Tuesday, March 11, 2008

အမှတ်တရ ဆရာတင်မိုး (၁)
ရေးသူ-ကိုသက်



လေယာဉ်ထွက်ဖို့ စောသေးတယ်။ ကော်ဖီတခွက်နဲ့ လေဆိပ်ကော်ဖီဆိုင်မှာ ကျနော် အချိန်ဖြုန်း နေမိတယ်။ မြင်ကွင်းထဲမှာ ခရီးသည်တွေ ဥဒဟို လှုပ်ရှားသွားလာနေတယ်။ ထို့အတူ ကျနော့်ရဲ့ အတွေး မြင်ကွင်းထဲမှာလဲ ဒီနေရာရောက်လာတိုင်း အတိတ်ရဲ့ အရိပ်အချို့က ထင်ဟပ်လာတတ်ပြန်တယ် . . . ။

“ ဂရင်းကဒ် ရောက်လာရင် လွတ်လွတ်လပ်လပ် ခရီးသွားလို့ရပြီ . . . အဟွတ် . . . အဟွတ် . . . အဟွတ် ”
“ ဂရင်းကဒ်နဲ့ လျှောက်ရင် ခရီးသွားခွင့်လက်မှတ်က ၂-နှစ်တောင်ရတော့ ပြည်ပမှာ ကြာကြာ နေလို့လဲရတယ်”

ကျနော့်ရဲ့ ဂရင်းကဒ်ကို အပြန်ပြန် အလှန်လှန်ကြည့်ရင်း ဂရင်းကဒ်နဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ မျှော်မှန်းချက်တွေကို ဆရာတင်မိုးက ဖွင့်ဟနေတယ်။ လက်ထဲက စီးကရက်က အငွေ့တလူလူ တက်နေတယ်။




ဂရင်းကဒ်ကို ကြည့်နေတဲ့အကြည့် မခွာဘဲ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကို ဆရာက ကောက်ကိုင်ပြီး တဖြေးဖြေးသောက် ချလိုက်တယ်။ ပြီးတော့ စကားဆက်လာပြန်တယ်။

“ ဂရင်းကဒ်ရလို့ ဂျပန်သွားဖြစ်ရင် ဟိုမှာ ကြာကြာနေမယ်။ ဂျပန်မှတဆင့် ယိုးဒယား သွားမယ်။ ချင်းမိုင်မှာ နေမယ်။ အဲဒီ ကပြီးတော့ မဲဆောက်ဖက် ဆင်းမယ်။ ကလေးကျောင်းတွေမှာ ကလေးတွေကို မြန်မာစာ သင်ပေးမယ်။ မြန်မာအစားအစာ နဲ့ နီးစပ်တဲ့ ယိုးဒယားအစာတွေကို စားမယ်။ ပျင်းလို့ မြန်မာပြည်ကို လွမ်းတဲ့အခါ မဲဆောက်တံတားထိပ် သွားထိုင်ပြီး မြ၀တီမြို့ကို လှမ်းကြည့်မယ်။ ဒီလိုသာ နေရမယ်ဆိုရင် ယိုးဒယားမှာ အနည်းဆုံး သုံးနှစ်လောက်နေနိုင်မယ်ထင်တယ်။ ”

“ ဟား ဟား ဟား . . . ဆရာကြီးရာ ဖြစ်ပါ့မလား ”

ကျနော်နဲ့ ဆရာက အကြောင်းသိချင်းတွေ မဟုတ်လား။ ဆရာပြောပြောနေတဲ့ ဒါမျိုးအပြောတွေက ကျနော့်အဖို့မှာ ရိုးနေပြီ ဖြစ်လို့ ဟာသနှောတဲ့ သဘောနဲ့ ကျယ်လောင်စွာပဲ ကျနော် ရယ်လိုက်မိတယ်။ ဆရာက ကျနော့်ကို ကြည့်နေတယ်။

ဆရာက ကဗျာဆရာမို့ ကဗျာဆန်ဆန်တွေးပြီး ကာရန်ချိုချိုလေးတွေနဲ့ ဘ၀ကို ချိုမြိန်စွာ မြင်တတ် တွေးတတ် ပုံဖော်တတ်လေ့ ရှိတယ်။ နေရာတခုကို မရောက်ဖူးသေးသော်လဲ စိတ်ကူးနဲ့ပုံဖော်ကာ ပျော်ရွှင်စွာ နေကြည့်လေ့ရှိပုံရတယ်။ တကယ် လက်တွေ့ဝယ် နေရာတခုမှာ ဆရာ ကြာကြာ မနေနိုင်မှန်း ကျနော် တို့တွေအားလုံး သိတယ်။

