ကိုဟိုဒင်းရေ-
မန္တလေးမြို့ထဲမှာ ရေကြီးလို့တဲ့ဗျာ။ ကျနော်တော့ ကြား-ကြားချင်း အမလေးတ’လိုက်မိတယ်။ ကျနော့်မှာ ခံပြင်းတာလိုလို၊ နာကျည်းတာလိုလို၊ ၀မ်းနည်းတာလိုလိုနဲ့ ရင်ထဲမှာ အစိုင်အခဲကြီး ဖြစ်နေပြီး ခင်ဗျားဆီကို စာရေးဖို့ ကြိုးစားတာ မအောင်မြင်နိုင်ဘူး ဖြစ်နေခဲ့တယ်။ အခုတော့ ရဲရမန်းဆည်ကလည်း ရေကြီးဖို့ ထပ်ခြိမ်းခြောက်နေပြီဆိုလို့ မရေးမဖြစ် ကောက်ရေးလိုက်တော့တာပဲ၊ နအဖလက်ထက်မှာ မြန်မာ့သမိုင်း စံချိန်တင် သဘာဝဘေးအန္တရာယ်တခု ပေါ်လာပြန်ပြီလို့ ဆိုလိုက်ရုံနဲ့တော့ မကျေနပ်နိုင်သေးဘူးဗျာ။
ဒါတွေကို ပြန်တွေးရင်း ကျနော်တို့ ငယ်ငယ်က လူကြီးမိဘတွေပြောတဲ့ မန္တလေးရေကြီးတာ နာရီစင်နားအထိ ရေတွေ ရောက်တယ်ဆိုတာကို ပြန်သတိရမိပါတယ်။ အမေက သူကြားဖူးတဲ့ သူမမွေးခင်က ကိစ္စတခုကို မှတ်လောက်သားလောက်လွန်းလို့ဆိုပြီး ကျနော်တို့ မောင်နှမတွေကို ပြန်ပြောပြတာပေါ့ဗျာ။ ကျနော်တို့ကတော့ နာရီစင်နေရာအထိ ရေရောက်တယ် ဆိုတာကို “ထူးပေသည်- ဆန်းပေသည်”ဆိုတာလို ဘယ်လိုမှ တွေးမရဘူး ဖြစ်နေတာပေါ့ဗျာ။ နားထောင်နေတဲ့ ကျနော့် နှမလေးကတော့ “ဒါဆိုရင် လှေစီးပြီး ဈေးချိုကို ဈေးဝယ်သွားရတာ ပျော်စရာကြီးနေမှာ”လို့ ကလေးတွေး - တွေးပြီး ပြောတော့ အမေက“ဟယ်-တောက်တီး တောက်တဲ့”လို့ ဆိုခဲ့တာ မှတ်မိနေတယ်။ ကျနော်တို့အဖို့တော့မယုံချင်စရာ ပုံပြင်လေဗျာ။ အခုတော့ ဒီပုံပြင်ဟာကြောက်စရာ သူရဲဇာတ်လမ်းတခု ဖြစ်နေပါပကော။
တကယ်ကျတော့ ကိုဟိုဒင်းရေ မင်းတုန်းမင်းက မန္တလေးကို မြို့တည်ဖို့ရွေးခဲ့တာ မဆင်မခြင်၊ မစူးမစမ်းလုပ်ခဲ့တာ မဟုတ်ပါဘူးဗျာ။ မြို့သစ်တည်တာ လိုအပ်၊ မလိုအပ် ဆိုတာကတော့ သီးသန့်ပြဿနာ တခုပေါ့။ အဲဒီမတိုင်မီက ဒီနေရာမှာ ရေကြီးတတ်တယ်၊ ရေကြီးလေ့ရှိတယ်ဆိုရင် ဒီနေရာကိုသူရွေးပါ့မလား။ နောက်ပြီး ရတနာပုံခေတ်၊ အနှစ်သုံးဆယ်လောက်အတွင်းမှာ ရေကြီးတယ်၊ ရေ၀င်တယ်ဆိုတဲ့ မှတ်တမ်းမရှိခဲ့ပါဘူး။ အထက်မှာ ပြောတဲ့ရေကြီးတယ်ဆိုတာက ပါတော်မူပြီး နောက်တနှစ်မှ ဖြစ်တာပါ။ မင်းအပြောင်းအလဲ၊ အင်္ဂလိပ်တွေကလည်း ဒီအန္တရာယ်ကို မသိသေးလို့ဖြစ်မယ် ထင်တာပါပဲ။ ဒိနောက်တော့ မန္တလေး ရေကြီးတယ်လို့ ဘယ်တော့မှ မကြားရတော့ဘူး မဟုတ်လားဗျာ။ အခု နှစ်ပေါင်း ၁၂၀ကျော်တော့မှ ထပ်ကြားရတာပဲ။
ပြောရရင် မန္တလေးမြို့ကြီးရဲ့ တည်နေပုံက- “အရှေ့ဘက်တွင် နန္ဒာကန်ခေါ် မောင်းမကန်၊ အရှေ့တောင်ဘက်တွင် အောင်ပင်လယ်ကန်နှင့် ဇောင်းကလောကန်၊ တောင်ဘက်တွင် တောင်သမန်အင်း နှင့် မြစ်ငယ်မြစ်၊ အနောက်တောင်ဘက်တွင် တက်သေးအင်း၊ အနောက်ဘက်တွင် ဧရာဝတီဖြစ်၊ မြောက်ဘက်တွင် မတ္တရာမြစ်”ဆိုပြီး“ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်”ဆိုတဲ့ မြေပြန့်ကြီးပါ။ နောက်ပြီး မြို့ထဲမှာလည်း သိင်္ဂဇာချောင်း၊ ရွှေတချောင်း၊ ငွေတချော
င်း၊ ရေနီမြောင်းစတဲ့ ချောင်းတွေ မြောင်းတွေဟာ ဥဒဟိုစီးနေသလို ဖြစ်ပါတယ်။ ဒါ့အပြင် မင်းရှင်စောလက်ထက် ကတည်းက ဖောက်လုပ်ခဲ့တဲ့ လယ်ထဲကို ရေပေးတဲ့ မြောင်းတွေကလည်း ပင့်ကူအိမ်လို ယှက်သန်းနေတာမို့ “အို-ဆန်းပါဘိ နတ်နန်း ၀တိန်သာ”လို့ မန်းတောင်လက်ျာ သီချင်းထဲမှာ ဖွဲ့ကျူးထားတာ ဖြစ်ပါတယ်။
နောက် ပြောသင့်တဲ့ အချက်တချက်က ထီးပေါင်းကားခေါ် မန္တလေးဆိုတဲ့နေရာမှာ နဂိုက ကျုံးကြီးမရှိပါဘူး။ မင်းတုန်းမင်းက မြို့တည်တော့မှ ကျုံးကိုတူးတာပါ။ ပြီးမှ ရေသွင်းယူတာပါ။ သူ အဲဒီလို လုပ်လိုက်တဲ့အတွက် မန္တလေးနဲ့ သူ့ပတ်ဝန်းကျင်မှာ ရေလျှံတယ် ရေကြီးတယ်ဆိုတာ မဖြစ်ခဲ့ပါဘူး။ အခုတော့ ကျုံးတောင်မှလျှံတယ်တဲ့လေ၊ ကျနော့်အမေတို့ ခေတ်က လေနဲ့သာဆိုရင် ကြား-ကြားဖူးပေါင်လို့ပြောရမှာပါပဲ။ အခြေအနေဟာဘယ်လောက်ဆိုးတယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။
အမှန်ကတော့ တောင်ပေါ်ဒေသပဲဖြစ်ဖြစ်၊ မြေပြန့်ဒေသပဲဖြစ်ဖြစ် ချောင်းတွေမြောင်းတွေ၊ အင်းတွေအိုင်တွေရဲ့ ရေတည်ရှိမှုနဲ့ ရေစီးဆင်းမှုဆိုတာ သူ့ဟာနဲ့ သူ ဟန်ချက်တခု ရှိတယ်ဗျ။ သဘာဝအရှိကို လူတွေက ပိုကောင်းအောင်သာ လုပ်ရတယ်၊ ပိုဆိုးအောင် လုပ်လို့မဖြစ်ဘူးဗျ။ ဗမာဘုရင်က ကျုံးကိုတူးတယ်၊ ရေသွင်းတယ်၊ ရေသွင်းမြောင်းရေထုတ် မြောင်းတွေ ဖောက်တယ်၊ သွယ်တယ် စတာတွေကို လုပ်ရာမှာ အဲဒီ ဟန်ချက်ကို ခေါင်းထဲထားပြီး လုပ်တာပါ။ ဆည်တခု ဆောက်လိုက်လို့ နဂိုက ရေရနေတဲ့ လယ်တွေ ရေငတ်သွားတာ၊ ရေလွှမ်းသွားတာမျိုး မဖြစ်စေရဘူး။ မင်းတုန်းမင်းတို့ အဲဒီလို လုပ်ခဲ့တာကို ဦးပုည ရတနာနဒီ မော်ကွန်းထဲမှာ “ရွှေပြွန်လွှတ်စွန့်၊ မြရည်သန့်နှင့်၊ မကန့်လျှာဖျား၊ တန့်မနားသည့်”လို့ ရေးထားတာကြည့်ရင် သဘောပေါက်လောက်ပါတယ်။
ဟော၊ နအဖလက်ထက်ကျတော့ တက်သေးအင်းကို ဆယ်တယ်ဆိုတာလုပ်တယ် (ဘေးမှာ ရပ်ကွက်သစ်ဖော်၊ အိမ်တွေဆောက်ပြီး ရောင်းစားရအောင်လို့) ဧရာဝတီထဲကို စီးထွက်ရမယ့်ရေက အရင်လို လွတ်လွတ်လပ်လပ် စီးမထွက် နိုင်တော့ဘူး၊ နောက် ဆည်တော်ကြီးကို လျှပ်စစ်ထုတ်ဖို့ လုပ်တယ် ဆိုတော့လည့်း ဆည်ကရေကိုထိန်းတဲ့အလုပ် မလုပ်တော့ဘူး။ တောက်လျှောက်လွှတ်နေတာ။ ပိုဆိုးတာက မန္တလေးမှာ ချမ်းသာသွားတဲ့ သွားလေသူ ဗိုလ်ထွန်းကြည်က ဆည်တော်ကြီးက ရေထုတ်တဲ့ နေရာ-ရေလွှမ်းဖို့ သတ်မှတ် ထားတဲ့နေရာ(flood basin area) မှာ စက်မှုမြို့သစ်ဆိုပြီး တည်တယ်လေ၊ ရွှေဥဏ်တော်က။ ဘာပြောကောင်းမလဲ `မြို့သစ် ရေ၀င်တယ်ဆိုတာ ထမင်းစားရေသောက်လို ဖြစ်လာတာပဲ။ အလားတူ ပဲ တခြားလည်း အဲဒီလို ကိုယ်ကျိုးအတွက် တည်ဆောက်ရေးတွေ တရားမဲ့ လျှောက်လုပ်တော့ အထက်က ပြောခဲ့တဲ့ ဒေသရဲ့ ရေဟန်ချက်ဟာ ပျက်ကရော။ ရေတွေက စီးမထွက်နိုင်တော့ဘူး။ ဒီလိုနဲ့ မိုးများတယ်ဆိုတာနဲ့ ရေတွေလျှံတာလျှံ၊ ဆည်တွေကျိုးတာကျိုး ဖြစ်ကုန်တော့တာပဲ။ ဒီခေတ်မှာ ဖြစ်ပေါ်နေတဲ့ များပြားလှတဲ့ ထိန်းမနိုင်သိမ်းမရ တွေထဲက နောက်ဆုံးပေါ်တခုလို့ဆိုရင်ရမယ်ထင်တယ်။
ဒါပေမဲ့ တိုင်းပြည်မှာ၊ မန္တလေးလို ကမ္ဘာကျော်မြို့တမြို့မှာ ဒီလိုလူကြားမကောင်း သူကြားမကောင်း၊ ရှက်စရာ ကိစ္စကြီးဖြစ်လို့လည်း နအဖခေါင်းဆောင်တွေဟာ ရှက်ဖို့နေနေသာသာ လှည့်တောင်မကြည့်ဘူး။ ဒီအခါမှာ သူတို့အဖို့ ရွေးကောက်ပွဲကလွဲရင် ဘယ်ဟာမှအရေးမကြီ်းဘူးဖြစ်နေတယ်။ ဒါ့အပြင် ဒီသဘာဝ ဘေးအန္တရာယ်ကို ရေရှည်မှာကာ ကွယ်နိုင်ဖို့ ဘယ်လိုပြုပြင်မယ်၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာလည်း ဘာတခွန်းမှမပြောဘူး။ စစ်ဗိုလ်တွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး။ နိုင်ငံ့အပေါ်တောင် သံယောဇဉ် မရှိတဲ့ လူတွေဟာ မန္တလေးဆိုတဲ့ မြို့တမြို့ထဲအပေါ်ု ဘယ်ကလာ သံယောဇဉ် ရှိလိမ့်မလဲလို့ ပြောရင်တော့ရတာပေါ့။
နာဂစ်မုန်တိုင်းလောက် မဆိုးသေးပါဘူးဆိုပြီးပဲ ဖြေသိမ့်ရတော့မှာလားဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

စာရေးဆရာ ဒဂုန်တာရာသည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦး အဖြစ်နှင့် အတူ သွားကြရ၍ ၎င်းအား အထိုက်အလျောက် လေ့လာခွင့် ရခဲ့သည်။ ပီကင်းသို့ မသွားကြမီ လေးနှစ်လောက်က ဒဂုန်တာရာသည် ကျွန်ပ်၏ အယူအဆများနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဝေဖန်သည်ဟု ငွေဥဒေါင်းက ကျွန်ပ်အား ပြောပြဖူး၏။ စာရေးဆရာရန်အောင်သည် ဤအတွက်ကြောင့် ဒဂုန်တာရာအား ရိုက်မည်ပြုသေးသည် ဟူ၍ပင် ငွေဥဒေါင်းက ပြောဖူး၏။ (ဟုတ် မဟုတ်ကား မပြောတတ်။ ဆရာရန်အောင်မဟုတ်လျှင်လည်း တယောက်ယောက် ဖြစ်ပါလိမ့်မည်။ နာမည်ကိုတော့ ကျွန်ပ် ခပ်မေ့မေ့ ရှိနေသည်။ သို့သော် ဆရာရန်အောင် ဟူ၍ပင် ပြောသည်ထင်၏။)
၁၉၅၀ ပြည့်နှစ်တွင် ကျွန်ပ် သီတာလမ်း၌ နေထိုင်လျက် ရှိစဉ် ငွေဥဒေါင်းသည် ကျွန်ပ်အား သူ့အိမ်သို့ ထမင်းစားဖိတ်၍ ရောက်သွားသောအခါ ဒဂုန်တာရာကို တွေ့ရသဖြင့် ကျွန်ပ် အံ့သြမိသေး၏။ ကျွန်ပ်သည် အသက်အရွယ်အလိုက် အကဲခတ်တတ်သူ တယောက်ဖြစ်သည်နှင့် ကျွန်ပ်၏ သားထွေး အရွယ်လောက်မျှရှိသူ တယောက်က ကျွန်ပ်အကြောင်းကို ဆရာရန်အောင်လို ကြားလူတယောက်က ၀င်၍ ရိုက်ချင်လောက်အောင် ရှုတ်ချပြောဆိုရချေမည်လောဆိုကာ ဒဂုန်တာရာအပေါ်၌ (ငွေဥဒေါင်း၏စကားအရ) အာဃာတထားလျက်ရှိသည် ဖြစ်သောကြောင့် ငွေဥဒေါင်းက တိုက်ကျွေးခြင်းကိုလည်းမသောက်၊ ဒဂုန်တာရာနှင့် လည်း စကားဟဟ မပြောဘဲ နှုတ်ဆိတ်ဆိတ် နေခဲ့မိသည်။ ဒဂုန်တာရာ ကိုယ်၌ကလည်း စကားရော ဖောရောနှင့် ရောတတ်သူတယောက် Good mixer မဟုတ်သဖြင့် ခွကျတတနှင့်ပင် ထမင်းစားပွဲ ပြီးဆုံးသွားခဲ့သည်။ အကယ်၍ ကျွန်ပ်သည်ငွေဥဒေါင်း ၀ယ်ထားသော ရမ်အရက်ကို သောက်ခဲ့ပါမူ (အသောက်သမားတို့၏ ထုံးစံအတိုင်း) ရောရောနှောနှော ပြောမိဆိုမိ ဖြစ်လာလိမ့်မည်ဟု ကျွန်ပ် သိ၏။ ထိုကြောင့်ပင် ကျွန်ပ်သည် တမင်ရှောင်၍ မသောက်ဘဲ နေခဲ့ခြင်း ဖြစ်၏။
ပီကင်းသို့ ရောက်ကြ၍ တကြိမ် နှစ်ကြိမ် စကားပြောမိသော အခါ၌မူကား ဒဂုန်တာရာမှာ လူပေါင်းဆံ့ခြင်း မဆံ့ခြင်းကို အပထား၍ အရည်အချင်းအားဖြင့် ခေသော လူငယ်တယောက် မဟုတ်ခြင်းကို ကျွန်ပ် အကဲခတ်နိုင်လာပါသည်။ တည့်တည့်ဝန်ခံရလျှင် ဒဂုန်တာရာကား ကျွန်ပ်ထင်မိသည်ထက် ပြည့်သော အရည်အချင်းရှိခြင်းကို တွေ့ရ၏။ အတီးအမှုတ် အကြောင်းကို ပြောကြရာတွင် "ကျွန်တော် စန္ဒရားတီးလျှင် တော်ရုံတန်ရုံ အဆိုတော်မျိုးနှင့် မဖြစ်ဘူး၊ စောမြအေးကြည်တို့လို အဆိုတော်ကြီးမျိုးနဲ့မှ တီးချင်တယ်" ဟု ဒဂုန်တာရာက ပြောလိုက်သဖြင့် ကျွန်ပ် အတော် မျက်လုံးပြူးသွား၏။ ဟုတ်လောက်သည် ထင်ခြင်းကတ၀က် (မူလအာဃာတကြောင့်) ကြွားသည် ထင်ခြင်းကတ၀က် ဖြစ်နေ၏။
သို့ရာတွင် ပီကင်း၌ပင် သူ၏ လက်သံကို ကျွန်ပ် နားထောင်ခွင့် ရသောအခါ အာဂ လူငယ်တယောက် ပေတကားဟု ကျွန်ပ် ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် စာပေအကြောင်းမှ စ၍ ထွေရာလေးပါး အကြောင်းအရာများ ကို ဆွေးနွေးကြရာတွင် သူ၏ အရည်အချင်းကို အကဲခတ်မိ၍ အာဃာတစိတ်များ လုံးဝ လွင့်စဉ် သွားပါလေ တော့သည်။ လူတယောက်၌ အရည်အချင်းပြည့်ဝခြင်းကို တွေ့ရသည့်အခါ သူ၏ အခြားသော ချို့ငဲ့ချက်များကို ခွင့်လွှတ်နိုင်ခြင်းမှာ ကျွန်ပ်၏ ချွတ်ယွင်းချက်ပေလော၊ သို့တည်းမဟုတ် ကောင်းခြင်းတရပ်ပေလော မပြောတတ်ပါ။
အချို့ကမူ လူစွမ်းကောင်း ကြည်ညိုတတ်ခြင်း (Hero Worship) ဟုခေါ်ကြ၍ နူးညံ့သည်ဟု ဆိုကြလေသည်။ မည်သို့ပင်ဖြစ်စေ၊ တရုတ်ပြည်ခရီးတွင် ကျွန်ပ်အကြောင်းကို ဒဂုန်တာရာက သိခြင်းထက် ဒဂုန်တာရာအကြောင်းကို ကျွန်ပ်က သိခြင်းက ပိုသည် ထင်၏။ ဒဂုန်တာရာအပေါ်၌ ယခင်က ထားခဲ့သော အာဃာတစိတ်မှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပါလေပြီ။
[၂၀၀၆ ခုနှစ်၊ သြဂုတ်လ၊ စိတ်ကူးချိုချို စာပေတိုက်ထုတ်၊ စဆုံးပေါင်းချုပ် ဒုတ်ယအကြိမ်။ စာမျက်နှာ ၄၄၃။]
How Do I Live
Le Ann Rimes
How do I get through one night without you?
If I had to live without you
What kind of life would that be?
Oh... I, I need you in my arms need you to hold.
You're my world, my heart, my soul
If you ever leave Baby you would take away
everything good in my life
And tell me now
How do I live without you I want to know.
How do I breathe without you if you ever go.
How do I ever, ever survive
How do I, how do I, oh.... how do I.
Without you,
There'd be no sun in my sky.
There would love in my life.
There would be no world left for me.
And I, baby I don't know what I would do.
I'd be lost if I lost you.
If you ever leave Baby
you would take away everything meant in my life.
And tell me now.
How do I live without you. I want to know.
How do I breathe without you if you ever go.
How do I ever ever survive.
How do I, how do I, oh how do I live.
Please tell me, baby
How do I go if you ever leave.
Baby you would take away everything
Need you with me
Baby don't you know that you're everything good in my life.
And tell me now,
How do I live without you I want to know.
How do breathe without you if you ever go.
How do I ever ever survive.
How do I, how do I, oh.. how do I live.
How do I live without you.
How do I live without you baby.
ဘယ်လိုများနေရပါ့မယ်
လီအန်းရိုင်းမ်စ်
မင်းမပါဘဲ ညတညကို
ဘယ်လိုများ ကိုယ်ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလဲ
မင်းမပါဘဲသာ ကိုယ်အသက်ရှင်ရတော့မယ်ဆိုခဲ့ရင်
အဲဒါ... ဘယ်လိုဘ၀မျိုးများ ဖြစ်လာမှာပါလိမ့်။
ကိုယ့်ရင်ခွင်မှာ မင်းရှိနေမှ မင်းကို ဖက်တွယ်ထားရပါမှ
မင်းကသာ ကိုယ့်ကမ္ဘာ ကိုယ့်နှလုံးသား ကိုယ့်ဝိညာဉ်ပါ အချစ်ရယ်
မင်းသာ စွန့်ခွါထွက်သွားခဲ့မယ်ဆိုရင်
အချစ်ရေ ကိုယ့်ဘ၀ရဲ့ ကောင်းခြင်းမှန်သမျှ အရာရာ
မင်းဆီမှာ ပါသွားတော့မှာပါ။
ပြောစမ်းပါဦးအချစ်ရဲ့
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေမှာလဲ ကိုယ်သိချင်လှချည်ရဲ့
မင်းမရှိဘဲ ကိုယ်ဘယ်လိုအသက်ရှင်ရမလဲ
မင်းသာ စွန့်ခွါသွားခဲ့မယ်ဆိုရင်လေ
ကိုယ်ဘယ်လိုများ ဆက်ပြီး အသက်ရှင်ပါ့မလဲကွယ်
ဘယ်လိုများ နေရပါ့မလဲ။
မင်းမရှိခဲ့ရင်
ကိုယ့်ကောင်းကင်မှာ နေမင်းရှိတော့မှာမဟုတ်
ကိုယ့်ဘ၀မှာ အချစ်ရှိတော့မှာမဟုတ်
ကိုယ်အသက်ရှင်ရမယ့်ကမ္ဘာလည်း ကျန်ခဲ့တော့မှာမဟုတ်
ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ်မသိတော့ပါဘူး အချစ်ရယ်
မင်းကိုသာ ဆုံးရှုံးလိုက်ရရင် ကိုယ့်ဘ၀ဆိုတာ ကွယ်ပျောက်ရတော့မှာ
မင်းသာစွန့်ခွါထွက်သွားခဲ့မယ်ဆိုရင်
အချစ်ရေ ကိုယ့်ဘ၀ရဲ့ တန်ဘိုးထားမြတ်နိုးရာမှန်သမျှလည်း
မင်းပဲ ယူသွားတော့မှာပါ။
ပြောစမ်းပါဦးအချစ်ရဲ့
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရမှာလဲ ကိုယ်သိချင်လှချည်ရဲ့
မင်းမရှိဘဲ ကိုယ်ဘယ်လို အသက်ရှင်ရမှာလဲ
မင်းသာ စွန်ခွါသွားခဲ့မယ်ဆိုရင်လေ
ကိုယ်ဘယ်လိုများ ဆက်ပြီး အသက်ရှင်နေနိုင်ပါ့မလဲကွယ်
ဘယ်လိုများ နေရပါ့မလဲ။
ပြောပါဦး အချစ်ရယ်....
မင်းသာစွန်ခွါသွားခဲ့မယ်ဆိုရင် ကိုယ်ဘယ်လို ရပ်တည်နေခဲ့ရမလဲ
အရာရာကို မင်းယူသွားတော့မှာပဲ
ကိုယ့်ဘေးမှာ မင်းရှိနေပါမှ
ကိုယ့်ဘ၀မှာ မင်းဟာ ကောင်းမွန်ခြင်းအားလုံးဆိုတာ
မင်းမသိလေရော့လားကွယ်။
ပြောစမ်းပါဦးအချစ်ရဲ့......
