Sunday, June 2, 2013

ကျွန်တော်နဲ့စန္ဒကိန္နရီ - ရေးသူ ဖိုးသံ (လူထု)




ကျွန်တော်နဲ့စန္ဒကိန္နရီ



            ကျွန်တော်က သီချင်းဆိုတတ်သူ မဟုတ်ပါ။ အဆိုလည်း မသင်ဖူး၊ အသံလည်း မကောင်း၊ ယုံပါ- ပါရမီလည်း လုံးဝ မပါ ပါဘူး။

            ဒါပေမဲ့ ကျွန်တော်က သီချင်းကို ကြိုက်တယ်။ ကြိုက်တဲ့ သီချင်းတွေကို လိုက်မှတ်၊ လိုက်ဆိုတယ်။ လွှတိုက်ရင်း၊  ရေချိုးရင်း၊ ကားမောင်းရင်း၊ ကလေးချော့သိပ်ရင်း အားတိုင်း သီချင်းဟစ်နေ၊ ညည်းနေတတ်ပါတယ်။ သီချင်းတဲ့ ဆိုရင် တကယ့်ကို  “က ပါ တမတ်၊ ရပ်ပါ တကျပ်” ဆိုတဲ့ အစားထဲကပါ။ ကျွန်တော်ဆိုတတ်တဲ့ သီချင်းများကလည်း စုံတယ်လို့ ပြောနိုင်ပါတယ်။ အမေက ရင်ခွင်ထဲထားပြီး နှုတ်တိုက် သင်ပေးခဲ့တဲ့ ဆရာမင်းသုဝဏ်ရဲ့ “မောင်ခွေးဖို့ကဗျာများ” ထဲက သားချော့သီချင်းတွေ၊  ”အိပွဲ့၊ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်” လို ဆရာမြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်တို့ရဲ့ သီချင်းတွေ၊ ခရစ်ယံသာသနာပြုကျောင်းက တတ်လာတဲ့ ဗြုတ်စဗြောင်းနင်း အင်္ဂလိပ်သီချင်း၊ ကျောင်းသားသမဂ္ဂနဲ့ ငြိမ်းချမ်းရေး သီချင်းတွေ၊ လူပျိုပေါက် အရွယ်မှာ အသဲစွဲခဲ့ရတဲ့ စန္ဒရားချစ်ဆွေ၊ မြတ်လေး၊ မာမာအေး၊ ကိုသန်းလှိုင်၊ စန္ဒရားလှထွတ်၊ ကိုစောညိမ်းနဲ့ မောင်မောင်ညွန့် (နာမည်တွေရှေ့မှာ ဦး-ဒေါ် မတပ်တာကို နားလည်ပေးပါ) တို့ရဲ့ သီချင်းတွေ၊ နောက်ပြီး အမေက “ပြည်သူချစ်သောအနုပညာသည်” စာအုပ်ကို ပြုစုတော့ ဆရာကြီး စိန်ဗေဒါသီချင်းတွေ လိုက်ဆိုရင်း အလွတ်ရ နေပြန်တယ်။ (ဗျောညွန့်” က အစ ”တိုင်းပြည်ဘောင်နယ်ပြည်ဘောင်၊ နာမည်တော် ကြီးလှပါတဲ့မောင်” ဆိုတာ တို့ပေါ့။)  ဒါကြောင့် ၀နယ် ပန်ဆန်းမှာလည်း ဘယ်နေရာ ရောက်ရောက်၊ ကျွန်တော်က အဲဒီလို ဟိုဟာဟဲ ဒီဟာကဲ လုပ်နေတော့ ကျွန်တော်နဲ့ တဌာနထဲ လုပ်တဲ့ ကိုထွန်းခိုင် (သူက မန္တလေးကအငြိမ့်တခုမှာ အုပ်စုံတီးခဲ့သူ) က ”ဒီလူက ပစပ်စုံတယ်” လို့ သူတို့ဗလပ် စကားနဲ့ မှတ်ချက်ချ ပါတယ်။ (ဗလပ်စကား ဆိုတာ သဘင်သည်စကားလို့ ပြောတာပါ)။

ကျွန်တော် မန္တလေးထောင်ထဲက (၂) တိုက်ထဲမှာ နေရတုန်းက အဲဒီ တိုက်ထဲမှာ ဂျပန်တော်လှန်ရေးမှာ လှုပ်ရှားပါဝင် ခဲ့ရာကစလို့ နာမည်ကြီးတဲ့ မန္တလေးက ဆရာတော်သုံးပါး ( ဒင်းတို့ ထားလို့ မတတ်သာဘဲ နေရတာဆိုတော့ သီတင်း သုံးတယ်လို့ မဆိုနိုင်ဘူးထင်ပါတယ်။) ရှိပါတယ်။ ဘွဲ့တွေက (သက်တော်စဉ်အရ) မစိုးရိမ်တိုက်က ဆရာတော် ဦးဉာဏသာမိ၊ မန္တလေးတောင်ခြေက ဆရာတော်ဦးကုသလ၊ ကင်းဝန်မင်းကြီးတိုက်က ဆရာတော်ဦးဝိလာသဂ္ဂ တို့ ဖြစ်ပါတယ်။ ကျွန်တော်က တိုက်ထဲမှာ ညအခါ လမ်းလျှောက်ရင်း ပစပ်ထဲ တွေ့သမျှ သီချင်းတွေကို ဟစ်တော့  အဲဒီ အသဲကွဲသီချင်းတွေလည်း ပါ ပါတယ်၊ ဒီလိုအခါမှာ အခန်းချင်း ကပ်နေတဲ့ အခန်းနံပတ်(၈) က ဆရာတော်ဦးဝိလာသဂ္ဂက  ”ဟေ့ကောင်လေး၊ ငိုသံပါကြီးနဲ့ မဆိုစမ်းနဲ့ကွာ” လို့ လှမ်းနောက်လေ့ ရှိတာ မှတ်မိနေပါတယ်။ ထောင်ထဲမှာတုန်းက ကျွန်တော်က အသက် ငယ်တဲ့အထဲမှာ ပါတာကလည်း တကြောင်း၊ ဆရာတော်ဦးဉာဏသာမိ၊ ဆရာတော်ဦးကုသလ၊ ဆရာတော်ဦးဝိလာသဂ္ဂ တို့ဟာ ကျွန်တော့် မိဘများနဲ့ ရှေးကတည်းက ရင်းနှီးတာကလည်း တကြောင်းကြောင့် ကျွန်တော့်ဆိုရင် အမြဲစလေ့၊ နောက်လေ့ရှိပါတယ်။ ကျွန်တော်က မြတ်လေးရဲ့ ”မရောလည်း မူးရောလည်းမူး” ဆိုတဲ့ မစ်္စ၀ီစကီ သီချင်းကို ဖီလင် အပြည့်နဲ့ မာန်တွေ ထန်တွေ ထည့်ပြီး ဟဲနေတော့ ဆရာတော်တပါးက ”ဟေ့ ဖိုးသံ၊ အရက် မသောက်တတ်ပဲနဲ့ ဟန်လုပ်မူး မနေနဲ့ကွာ” လို့ စလို့ ကြားလိုက်သူတိုင်း ၀ိုင်းရီကြ ဖူးပါတယ်။

ထောင်ထဲမှာ သီချင်းငတ်တာကို  ထောင်ကျဖူးတဲ့ လူမှသိပါမယ်။ အရင် မန္တလေးနန်းတွင်းက ထောင်မှာနေရတုန်းက ကျုံးပတ်ဝန်းကျင်က အလှူအတန်းနဲ့ ပွဲလန်းသဘင်တွေ၊ ကျောက်တော်ကြီးပွဲ၊ ကျောင်းသားပွဲတော်၊ သင်္ကြန်ပွဲတော် စတာ တွေက သီချင်းသံတွေ လွင့်ပျံလာရင် တခုတ်တရ နားထောင်ရတာပါ။ မှတ်မိသေးတယ်- အဲဒီလို အပြင်မှာ သိပ်စည်ကား ဆူညံနေရင် ကျွန်တော့် အခန်းဘေးက- နောင်မှာ ကျွန်တော်နဲ့အတူ ကိုကိုးကျွန်းကို ပါလာတဲ့ ကိုဝင်းမြင့်က “ကိုဖိုးသံရေ၊ လူ့ပြည်ကြီးကတော့ ပွက်လောညံလို့ပါလားဗျာ” လို့ ညည်းတတ်ပါတယ်။ သူ့ညည်းသံထဲမှာ လွမ်းသံလေး ပါနေတယ် ဆိုတာကို ကျွန်တော်တို့ အသိဆုံး ဖြစ်ပါတယ်။ အဲဒီ ခေတ်တုန်းက ဓာတ်ပြားနဲ့ လော်စပီကာ ထွန်းကားတဲ့ ခေတ်မို့ လေလှိုင်း ထဲကနေ သီချင်းကောင်းလေးများ လွင့်ပျံလာရင်  “ကိုဘယ်သူရေ- မေလှမြိုင်ဗျို့၊ မတင်တင်မြကြီးဗျို့”  စသဖြင့် အချင်းချင်း သတိပေးကြတာဟာလည်း အလုပ်တခုပါ။