မိုးမိုးနှင်းတို့ မိသားစုလေးထံမှာ နေတာ နည်းနည်းကြာသွားပြီဆိုရင် ကာလီဖိုးနီးယားက သမီး မိုးချိုသင်းတို့ထံ ဆရာ ပြန်လာချင်ပြီ။ ကာလီဖိုးနီးယားမှာ ကြာသွားပြီဆိုရင် ဆရာက အင်ဒီယားနားနဲ့ နယူးယောက်ဖက်ကို ခြေဦးလှည့်ချင်ပြန်ပြီ။ ထိုမှတဖန် ဂျပန်၊ ယိုးဒယားကို သွားဦးမယ်လေ။ တခါတရံ ကိုမောင်ရစ်၊ ကိုထိန်လင်း၊ ကိုကျော်အောင်လွင်တို့နဲ့ ၀ိုင်းဖွဲ့ပြီး စီဒီတွေ ထုတ်၊ အသံတွေလွှင့်၊ စာတွေရေးရင်း ဆန်ဖရန်စစ္စကိုမြို့မှာ တလ ကိုးသီတင်း နေတတ်သေးတယ်။

ကဗျာကို ကာရန်၊ ပုံစံ၊ အသံ အမျိုးမျိုးနဲ့ အပြောင်းအလဲလေးတွေ ရေးဖွဲ့တတ်သလို ဘ၀ခရီးကိုလည်း အစဉ်မငြီးရအောင် တနေရာပြီးတနေရာ ပျော်စရာဖြစ်အောင် ဆရာက ပြောင်းလဲနေတတ်ပြန်ပါတယ်။ အကယ်၍ ဆရာ ပေါ်မလာခဲ့ဘူးဆိုရင်လဲ ဆရာ့တပည့်တွေက ဆရာ့ကို “ဆရာ ကျနော်တို့ဆီ လာလည် ပါအုံး”လို့ ခေါ်ကြပါတယ်။

ဂရင်းကဒ် ရပြီးတဲ့နောက်မှာ ခရီးသွားလက်မှတ်ကို ဆရာ စောင့်မျှော်နေတာ ခုနစ်လလောက် ကြာသွားတယ်။ ခရီးသွားတဲ့ လက်မှတ် အိမ်သို့ ရောက်လာချိန်မှာ သူချစ်မြတ်နိုးတဲ့ အသိုင်းအ၀န်းလေးထဲက ဆရာ ထွက်ခွာသွားခဲ့ပါပြီ။ အပြာနုရောင် ခရီးသွားလက်မှတ် စာအုပ်လေးဟာ ဆရာ နောက်ဆုံးနေသွားခဲ့တဲ့ လောစ့်အိန်ဂျလိစ်မြို့က အိမ်မှာ ဆရာ့နဲ့အတူ ခရီးသွား ဖို့ရာ စောင့်ကြိုနေဆဲပင် ဖြစ်ပါတယ် . . . ။
အခုတလော ခရီးသွားရတာများတော့ လေဆိပ်ကို မကြာခဏ ရောက်ဖြစ်တယ်။ ဟိုစဉ်ကဆို ဆရာနဲ့ကျနော် ခရီးအတူတူ သွားတတ်တယ်။ ကျနော် တဦးတည်း သွားတဲ့အခါတွေမှာ ဆရာက လိုက်ပို့တတ်သလို ဆရာတဦးတည်း သွားတဲ့အခါများမှာလည်း ကျနော်နဲ့ ဆရာ့တပည့်၊ မိသားစုဝင်တွေက လိုက်ပို့တတ်စမြဲမို့ ဒီလေဆိပ်ကို ဖြတ်နေကြပါပဲ။

အခုတော့ ကျနော် တယောက်တည်းပါ။ နေရာဟောင်းမှာ တယောက်တည်း ပြန်ရောက်တဲ့အခါ အရိပ်တွေက အတိတ်တစ္ဆေပမာ ပြန်ပေါ်လာတယ်။ ထွက်ခွာရန် အချိန်နီးပြီမို့ လေယာဉ်ပေါ်သို့ ကျနော် ရောက်ခဲ့ပြီ။ ဆရာနဲ့ ပတ်သက်တဲ့ အတွေး အမြင်တို့ကား မပျောက်တတ်ချင်သေး။ ဆရာပြောပြဖူးတဲ့ သူ့ဘ၀ အပိုင်းအစတွေ တခုပြီးတခု ၀င်ရောက်လာပြန်တယ်။