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရမှာလဲ ကိုယ်သိချင်လှချည်ရဲ့
မင်းမရှိဘဲ ကိုယ်ဘယ်လို အသက်ရှင်ရမှာလဲ
မင်းသာစွန့်ခွါသွားခဲ့မယ်ဆိုရင်လေ
ကိုယ်ဘယ်လိုများ ဆက်ပြီး အသက်ရှင်နေရပါ့မလဲကွယ်
ဘယ်လိုများနေရပါ့မလဲ။
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရပါ့မလဲ
မင်းမရှိတဲ့ဘ၀မှာ ကိုယ်ဘယ်လိုနေရပါ့မလဲ အချစ်ရယ်။
xxx --- xxx --- xxx
အဲဒီသီချင်းကို Diane Warren က ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ Celine Dion သီဆိုထားတဲ့ သီချင်းတော်တော်များများကိုလည်း Diane Warren က ရေးစပ်ခဲ့တာပါ။
အခု သီချင်းကို မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ နစ်ကပ်စ်ကေ့ဂ်ျပ်ဝင်တဲ့ Con Air ဇာတ်ကားမှာ ဇာတ်ဝင်သီချင်းအဖြစ် ထည့်သုံးခဲ့တယ်။ ဇာတ်ကား အစကနေ အဆုံးအထိ မရပ်မနား ပစ်ခတ်တိုက်ခိုက်နေတဲ့ ရုပ်ရှင်တခုမှာ ဒီအချစ်သီချင်းဟာ ဘယ်လိုမှ အသုံးမတည့်နိုင်ဘူးလို့ ထင်စရာရှိပေမယ့် သီချင်းကလေးက ကောင်းလွန်းနေတော့ သူနဲ့ လိုက်ဖက်မယ့် ဇာတ်ဝင်ခန်းကလေးတကွက် ထည့်လိုက်တယ်ဆိုရင်ပဲ ဇာတ်သိမ်းကျတော့ လှသွားသလို ရှိပါတယ်။
ဒီသီချင်းကို အမျိုးသမီး အဆိုတော်နှစ်ဦး မူကွဲသီဆိုထားတာ ကြားဖူးပါတယ်။ Trisha Yearwood နဲ့ Le Ann Rimes တို့ပါပဲ။ အသံထုထည်နဲ့ ခွန်အားခြင်းမတူသလို ဆိုဟန်ချင်းလည်း ကွဲပါတယ်။ ဒါပေမယ့် တေးသွားသံစဉ်ကိုတော့ သစ္စာရှိရှိ တမူတည်း သီဆိုထားခဲ့ပါတယ်။
ဘယ်သူ့သီချင်းက ပိုကောင်းသလဲလို့ ဆုံးဖြတ်ဖို့တော့ နည်းနည်းခက်မယ်ထင်ပါရဲ့။ Trisha Yearwood က အသံအေးအေးရှရှလေးနဲ့ ငြိမ်ငြိမ်လေး ဆိုသွားတယ်။ နောက်ခံဂီတကို သူ့အသံနဲ့ ဖုံးကွယ်သွားခြင်း မရှိပါဘူး။ ဂီတနဲ့ သီချင်းဟာ လှလှပပ အေးအေးငြိမ့်ငြိမ့်လေး ပေါင်းစပ်သွားခဲ့ပါတယ်။
Le Ann Rimes ကတော့ အသံအောင်လွန်းတော့ လူငယ်ပီပီ ခွန်အားအပြည့်သုံးပြီး သီဆိုထားခဲ့တယ်။ သူ့အသံက သိပ်ကြီးနေတဲ့အခါ ဂီတက အသံနောက်ကို မလိုက်လာတဲ့ အကြိမ်တွေ ရှိတယ်။ ဒါပေမယ့် ရင်ထဲကလာတဲ့အသံနဲ့ လည်ချောင်းထဲက ခွန်အားအပြည့်ပေါင်းလိုက်တော့ တော်တော် နားထောင်လို့ စွဲပါတယ်။ သူသီဆိုပုံက ချစ်သူ စွန့်ခွါထွက်သွားမှာ စိုးရိမ်တဲ့ မိန်းကလေးတယောက်ရဲ့ ပူပန်သောကနဲ့ တွယ်ရာမဲ့ခံစားမှုကို အဓိကထားတယ်။
Trisha Yearwood သီဆိုပုံက တမျိုး၊ ချစ်သူကို သိပ်ချစ်တဲ့မိန်းမတယောက်ရဲ့ တစိမ့်စိမ့် ချစ်မြတ်နိုးတွယ်တာမှုကို အဓိကထားတယ်။
နှစ်မျိုးစလုံးကောင်းနေတာပါပဲ။
မနှစ်က အမေရိကန်ပြည်ထောင်စုရဲ့ ရေဒီယိုအသံလွှင့်ဌာန အတော်များများမှာ မနက်ရောညပါ မကြာခဏ ထုတ်လွှင့်ခဲ့တဲ့ How do I live က Le Ann Rimes ရဲ့ သီချင်းဖြစ်ပေမယ့် ဂရမ်မီဆုရသွားခဲ့တဲ့ How do I live က Trisha Yearwood ရဲ့ သီချင်းပါ။
ခု ဘာသာပြန်တဲ့ သီချင်းက Le Ann Rimes ရဲ့ မူပါ။
Le Ann Rimes ဟာ Blue ဆိုတဲ့ အယ်လ်ဘမ်နဲ့ အောင်မြင်ခဲ့တဲ့အချိန်မှာ အသက် ၁၃ နှစ်ပဲ ရှိသေးသတဲ့။ အခုတော့ ၁၅ နှစ်၊ ၁၆ နှစ်လောက်ပေါ့။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်တာ အံ့သြအားကျစရာပဲ။ ဒါပေမဲ့ country music ရဲ့ သမိုင်းကိုတောင် ဒီကောင်မလေး သိရဲ့လားလို့ တချို့က မေးချင်ကြပါတယ်။ Le Ann ကတော့ ပြောတယ်။ သူ့ကို သြဇာသက်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဘာဘရာ စထရိုင်းဆန်း၊ ဂျူဒီဂါလင် နဲ့ ဆလင်းဒီယွန်တို့ပါပဲတဲ့။ အခု လောလောဆယ်တော့ သူ့အကြိုက်ဆုံး အဆိုတော်ဟာ Artist လို့ နာမည်ပြောင်းလိုက်တဲ့ ဟိုစဉ်က Prince လို့ခေါ်တဲ့ အဆိုတော်ပါပဲ။
ငယ်ငယ်နဲ့ အောင်မြင်မှုရတာ တနည်းတော့လည်း ကြောက်စရာကောင်းပါတယ်။ ဒီအောင်မြင်မှုဟာ ကံကောင်းလို့ ဖြစ်တာလားဆိုတဲ့ မေးခွန်း လူတိုင်းမှာ ရှိနေမှာပါ။ သူ့မှာ ဘ၀အတွေ့အကြုံရယ်လို့ ဘာမှ မရှိခဲ့သေးတော့ သီချင်းဆိုတဲ့အခါ ခံစားချက်နဲ့ စေတနာနဲ့ ပေါက်ကွဲမှုတွေ ဘယ်ကများ ရနိုင်ပါမလဲပေါ့။
စတုတ္ထအယ်လ်ဘမ် Sitting on Top of the World ထွက်လာတဲ့အခါ Le Ann Rimes ကို ဝေဖန်ကုန်ကြပြီ။ အတွေ့အကြုံ အများကြီး လိုသေးတယ်တဲ့။
How Do I live ကို Con Air ရုပ်ရှင်အတွက် Le Ann Rimes နဲ့ အသံသွင်းခဲ့တာပါပဲ။ နောက်တော့ ပရိုဂျူဆာ ရုပ်ရှင်ထုတ်လုပ်သူတွေက Trisha Yearwood နဲ့ ပြန်ပြင်ပြီး အသံသွင်းခဲ့ကြတယ်။ အဲဒီတော့ မခံချင်စိတ်နဲ့လား မသိ၊ Rimes ရဲ့ တေးထုတ်လုပ်သူတွေက Record Album အဖြစ် How Do I Live ကို ဖြန့်ဝေလိုက်ကြတော့တယ်။
အဲဒီမှာ Le Ann Rimes နဲ့ Trisha Yearwood ဘယ်သူရဲ့ How Do I Live က ပိုသာသလဲလို့ ယှဉ်ပြိုင်မှုတွေ ဖြစ်ကုန်ကြတော့တာပါပဲ။
US မဂ္ဂဇင်းက ထရီရှာယီးယားဝုဒ်ကို အင်တာဗျူး မေးပုံကိုလဲ ကြည့်ဦး။
"ဆယ်ကျော်သက် ကောင်မလေး Le Ann ကို ခင်ဗျား အပြတ်အသတ် ဖြတ်ချပစ်လိုက်ချင်မှာပေါ့နော်" တဲ့။
Trisha Yearwood က ဖြေတတ်ပါတယ်။
''ကျွန်မကိုယ်တိုင် မလိုလားတဲ့ ပြိုင်ဆိုင်မှုထဲမှာ အတင်းအကျပ် ထည့်ပြိုင်ခံရတာကို ကျွန်မမုန်းတယ်၊ တကယ်လို့သာ ကျွန်မနဲ့ ယှဉ်ပြိုင်ဖို့ တယောက်ယောက်ကို ရွေးစမ်းဆိုရင် Le Ann ကို ကျွန်မ နောက်ဆုံးထားပြီး ရွေးမိမှာပဲ။ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ဒီကလေးမဟာ အြံ့သချီးကျူးစရာ အသံကို ပိုင်ထားပြီး ဓာတ်ပြားချပ်ရေ သန်းနဲ့ချီ ရောင်းနေရတာပါ" တဲ့။
"ခင်ဗျားအသက် ၁၅ နှစ်တုန်းက ခင်ဗျားဘာလုပ်နေပါသလဲ" အင်တာဗျူးသမားက မေးပြန်တယ်။
"အင်း.... အိပ်ခန်းထဲမှာ လင်ဒါရွန်းစတက်ကို တုပြီးတော့ Prisoner in Disguise သီချင်းကို ဆိုနေခဲ့မိသလား မသိပါဘူး"
ဒီသီချင်းရဲ့ စာသားတွေ ရိုးရိုးကလေးနဲ့ လှပနေတာတော့ ပြောစရာလိုမယ် မထင်ပါဘူး။
သီချင်းကို နားထောင်ကြည့်တဲ့အခါ သံစဉ်တေးသွားရော ဂီတဖွဲ့စည်းမှုပါ အင်မတန် အားကောင်းတာကို တွေ့ရပါလိမ့်မယ်။
ဂျူး
[ဂျူးစာပေ၊ စာအုပ်အမှတ်စဉ် ၁၆၊ ဂျူး - နိုဝင်ဘာမိုး၊ ၂၀၀၁ ခုနှစ်၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြပါ တယ်။]

အမေနဲ့ ညီအစ်မလိုခင်တဲ့ မိမိတယောက် အမေ့ဆီမပေါ် လာတာ ကြာလှပြီ။ တနေ့ကမှ သူရောက်လာတယ်၊ ဒါနဲ့ အမေ က "မိမိလည်း မလာတာ ကြာလှပြီနော်။ နေလို့တော့ ကောင်းရဲ့ လား" လို့ မေးကြည့်တော့ မိမိက-
"နေကောင်းပါတယ် မအမာရယ်။ တနေ့ တနေ့လည်း အား ရတယ်မရှိဘူး။ မီးဖိုချောင်က ထွက်ရတော့ ဆန်ရွေးရတာလိုလို။ အဝတ်လျှော်ရတာလိုလိုနဲ့ ညနေ ချက်ချိန်ပြုတ်ချိန် တိုင်သွား ပြန်ရော၊ ဒါနဲ့ မမဆီ မလာဖြစ်တာ။ ကိုယ့်မှာလည်း မမမာပြောတဲ့ ပစ်တိုင်းထောင်ရုပ်က ကြိုးရှုပ်တဲ့လူမျိုး မဟုတ်လား" တဲ့။
မိမိက အပျိုကြီးပါ။ အသက် ၆ဝ ကျော်ပါပြီ၊ ဒါပေမယ့် ညီမက မွေးထားတဲ့ တူတွေ တူမတွေ မြေးတွေကို ကြည်ကြည်ဖြူဖြူ နေ့တိုင်း ချက်ပြုတ်ကျွေးနေတဲ့ အပျိုကြီး၊
'မမမာနှယ် သံယောဇဉ်ဆိုတာ ကိုယ်က တွယ်ထားတာ ပါ၊ သူတို့က မတွယ်ပါဘူး၊ ကိုယ်က တယောက်တည်းသမား ဆိုတော့ ငါ့မှာ ကြီးလာရင် ဆေးပေးမီးယူလေးတော့ သွေးထဲသား ထဲရှိဦးမှ ဆိုပြီး ညီမမွေးတာတွေထဲက တယောက်တလေ ထွက် လာနိုးနိုး မျှော်ကိုးပြီး သူတို့နဲ့ ပေါင်းသင်း။ သူတို့နဲ့ အဖော်လုပ် ပြီး ကိုယ့်အိတ်ထဲက စိုက်ပြီး ချက်ပြုတ် ကျွေးမွေးပြုစုနေတာပဲ မမမာရဲ့၊ တကယ်တမ်းကျတော့ ကိုယ့်ဆိုးမျိုး ခံမယ့်ဟာလည်း ထွက်မယ့်ပုံ မပေါ်ပါဘူး"တဲ့၊
မိမိက ဆုံးသွားရှာတဲ့ စာရေးဆရာမ ဒေါ်မာလာ လိုပါပဲ၊ ဒေါ်မာလာလည်း အစ်ကိုက မွေးတဲ့ တူမတွေကို သမီးလုပ်ပြီး တသက်လုံး အိတ်စိုက် ချက်ပြုတ် ကျွေးမွေးသွားတာပဲ၊
မိမိက စကားဆက်ပါသေးတယ်၊
"မမာရယ် ဒီကောင်တွေ
ဟာ သနားတော့လည်း သနားစရာပဲ၊ သူတို့ဘာမှ မခံစားဖူးရှာဘူး၊ ကျွန်မက ခရမ်းချဉ်သီးကို မျှင်ငပိနဲ့ ငါးပိချက် ချက်ကျွေးတာ။ ငါးပိချက်က မြိန်လိုက်တာဆိုပြီး ခေါင်းမဖော်ဘူး။ စားလိုက်ကြတာ၊ ဒီလို မစားလို့လည်း မရဘူးလေ။ မုန့်ဖိုးက အစိတ်သုံးဆယ်မကုန်ဘဲ လှလှ စားရတာမှ မဟုတ်တာ၊ ဒီကောင်တွေ မမမာတို့ ကျွန်မတို့ ဟိုအရင်က ချက်စားခဲ့တဲ့ ငါးပိချက်မျိုးနဲ့များ ချက်ကျွေးလိုက်ရရင် စားပိုးနင့်ပြီးတောင် ဒုက္ခ ဖြစ်လောက်ရဲ့...."
"ကျွန်မတို့ အဖေရတဲ့ လခကလေးနဲ့ ကျွန်မ တို့မိသားစုမှာ သိတ်ကြီးတော့ ဖွယ်ဖွယ်ရာရာတွေ မစားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ချဉ်ရည်ဟင်းကလေးနဲ့၊ မန္တလေးငပိချက်ကလေးနဲ့ ခရမ်းသီး မျက်မမြင်ကလေးတွေ ပြုတ်တို့လို့။ ဒေါ်ဂုံးပဲစိမ်းကြော်ကလေးနဲ့ဆို သိပ်စားလို့ကောင်းတာပဲ၊ ခုခေတ်တော့လည်း အဲဒီ ငပိချက်မျိုး မြင်ရဖို့ မရှိပါဘူး" တဲ့၊
မိမိပြောခါမှ မေ့တောင် မေ့နေပြီဖြစ်တဲ့ မန္တလေး ငါးပိချက်ကလေးကို အမေက ပြန်သတိ ရမိတယ်၊
ဟိုတုန်းက တကောင်ကို ငါးပိဿာ။ ခြောက်ပိဿာထက်မနည်းတဲ့ ငါးမြင်းကြီးတွေ ခေါင်းဖြတ်ပြီး ငါးပိလုပ်ထား။ စဥ့်အိုးကြိးတွေနဲ့ သိပ်ပြီး ဆားရည်စိမ်ထား။ ရောင်းခါနီးမှ စဥ့်အိုးထဲက ဆယ်ပြီး ခုတ် ရောင်းတဲ့ ငါးမြင်း ငါးပိတစ်ကလေး တဆယ်သား ဝယ်ရင် ချက်လောက်တယ်၊ ဝမ်းပျဉ်းသားဆိုရင် အဆီတွေနဲ့ ဝင်းလို့။ ငါးပိတစ်ကလည်း မွှေးနေတာ၊ ဈေးက တပိဿာမှ ၄ ကျပ် ၅ ကျပ်ရယ်၊
အဲဒီ ငါးပိကို ပုစွန်ကင်ကလေး ဖဲ့ထည့်ပြီး ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းနဲ့ချက်။ နံနံပင် ကြက်သွန်မြိတ် ကလေးအုပ်ပြီး အရည်ကလေးနဲ့ ချက်တာလေ၊ ငါးပိ ချက်ဆိုပေမယ့် ငါးပိကလည်းကောင်း။ ပုစွန်ကင်တွေက လည်း ချိုတော့ ငါးပိချက် ငန်ပုံချိုပုံက ပါးစပ်ထဲ သိပ်အဆင်ပြေတာပေါ့၊ အောက်အရပ်ကစားတဲ့ ငါးပိရည်ကို အမေတို့ အညာသူတွေက သိပ်မစားတတ်ဘူး။ ဟိုတုန်းက၊
ပုစွန်ကင်ဆိုတာ ပုစွန်တုပ်တွေကို အမြီးစ ကလေးချန်။ အခွံတွေခွာ ခေါင်းတွေဖြုတ်ပြီး အသားချည်းကို ဝါးတံစို့ ၂ ချောင်းနဲ့ သီထိုးပြီး ကျပ်တင်ထားတာဆိုတော့ ကျပ်စော်ကလေး မွှေးနေတာက တမျိုး။ ပုစွန်က ချိုတာက တမျိုးပေါ့၊ အဲဒီ ပုစွန်ကင်တွေဟာ အောက်အရပ် မိုးကုန်တော့မယ်။ သီတင်းကျွတ်ပြီ ဆိုရင်ပေါ်ပြီ၊ မန္တလေးက ငါးပိ ငါးခြောက်ဆိုင်တွေပေါ် ရောက်လာပြီ၊ အမေတို့က စားရုံမက ကထိန်ခင်းတော့ ပဒေသာ ပင်တွေမှာ ပုစွန်ကင်တွေ ကြက်ခြေခတ်ပြီး ပဒေသာပင်လည်း သီးသေးတယ်၊ အမေတို့ အညာမှာ ပုစွန်က ရှားတာကိုးကွဲ့၊ အဲဒီတော့ ပုစွန်ကျပ်တင်ခြောက်ကို အလွန်စုံမက်တာပေါ့၊ အဲဒီ ပုစွန်ကင်တွေ ခုခေတ် မန္တလေးဈေးတွေမှာ လုံးလုံး မမြင်ရတော့ဘူး၊
အမေတို့က ပုစွန်ကင် မရတော့တဲ့အချိန်မှာ ငါးမြင်းငါးပိတစ် ချက်ထဲကို ချိုပေ့ဆိုတဲ့ ဖျာပုံပုစွန်ခြောက် ၂ ကျပ်ခွဲသားလောက် အကောင်လိုက် ဆုပ်ထည့်လိုက်တယ်၊ ချိုရောပေါ့ အဲဒီငါးပိချက်၊ ခုတော့ ဖျာပုံ ပုစွန်ခြောက်ကောင်းကောင်းက တပိဿာကို ၁၉ဝဝ ကျပ်တဲ့။ ၁၈ဝဝ ကျပ်တဲ့၊ ငါးပိချက်ထဲ ဆုပ် ထည့်လိုက်ဖို့ ဝေးလို့ ဟင်းချိုအိုး ပေါ်မှာတောင် မဝဲနိုင်ဘူး၊ ဟင်းချိုအိုးဟာ မျှင်ငါးပိနဲ့ လူနဲ့မတည့်ပါဘူး ဆိုတဲ့ ဟင်းချိုမှုန့် (ဓါတ်ဆေး) နဲ့ ချိုနေရတယ်လေ၊
မိမိပြောတဲ့ ခရမ်းသီး မျက်မမြင်လေးဆိုတာက ခရမ်းသီး သီးစလေးတွေကို ခေါ်တာပါ၊ ကျွန်းတွေ ကိုင်းတွေပေါ်ကို မြစ်ရေကြီးလာလို့ ရေတွေတက်လာရင် စိုက်ထားတဲ့ အသီးအပင်တွေ အကုန်လုံးက ရေမြုပ်တော့မှာမို့။ အရွက်ရော။ အပွင့်ရော။ အသီးကင်းရော အားလုံး ဆွတ်ခူးကြရတယ်၊ ခရမ်းခင်း ဟာ နှမြောစရာ ဘယ်လောက်ကောင်းကောင်း။ ငယ်သေး နုသေးတဲ့ သီးကင်းကလေးတွေပေမယ့် ခူးရတယ်၊ ဒါလေးတွေ ပြုတ်ပြီး ငါးပိနဲ့ တို့မြုပ်စားရအောင် ဈေးမှာရောင်းကြတာ။ ခရမ်းသီး သီးကင်းလေးတွေကို ခရမ်းမျက်မမြင် လို့ခေါ်တာကွဲ့၊
ဒေါ်ဂုံး ပဲစိမ်းကြော်ဆိုတာကတော့ ကမ္ဘာစစ်ကြီးမဖြစ်ခင် မန္တလေးမှာ ပဲစိမ်းကြော် ကြော်ပြီး ဖောက်သည်ပေးတဲ့ အကြော်သည်ကြီး ဒေါ်ဂုံးဆိုတာရှိတယ်၊ သူက စားတော်ပဲကို ရေစိမ်။ အညှောက် ပေါက်အောင်ထားပြီး မုန့်မှုန့်နဲ့ အကျွပ် ကြော်ရောင်းတာ၊ သူ့အကြော်ကြီးတွေက တချပ်ဆိုရင် ၃ လက်မခွဲ လောက်ရှိတာ၊ အဲဒါ တရာကို ဒေါ်ဂုံးက ငါးမတ်နဲ့ ဖောက်သည်ပေးတယ်၊ လည်ရောင်းမယ့် အကြော်သည်က တခု တပြားရောင်းတော့ ငါးမတ်ဖိုးရင်းရင် တကျပ်ခွဲနဲ့ တပဲရတယ်လေ၊ အကြော်သည်က 'ဒေါ်ဂုံးပဲစိမ်းကြော်' လို့ ပါးစပ်က အော်ရောင်းတာ၊ ဝယ်ပြီး သံပုံးနဲ့ဘာနဲ့ ထည့်ထားရင် ရက်ကြာကြာလည်း ခံတယ်၊ ကြွပ်ရွနေတာပဲ၊ ဒါကြောင့် ဘော်ဒါနေတဲ့ ကလေးတွေဆီကို အိမ်တွေက ဒီ ပဲစိမ်းကြော် ၂ဝ -၂၅ ဝယ်ပြီး ပုံးနဲ့ထည့်ပို့ပေး တတ်တယ်၊
မိမိပြောမှ ဒေါ်ဂုံးပဲစိမ်းကြော်ကို သတိရပြီး ပုစွန်ကင် ဆင်းတဲ့ ငါးမြင်းငါးပိတစ် ချက်ကိုလည်း ပြန်စား ချင်လာတယ်၊
ဒါကြောင့် "မိမိရယ်။ ရှင့်ဟာက ပြန်သတိရတော့ သွားရည်ယိုပါတယ်၊ ထားလိုက်ပါတော့။ လွမ်းစ မဖော်ပါနဲ့တော့" လို့ ပြောရတယ်၊
ဒါတောင် သူက မတန်သေးဘူး၊ "ကျွန်မတို့ ငယ်ငယ်က ဈေးထဲမှာ ပုစွန်ဆိုတာ ဧရာဝတီက ထွက်တဲ့ မြစ်ပုစွန်ပဲ ရှိတယ်၊ အဲဒါက တပိဿာကို ၄ကျပ်- ၅ကျပ်မို့ တခါတလေ အဖေ့တယောက်စာပဲ ဝယ်ချက်ကျွေးတယ်၊ တအိမ်လုံး မစားနိုင်ဘူး၊ စစ်ပြီးတဲ့ ကာလရောက်တော့ ရန်ကုန်ကလာတဲ့ ပုစွန်ဆိုပြီး ရေခဲစိမ်ပုစွန်တွေ သေတ္တာတွေနဲ့ ရောက်လာလို့ ပုစွန်အမျိုးမျိုး ဈေးတွေထဲ ရောင်းလာတယ်၊ ကြော့ပုစွန်တဲ့။ ကျားပုစွန်တဲ့။ ဆတ်ထုပ်တဲ့၊ အဲဒါ ပုစွန် ကြော့ကလေးတွေ တပိဿာကို ၆ ကျပ်လောက်က စပြီး ရောင်းလာတာ။ ၂ဝဝကျပ် ဈေးထိ ဈေးထဲမှာ မြင်ရသေးတယ်၊ ဒီနောက်တော့ လုံးဝ မမြင်ရတော့ဘူး၊ မြစ် ပုစွန်ကတော့ ကနေ့ ဈေး တပိဿာကို ၁၂ဝဝ ကျပ် -၁၅ဝဝ ကျပ်ဈေး " တဲ့၊