ကျွန်တော်တို့ဟာ တိုက်ထဲမှာ နေကြတယ် ဆိုပေမဲ့ ညအခါကျရင်  ထောင်အိပ်ချိန် မတိုင်မီ သံတိုင် တံခါးပေါက်ရပ်ပြီး တဦးနဲ့တဦး အော်ပြီး စကားပြောလေ့ ရှိကြပါတယ်။ ဒီလိုအခါမှာ အလှည့်ကျ သီချင်းဆိုခိုင်းကြ၊ နားထောင်ကြတာကလည်း အစဉ်အလာတခုလို ဖြစ်ပါတယ်။ မှတ်မှတ်ရရ တညမှာ ဘ၀တူတယောက်က “ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေထဲမှာ ဘယ် သီချင်းကို အကြိုက်ဆုံးလဲ၊ ပြောကြပါ”  ဆိုတဲ့  မေးခွန်းကို ဖော်ထုတ်လိုက်လို့ အားလုံး ဦးနှောက် လှုပ်ရှားကုန်ကြ ရပါတယ်။ သူ့ တောင်းဆိုချက်မှာ ကိုယ်ရွေးခြယ်တဲ့ သီချင်းကို ဘာကြောင့် အကြိုက်ဆုံးလို့ ညွှန်းသလဲ ဆိုတာပါ ပြောရမယ်လို့ ပါနေပါတယ်။ လူတွေက အားနေကြတာကလား။ ကျွန်တော် မှတ်မိသလောက်တော့  ခုနကပြောတဲ့ ကိုဝင်းမြင့် (သူက မန္တလေး ပန်တျာမှာ စန္ဒရားသင်နေတုန်း အထိန်းသိမ်းခံရသူပါ) က သူတော့ နတ်ရှင်နောင်သီချင်းကို အကြိုက်ဆုံးလို့ ပြောပါတယ်။ ဒေါက်တာကိုလှရွှေ(စစ်ကိုင်း) ကတော့ ပျို့မှာတမ်း၊ နောက်တယောက်က သက်ဝေ စသဖြင့် ပြောကြပြီး ကျွန်တော်ကတော့ ကြိုက်တာတွေ များလွန်းလို့ အကြိုက်ဆုံးကို ရွေးမထုတ်တတ်ဘူးဗျာလို့ ပြန်ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ ထောင်ညတည ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်လွန်စေခဲ့ပါတယ်။ အဲဒီတုန်းက ဆရာတော်များဟာ ကျွန်တော်တို့ ပြောတာတွေကို ဘာမှတ်ချက်မှမပေး၊ မပြောကြပေမဲ့ နားထောင်နေကြတယ် ဆိုတာတော့ နောက်တနေ့မှာ သူတို့ ကိုယ်တိုင်က ပြန်ပြောလို့ သိရပါတယ်။

ကိုကိုးကျွန်းပေါ်ကို ရောက်တော့ ကျွန်တော့် ဂီတပိုးကို အချုပ်အနှောင်မရှိ လွှတ်ပေးနိုင်ခဲ့တယ်လို့တောင် ဆိုနိုင်မလား ပါပဲ။ ဘယ်တုန်းကမှ တီးဝိုင်း အနားမကပ်ဖူးတဲ့ ကျွန်တော်တယောက် တီးဝိုင်းနဲ့ ပေ၂၀လောက် အကွာမှာပဲ အိပ်ရတဲ့ဘ၀ ရောက်ခဲ့ပါတယ်။ ကျွန်တော်နေခဲ့ရတဲ့ (၉)ဆောင်ဟာ ကိုကိုးကျွန်းပေါ်က ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ တီးဝိုင်းလည်းရှိ၊ အစည်းအဝေးကြီးတွေ၊ ကပွဲတွေ ကျင်းပတဲ့ အဆောင်လည်း ဖြစ်ခဲ့ပါတယ်။ ဒီတော့ နဂို ကတည်းကမှ ငါ့ အလှူဆိုင်း မထည့် နဲ့ ဆိုတဲ့ လူမျိုးဟာ အချိုကြိုက်တဲ့လူ သကာပုံးထဲ ချလိုက်တာထက် ပိုဆိုးသွားတာပါပဲ။ သီချင်းတိုက်မတဲ့၊ အတီးတိုက်မတဲ့ ဆိုရင် ပတ်မချောင်က ပတ်စာကပ်လို့ မပြီးသေးဘူး၊ ကျွန်တော်က ပြုံးဖြီးဖြီးနဲ့ ရောက်နေပါပြီ။ သူတို့ တိုက်တဲ့အခါမှာ စည်းတီးပေးမဲ့ လူမရှိရင်၊ သံပြိုင်ဆိုမယ့်လူ မပြည့်ရင်၊ ဟဲ- ဟဲ အီစကိုယ်က နှစ်ခါ မပြောရဘူးပေါ့။ တခါတလေ ကျွန်တော် စည်းဝါး တီးတာက ချွင်နဲ့ ခွပ်နဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ ဒါဆိုရင် တီးဝိုင်းခေါင်းဆောင် ကိုလှိုင်တင်က ဒုံမင်းတီးရင်းကနေ ၀ါးနေရာမှာ ကြမ်းပြင်ကို ဘုန်းကနဲ၊ ဘုန်းကနဲ ရိုက်ပြီး သတိပေး၊ ထိန်းကြောင်းပေးပါတယ်။

ဒါပေမဲ့ ကိုကိုးကျွန်းနိုင်ငံရေးရဲ့ ယဉ်ကျေးမှုလို့ ပြောရမလား၊ ထူးခြားချက်လို့ ပြောရမလားမသိဘူး၊ မိဝေးဖဝေး၊ ထောင်ဝင်စာနဲ့ပါ ဝေးနေတဲ့  ဒီနေရာမှာ ထောင်မှူးတွေ၊ ထောင်ဝါဒါတွေတောင် မယုံနိုင်လောက်အောင် အလုပ်ကြမ်းတွေ လုပ်နေရတဲ့ အကြားကနေ ဆိုင်းတခြိမ့်ခြိမ့်၊ သီချင်းတကျော်ကျော်နဲ့ နေကြတဲ့ ဒီနေရာမှာ ထောင်တွင်း တိုက်ပွဲရယ်လို့ ပေါ်လာရင် ကြွေးကြော်သံက လွဲလို့ ဘာသံမှ မကြားရတော့ဘူး ဖြစ်သွားပါတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်သူတဦးတယောက် က တိုက်ပွဲဆင်တာပဲ ဖြစ်ဖြစ် ဘုံရန်သူကို ဆန့်ကျင်တဲ့ လုပ်ရပ်ဆိုရင် ကျန်အားလုံးက ဆိုင်းမတီး၊ တေးမညည်းပဲ ထောက်ခံကြောင်း ပြသကြပါတယ်။ ဒါပေမဲ့ တိုက်ပွဲအတွင်း ရဲဘော်တယောက် ကျဆုံးသွားရင်တော့ အားလုံးက သံပြိုင် အင်တာ နေရှင်နယ်သီချင်းကို ဆိုကြပါတယ်။

