တိုက်ကြတာပဲ' ဟု ကာဘူးတွင် အမေရိကန် သံအမတ် လုပ်ခဲ့သည် ရောဘတ်နယူးမင်းက ပြောခဲ့ဖူးသည်။
အာဖဂန်နစ္စတန် နိုင်ငံသည် လူမျိုးစုတွေ ရောနှောနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ အကယ်၍သာ ယခုကဲ့သို့ အစုချင်း ရေရှည် တိုက်ခိုက်နေပါက အာဖဂန်နစ္စတန်တွင် နောက်ထပ် 'ဘော်လကန် ဇာတ်သွင်းမှု' တွေ ဖြစ်ပွါးလာမည်ကို ၀ါရှင်တန်က စိုးရိမ်နေသည်။ ဘလူချီ လူမျိုးစုများသည် အီရန်နှင့် ပါကစ္စတန် နိုင်ငံများအတွင်းသို့ စိမ့်ဝင် အံကျလာနေကြသည်။ ပထန်လူမျိုးစုများသည် ပါကစ္စတန်အနောက်မြောက်ပိုင်းသို့ စိမ့်ဝင်လာနေကြသည်။ တားဂျစ်နှင့် ဥဇဘက် လူမျိုးစုများသည် ယခင် ဆိုဗီယက် ယူနီယံအတွင်းသို့ ကူးလူး နေကြသည်။ သို့ဖြင့် အာရှအလယ်ပိုင်းတွင် မငြိမ်သက်မှုများ ပေါ်ပေါက်လာနိုင်သည်။ ကွန်မြူနစ်ဝါဒ မရှိသည့် နောက်တွင် အစ္စလာမ်သည် အရေးကြီးသည့် ပြဿနာတရပ် ဖြစ်လာခဲ့သည်။ နယ်စပ်တွင်ရှိသော မျိုးတူစု အချင်းချင်း ဆက်သွယ်မှုရှိပြီး နောက်ထပ် နိုင်ငံရေး ပေါင်းစည်းမှု အသစ်များ ဖြစ် မဖြစ် ဆိုသည်ကိုလည်း မည်သူမျှ မပြောနိုင်သေး။
'ပဲစေ့ တစေ့တော့ ကျသွားတာပဲဗျ၊ အဲဒီ ပဲစေ့က ဘယ်လောက် အပင်ကြီးကြီး ပေါက်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်သေးဘူး' ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ရန်ပုံငွေဌာနမှ လူမျိုးစုရေးရာ ကျွမ်းကျင်သူတဦး ဖြစ်သည့် ပေါဂိုဘယ်က ပြောသည်။
သို့ဖြင့် အာဖဂန် အင်အားစု အသီးသီးတို့သည် သူတို့နိုင်ငံကို တစုတည်း ပေါင်းစည်းရန် ကြိုးစားလျက် ရှိကြပါသည်။ ကာဘူး မြို့ပြင်ဘက်တွင် သူတို့သည် ယခင်က အစိုးရ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် စကားပြောနေကြသော်လည်း ကာဘူးမြို့ အတွင်းတွင်မူ ဒေါသတကြီးဖြင့် ရန်ဖြစ်နေကြသည်။ (နောင်တွင် လက်နက်ကိုင် တိုက်ခိုက်လာခဲ့ကြသည်) "အာဖဂန်နစ္စတန်နိုင်ငံဟာ မကူးစက်ဘဲနေမယ့် ရောဂါမျိုး မဟုတ်ဘူး" ဟု အရှေ့အလယ်ပိုင်းရေးရာ ကျွင်းကျင်သူတဦးက ပြောခဲ့သည်။
တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲလျှင် မည်မျှအခြေအနေဆိုးနိုင်ကြောင်းကို ရှည်ရှည်ဝေးဝေး ကြည့်ရှုစရာ မလိုပါ။ ၁၉၇၈ ခုနှစ်က အာဖဂန်နစ္စတန်တွင် ဆိုဗီယက်တို့ ထောက်ခံသည့် အာဏာသိမ်းပွဲ ပေါ်ပေါက်ခဲ့သည်။ နောက် လအနည်းအကြာတွင် အီရန်မှ ရှားဘုရင် ပြုတ်ကျသွားခဲ့သည်။ တီဟီရန်တွင် အနောက်တိုင်း ဆန့်ကျင်သူများက အမေရိကန်သံရုံးကို စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့မှာပင် ကာဘူးတွင် ရှိသည့် အမေရိကန် သံအမတ် အဒေါ်ဒတ်ကို ကားပေါ်မှ ဆွဲချကာ သတ်ပစ်လိုက်ကြသည်။
ယခုအချိန်တွင် ပထ၀ီ နိုင်ငံရေး အခြေအနေသည် ပို၍ ရှုတ်ထွေးလာခဲ့သည်။ အာရှတိုက် အလယ်ပိုင်းတွင် ဆိုဗီယက် ယူနီယံသည် မရှိတော့။ သို့ရာတွင် မတည်ငြိမ်သော အစ္စလာမ် အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသသည် ယမ်းအိုးကြီး ဖြစ်လာနိုင်သည်။
အာဖဂန်နစ္စတန်နိုင်ငံ စည်းလုံး ညီညွတ်ရေးသည် အားလုံး၏ အကျိုးဖြစ်သည်။ သို့ရာတွင် စည်းလုံး ညီညွတ်မှု ရရန်မှာ သိပ်လွယ်သည့် ကိစ္စမဟုတ်ပါ။ ၁၃ နှစ်ကြာ ဖြစ်ခဲ့သည့် ပြည်တွင်းစစ်ပွဲ ဒဏ်ရာ ဒဏ်ချက်ကလည်း ကြောက်စရာ ကောင်းပါသည်။ လူပေါင်း တသန်း သေခဲ့ပြီး ကျေးရွာအားလုံး၏ သုံးပုံတပုံ ပျက်စီးခဲ့ရပါသည်။ လမ်းများ ပျက်စီးခဲ့ရပါသည်။ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးတို့ ဆုံးရှုံးခဲ့ရပါသည်။
အာဖဂန်နစ္စတန်သည် စစ်တုရင်ခုံတခုံ ဖြစ်သည်။ ယခင်က ထိုခုံတွင် စစ်တုရင်သမားများ ကစားခဲ့ကြသည်။ ယခု ထိုခုံတွင် စစ်တုရင်ရုပ်တွေ ကိုယ်တိုင် ကစားနေလေပြီ။

ရည်ညွှန်း။ Time, May, 11, 1992.

အုတ်လှငယ် (မြသန်းတင့်)
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၂၊ ဒီဇင်ဘာ]

Wednesday, May 5, 2010

ဟိုင်းဂိတ်သုသာန်
ရေးသူ-မြလူ





[ ၁၃၆၇ ၀ါဆိုလဆန်း ၂ရက်၊ 2005 July 7 ထုတ၊် မာယာက ပြန်လည် ကူးယူဖော်ပြပါတယ်]




လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်၏။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကို ရောက်ရောက်ချင်း မိတ်ဆွေ အင်္ဂလိပ်လင်မယား ပထမဆုံး လိုက်ပို့သည့် နေရာကို ယခုထိ အမှတ်ထင်ထင် ရှိနေသည်။ ယင်းကား အခြားမဟုတ်။ လန်ဒန်မြို့ က သင်္ချိုင်းတခု ဖြစ်၏။ မြန်မာနိုင်ငံတွင် ဧည့်သည်ကို ခရီးရောက်မဆိုက် သင်္ချိုင်းအလည်အပတ် လိုက်ပို့လေ့မရှိ။ မိတ်ဆွေအင်္ဂလိပ်လင်မယားကမူ ရောက်စေချင်လွန်း၍ ထင်၏။ ထိုသင်္ချိုင်းသို့ တကူးတကန့်ကို လိုက်ပို့၏။ သူ့ဓလေ့ကို လေးစားပေမဲ့ စိတ်ထဲတွင် အတော် ကလေးတော့ ကသိကအောက် ဖြစ်မိ၏။ မြန်မာတဦးပီပီ သင်္ချိုင်းကို သွားရောက်လည်ပတ် ထိုက်သည့် နေရာဟု လက်ခံရန် ၀န်လေးနေသည်။

မကြာခင် လန်ဒန်မြောက်ပိုင်းရှိ သင်္ချိုင်းသို့ ရောက်၏။ စင်စစ် ထိုသင်္ချိုင်းမှာ သာမည သင်္ချိုင်း မဟုတ်။ မတ်ဝါဒ တီထွင်ခဲ့သူ မျက်မှောက်ခေတ် ကွန်မြူနစ်စနစ်ဖခင်ကြီး ကားလ်မတ် Karl Marx (၁၈၁၈-၁၈၈၃)ကို မြှုပ်နှံထားရာ သမိုင်းဝင် ဟိုင်းဂိတ် Highgate သုသာန်ဖြစ်၏။ ကားလ်မတ်ခေါင်းချ ရာ သုသာန်ဖြစ်၍လည်း ဟိုင်းဂိတ်သုသာန်မှာ ပို၍ ထင်ရှား၏။ လာရောက်လည်ပတ်သူလည်း များ၏။ ကားလ်မတ်အုတ်ဂူကိုကြည့်ရင်း စောစောက ကသိကအောက်အတွေးတွေ ဘယ်ရောက်သွားမှန်းမသိ။
ဂျာမဏီနိုင်ငံဖွား ကားလ်မတ်၏ ဂုဏ်ပုဒ်တွေကို ကမ္ဘာ့စာနယ်ဇင်းတွေက ဖော်ပြရာ၌ ဂျာမန် တွေး ခေါ်ရှင်ကြီး၊ လူမှုပညာရှင်ကြီး၊ သမိုင်းပညာရှင်ကြီး၊ နိုင်ငံရေးဘောဂဗေဒ ပညာရှင်ကြီး စသဖြင့် ဖော်ပြလေ့ရှိ၏။ စင်စစ် ကားလ်မတ်သည် ၁၉ရာစုတွင် ပေါ်ပေါက်ခဲ့သည့် သြဇာကြီးမားသော ဆိုရှယ်လစ်တွေးခေါ်ရှင်ကြီးလည်း ဖြစ်၏။
သို့သော် ကားလ်မတ်၏ ဘ၀ဇာတ်သိမ်းပိုင်းမှာ မလှ။ ဥရောပက နှင်ထုတ်ခံရပြီးနောက် လန်ဒန်တွင် အခြေချရင်း သူ့မိသားစုနှင့်အတူ ကွယ်လွန်ချိန်ထိ ရုန်းကန်ခဲ့ရသည်။ ထိုအချိန်တွင် ပရပ်ရှား အာဏာပိုင်တွေကလည်း ကားလ်မတ်ကို လက်မခံဘို့ ဗြိတိသျှအာဏာပိုင်တွေကို ဖိအားပေး၏။ သို့သော် ဗြိတိသျှဝန်ကြီးချုပ် ဂျွန်ရပ်ဆဲ John Russel က အဆိုပါဖိအားပေးမှုကို လက်မခံ။ ၀န်ကြီးချုပ်ဂျွန်ရပ်ဆဲမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ယုံကြည်သူ ဖြစ်၏။ ထို့ကြောင့် ကားလ်မတ်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို တန်ဘိုးထား၏။ ကားလ်မတ်ကို သူ့အတွေးအခေါ် သြဇာကြီးမှန်း သိလျက်နဲ့ လန်ဒန်တွင် နေခွင့်ပေးခဲ့သည်။ အာဂ၀န်ကြီးချုပ် ဖြစ်၏။
ကားလ်မတ်ကို မြှုပ်နှံသည့်နေရာမှာ သူ့အရင် ၁၅ လစောကွယ်လွန်သည့် ဇနီးသည် ဂျယ်နီကို မြှုပ်နှံသည့် နေရာပင်ဖြစ်၏။ ၁၈၈၃ ခု မတ်လ ၁၇ ရက် တွင် ကားလ်မတ်ကို ဟိုင်းဂိတ်သုသာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်၏။ အုတ်ဂူထက်မှ ကားလ်မတ်၏ ခေါင်းပိုင်းပုံတူရုပ်ထုကို ကြည့်ရင်း ကားလ်မတ်ဈာ ပနတွင် ပြောခဲ့သည့် ဖရက်ဒရစ်အိန်ဂျယ်၏ မိန့်ခွန်းတပိုင်းတစကို ကြားယောင်မိ၏။
ဖရက်ဒရစ်အိန်ဂျယ်မှာ ကားလ်မတ်၏ သူငယ်ချင်းလဲဖြစ် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည့်အပြင် မျက်မှောက်ခေတ် ကွန်မြူနစ်ဝါဒကို ကားလ်မတ်နှင်အတူ စတင်တွေ့ရှိခဲ့သူ ဂျာမန်ဆိုရှယ်လစ်တဦးလည်း ဖြစ်၏။ သူ့ဈာပနမိန့်ခွန်း၌ မတ်၏လေ့လာတွေ့ရှိချက်တွေကို ဗြိတိသျှ သဘာဝဗေဒပညာရှင်ကြီး ချားလ်စ်ဒါဝင်၏ လုပ်ရပ်တွေနှင့် နှိုင်းယှဉ်အမွှန်းတင်ထား၏။
"ဒါဝင်က အော်ဂဲနစ်သဘာဝနိယာမ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနိယာမတရားကို ရှာဖွေတွေ့ရှိခဲ့သလို မတ်ကလဲ လူ့သမိုင်းဖွံ့ဖြိုးမှုတရားကို တွေ့ရှိခဲ့သူ ဖြစ်ပါတယ်...မတ်ဟာ သူ့ခေတ်မှာ အမုန်းအခံရဆုံး အသရေပျက်အောင် အပြောအခံရဆုံး ပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။ အစိုးရတွေက သူ့ကို ပြည်နှင်ဒဏ်ပေး တယ်။ ခေါင်းပုံဖြတ် ဘူဇွာလူတန်းစားက သူ့ထက်ငါ မတ်အကြောင်း မကောင်းပြောကြတယ်... ဒါပေမယ့် သူကွယ်လွန်တော့ သန်းချီတဲ့ တော်လှန်ရေးအလုပ်သမားတွေရဲ့ လေးစာမှု မြတ်နိုးမှုကို ခံရတယ်။ မတ်ကိုဆန့်ကျင်သူတွေ များကောင်းများပေမယ့် ပုဂ္ဂိုလ်ရေးမကျေနပ်တဲ့ ရန်သူရယ်လို့ သူ့မှာ မရှိဘူးဆိုတာ ကျွန်တော်ရဲရဲပြောဝံ့ပါတယ်" စသဖြင့် အိန်ဂျယ်က ပြောခဲ့၏။
လန်ဒန်မြို့က သမိုင်းဝင် ဟိုင်းဂိတ်သုသာန်တွင် မြှုပ်နှံထားသူများအနက် ကားလ်မတ်အပြင် အခြားထင်ရှားသည့် ပုဂ္ဂိုလ်တွေလည်း ပါ၏။ စာပို့တံဆိပ်ခေါင်း စတင်တည်ထွင်ခဲ့သူ ဆာရိုးလန်းဟေး Sir Rowland Hill (၁၇၉၅-၁၈၇၉)၊ စာရေးဆရာမကြီး ဂျော့အီးလီယော့ George Eliot (၁၈၁၉-၁၈၈၀) သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေး Michael Faraday (၁၇၉၁-၁၈၆၇) စသည့်ပုဂ္ဂိုလ်တွေ ဖြစ်၏။ တချိန်က စာတွေနှင့်သာ ရင်းနှီးခွင့်ရခဲ့သည့် ထိုသမိုင်းဝင် ပုဂ္ဂိုလ်အားလုံးကို တပေါင်းတည်း တနေရာ ထည်းတွင် တွေ့လိုက်ရတော့ မိမိကိုယ်ကို မိမိမယုံနိုင်။ သုသာန်ကို လည်ပတ်ရကျိုးနပ်ပြီဟုပင် သွေးနထင်ရောက်မိ၏။
အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေဆိုလျင် အထက်တန်းကျောင်းသားဘ၀ ကတည်းက ရင်းနှီးခဲ့သူ ဖြစ်၏။ လျှပ်စစ်ဓါတ်ထုတ်ပေးသည့် ဒိုင်နမိုကို စတင်တီထွင်သူ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး အဖြစ် ထင်ရှား၏။ ဂျော့ အီးလီယော့ ဆိုလျင် The Mill on the Floss (၁၈၆၀)၊ Silas Marner (၁၈၆၁)၊ Middle March (၁၈၆၂) စသည့် ၀တ္ထုများနှင့် ကြော်ကြားခဲ့သည့် အင်္ဂလိပ်စာရေးဆရာမကြီး ဖြစ်၏။ အမည်ရင်းမှာ Mary Ann Evans ဖြစ်၏။ Silas Marner ဆိုလျင် ကျောင်းသုံးအဖြစ် မြန်မာနိုင်ငံတွင် တချိန်က ပြဌာန်းခဲ့ဘူးသဖြင့် လူသိများသည့် ၀တ္ထု ဖြစ်၏။ ယနေ့ခေတ် စာပို့စနစ် အကြောင်းပြောမည်ဆိုလျင်လည်း ဆာရိုးလန်းဟေးကို ချန်ထား၍ မရ။ ဆာရိုးလန်းဟေးမှာ စာပို့ တဆိပ် ခေါင်း စတင်တီထွင်သူအဖြစ် ထင်ရှား၏။




တွက်ကြည့်လျင် စာရေးဆရာမကြီး ဂျော့အီးလီယော့က ကားလ်မတ်ထက် သုံးနှစ်စော ကွယ်လွန် ၏။ ဆာရိုးလန်းဟေးက ကားလ်မတ်ထက် လေးနှစ်စော ကွယ်လွန်၏။ မိုက်ကယ်ဖာရာဒေးက ကားလ်မတ်ထက် ၁၆ နှစ်စော ကွယ်လွန်၏။ ထိုသူတို့အနက် ကားလ်မတ်သည် မြန်မာတို့နှင့် အရင်းနှီး ဆုံး ဖြစ်မည်ထင်၏။ အထူးသဖြင့် ကားလ်မတ်၏ အတွေးအခေါ် အယူအဆကို အနည်းနှင့်အများ ဆိုသလို ဖတ်ဖူးလေ့လာဖူးသူတွေ မြန်မာနိုင်ငံ၌ များ၏။
ခုတော့ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေးကို သူကွယ်လွန်ပြီး ၁၂၆ နှစ်ရှိမှ တွေ့ခွင့်ကြုံ ရ၏။ ဂျာမန်တွေးခေါ်ပညာရှင်ကြီး ကားလ်မတ်ကိုလည်း သူကွယ်လွန်ပြီး နှစ်ပေါင်း ၁၁၀ ရှိမှ တွေ့ခွင့်ရ၏။ သို့သော် အဆိုပါ ပညာရှင်တွေနှင့် တွေ့ရချိန်တွင်ကား စကားပြောခွင့် မရတော့။ သူတို့ အုတ်ဂူရှေ့မှာ ခြေစုံရပ်ရင်း ရောက်တတ်ရာရာသာ တွေးခွင့်ရတော့၏။
စင်စစ် သင်္ချိုင်းသည် သင်္ချိုင်းသာ ဖြစ်၏။ ဆင်တဲဝချောင်းထိပ်က သင်္ချိုင်းသည်လည်း သင်္ချိုင်းသာ ဖြစ်၏။ လန်ဒန်က ဟိုင်းဂိတ်သုသာန်လည်း သင်္ချိုင်းသာဖြစ်၏။ သို့သော် ဆင်တဲဝချောင်းထိပ်က သင်္ချိုင်းကို လူတွေ လာမလည်ကြ။ ဟိုင်းဂိတ်လို သင်္ချိုင်းကိုမှ ဘာကြောင့် လူတွေ လာရောက်လည် ပတ်နေရသလဲ မေးစရာ ရှိ၏။ ဟိုင်းဂိတ်သုသာန်မှာ ထင်ရှားသည့် ပုဂ္ဂိုလ်များ မြှုပ်နှံထား၍ ဖြစ်၏။
ဟိုင်းဂိတ်သုသာန်က ထင်ရှားသည့် ပုဂ္ဂိုလ်များသည် အသက်ရှင်စဉ်က လူ့လောကအတွက် ကမ္ဘာကျော်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူတွေ ဖြစ်၏။ အဆိုပါ ပုဂ္ဂိုလ်များတွင် အသက်ရှင် စဉ်က အားထုတ်ခဲ့သည့် လုံ့လနှင့် စေတနာမှာလည်း တဦးတယောက်အတွက် ရည်ရွယ်အားထုတ်ခဲ့ သည် မဟုတ်။ လူ့လောကအတွက် ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ကြသူတွေချည်းသာ ဖြစ်၏။ အထူးသဖြင့် ကားလ်မတ်လို ပုဂ္ဂိုလ်မျိုးဆိုလျင် သူ့နိုင်ငံရေးအယူအဆ အတွေးအခေါ်ကို ထောက်ခံသူ ရှိသလို ဆန့်ကျင်သူလည်း ရှိ၏။ သို့သော် ထိုအချက်က အဓိက မဟုတ်။ ထိုပုဂ္ဂိုလ်များ၏ မွန်မြတ်သည့် စေတနာနှင့်လုပ်ရပ်ကို နှောင်းလူတွေ အတုယူနိုင်အောင် ဂုဏ်ယူနိုင်အောင်၊ အမြဲတမ်းအမှတ်ရ နေရအောင် ဟိုင်းဂိတ်လို သုသာန်မျိုးတွေ ပေါ်ပေါက်လာခြင်းဖြစ်၏။
ဟိုင်းဂိတ်သုသာန်ကို လူသိများသည့် အကြောင်းတွေအနက် ကားလ်မတ်အုတ်ဂူ ရှိနေသည့် အချက်က အဓိကအချက်ဖြစ်သည်ဟု မှတ်တမ်းတွေမှာ တရားဝင်ဖော်ပြလေ့ရှိ၏။ ထိုအချက်ကို ထောက်လျှင် ကားလ်မတ်ကို အင်္ဂလန်က မည်မျှတန်ဘိုးထားကြောင်း ပေါ်လွင်၏။
ပြောကြစတမ်းဆိုလျှင် ကားလ်မတ်သည် အင်္ဂလိပ်လူမျိုးပင်မဟုတ်။ လန်ဒန်မှာ ခေါင်းချခဲ့သည့် ဂျာမဏီဖွား ဂျူးအနွယ်ဝင် တဦးသာ ဖြစ်၏။ ထို့ပြင် ကားလ်မတ်သည် ကွန်မြူနစ်စနစ်၏ ဖခင်ကြီးလည်း ဖြစ်၏။ ယနေ့တိုင်လည်း မတ်ဝါဒယုံကြည်သူတွေ မတ်ဝါဒီတွေ ကမ္ဘာမှာ အများအပြားရှိ၏။ ကားလ်မတ် စကားနှင့်ဆိုရလျှင် ဗြိတိန်သည် အရင်းရှင်နိုင်ငံဖြစ်၏။ ကွန်မြူနစ်ဝါဒကို မထောက်ခံ။ သို့သော် ဗြိတိသျှ ၀န်ကြီးချုပ် ဂျွန်ရပ်ဆဲ လက်ထက်ကတည်းက ကားလ်မတ်ကို ဗြိတိန်က လက်ခံခဲ့သည်။ ယနေ့ ဗြိတိသျှ ၀န်ကြီးချုပ် တိုနီဘလဲယား လက်ထက်တိုင်လည်း ကားလ်မတ်အုတ်ဂူကို လန်ဒန်ဟိုင်းဂိတ်သုသာန်မှာ လေးလေးစားစား ထိမ်းသိမ်းထား၏။ ကွန်မြူနစ်ဝါဒဖခင်ကြီး၏ အုတ်ဂူလက်ခံထိမ်းသိမ်းထားသည်ကို မည်သည့် အင်္ဂလိပ်လူမျိုးကမှလည်း မငြိုငြင်။
ထိုသို့ စဉ်းစားမိပြန်တော့ ကားလ်မတ်ခေါင်းချရာ သုသာန်ကို လိုက်ပို့သည့် မိတ်ဆွေအင်္ဂလိပ် လင်မယားအပေါ် စောစောက မနောမှားခဲ့သည်ကို နောင်တရမိ၏။ နေအတော်ကျသွားသဖြင့် သင်္ချိုင်းဝင်းအတွင်း လူပါးလာသည်၊ မိတ်ဆွေအင်္ဂလိပ်လင်မယားက ပြန်ချင်ပလားဟု မျက်ရိပ်ပြ၏။ သုသာန်တွင်း လျှောက်ကြည့်ရင်း ဟိုင်းဂိတ်သုသာန်၌ ကားလ်မတ်တယောက် အင်္ဂလိပ်တွေကြား မျက်နှာငယ်နေမလားဟု မဆီမဆိုင် တွေးပူမိပြန်၏။ တော်ပါသေးသည်။ အီရတ်ကွန်မြူနစ်ခေါင်းဆောင် Saad Saadi Adi နှင့် တောင်အာဖရိက ကွန်မြူနစ်ပါတီဥက္ကဌ Yusef Mohamed Dadoo တို့ကိုလည်း ဟိုင်းဂိတ်သုသာန်မှာပင် ဂူသွင်းမြှုပ်နှံထားသည်ကို တွေ့ရသဖြင့် ကားလ်မတ်အတွက် အဖော်ရသည်ဟု ဆိုနိုင်၏။
ဟိုင်းဂိတ်က အပြန်တွင် သုသာန်ကိုလေးစားသည့် အနောက်နိုင်ငံသားတို့ ဓလေ့ကို ပို၍ သဘော ကျမိသလို ရှိ၏။ ထင်ရှားသည့် ပုဂ္ဂိုလ်များ မြှုပ်နှံရာမှမဟုတ်။ မည်သည့် သုသာန်မဆို ပန်းမန်တို့ဖြင့် ပသာဒရှိအောင် ပြုပြင်ထိမ်းသိမ်း၏။ မကြာခဏလည်း သွားရောက်လည်ပတ်လေ့ ရှိကြ၏။ အထူး သဖြင့် ဧည့်သည်များအား သမိုင်းဝင်ပုဂ္ဂိုလ်တွေ မြှုပ်နှံရာ ဟိုင်းဂိတ်လို သုသာန်မျိုးသို့ တကူးတကန့် လိုက်ပို့ရသည်ကို ဂုဏ်ယူ၏။
မြန်မာတို့ကမူ သုသန်ကို သွားရောက်လည်ပတ်ဖို့ ဝေးစွ။ မစည်ကားအပ်သည့် အရပ်တွင် သုသာန်ကိုပါ ထည့်သွင်းရေတွက်လေ့ ရှိ၏။ မသာတခေါက် ကျောင်းဆယ်ခေါက် ဆိုသည့်စကား ကိုကြည့်လျှင် သုသာန်ကိုသွားဖို့ မည်မျှဝန်လေးကြောင်း ပေါ်လွင်၏။ မသာတခေါက် ပို့လို့ ရနိုင်သည့် တရားဘာဝနာ ကုသိုလ်က ဘုန်းကြီးကျောင်းဆယ်ခေါက်သွားလို့ ရမည့် တရားဘာဝနာကုသိုလ်နှင့် တူညီသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်၏။ မည်သို့တူညီကြောင်း အထောက်အထား မတွေ့ရပေမယ့် အရပ်ထဲ မကြာခဏ သုံးနှုန်း၏။ သုသာန်ကို လူတွေ သွားချင်အောင် တနည်းဆိုရရင် အသုဘ လိုက်ပို့ချင်အောင် တရားဘာဝနာကုသိုလ်နှင့် မက်လုံးပေး တီထွင်ခဲ့သည့် ဆိုရိုးစကားဖြစ်နိုင်သည်ဟု ပင် အချို့က ယူဆ၏။
မည်သို့ဆိုစေ ကားလ်မတ်ကို အကြောင်းပြုပြီး လန်ဒန်တွင် သုသာန်တခေါက် ရောက်ရပြီ။ ကျောင်းဆယ်ခေါက်နှင့် မညီလည်း ကိစ္စမရှိ။