“ ပုံစံ”

အင်းစိန်ထောင်ထဲသို့ ၀င်ရောက်လာသူအားလုံး ပုံစံဆိုတဲ့အသံကို ထောင်အ၀က အရာရှိပေါက်စက အော်လိုက်တာနဲ့အား လုံး ထိုင်ချလိုက်တယ်။ ဆရာတင်မိုးလည်း ဘုမသိ ဘမသိနဲ့ ရောထိုင်လိုက်တယ်။

ခဏအကြာ အဖေနာမည်နဲ့တွဲပြီး တဦးချင်းနာမည်ကို ခေါ်တယ်။ အုပ်စုခွဲပေးတယ်။ ဆရာအလှည့် ရောက်တော့ “ဘဂျမ်း” “ အဖ . . . ” လို့ ခေါ်လိုက်တော့ “ ဒီသူငယ်ကွာ . . . မယဉ်ကျေးလိုက်တာ၊ လူကြီးကို ဦးလေး ဘာလေး တပ်ခေါ်တာ မဟုတ်ဘူး ” လို့ တွေးမိပြီး ဆရာ့စိတ်ထဲမှာ ကသိကအောက် လေးဖြစ်သွား တယ်။

“ ကြီးမှမိုက်တဲ့ ကြီးမိုက်ကြီး . . . ဒီဘက်ကိုလာ ”

ထိုလူငယ်က အသံမာမာနဲ့ အော်ခေါ်လိုက်တော့ ဆရာလည်း သူ့အနားကဖြတ်ပြီး အတွင်းဘက်ကို ၀င်လိုက်ရတယ်။ ဖြတ်သွားစဉ်မှာ “ဆရာ . . . ဒါလေးတွေ ယူသွား၊ ကျနော့်နာမည် . . . ပါ၊ နောက်လိုရင်လဲ ပြောပါ။ ဒါတွေက ထောင်ထဲမှာ မရှိ မဖြစ် လိုအပ်တယ်၊ အလုပ်သဘောအရဖြစ်လို့ အော်ရတာ ကျနော့်ကို ခွင့်လွှတ်ပါဆရာ။ ဂုဏ်ယူပါတယ်ဆရာ” တဲ့။

ဆရာလည်း အရာရှိပေါက်စ လူငယ်က လက်သိပ်ထိုးပေးလိုက်တဲ့ ဆေးလိပ်နဲ့ ဆပ်ပြာခဲတွေကို ကြည့်ရင်း အံ့သြနေတယ်။ ဒီလူငယ်ဟာ ဆရာ့တပည့်ဖြစ်ဖူးခဲ့ကြောင်း နောင်တော့မှ သိရတယ်။ ထောင်ထဲမှာ ဆရာဆင်းရဲမှာ ကြောက်လို့ ထောင်ကျ သူတွေအတွက် အသုံးဝင်တဲ့ ဆေးလိပ်နဲ့ဆပ်ပြာကို ဆရာတဦး တည်းကိုသာပဲ တိတ်တဆိတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

အဆိုးထဲက အကောင်းလေးတွေ မြင်ရလို့ ဆရာတင်မိုး အားတက်သွားတယ်။ ခဏပါပဲ၊ ထောင်ထဲမှာ နေရမဲ့အရေးတွေးပြီး ဆရာက မပျော်မရွှင်ဖြစ်နေတယ်။ နှေးကွေးတဲ့ခြေလှမ်းတွေနဲ့ သူနေရမဲ့အဆောင်ဘက်ဆီ လျှောက်လှမ်းနေစဉ်မှာ . . .