"ကျွန်မတို့လိုဟာတွေက ထမင်းပွဲမှာ ပုစွန်စော် မနံနိုင်ပါဘူး မမမာရယ်" တဲ့၊ သူက ပုစွန် စကားပြောလာ ပြန်တယ်၊
ပါးစပ်ဆိုတာကလည်း အခက်သား။ စားနေကျ မစားရတာဆိုရင် လျှာက လွမ်းတယ်ထင်ပါရဲ့။ ဟုတ် ပါရဲ့နော်ဆိုပြီး သတိရလာရော၊ ရှင် ဒီနေ့ ဘာဟင်း နဲ့ စားခဲ့သလဲလို့ မိန်းမချင်းပြောတတ်တဲ့ အလ္လာပ သလ္လာပကို ပါးစပ်ကထွက်မိ မေးမိတော့ဦးမလို့။ မေးလိုက်မိရင် မမမာက စပြန်ပလား ဆိုပြီး ရှားရှားပါးပါး ဝယ်ခြမ်းစားရ တာတွေ သူက ဇာတ်စုံခင်းလိမ့် ဦးမယ်၊ ဒါကြောင့် စကားစပြတ်အောင်လို့-
"ကပိုင်မှာ ရဟန္တာပေါ်နေသတဲ့။ မိမိရောက် သေးသလား" လို့ မေးလိုက်တော့ "မရောက်နိုင်ပါဘူး မမမာရယ်။ ပေါ်တဲ့ ရဟန္တာက ကျွန်မတို့ ၀ဋ် ဒုက္ခတွေ ကယ်နိုင်မယ်ဆိုလည်း အကောင်းသား။ ခုတော့ သွားစရာလည်း ကားမရှိပါဘူး။ သူများဆီက တဆင့်စကားပဲ နားထောင်လိုက်တော့မယ်" လို့ ပြောပြီး ထမင်းချက်ချိန်တိုင်လို့တဲ့ နှုတ်ဆက်ပြီး ပြန် ပါလေရော၊
လူထုဒေါ်အမာ
ကလျာမဂ္ဂဇင်း။ အမှတ် ၁၄၄။ ၁၉၉၄ သြဂုတ်
'လူထုစိန်ဝင်း' ရဲ့ 'သမိုင်းကိုဘယ်သူဖန်တီးတာလဲ(၂)' ဆောင်းပါးကို ကိုယ်ဖတ်ဖို့ ရဲဘော်တွေက အီးမေလ်ကနေ ပို့ကြတယ်။ ဆောင်းပါးရှင် 'လူထုဦးစိန်ဝင်း' ကိုရော၊ ဖတ်ဖို့ ပို့ပေးကြတဲ့ ရဲဘော်သုံးယောက် ကိုရော ကျေးဇူးတင်ပါတယ်။ ဆောင်းပါးဖတ်နေစဉ်မှာ ဖြတ်ကနဲ သတိရလိုက်တာ 'ဖေဘီယန် ဦးဘခိုင်' ရဲ့ 'မြန်မာပြည် နိုင်ငံရေးရာဇ၀င်' စာအုပ်ပဲ။ ချက်ချင်း ခေါင်းထဲ ပြေးမြင်လိုက်တယ်။ ဒါနဲ့ ပြန်ကိုးကားရအောင် ကိုယ့် ရတနာသိုက်ထဲ တူးဖော်တော့ ထွက်လာတယ်။ ဒါနဲ့ ခုလို 'စပ်မိစပ်ရာ စာအကြောင်းပေအကြောင်း (၄)' ဖြစ်လာရော။ဒီစာအုပ်က ပုဂံစာအုပ်တိုက်ရဲ့ ရှေးဦးပိုင်းထုတ် စာအုပ်လေးပါ။ အမှတ်စဉ် (၄၆) ဖြစ်တယ်။ ၁၉၆၄ ခုနှစ် က ထွက်ပါတယ်။ လက်ဟောင်းပုဂံစာအုပ်တိုက် ဖြစ်ပါတယ်။ လက်သစ် ပုဂံက ကုန်အမှတ်တံဆိပ် ပြောင်းထားတယ်။ စာအုပ်မှာ တူ နဲ့ တံဇင် အမှတ် ခပ်နှိပ်ထားပြီး လယ်သမား၊ လုပ်သား၊ စာပေ ညီညွတ်မှုအင်အားနှင့် နိုင်ငံတော်...... ဆောင်ပုဒ်ပါတဲ့ ပုဂံ မဟုတ်တော့ဘူး။ စစ်အစိုးရရဲ့ စာပေစိစစ်ရေးကြောင့် ထင်ပါရဲ့။ တူ တံဇင် မပါရရှာဘူး။
ဟိုတုန်းကဆို ပုဂံကထုတ်တဲ့ စာအုပ်တိုင်းမှာ သူ့တိုက်က ထုတ်လိုက်တဲ့ စာအုပ်စာရင်း အမြဲပါတယ်။ အမှတ် (၁) က စပြီး လက်ရှိ စာအုပ်အထိပြင်၊ ပုဂံတိုက်တွင် ရနိုင်သေးသောစာအုပ်၊ နောက်ထွက်မယ့် စာအုပ် စာရင်းတွေတောင်ပါသေး။ (၁) က တမိုးသောက်သော် (စောဦး)။ (၂)က နယ်လီဝင်း(ဓူဝံ)........ ။
စာရင်းကို ကြည့်ပြီး ငါ့မှာ ဘာစာအုပ်ဖြင့် ၀ယ်ဖို့ ကျန်သေး။ ဘယ်ဟာကိုတော့ ရှာဖတ်ရမယ် ဆိုတာလည်း စဉ်းစားရတယ်။ ကိုယ့်ဘာသာ ကိုယ်ဝယ်နိုင်တဲ့အချိန်မှာ ထွက်ပြီးသားတွေကို ပြန်စုတော့ ဆရာတော် ရှင်ဥက္ကဌရဲ့ ကပ္ပပြဿနာ၊ ၀င်းဇော်ရဲ့ အရှေ့တောင်အာရှစစ်မီးလျှံများ စာအုပ်ဆို အတော် ရှာရတာ။
ဓူဝံ-နယ်လီဝင်း၊ ရွှေဥဒေါင်း- ပထမံဆရာသိန်း၊ ဇ၀န- ကောလိပ်ကျောင်းသား၊ မောင်သာရ- လှသည် လွယ်သည် သို့သော် လည်သည်......၊ ပါရဂူ- သိဒ္ဓတ္ထ တို့က အိမ်မှာ လူကြီးတွေ ၀ယ်ထားတော့ ငယ်ငယ်ကတည်းက ဖတ်ဖူးရတယ်။ ကျော်အောင် ဘာသာပြန်တဲ့ မောရစ်ကွန်ဖို့ရဲ့ စာအုပ်ဆိုရင် ကိုးတန်း လောက်ရောက်မှ ကလောင်ပျံစာအုပ်ဆိုင်မှာ သွားဝယ်တာ မှတ်မိနေတယ်။။ ပုဂံရဲ့ ချစ်စရာကောင်းတာက နှစ်ပါတ်လည်တိုင်းမှာ အထူးထုတ်ဆိုတဲ့ အထူကြီးတွေ ထွက်တယ်။ မင်းကျော်ရဲ့ လှိုင်၊ တစ္ဆေ၊ ကျော်အောင်- အရေးကြီးပြီသွေးစည်းကြ...... ။
ပုဂံလိုပဲ အဆင်အပြင် ခေတ်မီမီနဲ့ ထွက်တာ နှလုံးလှ....။ ကိုယ်တို့ ငယ်ငယ် ပုဂံစာအုပ်မတိုင်မီထဲက ပေါ်နေတာ မြန်မာပြည်စာအုပ်တိုက်။ သူ့ဆီက မှတ်မိနေတဲ့စာအုပ်က စုံထောက်မောင်စံရှား အတွဲတွေနဲ့ ၂ိ ကျပ်တန် ၀တ္ထု တွေ....။
ပုဂံထုတ် စာအုပ်တွေထဲက စာရင်းမှာ ဘာစာအုပ်ဖြင့် ထွက်တော့မယ်ဆိုပြီး ကြိုပြောထားလို့ မျှော်တော်ဇောနဲ့ မောရတာလည်း ရှိခဲ့တယ်။ ဥပမာ မြသန်းတင့်ရဲ့ အရှေ့တခွင်လုံးနီ... ဆိုပါတော့။ စာအုပ်တွေရဲ့ ကျောဘက် အတွင်းရေခံ စာမျက်နှာမှာ 'အရှေ့တခွင်လုံးနီ' ကို တခန်းတနား ကြော်ငြာတာ။ 'စစ်နှင့်ငြိမ်းချမ်းရေး' [၁၂-တွဲ၊ ၁၂-လ] ၃- ကျပ်စီ လို့တောင်ပါလိုက်သေး။ ဆရာမြ (မြသန်းတင့်) ကိုကိုးကျွန်း ရောက်သွားလို့ ထွက်နေရင်းတန်းလန်းမှာ ရပ်သွားပြီး ထောင်က ထွက်မှ အဆုံးသတ် ထွက်ရတယ်။
အဲဒီနှစ်မှာပဲ ဆရာမြ (မြသန်းတင့်) လည်း စစ်နဲ့ငြိမ်းချမ်းရေး စာအုပ်အတွက် အမျိုးသားစာပေဆု ရလိုက်တယ်။ အငြင်းပွါးစရာတွေတောင် ဖြစ်လိုက်သေးတယ်။ မပြောတော့ပါဘူး။ ဖေဘီယန် ဦးဘခိုင်စာအုပ် အကြောင်းပဲ ပြောတာကောင်းတယ်။
ဦးဘခိုင်က မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများနဲ့ အသင်းအဖွဲ့တွေအကြောင်းကို ရေးတာ။ အဲဒီမှာ တို့ဗမာ အစည်းအရုံးနဲ့ တည်ထောင်သူတို့ အကြောင်း ပါ ပါတယ်။ သခင်ဘသောင်းဟာ ဆင်းရဲသား ဘုံဝါဒအကြောင်းကို အသံကျယ်ကျယ်နှင့် ဟစ်အော်ပြောဆိုသော်လည်း လုပ်နည်းလုပ်ဟန်တွေက ဓနရှင်ကဲ့သို့ ဖြစ်နေကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒေးဒရဲမြို့က တရားဟောရင်း သီချင်းဆိုဖို့(ဒို့ဗမာသီချင်း) စရိတ်ပေးပြီး ဖိတ်တော့ သခင်ဘသောင်းနဲ့ သခင်တင်စိန်က ပထမတန်းက တက်ရောက်စီးနင်းကြပီး အခြား သခင်အသင်းဝင် တွေကို ကုန်းပတ်က စီးစေပါတယ်။ အဲဒီမှာ သခင်အသင်းဝင်တွေက အတော် မကျေမနပ် ဖြစ်ကြပြီး သခင်ဘသောင်း ရဲ့ နိုင်ရာစီး အလုပ်ကို စက်ဆုတ်ကြလို့ ကန်ကွက်တဲ့အနေနဲ့ သခင်အချို့ နှုတ်ထွက်သွားကြ ပါတယ်။
ဦးဘခိုင်က သခင်ဘသောင်းဟာ လူပေါင်းမဆန့် (Superiority Complex) ခေါ် လူကို အထက်ကနေ ပေါင်းခြင်းကြောင့် ၎င်းနှင့် ရေရှည်ဆက်ဆံသူများမှာ အမြဲတမ်းစိတ်ပျက်သွားရကြောင်းကို ရေးသားထားတာ တွေ့ရပါတယ်။ တို့ဗမာအစည်းအရုံးမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်တစုမှာ သခင်ဘသောင်းနဲ့ မသင့်မတင့် ဖြစ်ကြပြန်ပြီး Youth League ခေါ် လူငယ်အဖွဲ့ကို ဖွဲ့လိုက်ကြတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်သူတွေက သခင်လေးမောင်၊ သခင်ဘစိန်၊ သခင်ထွန်းအုပ်၊ သခင်သိန်းမောင်တို့ ဖြစ်ကြတယ်။ နောက်တကြိမ် လူငယ်တစုနဲ့ သခင်ဘသောင်း ထပ်ကွဲထွက်လာတော့ တို့ဗမာအစည်းအရုံးမှာ သခင်ဘသောင်းနဲ့ လုပ်မယ့်သူမရှိတော့တဲ့ အဆုံး လူငယ်များအဖွဲ့က တို့ဗမာအစည်းအရုံးအမည်ကို သိမ်းပိုက်လိုက်ကြပါတော့တယ်။
အကျင့်စာရိတ္တနဲ့ ပေါင်းသင်းဆက်ဆံကို ဖယ်လိုက်လျှင် သခင်ဘသောင်းဟာ ထိုးထွင်းဥာဏ်နဲ့ ပြည့်စုံသူတယောက်၊ လုံ့လ၀ရိယနဲ့ ကြံဖန်လုပ်ဆောင်တတ်သူ တယောက်ဖြစ်လို့ သခင်အမည်ကို ရယူနိုင်တဲ့ အပြင် တို့ဗမာအစည်းအရုံးရယ်လို့ ပေါ်ပေါက်ခဲ့ရတာပါ။
ဒါကြောင့် နိုင်ငံရေးဟာ တဦးတယောက်အရေးမဟုတ်၊ တတိုင်းပြည်လုံးအရေးဖြစ်လို့ လူထုရဲ့ အရေးကို တည့်တည့်မတ်မတ် လုပ်နေရင် လူထုက ထောက်ခံအားပေးနေပြီး၊ လိမ်ကောက်လိုက်တာနဲ့ လူထုက အားပေးခြင်းက ရပ်စဲပစ်မည်သာမက သုတ်သင်ရှင်းလင်းလိမ့်မယ်လို့ ဖေဘီယန်ဦးဘခိုင်က ကောက်ချက်ဆွဲပြ ထားပါတယ်။ သခင်အဖွဲ့ သို့မဟုတ် တို့ဗမာအစည်းအရုံးရဲ့ သခင်သဘွယ် ဖြစ်တဲ့ သခင်ဘသောင်းဟာ နောက်ဆုံးမှာ မှေးမှိန်ပီး တိုင်းပြည်က မေ့သွားတဲ့အခြေအနေကို ဆိုက်ရတဲ့ နိုင်ငံရေး သင်္ခါရ တရပ်ဖြစ်သွား ပါတယ်။ ဒါကြောင့်လည်း ကိုယ့်သမိုင်းကိုယ်ရေးတာပဲလို့ ဆိုကြတာ မဟုတ်ပါလား။ လူထုက တင်မြှောက်မှသာ လူထု ခေါင်းဆောင်ဖြစ်လာသလို ကျောင်းသားထုက တင်မြှောက်မှလည်း ကျောင်းသားခေါင်းဆောင်ဆိုတာ ဖြစ်လာတာပါ။
ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်ပြီး ဦးဘခိုင်က- "ဦးဥတ္တမသည် မြန်မာလူမျိုးများ၏ မျက်စိကို ဖွင့်ပေးသည်။ မြန်မာလူမျိုးများအတွက် ထောင်တန်းအကျခံသည်၊ အနစ်နာခံသည်ဟုဆိုကာ ဦးဥတ္တမကျူးလွန် သည်များကို သည်းခံကြ၏...... ။ ဦးဥတ္တမ လွန်သည်ထက်လွန်လာမှသာလျှင် ၎င်းအား ကြည်ညိုကိုးစားခြင်း ရပ်စဲကြလေသည်။....."
မောင်အေးဝင်း
အောက်တိုဘာ ၅ ရက်၊ ၂၀၁၀ ခုနှစ်။

[အင်တာနက်မှာ မာယာမဂ္ဂဇင်းလုပ်လာတာ ၃ နှစ် ပြည့်ပါတယ်။ အပေါင်းအသင်းတွေက အမှတ်တရလေးတွေ ပို့ပါတယ်။]
ကျမ ငယ်ငယ်တုန်းက စာဟောင်းတွေ စာကောင်းတွေ ရှာဖတ်ဖို့
လမင်းတရာစာပေဆက်ဆံရေးဆိုတဲ့ စာအုပ်ဆိုင်ကို အကြိမ်ကြိမ် သွားခဲ့ရတယ်..။
အဲဒီအချိန်တွေဟာ လွမ်းစရာကောင်းလှတဲ့ တန်ဖိုးကြီးလှတဲ့အချိန်တွေ..။
ခု တိုင်းတပါးမှာ စာဟောင်းတွေ စာကောင်းတွေ
စောင့်ဖတ်ဖို့ မာယာအင်တာနက်စာမျက်နှာကို သွားရတယ်။
အဲဒီနေရာမှာ... လမင်းတရာစာပေဆက်ဆံရေးဆိုတဲ့
စာအုပ်ဆိုင်လေးကို ပြန်တွေ့ပါတယ်။
ခုလည်း တန်ဖိုးကြီးတဲ့ အချိန်လေးတွေ ပြန်ရတယ်လို့ ခံစားရပါတယ်။
ဒါကြောင့် မာယာ... ကြာရှည်တည်တံ့ဖို့........... ဆုတောင်းပါတယ်ရှင်..။
မေငြိမ်း။
စက်တင်ဘာလ၊ ၂၁ရက်၊ ၂၀၁၀ခုနှစ်။
စာကြွင်း။
"အကိုရေးး ခုမှ ပြန်ဖတ်မိတယ်..။ ကျမ ငယ်ငယ်တုန်းကတဲ့.. ဟီဟိ.. တကယ်တော့ ကျမ တက္ကသိုလ်ကျောင်းသူဘ၀ကလို့ ပြောရမှာ :P"
အီးမေလ်နဲ့ ဖြည့်စွက်ချက်။(10/05/10)
မာယာမှာ စာ
မာယာမှာ အတွေး
မာယာမှာ သမိုင်း
မာယာမှာ ယုံကြည်ချက်
မာယာမှာ ဘဝ
မာယာမှာ မြန်မာ ရှာတွေ.နိုင်လေရဲ.
စမ်းစမ်းတင်။
စက်တင်ဘာလ၊ ၂၁ရက်၊ ၂၀၁၀ခုနှစ်။
"မာယာဟာ ရသကိုလည်း ပေးတယ်။
သုတကိုလည်း မျှတယ်။
မျှော်လင့်ချက်ကိုလည်း အားသစ်လောင်းပေးတယ်။
တမ်းတလွမ်းဆွတ် အောက်မေ့ခြင်းတွေနဲ့လည်း တသသဖြစ်စေတယ်။
အမြဲတမ်းအားပေးသွားမယ်။
အေးလဲ့ထွန်း
စက်တင်ဘာလ၊ ၂၈ရက်၊ ၂၀၁၀ခုနှစ်
"အစကတော့ ရွှေပြည်တော်နဲ့ဝေးနေချိန်မှာ မာယာသည်သာ အားထားစရာထင်ပြီး လိုက်ဖတ်ခဲ့တယ်။ အင်း ပြန်ရောက်တော့လည်း လိုက်ဖတ်နေရတာပါပဲ။ ကိုယ်မှ သူ့လောက်လိုက်မစုနိုင်တာ။ ကိုယ်ကြိုက်တတ်တာမျိုးတွေ ရှာရှာတင်ပေးနေလို့လည်း ကျေးဇူးတော်တင်ရကြောင်းပါ။ သုံးနှစ်မှသည် နှစ်သုံးဆယ်ဆီ ခရီးပေါက်အောင် ဆက်လျှောက်နိုင်ပါစေ။ (နှစ်သုံးဆယ်ကျော်ရင် သူလည်း ရှိတော့မယ်မထင်လို့ အဲလောက်လေးပဲ ကန့်ကန့်သတ်သတ် ဆုတောင်းပေးလိုက်တာပါ။ ပျော်ရွှင်ပါစေ)"
ငြိမ်းအေးအိမ်
ဟင်းချက်ကောင်းတဲ့ မာယာပိုင်ရှင်က သူများချက်ထားတဲ့ ဟင်းကောင်းလေးများတွေ့ ရင်လဲ ခေါ်ခေါ်ကျွေးတယ်။ တခါတရံ သူကိုယ်တိုင် ဈေးသွား၊ ချက်ပြုတ်၊ ပြင်ဆင်ပြီး ကိုယ်မစားဘူးတာတွေ တကူးတက ခေါ်ကျွေးသေးတယ်။ Deep Freezer ထဲမှာ သူ အမြတ်တနိုးသိမ်းထားတဲ့ ကိုယ်မမြင်ဘူးတဲ့ အဖိုးတန်အစားအစာတွေ သေသေချာချာ ချက်ကျွေးတဲ့နေ့ မျိုးမှာတော့ ဗိုက်ခွေးနမ်းအောင် အထပ်ထပ်စားပစ်လိုက်တာပေါ့။
ကိုမိုး
ပွင့်သစ်မဂ္ဂဇင်း
အောက်တိုဘာ ၅ရက်၊ ၂၀၁၀ ခုနှစ်
"မာယာ ၃နှစ်မှသည် .. နှစ်ပေါင်းများစွာတည်တံ့ပါစေ။ ဦအေးဝင်းလည်း အစဉ်ကျန်းမာရွှင်လန်းပါစေ။"
အိအိ
၅ ရက် အောက်တိုဘာ၊ ၂၀၁၀ ခုနှစ်။
အနုပညာကို ပြည်သူ ခံစားအသုံးချနိုင်ဘို့
မာယာ မှာ ဗမာပြည်ထဲက စာနယ်ဇင်းတွေမှာ မပါနိုင်တဲ့ ဗမာပြည်ပြင်က မီဒီယာတွေက တင်ရကောင်းမှန်းမသိတဲ့ စာကောင်းတွေ အများကြီးပါတယ်။ မာယာကို အနီစော်နံတယ်ပြောနိုင်ပေမယ့် မာယာက အဝါအပြာတွေ အနက်တွေတော့ မခြယ်ဘူး။ အစိမ်းကိုလဲ ဒူးမတုပ်ဘူး။ မာယာကတင်တဲ့ စာကောင်းစာဟောင်း နိုင်ငံရေးအနုစာပေတွေက သမိုင်းမျိုးဆက်အဖြတ်ခံထားရတဲ့ လူငယ်တွေ၊ မျိုးဆက်မေ့နေတဲ့ လူလတ်တွေအတွက် အများကြီးအသုံးကျတယ်။ အထူးသဖြင့် ကမ္ဘာပျက်ခါနီးမှာ သူများယောင်ရင် လိုက်ယောင်ချင်တဲ့ အမောင်နဲ့အမိများ ဖတ်သင့်တယ်။ မြန်မာပြည်၊ လူမျိုးနဲ့ လူ့အဆောက်အအုံအကြောင်း ခြေခြေမြစ်မြစ်မသိပဲ မြန်မာတွေကို ဆရာလုပ်စားချင်တဲ့ ပညာယှိလက်သစ်တွေလဲ ကိုးကားသင့်တယ်။ မြန်မာအတွက် မာယာဆက်လျှောက်ပါ။
ဘိုဘိုလန်းစင်
၅ ရက် အောက်တိုဘာ၊ ၂၀၁၀ ခုနှစ်။
မာယာ မဂ္ဂဇင်းက စာကောင်းတွေ စုစည်း တင်ပေးထားလို့ ကျေးဇူးတင်စရာ ကောင်းပါတယ်..
မာယာ မဂ္ဂဇင်း နှစ်ပေါင်း ရာကျော် တိုင် တည်တံ့နိုင်ပါစေ
သိဂိါံကျော်
ဗမာပြည်မှာဒီမိုကရေစီရရင် ဘာတွေတွေ့မြင်ရမလဲ။
ပြောစရာအများကြီးရှိပါမယ်။
သေချာတာတခုကတော့ စာနယ်ဇင်းလောကမှာတော့ မာယာလိုစာပေ့တာဝန်ထမ်းသူတွေ ပေါ်လာမယ်ဆိုတာပါပဲ။
ဒီနေ့ဗမာနိုင်ငံမှာ ချို့တဲ့နေတာဟာ ပြည်သူကိုအလုပ်အကျွေးပြုတဲ့၊ အမျိုးသားစာပေယဉ်ကျေးမှုကိုကာကွယ်မြှင့်တင်တဲ့၊ လွတ်လပ်စွာရေးသားတဲ့၊ ဟန်ဆောင်မှုကင်းတဲ့ မာယာလိုမီဒီယာဖြစ်ပါတယ်။
ဖိုးသံ(လူထု)
ကိုအေးဝင်းရေ
ခင်ဗျားက အစောကြီးကြိုပြောထားပေမဲ့ အပျင်းထူတဲ့ကျနော်က မာယာ ၃ နှစ်ပြည့်မှာ စာတိုလေး တထွာတညိုတောင် အချိန်မီမရေးဖြစ်ပြန်ဘူး။ ခွင့်လွှတ်ပါဗျာ။
များများပြောစရာမရှိပါ။ လုပ်နိုင်သမျှထဲက အကောင်းဆုံးတွေရှာကြံလုပ်နေတဲ့ ခင်ဗျားကိုရော၊ ဖတ်သင့်ဖတ်ထိုက်တာတွေ ရှာကြံတင်ဆက်နေတဲ့ မာယာကိုရော အမြဲ ကျေးဇူးတင်ဂုဏ်ယူလျက်ပါ။
ဒီလမ်းကြောင်းအတိုင်း မယိမ်းမယိုင် မပြိုမလဲ ဆက်လက်ချီတက်နိုင်ပါစေကြောင်း မာယာ ၃ နှစ်ပြည့်မှာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကျန်းမာရေးလဲဂရုစိုက်ပါဗျာ၊ အသက်တွေက ဂိမ်းဘောရောက်လာကြပြီကိုး။
ခင်မင်လေးစားစွာဖြင့်
ညိမ်းဝင်း
၁၂ အောက်တိုဘာ ၂၀၁၀။
ဦးလေးရေ..