မြလူ



လွတ်လပ်ရေး၏ရှေ့နေ ကားလ်မတ်
ရေးသူ- မြသန်းတင့်




[၂၀၁၀ ခု၊ မေလ ၅ ရက်တွင် ကျရောက်သည့် ကားလ်မတ်၏ (၁၉၂)နှစ် မွေးနေ့ အထိမ်းအမှတ်အတွက် မာယာက ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။]


အင်္ဂလိပ်တို့သည် ကျူးကျော်ရေး စစ်ပွဲသုံးပွဲ တိုက်ပြီးနောက် မြန်မာနိုင်ငံကို သိမ်းယူခဲ့သည်။
ပထမစစ်ပွဲမှာ ဘကြီးတော်လက်ထက်တွင် ဖြစ်ပွါးသည်။ ထိုစစ်ပွဲသည် ၁၈၂၄ ခုနှစ်မှ ၁၈၂၆ ခုနှစ်အထိ နှစ်နှစ်ကြာခဲ့သည်။ ထို ပထမကျူးကျော်ရေးစစ်ပွဲတွင် အင်္ဂလိပ်တို့သည် မြန်မာပိုင် ရှင်မဖြူကျွန်းကို ၀င်ရောက် သိမ်းပိုက်ကာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ကျွန်းအဖြစ် ကြေညာခဲ့သည်။ ထိုအချိန်တွင် အာသံနှင့် မဏိပူရ နယ်စပ်များတွင် အခြေအနေ ဆိုးနေသည်။ ထိုသို့ ရှိနေစဉ်တွင် အင်္ဂလိပ်တို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံကို စစ်ကြေညာ တိုက်ခိုက်ခဲ့သည်။ ၁၈၂၆ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ချုပ်ဆိုသည့် ရန္တပိုစာချုပ်ဖြင့် ထို စစ်ပွဲသည် အဆုံးသတ်ခဲ့သည်။ ထိုစာချုပ်အရ မြန်မာတို့က တနင်္သာရီနှင့် ရခိုင်ပြည်နယ်တို့ကို ပေးအပ်လိုက် ရသည်။
၁၈၅၂-၅၃ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်တို့က ဒုတိယ ကျူးကျော်စစ်ကို ထပ်၍ တိုက်သည်။ ချမှတ်ထားသည့် စည်းကမ်းဥပဒေများကို ဖောက်ဖျက်သဖြင့် ရန်ကုန်မြို့က ကိုမိုဒိုလင်းဗတ်၏ အရာရှိများကို အပြစ်ပေးသည်။ ဤတွင် ကိုမိုဒိုလင်းဗတ်က ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြန်မာပိုင် ရေနန်းယဉ်သာသင်္ဘောကို သိမ်းယူလိုက်သည်။ ထိုအပြုအမူသည် ပင်လယ်ဓားပြတို့၏ အပြုအမူ ဖြစ်သည်။ သင်္ဘောသိမ်းပိုက်ပြီးနောက် သူတို့ လိုချင်သော အရာကို တောင်းဆိုသည်။ သူတို့ တောင်းဆိုချက်များသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်အတွက်ကြောင့် လည်းကောင်း၊ မြန်မာတို့၏ အချုပ်အချာအာဏာကို ထိပါးစေသည့်အတွက်ကြောင့် လည်းကောင်း၊ ပြည်တွင်းရေးကို စွက်ဖက်ရာရောက်သည့် တဖက်သတ် တောင်းဆိုချက်များဖြစ်သည့် အတွက်ကြောင့် လည်းကောင်း၊ မြန်မာတို့က ထိုတောင်းဆိုချက်များကို အကြောင်းပြန်ကြားခြင်း မပြုဘဲ နေခဲ့သည်။
ဤတွင် အင်္ဂလိပ်တို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ဒုတိယကျူးကျော်စစ်ပွဲကို တိုက်ကာ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းယူခဲ့ကြသည်။
၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် တတိယကျူးကျော်စစ်ကို တိုက်၍ မြန်မာနိုင်ငံတ၀ှမ်းလုံးကို သိမ်းပိုက်ကာ မြန်မာဘုရင်ကို ဖမ်းယူသွားခဲ့ကြပြီး ပြည်နှင်ဒဏ် ပေးခဲ့သည်။
ရန်ကုန်တွင်ရှိသည့် အင်္ဂလိပ်ကုန်သည်ကြီးများအသင်းသည် မြန်မာနိုင်ငံကို သိမ်းယူရန် အိန္ဒိယ ဘုရင်ခံချုပ်ကို မကြာခဏ တိုက်တွန်းခဲ့ကြသည်။ ပဲခူးကြိုးဝိုင်းတွင် လိုင်စင်ခံ၍ သစ်လုပ်ငန်းလုပ်နေသည့် ဘုံဘေဘားမားသစ်ကုမ္ပဏီသည် မြန်မာတို့၏ သစ်များကို ခိုး၍ ခုတ်ခဲ့သည်။ မြန်မာတို့က ကုမ္ပဏီကို ဒဏ်ရိုက်သည်။ ဤတွင် အိန္ဒိယဘုရင်ခံချုပ်က မြန်မာဘုရင်အစိုးရထံ ပြင်းထန်သော ရာဇသံကို ပေးခဲ့သည်။
ရာဇသံ အတိုမှာ-
သစ်မှုကို အိန္ဒိယဘုရင်ခံချုပ်၏ ကိုယ်စားလှယ်က ဆုံးဖြတ်မည်။ ထိုကိုယ်စားလှယ်ကို စစ်တပ် အစောင့် အရှောက်ဖြင့် နေခွင့်ပြုရမည်။
မြန်မာဘုရင်ရှေ့တော်သို့ အင်္ဂလိပ်ကိုယ်စားလှယ် ၀င်ရောက်သည့်အခါတွင် ဖိနပ်စီးခွင့်၊ ထီးဆောင်းခွင့် ပြုရမည်။
အင်္ဂလိပ်တို့က ခွင့်ပြုချက်မရဘဲ မြန်မာတို့က မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံခြင်း မပြုရဆိုသည့် အချက်များ ပါဝင်သည်။
မြန်မာတို့က ဒဏ်ငွေများကို လျော်ပစ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် နောက်ဆုံးအချက်မှာမူ မြန်မာတို့၏ ကိစ္စဖြစ်သဖြင့် အခြားနိုင်ငံတခုက ဆုံးဖြတ်ပေးသည်ကို လက်မခံနိုင်ကြောင်း သဘောပါရှိသော ပြန်ကြားချက်ကို ပေးပို့လိုက်သည်။
ဤတွင် အင်္ဂလိပ်တို့သည် တင်ကူး စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံတ၀ှမ်းလုံးကို အပြီးအပိုင် သိမ်းပိုက်ကာ မြန်မာဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နယ်နှင်ဒဏ် ပေးခဲ့သည်။
ဤအချက်မှာ သမိုင်း သုတေသီကအစ စတုတ္ထတန်း ကျောင်းသားအဆုံး မြန်မာအားလုံး သိကြသော အချက်များ ဖြစ်သည်။
ထိုအချိန်၌ အင်္ဂလိပ် အရင်းရှင်စနစ်သည် ကုန်သွယ်ရေး အရင်းရှင်စနစ်မှ နယ်ချဲ့စနစ်သို့ ကူးပြောင်းနေချိန် ဖြစ်သည်။
ထိုအချိန်၌ ဆိုရှယ်လစ်ဝါဒကို ထူထောင်ကြသော ကားလ်မတ်နှင့် အိန်ဂျယ်တို့သည် အရင်းရှင်စနစ်ကို ဘက်ပေါင်းစုံမှ လေ့လာကာ သူတို့၏ ကျော်ကြားသော 'အရင်းကျမ်း' နှင့် 'ကွန်မြူနစ်ပါတီ ကြေညာစာတမ်း' ကို ရေးနေကြချိန် ဖြစ်သည်။
ကားလ်မတ်နှင့် အိန်ဂျယ်တို့သည် အင်္ဂလိပ်အရင်းရှင်စနစ် ဖြစ်ပေါ်တိုးတက်မှု၊ အင်္ဂလိပ် အလုပ်သမား လူတန်းစား၏ အခြေအနေတို့ကိုသာမက ဥရောပနှင့် အာရှတို့တွင် ပေါ်ပေါက်လျက်ရှိသော အရေးအခင်းများကို လည်း မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကာ အရင်းရှင်စနစ်နှင့် နယ်ချဲ့စနစ်ကို တိုက်ခိုက်ခဲ့ကြသည်။
၁၈၅၃ ခု၊ ဇူလိုင်လ ၁၅ ရက်၊ သောကြာနေ့တွင် ကားလ်မတ်သည် လန်ဒန်တွင် ရှိနေသည်။ လန်ဒန်တွင် ရှိနေစဉ် ကားလ်မတ်သည် အိန္ဒိယတွင် အင်္ဂလိပ်တို့ စိုးမိုးဗိုလ်ကျနေကြပုံကို အနီးကပ် တွေ့မြင်နေရသည်။ ထိုအချိန်တွင် မင်းကြီးမဟာမင်းလှမင်းခေါင် ခေါင်းဆောင်သည့် မြန်မာသံအဖွဲ့ ကာလကတ္တားသို့ ရောက်ရှိနေပြီး အင်္ဂလိပ်တို့နှင့် ဆွေးနွေးနေချိန် ဖြစ်သည်။ သံအဖွဲ့၏ ဆွေးနွေးပွဲသည် ပျက်ပြားသွားခဲ့သည်။
ဤတွင် ကားလ်မတ်သည် 'မြန်မာပြည် စစ်ပွဲ၊ ရုရှားပြသနာ၊ ထူးဆန်းသော သံတမန်ဆိုင်ရာ စာချွန်များ' ဟူသော ခေါင်းစဉ်ဖြင့် နယူးယောက် ထရီဗြွန်းသတင်းစာသို့ ဆောင်းပါးတစောင် ရေးပို့လိုက်သည်။ ထိုဆောင်းပါးသည် ၁၈၅၃ ခု၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် သတင်းစာတွင် ပါရှိပြီး မော်စကို နိုင်ငံခြားဘာသာ ထုတ်ဝေရေးဌာနမှ ထုတ်ဝေသော ကားလ်မတ်နှင့်အိန်ဂျယ် စုပေါင်းရေးသားချက်များကို စုစည်းထားသည့် 'ကိုလိုနီဝါဒပြသနာများ' ကျမ်းတွင် 'မြန်မာပြည်စစ်ပွဲ' ခေါင်းစဉ်ဖြင့် ပါရှိရာ ယခု ထိုဆောင်းပါးကို ဘာသာပြန် ဖော်ပြပါသည်။
"မြန်မာသံအဖွဲ့ဝင်များသည် ဗိုလ်ချုပ်ကြီး ဂေါ်ဒွင် ကမ်းလှမ်းသော စာချုပ်ကို ပယ်ချလိုက်ကြောင်းဖြင့် အိန္ဒိယပြည်မှ နောက်ဆုံးရောက်လာသော သတင်းများအရ သိရသည်။ ဗိုလ်ချုပ်ကြီးဂေါ်ဒွင်က စဉ်းစားရန် ၂၄ နာရီ အချိန်ပေးသော်လည်း မြန်မာသံအဖွဲ့ဝင်များသည် ၁၀ နာရီအတွင်းမှာပင် ပြန်လည်ထွက်ခွါသွားကြလေပြီ။ မဆုံးနိုင်သော မြန်မာပြည်စစ်ပွဲ တတိယအကြိမ် ဖြစ်ပွါးမှုသည် ရှောင်လွှဲရဖွယ် မမြင်တော့ချေ။
အရှေ့ပိုင်းတွင် တိုက်ခိုက်ခဲ့သော ဗြိတိသျှတို့၏ စစ်ပွဲများအနက် မြန်မာပြည်ကို ၀င်တိုက်ခဲ့သော စစ်ပွဲလောက် အခြေအမြစ်ကင်းမဲ့သော စစ်ပွဲဟူ၍ တပွဲမျှ မရှိဖူးသေးချေ။ (အိန္ဒိယပြည် စစ်ပွဲတွင်မူ အနောက်မြောက်ဘက်မှ အန္တရာယ်ရှိမည်ဟု အကြောင်းပြနိုင်သေးသော်လည်း) မြန်မာပြည်စစ်ပွဲတွင်မူ မြန်မာတို့ဘက်မှ ကျူးကျော်ဝင်ရောက် တိုက်နိုင်သော အန္တရာယ်ဟူ၍ လုံးဝ မရှိချေ။ ဘင်္ဂလားနယ်နှင့် မြန်မာပြည်သည် တောင်တန်းကြီးများ ဆီးကာ ခြားလျက်ရှိရာ ထိုတောင်တန်းကြီးများကို မည်သည့်စစ်တပ်မျှ ကျော်ဖြတ်ချီတက်နိုင်မည် မဟုတ်ချေ။ မြန်မာပြည်ကို တိုက်ခိုက်လိုလျှင် အိန္ဒိယအစိုးရသည် ပင်လယ်ဘက်မှ ၀င်ရောက်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။ မြန်မာတို့ လှေတပ်များသည် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ စစ်သင်္ဘောများကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟူသော စကားသည် ယုတ္တိကင်းမဲ့သကဲ့သို့ မြန်မာတို့သည် ရေကြောင်းမှ ၀င်ရောက်တိုက်ခိုက်နိုင်သည်ဟု ပြောလာလျှင်လည်း ထိုစကားသည် ရယ်ဖွယ်သက်သက်မျှ ဖြစ်ပေလိမ့်မည်။ ပဲခူးနယ်တ၀ိုက်နှင့် ပတ်သက်၍ ယန်းကီး (အမေရိကန်) တို့တွင် သိမ်းပိုက်လိုသော ဆန္ဒ ပြင်းပြလျက်ရှိသည် ဆိုသော စကားသည်လည်း ဘာမျှ အထောက်အထား မရှိလှချေ။ သို့ဖြစ်ရကား မြန်မာပြည်ကို ၀င်တိုက်ခြင်းသည် အလိုမပြည့်ဖြစ်နေသော အင်္ဂလိပ် မင်းစိုးရာဇာ လူတန်းစားကို အလုပ်အကိုင်ပေးရန် အင်္ဂလိပ်စာရေးဆရာတဦး ပြောသကဲ့သို့ ထို လူတန်းစားအတွက် အရှေ့တိုင်းတွင် သီးသန့်အလုပ်ရုံတခု သို့မဟုတ် ဟမ်ပတန်နန်းရင်ပြင်တခု ဖန်တီးပေးရန်သာ ဖြစ်သည်ဟု ပြောဆိုရန်မှတပါး အခြားအကြောင်းပြချက် မရှိတော့ချေ။ ပထမမြန်မာစစ်ပွဲ (၁၈၂၄-၂၆) သည် လော့ဒ်အဲမ်းဟာစ်၏ ရယ်ဖွယ်ကောင်းလှသော အုပ်ချုပ်မှုအောက်တွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး နှစ်နှစ်သာသာကလေးမျှသာ ကြာသည့်တိုင် အိန္ဒိယကြွေးစာရင်းတွင် ပေါင် ဆယ့်သုံးသန်းမျှ ပိုလာခဲ့သည်။ စင်္ကာပူ၊ ပီနန်နှင့် မလက္ကာကျွန်းဆွယ်တို့တွင် ရှိသည့် ဌာနများကို ထောက်ပံ့ရသည့် စရိတ်သည် ထိုဌာနများမှ ရသည့်ဝင်ငွေထက် တနှစ်လျှင် ပေါင် တသိန်း ပိုနေသည်။ ထိုအထဲတွင် စစ်တပ်များ၏ စရိတ်မပါသေးချေ။ ၁၈၂၆ ခုနှစ်တွင် မြန်မာတို့ထံမှ သိမ်းပိုက်သည့် နယ်မြေများကို ထိန်းသိမ်းရသည့် စရိတ်မှာကား ထိုထက်ပင် ပိုချေသေးသည်။ ပဲခူးနယ်ကို သိမ်းပိုက်ရခြင်းမှာကား သာ၍ပင် ဆိုးသေးသည်။ အင်္ဂလန်ပြည်သည် ယခု ရုရှဇာစနစ်ကို တိုက်နေသကဲ့သို့ အလားတူ လိုအပ်သော ဥရောပစစ်ပွဲများမှ အဘယ်ကြောင့် နောက်ဆုတ်လာခဲ့သနည်း။ အဘယ်ကြောင့် ကျိုးကြောင်းကင်းမဲ့သော အာရှစစ်ပွဲများကို တိုက်နေသနည်း။ အင်္ဂလန်သည် ဥရောပ စစ်ပွဲများကို တိုက်ခိုက်ရသဖြင့် ကြွေးတွေ ပတ်လည်ဝိုင်းလျက်ရှိရာ အာရှစစ်ပွဲများ၏ စရိတ်ကို အိန္ဒိယတိုင်းရင်းသားတို့၏ ပခုံးပေါ်သို့ ပြောင်းပေးနေလေပြီ။ ယခုမူ င်္ဘဂလား ပြည်နယ်တွင် ဘိန်းစိုက်ပျိုးရေးမှ အခွန်တော်လည်းမရ။ ထိုအထဲတွင် မြန်မာပြည်စစ်ပွဲကိုလည်း တိုက်ရတော့မည်ဆိုလျှင် အိန္ဒိယအစိုးရငွေတိုက်တွင် အကျပ်အတည်းတွေ့ရတော့မည် ဖြစ်သည်။ ထိုအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ အိန္ဒိယအင်ပိုင်ယာကြီးကို အင်္ဂလန်ပါလီမန် ပြုပြင်ရေးသမားများ၊ မိန့်ခွန်းများ၊ စာများထဲတွင် ပါသည်ထက် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာရတော့မည်သာ ဖြစ်ပေသည်။"

xxxxxxxxxxxx

ဖော်ပြပါ ဆောင်ပါးမှ ၁၈၅၃ ခု ဇူလိုင်လ ၃၀ ရက်နေ့ထုတ် နယူးယောက်ထရီဗြွန်းသတင်းစာတွင် ကားလ်မတ်ရေးခဲ့သော ဆောင်းပါး ဖြစ်သည်။
ထိုဆောင်ပါးတွင် ကားလ်မတ်သည် မြန်မာပြည်စစ်ပွဲနှင့် ပတ်သက်သော အင်္ဂလိပ်ခေါင်းဆောင်တို့၏ အကြောင်းပြချက်များကို တချက်ပြီးတချက် ထုချေ ရှင်းလင်းထားသည်ကို တွေ့နိုင်သည်။ မြန်မာတို့က ကျူးကျော်တိုက်ခိုက်မည် ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ မြန်မာတို့အနေဖြင့် ရိုးမတောင်တန်းကြီးများကို ကျော်ဖြတ် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း၊ ပင်လယ်မှ ၀င်ရောက် တိုက်ခိုက်ဖို့ဆိုသည်မှာလည်း အရှေ့အိန္ဒိယကုမ္ပဏီ၏ စစ်သင်္ဘောများကို ရင်ဆိုင်တိုက်ခိုက်ရန် မလွယ်ကြောင်း။ ယန်းကီးတို့က ပဲခူးနယ်ကို ၀င်သိမ်းမည်စိုးသဖြင့် တိုက်ရသည်ဆိုသော အကြောင်းပြချက်သည်လည်း အခြေအမြစ်မရှိကြောင်း၊ အာရှတွင် ကိုလိုနီ နယ်ချဲ့စစ်ပွဲများကို တိုက်ခိုက်ရခြင်းသည် စရိတ်ကုန်လှကြောင်း၊ ထို့ထက် ဥရောပ ပဒေသရာဇ်နိုင်ငံများကို တိုက်သင့်ကြောင်း၊ ထိုအတိုင်းသာဆိုလျှင် အိန္ဒိယ အင်ပိုင်ယာကြီးထဲတွင် အုံကြွမှုများ ပေါ်ပေါက်လိမ့်မည် ဖြစ်ကြောင်းဖြင့် မြန်မာ့လွတ်လပ်ရေးဘက်မှ ရှေ့နေလိုက်ခဲ့သည်ကို အထင်းသားတွေ့နိုင်လေသည်။

ရနံ့သစ်မဂ္ဂဇင်း
၁၉၉၅၊ ဇန်န၀ါရီ

[ဧကရီပန်းသည်မနှင့် ကျွန်တော် စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၇ မတ် မှ ကူးယူဖော်ပြပါတယ်။]