“ ဝေး . . . တို့ဆရာကြီး လာပြီဟေ့ ”

သံပြိုင်ကြိုဆိုတဲ့အသံ ထွက်ပေါ်လာလို့ ကြည့်လိုက်ရာ ဆရာနဲ့ရင်းနှီးတဲ့ စာအုပ်ထုတ်ဝေသူ သူဌေးတွေနဲ့ ကျောင်းသားလူ ငယ်တွေဖြစ်နေတယ်။ အံ့သြ၀မ်းသာ အခုမှပဲ စိတ်ဓာတ်ကျနေတဲ့ ဆရာတင်မိုးလည်း ပြုံးနိုင်တော့တယ်။

“ ဆရာ . . . ဘာမှမပူနဲ့၊ ကျနော်တို့ စားသလိုစား၊ ကျနော်တို့နဲ့ ပျော်ပျော်နေပါ ”

အစိုးရဌာနက ခိုးထုတ်လာတဲ့ စက္ကူနဲ့ဖလင် စတဲ့ပစ္စည်းတွေကို လက်ခံဝယ်ယူမှုနဲ့ အဖမ်းခံရလို့ ယာယီထောင်ကျနေကြတဲ့ သူဌေးအုပ်စုဖြစ်ပါတယ်။ ထောင်ထဲမှာ ဘဲကင်၊ ဟော်တယ်အစားအစာ၊ ရှန်ပိန်၊ ၀စ်စကီ၊ ငါးသုံးလုံး၊ မာဘိုလို စတဲ့ ဇိမ်ခံတဲ့ ပစ္စည်းတွေနဲ့ ထောင်ကျနေတဲ့သူဌေးတွေ ဆရာ့ကို ကောင်းကောင်းပြုစုကြတယ်။ ဆရာ သောက်နေတဲ့ဖက်ကြမ်းဆေးလိပ် အစား စီးကရက်ကို သူတို့က သောက်ခိုင်းတယ်။ ထောင်စာတွေအစား ဟော်တယ်စာတွေ ဆရာ့ကို စားခိုင်းတယ်။ ထောင်မှူးကို ရေများများ လောင်းထားတော့လည်း (ပိုက်ဆံပေးတာ) ထောင်ထဲမှာ သူဌေးလို နေလို့ရတယ်။
မကြာမီမှာ နောက်ပိုင်းက သူတို့မိသားစုတွေက ငွေနဲ့အလိုက်ကောင်းလို့ သူဌေးတွေ ထောင်က ထွက်သွားကြတယ်။ ဆရာတင်မိုးကတော့ ကျောင်းသားတွေနဲ့အတူ ထောင်ထဲမှာ ကျန်ရစ်ခဲ့တုန်းပါ။ နေသား ကျလာပြီဖြစ်လို့ ဆရာ့အနေထားက ယခင်ကလောက် ထောင်နဲ့ မစိမ်းတော့။ နေ့စဉ်ထောင်ထဲမှာ ကျောင်းသား တွေနဲ့ဆရာ တပူးတွဲတွဲဖြစ်နေတယ်။

ကျောင်းသားတွေက ဆရာ့ကို ရေချိုးပေးတယ်။ အ၀တ်လဲပေးတယ်။ မကောင်းသော်လဲ အဆင်အပြေဆုံးဖြစ်အောင် ဆရာ့ အတွက် အစားအသောက်ကို ဖန်တီးပေးရှာတယ်။ သူတို့တွေရတဲ့ ထောင်ဝင်စာတွေထဲက ဆရာ့ကို ဦးဦးဖျားဖျားကျွေးကြတယ်။ ဆရာကလဲ သူရတဲ့ ထောင်ဝင်စာကို ကလေးတွေလက်လဲ အပ်လိုက်တာ များပါတယ်။

တချို့ အရာရှိကြီးတွေ ထောင်ထဲရောက်တဲ့အခါ သူတို့ထောင်ဝင်စာထဲက အခြားလူတွေကို ခွဲဖဲ့ဝေငှ ကျွေးရ ပေးရမှာ စိုးရိမ်လို့ မမြင်ကွယ်ရာမှာ တယောက်တည်း တိတ်တိတ်လေးသွားပြီး စားနေတတ်တယ်။ ကျနော်တို့ ဆရာကတော့ ဝေဿန္တရာ လက်သစ်တဦးလို အတွယ်အတာမရှိဘဲ အတူတူစားဖို့ စီစဉ်ဖို့ကို ကျောင်းသားလေးတွေထံလွှဲပြီး တာဝန်ပေးလိုက်ပါတယ်။

