Wednesday, June 25, 2008

သစ္စာဖောက်
ရေးသူ - ဖိုးကျော့




{၁၃၆၃ ခု၊ ဒုတိယ၀ါဆိုလဆုတ် ၁၁ ရက်၊ 2001 August 15 မှာ ထည့်သွင်းဖော်ပြဖူး တဲ့ ၀တ္ထုကို ထပ်မံဖော်ပြခြင်း ဖြစ်ပါတယ်။}


သူသည် တိတ်ဆိတ် ငြိမ်သက်နေခြင်းကိုသာ လိုလား၏။ ဆူညံခြင်းကို လုံးဝမနှစ်သက် တတ်။ သူ့နားကလည်း ပါးလွန်းသည်။ တခါတခါ သစ်တောကို လေပြင်းတိုးသံ၊ သစ်ခြောက်ရွက်များ တသဲ့သဲ့ ကြွေကျသံ၊ တောသစ်သီးလုံးများ တဖြောက်ဖြောက် ကြွေကျသံနှင့် တောတိရစ္ဆာန်များ အော်မြည် ညည်းတွားသံတို့ကိုပင် သူ့နားက မကြားချင်။ ထို့ကြောင့်လည်း သူသည် အသံမျိုးစုံတို့ဖြင့် ဆူညံနေတတ်သော ပတ်ဝန်းကျင်နှင့် အပြင်လောကကို ရှောင်နေသည်။ တိတ်ဆိတ်အေးချမ်းသော သူ့မြေအောက်ကမ္ဘာထဲ၌သာ သူ့မိသားစုနှင့်သူ အေးချမ်းဆိတ်ငြိမ်စွာ နေထိုင်လေ့ရှိသည်။



တနေ့သ၌ အစာရှာဖွေစားသောက်ရန် မြေအောက်ကမ္ဘာကျင်းထဲမှ အပြင်လောကသို့ သူ့မိသားစုနှင့်အတူ သူထွက်လာသည်။ လေနှင့်ကြွေပြီး သူ့ကျင်းဝကို လာပိတ်နေကြသော သစ်ရွက်ခြောက်များကို ဦးစွာ ဖယ်ရှားပစ်ရသည်။ သစ်ရွက်ခြောက်များပေါ်တွင် တင်ကျန်နေ ကြသော နှင်းရည်နှင်းစက်များကို လျက်သောက်ကြလေ၏။
နှင်းရည်သောက်ယင်း သူတို့ မိသားစုသည် ဆင်ခြေလျှောအတိုင်း စမ်းပေါက်တခုနား ဆင်းလာကြသည်။ သူ့နောက်တွင် စီတန်းလိုက်ပါလာကြသော သူ့မိသားစုကို တချက် သူလှည့် ကြည့်သည်။ အားလုံး ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွပင်။ ဤတော ဤတောင်တွင် သူတို့ မိသားစုကို ရန်မူရဲသော တောတိရစ္ဆာန်ဆို၍လည်း တကောင်တမြီး၊ တအုပ်တမမျှ မရှိကြ။ တောဘုရင်ဖြစ်သော ကျားကြီးများပင် သူတို့ မိသားစု ထွက်လာသည်ကို မြင်လျှင် မယောင် မလည်နှင့် ရှောင်သွားကြ၏။ တခြား တောတိရစ္ဆာန်များဆိုလျင်မူ သူတို့ မိသားစု အနားကိုပင် မသီရဲကြ။ ဝေးဝေးကပင် ရှောင်ပြေးတတ်ကြ၏။ ထို့ကြောင့်လည်း သူတို့ မိသားစုမှာ အနှောက် အယှက်ကင်းမဲ့စွာ အစာရှာဖွေစားသောက်နိုင်ကြသည်။ ဤတော ဤတောင်တွင် လွတ်လွတ် လပ်လပ် သွားလာနေနိုင်ကြသည်။
တောင်ချိုင့်တခု၏ စမ်းပေါက်နားရှိ စိမ်းလန်းသော ဆင်ငိုမြက်ခင်းပြင်နားသို့ မိသားစုလိုက် ဆင်းလာကြသည်။ ဆင်ငိုမြက်ဥတွေမှာ သူတို့ အကြိုက်ဆုံး အစားအစာ ဖြစ်၏။ သူတို့ တူးဖော်စားသောက်ရန် ရည်ရွယ်ထားသော ဆင်ငိုမြက်ခင်းနား အရောက်တွင် ၀က်အော်သံများကို ကြားကြရသည်။ သူတို့ မိသားစုကို မြင်သည်နှင့် ၀က်များသည် ကစဥ့်ကလျား ထွက်ပြေးသွားကြ၏။ မြက်ခင်းကား ၀က်တွေ ဦးသွား၍ ထောင်းလမောင်း ကြေသွားလေပြီ။ ဆင်ငိုမြက်ဥများတွင်မက မြက်ပုတ်အောက် မြုပ်နေကြသော ခရုလုံးများပါ တက်တက်စင်သွားလေသည်။
သူသည် ၀က်ပုတ်များကို ဒေါသဖြစ်စွာနှင့် သူတွေ့ထား၊ မြင်ထားဖူးသော နောက်ထပ် ဆင်ငိုမြက်တခင်းရှိရာသို့ ဦးဆောင်ထွက်လာလေသည်။ မြက်ခင်းတွင် မြက်ဥများကို အေးအေး လူလူ တူးဖော် စားသောက်နေကြစဉ် တကြိမ်တခါမှ မကြားဖူးသေးသော အသံထူး အသံဆန်း တခုကို ကြားလိုက်ရသည်။ ထိုအသံသည် သူ၏ ပါးလွန်းသော နားထဲ တချက်ချင်း စူးဝင်လာသည်။ အလွန် နားကလောစရာကောင်းသော အသံပင်။
သူသည် တမြုံ့မြုံ့ဝါးနေသော ဆင်ငိုမြက်ဥများကိုပင် ဆက်မ၀ါးမိတော့ပဲ အသံကို နားစွင့်လိုက်မိ၏။ သူ၏ ထူးခြားစွာ နားစွင့်နေမှုနှင့် အတူ သူ့မိသားစုသည်လည်း အသံ လာရာဆီသို့ နားစွင့်နေကြသည်။ ကြောက်လန့်၍မဟုတ်၊ နားထဲစူးဝင်လာသော အသံကို နားကလော၍ ခံပြင်း၍သာ ဖြစ်သည်။ သူတို့ မိသားစုကား ဆူညံမှု၊ နားကလောမှုကို လုံးဝ မခံနိုင်ကြ။
တချက်ချင်း တ၀ုတ်ဝုတ် ဟောင်လိုက်သော အသံက ထူးဆန်းသည်။ တိရစ္ဆာန် အချင်းချင်း ကိုက်ခဲသတ်ဖြတ်လိုသော ဒေါသသံ အပြည့်ပါသည်။ မာန်ဝင်နေသော အာကလောင်ခြစ်၍ ဟောင်သံက ဟိန်းထွက်လာသည်။ တတောလုံး တတောင်လုံး ဆူညံသွား၏။ ဆူဆူညံညံ အသံဗလံများကို နားမခံနိုင်ကြသော သူတို့၏ မိသားစုနှင့်လည်း ပိုနီး လာ၏။ နားထဲ ပိုခံပြင်းလာသည်။ ထို့ကြောင့် သူတို့ မိသားစုအားလုံးသည် အသံရှင်ကို မည်သူမည်ဝါ ဖြစ်မှန်း သိလိုသဖြင့် အကုန်နားစွင့်နေကြ၏။
အစကမူ ချေ(ဂျီ)ငယ် ဟောက်သံလားဟု ထင်မိ၏။ လုံးဝမဟုတ်။ သူသည် ဤတော ဤတောင်၌ ကျားမြည်သံကအစ တောတိရစ္ဆာန်မျိုးစုံနှင့် ငှက်မျိုးစုံတို့၏ မြည်သံများကို အကြိမ် ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးထားသည်။ ယခု အော်မြည်လာသံမှာ ဘယ်တိရစ္ဆာန် အော်မြည်လာသံနှင့်မှ မတူ။ ကိုယ်ပိုင်စွမ်းအားဖြင့် တပါးသူကို ကိုက်ခဲသတ်ဖြတ်ရန် လိုက်လံ အော်ဟစ်လာသံထက် အားကိုးတခုခု၊ အမှောင့်ပရောဂ တဦးဦးက ၀င်ပူးစေခိုင်း လာသံလို အားမန် အပြည့်ပါလာသံ။
အသံမှာ ပို၍ နီးလာသည်။ ဆင်သံ၊ ကျားသံ၊ ပြောင်သံ၊ ဆတ်သံ၊ ၀က်သံ၊ ချေ (ဂျီ)သံ စသည့် သူကြားဖူးခဲ့သမျှ အသံများစွာကို သူပြန်စဉ်းစားသည်။ မည်သည့် တောတိရစ္ဆာန်၏ မြည်သံနှင့်မှမတူ။ တမူထူးခြား ရန်လိုလာသော အသံပင်။ အလွန်နားကလော လာသော အသံကို နားစွင့်ကာ သူတို့ မိသားစုအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထို့ကြောင့် သူတို့ မိသားစုသည် သဘာဝဖန်ဆင်းရှင်က ပေးအပ်ထားသော ကိုယ်ပေါ်က ဆူးတောင်တွေကို ချက်ချင်းအသင့်ပြင် ထောင်ထားလိုက်ကြသည်။
တခါမှ မကြားဖူးသော ထူးထူးခြားခြား အသံရှင်သည် သူတို့ဆီလာပြီး သူတို့ကို ရန်မူလာလျှင် ကိုယ်ပေါ်က ဆူးချွန်တွေကို ရုတ်ချည်းခါထုတ်ပစ်ပြီး ရန်သူကို တိုက်ခိုက်ရန် ဖြစ်၏။ သူတို့ မိသားစုသည် ဤသို့ပင် တောတိရစ္ဆာန်များကို ဆူးချောင်းတွေနှင့် ပစ်လွှတ်ပြီး အနားမသီရဲအောင် ခြောက်လှန့်ကာကွယ်ခဲ့ကြသည်။ သူတို့ ဆူးတွေနှင့် လှမ်းပစ်၍ မထိလျှင်လည်း အရေးမကြီး။ ဆူးနှင့် လှမ်းပစ်ခဲ့၍ မထိနိုင် မဖောက်နိုင်သော အရေထူ အရေပျော့ တောတိရစ္ဆာန်များဆိုလျှင် ကိုယ်ပေါ်က ဆူးတောင် ဆူးချွန်တွေကို ဖြန့်ထောင်ထား လိုက်ရုံသာ။ သားစားကြူးသော ကျားရဲက လာကိုက်မလား လာကိုက်လှည့်။ ကိုက်သည်နှင့် တပြိုင်နက် ကျား၏ အာခံတွင်းကို ဆူးစူး၍ အော်ပြေးရမည်။ ခြေထောက်နှင့် နင်းမလား၊ ကိုယ်နှင့် ဖိသတ်မလား၊ လာခဲ့။ ရန်သူ၏ ခြေထောက်နှင့် ကိုယ်လုံးက သူတို့ ကိုယ်ခန္ဓာကို မဖိ မနင်းမိမီ သူတို့ ဖွရွထားသော ဆူးတောင်တွေက ရန်သူတောတိရစ္ဆာန်၏ ခြေထောက်ကို ဦးစွာ စူးဝင်ကြပေလိမ့်မည်။ အဖျားတွင် အဆိပ်ပါသော သူ့ဆူးတောင်၏ ထိ ရှ စူး ကျင်ခြင်းကို ဘယ် တောတိရစ္ဆာန်မှ မခံနိုင်ကြ။ အနက်ရစ် တမြုပ် အဆိပ်စူးခံရသော တောတိရစ္ဆာန်မှာ လုံးဝ မသေနိုင်သော်လည်း နာကျင်ကိုက်ခဲကာ ခြေလှမ်း ရာပေါင်းများစွာ ပြေးနေရပေမည်။ ထိုအဆိပ်စူးနှင့်ပင် သူတို့ မိသားစုမှာ ဤတော ဤတောင်ရှိ ကျားရဲတကွသော အန္တရာယ် ပြုတတ်သူ မှန်သမျှကို ဆုံးမထားရလေသည်။ ထို့ကြောင့် တောတိရစ္ဆာန်များသည် သားစဉ် မြေးဆက် သူတို့မိသားစုနှင့် ကင်းကင်းရှင်းရှင်း နေကြ၏။ သူတို့ရှိရာ မြေအောက်ကမ္ဘာနားကို မည်သူမျှ မလာရဲ။ တခါတခါ မလွှဲမရှောင်သာ၍ ကျင်းပေါ်ရှိ မြေပြင်ထက်မှ ဖြတ်ပြေးသွားတတ် ကြသော ခြေသံများလောက်သာ ကြားရသည်။ ဤသည်ကိုပင် သူတို့မိသားစုကလည်း အိပ်ပျော်နေရာမှ လန့်နိုးရပါ့မလားဟု အားလုံး စိတ်တိုတတ်ကြ၏။ သူတို့မှာ နားပူသည်ကို ဤမျှထိ မခံချင်ကြသူတွေ။
ထို့ကြောင့် ယခု ဆူညံအော်ဟစ်ကာ ပြေးလာနေသော အသံကို မလိုမုန်းထားစွာ အားလုံး နားစွင့်ထားကြ၏။ သူတို့ကို အန္တရာယ်ပြုရန် လာလျှင် ဆူးချောင်းတွေ ဆူးတောင်တွေနှင့် လှမ်းပစ်ရန်ကိုလည်း အသင့်ပြင်ထားကြ၏။ ကလေးတွေကအစ ကြောက်ရွံ့ ထိတ်လန့်မှုတော့ မည်သူမျှ မဖြစ်ကြ။ တ၀ုတ်ဝုတ် တဝေါင်းဝေါင်း ဟောင်လာသော ဆူညံသံကို နားမခံသာ၍သာ ပစ်ခတ်ခြောက်လှန့်ရန်သာ။
တ၀ုတ်ဝုတ် ဟောင်လိုက်လာသော အသံရှင်၏ ခြေသံနှင့်အတူ သူ့ကို ကြောက်ရွံ့၍ ဆောက်တည်ရာမရ ပြေးလာသော တောတိရစ္ဆာန်တကောင်၏ ခြေသံက သူတို့အနား ရောက်လာသည်။ သူတို့မိသားစုသည် ဆူးတောင်တွေကို ထောင်ကာ ငေးကြည့်နေကြ၏။ ကျီကနဲ မြည်လိုက်သော ချေ(ဂျီ)ငယ်၏ အထိတ်တလန့် အော်လိုက်သံနှင့်အတူ အသံရှင်၏ ကိုက်ခဲ မာန်ဖီလိုက်သံက သူတို့နားထဲမှာ ဆူညံ ပေါက်ကွဲသွားသည်။ သူတို့၏ မျက်စိရှေ့၌ပင် ချေ(ဂျီ)ငယ်သည် လဲကျသွား၏။ အသံရှင်သည် ချေ(ဂျီ)ငယ်ကို ကျားကုတ်ကျားခဲ ကိုက်လှဲလိုက်သည်။ ခဏသာကြာ၏။ ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ချေ(ဂျီ)ငယ်နားကို အသံရှင်၏ သခင်ရောက်လာသည်။ ထူးခြားသော အသံရှင်နှင့် သူ့သခင်ကို ကြည့်ကာ သူတို့မိသားစုမှာ ဖွတ်မေ့ပတတ်မေ့ ဖြစ်သွားကြ၏။
'၀ုတ်'
'၀ုတ်'
သူတို့မိသားစုကို ခွေးတိရစ္ဆာန် မြင်သွားပုံရ၏။ ချက်ချင်း လှမ်းဟောင်သည်။
သူ့ သခင်အားကိုးနှင့် ချေ(ဂျီ)ငယ်ကို ကိုက်လှဲထားရာမှ သူတို့မိသားစုနားသို့ တ၀ုတ်ဝုတ်ဟောင်ကာ ပြေးလာသည်။ သူ့သခင်ကမူ သူတို့မိသားစုကို လန့်၍ ချက်ချင်း အနားကို မလာရဲသေး။ သူ့ခွေးကိုပင် ပြန်ခေါ်၏။ သို့သော် သခင်အားရ ကျွန်ပါးဝ လုပ်ချင်နေသော ခွေးတိရစ္ဆာန်သည် သူတို့မိသားစုအား ဟန်နှင့် မာန်နှင့် ကိုက်ခဲသတ်ဖြတ်ရန် ပြေးလာ၏။ သူတို့မိသားစုကား ဤတော ဤတောင်တွင် မည်သူ့ကိုမျှ ကြောက်ရွံ့တတ်သူများ မဟုတ်ကြ။ ထိုကြောင့် ခွေးတိရစ္ဆာန်ပြေးလိုက်လာသည်ကို မြင်သော်လည်း လုံးဝ ထွက်မပြေး ကြ။ အတွေ့အကြုံအရ ကလေးတွေကအစ ကိုယ်ပေါ်က ဆူးတောင်တွေကို ချက်ချင်းဖြန့် ထောင်ကာ တိုက်ခိုက်ရန် အသင့် ပြင်ထားကြ၏။
သူကား ခွေးတိရစ္ဆာန်ကြီးကို ဒေါသဖြစ်ကာ သတိနှင့် စူးစိုက်ကြည့်နေ၏။ အခြေလေး ချောင်းရှိသော သတ္တ၀ါအချင်းချင်း ကိုယ်ချင်းမစာပဲ ချေ(ဂျီ)ငယ်အား အခြေနှစ်ချောင်းရှိသော သူ့သခင် သတ္တ၀ါကြီးကို ကိုက်သတ်ပေးရုံနှင့် အားမရသေး၊ မျက်နှာလိုမျက်နှာရနှင့် သူတို့ မိသားစုကိုပါ ကိုက်သတ်ရန် ပြေးလာချေ၏။ သူသည် ဒေါသဖြစ်ဖြစ်နှင့် ဆူးတကမ်း သို့အရောက်တွင် သူ့ကိုယ်မှ ဆူးတွေကို ခါထုတ်ပစ်လိုက်သည်။ သူ့အခြေအနေကို စောင့်ကြည့်နေသော သူ့မိသားစုတွေကလည်း ကိုယ်ပေါ်က ဆူးတွေကို သစ္စာဖောက် ခွေးတိရစ္ဆာန်ဆီ ခါလွှတ်လိုက်ကြသည်။ သူတို့ကိုယ်ပေါ်မှ ခါပစ်လိုက်သော ဆူးတောင်များ သည် သစ္စာဖောက် ခွေးတိရစ္ဆာန်ကို ဘယ်နှစ်ဆူး ထိသွားသည်မသိ၊ တဂိန်ဂိန်အော်ကာ သူ့သခင်ရှိရာသို့ ချက်ချင်းပြန်ပြေး၏။ သူတို့ မိသားစုမှ တဖြန်းဖြန်း တဖြန်းဖြန်း ခါထုတ် လိုက်သော ဆူးတောင်များကို ကြောက်ကာ သူ့သခင်က သစ်ပင်ကြီးတပင်နှင့် သူ့ကိုယ်ကို ကွယ်ထားသည်။ သူအကာအကွယ် ယူထားသော သစ်ပင်၏ ပင်စည်အခေါက်၌ပင် ဆူး တောင်သုံးလေးချောင်း စူးစိုက် စူးနစ်ဝင်နေသည်ကို မြင်ရ၏။ သူ မပြေးသလို သူတို့၏ မိသားစုလည်း မည်သူမျှ ထွက်မပြေးကြ။ သစ္စာဖောက် ခွေးတိရစ္ဆာန်နှင့် သူ့သခင်ကိုသာ စိုက်ကြည့်နေကြ၏။ နောက်တခါ ဆူးတောင်တကမ်းသို့ ခွေးတိရစ္ဆာန်နှင့် သူ့သခင်တို့ ပြန်ရောက်လာကြလျှင် သူတို့ကိုယ်ပေါ်တွင် နောက်ထပ် ကျန်နေသေးသော ဆူးတောင်များနှင့် ပစ်လွှတ်ရန် ချိန်ရွယ်ထားကြသည်။
မလာရဲကြတော့။ ခွေးတိရစ္ဆာန်နှင့် သူ့သခင်တို့သည် သူတို့ မိသားစုကို ကြောက်ရွံ့သွား ကြလေပြီ။ ဆူးစူးခံထားရသော သစ္စာဖောက်ခွေးတိရစ္ဆာန်မှာ သူ့သခင်နားတွင် တဂိန်ဂိန် အော်နေ၏။ သို့သော် သူ့သခင်ကမူ သူ့ကို ကယ်ဆယ်ရန်မဆိုထားနှင့် သူကိုက်ပေးထားသော ချေ(ဂျီ)ငယ်ကိုပင် မကောက်ရဲသေးပဲ သစ်ပင်ကြီး၌သာ ကိုယ်ကို ကပ်၍ ပုန်းနေ၏။ သူတို့ မိသားစုဆီက နောက်ထပ်ပစ်လွှတ်မည့် ဆူးတွေကို ကြောက်နေလေသည်။
ခွေးတိရစ္ဆာန်နှင့် သူ့သခင်တို့က သူတို့ မိသားစုဆီသို့ နောက်ထပ် ရန်ရှာရန် မကပ်ဝံ့ကြ တော့ပေ။ သူတို့မိသားစုသည်လည်း သူတို့သိုက်နန်းရှိရာ မြေအောက်ကမ္ဘာသို့ အေးဆေးစွာ ပြန်လာကြလေသည်။ သို့သော် ဖြူကောင်တို့၏ စိတ်ထဲ၌မူ ခွေးတိရစ္ဆာန်အား လုံးဝ မကျေနပ်ကြ။ အခြေလေးချောင်ရှိသော တိရစ္ဆာန်အချင်းချင်း ကူညီရိုင်းပင်းရမည့်အစား အခြေနှစ်ချောင်းရှိသော သတ္တ၀ါကိုသာ မျက်နှာလို မျက်နှာရ၊ မျိုးတူဇာတ်တူ အချင်းချင်းကို လိုက်လံ ကိုက်သတ်ပေးနေခြင်းသည် တိရစ္ဆာန်လောကကို သစ္စာဖောက်ခြင်းပင်။
တိရစ္ဆာန်လောကကို သစ္စာဖောက်နေသူကား ခွေးတိရစ္ဆာန်ပင်တည်း။ ။

ဖိုးကျော့
သဘင်မဂ္ဂဇင်း [? ခုနှစ်]

စကားမာရသွန်{၁}
ရေးသူ- လူထုစိန်ဝင်း

[မာယာ အတွဲ၃၊ အမှတ် ၁၊ မတ်လ၊ ၁၉၉၈ တွင်ဖော်ပြပြီးတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ယခု အင်တာနက်မဂ္ဂဇင်းမှာ ထပ်မံ ဖော်ပြပါတယ်။]


လွန်ခဲ့သော ၁၅နှစ်လောက်က လေဖြတ်ခံရပြီး ညာခြေညာလက်နဲ့ ညာဘက် ကိုယ်တခြမ်း သေသွားတဲ့ ဒုက္ခိတဘ၀ ရောက်ခဲ့ရပါတယ်။ လေးချောင်းထောက် လက်ကိုင်ထောက်ကို အားပြုပြီး အိမ်ထဲမှာ လှုပ်ရှားနေရုံလောက်သာ စွမ်းတာမို့ အိမ်ထဲနေရင်း လုပ်လို့ဖြစ်တဲ့ အင်္ဂလိပ်စကားပြော သင်တန်းကလေးတခု ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ ညာလက်က မသန်စွမ်းတော့ပေမယ့် ဘယ်လက်ရှိသေးတာပဲ။ ပြီးတော့ ပါးစပ်ကလည်း ရှိသေး တာပဲ။ လက်နဲ့လုပ်စားလို့မရရင် ပါးစပ်နဲ့ လုပ်စားလို့ ရသေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေးရင်း လုပ်ကိုင်လာခဲ့ပါတယ်။


သင်တန်းမှာ လူပေါင်းစုံ လာတက်ကြပါတယ်။ အနိမ့်ဆုံး ဆယ်တန်းကနေ ကောလိပ် ကျောင်းသူ ကျောင်းသား၊ အစိုးရ၀န်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ စသဖြင့် အရွယ်စုံ အလွှာစုံ ရှိပါတယ်။ အသက်အားဖြင့်တော့ ၁၆ နှစ် ကနေ ၃၀ အတွင်းတွေ က အများစုပါ။ ၃၀ ကျော် ၄၀ တွေလည်းပါပေမယ့် နည်းပါတယ်။ အတန်းပညာအားဖြင့် အနည်းဆုံး ၁၀နှစ် ကနေ ၁၇နှစ်ထိ ကျောင်းသင်ပညာ အခြေခံ ရှိသူတွေချည်းပါ။ ဒါပေမယ့် အင်္ဂလိပ်စကား သွက်သွက်လက်လက် မပြောနိုင် မရေးနိုင် မဖတ်နိုင် နားမလည်နိုင်ကြလို့ သင်တန်း လာတက်ကြတာပါ။
အဲဒီသင်တန်းသားတွေ အင်္ဂလိပ်စကားပြော ရဲအောင် သွက်သွက်လက်လက် ဖြစ်လာအောင် လေ့ကျင့်ပေးရာမှာ အခြေအတင် ငြင်းခုံဆွေးနွေးကြတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။ ဆရာက အဖြူလို့ ပြောတာကို သင်တန်းသားတွေက အမည်းပါလို့ ပြန်ငြင်းရတာမျိုး လုပ်သလို၊ သင်တန်းသား အချင်းချင်း အကြောင်းအရာတခုခုကို မူတည်ပြီး အပြန်အလှန် အချေအတင်ငြင်းခုံ ဆွေးနွေးကြတာမျိုးလည်း လုပ်ပါတယ်။
ကျောင်းမှာ ကျူရှင်မှာ ဆရာတွေ ရေးပေးတဲ့ မှတ်စုကိုသာ ကြိုက်ကြိုက် မကြိုက် ကြိုက် အလွတ်ရအောင် ကျက်ပြီး စာမေးပွဲ ဖြေခဲ့ရတဲ့ လူငယ်တွေဟာ လွတ်လွတ်လပ်လပ် ငြင်းခုံဆွေးနွေးရတာကို သဘောကျပါတယ်။ စိတ်လည်းဝင်စားကြပါတယ်။ စိတ်ဝင်စား သဘောကျတဲ့အတွက် အားတက်သရော ပါဝင်ငြင်းခုန် ဆွေးနွေးကြပါတယ်။ တခါတလေ သူတို့ ဆွေးနွေးချင်တဲ့ ကိစ္စ အကြောင်းအရာတွေကို သူတို့ကိုယ်တိုင် ယူလာတတ်ပါတယ်။ ဆွေးနွေး ငြင်းခုံလုပ်ကြရာမှာ အရှုံးအနိုင် ဆုံးဖြတ်တာမျိုး မလုပ်ပါဘူး။ အဆုံးအဖြတ် ရယူဖို့ မဟုတ်ပဲ အင်္ဂလိပ် စကားပြော လေ့ကျင့်တာဖြစ်တဲ့အတွက် အမှားအမှန်ကိုလည်း ဆရာလုပ်သူက ၀င်ပြီး ဆုံးဖြတ်ပေးတာမျိုး မလုပ်ပါဘူး။ ကျောင်းသားတွေ အင်္ဂလိပ်စာ ပြောနေရင် ပြီးတာပါပဲ။
အချေအတင် ဆွေးနွေးတာ မစခင်မှာ ဆရာလုပ်သူက ငြင်းခုံတယ်ဆိုတာ နှစ်မျိုး နှစ်စား ရှိတဲ့အကြောင်း၊ ပညာတတ်တို့ ငြင်းခုံနည်းနဲ့ လမ်းဘေးဂျပိုး(ကြမ်းပိုး)တို့ ငြင်းခုံနည်း ဟူ၍ဖြစ်ကြောင်း၊ ပညာတတ်တို့က မည်သည့်အကြောင်းကိစ္စကိုမဆို စဉ်းစားသုံးသပ်ရာ၌ မိမိတို့ သင်ကြားတတ်မြောက်ထားသော ပညာကို အသုံးချ၍ အကျိုးနှင့်အကြောင်းကို ဆက်စပ်ဝေဖန် သုံးသပ်ကြောင်း၊ မိမိဖြူသည် ဟုဆိုလျှင်၊ ဘာကြောင့်ဖြူသည်ဆိုရကြောင်း၊ အကြောင်းပြချက် အကိုးအထောက် သက်သေသာဓက ခိုင်ခိုင်မာမာ ပြနိုင်ရကြောင်း၊ မိမိက မည်းသည်ဟု ဆိုလျှင်လည်း မည်းကြောင်း အခိုင်အမာ ပြောနိုင်ရမည် ဖြစ်ကြောင်း၊ လမ်းဘေး ဂျပိုးတို့ကမှ အနိုင်ရလျှင် ပြီးစတမ်း သဘောဖြင့် ယုတ္တိတန်မတန်၊ သဘာဝနှင့် ညီမညီ စဉ်းစား မနေဘဲ 'ငါ့စကားနွားရ' ပြောတတ်ကြောင်း စတာတွေကို ညွှန်ပြလမ်းကြောင်းပေးပါတယ်။
ကျောင်းဆရာတယောက်ရဲ့ တာဝန်က ကျောင်းသားတွေကို အဆုံးအဖြတ်တခု အဖြေတခု သင်ပြပေးဖို့ မဟုတ်ဘူး။ အဲဒီ အဆုံးအဖြတ်ကို ရအောင် စဉ်းစားပုံ စဉ်းစားနည်း၊ တွေးခေါ်ပုံ တွေးခေါ်နည်းကို ပြပေးဖို့သာ ဖြစ်တယ်။ အဖြေကို ကျောင်းသားက သူ့ဟာသူ လုပ်လိမ့်မယ်ဆိုတဲ့ သင်ကြားနည်းစနစ်အတိုင်း၊ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမျိုးကို လူငယ်တွေက အားတက်သရော ပါဝင်ဆွေးနွေးကြပါတယ်။
အဖြေထုတ်ဖို့လုပ်တဲ့ ငြင်းခုံဆွေးနွေးပွဲမျိုး မဟုတ်ဘူးဆိုပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းကိစ္စတခုကို လွတ်လွတ်လပ်လပ် ဆွေးနွေးရတာဆိုတော့ လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြောဆို ငြင်းခုံကြလေတော့ တန်ဖိုးရှိတဲ့ အတွေးအခေါ်လေးတွေ ပေါ်ထွက်လာတတ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမျိုးလေးတွေကို သင်တန်းမှာ Talkathon ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လေ့ရှိ ပါတယ်။ Talk ဆိုတဲ့ စကားလုံးနဲ့ Marathon ဆိုတဲ့ စကားနှစ်လုံးကို ရောစပ်ပြီး တီထွင်သုံးစွဲတဲ့ အင်္ဂလိပ်စကားပါ။
ငြင်းခုံဆွေးနွေးခြင်းဆိုတာ လူ့လောကတိုးတက်မှု အတွက် အခြေခံ ဖြစ်ပါတယ်။ မတူတဲ့အမြင်၊ မတူတဲ့ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် တင်ပြကြ၊ အချေအတင် ငြင်းခုံကြရင်းနဲ့ အမှန်တရားကို ရရှိလာကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေ အချေအတင် ငြင်းခုံဆွေးနွေးခြင်းဆိုတဲ့ အလေ့အထတခုကို ရင်းနှီးကျွမ်းဝင် ရှိစေဖို့အတွက် ဒီကဏ္ဍလေးကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ လစဉ် ငြင်းခုံဆွေးနွေးစရာ အကြောင်းအရာတခုကို အခြေခံပြီး အပြန်အလှန် အချေအတင် ငြင်းခုံပြုကြပုံများကို ရေးသွားမှာ ဖြစ်ပါတယ်။ အကြောင်းကိစ္စတခုအပေါ် သုံးသပ်ကြတဲ့အခါမှာ သူရပ်နေတဲ့ နေရာပေါ်မှာမူတည်ပြီး အမြင်တွေ အသွင်သဏ္ဍန်မတူ ကွဲပြားသွားကြပါတယ်။ အဲဒီလို မတူတဲ့ အမြင်တွေ ကွဲပြားနေတဲ့ အတွေးအခေါ်တွေကို သုံးသပ်စုစည်းပြီး တူညီအောင် ညှိဖို့ အဖြေထုတ်ဖို့ မဟုတ်ပါဘူး။ ဟောဒီလို ဟောဒီလို မတူတဲ့ အမြင်တွေ ရှိပါတယ်။ ဒီလို ဒီလို ခြားနားတဲ့ အတွေးအခေါ်တွေ ရှိပါတယ် ဆိုတာကို အရှိအတိုင်း တင်ပြသွားပြီး အမှားအမှန် အကောင်းအဆိုးကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ဝေဖန်ပိုင်းခြားသွားကြဖို့ သာ ဖြစ်ပါတယ်။
ပွဲဦးထွက် ငြင်းခုံဆွေးနွေးစရာအဖြစ် ဂီတနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရွေးချယ်ထားပါတယ်။ ဆရာနဲ့ ကျောင်းသားနှစ်ဦး အချေအတင် အငြင်းအခုံပြုကြတဲ့ ပုံစံနဲ့ ရေးထားပါတယ်။ ဒီထဲက ဆရာရဲ့ အငြင်းအခုံ အယူအဆရော ဆန့်ကျင်ဘက်က အယူဆပါ စာရေးသူရဲ့ အမြင်အယူအဆ မဟုတ်ပါဘူး။ အကျိုးအကြောင်း ဆက်စပ်ပြီး ငြင်းခုံလို့ ရသမျှ အချက်အလက်တွေကို စဉ်းစားမိသမျှ ရေးထားတာသာ ဖြစ်ပါတယ်။
ကျောင်းသား တစ်။ ။အလို-ဆရာက စတိတ်ရှိုး သွားမလို့ပေါ့လေ၊ ဟုတ်လား။
ဆရာ။ ။မသွားပါဘူး၊ ဘာဖြစ်လို့လဲ။
တစ်။ ။ဒါဆရာ့ဟာ မဟုတ်ဘူးလား၊ ဒီညပွဲအတွက် ငါးရာတန် လက်မှတ်ကြီးဘဲ။
ဆရာ။ ။ဆရာ့ဟာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မသွားပါဘူး။ ဇွတ်လက်မှတ်မို့ပါ။
တစ်။ ။ဇွတ်လက်မှတ်ရယ်လို့ မကြားဘူးပါဘူး ဆရာရယ်။ မေတ္တာလက်မှတ်သာရှိပါ တယ်။
ဆရာ။ ။ဆရာ့ကျောင်းသားတယောက်က အဲဒီဌာနမှာ လုပ်တယ်လေ။ သူက ဆရာ့ကို ဇွတ်အတင်းရောင်းသွားတာမို့ ဇွတ်လက်မှတ်လို့ ပြောလိုက်တာပါ။
တစ်။ ။သြော်ဒီလိုလား၊ ဒါနဲ့ ဆရာဘာကြောင့် မသွားတာလဲ၊ ဒီအဖွဲ့က လူငယ်တွေ သိပ်ကို အရူးအမူး ဖြစ်တဲ့အဖွဲ့ ဆရာရဲ့။ ရုံရှေ့မှာဆို ဆရာ့လက်မှတ် တထောင်တော့ အသာ လေးရတယ်။
ဆရာ။ ။ကြည့်ချင်ရင် ယူသွားကြည့်လေ၊ ဆရာမသွားပါဘူး။
တစ်။ ။ဆရာဟာ ဂီတကို အတော်နှစ်သက်တယ်လို့ ကြားဖူးပါတယ်။ ဘာဖြစ်လို့ မကြည့်ချင်တာလဲ။
ဆရာ။ ။ဒီပွဲမျိုးတွေက ဂီတနဲ့ ဘာဆိုင်တာမှတ်လို့၊ ဒါတွေက ခုန်ပြ၊ ပေါက်ပြနဲ့ မျောက် ပွဲတမျိုးပါပဲ။
တစ်။ ။ဆရာက ဒီအဖွဲ့ကို မကြိုက်တာလား။
ဆရာ။ ။မဟုတ်ဘူး။ဘယ်အဖွဲ့ကိုမှ မကြိုက်တာ။
တစ်။ ။ဒါကတော့ ဟုတ်ပါတယ်လေ။ မျိုးဆက်ကွာဟမှုက စကားပြောတာကိုး။
ဆရာ။ ။ဟိုး၊ ဟိုး၊ တော်တော့၊ ဒါမျိုးဆက်ကွာဟမှုနဲ့ ဘာမှမဆိုင်ဘူး၊ ဒါက အနုပညာ ဆိုတာနဲ့ ဆိုင်တဲ့ကိစ္စ။
တစ်။ ။မျိုးဆက်ကွာဟမှုနဲ့ မဆိုင်ဘူးဆိုရင် ဆရာတို့ လူကြီးတွေ အားလုံးက ဂီတပုံ သဏ္ဍန်သစ်တွေ၊ အတွေးအခေါ်သစ်တွေကို ဘာဖြစ်လို့ ခါးခါးသီးသီးမုန်းတီး နေကြတာလဲ။ အိမ်မှာလဲ ကျွန်တော်တို့ သီချင်းနားထောင်ပြီဆိုရင် အဖေက ထပိတ်လိုက်၊ အမေက ထပိတ် လိုက်နဲ့ သိပ်စိတ်ညစ်စရာကောင်းတာ။ လက်ဖက်ရည်ဆိုင် သွားမှပဲ ကျွန်တော်တို့မှာ အားရပါးရ နားထောင်ရတော့တယ်။ အဲဒါ မျိုးဆက်ကွာဟ မဟုတ်ရင် ဘာကြောင့်လဲဆရာ။
ဆရာ။ ။ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ အဖွဲ့တွေက ဂီတအဖွဲ့တွေမှ မဟုတ်ပဲ 'သီချင်းသည်' အဖွဲ့တွေ ဖြစ်နေလို့ပေါ့။ ဘီယာရောင်းတဲ့လူတွေ၊ အချိုမှုန့်ရောင်းတဲ့လူတွေ လိုပဲ။ ခင်ဗျားတို့ အဖွဲ့တွေက 'သီချင်းရောင်း စားတဲ့ သီချင်းသည်' တွေပဲ၊ ဂီတသမားမှ မဟုတ် ကြပဲကိုး။
တစ်။ ။ဘီယာရောင်းစာတဲ့သူတွေနဲ့တော့ မနှိုင်းပါနဲ့ ဆရာရယ်။
ဆရာ။ ။ဒါက ညှာညှာတာတာ ပြောလိုက်တာပါ။ တချို့ဆိုရင် သူတပါးရဲ့ ရင်ထဲက အနုပညာပစ္စည်းကို ပြောင်ပြောင်တင်းတင်း ခိုးနေကြတဲ့ သူခိုးလို့တောင် ရက်ရက်စက်စက် ပြောကြတာပါ။ ပြောမယ်ဆိုရင်လည်း ပြောထိုက်တယ်လေ။ ခင်ဗျားတို့ လူတွေကလည်း အင်္ဂလိပ်၊အမေရိကန်၊ တရုတ်၊ ကုလား၊ ယိုးဒယား(ထိုင်း) တောင်မကျန် တွေ့သမျှ အကုန် ကူးချ၊ ခိုးချနေကြတာ မဟုတ်လား။ သူတို့ အနောက်နိုင်ငံတွေမှာတော့ အဲဒီလိုလူတွေကို Copy Cat တွေလို့ ခေါ်ကြတယ်လေ။
တစ်။ ။ဒါတော့ မဟုတ်ပါဘူးဆရာ၊ ကိုယ်ပိုင်သံစဉ်တွေ အများကြီး ရှိပါတယ်။ အစွမ်းအစရှိတဲ့ ဂီတသမားတွေ သီချင်းရေးသူတွေ အများကြီး ရှိပါတယ်။
ဆရာ။ ။ဘယ်လိုကိုယ်ပိုင် ရှိတာလဲ။ စကားလုံးတွေပဲ မြန်မာလိုရှိတာ မဟုတ်လား။ တေးသွားတွေ၊ သံစဉ်တွေ၊ ပုံစံတွေ အားလုံးကတော့ သူများဟာချည်း မဟုတ်လား။ ဒါလောက် ပူတဲ့ မြန်မာနိုင်ငံမှာ သားရေဂျာကင်ကြီးတွေဝတ်၊ သားရေ လက်အိပ်ကြီးစွပ်ပြီး ခေါင်းစုပ် ဖွားထားတာက အစ လူများပုံစံတွေချည်း မဟုတ်လား။ အတုခိုးတယ် ဆိုတာ ကောင်းတာကို အတုခိုးရပါတယ်။ အခုတော့ သူများနိုင်ငံက ဘိန်းစား၊ လမ်းသရဲ'သီချင်းသည်' တွေကိုသာ အတုခိုးနေကြတာကိုး။
တစ်။ ။အငြိမ့်ထဲက လူရွှင်တော်တွေလို ပုဆိုးတောင်ရှည်၊ တိုက်ပုံအင်္ကျီနဲ့ ဂစ်တာတီး လို့ ဖြစ်ပါ့မလား ဆရာရဲ့။ ခေတ်တွေပြောင်းနေတာလည်း သတိထားဦးမှပေါ့။
ဆရာ။ ။ခေတ်ကို ကျွန်တော်အမြဲ မျက်ခြေမပြတ် ကြည့်နေပါတယ်။ သီချင်းတွေ လည်း အမြဲနားထောင်ပါတယ်။ ဘီးတဲလ်အဖွဲ့က ဂျွန်လင်နွန်ဆိုခဲ့တဲ့ Imagine ဆိုတဲ့ သီချင်း လေးဆိုရင် ရင်ထဲမှာ စွဲနေအောင် နှစ်နှစ်ခြိုက်ခြိုက် ရှိခဲ့ပါတယ်။
တစ်။ ။အမယ် ဆရာက ဘီတယ်လ်တော့ ကြိုက်သားဘဲ။
ဆရာ။ ။ဂီတဆိုရင် ဘယ်က လာလာ ကြိုက်ပါတယ်။ အင်္ဂလိပ်ဖြစ်ဖြစ်၊ ရုရှားဖြစ်ဖြစ်၊ တရုတ်ကုလားပဲ ဖြစ်ဖြစ်၊ အာဖရိကတိုက်က ဇူးလူးတွေရဲ့ ဂီတပဲ ဖြစ်ဖြစ်ပေါ့။ ခုနက ပြောခဲ့တဲ့ လင်နွန်ရဲ့ သီချင်းဆိုရင် ဂီတအနေ နဲ့ရော၊ အတွေးအခေါ်အနေနဲ့ရော အားလုံးကို ကြိုက်တာပါ။
တစ်။ ။အဲဒီ သီချင်းလေးကို ဆရာ ရှင်းပေးပါလားခင်ဗျာ။
ဆရာ။ ။ကောင်းပါတယ်၊ ရှင်းပြရတာပေါ့၊ သူ့ သီချင်းခေါင်းစဉ်က Imagine တဲ့။ စိတ်ကူးကြည့်တာ မှန်းဆကြည့်တာပေါ့။

Imagine

Imagine there's no heavent It's easy if you try
No hell below us, above us only sky
Imagine all the people living for today ah.

စိတ်ကူးကြည့်စမ်းပါ။ ကောင်းကင်ဘုံဆိုတာ မရှိလို့ ကြိုးစားကြည့်ရင် လွယ်ပါတယ်။
ငရဲဆိုတာလည်း၊ တို့အောက်မှာ မရှိ၊ တို့အထက်မှာလည်း မိုးကောင်းကင်ကြီးသာရှိ။

Imagine there's no countries, itsn't hard to do
nothing to kill or die for and no religion too
Imagine all the people living life in peace.

စိတ်ကူးကြည့်စမ်းပါ။ တိုင်းပြည်နိုင်ငံဆိုတာ မရှိလို့။
ဒါလည်း လုပ်ဖို့ရာ မခက်လှပါဘူး။
တိုင်းပြည်အတွက်ဆိုပြီး သတ်ကြတာ သေကြတာတွေလည်းမရှိ၊
ဘာသာတရားဆိုတာတွေလည်း အလားတူ မရှိပေါ့။
စိတ်ကူးကြည့်စမ်းပါ လူသားအားလုံး ငြိမ်းချမ်းတဲ့ဘ၀မှာ နေနေ ကြရတယ်လို့။

You..you may say I am a dreamer
But I'm not the only one
I hope some day you'll join us
And the world will be as one.