Tuesday, May 4, 2010

ဧကရီ ပန်းသည်မနှင့် ကျွန်တော်
ရေးသူ- မြသန်းတင့်

အရပ် ၅ ပေ ၁၀ လက်မခန့်၊ ရင်အုပ်ကျယ်ကျယ်၊ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ခံ့ညားချောမောသော ယောက်ျားပျိုတယောက်သည် ကုတ်အင်္ကျီအိတ်ထဲတွင် လက်နှစ်ဖက်ကို နှိုက်ကာ ခေါင်းကို ငုံ့၍ လျှောက်လာသည်တွင် သူ့ခံစားချက် ဟူသမျှသည် သူ့မျက်နှာတွင် အထင်းသား ပေါ်နေသည်။ ဆုံးရှုံးမှု၊ ကြေကွဲမှု၊ အချစ်၊ လှစ်ခနဲ ပေါ်လာပြီး ထာဝစဉ် ပျောက်ကွဲသွားသော ကြည်နူးမှု စသည့် ခံစားချက်များသည် သူ့မျက်နှာတွင် ရောထွေးနေကြသည်။
အဆောက်အအုံကြီးမှာ ကျောက်ဖြူသား တိုင်ကြီးများဖြင့် ဆောက်ထားသည့် ခမ်းနားလှပသော အဆောက်အအုံကြီး ဖြစ်သည်။ ထိုအဆောက်အအုံ ခန်းမကြီးထဲတွင် သူမှလွဲလျှင် မည်သူမျှ မရှိ။ ကြီးမား ကျယ်ဝန်းလှသော အဆောက်အအုံကြီးထဲတွင် တယောက်တည်း လမ်းလျှောက်နေသည်ကို မြင်လိုက်သည့် အခါတွင် ဟာလာဟင်းလင်း ဖြစ်နေသည့် သဘောသည် ပို၍ ထင်ရှားပေါ်လွင်နေသည်။
သူ့ ဖိနပ်သံသည် ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲတွင် ပဲ့တင်ထပ်နေသည်။ သူ့ ဖိနပ်သံသည် မြန်မလည်း မမြန်၊ နှေးလည်းမနှေး၊ ပြင်းလည်း မပြင်း၊ ဖော့လည်း မဖော့၊ စည်းချက်ညီညီနှင့် မှန်မှန်ကျနေသည့် အသံ။ ယစ်မူးနေရာမှ တည်ငြိမ်သွားမှု၊ ကြည်နူးနေရာမှ ဆွေးလျ လှိုက်မောသွားဟန်၊ အိပ်မက်နှင့် ကြည်မွေ့နေရာမှ အစစ်အမှန်ထဲသို့ လန့်နိုးသွားပုံ၊ ထိုခံစားချက်များသည် နရီမှန်မှန်နှင့် ကျနေသော ဖိနပ်သံ ထဲတွင် ပေါ်နေသည်။
ခန်းမဆောင်ကြီးက ဆုံးပင် မဆုံးနိုင်။ ယောက်ျားပျိုသည် ခန်းမဆောင်ထဲတွင် လျှောက်နေသည်မှာ ဖြည်းဖြည်း ဝေး၍ ဝေး၍၊ မှုန်၍ မှုန်၍ သွားသည်။ ဖိနပ်သံမှာလည်း တေ
ဖြးဖြေး ဝေး၍ ဝေး၍ မှိန်၍ မှိန်၍ သွားသည်။ ဖိနပ်သံသည် အဝေးခန်းမဆောင်ကြီးထဲတွင် သဲ့သဲ့ကလေးမျှသာ ကြားရတော့သည်။
ကျွန်တော်သည် မျက်လုံးများကို ရှုခင်းမှ တော်တော်နှင့် မခွါနိုင်ဘဲ တဖြည်းဖြည်းဝေးသွားသော ယောက်ျားပျိုကို ကြည့်ရင်း သူ့ဖိနပ်သံကို နားထောင်နေမိသည်။ သူ့ကို ကြည့်၍ ကိုယ်ကိုယ်တိုင်တွင် ဆုံးရှုံးမှု တခုကို ခံစားလိုက်ရသလို လှိုက်ဖိုလာသည်။
ထိုရှုခင်းမှာ ဒါရိုက်တာ ၀ီလီယံဝိုင်းလား ရိုက်ကူးသည့် 'ရိုမန်ဟောလီးဒေး' ဇာတ်ကားမှ ဇာတ်သိမ်းခန်း ဖြစ်သည်။ ရုပ်ရှင်ကားကောင်းကြီးများ၏ ဇာတ်သိမ်းခန်းများစွာကို စွဲမက်ခဲ့ဖူးသော်လည်း ထိုဇာတ်သိမ်းခန်းကိုမူ ကျွန်တော် အထူး သတိရနေသည်။
'ရိုမန်ဟောလီးဒေး' ဇာတ်သိမ်းခန်းသည် ပရိသတ်ကို ဘာ့ကြောင့် ထိုမျှ ဖမ်းစားနိုင်သလဲ။
ဒါရိုက်တာ ၀ိုင်းလား
သည် ခံစားမှု ဗဟိုဆုံချက်သဘောကို ကောင်းကောင်းသိသူ ဖြစ်သည်။ ထိုဆုံချက်အရောက်တွင် ဗျာပါကုန်အောင် လုပ်ပြသွားနိုင်သော ဂရီဂိုရီပက်လို မင်းသားမျိုးကိုလည်း ထည့်သုံး ထားလိုက်သည်။ သို့တိုင်အောင် ထိုမျှ ထိခိုက်သွားလောက်အောင် ဆုံးရှုံးစရာ ပစ္စည်းတခုခု မရှိခဲ့လျှင် ဂရီဂိုရီပက်သည် ထိုဇာတ်သိမ်းခန်းကို မည်သည့်နည်းနှင့်မျှ ထိုမျှကောင်းအောင် သယ်သွားနိုင်မည်မဟုတ်။ သူဆုံးရှုံးလိုက်သော အရာမှာ အခြားမဟုတ်။ အော်ဒရဟက်ဘန်း ဖြစ်သည်ဟု ရုပ်ရှင်ဝေဖန်ရေးဆရာ တယောက်က ရေးခဲ့ဖူးသည်။
ကျွန်တော်တို့ ရုပ်ရှင်ကြည့် ပရိသတ်သည် ဂရီဂိုရီပက်လိုပင် အိပ်မက်ထဲမှ ပျောက်ကွယ်သွားသော အော်ဒရေဟက်ဘန်းကို တသသ ဖြစ်ကျန်ခဲ့ကြသည်။ ဆွေးလျကျန်ရစ်ခဲ့သော ဂရီဂိုရီပက်၏ တဒေါက်ဒေါက် မြည်နေသော ဖိနပ်သံသည် ကျယ်ဝန်းခမ်းနားလှသော ခန်းမဆောင်ကြီးထဲတွင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သလို ကျွန်တော်တို့၏ နှလုံးသား အကန့်များထဲတွင်လည်း ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။
'ရိုမန်ဟော
လီးဒေး' ရုပ်ရှင်ဇာတ်လမ်းမှာ ဥရောပ အလယ်ပိုင်း ဘုရင့်နိုင်ငံတခုမှ ဘုရင့်သမီးတော်လေး တပါး သာမန်အရပ်သူတဦးအသွင် ရုပ်ဖျက်ကာ ရောမမြို့ကြီးထဲတွင် လျှောက်လည်သည်။ ရောမက ရှေးဟောင်း အဆောက်အအုံကြီးတွေကို လျှောက်ကြည့်သည်။ ရောမမြို့က ရင်ပြင်တွေ၊ ပန်းခြံတွေ၊ တိုက်ဆိုင်ကြီးတွေကို လျှောက်လည်သည်။ လည်ရင်းပတ်ရင်း အမေရိကန်သတင်းထောက်တဦး(ဂရီဂိုရီပက်)နှင့် တွေ့ပြီး နှစ်ယောက်သား စိတ်ကူးယဉ်အိပ်မက်ကလေးကို တည်ဆောက်မိကြသည်။ သတင်းထောက်မှာ အီတလီတွင် ထို မင်းသမီးကလေးနှင့် ပတ်သက်သည့် သတင်းကို လာယူခြင်း ဖြစ်သည်။ သို့ရာတွင် မိန်းမပျိုကလေးနှင့် တွေ့သည့်အခါ ထိုသတင်းကြီးကို လက်လွတ်သွားခဲ့သည်။ မိန်းမပျိုကလေးမှာ တောက်ပခမ်းနားသော မှန်နန်းဆောင်အပြင်ဘက်တွင် လွတ်လပ်စွာ နေရသဖြင့် လှောင်ချိုင့်မှ လွှတ်လိုက်သော ငှက်ကလေးတကောင် လို ပျော်ရွှင်လန်းဆန်းနေသည်။ သတင်းထောက်ကမူ သူ့ကို ဘုရင့်သမီးတော်မှန်း မသိ။ အရပ်သူဟု ထင်ကာ လက်ထပ်ရန် ပူဆာသည်။ မိန်းမပျိုကလေးကလည်း သူ့ကို တကယ်ချစ်သည်။ သို့ရာတွင် အရပ်သားနှင့် လက်ထပ်၍ မဖြစ်။ သို့ဖြစ် သူတို့ ချစ်ရက်များသည် တဖြည်းဖြည်း ရှည်လျားကုန်ဆုံးစ ပြုလာခဲ့ကြသည်။ ရောမမှ အပျော်ခရီးပြီးဆုံး၍ ပြန်ခါနီးသည့် အခါတွင် သူတို့နှစ်ယောက် တွေ့ကြသည်။ မိန်းမပျိုကလေးက သူပြန်တော့မည် ဖြစ်ကြောင်း၊ သူသည် ဘုရင့်သမီးတော်တဦး ဖြစ်ကြောင်း ဖွင့်ပြောလိုက်သည့်အခါတွင် သတင်းထောက်၏ အိပ်မက်တို့သည် တစစီ ပြိုကွဲ ပျက်စီးကာ သွားခဲ့ကြသည်။
သတင်းထောက်သည် ဘုရင့်သမီးတော်ကလေးကို သူမ တည်းခိုရာ ဟိုတယ်သို့ လိုက်ပို့နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ သူတို့နှစ်ယောက်သည် နောက်ထပ် မတွေ့နိုင်ကြတော့ပြီ။ ဂရီဂိုရီပက်သည် သူ့ မင်းသမီးကလေးကို ဆုံးရှုံးခဲ့သလို ကျွန်တော်တို့တတွေသည်လည်း သူ့လို လှိုက်ဖိုခံစား ကျန်ရစ်ခဲ့ကြသည်။
ကင်မရာသည် တဖြည်းဖြည်း ဝေးသွားသော ဂရီဂိုရီပက်ကို တောက်လျှောက်ရိုက်ပြထားသည်။ ဖိနပ်သံကလည်း နရီစည်းချက် မှန်မှန်ဖြင့် ခန်းမဆောင်ကြီးထဲ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
ရုပ်ရှင်ဇာတ်သိမ်းခန်းတခု၊ ၀တ္ထုဇာတ်သိမ်းခန်းတခု၊ သို့မဟုတ် တေးဂီတကြီးတပုဒ် အဆုံး စသည်တို့သည် မည်သို့ မည်
ပုံ သိမ်းရမည်၊ မည်သို့ မည်ပုံ ဆုံးရမည် ဆိုသည်ကို ရုပ်ရှင်သင်တန်းကျောင်း၊ ဂီတသင်တန်းကျောင်း၊ စာပေသင်တန်းကျောင်းတို့တွင် သင်ကြား၍ မရ။ ဖန်တီးသူ၏ အနုပညာ ခံစားနိုင်စွမ်းအား၊ ဖန်တီးသူ၏ သမ္ဘာ၊ ဖန်တီးသူ၏ အတွေ့အကြုံတို့ဖြင့်သာ ပြုလုပ်နိုင်စွမ်းသည်။ ကြည်နူးစရာတွေ၊ တွယ်တာစရာတွေ၊ လွမ်းမောစရာတွေကိုချည်း ပြသည်။ ပရိသတ်အတွက် အိပ်မက်ဘုံကလေး ကို တည်ဆောက်ပေးထားသည်။ ချစ်သူနှစ်ဦးတွင် ဘာမျှ လိုလေသေး မရှိ။ အရုပ်ဆိုး အကျည်းတန်မှုတွေ မရှိ၊ ကြမ်းရှသော ထောင့်စွန်းတွေ မရှိ၊ ခက်မာသော ဖွဲ့စည်းပေါင်းစပ်မှုတွေ မရှိ၊ ဘ၀သည် ပြည့်စုံသော အိပ်မက် ဘုံကလေး ဖြစ်နေသည်။
ပြန်ခါနီးတော့ မင်းသမီးလေးက ဘုရင့်သမီးတော် ဖြစ်ကြောင်း ဖွင့်ပြောလိုက်သည်။ ထိုအခါတွင် သူတို့၏ အိပ်မက်ဘုံကလေးသည် ပြိုကျကွဲသွားကာ တစစီ ဖြစ်သွားကြသည်။ မင်းသမီးကလည်း ဆွေးသွားသည်။ မင်းသားကလည်း ဆွေးသွားသည်။ ပရိသတ်ကလည်း ဆွေးသလိုလို ဖြစ်လာသည်။ ထိုအချိန်တွင် ဒါရိုက်တာ ၀ိုင်းလားသည် ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးထဲတွင် တယောက်တည်း လျှောက်သွားနေသော မင်းသားကို တောက်လျှောက်ရိုက်ပြသွားကာ ရေးရေးမှုန်မှုန် မြင်ရတော့သည့်အချိန်တွင်မှ ဇာတ်ကို သိမ်းလိုက်သည်။ ခံစားမှုဆုံချက်သို့ အရောက်တွင် အမိအရ ဖမ်းတတ်ဖို့၊ ဖမ်းနိုင်ဖို့ ဆိုသည်မှာ သမ္ဘာရင့်သော ဒါရိုက်တာကြီး များသာလျှင် တတ်နိုင်သည်။
ကျွန်တော်သည် 'ရိုမန်ဟောလီးဒေး' ကို ပြန်စဉ်းစားလိုက်လျှင် ထိုဇာတ်သိမ်းကို မြင်ယောင်နေသည်။

(၂)

ထိုဇာတ်သိမ်းကို မြင်ယောင်နေသလို ထိုဇာတ်ကားထဲက မင်းသမီး အော်ဒရီဟတ်ဘန်းကိုလည်း မြင်ယောင်နေသည်။
နှစ်ဆန်းစက ရုပ်ရှင်မင်းသမီးကြီး အော်ဒရီဟက်ဘန်း ကွယ်လွန်ပြီ ဆိုသည့်သတင်း ဖတ်လိုက်ရသည့်အခါ 'ရိုမန်ဟောလီးဒေး' ဇာတ်ကားကို ကျွန်တော်ကြည့်တုန်းကလို
ရင်ထဲတွင် ဖိုလှိုက် သွားသည့် အရသာကို ခံစားလိုက်ရသည်။
'လွန်ခဲ့သည့် သီတင်းပတ်အတွင်း အသက် ၆၃ နှစ်အရွယ်၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့် အခါတွင် ကျွန်တော်တို့ အလှအပ အိပ်မက်များထဲက အံ့သြဖွယ် ဧကရီမင်းသမီးတပါး စွန့်လွှတ်ပေးအပ် လိုက်ရသည့်နှယ် ခံစားရပေသည်' ဟု တိုင်းမ် မဂ္ဂဇင်းက ရေးခဲ့သည်။
'ရိုမန်းဟောလီးဒေး' မှာ ဟက်ဘန်း၏ ပထမဆုံးဇာတ်ကား ဖြစ်သည်။ ၁၉၅၄ ခုနှစ် လောက် ကလား မသိ။ ဂလုပ်ရုံ(ယခု ဂုဏ်ရုံ)တွင် ပြတော့ ကျွန်တော်တို့ ပထမဆုံး ကြည့်ဖူးခြင်း ဖြစ်သည်။
'အော်ဒရေဟက်ဘန်း ၁၉၂၉-၁၉၉၃' ဟု တွေ့လိုက်ရသောအခါတွင် ပို၍ စိတ်ထိခိုက်ရသည်။ ကျွန်တော်တို့ မျိုးဆက်၊ ကျွန်တော်နှင့် သက်တူရွယ်တူ။
အော်ဒရီဟက်ဘန်းသည် အင်္ဂလိပ်လုပ်ငန်းရှင် တယောက်နှင့် ဒတ်ခ်ျမှူးမတ်သမီးပျိုတဦးမှ ဘယ်လ်ဂျီယန်တွင် မွေးခဲ့သည်။ ကျွန်တော်တို့လိုပင် လူလားမြောက်စတွင် ဒုတိယကမ္ဘာစစ်ကြီးနှင့် ကြုံခဲ့ရသည်။ ဟက်ဘန်းသည် ဟော်လန်တွင် ကြီးပြင်းလာခဲ့ပြီး မိဘများမှာ နာဇီတို့ အကျဉ်းစခန်းများထဲတွင် အသက် ဆုံးရှုံးခဲ့ရသည်။ မိဘမဲ့ အော်ဒရီဟက်ဘန်းသည် မကြာခဏ ဆိုသလိုပင် ဆင်းရဲဒုက္ခနှင့် တွေ့ကြုံခဲ့ရသည်။ အငတ်ငတ် အပြတ်ပြတ် ဖြစ်ခဲ့ရသည်။ စစ်ကြီးကို ဖြတ်သန်းခဲ့ရသည့် ကျွန်တော်တို့ မျိုးဆက်လိုပင် ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုထဲတွင် ပါဝင်လာခဲ့သည်။ စာကို ဖိနပ်ထဲ ထည့်ပြီး တော်လှန်ရေးသမားများထံ စာပို့သည့် သူ့အကြောင်းကို ဖတ်ရသည့်အခါ ဖက်ဆစ်ဂျပန် တော်လှန်ရေးတုန်းက ဆေးပေါ့လိပ် အစီခံထဲတွင် စာရွက်ကို လိပ်ထည့်ပြီး တော်လှန်ရေးသမားတွေထံ စာသွားပို့ရသည့် ကျွန်တော်တို့ အဖြစ်ကို ပြန်၍ သတိရမိသေးသည်။
ကျွန်တော်တို့သာမကပါ။ ဒုတိယကမ္ဘာစစ်ကြီးကို ဖြတ်သန်းခဲ့ရသည့် လူလားမြောက်စ လုလင်ပျို လုံမပျိုတို့သည် ကမ္ဘာတ၀န်းတွင် ခက်ခဲကြမ်းတမ်းသော ကာလများကို ဖြတ်သန်းခဲ့ရသူများသာ ဖြစ်ပါသည်။ သူတို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အတွက် သူတို့ တတ်နိုင်သော နေရာမှာ တိုက်ပွဲ ၀င်ခဲ့ကြသူများ ဖြစ်ကြောင်း တွေ့လာရသည်။ ဘယ်နေရာ၊ ဘယ်တိုင်းပြည်မဆို လူငယ်သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ခုံမင်မြတ်နိုးကြသည်သာ ဖြစ်ပေသည်။
စစ်သည် ကြောက်စရာ အဖြစ်ကြီး ဖြစ်သည်။ သို့ရာတွင် စစ်သည် အော်ဒရီဟက်ဘန်းအား နာကျည်း ခါးသီးစေခြင်းငှာ မတတ်နိုင်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် စစ်အေးတိုက်ပွဲ အရှိန်ပြင်းနေသည့် ကာလ တွင်လည်း အော်ဒရေဟက်ဘန်းသည် အရှေ့နှင့် အနောက်အုပ်စု နှစ်ခုစလုံးမှ ပရိသတ်များကို ဖမ်းစားထားနိုင် ခဲ့သည်။ တည်ငြိမ်ရေရာခြင်း မရှိသော ကမ္ဘာကြီးကို သူ့အလှ၊ သူ့အနုပညာ၊ သူ့ ပျိုနု လန်းဆတ်မှုဖြင့် ချွေးသိပ် ပေးနိုင်ခဲ့သည်။ အနောက်မှ ရုပ်ရှင် ဝေဖန်ရေးဆရာ ဂျွန်လားက 'စိတ်ထားလှသူ၊ နှလုံးနွေးထွေးသူ၊ မျက်နှာလှသူ၊ စစ်လွန်ခေတ်ကြီး၏ အကောင်းမြင်ဝါဒ ခံစားချက်နှင့် မျှော်လင့်ချက်ကို ၀င်စားမွေးဖွားလာသူ' ဟု ရေးခဲ့သည်။
'ရိုမန်ဟောလီးဒေး' ဇာတ်ကားနောက်တွင် ဇာတ်ကား တော်တော်များများ ထွက်လာသည်။ ထိုစဉ်က သူ့ ဇာတ်ကားတိုင်းလိုလို ရန်ကုန်သို့ ရောက်လာသဖြင့် အော်ဒရီဟက်ဘန်းကို ကြည့်ဖြစ်ကြသည်။ ဒုတိယကားမှာ ဒါရိုက်တာ ဘီလီဝိုင်းလ်ဒါး၏ 'ဆာဘရီးနား' ဖြစ်သည်။ ဆာဘရီးနားမှာ ဇာတ်ကားထဲမှ မင်းသမီး၏ နာမည်ဖြစ်ပြီး ဟက်ဘန်းက မော်တော်ကား ဒရိုင်ဘာတဦး၏ မြီးကောင်ပေါက် သမီးကလေးအဖြစ် သရုပ်ဆောင်ထားသည်။ ဒရိုင်ဘာ၏ သမီးကလေးကို သူဌေးသား ညီအကို နှစ်ယောက်ဖြစ်သည့် ၀ီလျံဟိုးဒင်းနှင့် ဟန်ဖရေးဘိုးဂတ်တို့က ကြိုက်နေကြသည်။ နောက်ဆုံးတွင် ဆာဘရီးနားသည် ပိုက်ဆံချမ်းသာသည့် လုပ်ငန်းရှင် အစ်ကိုကြီးကို မချစ်ဘဲ အလုပ်လက်မဲ့ ညီငယ်၏ အချစ်ကို လက်ခံလိုက်သည်။
နောက်တကားမှာ 'တီဖန်နီမှာ မနက်စာ' ဆိုသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် တဇွတ်ထိုး လုပ်တတ်သော ဟော်လီဂိုး လိုက်တလီဆိုသည့် မြီးကောင်ပေါက်မကလေးအဖြစ် သရုပ်ဆောင်သွားသည်။ 'အစိမ်းရောင် စံအိမ်' နှင့် 'လမ်းအတွက် နောက်နှစ်ခွက်' ဆိုသည့် ကားများကိုတော့ ကျွန်တော်မကြည့်လိုက်ရ။ 'လမ်းအတွက် နောက်နှစ်ခွက်' မှာ အရက်သမားတဦး၏ ဇနီးအဖြစ် သရုပ်ဆောင်သွားခဲ့သည်။ ဒါရိုက်တာ ဂျွန်ဟူစတန် ၏ 'ခွင့်လွှတ်မခံရသူ' ဇာတ်ကားတွင် မက္ကစီကန်နယ်စပ်က အမေရိကန်အိန္ဒိယန်း ကပြားမကလေး အဖြစ်လည်းကောင်း၊ စတန်လေဒိုနင်၏ 'ရယ်စရာ့မျက်နှာ' တွင် အထက်တန်းစား မိန်းမပျိုတဦးအဖြစ် လည်းကောင်း သရုပ်ဆောင်သွားခဲ့သည့်။ 'ရှားရမ်' ဇာတ်ကားတွင် ကယ်ရီဂရန့်၏ မေးခွက်ကလေးကို ကိုင်ပြီး 'ဒီနားမှာ မုတ်ဆိတ်ရိတ်တော့ ဘယ်လို ရိတ်သလဲဟင်' ဟု နောက်ပြောင် ကျီစယ်နေဟန်ကို သတိရနေသည်။
ကင်းဗီဒေါ၏ 'စစ်နှင့်ငြိမ်းချမ်းရေး' တွင် နာတာရှာအဖြစ် သရုပ်ဆောင်ပုံမှာ ဟက်ဘန်းနှင့် လိုက်ဖက် သည်။ နာတာရှာက မြို့စားကြီးသမီး၊ မြီးကောင်ပေါက်မကလေး၊ စိတ်ကစားတတ်သည့်အရွယ်၊ လောကကြီးတွင် အပူအပင်ကင်းမဲ့စွာ နေတတ်သူ။ ထိုစရိုက်သည် မှူးမတ်မျိုးမှ မွေးဖွားလာသည့် အော်ဒရီဟက်ဘန်းနှင့် ပို၍ လိုက်ဖက်သည်။ ဟက်ဘန်းသည် ၀ါရင့်မင်းသားကြီးများဖြစ်သော ဟင်နရီဖွန်ဒါ(ပီယာ)နှင့် ဂျိုစ်ဖါးရား(မင်းသား အန်ဒရေ) တို့ကြားတွင် နိုင်နင်းစွာ သရုပ်ဆောင်သွားသည်။