အထက်တန်းကျောင်း မပြီးသေးတဲ့ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းအရွယ် ကျောင်းသားလူငယ်တွေကို ထောင်ထဲမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာသင်ပေးဖို့ ဆရာက စီစဉ်တိုက်တွန်းခဲ့တယ်။ နိုင်ငံရေးသမား ပညာတတ်တွေ၊ တက္ကသိုလ်ကျောင်းသားတွေက သူတို့ကို အထက်တန်းပညာတွေ ကူညီသင်ကြားပေးတယ်။ ဒီလိုနဲ့ ထောင်ထွက်တဲ့အခါ ပညာရေးကို ဆက်လက်လိုက်စားခဲ့လို့ ၁၀-တန်းအောင်သွားတဲ့ ထောင်ထွက် လူငယ်တွေ မနည်းတော့ပါ။

ထောင်ထဲမှာ ဆရာတင်မိုးနဲ့ တွဲတဲ့လူတွေဟာ အလွှာအသီးသီးကပါ။ ဆရာက ကျောင်းသားတွေနဲ့ အများဆုံးတွဲဖြစ်တယ်။

“ ဆရာကြီးက ကျောင်းသားတွေနဲ့ တပူးတွဲတွဲနဲ့ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ ဆရာရဲ့ ”

ထောင်အရာရှိကြီးတဦးက ဆရာ့ကို မေးလာတယ်။

“ ထူးထူးခြားခြား လုပ်ဖို့တော့ မရှိပါဘူး၊ ထောင်ထဲရောက်တုန်းမှာ နရသိန် မဂ္ဂဇင်းထုတ်မလားလို့ စဉ်းစားနေတာဗျ ”

ဆရာက နောက်နောက်ပြောင်ပြောင်လေး ဖြေလိုက်လို့ အဲဒီအရာရှိကြီးက ကြောက်လန့်စွာ တောင်းပန်လာတယ်။

“ မလုပ်ပါနဲ့ ဆရာကြီးရယ်။ ကျနော်တို့တွေ အလုပ်ပြုတ်ကုန်ပါအုံးမယ် ”

ဆရာတင်မိုး ကွယ်လွန်သွားသော်လဲ ဆရာပြောပြသွားတဲ့ ဘ၀အစိတ်အပိုင်းလေးတွေက ကျနော့် ထံမှာ ရှင်သန်နေဆဲပင် ဖြစ်ပါတယ်။ ဆရာပြောသွားတဲ့ ထောင်တွင်းဇာတ်လမ်းသည်ပင် ပြောပြစရာ များစွာ အဖြစ် ရှိနေပါသေးတယ်။

ထောင်တွင်းမှာ ဆရာ့အတွက် ဖတ်စရာ သတင်းစာ၊ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်း စတာတွေ ဘာမျှမရနိုင်ဘူး။ ဖတ်စရာလဲ မရှိ၊ ရေးစရာ စာရွက်ကလဲ နတ္ထိမို့ ပျင်းပျင်းရှိတာနဲ့ ထောင်အခန်းနံရံဖက်ကို လှည့်ပြီး ရှေးက ထောင်ကျဖူးသူတွေ ရေးသွား တဲ့ နံရံပေါ်က စာတန်းလေးတွေကို အပျင်းပြေ ဖတ်ကြည့်လိုက်ရာ . . .

ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ . . . ။

ယခင် ထောင်ကျခဲ့သူက အိမ်ပြန်ချင်တဲ့အလွမ်းကို ဆရာ့ကဗျာနဲ့ ဖြေသိမ့်ခဲ့ပုံရတယ်။ အဲသည်လူက ထောင်ထဲမှာ ပျင်းနေ ရှာတဲ့ဆရာ့ကို ဆရာရေးခဲ့တဲ့ ဧည့်သည်ကြီးကဗျာနဲ့ ဖြေသိမ့်သွားတယ်။ ဆရာကိုယ်တိုင် မျက်လုံးပြူးသွားရတယ်။
ဒါ့အပြင် ထောင်တွင်းက ဗေဒင်ဆရာက ဆရာတင်မိုးရဲ့ အနာဂတ်ကို နိမိတ်ဖတ်လိုက်သေးတယ်။ ဆရာ့ကို ဗေဒင်ဟောသူ က ထောင်ကျလာတဲ့ ရဟန်းတပါးဖြစ်ပါတယ်။

“ ဆရာက ထောင်ကထွက်ပြီးတဲ့နောက်မှာ နောက်ထပ်ထောင်ကျကိန်း ရှိနေသေးတယ်။ ဒါပေမဲ့ ပူပန်စရာ သိပ်မရှိပါဘူး။ ဆရာ လက်မတင်လေး လွတ်မြောက်သွားမယ်။ ပြီးတော့ ဆရာဟာ မိသားစုနဲ့ အဝေးကြီးမှာ နေရမယ်။ ”