မင်းတို့ မင်းတို့က ငါ့ကို စိတ်ကူးယဉ်သမားတယောက်လို့ ပြောကြလိမ့်မယ်။
ဒါပေမယ့် ငါဟာ တယောက်တည်း မဟုတ်ပါဘူး။
တနေ့မှာမင်းတို့လည်း ငါနဲ့အတူ လက်တွဲလာလိမ့်မယ်လို့ ငါမျှော်လင့်တယ်။
အဲဒီနေ့ကျတော့ ကမ္ဘာကြီးဟာ တခုတည်းပေါ့။

Imagine no possession, I wonder if you can
no need for greed or hunger, a brotherhood of mandkind
Imagine all the people sharing all the world.

စိတ်ကူးကြည့်စမ်းပါ။ ပိုင်ဆိုင်မှုဆိုတာလည်း မရှိလို့၊ မင်းလုပ်နိုင်ပါ့မလားလို့
ငါတွေးဆနေမိတယ်။
လောဘဆိုတာလည်း ရှိဖို့ မလိုတော့ ဆာလောင်မွတ်သိပ်ခြင်း ဆိုတာလည်း
ရှိဖို့ မလိုတော့ဘူးပေါ့။ လူသားအားလုံး ညီနောင်ရင်းချာများသဖွယ်။
စိတ်ကူးကြည့်စမ်းပါ။ လူသားအားလုံး ကမ္ဘာကြီးကို ဝေမျှခံစားနေကြတယ်လို့ပေါ့။

တစ်။ ။ တော်တော်လေးနက်တဲ့ သီချင်းလေးပဲနော်။
ဆရာ။ ။နည်းနည်းနောနော မဟုတ်ပါဘူး။ သိပ်ကိုလေးနက်တဲ့ အတွေးအခေါ် အယူအဆ တခုကို ပြောပြထားတာပါ။ အဲဒီ လင်နွန်ရဲ့ အတွေးအခေါ်ကို အတွေးအခေါ်သစ် တွေနဲ့ မျိုးဆက်သစ်တွေလို့ ကြွေးကြော်နေကြတဲ့ ခင်ဗျားတို့ အပြည့်အ၀ လက်ခံနိုင်ကြရဲ့လား။
တစ်။ ။ဒါကတော့ သိပ်မသေချာဘူးဆရာ။ ပြန်စဉ်းစား ကြည့်ရဦးမယ်။
ဆရာ။ ။မျိုးဆက်အဟောင်းအဆွေးက လူဆွေး လူဟောင်းကြီးတွေလို့ ခင်ဗျားတို့ ခေါ်တဲ့ ကျွန်တော်က၊ ခင်ဗျားတို့တောင် လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ ခေတ်ရှေ့ကို သိပ်ရောက်နေတဲ့ ဒီအယူအဆကို အပြည့်အ၀ လက်ခံနိုင်တယ်ဆိုတော့ ခင်ဗျားတို့ ပြောပြော နေတဲ့ မျိုးဆက်သစ် ကွာဟမှုဆိုတာနဲ့ ဒီအနုပညာကိစ္စ၊ အတွေးအခေါ် ကိစ္စတွေ ဘာမှ မဆိုင်ဘူးဆိုတာ သဘောပေါက်လောက်ရောပေါ့။
တစ်။ ။အဲဒီသီချင်းကို ကော်ပီလုပ်ထားတာ ရှိပါတယ်ဆရာ။
ဆရာ။ ။ဟုတ်ကဲ့၊ နားထောင်ဖူးပါတယ်။ တေးသွားနဲ့ သံစဉ်တွေကိုသာ ပုံတူကူးချ ထားတာပါ။ သူ့မူရင်းသီချင်းရဲ့ အသက်ဝိဥာဉ် ဖြစ်တဲ့ စာသားနဲ့ အတွေးအခေါ်တွေကြတော့ နည်းနည်းလေးမှကို မပါတော့ပါဘူး။ မူရင်း အနုပညာရှင်ရဲ့ ဦးဏှောက်ကို ဖောက်စားရုံတင် မဟုတ်တော့ပဲ လမ်းဘေးချပြီး ခွေးကျွေးပစ်လိုက်တဲ့အထိကို ပက်ပက်စက်စက် လုပ်ရက် ကြတယ်လေ။ တကယ့် အနုပညာရှင်ဆိုရင် ဒီလို သူများဦးဏှောက် ဖောက်စားတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ စကားလုံးလေးတလုံး သံစဉ်လေးတခုရဖို့ ဘယ်လောက်ခက်တယ် ဆိုတာ သူတို့ နားလည်ကြတယ်။
တစ်။ ။ဆရာ ဘယ်လိုပြောပြော ကျွန်တော်တို့ လူငယ်တွေကတော့ ကြိုက်ကြတာပဲ ဆရာ။
ဆရာ။ ။အစစ်အမှန်တွေ မပေါ်ထွက်နိုင်သမျှတော့ အတုအယောင်တွေက တွင်ကျယ် နေရမှာပေါ့လေ။ ဒါတော့ မဆန်းပါဘူး။ ဒါနဲ့ နေပါဦး ဆရာနှစ်က ဘာမှ ၀င်မပြောပါလား။ ခင်ဗျားတို့လို ဘွဲ့ရ လူငယ်တွေရဲ့ အမြင်လည်း သိချင်ပါသေးတယ်။
နှစ်။ ။ဆရာတို့ ပြောတာတွေ နားထောင်ပြီးမှ ၀င်ပြောမလို့ စောင့်နေတာပါ ဆရာ။
ဆရာ။ ။ကဲ ပြောပါဦး၊ ကျွန်တော်တို့ ပြောတာတွေ တော်တော်စုံနေပါပြီ။
နှစ်။ ။ဆရာ ဒီနေ့ ခေတ် ဟဲဗီးတွေကို ကြိုက်လား။
ဆရာ။ ။အပျော့စားခေါ်ခေါ်၊ အပြင်းစားခေါ်ခေါ်၊ ခေါ်ချင်သလိုခေါ်ပါ ဂီတဖြစ်လာရင် ကြိုက်တာပါဘဲ။
နှစ်။ ။ဆရာတို့ အများအားဖြင့် အပျော့စားတွေကြိုက်တယ်မှုတ်လား။
ဆရာ။ ။အဲဒီလို မဟုတ်ပါဘူး၊ အင်မတန်ဆူညံတဲ့ သွက်တဲ့မြူးတဲ့ ဂျပ်ဇ် ဂီတကို အင်မတန်ကို ကြိုက်ပါတယ်။ ဂျပ်ဇ်ဂီတဟာ အာဖရိက တိုင်းရင်းသားတွေရဲ့ စစ်ချီတေး တိုက်ပွဲ ခေါ်သံတေးတွေကို အခြေပြုထားတာဆိုတော့ အင်မတန်သွက်ပါ မြူးပါတယ်။ အင်မတန်လည်း ဆူညံပါတယ်။ ဒါပေမယ့် ဂျပ်ဇ်ရဲ့ ဆူညံမှုဟာ ဆူသံ သက်သက်မဟုတ်ဘူး။ ဂီတသံဖြစ်တယ်။ ဒါကြောင့် ဆူညံပေမဲ့ ကြိုက်တယ်။
နှစ်။ ။ဒီက၀ိုင်းတွေကျ ဘာဖြစ်လို့ ဆရာမကြိုက်တာလဲ။
ဆရာ။ ။သူတို့က ဆူညံသံတွေပဲ ထွက်နေလို့၊ ဂီတသံ မထွက်လို့ပေါ့။
နှစ်။ ။သူတို့တတွေဟာ ဘာမှမရှိတဲ့ အထဲက ဖြစ်အောင် ကြိုးစားနေကြတာပါလားလို့ ဆရာတွေးမကြည့် မိဘူးလား။
ဆရာ။ ။ကြိုးစားနေတယ်လို့ကို မမြင်ဘူး။ သူတို့က ဂီတကို လေ့လာသင်ယူ နေကြတာ မဟုတ်ဘူး။ ကော့ဒ်တွေ ကီးတွေ နှိပ်နည်းကို သင်နေကြတာ။ သီချင်းကို သင်နေ ကြတာ။ သီချင်းဆိုနည်းကို သင်နေကြတာ မဟုတ်ဘူး။ ဒီနေ့ အဆိုတော် လုပ်စားနေကြတဲ့ သူတွေထဲမှာ ကာပင်တာလို အသံကို ဂွေလှိမ့်သလို လှိမ့်ပြီး ကစားနိုင်စွမ်း ရှိတဲ့ အသံပညာ ရှင်တွေ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ အော်လိုက်တာနဲ့ အသံကြီး ကွဲအက်ပြီး ထွက်လာတဲ့ သူမျိုးကတောင် ဆူပါဖြစ်နေကြတယ် မဟုတ်လား။
နှစ်။ ။ကော်ပီတွေကို ဆရာရှုတ်ချတယ်ပေါ့။
ဆရာ။ ။ကော်ပီဆိုတာ ခိုးချတာပဲ။
နှစ်။ ။ရှေးကရော ကော်ပီမလုပ်ခဲ့ကြဘူးလို့ ဆရာ ငြင်းရဲသလား။ ကျွန်တော်တို့ရဲ့ ရိုးရာ အမွေအနှစ်ပါလို့ ကျွန်တော်တို့ ဂုဏ်ယူဝင့်ကြွားနေရတဲ့ အရာတွေအားလုံး ကော်ပီ တွေကြီးပါ ဆရာ၊ ရာမဇာတ်တော်ကြီး တို့ မနော်ဟရီ ဇာတ်တော်ကြီးတို့ ဆိုတာတွေ ကျွန်တော်တို့ ကိုယ်တိုင် တီထွင်ခဲ့တာတွေလား။ ကျွန်တော်တို့ရဲ့ ဂန္ဓ၀င် သီချင်းတွေ အကတွေ ဆိုရင်လည်း ယိုးဒယားသီချင်းတို့ ယိုးဒယားအက လို့တောင် ခေါ်နေကြရတာ မဟုတ်လား။ ဂန္ဓ၀င်နီးပါး ကျွန်တော်တို့ တန်ဘိုးထားကြရတဲ့ ချစ်ရေစင်တို့၊ ပျို့မှာတမ်းတို့ ဆိုတဲ့ သီချင်းတွေကရော ဆရာ။ ကိုယ်ပိုင်သံစဉ်တွေ တေးသွားတွေလို့ ပြောနိုင်ပါ့မလား။ မြန်မာသံ စစ်တွေလို့ ခေါ်နိုင်ရဲ့လား။ အဲဒါတွေကြောင့် ပြင်စည်မင်းသားကြီးတို့ မြ၀တီမင်းကြီးတို့ ရွှေပြည်အေးတို့ မြို့မငြိမ်းတို့ကို ပုံတူကူးသမားတွေ သူခိုးတွေလို့ ခေါ်ကြရတော့မလားဆရာ။
ဆရာ။ ။သူတို့က ပုံတူ ကူးချတာ မဟုတ်ဘူး။ မြန်မာ့လေသံ မြန်မာ့စရိုက်နဲ့ ကိုက်ညီ အောင် ညှိယူခဲ့ကြတာ။
နှစ်။ ။သဘောချင်းကတော့ အတူတူပါဘဲဆရာရယ်။ ကဲထားပါတော့၊ (နမောတဿ ဘဂ၀တော၊ အရဟတော သမ္ဗာသမ္ဗုဒ္ဓဒဿ) ဆိုတဲ့ ဘုရားရှိခိုးကျတော့ ဘာပြောမလဲဆရာ။ မြန်မာစကားတလုံးမှ မပါဘူး။ အားလုံးတိုးင်ခြား ဘာသာစကားချည်းပဲ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် လည်း မြန်မာလူမျိုးတဦး မဟုတ်ခဲ့ပါဘူး။ ရှေးရှေးက ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေကသာ ကော်ပီ မလုပ် လာခဲ့ဘူးဆိုရင် ကျွန်တော် တို့ မြန်မာလူမျိုးတွေမှာ ကိုးကွယ်ဆည်းကပ်စရာ ဘာသာစကားရယ်လို့တောင်မှ ရှိမှာ မဟုတ် ပါဘူး။ ပါဠိစကားလုံး တွေကို ကော်ပီစကားတွေမို့ မသုံးရဘူးလို့ ပြဌာန်းလိုက်ရင် ဆရာဒုက္ခ တခုခု ကြုံတဲ့အခါ ဘယ်လိုညည်းမလဲ။ သြော်.. ဆင်းရဲခြင်း၊ ဆင်းရဲခြင်းလို့ ပြောလို့ ဆရာ အားရပါ့မလား။
ဆရာ။ ။အင်း ဟုတ်တယ်၊ ဒုက္ခ ဒုက္ခလို့ ပြောနေကျ ဖြစ်နေပြီ။
နှစ်။ ။လူမျိုးတမျိုးနဲ့ တမျိုး အတုခိုးကြ ကော်ပီကူးကြဆိုတာ လူ့သမိုင်း စကတည်းက ရှိလာခဲ့တာ ပါဆရာ။ ပြစ်မှုဒုစရိုက်ကြီးတခု မဟုတ်ပါဘူး၊ အဲဒီလို ကူးလူးဆက်နွှယ်နေကြလို့ လူသားတွေ ယဉ်ကျေးတိုးတက် လာရတာပေါ့။ နောက်ပြီး ဂီတ အနုပညာတို့ ယဉ်ကျေးမှု တို့ဆိုတာ ခေတ်ရဲ့ လိုအပ်ချက် ခေတ်ရဲ့တောင်းဆိုချက်အရ ပြောင်းလဲလာရတာပါ။ သူ့အလိုလို "ဘွားခနဲ" မိုးပေါ်က ပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဒါကိုတော့ ဆရာလက်ခံမှာပါ။
ဆရာ။ ။ဘယ်အရာမဆို ခေတ်က စနစ်က ထုတ်လုပ်လိုက်တာချည်း ဖြစ်တယ်ဆိုတာ ဆရာလက်ခံပါတယ်။
နှစ်။ ။ရှေးခေတ်ကတော့ လူတွေဟာ စားဝတ်နေရေးအတွက် မကြောင့်မကျ နေနိုင်ခဲ့ကြတယ်လေ။ အဲဒီတော့ ဘယ်ကိစ္စမဆို အေးအေးဆေးဆေးပဲ နေလို့ လုပ်လို့ ရတယ်။ အဲဒီတော့ ဂီတ အနုပညာမှာလဲ အေးအေး ဆေးဆေးလေးနဲ့ ငြိမ့်ညောင်း သာယာတာကို အိပ်ယာပေါ် မျက်စိလေး အသာမှေးပြီး နားထောင်ခံစားနေနိုင် တာပေါ့။ စောင်းကောက်တို့ ပတ္တလားတို့ကို ကြိုက်နိုင်တာပေါ့။ ဒါတောင်မှနော်ဆရာ လယ်ကွင်းတွေကြားက လယ်သမားတွေကတော့ စောင်းကောက်ကို မကြိုက်နိုင်ဘူး။ အိုးစည်တို့ ဒိုးပတ်တို့မှ ကြိုက်ကြတာ။ စောင်းကောက်လေးတီးပြီး ကောက်စိုက်သမတွေကိုလှုံ့ဆော်ပေးလို့ မရဘူး လေ။ အိုးစည်တို့ ဒိုးပတ်တို့ကို အပြိုင်တီးပြီး ခြေသွက်လက်သွက်ဖြစ်အောင် လုပ်ပေးရတာ၊ ဒီနေ့ခေတ်က အိမ်မှာ ရှိသမျှ လူကုန်ပြေးလွှားလှုပ်ရှား ရုန်းကန်နေရတဲ့ ခေတ်ဆရာ။ အဲဒီတော့ ခေတ်နဲ့အညီ သွက်လက်လှုပ်ရှားနေတဲ့ ဂီတကို လိုအပ်လာတယ်။ ခေတ်က တောင်းဆို လာတယ်။ အဲဒီခေတ်က တောင်းဆိုတဲ့ သွက်လက်လှုပ်ရှားနေတဲ့ ဂီတကို စောင်းကောက် ကြီးက ဖန်တီးမပေးနိုင်ဘူး။ ပတ္တလားနဲ့ ဆရာနှစ်ခြိုက် လှတယ်ဆိုတဲ့ ဂျပ်ဇ်ဂီတကို ထုတ် လုပ်လို့ မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဂီတာတွေ အော်ဂင်တွေ ကိုင် လာရတာ။ အဲဒါ တွေကို ကိုင်သာ ကိုင်လာကြရတာ ကျွန်တော်တို့ လူငယ်တွေကို စနစ်တကျ လေ့ကျင့် သင်ကြားပေမယ့် ဂီတ အကယ်ဒမီကြီးတွေ ဘယ်မှာ ရှိလို့လဲ။ ကက်ဆက်ခွေတွေ ဓါတ်ပြား တွေက တဆင့်ခံလိုက်ပြီး လေ့လာကြရ တာပါ။ ဒါတွေတောင်မှ လွယ်လွယ်ကူကူနဲ့ လက်လှမ်း မီတာ မဟုတ်ပါ ဘူးဆရာ။ ဖြစ်ကတတ်ဆန်း လုပ်နေကြရတာပါ။ အဲဒီ ဖြစ်ကတတ်ဆန်း အခြေ အနေကြားကနေပြီး မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လက်ဘက်ရည်ဆိုင်တွေ ထောင် ပေါင်းများ စွားမှာ သီချင်းတွေ နေ့တိုင်း ဖွင့်နေနိုင်အောင် လုပ်နိုင်ကြတာ တော်ရုံ အရည်အချင်း မဟုတ်ပါ ဘူးဆရာ။ အဲဒါ တခုတော့ အသိအမှတ်ပြုပါ။
ဆရာ။ ။လူငယ်တွေ ကြိုးစားကြတယ်ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် လမ်းလွဲနေလို့ ပြောနေရတာပါ။
နှစ်။ ။လမ်းလွဲနေတယ်ထင်ရင် သူတို့ကို လမ်းမှန်ပြပေးပါ ဆရာ။ ဒီနေ့ လူငယ်တွေက မှန်တာကို ကောင်းတာကို ထိတွေ့ခွင့် မရကြပါဘူး။ အကောင်းကို မတွေ့ဘူးပဲနဲ့ ဘယ်လို လုပ်ပြီး အကောင်းကို ဖန်တီးလို့ရမလဲ ဆရာရယ်။ ဒီနေ့ ဒီလို မြင်တွေ့နေရတာတွေဟာ လူငယ် တွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆူသံတွေအစား ဂီတသံတွေကို ဖန်တီးချင်ပါတယ်။ ကျွန်တော်တို့ကို ဂီတနဲ့ ထိတွေ့ခွင့်ပေးပါ။ ကက်ဆက်ခွေလေးတွေ နားထောင်ပြီး လေ့ကျင့် နေရမယ့်အစား ဂီတအကယ်ဒမီကြီးတွေမှာ တက်ရောက်သင်ကြား နိုင်အောင်၊ အကယ်ဒမီ ကြီးတွေ ဖွင့်ပေးပါဆရာ။ အဲဒီအခါကျရင် ကျွန်တော်တို့ကလည်း မြန်မာချိုက်ကော့စကီးတွေ၊ မြန်မာပရက်စလေတွေ ထွက်လာအောင် လုပ်ပြပါမယ်။ ဆရာလည်း နမောတဿလို့ ရွတ်ပြီး ဘုရားရှိခိုးတိုင်း ကော်ပီလုပ်ခြင်းရဲ့ကျေးဇူးကြောင့် ခုလို ဘုရား ရှိခိုးစရာရှိနေရတာပါလားလို နှလုံးသွင်း နိုင်ပါစေခင်ဗျာ။

လူထုစိန်ဝင်း
၃၊ ရ၊ ၉၆

Tuesday, June 24, 2008

ဇောချုပ်(သို့မဟုတ်)တရုတ်ဖြူဆန့်ကျင်ရေးစစ်ရဲ့ တက်မ, ကိုင်
ရေးသူ - မောင်အေးဝင်း


ကျနော်တို့ကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစ စာဖတ်တဲ့ အကျင့်စွဲစေခဲ့တာ ရုပ်ပြတွေ၊ ကာတွန်းတွေက စပါတယ်။ မော်ဒန်ကာတွန်း၊ ကာတွန်းညွန့်ပေါင်း၊ ကာတွန်း ပဒေသာ၊ ကလေးဂျာနယ် စတာတွေပေါ့လေ။ ဇာတ်ကောင်တွေလည်း အများကြီး၊ ဇာတ်လမ်း တွေလည်း အများကြီးပါပဲ။ နောက်မှ တဆင့်တက်ပြီး ရှုမ၀ရုပ်စုံမဂ္ဂဇင်း၊ မြ၀တီမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်းတွေ ဖတ်လာတယ်။ စာဖတ်တဲ့ အကြောင်းကို နောက်မှ သပ်သပ် ရေးပါဦးမယ်။ ခုပြောချင်တာ တိုက်ဆိုင်မှုရှိလာရင် မျက်စိထဲ၊ ခေါင်းထဲမှာစွဲ နေတဲ့ အရုပ်တွေ၊ အကြောင်းအရာတွေပဲ။


၂၀၀၇ မှာ ဓူဝံစာပေက ထုတ်တဲ့ "ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော" ရဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" စာအုပ်ကို ပြန်ဖတ်တော့ ( ပထမတခါ ထွက်သေးတယ်၊ ဒီစာအုပ်က ပြည့်ပြည့် စုံစုံ ပေါင်းချုပ်မို့ ပြန်ဖတ်ရတာ) ငယ်ငယ်တုန်းက ဖတ်ရတဲ့ စာအုပ်၊ ကြည့်ရတဲ့ ရုပ်ရှင်တချို့ကို ပြန်မြင်လာတယ်။ လုံးဝဥဿုံ ထင်ထင်ရှားရှား မြင်တာမဟုတ်ပေမယ့် တပိုင်းတစ ထင်ထင် ရှားရှားဖြစ်ပါတယ်။ အဲဒါတွေက ဘာတွေလဲ။
(လေသူရဲဗိုလ်ပီတာအကြောင်း ရုပ်ပြစာအုပ် ကလေးပဲ။ ဗမာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူတွေကို မောင်းထုတ်ရာမှာ လေကြောင်းတိုက်ပွဲမှာ ကျသွားရှာတဲ့ ဗမာ့လေသူရဲ ဗိုလ်ပီတာအကြောင်းကို ဖော်ပြထားတာ။ နောက်ပြီး မြ၀တီမဂ္ဂဇင်းဓါတ်ပုံပြိုင်ပွဲကဏ္ဍမှာ လှုပ်ရှားမှုသတင်းဓါတ်ပုံတွေ။ ရန်ကုန်က အမေရိကန်သံရုံးရှေ့မှာ တရုပ်ဖြူဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အဲဒီတုန်းက ကမ္ဘာပတ်ရင်း ရန်ကုန်မှာ ရောက်နေတဲ့ နိုက်ဂျီးရီးယားက အဂျလာ ဆိုတဲ့ လူမဲကျောင်းသားက သံတိုင်ဆိုင်းဘုတ်ကြီးကို ဟာကြူလီလို မ, ပြီး ပစ်ထုတ်နေပုံ၊ ရဲက သေနတ်နဲ့ပစ် မျက်ရည်ယိုဗုံး ခွဲလို့ ထွက်ပြေးကြတဲ့အထဲမှာ ကြေးမုံသတင်းထောက် ကိုရွှေမောင် ရိုလီဖလက်ကင်မရာက တဖက်၊ ကျန်တဲ့ လက်တဖက်က ပုဆိုးစကိုမပြီး အူယားဖားယား ပြေးနေရပုံ၊ တိုက်ပုံအနက်နဲ့ လူတယောက် သေနတ်တလက်နဲ့ လူအုပ်ထဲကို ပစ်နေပုံ။ အတိတ်ရဲ့ ၀ိုးတ၀ါး ပုံရိပ်တွေပေါ့လေ။ ကိုယ်က ကလေးပဲ ရှိသေးတော့ စာအုပ်တွေ သတင်းစာတွေ မှာပါတာလောက် ဖတ်ရ မြင်ရတာ။ တရုပ်ဖြူစစ်သားတွေ ရှမ်းပြည်မှာ ရှမ်းအမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ကြောင်း။
နောက်ပြီး ကျော်ဆွေနဲ့ခင်ယုမေ သရုပ်ဆောင်ပါဝင်တဲ့ "ပုလဲမျက်ရည်" ရုပ်ရှင်။ ဗမာ စစ်ရုပ်ရှင် ကားတွေထဲမှာ ရှားရှား ပါးပါး 'မြင်ကွင်းကျယ် စီနီမာ စကုတ်' (ဟိုတုန်းကအသုံး အနှုန်း)။ အဲဒီရုပ်ရှင်က တရုတ်ဖြူ နဲ့ ဗမာ့တပ်မတော် စစ်တိုက်ကြတဲ့ စစ်ရုပ်ရှင်ကား။
နည်းနည်းကြီးလာတော့ "သိန်းသန်းထွန်း" ရဲ့ "အချစ်ရူးလေးရဲ့အချစ်ဦး" ၀တ္ထု။ အဲဒီဝတ္ထုမှာလဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအကြောင်း၊ ရကသ ဗကသ ဦးဆောင်တဲ့ အမေရိကန်သံရုံးရှေ့ တရုတ်ဖြူဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမမှာ လာလုပ်တဲ့ အစည်းဝေးပွဲတခုမှာ တရုတ်ဖြူကိုယ်စားလှည်က အစည်းဝေးလာတက်လို့ ကျောင်းသားတွေ ဆန္ဒပြတဲ့အကြောင်း။ ၁၉၆၁- ခုနှစ်၊ ဖေဖော်ဝါရီ ၂၁၊ ဗကသ၊ တကသ၊ ရကသ တွေ ပူးပေါင်းပြီး ကိုလိုနီစနစ်အလောင်းကောင်၊ အမေရိကန်နယ်ချဲ့ရဲ့ ရုပ်ပုံကြီးတွေ လုပ်ပြီး သံရုံးရှေ့မှာ မီးရှို့ကြပုံတွေ။
နောက်ပြီး လင်းယုန်ဂျာနယ်ထဲက "ဇောချုပ်အကြောင်း သိကောင်းစရာ" အခန်းဆက် လဆက် ဆောင်းပါးများ။ ဒါတွေ ပြန်အမှတ်ရလာတယ်။)
"ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော" ရဲ့ "ဆိုင်းစုမှသည် မန်းဟိုင်းဆီသို့" စာအုပ်မှာ "တရုတ်ဖြူ သို့မဟုတ် ကူမင်တန်များ၏ ကျူးကျော်မှုသမိုင်းအကျဉ်းချုပ်" (စာမျက်နှာ ၁၆၁-၁၆၅)၊ "ဘုရင့်နောင်စစ်ဆင်ရေးကြီး" (စာမျက်နှာ ၁၆၇-၁၉၁) တွေ့ရပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ တရုတ်ဖြူစစ်ဆင်ရေးကြီးမှာ ဦးဆောင်သူ တက်မကိုင်ကြီး ဖြစ်တဲ့အတွက် မည်သူပဲ ဒီအကြောင်းကိုရေးရေး သူ့လောက်ပြည့်စုံ သူ့လောက်တိကျမှာ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် ကာယကံရှင်နှင့်တကွ ထုတ်ဝေသူဆီမှာ ခွင့်ပြုချက်တောင်းပြီး တရုတ်ဖြူစစ်ဆင် အစိတ်အပိုင်းတချို့ကို မာယာစာဖတ်ပရိသတ်အတွက် တင်ပြလိုက်ပါတယ်။
အပြည့်အစုံ အစအဆုံးဖတ်ချင်ရင်တော့

Duwun Publishing
Box 1792
Hyattsville, MD 20788
U.S.A. မှာ စုံစမ်းပြီး၊ မှာယူရင် ရနိုင်မယ်လို့ ထင်ပါတယ်။


တရုတ်ဖြူ သို့မဟုတ် ကူမင်တန်များ၏ ကျူးကျော်မှုသမိုင်းအကျဉ်းချုပ်
ရေးသူ - ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော

တရုတ်ပြည်ကြီးတွင် ချန်ကေရှိတ်ဦးဆောင်သည့် ကူမင်တန်အစိုးရနှင့် မော်စီတုန်း ဦးဆောင်သည့် ကွန်မြူနစ်ပါတီတို့ ၂ ဘက် နှစ်ရှည်ကြာများ ပြည်တွင်းစစ်ဆင်နွှဲရာမှ ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် ကွန်မြူနစ်များက တပြည်လုံးတွင် အောင်ပွဲခံသွားပါတော့သည်။ ချန်ကေရှိတ်အပါအ၀င် ထိပ်သီးကူမင်တန်များ ထိုင်ဝမ်သို့ ထွက်ပြေးသွားနိုင်သော်လည်း ကျွန်တော်တို့ နိုင်ငံနှင့် နယ်ချင်းဆက်နေသည့် ယူနန်ပြည်နယ်မှ စစ်ရှုံးကူမင်တန် တပ်ပျက် တချို့မှာ ကျွန်တော်တို့၏ အရှေ့ဘက်နယ်နမိတ်များကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံ ခရိုင်ထဲသို့ စတင် ကျူးကျော် ၀င်ရောက်လာပါသည်။
ဝင်လာစက အင်အားမှာ ၈၀၀ လောက်သာဟု ယူဆရပါသည်။ နောင်မှ တဖြည်းဖြည်း များလာခြင်း ဖြစ်ပါသည်။ ၁၉၅၀ ဇန်န၀ါရီလတွင် တရုတ်ဖြူများက ကျိုင်းတုံမြောက်ဘက်ရှိ မိုင်းယန်းမြို့ကို သိမ်းပိုက်တပ်စွဲလိုက်ပါသည်။ မတ်လထဲတွင် ကျိုင်းတုံ အရှေ့ပိုင်းသို့ ၀င်ရောက်လာပြီး နောက်ပိုင်း အိမ်ထောင်သည်များပါ လိုက်လာပါသည်။
ကျိုင်းတုံအရှေ့တောင်ဘက် မောင်းလင်းမှာ အခြေချပြီး အရှေ့ဘက် မဲခေါင်မြစ် (လာအို-မြန်မာနယ်စပ်)၊ အနောက်ဘက် ကျိုင်းတုံ-တာချီလိတ်လမ်း၊ တောင်ဘက် ယိုးဒယား-မြန်မာနယ်စပ်၊ တြိဂံနယ်မြေတွင် တပ်ဖြန့်ပြီး တပ်စွဲနေထိုင်ခဲ့ကြပါသည်။
၎င်းတို့သည် ယူနန်ပြည်နယ်၊ ကေအမ်တီ (KMT) အမှတ် (၈) တပ်မတော်နှင့် အမှတ် (၂၆) တပ်မတော်တို့မှ တပ်ကြွင်းတပ်ကျန်များ ဖြစ်ပြီး၊ အမှတ်(၈) တပ်မတော်ကို ဗိုလ်ချုပ် လီမီ ဦးဆောင်ပြီး၊ အမှတ် (၂၆) တပ်မတော်ကိုမူ ဒုဗိုလ်ချုပ် လူကိုချန်းက ဦးဆောင်ပါသည်။ တချို့ တပ်သားများမှာ ကျိုင်းတုံမြို့တွင်းသို့ပင် ရုပ်ဖျက်ပြီး တဖြည်းဖြည်း စိမ့်ဝင်လာနေပါသည်။
ဗမာ့တပ်မတော်က ၁၉၅၀ ခုနှစ် ဇွန်လဆန်းတွင် လက်နက်ချရန် သို့မဟုတ် တိုင်းပြည်နယ်မြေမှ ထွက်သွားရန် တရုတ်ဖြူများကို ရာဇသံ ပေးလိုက်ပါသည်။ တရုတ်ဖြူများ က သူတို့ကို တိုက်လျင်၊ သူတို့က ပြန်တိုက်ဖို့ အသင့်ရှိကြောင်း တင်းတင်းမာမာ ပြန်ကြားသည့်အပြင် တချိန်တည်းမှာပင် ယိုးဒယား - မြန်မာနယ်စပ်နှင့် တာချီလိတ်မြို့ ကလေးပါ တာချီလိတ်လမ်း မိုင်တိုင် (၈၁) မှ စ၍ ၎င်းတို့က တိုးချဲ့ သိမ်းပိုက်လိုက်ပါသည်။
ဗမာ့တပ်မတော် (ထိုစဉ်က ပြည်ထောင်စုတပ်များဟု ခေါ်ပါသည်) က ကျိုင်းတုံမြို့ထဲ ရုပ်ဖျက်ဝင်ရောက်နေသည့် တရုတ်ဖြူ ၂၀၀ လောက်ကို ဖမ်းဆီးပြီး မိတ္ထီလာ၊ မန္တလေးသို့ ပို့ ချုပ်နှောင်ထားလိုက်ပါသည်။ တာချီလိတ်ကိုလည်း ပြန်လည် တိုက်ခိုက် သိမ်းပိုက်လိုက်နိုင် ပါသည်။
သို့သော် ၁၉၅၁ ခုနှစ်တွင် တရုတ်ဖြူများသည် ထိုင်ဝမ်နှင့် အဆက်အသွယ်ရသွားကာ သူတို့၏ ကျူးကျော်ရေးစီမံကိန်းကို စနစ်တကျ ပြင်ဆင်လှုပ်ရှား လာပါတော့သည်။ အမေရိကန်များကလည်း ၀င်ရောက် ကိုင်တွယ်နေကြသည်။
၁၉၅၁ ခု နှစ်ဦးတွင် ဗိုလ်ချုပ်လီမီ ဦးဆောင်သည့် တရုတ်ဖြူအင်အား ၁၀၀၀ - ၁၅၀၀ မျှသည် ကျိုင်းတုံခရိုင် အနောက်တောင်ပိုင်း မိုင်းဆတ်မြို့ကလေးမှာ မိုင်းဆတ်လွင်ပြင်ကို အခြေပြုပြီး အခြေခံစခန်းသစ် ဖွဲ့စည်းတည်ထောင်ကြပါသည်။ နောင်တွင် ထိုစခန်းမှာ ဗမာပြည် တရုတ်ဖြူကျူးကျော်မှုဌာနချုပ်ကြီး ဖြစ်လာပါတော့သည်။ ကျိုင်းတုံမြောက်ဘက် မိုင် ၅၀ ကွာရှိ မိုင်းယန်းမြို့ကလေးနှင့် ကျိုင်းတုံအရှေ့တောင် ၆၅ မိုင်ကွာ မိုင်းယောင်းမြို့ကလေး များတွင်လည်း တရုတ်ဖြူစစ်သားစုဆောင်းရေးနှင့် စစ်လေ့ကျင့်စခန်းများ ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ နေရာအနှံ့အပြားမှ စစ်သားများလည်း စုဆောင်းကြပါသည်။ ထိုင်ဝမ် (ဖော်မိုဆာ) မှ လေ့ကျင့်ရေးမှူးများလည်း ရောက်ရှိလာပြီး စစ်သင်တန်းများပေးကာ တပ်သစ်များ ဖွဲ့စည်းကြ ပါသည်။ ထိုင်းက ထိုလေ့ကျင့်ရေးမှူးများနှင့် စစ်ပစ္စည်းလက်နက်ခဲယမ်းများကို ဗမာပြည် နယ်စပ် ပွန်ပါကျင်သို့ ကားနှင့် ပို့ပေးသည်။ တချို့ကို လေထီးနှင့် ချပေးသည်။
ဤသို့ဖြင့် တရုတ်ဖြူ၏ ကျူးကျော်မှုမှာ သံလွင်မြစ်အရှေ့ဖက်တခြမ်းလုံး ပျံ့နှံ့သွားပြီး မြောက်ဘက်သို့ ချဲ့ရာ '၀'နယ်၊ ကိုးကန့်နယ်၊ သိန္နီနယ် များအထိ တိုးချဲ့သွားပြီး၊ အင်အားမှာ လည်း ၄၀၀၀ ခန့် ရှိလာပါသည်။ အချက်အချာကျသည့် မြို့ကလေးများတွင်လည်း အခြေခံစခန်းများဆောက်ပြီး အခိုင်အမာ နေထိုင်လာကြပါသည်။ ထို့အပြင် ဗမာပြည် အတွင်းပိုင်းဝင်ရန် ရည်ရွယ်ချက်ဖြင့် သံလွင်မြစ် အနောက်ဘက်ကမ်းသို့ ကူးလာကာ ဗမာပြည် တောင်ပိုင်း ကယားပြည်နယ်စပ်၊ ကဒူးကြီးဧရိယာအတွင်းထိပင် ၀င်လာပြီး တပ်စွဲ လိုက်ပါသည်။ ၁၉၅၁ ခုနှစ် ဇူလိုင်လထဲတွင် ဖြစ်ပါသည်။
၁၉၅၁ ခုနှစ် မေလထဲတွင် လီမီသည် '၀'နယ်မှနေပြီး တရုတ်ပြည်မကြီးကို ကော်လံ ၂ ခု ခွဲပြီး ၀င်တိုက်ပါသည်။ အမေရိကန်များက လေယာဉ်များနှင့် ရိက္ခာများ လိုက်ချပေးပါသည်။ သို့သော် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိုက်ထုတ်၍ ပြည်မအတွင်း မိုင်အနည်းငယ်သာ ၀င်နိုင်ပြီး ၂ ပတ်အတွင်း အကျအဆုံးများစွာနှင့် ဆုတ်ခွါလာရပါသည်။
ဤ မဖြစ်စလောက် အင်အားကလေးနှင့် ပြည်မကြီးကို ၀င်တိုက်သည်မှာ ထူးဆန်း သဖြင့် ကျွန်တော်က သူတို့၏ ရည်ရွယ်ချက်ကို စဉ်းစားကြည့်ရာတွင် စစ်ရေးထက်၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြစ်မည်ဟု ယူဆရပါသည်။ တရုတ်ပြည်တွင်း မငြိမ်မသက် ဖြစ်နေသည့်သဘော၊ တရုတ်အစိုးရ တရားဝင်အစိုးရမဖြစ်နိုင်သည့်သဘော ပေါ်လွင်စေချင်ဟန် ရှိသည်။ ထိုအချိန်က ကိုးရီးယားစစ်ပွဲလည်း ဖြစ်နေသဖြင့် ပြည်မကြီးအတွင်း ကျန်ခဲ့သည့် ကူမင်တန်လူဟောင်း များ အားတက်ပြီး ပုန်ကန်ထကြွစေလိုဟန်လည်း ရှိသည်။ ဤကဲ့သို့ ၀င်တိုက်တာကိုလည်း အကြီးအကျယ်တိုက်နေသလို ၀ါဒလည်းဖြန့်သည်။ ထို့ကြောင့် နောက်ထပ် ယူဆစရာ အချက်တရပ်မှာ အမေရိကန်ပြည်သူများက ချန်ကေရှိတ်ကို ဆက်ပြီး ဒေါ်လာတွေ အကူအညီ တွေထောက်ပံ့ဖို့ အကျိုးခံစားရမည့် အမေရိကန်အချို့နှင့် ချန်ကေရှိတ်တို့ ပူးပေါင်းကြံရွယ်ချက် လည်း ဖြစ်ဟန်ရှိသည်။ သို့သော် တရုတ်အစိုးရတပ်များက တိုက်ထုတ်လိုက်လို့၊ ထိုနောက်ပိုင်း တွင်တော့ ဗမာပြည်အတွင်းပိုင်းကိုသာ ရည်ရွယ်လာပါတော့သည်။
၁၉၅၁ ခုနှစ် အကုန်တွင် တရုတ်ဖြူအင်အား ၆၀၀၀(ခြောက်ထောင်) ကျော်လာပါ သည်။ လီမီလည်း လေ့ကျင့်ရေး လူ ၇၀၀ ခေါ်ကာ ထိုင်းမှတဆင့် ထိုင်ဝမ်သို့ ခေတ္တ ပြန်သွားပါသည်။ ၁၉၅၂ ခုနှစ် မှာတော့ တရုတ်ဖြူအင်အားအမြင့်မားဆုံးအထိ တိုးချဲ့ပြီး အလုံးအရင်းနှင့် သံလွင်မြစ်ကို ဖြတ်ကျော်ကာ မြောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော် ဖြစ်ကြီးနားမှ စ၍ တောင်ဘက် မွန်ပြည်နယ်၊ မော်လမြိုင်အထိ ထိုးဖောက်ကျူးကျော်သည့်နှစ် ဖြစ်ပါသည်။ တပ်သားသစ် စုဆောင်းရေးတွင်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွင်းရှိ တရုတ်လူမျိုးများ သာမက၊ ယိုးဒယားပြည်တွင်းက တရုတ်များကိုပါ စုဆောင်းပါသည်။
နောက် အင်အားတသောင်း ရှိလာသောအခါ ဒီဝီဇံတပ်မ ၃ တပ် အသစ်ဖွဲ့ပြီး၊ ဤတပ်များသည် သံလွင်မြစ်ကူး၍ ဗမာပြည်အတွင်းပိုင်းသို့ ၀င်ရောက်သည့် အဓိကတပ်များ ဖြစ်လာသည်။ ပျောက်ကျားတပ်ခွဲကလေးများကိုလည်း သီးသန့် ဖွဲ့စည်းခဲ့ကြသေးသည်။ ထိုတပ်များကတော့ သံလွင်မြစ်အရှေ့ပိုင်း၌သာ ထားခဲ့သည်။
တရုတ်ဖြူတပ်အားလုံး၏ စစ်သေနာပတိအဖြစ် ဗိုလ်ချုပ်လီမီကို ထားပြီး၊ တပ်ဖွဲ့များကို တော့ "ယူနန်နယ် ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်သူ့ကယ်တင်ရေးတပ်မတော်" ဟူသော အမည်နှင့် ဖွဲ့စည်းခဲ့သည်။
၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလတွင် မိုင်းဆတ်လေယာဉ်ကွင်းကို တရုတ်ဖြူများက ပြင်ဆင် ဖွင့်လှစ်လိုက်နိုင်သည့်အတွက် အရေးကြီးသည့် စစ်လက်နက်၊ လူ (အရာရှိများ)၊ ပစ္စည်းအကူ အညီများ ဖော်မိုဆာ (ထိုင်ဝမ်) မှ တိုက်ရိုက်လည်းကောင်း၊ ထိုင်းမှတဆင့်လည်းကောင်း၊ သယ်ယူပို့ဆောင်လာနိုင်ကြသည်။ ထိုင်ဝမ်သို့ ခေတ္တပြန်သွားသည့် ဗိုလ်ချုပ်လီမီလည်း နည်းပြဆရာများ အပါအ၀င် သင်တန်းဆင်း လူအင်အား ၇၀၀ နှင့်အတူ လေယာဉ်များနှင့် ထိုမိုင်းဆတ်သို့ ပြန်ရောက်လာသည်။ထို့နောက် တပ်အင်အားများ စနစ်တကျ တိုးချဲ့ပြီး သင်တန်းများ ဖွင့်လှစ်ခဲ့သည်။
ထိုသို့ အင်အား တိုးချဲ့ပြီးနောက် ၁၉၅၂ ခုနှစ် တနှစ်လုံး ဗမာပြည်အတွင်းပိုင်းသို့ ၀င်ရောက်ရေးကို လျင်မြန်စွာတိုးချဲ့ ပြုလုပ်လာကြသည်။ ဗမာပြည်တွင်းမှ ပုန်ကန်ထကြွနေ သည့် အစိတ်အပိုင်းများကိုလည်း သွေးဆောင်စည်းရုံးနိုင်ကြသည်။ ထိုသူများမှတဆင့် အတွင်းပိုင်းသို့ စိမ့်ဝင်လာရာ ကရင်သူပုန်များရှိရာ မော်ချီးမိုင်းဒေသ၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်စပ်ရှိ ကဒူးကြီးဒေသများအထိ ၀င်ရောက်အခြေချလာနိုင်ပါတော့သည်။ ဤသည်မှာ အချက်အချာ ကျလှသော မန္တလေးလမ်းမကြီးကို စစ်တောင်းအရှေ့ဘက် တောင် တန်းများပေါ်မှနေ၍ စတင်ခြိမ်းခြောက်ရန် ခြေကုတ်ယူနေခြင်း ဖြစ်ပါသည်။
ထို့နောက် တရုတ်ဖြူ ဒီဝီဇံတပ်တတပ်သည် သြဂုတ်လတွင် မော်ချီးမှ ဖာပွန်ကို ဖြတ်ကာ မော်လမြိုင်နှင့် ကျိုက္ခမီခရိုင်အတွင်း ၀င်ရောက်ကာ မွန်ဒေသ ပင်လယ်ကမ်းစပ်များ (ကရုပ္ပိ၊ ပင၊ ကော့ဒွပ်) အထိ ချီတက် တပ်စွဲခဲ့ကြပါသည်။ ဤသည်မှာ တောင်ဘက် စစ်ကြောင်း ဖြစ်သည်။ ရေကြောင်းဖြင့် အကူအညီများ တိုးချဲ့ ပေးပို့နိုင်ရန် ဖြစ်သည်။
အလယ်ပိုင်း စစ်ကြောင်းမှာ '၀'နယ် ပန်ယန်းတွင် အခြေပြုပြီး သံလွင်မြစ် အနောက် ဘက်ကမ်း ကူးကာ လားရှိုးအရှေ့တောင်ဘက်ရှိ မိုင်းရှူးဒေသတွင်းသို့ ကျူးကျော်ဝင်ရောက် တပ်စွဲလာသည်။ တောင်ကြီးမြို့၏ အရှေ့တောင်ဘက် မိုးနဲမြို့အနီးဒေသများကိုလည်း ၀င်ရောက်လာကြသည်။ ကျိုင်းတုံခရိုင်အတွင်းရှိ 'မိုင်းပူအောင်လွင်ပြင်' ကို ချီတက်တပ်စွဲ ကြသည်။ ကျိုင်းတုံ - တောင်ကြီးလမ်းမကြီးကို ကြီးကျယ်စွာ ခြိမ်းခြောက်လိုက်ခြင်း ပင် ဖြစ်သည်။
ဤသို့ ၁၉၅၂ ခုနှစ် တနှစ်လုံး ဗမာပြည် အတွင်းပိုင်းရောက်အောင် တိုးချဲ့ဝင်ရောက်ပြီး နောက် ၁၉၅၃ ခုနှစ်တွင်မူ ကျွန်တော်တို့၏ တပ်များကို နေရာအနှံ့အပြားမှ စတင်တိုက်ခိုက် ပါတော့သည်။ တဖက်မှာ ဤကဲ့သို့ စတင်တိုက်ခိုက်ပြီး တဖက်မှာလည်း သူတို့၏ အင်အားကို တနင်္သာရီပင်လယ်ဘက်က ဖော်မိုဆာ(ထိုင်ဝမ်) နှင့် တိုက်ရိုက် သင်္ဘောလမ်းဖွင့်ပြီး တိုးချဲ့ဖို့ ကြီးကျယ်သည့် စီမံကိန်းနှင့် ကြိုးစားခဲ့သေးသည်။
၁၉၅၃ ခုနှစ် ဆန်းလျင် ဆန်းချင်း ရှမ်းပြည်အလယ်ပိုင်းဒေသတွင် အချက်အချာ ဖြစ်သော မိုင်းရှူးနှင့် မုံးအော့ကို စတင်တိုက်ခိုက် သိမ်းပိုက်လိုက်ကြသည်။ ဒုတိယ လွိုင်ကော်မြို့ကို တိုက်သော်လည်း အကျအဆုံးများစွာနှင့် ဆုတ်ခွါသွားရသည်။ မိုင်းပန်မြို့ ကိုတော့ ဖေဖော်ဝါရီလတွင် သိမ်းပိုက်ရရှိသွားသည်။ တရုတ်ဖြူများ ၃ ရက်ကြာ သိမ်းထားခဲ့ ကြသည်။ တချိန်တည်း မှာလိုပင် ဗမာပြည်မြောက်ပိုင်းသို့ ၀င်ရောက်နေသည့် တရုတ်ဖြူတပ် များသည် တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ ကြူကုတ်၊ မိုင်းယု စသည့်မြို့များကို တပြိုင်နက်တည်း ၀ိုင်းတိုက်ကြသည်။ မိုင် ၂၈၀ ကျော် ရှိသော တောင်ကြီး - ကျိုင်းတုံ လမ်းမကြီး ပေါ်တွင်လည်း တရုတ်ဖြူတပ်များ အတော်လှုပ်ရှားကာ၊ တပ်စခန်းများကို ၀င်ရောက် တိုက်ခိုက်ကြသည်။
ဤကဲ့သို့ တရုတ်ဖြူများ ဗမာပြည်တွင်း ကျူးကျော်ဝင်ရောက်လာမှုအပေါ် ဗမာပြည်သူ များက အုံကြွဆန့်ကျင်လာပါသည်။ ၁၉၅၂-၅၃ ခုနှစ် ပါလီမန်ဒီမိုကရေစီ ခေတ်ဖြစ်သဖြင့် သတင်း စာနယ်ဇင်း လွတ်လပ်ခွင့်များလည်း အသင့်အတင့် ရှိသေးသဖြင့် တိုးတက်သည့် အယူအဆ ရှိသည့် စာစောင်များ၊ လက်ဝဲစာစောင်များလည်း ထုတ်ဝေလျက်ရှိပါသည်။ ထို့ကြောင့် ပြည်သူများ နိုးကြားနေပြီး ထိုအန္တရာယ်ကို ဖြေရှင်းရန် အစိုးရအား တိုးတက် တောင်းဆိုနေကြပါသည်။
ထိုကြောင့် ဖဆပလ အစိုးရအနေနှင့် တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ရန် စီစဉ်စိုင်းပြင်းရပါတော့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော်မှ နေရာအနှံ့အပြားကို အပြင်းအထန် ပြန်လည်တိုက်ခိုက် သိမ်းယူရပါသည်။ တရုတ်ဖြူတပ်များကို သံလွင်မြစ် အရှေ့ဘက်ကမ်းအထိ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပါသည်။
တောင်ပိုင်း စစ်ဆင်ရေးတွင်လည်း သံတောင်-မော်ချီလမ်းကို ဗမာ့တပ်မတော်က ပြန်သိမ်းပိုက်လိုက်ပါသည်။ တောင်ငူနယ်ရှိ ကရင်သူပုန်များက တရုတ်ဖြူများကို လက်မခံ သဖြင့် အတော်သက်သာသွားခြင်း ဖြစ်ပါသည်။ တောင်ငူသာ ရန်သူ့လက်ကျသွားပါက ဗမာပြည် ထက်ပိုင်းကျိုးသလို ဖြစ်နိုင်ပေသည်။
နောက် တောင်ပိုင်းတွင် ဒုတိယအရေးကြီးသည့် စစ်ဆင်ရေးမှာ ကရုပ္ပိ၊ ပင၊ ပင်လယ်စပ်တွင် တပ်စွဲထားသော တရုတ်ဖြူတပ်များကို ပင်လယ်ကြောင်းမှရော ကုန်းကြောင်း မှပါ တိုက်ခိုက်မောင်းထုတ်ရခြင်း ဖြစ်ပါသည်။ ဤနေရာတွင် တရုတ်ဖြူများတပ်စွဲရသည့် အကြောင်း၏ နောက်ကွယ်တွင် အလွန်ကြီးမားသည့် စီမံကိန်းရှိနေကြောင်း နောက်ပိုင်းကျမှ သိလာရပါသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဗမာပြည်တွင်း တရုတ်ဖြူတပ်များအတွက် တပ်သစ်များတည်ဆောက်ဖို့၊ လက်နက်ပစ္စည်းတန်ပေါင်းများစွာ လိုအပ်ရုံမက တပ်မှူး တပ်သားအပါအ၀င် လူအင်အားလည်း အများအပြား လိုအပ်လျက်ရှိရာ ထိုလိုသမျှပစ္စည်းများ ကို သင်္ဘောဖြင့်ပို့ရန် ပင်လယ်ကမ်းစပ် လိုအပ်ပါသည်။
ထိုမွန်ပြည်နယ် ကမ်းစပ်ဒေသများသည် ရေ ၆ ပေ မှ ၉ ပေကျော်အထိ နက်သဖြင့် သင်္ဘောများ အလွယ်တကူ ကပ်နိုင်ပါသည်။ ထို့ကြောင့် ထိုဒေသမှ တရုတ်ဖြူများကို မောင်းထုတ်လိုက်နိုင်သဖြင့် တရုတ်ဖြူ၏တပ် နောက်ထပ်တိုးချဲ့ရေး အစီအစဉ်ကို အတော်ပင် အားနည်းသွားစေခဲ့ပါသည်။ ထိုဒေသကို ကျွန်တော်တို့ တပ်များ တိုက်နေစဉ်မှာပင် ဖော်မိုဆာ (ထိုင်ဝမ်) မှ ပထမ အသုတ် သင်္ဘောများသည် တပ်မှူးများ၊ လက်နက်ပစ္စည်းများ သယ်ဆောင်ကာ မြိတ်ကျွန်းစုသို့ ဆိုက်ရောက်လာကြောင်း၊ နောက်ပိုင်းသိရပါသည်။ တရုတ်ဖြူများအနေနှင့် ၎င်းတို့ တပ်စွဲထားသော ပင်လယ်ကမ်းစပ်များမှ ဆုတ်ခွါထက်ပြေးနေရ သည့်အတွက် ထိုသင်္ဘောစုနှင့် ၀ိုင်ယာလက် အဆက်အသွယ်ပြတ်ခါ ဆက်လက်ဝင်မလာနိုင် တော့ပဲ ဆုတ်ခွါသွားကြရပါတော့သည်။
၁၉၅၃ ခုနှစ် မတ်လတွင် တရုတ်ဖြူများ အခိုင်အမာစွဲထားသည့် မိုင်းတုံနှင့် မိုင်းဆတ် လွင်ပြင်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက် အထူးစစ်ဆင်ရေးကြီးတရပ် ပြုလုပ်ရန် မြောက်ပိုင်းတွင် ပြင်ဆင်ပါသည်။ ထိုစစ်ဆင်ရေးမှာ "နဂါးနိုင်စစ်ဆင်ရေး" ပင်ဖြစ်သည်။
သို့သော် ထိုစစ်ဆင်ရေး၏ ပထမ အဆင့်မှာပင် မြန်မာတပ်များ လက်နက်ပစ္စည်းရော လူအင်အား အများအပြားပါ ကျဆုံး ဆုံးရှုံးရပြီး ပြန်ဆုတ်ခဲ့ရပါတော့သည်။ တရုတ်ဖြူတပ်များ က ကျွန်တော်တို့ တပ်များ သံလွင်မြစ်ကျော်သည်ကို စောင့်ကြည့်နေပြီး သံလွင်မြစ်အရှေ့ဘက် ကမ်း တလျှောက် ပေ ၅၀၀၀ ကျော်မြင့်သည့် တောင်ထွတ်များပေါ်က ယခင်ဂျပန်ဝင်စဉ်က ဆောက်လုပ်ထားသည့် ခံတပ်ငယ်များမှ ခံပြီး ကျွန်တော်တို့တပ်များ အကုန်နီးပါး မြစ်ကူးလာ ပြီးမှ သံလွင်မြစ်နှင့် ပိတ်ပြီး အကြီးအကျယ် တိုက်ခိုက်ရာ ကျွန်တော်တို့ တပ်များ လက်နက်ကြီး အမြောက်များ ထားခဲ့ရပြီး မြစ်ကူးပြန်ပြေးခဲ့ကြရပါသည်။
ဤမျှ အရေးပါသည့် စစ်ဆင်ရေးကြီး ကျွန်တော်တို့ဘက်မှ အရေးနိမ့်သွားရသည့် အတွက် တရုတ်ဖြူများ ပိုမို အားတက်ခါ ခေါင်းမာစွာ ဆက်လက်လှုပ်ရှား လာပါသည်။ ထိုအတွင်းမှာပင် ပြည်သူလူထုကလည်း လှုပ်ရှားအုံကြွလာပြီး တရုတ်ဖြူအန္တရာယ် တားဆီး ရေးအတွက် တောင်းဆိုလာမှုကြောင့် ဖဆပလ အစိုးရအနေနှင့် စစ်ရေးအရ အရေးယူမှုများအပြင် သံခင်းတမန်ခင်းအဖြစ် ၁၉၅၃ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးသို့ ကိုယ်စားလှယ်လွှတ် တိုင်တန်းရပါတော့သည်။ သက်သေခံ အလုံအလောက် နှင့် တိုင်ကြားသည့်အတွက် နိုင်ငံအများ၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။
ထို့ကြောင့်ပင် ကျူးကျော်သူတပ်များ ထွက်ခွါပေးရမည်ဆိုသော ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၀င် နိုင်ငံပေါင်း ၆၀ အနက် ၅၉ မဲထောက်ခံချက်ဖြင့် ဆုံးဖြတ်နိုင်ခဲ့ပါသည်။
ကြားနေမဲ ပေးခဲ့သော တဦးတည်းသော နိုင်ငံမှာ တရုတ်ဖြူများပင် ဖြစ်ပါသည်။ (ထိုစဉ်က ကုလသမဂ္ဂတွင် တရုတ်ပြည်၏ တရားဝင်ကိုယ်စားလှယ်မှာ တရုတ်ဖြူများပင် ဖြစ်နေပါသေးသည်)။ ထိုစဉ်က ကျူးကျော်သူဟု ဆိုရာတွင် တရုတ်ဖြူဟု နာမည်တပ်ခွင့်မရပါ။ "ကျူးကျော်သူနိုင်ငံခြားတပ်များ" ဟုသာ အမည်တပ်ရပါသည်။
ကျူးကျော်သူ တရုတ်ဖြူဟု ဆိုလိုက်လျင် တရုတ်ဖြူများကို ရှုတ်ချဖို့ ကုလသမဂ္ဂမှ ထုတ်ပစ်ဖို့များအထိ အရေးယူခိုင်းလာမှုများ ဖြစ်လာနိုင်သည်ကို ကာကွယ်ရန်အတွက်နှင့် တရုတ်ဖြူများ နောက်ကွယ်ရှိ ဆရာရင်း အမေရိကန်များအထိပါ လိုက်ရှုတ်ချလာနိုင်မှုများကို ကာကွယ်ရန်တို့အတွက်ပါ ဖြစ်ပါသည်။ ဗမာပြည်ဘက်အနေနှင့်လည်း ထွက်သွား ပြီးရော သဘောထား လိုက်လျောခဲ့ကြ ရပါသည်။
ထိုဆုံးဖြတ်ချက်ကျပြီးနောက် အကောင်အထည် ဖော်ရန်အတွက်၊ မြန်မာ၊ ထိုင်း၊ အမေရိကန်၊ တရုတ်ဖြူ လေးနိုင်ငံ စစ်ဖက်ကော်မရှင်တခုဖွဲ့ပြီး ဆောင်ရွက်ရန် စီစဉ်ကြရပါ သည်။ ထိုဆွေးနွေးပွဲများကို ၁၉၅၃ ခုနှစ် မေလ ၂၂ ရက်နေ့မှ စတင်၍ ပြုလုပ်သော်လည်း အချိန်ဆွဲရန်သာ ရည်ရွယ်ကြောင်း ထင်ရှားလာပါသည်။ နောက်ဆုံး တရုတ်ဖြူကိုယ်စားလှယ် များက ဆုတ်ခွါရေးကို လုံးဝ ငြင်းပယ်လိုက်ပါတော့သည်။
ပြည်သူလူထုက ကုလသမဂ္ဂ၏ ဆုတ်ခွါပေးရမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် အုံကြွမှု အရှိန်ကျသွားပါသည်။ မိုးကလည်း ကျလာပါပြီ။ စစ်ရေးအရလည်း နဂါးနိုင် စစ်ဆင်ရေး အရေးရှုံးနိမ့်မှုကြောင့် ဘာမှ ဆက်မလုပ်နိုင် ဖြစ်နေပါသည်။ ဖဆပလ အစိုးရအနေ နှင့် ကလည်း သူ၏ ပင်ကိုယ်ဖောက်ပြန်ရေးအနေအထားကြောင့် ပြည်သူလူထု လုံးဝအုံကြွ လာအောင် မလုပ်ရဲပါ။ နဂါးနိုင်စစ်ဆင်ရေး ရှုံးနိမ့်မှုများကို ဖုံးဖိထားခြင်း၊ လေးနိုင်ငံကော်မရှင် အစည်းအဝေများကို တမင်သက်သက် အချိန်ဆွဲပြီးလုပ်နေခြင်း စသည့် အချက်များကို ပြည်သူလူထုကို အသိမပေးပဲ ဖုံးဖိထားပါသည်။
ထိုအချိန်မှာ ကျွန်တော်တို့ နိုင်ငံ မျက်နှာအငယ်ဆုံး အချိန်ဖြစ်ပါသည်။ တချို့နိုင်ငံကြီး များက (အထူးသဖြင့် နယ်ချဲ့နိုင်ငံများက) "ဘာကုလသမဂ္ဂတိုင်ရမှာလဲ ကိုယ်မခံချင်ရင် ကိုယ့်ဟာကို တိုက်ပေါ့" ဟု ငေါ့ကြပါသည်။ "တရုတ်ကိုမနိုင်ရင် ဘာလို့ လွတ်လပ်ရေးယူသေး လဲ ကျွန်းကလေးတကျွန်းပေါ် တက်နေကြပါလား" ဟုပင် ပြောင်လှောင်ပြောဆိုခြင်း ခံလာကြရ ပါသည်။ အလွန် နာကျည်းဘွယ်ရာ ဖြစ်ခဲ့သည်။

{ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ရေးတဲ့- ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်- ဆိုင်းစုမှ သည် မန်ဟိုင်းဆီသို့ စာအုပ်၊ စာမျက်နှာ ၁၆၁-၁၆၅}

ကျနော့်အနေနှင့် စာရေးသူနှင့် ထုတ်ဝေသူတို့ကို အကြံပြု အလေးအနက်တိုက်တွန်း ချင်တာက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ တရုတ်ဖြူစစ်၊ ဘုရင့်နောင်စစ်ဆင်ရေး စတာတွေ ကို သပ်သပ် စာအုပ်ထုတ်ပေးရင် ကောင်းမလားလို့ပါ။

မောင်အေးဝင်း

Monday, June 23, 2008

လူထုဒေါ်အမာဈာပနမှတ်တမ်း
ရေးသူ-အောင်ကျော်ဆန်း












၉၊ ဧပြီ၊ ၂၀၀၈။
မန္တလေးမြို့။


အစ်ကို
ဧပြီလ ၇ ရက်နေ့က အဘွားဆုံးတယ်။ အဲဒီ သတင်းကိုတော့ အစ်ကိုလည်း ကြားပြီးသား ဖြစ်မှာပါ။
အဘွားက နံနက် ၁ နာရီ ၃၇ မိနစ်မှာ မန္တလေးပြည်သူ့ ဆေးရုံကြီး နှလုံးရောဂါကုဌာန မှာ ဆုံးတယ်။ အဲဒီနေ့က Ludu Daw Ahmar pass away ဆိုတဲ့ မက်ဆေ့ခ်ျ ၂၁ ခု တယ်လီဖုံးထဲကို ၀င်လာတယ်။ ဦးညိုက ကျွန်တော့်ဆီ ဖုံးဆက်တာ မရဘူးတဲ့။ ဒါနဲ့ ဦးညို ဆက်ခိုင်းလို့ဆိုပြီး ကိုမော်လင်းက လှမ်းပြောတယ်။ နောက် အစ်မဒေါ်ဒေ၀ီလည်း လှမ်းဆက်တယ်။ အဘွားဆုံးပြီဆိုတဲ့ သတင်းဟာ ကျွန်တော့်ရုံးမှာ ရှိသမျှ တယ်လီဖုံး လေးလုံးစလုံး ဆက်တိုက်မနားရအောင်ကို ၀င်လာတော့တာပဲ။ သိတဲ့လူတိုင်းက အဘွားရဲ့ နာရေးသတင်းကို လှမ်းမေးကြတယ်။




ကျွန်တော်လည်း ရှိသမျှ အလုပ်ချက်ချင်း ဖြတ်ပြီး မန္တလေးကို သွားနိုင်ဖို့ ကြိုးစားပါ တယ်။ ဒါပေမယ့် ချက်ချင်းဆိုတာက ဧပြီလ ၈ ရက်နေ့၊ ညနေ ၃ နာရီကျမှပဲ ကားဘီးစလှိမ့် နိုင်တော့တယ်။ ဒီ့မတိုင်ခင် ကိုယ်လုပ်နိုင်တာ လုပ်ခဲ့မှပဲ ဆိုပြီး ၀မ်းနည်းကြောင်း လက်မှတ်ထိုး စာအုပ် ၄ အုပ်ကို လူစုခွဲပြီး စုဆောင်းလက်မှတ်ထိုးခိုင်းပါတယ်။ လူ ၁၂၃ ယောက် လက်မှတ်ထိုးခဲ့တယ်။ စာပေနဲ့လူမှုရေးအသိုင်းအ၀ိုင်းက ခင်မင်ရင်းနှီးသူချည်းပါပဲ။
ကားပေါ်ဆန့်သမျှ လူတင်ပြီး မန္တလေးကို ချီတက်ခဲ့ကြတာပေါ့။ ရှေ့ခန်းမှာ ဒရိုင်ဘာနဲ့ ကိုမိုးဝင်း မဒုံတို့ ဇနီးမောင်နှံ ထိုင်ကြတယ်။ ဒီနောက်က ဘဘဦးအုန်းမြင့်၊ ဆရာမောင်ဝံသနဲ့ ကျွန်တော် ထိုင်တယ်။ ကျွန်တော်တို့နောက်တန်းမှာ အဘွားဒေါ်ခင်မေ၊ အစ်မဒေါ်ဒေ၀ီနဲ့ ကိုထွန်းဝင်းငြိမ်း ထိုင်တယ်။ အဲဒိနောက်မှာ ဦးလေးဦးမောင်မောင်ခင်၊ ဆရာဦးထက်မြက်နဲ့ ဆရာလေးဒေါက်တာတင်စံဦးတို့ ထိုင်ကြတယ်။ နောက်ဆုံးတန်းကတော့ ကိုစိုးဝင်းငြိမ်းနဲ့ ကိုညိုထွန်းတို့ပေါ့။ လူ ၁၄ ယောက်ဆန့် လိုက်အေ့ပေါင်မုံ့ကားလေးပါ။
ကျွန်တော်တို့ကားဟာ ညနေ ၄ နာရီမှာ ထောက်ကြံ့လမ်းဆုံကို လွန်ပြီး၊ ရန်ကုန် ဧရိယာက ထွက်ခဲ့တယ်။ ညနေ ၆ နာရီမှာ ညောင်လေးပင်မြို့အ၀င် လမ်းဘေးဇရပ်တခုမှာ ရပ်ပြီး ညစာထမင်းကို မမှောင်ခင်မှာ စားလိုက်ကြတယ်။ မဒုံ အသင့်ချက်ပြုတ်ယူလာတဲ့ ထမင်း ဟင်းအစုံအလင်နဲ့ ဆိုပါတော့။ ဇရပ်ပေါ်မှာ ထမင်းလက်ဆုံးစားဖြစ်ကြရင်း၊ အဘွားနဲ့အတူ သွားဖြစ်ခဲ့ကြတဲ့ ခရီးတွေအကြောင်း ပြောဖြစ်ကြသေးတယ်။ လူတိုင်းကိုယ်စီမှာ ၀မ်းနည်းမှုကိုယ်စီနဲ့ သောကကို လွယ်ပိုးထားရတဲ့ ထမင်းလက်ဆုံ စကားဝိုင်းပါပဲ။
ဒီလိုနဲ့ ကားဟာ ညအမှောင်ထုထဲကို ထိုးခွဲဖြတ်သန်းရင်းနဲ့ ခရီးပြင်းနှင်ခဲ့ရပါတယ်။ ကားကလည်းကောင်း၊ ဒရိုင်ဘာကလည်း ကျွမ်းကျင်လို့ ခရီးတွင်ခဲ့ကြပါတယ်။ ဖြူးကို ရောက်တော့ မိတ်ဆွေ တယောက်ရဲ့ ထမင်းဆိုင်မှာ ခဏ၀င်ထိုင်ပြီး အအေးသောက်၊ နှုတ်ဆက်၊ ခရီးဆက်ခဲ့ကြတယ်။ တောင်ငူအလွန်က ပိုင်အိုးနီးယားဆိုင်မှာ ၀င်ထိုင်တော့ ည ၁၁ နာရီပဲ ရှိသေးတယ်။ ဒီနောက် တမြို့ဝင် တမြို့ထွက်နဲ့ ခရီးဆက်ခဲ့ကြပြန်တယ်။ စကားတပြောပြောနဲ့ ခရီးလည်းတွင်ပါတယ်။ နေပြည်တော် တပ်ကုန်းအ၀င်မှာ ဒရိုင်ဘာကို လက်ဖက်ရည်တိုက်ရင်း ကျွန်တော်တို့ ခဏ နားကြပြန်တယ်။
ဒရိုင်ဘာက နယ်ဝေးခရီးက ပြန်လာစဆိုတော့ အတော်ပင်ပန်းနေတယ်။ ခရီးသည်ထဲ မှာ ကူမောင်းနိုင်သူ နှစ်ယောက်ပါပေမယ့် သူ့ကားနဲ့ သူ့ဒရိုင်ဘာ၊ သူ့အထာနဲ့သူ မောင်းပါစေ တော့ ဆိုပြီး ခရီးတွင်သလောက် မောင်းခဲ့ကြတယ်။ ခရီးပန်းရင် နားပါဦးဆိုပြီး ပျော်ဘွယ် အလွန်မှာ ဒရိုင်ဘာကို နာရီဝက်လောက် ခဏ အိပ်ခိုင်းလိုက်သေးတယ်။ ဒီနောက် မိတ္ထီလာကို ၄ နာရီခွဲလောက် မနက်လင်းအားကြီးမှာ ရောက်တယ်။ လက်ဖက်ရည်သောက် ခဏနားပြီး ခရီးဆက်ခဲ့ကြတာပါပဲ။
မမဒေါ်သန်းရင်မာ အိမ်ရှေ့ကို ကျွန်တော်တို့ ကားထိုးဆိုက်မိတဲ့ အချိန်မှာတော့ မနက် ၇ နာရီ ၃၂ မိနစ် ရှိပါပြီ။ မဏ္ဍပ်ထဲမှာ လူစည်နေပြီ။ အင်းဝက ကဗျာဆရာကြီးတွေလည်း ရောက်နေပြီ။ မုံရွာက ဦးအံ့မောင်၊ ချောက်က ကိုကျော်ဝင်း၊ မြစ်ငယ်က မ၀င့်၊ ပြင်ဦးလွင်က မေဦး၊ ကျောက်ဆည်က ဆရာမ သီတဂူ၊ ရေစကြိုက ဦးခင်မောင်ကြည် အတော်ကို လူစုံနေပါပြီ။ လူ ၁၀၀ ကျော် ၂၀၀ လောက်တော့ ရှိနေပြီပေါ့။ ဒီနောက်လည်း လူတွေက တဖွဲဖွဲနဲ့ မစဲဘဲ ဆက်တိုက် ရောက်လာကြတယ်။ မနက် ၈ နာရီလောက် အရောက်မှာ အိမ်ရှေ့လမ်းက မော်တော်ကား၊ မော်တော်ဆိုင်ကယ် သွားလို့ မရလောက်အောင် ပိတ်ဆို့ သွားခဲ့တယ်။
မမဒေါ်သန်းရင်မာ အိမ်ရှေ့ကို ကျွန်တော်တို့ ရောက်ပြီး မကြာခင်ပဲ သရဏဂုံတင်ပွဲ စတယ်။ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မ က သီလပေး၊ သရဏဂုံတင် တရားဟောတယ်။ 'အမာကို မပျော့စေနဲ့' ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ သြ၀ါဒစကားကို ပြန်လည် ရင့်ကျူးပြီး၊ တရားနာပရိသတ်ကို မိန့်မှာဆုံးမတယ်။ ပရိသတ်ထဲမှာ ဣနြေ္ဒမဆည်နိုင်တာက တော့ အဘွားရဲ့ အချစ်ဆုံးမြေး လင်းလင်းပဲ။ အဘွားရဲ့နောက်ဆုံးအချိန်မှာ မပြုစုလိုက်ရတဲ့ အတွက် သူ့ရင်ထဲမှာ မဖြေနိုင်ဘူးပေါ့။ သရဏဂုံတင်နေတော့ အဘွားကို ကန်တော့ဖို့ အခွင့်မသာဘူး။ ရှေ့ကနေတဲ့ လူအုပ်ကို တိုးမပေါက်ဘူးလေ။
ဒါနဲ့ပဲ စာကြည့်တိုက်ကနေ လှည့်ဝင်၊ နောက်ဖေးတံခါးဖွင့်ပြီး အဘွားရဲ့ ဈာပနခုတင် ရှိရာ ချဉ်းကပ်ခဲ့ရပါတယ်။ ခုတင်ပေါ်မှာ ကျွန်တော်တို့ အဘွားဟာ ခါတိုင်းလို၊ အိပ်မောကျ နေသလို ငြိမ်ငြိမ်သက်သက်ကလေး လဲလျောင်းနေရှာတယ်။ အပြုံးချိုချိုမြမြနဲ့။ ခါတိုင်းခါ လူတကာကို ကြည်သာနှုတ်ခွန်းဆက်တတ်တဲ့ အဘွားက ဒီတခါတော့ နှုတ်ခမ်းကို ပိပိပြားအောင် တင်းတင်းစေ့ပြီး လောကကြီးကို နှုတ်ဆက် စိန်ခေါ်သွားပါပြီ။ အဘွားရေ- လမ်းခုလတ်မှာ နှုတ်ဆက်ခွဲခွါ သွားခဲ့ပြီလားလို့ ရင်ထဲကနေ တိုးဖွဖွနဲ့ မေးလိုက်မိရပါတော့ တယ်။
ဈာပနခုတင်နားက ကျွန်တော် ခွါလိုက်စပြုတဲ့ အချိန်မှာ သရဏဂုံတင်ပွဲကလည်း ပြီးသွားခဲ့ပါပြီ။ အဲဒီတော့မှပဲ မမဒေါ်သန်းရင်မာနဲ့ ကိုညို၊ အောင်ဘာလေတို့ကို နှုတ်ဆက်ရ တော့တယ်။ အိမ်ရှေ့မှာ လူအုပ်ကြီးက ငါးရာ တထောင် ရှိနေလောက်ပြီပေါ့။ အဲဒီအချိန်မှာ ၉ နာရီ ကျော်နေပြီ။ ဈာပန အစီအစဉ်က ၁၀ နာရီ စမယ်ဆိုတော့ လုပ်စရာရှိသမျှ တက်သုတ်ရိုက် စီစဉ်ကြရတော့တယ်။ ယပ်တောင်၊ ရေဘူး၊ အချိုရည်နဲ့ ဈာပနလက်ကမ်း အတွက် စာတမ်းတွေ ဝေငှကြတယ်။ ကျွန်တော်ကတော့ လွမ်းသူ့ပန်းခွေနဲ့ ပန်းခြင်းတွေကို ကားပေါ်တင်ဖို့ စီစဉ်တယ်။ လူထုပုံနှိပ်တိုက်က အလုပ်သမားတွေ၊ ယူနီဖောင်းဝတ် မိတ်ဆွေတွေနဲ့ ကျောင်းသားလူငယ်တွေက ကျွန်တော့်ကို ၀ိုင်းကူကြတယ်။ အသင့်ပြင်ထားတဲ့ ကားလေးစီးပေါ်ကို ပန်းခွေ ပန်းခြင်းတွေရောက်အောင် စနစ်တကျ စီပြီး တင်ကြရတာပေါ့။ တယောက်တလက် ၀ိုင်းကူကြလို့ တနာရီ အတွင်းမှာပဲ အစစအရာရာ သေသေသပ်သပ် ပြီးစီးသွားခဲ့ပါတယ်။ ပန်းခြင်းက ၈၇ ခြင်းနဲ့ ပန်းခွေက ၆၅ ခွေ ရှိတယ်။ ပန်းခွေ ပန်းခြင်းတွေက အရွယ်ကြီး ဆိုက်ကြီးတွေ များတော့ ကားလေးစီးနဲ့ အပြည့်အသိပ်တင်တာတောင် မဆံ့ဘူး။ ဒါနဲ့ ဈာပနပွဲကို ရောက်လာတဲ့ သူငယ်ချင်းဒေါက်တာကျော်ထင်ရဲ့ လိုက်အေ့စ် ၁၄ ပေ ပစ်ကပ်ကို အကူအညီတောင်းပြီး၊ အဲဒီကားပေါ် ပန်းခြင်းတွေ ဆက်တင်ကြတယ်။
အိမ်ရှေ့ကနေ ဈာပန ယာဉ်တန်း ထွက်ဖို့ အစီအစဉ်ကို လုပ်ရပြန်တယ်။ ရှေ့ဆုံးက ကိုညိုကိုယ်တိုင် မောင်းမယ့် ပန်းခွေတင်ကား၊ အဲဒီနောက်က ဒေါက်တာ ကျော်ထင်ကိုယ်တိုင် မောင်းတဲ့ ပန်းခြင်းကား၊ သူ့ဘေးမှာ ဦးမောင်ခင်နဲ့ ကျွန်တော် ထိုင်လိုက်ကြတယ်။ ပန်းခွေ ပန်းခြင်းတင်တဲ့ ကားငါးစီး ရှေ့ဆုံးက ထွက်မယ်။ အဲဒီကား ငါးစီးရဲ့နောက်က ရေဘူး၊ အချိုရည်၊ ယပ်တောင်ဝေတဲ့ ကားလိုက်မယ်ပေါ့။ အဲဒီ နောက်က အဘွားရဲ့ ဈာပန မော်တော်ယာဉ်။ အဲဒီနောက်ကမှ လိုက်ပို့တဲ့ ကားတွေ စီတန်းပြီး ထွက်ကြမယ်။
ပန်းခွေတင် ကားငါးစီးကို ၃၂ လမ်းနဲ့ ၈၄ လမ်းထောင့်ကို အရင်မောင်းပို့ပြီး တန်းစီထား လိုက်တယ်။ ပြီးတော့ အဖွားရဲ့ ဈာပနမော်တော်ယာဉ်ကို ပြင်ဆင်ကြရပြန်တယ်။ မိသားစုဝင်တွေ ကန်တော့ပြီးစတီးခေါင်းထဲမှာ အဘွားရဲ့ ရုပ်ကလပ်ကို ထည့်ပေးကြတယ်။ ပြီးတော့ အဘွားကိုချစ်တဲ့ တူတွေ၊ မြေးတွေ၊ စာပေရဲဘော်တွေ၊ တပည့်တပန်းတွေ၊ ဆွေမျိုးသားချင်းတွေက အခေါင်းကို ထမ်းပြီး ဈာပနယာဉ်ပေါ် တင်ပေးကြတယ်။ ဒါပြီးတာနဲ့ပဲ ကားတန်းကြီးဟာ အိမ်ရှေ့ကနေ ဘီးလှိမ့်ပြီး စထွက်ခဲ့တော့တယ်။
ကျွန်တော်တို့ မော်တော်ယာဉ်တန်းရဲ့ ရှေ့ကနေ ဆိုင်ကယ်အစီး ၁၀၀ လောက်က လမ်းရှင်းရင်းနဲ့ စထွက်ခဲ့တယ်။ ယာဉ်တန်းရဲ့ ဘေးဘက်ဝဲယာမှာ ဆိုင်ကယ်တန်းကြီးက ခြံရံပြီး လိုက်ပါခဲ့တယ်။ ရှေ့ဆုံးကနေ နောက်ဆုံးအထိ အသုဘယာဉ်တန်းဟာ ၁၂ လမ်းကနေ ၂၆ လမ်းအထိ ကျုံးမြို့ရိုးတပြစာ ၂ မိုင်လောက်ရှည်တယ်။ လမ်းဘေးဝဲယာမှာ ဓာတ်တိုင် တတိုင်ခြား သတင်းသမားတွေ ဓာတ်ပုံဆရာတွေ စောင့်ဆိုင်းနေပြီး ဓါတ်ပုံရိုက်နေကြတယ်။ ကျွန်တော်တွေ့ဘူးသမျှမှာတော့ ဓါတ်ပုံကင်မရာ အများဆုံးဈာပန ပါပဲ။ ဓါတ်ပုံကင်မရာအလုံး ၃၀၀ လောက်များ ရှိမလားလို့ ကျွန်တော်နဲ့ ဦးမောင်မောင်ခင် ခန့်မှန်းပြောမိကြတယ်။
ဈာပန မော်တော်ယာဉ်တန်းကြီး ဖြတ်သွားတယ်ဆိုရင်ပဲ အဘွားကို ချစ်တဲ့မန္တလေး မြို့သူမြို့သားတွေက သူတို့ရဲ့ ကန့်လန့်ဖြတ်ယာဉ်တွေကို ချက်ချင်းရပ်ပြီး ယာဉ်တန်းကြီးကို အဆက်မပြတ် ခရီးဆက်စေခဲ့တယ်။ လမ်းဘေးဝဲယာကစောင့်ကြည့်နေတဲ့ လူအုပ်ကြီးဟာ အဘွားရဲ့ ရုပ်ကလပ် လိုက်ပါလာတဲ့ ဈာပန မော်တော်ယာဉ်ကို တွေ့တာနဲ့ လက်အုပ်ချီပြီး ဦးချ ထိုင်ကန်တော့ ကြတယ်။ တချို့လည်း အဲဒီအချိန်ကျမှ လူထုဒေါ်အမာ ဈာပနရယ်လို့သိပြီး ဈာပနယာဉ်တန်းကြီးနဲ့အတူ ကြာနီကန် သုသန်ကို လိုက်ပါပို့ဆောင်ကြတယ်။
မန္တလေးကျုံးမြို့ရိုးကို ပတ်ပြီး အဘွားဟာ သူချစ်တဲ့ မြို့သူမြို့သားတွေကို နှုတ်ဆက် နေတယ်လေ။ ပြီးတော့ သူချစ်တဲ့ မန္တလေးတောင်တော်ကြီးကို ဦးခိုက်၊ တောင်တော်မဟာကို ကွေ့ပတ်ပူဇော်ပြီး စကျင်ရွာကို ဖြတ်လာခဲ့တယ်။ ပြီးတော့ ဂျပန်ခေတ်က တော်လှန်ရေး ဌာနချုပ် စခန်းတနေရာဖြစ်ခဲ့တဲ့ အဘွား ခေတ္တခိုအောင်း နေထိုင်ခဲ့ရာ ကပိုင်ရွာကလေးကို လည်း အဘွားက နှုတ်ဆက်လိုက်သေးတယ်လို့ ကျွန်တော့်စိတ်ထဲ ထင်မိတယ်။
သြော် အဘွား..သူချစ်တဲ့ ပြည်သူတွေနဲ့ စာပေရောင်းရင်း တပည့်တပန်းမိတ်ဆွေတွေ၊ ရဲဘော် ရဲဘက်တွေ၊ သားသမီး မြေးမြစ် အားလုံးကို ခွဲခွါသွားခဲ့ပြီ။ ဒီနေ့ဟာ တချိန်ချိန် ဆိုက်ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ သိပြီး ဖြစ်ပေမယ့် တကယ်ကြုံရပြန်တော့လည်း ကြေကွဲမဆုံးအောင် ထိခိုက်ခံစားကြရပြန်တယ်။
"ကျွန်တော်တွေ့ဘူးသမျှ ဈပနတွေထဲမှာ ဆရာဗန်းမော်တင်အောင် ဈာပနက အကြီး ကျယ်ဆုံးပဲ။ အခု ဒေါ်ဒေါ်ရဲ့ ဈာပနကတော့ အဲဒီထက်ကို ပိုပြီး စည်ကားနေတယ်" လို့ ဦးမောင်မောင်ခင်က ပြောပြတယ်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပနကိုရော ရောက်ဖြစ်သလားလို့ မေးတော့ "ရောက်တယ်။ အဲဒီတုန်းကလည်း ဈာပနယာဉ်တန်းက အခုလောက်မရှည်ဘူး။ ဈာပနမဏ္ဍပ်ကြီးနဲ့ စာတမ်းဖတ်ပွဲတွေနဲ့ ဈာပနကော်မတီတွေ ဘာတွေ ဖွဲ့ပြီး လုပ်ခဲ့ကြတာကတော့ ပိုပြီး သိုက်သိုက်ဝန်းဝန်းရှိတယ်" လို့ ဦးမောင်မောင်ခင်က ရှင်းပြတယ်။
အဘွားရဲ့ ဈာပန ကြီးကျယ်စည်ကား သိုက်သိုက်ဝန်းဝန်းဖြစ်တာကိုတော့ ကျွန်တော် မအံ့သြပါဘူး။ အံ့သြတာကတော့ အဘွားကို လူတွေ ချစ်ကြတာကိုပဲ အံ့သြတယ်။ လူတိုင်းကိုယ်စီဟာ၊ မန္တလေးသူ မန္တလေးသားတွေဟာ အဘွားကို ဘာကြောင့် ဒီလောက်ချစ်ကြသလဲ။ ကျွန်တော့်မှာ ကိုယ်ပိုင်အဖြေ မရှိပါဘူး၊ သူများတကာပြောသလို ပဲ့တင်ထပ်ပြောရမယ်ဆိုရင်တော့ "သူက လူတွေကို ချစ်လို့ သူ့ကို လူတွေက ချစ်တာ" လို့ပဲ ဆိုရမယ်ထင်တယ်။ တကယ်ကတော့ အဖွားကို ချစ်သူချည်းပဲရှိတာ မဟုတ်။ မုန်းသူလည်း ရှိပါတယ်။ အဘွားဦးစီးထုတ်ဝေခဲ့တဲ့ လူထုသတင်းစာဆိုတာ မြန်မာနိုင်ငံ သတင်းစာသမိုင်းမှာ ဒိုင်းနမိုက် ဗုံးတွေနဲ့ ခွဲဖြိုဖျက်ဆီး ခံခဲ့ရတဲ့ တခုတည်းသော သတင်းစာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအများက အဘွားကို ချစ်ကြတယ်လို့တော့ သတ္တုချပြီး ပြောလို့ရမယ် ထင်ပါတယ်။
ကပိုင်ကို လွန်ပြီးတဲ့နောက် သိပ်မကြာခင်ပဲ ဈာပနယာဉ်တန်းဟာ ကြာနီကန်သုသန် ၀င်းထဲကို ချိုးကွေ့ဝင်လာတယ်။ ကြာနီကန် သုသန်အ၀င်ဝကနေ ဆီးကြိုပြီး ရေတွက်ထားတဲ့ စာရင်းအရ အဘွားရဲ့ ဈာပနကို လိုက်ပါပို့ဆောင်တဲ့ မော်တော်ကားစီးရေ ၁၃၇ စင်း ရှိပါတယ်။ မော်တော်ဆိုင်ကယ်စီးရေ မရေတွက်နိုင်ပါ။ လူဦးရေ ခန့်မှန်းပြောဆိုရုံသာ တတ်နိုင်ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းပြောဆိုချက်တွေအရ အိမ်ရှေ့ကနေ သုသန်အထိ လိုက်ပါပို့ဆောင်တဲ့ လူဦးရေ သုံးထောင်ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ လိုရင်နည်းနည်း၊ ပိုရင်နည်းနည်းပဲ ရှိမှာပါ။ ကားကြီးတစင်းမှာ လူဘယ်နှစ်ယောက်၊ ကားကလေးတစင်းမှာ လူဘယ်နှစ်ယောက်ဆိုပြီး ခန့်မှန်းတွက်ချက်ကြတာ ဖြစ်တဲ့အတွက် သိပ်အများကြီး မလွဲနိုင်ဘူးလို့ ထင်ပါတယ်။ လမ်းဘေးကနေ လက်အုပ်ချီ ဦးချလိုက်ပို့ဆောင်ကြတဲ့ ပရိသတ်ထုထည်အင်အားကိုတော့ မှန်းဆဖို့ မလွယ်ဘူး ထင်ပါတယ်။
ကြာနီကန်သုသန်ဝင်းထဲမှာ မော်တော်ကားတွေ ဆိုင်ကယ်တွေ တင်းကျပ်ပြည့်သွား တယ်။ တချို့လည်း သုသန်အပြင်မှာ ကားတွေရပ်ပြီး လမ်းလျှောက် ၀င်လာကြတယ်။ သုသန်ဝင်းနဲ့ မဆန့်အောင် လူတွေ ကားတွေ များပြား ပြည့်သိပ်နေပါတယ်။
ကြာနီကန်သုသန်ဝင်းကို ရောက်တယ်ဆိုရင်ပဲ ပန်းခွေ ပန်းခြင်းတွေကို ကားပေါ်ကချ မီးစက်အ၀င်မှာ လှလှပပ ပြင်ဆင်ပေးကြတယ်။ ပြီးတော့ အဘွားရဲ့ ဈာပနရုပ်ကလပ်ကို မီးသင်္ဂြိုလ်စက်ဆီ သယ်လာတယ်။ မိသားစုဝင်တွေ ထိုင်ကန်တော့ကြပြီး မီးသင်္ဂြိုလ်စက်ထဲကို ယူလာတယ်။ မမဒေါ်သန်းရင်မာရဲ့ခင်ပွန်း ဦးခင်ဂျက်ဝင်း၊ ကိုညို၊ အောင်ဘာလေ၊ ကျွန်တော်၊ ကိုကျော်သီဟနဲ့ ဘိုးဘိုးတို့ပဲ သင်္ဂြိုဟ်စက်ထဲအထိ လိုက်ပြီးဝင်ခဲ့ကြတယ်။ မီးသင်္ဂြိုဟ်တဲ့ လုပ်ငန်းစပြီး မီးတောက်ကြီး တဟုန်းဟုန်း တက်လာခိုက်မှာ သင်္ဂြိုဟ်စက်ကို ဖွင့်ပြီး ဓာတ်ပုံ သတင်းထောက်တွေကို ၀င်ခွင့်ပြုလိုက်တယ်။ အဲဒါကတော့ ကိုညိုနဲ့ ဦးခင်ဂျက်ဝင်းတို့ရဲ့ အစီအစဉ်ပါ။
အဲဒီလို အဘွားကို မီးသင်္ဂြိုဟ်နေတဲ့အချိန် ကျွန်တော့်လက်ထဲမှာ အဘွားရဲ့ လုံချည်၊ အင်္ကျီ၊ ပခုံးတင်ပုဝါနဲ့ ကိုယ်လွှမ်းဇာပုဝါ ကိုင်ထားရတယ်။ လိပ်ပြာခေါ်ဖို့အစီအစဉ် ကျွန်တော့်ကို တာဝန်ပေးလိုက်တာပါပဲ။ မမဒေါ်သန်းရင်မာနဲ့ ကိုကျော်သီဟတို့က "လိပ်ပြာ ခေါ်ဖို့အစီအစဉ်ကို နင်တာဝန်ယူလိုက်" ဆိုတာနဲ့ ကျွန်တော်လည်း ဘုမသိဘမသိ ခေါင်းညိတ်လိုက်ရတာပေါ့။ တတ်သိနားလည်တဲ့ လူတွေကို မေးမြန်းစုံစမ်းရပါတော့တယ်။
လိပ်ပြာခေါ်တဲ့အစီအစဉ်က ဒီလိုပါ။
ပထမဦးဆုံး လုပ်ရတာက ရိုသေလေးစားသမှုနဲ့ အဘွားကို ဦးချကန်တော့ရတယ်။ ပြီးရင် အဘွားရဲ့ ကိုယ်ပေါ်မှာ လွှမ်းထားတဲ့ ဇာပ၀ါ၊ ပခုံးတင်ပ၀ါ၊ အင်္ကျီနဲ့လုံချည်ကို ခွါယူလိုက်ရတယ်။ ပြီးတော့ "အဘွားရေ တရားနာရအောင်အိမ်ကို လိုက်ခဲ့နော်" လို့ နှုတ်က ပြောရတယ်။ ပြီးမှ အဘွားရဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်စက်ထဲ သွင်းလိုက်တာပေါ့။
အဲဒီ လိပ်ပြာခေါ်တဲ့လူက အိမ်ကိုရောက်တဲ့အထိ ဘယ်သူနဲ့မှ စကားမပြောရဘူးတဲ့။ ဒါနဲ့ ကျွန်တော်လည်း သုသန်မှာ လာနှုတ်ဆက်တဲ့ သူတွေကို စကားမပြောနိုင် ဖြစ်နေတယ်။ ဟိုလူက စကားပြော၊ ဒီလူက လာနှုတ်ဆက်နဲ့ဆိုတော့ စကားမပြောဖြစ်အောင် ၀စီပိတ် လုပ်နေရတာ နည်းနည်းတော့ ကသိကအောက် ဖြစ်ပါတယ်။ ဒါနဲ့ပဲ အိမ်ပြန်ကြရအောင်ဆိုပြီး ကိုကျော်ထင်ကို လက်တို့ရတယ်။ အိမ်ကိုရောက်တဲ့အထိ ကားကိုလည်း ဘယ်နေရာမှာမှ မရပ်ရဘူးတဲ့။ ဒါနဲ့ပဲ မော်တော်ကားကို ဘယ်မှာမှ မရပ်ရအောင် မီးပွိုင့်တွေကို ကွေ့ရှောင်မောင်းနှင်ခဲ့ရပါတယ်။
အိမ်ကို ပြန်ရောက်တော့ အဘွားရဲ့ ဈာပနခုတင်ပေါ်မှာ ကိုယ်လွှမ်းပုဝါ၊ ပခုံးတင်ပုဝါ၊ အင်္ကျီ လုံချည်တို့ကို အစီအစဉ်နဲ့ စနစ်တကျ နေရာချထားပေးရတယ်။ ရက်လည်ဆွမ်းသွပ် ပြီးတော့မှ လိပ်ပြာခေါ်တဲ့ အစီအစဉ် ပြီးမှာဖြစ်တယ်။
တကယ်တော့ ၀ိဥာဉ်လိပ်ပြာဟာ လူ့ခန္ဓာကနေ ကင်းကွားပြီး ကိုယ်ပိုင်ထီးတည်း သီးခြားနေနိုင်တယ်ဆိုတဲ့ အယူအဆဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဟိန္ဒူဗြဟ္မဏတွေရဲ့ အယူအဆက ဆင်းသက်ခဲ့တာပါတဲ့။ လိပ်ပြာခေါ်တဲ့ အစီအစဉ်မှာ ၀စီပိတ်နေရတယ်ဆိုတာကလည်း တရုတ်ယဉ်ကျေးမှုရဲ့ အစဉ်အလာကနေ ကူးစက်လာတယ်လို့ ပြောပါတယ်။
ကျွန်တော်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုအရ ပြောမယ်ဆိုရင်လည်း ၀ိဥာဉ်လိပ်ပြာဆိုတာ အသက်ဇီဝရဲ့ အမှတ်လက္ခဏာလို့ မယူဆပါ။ အသက်ဇီဝဆိုတာလည်း ရုပ်ခန္ဓာအဖွဲ့အစည်း ကနေ သီးခြားကင်းလွတ်တည်ရှိနေတယ်လို့ မယူဆပါ။ ဒါပေမယ့် ကျွန်တော်မယုံကြည်ပေ မယ့် အဘွားအတွက် ဆိုတဲ့ ဆင်ခြေနဲ့ လိပ်ပြာခေါ်တဲ့အစီအစဉ်ကို တာဝန်ယူဆောင်ရွက်လိုက် ပါတယ်။ အဘွားသက်ရှိထင်ရှား ရှိနေသေးလို့ ဒီအကြောင်းတွေကို ကျွန်တော် ပြောပြရင် "မင်းနှယ်ကွာ ပေါက်ပေါက်ရှာရှာ" လို့ ပြောဦးမလား မသိပါ။
အဲဒီတော့ အဘွားရဲ့ ဈာပနအစီအစဉ်ကို ဆက်ပြီးပြောရပါဦးမယ်။ ကျွန်တော်တို့က လိပ်ပြာခေါ်တဲ့အစီအစဉ် လုပ်နေခိုက်မှာ မီးသင်္ဂြိုဟ်တဲ့ အစီအစဉ်ကို ဆက်ပြီး ဆောင်ရွက်ကြ တယ်။ အရိုးပြာကို စောင့်ယူပြီး ဧရာဝတီမြစ်ထဲမှာ မျှောဖို့ လုပ်ကြမှာ ဖြစ်တယ်။ ကျွန်တော့် စိတ်ကူးကတော့ အရိုးပြာမျှောတဲ့အချိန်ထိ ပန်းခြင်းတွေနဲ့ ပန်းခွေတွေကို မြစ်ဆိပ်ယူလာဖို့ပါ။ အရိုးပြာ မျှောပြီးတာနဲ့ ပန်းပွင့်တွေကို ခြွေယူပြီး ဧရာဝတီမြစ်ထဲမှာ အရိုးပြာနဲ့အတူ ပန်းပွင့်တွေကို ရေမျှောမယ်လို့ စိတ်ကူးထားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ကလည်း လိပ်ပြာခေါ်တဲ့အစီအစဉ်ကို တာဝန်ယူလိုက်ရပြီး ၀စီပိတ်မိသွားတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းမပြနိုင်တော့ပါ။
မြစ်ဆိပ်ကို ကျွန်တော်ရောက်သွားတော့ အရိုးပြာမျှောမယ့် မော်တော်က ကျွန်တော်တို့ ကို အသင့်စောင့် နေတယ်။ ၂၆ ဘီလမ်းအတိုင်း ဆင်းသွားရတဲ့ မရမ်းခြံဆိပ်ကနေ သံပူကျွန်းအကြား ရေလယ်မြစ်ရေစီးအထိ မော်တော်ကို မောင်းယူလာခဲ့ပြီး မိသားစုဝင်တွေ ကိုယ်တိုင် အရိုးပြာကို မျှောခဲ့ကြတယ်။ စာနယ်ဇင်းအသီးသီးက ဓါတ်ပုံသတင်းထောက်တွေနဲ့ မိသားစု ဆွေမျိုးတွေက ဓာတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။ အရိုးပြာမျှောပြီးတာနဲ့ မရမ်းခြံဆိပ်ကို မော်တော်မောင်းလာတော့ ၃ နာရီ ၁၅ မိနစ်မှာ ဈာပနအစီအစဉ် ပြီးဆုံးသွားပါ တော့တယ်။
အဘွားရဲ့ အရိုးပြာကို တ၀က်တိတိ ခြွင်းချန်ထားတာ ရှိပါသေးတယ်။ ဒီအရိုးပြာကို ကြာနီကန် သင်္ချိုင်းမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ ဆန္ဒပြုသူတွေ ရှိပါတယ်။ အချို့ကလည်း တောင်သမန်မှာ ဂူသွင်းသင်္ဂြိုဟ်ချင်ကြတယ်။ မိသားစုရဲ့ အစီအစဉ်ကတော့ ကွယ်လွန်သူ စာရေးဆရာကြီး လူထုဦးလှနဲ့အတူ ဇနီးမောင်နှံ ယှဉ်တွဲပြီး အထိမ်းအမှတ် ကျောက်စာတိုင် ကလေး လုပ်ချင်တယ်လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း တတိယအစီအစဉ်ကို သဘောကျပါတယ်။ လူထုဦးလှနဲ့လူထုဒေါ်အမာဆိုတဲ့ စာပေဇနီးမောင်နှံ အတူတကွ အမှတ်တရ ကျောက်စာတိုင်အဖြစ် ပူးတွဲတည်ရှိနေတာက ပိုပြီးသဘာဝကျတယ်လို့ ထင်ပါတယ်။
အဘွားလူထုဒေါ်အမာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်တိမ်းပါးခဲ့ပါပြီ။ မြန်မာစာပေလောကရဲ့ မီးရှူးတန်ဆောင်၊ အမျိုးသားစာပေယဉ်ကျေးမှုရဲ့ အမှတ်လက္ခဏာ ပြည်သူချစ်တဲ့ လူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါပြီ။ သူကွယ်လွန်ပြီ ဆိုပေမင့်ငြား သူ့ကိုချစ်တဲ့ ပြည်သူလူထုများက လူထုဒေါ်အမာကို နှစ်ပေါင်းရာထောင်ချီကြာတဲ့တိုင်အောင် မေ့ပျောက်နိုင် စွမ်း ရှိကြတော့မယ် မဟုတ်ပါ။
အဘွားဒေါ်အမာ ကောင်းရာသုဂတိ လားပါစေလို့ သူ့ကို ချစ်တဲ့သူတွေက ဆုတောင်း မေတ္တာပို့ကြလိမ့်မယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။

အောင်ကျော်ဆန်း
မဟေသီမဂ္ဂဇင်းမှ ကူးယူဖော်ပြတယ်။

Sunday, June 22, 2008

မပြေလည်တဲ့နယ်လှည့်
ရေးသူ - ဒေါက်တာသန်းထွန်း



ဂျပန်ခေတ်ဦး ပုသိမ်မြို့ ၀ိတိုရိယအထိမ်းအမှတ် စာကြည့်တိုက်က လမ်းဘေးစာအုပ်ပုံ ကို ရောက်လာတဲ့ စာအုပ်တချို့ကို တွေ့တဲ့အခါ In Search of History ရာဇ၀င်ရှာပုံတော်လို့ နာမည်နဲ့ စာအုပ်တအုပ်ကို တခြားစာအုပ်သုံးအုပ်နဲ့တွဲပြီး ငါးကျပ်ဖိုး ၀ယ်ခဲ့တယ်။ (စာရေးသူရဲ့ နာမည်ကို မမှတ်မိ၊ ကျွန်တော့် 'စာအုပ်တော' မှာ ရှာရင် တွေ့နိုင်မယ်ထင်တယ်။ 'စာအုပ်တော' လို့ ခေါ်ရမှာ ၀န်လေးရင် 'အမှိုက်ပုံ' ခေါ်ပါ။ အမှိုက်ပုံက ရွှေထွက်တယ်လို့ တွဲဖက်ပြောလေ့ရှိတဲ့ စကားကိုလည်း မမေ့ပါနဲ့)။ စာရေးသူ နာမည်ကို မေ့ပေမယ့် စာအုပ်အကြောင်းနဲ့ ဆက်သွယ်ပြီး၊ သူ့ အကြောင်းကို သိတယ်။ သူက တာကီ (Turkey) မှာ ရှိတဲ့ အင်္ဂလိပ်သံရုံးက သံမှူး (Conselor) ဖြစ်တယ်။ ဒါပေမယ့် သူတကယ် စိတ်ပါလက်ပါ လုပ်တာက သံတမန်ရေးရာ မဟုတ်ပါ။ အခုအခါ မြို့ပျက်ရွာပျက်၊ ခံတပ်ပျက်ဖြစ်နေတဲ့ အရင် ၁၃ ရာစုခုနှစ်က ခရူးဆိတ် (Crusade) စစ်ပွဲတွေမှာ မူဆလင် - ခရစ်ယာန် တိုက်ပွဲတုန်းက ထင်ရှားပြီး အခုမြို့ပျက်ရွာပျက်ခံတဲ့ ကုန်း (Tell) တွေကို သိုက်ဆရာ (Treasure Hunter) တွေက တူးပြီး နိုင်ငံခြားသားကို ပေါင် (₤) နဲ့ ရောင်းစားတယ်။ ၀ယ်သူက သမိုင်းနောက်ခံကို ကြေကြေညက်ညက် သိထားတော့ ဒါ ပေါင် ၁၀၀ လို့ တောင်းလည်း ၀ယ်ပါတယ်။ ပေါင်တထောင်မက ပေါင်တသိန်းထိတန်တယ်ဆိုတာ သူက သိလို့ပါပဲ။ ရတဲ့ပစ္စည်းကို သူက ဗြိတိသျှ မြူစီယမ် (British Museum) ကို ပို့တယ်။



ကျွန်တော်က ၁၉၃၈ အောင်ကျော်သေပြီးမှ ရန်ကုန်ကောလိပ်ကို ရောက်တယ်။ ရာဇ၀င်ဘာသာကို ယူတော့ ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန်မှာ။ ဥပစာ အထက်တန်းအောင်လို့ ဘီအေ ပထမနှစ် ရောက်ပြီ။ Breasted, James Henry, Ancient Times (A History of the Early World), Chicago, Ginn and Company, 1935. Robinson, James Harvey, Medival and Mordern Time, (An Introduction to the History of Western Civilation from the Dissolution of the Roman Empire to the Present Times) Chicago, Ginn and Company 1934. ဆိုတဲ့ စာအုပ်တွေကို တော်တော်ကြေကြေညက်ညက် ဖတ်ပြီးလို့ ရှေးဟောင်းပစ္စည်း (antique) အကြောင်းလည်း တော်တော် သိနေပြီ။ ရှေးဟောင်း သုတေသနလည်း ၀ါသနာပါတယ်။ မြန်မာ့နိုင်ငံရေးမှာလည်း ၀င်ပြီး လက်သီး လက်မောင်း တန်းပြီ အော်ချင်ဟစ်ချင်တယ်။ စောစောကပြောတဲ့ Breasted, Ancient Times 1935) အပြင် Woolley, Ur of the Chaldees (1929), Woolley, Digging up the past (1930) ဖတ်မိလို့ မြေထဲသမိုင်း (Archaeology) ဘက်ကို နည်းနည်းပိုပြီး အားသန်နေပါတယ်။ စစ်ကြီး ပြီးခါနီးပိုင်းရောက်တော့ အာရှလူငယ်နဲ့ ဗလငါးတန်ဘက်ကို ခပ်ယောင်ယောင် ဖြစ်လိုက်သေးတယ်။ နောက်တော့ ကွန်မြူနစ်ကြေညာစာတမ်း (Communist Manifesto 1848) ဘက်ကို ထင်ထင်ရှားရှား ပါသွားပါတယ်။ နောက်နိုင်ငံရေးမလုပ်တော့ဘူး ဆိုတာနဲ့ တခါတည်း In Search of History (ရာဇ၀င်ရှာတော်ပုံ) ဘက်ကို ရောက်သွားပါတယ်။ ရာဇ၀င် မဟာဝိဇ္ဇာတန်းကို ၁၉၅၀ ပြည့်မှာ အောင်တော့ ဆရာဦးဘညွန့်က မင်းအရင်က စာမေးပွဲအောင်ဖို့ အားထုတ်နေရတယ်။ အခု သုတေသန လုပ်ပေတော့လို့ တိုက်ရိုက်မပြော ပေမယ့် သူပြောတဲ့ စကားက အဲဒါကိုပဲ ရည်ညွှန်းပါတယ်။ အဲဒီတော့ ရှင်ဒိသာပြာမုခ်ကို ကူဗလိုင် ဧကရာဇ်ပြောသလို ပဏ္ဍိတ်နင့်စကားမှာ ငါအကျိုးလည်းပါတယ်လို့ ပြန်ပြောလိုက် ချင် ပါတယ်။ အဲဒီလို ဆောင်ပုဒ်စကားတွေ ထွက်လာပါတယ်။
အကန်းတောင် သွားဖြစ်တဲ့ခရီး။
လက်ညှိုးထိုးတိုင်းမသွားဘူး အလောင်းစည်သူရေ့။ တိုက်ပွဲ အစီအစဉ်ကိုတော့ နပိုလီယန်က ပြောပါလိမ့်မယ်။ သူလာတိုက်တဲ့ဘက်က စတိုက်တာပေါ့။ ခရီးထွက်တဲ့အခါ အာဇာနည်ပီပီ စားဖို့လိုက်ခဲ့သည် ဆိုတဲ့ လူတွေလည်း ပါပါတယ်။ ကျွေးရင်စားမယ်၊ ပေးရင်ယူမယ်၊ ခိုင်းရင်မလုပ်ဘူး။ ဘယ်သူပြောတာမှ မယုံဘူး။ (ကိုယ်တိုင်စစ်ဆေးပြီး ဆုံးဖြတ်မယ်) ခဲရာခဲဆစ် ရှာတဲ့အသိဟာ လက်ဆင့်ကမ်းဖို့ပဲ။ အလောင်းစည်သူ ဖောင်စကြာနဲ့ သွားတဲ့ခရီးကို ကျွန်တော်က ခြေလျင်လိုက်ပါတယ်။ သွားရမယ့်ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏။ မှတ်ကရော့ ငပေါ၊ ငါပြောတာတွေ အကုန်လိုက်ရေးတယ် ဆိုတာမျိုး မဖြစ်အောင်လည်း သတိထားတယ်။ အရူးလွယ်အိတ် သာသာပဲ ထင်ရင် မှားမယ်။
ကျွန်တော်ရေးတဲ့ ရာဇ၀င်က ညိုမြကုန်းဘောင်ရှာတော်ပုံမျိုး မဟုတ်ပါ။ စိတ်ကူး ယဉ်တာ (imaganation) မပါဘူး။ ခင်မျိုးချစ် Anawyatha နဲ့ လုံးဝ မတူပါ။ ဒါကို ဒီအထောက်အထားနဲ့ ရေးတယ် (material dictates) ပဒုံမင်း ၁၇၈၂-၁၈၁၉ က အနေကဇာ အကြောင်းမေးတဲ့အခါ ပထမ မောင်းထောင်ဆရာတော်က ကျန်းဂန်မှာ မပါဘူးလို့ပဲ ဖြေပါတယ်။ ကျွန်တော်တို့ စာတွေလည်း ဒီအတိုင်း တိုတိုပြတ်ပြတ် ရေးထားပါတယ်။
ဒါ တအုပ်ရေးတယ်ဆိုတာ တိုက်ပွဲတခု ၀င်သလိုပါပဲ။ ကျွန်တော် ရှုံးတာတွေလည်း ပြောချင်ပါသေးတယ်။ (ဒီကောင့်မှာ.... ရှက်မရှိဘူး။ ကျွန်တော်မှားသွားတယ်လို့ ခဏခဏ ပြောတယ်လို့ ပြောမှာမြင်ယောင်ပါတယ်)

၁။ စကားပြောသလို ရေးတယ်။ ပုံနှိပ်ထုတ်ဝေသူ (နံ့သာသန်းဆွေ)က ဒီလိုလုပ်လို့ အများက သပိတ်မှောက်မှာစိုးလို့ သူ့မိတ်ဆွေတယောက်ကို စာအုပ်ကြော်ငြာရေးခိုင်းပြီး စာအုပ်နောက်ကျော်အဖုံးမှာ စာလုံးကြီးကြီးနဲ့ ထည့်လိုက်တယ်။
ဤစာအုပ်သည် မြန်မာလူမျိုး အကြောင်းနှင့် မြန်မာပြည် သမိုင်းစဉ်ကို အထူးခြားဆုံး ဆွေးနွေးသွားပေလိမ့်မည်။ ဤစာအုပ်ကို ဖတ်ပြီးလျင် သင့်၌ ရှိရင်းစွဲ သမိုင်းရေးရာ အချက်အလက်တို့ ပိုမို ခိုင်မာသွားဖွယ်ရာ ရှိ၏။ သို့မဟုတ် လုံးဝ ပြောင်းလဲသွားဖွယ်ရာ အကြောင်းလည်း ရှိလေသည်။
ဒီကြော်ငြာက စာအုပ်ရဲ့ ကျက်သရေကို စုတ်ပြတ်သွားအောင် ဖျက်ဆီးလိုက်တယ်။ ကျွန်တော်ကိုယ်တိုင် ရေးပေးတဲ့ စာအုပ်ကြော်ငြာကို မျက်နှာဖုံးမှာ ထည့်လို့ပြောတာကို မငြင်းရဲ မပယ်ရဲလို့ ထည့်တော့ ထည့်ပါရဲ့။ စာလုံးသေးသေး ဖတ်မရအောင် သေးမတတ် ဖြစ်နေတယ်။ ကြော်ငြာက ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်ဆိုတာနဲ့ ဆန့်ကျင်ဘက်ပါ။
ဒီစာအုပ် ဖတ်ကောင်းရမယ်လို့ အာမ မခံ။ အရင် အနှစ် ၃၃ နှစ်က သခင်ရွှေ (လင်းယုန်မောင်မောင်) ၀ယ်သိမ်းထားတဲ့ နယ်လှဲ့ရာဇ၀င် ၁ ကို ၂၈ ဇူလိုင် ၂၀၀၀ က ကျွန်တော့်အိမ်ကို လာပြီး ပေးသွားတဲ့အခါ အတွင်းရေခံမှာ ဒီလိုရေးထားတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်း အားထုတ် လုလ္လဥဿဟဥာဏ် စိုက်ထုတ်ခဲ့ရပုံများကို ပြန်လည်သတိရလျက်
တပည့်လက်ဖျား
မောင်မောင်(လင်းယုန်)
(သခင်ရွှေ)
၂၈၊ ရ၊ ၂၀၀၀

စာအုပ်ကြော်ငြာကို စာအုပ်နောက်ကျောမှာ စာလိုစီကုံးရေးသားတဲ့ လူဟာ ဘယ်သူလဲ ဆိုတာ သူသိတယ်။ ဒါက သူ့ ပထမအရှုံး။

၂။ ကျွန်တော်က ရာဇ၀င်ကို သမိုင်းလို့ ပြင်တာမကြိုက်။ ရာဇ၀င်က ရာဇ၀ံသက လာတာ။ မင်းစဉ်မင်းဆက်ပဲ ရေးထားတာ။ သမိုင်းလို့ ဆိုတဲ့အခါ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ ဓလေ့ စုံအောင် ထည့်သွင်း ဆွေးနွေးနိုင်တယ်။ ရာဇ၀င်က အခုမင်းဟာ မဟာသမ္မတကစတဲ့ မင်းဆက်မှ ဘယ်သူ့သား၊ အသိမ္ဘန္တခတ္တိယ စစ်စစ်၊ ဘယ်နေ့ နန်းတက်တယ်။ မိဖုရားမောင်းမ မိဿံတွေနဲ့ လူမင်းစည်းစိမ်ကို အပြည့်ခံစားပြီး ဘယ်နေ့ နတ်ရွာလားတယ် ဆိုတာက ရည်ရွယ်မှန်းထား ရေးသားပုံနှိပ်တယ်။ ဒါကြောင့် သမိုင်းလို့ ပြောမယ်ဆိုတာ ဦးဖေမောင်တင်က စမယ် ထင်တယ်၊။ သူ့နာမည်နဲ့ မြန်မာစာပေသမိုင်း၊ ဒေါ်အုန်း ပါဠိ စာပေသမိုင်း ဆိုတာတွေက ရှေ့ပြေးလမ်းပြ ဖြစ်မယ်။ သတင်းစာဆရာ ဦးသိမ်းမောင်က ရန်ကုန်ရာဇ၀င်သမိုင်းဆိုပြီး စာအုပ်တအုပ် ထွက်လာတော့ ဒီလိုမပြတ်မသား မလုပ်ပါနဲ့လို့ တောင် ကျွန်တော် ဝေဖန်ပါသေးတယ်။ သူလုပ်ပုံက ဘွတ်ဖိနပ်၊ ဟိုက်စကူးကျောင်း၊ ဘွတ်အုပ် ဖြစ်မနေဘူးလားလို့ ပြောမိတယ်။ ကျွန်တော်ခေတ်ဟောင်း မြန်မာရာဇ၀င်၊ နယ်လှည့်ရာဇ၀င်ဆိုတာတွေ ရေးပြီး ကိုယ့်အလုပ်ကို ရာဇ၀င်ပါမောက္ခလို့ပဲ ဖော်ပြတယ်။ အခု နယ်လှဲ့ရာဇ၀င် (၁)အဖုံးမှာ သမိုင်းပါမောက္ခလို့ အမည်တပ်ခံရပါတယ်။ အထဲ စာသားမှာလည်း မသိမသာ ပြင်ထားတာတွေ တွေ့ပါတယ်။ ဥပမာ ကျွန်တော်ရေးတဲ့ (အသံထွက်အတိုင်း) မဒရာကို မတ္တရာ၊ မဒမကို မုတ္တမ၊ အ၀ ကို အင်းဝ၊ ဒဗယင်းကို တီပဲယင်းလို့ တောက်လျှောက် ပြင်တော့တာပဲ။ ကျွန်တော့်စာမူကို ရန်ကုန်ယူသွားပြီး ပုံနှိပ်ပေးတဲ့လူက 'မတ္တရာ' သားပါ။ 'မဒရာသား' လို့ အပြောမခံပါ။ ဒါက ဒုတိယအရှုံး။

၃။ ပေါ့ပေါ့ဖတ်ဖို့ စာတအုပ်ကို ကျွန်တော်ရေးလိုက်တယ်။ မပေါ့ပါ။ အပျင်းပြေဖတ်လို့ မရဘူးလို့ ပြောပါတယ်။ Story of Burma told in pictures ကို ကျွန်တော်ရေးတော့ ဆယ်တန်းကျောင်းသားလောက် ဖတ်နိုင်အောင်ရေးမယ်လို့ ကြွားပြီး ရေးတာပဲ။ ဆယ်တန်းကျောင်းသားက နားမလည်ပါ။ တွဲလျက် အရုပ်ပါလို့ တော်ပါသေးရဲ့။ မောင်သုတ ပြောသလို 'ဤလည်းတဒုက္ခ' ဖြစ်ပါတယ်။ တတိယ အရှုံး။

၎။ ကြော်ငြာမှာ ၁၀ တွဲထုတ်မယ်လို့ နောက်ကျောဖုံးမှာ ရေးတယ်။ လစဉ်ဆက်တိုက် ရိုက်နှိပ်ထုတ်ဝေပါမည်လို့လည်း ကတိထားတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အုပ် ၂၀ ရေးမှာကွ၊ အင်္ဂလိပ်လိုလည်း ရေးမယ်လို့ ပြောထားတယ်။ ၁၊ ၂၊ ၃ ပဲ ထွက်တယ်။ ၄ ရေးပြီး ရှိနေပါတယ်။ တိုက်ပွဲအစီအစဉ် နပိုလီယန်ကိုပဲ မေးပါ။
ဝါတာလူး (Waterloo) စစ်ပွဲမှာတော့ နပိုလီယန် ရှုံးပြီး ၀ယ်လင်တန်နိုင်တယ်။ စတုတ္ထအရှုံး။
ဘယ်ဟာကကော ပြောတဲ့အတိုင်း ဖြစ်လို့လား။


ဒေါက်တာသန်းထွန်း
{Beauty မဂ္ဂဇင်း၊ မေလ၊ ၂၀၀၁ မှ ကူးယူဖော်ပြပါတယ်}။


Thursday, June 19, 2008

The White Dove Flies On
by Prince Taw Phaya Galae

This poem is copied from " The Grand Old Lady": A Collection of Poems Presented to Ludu Daw Amar on Her Birthdays Between 1985 and 2005 by Prince Taw Phaya Galae.


Bullets, bombs, fire, and smoke
Rubble and corpses stinking on every slope
Blood, pieces of flesh, bones and ashes
Such devastation was struck by US imperialist forces.




PRESIDENT HO CHI MIHN had exclaimed:
'From ashes, we will build a NEW VIETNAM! '

That indeed has come true - VIETNAM IS ONE!
Never forget such atrocity!
Atrocity now has a new mask - humanity.

No more capitalism, imperialism and neo-colonialism?
Then, why are there still intervention and suppression?
Look round the world and you will find
People killing people all the time.

Smell off gunpowder, smoke, and corpses torn
Through such destruction the White Dove flies on and on
The famous Picasso's Dove - symbol of PEACE.

Our respected and beloved Sayargyi Thakhin Kodaw Hmaing's last
words will not cease:
' I want to see real PEACE before I die'
PEACE! PEACE! PEACE for people to survive.

Who will fulfill Sayargyi's sagacity?
Sayarmagyi, always trying to save people from poverty.

Sayarmagyi has turned 82 today,
May Sayarmagyi live long we all pray
Let's join hands with Sayarmagyi and the peoples of the world -
never to sway.

Prince Taw Phaya Galae.

Wednesday, June 18, 2008

မောင်မောင်ရဲ့ကြိုးကြာသံ
ရေးသူ- မောင်မောင်


တကယ်တော့ ဘ၀မှာ မထင်မှတ်ဘဲ သီချင်းရေးသူတယောက် ဖြစ်လာတာပါ။ ကျွန်တော် မူလတန်းကျောင်းသား အရွယ်တုန်းက စန္ဒရားတီးတတ်ချင်လို့ အဖေ့ကို ပူဆာပါတယ်။ အဖေက ဘကြီးသန့် (ဦးသန့်၊ ဒါးတန်း)ကို အကူအညီတောင်းတော့ ဆရာဦးသိမ်းမောင်ဆီမှာ စန္ဒရားတီးသင်ဖို့ ဘကြီးသန့်က စီစဉ်ပေးပါတယ်။ ဒါးတန်းဦးသန့်က ကျွန်တော့်ဦးသိမ်းမောင်ရဲ့ ဆရာပါ။ကျွန်တော့်ရဲ့ ဂီတဘ၀ အဲဒီက စလိုက်တာ၊ ၁၀ တန်း ကျောင်းသားဘ၀ရောက်တဲ့အထိ စန္ဒရားတီးသင်ခဲ့ပါတယ်။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားဘ၀ကျတော့ အမြင်တွေ အမျိုးမျိုး ပြောင်းလဲလာပါတယ်။ ၁၀ တန်းစာမေးပွဲဖြေပြီး တက္ကသိုလ် မတက်ခင် မန္တလေးမြို့မ အပျော်ထမ်းတူရိယာအသင်းမှာ ငါးလလောက် စန္ဒရားတီးခဲ့ပါတယ်။

၁၉၆၇-၁၉၆၈ ခုနှစ်မှာ စက်မှုတက္ကသိုလ် (R.I.T.) စတက်ပါတယ်။ တက္ကသိုလ် ကျောင်းအိပ်ကျောင်းစားဘ၀မှာ စန္ဒရားနဲ့ကျွန်တော် အဆက်ပြတ်သွားပါတယ်။ အရင်က ဂရုမစိုက်ခိခဲ့တဲ့ "ဟာမိုနီ အသံဖွဲ့စည်းခြင်း" နဲ့ "တန်ပြန်တေးသွား" ဆိုင်ရာ စာအုပ်တွေ ရှာပြီး ဖတ်မိတယ်။ မှတ်စုအတိုအထွာတွေ ထုတ်ပြီး မှတ်တယ်။ ကျက်တယ်။ နားမလည်၊ သဘော မပေါက်၊ မရှင်းတာတွေကို ဂီတ လိုက်စားသူတွေနဲ့ မေးမြန်းတယ်၊ ငြင်းခုန်တယ်၊ ဆွေးနွေးတယ်။
ခင်မောင်တိုး၊ ကိုနေ၀င်း၊ ကိုရဲလွင်တို့နဲ့ ခင်မင်ရင်းနှီးတဲ့ ကာလအတော်ကြာမှ ကျွန်တော် ဂီတာကို တီးချင်စိတ် ပေါ်လာတာပါ။ ဂီတာဟာ အသံရဲ့ အတွဲအဖက် သဘော သဘာဝကို လေ့လာလို့ရတဲ့ တူရိယာပစ္စည်းတမျိုးပါပဲ။ စန္ဒရားလောက် နည်းပညာပိုင်းမှာ (Techniques) မခက်ဘူးလို့ အရင်က ထင်ခဲ့တယ်။ (အမှန်ကတော့ တူရိယာပစ္စည်းတိုင်းဟာ သူ့ဟာနဲ့သူ ခက်တာပါပဲ)။ ကောင်းတာကတော့ ကိုယ်နဲ့ သင့်တော်မယ့် တူရိယာပစ္စည်း ရွေးမိဖို့ အရေးကြီးပါတယ်။ ဒါပါပဲ။ ခေတ်ပြိုင်သီချင်းရေးသူတွေနဲ့ ၀ါသနာ တူတယ်လို့သာ ပြောရတယ်၊ တကယ်တော့ ကြိုက်နှစ်သက်တဲ့ ဟန်ချင်းမတူပါဘူး။ ကျွန်တော်ရေးရင် မျဉ်းကြောင်း သင်္ကေတ (Staff-Notation) နဲ့ မှတ်ပါတယ်။ ရေးစတုန်းကတော့ တူရိယာပစ္စည်း တခုရယ်၊ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ရယ် ရှိမှပဲ ရေးလို့ ရပါတယ်။ သီချင်းပုဒ်ရေ ၉၀ ကျော်ရေးပြီးတဲ့ နောက်ပိုင်းမှာတော့ တူရိယာပစ္စည်းတခုခု အနားမှာ မရှိလည်း ရေးလို့ဖြစ် လာတယ်။
သီချင်းရေးတဲ့နေရာမှာ တေးသွားဘောင်ကိုလည်း တင်ကြိုရှာမထားဘူး။ စာသားပိုဒ် ကိုလည်း အရင်ရေးမထားဘူး။ ပထမရေးချင်တဲ့ အကြောင်းအရာကို စဉ်းစားတယ်။ ရေးတဲ့အခါ အသုံးချမယ့် ဂီတသံအဖွဲ့အစည်း (Musical Forms & Figures) ပုံစံတွဲတွေကို စိတ်ထဲမှာ ဖော်ကြည့်တယ်။ အဲဒီနောက် ဂီတ၀ါကျ (Musical Phrase) နဲ့ စာသားဝါကျ (Lyric) တခုရပြီး တခုဆက်တယ်။ ပြောချင်တဲ့ အကြောင်းအရာ ပြည့်စုံပြီထင်ရင် အဆုံးသတ်လိုက်တယ်။ ထပ်ပြောချင်တဲ့အခါ ဆက်ရေးပြန်ရော။ တေးသွားပဲ ဖြစ်ဖြစ်၊ စာသား ပဲဖြစ်ဖြစ် အားမရရင် ခဏခဏ ပြင်တယ်။ အသံသွင်းပြီး (Recording) အခွေထဲ ရောက်သွားပြီးမှ မကြိုက်ရင်လည်း ချောင်ထိုးထားလိုက်တော့တယ်။
သီချင်းရေးရင်တော့ ခံစားမှု ရှိရမှာပေါ့လေ။ ကျွန်တော်လည်း ခံစားမှုရှိမှ သီချင်းရေး တာပါ။ ဒါပေမယ့် ရေးနည်းကို မလေ့လာဘဲ၊ ရေးစပ်တဲ့ အတတ်ပညာကို မလိုက်စားဘဲ၊ ခံစားမှုနောက်ကိုချည်း လိုက်လို့တော့ မဖြစ်ဘူးပေါ့လေ။ အများစုကတော့ ခံစားမှုလွန်ကဲဟန် (Emotional Type)ကို ရှုပ်နေတယ်။ "သိပ်ပြီး ပြင်းပြတဲ့ ခံစားမှု" တခုဟာ ပန်းချီကားတချပ်ကို လည်း ဖန်တီးနိုင်တယ်။ သီချင်းတပုဒ်ကိုလည်း ဖွဲ့နွဲ့နိုင်တယ်။ ပန်းချီ ဆွဲတတ်လို့လည်း မဟုတ်ဘူး။ သီချင်းစပ်တတ်လို့လည်း မဟုတ်ဘူးလို့ ယူဆကြတယ်။ အမှန်ကတော့ ခံစားမှုနဲ့ နည်းနာပိုင်း မျှတအောင် ရောစပ်ရမှာပါ။ တီးကွက်ဖော်တာကျတော့ ခံစားမှုနဲ့ မဆိုင်တော့ဘူး။
ပန်းပု၊ ပန်းချီ၊ ဂီတ၊ ကဗျာ စတဲ့ သုခုမလက်ရာတွေရဲ့ ရသဟာ "ခံစားသူရဲ့ အာရုံထက်မြက်မှု" ဒါမှမဟုတ် "ခံစားနိုင်စွမ်း" ပေါ်မူတည်ပြီး အရသာ အမျိုးမျိုး ကွဲနိုင်တယ်။ ခံစားမှုဆိုတာ ဘောင်မရှိဘူး၊ လွတ်လပ်တယ်။ သီချင်းတပုဒ်ရေးပြီးရင် ကိုယ်တိုင်ဆိုကြည့် တယ်။ ထစ်ငေါ့နေတယ်ထင်တဲ့ စကားလုံးနဲ့ နုတ် (Note)ကို "တလုံးစီ" ဒါမှမဟုတ် "အစုံလိုက်" ပြင်တယ်။ ပြင်စရာမရှိရင် တီးကွက်ကို ထပ်ပြီး ဖြည့်စွက်ရပါတယ်။ သီချင်းရေးတဲ့နေရာမှာ စာသား (Melody) ချည်းသက်သက် မဟုတ်ဘဲ အားလုံးကို တာဝန်ယူချင်တာပါပဲ။ ကောင်း မကောင်း ကိုယ်နဲ့ပဲ သက်ဆိုင်တာပေါ့။
ခင်မောင်တိုး ဆိုတဲ့ "ကြိုးကြာသံ" ကတော့ အရှေ့တိုင်း အယူအဆလေးကို အခြေခံတာပါပဲ။ သစ္စာတရားဆိုပါတော့ အဖော်ကွဲရင် ရင်ကွဲနာကျသေတယ်လို့တောင် ပြောကြတယ် မဟုတ်လား။ တရုတ်အယူအဆကတော့ အသက်ရှည်တယ်ပေါ့ဗျာ။ ဂျပန်မှာတော့ ခါးနာနေရင် စက္ကူတွေနဲ့ ကြိုးကြာပုံ ချိုးကြတယ်။ အရုပ်က တထောင်ပြည့်ရင် မသေဘူးလို့လည်း ဆိုကြတယ်။ အဲဒါလေးတွေ ပါအောင် ရေးထားတာပါပဲ။

မောင်မောင်။
(၁၉၈၆၊ ဧပြီလ၊ စံပယ်ဖြူမဂ္ဂဇင်းမှာပါတဲ့ "ဂီတသံစဉ်တေးချင်းဖွဲ့သီ" ကဏ္ဍမှ ကောက်နှုတ်တင်ပြထားတဲ့ Beauty မဂ္ဂဇင်း ထဲက ဆောင်းပါးကို ကူးယူဖော်ပြပါတယ်)။

ထာဝရ
ရေးသူ-မောင်စိန်ဝင်း(ပုတီးကုန်း)

အလင်းဖြန့်သူပေမယ့် ပူလိုက်တာလေ 'နေ' တဲ့....။
အေးတော့ အေးပါရဲ့၊ ကိုယ်ပိုင်အလင်းနဲ့မဟုတ်
'ဆုတ်' တခါ 'ဆန်း' တခါ
သာတလှည့် မသာတလှည့် မာယာနဲ့ပြ 'လ' တဲ့...။
'ကမ္ဘာ' က ကုန်းချော၊ ပြောရင်းမောရုံ
မဆုံနိုင်ဘဲ ချစ်တတ်၊ စကြာဝဠာ ရဲ့ 'ပတ်လမ်း' ထဲ
'သမုဒယ' ဆွဲအား တွေနဲ့လွင့်မျော
သံယောဇဉ် အရှိဆုံးဆိုတာက ချစ်သူတွေပါကွယ်။

မောင်စိန်ဝင်း (ပုတီးကုန်း)

Sunday, June 8, 2008

ဘယ်သူတွေဘာပဲပြောပြော
ရေးသူ-မိုယ်းဇော်

ဘယ်သူတွေဘာပဲပြောပြော
အိုစမာဘင်လာဒင်မသေသေးဘူး
ဘဂ္ဂဒက်မအေးချမ်းသေးဘူး
ကင်ဂျုံအီလ်လည်း အပြုံးမပျက်သေးဘူး။




ဘယ်သူတွေဘာပဲပြောပြော
နာဇီတံဆိပ်တွေ ပျံ့နှံ့နေဆဲ
နာဇီလက်သစ်တွေ ရှင်သန်နေဆဲ
အမျိုးသားရေးဝါဒီတွေ ကြီးထွားနေဆဲ။

ဘယ်သူတွေဘာပဲပြောပြော
တရုတ်ပြည်ဟာ ပိုပြီးကြွယ်ဝလာတယ်
ဘိုလီးဘီးယားမှာ ကွန်မြူနစ်တွေတက်လာတယ်
မော်ဝါဒီတွေ ခတ္တမန္ဒူကိုရောက်လာတယ်။

ဘယ်သူတွေဘာပဲပြောပြော
လက်ဘနွန်မှာ "ဟစ်ဇ်ဘိုလာ" တွေရှိတယ်
အီရန်မှာ နျူကလီးယားစီမံကိန်းတွေရှိတယ်
ကမ္ဘာကြီးမှာ အယ်လ်ကိုင်ဒါတွေရှိတယ်။

ဘယ်သူတွေဘာပဲပြောပြော
အိပ်ခ်ျအိုင်ဗွီ
ကြက်တုတ်ကွေး
ဆူနာမီ
အကြမ်းဖက်သမား
ဆားစ်ရောဂါ
ငွေကြေးဖောင်းပွမှု
ကျွန်တော်တို့လက်ထဲမှာ
တခုခုတော့ရှိပါတယ်။

ဘယ်သူတွေဘာပဲပြောပြော
ဘ၀ကိုပုံအောရမယ့်အတူတူ
အော်စကာဆုရ ရုပ်ရှင်တွေလည်း
ကျွန်တော်တို့ဆက်လက်ကြည့်ရှုကြဦးစို့။

မိုယ်းဇော်
{ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}