(၃)
အော်ဒရီဟက်ဘန်းကို ကျွန်တော် နောက်ဆုံးကြည့်လိုက်ရသည့်မှာ ဂျော့ကူးကား ရိုက်သည့် 'မိုင်ဖဲယားလေဒီ' ဖြစ်သည်။ မိုင်ဖဲယားလေဒီမှာ ဘားနတ်ရှော၏ 'ပစ်မာလီယန်' ပြဇာတ်ကို ရိုက်ထားခြင်း ဖြစ်သည်။ ပန်းသည်မလေး အယ်လီဇာဒူးလစ်တဲသည် ပါမောက္ခကြီး ဟစ်ဂင်းစ်၏ သင်ကြားပေးမှုကြောင့် အထက်တန်းစား မိန်းမပျိုကလေး တယောက်ဖြစ်သွားပုံ ဖြစ်သည်။ ပစ်မာလီးယန်းမှာ ဂရိ ဒဏ္ဍာရီ ပုံပြင်ဖြစ်ပြီး ကိုယ်ထုလုပ်သည့် လှပသော ပန်းပုရုပ်ကလေးကို ပြန်၍ စွဲမက်သွားသော ပန်းပုဆရာတယောက်အကြောင်း ဖြစ်သည်။ 'မိုင်ဖဲယားလေဒီ' မှာ နယူးယောက် ဘရော့ဝေးတွင် ဆယ်နှစ်တိုင်တိုင် စင်တင်ကပြခဲ့သည့် ဇာတ်ဖြစ်ပြီး နောက်တွင် ဂျော့ကူးကားက မင်းသားကြီး ရက်ဟယ်ရီဆန်၊ အော်ဒရီဟက်ဘန်းတို့ဖြင့် ရုပ်ရှင်အသွင် ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် အော်ဒရီဟက်ဘန်းသည် ရှောင်ကွန်နရီနှင့် တွဲဖက်ပြီး 'ရိုဘင်နှင့် မာရီယန်' ဆိုသည့် ဇာတ်ကား ရိုက်သေးသည်။ ဒါရိုက်တာမှာ ရစ်ချတ်လက်စတာ ဖြစ်သည်။ နောက်ဆုံးရိုက်သည့်ကားမှာ စတီဗင်စပီးဘတ် ရိုက်ကူးသည့် 'အစဉ်သဖြင့်' ဆိုသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားများကိုမူ ရန်ကုန်သို့ ရောက်မလာသဖြင့် ကျွန်တော်တို့ မကြည့်လိုက်ရ။
အော်ဒရီဟက်ဘန်းသည် 'လမ်းပေါ်တွင် ကျက်စားသည့် သူငယ်ကလေး တယောက်၏ အပြစ်ကင်းစင်မှု မျိုး၊ ရိုးသားမှုမျိုး ရှိသည်' ဟု အနောက်နိုင်ငံမှ ပရိသတ်များက ဝေဖန်ကြသည်။ သူ၏ မျက်နှာကျပုံ၊ သူ၏ သွက်လက် ဖြတ်လတ်ပုံ၊ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုသကဲ့သို့ မြင်ရသူတို့ နှစ်သက်အောင် လုပ်နိုင်စွမ်းရှိပုံ တို့ကြောင့် လားတော့ မပြောတတ်ပေ။
အော်ဒရီဟက်ဘန်းသည် မာနမကြီး၊ ဘ၀င်မမြင့်၊ ဒါရိုက်တာခိုင်းသမျှကို ရက်ရက်ရောရော လုပ်ပေးတတ်သည်ဟု ဆိုသည်။ သူသည် ထိုမျှ အောင်မြင်ကျော်ကြားလာခြင်းအတွက် သူနှင့်အတူ သရုပ်ဆောင်ခဲ့ဖူးသည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာများကို အစဉ်အမြဲ ကျေးဇူးစကား ဆိုတတ်သည်။
"ဆရာတွေက ကျွန်မ မှာရှိတဲ့ အကောင်းဆုံး အရည်အချင်းတွေကို ရွေးထုတ်တတ်တယ်လေ၊ ဒီလို ရွေးထုတ်ပြီး ထင်းခနဲ နေအောင် ပြလိုက်တယ်၊ အဲဒီအခါမှ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေကလည်း ကျွန်မကို ပို့ပေးကြတယ်။ ဒါ့ကြောင့်မို့ ကျွန်မအောင်မြင်တာပါ" ဟု ပြောဖူးသည်။
အော်ဒရီဟက်ဘန်းသည် ရုပ်ရှင်မင်းသမီး မဖြစ်မီတုန်းက ကချေသည် လုပ်ခဲ့ဖူးသည်။ သို့ရာတွင် ခပ်ပိန်ပိန်၊ ခပ်ပါးပါး ဟက်ဘန်းသည်ထိုမျှ ကျက်သရေရှိသော ကကွက်များကို ကနိုင်မည်ဟု မည်သူမျှ မထင်ကြ။ ကချေသည်တယောက်၊ ရုပ်ရှင်မင်းသမီးတယောက် အနေနှင့် သူမ အောင်မြင်ခြင်းမှာ လှုပ်ရှားမှု ဟန်ကြောင့်လည်း မဟုတ်၊ ရုပ်ကြောင့်လည်းမဟုတ်။ စိတ်ဓါတ်ကြောင့် ဖြစ်သည်။ 'သူ့ အောင်မြင်မှုသည် ခံစားမှုဆိုင်ရာ စွမ်းအားကြီးမှုနှင့် တည်ငြိမ်မှုတို့ကြောင့် ဖြစ်သည်' ဟု ဝေဖန်ရေးဆရာများက ရေးခဲ့ကြသည်။
အမေရိကန် စာရေးဆရာ ထရူးမင်းက ဟက်ဘန်း၏ မျက်နှာသည် ဂေါရီအရွယ်လွန်စ၊ ကုမ္မာရီ အရွယ်ဝင်စ မျက်နှာလေး ဖြစ်သည်ဟု ရေးခဲ့ဖူးသည်။
ထို တည်ငြိမ်မှု၊ ရိုးသားမှုတို့ကြောင့်ပင် စာနယ်ဇင်းဆရာများသည် ဟက်ဘန်း၏ ကိုယ်ရေးကိုယ်တာများ ကို ရေးသည့်အခါတွင် သက်ညှာစွာ ရေးခဲ့ကြသည်။ အချို့မှာ သူ့ ကိုယ်ရေးကိုယ်တာကို မရေးဘဲ ချန်ပစ်ခဲ့ကြသည်။ သူသည် အိမ်ထောင်နှစ်ဆက် ပျက်ခဲ့သည်။ ပထမ အိမ်ထောင်မှာ 'စစ်နှင့်ငြိမ်းချမ်းရေး' တွင် သူနှင့်အတူ သရုပ်ဆောင်ခဲ့သည့် မင်းသားကြီး ဂျိုးစ်ဖားရား ဖြစ်သည်။
နောက်ပိုင်းတွင် အော်ဒရီဟက်ဘန်းသည် ရုပ်ရှင်သိပ်မရိုက်ဖြစ်တော့ဘဲ ဆွစ်ဇာလန်တွင် နေထိုင်ကာ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်) အတွက် အလှူငွေများ ကောက်ခံပေးခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ခြင်း စသည့် ပရဟိတလုပ်ငန်းများနှင့် အချိန်ကုန်နေတော့သည်။
မကွယ်လွန်မီကလေးမှာပင် ဟက်ဘန်းသည် ဆိုမာလီယာသို့ သွားရောက်ကာ ဆိုမာလီယာ ပြည်တွင်းစစ်ကို ရပ်စဲရန် စောစီးစွာ မေတ္တာရပ်ခံခဲ့သည်။ ထိုစဉ်က ကမ္ဘာ့နိုင်ငံကြီးများပင်လျှင် ဆိုမာလီယာ ကိစ္စကို မစဉ်းစားကြသေး။
ဟက်ဘန်းသည် ဧကရီ၊ ပန်းသည်မ၊ ဒရိုင်ဘာ၊ လင်ဆိုးမယား၊ လေလွင့်နေသည့်ကောင်မလေး၊ စာအုပ်ဆိုင် အရောင်းစာရေးမ၊ ဖက်ရှင်ကိုယ်ဟန်ပြမယ် စသည့် စရိုက်များစွာကို နိုင်နင်းစွာ သရုပ်ဆောင်နိုင် ခဲ့သည်။
သူမသည် လူလားမြောက်စ အရွယ်တွင် စစ်ကြီးကို ဖြတ်သန်းခဲ့ရသည်။ ငတ်ပြတ်ခဲ့ရသည်။ မိဘတွေ ဆုံးရှုံးခဲ့ရသည်။ အနုပညာရှင်အဖြစ် အောင်မြင်ကျော်ကြားချိန်တွင် စစ်အေးကာလကြီးကို ဖြတ်သန်းခဲ့ရသည်။ တတိယကမ္ဘာစစ်ကြီး၏ ခြောက်လှန့်မှုအောက် ရင်တထိတ်ထိတ် နေခဲ့ရသည်။ သို့တိုင် ဟက်ဘန်းသည် သူ၏ 'လမ်းပေါ်က သူငယ်ကလေး၏ အပြစ်ကင်းစင်မှု၊ ဂေါရီလွန်စ ကုမ္မာရီဝင်စ ချစ်စရာ့မျက်နှာ၊ ရိုးသားတည်ငြိမ်သော စိတ်ထား' တို့ဖြင့် တတိယ ကမ္ဘာစစ် တစ္ဆေအခြောက်ခံနေရသော ကမ္ဘာကြီးကို ရွှင်လန်း ကြည်မွေ့အောင် လုပ်သွားခဲ့သည်။
အသက် ၆၀ ကျော် ကွယ်လွန်ခါနီးအရွယ်တွင် ကမ္ဘာတ၀ှမ်းရှိ ကလေးငယ်များအား ကယ်ဆယ်ရေး အတွက် သူမ တတ်နိုင်သမျှ ကြိုးပမ်းသွားခဲ့သည်။ စစ်အေးလွန်ခေတ်တွင် ဆိုမာလီ၊ ဘော့စနီးယား၊ ကမ္ဘောဒီယား၊ ဂါဇာကမ်းမြောင်ဒေသ၊ လက်ဘနွန် စသည့်နေရာများမှ ပြည်တွင်းစစ်များကို တွေ့သွားရသည်။ သို့ရာတွင် ဟက်ဘန်းသည် ကင်ဆာရောဂါကို ခံစားနေရသည့်ကြားမှပင် ဆိုမာလီယာတွင် ပြည်တွင်းစစ် ရပ်စဲအောင်၊ အပျက်ကပ်ကြီးဘေးမှ ကင်းဝေးအောင် ရုပ်မြင်သံကြားမှနေ၍ မကြာခဏ မေတ္တာရပ်ခံခဲ့သည်။
ယခုမူ မှူးမတ်နွယ်၊ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်ဆက်သား၊ ကချေသည်၊ ရုပ်ရှင်မင်းသမီး စသည့် ဘ၀တို့ကို ဖြတ်သန်း၍ ဆိုမာလီယာတွင် ပြည်တွင်းစစ် ရပ်အောင် ကြိုးပမ်းခဲ့သည့် အော်ဒရီဟက်ဘန်းသည် ဆိုမာလီမှ သေနတ်သံများ မစဲမီတွင် နှလုံးသွေး အခုန် ရပ်သွားလေပြီ။ လူလားမြောက်စ အရွယ်မှသည် အသက် ၆၀ ကျော်အရွယ်အထိ စစ်ကို ဆန့်ကျင်ခဲ့သော အော်ဒရီဟက်ဘန်း၏ ဘ၀မီးတိုင်သည် စစ်မီးလျှံများအကြားတွင် ငြိမ်းသွားလေပြီ။
အောဒရီဟက်ဘန်းနှင့်အတူ ကျွန်တော်တို့ မျိုးဆက်သည်လည်း စစ်၏ထိတ်လန့်ဖွယ်တို့ကို ကြုံခဲ့ရသည်။ စစ်အေးတစ္ဆေကြီး၏ ခြောက်လှန့်မှုကို ခံခဲ့ကြရသည်။ စစ်အေးလွန်ခေတ်၏ သေနတ်သံများကို ကြားခဲ့ကြရသည်။ ထို့ကြောင့် သူ့ ရင်ခုန်သံသည် ကျွန်တော်တို့ မျိုးဆက်၏ ရင်ခုန်သံ။ သူ့ စိုးရွံ့မှုသည် ကျွန်တော်တို့ မျိုးဆက်၏ စိုးရွံ့မှု၊ သူ့ဘ၀အမောသည် ကျွန်တော်တို့ မျိုးဆက်၏ ဘ၀အမော။ ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာ ရှိစေ လျှောက်လှမ်းခဲ့ရသော ခြေလှမ်းတွေ တူသဖြင့် ခံစားပုံတွေကလည်း အတူတူ။
'ရိုမန်ဟောလီးဒေး' တုန်းက ဂရီဂိုရီပက်သည် လှပမွေ့ကြည်ဖွယ် ကောင်းသော အိပ်မက်ဘုံကို ဆုံးရှုံးသွားခဲ့သည်။ ယခု ဂရီဂိုရီပက်၏ ဆုံးရှုံးမှု အတိုင်းအတာသည် မည်မျှကြီးမားကြောင်း ကျွန်တော်တို့ စာနာနိုင်လေသည်။
ကျွန်တော်သည် ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲမှ ဖြည်းဖြည်းမှန်မှန် ကျနေသော ဂရီဂိုရီပက်၏ ဖိနပ်သံကို ကြားယောင်နေလေတော့သည်။

မြသန်းတင့်
စံပယ်ဖြူမဂ္ဂဇင်း၊
၁၉၉၄၊ ဇန်န၀ါရီ။
[ဧကရီပန်းသည်မနှင့် ကျွန်တော် စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၇ မတ် မှ ကူးယူဖော်ပြပါတယ်။]

Monday, May 3, 2010

ရှုတိုင်းလှသည့်သာလွတ်ထွတ်တင်ဇာတ်လမ်း
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်



(၁)
စာဆို (၀ါ) ကဗျာဆရာဟူသည် စိတ်နှင့် အလွန်နီးစပ်သူတို့ ဖြစ်ကြလေသည်။
အမှန်ဆိုရလျှင် လူမှန်သမျှ၌ ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ် ရှိကြသည်ချည်း ဖြစ်လေသည်။ လူမှန်သမျှ၌ တွေးခြင်း၊ ကြံခြင်း၊ ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း၊ ခံစားခြင်းတို့ ရှိကြသည်ချည်း ဖြစ်လေသည်။ လူတိုင်း၌ အထက် ဆောင်းပါးတခုတွင် ကျွန်တော် တင်ပြခဲ့သကဲ့သို့ သူ့ကိုနားလည်ရေးအတွက် သူ့နေရာတွင် ကိုယ်ဝင်ကြည့်လိုက်ခြင်းစွမ်းရည် [အင်ပသီ]၊ သူခံစားသကဲ့သို့ လိုက်ခံစားမှုတူညီခြင်း စွမ်းရည် [ဆင်ပသီ] မရှိမဟုတ်၊ ရှိကြသည်ချည်း ဖြစ်လေသည်။ ထို့ကြောင့်လည်း သာမန်တိရစ္ဆာန်တို့၌ မရှိသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဟုခေါ်သည့် ဗြဟ္မာစိုရ်တရား မည်သော စိတ်အရည်အသွေးတို့သည် လူ၌ ရှိသည်။

စာဆိုများ၌ ထူးခြားသော အာရုံထက်မြက်ခြင်း [Special sensitivity] ရှိသည်ကို ခေါမပညာရှင်ကြီး အရစ္စတိုတယ်လ် လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့ကြောင်း ကျွန်တော် ရေးခဲ့ပြီးပြီ။ သူတို့ကား ပြင်ပလောကမှ အာရုံများကို ဖမ်းရာ၌ သာမန်လူများထက် ပို ထက်မြက်သည်။ ထို့ကြောင့်လည်း သူတကာ မမြင်သည်ကို သူတို့ မြင်တတ်သည်။ သူတကာ သတိမပြုမိသည်ကို သူတို့ သတိပြုမိတတ်သည်။ သူတကာ မခံစားတတ်သည်ကို သူတို့ လိုက်ခံစားတတ်သည်။ သူတကာ မတွေးမိသည်ကိုလည်း သူတို့ တွေးမိ တတ်ကြသည်။ သူတို့သည် အခြားသူများ၏ အထက်၌ ရှိနေသည်ဟု ကျွန်တော် မဆိုလိုပါ။ ဥာဏ်သဘော သက်သက်အရာ၌ သူတို့ထက် သာလွန်သူများ ရှိပါသည်။ သူတို့ ၀ါသနာ၊ သူတို့ အလေ့အထကြောင့် အာရုံထက်မြက်ခြင်း အထူးရှိကြောင်းကိုသာ ဆိုလိုပါသည်။
သူတို့အလုပ်ကလည်း လောက၌ ဖြစ်နေသည်ကို ကြည့်သည်။ မှတ်သည်။ ကြည့်ရုံ မှတ်ရုံနှင့် မရပ်သေး၊ တွေးသည်၊ ကြံသည်၊ ဆင်ခြင်သည်၊ သုံးသပ်သည်။ တပြိုင်နက်တွင် လိုက်လည်း ခံစားသည်။ ခံစားရုံမက... ခံစားမှုကိုလည်း သိနေသေးသည်။ တဖန် သူတို့က ဤမျှနှင့် မရပ်သေးဘဲ သူတို့ မြင်သမျှ၊ တွေးသမျှ၊ ခံစားမိသမျှတွေကို တပါးသူအား ထပ်ဆင့် ဝေမျှ ပေးချင်ကြသေးသည်။ သည်အတွက်.... ကိုယ့်စိတ်ကိုလည်း သိမြင်နားလည်ရသည်။ သူတပါး စိတ်ကိုလည်း သိမြင်နားလည်ရသည်။ ထို့ကြောင့် စာဆို (၀ါ) ကဗျာဆရာ ဟူသည် စိတ်နှင့် အလွန်နီးစပ်သူတွေ ဖြစ်သည်ဟု ကျွန်တော် ဆိုခဲ့သည်။ စိတ်၊ စေတသိက်တွေကို အလွန်သတိပြုမူတတ်သူဟု ဆိုလိုရင်း ဖြစ်ပါသည်။ မိမိ၏ စိတ် စေတသိက်တွေကိုလည်း သတိပြုမိတတ်သည်။ သူတပါး၏ စိတ်စေတသိတက်တွေကိုလည်း သတိပြုမိတတ်သည်။ သည်လိုဖြင့် သူတို့သည် လူ့လောက၌ အလွန် 'ကိုယ်ချင်းဖလှယ်ကြည့်နိုင်' တတ်ပြီး အလွန်လည်း 'ကိုယ်ချင်းစာတရား' ရှိတတ်ကြသည်။
ကိုယ်ချင်းဖလှယ်ကြည့်နိုင်မှ ကိုယ်ချင်းစာတရားရှိနိုင်ကြောင်းကိုလည်း ကျွန်တော်ရေးခဲ့ ပြီးပါပြီ။
တခါတရံ ကိုယ်ချင်းစာတရားမှ ထွက်လာသော သူတို့ စာသည် အလွန်သိမ်မွေ့တတ်လေရာ အပေါ်ရံ လျှပ်ကြည့်ရုံနှင့် နားလည်ရန် ခက်ခဲသည်။
ဤကဲ့သို့ နားလည်ရန် ခက်ခဲသော သဘောကို မမျှော်လင့်သော ခေတ်တခုမှ မမျှော်လင့်သော စာဆိုတဦး၏ မမျှော်လင့်သော စာပေပုံသဏ္ဍာန် တခုအတွင်း၌ ကျွန်တော် တွေ့မိခဲ့သည်။