ဆရာတင်မိုးက ဗေဒင်ကို မယုံကြည်တတ်သူဆိုတော့ ဘာတခွန်းမျှ ၀င်မမေးဘူး၊ နားထောင်နေတယ်။

“ ဆရာ့အနေနဲ့ ဆုတံဆိပ်တွေ ရကိန်းရှိတယ်။ ပိုက်ဆံလာဘ်လာဘတွေ ၀င်မယ်။ ၀င်မယ့်ငွေက မြန်မာငွေ မဟုတ်ဘူး ဆရာ၊ နိုင်ငံခြားငွေတွေ ၀င်မှာ။ ”

ထောင်တွင်းက ဗေဒင်ဆရာက သူသိမြင်သမျှ အတိအကျ ဟောဆိုနေပေမဲ့ ဆရာကတော့ အင်းမလုပ် အဲမလုပ်နဲ့ လက်ခံ ပုံမရဘူး။ ၀င်မယ့်ပိုက်ဆံက နိုင်ငံခြားငွေဆိုတော့ ပိုပြီးတော့ ယုံဖို့ဝေးသွားတာပေါ့။ မြန်မာနိုင်ငံက ထွက်ခွာပြီး နိုင်ငံခြားမှာ နေဖို့ကိစ္စကို ဆရာ ဘယ်တုန်းကမှ မစဉ်းစားဖြစ်ဘူး။ မြန်မာပြည်ကို သိပ်ချစ်တဲ့ စာဆိုက၀ိ ပညာရှိကြီး မဟုတ်လား။

ဒီအကြောင်း ကျနော့်ကို ပြောပြချိန်မှာ ဒီဗေဒင်ဆရာရဲ့ ဟောပြောချက်တွေ မှန်တဲ့အကြောင်း ဆရာက ထောက်ခံပြောဆို လာတယ်။ ဟုတ်ပါတယ်၊ ဆရာက မယုံသော်လဲ ဆရာ့ဘ၀ဖြစ်စဉ်တချို့နဲ့ လုံးဝကို တိုက်ဆိုင်နေပါတယ်။

ဆရာတင်မိုးဟာ ဗေဒင်ကို မယုံသလို ဓာတ်တွေ နတ်တွေ ဥုံဖွတွေ ယတြာတွေကိုလည်း ယုံလေ့မရှိပါဘူး။ ဆရာ ထောင် ကျချိန်မှာ ရန်ကုန်မြို့ပေါ်က နာမည်ကြီးဘုရားတွေရဲ့ ဂေါပကတချို့ငွေစားမှုနဲ့ ထောင်ထဲမှာ ရောက်နေတယ်။ စိတ်ဝင်စား စရာ ဘုရားလူကြီးများအကြောင်းကို အကြောင်းသိ ထောင်ကျနေသူများပြောလို့ ဆရာလည်း သိခဲ့ရတယ်။

ထောင်ထဲမှာ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ ဘုရားဝတ်ပြုဖို့ အခွင့်ပေးတယ်။ ဘုရားနဲ့ဘာနဲ့ သီးသန့်လုပ် ပေးထားတယ်။ ဘုရား ၀တ်ပြုမလားလို့ ဆရာတင်မိုးတယောက် အနားကိုသွားကြည့်တယ်။ ဆီမန်း မန်းလိုက်၊ အဓိဌာန်ဝင်လိုက်၊ ယတြာချေလိုက် နဲ့ ဗျာများနေတဲ့ ဘုရားလူကြီးတွေနဲ့ ပြည့်နေတာမို့ နောက်ကြောင်း ပြန်လှည့်ခဲ့တယ် ပြောတယ်။

ဆရာက ခုတုံးလုပ်တာဆို ဘာကိုမှမကြိုက်ဘူး။ ကုသိုလ်ရချင်ရင် ရိုးရိုးလေး ကုသိုလ်ရအောင်လုပ်၊ တခုခုကို မျှော်ကိုးလို့ ကုသိုလ်ပြုတာမျိုးကို ဆရာ လက်မခံဘူး။ ကိုယ် ထောင်ကလွတ်ချင်လို့ ဘုရားကြည်ညိုတာမျိုး၊ ဘုရားကို ခုတုံးလုပ်တာမျိုး တွေ့ရင် ဆရာက ဝေးဝေးက ရှောင်တယ်။ အခုလည်း ဘုရားလူကြီးတွေ ဘုရားရှေ့မှာ အဖြစ်သည်းပြနေတာကို အမြင်ကပ် ပုံရတယ်။ ဆရာနဲ့ သက်တူ ရွယ်တူလောက် လူကြီးတွေပဲ။ အဝေးမှာပဲ ဆရာ နေလိုက်တော့တယ်။