ဆောင်းပါးအဆုံးမှာ အစကို ပြန်ကောက်ပါမယ်။ ဗမာ့ဂီတမှာ ခေတ်ပေါ်သီချင်းကြီး (ကလပ်စစ်ကယ်လ်) လို့ ဂီတ ပါရဂူများက အသိအမှတ် ပြုထားကြတဲ့ တေးသီချင်းတွေထဲမှာ တေးဘုမ္မာလို တေးတွေအပြင် မိုးဒေ၀ါမလှရွှေရဲ့ နာမည် ကြီးလှတဲ့ မိုးဒေ၀ါနဲ့ စန္ဒကိန္နရီတို့လည်း ပါတယ်ထင်ပါတယ်။ ကျွန်တော့်အဖို့ ဒီသီချင်းနှစ်ပုဒ်နဲ့ အထူးရင်းနှီးရတဲ့ အကြောင်းတခုကတော့ မလှရွှေရဲ့ညီမ ဒေါ်ခင်သန်းမြင့်ဟာ ကျွန်တော့်အမေရဲ့ ”ညည်းနဲ့ငါ၊ ယူနဲ့အိုင်” ပြောနိုင်တဲ့ အင်မတန်ရင်းတဲ့ တမြို့ထဲသူ ကျောင်းနေဖက် ဖြစ်နေလို့ပါပဲ။ ဒီတော့ ကျွန်တော်တို့ဟာ ငယ်ငယ်ကလေး ကတည်းက၊ ဒီသီချင်းတွေကို မခံစားတတ်မီ ကတည်းက ဒီသီချင်းတွေရဲ့ နောက်ကြောင်း ဇာတ်လမ်းနဲ့ ဘယ်မျှ ကောင်းကြောင်း၊ ဘယ်လောက်အဆင့် မြင့်ကြောင်းတွေကို မကြာခဏ ကြားနေခဲ့ရပါတယ်။ နောင်မှာ ကိုယ်က အရွယ်ရောက်လာလို့ ခံစားတတ်လာတော့၊ အမလေး- ကြိုက်လိုက်ရတဲ့ ဖြစ်ခြင်းပါ။ မိုးဒေ၀ါ သီချင်းသံကို ရေဒီယိုက ကြားတော့ ဒီသီချင်း သီဆိုသူရဲ့ မပေါင်းလိုက်ရတဲ့ ချစ်သူ (ကျနော့်ဆရာဖြစ်ပါတယ်) ဘယ်လို ခံစားရတယ်ဆိုတာကို နားလည် ခံစားမိခဲ့ပါတယ်။

အဲဒီလို စွဲလန်းစရာအကြောင်းတွေ အများကြီး ရှိနေတဲ့ သီချင်းကို အမှတ်မထင် ပြန်ကြားရတဲ့ နေရာက အထိန်းသိမ်းခံ နိုင်ငံရေးသမား ၂၃၃ ယောက်ကို သယ်ပြီး ကိုကိုးကျွန်းဆီကို ဦးတည်သွားနေတဲ့ ပြည်တော်ညွန့် သင်္ဘောကြီးပေါ်မှာ ဖြစ် ပါတယ်။ ရန်ကုန်ဆိပ်ကမ်းက ညသန်းခေါင်လောက်မှာ ခွာလာပြီးနောက် နေထွက်ပြီဖြစ်ပေမဲ့ ပြည်မကို လှမ်းကြည့်လို့ မမြင် နိုင်လောက်တဲ့ အချိန်မှာ ကျွန်တော်တို့ လိုက်ပါရတဲ့ သင်္ဘောဝမ်းတွင်းက အသံချဲ့စက် သေးသေးလေး ထဲကနေ သီချင်းသံ ထွက်လာပါတယ်။ ကျွန်းကိုမပို့ခင် အင်းစိန်ထောင်ထဲမှာ နေခဲ့ရတဲ့ သီတင်းတပတ်လောက် ကာလအတွင်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့ အထိ ထောင်မှူး၊ ထောင်ဝါဒါတွေရဲ့ အဆဲအငေါက်တွေချည်း ကြားခဲ့ရတာဆိုတော့ သီချင်းလို့ သိလိုက်တာနဲ့ အာရုံအားလုံးဟာ အဲဒီ ချွဲသံတွေပါနေတဲ့ အသံချဲ့စက်ဆီကို ရောက်သွားကြပါတယ်။ ကြားလိုက်ရတာက

လှမ်းမယ်ပမြန်းစို့ ကိန္နရီ ကိန္နရာတူမကွာ တွဲကာနွှဲကာ ၀ဲကာပျံကြ၊ တွဲကာ နွှဲကာ ၀ဲကာပျံကြ၊ ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့သာ၊ ပန်းစုံစွာ သြော်ဂနိုင်တွင်း ကြိုင်သင်းလို့သာ ဖို…မ သံချိုထူးလို့သာ ငွေသောင်ယံ ရွှေတောင်ပံ မခွဲရက် အောင် နွှဲ ယှက်ပျော်တာ။ ဟုတ်ပါတယ်။ ဒေါ်လှရွှေဆိုတဲ့ စန္ဒကိန္နရီသီချင်းပါပဲ။ ဘယ်မေ့နိုင်လိမ့်မလဲ။ ကြက်သရေရှိ လွန်းလို့ အာရုံပြုပြီး ဇိမ်ခံနေလိုက်မိပါတယ်။

အို-----ငွေမှုံကြဲတဲ့ သဲသောင်ယံမှာ လောင်းမြတ်ကိန္နရာ အိုမြှားနဲ့ခွင်းပါလို့ ချစ်မယားမှာ သောကဖြာ၊ စီးကျမျက်ရည် အထွေထွေ လင်ရွှေတုံ ဂမုံး မယ့်သက်လျာ အိုဆုံးပေါ့ တခါ။ အသဲအူ ပူအောင်ဖန်လို့သာ ပွေ့ယူရင်ခွင်ထဲမှာ ငိုမစဲရှိုက်ငင် သည်းထန်စွာ--”။ လက်စသတ်တော့ အကျဉ်းထောင်အာဏာပိုင်တွေဟာ ငါတို့ကို အိမ်လွမ်းအောင်၊ ဇနီးမယားနဲ့ ခွဲခွာလာ ရတဲ့လူတွေကို စိတ်ဓာတ်ကျအောင်၊ စိတ်ဆင်းရဲအောင် တမင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာပါလား။ ဒါကို ကျန်တဲ့ အထိန်းသိမ်းခံတွေလည်း ကျွန်တော့်လိုပဲ သဘောပေါက်ကြပါတယ်။

ဒါကြောင့် မုန်းလိုက်တာ၊ စိတ်နာလိုက်တာ။ သီချင်းကိုမဟုတ်ပါဘူး။ အဲဒီ အာဏာပိုင်တွေနဲ့  အဲဒီအစိုးရကိုပါ။

ဖိုးသံ(လူထု)

Friday, May 31, 2013

မတကသကပ်တဲကြီး။ ရေးသူ - ဖိုးသံ လူထု






ကျွန်တော်မမေ့နိုင်သောအဆောက်အဦများ
မတကသကပ်တဲကြီး

            တချိန်က  မန္တလေးတက္ကသိုလ်မှာ ရွှေပြည်အေး၊ အောင်မင်္ဂလာနဲ့ ရတနာပုံဆိုတဲ့ အမျိုးသားကျောင်းဆောင်များ တည်ရှိတဲ့ လမ်းတိုအတိုင်း အရှေ့ဘက်ကနေ လျှောက်လာရင် အနောက်ဖက်ဖျားကို ရောက်တော့ သွပ်မိုး ကပ်တဲကြီးတွေကို တွေ့ရပါတယ်။ အဲဒါတွေဟာ အခု ၀န်ထမ်းနေအိမ်ဆိုလား ဖြစ်နေပြီး အရင် ကျွန်တော်တို့ ခေတ်ကတော့ အဆောင်ကျောင်းသားတွေအတွက် ထမင်းစားဆောင်နဲ့ မီးဖိုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတဲတွေရဲ့ အနောက်ဖက်ဆုံးမှာ တခြားတဲကြီးတွေနဲ့ ဆက်မနေတဲ့ တဲကြီးတလုံးရှိပါတယ်။ အဲဒါကတော့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦပဲ  ဖြစ်ပါတယ်။