(၂)
ပထမ အင်းဝခေတ်ကြီးသည် အဓိကအားဖြင့် ပျို့ခေတ်ကြီးဖြစ်လေသည်။ ပျို့ခေတ်ကြီးကို ဦးဆောင်သူ များမှာ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဌသာရ စသော ရဟန်းစာဆိုများ ဖြစ်ကြလေသည်။ ရဟန်းစာဆိုများ၏ မေတ္တာနှင့် စေတနာကား လူတို့ကို လိမ္မာ ယဉ်ကျေးစေလိုခြင်း ဖြစ်လေသည်။ ထိုအရှင်များ၏ စာများသည် ယေဘူယျဆိုလျှင် ပုဂ္ဂလိက အတ္တခံစားမှုကို အသားမပေး။ ရှေ့တန်းမတင်။ ဘုရားဟော ဇာတ်တော်များမှ တရားဓမ္မများ လူတို့စိတ်တွင် မြဲစွာ ပြန့်ပွားရန်သာ ဂရုဓမ္မ ထားတော်မူကြသည်။
တောင်ငူခေတ်ကား လူစာဆိုတို့၏ ခေတ်ကြီးဖြစ်လေသည်။ လူစာဆိုတို့ ခေတ်ပီပီ ပုထုဇဉ်လူသားဘ၀ ကို သူတို့စာတွေက ရောင်ပြန်ဟပ်ပြသည်။
တောင်ငူခေတ်၌ ဧချင်း၊ ရွှေနားတော်သွင်း၊ ရတု ဟူသည့် စာပေပုံသဏ္ဍာန်များ ခေတ်စားသည်။
ရောမအင်ပိုင်ယာကြီး အပြီး၌ ဥရောပသည် အစိတ်စိတ် အမွှာမွှာကွဲသကဲ့သို့ ပထမအင်းဝခေတ်ကြီး အပြီးတွင် မြန်မာနိုင်ငံတော်ကြီးလည်း အစိတ်စိတ် အမွှာမွှာ ကွဲနေသည်။
ရောမအင်ပိုင်ယာ တန်ခိုးထွားစဉ်က ဥရောပသည် ငြိမ်းချမ်းနေရာ... ထိုငြိမ်းချမ်းရေးကြီးကို ကမ္ဘာ့သမိုင်း၌ ပက်(စ်)ရိုးမားန [Pax Romana] ဟုခေါ်သည်။ ရောမက ထိန်းသိမ်းကြပ်မတ်ထားသော ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ရှိသည်။ ရောမအင်ပိုင်ယာကြီး ပျက်စီသွားသောအခါ ဥရောပသည် အစိတ်စိတ် အမွှာအမွှာကွဲသွားပြီး ပဒေသရာဇ်မင်းငယ်တို့ တဦးနှင့်တဦး အပြိုင်အဆိုင် တိုက်ခိုက်ကြ၍ စစ်မက်ထူပြော လာသည်။ ရှေးယခင် ရောမအင်ပိုင်ယာကြီးကဲ့သို့ ပြန်လည် တည်တံ့ ငြိမ်းချမ်းရန် လက်ရုံးရည် နှလုံးရည်သုံးပြီး ကြိုးပမ်းကြသည့် တန်ခိုး အတန်အသင့်ကြီးသည့် ဘုရင်များ ပေါ်ပေါက်လာကြသည်။ဥပမာ.. ဘုရင်ကလိုးဗစ်(စ်) [King Clovis][466-511အေဒီ] ဧကရာဇ်ရှားလ်မိန်း [Emperor Charlemagne][742-814 AD] သူရို့၏ ကြိုးပမ်းချက်သည် ရာခိုင်နှုန်းပြည့် မအောင်မြင်။ အလယ်ခေတ် [Middle Age] အတွင်း၌ စစ်ပွဲများ မစဲ။ ရာခိုင်နှုန်းပြည့် ငြိမ်းချမ်းရေး မရ။
မြန်မာနိုင်ငံတွင်လည်း ပုဂံငြိမ်းချမ်းရေးခေတ်ကြီး၊ ပထမအင်းဝ ငြိမ်းချမ်းရေး ခေတ်ကြီးတွေ ပျက်ပြီးနောက် စစ်မက်ထူပြောသော ပဒေသရာဇ်ခေတ်တွေ ပေါ်လာသည်။ ဘုရင့်နောင်သည် လက်ရုံးရည် နှလုံးရည်ဖြင့် ငြိမ်းချမ်းရေးခေတ်ကြီးတခေတ်ကို တည်ထောင်ပေးခဲ့သည်။ သို့ရာတွင် ဘုရင့်နောင် နတ်ရွာစံ ပြီးနောက် မငြိမ်းချမ်းသော ပဒေသရာဇ်မင်းငယ်တို့၏ ခေတ်သည် ပေါ်လာပြန်သည်။ ညောင်ရမ်းမင်းတြားကြီးနှင့် သားတော် အနောက်ဘက်လွန်မင်းတြားကြီး(မဟာဓမ္မရာဇာ)တို့သည် အပျက်တွေကြားမှ နိုင်ငံတော်သစ်ကို ပြန်လည် ထူထောင်ကြရသည်။ အစိတ်စိတ်အမွှာမွှာ ကွဲနေသည်ကို ပြန်လည် ဆက်စပ် စည်းရုံးယူကြရသည်။ မငြိမ်းချမ်းသော ပဒေသရာဇ်မင်းငယ်တို့၏ သူတလူငါတမင်း ခေတ်မျိုးမှ ဗဟိုမှ ထိန်းသိမ်း ကြပ်မတ်မှုရှိသည့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးခေတ်သစ်ကြီးတခုကို ထူထောင်ကြရသည်။
သည်လို ကြိုးပမ်းမှုမျိုးတွင် လက်ရုံးရည်ရော၊ နှလုံးရည်ပါ လိုလေသည်။ ကမ္ဘာ့သမိုင်း ဖြစ်စဉ်အရ အပျက်တွေနှင့် အဖျက်သမားတွေကို ရင်ဆိုင်ရ ဖြေရှင်းရသောအခါ လက်ရုံးရေးရာသည် ရှေးဦးစွာ ထင်ရှား အရေးပါလာတတ်သည်။
တောင်ငူခေတ်ဟုခေါ်သော ခေတ်အတွင်း၌ တိုင်ပြုပြည်ပြုရေးအတွက် မလွဲမရှောင်သာသော လက်ရုံးစွမ်းရည် လိုအပ်လှပေရာ... လူ စာဆိုတို့၏ ကဗျာများတွင် လက်ရုံးရည်ကို အားပေးချီးမွမ်းလှုံ့ဆော်သည့် ဧချင်းများ၊ ရွှေနားတော်သွင်း ကဗျာများ ခေတ်စားခဲ့သည့်မှာ မဆန်းဟု ထင်သည်။
ရတုသည်လည်း တောင်ငူခေတ်၏ ထူးကဲသော စာပေပုံသဏ္ဍာန် တခုဖြစ်လေသည်။
ထိုခေတ်က စာဆိုတို့သည် မိမိတို့ကိုယ်တိုင်လည်း လက်ရုံးရည်ရှိသော သူရဲကောင်းတပိုင်း ဖြစ်ကြလေ သည်။ သူတို့သည် နှလုံးသားရှိသော စစ်သည် [soldiers with hearts] များ ဖြစ်ကြလေသည်။ သူတို့သည် ဝေးလံခေါင်ဖျားသော အရပ်တပါးတွေဆီ သွားကြရသည်။ လူသူကင်းမဲ့သော တောတောင်ရေမြေ ခရီးတွေ နှင်ခဲ့ကြရသည်။ မြို့ပြ အိမ်ယာ ချစ်သူ ခင်သူတို့နှင့် ဝေးရာ၌ ကျင်လည်နေထိုင်ရသည်။ တာဝန်သိမှုက သူတို့ကို သူရဲကောင်း ဖြစ်စေသည်။ နှစ်လုံးသား ရှိမှုက ချစ်-လွမ်း ရိပ်လွှမ်းသည့် အနုအလှကဗျာ [Romance Poems] များကို ဖန်တီးမှု ဖြစ်စေသည်။
အနုအလှကဗျာများ (၀ါ) ရိုးမင့်(စ်) ကဗျာများသည် လိုင်းရစ် [Lyric] ကဗျာ အမျိုးအစားတွင် ပါဝင်သည်။ လိုင်းရစ်ကဗျာမျိုးကား ဗဟိဒ္ဓခေါ် ပြင်ပ အဖြစ်အပျက် [external events] များ၌ အာရုံမထား။ စာဆို၏ ပုဂ္ဂလိက ခံစားမှုနှင့် စိတ်ညွတ်မှုများ [Personal emotion and sentiment] များကိုသာ ဖော်ကျူးသည်။ အလွန်ပုထုဇဉ်ဆန်သော ကဗျာမျိုး ဖြစ်လေသည်။
လက်ရုံးရည်ခေတ်ဖြစ်သော ဥရောပ၏ အလယ်ခေတ်တွင် ရိုးမင့်စ် ကဗျာများ ထွန်းကားခေတ်စားသည်။ အလားတူ ဖြစ်သော တောင်ငူခေတ်တွင်လည်း ဘုရားတိုင်၊ စစ်ချီ၊ မိုးဘွဲ့၊ ဆောင်းဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ သစ္စာတိုင် စသော အနုအလှ ကဗျာမျိုး ရတုတို့ ထွန်းကားခေတ်စားသည်။ သမိုင်းပေး အခြေအနေနှင့် လူသားတို့၏ နှလုံးသားတို့ ထိတွေ့ရာမှ ပေါ်လာသော ဓမ္မတာ အကျိုးတရပ် ဖြစ်လေသည်။
လှော်ကားသုံးထောင်မှူး၊ ပြည်န၀ဒေးကြီး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို တို့၏ ရတုများကို ဤသို့လျှင် အနုအလှကဗျာတွေ ဖြစ်သာ ယေဘူယျ ကျွန်တော်နားလည်ထားခဲ့သည်။
သို့ရာတွင် ရှင်သံခို၏ 'သာလွတ်ထွတ်တင်' ချီ ရတုပိုဒ်စုံက ကျွန်တော့်ဦးနှောက်ကို များစွာ.... များစွာ အလုပ်ပေးခဲ့သည်။ သူ့ ဤရတုကို သာမန် ချစ်-လွမ်း အနုအလှကဗျာတပိုဒ်ဟု ကျွန်တော် မမြင်ဝံ့။ မမြင်ရဲ...။

(၃)
"သာလွတ်ထွတ်တင်၊ မင်းသာရွှင်၍၊ သဘင်မပြတ်၊ နေ့တိုင်းပတ်သား၊ ပြသာဒ်ပြောင်ရွှန်း၊ မြို့ဘုံနန်းနှင့်၊ ရံဝန်းကိုးမည်၊ ရွှေသားလည်သည်....."
ရတု၏ ဤမျှအထိသည် အနောက်ဘက်လွန်မင်းစံရာ အင်းဝရွှေနန်းတော်ကြီး၏ ကျက်သရေနှင့် ခမ်းနားတင့်တယ်ပုံကို ပြသည်။ သည်လိုဆိုလျှင် ပျော်ဖွယ် မကောင်းပေဘူးလော။
ရှင်သံခို ဆက်၍စပ်ပုံကို ကြည့်ပါ။
"ပျော်မည်မှာဝေး၊ တရေးရေးတည့်၊ ကျော်မွှေးသတင်း၊ ပြည်ထောင်ချင်းတို့၊ ရန်တင်းမ၀ံ့၊ မာန်ကိုညံ့သည်၊ ပေါက်ပျံ့သာနာ၊ ကေတုမှာသို့...."
ပျော်စရာမကောင်းပါ။ အနည်းဆုံး တယောက်သော သူကလေးအတွက်က ပျော်စရာမကောင်းပါ။ ထိုသူကလေးသည် မူလက သူနေခဲ့ရာ ကေတုမတီ တောင်ငူမှာကဲ့သို့ မပျော်ပါ။ ပျော်ရန်ဝေးပါဘိ။
လက်ရှိ ဧကရာဇ်၏ အနောက်ဘက်လွန်မင်တြား၏ အင်းဝနေပြည်တော်ကို နှိမ်ပြီး ယခုအခါ လက်အောက်ခံ မြို့ဖြစ်နေသော ကေတုမတီတောင်ငူက သာသယောင် ဖွဲ့စပ်ခြင်းကပင် အပြစ်ကြီးလှပြီ။
ရှင်သံခိုက ဤမျှနှင့် မရပ်သေးဘဲ -
"အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်၊ ဖြန့်တိုးဝှန့်လှိုက်၊ ဖြုန်းဖြုန်းပြိုက်သည်၊ ရီမိုက်မှိုင်းမျှ ဆွတ်ရှာသောဝ်။" - ဟု မကြောက်မရွံ့ ဆက်ဆိုသည်။
ဤတွင် အင်းဝ ရွှေနန်းတော်တွင်း၌ မပျော်ရှာသော တယောက်သောသူကလေးသည် မည်သူဖြစ် ကြောင်း ပေါ်လာသည်။ သူ့ကို မပျော်အောင် လုပ်နေသူ တရားခံသည် မည်သူဖြစ်ကြောင်းလည်း ပေါ်လာသည်။ "အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်...." ဤအပိုဒ်က သဲလွန်စပေးသည်။
ပဒေသရာဇ် ဧကရာဇ်ခေတ်ထုံးစံနှင့်အညီ.... တောင်ငူကို နိုင်ပြီးသောအခါ တောင်ငူက မိန်းမချော၊ မိန်းမလှများကို နိုင်သူမင်းက အင်းဝသို့ ဆောင်ယူခဲ့သည်။ ယခု ထိုကဲ့သို့ မိန်းမချော မင်းသမီးလေးတဦးကို အလိုမတူဘဲနှင့် ဘုရင်က မိဘုရားမြှောက်တော့မည်။ ခမျာလေး ချုံးပွဲချ ငိုကြွေးပြီး ရင်ကွဲပက်လက် ဖြစ်လိမ့်မည်ဟု ရှင်သံခိုက ကန့်ကွက်နေသည်။
အဲသည် ခမျာလေးမှာ ချစ်သူရှိသည်။ ချစ်သူမှ အသဲနင့်အောင် ချစ်ခဲ့ရသည့် ငယ်ချစ်ဦး....။
"ပြာလတ်မွတ်စင်၊ နောင်သာကြင်၍၊ ကေသျှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လစ်၊ စမ္ပယ်သစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည့်နောင်မူ....."
ဤစကားများနှင့် ခမျာလေး၏ ချစ်သူကို ဖော်ပြသည်။
ကြိုးသည့်နောင်....။ နောင်......။
ရှေးဆရာတို့က နောင် ဆိုသည်မှာ စစ်ရှုံးဘုရင် နတ်ရှင်နောင်ကို ဆိုလိုသည်။ ယခု အနောက်ဘက်လွန်မင်း မိဘုရားမြှောက်မည့် ခမျာလေး၏ ချစ်သူမှာ... ဟိုအဝေးမှာ ကျန်ရစ်သည့်.... နတ်ရှင်နောင်။
ဤရတုကြောင့် အနောက်ဘက်လွန်မင်းတြား ရာဇမာန်တော်ရှ၍ ရှင်သံခိုအား ကွပ်မျက်မည် ပြုသည်။ ပြည်ငထင်ငယ် လျှောက်ထားတောင်းပန်မှ ရှင်သံခိုကို အသက်ချမ်းသာပေးသည်။
သမိုင်းကား ဤသို့ဆိုထားသော်လည်း ကျွန်တော့်စိတ်တွင်း၌ တစုံတရာ မကျေမလည်ဖြစ်နေသည်။
ပဒေသရာဇ်၊ ဧကရာဇ်စံနစ်တွင် အောင်နိုင်သူက ရှုံးသူ၏ သမီး၊ နှမတို့ကို သိမ်းယူ မိဘုရားမြှောက်ခြင်းမှာ အဆန်းမဟုတ်။ ထုံးစံ..။ အစဉ်အလာ...။ ရှုံးသည့်ကိစ္စထားဦး၊ အညံ့ခံသောအခါ၊ အောက်ကျို့ မဟာမိတ်ပြုသောအခါများတွင်လည်း နှမ၊ သမီးကညာတို့ကို ဆက်သလေ့ရှိသည်။
ဤမဆန်းသော ထုံးစံ ရှိနေကြားက.. အဆန်းလုပ်ပြီး ရှင်သံခိုသည် 'သာလွတ်ထွတ်တင်' ချီ ရတုကို ဘာ့ကြောင့် စပ်ပါသနည်း။
ရှင်သံခိုကို မစပ်မနေနိုင်အောင် လှုံ့ဆော်တွန်းဆွသော မိုးတစ်(ဖ်) [motive] ခေါ် ဇောစေတနာက ဘာပါသနည်း။
ရှင်သံခိုသည် အနောက်ဘက်လွန်မင်းတြားအပေါ် ရန်ညှိုးသို မုန်းတီးသူ ဖြစ်သောကြောင့် သိက္ခာချခြင်းလော။
ဤသို့ဆိုရန်မှာ ခက်သည်။ သက္ကရာဇ် ၉၇၂ ခုနှစ်တွင် မင်းတြားကြီး တောင်ငူကို အလိုတော်ပြည့် ကတည်းက မင်းတြားကြီး၏ ဘုန်းတော်ဘွဲ့ကို ရှင်သံခို ရေးသားဆက်သွင်းခဲ့သည်။ နတ်ရှင်နောင်ကို ဘုရင်ခံအဖြစ်နှင့် တောင်ငူတွင် အုပ်စိုးစေပြီး မင်းတြားကြီး အင်းဝသို့ အပြန်တွင် ရှင်သံခိုလည်း လိုက်ပါလာခဲ့သည်။ ပြိုကွဲပျက်စီးနေသည့် နိုင်ငံတော်ကြီးကို ပြန်လည်စုစည်း တည်ထောင်နေသည့် မင်းတြားကြီး၏ စေတနာနှင့် ဘုန်းလက်ရုံးကို ရှင်သံခို ကြည်ညိုလေးစားသည်။ နောင်၌ စပ်သော 'မင်းရဲဒိဗ္ဗဧချင်း' သည် ရှင်သံခို၏ စံပြုရသော လက်ရာဖြစ်သည်။ ထိုဧချင်းတွင် မင်းတြားကြီးနှင့် ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ စွမ်းရည်များကို လေးလေးစားစား ကြည်ကြည်ညိုညို စပ်ထားသည်။ မင်းတြားကြီး၏ လက်ထက်တော်အတွင်း လက်ဆောင်ယူမှူး ရာထူးနှင့် တင့်တင့်တယ်တယ် နေခဲ့သည်။
မင်းတြားကြီးကို မုန်းတီးသောကြောင့် သိက္ခာချခြင်း မဟုတ်ကြောင်း အလွန်ထင်ရှားသည်။
မနေနိုင်၊ မထိုင်နိုင် အတင်းပြောမိခြင်း [gossiping] လော...။
ရှင်သံခို၏ ဦးရီးသည် မင်းဇေယျရန္တမိတ်ဖြစ်ပြီး၊ အဘိုးကား လှော်ကားသုံးထောင်မှူးဖြစ်၍ မျိုးရိုးသစင်ကာ အစဉ်အလာကြီးသူ ဖြစ်လေသည်။ သူရေးသော စာများကလည်း သူ၏ မြင့်မားသော ဥာဏ်ရည်နှင့် ပြည့်ဝသောပညာကို ပြနေသည်။ ရှင်သံခိုသည် သိမ်ဖျင်းသော အတင်းပြောရန် စိတ်ဓါတ် အောက်တန်းမကျ။ ဘုန်းကြီး၍ ဓါးထက်သော မင်း၏ အတွင်းရေးကို အတင်းပြောမိသည်အထိလည်း ရှင်သံခို မမိုက်မဲနိုင်။
သည်ကြားထဲက အသက်အန္တရာယ်နှင့် သေချာပေါက်နီးလှသော ဤရတုကို ရှင်သံခို ဘာ့ကြောင့် စပ်ရသနည်း။
ကျွန်တော်က 'သာလွတ်ထွတ်တင်' ချီ ရတုကို အခေါက်ခေါက် အခါခါ ဖတ်သည်။ စာဆိုဖော်လိုသော ပုံရိပ်တွေ ပေါ်လာအောင် ဖမ်းကြည့်သည်။ သူ၏ ခံစားမှု [emotion] နှင့် စိတ်ညွတ်မှု [sentiment] ကို သိနားလည်အောင် ကြိုးစားသည်။ ဆင့်တမင့်ကို နီးစပ်အောင် စိတ်ညွတ်မှုဟု ဘာသာပြန်ရသော်လည်း မပြည့်စုံပါ။ ဆင့်တမင့် ဟူသည်မှာ စိတ်သမူဟ [complex] တခု ဖြစ်လေသည်။
အပြုအမူနှင့် မှန် မှား ဆုံးဖြတ်ချက်ချရန် အခြေခံသတ္တိသဘောပေးသည့် ခံစားမှုနှင့် စိတ်သဘောထား [opinion] တို့ သိမ်မွေ့ နက်နဲစွာ ပေါင်းဖွဲ့ ပေါ်လာသော စိတ်သမူဟ ဖြစ်လေသည်။
သြော်... ဖြည်းဖြည်းနှင့် ရှင်သံခို၏ စိတ်သမူဟကို ကျွန်တော် နားလည်လာသည်။
'ရှင်ကောင်းမွတ်ပြာ၊ မဲ့ရုပ်ဝါနှင့်၊ ပြည်ရွာကိုပစ်.....'
သည်စကားတွေက 'ရှာဆွတ်လွတ်ကြင်' စသည့် ရတု၏ ဒုတိယပိုဒ်၌ ပါသည်။
ပုံရိပ်....။
မိမိချစ်မြတ်နိုးသော ဇာတိမြေ..၊ ချစ်သူခင်သူတွေကို ခွဲခွါကာ... တပါးသူ၏ တပါးမြေသို့ လိုက်ပါရသည့် မိန်းမပျို....မဟုတ်၊ မက.. မိန်းမပျိုလေးများ။
သြော်.. ကျန်ရစ်သူများလည်း မည်သို့ ကျန်ရစ်ရှာခဲ့သနည်း။
"ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ၊ မေတ္တာအသက်၊ ပုံလျက်ဝေမှိုင်း၊ အဆိုင်းဆိုင်းတည့်၊ နေ့တိုင်းတန့်ဆည်၊ မခံ့သည်ကို......"
ဤစကားတွေက 'ပြာလွတ်မွတ်စင်' စသော ရတု၏ တတိယပိုဒ်၌ပါသည်။
ရှင်သံခိုသည် ဂုဏ်မြောက်လှသော 'စစ်ချီရတု' များလည်း စပ်ခဲ့သေးရာ.. ခေတ်၏ဓမ္မတာအတိုင်း နှလုံးသားရှိသည့် စစ်သည်စာဆို ဖြစ်လေသည်။ သူကား တာဝန်ကိုလည်းသိသည်။ နှလုံးသားလည်း ရှိသည်။
'သာလွတ်ထွတ်တင်' ချီ ရတုမှာ သူ့နှလုံးသားသန့်သန့်မှ ထွက်လာသည်။
ခေတ်၏ သဘာဝကြောင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် စစ်ချီ၊ စစ်တက်၊ စစ်တိုက်ခြင်းတွေ ပြုကြရသည်။
သို့ရာတွင် တောင်ငူခေတ်နောက်ပိုင်းသည် စစ်မက်ထူပြောလှပြီး ငြိမ်းချမ်းသောကာလ ရှားပါးလှသည်။
ရှင်သံခိုသည် မငြိမ်းချမ်းသောကာလမှ ပြည်သူတွေ၏ ဘ၀ကို ကရုဏာသက်မိဟန်တူသည်။
ငိုမဲ့မဲ့ မျက်နှာလေးများနှင့် မိဝေးဘဝေး ချစ်သူခင်သူတွေနှင့် ဝေးရာ တပါးမြေသို့ လိုက်ပါခဲ့ရသူကလေး များ။
"ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ....." ကျန်ရစ်ခဲ့ကြရသူများ...။
သူတို့ အားလုံးအပေါ် ရှင်သံခို ကရုဏာသက်သည်။ ကိုယ်ချင်းစာသည်။ တပါးသူနေရာ ကိုယ်ဝင်ကြည့် ပြီး သူ့လိုပင် ကိုယ်ခံစားမိသည်။
သည်မေတ္တာ၊ သည်ကရုဏာ၊ သည်ဇောစေတနာတွေကြောင့် 'သာလွတ်ထွတ်တင်' ချီ ရတုကို ရှင်သံခို စပ်မိသည်။
သည်ရတုသည် သာမန်.. လိုင်းရစ်ကဗျာမျိုး မဟုတ်။ အခြားရတုတွေလို စာဆို၏ ပုဂ္ဂလိက ခံစားမှုကို စပ်ပြသည်မဟုတ်။ စာဆို၏ ပုဂ္ဂလိကအချစ် နှင့် အလွမ်းကို ဖွဲ့ဆိုခဲ့သည်မဟုတ်။ သူ့ရတုက သူတပါးအကြောင်း၊ သူတပါးတွေ၏ ခံစားမှုအကြောင်း...။
သြော်.. 'စစ်နှင်ငြိမ်းချမ်းရေး' အကြောင်း စာပေဆိုလျှင် ကျွန်တော်တို့သည် တပါးနိုင်ငံမှ စာပေတို့ကို လက်ညှိုးထိုးပြ ချီမွမ်းကြသည်။
တောင်ငူခေတ်က ရှင်သံခို ရေးပြခဲ့သော ဤ 'စစ်နှင့်ငြိမ်းချမ်းရေး' ကဗျာကိုကား.. သတိမပြုမိကြ။
မိမိ၏ အသက်အန္တရာယ်ကိုပင် မမှုသော ရှင်သံခို၏ ကဗျာဇောစေတနာကို နှိုက်နှိုက်နှဲနှဲ မဆင်ချင်မိကြ။
ရှင်သံခိုကား အလွန် ကိုယ်ချင်းဖလှယ် ကြည့်နိုင်သောကြောင့် အလွန် ကိုယ်ချင်းစာနာတတ်သူ စာဆိုဖြစ်လေရာ သူ့ရတုက ပုဂ္ဂလိက အတ္တမှ လွတ်မြောက်သည့် သိမ်မွေ့လှသော မေတ္တာတရားနှင့် ကရုဏာတရားတို့ကို အလွန်နက်နဲ ညင်သာသောနည်းနှင့် လင်းလဲ့ပြလေသည်။
မြန်မာ ရှေ့ဟောင်းစာပေလောက၌ ရှင်သံခိုကဲ့သို့ စာဆိုတဦးရှိခဲ့သည်ကို ဂုဏ်ယူပါ၏။
ထိုနည်းတူစွာ ရှင်သံခိုကို နားလည်ခွင့်လွှတ်ပြီး အသက်ချမ်းသာပေးရုံမက စာဆိုတဦးအဖြစ် ဆက်လက်ချီးမြှောက်သူ အနောက်ဘက်လွန်မင်းတြားကြီးကိုလည်း ချီးမွမ်းရပေမည်။
မင်းတြားကြီး၏ အမြှော်အမြင်ကြီးမားပုံ၊ ကျေးဇူးသစ္စာသိတတ်ပုံ၊ သဘောထားကြီးပုံ၊ ပညာရှိ လူတော်လူကောင်းတို့ကို မြတ်နိုးချီးမြှောက်ပုံတို့ကို သမိုင်းစာမျက်နှာများတွင် များစွာတွေ့ရသည်။ အနောက် ဘက်လွန်မင်းတြားကား..... မင်းတြားဟူသော ၀ိသေသနဂုဏ်နှင့် ထိုက်တန်လှပေသည်။ မဟာဓမ္မရာဇာဟူသော တရားဝင်ဘွဲ့တော်သည်လည်း သင့်မြတ်မှန်ကန်လှသည်။
စာဆိုကလည်း နှလုံးသား သန့်စင် ရဲရင့်သည်။ မင်းတြားကလည်း သဘောထားကြီးမား မြင့်မြတ်သည်။
သူတို့နှစ်ဦးကား အလွန်လှပ တင့်တယ်သော သမိုင်းပန်းချီကားတကားကို ရေးခြယ်ပြသခဲ့ကြသည်ဟု ကျွန်တော်ယုံကြည်မိပါသတည်း။