မာယာအတွက်အမှတ်တရပါ။ ကောက်နက်ရှင်မကောင်းတာနဲ့ တစ်ခြားအရှုပ်တွေနဲ့ အခုမှနောက်ကျပြီးရေးဖြစ်တာကို ခွင့်လွတ်ပါ။
မာယာကို စပြီးထိတွေ့ကတည်းက သတိထားမိတာကတော့ ရှားပါးပြီး အဖိုးတန်တဲ့စာတွေရှိနေတာကိုပါ။ အိမ်နဲ့ဝေနေချိန်၊ ဖတ်စရာစာကောင်းပေကောင်းတွေ ချင်ခြင်းတပ်မိချိန်မှာ မာယာက အင်အားတစ်ခုပါ။ သုတနဲ့ရသကိုရောမွှေပြီး သမိုင်းကိုပြရင်း အနာဂတ်ကို သုံးသပ်တတ်အောင် သင်ပေးနေတယ်လို့ ခံစားရတယ်။ တိုက်တိုက်ဆိုင်ဆိုင် မာယာသုံးနှစ်ပြည့်ချိန်မှာ ပညာတတ်အမည်ခံ မြန်မာလူလတ်ပိုင်းနဲ့ လူငယ်အများစုကြိုက် ပညာရှိစာရေးဆရာတွေရဲ့ ရွေးကောက်ပွဲသရဏဂုံ ရွမ်းရွမ်းဝေနေကြတော့ စာကောင်းပေကောင်းရဲ့ ရှိသင့်ရှိထိုက်တဲ့အဆင့်အတန်းနဲ့ မာယာရဲ့ စေတနာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ မာယာမှာ မာယာ မရှိဘူး။ ဒါပေမယ့် မာယာက လောကထဲက မာယာ၊ သမိုင်းထဲက မာယာ၊ လူတွေရဲ့မာယာတွေကို ပြောပြနေလေရဲ့။
ဖြိုးဝေလင်း
အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ
အသိဥာဏ်ဗဟုသုတနည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။
ငါမကယ်သေဖွယ်သာရှိတော့တယ်လို့ အထင်ရောက်လာတယ်။
နားကလောလွန်း
လူတွေကိုအထင်သေးတဲ့စိတ်နဲ့ အတူတူတစ်ပြိုင်တည်းပေါ်ထွက်လာတာက
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်တဲ့စိတ်ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။
ငါသာတတ်တယ်။ ငါသာလုပ်နိုင်တယ်ဆိုပြီး ဘ၀င်မြင့်လာတယ်။
တစ်တိုင်းတစ်ပြည်လုံးက လူတွေကိုတပည့်လို့ယူဆပြီး
နေရာတိုင်းဆရာကြီးလုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး
ကိုယ့်မိသားစုတစ်စုလွတ်မြောက်ရေးအတွက် ပြည်ပနိုင်ငံတွေမှာနေကြတဲ့
မြန်မာတချို့ကပိုဆိုးသေးတယ်။ သူတို့မှပညာရှင်၊ သူတို့မှ
ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှလက်ပူတိုက်ပေးတဲ့ သင်တန်းတွေတက်၊
ဒီမိုကရေစီသမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင်လုပ်နေကြတာ
နားကလောလွန်းလှတယ်။
ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်ကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာနေပါ။ ဘာမှပြောစရာမရှိပါဘူး။
ကိုယ့်အလုပ်ကိုယ်လုပ်။ ကိုယ့်စီးပွားကိုယ်ရှာပြီး အေးအေးနေကြပါ။
အထဲကလူတွေကို အတုံးအအတွေလို့သဘောထားပြီး
ဒီမိုကရေစီဂုရုကြီးတွေမလုပ်ကြပါနဲ့။ အထဲကလူတွေကြောက်နေကြတယ်
ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ
ဘယ်သူတွေလဲဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့
ပါးစပ်ကအမြှုပ်ထွက်အောင်အော်နေကြပေမယ့် အင်တာနက်ရဲ့အစွမ်းကိုတော့
ဘာမှသေချာရေရာသိကြတာမဟုတ်ပါဘူး။ ဒါကြောင့်ဂုရုကြီးလုပ်နေကြတာ။
ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်းအသုံးချတတ်ပါတယ်။ အင်္ဂလန်က၊
အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ရတဲ့လူငယ်တွေ
မြန်မာပြည်မှာအများကြီးရှိပါတယ်။ အင်တာနက်ကိုအသုံးချပြီး
ကိုယ်လိုချင်တဲ့ပညာရပ်မျိုးစုံကိုလေ့လာနေကြပါတယ်။ လူတွေဟာအထူးသဖြင့်
လူငယ်တွေဟာ မတုံးမအကြတော့ဘူး။ ဖြီးတာကိုဖြီးမှန်းသိတယ်။
လိမ်တာကိုလိမ်မှန်းသိတယ်။ ဘယ်သူတွေဟာခြံစည်းရိုး
ပေါ်ခွထိုင်ပြီးနှစ်ဖက်စလုံးကပေးစာ ကမ်းစာကိုစားသောက်နေကြတာလဲ
ဆိုတာလည်းသိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန်လုပ်နေတာလဲဆိုတာလည်း သိတယ်။
ဒီခေတ်က (Citizen Journalist) လူထုသတင်းသမားခေတ်လေ။
လူတွေကြားမှာသတင်းတွေဟာ မရပ်မနား အစုန်အဆန်စီးဆင်းနေကြပါတယ်။
ကွန်ရက်ထဲမှာ သိန်းချီရှိ
သတင်းကိုစီအင်န်အင်န်တစ်ခုတည်းက ဖန်တီးတဲ့ခေတ်ကုန်ဆုံးသွားပြီ။
အယ်လ်ဂျာဇီးရား (aljazeera) လည်းပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့
ဘလော့ဂ်တွေလည်းကွန်ရက်ထဲမှာ သိန်းနဲ့ချီရှိနေကြပြီ။ အမေရိကမှာနေမှ
နယူးယောက်တိုင်းဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း)
ရဲ့ ၀ါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊
ကြိုက်တဲ့သတင်းစာရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ
လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို
ခေတ်ပျက်ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က
ကမ္ဘာကြီးတစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။
ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကိုနားမလည်ဘဲနဲ့သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လိုခေါင်းဆောင်ကြီးတွေက
ဖန်တီးတာ။ လူထုဆိုတာနောက်လိုက်တွေသက်သက်ပဲ လို့ပြောနေကြတာဖြစ်တယ်။
ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို
ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ရှိတယ်။ ရေနံမြေသပိတ်ကြီးကို
သခင်ဖိုးလှကြီးကဖန်တီးသယောင်ပြောဆိုကြတယ်။ တကယ်က ရေနံမြေသပိတ်ကြီးက
သခင်ဖိုးလှကြီးဆိုတဲ့ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ခဲ့တာဖြစ်တယ်။
တို့ဗမာအစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာမဟုတ်ဘူး။
တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို
မျိုးချစ်နိုင်ငံရေးသမားတစ်ယောက်ဖြစ်အောင် ဖန်တီးပေးလိုက်တာဖြစ်တယ်။
ကျောင်းသားခေါင်းဆောင်မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆
ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ်
ကျောင်းသားလေးမောင်အောင်ကျော်ကိုလည်း အာဇာနည်ဗိုလ်အောင်ကျော်ဖြစ်အောင်
ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာဖြစ်တယ်။ မောင်အောင်ဆန်း၊
မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို
မွေးထုတ်လိုက်တာမဟုတ်ဘူး။
သခင်အဖွဲ့စတင်တည်ထောင်သူ
တို့ဗမာအစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး 'သခင်' ဆိုတဲ့ အမည်ကို
စပြီးသုံးခဲ့သူက စာရေးဆရာကြီးသခင်ဘသောင်းဆိုတဲ့
လူတော်ကြီးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့
သူတို့ဟာတို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး
လွတ်လပ်ရေးတိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့
အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။
၁၉၆၀ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့
ယှဉ်ပြိုင်ကြတဲ့ရွေးကောက်ပွဲမှာ သူဟာနတ်မောက်မဲဆန္ဒနယ်
တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့
အနိမ့်ဆုံးမဲအရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့
အာမခံကြေးတောင်ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။
အထင်အရှားသိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန်ထူးချွန်ထက်မြက်တဲ့
စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့
မြန်မာ့နိုင်ငံရေးသမိုင်းကိုမဖန်တီးနိုင်ရုံသာမက
သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကိုတောင်
သူ့စိတ်ကြိုက်မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ခေါင်းဆောင်တွေက
သမိုင်းကိုဖန်တီးတာလား၊ သမိုင်းကခေါင်းဆောင်တွေကို
မွေးထုတ်ပေးလိုက်တာလားဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့
ဆရာသခင်ဘသောင်းရဲ့ဖြစ်ကြောင်း ကုန်စင်ကိုလေ့လာလိုက်ရုံနဲ့
အထင်အရှားသိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန်အီလစ်တွေက
မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။
အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာသုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာသိနိုင်တယ်။
သဘာဝကျစွာဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည်ရေပေါ်ဆီအီလစ်တွေဆိုတာက
ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလိုအပေါ်ယံမှာပဲ ဝေ့၀ဲနေခဲ့ကြတယ်။
ဘယ်လွတ်လပ်ရေးတိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်းမရှိပါဘူး။
အပေါ်ယံလွှာမှာပဲ ဝေ့၀ဲနေသူတွေဖြစ်တာကြောင့်
အောက်ခြေလူထုလူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးပမာ
အလှမ်းကွာဝေးပါတယ်။ လူထုကိုအထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင်
မကြိုးစားပါဘူး။ အောက်ခြေအစားအပေါ်လွှာကိုပဲ နီးစပ်အောင်နည်းမျိုးစုံနဲ့
ကြိုးစားပြီး ရေပေါ်ဆီလုပ်နေခဲ့ကြတာဖြစ်ပါတယ်။
ရယ်စရာဖြစ်မနေဘူးလား
အဲဒီလိုရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကိုပြည်သူလူထုအများက
ဖန်တီးတာဆိုတဲ့အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာဖြစ်တယ်။ ပညာရှင်တွေကသာ
တိုင်းပြည်ကိုအုပ်ချုပ်ပြီးလူထုတွေကတော့ နောက်လိုက်ကောင်းဖြစ်အောင်
ကြိုးစားကြဖို့လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင်
အော်ဟစ်နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့
ခေတ်မှာတောင် လူစွမ်းကောင်းခေါင်းဆောင်ကောင်းတွေက သမိုင်းကို
ဖန်တီးတယ်လို့ပြောနေတာကတော့ ရယ်စရာဖြစ်မနေဘူးလား။
လေယဉ်ပျံတစင်း လေယဉ်ပြေးလမ်းကနေ ပျံတက်သွားတယ်။ တက်နေရာက ရုတ်တရက် ရပ်ပြီး နောက်ပြန်ဆုတ် ပျံဆင်းလာတယ်။ အဲဒီမှာ အသံတခုက ပေါ်လာတယ်။ "ဘာဖြစ်တာလဲဗျ...." အဲဒီမှာ နောက်တသံထွက်လာတယ်။ "ဘရာလ်ကရင်းမ် Brylcreem မလိမ်းရသေးလို့" တဲ့။ လေယာဉ်ပေါ်ကလူ ဘရာလ်ကရင်းမ် ခေါင်းလိမ်းဆီ လိမ်းဖို့မေ့သွားလို့........။
ဟိုတုန်းက ဗမာပြည်မှာ ရုပ်ရှင်မပြခင် သို့မဟုတ် ရုပ်ရှင်တ၀က် အားလပ်ချိန်ပေးနေတုန်းမှာ ကြော်ငြာထိုးတာ။ ဘရာလ်ကရင်းမ် ခေါင်းလိမ်းဆီကြော်ငြာလည်းပါတယ်။ အဲဒါ မြန်မာ့အသံ ရေဒီယိုကလည်း အသံကြော်ငြာ အဖြစ်လည်းလာတယ်။
ကျနော်တို့ ငယ်ငယ်က မှတ်မိနေသေးတဲ့ မီလိုက်တဲ့ ရေဒီယို ကြော်ငြာတွေ ရှိတယ်။ ညနေပိုင်း မြန်မာ့အသံအစီအစဉ် မစခင်မှာ အသံကြော်ငြာတွေ လာတယ်။
"အို့ဟိုး..... ဒါ့ကြောင့်ကိုး... သင့် အင်အားကို တိုးပွါးစေရန် အရသာရှိသော အိုဗာတင်း..." ဒါက အိုဗာတင်း (Ovaltine) ကြော်ငြာ။
"ဟော... ဟော... ဟော.... ဟောလစ်...." တဲ့။ ဒါက ဟောလစ်( Horlicks) ကြော်ငြာ။
"ဆန်.. ဆန်.. ဆန်.. မြစ်ဝကျွန်းပေါ်ဆန်.. အသွေးဖြူဖြူဖွေးဖွေး.. မွှေးမွှေးလေးမို့ ကောင်းတဲ့ဆန်..." မြစ်ဝကျွေန်းပေါ်ဆန် ထရေဒင်ကုမ္ပဏီက သူတို့ရဲ့ မြစ်ဝကျွန်းပေါ်ဆန်ကို သီချင်းကလေးနဲ့ ကြော်ငြာတာ။
"ဆရာမောင်.. ဆေးနီအမှုံ့ အလုံးများကို ... တပြည်လုံး သုံးဆောင် ကျန်းမာကြစေမည်...." အဲဒါက ဆရာမောင် ဆေးနီမှုံ့ ကြော်ငြာ။ ထောင်ထဲမှာတုန်းကတော့ သူ့နဲ့ အလိုက်တူ စာသားကွဲ သီချင်းကို ဆိုနေကျ။ "...ညီညွတ်ရေးကို တဆင့်တိုးမြှင့်လို့ သပိတ်တိုက်ပွဲ ဒို့ဆင်နွှဲမယ်လေ..." ။
ဟံသာအေးနိုင်လွန်၊ ခေတ်အကြိုက်နိုင်လွန် တို့လည်း ပါတာပေါ့။
ဆရာဦးစောထွန်းက ပြောတယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ "မိုးညအိပ်မက်မြူ" လည်း ကြော်ငြာသေးတယ် တဲ့။ ၀တ္ထုထဲက စာသားတွေနဲ့။ "ကျနော့်နံမည် မောင်ညိုမှိုင်း....." ဘာညာပေါ့လေ။
ကျနော်မှာ ဟိုတုန်းက အကြောင်းတွေ ပြန်ရေးတဲ့အခါ အလွဲဖြစ်မှာစိုးလို့ ကိုယ့်ထက် သိမီသူတွေ ဆီမှာ အတည်ပြုချက် အမြဲယူပြီးမှ ရေးလေ့ရှိတယ်။ ဟိုတုန်းကတော့ ဆရာဂျမ်း၊ ခုတော့ ကျနော့်ဆရာ ဦးစောထွန်း။ ကျနော့်ရဲ့ လူစွယ်စုံကျမ်းတွေပေါ့။ သိချင်တာ ကောက်လှန်၊ အကုန်ထွက်တယ်။ ဆရာဦးစောထွန်းက ၁၉၇၀ စက်မှုတက္ကသိုလ်ကျောင်းသားဘ၀ကတည်းက ကျနော့် ဆရာဖြစ်ခဲ့တာ။
တလောတုန်းက မေငြိမ်းရေး (ဟောပြော)တဲ့ အကြောင်းအရာကလေးတခုကို ကြိုက်လွန်းလို့ နည်းနည်း 'နငယ် အမြီးတပ်' ချင်တာနဲ့ တကျပ်မှာ ၆၄ ပြားရှိတာကို သေချာအောင် ကျနော်က မေငြိမ်းနဲ့ အင်တာနက်မှာ ချတ်(chat)လုပ်တာ ဆရာစောဆီ အတည်ပြုချက် ယူရသေးတယ်။ မေငြိမ်းက "ဆရာမင်းသုဝဏ်" အကြောင်းပြောတော့ "ဘကြီးအောင်ညာတယ်" အကြောင်းပြောတာ။ ကျနော်က ဘကြီးအောင်ညာတယ် ဓါတ်ပြားဇာတ်လမ်းထဲက "... ခြောက်ဆယ့်လေးပြား.. ခြောက်ဆယ့်လေးပြား.." ဆိုတာကို နည်းနည်း မှတ်မိနေလို့၊ ဘုန်းကြီးကျောင်းသား မောင်ညိုက ဘကြီးအောင်ဆီက အရုပ်ကို ၀ယ်ဖို့ ပိုက်ဆံစုတာ ဇာတ်လမ်းထဲမှာ အဲဒီသီချင်း အတိုအထွာလဲ ပါတယ်လေ..။ သီချင်းနဲ့ ပါတ်သက်ရင်တော့ အစ်မအေး (ဒေါ်မာမာအေး)လည်း စွယ်စုံကျမ်းပဲ။
ဒီနေ့တော့ အိပ်ရာက အနိုးမှာ သွားတိုက်တာ.. သွားပွတ်တံကို သွားမှာလည်း ပွတ်လိုက်ရော.. "ဝေါ့.. ဝေါ့ .. ထွီ" ဆိုပြီး၊ ပါးစပ်က ကမန်းကတန်း ပြန်ထွေးထုတ်လိုက်ရတယ်။
"ဘာဖြစ်တာလဲဗျ....." ဆိုသလိုပဲ၊ ဘရာလ်ကရင်းမ်း (brylcreem)ကို သွားပွတ်တံထဲ ထည့်ပြီး သွား တိုက်လိုက်မိလို့..ဗျို့.....။ ဒါမျိုးက မှားနေကျပါ။ ဒါပေမယ့် ခုလို ပါးစပ်ထဲရောက်တဲ့အထိ၊ ခေါင်းမှာ လိမ်းရတဲ့အထိ မမှားမိဘူး။ အချိန်မီ၊ လက်မတင်ကလေး သိလိုက်လို့ ဘရိတ်အုပ်လိုက်နိုင်တာချည်းပဲ။
မျက်နှာသစ်ခွက်ရှေ့က မှန်ဘီဒိုကလေးမှာ ခေါင်းလိမ်းဆီ ဘရာလ်ကရင်းမ်း၊ Shaving creme တို့က အပေါ်ဆင့်။ သွားတိုက်ဆေးက အလယ်အဆင့်။
သွားတိုက်ဆေးကို လက်ဖ၀ါးပေါ် ညှစ်ချလိုက်ပြီး ခေါင်းမှာ ပွတ်ခါနီး သိလိုက်တယ်။ ခေါင်းလိမ်းဆီကို သွားပွတ်တံထဲ ညှစ်ချလိုက်ပြီးမှ အချိန်မီ သိလိုက်လို့ သွားပွတ်တံ ပြန်ဆေးရတာလဲ ခဏခဏ။ ခုတော့ သွားပေါ် တိုက်ချလိုက်တဲ့အထိ လက်လွန်သွားတာ။
ဘာဖြစ်တာလဲဗျ... ဘရယ်လ်ကရင်းမ်(Brylcreem) နဲ့ သွားတိုက်မိလို့........ ဗျို့....။
မောင်အေးဝင်း
၃ ရက်၊ အောက်တိုဘာ၊ ၂၀၁၀။
သူသေသွားပြီ၊ မော်တော်ယဉ် မတော်တဆ ထိခိုက်မှုနဲ့ သေပြီလို့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က ကျနော်တို့ သိလိုက်ရတယ်။ ဒီသတင်းကို ကြားသိရပြီးတဲ့ နောက်ပိုင်းမှာ ပြည်တွင်းပြည်ပက ရဲဘော်များ၊ မိတ်ဆွေများနဲ့ သူ့အကြောင်းကို စကားဆုံလို့ မေးကြရင် ပြောကြရင် မပြောချင် ပြောချင် ဒီသတင်းဆိုးကို ကျနော်တို့ ပြောခဲ့ကြရတယ်။ ဘာဖြစ်လို့ မပြောချင် ပြောချင်လို့ ကျနော် ရေးရတာလဲ။ လူတယောက် အသေဆိုးနဲ့ သေရတဲ့သတင်း ဘယ်သူက ပြောချင်မှာလဲ။ အထူးသဖြင့် ချစ်သူ ခင်သူရဲ့ သတင်းဖြစ်နေရင် ဘယ်ပြော ရက်မှာလဲ။ ဘယ်လိုလုပ်ပြီး ပါးစပ်က ပြောထွက်မှာလဲ။
အကြောင်းကတော့ သူနဲ့ ကျနော်တို့ အဆက်အသွယ် ပြတ်သွားခဲ့တာ နှစ်ကာလ အတော်ကြာခဲ့တယ်။ စာမလာ သတင်းမကြားတာ လေးနှစ်လောက် ကြာခဲ့တယ်လေ။ သူ့ကို ကျနော်တို့ အားလုံးက သံယောဇဉ် ရှိကြတယ်။ ချစ်ကြတယ်။ ဘာသတင်းမှ မကြားတော့ ဘာဖြစ်လို့ပါလိမ့်..... ဘာဖြစ်လို့ပါလိမ့်နဲ့ တွေးတောပူပင် ခဲ့ကြတယ်။
သူက မဟုတ်မခံတတ်သူ၊ စိတ်ဆတ်သူ၊ လက်မြန်ခြေမြန် လုပ်တတ်သူဆိုတော့ တခုခုဖြစ်သလားပေါ့။ အဲဒီလို လေးနှစ်တာလောက် ပူပင်နေရတုန်းမှာ ကျနော်တို့က ကြားလိုက်ရတာကိုး။ ရန်သူ စစ်အစိုးရရဲ့ ညှဉ်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို အတော်ခံရပြီး မသေပဲ လွတ်လာသူက ဒီတိုင်းပြည်မှာ ဒီလို ဖြစ်ရတာ ဖြစ်မှ ဖြစ်ရလေ...... ပေါ့။
သူနဲ့ ကျနော်တို့ အပြန်အလှန် မေတ္တာတရားတွေ ကြီးစွာ ထားခဲ့ကြလို့ ကျနော်က သူ့အကြောင်းကို ခုလို စာတစောင်ပေတဖွဲ့ ရေးဖြစ်တာပါ။
သူနဲ့ကိုယ် ၁၉၇၆-၇၇-၇၈ အင်းစိန်ထောင်မှာ အတူနေခဲ့ရတယ်။ ထောင်ကထွက်လာပြီးတော့ ၁၉၇၈-ကနေ ၁၉၈၈ အရေးတော်ပုံကာလအထိ တတွဲတွဲပေါ့။ ယုံကြည်သက်ဝင်တဲ့ နိုင်ငံရေး အယူအဆမှာ တူတာလဲ ရှိတယ်။ ကွဲလွဲတာလဲရှိတယ်။ ဒါပေမယ့် ရန်သူစစ်အစိုးရကို ဆန့်ကျင်တဲ့၊ မုန်းတီးတဲ့ စိတ်ဓါတ်မှာတော့ တစက်ကလေးမှ မကွဲခဲ့ဘူး။ အဲဒီ ခေတ်ကာလမှာ အမိုးတခုထဲအောက် အတူအိပ် အတူစားခဲ့ရသူတွေမှာ ဒီအတိုင်းပဲ။
၁၉၈၈ လူထုအုံကြွမှုကြီးကို ရန်သူက ဖြိုခွဲပြီးတဲ့ အချိန်မှာ၊ ပြင်းထန်တဲ့၊ ရန်သူ့အပေါ် ထားတဲ့ သူသဘောထားကို ကိုင်စွဲပြီး သူဟာ လက်နက်ကိုင်တော်လှန်ရေးနယ်ပယ်ကို ကူးပြောင်းသွားတယ်။ ဒါပေမယ့် သူရောက်သွားတဲ့ နယ်မြေဟာ သူနဲ့ သဟဇာတ မဖြစ်လို့ ရန်ကုန်ကို သူတိတ်တဆိတ် ပြန်ရောက်လာတယ်။ နောက်တော့ အဲဒီနယ်မြေကိုပဲ သူပြန်သွားခဲ့တယ်။
မကြာလိုက်ပါဘူး၊ ကိုယ်လည်း အပြေးကောင်းလို့ ရန်သူ့လက်က သီသီကလေး လွတ်လာခဲ့တယ်။ ကံကြမ္မာလို့ပဲ ဆိုရမလား၊ ဘ၀ရေစက်လို့ ပြောရမလား၊ တဖက်နိုင်ငံရဲ့ နယ်စပ်မြို့ကလေးမှာ မမျှော်လင့်ပဲ ပြန်ဆုံရပါတယ်။ တသက်မှာတော့ ကျနော်တို့နှစ်ယောက် ဘယ်လိုမှ မတွေ့နိုင်တော့ဘူးလို့ အထင်အမှတ်ဟာ ဒုက္ခတွေ၊ အခက်အခဲတွေ အတူတကွ တွန်းလှန်ဖို့ ပြန်ဆုံကြရပြန်ပါတယ်။
သူဆိုတာက ဘယ်သူလဲ။ ပြည်တွင်းက ရဲဘော်တွေထဲမှာ သူ့ကို ချစ်စနိုးနဲ့ ငပွေးလို့ ခေါ်တဲ့လူက ခေါ်တယ်။ ဖိုးကြူးလို့ ခေါ်တဲ့လူက ခေါ်တယ်။ ကိုဖိုးကြူး လို့လဲ ခေါ်ကြတယ်။ ကျနော်တယောက်ပဲ သူ့ကို ဆရာကြီးပွေးလို့ ခေါ်တဲ့ 'မိုးကြိုး ခေါ် စောဖိုးကြူး' ပေါ့။ ရန်သူက နှိပ်စက်သတ်ဖြတ်လိုက်လို့ သေရာက ကိုယ်ရောင်လာပြ လေသလားလို့ ကျနော်ထင်ခဲ့တဲ့ ကိုဌေးဝင်းကို နယ်စပ်မြို့ကလေး ကျနော်ရောက်ပြီး နောက်တနေ့ မနက်လင်းမှာ တွေ့လိုက်ရတယ်။ ၀မ်းသာ လိုက်တာ မပြောတတ်လောက်အောင်ပါဘဲ။
ကိုယ့်မှာ ဘယ်သွားရမှန်း၊ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ နတ်သားကလေးတပါးကို တွေ့လိုက်ရသလို ပေါ့။ အတိုင်းထက်အလွန် ဖြစ်သွားခဲ့တာက အဲဒီ နတ်သားလေးက ကျနော့်အဖို့တော့ ဒိထက် အင်အားကြီးမားတဲ့ နတ်ကြီးတပါးကို ဆွဲထုတ်လာတယ်။ "ကျနော်တယောက်ထဲ မဟုတ်ဘူး.... ကိုဖိုးကြူးလဲရှိတယ်" တဲ့။
ဘာပြော ကောင်းမလဲ သုံးယောက်သား ဘုန်းကြီးကျောင်းဝင်းထဲသွားပြီး ခေါင်းချင်းဆိုင်ကြတယ်။ ဒီလိုနဲ့ ကိုယ်တို့ သုံးယောက် ဘန်ကောက်ကို ရောက်လာတယ်။
ဘန်ကောက်ရောက်ပြီး တပါတ်ဆယ်ရက်မှာ ကိုယ်တို့ သုံးယောက် အသင့်အတင့် ကောင်းမွန်သပ်ရပ်တဲ့ အခန်းတခု ငှားဖြစ်ကြပြီး ဘ၀ရဲ့ တဆစ်ချိုးအပြောင်းအလဲမှာ သမိုင်းရဲ့ ကဏ္ဍအသစ်တခုကို စခဲ့ကြတယ်။
ဘ၀တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ လောကဓံကို ထုသားပေသားကျ နေထိုင်နည်းနဲ့ နှစ် နှစ်လောက် အတူနေခဲ့ကြပြီး ကျနော်က အရင် အမေရိကကို ရောက်လာတယ်။ မကြာဘူး ကိုဌေးဝင်းက ဂျာမဏီကို ရောက်သွားတယ်။ ကျနော့်ရဲ့ ဆရာကြီးပွေး အမေရိကကို ရောက်လာတယ်။
နယ်စပ်မြို့ကလေးက ဘုန်းကြီးကျောင်းထဲမှာ ခေါင်းချင်းဆိုင်ခဲ့ကြတဲ့ ရည်မှန်းချက်တွေ ပြီးပြည့်စုံခဲ့တယ်။
မနေ့ကတော့ အိမ်တအိမ်ကို အလည်ရောက်သွားတာ ဆရာကြီးပွေးသေပြီလို့ ရထားခဲ့တဲ့ သတင်းမှား ကြောင့် စိတ်မကောင်းတွေ ဖြစ်ခဲ့ကြတဲ့ အဖြစ်ဟာ ပြီးဆုံးသွားခဲ့တယ်။ အလည်ရောက်သွားတဲ့အိမ်မှာ အိမ်ရှင်ရဲ့ မောင်ဖြစ်သူက "ကိုဖိုးကြူးကပြောတယ်၊ ခင်ဗျား အယ်လ်အေ ရောက်လို့ ကိုအေးဝင်းကို တွေ့မိရင် ကျနော်က ရှာဖွေနေတယ်လို့ ပြောပေးပါ....." တဲ့။
ကျနော့်နားကို ကျနော် မယုံဘူး ဖြစ်သွားတယ်။ ဘယ်တုန်းက ခင်ဗျားနဲ့ တွေ့လိုက်ပါသလဲပေါ့။ သူသေပြီ မဟုတ်လား.....။ ပြောသူက ရုတ်တရက် ကြောင်သွားတယ်။ တနှစ်ခွဲလောက်တုန်းက သူနဲ့တွေတာပါတဲ့။
ကျနော်တို့ကြားထားတာက လွန်ခဲ့တဲ့ (၃) နှစ်က.....။ ဒါပေမယ့်.....
မသေပါဘူး။ သူမသေးပါဘူး။ ကျနော့်မှာ သူ့ဖုံးနံပါတ်ရှိတယ်...... တဲ့။ အိမ်ရှင်ရဲ့မောင် သိကြားမင်းကြီး က ချက်ချင်း ဖုံးနံပါတ်ကို ထုတ်ပေးတယ်။ သူ့ ဆီက ရ ရချင်း ကျနော် ဖုံးဆက်လိုက်တာ.....
ဆရာကြီးပွေး... ဆရာကြီးပွေး.... ကျနော်တို့ရဲ့ ဆရာကြီးပွေး......။ ကျနော် ဘယ်လောက်များ ၀မ်းသာသလဲဆိုတာ မဖော်ပြနိုင်လောက်အောင် ပါဘဲ။
သူနဲ့ ဖုံးပြောတာ ချပြီးတာနဲ့ လက်လှမ်းမီရာကို ကျနော် သတင်းပို့လိုက်တာ ကြားကြသူတိုင်း ထခုန်မတတ် ၀မ်းသာသွားကြတယ်။
သူကပြောတယ်..... ခု သူ ဆူရှီလိပ်နေတယ် ည (၇) နာရီ ဖုံးပြန်ခေါ်မယ်တဲ့။ သူပြန်ခေါ်တဲ့အချိန် ကျနော်က ဈေးရောင်းပွဲကလေးတခုထဲမှာ ရောက်နေတယ်။ ထခုန်မတတ် ၀မ်းသာတဲ့အထဲက တယောက်ဖြစ်တဲ့ ရဲဘော် တယောက်လည်းဖြစ်တဲ့ မော်ကြီး(ကိုခင်မော်) ကလည်း ပွဲခင်းထဲမှာ ရောက်နေတယ်။ ကျနော်ခဏ စကားပြောပြီး မော်ကြီးကို ကျနော်က တယ်လီဖုံးကို ပေးလိုက်တယ်။ ပွဲကျင်းပနေတဲ့ ကားရပ်ဆိုင်းတဲ့ နေရာမှာ ဆူညံနေတော့ ကျနော်တို့ လမ်းအပြင်ဘက် မှောင်ရိပ်ခပ်ကျကျ မှာ စကားသွားပြောကြတယ်။ သူတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ဆဲဆိုနိုင်အောင် (ရဲဘော်ချင်းမို့ ဒီအသုံးကို သုံးတာ) ကျနော်က ဟိုနား ဒီနား လမ်းလျှောက် ပေးနေလိုက်တယ်။ ကျနော်ပြန်လာတော့ မှောင်ရိပ်ထဲမှာ မော်ကြီး မျက်စိကို လက်နဲ့ ပွတ်နေတယ်။ ကျနော့်ကို ဖုံးပြန်ပေးတယ်။ ကျနော်နဲ့ ဆက်ပြောတယ်။
ဆရာကြီးပွေးက ကျနော်နဲ့ ပြောနေရင်းက အသံနည်းနည်းတုန်လာတယ်။ ခင်ဗျားနဲ့ ပြန်တွေ့ရတာ ကျနော်တော့ ၀မ်းသာလွန်းလို့ ငိုတောင် ငိုချင်လာပြီတဲ့။ ကိုယ့်လူ ကျနော်လဲ ဒီလိုပဲ..... မော်ကြီးတော့ ခုနက သူ့မျက်လုံးကို ပွတ်နေတာ ကျနော်တွေ့တယ်.......... လို့။
ရဲဘော်စိတ်....၊ ရဲဘော်စိတ်....။
ရန်သူနဲ့ ရင်ဆိုင်ခဲ့တုန်းက တယောက်အသက် တယောက်ကို ပေးအပ်လာခဲ့ သူတွေ........ ရှိအတူ မရှိအတူ တလုပ်ရှိရင် တ၀က် ခွဲကျွေးဖို့ ၀န်မလေးခဲ့သူတွေ...... သူတွေ...... သူတွေ.....။
မောင်အေးဝင်း
စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၀။
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲရံပုံငွေ ဈေးရောင်းပွဲပြီး နောက်တနေ့။
၁။
အေးမြသာယာထိုတောရွာ
သတ္တရဘံ တောင်စဉ်ခုနှစ်ထပ်တို့ဖြင့် ၀ိုင်းရံလျက်၊ လေပြေလေညှင်း ဆော်သွင်းမပြတ်မူ၍၊ သင်းကြူကြူ အသီးအပွင့်တို့ကို ဆောင်သည့် ဇီဇ၀ါ ခတ္တာ စမ္ပါယ် စကား ဂေါ်ဖီ ခယား စန္ဒကူး စသော ပန်းပင်တွေနှင့်၊ ချင်းတွင်းမြစ်ရေယဉ်တို့ တသွင်သွင်စီးကျလျက်၊ တောကြက် တောဝက်၊ ဆိတ်၊ သိုး၊ နွား ဥသြ သံတို့နှင့် မဆိတ်ညံသော အညာစစ်ကိုင်းနယ်ရှိ ဤ၀တ္ထု၏ ဇာတ်လိုက်ဖြစ်သူ မှီတင်းနေထိုင်ရာ ဇာတိချက်ကြွေ တောရွာ ကလေးသည်ကား- "သောတာပန်" ဟု နာမပညတ် ခေါ်တွင်အပ်၏။
စာဖတ်သူ အပေါင်းတို့သည် အေးမြသာယာ ထိုတောရွာကလေးသို့ ရောက်ဘူးကြမည် မဟုတ်ပေ။
မရောက်ဘူးသဖြင့်လည်း ကျွန်ပ်တို့သည် ထိုမည် ဤမည်သော စာဖတ်သူအား ရှုတ်ချပစ်တင် ကဲ့ရဲ့ချင်သော စိတ်များ လုံးဝ မရှိချေ။
အဘယ်ဘုရားသည် များစွာသောင်းသောင်း ဝေနေယျအပေါင်းတို့အား "သောတာပန်သို့ မရောက်မရှိကြ စေနှင့် ဆက်ဆက် သွားဖြစ်အောင် သွားလေလော့" ဟု မိန့်ဟ မြွက်ဖော် ဟောကြားတော် မူခဲ့ဘူးသနည်း။ လောကီ လူလုပ်ရေးတွင် သောတာပန်ကို ရောက်ဘူးမှ လူဖြစ်ကျိုးနပ်သည် လူစဉ်မှီသည် မဟုတ်။
အမှန်အားဖြင့် ကုဋေကုဋာသော ဗိုလ်ပါသင်းပင်း ဆင် မြင်း ကျွဲ နွား၊ ကုလား တရုပ် သပ္ပူရိသအပေါင်း သူတော်ကောင်းတို့သည် သောတာပန်သို့ မရောက်ဘူးကြ။ သို့စဉ်လျက် သူတို့သည် ပျော်ရွှင်ကြ၏။ ချမ်းသာကြ၏။
အေးမြသာယာ ထိုတောရွာကလေးတွင် မောင်ဘဆွေဟူသော လူငယ်တယောက် ရှိသတတ်။
ကိုဘဆွေ၊ ဦးဘဆွေ၊ ငဘဆွေ၊ ဟေ့ဘဆွေရေ- လာဟေ့ စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုနိုင်လေသည်။
သူသည် မိရိုးဖလာ ဗမာပြီပြီ တိုင်းရင်းသား တောင်သူလယ်သမား တဦးဖြစ်၏။
အရပ်အမောင်းကောင်း၏။ ပုခုံးကျယ်၏။ အသက်အောင့်၍ အကြောအချဉ် အားလုံးတို့ကို ညီညာရုံးစုကာ အားတင်းထားသော အခါများ၌ သူ့ရင်ဘတ်သည် ဒိုင်းလွှားပမာ ထိုးပါသော်လည်း နာသည်မရှိ၊ လွန်တောင့်ဘိ၏။
သူသည် သမ္မာအာဇီဝတည်းဟူသော သူ့အလုပ်အကိုင် သူ့အိုး သူ့ဆန် သူ့အိမ် ခြံကလေးတို့နှင့် အေးမြသာယာ ထိုတောရွာကလေးတွင် ပျော်ရွှင်တင်းတိမ် ထမင်းမြိန်လျက် အလွန်လျင် စည်းစိမ်ရှိနေ၏။
တခါက "ကွာ- ငါတော့ ဘာပြောပြော အေးအေးဆေးဆေး တို့တောရွာကလေးကိုဘဲ ချစ်တယ်။ မြို့ကြီးလေး ဘာကြီးလေးနဲ့ မျိုးချစ်တို့ ဖာချစ်တို့ ဒို့ငွေတွေ အလွဲသုံးစားပြီး သူတို့ မူးသံတွေနဲ့ ဆူညံနေတဲ့ ရန်ကုန်ကိုတော့ ရွံသကွာ" ဟု ဘဆွေပြောဘူးသည်။
သို့လျင် ကျေးလက်တောသားပင် ဖြစ်လင့်ကစား အသိအလိမ္မာ ဥာဏ်ပညာ၌ ကျွန်ပ်တို့ထက်ပင် သာမယောင်ဖြစ်၍ ခေါင်းဆောင် လူကြီးလူကောင်း မြို့သားများကို သူ့နွားလောက်ပင် အကောင်းမထင်ကြောင်း ထင်ရှား၏။
၂။
စာရေးဆရာ
အကြောင်းတိုက်ဆိုင် ကြုံကြိုက် အခွင့်သာသည့်အလျောက် ကျွန်ပ်သည် ရှေ့သို့ မဆက်မီ ဤ၀တ္ထုကို ခေတ္တရပ်ဆိုင်း၍ စာဖတ်သူအား အနည်းငယ်မျှ အစီရင်ခံပါရစေ။
ကျွန်ပ်သည် ငွေရပေါက်ကိုယ်ကျိုးကို တွေးရှုမျှော်ကိုး၍ ဤ၀တ္ထုကို ရေးရာတွင် ပြင်သစ်နည်းနှင့် မြန်မာ့နည်းကို ရောပြွမ်းအသုံးပြုကာ ရေးလိုက်ခြင်း ဖြစ်ပါသည်။
ပြင်သစ်နည်း ဟူရာ၌ ပြင်သစ်စာရေးဆရာများသည် စာပိုဒ်များကို တိုတိုနှင့် ဖြတ်လေ့ရှိကြ၏။ တပိုဒ်နှင့် ပြီးတန်သောစာကို ဆယ့်လေးငါးပိုဒ်ခွဲ၍ ရေးကြ၏။ ထို့ကြောင့် စာမျက်နှာ ကော်လံ အနည်း အများကို လိုက်၍ ငွေချေသော ထုတ်ဝေသူ ပုံနှိပ်သူများထံမှ ငွေ အမြောက်အမြား ပိုမိုရရှိကြလေသည်။
မြန်မာ့နည်းကား သိတော်မူကြသည့်အတိုင်းပင် စာတလုံးနှင့် အဓိပ္ပါယ် ထိမိပေါက်ရောက်နိုင်သော နေရာတွင် အာဒိကပ္ပ ကမ္ဘာဦးမှ ချီ၍ တောတောင်ရေမြေ သမုတိနတ်များကို တိုင်တည်ပြီးလျင် ဂါထာ ခြောက်ဆယ်ကိုပါ ထည့်သွင်း ရွတ်ဖတ်သရဇ္ဈယ်လျက် ရှစ်သင်္ချေနှင့် နှစ်သိန်းလေးသောင်းသော ယူဇနာအ၀ှန်းမက ဗာရာဏသီချဲ့ကာ ဆုံလည်နွားကဲ့သို့ ရေးသားသီကုံး စပ်ဟပ်သီဆို ဘွဲ့နွဲ့ကြစမြဲတည်း။ သို့ဖြစ်ရကား ဤမည်သော မြန်မာ့နည်းနှင့် ထိုမည်သော ပြင်သစ်နည်းကို ပေါင်းသင်းရောယှက် စုံဖက်ပူးတွဲ ရေးသားခြင်းသည် စာရေးဆရာအဘို့ ရတနာပုံ ဆိုက်လမ်း တခုပေတည်း။ ကျွန်ပ်တို့၏ ဒို့ဗမာ သတင်းထောက် များ၌ပင် ထိုအလေ့ဆိုး အတော်သက်ဝင်လျက်ရှိချေပြီ မဟုတ်ပါလော။
၃။
လယ်သမားဘဆွေ
လယ်သမား မောင်ဘဆွေကား ထကြွလုံ့လ၀ိရီယတို့နှင့် ပြည့်စုံ၏။
ဝသန္တမှသည် ဟေမန္တ၊ ဟေမန္တမှသည် ဂိမန္တဟူ၍ ဥတုသုံးပါးစလုံး ဆယ့်နှစ်ရာသီ နှစ်လည်နှစ်ဆက်ပင် သူ့အဖေ၏ ဘိုးဘပိုင် လယ်ကွင်းတွင် တေးသီချင်းတကျော်ကျော်နှင့် ပျော်ရွှင်စွာ ကြိုးပန်းလုပ်ကိုင်လေသည်။
ကောင်းသည် မှုတ်ပါလော။ ကောင်းမြတ်သော လုပ်ငန်းဖြစ်၏။
ဘုရားအစရှိသော ဘိုးဘွားမိဘ ဆရာသမားတို့သည် ကံဥာဏ်ဝိရိယ သီလ သမာဓိ ပညာ စသည်တို့ကို အားပေးချီးကြူးကြ၏။ ပစ္စုပ္ပန်၌လည်း ဆန်စပါးကို မြန်မာလူမျိုးတို့ အများဆုံး စားသုံးမှီဝဲသည် ဖြစ်သဖြင့် လယ်သမားသည် အမိမြန်မာပြည်၏ ကျေးဇူးရှင် ကျောရိုးပင် ဖြစ်တော့သည် မှုတ်ပါလား။
သို့သော် မြန်မာများ၏ စပါးလုပ်ငန်းကို နိုင်ငံခြားသားများ လက်ဝါးကြီးအုပ် အညွန့်ခူးစားနေကြ၏။ ယခု စာရေးနေချိန်၌ပင် ရန်ကုန်မြစ်ဆီမှ ကုလား အင်္ဂလိပ် တရုပ်တို့၏ စက်ကြီးများ တဒုန်းဒုန်း ခုတ်မောင်းနေသံကို ကြားနေရသည်။
၎။
အမျိုးသားအောင်ပွဲနေ့
တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် မြန်မာပြည်၌ အမျိုးသားအောင်ပွဲ ကျင်းပလေ့ ရှိကြ၏။ ဒေါင်းလံတွေ တလူလူနှင့် အော်ချင်တိုင်း အော်ပြီးလျှင် ဘင်တီး၍ စီတန်းလှည့်လည်ခြင်း စသည်ဖြင့် အမျိုးသားတို့၏ အမျိုးမျိုး အမျိုးချစ်ကြလေသည်။
အဘယ်ကြောင့် အမျိုးသားနေ့ ကျင်းပသည်ကိုကား အထူးရေးရန် လိုမည်မထင်။
အကျယ်ကို သိလိုသူ (၀ါ) ဗဟုသုတ ဟင်းလေးအိုး၌ ငန်းငန်းတက် သရေယိုကုန်သူ သုတေသီ အပေါင်းတို့သည် ဘကြီးမှိုင်း၏ ဘွိုင်းကောက်ဋီကာကို လှန်လှော သောက်သုံးကြပါကုန်။
ထိုတန်ဆောင်မုန်းလ အမျိုးသားနေ့တွင် ဘဆွေသည် မြို့ကြီးသို့ ရောက်သွား၏။
ကြီးကျယ်ဆန်းပြားသော အမျိုးသားနေ့ အခန်းအနားများကို မြင်ရလေသည်။
လူပရိသတ်များ ပြည့်ညှပ်ပြွတ်သိပ်လျက် အတော်စည်ကားသည်ပင်။ ဒါးမတပ် ရဲတပ် သူနာပြု စသည်ဖြင့် အလံများ တမျိုးတည်း မဟုတ်ဘဲ ၉၆ မျိုးလောက် ကွဲပြားကြ၏။ သို့သော် ဘဆွေ သဘော အကျဆုံးကား မီးဒုတ်များ ဖြစ်သတည်း။ မီးဒုတ် မီးဒုတ် ရှို့ရှို့ ဟု အော်သံကိုလည်း ဘဆွေ နှစ်သက်၏။ အလှမီးဒုတ်နှင့် အပျော်အော်သံများသာတည်း။ အော်ကြသော်လည်း တကယ်ရှို့ခြင်းကား မရှိချေ။
ရဲ၍ ရှို့စေကာမူ နိုင်ငံခြား ဓနရှင်ကြီးတို့၏ တိုက်ကြီးများကား ဖြုန်မည်မဟုတ်။ မီးမကူး မလောင်နိုင်သော အခိုင်အမာ တိုက်ကြီးများ ဖြစ်သည့်အပြင် အကယ်၍ လောင်လျှင်လည်း မီးသတ်စက် အကူအညီ သို့မဟုတ် မီးပေါင်ကုမ္ပဏီ၏ လျော်ကြေးများကို အရံသင့် ရရှိနိုင်ကြ၏။ ရှို့သူသာလျှင် ပုလိပ်ရိုက် ထောင်ချခံရမည် ဖြစ်လေသည်။
တရုပ်-ဂျပန်စစ်ပွဲတွင် မီးဒုတ်များ သုံးစွဲခြင်း မရှိချေ။ မီးဒုတ်များမှာ အလွန်ရှေးကျသည်။ အသုံးမကျ ခေတ်မမီဟုဆိုကာ တဦးကို တဦး လေယာဉ်ပျံနှင့် ဗုံးကြဲကြလေသည်။ ထိုနည်းကား အရေးပါ အရာရောက်လှ၏။ ဓနရှင်ကြီးတို့၏ တိုက်ကြီးတာကြီးများနှင့် မီးပေါင်ခံ အသက်အာမခံ ကုမ္ပဏီကြီးများပါ မြို့လုံးကျွတ် သေကျေ ပေါက်ကွဲ ပြာကျ ကုန်စေလေသည်။
ထို့ကြောင့် ကျွန်ပ်တို့သည် ခေတ်အလိုက် ခေတ်မှီသော အလားတူ လက်နက်ကြိယာများ ရရှိသုံးစွဲ နိုင်ရေးကိုသာ ညီညာ အားသွန်ကြဘို့ အချိန်အခါဖြစ်၏။
သို့သော် လယ်သမား ဘဆွေအား ကမ္ဘာအကြောင်း ခေတ်အကြောင်းကို သိကျွမ်းနားလည်သည်ဟု မယူဆအပ်ပေ။ သူ့မဲကို ယူကြသော်လည်း သူ့ပညာရေးကိုကား ဘယ်မျိုးချစ် ဘယ်အစိုးရကမျှ ဂရုမစိုက်ခဲ့။ ထို့ကြောင့် သူသည် မီးဒုတ်များကိုသာ စွဲမြဲ မနောခွေ့ နေ၏။ မီးဒုတ်- မီးဒုတ် ရှို့ရှို့.......
မိဘရပ်ထံ သောတာပန်သို့ ပြန်ရောက်သောအခါ၌လည်း ဘဆွေ၏ဦးဏှောက်သည် မီးဒုတ်များနှင့်သာ ပူထူပြည့်နှက်နေ၏။ စားလျှင်လည်း မီးဒုတ်၊ အိပ်လျှင်လည်း မီးဒုတ်။
ရီးစားဖြစ်သူ သိန်းခင်နှင့် တူနှစ်ကိုယ် တဲအိုပျက်တွင် တွေ့ကြသောအခါ၌လည်း ထုံးစံအတိုင်း မချစ်မူ၍ "မီးဒုတ် မီးဒုတ် ရှို့ ရှို့" ဟု ရွတ်နေ၏။ နားမလည်သော သိန်းခင်မှာ ဘဆွေအား ကြည့်ကာ... ကြီးစွာသော သနားခြင်းအားဖြင့် မျက်ရည်များ ကျမိရှာ၏။
၅။
ဘဆွေဘာပြောသနည်း
တနေ့သ၌..... မြစ်ဆိပ်မှ နွားရေချ၍ အပြန်တွင် ဘဆွေ နောက်ဆုံး နွားပြာနီကို စီးနင်းလိုက်ပါတော် မူခဲ့၏။
ရုတ်တရက် ဘဆွေသည် အလန့်တကြား လက်မြှောက်ကာ.. "အဆွေတို့ .. ရဲဘော်တို့.. ငါသည် နိုင်ငံရေးကို... ကိုယ်ထိလက်ရောက် လိုက်စားတော့အံ့။ မီးဒုတ်များ ငါကိုယ်တိုင် လုပ်အံ့။ မီးဒုတ်ပွဲကြီး ကျင်းပအံ့။ မီးပုံးပျံများ၊ ဒုံးများ လွှတ်ပြမည်။ မြို့သားများထက် သာစေလတံ့" ဟု ကြွေးကြော်လျက် နိုင်ငံရေး လေအိုးသည် စားပွဲကို ဒုံးခနဲ ထုသကဲ့သို့ ဘဆွေလည်း နွားပြာနီ၏ ကျောပြင်ကို အွန့်ခနဲ အားကုန် ထုချလိုက်၏။
နွားများလည်း လန့်ဖြန့်ကာ- ခြေဦးတည့်ရာ ပြေးကြကုန်၏။ ဘဆွေလည်း နွားပြာနီပေါ်မှ ဂျွမ်းပြန်ကျကာ ရွှံ့ဗွက်ထဲတွင် တွေဝေ မူးမော်လျက် ကျန်ရစ်လေသည်။
၆။
မိဘမျက်ရည်
ဘဆွေသည် သူ့အလုပ်ဖြစ်သော.. လယ်ယာစိုက်ပျိုးခြင်း၌ လစ်ဟင်းစ ပြုလာ၏...။
လယ်ယာစိုက်ပျိုးခြင်းတည်းဟူသော လယ်သမားအလုပ်သည် ၀ံသာနု အငတ်မင်းနှင့်.... ဟောင်ဖွာ ဟောင်ဖွာ ခေါင်းဆောင်တို့ထက် အရေးပါ အရာရောက် အဓိပ္ပါယ်ရှိသော တကယ့် ပင်ရင်း မျိုးချစ် လုပ်ငန်းကြီးပင် မှုတ်ပါလော။
စိမ်းစိုသော လယ်ကွင်းပြင်တို့သည်- မြန်မာပြည်၏ သာယာခြင်း ကျက်သရေကို ဆောင်လျက်၊ စပါးတို့သည် ဒို့ဗမာ အပေါင်းတို့၏ မှီဝဲရာ ကျေးဇူးရှင် အဟာရကြီးပင် ဖြစ်သတည်း။ သို့စဉ်လျက် ဘဆွေသည် ဤပင်ရင်း မျိုးချစ်လုပ်ငန်းကြီး၌ ပျက်ကွက် လစ်လပ်လျက် နယောင်နကန်း မီးဒုတ်ရူး ရူးနေ၏။ ဘဆွေကို အပြစ်ဆိုမည်လော။
ဘဆွေထက် ကံကောင်း ကုသိုလ်ကြီးသဖြင့်... ပညာရေအေးကို ငွေပေး ၀ယ်ယူသောက်သုံး နိုင်ကြသော.. ကျောင်းသားများပင်လျင်... "ငါ ပညာများများ တတ်အောင်သင်- သို့မှ အမှောင်ဆိုက်နေသော အမိပြည်ကြီးကို.. အသိတရား ပညာရောင်ဖြင့် လင်းလင်းကြီး ပူဇော်ကန်တော့နိုင်အောင် စာကြိုးစားလိုက်မည်" ဟူသော အရှည်ကောင်းကျိုးကို မတွေးမမြင်ကြဘဲ၊ မီးဒုတ်ရှို့နေကြသော အချိန်တွင် အသို့လျှင် ဘဆွေအား ကဲ့ရဲ့သင်္ဂြုံ အဆိုးဆိုနိုင်ပါအံ့နည်း။
ထို့ကြောင့် ဘဆွေသည် လယ်တော၌၊ "အို.... အဆွေနွားနှင့် ရဲဘော်ထွန်တုံးတို့။ ယနေ့မှစ၍ ငါသည် နောင်နှစ်ခါ နေရှင်နယ်ဒေးအတွက် မဆုတ်မနစ်သော လုံ့လဖြင့် မီးဒုတ်များ လုပ်ကိုင်ဆောင်ရွက်ပါတော့အံ့။ ဤ လယ်ယာလုပ်ငန်း၌ အလဟဿ အချိန်မဖြုန်းနိုင်တော့ပြီ။ သင်တို့ပင်... ၀သုန်ဤမြေကို ဖြစ်သလို ထွန်ယက်ကြတော့..." ဟု နွားနှင့် ထွန်တုံးများအား တောင်သူ့လုပ်ငန်းကို အာဏာကုန် လွှဲအပ်ခဲ့ပြီးသော် သူ့ကိုယ်သူ ယုံကြည်မြှောက်ပင့်ကာ ထွက်သွားလေသည်။
ဘဆွေသည် မြန်မာပြည်၌ ကောဠိဓါတ်ကြီး ဆိုက်ရောက်နေပြီ ဖြစ်၍ လူမွဲတို့၏ ထွက်ရပ်လမ်းများ ဖောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း၊ မကြာမီ ဂဠုန်သည် နဂါးကို သုတ်ပြီးလျှင် မိမိတို့ ရွာပေါ်၌ ပျံဝဲနေလိမ့်မည် ဖြစ်ကြောင်း။ ပျင်းသောသူများ အလုပ်လုပ်ရန် မလိုတော့ကြောင်းများကို သူ့အဖေကြီးအား ခပ်တည်တည် ပြောပြ၏။
ဖခင်ကြီးက... "အေးလကွာ.. မင်းလုပ်ပုံ ရူးပုံနဲ့ဆိုရင် ဒို့ငတ်ကြတော့မှာ ဧကန်ဘဲ...။ လူမွဲတို့၏ ထွက်ရပ်လမ်းက ဘာလဲ၊ သင်းချိုင်းကိုလား၊ မင်းကိုမြင်ရရုံနဲ့ လူမွဲငတ်ပေါက်လမ်းမှန်း သိသာပါပြီ၊ ငါတော့ မင်းဂဠုန်ငှက် ပျံဝဲလာမှ လောက်လေးနဲ့ ပစ်ချပြီး ၀၀ကြီး ချက်ပြုတ်စားလိုက်မယ်...။ အဲသာကမှ အငတ်သက်သာအုန်းမယ်.." ဟုဆိုကာ အဖိုးကြီး မှိုင်ရာမှ ငိုလေ၏။
မျက်ရည်များ ရာဝင်အိုးကြီးနှင့် အပြည့်ရရှိသဖြင့် ထိုနေ့အဖို့ ဘဆွေတို့ အိမ်တွင် သုံးရေ သောက်ရေ လုံလောက်သွား၏။
အိုချစ်ဆွေ စာဖတ်သူ၊ ဤ၀တ္ထုသည် နက်နဲလှသော နိုင်ငံရေး ၀တ္ထုကြီး ဖြစ်၏။ နိုင်ငံရေးဆရာများ၏ အော်ခြင်း၊ ဟစ်ခြင်း၊ ရူးသွတ်ခြင်း၊ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ အမြီးနှံ့ခြင်းတို့သည် ရယ်ဘွယ်ပင်ဖြစ် သော်လည်း၊ ဤ၀တ္ထု၏ တည်ကြည် မြင့်မြတ်ခြင်း ဂုဏ်ပုဒ်ကို.... အိနြေ္ဒနှင့် စောင့်ရှောက်ရန် အရေးကား အဆွေနှင့် ကျွန်ပ်တို့၏ ၀တ္တရားဖြစ်သည်ကို သတိပြုပါလော့။
၇။
သူလျှို
ဖခင်ကြီးနှင့် သဘောကွဲလွဲခြင်းကြောင့် ဘဆွေ၌ ၀မ်းနည်းခြင်း လုံးဝမရှိချေ။ မွေးသဖခင်ကြီးမှာ အစိုးရ ဒရှိုဖြစ်၍သာ သူနှင့် မညီမညွတ် ဖြစ်ရသည်ဟု ယူဆကာ "မျိုးဖျက်တွေ အလိုမရှိ၊ သွေးခွဲသူ သေပါစေ" ဟု အော်လျက် ရွာရှေ့ဇရပ်သို့ သွား၍ မီးဒုတ်များ စတင် လုပ်ကိုင်လေ၏။
ရွာထဲမှ ခလေးများ၊ ခွေးများ၊ အလုပ်မရှိသူများကား ဘဆွေ၏ ပရိသတ်များ ဖြစ်လေသည်။ ဘဆွေလည်း အားတက်ကာ ထိုရွာသားများ၏ အာသီသကို ငဲ့သဖြင့်၊ မီးဒုတ်ပွဲကြီးကို နေရှင်နယ်ဒေး တိုင်အောင် မစောင့်တော့ဘဲ... နောက်တနေ့တွင် ဆက်ဆက်ကျင်းပတော့မည်ဟု ကြွေးကြော်လိုက်၏။ လက်ခုပ်သံများကား ဘဆွေအား ရူးသထက် ရူးစေလေသည်။
၈။
စကားပြောပွဲ
နေအရုဏ်ကျင်းကာ ဘဆွေ၏ နေ့ထူး နေ့ရူးကြီး သိုက်မြိုက်စွာ ဆိုက်ရောက်လာ၏.....။
ရွာနီးချောက်စပ်မှ ခွေးရော လူရော တသောသော လာရောက်ကြ၏။ ဘူးသီးကြော်၊ မုန့်ပေါင်း ကွမ်းရာ စသော ဆိုင်ကလေးများလည်း ထွက်ကြ၏။
နိုင်ငံရေးနှင့် သက်ဆိုင်သော ထိုပွဲတွင် စကားပြော တရားဟောခြင်း ဧကန်မုချရှိမည်မှာ ယုံမှားဘွယ် မရှိချေ။
ကျွန်ပ်တို့ မြန်မာပြည်သည် ကမ္ဘာ့အဆင့်အတန်း၌ မည်မျှပင် အောက်ကျနောက်ကျ ရှိစေကာမူ စကားလေရှည်ပြောခြင်း၌ကား မည်သည့်နိုင်ငံနှင့်မဆို ပြိုင်နိုင်ပေမည်။ အထူးသဖြင့် နိုင်ငံရေး အာဘော်များ၌ အာသန်လှ၏။ ဖိုးပြောချင်မရှား၊ ဖိုးအော်ချင်များလည်း သူ့ထက်ငါ အလုအယက် အော်ကြလေသည်။ စင်မြင့်တခုနှင့် တွေ့လျှင်၎င်း၊ အစည်းအဝေးတခုသို့ ရောက်လျှင်၎င်း၊ နည်းနည်းမျှ အိနြေ္ဒမဆောင်နိုင်ကြပေ။ စကားပြောခွင့်ကို အလျှင်း အလုပ်မခံနိုင်ကြကုန်။
ထင်ပေါ်လိုခြင်း၊ ရင်ဘတ်ပုတ်ကာ ၀ါကြွားခြင်း၊ ကိုယ်ကျိုးရှာခြင်း...၊ ကောက်ကျစ် ညစ်ပတ်ခြင်း... စသော စိတ်ယုတ်၊ စိတ်ဆိုး စိတ်သူခိုးတို့သည် မျိုးချစ်စိတ်အသွင်ကို ဆောင်လျက် ထိုသူတို့၏ အာစောင်များမှ အာပုတ်နံ့၊ ချွဲ သလိပ် တံတွေး အမြှုတ်တို့ဖြင့် ရောနှောကာ ထွက်ပေါ်လာတော့၏။
ထို အချင်းအရာမျိုးမှာ သိတတ်သူများအဖို့ အလွန်သိသာ၍ ရွံရှာစက်ဆုတ်ဘွယ် လိလိပင်။
သို့သော် ထိုသူတို့နှင့် တန်းတူ သို့မဟုတ် အောက်တန်းကျသော နမူးနထိုင်း ပရိသတ်တို့ကား လွန်စွာပင် ပဏာရလေသည်။ သြဘာ မင်္ဂလာ လက်ခုတ်သံများ တဖြောင်းဖြောင်း တ၀ုန်းဝုန်းနှင့် ပွဲကျလှ၏။
ထို့ကြောင့် လောကတွင် ဖိုးပြောချင်များကို မည်သူမျှ တားဆီး၍ မရ။ သူတို့ကား မသေမခြင်း ပြောကြမည်ပင်။
အကြင် အစိုးရသည် တိုင်းသူပြည်သားတို့အား ရင်ဝယ်သားကဲ့သို့ သနားညှာတာသည်ဖြစ်အံ့။ အစိုးရသည် ထို ၁၄၄- (က) စသော ပုဒ်မများကို ဖြုတ်လျှော့၍ အဓိပ္ပါယ်မရှိ အချိန်ဖြုန်းကာ လောက၏ သာယာခြင်း၊ သတ္တ၀ါတို့၏ နားအေးခြင်းကို နှောက်ယှက် စော်ကားနေကြသူ၊ ထိုဖိုးပြောချင်တို့အား အင်္ဂလိပ် ဓါတ်ပြားများ အူသော ခွေးများနှင့်အတူ ဘမ်းဆီးချုပ်နှောင်ဘို့ ကောင်းလေသည်။
တနေ့က ထောင်ကြီး၌ ထောင်သားတယောက်အား ကြိုးပေးခါနီးတွင်... ထောင်မှူးက "မောင်မင်း မသေခင် ပြောချင်တာရှိက ပြောပါ" ဟု ခွင့်ပြုလေသည်။ ထိုအခါ အနီးရှိ ထောင်သားများ အကြားမှ နိုင်ငံရေး အကျဉ်းသမားတယောက်သည် ကြိုးပေးရာ စင်မြင့်ပေါ်သို့ အမြန်တက်လာပြီးသော် "တောင်းပန်ပါရစေ ခင်ဗျာ... ကျွန်တော်တို့၏ သေခါနီး မိတ်ဆွေက ဘာမျှမပြောမီ မပြောခင် မပြောချင်သပဆိုရင် ကျွန်တော် စကားအနည်းငယ် အစီရင်ခံလိုပါတယ်.... နားသောတဆင်တော်မူကြပါခင်ဗျာ... ယခုလို ကြိုးစင်ပေါ်မှ စကားပြောခြင်းမှာ ကျွန်တော်ပင် ပထမဖြစ်သဖြင့်.... အလွန်ပင် ၀မ်းသာပါတယ်။ သို့သော်လည်း အချိန်ကလည်း များများမရသဖြင့် အလွန်ဝမ်းနည်းပါတယ်၊ ကျွန်တော် နောက်ဆုံး ပြောလိုတာကတော့ ဒီ အင်မတန်ဆိုးဝါးတဲ့ ညွန့်ပေါင်းအစိုးရကို ဖြုတ်ပစ် သံပုံးတီးပြီး နောက်တခါ အုပ်ချုပ်ရေးမှာ ရွေးကောက်ပွဲကို တိုက်ဖျက်ပြီး၊ တိုင်းပြည်နှင့် ဆင်းရဲသားများအတွက် ရွတ်ရွတ်မာမာ အကျိုးဆောင်မည့် ကျွန်တော်နှင့် ကျွန်တော်တို့အဖွဲ့ကို ဆန္ဒမဲပေးကြဘို့ ယခုကပင် စ၍ လေးနက်စွာ တောင်းပန် လှုံ့ဆော်လိုက်ပါကြောင်း ခင်ဗျား..." ဟု ဟောပြောသွား လေသည်။
၉။
မီးပွဲကြီး
ဘဆွေ၏ မီးပွဲကြီးကို တက်ဖုန်းကြီး ဦးသောဘိတက နာယက အဖြစ်ဖြစ်.... ဆောင်ရွက် ဖွင့်လှစ်တော် မူ၏။ ဘဆွေ၏ ပညာရဲရင့် ပွဲလယ်တင့်ခြင်း၊ မျိုးချစ်စိတ် ကြီးမားခြင်း၊ အမေရိကန်တို့၌ လူငယ်များ ဘယ့် ကလောက် နိုးကြားနေကြခြင်း များကို ဋီကာချဲ့တော်မူလေသည်။
ဘဆွေလည်း မီးဒုတ်တခုကို ထွန်းညှိ၍ စင်ဒေါင့်တွင် ထောင်ထား၏။ ရှေးဦးစွာ.."ယခု ကျွန်တော် ကောင်းကင်ကို ပျံတက်တဲ့ မီးရှူးကို ပထမ ရှို့ပြပါမယ်" ဟုဆိုကာ၊ မီးရှူးတခုကို ရှို့လေ၏။
သို့သော် ထိုမီးရှူးမှာ ရှူးကနဲ ဘဆွေ၏လက်မှ မြေကြီးသို့ကျကာ မြက်ပေါ်တွင် တလံလောက် ပြေးသွားပြီးသော် နောက်ချေးပုံတခုနှင့် ၀င်တိုက်လျက် ငြိမ်းသွားလေသည်။ ပရိသတ်မှာ ပြေးကြလွှားကြနှင့် အတော်မငြိမ်မသက် ဖြစ်သွား၏။ ဘဆွေလည်း အတော် ရှက်သွားလေသည်။ သို့သော် စိတ်မပျက်မူ၍ ဆက်လက်ကြိုးစားပြန်၏။
"ယခု မီးလုံးဟာ ကောင်းကင်ကို ပျံတက်သွားပြီး စကြာပုံသဏ္ဍာန်နဲ့ တဖန် မြေပေါ်ကို ပြန်ကျလာပါလိမ့်မယ်" ဟု ပြောကာ ဒုတိယ မီးရှူးကို ရှို့၏။
ထိုစကြာမီးမှာလည်း ထူးမခြားနားပင် မြေသို့ ဆင်းပြေးလေသည်။
ပရိသတ်များ ရယ်စပြုလာ၏။ "မတတ်ယင်လဲ မညာနဲ့လေ၊ ရှက်ဖွယ် ရှက်ဖွယ၊် တော်ပါတော့ဗျို့" စသော အသံများ ပေါ်ထွက်လာ၏။
ဘဆွေသည် အံ့အားသင့် ၀မ်းနည်းနေ၏။ အဘယ့်ကြောင့် မိမိ၏ မီးရှူးများမအောင်မြင် ဖြစ်နေသနည်း။ ပရိသတ်ထဲတွင် မလိုမုန်းထားသော ပရောဂဆရာ ပညာသည် လူရှုတ်များ ရှိနေသလော။ ပြဿဒါး နေ့ပေလော။ သို့သော် တတိယမီးရှူးကား အမှန်အကောင်းဆုံး ဖြစ်၏။ "ဟောဒီမီးရှူးကို သီးခံ ရှုစားကြပါ ဂဠုန်ငှက်အသွင်နဲ့ ကောင်းကင်မှာ ပျံဝဲပြီး အနောက်စူးစူးသို့ မျက်နှာဖြူများကို ဖျက်ဆီးသုတ်သင်ရန် ထွက်ခွါသွားပါလိမ့်မည်" ဟုဆိုကာ ခပ်တည်တည် ရှို့ပြန်တော့၏။
သို့သော် ဇီးကွက်နှင့်တူသော ဂဠုန်ငှက်တော်ကြီးမှာ မိုးသို့ အလျင်းမပျံမူ၍ အညတြ သာမန် ဖွတ်ကဲ့သို့ မြေလျှိုးသွားလေသည်။
ပရိသတ်မှာ ရှူးရှူးရှဲရှဲ မကျေမနပ်ဖြစ်ကုန်ကြ၏။ ဆဲဆိုသံများ ကြားရလေသည်။ အချို့လည်း ထပြန်ကြ၏။ ရှေ့နားမှ အဘိုးကြီးတယောက်က "ဟေ့ လူကလေး မသေချာရင် တော်ပါတော့ကွယ်။ ဘေးဥပါဒ် အန္တရာယ်တွေ ဖြစ်ကုန်ပမယ်" ဟု ဘဆွေအား လှမ်းပြော၏။
"တော်ပါတော့ဗျို့" ဟူသော အသံများညံလျက် အခံရခက်လှသော ရယ်သံ သရော်သံများနှင့် မိုးမွှန်နေ တော့၏။ ဘဆွေရှိရာ စင်မြင့်ပေါ်သို့ ခဲများ.. နောက်ချေးတုံးများလည်း တ၀ီဝီ ကျရောက် သက်ဆင်းကြလေသည်။ "တော်ပါတော့ဗျို့"
ဘဆွေသည်ဒေါသအမျက် ချောင်းချာင်းထွက်လာသည်။ ကျန်ရှိသော မီးရှူးဗျောက်အိုးများကို အားလုံးစုပုံကာ "ကိုင်းကွာ" ဟု အားရပါးရ ရှို့ပစ်လိုက်လေသည်။
ဒိန်းကနဲ တခဲနက် ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် တမိုးလုံး မီးရှူးပျံတို့ဖြင့် ပြည့်နှက်သွား၏။ ပရိသတ်များ ဖရိုဖရဲ ကသောက်ကရောက် ဖြစ်ကာ "မီး မီး" ဟူသော ဟစ်အော်ပြေးလွှား ငိုကြွေးသံများ ကြားရလေသည်။ တမဟုတ် အတွင်း၌ပင် သောတာပန်တရွာလုံး မီးဟုန်းဟုန်း လောင်ကျွမ်းလျက် တမိုးလုံး ရဲရဲ တောက် နေလေသတည်း။
ညိုမြ
{၁၉၃၈- ခု၊ ဒီဇင်ဘာလထုတ် ဂန္ထလောက}
[တာရာမဂ္ဂဇင်း၊ အတွဲ၃၊ အမှတ် ၂ မှ ကူးယူဖော်ပြပါတယ်။ ခုနှစ်သက္ကရာဇ် နေ့စွဲရှာမတွေ့ပါ။ ၁၉၄၆ မှ စတင်ထုတ်ဝေသည်လို့ ဖော်ပြထားတဲ့အတွက်၊ အတွဲ ၃ ဖြစ်တဲ့ ဒီစာအုပ်ဟာ ၁၉၄၉ ထုတ်ဟု ယူဆ နိုင်ပါတယ်။]
{သတင်းစာဆရာ၊ စာရေးဆရာ ဦးညိုမြ ကွယ်လွန်ခြင်း ၂၅ နှစ်အမှတ်တရ}
ကိုညိုမြကို လွမ်းလို့ အထိမ်းအမှတ်ကလေး လုပ်တာ ဒီနှစ် ဒုတိယအကြိမ်ပါ။ ဒါ့ကြောင့် ဆရာတော် ကိုပညာကို တွေ့တဲ့အခါကျတော့ ဒေါ်ဒေါ်က မေးချင်တယ်။ ဆရာတော်ကိုပညာရဲ့ 'ကိုညိုမြက ခုထက်ထိ မပူးသေးဘူးလားလို့'။
ဘာပြုလို့တုန်းဆိုတော့ သူက နတ်ဖြစ်တယ်ဆိုတာကို သိပ်သဘောကျတာ၊ သူဖြစ်နိုင်ရင် သူကိုယ်တိုင် ဒီမှာ စာရေးဆရာနတ်ဖြစ်ပြီးတော့ နေချင်မှာ အမှန်ပဲ။ ကိုညိုမြက တောင်သမန်အင်းစောင်းမှာ ဝေါမှူးကြီးနတ်ကို နတ်ကွန်းဆောက်ပေးချင်တယ် ဆိုတာကိုလည်း ဆောက်ချင်တာပေါ့။ သူကိုယ်တိုင်လည်း ဒီနားနတ်ဖြစ်ချင် နေမှာပဲလို့ တပည့်တော် ထင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကို သူက ဘယ့်နှယ်ပြောတုန်းဆိုတော့ ဗိုလ်အောင်ဆန်း နတ်ဆိုတာ ဖြစ်ရမယ် ရှိရမယ်တဲ့။ မလုပ်ပါနဲ့ ကိုညိုမြရယ် အလကားနေမှ နတ်တွေက ရှုပ်လွန်းလို့ ရှိရတဲ့အထဲလို့ ကျွန်မက ပြောတော့၊ အဲ့ဒါ ဗမာ့နည်း၊ ဗမာ့ဟန်ပဲ ဗမာ့ပုံစံတဲ့။ သေလို့ရှိရင် နတ်ဖြစ်တယ်။ ဗမာတွေက ချစ်တယ်။ သူ့ကို အမြဲတမ်း အမှတ်ရတယ် တင်တယ် သတယ်တဲ့။ ဒါ ဗမာချစ်တဲ့ ပုံစံပဲတဲ့။ အဲဒီတော့ ဗိုလ်အောင်ဆန်း နတ်လည်း ရှိရမှာပေါ့တဲ့။ သူက အဲဒီလို ကျမကို ပြောသွားတာပါ။
အဲဒီတော့ ကိုညိုမြကလည်း သူလည်း နတ်ဖြစ်ချင်မှာပဲ စာရေးဆရာနတ်ဆိုပြီးတော့။ ဒါ့ကြောင့် ဦးဇင်းရယ် မပူးသေးဘူးလားလို့ ကျွန်မက မေးချင်တာ။ တကယ်လို့များ ပူးတယ်ဆိုရင် "ကိုယ့်ကို ကိုပညာက အမှတ်ရလို့ ဒီလို အခမ်းအနားလေး လုပ်နေတာ နှစ်ခါရှိပြီ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ ဟာလေးတွေကတော့ မပါသေးဘူး" ဆိုပြီး နှုတ်ခမ်းကြီးစေ့ပြီးတော့ ပြောမှာ တပည့်တော်က ကြားယောင်နေမိတယ်။ ဘာတွေ ရှင်ကြိုက်တာတုန်းလို့ တကယ်လို့များ တပည့်တော်က ဆစ်မေးလိုက်ရင် "ယမကာတို့၊ ဆေးပေါ့လိပ်တို့၊ မြီးရှည်တို့ပေါ့" လို့ သူက ပြောမှာဘုရား။
တောင်သမန်မှာ ရေတွေက ဘောင်ဘင်ခတ်နေတာနော်။ သူ ဒီနားလာပြီးတော့ နှစ်တိုင်း အမြဲတမ်း ရက်တွေ အကြာကြီး နေနေတာ။ တနေ့က ဆရာတော် ရွှေကိုင်းသား ဈာပနကျင်းပတော့လည်း သူ့ကို သတိရလိုက်တာ။ သူရှိရင်တော့ လာမှာ။ နတ်ပွဲတွင်းကလည်း သိပ်ဝေးတော့တာ မဟုတ်ဘူး။ ဆရာတော့် ဈာပနပလည်း ၀ါဆို လပြည့်ကျော် (၈) ရက် ဆိုတော့ ခါတိုင်းထက် နည်းနည်း စောသွားလိုက်ရင် ပြီးတာပဲဆိုပြီးတော့ သူရောက်လာမှာ ဆိုပြီး တပည့်တော် မျက်စိထဲ သူ့ကို မြင်ယောင်လို့ နေတယ်။
ခုတခါ ဒီရောက်တော့ ဥတ္တရလွင်ပြင် ကိုသန်းဌေးက ကိုညိုမြ ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ကဗျာလေးတွေ ကူးပြီးတော့ စာကူးစက်ကလေးနဲ့ လှည့်ပြီး ဝေပြန်တော့လည်း တပည့်တော်တို့ ကျောင်းတုန်းက အတူတူ နေခဲ့ထိုင်ခဲ့တာလေးတွေ ပြန်ပြီးတော့ သတိရနေတယ်။ ဒီကဗျာလေးထဲက ပထမဦးဆုံး ကဗျာလေး ဒေစီသို့ ဆိုတာက တကယ်ပါ၊ ကျောင်းသူမလေးတဦး ဒေစီဝှိုက်ဆိုတာ ရှိပါတယ်။ ကျွန်မတို့နဲ့ တတန်းတည်းပါ။ သူက မော်လမြိုင်က ကျောင်းသူလေးပါ။ သူ့အစ်ကိုတွေကလည်း တက္ကသိုလ်မှာ ရှိတာပဲ။ ဟာရှင်ဗွိုင်ဆိုတာ သူ့အစ်ကိုတယောက်ပါ။ သူတို့က မွတ်စလင်တွေပါ။ ဒေစီဝှိုက်က လှတယ်။ ချစ်စရာလေး။ ပြီးတော့ သူက စန္ဒယားတီးကောင်းတယ်။ ဘင်ဂျိုတီးကောင်းတယ်။ အတီးအမှုတ်မှာ အတော်လေး ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်။
အဲဒါ ကျွန်မတို့ မြို့မကျောင်းကပွဲမှာ တက္ကသိုလ်က တီးဝိုင်းနဲ့ တပင်တိုင်အက အခန်းတခုထည့်တဲ့အခါ ကျတော့ ဒေစီက ဘင်ဂျိုတီးပါတယ်။ အဲဒီ ဒေစီကို ကိုညိုမြက ပိုးပါတယ်။ ပိုးပြီးလို့ သူ့အဆိုအရပေါ့လေ။ သပိတ်မှောက်တော့ သူနဲ့ ဒေစီနဲ့ ကွဲကြတယ်လို့ ပြောတယ်။ နောက်တော့ ဒေစီက အကောက်အခွန် မင်းကြီးကတော် ဖြစ်သွားပါတယ်။ နောက်တော့ ဗုဒ္ဓဘာသာ ဖြစ်သွားပါတယ်။ ယောက်ျားက ဗုဒ္ဓဘာသာကိုး။ သိပ်မကြာလှခင်ကမှ သေသွားရှာတယ်။ သူ ဒီအကြောင်းတွေ ရေးတော့ ငယ်ငယ်တုန်းက ကျွန်မတို့ အတူတူ နေခဲ့ထိုင်ခဲ့တာတွေ ပြန်ပြီးတော့ သတိရတယ်။ ဒေစီက သဘောကောင်းတယ် မဟုတ်လား။ ချစ်စရာလေး။ မျက်လုံးလေး သိပ်လှတဲ့ ကုလားမလေး။ အဲဒါကို ကိုညိုမြ ပိုးတာက ပြောင်ပိုးတာပါ။ ရတာ မရတာ အပထား ဘယ်သူ့ကို သူပိုးတယ် ဘယ်ဝါ့သူပိုးတယ်။ အဲဒီ ပိုးတဲ့အကြောင်း မောင်းတီးနေတာပဲ။ ဒါ သူ့ဝါသနာ။
နောက် ဒီထဲက ပါတဲ့ ငပိကြော်ဆိုတဲ့ ကဗျာထဲကလည်း ခြင်းကြားတို့၊ ပုပုဒွေးတို့၊ မိပုတို့ ဆိုတာတွေက သူနဲ့ မောင်နှမ တ၀မ်းကွဲတွေပါ။ ဟို ၀န်ထောက် ဦးဒွေးရဲ့ သမီးတွေ။ ခြင်းကြားဆိုတာက အမအကြီးဆုံး ပြီးတော့ ပုပုဒွေးဆိုတာက အပုကို ခေါ်တာ။ အပုက ကျွန်မတို့ ပါမောက္ခဆရာဦးမျိုးမင်းကတော်ပါ။ ကျောင်းနာမည်ကတော့ အပုလို့ပဲ ခေါ်ကြတယ်။
ပြီးတော့ ဦးဝန်ကတော် ဒေါ်ကြည်ကြည်၊ ဒီသူတို့ ညီအစ်မသုံးယောက်က အရင်းပါ။ ကိုညိုမြနဲ့ မောင်နှမ တ၀မ်းကွဲ တော်တာတွေလေ။
အဲဒီတော့ သူက အင်းလျားလာလို့ ရှိရင် နှမ၀မ်းကွဲတွေ၊ အစ်မ၀မ်းကွဲတွေကို ခလုတ်တိုက် ခြေထောက်နဲ့ ခတ်သွား ပြီးတော့ ပိုက်ဆံတောင်းတယ်။ ချေးတယ်တဲ့။ ပြန်မပေးဘူး။ သူကဒီလို လုပ်နေကျ။ မိပု ငါဘာမရှိဘူး၊ ညာမရှိဘူး၊ ဘာပေးဦး၊ ညာပေးဦး။ ဟိုက ကျောင်းပိတ်လို့ ပြန်လာရင်လည်း အဲဒီ ငပိကြော်တို့ ဘာတို့က သူက တခါတည်း ခွဲယူသွားတာပါ။ အဲဒါကို သူက ရည်ရွယ်ပြီးတော့ ကဗျာစပ်တာပါ။
ကျွန်မတို့နဲ့ သူနဲ့ အတူတူ နေခဲ့တဲ့ တခေတ်မှာ ကိုညိုမြ ဘယ်ကျောင်းသူနဲ့မှ မစွံပါဘူး။ သူပိုးတာတွေကတော့ ရေတွက်လို့ မကုန်ပါဘူး။ အင်းလျားကလည်း အများကြီးပဲ။ နေ့ကျောင်းသူတွေ ထဲကလည်း အများကြီးပဲ။ နို့ပေမယ်လို့ သူက အင်္ဂလိပ်စာတော်တာက လွဲလို့ အမျိုးသမီးတွေ စုံမက်လောက်စရာ သူ့မှာ ဘာမှ မရှိပါဘူး။ သူက ညစ်ပတ်တယ်။ စုတ်ပဲ့တယ်။ ပစ္စလက္ခတ် နေတတ်တယ်။ သူ့ကြည့်လိုက်ရင် ဘယ်တော့မဆို သန့်သန့်ရှင်းရှင်း ကြော့ကြော့ရော့ရော့ မိန်းကလေးတွေ စိတ်ဝင်စားဖို့ရာ အနေအထိုင် အမူအရာ ဘာမှ မရှိဘူး။ ဆေးပေါ့လိပ်ကြီး တဖွါးဖွါးနဲ့ ပြာတွေနဲ့ ဘာနဲ့ အဲဒီလို ရှုပ်တီးရှုပ်ပွတွေ ဒီလိုနေတာ။ အဲဒီတော့ ကျွန်မတို့ ရှိတဲ့ခေတ်တုန်းက ကျောင်းသူ ဘယ်သူကမှ သူ့ကို ပြန်ပြီးတော့ မကြိုက်ဘူး။ သူက ပိုးတာတွေကတော့ ခု ဒေစီတို့လို ဟာတွေကတော့ အများကြီး။ သူက ဒိတ်ဆိုတဲ့ ဟာတွေ အကုန်ပိုးတာပဲ။