            ဒီ အဆောက်အဦရဲ့ ရှေ့မှာ မန္တလေးတက္ကသိုလ်အတွင်း အနှံ့စီးဆင်းနေတဲ့ ရေဆိုးမြောင်းလည်းမဟုတ်၊ ရေကြည် မြောင်းလည်းမဟုတ်တဲ့ မြောင်းလေးတခု ရှိပါတယ်။ အမျိုးသားကျောင်းသားဆိုရင် လွှားကျော်သွားလို့ရတဲ့ ဒီမြောင်းပေါ် မှာ ပျဉ်သုံးချပ်လောက်ကို တံတားအဖြစ် ခနော်ခနဲ့ ခင်းထားပါတယ်။ နောက်ပြီး တမာပင်ထင်ပါရဲ့ သစ်ပင်တပင်။ အဆောက်အဦဟာ အုတ်ခုံခင်းထားတာ မှန်ပေမဲ့ သူ့ ပတ်ပတ်လည်မှာတော့ မြက်တွေ၊ ခြုံတွေ ချည့်ပါပဲ။ မြွေ၊ ကင်းတွေ မကြာခဏ တွေ့ရတတ်ပါတယ်။

            ကပ်တဲကြီးရဲ့ အ၀င်တံခါးအပေါ်မှာတော့  ”မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ” ဆိုတဲ့ အနီရောင် ဆိုင်းဘုတ် ရှိပါတယ်။ ဆေးတွေက ကွာသလောက် ကွာနေပါပြီ။

            ပေငါးဆယ်လောက် ရှည်ပြီး အရှေ့အနောက်တန်းနေတဲ့ ဒီတဲကြီးရဲ့ အရှေ့ထိပ်မှာ လူဆယ်ယောက်ကျော်လောက် အစည်းအဝေး ထိုင်နိုင်တဲ့ စာပွဲကြီးတလုံးနဲ့ ကုလားထိုင်တွေ ရှိပါတယ်။ ဒါပေမဲ့  အားလုံးက  ဟောင်းဟောင်း နွမ်းနွမ်းပါ။ စာပွဲကြီးရဲ့ နောက်ကျောက ထရံမှာတော့ ခွပ်ဒေါင်းအလံကို ကန့်လန့်ဖြတ် ချိတ်ထားပါတယ်။ အခန်းထောင့် တနေရာမှာ ခြောက်ပေ အမြင့်လောက်ရှိမယ့် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်ရဲ့ ပန်းချီပုံကြီးတခုကို ထောင်ထားပြီး ထရံ တနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံ ချိတ်ထားပါတယ်။ နောက်ပြီး နိုင်ငံတကာ ကျောင်းသားလှုပ်ရှားမှုက ပိုစတာ အနည်းးအပါး ကပ်ထားတယ်လို့ မှတ်မိနေပါတယ်။ အခန်းထဲမှာ စာအုပ်ဘီဒို (သူများလှူထားတာတွေ) လေးခု လောက်ပေမဲ့ စာအုပ်များများစားစား မရှိပဲ သတင်းစာဟောင်းတွေပဲ ရှိပါတယ်။

            အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ ငွေကြေးအရ ချို့တဲ့ပါတယ်။ ဒါကြောင့် အခမ်းအနားတခု လုပ်တယ်ဆိုရင် အနီးအနားက ဆရာတွေရဲ့ အိမ်တွေကို သွားပြီး စာပွဲခင်းကအစ ရက်ကော်ဒါ အသံသွင်းစက်အဆုံး ငှားရမ်းကြရပါတယ်။ ကျွန်တော်ပါဝင် ငှားဖူးတဲ့ ဆရာဦးခင်မောင်တင့်(တက္ကသိုလ်ဘုန်းနိုင်)၊ ဆရာဟာဂျီ(အင်္ဂလိပ်စာကထိက)တို့ အိမ်တွေဆိုရင် အင်မတန် လိုလိုလားလားနဲ့ ထက်သန်ရက်ရောစွာ ထုတ်ကြတာကို ကောင်းကောင်းမှတ်မိနေပါတယ်။

            ကျွန်တော် တက္ကသိုလ်ကျောင်းကို ရောက်တဲ့နှစ်ဟာ နောက်ဆုံး(အခုအထိ) တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေး ကောက်ပွဲ လုပ်တဲ့နှစ် ဖြစ်ပါတယ်။ ကျောင်းဖွင့်ပြီး နှစ်လလောက် အနေမှာပဲ ထင်ပါရဲ့၊ မန္တလေးတက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦး ညီလာခံ ကျင်းပါတယ်။ သမဂ္ဂအဆောက်ဦထဲမှာ လုပ်တာဖြစ်ပြီး စိတ်ဝင်စားသူ ဘယ်သူမဆို တက်လို့ရ ပါတယ်။ ကျွန်တော်က နောင်တော့်နောင်တော်ကြီးများနဲ့အတူ သွားတက်တော့ တက္ကသိုလ်ကျောင်းသား မဟုတ်တော့တဲ့ တပ်ဦးကောင်စီဝင် (အဖွဲ့ဝင်ကို ကောင်စီဝင်လို့ခေါ်ပါတယ်)တွေ လာတက်တာလည်း တွေ့ရပါတယ်။ အစည်းအဝေးမစခင် ကျနော့် ဘေးပတ်လည်က နောင်တော်ကြီးများက ကျွန်တော့်ကို တပ်ဦးကောင်စီဝင်မလား မေးကြပါတယ်။ ကျွန်တော်ကလည်း ဒီလို အပြောကို စောင့်နေသလိုမို့ ချက်ခြင်းပဲ ခေါင်းငြိတ်လိုက်တော့ သူတို့ချင်း လက်တွေ့လုပ်ဆောင်စရာတွေ ညှိနှိုင်းတာတွေ့ရပါတယ်။ သူတို့အထဲက တယောက်က သဘာပတိစာပွဲပေါ်မှာရှိတဲ့ ကောင်စီဝင်လျှောက်လွှာကို သွားတောင်းယူခဲ့ပါတယ်။ အဲဒီ လျှောက်လွှာကို ကျွန်တော်က ဖြည့်ပြီးတော့ ကျောင်းသားညီညွတ်ရေးတပ်ဦး ဖွဲ့စည်းပုံဥပဒေအတိုင်း ထောက်ခံမယ့်လူနှစ်ယောက် ရှာရပါတယ်။ ကျွန်တော့်ကို ၀င်ဖို့စ တိုက်တွန်းတဲ့ ကိုသောင်းရွှေ (ပေါင်းလောင်းဒေသဖက်မှာ ကျဆုံးသွားသူ) က ထောက်ခံသူတယောက်လုပ်ပြီး နောက်တယောက် ဘယ်သူလုပ်မလဲလို့မေးတော့ အတူထိုင်နေတဲ့ စာရေးဆရာမောင်မိုးသူ (သူက အဲဒီအချိန်မှာ တက္ကသိုလ်ကျောင်းသား မဟုတ်တော့ပါဘူး) က “ဒီကောင် ဆိုရင်တော့ ငါထောက်ခံမယ်ကွာ” (ဒါသူ့ စကားအတိုင်းပါပဲ၊ ကျွန်တော်အတိအကျ မှတ်မိနေပါတယ်) ဆိုပြီး လျှောက်လွှာ ပုံစံမှာ လက်မှတ်ထိုးပေးပါတယ်။

            ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ခွဲလိုက်ပြီဆိုတော့ တပြည်လုံးက တက္ကသိုလ်နဲ့ကောလိပ် အားလုံးကိုလည်း ပိတ်လိုက်တာမို့ နောက်တနေ့မှာ ကျွန်တော်တို့ ကျောင်းသွားမတက်ကြပါဘူး။ ဒါကြောင့် မန္တလေးတက္ကသိုလ် သမဂ္ဂအဆောက်အဦကိုတော့ ဘယ်လို သဘောထားတယ်ဆိုတာကို သိချင်နေကြပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ သတင်းစာတိုက်မှာနေသူဆိုတော့ အဲဒီမနက် (ဇူလိုင်လဂရက်)မှာပဲ သတင်းကို ကြားရပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အဦကိုလည်း နန်းတွင်းက လာဖျက်ပြီး ကားနဲ့ တိုက်ယူသွားကြသတဲ့။ ကျွန်တော်မှတ်တာ မမှားဘူးဆိုရင် အဲဒီတုန်းက ဗမာပြည်မှာ ကျောင်းသားများ သမဂ္ဂအဆောက်အဦဆိုလို့ ဒီနှစ်ခုပဲ ရှိတာပါ။ ဒီတော့ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တာ မှန်သမျှ ကျူငုတ်တောင် မကျန်အောင်လုပ်လိုက်တဲ့ သဘောပါပဲ။ အုတ်ခုံကလေးသာ ကျန်ပါတယ်။