တက္ကသိုလ်ဘုန်းနိုင်။
[တက္ကသိုလ်ဘုန်းနိုင်- အမြင့်သို့ အာရုံညွန့်တက်ခြင်း(သို့မဟုတ်)ကဗျာ - ပထမနှိပ်ခြင်း၊ ၂၀၀၂ ဇူလိုင် မှ ကူးယူဖော်ပြပါတယ်။]

ဘာကလေရောက် မြသီတာထံမှပြန်စာ
ရေးသူ-ဒဂုန်တာရာ



ချစ်စွာသော သူငယ်ချင်း ဘက်တီအောင်ရေ။ နင့်စာလာတော့ ငါက ဆန်ဖရန်စစ္စကိုမှာ မရှိဘူး။ ဘာကလေမြို့က ကာလီဖိုးနီုယားတက္ကသိုလ် ရောက်နေတယ်။ ငါက နင့်စာဖတ်ရတော့ မြန်မာပြည်ကို လွမ်းလာတယ်ကွာ။ နတ်ပွဲလည်း ကြည့်ချင်လာတယ်။ နင်တို့ တတွေကိုလည်း သိပ် သတိရတာပဲကွာ။
ငါ့စိတ်တွေက နင်တို့ဆီ ရောက်သွားတယ်။ တကယ်တော့ ငါအမေရိကန်ရောက်မှ ငါတို့ မြန်မာပြည်ကို ပြန်လည်တွေ့ရှိလာတယ်လို့ ပြောချင်တယ်။ ငါ စကားတွေ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ မပြောနဲ့နော်။ ငါ့စိတ်ထဲ ခံစားတာကို ဖော်ပြတာပဲ။ နင်ကပြောမယ်။ နင်တို့နဲ့ အတူနေတဲ့ ငါမဟုတ်တော့ဘူးလို့၊ မဟုတ်ဘူးကွ။ ငါဟာ ငါပါပဲ။ ဒါပေမယ့် ငါဟာ နိုင်ငံခြား တပြည် တရွာရောက်မှ ငါဟာ မြန်မာလူမျိုးဆိုတဲ့ အမျိုးသား ရုပ်ပုံလွှာဟာ ပိုပြီး ထင်ရှား ပီသလာတယ်လို့ ထင်မိတယ်ကွာ။ တိမ်မြုပ် ငုပ်လျှိးနေရာက ပြန်ပေါ်လာတဲ့ သဘောမျိုးပေါ့ကွာ။ ဒါကြောင့် ပြန်လည်တွေ့ ရှိခြင်းလို့ ငါပြောလိုက်တာ။ ငါ့ရဲ့ ခံစားမှုကို တတ်နိုင်သလောက် ကြိုးစားပြောပါ့မယ်။


နင်သိသားပဲ။ ငါ ရန်ကုန်မှာတုန်းက ဘယ်လိုနေတယ် ဆိုတာ၊ သိတယ်မဟုတ်လား။ ဘဲလ်၊ ဖလဲ၊ ဂျင်းတို့ အမြဲဝတ်နေတာလေ။ နိုင်ငံခြားဖြစ်မှ ၀တ်ချင် စားချင်တယ်။ နိုင်ငံခြားက လာတဲ့ ဖက်ရှင်ကြော်ငြာ စာအုပ်တွေ ဖတ်ပြီး၊ အဲသည် စာအုပ်ထဲက ပုံစံအတိုင်း နေချင်တယ်။ ၀တ်ချင်တယ်။ စားချင်တယ်။ အဲသည် စာအုပ်တွေကလည်း ဈေးကြီးပေး ၀ယ်ရတာ မဟုတ်လား။ မောင်ထော်လေး လမ်းက ကုလားဆိုင်မှာ မှာထားရတယ်။ တို့တတွေ အဲသည် မဂ္ဂဇင်းဂျာနယ်တွေ ဖတ်ပြီး စိတ်ကူးယဉ် ကြတယ်လေ။ အခု တွေးကြည့်တော့လည်း အရူးထတာ တမျိုးပေါ့ကွာ။ တို့တတွေက အဲသည်လို အသိုင်းအ၀ိုင်းက မဟုတ်လား။ နိုင်ငံခြားက လာတဲ့ စည်သွတ်ဘူးမှ အရသာရှိတယ် ထင်တာ နိုင်ငံခြား ဆို သိပ်ရောက်ချင်တာ။
ဟိုရောက်သွားပြီး လေးငါးခြောက်လ ကျော်လောက်ကြာတော့ တွေးစရာ ပေါ်လာတယ်။ တွေးစရာတွေဟာ အကြောင်းမဲ့ ပေါ်လာကြတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်လာ တဲ့ ခံစားမှုတွေကြောင့် တွေးတောလာ ရပါကလားဆိုတာ နောက်တော့ သိလာရတယ်ကွ။ ငါ ဘာလူမျိုးလဲဆိုတဲ့ ပုစ္ဆာကို ဖြေနေရတယ်လေ။
အဲသည်တော့ နင်က မေးချင်လိမ့်မယ်။ မြန်မာလူမျိုးပဲဟာ ဘာများပြဿနာရှိမှာလဲလို့။ မြန်မာပြည်မှာ နေလို့ကတော့ ဘာပြဿနာရှိမှာလဲ။ နိုင်ငံခြားမှာတော့ တမျိုးပေါ့ကွာ။ ငါသည်က သွားတော့ ဂျင်းဘောင်းဘီတွေ ဘာတွေ ၀တ်သွားတယ်မဟုတ်လား။ ဘေရွတ်လေဆိပ်မှာ ခဏနား တယ်။ လက်ဘနွန်ရဲ့မြို့တော်။ လှပခေတ်ဆန်တဲ့ မြို့ကလေး။ အခုတော့ စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးနေပါပြီ။ အဲသည် ဘေရွတ်မှာ ဥရောပတိုက်သားတယောက် ငါ့ကို ယိုးဒယားကလား၊ ဖိလစ်ပိုင် ကလားတဲ့။ ကြည့်ပါဦး။ ဒါက အ၀တ်အစားနဲ့ မျက်နှာပုံပန်း ကြည့်မေးတာ ဖြစ်မှာပေါ့။ တကယ်လို့ ထဘီနဲ့ အင်္ကျီသာ ၀တ်ထားရင် ငါက မြန်မာအ၀တ်အစားဆိုတာ ပြနိုင်တာပေါ့။ ဒါက ပြဿနာ မဟုတ်ပါဘူး။ အ၀တ်အစားက အရေးမကြီးပါဘူး။ ဟိုရောက်တော့ ဘာဝတ်ဝတ်ရပါတယ်။ ဆန်ဖရန်စစ္စကိုမှာက လူမျိုးပေါင်းစုံရှိတော့ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ငါနည်းနည်း ခံစားမိတာ အမှန်ပဲ။ ထိုင်းလား၊ ဖီလစ်ပိုင်လား မေးတာကို တယ်မခံချင်ဘူး။ အဲသည်က စပြီး တွေးမိတယ် ဆိုကြပါစို့။
အမေရိကန်မှာ နေရတာတော့ စားဝတ်နေရေးက ပြေလည်ပါတယ်။ တအိမ်သားလုံး အလုပ် လုပ်ကြတယ်ကွာ။ ငါ့အစ်မ နှစ်ယောက်က၊ တယောက်က ကွန်ပြူတာမှာ၊ တယောက်က ဓါတ်ခွဲခန်းမှာ။ အိမ်မှာနေတဲ့ မေမေကတောင် ဇာပန်းထိုးအလုပ်တွေ အိမ်မှာ လက်ခံ လုပ်တယ်။ ၀င်ငွေက မဆိုးပါဘူး။ အစ်မကြီးက အလုပ်တက်ရတာ ဝေးတော့ ကားကိုယ်တိုင်မောင်းပြီး တက်ရတယ်။ သည်မှာက ကားကြီးကြီး ကိုယ်ပိုင်ရှိလို့လဲ ပိုပြီး ဂုဏ်မရှိပါဘူး။ ဘတ်စ်ကား စီးလို့လဲ ဂုဏ်မငယ်သွားဘူး။ မော်တော် ကားဆိုတာ သွားရေးလာရေး အလုပ်ဖြစ်တဲ့ ကိစ္စတခုမျှသာပဲ။ နင်တို့ငါတို့ အသိုင်းအ၀ိုင်းလည်း ဘတ်စ်ကားစီးရမှာ ရှက်တဲ့ လူတန်းစားပဲ မဟုတ်လားကွာ။ ကား စိတ္တဇရောဂါအကြောင်း။
ငါ ပြောချင်တာက အမျိုးသား ရုပ်ပုံ။ နင့်ဆီက စာလာတော့ စာအိတ်မှာ ဘတ်တီအောင်လို့ ရေးထားတာ ဖတ်ကြည့်ပြီး ငါ့သူငယ်ချင်း ဘာသာဗေဒ ကျောင်းသားတယောက်က ဘာဖြစ်လို့ အင်္ဂလိပ်နဲ့ နာမည်တပ်ရသလဲ။ မြန်မာမှာ အက္ခရာ မရှိဘူးလားလို့ မေးတယ်။
သူက ရိုးရိုးသားသား လေ့လာချင်လို့ မေးတာပါ။ နင့် အဖေနာမည် ဘယ်သူလဲလို့ မေးတယ်။ ငါက ဦးအောင်ဆိုတော့ မြန်မာက ဖခင်မျိုးရိုးနာမည် မှည့်သလားလို့ မေးတယ်။ ငါ့အဖေနာမည်မေးလို့ ဦးမြဆိုတော့ သူက အံ့သြနေတယ်။ အဖေနာမည်က ရှေ့က မှည့်တာပါလား။ ဒါက ပျူလူမျိုးတဲ့။ ငါက ပျူလူမျိုး အနွယ်လားတဲ့ကွာ။ ငါတော့ စိတ်တောင် ရှုပ်သွားတာပဲ။ တရုတ်တွေလည်း မျိုးရိုး အဖေ နာမည်ကို ရှေ့ကထား မှည့်တာပဲ ဆိုပြီး မျက်မှောင်ကြီး ကုတ်ပြီး လေ့လာစူးစမ်းပြီး ကျန်ရစ်ခဲ့လေရဲ့။ ငါလည်း ခုမှ သိတယ်လေ။ နာမည်မှည့်တာကအစ အမျိုးသားရုပ်ပုံဆိုတဲ့ ပြဿနာကို ခံစားလိုက် တာပဲလို့ သတိပြုမိတော့တာပဲ။
နိုင်ငံခြားမှာ သာမန်အရပ်သားက ငါတို့ မြန်မာပြည်အကြောင်း သိပ်သိကြတာ မဟုတ်ဘူး။ လေ့လာသူ ပညာရှင်တွေ လောက်သာ သိကြတာ။ မြန်မာပြည်ကို စိတ်ဝင်စားသူတွေ ရှိပါတယ်။ ငါတို့ဆရာ ပါမောက္ခဆိုရင် မြန်မာပြည်ကို ရောက်ဖူးတယ်။ မြန်မာပြည်က စိမ်းလန်းပြီး လှပတယ်။ အစားအသောက်ပေါတယ်။ မြန်မာလူမျိုးတွေဟာ ဖော်ရွေပျူငှာ ရှိတယ်။ နေရာတိုင်းမှာ စေတီပုထိုးနဲ့၊ ခေါင်းလောင်းသံ သာယာတယ်တဲ့ကွ။ ငါ့ကို ဖိလဒင်ဟောရေးတဲ့ မြန်မာပြည်အကြောင်း စာအုပ်ပေး ဖတ်တယ်။
အာရှတိုက်က ဖွံ့ဖြိုးဆဲနိုင်ငံများအကြောင်း လေ့လာနေတဲ့ ပါမောက္ခတယောက်ကလည်း ငါတို့ ပြည်အကြောင်းမေးတယ်။ စီးပွါးရေး၊ ယဉ်ကျေးမှု၊ ရာဇ၀င် စသည်ပေါ့ကွာ။ ငါက ကျောင်းသူတယောက် အနေနဲ့ သိသလောက် ပြောရတာပေါ့။ သူက ယနေ့ ခေတ်လူငယ် တယောက်ရဲ့ အသိကို စူးစမ်းတာကိုးကွ။ နောက်မှ ငါ နားလည်သွားတာ။
ငါလည်း သူ့မေးခွန်းတွေ ဖြေရင်းနဲ့ ငါတို့ တိုင်းပြည်ကို တွေ့ရှိသွားတယ်လို့ ဆိုရမလား မသိဘူး။
သူငယ်ချင်းရေ။ ကိုယ့်ပြည်နဲ့ ဝေးပြီး နိုင်ငံခြားမှာ နှစ် လ ကြာရှည်လာလေ ငါတို့ပြည်ကို သတိရတဲ့ ခံစားမှုက ရင့်သန်လာလေပဲ။ သား၊ ငါး၊ အသီးအရွက် လတ်လတ်ဆတ်ဆတ် အမြဲရ တယ်ကွာ။ ရာသီလိုက် အသီးအနှံ စားရတယ်ကွာ။ သံပုရာရည်ဆိုရင် တနှစ်ပါတ်လုံး လတ်လတ် ဆတ်ဆတ် သောက်လို့ရတယ်။ တကယ်တော့ လတ်လတ်ဆတ်ဆတ်က စည်သွတ်ဗူးထက် အရသာရော၊ အာနိသင်ရော ပိုရှိတာပေါ့။ မဟုတ်ဘူးလား။ အနောက်နိုင်ငံတွေမှာက ဆောင်းရာသီ ဆိုရင် ရေခဲနေလို့ အသီးအရွက် စိုက်လို့မရ၊ ငါးမျှားလို့ မရ။ ဒါကြောင့် ဆောင်းတွင်းမှာ စားနိုင်ဖို့ ကြာရှည်ခံတဲ့ စည်သွတ်ဘူးတွေ လုပ်ရတာ မဟုတ်လား။ ဒါကို "သိုလှောင်ထားသော အစားအစာ" လို့ ခေါ်ကြတယ် မဟုတ်လား။
ငါတို့ တောမှာဆိုရင် သား၊ ငါး၊ ဟင်းသီးဟင်းရွက်က ပိုလတ်လို့ ပိုအရသာ ရှိတယ်လေ။ အပင်က ခူးပြီး ချက်ချင်း ချက်တာ မဟုတ်လား။ ငါ တခါ မှော်ဘီဘက် သွားလည်တာ အမှတ်ရတယ်။ ဧည့်သည် လာတယ်ဆိုပြီး အိမ်နီးနားချင်းတွေက ဟင်းလာပို့ကြတာ။ နိုင်ငံခြားမှာ နေရတာ သူစိမ်းတရံဆံလို နေရတာကွ။ ကိုယ့်အသိုင်းအ၀ိုင်းနဲ့ကိုယ် မိတ်ဖွဲ့ပေးတဲ့လူရှိမှ စကားပြောလို့ ရတာ။
လူကြုံကောင်းရင် ငါ့ဆီကို တခု ပို့ပေးစမ်းပါ။ မန္တလေးက ကြိုးကြီးချိတ်ထဘီ။ အနောက် ဆန်ဆန်အရောင် မဟုတ်ဘူးနော်။ ရိုးရာ အသွေးအဆင်။ ငါတို့ အဖွားဆီမှာ မြင်ဘူးတယ်။ အစိမ်းနဲ့ အနီ အတွဲမျိုး။ အပြာရောင် အတွဲတွေတောင် သိတ်မပါဘူး ထင်တယ်။ တခါ ငါ ကျောင်းကပွဲမှာ ၀င်ကဖူးတယ်။ ထဘီက မြန်မာမဆန်လို့ ငါက မြန်မာဆန်ဆန် ဆင်ယင်ထုံးဖွဲ့မှု ဟန်ပန်နဲ့ မြန်မာအက ကပြီး သူတို့ကို ပြချင်တာလေ။ ဒီရောက်မှ ငါ ရုပ်ရှင်တွေလည်း သိပ်မကြည့်ဘူး။ ကြည့်လည်း မကြည့်ချင် လှဘူး။ နင်သိသားပဲ ဟိုမှာတုန်းက အင်္ဂလိပ်ကားဆို မလွတ်တမ်း။ ခု တွေးကြည့်တော့ အဆန်းကွ။ မြင်ရအောင် ကြည့်တာပဲကွ။
အ၀တ်အစား အဆန်း၊ တိုက်တာနေအိမ်အဆန်း၊ ပစ္စည်းပစ္စယအဆန်းတွေ မြင်ရအောင်၊ မမြင်ဖူးတာ မြင်ရအောင်၊ အတုခိုးရအောင် ကြည့်တာပဲကွ။ သည်ရောက်တော့ ကိုယ့်ပတ်ဝန်းကျင်က သည်ဟာမျိုးတွေ ဆိုတော့ ဘာဆန်းတာ မှတ်လို့။ မကြည့်ချင်တော့ဘူး။ ဒိန်းဒိုင်းတွေ၊ ကားဥသြမှုတ်သံ တွေကို စိတ်ပျက်လာတယ်။ ဇာတ်လမ်းကောင်းကောင်း ဂန္တ၀င်မြောက် ၀တ္ထုတွေ ရိုက်တဲ့ ရုပ်ရှင်ကားပဲ ရွေးကြည့်ဖြစ်တယ်။ နင်သိသားပဲ။ မြန်မာပြည်မှာတုန်းက ငါ ပါတီတွေ ဘာတွေ တက်ခဲ့တာပဲ။ သည်ရောက်တော့ မသွားပါဘူး။ ယဉ်ကျေးမှု ဓလေ့ထုံးစံမှ မတူတာ။ ရောက်စက ပါတီတက်တာ၊ သူစိမ်းတရံဆံ လိုပါပဲကွာ။

xxxx xxxx xxxx xxxx

နင့်ကို တခုပြောရဦးမယ်။ မရယ်နဲ့နော်၊ ငါအခု ၀ိပဿနာကို စိတ်ဝင်စားနေတယ်။ ဒါကြောင့် မရယ်နဲ့ ပြောတာ။ ဆန်ဖရန်စစ္စကိုမှာ အမွှာညီနောင် တောင်ကုန်းဆိုတာ ရှိတယ်။ အဲသည် တောင်ကုန်းကလေးက ထင်းရူးပင်တွေ၊ ယူကလစ်ပင်တွေနဲ့ စိမ်းစိမ်းလန်းလန်း အုပ်အုပ်ဝေေ၀နဲ့ သာယာအေးချမ်းတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် ဆန်ဖရန်စစ္စကို မြို့ကို စီးမြင်ရတယ်လေ။ ပင်လယ်ကွေ့နဲ့ ရွှေတံခါးမုခ် တံတားကြီးကို လှလှပပ မြင်ရတယ်။ တောင်ကုန်းပေါ်မှာ တိဗက်၊ ကိုးရီးယား၊ ဂျပန်၊ ယိုးဒယား ဗုဒ္ဓဘာသာ ရဟန်းတော်များ သီတင်းသုံးတဲ့ ကျောင်းသင်ခန်းတွေ ရှိတယ်။ ယူကလစ်ပင် အောက်မှာ တရားထိုင်နေတဲ့ ရဟန်းတပါးကို မြင်လိုက်ရတာ ငါ့ စိတ်ထဲမှာ အေးချမ်းသွားတယ်။ သူငယ်ချင်းတစုနဲ့ ပျော်ပွဲစားလာရင်း ရောက်သွားတာ။ ဆန်ဖရန်စစ္စကို ဆိုတာက မြို့ကြီးပြကြီး မဟုတ်လား။ ဆူဆူညံညံ၊ ပြိုးပြိုးပြက်ပြက်၊ ရှုပ်ရှုပ်ထွေးထွေး၊ လှုပ်လှုပ်ရွရွ ငြီးငွေ့လာတယ်ကွ။
ဆန်ဖရန်စစ္စကိုမှာ တဒိတ်ဒိတ် ရင်ခုန်သံမြန်ပြီး ပူလောင်လာရင် ငါတော့ တယောက်တည်း အမွှာညီနောင် တောင်ကုန်းပေါ် တက်ပြီး၊ အမိုးကော့ကျောင်းသင်ခန်းဘေး၊ ယူကလစ်ပင်ရိပ် သွားထိုင်နေလိုက်တာပဲ။ ၀ိပဿနာတော့ မလုပ်တတ်ဘူးပေါ့ကွာ။ တောင်ပေါ်ကနေ စီးမြင်ရတဲ့ ဆန်ဖရန်စစ္စကိုနဲ့ ယူကလစ်ပင်ရိပ်က ကွာခြားသွားတယ်လေ။ ဟိုက ပူတယ်။ သည်က အေးတယ်။ ဟိုက ဆူတယ်။ သည်က ငြိမ်တယ်။ ဘယ်လောက် ကွာသလဲလို့။ သည်မှာတင် ငါ့မှာ အတွေးတွေ ၀င်လာတာပဲ။ ငြိမ်းအေးတဲ့ တရားကို ရှာရမယ်။
ဥရောပတို့၊ အမေရိကန်တို့ ဆိုတဲ့ အနောက်နိုင်ငံတွေက ဗုဒ္ဓဘာသာကို စိတ်ဝင်စား လေ့လာ နေကြပြီကွ။ အိန္ဒိယက လာတဲ့ ဂုရုတွေ မနည်းဘူး။ အနောက်နိုင်ငံက စက်မှုကရိယာဘက်၊ သိပ္ပံပညာဘက်တွေမှာ တိုးတက်တာ မှန်တယ်။ ဒါပေမယ့် ငြိမ်းချမ်းမှု မရဘူး။ တိုက်တာ၊ မော်တော် ကား၊ လေယာဉ်ပျံ၊ ဓါတုချည်မျှင်၊ ရေဒီယို၊ တယ်လီဗေးရှင်းတွေမှာ လူတိုင်း အလှမ်းမီအောင် လုပ်ထားတယ်။ ဒါပေမယ့် စိတ်အေးငြိမ်းမှု မရဘူး။ သည်တော့ စိတ်အေးငြိမ်းမှု ရှာရင်းနဲ့ သမထ၊ ၀ိပဿနာကို တွေ့တာပဲကွ။
ငါ့မှာ စိတ်ကူးတခု ရှိတယ်။ အဲသည် အမွှာတောင်ကုန်းပေါ်မှာ မြန်မာ့ကျောင်းသင်ခန်းတခု ဆောက်ချင်တယ်ကွာ။ ရယ်တော့ မရယ်နဲ့။ တကယ်ပြောနေတာ။ ယူကလစ်ပင်တွေ ဘေးမှာ အမိုးဘုံ ပြာဿဒ်နဲ့၊ မြန်မာဆန်ဆန်လေး။ အမိုးကော့တွေကြားမှာ လှလှကလေး။
တကယ်တော့ကွာ။ ငါဟာ အနောက်တိုင်း ယဉ်ကျေးမှုမှာ မူးယစ်ပြီး ကိုယ့်အမျိုးသားဘ၀ကို မေ့နေတာပဲ။ တို့ လူမျိုးဟာ ဗုဒ္ဓယဉ်ကျေးမှုအောက်မှာ ကြီးပြင်းလာခဲ့ရတာမို့၊ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်။ တင်းတိမ်ရောင့်ရဲတယ်။ လူတဖက်သားကို ချစ်ခင်ကြင်နာတတ်တယ်။ နှစ်ပေါင်း ၁၀၀၀ လောက် ရှည်ကြာတဲ့ ယဉ်ကျေးမှု အစဉ်အလာရှိတယ်။ ဒါဟာ တို့တိုင်းပြည်သူပြည်သားတွေရဲ့ အမျိုးသား ဗီဇ ရုပ်ပုံပဲ။ နိုင်ငံခြားရောက်သွားမှ ငါသိလာရတာ။ နီးလျက်နဲ့ ဝေးဆိုတာပေါ့။ ဒါကြောင့် ပြန်လည်တွေ့ရှိခြင်းလို့ ပြောရတာလေ။
လူကြုံကောင်းရင် ကြိုးကြီးချိတ်ထဘီ အပြင်၊ လယ်တီဆရာတော်ရဲ့ ၀ိပဿနာ ဒီပနီ စာအုပ်၊ နောက် စောင်းဦးဘသန်း၊ ဦးဟန်ပတို့ရဲ့ စောင်းတီးလုံး၊ ဆိုင်းတီးလုံး၊ မောင်ကိုကိုရဲ့ ပန်းမြိုင်လယ် ကက်ဆက်ခွေလည်း ပို့ပေးပါဦးကွာ။ နင်ကြိုက်တဲ့ ချော့ကလက်ကတော့ လူကြုံတိုင်း ပို့ပေးပါ့မယ်။ စပို့ရှပ်တော့ မ၀တ်ပါနဲ့ဟာ။ တရုတ်ပြည်က ပိုးစပို့ရှပ် ပို့လိုက်ပါမယ်။ နိုင်လွန်တို့ ဘာတို့ထက် ပိုးအစစ်က ဈေးကြီးတယ်။ တန်ဖိုးရှိပါတယ်။