ကျွန်မတို့ ကျောင်းကထွက်ပြီးတဲ့နောက်ကျတော့မှ ခင်သင်းနွယ်နဲ့ ရတာပါ။ အဲဒီကျတော့လည်း မယ်တက္ကသိုလ် ရတယ်ဆိုပြီး ကျွန်မတို့ဆီကို ကြွားပြီး အကြောင်းကြားတာပါ။ သူက မယ်တက္ကသိုလ်နဲ့ ရတယ်။ လှတာချောတာကို သူက ကြိုက်တာကိုး။ ကိုညိုမြက အဲဒီလိုပါ။ ကိုညိုမြ ငယ်ငယ်တုန်းက ဒီလိုဟာတွေ ကြိုက်ခဲ့ပေမယ်လို့ ကိုညိုမြ သတင်းစာ ပညာတော်သင်ကနေ ပြန်လာပြီးတော့ ဗမာပြည်မှာ အလုပ်ခွင်ထဲ ၀င်တဲ့အခါ ကျတော့ ကိုညိုမြက အဲဒီလို ချောတာတွေ၊ လှတာတွေ၊ ရေပေါ်ဆီတွေ နောက် သူ မလိုက်ရှာပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်တယ်။ ရေနက်ထဲကို ဆင်းလျှောက်တယ်။ သူ့ သတင်းစာဆရာဘ၀ဟာ မဖြောင့်ဖြူး မသာယာပါဘူး။
ဟိုတုန်းက သူနဲ့ အာဏာရနေတဲ့ လူတွေနဲ့က ဖက်လှဲတကင်း အင်မတန် တရင်းတနှီး ရှိတဲ့ လူတွေချည်းပေါ့။ တယောက်မှ လူစိမ်းမပါပါဘူး။ အဲဒါတွေကို သူ ကြိုက်သလို သူ့အတွက် သူ့ကိုယ်ရေးကိုယ်တာ အတွက် သူ့သတင်းစာအတွက် အသုံးချပြီးတော့ ဟိုလူတွေအကြိုက် လိုက်ပြီးတော့ သူဆောင်နေမယ်လို့ ရှိရင် ကိုညိုမြဟာ သူဌေးတယောက်လည်း ဖြစ်ချင်ဖြစ်နေမှာပါ။ နည်းအမျိုးမျိုးနဲ့ စောင်မနိုင်ပါတယ် သူ့ကို ဟိုလူတွေက။ ရာထူးပေးလို့လည်း ၀န်ကြီးထိအောင် ဖြစ်နိုင်ပါတယ်။ ဒီလို မဟုတ်ရင်လည်း စီးပွါးရေးအရ အဘက်ဘက်က ပြေလည်အောင် ကူညီနိုင်ပါတယ်။ နို့ပေမယ့် ကိုညိုမြက ဒီလမ်းမျိုး မလိုက်ပါဘူး။ သူယုံကြည်တာ သူမှန်တယ်ထင်တာကိုပဲ ဘယ်အခါမဆို ပြောဆို ရေးသားပြီးတော့၊ ပေါက်ဆိန်ပေါက်ပွဲ ကျတော့လည်း သူ့တိုက်က ရှေ့က ခံခဲ့ရတာပဲ။ အဲ.... အာမခံတင်ဦး ဟယ်၊ ဘာဦးဟယ် ဆိုတော့လည်း သူ့ခမျာ အခြားအတိုက်အခံ သတင်းစာတွေနဲ့အတူ ပါရှာတာပါပဲ။ ကိုညိုမြဟာ သာယာတဲ့လမ်း၊ ပန်းခင်းတဲ့လမ်း၊ ဖြောင့်ဖြူးတဲ့လမ်းကို ဘယ်တော့မှ မရွေးပါဘူး။ အမှန်တရားလို့ သူယုံကြည်တဲ့ဘက်က တလျှောက်လုံး သွားပါတယ်။
ဒီတော့ သူငယ်ချင်းတယောက်အနေနဲ့ ရေးဘော်ရေးဘက်တယောက်အနေနဲ့ သူ့ကို စိတ်ထဲက လေးစားပါတယ်။ ဦးဇင်းက အခုလို အမှတ်တရပွဲလေး လုပ်တယ်ဆိုတော့လည်း ၀မ်းသာတယ်။ တခြား ဘယ်မှာမှ ဒီလိုပွဲ မရှိပါဘူး။ ကိုညိုမြပွဲ ဒီမန္တလေးမှာ ဒီနေရာမှာပဲ ရှိပါတယ်။
အဲဒါ... သြော် ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင် လုပ်နေတာပဲ။ တို့ ၀မ်းသာစရာ ကောင်းတယ်။ ရေးဘော်တယောက် ကိုညိုမြတယောက်အတွက် ဒီလိုပဲ ရှိရမှာပဲ။ သူပြောသလို သူကြိုက်တဲ့ နည်းမျိုးနဲ့ ပသတာမျိုး တင်မြှောက်တာမျိုး မဟုတ်စေကာမူ စာရေးဆရာတွေအနေနဲ့ ရေးဘော်ရေးဘက်တွေ အနေနဲ့ တလေးတစား တမြတ်တနိုး ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်တဲ့အတွက် ၀မ်းသာဂုဏ်ယူပါတယ်။
ဆရာတော် ကိုပညာကိုလည်း ဒီအတွက် တပည့်တော်တို့က ထူးထူးလည်လည် ကျေးဇူးတင်ပါတယ် ဘုရား။ တတ်နိုင်သလောက် အရှင်ဘုရား ဒီခရီးကို ဆက်သွားပါ။ တပည့်တော်တို့လည်း တတ်နိုင်သလောက် ပါဝင်ပါရစေလို့ လျှောက်ပါတယ်။ ဒါပါပဲဘုရား။
လူထုဒေါ်အမာ။
[လူထုဒေါ်အမာ (၈၂)ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေတဲ့ "တောင်လေးလုံးမှ နတ်ကျွန်အထိ အမှတ်တရ မှာစကား" စာအုပ်မှ ကူးယူဖော်ပြပါတယ်။ ဒီစာအုပ်ကို ကြီးပွါးရေးစာအုပ်တိုက်မှ ၁၉၉၇ ခု၊ နိုဝင်ဘာလမှာ ပထမအကြိမ် ရိုက်နှိပ်တာ ဖြစ်ပါတယ်။]
ဆရာမင်းလတ်ရဲခေါင်ရဲ့ အမည်ရင်းက ဦးထွန်းကြည် ဖြစ်ပါတယ်။ ဆရာက မြန်မာစာ ဘာသာဗေဒ ပညာရှင်၊ စာပေ သမိုင်းပညာရှင်၊ စာရေးဆရာနဲ့ ကျောင်းဆရာ ဖြစ်ပါတယ်။ ဆရာက အဲဒီအချိန်တုန်းက ချက်ကိုစလိုဗက်ကီးယား နိုင်ငံအတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းနဲ့ သိပ္ပံသိမှတ်စရာတွေကို အများဆုံး ပံ့ပိုး ပေးတဲ့သူပါ။
ဆရာ့ကို ၁၉၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ မွေးပါတယ်။ ရန်ကုန် စိန့်ပေါလ်အလယ်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီတုန်းက ဒီကျောင်းက နံမည်ကြီး ကျောင်းတကျောင်းပါ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့ အောက်မြန်မာနိုင်ငံရဲ့ ပဲခူးဒေသကနေ ဂျပန်ကျူးကျော်သိမ်းပိုက်မှုကို ထကြွပုန်ကန်ကြတဲ့အထဲမှာ ဆရာပါဝင်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ ဆရာဟာ ဗမာပြည် ကွန်မြူနစ် ပါတီဝင် တယောက် ဖြစ်လာပါတယ်။ အဲဒီနှစ်မှာပဲ ဆရာဟာ မြေအောက်သို့ တောခိုခဲ့ပါတယ်။
၁၉၅၀ ခုနှစ်၊ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ ပရာဟာမြို့ကို ပထမဆုံး ရောက်လာကြတဲ့ မြန်မာကျောင်းသား သုံးဦးထဲမှာ ဆရာဟာ တယောက်အပါအ၀င် ဖြစ်ပါတယ်။ ပရာဟာမြို့ရှိ ချက်ပြည်ထောင်စု သမ္မတနိုင်ငံတက္ကသိုလ် ချည်မျှင်ဗေဒဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်းဘာသာရပ်တွေကို သင်ယူခဲ့ပါတယ်။ ဆရာတင်သွင်းတဲ့ ဒီပလိုမာဘွဲ့စာတမ်းရဲ့ ခေါင်းစဉ်ကတော့ "အင်္ဂလိပ်စာချွန်တော်များထဲမှ မြန်မာနိုင်ငံ" ဖြစ်ပါတယ်။ ဒီစာတမ်းက ပရာဟာရဲ့ မြန်မာစာလေ့လာရေးအတွက် မိတ်ဆက်စာတမ်းတစောင် ဖြစ်ပါတယ်။ ပရာဟာ ဘာသာစကား သင်တန်းကျောင်းမှာ ဆရာက မြန်မာစာကို ပို့ချပေးပါတယ်။ ခုနှစ်က ၁၉၅၅-၅၈ ခုနှစ်တွေမှာပါ။ "မြန်မာ-အင်္ဂလိပ် နှင့် အင်္ဂလိပ်-မြန်မာ အက္ခစဉ် ဝေါဟာရများနှင့် ပရာဟာသင်ကြားနည်း၊ မြန်မာဖတ်စာအုပ်" ကို ဆရာက ရေးသားပြုစုပြီး ၁၉၅၆ ခုနှစ် ပုံနှိပ်ထုတ်ဝေပါတယ်။ ဆရာ့ရဲ့ ကျေးဇူးကြောင့် ချက်ကျောင်းသားတွေဟာ မြန်မာဘာသာစကားကို ဦးဦးဖျားဖျား လေ့လာခွင့် ရရှိခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်များအတွင်းမှာ အဲဒီကျောင်းသားတွေထဲက နှစ်ယောက်က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်မှာ ဆက်လက် ပညာသင်ကြားခဲ့ ကြပါတယ်။
၁၉၅၅-၁၉၆၇ ခုနှစ်တွေမှာ ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့ဖျားတက္ကသိုလ်မှာ ဆရာဟာ သုတေသနလုပ်သားတဦး ဖြစ်လာပါတယ်။ ၁၉၆၀ မှာ "အကယ်ဒမီသိပ္ပံနဲ့ သင့်တော်သူ" ဆိုတဲ့ အမည်ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။ ချက်တက္ကသိုလ် ဒဿနိကဗေဒဌာနမှာလည်း ဆရာတဦး ဖြစ်လာပါတယ်။ ၁၉၆၀ ခုနှစ်များအတွင်း မှာတော့ ပရာဟာ အရှေ့ဖျားတက္ကသိုလ်ရဲ့ ဘာသာဗေဒ အ၀န်းအ၀ိုင်းအတွင်းမှာတော့ ဆရာဟာ တက်ကြွတဲ့ အဖွဲ့ဝင်တဦး ဖြစ်လာပါတယ်။ ဆရာ့ရဲ့ ခေတ်ပေါ်မြန်မာဘာသာစကားနဲ့ စာပေအကြောင်း လေ့လာချက်စာတမ်း တွေကို ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါတယ်။ မြန်မာစာပေ အတော်များများကို ချက်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ တာလည်း ရှိပါတယ်။ ဆရာကိုယ်တိုင်ကလည်း တက်ကြွတဲ့ စာရေးဆရာတဦး ဖြစ်ပါတယ်။ ရဲခေါင် ဆိုတဲ့ ကလောင်အမည်နဲ့ မြန်မာပြည်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဆရာ့ရဲ့ ၀တ္ထုတိုတွေ၊ ကဗျာတွေ တော်တော်များများ ရှိပါတယ်။ "အာရှလမ်းဆုံလမ်းခွမှ မြန်မာပြည်" ဆိုတဲ့ ဆရာ့ရဲ့စာအုပ်ဟာ ချက်ကိုစဗက်ပြည်သူတွေကို မြန်မာနိုင်ငံဆိုင်ရာ သမိုင်း၊ နိုင်ငံရေးနဲ့ စီးပွါးရေးတွေကို ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်ပါ။ ဆရာ့ရဲ့ အဓိက အရေးပါဆုံးဖြစ်တဲ့ စာတွေကတော့ သိပ္ပံလေ့လာချက်ဆိုင်ရာ စာတွေ ဖြစ်တယ်။ ဒီသိပ္ပံလေ့လာချက် ဆောင်းပါးတွေကို အရှေ့ဖျားတက္ကသိုလ်ရဲ့ သိပ္ပံစာစောင်ဖြစ်တဲ့ "အရှေ့ဖျားမော်ကွန်း" စာစောင်မှ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
"မြန်မာစာ ရောမအက္ခရာနဲ့ ရေးသားပုံ ပရာဟာ သင်နည်းစနစ်" ဆောင်းပါးကို ၁၉၅၈ ခုနှစ်ထုတ် "အရှေ့ဖျားမော်ကွန်း" စာစောင် အမှတ် ၂၆ မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဆရာက ချက်ကိုစလိုဗက်ဆိုင်ရာ ဗဟုသုတ ကြွယ်ဝမှု ရှိတဲ့အတွက် ဒီဆောင်းပါးကို ရေးသားနိုင်တာ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ မြန်မာစာမှ လက်တင်စာ၊ လက်တင်စာမှ မြန်မာစာကို အမှားအယွင်းကင်းစွာ တိကျ မှန်ကန်စွာ ပြောင်းလဲ ရေးကူးနိုင်တဲ့နည်းကို ဖော်ပြထားပါတယ်။ အသံနိမ့်မြင့် ၄ သံနဲ့ ရေးကူး နိုင်ပါတယ်။ အနီးကပ်ဆုံး အသံထွက်ကို ရရှိနိုင်ပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းတွေမှာ ဒီနည်းကို ယနေ့အထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဆရာ့ရဲ့ နောက်ထပ် ဘာသာရပ်လေ့လာချက် စာတမ်းတွေကတော့ "ခေတ်ပေါ်မြန်မာစာပေရှိ စကားလုံးနှင့် ၀ါစင်္ဂဆိုင်ရာ ခွဲခြား ရွေးထုတ်မှု ဖြည့်ဆည်းချက်" ၁၉၅၉၊ အရှေ့ဖျားမော်ကွန်း။ "မြန်မာ့သဒ္ဒါ လေ့လာချက် ပထမအကြိမ်အစီရင်ခံစာ" ၁၉၆၂၊ အရှေဖျားမော်ကွန်း။ "ဒုတိယအကြိမ်အစီရင်ခံစာ" ၁၉၆၃၊ အရှေဖျားမော်ကွန်း။ "တတိယအကြိမ်အစီရင်ခံစာ" ၁၉၆၄၊ အရှေ့ဖျားမော်ကွန်း နဲ့ "ခေတ်ပေါ်မြန်မာစာနှင့် အရပ်သုံးစကားများအတွင်းရှိ အသံအနိမ့်အမြင့် အဆက်အစပ် စကားအဆုံး အသံနဲ့ ဖိရွတ်ဆိုမှု" ၁၉၆၅၊ အရှေ့ဖျားမော်ကွန်းတို့ပဲ ဖြစ်ပါတယ်။
ဆရာရဲ့ သုတေသန တွေ့ရှိချက်ဆိုင်ရာ မှတ်တိုင်တခုဖြစ်တဲ့ စာအုပ်ကတော့ ၁၉၆၆ ခုနှစ်မှာ ပရာဟာ အကယ်ဒမီသိပ္ပံ၊ အရှေ့ဖျားတက္ကသိုလ်မှာ တင်သွင်းတဲ့ အရှေ့ဖျားဆိုင်ရာဘွဲ့ယူစာတမ်း အမှတ်စဉ် ၁၁ ဖြစ်တဲ့ "မြန်မာစာခေတ်မီရေးပြုလုပ်ချက်" ဘွဲ့ယူစာတမ်း ဖြစ်ပါတယ်။ ဒီစာတမ်းထဲမှာ မြန်မာဘာသာစကားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတရပ်ပါရှိပြီး၊ ဖြစ်နိုင်တဲ့ ရှေ့ဆက်ဖွံ့ဖြိုးမှုနဲ့ စကားအသုံးအနှုန်းတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက် တွေ ပါဝင်ပါတယ်။
မြန်မာဘာသာစကားနဲ့ စာပေဆိုင်ရာ အစဉ်အလာသမားတွေ၊ ကွန်ဆာဗေးတစ်တွေကို ဝေဖန်တိုက်ခိုက် နေတဲ့ ခေတ်ပေါ်မြန်မာဘာသာစကားနဲ့ စာပေသမားအတွက် ဆရာ့ရဲ့ ကျမ်းစာတွေက အများကြီး အထောက် အကူ ဖြစ်ပါတယ်။ အစဉ်အလာသမားတွေ ဆိုတာက အရေးကြီးတဲ့ ကျမ်းတွေကို ရေးသားရာမှာ ဂန္ဓ၀င် မြန်မာ စာပေသည်သာ သင့်တော်တယ်လို့ ထင်နေတဲ့ သူတွေပါ။ ခေတ်ပေါ်နည်းနဲ့ ရေးတာဟာ မြန်မာဘာသာစကားရဲ့ အစဉ်အလာကို နိမ့်ကျစေတယ်လို့ ဒီလူတွေက ထင်နေကြတာပါ။ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက လူငယ်စာရေးဆရာမျိုးဆက်တွေဟာ စာပေမှာရော၊ ကျမ်းရေးရာမှာပါ ခေတ်ပေါ် မြန်မာဘာသာစကားကို အသုံး ပြုခဲ့ကြပါတယ်။ ဒီရေးသားနည်းဟာ ဘာသာစကားကို ပိုမိုရှင်းလင်းအောင် ရေးသားနိုင်ပြီး ပိုမိုသိမြင်နားလည် နိုင်စေတယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ဆောင်းပါးတွေ လေ့လာချက်တွေကို ခေတ်ပေါ် ဘာသာစကားနဲ့ မြန်မာသတင်းစာ၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေမှာ ပို၍ ရေးသားလာကြတဲ့ အခါကျမှာသာ ဒီရေးနည်းရဲ့ တိမ်းညွတ်မှုကို စောင့်ကြည့်အကဲခတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
၁၉၆၀ ခုနှစ် New Orient စာစောင် အမှတ် ၁၊ ၃၊ ၆ နဲ့ ၁၉၆၂ ခုနှစ်ထုတ် အမှတ် ၃ တို့မှာ ဆရာ့ရဲ့ "မြန်မာစာပေပင်မရေစီး" ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဆရာ့ရဲ့ စာပေဆိုင်ရာ စိတ်ဝင်စားမှု တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို့ပြင် ၁၉၆၄ ခုနှစ် (အာရှ-အာဖရိက စာပေစာစောင်) တခုမှာ "မြန်မာစာပေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာရေးသားခဲ့တာ ရှိပါတယ်။ ဒီဆောင်းပါးထဲမှာ မြန်မာစာပေ ဖြစ်ပေါ်တိုးတက်မှုအကြောင်းကို ဖော်ပြထားပါတယ်။ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်တဲ့ ဆရာ့ရဲ့ ချက်ကိုစလိုဗက် ဘာသာနဲ့ ရေးတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ စာပေဆိုင်ရာ စာအုပ်တွေလည်း ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေကို ချက်ကိုစလိုဗက် ဘာသာသို့ ပြန်ဆိုထုတ်ဝေတဲ့ စာအုပ်တွေလည်း ရှိပါတယ်။
ဆရာမင်းလတ်ရဲခေါင်ဟာ ထင်ရှားတဲ့ ဘာသာဗေဒပညာရှင် ဖြစ်တဲ့အတွက် အရှေ့ဂျာမနီ (ယခင် အရှေ့ဂျာမနီ)၊ ရုရှားနဲ့ အင်္ဂလန်တို့မှ မြန်မာစာဘာသာဗေဒ ပညာရှင်တွေနဲ့ အဆက်အသွယ်ရှိပါတယ်။
၁၉၆၇ ရောက်တော့ ချက်ကိုစလိုဗက်နိုင်ငံမှ တရုတ်နိုင်ငံ ပီကင်းမြို့သို့ ထွက်လာခဲ့ပြီး အဲဒီမှာ ရှမ်းဘာသာစကားကို လေ့လာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်များ အတွင်းမှာ ဆရာမင်းလတ်ရဲခေါင်ဟာ တရုတ်-မြန်မာ နယ်စပ်တနေရာမှာ နေထိုင်ရင်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
နိုင်မြင့်သစ်
ရည်ညွှန်း
U Minn Yekhaum- Founder of Burmese Studies in Czchoslovakia ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
လက်ဖက်အကြောင်းကို ကမ္ဘာ့စွယ်စုံကျမ်းများက ရေးသားဖော်ပြကြတဲ့အခါ လက်ဖက်ရည်ဟာ ရေကလွဲရင် လူသားတွေ အသောက်သုံးဆုံး အရည်ဖြစ်တယ်လို့ ဆိုကြတယ်။ လက်ဖက်ရည်(အချို)၊ လက်ဖက်ရည် (အဖန်-အခါး) ဟာ ရေကလွဲရင် လူတွေ အသောက်သုံးဆုံးအရည် ဆိုတဲ့စကားဟာ သိတ်မှန်တာပေါ့။ ကော်ဖီတွေ၊ ကိုကိုးတွေ ရှိသေးသားကပဲ။ နို့ပေမယ့် လက်ဖက်ရည်လောက် လူကြိုက်မများဘူး။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း လက်ဖက်ရည်အချိုဟာ စစ်ပြီး ဒီဘက်ခေတ်မှာ ကော်ဖီထက် ပိုပြီး သောက်သုံးသူများလာတာ တွေ့ရတာပဲ။ လက်ဖက်ရည် (အဖန်-အခါး) ကတော့ ကျွန်မတို့ တောသူတောသား တွေရော၊ မြို့နေ လူပေါင်းစုံရော ရှေးကလည်းသောက်တယ်။ အခုလည်း စုံစုံမက်မက် သောက်နေကြတာပဲ မဟုတ်လား။
အဲ တခြားနိုင်ငံတွေထက် ကျွန်မတို့နိုင်ငံက လက်ဖက်ကို ပိုပြီး တမျိုးတဖုံ၊ စားသုံးမှု ရှိသေးတယ်။ လက်ဖက်ရွက်ကို ခူးပြီး မီးနဲ့ ပေါင်းပြီးသိပ်ထားတဲ့ လက်ဖက်စိုကို စားတဲ့ ဓလေ့ လေ........။
လက်ဖက်စိုကို ဒီလိုစားတာ နိုင်ငံများများ ရှိမယ်မထင်ပါဘူး။ တခမ်းတနား အများဆုံး စားတာက ကျွန်မတို့နိုင်ငံ၊ ပြီးတော့ အနည်းအပါး စားတာက ထိုင်းနိုင်ငံ၊ ဒါလောက်ပါပဲ။
လက်ဖက်စိုကို ကျွန်မတို့နိုင်ငံက ရိုးရာလူမှုဓလေ့အဖြစ်နဲ့ စားသုံးတယ်။ ခံတွင်းချဉ်ပြေစေရန် စားတယ်။ တည်ခင်းဧည့်ခံ ကျွေးမွေးရာမှာ စားစရာ အဟာရတခု အနေနဲ့ တည်ခင်းဧည့်ခံတယ်။ မုန့်ပဲသရေစာလို စားတယ်။ ဒီခေတ်မှာ ဟင်းရှားတော့ ထမင်းနဲ့အတူ ဟင်းအဖြစ်နဲ့လည်း စားပါတယ်။
လက်ဖက်စိုကို ယောက်ျားတွေထက် မိန်းမတွေက ပိုပြီး နှစ်နှစ်သက်သက် စားပါသေးတယ်။ ခေတ်ဆန်ချင်လွန်းလို့ ထဘီချွတ်ပစ်ပြီး ဘောင်းဘီဝတ်တယ်၊ စကတ်ဝတ်တယ်ဆိုတဲ့ မိန်းကလေးတွေလည်း လက်ဖက်နဲ့တွေ့ရင် ဟန်မလုပ်နိုင်ပါဘူး။
လက်ဖက်အစိုကို မြည်းကြည့်ရင် ဖန်တဲ့အရသာ၊ ခါးတဲ့အရသာ၊ ချဉ်တဲ့အရသာ၊ ဆိမ့်တဲ့အရသာဆိုတဲ့ အရသာလေးမျိုး တခုနဲ့တခု မယုတ်မလွန် တွဲဖက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကို ဆားသင့်ရုံထည့်ပြီး နှမ်းဆီ၊ ပဲဆီ စစ်စစ်ကလေး အိနေအောင်ဆမ်းပြီး စားကြတာပါ။
လက်ဖက်စိုမှာ ဆားနယ်တာက အရေးပါပါတယ်။ ပြီးစလွယ်နယ်လို့ မကောင်းပါဘူး။ လက်ဖက်ရွက်က ပေါင်းထားပြီး လပေါင်းများစွာ လေလုံ၊ ရေလုံ တောင်းထဲမှာ သိပ်ထားတဲ့ ပစ္စည်းဖြစ်လေတော့ ဆားမထည့်ခင် လက်ဖက်ရွက်ကလေးတွေကို တရွက်စီ၊ တခက်စီ ဖြစ်သွားအောင် လက်နဲ့ ဖွရပါတယ်။ ပြီးမှ ဆားဖြူးပြီး နှံ့အောင် ဆွနယ်ပေးရတာပါ။ လက်ဖက်ဟာ ဆားပေါ့ရင် မကောင်းဘူး။ အဆာစုံနဲ့ စားမယ့် လက်ဖက်ဆိုရင် ဆားလေးလေး ထည့်နယ်ပါ။
ခုခေတ် လူငယ်တွေတချို့က လက်ဖက်ကို ရေဆေးပစ်လိုက်သေးတယ်။ ပြီးမှ ရှောက်ရည်ထည့်၊ ဟင်းချိုမှုန့်ထည့်ပြီးမှ ဆားနဲ့ ဆီနဲ့ နှပ်ကြပါတယ်။ လူကြီးတွေက လက်ဖက်ရဲ့ ပင်ကိုယ်အရသာကို ပျက်စေတဲ့ ရေနဲ့ဆေးပစ်တာ၊ ပြီးတော့ ဟင်းချိုမှုန့်ထည့်တာ မကြိုက်ကြဘူး။ ရှောက်ရည်၊ သံပုရာရည်ကိုလည်း လူကြီးတိုင်း မကြိုက်ဘူး။ တချို့ကသာ ကြိုက်ပါတယ်။
ကိုယ့် စိတ်တိုင်းကျ နှပ်ထားပြီးပြီးဆိုရင် တောသူတောင်သားများကတော့ စားသောက်ပြီးတဲ့အခါ ခံတွင်းချဉ်ပြေ လက်ဖက်တရိုး ပါးစပ်ထဲထည့်ပြီး မြုံ့နေလိုက်တယ်။ သူတို့အဖို့ မစားရဘဲတော့ မနေနိုင်ဘူး။ အဲဒီလောက်စားရရင်လည်း ကျေနပ်လိုက်ကြတယ်။ တချို့ အဆင်ပြေသူများရဲ့ လက်ဖက်အုပ်ထဲမှာတော့ အိမ်မှာတင် ချွတ်ထား၊ လှော်ထားတဲ့ နှမ်းကလေး ရွရွပါတတ်တယ်။ တချို့အုပ်က ကြက်သွန်ဖြူ အစိမ်းကလေး၊ အကြော်ကလေး၊ တချို့က မြေပဲဆံကြော်ကလေး၊ ပဲခြမ်းကြော်ကလေး ရရာ ရှိရာ တမျိုးတလေ ပါတတ်တယ်။ အများအားဖြင့်ကတော့ မပါပါဘူး။ လက်ဖက်သားကလေးချည်း ဆီနဲ့ ဆားနဲ့ နှပ်ထားတာကို မြုံ့ကြတာပါ။
အဲဒီလို ခံတွင်းချဉ်ပြေ မြုံ့တဲ့အထဲမှာ ရေဦးနယ်က လက်ဖက်သားကောင်း အကြိုက်ဆုံးနယ် ဖြစ်သတဲ့။ ဒါကြောင့် လက်ဖက်ပွဲရုံတွေက ရေဦးကို ပို့ဖို့ဆိုရင် ဇယန်းကြီးရွာက လုပ်တဲ့ ဇယန်းလက်ဖက်ကို ရွေးပို့ကြတယ်။ ဒေသတကာမှာ လက်ဖက်သား အကောင်းဆုံးကိုမှ ကြိုက်တာ ရေဦးနယ်ပဲတဲ့။
မြို့ကလူတွေ စားတဲ့ လက်ဖက်ကတော့ ခံတွင်းချဉ်ပြေ စားတာ မဟုတ်တော့ဘူး။ အလှူမင်္ဂလာတွေမှာ ဧည့်ခံတော့ ဧည့်ကျွေးအဟာရတခု အဖြစ်နဲ့လည်း ပါနေပြီ။ ဒါကြောင့် ဧည့်ကျွေးက ပန်းကန်ပြားထဲမှာ လက်ဖက်ကတပုံ၊ ကြက်သွန်ကြော်ကတပုံ၊ နှမ်းကတပုံ၊ မြေပဲကြော်ကတပုံ၊ ပဲခြမ်းကြော်ကတပုံ လှလှပပ ထည့်လာပြီး တည်ခင်းပါတယ်။
မန္တလေးကတော့ လက်ဖက်ပွဲကို ချဲ့နိုင်သလောက်ချဲ့၊ ခမ်းနားထည်ဝါအောင် လုပ်နိုင်သလောက် လုပ်ပြီး တည်ခင်းဧည့်ခံပါတယ်။ ဒါကြောင့် လက်ဖက်ပွဲကို ပန်းကန်ပြား အကြီးကြီးနဲ့ ပြင်ထားရာမှာ
၁။ ကြက်သွန်ကြော်
၂။ ပဲလှော်ကြော်
၃။ နှမ်း
၎။ မြေပဲကြော်
၅။ ချင်း
၆။ လက်ဖက် (ဇယန်းနှပ်) တို့အပြင်
၇။ လွန်ဆန်စေ့
၈။ ဖရုံစေ့
၉။ ပိုးကောင်ကြော် (တွင်းပိုး)
၁၀။ ပုစွန်ခြောက်
၁၁။ အုန်းသီးကြော်
၁၂။ ကြက်ခြေနီလက်ဖက်သုတ် (ချဉ်ငန်စပ်)
လို့ အစာ ၁၂ မျိုး ထည့်တယ်။ အရီးတောင်းက လက်ဖက် တာဝန်ယူတယ်ဆိုရင် သူ့လက်ဖက်ကို ပန်းကန်ပြားနဲ့ မပြင်ဘူး။ အကန့် ၁၂ ကန့် ပါတဲ့ ယွန်းအုပ်နဲ့ ပြင်ပြီး တည်ခင်းတယ်။ အဲဒါ ပွဲထိုင်တည် ၁၂ မျိုးပါ လက်ဖက်အုပ်ပဲ။
အိမ်မှာ စားသုံးကြတဲ့အခါမှာတော့ ပိုးကောင်ကြော်တွေ၊ လွန်ဆန်ကြော်တွေ၊ ဖရုံစေ့ကြော်တွေ မပါနိုင်ဘဲ ကြက်သွန်ကြော်၊ ပဲခြမ်းကြော်၊ နှမ်းလှော်၊ မြေပဲဆန်ကြော်တို့က ပါတတ်တယ်။
လက်ဖက်ကို ဒီလို အစာမျိုးစုံနဲ့ စားရာမှာ ကြက်သွန်ကြော်ရဲ့ အရေးပါမှုက ကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ လက်ဖက်နဲ့ တွဲဖက်စားတဲ့ အကြော်အလှော်တွေ အားလုံးထဲမှာ ကြက်သွန်ကြော်က လက်ဖက်နဲ့ စားလို့ အလိုက်ဖက်ဆုံး အကောင်းဆုံး ဖြစ်လို့ပါ။ ကြက်သွန်ကြော်ဆိုတာ ကြက်သွန်ဖြူကြော်ကို ပြောတာပါ။
ဒီကြက်သွန်ကြော်က သူ့ချည်း စားလို့ မကောင်းဘူး။ မရဘူး။ လက်ဖက်နဲ့ တွဲဖက်စားတော့ တခြားဘယ်အစာမှ သူ့ကို လိုက်မမီဘူး။ ဒါကြောင့် ကြက်သွန်ကြော်ဟာ လက်ဖက်နဲ့ပဲ စားရတဲ့ အကြော်သန့်သန့် ပဲ။
ဒီလိုရှိရာမှာ ကြက်သွန်ကြော်က သူသူငါငါ ဆီရှိလို့ ကြက်သွန်ရှိရင် အကြော်ဝယ်လို့မရတဲ့ နေရာမှန်သမျှ စားချင်သူက ဘာသာ ကြော်စားကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီကြက်သွန်ကြော်ဟာ မွှေးတာပဲ ရှိမယ်။ သူ့အရသာ အပြည့်အ၀ ပေါ်လွင်လာအောင် ကြော်တတ်သူက နည်းတယ်။
လက်ဖက်နဲ့ စားဖို့ ကြက်သွန်ဖြူကို ကြော်ရောင်းတဲ့ ကြက်သွန်ကြော်မှာ ပျဉ်းမနားကြော်က နာမည် အကြီးဆုံးပါ။ ပျဉ်းမနားက ထွက်တဲ့ ကြက်သွန်ကြော်တွေထဲမှာ ဒေါ်အေးရင်ရဲ့ ကြက်သွန်ကြော်က အကောင်းဆုံးလို့ နာမည်ရပါတယ်။ ဘာပြုလို့လဲဆိုတော့ ကြက်သွန်ကြော်ရာမှာ ဒေါ်အေးရင်တို့က အကောင်းဆုံး ဖြစ်အောင် အစစဂရုစိုက် လုပ်ဆောင်လို့ပါပဲ။ သူက ဈေးလည်း အများထက် နည်းနည်း ပိုပါတယ်။
ကျွန်မတို့ နိုင်ငံမှာ ကြက်သွန်ဖြူထွက်တဲ့ အရပ်တွေ တော်တော်များများ ရှိပါတယ်။ ဒီလို ရှိတဲ့အနက်က လက်ဖက်နဲ့ စားဖို့ ကြက်သွန်ကြော် ကြော်မယ်ဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်တဲ့ ကြက်သွန်ဖြူဟာ ကြော်ဖို့အကောင်းဆုံး ကြက်သွန်ဖြစ်ပါသတဲ့။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြော်ဖို့အတွက် ပထမတန်း ကြက်သွန်ဖြူက တောင်ကြီးဒေသက ထွက်တဲ့ ကြက်သွန်ပဲ။ တောင်ကြီးကထွက်တာကို ရနိုင်သမျှ ရအောင်ဝယ်ပြီး ဆီဆိုင်၊ ဟိုပုန်း၊ ဘန်းယဉ်၊ နန်းခုတ်၊ ပင်းတယ စတဲ့ အရပ်တွေ လိုက်ဝယ်ရတယ်။ တောင်ပိုင်းက ကြက်သွန်မရတော့ဘူးဆိုရင် မြောက်ပိုင်း နောင်ချို၊ သီပေါက ကြက်သွန်ကို သုံးပါတယ်။ အရသာမှာ တောင်ပိုင်းကို မမီတတ်ပေမယ့် ဒုတိယတန်းစား လိုက်ပါတယ်။
မြန်မာပြည် မြေပြန့်ကလည်း ကြက်သွန်ဖြူ ထွက်ပါတယ်။ ဒါပေမယ့် ကြော်တဲ့နေရာမှာ ရှမ်းကြက်သွန်ဖြူ ကို မမီဘူး။
ခု သုံးလေးနှစ်အတွင်းမှာတော့ တရုတ်ကြက်သွန်ဖြူ ဥအ၀ိုင်းကြီးတွေ ၀င်လာတယ်။ ဥတလုံးမှ အကြီးကြီးတွေ၊ ဈေးကလည်း ရှမ်းကြက်သွန်၊ မြန်မာကြက်သွန်တွေထက် ပေါပြီး ၀င်လာတယ်။ ဥကြီးတွေက လှလွန်းလို့ ရွှေဒင်္ဂါးကြော် ကြော်ဖို့များ လှီးလိုက် ကြော်လိုက်ရင် အာလူးကြော်ကြီးတွေလား မှတ်ရတယ်။ ဒါလောက်ကိုပဲ ဥအနေနဲ့ လှတယ်။ နို့ပေမယ့် တရုတ်ကြက်သွန်ဖြူက မြေသြဇာတွေနဲ့ ကြီးထွားလာစေခဲ့ တာကြောင့်လားတော့ မသိဘူး။ ကြော်တဲ့အခါ အရောင်အသွေးက ၀ါဝင်းမလာဘူး။ မည်းတယ်။ အနံ့ကလည်း မမွှေးဘူး။ ပြီးတော့ သူ့ကို စားမိရင် သုံးဖတ်လောက် ရှိလာရင် လည်ချောင်းမှာ ပူလာ စပ်လာတယ်။ ဒါကြောင့် ဈေးပေါပြီး ဥကြီးတွေ လှပေမယ့် အကြော်သမားက မကြိုက်ဘူး။ အစားမလိုက်ဘဲကိုး။
ကြက်သွန်ကြော်ကောင်း ကြော်သူများက တပေါင်းလပြည့်ပြီး မတ်လရောက်ပြီ ဆိုကတည်းက ကြက်သွန်သစ် ရှမ်းပြည်နယ်မှာ စ ပေါ်ပြီမို့ ငါးရက်တဈေးတွေကို တက်ပြီး ကြက်သွန်သစ်ကို ၀ယ်တယ်။ အသစ်ကို စကြော်ပါတယ်။ ပြီးတော့ အသစ်က လှောင်လို့ မရသေးဘူး။ စိုသေးတော့ ၀ယ်ဝယ်ကြော်ကြော် လုပ်ရတယ်။ မေလကျမှ ခြောက်တယ်။ ပင်းတယက ပေါ်တဲ့ ကြက်သွန်ဟာ သုံးလလောက် ၀ယ်မိရင် တုံးရော။ တောင်ကြီးနဲ့ အောင်ပန်းက ထွက်တဲ့ ကြက်သွန်ဖြူကတော့ နှစ်ပတ်လည် ၀ယ်လို့ ရပါတယ်။
အဲဒီလို ၀ယ်တဲ့အခါ အကြော်သမားက ဥတလုံးရော အမြွှာကိုရော ၀ယ်ပါတယ်။ ၀ယ်ပြီးမှ လှီးလို့ရရာကို လှီးကြော်တာပါ။
ကြက်သွန်ဖြူကြော်မှာ
၁။ ပိုးတီကြော်
၂။ ရွှေဒင်္ဂါးကြော်
၃။ ဒေါင်းပြားကြော်
၎။ ဂျွန်ကြော် ရယ်လို့ လေးမျိုးခွဲထားပြီး ရောင်းတာပါ။
ပျဉ်းမနားက ကြက်သွန်ကြော်လုပ်ငန်းမှာ နာမည်ကြီးတာက အကြော်သန့်တဲ့အပြင် ပိုးတီကြော်ကိုပါ ကြော်ရောင်းနိုင်လို့ နာမည်ကြီးတာပါ။ မန္တလေးမှာ ကြက်သွန်ပိုးတီ မကြော်ကြလို့ ၀ယ်လို့ မရပါဘူး။ ပိုးတီကြော်ဆိုတာက ကြက်သွန်ဖြူ ဥတလုံး ဒေါင်းသိုးလို့ခေါ်တဲ့ အမျိုးအစားထဲက ကြီးပေ့ လှပေ့ဆိုတဲ့ ကြက်သွန်ဥကို ရွေးထုတ်ပြီး ပိုးတီလှီးပြီး ဥလိုက်ကြော်တာပါ။ အဲဒီ ပိုးတီကြော်ဟာ ဟိုတုန်းက ဂျွန်ကြော်လို့ ခေါ်တဲ့ အမြွှာကြော် တပိဿာကို ၂၀၀ ကျပ် ဈေးလောက် ရှိရင် သူက ၆၀၀ ကျပ် ဈေး ပေးရတယ်။ သုံးဆလောက် တန်ဖိုးရှိပါတယ်။
ကြက်သွန်ပိုးတီကြော်က ဈေးကြီးလွန်းလို့ ကနေ့ဆိုရင် ဘယ်ဈေးလောက်ရှိလဲမေးတော့ ကြက်သွန်ဖြူ ဈေးက ၆၅၀၀ ကျပ်၊ ၇၀၀၀ ကျပ်ဈေးနဲ့ ပေါ်တယ်။ ဆီဈေးက ၂၀,၀၀၀ ကျပ် ကျော်တယ်ဆိုတော့ ပိုးတီကြော်ဈေးက တပိဿာကို ၁၅၀၀ ကျပ်ကနေပြီး ၁၈၀၀ ကျပ်ဈေးအထိ ရှိလိမ့်မယ်တဲ့။
ကျွန်မက ကြက်သွန်ပိုးတီကြော်က ဈေးကြီးလှပါလား၊ ဒါလောက်ဈေးကြီးတော့ ၀ယ်တဲ့သူကော ရှိရဲ့လားလို့ မေးတော့ ဒီခေတ်က လက်ဆောင်ပေးရတဲ့ ခေတ်မို့ ကြော်လို့ မလောက်ဘူးတဲ့လေ။
တောင်ကြီးက ထွက်တဲ့ ဥတလုံး ကြက်သွန်ဖြူ အချိန် ၁၀၀ ၀ယ်ရင် ပိုးတီလှီးနိုင်တဲ့ လက်ရွေးစင် ဥတလုံး ငါးပိဿာလောက် ရွေးလို့ရတယ်။ အဲဒါကို ပိုးတီလှီးခချည်း တပိဿာကို ၁၀၀ ကျပ်ပေးပြီး အလှီးခိုင်းရတယ်။ ဒါကြောင့် ပိုးတီကြော်ဟာ ဈေးအလွန်ကြီးနေတာ ဖြစ်တယ်တဲ့။
ဥတလုံး ကြက်သွန်ဖြူ ဒေါင်းသိုးကို ဥလှလှရွေးပြီး အ၀ိုင်းလှီးကြော်ရင် 'ရွှေဒင်္ဂါးကြော်' ခေါ်ပါတယ်။ ရွှေဒင်္ဂါးကြော်ဟာ ဒုတိယ ဈေးအကြီးဆုံး ကြက်သွန်ကြော်ပါ။ သူက အမြီးပိုင်း ထည့်လို့မရလို့ ဥအမြီးက ကျန်တဲ့အတုံးကလေးတွေကို တခြားကြော်ပြီး ဈေးလျှော့ရောင်းရတယ်။
ကြက်သွန်ဖြူ ဥတလုံး ဒေါင်းသိုးကိုပဲ အ၀ိုင်းမဟုတ်ဘဲ အရှည်လှီးပြီး ကြော်တာကိုတော့ 'ဒေါင်းပြားကြော်' လို့ ခေါ်ပါတယ်။ သူက ရွှေဒင်္ဂါးလို အမြီးဖျား မပယ်ရတော့ ရွှေဒင်္ဂါးကြော်ထက် ဈေးနည်းနည်း သက်သာတယ်။
ဒေါင်းသိုးမဟုတ်တဲ့ အမြွှာတွေကိုတော့ ဂျွန်ကြော်ဆိုပြီး အမြွှာလှီးကြော်တာပါ။ အဲဒါက ဈေးအပေါဆုံး ကြက်သွန်ကြော်ပါပဲ။
ကြက်သွန်ကြော် ကြော်ရာမှာ အရေးကြီးဆုံး ပထမကိစ္စက ကြက်သွန်လှီးတဲ့အခါ အထူအပါး ညီအောင် လှီးဖို့ပါ။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူကို ကြော်တဲ့အခါ ရေကုန်လို့ ကြွပ်တဲ့ဘက်ကို ရောက်ခါနီးမှာ ဆီပူထဲက ဆယ်တဲ့အချိန်က သိပ်အရေးကြီးပါတယ်။ စောသွားရင် ချတော့ ပျော့လာတယ်။ နောက်ကျသွားရင် အရောင်ရင့်သွားပြီး အချို လျှော့သွားတယ်။ ကြက်သွန်ကြော်ဟာ ကျွမ်းရင် ခါးတယ်။ နည်းနည်းကျွမ်းရင် နည်းနည်း ခါးတာပါ။ ဒါကြောင့် သူ့ကို အနေတော် ဆီပူထဲက ဆယ်နိုင်ရတယ်။ အဲဒီတော့ ပထမလှီးထားတာ အထူအပါး အရွယ် မညီရင် အကျက် မတူနိုင်ဘူးပေါ့။ ဒါကြောင့် ကြက်သွန်လှီးရင် အထူအပါးညီအောင် လှီးကြော်မှ အကောင်းဆုံးရတယ်။
ဒုတိယ အရေးကြီးတာက လှီးပြီးကြက်သွန်ကို ရေစင်အောင် ဆေးနိုင်ရပါတယ်။ အစေးမကုန်ရင် ကြော်တော့ မဲတယ်။ ဒါကြောင့် ရေဖောဖောနဲ့ ဆေးရတယ်။ တတ်နိုင်ရင် အစေးစင်အောင် ဆေးပြီးကို ရေစိမ်ထားလိုက်ဦး။ ကြာကြာ။ ပြီးမှ ရေစစ်ပြီး ကြော်ရင် ပိုလို့တောင် လှသေး၊ ရွသေးတယ်။ ရေဆေးရင် အခွံတွေ စင်သန့်အောင်လည်း လုပ်ပေးရတယ်။
အစေးစင်ပြီး ကြက်သွန်ကို ကြော်တော့မယ်ဆိုတော့ နောက်ဆုံးအရေးကြီးဆုံးက ဆီကောင်းနဲ့ ကြော်ဖို့ပါ။ ဆီဈေးက ဒီခေတ်မှာ အလွန်အရေးကြီးတယ်မှုတ်လား။ ဆီဈေးကြီးတော့ အကြော်သည်က ဆီမှာ ဈေးသက်သာတာကို သုံးချင်ကြတယ်။ တချို့က စားအုန်းဆီ ထည့်ကြော်တယ်။ တချို့က ၀ါစေ့ဆီနဲ့ ရောကြော်တယ်။ ဈေးသက်သာတဲ့ ဆီနဲ့ကြော်တော့ ကိုယ့်အတွက် အကျန်များတာပေါ့။ နို့ပေမယ့် အစားမှာ ကွာပါတယ်။
လက်ဖက်နဲ့ တွဲစားတဲ့ အစာရယ်လို့ မြေပဲဆန်ကြော်၊ နှမ်းလှော်၊ ပဲခြမ်းကြော်ရယ်လို့ ရှိသေးတယ်။ ခုခေတ် အရီးတောင်းက ချဲ့ထွင်ပေးလို့ ဖရုံဆံကြော်၊ လွန်ဆန်ကြော်၊ တွင်းပိုး ပိုးကောင်ကြော်နဲ့ ပုစွန်ခြောက်ရယ်လို့ ရှိသေးတယ်။ ဒီအစာတွေ အားလုံးဟာ လက်ဖက်နဲ့ အတူမစားဘဲနဲ့ လက်ဖက်မရှိလို့ သူ့ချည်း စားရင်လည်း အားလုံးစားလို့ရတဲ့ ပစ္စည်းတွေချည်းပါ။ ဒါပေမယ့် ကြက်သွန်ကြော်ဆိုတဲ့ အကြော်ကတော့ လက်ဖက်မရှိရင် သူ့ချည်းစားလို့ မရဘူး။ သူက လက်ဖက်နဲ့ကို တွဲဖက်စားမှ ရတယ်။ တွဲမိပြန်တော့လည်း ဘယ်အစာမှ သူ့ကို လိုက်မမီဘူး။ သူနဲ့ လက်ဖက်ဟာ သိပ်ကို လိုက်ဖက်တဲ့ အရသာ ထွက်တယ်။ ဒီလိုရှိရာမှာ ကြက်သွန်ကြော်က အကြော်ကောင်းမှ ချိုပြီး မွှေးတဲ့အရသာကို အပြည့်အ၀ ရတာပါ။ ကြော်ရာက ချွတ်ယွင်းရင် ရနိုင်တဲ့ အရသာကုန် မရတော့ဘဲ အနှုတ်လက္ခဏာတောင် ပြတတ်ပါသေးတယ်။ ကျွမ်းသွားရင် မချိုတဲ့အပြင် သက်တဲ့အရသာတောင် သူက ဆောင်သေးတာကိုး။
မန္တလေးမှာ အခုခေတ် ပိုးတီ မကြော်ဘူး။ အရင်ကတော့ မန္တလေးမှာ ပိုးတီကြော်ပေးတဲ့ ဖိုတဖို ရှိတယ်။ အဲဒီဖိုကတော့ ပိုးတီကြော်ကို ပိုးတီရိုးရိုးတောင်မဟုတ်ဘဲ ပိုးကောင်လေးလို ဖြစ်အောင် ကြော်ပေးသတဲ့။ အရီးတောင်း သားမြေးများရဲ့ အလှူတလှူမှာ လက်ဖက်ပွဲထဲထည့်ဖို့ ပိုးတီကြော်ခိုင်းတော့ လှီးပေးတဲ့လူက ကြက်သွန်ဖြူကို ပထမရွေးတုန်း ကတည်းက ခေါင်းပိုင်းမှာ အမြစ်ကလေးတွေ ဖွာရရာပါတဲ့ ဥကလေးတွေချည်း ရွေးတယ်။ ပိုးတီလှီးတော့ အဲဒီအမြစ်ကလေးတွေကို ကောင်းကောင်းချန်ပြီး ကြော်တယ်။ ကျက်ခါနီးတော့ တူနှစ်ချောင်းနဲ့ ဥကလေးကို ဆီထဲက ဆယ်ယူပြီး တူနဲ့ ရှည်ရှည်ကလေးဖြစ်အောင် ဥကို ပထမ ဆွဲဆန့်တယ်။ ရှည်ထွက်လာတော့ ခေါင်းပိုင်းက သင့်တော်တဲ့နေရာမှာ ရှမ်းနှမ်းစေ့လေး နှစ်စေ့ကို ပိုးကောင်လေးရဲ့ မျက်စိအဖြစ်နဲ့ ညှပ်ပြီး ထည့်ပေးလိုက်တယ်။ ပါးစပ်ထားလောက်တဲ့နေရာမှာ နောက်ထပ် နှမ်းနှစ်စေ့ပူးပြီး ညှပ်ထည့်ပေးပြီး ဖိုပေါ် ပြန်ကြော်တယ်။ ကျက်ပြီဆိုတော့ ပိုးတီကြော်ကလေးက မျက်စိကလေး နှစ်လုံး၊ ပါးစပ်ပေါက်ကလေးနဲ့ ထိပ်ကလည်း ဆံပင်လိုလို အမွှေးကလေးနဲ့ တကယ့် ပိုးကောင်ကြော်ကလေးလို ဖြစ်သွားတယ်။
အဲဒီလောက် လက်ဝင်ခံပြီး ကြော်ပေးတဲ့ လူက ခုတော့ သေဆုံးရှာပြီမို့ ဆန်းဆန်းပြားပြားလည်း မထွက်တော့၊ မရတော့ဘူးတဲ့။
လက်ဖက်စိုကို ထိုင်းနိုင်ငံကလည်း ကျွန်မတို့လို စားတယ်လို့ သိရတယ်။ နို့ပေမယ့် သူတို့ စားပုံက လက်ဖက်ရွက် ခပ်ကြီးကြီးကို ဖြန့်ခင်း၊ အစာကို လက်ဖက်ရွက်နဲ့ ထုပ်ပြီး စားတာလို့ ဆိုပါတယ်။ ကျွန်မတို့ဆီမှာ စားသလောက် လူတိုင်းစားတဲ့ သဘောလည်း မရှိဘူး ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ဖက်စားတဲ့ အလေ့က ပိုလို့ ပိုလို့ ကျယ်ပြန့် လာနေပါတယ်။
လူထုဒေါ်အမာ
[ကြီးပွါးရေးစာအုပ်တိုက်မှ ထုတ်ဝေတဲ့ လူထုဒေါ်အမာ ရဲ့ ၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ စာအုပ်၊ ၂၀၀၂ ခု နိုဝင်ဘာလ၊ ပထမအကြိမ်၊ မှ ကူးယူဖော်ပြပါတယ်။]