            ဒါပေမဲ့ ကျောင်းသားတွေကိုတော့ ကျူငုတ်ပါ မကျန်အောင် သူတို့မလုပ်နိုင်ခဲ့တာမို့ မကြာခင်မှာပဲ လှုပ်ရှားမှုတွေ ပြန် ပေါ်ပါတယ်။ ၁၉၆၃ခုနှစ်မှာ တော်လှန်ရေးကောင်စီ စစ်အစိုးရက တပြည်လုံး ငြိမ်းချမ်းရေးခေါ်ဆိုတဲ့ အခါမှာ ကျောင်းသား လှုပ်ရှားမှုတွေ ပြန်ပေါ်လာပါတယ်။ ကျွန်တော်တို့တတွေ မြို့နယ်ဗကသ၊ ခရိုင်ဗကသတွေ ပြန်ထောင်ကြပါတယ်။ ကျွန်တော်လည်း ခရိုင်ဗကသ အမှုဆောင် (အတွင်းရေးမှူး) ဖြစ်လာပါတယ်။ ဒါပေမဲ့ တကသ ကတော့ ရွေးကောက်ပွဲနဲ့မှ ဖွဲ့စည်းနိုင်တာမို့ ကျွန်တော်တို့ တက္ကသိုလ်နယ်မြေအတွင်းမှာ ပြန်စုစည်းဖို့ လိုနေပါတယ်။

ဒီလိုနဲ့ ၁၉၆၃ခုနှစ် ၇ရက် ဇူလိုင်အခမ်းအနား (ထင်ပါတယ်) ကို အဲဒီ မတကသ အဆောက်အဦ ကွက်လပ်လေးပေါ်မှာ ကျင်းပခဲ့ကြပါတယ်။ စာပွဲလေးတလုံးချ၊ သဘာပတိနဲ့ အခမ်းအနားမှူးအတွက် ကုလားထိုင်လေး ၂လုံးခင်းပြီး ပရိဿတ်က အုတ်ခုံပေါ်မှာ ထိုင်ကြပါတယ်။ ဖျာကြမ်း ခင်းပေးနိုင်၊ မပေးနိုင် မမှတ်မိတော့ပါဘူး။ ကျွန်တော့်ကိုလည်း စင်တင်တဲ့အနေနဲ့ နောင်တော်ကြီးများက  ”ဒီမိုကရေစီရေး” အဆိုတင်သွင်းဖို့ တာဝန်ပေးပါတယ်။ ”ဘာတွေပြောကွာ” လို့ ဘယ်သူကမှ မပြောခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့် အလှည့်ရောက်လို့ ခုနက ပြောတဲ့ စာပွဲလေး အနားရပ်လိုက်တော့ တုန်လိုက်တဲ့ ဒူးတွေ၊ ထိန်းမနိုင်သိမ်းမရ ပါပဲ။ ထိန်းလို့ရလိုရငြား စားပွဲကို လက်ထောက်လိုက်တော့လည်း မထူးပါဘူး။ ပရိဿတ်ထဲမှာ ရှေ့ဆုံးကထိုင်တဲ့ အမျိုးသမီးကျောင်းသူတွေကတော့ ကျွန်တော့်အဖြစ်ကို သိလို့၊ အားနာလို့လား မသိပါဘူး အားလုံး ခေါင်းငုံ့နေကြပါတယ်။ ကျွန်တော်လည်း စဉ်းစားထားတာရဲ့ တ၀က်လောက်ကိုပဲ ပြောပြီး မိန့်ခွန်းကို သိမ်းလိုက်ပါတယ်။ အခမ်းအနားပြီး သွားလို့ ပစ္စည်းတွေ သိမ်းကြတော့ အဲဒီနှစ်မှာ ကျောင်းသားညီညွတ်ရေးတပ်ဦး ဥက္ကဋ္ဌ ဖြစ်လာတဲ့ ကိုကျော်ခင်က တဟဲဟဲ ရီရင်း ”ကောင်လေး ဘာတွေပြောလဲမသိဘူး” လို့ပြောပါတယ်။ ဒီအခါမှာ ကျန်တဲ့ ရဲဘော်များကလည်း ရီကြပါတယ်။ ဒါပေမဲ့ အားလုံးက ကျွန်တော့်ကို ချစ်ကြနားလည်ကြတော့ ဘယ်သူကမှ အပြစ်တင်တာ၊ လှောင်ပြောင်တာ မလုပ်ပါဘူး။ ဒါဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောတာ မဟုတ်လား။ ၁၈နှစ်သား အရွယ်လေ။

ဒီအကြောင်းတွေကြောင့်  ဒီအဆောက်အဦကို ကျွန်တော့်ဘ၀မှာ မမေ့နိုင်တဲ့ အဆောက်အဦတခုလို့ မှတ်တမ်းထိုး မိတာပါ။ တနေ့ကတော့ အာအက်ဖ်အေ အသံလွှင့်အစီအစဉ်က ဆောင်းပါးတခုမှာ ဒီကွက်လပ် နေရာဟာ ခြုံနွယ်ပိတ် ပေါင်းတွေနဲ့  ဖြစ်နေပြီလို့ ကြားလိုက်ရပါတယ်။ ၀မ်းနည်းစရာ စိတ်မကောင်းစရာပါ။

တနေ့မှာ ဒီခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းနိုင်ရင် ရိုးသားစွာ ကျောင်းသားအရေးအတွက် စွန့်လွှတ်လုပ်ကိုင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ဇာတ်လမ်းတွေ ပေါ်လာမလား မသိပါဘူး။ ကျွန်တော့် အသိထဲမှာတော့ ဒီ ခပ်ကုပ်ကုပ် ကပ်တဲကြီးထဲက ထွန်းပြောင်တဲ့ စကားတွေနဲ့ လုပ်ရပ်တွေပေါ် ထွက်ခဲ့တယ်ဆိုတာ စွဲနေပါတယ်။

ဖိုးသံ(လူထု)

[နေ့သစ် အင်တာနက်မှာ ဖော်ပြပြီးသော စာမူဖြစ်ပါတယ်။ စာရေးသူရဲ့ ခွင်ပြုချက်နဲ့ မာယာမဂ္ဂဇင်းမှာ တင်ပါတယ်။ ]

Thursday, May 30, 2013

အပြာရောင် မီးတောက် ရေးသူ မောင်မှိုင်းလွင် (အင်းဝ)



အပြာရောင်မီးတောက်



(၁)
နွေအပူ ….
မြေအပူ ….
မွန်းတည့်နေပူအောက်မှာ
ဝမ်းဟာနေသူ ၊ ရင်အပူနဲ့ လူတယောက် ။

အို ….
ဟိုနားမှာလည်း တယောက်
ဒီမှာလည်း တယောက် ၊ နှစ်ယောက်
သုံးယောက် ၊ လေးယောက်
…………………… ။

(၂)
အစ
ပြုံးရာကတည်
တည်ရာကမဲ့
မဲ့ရာကငို … ။

သောကမီးကြောင့်
ရှိုက်ကြီးတငင် ၊ ငိုပြီးရင်
ရင်မှာ နာကျည်းတတ်လာမယ် ။

နာကျည်းလွန်းမှ
အစက ရီနေကြမျက်နှာ
တင်းမာခက်ထန်လာကြလိမ့် ။

(၃)
အပူမီးခ
ဒေါသမှိုင်းဝေ မျက်နှာတွေ …. ။

ဒီမျက်နှာတွေများ
ပေါင်းစည်းမိသွားရင်တော့
မီးတောက်ပဲပေါ့

အပူချိန် အမြင့်ဆုံးရောက်
မီးတောက် အပြာရောင် ။
အဲဒီအခါ ….. ။   ။

မောင်မှိုင်းလွင် (အင်းဝ)

(မောင်မြင့်စံ ၊ မောင်မှိုင်းလွင် (အင်းဝ) ၊ ဘုန်းနွယ်လင်း ၊ ပုသိမ်ခင်လေး ၊ မောင်ဆန်းညွန့် ၊ မောင်စိန်ဝင်း (ပုတီးကုန်း)
စက်မှုတက္ကသိုလ်ကလောင်ရှင်များရဲ့ “အပြာရောင်မီးတောက်” (၁၉၇၂ ၊ ဖေဖော်ဝါရီလ) မှ )

Tuesday, May 14, 2013

"၀" လူမျိုးတို့ရဲ့ဒေသ ပန်းဆန်းမြို့မှာ စုံစုံညီညီ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ် ရုံးစိုက်သည်၊ ရေးသူ နီမော်



          ဗမာပြည် အရှေ့မြောက်ဘက်ယွန်းယွန်း၊ တရုတ်-မြန်မာနယ်စပ် တောင်တန်းကြီးတွေပေါ်မှာ "၀" ပန်း လို့ခေါ်တဲ့ "၀"ပြည်ရဲ့ မြို့တော် ပန်ဆန်းမြို့ ရှိတယ်လေ။ တန်ယန်းမြို့က လာရင် သံလွင်မြစ်ကို ကျော်ဖြတ်ပြီး တာနဲ့ ၀နယ်ထဲ ၀င်ရောက်လာတယ်။  "၀"လူမျိုးတို့ရဲ့  ဒေသဟာ  "၀" မြောက်နဲ့  "၀" တောင်ဆိုပြီး နှစ်ဒေသ ခွဲလျက် တည်ရှိတယ်။ "၀" ဘာသာစကားနဲ့  "၀" လူမျိုးတို့ရဲ့ ဓလေ့ထုံးစံကတော့ နှစ်ဒေသလုံး  အတူတူပါ။  "၀"  မြောက် ခရိုင်ရဲ့ မြို့တော်က မိုင်းမောမြို့ခေါ် ရှင်းတီဖန့် (တရုတ်အမည်) ဖြစ်ကာ ဆောက်ဖားမြို့နယ်က သွားရင် မိုင်းမောမြို့ကို ရောက်ပါတယ်။ ၀မ်လိန်၊ ဆောက်ဖား၊ မိုင်းမော ခရီးစဉ်ပါ။ ၀မ်လိန်မြို့နယ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသရဲ့ မွေးမြူရေးခြံကြီး ရှိပြီး ၀မ်လိန် တောင်ကြော၊ တောင်ကြား၊ မြေပြန့်စားကျက်ကောင်းတဲ့ နေရာတွေမှာ သိုး၊ ဆိတ်၊ မြင်း၊ လား၊ နွားတွေကို အုပ်စုလိုက် တွေ့ရတယ်။ မွေးမြူရေးခြံ ကြီးကို ဦးစီးတဲ့ တာဝန်ခံက တရုတ်ပြည် ကွေ့ကျိုးကေဒါ (ခေါ်) ကွေ့ကျိုးမြို့မှာ ဖွင့်တဲ့ မာက်စ်၊ လီနင်၊ မော် အတွေးအခေါ် နိုင်ငံရေးသင်တန်းဆင်း ကေဒါရဲဘော် သန်းမောင်ပါ။ စစ်ဒေသ မွေးမြူရေးခြံကြီးထဲမှာ မြင်းနဲ့ လားကို သားစပ်ထားတဲ့ မြည်းကလေးတွေရှိတယ်။ အရပ်ကလေး ပုပေမယ့် ခြေလက် တောင့်တင်း သန်မာ ကြောင်း၊ မြင်းနဲ့ လားထက် ၀န် ပိုထမ်းနိုင်ကြောင်း၊ တောင်ပေါ်ဒေသမှာ သိပ်အသုံးဝင်ကြောင်း၊ တနေ့ကို ကြက်ဥ၊ ကြံသကာနဲ့ ကောက်ညှင်းကဇော် လေးကြိမ်လေးခါ ကျိုချက်ကျွေးရကြောင်း ပြောတော့လွတ်မြောက် ဒေသ ရောက်လာကတည်းက ပဲပုတ်နဲ့ မုန်ညင်း၊ ပြောင်းထမင်း၊ ကန်းစွန်းဥထမင်း နေ့စဉ် ၀တ္တရားမပျက် ပုံစံ စားနေကြရတဲ့ ကျွန်မတို့ ရဲဘော်အားလုံး  "မြည်းလေးဘ၀  ကောင်းလေစွ၊ကောင်းလေစွ"  လို့  မြည်းကလေး နှာယောင်ကို ပွတ်လို့ မုဒိတာပွားများကာ မြည်းပုလေးကို ပီတိသံပြိုင် ပြောကြားလိုက်ကြတယ်။

ကျွန်တော်တို့  ခြံမှာ ပင်ဒါ ၀က်ဝံ နှစ်ကောင် မွေးထားတယ်ဗျာ၊ အဲ့ဒါ မနှစ်က ရဲဘော်ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)တို့  တပ်ဖွဲ့လာတုန်းက ကျွန်တော် ဂုဏ်ပြုချင်လွန်းလို့ ပင်ဒါတစ်ကောင် သတ်ကျွေးလိုက်တာဗျ။  ၀မ်လိန် မွေးမြူရေး ခြံကြီးအနီးမှာ နတ်ရေကန်လို့ တင်စား ခေါ်ဝေါ်ထားတဲ့ တောင်ပေါ်က ရေကန်ကြီးရှိတယ်။ ရေကန်ကြီးဟာ သန့်ရှင်းလှပြီး ရေ၀င်ပေါက်၊ ရေထွက်ပေါက်မရှိ  ရေအမြဲ ပြည့်နေတယ်။ ရေကန်ကြီးပတ်လည် တောကြီးထဲမှာ တန်ဘိုးကြီးလှတဲ့ တိုင်းရင်းဆေးပင်တွေရှိကြောင်း၊ ရောဂါ တကယ် ပျောက်ကင်းတာကြောင့်  "၀" လူထုတွေ အလွန် တန်ဘိုးထားကြောင်း ရဲဘော်သန်းမောင်က ပြောပြတယ်။

          ၀ မြောက်ခရိုင်၊ ဆောက်ဖားမြို့ကို ရောက်တော့ ရှေးယခင်ကာလက လူလူချင်း ခေါင်းဖြတ်၊ နတ်တင် ယဇ်ပူဇော်တဲ့ စနစ်ဆိုးကြီး ရှိခဲ့တာကြောင့် "၀" လူထုတွေဟာ  ခေါင်းဖြတ်တော့မယ့်  သတင်းကြားရင် တုံးမောင်း ခေါက်ကာ အချက်ပေးကြရတယ်။ ဒီအခါ  အိမ်ရှေ့ကလာရင် အိမ်နောက်ကို၊ အိမ်နောက်ကလာရင် အိမ်ရှေ့ကို ထွက်ပြေးဖို့  တူးမြောင်းကြီးတွေ တူးထားကြရတယ်။  ဒီမြောင်းကြီးတွေထဲကနေ ထွက်ပြေး လွတ်မြောက်ကြ ရတယ်။ လူခေါင်းဖြတ် နတ်တင်ပြီး ယဇ်ပူဇော်တဲ့အခါ ကျွဲခေါင်း၊ နွားခေါင်းတွေကိုလည်း ဖြတ်ကာ ပူဇော်ရ ကြောင်း၊ အရိုးခြောက်နေပြီဖြစ်တဲ့ ကျွဲခေါင်း၊ နွားခေါင်းခွံတွေကို  ပြကြတယ်။  "၀" လူမျိုးတွေဟာ အိမ်ကို ခပ်ကုပ်ကုပ် ဆောက်ကာနေထိုင် ကြတာ။ ခေါင်းဖြတ် နတ်တင်တဲ့ စနစ်ဆိုးကြီးကြောင့်ပါ။  ဒီလိုအဖြစ်ဆိုးကြီးကို မကြုံရဖို့ ပုန်းလျှိုး ကွယ်လျှိုး နေလို ကြတယ်။  ဒါကြောင့် အိမ်ဆောက်ရာမှာ ရှည်လျားတဲ့  ခေါင်တိုင်ကြီးတလုံးကို စိုက်ထူကာ တိုင်ထိပ်ဖျားက မြေကြီးအထိ လူတယောက် ၀င်နိုင်ရုံသာ ထားပြီး သက်ကယ်တွေ အထုံးလိုက် အထုံးလိုက် ချိတ်ဆွဲ ကာရံထား ပုံက တဲပုံသဏ္ဍာန်ဟာ လက်ထိုးကန်တော့ကြီး မှောက်ထားသလိုပါပဲ။ တတဲလုံးမှာ ကဲလားလို ပြူတင်းပေါက် တပေါက် ဖောက်ထားတယ်။ တတဲလုံး မှောင်နေတယ်။  တဲအလယ်မှာ မီးဖိုရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ရောက်လာမှ  "၀" ဒေသမှာ ခေါင်းဖြတ် နတ်တင်ယဇ်ပူဇော်တဲ့ စနစ်ဆိုးကြီး ပပျောက်သွားကြောင်း သိရသည်။