ရှုမ၀မဂ္ဂဇင်း။
ဇန်န၀ါရီ၊ ၁၉၈၃။

ခေါင်းပေါ်က အထုပ်ကြီး လွှတ်ချလိုက်ပါ
ရေးသူ- လူထုစိန်ဝင်း



[ဘိုဘိုလန်းစင်ရဲ့ face book ကရလို့ မာယာပရိသတ်တွေ ဖတ်ရအောင် တဆင့်ကူးယူဖော်ပြပေးပါတယ်။]

တလောလေးက မိတ်ဟောင်းဆွေဟောင်း သတင်းစာဆရာနှစ်ယောက်နဲ့ ရှေးဟောင်း နှောင်ဖြစ်တွေ စားမြုံ့ ပြန် ပြောနေကြဆဲမှာ သတင်းထောက်လူငယ် လုံမငယ်သုံးယောက် ရောက်လာကြပါတယ်။ ချိန်းထား လို့ ရောက်လာ ကြတာ မဟုတ်ပဲ။ လမ်းကြုံလို့ ၀င်လာကြတာဖြစ်လို့ လူကြီးတွေ စကားပြောတာကိုပဲ စိတ်ဝင်တစားနဲ့ ထိုင်နား ထောင်နေကြပါတယ်။ မိတ်ဆွေ သတင်းစာဆရာတစ်ဦးက သူပြောလက်စ ဖြစ်တဲ့ အကြောင်းကို ဆက်ပြောပြီး တဟားဟားနဲ့ သဘောကျနေပါတယ်။


စတော့ ကိတ်မသိတာ အပြစ်လား…
သူပြောနေတဲ့အကြောင်းက ကွယ်လွန်ရှာပြီဖြစ်တဲ့ လုပ်ဖေါ်ကိုင်ဖက် သတင်းစာဆရာတစ်ယောက် ကားဝယ်စီးတဲ့အကြောင်း ဖြစ်ပါတယ်။ သူ့ကားက “စတော့ ကိတ်ကုန်း” ကျရင် မတက်နိုင်ဘဲ နောက်ပြန်ပြန်လိမ့်နေလို့ ကားကြုံစီးလိုက်သူတွေ ဆင်းဆင်းပြီး တွန်းရတဲ့အကြောင်းပြောရင်း ရယ်တာပါ။ သူ့စကားဆုံးတော့ နားထောင်နေတဲ့ ဂျာနယ်လစ် ကလေးမလေးက “ဘဘ၊ စတော့ကိတ်ကုန်းဆို ဘယ်နေရာလဲ”လို့ မေးလိုက်ပါတယ်။ မိတ်ဆွေကပဲ သိမ်ဖြူကုန်းကြီးကို ရှေးက စတော့ကိတ်ကုန်းလို့ ခေါ်ကြောင်း ဖြေလိုက်ပါတယ်။ ကလေးမလေးက အသက် နှစ်ဆယ်လောက် ရှိသေးတာဆိုတော့ မသိရှာတာ အပြစ်မတင်ထိုက်ပါဘူး။ စတော့ကိတ်ကုန်းလို့ မခေါ်တာ နှစ်ပေါင်း သုံးလေးဆယ်လောက်တောင် ရှိပြီထင်ပါရဲ့။ သူတို့အားလုံးပြန်သွားကြပေမယ့် စောစောက၊ ကလေးမလေး မေးခဲ့တဲ့ ကိစ္စကို ဆက်ပြီး တွေးနေမိပါတယ်။ မနေ့တစ်နေ့ကလည်း သော်မဆင်ရိပ်သာနားမှာ မီးလန့်တဲ့အကြောင်းကို ရောက်နေတဲ့ လူငယ်သတင်းထောက်လေးတစ်ယောက်ကို ပြောပြလိုက်တော့ သူက သော်မဆင်ရိပ်သာဆိုတာ မသိလို့ ဗိုလ်တစ်ထောင် ဘုရားလမ်းပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ ကပ်လျက် ရပ်ကွက်ကို သော်မဆင်ရိပ်သာလို့ ခေါ်တဲ့အကြောင်း ပြောပြခဲ့ရပါသေးတယ်။

အတိတ်ကို စွဲကြသူတွေ…
ကျနော်တို့လို အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ကျော်တွေ စကားပြောကြတဲ့အခါမှာ ဒါလဟိုဇီလမ်း၊ ဖရေဇာလမ်း၊ ဘရွတ်ကင်းလမ်း၊ ဘားလမ်း၊ မော်ဂိုမာရီလမ်း၊ ခရစ်လမ်း၊ ဘုရင်မပန်းခြံ၊ ကံတော်မင်ပန်းခြံ စသဖြင့် ပြောကြတာကို လူငယ်တွေက မသိကြပါဘူး။ တကယ်တော့ မသိဘူတွေ အပြစ်မဟုတ်ပါဘူး။ လွတ်လပ်ရေး ရပြီးတဲ့နောက် အဲဒီနာမည်တွေကို မြန်မာနာမည်တွေနဲ့ ပြောင်းပြီးသားပါ။ အဲဒီနောက်မှ မွေးလာတဲ့ လူငယ်တွေကတော့ မဟာဗနုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ကလေးဈေးလမ်းလို့ပဲ သိကြမှာပေါ့၊ ကျနော်တို့ လူကြီးတွေကသာ နှုတ်မှာ စွဲနေတဲ့ အခေါ်အဝေါ်တွေကို မပြောင်းနိုင်ကြတာဖြစ်တယ်။ အသက်လေးဆယ်ကျော် ငါးဆယ်ကျော်တွေကတောင် “ဗိုလ်ချုပ်ဈေ”လို့ ခေါ်နေကြပြီ ဖြစ်ပေမယ့် ကျနော်တို့ အရွယ်တွေကတော့ “စကော့ဈေး”လို့ပဲ နှုတ်ကျိုးနေကြဆဲဖြစ်တယ်။ လူကြီးက အပြောင်းအလဲကို မကြိုက်တဲ့သဘော။ အစွဲကို မချွတ်ချင်တဲ့ သဘောလို့ ကောက်ချက်ချမိတယ်။ စကားဝိုင်း ဖွဲ့ကြတဲ့အခါမှာလည်း ကျနော်တို့ အရွယ်တွေက အတိတ်အကြောင်းတွေပဲ ထပ်ခါတလဲလဲ ပြောမဆုံးနိုင်အောင် ရှိနေတတ်ကြတယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကို တယ်ပြီး မစဉ်းစားကြဘူး။ ပြောလည်း သိပ်မပြောကြဘူး။

သူ့ခေတ်နဲ့ သူ့အရွယ်…
မိသားစုတွေအတွင်းမှာ မိဘနဲ့သားသမီးကြောင့် နေ့စဉ် တကျက်ကျက်ဖြစ်နေရတဲ့အကြောင်းတွေ၊ နေရာတိုင်းမှာ လူကြီးနဲ့ လူငယ် သဟဇာတ မဖြစ်တဲ့ အကြောင်းတွေ၊ နေရာတိုင်းမှာ လူကြီးနဲ့ လူငယ် သဟဇာတ မဖြစ်တဲ့ အကြောင်းတွေ၊ မျိုးဆက်ကွာဟမှုဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတဲ့ အကြောင်းတွေကို ဆက်ပြီးတွေးမိတယ်။ အကြောင်းရင်းဇစ်မြစ်က လူကြီးတွေရဲ့ “အတိတ်စွဲ”ကြီးမှုနဲ့ လူငယ်တွေရဲ့ “ခေတ်စွဲ”ဒါမှမဟုတ် “ပစ္စုပ္ပန်စွဲ”ကြီးမှုတို့ ထိပ်တိုက်တိုးမိခြင်းလို့ပဲ ယူဆမိတယ်။ လူကြီးမိဘတွေက သားသမီး မြေးမြစ်တို့ကို ဆုံးမတဲ့အခါမှာ “တို့ငယ်ငယ်တုန်းက ဘယ်လိုဝတ်တာ၊ ဘယ်လိုပြောတာ၊ ဘယ်လို သီချင်းတွေ ကြိုက်တာ”လို့ အစချီပြောလေ့ရှိတယ်။ လူငယ်တွေက ရှေးဟောင်းတွေကို စိတ်မ၀င်စားတော့ဘူး။ ဂလိုဘယ်ခေတ် အင်တာနက်ခေတ်နဲ့ ကိုက်ညီတာတွေပဲ ကြိုက်ကြတယ်။ သူတို့ကို အပြစ်မတင်သင့်ဘူး။ ဒါ သဘာဝပဲ၊ သူ့အရွယ်သူ့ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်တာကိုပဲ သူတို့ကြိုက်မှာပေါ့။ အခု ခုနှစ်ဆယ်တန်း ရောက်နေတဲ့ ကျနော်တို့ငယ်ငယ်က ပရက်စလေတို့ ပက်ဘွန်းတို့ကို ကြိုက်၊ ရော့ခ်အင်ရိုးကိုကြိုက်၊ ကြိမ်ကွင်းစွပ်အကကို ကြိုက်တော့လည်း လူကြီးတွေက အရူးချီးပန်းတို့ ဖင်လိမ်ကွင်းတို့ ဆိုပြီး ကွပ်ညှပ်ခဲ့ကြတာပဲ။ အဲဒီတော့ ကျနော်တို့က လူကြီးတွေကို ဆန့်ကျင်ခဲ့ကြတာပေါ့။ ခုခေတ်ကလေးတွေ ဟစ်ပ်ဟော့ ဆိုကြကကြတာကို ကျနော်တို့က ရှုတ်ချရင်လည်း ကလေးတွေက ကျနော်တို့ကို ဆန့်ကျင်ကြမှာပဲ။ ဒါ သဘာဝပဲလေ။ ကျနော်တို့ “အတိတ်စွဲ”တွေ ချွတ်သင့်ပြီလို့ မထင်ဘူးလား။

ခပ်ညံ့ညံ့မဟုတ်ဘူး…
ခုတလော ဂျာနယ်မဂဇင်းတွေမှာ ရှေးခေတ်နိုင်ငံရေးသမားဟောင်းကြီးတွေက ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်ဆိုတာမျိုးတွေ ပြန်ရေးပြနေတာတွေ ဖတ်ရှုနေရသလို၊ မချို့ဂျာနယ် မဂဇင်းတွေကလည်း ရှေးခေတ်နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေကို သရော်လှောင်ပြောင်တဲ့ ရှုတ်ချတဲ့စာတွေ ကားတွန်းတွေ ပြန်လည်ရှာဖွေတင်ပြနေကြတာတွေ တွေ့နေရတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် စာတွေကလည်း ဘယ်သူမှ မကောင်းဘူး။ ကျုပ်တစ်ယောက်ပဲ ကောင်းတယ်ဆိုတဲ့ စာမျိုးတွေဖြစ်ပြီး ပြန်လည်ဖေါ်ထုတ်တဲ့စာတွေ ကာတွန်းတွေကလည်း နိုင်ငံရေးသမားဆိုရင် ဘယ်သူမှ မကောင်းဘူး ဆိုတာမျိုးတွေချည့် ဖြစ်နေတယ်။ ပါတီထူထောင်ရေးတို့ ရွေးကောက်ပွဲဆို့ ဒီမိုကရေစီတို့ကို မျှော်မှန်းနေကြချိန်မှာ၊ ဒီလိုဟာတွေ ဘာ့ကြောင့် ပြန်လည်တူးဆွ ဖေါ်ထုတ်တင်ပြနေကြတယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ အတိတ်ကို သင်ခန်းစာယူဖို့ပါလို့ အကြောင်းပြချက်ပေးတာလည်း သဘာဝမဟုတ်ပါဘူး။ ဟိုရှေးအတိတ်နဲ့ လက်ရှိပစ္စုပ္ပန်က အပုံကြီးကွာခြားသွားခဲ့ပြီးလေ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းသွားသလို မြန်မာ့နိုင်ငံရေး အခင်းအကျင်း တွေလည်း အများကြီး ပြောင်းလဲခဲ့ပြီ။ မြန်မာလူထုကလည်း “ဒိုင်အာခီ” ခေတ် လူထုမဟုတ်တော့ဘူး။ ကိုလိုနီ နယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊ ပြူစောထီးခေတ်စတဲ့ ခေတ်အမျိုးမျိုးကို ဖြတ်ကျော်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိနေကြပြီ။ တော်ရုံ “ဥာဏ်တစ်ထွာတစ်မိုက်”နဲ့ လှည့်စားလို့ မရတော့ပါဘူး။ လိမ်တာကို လိမ်မှန်း ညာတာကို ညာမှန်း ကောင်းကောင်း ခွဲခြားတတ်နေပြီ။ လူတစ်ယောက်ပါးစပ်ဟလိုက်တာနဲ့ သူတော်ကောင်းလား၊ သူယုတ်မာလားဆိုတာကို အဲဒီလူ စကားမဆုံးခင်မှာတောင် သိနေတဲ့ အင်တာနက်ခေတ် လူထုဖြစ်တယ်။ ခပ်ညံ့ညံ့ မဟုတ်ပါဘူး။

ခေါင်းပေါ်က အထုပ်ကြီး…
အခါခပ်သိမ်း နောက်ပြန်လှည့်ကြည့် လှည့်ကြည့်လုပ်နေရင်၊ ဘယ်လိုလုပ်ပြီး ရှေ့ရောက်မှာလဲ၊ အရေးကြီးတာက ပစ္စုပ္ပန်ဖြစ်တယ်။ မျက်မှောက်ခေတ်ရဲ့ လိုအပ်ချက်အရ၊ လုပ်သင့်လုပ်ထိုက်တာတွေ၊ လုပ်နိုင်တာတွေကို ရှောင်ဖယ်ရှောင်ဖယ် လုပ်မနေဘဲ ဇွဲသတ္တိ ခိုင်ခိုင်မြဲမြဲနဲ့ ရှေ့ဆက်သွားဖို့သာ ဖြစ်တယ်။ အတိတ်ကို ပြန်ကြည့်ပါ။ အနာဂတ်ကို မျှော်ကြည့်ပါလို့ ပြောနေတာဟာ ပစ္စုပ္ပန်မှာ ဘာမှ မလုပ်တဲ့ လူတွေရဲ့ အကြောင်းပြချက်ဖြစ်တယ်။ အတိတ်က ဘိုးဘွားတွေ သူတို့ လုပ်နိုင်သလောက် လုပ်ခဲ့ကြလို့ လွတ်လပ်ရေး ရခဲ့ပြီ။ အနာဂတ်မှာလည်း နောင်လာမယ့် အနာဂတ်ရဲ့ မျိုးဆက်တွေက ဆက်လုပ်သွားကြမှာပဲ။ ပစ္စုပ္ပန်မှာ ရှိနေသူတွေက နောက်ပြန်ကြည့်လိုက်၊ ရှေ့မျှော်ကြည့်လိုက်နဲ့ပဲ ဘာမှမလုပ်ဘဲ နေလို့ဖြစ်မလား။ ကိုယ့်ခေတ်မှာ ကိုယ့်တာဝန်တော့ ကျေအောင် လုပ်ရမှာပေါ့။ အဲဒီလို တာဝန်ကျေဖို့အတွက် “အတိတ်”ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို ရွက်ထားရာက လွှတ်ချလိုက်ပါတော့လို့ ပြောချင်တယ်။ အထူးသဖြင့် ကျနော်တို့ မျိုးဆက်တွေကိုပါ တကယ်လို့ ကိုယ်က လွှတ်မချနိုင်၊ လွှတ်မချချင်လည်း ကိုယ့်ခေါင်းပေါ်မှာပဲ ရွက်ထားကြပါ။ နောက်မျိုးဆက်လူငယ်တွေရဲ့ ခေါင်းပေါ်ကိုတော့ အဲဒီ “အတိတ်ဝန်ထုပ်ဝန်ပိုးကြီး” ကို တင်မပေးလိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံလိုက်ပါရစေ။

*** လူထုဦးစိန်ဝင်း ***
(လူထုရနံ့စာစုမှ ကူးယူဖော်ပြသည်)

ဆန်ဖရန်စစ္စကိုရောက် မြသီတာသို့ပေးစာ
ရေးသူ-ဒဂုန်တာရာ



တို့မှာ ပြောစရာတွေ ရှိတယ်....။
ပြောစရာတွေ ရှိတယ်ဆိုလို့ အထင်တော့ မကြီးနဲ့။ တို့မှာ ဘာပြောစရာ ရှိမှာလဲ။ တို့က အခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ။ ပြီးခဲ့တဲ့လကမှ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့လုပ်ခဲ့တာကို။ "ကံ့ကော်ရိပ်" က မလေးရှားခေါက်ဆွဲနဲ့ စင်ကာပူ ကြာဆံကြော် မှာကျွေးတယ်။ ကရ၀ိတ်ကရေခဲမုံ့၊ နေ့လည်ကျတော့ သမ္မတက ဂျပန်ကား သွားကြည့်ကြတယ်။ ရောင်စုံဓာတ်ပုံတွေ ရိုက်ကြတယ်။ အမှတ်တရပေါ့။ မေမေက ပိုက်ဆံကုန်မှာစိုးလို့ အိမ်မှာ မှာကျွေးတာ။ တို့က အင်းလျားလိတ်တို့၊ ကရ၀ိတ်တို့မှာ လုပ်ချင်တာ။ ဖေဖေက အင်းလျားလိတ်တောင် သွားမေးပြီးပြီ။ အလကားပါ။ နောက်ဆုံးကျတော့ ဖေဖေက မေမေ့ကို ကြောက်ရတာပါပဲ။ တို့မွေးနေ့ကို အချစ်ဆုံး သူငယ်ချင်းတွေပဲ ရွေးချယ်ဖိတ်ပါတယ်။