မကြာပါဘူး၊ လွတ်ရက်မှာ မလွတ်တဲ့အတွက် ဘုရားလူကြီးတွေ ဘုရားကို ဒေါကန်၊ ရန်တွေ့နေ ကြတယ်။ ဒီလောက် ဘုရားတရား နေ့စဉ်မှန်မှန် လုပ်တာတောင် ထောင်က မလွတ်ရကောင်းလား ပေါ့လေ။ စိပ်နေတဲ့ ပုတီးတွေ လွှင့်ပစ်၊ ထိုင်ငိုသူကငို နဲ့ သူတို့အားထုတ်ထားတဲ့ တရားတွေ ဘယ်ဆီပျောက်ကုန်တယ် မသိဘူးတဲ့။

“ ရန်ဖြစ်လို့ ဆရာရေ . . . မနည်းကို ဆွဲလိုက်ရတယ် ”

ထောင်ကျ တပည့်တဦးက ဆရာ့ကို ပြောလာလို့ ဆရာက ပြန်မေးလိုက်တယ်။

“ ဘယ်သူတွေ ရန်ဖြစ်တာလဲဗျ ”

“ မပြောချင်ပါဘူးဆရာရယ်၊ ဘုရားလူကြီးတွေပေါ့ဗျာ၊ အဘိဓမ္မာဆွေးနွေးရင်း ထ ရန်ဖြစ်ကြတာ ဆရာ”
ဆရာ ထောင်ကျစဉ်က ရဟန်းတော်တွေလဲ ထောင်ထဲမှာ ရှိနေတယ်။ ဆရာတင်မိုးက ထောင်ကျရဟန်းတွေကို အလွန်အမင်း ကြည်ညိုတယ်။ ကောင်းကောင်းမွန်မွန် နေလို့ရပေမဲ့ ဒကာ၊ ဒကာမတွေ အတွက် အနစ်နာခံလို့တဲ့။ ငယ်စဉ်က ပါဠိစာပေကို ရွာကျောင်းမှာ သင်ယူခဲ့သူဆိုတော့ ရဟန်းသံဃာတော် များနဲ့ ဆုံတဲ့အခါ စာပေ၀ိုင်းဖြစ်ပြီး အဖွဲ့ကျသွားလေ့ရှိတယ်။

မဂ္ဂင်ကျောင်းဆရာတော်၊ မေဒိနီဆရာတော်တို့တွေလဲ ဆရာတင်မိုးနဲ့အတူ ထောင်ထဲမှာရှိနေတယ်။ ဆရာက စာသိပ်တော်တဲ့ မေဒိနီဆရာတော်နဲ့ သိပ်ရင်းနှီးတယ်။ မေဒိနီဆရာတော်ကြီးကလည်း ဦးတင်မိုးကို အထူးဂရုစိုက်တယ်။ ဆရာတင်မိုးကို ရေချိုးပေးဖို့နဲ့ ထမင်းကို ဂရုတစိုက်ကျွေးဖို့ လူငယ်လေးတွေကို ဆရာတော်က နှိုးဆော်တိုက်တွန်းပေးတတ်တယ်။

“ မြတ်ဘုရားနဲ့ တရားသံဃာ၊ တဂိုဏ်းတည်းထားတဲ့၊ အာစရိယ ဆရာ ”

“ ကဲ ကဲ ကဲ ဘုန်းပေးလိုက်ဦးမယ် ”

ဒီအသံက စစ်တုရင် ကစားတဲ့နေရာက ထွက်လာတဲ့အသံ ဖြစ်ပါတယ်။ ဆရာတင်မိုးက အနားမှာ ထိုင်ကြည့်နေတယ်။ မေဒိနီဆရာတော်က ကစားနေရင်းနဲ့ အကောင်လေးတကောင်ကို စားတော့မယ်ဆိုရင် လင်္ကာလေး တပုဒ်ကို အမြဲဆိုပြီး သူ့ကို စစ်တုရင် သင်ပေးတဲ့ဆရာကို ဂါရ၀ပြုတယ်။ ဘုန်းပေးတဲ့ ရဟန်း တော်များ အသုံးအနှုံးကို စားတဲ့နေရာမှာ သုံးပါတယ်။