          "၀" မြောက်မှာလည်း တောင်ယာစပါးစိုက်တာ၊ "ခေါ့" လို့ခေါ်တဲ့ အနှံတစ်မျိုး စိုက်တာတွေ့ရပြီး ရိက္ခာ ဆန်မလောက်ရင်"ခေါ့" ကို ချက်စားကြရတယ်။  "ခေါ့" ကို ချက်စားကြရတယ်။  "ခေါ့" က ညိုညိုနက်နက် နှမ်း သာသာ အလုံး အစေ့လေးတွေပေါ့။  "ခေါ့" ကို တဆေးနဲ့ ရောကာ "၀" ခေါင်ရည် ချိုချိုအေးအေးကို ချက်ကြ ရတယ်။ "၀" ခေါင်ရေဟာ ချိုမြတဲ့အပြင် အာဟာရရှိတာကြောင့် "၀" လူမျိုးတို့ အလွန်နှစ်သက်ကြတယ်။  "၀" ခေါင်ရည်ချိုချို အေးအေးသောက်လိုက်ရင် အမောပြေအားရှိလာမယ့်အကြောင်း သီချင်းစပ်ဆိုကာ ဘူးပလွေမှုတ်ပြီး  "၀" ပျိုဖြူတွေ က ကြတယ်။

"၀" လူမျိုးတွေဟာ အသားညိုညို၊ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ မျက်တောင်ကော့ကော့၊ ခန္ဓာကိုယ် တုတ်ခိုင်သန်စွမ်းကာ အလွန်အပင်ပန်းခံနိုင်တဲ့၊ သတ္တိဗျတ္တိကောင်းတဲ့ လူမျိုးစု ဖြစ်ပါတယ်။

          "၀" မြောက်က ခရီးဆက်လိုက်တာ တောင်စဉ်တောင်တန်း အကြီးအငယ်၊ အနိမ့်အမြင့် အသွယ် အတန်းလိုက် ကျော်ဖြတ်ကြရပြီး  "၀" တောင်ခရိုင်ကို ရောက်လာပါတယ်။  မန်မန်းဆိုင်မြို့နယ်၊ ၀င်းကောင်မြို့ နယ်တို့ကို တောင်စဉ် တလျှောက် ကျော်ဖြတ်ပြီးတော့ နမ့်ခါ ချောင်းဘေးက ရှမ်းရွာကြီး နှစ်ရွာဖြစ်တဲ့ ဘန့်ပွဲရွာ၊ နားလော့ရွာတို့က ၀င်လာလိုက်တာနဲ့  ၀တောင်ခရိုင်ရဲ့  မြို့တော်  "၀" ပန်း ခေါ်  ပန်ဆန်းမြို့ကို ရောက်တယ်။ ဗကပတွေဟာ ပန်ဆန်းစစ်ဒေသကြီးကို အရင်ဖွဲ့စည်းတယ်။

ပန်ဆန်း စစ်ဒေသကြီးဟာ မယ်ဇလီပင် အုပ်အုပ်ရှိတဲ့  ရှမ်းလူမျိုးတို့ရဲ့ ကောင်းဟုန်းရွာ၊ ကောင်းမုရွာတို့နဲ့ တဆက်တည်း ရှိတယ်။ တောင်ကြားထဲက မြေပြန့်ကြီး တခုလို့ ပြောလို့ ရတယ်။ လယ်ကွင်းတွေနဲ့ လှေကားထစ် လယ်တွေရှိတယ်။ နမ့်ခါချောင်းရိုးတလျှောက်မှာ လယ်ကွင်း လယ်ကွက်တွေ၊ သဲသောင်ခုံတွေ၊ ထင်းအတွက် စိုက်ပျိုးထားတဲ့ မယ်ဇလီပင် အုပ်အုပ်တွေနဲ့ မျက်စေ့ ပသာဒရှိလှတယ်။ နမ့်ခါချောင်းရိုး တလျှောက်မှာ ကြောင်ဘန်းပင်၊ ခံတက်ပင်၊ မြင်းခွာရွက်ပင်၊ ၀ဥပင်၊ ဒရင်ကောက်ပင်၊ ဖန်းအပင် ခေါ် ဒရင်ကောက်ရိုင်းပင်၊ ကြိတ်မှန်ရွက်ပင်တွေကို တွေ့နိုင်တယ်။ မြန်မာပြည်မမှာ မသိန်းရှင်ဆီပို့ပေးပါ၊ နွေတည၊ မဟူရာမေတ္တာ စတဲ့ လုံးချင်းဝတ္ထုတွေကြောင့် နာမည်ကျော်ကြားခဲ့ရတဲ့ စာရေးဆရာ နိုင်ဝင်းဆွေ (ရဲဘော်ကျော်ဆိုင်) နဲ့ ဇနီး ၀ အမျိုးသမီး မကျုံတို့ နှစ်ဦးဟာ  ခံတက်ချဉ် တည်ရောင်းဖို့၊ ရဲဘော် ရဲဘက်တွေကို ပေးဝေငှဖို့ ခံတက်ပင်တွေရှိရာ နမ့်ခါချောင်းရိုး တလျှောက် မမောနိုင်မပန်းနိုင် ခံတက်ရွက် ရှာပုံတော် ဖွင့်ရတာကလည်း အရှေ့မြောက်စစ်ဒေသ ပန်ဆန်းမြို့ရဲ့ ပစ္စည်းမဲ့ အလှတပါးလို့ ဆိုပါရစေ။  နမ့်ခါ ချောင်းမှာ အ၀တ်လျှော် ရေချိုးဆင်းတဲ့ ရဲဘော်တိုင်းကို  ရဲဘော်ကျော်ဆိုင်က သူ့ရဲ့ သွားအကုန်ပေါ်အောင် ပြုံးရွှင်ရယ်မောတဲ့ မျက်နှာ ပြည့်ပြည့်ညိုညိုကြီးနဲ့  ဖော်ရွေရင်းနှီးစွာ  ခံတက်ချဉ်လာယူဖို့ မှာရ၊ ပြောရတာကလည်း အမောပါ။

          တကယ်တော့ ကျွန်မတို့ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗဟိုခေါင်းဆောင်တွေဟာ ၁၉၇၇ ခုနှစ်လောက်က  ၀နယ် ပန်ဆန်းမှာ ဗဟိုရုံးချုပ်၊ စစ်ဒေသရုံးချုပ်ဖွင့်ဖို့ စတင် အကောင်အထည် ဖော်ရတာကတော့ ပန်ဆန်းမြို့ ဟာ ဥက္ကဋ္ဌနဲ့ ပေါလစ်ဗျူရို ဗဟိုခေါင်းဆောင်များအတွက် နောက်ကျော အင်မတန်လုံလို့ပါ။  ပန်ဆန်းအ၀င် ရှမ်းရွာကြီး နှစ်ရွာဖြစ်တဲ့ ကောင်းဟုန်းရွာ၊ ကောင်းမုရွာ ကစလို့ မြေပြန့်ကြီးတခု ဖြစ်နေတာရယ်၊ တရုတ်ပြည်နဲ့ ပန်ဆန်းကို ခြားထားတဲ့ နမ့်ခါချောင်းက ရွာနဲ့ လယ်ကွင်းတွေ၊ တပ်တွေ၊ ဌာနတွေကို ရစ်ခွေစီးနေလို့ စိုက်ပျိုးရေးလုပ်ဖို့ အဆင်ပြေနေတာရယ် ပန်ဆန်းမြေပြန့်ကြီးရဲ့ အနားသတ်အဖြစ် တောင်ကုန်းတောင်တန်းတွေ ကာရံ ထားတာရယ်၊ စစ်ရေးနဲ့ လုံခြုံရေးအတွက် ကင်းတပ်တွေ တောင်ကုန်းမြင့်မြင့်တွေမှာ တင်ထားနိုင်တာရယ်ကြောင့် အဖက်ဖက်က အဆင်ပြေနေတယ်။

ယုန်တင်ရွာကအဆင်း ပန်ဆန်းအ၀င်မှာ စစ်ဒေသ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စတင်တွေ့ရတော့တာပါ။ လျှပ်စစ်ရုံတောင်ကုန်းကနေ ပန်ဆန်းတမြို့လုံး လျှပ်စစ်မီး ရစေ တယ်။ လျှပ်စစ်ရုံ တောင်ကုန်းအောက်မှာတော့ ပန်ဆန်းရဲ့ ငါးရက်ဈေးလို့ခေါ်တဲ့ ဒူးလောက်မြင့်တဲ့ တိုင်လေးတိုင် ပေါ်မှာ ပျဉ်ခင်းကာ သက်ကယ်မိုးထားတဲ့ ဈေးဆိုင်တန်းပါ။ ဈေးကြိုနေ့ ဈေးနေ့ကို ငါးရက်တစ်ကြိမ် ကြုံကြရ တာပါ။ ဈေးမှာ တရုတ်ငွေ၊ မြန်မာငွေ၊ ပန်းခိုက်ခေါ် ဒင်္ဂါးနဲ့ ၀ ပိုက်ဆံခေါ် ကြေးနီပြားတွေကို ငွေလဲနှုန်းအလိုက် လဲလှယ်သုံးစွဲကြတယ်။ တန်ယန်းကုန်သည်တွေက ငါးပိငါးခြောက်၊ ကုလားပဲ၊ အ၀တ်အထည်၊ နို့ဆီ၊ ငါးသေတ္တာစတာတွေ သယ်ယူရောင်းချကြသလို ပန်ဆန်းရဲ့ ရှမ်းလူထုနဲ့ ၀ လူထုတွေကတော့ ဒေသထွက် ကြံသကာ၊ ပဲပုတ်စေ့၊ ဘိန်းစေ့၊ ပြောင်းစေ့၊ဘိန်းဆီ၊ ကြံသကာ၊ ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချကြတယ်။ တချို့လည်း တရုတ်ပြည် မုံအာရွာအထိ ခေါက်ဆွဲခြောက်၊ ဆား၊ ရေနံ၊ သကြားစတဲ့ လူသုံးကုန် အမျိုးမျိုးကို သွားရောက် ၀ယ်ယူကြတယ်။

တကယ်တော့ ကျွန်မတို့  ပြည်သူ့တပ်မတော်သားများအားလုံးဟာ တရုတ်ပြည် ကြီး နောက်ကျောမှာ ရှိနေလို့သာ နေထိုင် စားသောက်ရေး၊ လုံခြုံရေး၊ စစ်ရေး အစစအရာရာ အဆင်ပြေ ချောမွေ့နေတာပါ။  အပြန်အလှန်အားဖြင့် တရုတ်နယ်စပ်အတွက်လည်း လုံခြုံမှုရနေတာပါ။ ပန်ဆန်းဈေးကြီး ကနေ လမ်းမကြီးအတိုင်း ဆက်လျှောက်လာခဲ့ရင် နားလော့ရွာခေါ် ရှမ်းရွာ အသွားလမ်းမှာ စစ်ဒေသဆေးရုံကို တွေ့ရတယ်။ စစ်ဒေသ အမြာက်တပ်၊ စစ်ဒေသ ကင်းတပ်၊ စစ်ဦးစီးဌာန စစ်ဒေသကင်းတပ်၊  စစ်ဒေသ မူလတန်းကျောင်း၊ ဘောလုံးကွင်း၊ စစ်ဒေသ စည်းရုံးရေးဌာန၊ စစ်ဒေသဌာနချုပ်၊ စစ်ဒေသ ဆက်သွယ် ရေးဌာန၊ စစ်ဒေသ အမျိုးသမီးတပ်ကျောင်း၊ မြင်းတပ်၊ လားတပ်နဲ့ ဆေးတပ်ဖွဲ့တို့ပြီးရင် ဗဟိုယူနစ်ဖြစ်တဲ့ စပယ်တောစခန်း၊ ဗဟိုဝါဒဖြန့်ချိရေး၊ ဗဟိုပြည်သူ့အသံလွှင့်ဌာန၊ ဗဟိုကင်းတပ်၊ ဗဟို ဘဏ္ဍာရေးနဲ့ ထောက်ပံ့ ရေးဌာန၊ ဗဟိုစီးပွားရေးဌာနတို့ကို နမ့်ခါချောင်းရိုး တလျှောက် နမ့်ခါချောင်းနဲ့ လယ်ကွင်းတွေခြားပြီး တည်ရှိ ပါတယ်။

ဗဟိုထောက်ပံ့ရေး စီးပွားရေးဌာန၊ ဗဟိုကင်းတပ်တို့ကနေ တဖြည်းဖြည်း တောင်ကုန်းအတိုင်း နိမ့်ရာမှ မြင့်ရာသို့ တက်လာတဲ့အခါ ပန်ဆန်းမြို့ရဲ့အတွင်းပိုင်းအကျဆုံး၊ တရုတ်ပြည် မုံအာရွာနဲ့ အနီးဆုံး၊ ပန်ဆန်းမှာ အမြင့်ဆုံး ဂငယ်ပုံတောင်စွယ်လေးကတော့ ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရုံးပါ။ ဗဟိုဌာနချုပ် တောင်စွယ်လေးပေါ်ရှိ မြေပြန့်ကလေး အ၀င်မှာ ဗဟိုကင်းတပ်ရှိတယ်။ တောင်ယာစိုက်ပျိုးခင်းတွေ၊ မယ်ဇလီ ပင်တွေနဲ့ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်း တောင်စွယ်လေးပေါ်မှာ ဥက္ကဋ္ဌ သခင်ဗဟိန်းတင်ရဲ့ နေအိမ်၊ ဒု-ဥက္ကဋ္ဌ သခင်ဖေတင့်နဲ့ ဒု-ဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီးတို့နှစ်ဦးရဲ့ အိမ်၊ ပေါလစ်ဗျူရို ရခိုင်ဦးကျော်မြနဲ့ ပေါလစ်ဗျူရို ရဲဘော်ထွန်း ခေါ် ဗိုလ်ကြင်မောင်တို့ နှစ်ဦးရဲ့အိမ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောခေါ် ရဲဘော်ဦးတင် ဇနီးမောင်နှံနဲ့ ဗဟိုစစ် အကြံပေး ရဲဘော်ဟိုကောင်း ခေါ် ရဲဘော်သန်းရွှေတို့နှစ်ဦးရဲ့အိမ်၊ ဗဟိုခေါင်းဆောင်များ ရဲ့ အိမ်တွေဟာ သရက်ပင်၊ ငှက်ပျောပင်၊ ပုဏ္ဏားရိပ်ပင်၊ စကားဝါပင်၊ ခရေပင်တွေနဲ့ စိမ်းစိုအုံ့ဆိုင်းကာ နေချင် စဖွယ်ကောင်းတဲ့ ရွှံ့၊ အုတ်ကာ သက်ကယ်မိုး နှစ်ခန်းတွဲအိမ်တွေ ဖြစ်ပါတယ်။ အစီအရီ ဆောက်လုပ်ထားတဲ့ နေအိမ်တန်းတွေရဲ့ အတွင်းဘက်မှာ ဘော်လီဘောကွင်း၊ ရိက္ခာရုံ၊ စာကြည့်တိုက်၊ အစည်းအဝေးခန်းမကြီးတို့ ရှိကြတယ်။  ရဲဘော်တွေ ညနေတိုင်းကစားကြတဲ့ ဘော်လီဘောပွဲ၊ ကြက်တောင်ပွဲတွေကို ဥက္ကဋ္ဌ သခင်ဗဟိန်းတင်နဲ့ ဗဟိုခေါင်းဆောင်များဟာ ကြည့်ရှုအားပေးလေ့ရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်.....

နီမော်