တို့မွေးနေ့ကို ဒေ၀စ္ဆရာဘဂျမ်းရယ်၊ ဖြူပြာညိုလဲ့စိမ်းရယ်၊ အေမီနုရယ်၊ သင်းမြမြစိုးရယ်၊ ၀င်းပပလှမောင်ထွန်းရယ်၊ ခင်ထားအိရယ်၊ ချောချောရယ်၊ ယောက်ျားတွေကတော့ အောင်အောင်ရယ်၊ နန္ဒာမင်းခေါင်နဲ့ စိုင်းသီဟတို့ပဲ။
တို့သူငယ်ချင်းတွေကို နင်သိပါတယ်။ လူသစ်ဆိုလို့ အေမီနုရယ်၊ စိုင်းသီဟရယ်ပဲ ပါတယ်လေ။
အေမီနုက ပြည်နယ်တခုက ပြောင်းလာတာ။ သူ့အဖေက ပြည်နယ် အရာရှိကြီးလေ။ စိုင်းသီဟ ဆိုပြီး ရှမ်းတယောက်လို့တော့ မထင်လိုက်နဲ့၊ သူ့နာမည်ရင်းက သီဟ။ စိုင်းထီးဆိုင်ကို သဘောကျ တာနဲ့ စိုင်းသီဟလို့ လုပ်လိုက်တာ။ သီဟ ဆိုပေမယ့် သိပ်ကြောက်တတ်တာ။ ညအမှောင်ထဲဆို တယောက်တည်း မထွက်ရဲဘူးတဲ့ကွ။
တို့အကြောင်းက ဒါလောက်ပဲ ပြောစရာရှိတာ။ တို့ပြောချင်တာက တို့ဖေဖေ၊ မေမေအကြောင်း၊ တို့ အဖိုးလေးအကြောင်း၊။ တို့ အဖိုးလေးဆိုတာက တို့မေမေရဲ့ အမေရဲ့ မောင်။ ဦးမှိုင်းမြ၊ ဥပဒေ ပါမောက္ခ အငြိမ်းစားဆိုလား။ ပင်စင်လခတော့ ရနေတာ သိတယ်။ တို့ခြံထောင့်က အိမ်ကလေး မှာ နေတယ်လေ။ ၀ါးပင်လေးတွေ ကြားထဲမှာ သူ့ပုံစံ သူရေးပြီးဆောက်ထားတာ။ အိမ်ပတ်ပတ် လည်မှာ ၀ရန်တာက အစိမ်း။ မှန်တံခါး ဘောင်တွေက ဆေးရောင်အဖြူ၊ အတွင်းမှာတော့ အဖြူရောင် သုတ်ထားတယ်။
ဘိုးလေးကပြောတော့ "တောအိမ်" တဲ့။ နာမည်နဲ့လဲ မလိုက်ပါဘူး။ တံခါးတိုင်းမှာ ပန်းပွင့် ခန်းဆီးတွေနဲ့။ နော... ဒါ "တောအိမ်" ဘယ်ဟုတ်မှာလဲ။ အိမ်ထောင် ပရိဘောဂ တွေကတော့ ရှေးက ပုံတွေ ချည်းပဲ။ ပန်းအလိမ်တွေ၊ ပန်းအကြွေတွေနဲ့။ ကုလားထိုင် ခြေထောက်တွေ၊ စားပွဲ ခြေထောက် တွေမှာဆိုရင် ခြင်္သေ့ရုပ်တွေ၊ ကြာပွင့်တွေ ခံထားတယ်။ ခေတ်ဆန်တဲ့ ပစ္စည်းဆိုလို့ ရေဒီယို ကက်ဆက်ရယ်၊ ဓာတ်ပြားဖွင့်တဲ့ စက်ရယ်၊ ဒါပဲ။ တခန်းလုံး စာအုပ်တွေ ချည်းပဲ။ ဘိုးလေးက ဖီလိုဆိုဖီမှာ ဂုဏ်ထူးနဲ့ အောင်လာတာ ဆိုလား။ တို့လည်း ကောင်းကောင်း မသိပါဘူး။
သူ့အခန်းမှာလည်း စာအုပ်တွေနဲ့ ပြည့်နေတာပဲ။ အင်္ဂလိပ်စာအုပ်တွေက များတယ်။ တို့ စိတ်မ၀င်စားတဲ့ စာအုပ်တွေက များပါတယ်။ ဘောဂဗေဒ၊ ဒဿန၊ သမိုင်းတွေ၊ အင်္ဂလိပ်ဝတ္ထု တွေလည်း ရှိတယ်။ တို့ကတော့ အရုပ်ပါတဲ့ စာအုပ်တွေ ရှာတာ၊ စာအုပ်ဖုံးဖို့လေ။ ရှေးက အင်္ဂလိပ်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေတောင် ရှိတယ်။ မြန်မာဝတ္ထုတွေလည်း ရှိတယ်။ တို့ခေတ်က ၀တ္ထုတွေ မဟုတ်ပါဘူး။ မစ္စတာမောင်မှိုင်းတို့၊ လယ်တီပဏ္ဌိတဦးမောင်ကြီးတို့၊ ပီမိုးနင်းတို့၊ နာမည်တွေ မကြားဖူးပါဘူး၊ အောက်ပါတယ်။ သိတယ်မဟုတ်လား။ တို့ဖတ်တာတွေက ခုခေတ်ဝတ္ထုတွေ၊ အမျိုးသမီးစာရေးဆရာမတွေပေါ့။ ၀တ္ထုတွေ၊ ရုပ်ပြဇာတ်လမ်းတွေ။ တို့က ဇာတ်လမ်းကောင်းမှ ဖတ်တာ။ အဖုံးတွေဆို တို့စိတ်ကူးထဲက ကောင်လေးတွေ၊ ကောင်မလေးတွေမှ ကြိုက်တာ။
တို့ဘိုးလေး အခန်းထဲရောက်သွားရင် ၁၈ ရာစု ပြန်ရောက်သွားသလို၊ ခေတ်ဟောင်းတေး နားထောင်ရသလို။ သိတယ်မဟုတ်လား။ တို့က နှစ်ဆယ်ရာစုနှစ်က လူ။ နည်းနည်းပါးပါးတော့ ကွာရမှာ ပေါ့နော်။ တို့ပြောစရာရှိတယ်ဆိုတာ အဲတာတွေ။
တို့မွေးနေ့ပါတီ လုပ်တာ ဘာပြောတယ် မှတ်သလဲ။ မြန်မာမှာ မွေးနေ့လုပ်တာ မရှိဘူးတဲ့။ အနောက်နိုင်ငံ ယဉ်ကျေးမှုတဲ့။ သူ့လောက် ခေတ်ဆန်တာလည်း မရှိဘူး။ ရေဒီယို နားထောင်ရင်လည်း အင်္ဂလိပ်ဘာသာနဲ့ အသံလွှင့်တဲ့ ကမ္ဘာအရပ်ရပ်က အသံလွှင့်တာတွေ အကုန်နားထောင်တယ်။ ဒါတောင် မွေးနေ့ပါတီလုပ်တာ ပြောချင်သေးတယ်။ တို့တော့ ဘိုးလေးပြောတာ နားကို မလည်ဘူး။ တခု ချစ်စရာကောင်းတာ ရှိတယ်။ သူက ပြောရုံသာပြောတာ အပြစ်မပြောတတ်ဘူး။ တို့ မွေးနေ့လုပ်တာ မလုပ်နဲ့ မပြောဘူး။ သူ့မှာရှိတဲ့ ကက်ဆက်ခွေတောင် ငှားသေးတယ်။ သူ့မှာ ခေတ်ပေါ် သီချင်းတွေ ရှိတယ်။ တို့အံ့သြတာက သူ ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ ခေတ်ဆန်ပေ့ ဆိုတာလည်း ကြိုက်တယ်။ တို့တော့ နားလည်လို့ကို မရဘူး။
တို့ဆိုရင် နင်လည်း သိသားပဲ။ ရှေးသီချင်းဆိုရင် ပိတ်လိုက်တာပဲ။ နားထောင်လို့ကို မရဘူး။ တို့ ဘိုးလေးက မြန်မာရှေးသီချင်းကြီးတင်မဟုတ်ဘူး၊ အင်္ဂလိပ် ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ အထူးသဖြင့် စန္ဒယားတီးလုံးတို့၊ တယောတို့၊ သံစုံတီးဝိုင်းတို့ပေါ့။ မြန်မာ ဆိုင်းဝိုင်းတွေ ဆိုလည်း သိတ်ကြိုက်တာ။ ဖေဖေတို့ မေမေတို့ကျတော့ တမျိုး။ သူတို့က မေရှင်၊ ဘိလပ်ပြန်သန်း၊ တင်တင်မြ၊ စန္ဒယားချစ်ဆွေ၊ ကိုသန်းလှိုင်တို့ဆို သိတ်ကြိုက်။ တို့က တာတွေ အောက်တယ်ထင်တာ။
တို့ အကြိုက်က နင်လည်းသိတယ် မဟုတ်လား။ ခုခေတ် ပေါ်တာတွေမှ၊ အော်ဂင်တို့၊ ဒရမ်တို့၊ ဂစ်တာတို့မှ။ မြူးမြူးကြွကြွမှ ကြိုက်တာ။ အပူမှ ကြိုက်တာ။ စောင်းကောက်တို့၊ ပတ္တလားတို့ဆို နားထောင်လို့ကို မရဘူး။
တို့က မြန်မာအသံဆို ဘယ်တော့မှ နားမထောင်ဘူး။ စတီရီယိုသီချင်းမှ နားထောင်လို့ရတယ်။ ရုပ်မြင်သံကြားတော့ ရတယ်။ ဖေဖေ မေမေတို့က ရာစုတခေတ်လောက် နောက်ကျတယ်။ ဘိုးလေးတို့ ကတော့ ရာစု နှစ်ခေတ်လောက် အောက်တယ်။
နင်ကော ဘယ်လို သဘောရသလဲ။ တို့တော့ ဟားနေရတာပဲ။ ပျော်တော့ အပျော်သားပဲ။
တို့ထဲမှာ တယောက်တမျိုးတော့ ၀ါသနာတွေ ရှိတယ်။ တို့က ၀တ္ထုဖတ်တယ်၊ ရုပ်ရှင်ကြည့် တယ်။ အေမီနုက လမ်းစဉ်လူငယ် သင်တန်းတက်ဖူးတယ်။ ဒေ၀စ္စရာဘဂျမ်းက ကုက္ကိုင်းရေကူးကလပ် မှာ ပါတယ်။ ဖြူပြာညိုလဲ့စိမ်းက ကားမောင်းရင်း စီးကရက်ဖွာတယ်။ သင်းမြမြစိုးက တရုတ်သိုင်းကား ဆိုရင် မလွတ်တမ်း ကြည့်တယ်။ ၀င်းပပလှထွန်းမောင်ကတော့ ကရ၀ိတ်က ရေခဲမုန့် စားရမှ။ ချောချောကတမျိုး ပြိုင်စက်ဘီး စီးတယ်။ ယောက်ျားရှပ်အင်္ကျီဝတ်တယ်။ ခင်ထားအိက သင်္ကြန်ဆို လျှောက်လည်ရမှ။ ၀င်ကလိုက်ရမှ။ ဒါကြောင့် တယောက်တမျိုးစီလို့ ပြောတာ။ ခြုံလိုက်ရင် အကြိုက်အားလုံး တူကြတယ်။ တို့အထဲ ပြောနေတာက တယောက်စီ တယောက်စီမှာ ရှိကြတဲ့ အကြိုက်ကလေးတွေကိုသာပြောတာ။ ယောက်ျားလေးတွေ အကြောင်းတော့ တို့မသိဘူး။ ဂစ်တာ တော့ ခေါက်တတ်ကြမှာပေါ့။ ပြောစရာတခု ကျန်နေတယ်။ တို့ဖေဖေက အလုပ်ကထွက်ပြီး အခု နိုင်ငံခြားကုမ္ပဏီတခုမှာ ကိုယ်စားလှယ် လုပ်နေတယ်။
တို့အကြိုက်တော့ သိတယ်မဟုတ်လား။ ချော့ကလက်ရယ်၊ ဒစ္စကိုရယ်၊ ရုပ်ပြဇာတ်လမ်းရယ်၊ ချောကလက်ကတော့ ဘယ်လောက်ပေးရ ပေးရ စားတာပဲ။ တရာပေးရတာတောင် ရှိတယ်။ တို့ဘိုးလေးက ဘာပြောတယ်မှတ်သလဲ။ သူတို့ ကျောင်းသားဘ၀က ရုပ်ရှင်ကြည့်ရင်း အပြင်းပြေ စားတာတဲ့။ တို့ နေကြာစေ့စားသလို နေမှာပေါ့။ နက်စလေကုမ္ပဏီလုပ် နို့ချော့ကလက်အပြားကြီးမှ တမတ်တဲ့။ ခေတ်ဟောင်းက ရွှေထီးဆောင်းရတာပဲ ပြောလို့ မဆုံးနိုင်ဘူး။ ဒစ္စကို ဆိုင်းချက်မျိုးဆိုတာ တို့ မြန်မာမှာလည်း ရှိတာပဲတဲ့။ တို့တော့ တခါမှ မကြားဖူးပေါင်။ ရုပ်ပြဇာတ်လမ်း ပန်းချီရေးတဲ့ ကောင်လေးတွေကတော့ သိတ်တော်တာပဲတဲ့။ ဇာတ်လမ်းကောင်းတာတော့ ထည့်မပြောဘူး။ ဒါကြောင့်ပြောတာ။ ရာစုနှစ်ခေတ်လောက် နောက်ကျနေပါတယ်လို့။

xxxx xxxx xxxx xxxx xxxx

တိုခြံနဲ့ ကပ်လျက် လမ်းထောင့်က အိမ်ရှေ့မှာ နတ်ပွဲ ကတယ်။ မဏ္ဌပ်ထိုးကတည်းက တို့က စိတ်ပျက်နေတာ။ တနေ့လုံး ဆူနေမှာ။ ပွဲ စကတည်းက ဆူလဲ ဆူတော့တာပါပဲ။ လူတွေကတော့ အုံနေတာပဲ။ စဲတယ်ကို မရှိဘူး။ မနက်ကတည်းက မိုးချုပ် ရှစ်နာရီလောက်ထိပဲ ဆိုပါတော့။ စည်တော့ အရမ်းစည်။ ကြိတ်ကြိတ်တိုး။ တို့အိမ်က အိမ်ဖော်ဆိုတာလဲ လစ်တာနဲ့ နတ်ပွဲ ရောက်နေတာပဲ။ အလုပ်တောင် ပျက်တယ်။ သူတို့က တောက မဟုတ်လား။ ဒါမျိုး ကြိုက်တာပေါ့။ တို့က နားညည်းတာနဲ့ သွားမကြည့်ပါဘူး။ တို့ ဘိုးလေးကတော့ တနေ့လုံးလိုလို နတ်ပွဲမှာချည်းပဲ။ ပြန်လာရင် အတီးက သိတ်ကောင်းတာပဲ၊ အက ကသိတ်ကောင်းတာပဲနဲ့။ တို့မြို့ထဲထွက်ရင် နတ်ပွဲကို ဖြတ်သွားလို့ လှမ်းမြင် ရပါတယ်။ ကိုယ်တွေ လှုပ်ယမ်းနေတာ တွေ့ရပါတယ်။ အောက်ပါတယ်ကွာ၊ သေသေချာချာတောင် မကြည့်မိပါဘူး။
တို့ သူငယ်ချင်းတွေထဲက ခင်ထားအိက နတ်ပွဲ သိတ်ကြိုက်တာပဲ။ အခုမှ တို့လည်း သိရတာ။ သူက ရောက်ကတည်းက အိမ်မှာကို မထိုင်ဘူး။ နတ်ပွဲ ရောက်သွားတာပဲ။ တို့ ကို အဖော်ခေါ်လို့ မရတော့ သူတယောက်တည်း သွားတယ်။ သူငယ်ငယ်က မန္တလေးမှာ အက သင်ဖူးသတဲ့။ ခုမှ သိရတာလေ။ အက သိတ်ဝါသနာပါတာကိုး။ တို့က "နင် သိပ်အောက်တာပဲ" ပြောရင် ပြုံးပြီး ကြည့်နေတယ်။ သူ့ကို မဏ္ဌပ်အ၀ လိုက်ပို့ရင်း ကိုယ်ကိုတုန်ပြီး ယိမ်းလှုပ်ကနေတာ တွေ့တာချည်းပဲ။ ဆိုင်းကလည်း မြည်လိုက်တာ ရင်ပွင့်မတတ်ပဲ။ ခင်ထားအိကတော့ "ဒါမှ ကလို့ကောင်းတာ" တဲ့။ သူတောင် ကချင်သတဲ့။ တို့လည်း သူ့အနားက ထွက်ပြေးခဲ့ရတယ်။
တတိယနေ့မှာ တို့ ဘိုးလေး ဦးမှိုင်းမြက သူ့မိတ်ဆွေ နိုင်ငံခြားသား ဧည့်သည်တဦး ဧည့်ခံချင် လို့တဲ့။ တို့က စားစရာ သောက်စရာ လာပြင်ပေးပါတဲ့။ မွန်းလွဲ လက်ဖက်ရည်ပွဲတဲ့။ ဘာတွေနဲ့ ဧည့်ခံတယ်ထင်သလဲ။ ရွှေချီမုံ့၊ ငှက်ပျောကြော်၊ မန္တလေးထိုးမုံ့၊ မုန့်ကြာစေ့၊ မုန့်ဟင်းခါး၊ ကရေကရာ၊ အဲဒါကို လက်ဘက်ရည်ကြမ်းနဲ့ တိုက်မတဲ့။ သူ့မိတ်ဆွေ တရုတ်တယောက်က လက်ဆောင်ပေးထားတဲ့ စံပယ် လက်ဖက်ခြောက် ခတ်ရမတဲ့။ ကြည့်စမ်းပါဦး ဘယ်လောက်တုံးသလဲလို့။ တို့က မနေနိုင်တာနဲ့ ကော်ဖီဖျော် ထားပေးတယ်။ သူ မကြိုက်လည်း မတတ်နိုင်ဘူး။ သူ့ စာရေးစပွဲပေါ်က ပုဂံမနူဟာမင်း ဘုရားပုံ အသေးရုပ်တုဆိုလား အဲဒါကို ဖုန်သုတ်ပေးထားရသေးတယ်။ ဘာမှန်းလည်း မသိပါဘူး။
တို့က မွန်းလွဲ နှစ်နာရီလောက် ကတည်းက အဆင်သင့် ပြင်ပေးထားတယ်။ ကိုယ်တော်ချော တွေက လေးနာရီကျော်မှ အိမ်ထဲ ၀င်လာကြတယ်လေ။ တို့ပြောဖို့ ကျန်နေသေးတယ်။ ဘိုးလေးက နိုင်ငံခြား တော်တော်များများ ရောက်ဖူးတယ်။ အခုလာတာ သူ့မိတ်ဆွေ ပါမောက္ခတယောက်တဲ့။ အာရှ၊ အာဖရိကတိုင်းပြည်တွေက ရိုးရာတေးဂီတတွေကို လေ့လာသုတေသနပြုဖို့ လာတာတဲ့။ မြန်မာပြည်က အစ ခရီးလေ။ သူတို့နှစ်ယောက်က နတ်ပွဲမှာ အချိန်ကုန်နေကြတာ။ အိမ်ထဲ ၀င်လာတော့ ကင်မရာတွေ၊ ကက်ဆက်တွေ တလွယ်တပိုးကြီး။
ငှက်ပျော်ကြော်နဲ့ မုန့်ကြာစေ့ကိုတော့ ပူအောင် နွှေးပေးရတာပေါ့။ စားရင်းသောက်ရင်း ရယ်ကာမောက စကားပြောကြတာ၊ ဘာအကြောင်း မှတ်သလဲ။ နတ်ပွဲအကြောင်းလေ။ ဘိုကြီးက နတ်ပွဲတီးတာ၊ အကတွေကို သိပ်သဘောကျနေတာ။ ဆိုင်းဝိုင်းက တူရိယာသမားတွေ စိတ်လှုပ်ရှားပြီး ကိုယ်ကို ယိမ်းလှုပ် တီးနေတာကို သူက "သိပ်ဂီတဆန်တာပဲ" တဲ့။ က တာတွေ၊ တီးတာတွေကို ရုပ်ရှင်ဓါတ်ပုံ ရိုက်ထားတယ်။ အသံသွင်းထားတယ်။ သူသုတေသနပြုစုပြီး ရေးမဲ့ကျမ်းမှာ အကိုးအကား လုပ်ရမယ်တဲ့။
ပါမောက္ခက ငှက်ပျောကြော်ကို စားပြီး "သိပ် အရသာရှိတာပဲ" လို့ပြောရင်း၊ "ဒစ္စကိုတို့၊ ရော့အင်ရိုးတို့ အစရှိတဲ့ ဆိုင်းချက် (ရစ်သမ်ပုံစံ) မျိုးတွေဟာ ခင်ဗျားတို့ တိုင်းပြည်မှာ ကျွန်တော်တို့ အနောက်ထက်စောပြီး၊ ရှိနေတာပဲ၊ နတ်သီချင်းတွေ ဘယ်ခေတ်လောက်က ပေါ်တယ်ထင်သလဲ" လို့ မေးတယ်။
"၁၅ ရာစုနှစ်လောက် ကတည်းက ရှိမယ်ထင်တယ်။ ကျွန်တော်က ဂီတ သမိုင်းဆရာ မဟုတ် တော့ အတိအကျ မပြောနိုင်ဘူးဗျာ၊ ကျွန်တော်တို့ဆီမှာ သုတေသန လုပ်ငန်းက သိပ်မဖွံ့ဖြိုးသေးဘူး"
" နတ်ရဲ့ ၀ိဥာဉ်က ၀င်ပြီး သီဆို ကခုန်တယ်ဆိုတာ ဟုတ်ပါသလား"
ဘိုးလေးက ခေတ္တ ငြိမ်သက်နေတယ်။ ပြီးနောက် တို့ နားမလည်တဲ့ စကားလုံးတွေနဲ့ ပြောကြတယ်။ ပြောဟန်အမူအရာကို ကြည့်ရတာတော့ ဘိုးလေးက သူနားမလည်ကြောင်း ပြောတာနဲ့ တူတာပဲ။
"တီးဟန် ကဟန် တွေကတော့ ကျွန်တော် သိတ်ကြိုက်တာပဲ၊ သိတ်စိတ်ဝင်စားမိပါတယ်"
ပါမောက္ခက သူတခြားက သွင်းလာတဲ့ အိုးစည်သံ၊ ဒိုးပတ်သံတွေလဲ ဖွင့်ပြသေးတယ်။ အားလုံး ပါမောက္ခက ရုပ်ရှင် ရိုက်ကူးထားတယ်။ ဘိုးလေးက သူမသိရင် မသိဘူးပြောတယ်။ သိတယ်ဆိုရင်လည်း သူပိုင်ပိုင်နိုင်နိုင် သိမှ သိတယ်ပြောတယ်။ ဒါတော့ တို့ နားလည်တယ်လေ။ တို့လည်း ဘိုးလေးပြောတာတွေ နည်းနည်း စဉ်းစားချင်လာတယ်။ အခုတလော အင်္ဂလိပ်စာ ကြိုးစား ကျက်မှတ်နေလို့ တို့ကို သဘောကျနေတာ။ အင်္ဂလိပ်စကားကတော့ သတ်သတ် သင်စရာမလိုဘူးတဲ့။ ကိုယ်တိုင်ပြော၊ သူများပြောတာ နားထောင်ရင် တတ်လာမှာတဲ့။ ဒါကြောင့် ဧည့်သည်လာတုန်း သူ့နား ခေါ်ထား တာလေ။ သူတို့ နှစ်ယောက် စကားကောင်းနေကြတာ မှောင်ရော။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီညက ရုပ်မြင်သံကြား အစီအစဉ်မှာ စတူဒီယိုဘီ (အသံလွှင့်ခန်း ၁) က တေးဂီတ ကြည့်ရတယ်။ ဘိုမက စန္ဒယားအဖြူကြီးမှာ ထိုင်တီးပြီးဆိုတယ်။ ကိုယ်ယိမ်းလှုပ်ပြီး အမူအရာနဲ့ ဆိုတယ်။ တို့ သူငယ်ချင်းတွေလည်း ရောက်နေတယ်။ များများတော့ မဟုတ်ပါဘူး။ ခင်ထားအိနဲ့ ဖြူပြာညိုလဲ့စိမ်း၊ အလည်လာရင်း ကြုံလို့ ၀င်ကြည့်တာပါ။ ယိမ်းပုံ၊ လှုပ်ပုံ တုန်ခါပုံက နတ်ပူးသလိုပဲ တကယ်ပါပဲ။ တို့ နတ်ပွဲမှာ ကိုယ်ခါပြီး တုန်ကသလိုပါပဲ။ အဲဒီတော့ တို့လည်း ဘိုကြီး နတ်ပွဲကို သဘောကျနေတာ ကောင်းကောင်း သဘောပေါက်သွားတယ်။
ခင်ထားအိက တို့နားမှာ ထိုင်နေတာ၊ တို့က ပြောပြတော့ သူက "ဟုတ်တယ်ကွ၊ နတ်ကတာနဲ့ တထေရာထဲပဲ" တဲ့။ ခင်ထားအိလည်း ကြည့်ရင်း ကိုယ်လှုပ်တယ်။ သူက သိပ်အက ၀ါသနာပါတာလေ။ ဘိုမ ဆိုတာ၊ လှုပ်တာ ကြည့်ရင်း တို့လည်း စိတ်လှုပ်ရှားလာတယ်။ တို့ ကြိုက်တဲ့ အဆိုတွေ၊ အတီးတွေ၊ အကတွေပဲ။ တို့ အိပ်ရာဝင်တော့ စဉ်းစားစရာတွေ ရလာတယ်။
ဖေဖေ မေမေတို့နဲ့ ဘိုးလေးနဲ့ တို့နဲ့ အယူအဆချင်း၊ အကြိုက်ချင်း၊ ခံစားမှုချင်း မတူတာ၊ ကွာဟနေတာတော့ အမှန်ပဲ။ ဘိုးလေးစကားနဲ့ ပြောရရင်တော့ သဘာဝကျပါတယ်ပေါ့။ ခေတ်ချင်း ကတော့ ဘယ်တူနိုင်ပါ့မလဲနော်။
ဘိုးလေးတို့ ကြီးလာရတာက အင်္ဂလိပ် ကိုလိုနီခေတ်။ ဖေဖေ မေမေတို့ ကြီးလာရတာက ဖဆပလခေတ်။ အခုခေတ်က တို့ခေတ်။ ဘိုးလေးတို့ ခေတ်က ဘတင့်၊ ခင်မောင်ရင်။ ဖေဖေ မေမေ တို့ခေတ်က ကော်လိပ်ဂျင်နေ၀င်း၊ တို့ခေတ်က ကျော်ဟိန်း၊ ဘယ်တူပါ့မလဲနော်။
အခုလေ ပြောရဦးမယ်။ ပြောစရာရှိတယ်ဆိုတာလဲ ဒါပါပဲလေ။ တခု တို့ ဘိုးလေးနဲ့ တူတာ သွားတွေ့တယ်။ စိတ်တောင်မကောင်းဘူး။
တနေ့က တို့ အင်္ဂလိပ်စာ လေ့ကျင့်ခန်း လုပ်နေတုန်း၊ ဘိုးလေး တို့စပွဲနား ရောက်လာတယ်။ တို့က အပြင်ဆရာတယောက်ဆီမှာ ကျူရှင်ယူနေတယ်လေ။ ဘိုးလေးက အင်္ဂလိပ်ဘာသာ သင်ခန်းစာများ ဆိုတဲ့စာအုပ်က " ဗြိတိသျှဘားမား စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ၁၉၂၃" ဆိုတဲ့ စာလုံးကို ဖတ်ပြပြီး "အဲဒါ ဘိုးလေးတို့ ငယ်ငယ်က သင်တဲ့ စာအုပ်ပေါ့၊ ကောင်းတယ်၊ ကြိုးစား" လို့ ပြောပြနေတယ်။ ခါတိုင်း ဘိုးလေးတို့ခေတ်က၊ ဘိုးလေးတို့ခေတ်ကလို့ ပြောရင် တို့ကလည်း "(၁၈) ရာစုနှစ်က ဟာတွေပါ၊ ခုခေတ်က (၂၀) ရာစုခေတ်" လို့ ချက်ချင်း ပြန်ချေပလိုက်တာပဲ မဟုတ်လား။ အခုတော့ တို့ ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်နေတုန်း။ အပြတ်ချေဖို့ စကားလုံး ရှာနေတုန်းပေါ့လေ။
စိတ်တောင် မကောင်းပါဘူး...။
တို့ကပဲ ဘိုးလေးတို့ (၁၈) ရာစုခေတ် ရောက်သွားပြီလား... ဒါမှမဟုတ်၊ ဘိုးလေးကပဲ တို့ (၂၀) ရာစုခေတ် ရောက်နေပြီလား၊ တခုခုတော့ တခုခုပဲ။
တို့ အကြောင်းပြောစရာရှိတယ် ဆိုတာ ဒါပါပဲ။ သူငယ်ချင်းရေ။ လူကြုံ ကောင်းရင် တို့ကို ချော့ကလက်နဲ့ စပို့ရှပ် ပို့လိုက်စမ်းပါနော်။

ရှုမ၀ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၂။