ဆရာတော်က ကျားဘငြိမ်းထံမှာ ကျားနဲ့ စစ်တုရင်ပညာတွေ လက်ထပ်သင်ခဲ့တယ်။ ဆရာတော်ရဲ့ စစ်တုရင်ပညာ ဘယ် လောက်တော်သလဲဆို မြန်မာ့ချန်ပီယံအဆင့်လောက်နဲ့ စစ်တုရင်ကစားမှ လက်ညီတယ် လို့ ဆရာတင်မိုးပြောတယ်။

“ လူကြီးမင်း စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ကြီးဟာ မကြာခင် ဒင်းဗားလေဆိပ်ကို ဆိုက်ရောက်ပါ တော့မယ် . . . ”

လေယာဉ်မယ်ရဲ့ ကြေညာသံ ထွက်ပေါ်လာတယ်။ မကြာမီ လေယာဉ်ပျံကြီးဟာ တကျွီကျွီနဲ့ ပြေးလမ်းပေါ်မှာ ပြေးလွှားနေ ပါပြီ။ တလမ်းလုံး ကျနော့်စိတ်ထဲ ရစ်ဝဲနေသော ဆရာတင်မိုးနဲ့ပတ်သက်တဲ့ အတွေးစတို့ ရပ်တန့်သွားတယ်။

အဆီအငေါ်မတည့် ပေါ်လာတတ်တဲ့ ဆရာတင်မိုး အကြောင်းတွေက များစွာပါပဲ။ ဆရာကလည်း ဗဟုသုတ ဟင်းလေးအိုး ကြီးဆိုတော့ စပ်မိလာတဲ့ကိစ္စတိုင်းမှာ အကြောင်းအရာက မရှားဘူး၊ ဆရာ ပြောပြလေ့ရှိတော့ တော်တော်များများကို မှတ် မိနေပါတယ်။ တချို့ဆို ဆရာ့ကို Google ကြီးလို့တောင် တင်စားလိုက်သေးတယ်။

ဆရာ မြတ်နိုးတဲ့ ပုထိုးစေတီနဲ့ မြန်မာပြည်ကိုလည်းကောင်း
ဆရာ လွမ်းတဲ့ အညာလမ်းနဲ့ တမာတန်းကိုလည်းကောင်း
ဆရာ ချစ်အပ်တဲ့ မြင့်မြတ်တဲ့အမွေ စာပေကိုလည်းကောင်း
ဆရာ ကျင့်အပ်တဲ့ အကျင့်မြတ်သိက္ခာ ဘာဝနာကိုလည်းကောင်း
ဆရာ ရပ်တည်တဲ့ တိုင်းပြည်ရဲ့ပါတီ ဒီမိုကရေစီကိုလည်းကောင်း
သမိုင်းကြောင်းတကွေ့မှာ မမေ့နိုင်စရာ ဘ၀မှတ်တမ်းတွေပါ ဆရာ . . . ။

တက္ကသိုလ်၊ ကော်ဖီ်၊ လဘက်ရည်ဆိုင်နဲ့ လေဆိပ်၊ သည်နေရာဟောင်းတွေ ရောက်တိုင်း လွယ်အိတ်တလုံးနဲ့ ဆရာ့ပုံရိပ် တွေ ထင်နေဆဲပါ ဆရာ။ ဆရာနဲ့ပတ်သက်တဲ့ လွမ်းတေးတွေ သီလို့ မဆုံးနိုင်သေးပါ ဆရာ။

မြန်မာပြည်နဲ့ မြန်မာစာပေကို အလွန်ချစ်မြတ်နိုးတဲ့ ဆရာရေ . . . စိတ်ချစွာနဲ့ ကောင်းမြတ်တဲ့ ဘ၀သစ်တခုဆီ ခရီးဆက်ပါ ဆရာ။ ဆရာ ခေါင်းချချင်တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရပြီးရင် ဆရာ့အရိုးပြာကို သယ်ဆောင်သွားမှာပါ ဆရာရယ် . . . ။

ကိုသက်

[ဥဒါန်းသစ် တွင်ဖော်ပြထားတဲ့ ဆောင်းပါးးကို စာရေးသူခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်]

No comments: