Wednesday, June 25, 2008

စကားမာရသွန်{၁}
ရေးသူ- လူထုစိန်ဝင်း

[မာယာ အတွဲ၃၊ အမှတ် ၁၊ မတ်လ၊ ၁၉၉၈ တွင်ဖော်ပြပြီးတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ယခု အင်တာနက်မဂ္ဂဇင်းမှာ ထပ်မံ ဖော်ပြပါတယ်။]


လွန်ခဲ့သော ၁၅နှစ်လောက်က လေဖြတ်ခံရပြီး ညာခြေညာလက်နဲ့ ညာဘက် ကိုယ်တခြမ်း သေသွားတဲ့ ဒုက္ခိတဘ၀ ရောက်ခဲ့ရပါတယ်။ လေးချောင်းထောက် လက်ကိုင်ထောက်ကို အားပြုပြီး အိမ်ထဲမှာ လှုပ်ရှားနေရုံလောက်သာ စွမ်းတာမို့ အိမ်ထဲနေရင်း လုပ်လို့ဖြစ်တဲ့ အင်္ဂလိပ်စကားပြော သင်တန်းကလေးတခု ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ ညာလက်က မသန်စွမ်းတော့ပေမယ့် ဘယ်လက်ရှိသေးတာပဲ။ ပြီးတော့ ပါးစပ်ကလည်း ရှိသေး တာပဲ။ လက်နဲ့လုပ်စားလို့မရရင် ပါးစပ်နဲ့ လုပ်စားလို့ ရသေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေးရင်း လုပ်ကိုင်လာခဲ့ပါတယ်။


သင်တန်းမှာ လူပေါင်းစုံ လာတက်ကြပါတယ်။ အနိမ့်ဆုံး ဆယ်တန်းကနေ ကောလိပ် ကျောင်းသူ ကျောင်းသား၊ အစိုးရ၀န်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ စသဖြင့် အရွယ်စုံ အလွှာစုံ ရှိပါတယ်။ အသက်အားဖြင့်တော့ ၁၆ နှစ် ကနေ ၃၀ အတွင်းတွေ က အများစုပါ။ ၃၀ ကျော် ၄၀ တွေလည်းပါပေမယ့် နည်းပါတယ်။ အတန်းပညာအားဖြင့် အနည်းဆုံး ၁၀နှစ် ကနေ ၁၇နှစ်ထိ ကျောင်းသင်ပညာ အခြေခံ ရှိသူတွေချည်းပါ။ ဒါပေမယ့် အင်္ဂလိပ်စကား သွက်သွက်လက်လက် မပြောနိုင် မရေးနိုင် မဖတ်နိုင် နားမလည်နိုင်ကြလို့ သင်တန်း လာတက်ကြတာပါ။
အဲဒီသင်တန်းသားတွေ အင်္ဂလိပ်စကားပြော ရဲအောင် သွက်သွက်လက်လက် ဖြစ်လာအောင် လေ့ကျင့်ပေးရာမှာ အခြေအတင် ငြင်းခုံဆွေးနွေးကြတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။ ဆရာက အဖြူလို့ ပြောတာကို သင်တန်းသားတွေက အမည်းပါလို့ ပြန်ငြင်းရတာမျိုး လုပ်သလို၊ သင်တန်းသား အချင်းချင်း အကြောင်းအရာတခုခုကို မူတည်ပြီး အပြန်အလှန် အချေအတင်ငြင်းခုံ ဆွေးနွေးကြတာမျိုးလည်း လုပ်ပါတယ်။
ကျောင်းမှာ ကျူရှင်မှာ ဆရာတွေ ရေးပေးတဲ့ မှတ်စုကိုသာ ကြိုက်ကြိုက် မကြိုက် ကြိုက် အလွတ်ရအောင် ကျက်ပြီး စာမေးပွဲ ဖြေခဲ့ရတဲ့ လူငယ်တွေဟာ လွတ်လွတ်လပ်လပ် ငြင်းခုံဆွေးနွေးရတာကို သဘောကျပါတယ်။ စိတ်လည်းဝင်စားကြပါတယ်။ စိတ်ဝင်စား သဘောကျတဲ့အတွက် အားတက်သရော ပါဝင်ငြင်းခုန် ဆွေးနွေးကြပါတယ်။ တခါတလေ သူတို့ ဆွေးနွေးချင်တဲ့ ကိစ္စ အကြောင်းအရာတွေကို သူတို့ကိုယ်တိုင် ယူလာတတ်ပါတယ်။ ဆွေးနွေး ငြင်းခုံလုပ်ကြရာမှာ အရှုံးအနိုင် ဆုံးဖြတ်တာမျိုး မလုပ်ပါဘူး။ အဆုံးအဖြတ် ရယူဖို့ မဟုတ်ပဲ အင်္ဂလိပ် စကားပြော လေ့ကျင့်တာဖြစ်တဲ့အတွက် အမှားအမှန်ကိုလည်း ဆရာလုပ်သူက ၀င်ပြီး ဆုံးဖြတ်ပေးတာမျိုး မလုပ်ပါဘူး။ ကျောင်းသားတွေ အင်္ဂလိပ်စာ ပြောနေရင် ပြီးတာပါပဲ။
အချေအတင် ဆွေးနွေးတာ မစခင်မှာ ဆရာလုပ်သူက ငြင်းခုံတယ်ဆိုတာ နှစ်မျိုး နှစ်စား ရှိတဲ့အကြောင်း၊ ပညာတတ်တို့ ငြင်းခုံနည်းနဲ့ လမ်းဘေးဂျပိုး(ကြမ်းပိုး)တို့ ငြင်းခုံနည်း ဟူ၍ဖြစ်ကြောင်း၊ ပညာတတ်တို့က မည်သည့်အကြောင်းကိစ္စကိုမဆို စဉ်းစားသုံးသပ်ရာ၌ မိမိတို့ သင်ကြားတတ်မြောက်ထားသော ပညာကို အသုံးချ၍ အကျိုးနှင့်အကြောင်းကို ဆက်စပ်ဝေဖန် သုံးသပ်ကြောင်း၊ မိမိဖြူသည် ဟုဆိုလျှင်၊ ဘာကြောင့်ဖြူသည်ဆိုရကြောင်း၊ အကြောင်းပြချက် အကိုးအထောက် သက်သေသာဓက ခိုင်ခိုင်မာမာ ပြနိုင်ရကြောင်း၊ မိမိက မည်းသည်ဟု ဆိုလျှင်လည်း မည်းကြောင်း အခိုင်အမာ ပြောနိုင်ရမည် ဖြစ်ကြောင်း၊ လမ်းဘေး ဂျပိုးတို့ကမှ အနိုင်ရလျှင် ပြီးစတမ်း သဘောဖြင့် ယုတ္တိတန်မတန်၊ သဘာဝနှင့် ညီမညီ စဉ်းစား မနေဘဲ 'ငါ့စကားနွားရ' ပြောတတ်ကြောင်း စတာတွေကို ညွှန်ပြလမ်းကြောင်းပေးပါတယ်။
ကျောင်းဆရာတယောက်ရဲ့ တာဝန်က ကျောင်းသားတွေကို အဆုံးအဖြတ်တခု အဖြေတခု သင်ပြပေးဖို့ မဟုတ်ဘူး။ အဲဒီ အဆုံးအဖြတ်ကို ရအောင် စဉ်းစားပုံ စဉ်းစားနည်း၊ တွေးခေါ်ပုံ တွေးခေါ်နည်းကို ပြပေးဖို့သာ ဖြစ်တယ်။ အဖြေကို ကျောင်းသားက သူ့ဟာသူ လုပ်လိမ့်မယ်ဆိုတဲ့ သင်ကြားနည်းစနစ်အတိုင်း၊ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမျိုးကို လူငယ်တွေက အားတက်သရော ပါဝင်ဆွေးနွေးကြပါတယ်။
အဖြေထုတ်ဖို့လုပ်တဲ့ ငြင်းခုံဆွေးနွေးပွဲမျိုး မဟုတ်ဘူးဆိုပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းကိစ္စတခုကို လွတ်လွတ်လပ်လပ် ဆွေးနွေးရတာဆိုတော့ လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် ပြောဆို ငြင်းခုံကြလေတော့ တန်ဖိုးရှိတဲ့ အတွေးအခေါ်လေးတွေ ပေါ်ထွက်လာတတ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲမျိုးလေးတွေကို သင်တန်းမှာ Talkathon ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်လေ့ရှိ ပါတယ်။ Talk ဆိုတဲ့ စကားလုံးနဲ့ Marathon ဆိုတဲ့ စကားနှစ်လုံးကို ရောစပ်ပြီး တီထွင်သုံးစွဲတဲ့ အင်္ဂလိပ်စကားပါ။
ငြင်းခုံဆွေးနွေးခြင်းဆိုတာ လူ့လောကတိုးတက်မှု အတွက် အခြေခံ ဖြစ်ပါတယ်။ မတူတဲ့အမြင်၊ မတူတဲ့ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် တင်ပြကြ၊ အချေအတင် ငြင်းခုံကြရင်းနဲ့ အမှန်တရားကို ရရှိလာကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေ အချေအတင် ငြင်းခုံဆွေးနွေးခြင်းဆိုတဲ့ အလေ့အထတခုကို ရင်းနှီးကျွမ်းဝင် ရှိစေဖို့အတွက် ဒီကဏ္ဍလေးကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ လစဉ် ငြင်းခုံဆွေးနွေးစရာ အကြောင်းအရာတခုကို အခြေခံပြီး အပြန်အလှန် အချေအတင် ငြင်းခုံပြုကြပုံများကို ရေးသွားမှာ ဖြစ်ပါတယ်။ အကြောင်းကိစ္စတခုအပေါ် သုံးသပ်ကြတဲ့အခါမှာ သူရပ်နေတဲ့ နေရာပေါ်မှာမူတည်ပြီး အမြင်တွေ အသွင်သဏ္ဍန်မတူ ကွဲပြားသွားကြပါတယ်။ အဲဒီလို မတူတဲ့ အမြင်တွေ ကွဲပြားနေတဲ့ အတွေးအခေါ်တွေကို သုံးသပ်စုစည်းပြီး တူညီအောင် ညှိဖို့ အဖြေထုတ်ဖို့ မဟုတ်ပါဘူး။ ဟောဒီလို ဟောဒီလို မတူတဲ့ အမြင်တွေ ရှိပါတယ်။ ဒီလို ဒီလို ခြားနားတဲ့ အတွေးအခေါ်တွေ ရှိပါတယ် ဆိုတာကို အရှိအတိုင်း တင်ပြသွားပြီး အမှားအမှန် အကောင်းအဆိုးကို ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ဝေဖန်ပိုင်းခြားသွားကြဖို့ သာ ဖြစ်ပါတယ်။
ပွဲဦးထွက် ငြင်းခုံဆွေးနွေးစရာအဖြစ် ဂီတနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရွေးချယ်ထားပါတယ်။ ဆရာနဲ့ ကျောင်းသားနှစ်ဦး အချေအတင် အငြင်းအခုံပြုကြတဲ့ ပုံစံနဲ့ ရေးထားပါတယ်။ ဒီထဲက ဆရာရဲ့ အငြင်းအခုံ အယူအဆရော ဆန့်ကျင်ဘက်က အယူဆပါ စာရေးသူရဲ့ အမြင်အယူအဆ မဟုတ်ပါဘူး။ အကျိုးအကြောင်း ဆက်စပ်ပြီး ငြင်းခုံလို့ ရသမျှ အချက်အလက်တွေကို စဉ်းစားမိသမျှ ရေးထားတာသာ ဖြစ်ပါတယ်။
ကျောင်းသား တစ်။ ။အလို-ဆရာက စတိတ်ရှိုး သွားမလို့ပေါ့လေ၊ ဟုတ်လား။
ဆရာ။ ။မသွားပါဘူး၊ ဘာဖြစ်လို့လဲ။
တစ်။ ။ဒါဆရာ့ဟာ မဟုတ်ဘူးလား၊ ဒီညပွဲအတွက် ငါးရာတန် လက်မှတ်ကြီးဘဲ။
ဆရာ။ ။ဆရာ့ဟာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မသွားပါဘူး။ ဇွတ်လက်မှတ်မို့ပါ။
တစ်။ ။ဇွတ်လက်မှတ်ရယ်လို့ မကြားဘူးပါဘူး ဆရာရယ်။ မေတ္တာလက်မှတ်သာရှိပါ တယ်။
ဆရာ။ ။ဆရာ့ကျောင်းသားတယောက်က အဲဒီဌာနမှာ လုပ်တယ်လေ။ သူက ဆရာ့ကို ဇွတ်အတင်းရောင်းသွားတာမို့ ဇွတ်လက်မှတ်လို့ ပြောလိုက်တာပါ။
တစ်။ ။သြော်ဒီလိုလား၊ ဒါနဲ့ ဆရာဘာကြောင့် မသွားတာလဲ၊ ဒီအဖွဲ့က လူငယ်တွေ သိပ်ကို အရူးအမူး ဖြစ်တဲ့အဖွဲ့ ဆရာရဲ့။ ရုံရှေ့မှာဆို ဆရာ့လက်မှတ် တထောင်တော့ အသာ လေးရတယ်။
ဆရာ။ ။ကြည့်ချင်ရင် ယူသွားကြည့်လေ၊ ဆရာမသွားပါဘူး။
တစ်။ ။ဆရာဟာ ဂီတကို အတော်နှစ်သက်တယ်လို့ ကြားဖူးပါတယ်။ ဘာဖြစ်လို့ မကြည့်ချင်တာလဲ။
ဆရာ။ ။ဒီပွဲမျိုးတွေက ဂီတနဲ့ ဘာဆိုင်တာမှတ်လို့၊ ဒါတွေက ခုန်ပြ၊ ပေါက်ပြနဲ့ မျောက် ပွဲတမျိုးပါပဲ။
တစ်။ ။ဆရာက ဒီအဖွဲ့ကို မကြိုက်တာလား။
ဆရာ။ ။မဟုတ်ဘူး။ဘယ်အဖွဲ့ကိုမှ မကြိုက်တာ။
တစ်။ ။ဒါကတော့ ဟုတ်ပါတယ်လေ။ မျိုးဆက်ကွာဟမှုက စကားပြောတာကိုး။
ဆရာ။ ။ဟိုး၊ ဟိုး၊ တော်တော့၊ ဒါမျိုးဆက်ကွာဟမှုနဲ့ ဘာမှမဆိုင်ဘူး၊ ဒါက အနုပညာ ဆိုတာနဲ့ ဆိုင်တဲ့ကိစ္စ။
တစ်။ ။မျိုးဆက်ကွာဟမှုနဲ့ မဆိုင်ဘူးဆိုရင် ဆရာတို့ လူကြီးတွေ အားလုံးက ဂီတပုံ သဏ္ဍန်သစ်တွေ၊ အတွေးအခေါ်သစ်တွေကို ဘာဖြစ်လို့ ခါးခါးသီးသီးမုန်းတီး နေကြတာလဲ။ အိမ်မှာလဲ ကျွန်တော်တို့ သီချင်းနားထောင်ပြီဆိုရင် အဖေက ထပိတ်လိုက်၊ အမေက ထပိတ် လိုက်နဲ့ သိပ်စိတ်ညစ်စရာကောင်းတာ။ လက်ဖက်ရည်ဆိုင် သွားမှပဲ ကျွန်တော်တို့မှာ အားရပါးရ နားထောင်ရတော့တယ်။ အဲဒါ မျိုးဆက်ကွာဟ မဟုတ်ရင် ဘာကြောင့်လဲဆရာ။
ဆရာ။ ။ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ အဖွဲ့တွေက ဂီတအဖွဲ့တွေမှ မဟုတ်ပဲ 'သီချင်းသည်' အဖွဲ့တွေ ဖြစ်နေလို့ပေါ့။ ဘီယာရောင်းတဲ့လူတွေ၊ အချိုမှုန့်ရောင်းတဲ့လူတွေ လိုပဲ။ ခင်ဗျားတို့ အဖွဲ့တွေက 'သီချင်းရောင်း စားတဲ့ သီချင်းသည်' တွေပဲ၊ ဂီတသမားမှ မဟုတ် ကြပဲကိုး။
တစ်။ ။ဘီယာရောင်းစာတဲ့သူတွေနဲ့တော့ မနှိုင်းပါနဲ့ ဆရာရယ်။
ဆရာ။ ။ဒါက ညှာညှာတာတာ ပြောလိုက်တာပါ။ တချို့ဆိုရင် သူတပါးရဲ့ ရင်ထဲက အနုပညာပစ္စည်းကို ပြောင်ပြောင်တင်းတင်း ခိုးနေကြတဲ့ သူခိုးလို့တောင် ရက်ရက်စက်စက် ပြောကြတာပါ။ ပြောမယ်ဆိုရင်လည်း ပြောထိုက်တယ်လေ။ ခင်ဗျားတို့ လူတွေကလည်း အင်္ဂလိပ်၊အမေရိကန်၊ တရုတ်၊ ကုလား၊ ယိုးဒယား(ထိုင်း) တောင်မကျန် တွေ့သမျှ အကုန် ကူးချ၊ ခိုးချနေကြတာ မဟုတ်လား။ သူတို့ အနောက်နိုင်ငံတွေမှာတော့ အဲဒီလိုလူတွေကို Copy Cat တွေလို့ ခေါ်ကြတယ်လေ။
တစ်။ ။ဒါတော့ မဟုတ်ပါဘူးဆရာ၊ ကိုယ်ပိုင်သံစဉ်တွေ အများကြီး ရှိပါတယ်။ အစွမ်းအစရှိတဲ့ ဂီတသမားတွေ သီချင်းရေးသူတွေ အများကြီး ရှိပါတယ်။
ဆရာ။ ။ဘယ်လိုကိုယ်ပိုင် ရှိတာလဲ။ စကားလုံးတွေပဲ မြန်မာလိုရှိတာ မဟုတ်လား။ တေးသွားတွေ၊ သံစဉ်တွေ၊ ပုံစံတွေ အားလုံးကတော့ သူများဟာချည်း မဟုတ်လား။ ဒါလောက် ပူတဲ့ မြန်မာနိုင်ငံမှာ သားရေဂျာကင်ကြီးတွေဝတ်၊ သားရေ လက်အိပ်ကြီးစွပ်ပြီး ခေါင်းစုပ် ဖွားထားတာက အစ လူများပုံစံတွေချည်း မဟုတ်လား။ အတုခိုးတယ် ဆိုတာ ကောင်းတာကို အတုခိုးရပါတယ်။ အခုတော့ သူများနိုင်ငံက ဘိန်းစား၊ လမ်းသရဲ'သီချင်းသည်' တွေကိုသာ အတုခိုးနေကြတာကိုး။
တစ်။ ။အငြိမ့်ထဲက လူရွှင်တော်တွေလို ပုဆိုးတောင်ရှည်၊ တိုက်ပုံအင်္ကျီနဲ့ ဂစ်တာတီး လို့ ဖြစ်ပါ့မလား ဆရာရဲ့။ ခေတ်တွေပြောင်းနေတာလည်း သတိထားဦးမှပေါ့။
ဆရာ။ ။ခေတ်ကို ကျွန်တော်အမြဲ မျက်ခြေမပြတ် ကြည့်နေပါတယ်။ သီချင်းတွေ လည်း အမြဲနားထောင်ပါတယ်။ ဘီးတဲလ်အဖွဲ့က ဂျွန်လင်နွန်ဆိုခဲ့တဲ့ Imagine ဆိုတဲ့ သီချင်း လေးဆိုရင် ရင်ထဲမှာ စွဲနေအောင် နှစ်နှစ်ခြိုက်ခြိုက် ရှိခဲ့ပါတယ်။
တစ်။ ။အမယ် ဆရာက ဘီတယ်လ်တော့ ကြိုက်သားဘဲ။
ဆရာ။ ။ဂီတဆိုရင် ဘယ်က လာလာ ကြိုက်ပါတယ်။ အင်္ဂလိပ်ဖြစ်ဖြစ်၊ ရုရှားဖြစ်ဖြစ်၊ တရုတ်ကုလားပဲ ဖြစ်ဖြစ်၊ အာဖရိကတိုက်က ဇူးလူးတွေရဲ့ ဂီတပဲ ဖြစ်ဖြစ်ပေါ့။ ခုနက ပြောခဲ့တဲ့ လင်နွန်ရဲ့ သီချင်းဆိုရင် ဂီတအနေ နဲ့ရော၊ အတွေးအခေါ်အနေနဲ့ရော အားလုံးကို ကြိုက်တာပါ။
တစ်။ ။အဲဒီ သီချင်းလေးကို ဆရာ ရှင်းပေးပါလားခင်ဗျာ။
ဆရာ။ ။ကောင်းပါတယ်၊ ရှင်းပြရတာပေါ့၊ သူ့ သီချင်းခေါင်းစဉ်က Imagine တဲ့။ စိတ်ကူးကြည့်တာ မှန်းဆကြည့်တာပေါ့။

Imagine

Imagine there's no heavent It's easy if you try
No hell below us, above us only sky
Imagine all the people living for today ah.

စိတ်ကူးကြည့်စမ်းပါ။ ကောင်းကင်ဘုံဆိုတာ မရှိလို့ ကြိုးစားကြည့်ရင် လွယ်ပါတယ်။
ငရဲဆိုတာလည်း၊ တို့အောက်မှာ မရှိ၊ တို့အထက်မှာလည်း မိုးကောင်းကင်ကြီးသာရှိ။

Imagine there's no countries, itsn't hard to do
nothing to kill or die for and no religion too
Imagine all the people living life in peace.

စိတ်ကူးကြည့်စမ်းပါ။ တိုင်းပြည်နိုင်ငံဆိုတာ မရှိလို့။
ဒါလည်း လုပ်ဖို့ရာ မခက်လှပါဘူး။
တိုင်းပြည်အတွက်ဆိုပြီး သတ်ကြတာ သေကြတာတွေလည်းမရှိ၊
ဘာသာတရားဆိုတာတွေလည်း အလားတူ မရှိပေါ့။
စိတ်ကူးကြည့်စမ်းပါ လူသားအားလုံး ငြိမ်းချမ်းတဲ့ဘ၀မှာ နေနေ ကြရတယ်လို့။

You..you may say I am a dreamer
But I'm not the only one
I hope some day you'll join us
And the world will be as one.

မင်းတို့ မင်းတို့က ငါ့ကို စိတ်ကူးယဉ်သမားတယောက်လို့ ပြောကြလိမ့်မယ်။
ဒါပေမယ့် ငါဟာ တယောက်တည်း မဟုတ်ပါဘူး။
တနေ့မှာမင်းတို့လည်း ငါနဲ့အတူ လက်တွဲလာလိမ့်မယ်လို့ ငါမျှော်လင့်တယ်။
အဲဒီနေ့ကျတော့ ကမ္ဘာကြီးဟာ တခုတည်းပေါ့။

Imagine no possession, I wonder if you can
no need for greed or hunger, a brotherhood of mandkind
Imagine all the people sharing all the world.

စိတ်ကူးကြည့်စမ်းပါ။ ပိုင်ဆိုင်မှုဆိုတာလည်း မရှိလို့၊ မင်းလုပ်နိုင်ပါ့မလားလို့
ငါတွေးဆနေမိတယ်။
လောဘဆိုတာလည်း ရှိဖို့ မလိုတော့ ဆာလောင်မွတ်သိပ်ခြင်း ဆိုတာလည်း
ရှိဖို့ မလိုတော့ဘူးပေါ့။ လူသားအားလုံး ညီနောင်ရင်းချာများသဖွယ်။
စိတ်ကူးကြည့်စမ်းပါ။ လူသားအားလုံး ကမ္ဘာကြီးကို ဝေမျှခံစားနေကြတယ်လို့ပေါ့။

တစ်။ ။ တော်တော်လေးနက်တဲ့ သီချင်းလေးပဲနော်။
ဆရာ။ ။နည်းနည်းနောနော မဟုတ်ပါဘူး။ သိပ်ကိုလေးနက်တဲ့ အတွေးအခေါ် အယူအဆ တခုကို ပြောပြထားတာပါ။ အဲဒီ လင်နွန်ရဲ့ အတွေးအခေါ်ကို အတွေးအခေါ်သစ် တွေနဲ့ မျိုးဆက်သစ်တွေလို့ ကြွေးကြော်နေကြတဲ့ ခင်ဗျားတို့ အပြည့်အ၀ လက်ခံနိုင်ကြရဲ့လား။
တစ်။ ။ဒါကတော့ သိပ်မသေချာဘူးဆရာ။ ပြန်စဉ်းစား ကြည့်ရဦးမယ်။
ဆရာ။ ။မျိုးဆက်အဟောင်းအဆွေးက လူဆွေး လူဟောင်းကြီးတွေလို့ ခင်ဗျားတို့ ခေါ်တဲ့ ကျွန်တော်က၊ ခင်ဗျားတို့တောင် လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ ခေတ်ရှေ့ကို သိပ်ရောက်နေတဲ့ ဒီအယူအဆကို အပြည့်အ၀ လက်ခံနိုင်တယ်ဆိုတော့ ခင်ဗျားတို့ ပြောပြော နေတဲ့ မျိုးဆက်သစ် ကွာဟမှုဆိုတာနဲ့ ဒီအနုပညာကိစ္စ၊ အတွေးအခေါ် ကိစ္စတွေ ဘာမှ မဆိုင်ဘူးဆိုတာ သဘောပေါက်လောက်ရောပေါ့။
တစ်။ ။အဲဒီသီချင်းကို ကော်ပီလုပ်ထားတာ ရှိပါတယ်ဆရာ။
ဆရာ။ ။ဟုတ်ကဲ့၊ နားထောင်ဖူးပါတယ်။ တေးသွားနဲ့ သံစဉ်တွေကိုသာ ပုံတူကူးချ ထားတာပါ။ သူ့မူရင်းသီချင်းရဲ့ အသက်ဝိဥာဉ် ဖြစ်တဲ့ စာသားနဲ့ အတွေးအခေါ်တွေကြတော့ နည်းနည်းလေးမှကို မပါတော့ပါဘူး။ မူရင်း အနုပညာရှင်ရဲ့ ဦးဏှောက်ကို ဖောက်စားရုံတင် မဟုတ်တော့ပဲ လမ်းဘေးချပြီး ခွေးကျွေးပစ်လိုက်တဲ့အထိကို ပက်ပက်စက်စက် လုပ်ရက် ကြတယ်လေ။ တကယ့် အနုပညာရှင်ဆိုရင် ဒီလို သူများဦးဏှောက် ဖောက်စားတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ စကားလုံးလေးတလုံး သံစဉ်လေးတခုရဖို့ ဘယ်လောက်ခက်တယ် ဆိုတာ သူတို့ နားလည်ကြတယ်။
တစ်။ ။ဆရာ ဘယ်လိုပြောပြော ကျွန်တော်တို့ လူငယ်တွေကတော့ ကြိုက်ကြတာပဲ ဆရာ။
ဆရာ။ ။အစစ်အမှန်တွေ မပေါ်ထွက်နိုင်သမျှတော့ အတုအယောင်တွေက တွင်ကျယ် နေရမှာပေါ့လေ။ ဒါတော့ မဆန်းပါဘူး။ ဒါနဲ့ နေပါဦး ဆရာနှစ်က ဘာမှ ၀င်မပြောပါလား။ ခင်ဗျားတို့လို ဘွဲ့ရ လူငယ်တွေရဲ့ အမြင်လည်း သိချင်ပါသေးတယ်။
နှစ်။ ။ဆရာတို့ ပြောတာတွေ နားထောင်ပြီးမှ ၀င်ပြောမလို့ စောင့်နေတာပါ ဆရာ။
ဆရာ။ ။ကဲ ပြောပါဦး၊ ကျွန်တော်တို့ ပြောတာတွေ တော်တော်စုံနေပါပြီ။
နှစ်။ ။ဆရာ ဒီနေ့ ခေတ် ဟဲဗီးတွေကို ကြိုက်လား။
ဆရာ။ ။အပျော့စားခေါ်ခေါ်၊ အပြင်းစားခေါ်ခေါ်၊ ခေါ်ချင်သလိုခေါ်ပါ ဂီတဖြစ်လာရင် ကြိုက်တာပါဘဲ။
နှစ်။ ။ဆရာတို့ အများအားဖြင့် အပျော့စားတွေကြိုက်တယ်မှုတ်လား။
ဆရာ။ ။အဲဒီလို မဟုတ်ပါဘူး၊ အင်မတန်ဆူညံတဲ့ သွက်တဲ့မြူးတဲ့ ဂျပ်ဇ် ဂီတကို အင်မတန်ကို ကြိုက်ပါတယ်။ ဂျပ်ဇ်ဂီတဟာ အာဖရိက တိုင်းရင်းသားတွေရဲ့ စစ်ချီတေး တိုက်ပွဲ ခေါ်သံတေးတွေကို အခြေပြုထားတာဆိုတော့ အင်မတန်သွက်ပါ မြူးပါတယ်။ အင်မတန်လည်း ဆူညံပါတယ်။ ဒါပေမယ့် ဂျပ်ဇ်ရဲ့ ဆူညံမှုဟာ ဆူသံ သက်သက်မဟုတ်ဘူး။ ဂီတသံဖြစ်တယ်။ ဒါကြောင့် ဆူညံပေမဲ့ ကြိုက်တယ်။
နှစ်။ ။ဒီက၀ိုင်းတွေကျ ဘာဖြစ်လို့ ဆရာမကြိုက်တာလဲ။
ဆရာ။ ။သူတို့က ဆူညံသံတွေပဲ ထွက်နေလို့၊ ဂီတသံ မထွက်လို့ပေါ့။
နှစ်။ ။သူတို့တတွေဟာ ဘာမှမရှိတဲ့ အထဲက ဖြစ်အောင် ကြိုးစားနေကြတာပါလားလို့ ဆရာတွေးမကြည့် မိဘူးလား။
ဆရာ။ ။ကြိုးစားနေတယ်လို့ကို မမြင်ဘူး။ သူတို့က ဂီတကို လေ့လာသင်ယူ နေကြတာ မဟုတ်ဘူး။ ကော့ဒ်တွေ ကီးတွေ နှိပ်နည်းကို သင်နေကြတာ။ သီချင်းကို သင်နေ ကြတာ။ သီချင်းဆိုနည်းကို သင်နေကြတာ မဟုတ်ဘူး။ ဒီနေ့ အဆိုတော် လုပ်စားနေကြတဲ့ သူတွေထဲမှာ ကာပင်တာလို အသံကို ဂွေလှိမ့်သလို လှိမ့်ပြီး ကစားနိုင်စွမ်း ရှိတဲ့ အသံပညာ ရှင်တွေ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ အော်လိုက်တာနဲ့ အသံကြီး ကွဲအက်ပြီး ထွက်လာတဲ့ သူမျိုးကတောင် ဆူပါဖြစ်နေကြတယ် မဟုတ်လား။
နှစ်။ ။ကော်ပီတွေကို ဆရာရှုတ်ချတယ်ပေါ့။
ဆရာ။ ။ကော်ပီဆိုတာ ခိုးချတာပဲ။
နှစ်။ ။ရှေးကရော ကော်ပီမလုပ်ခဲ့ကြဘူးလို့ ဆရာ ငြင်းရဲသလား။ ကျွန်တော်တို့ရဲ့ ရိုးရာ အမွေအနှစ်ပါလို့ ကျွန်တော်တို့ ဂုဏ်ယူဝင့်ကြွားနေရတဲ့ အရာတွေအားလုံး ကော်ပီ တွေကြီးပါ ဆရာ၊ ရာမဇာတ်တော်ကြီး တို့ မနော်ဟရီ ဇာတ်တော်ကြီးတို့ ဆိုတာတွေ ကျွန်တော်တို့ ကိုယ်တိုင် တီထွင်ခဲ့တာတွေလား။ ကျွန်တော်တို့ရဲ့ ဂန္ဓ၀င် သီချင်းတွေ အကတွေ ဆိုရင်လည်း ယိုးဒယားသီချင်းတို့ ယိုးဒယားအက လို့တောင် ခေါ်နေကြရတာ မဟုတ်လား။ ဂန္ဓ၀င်နီးပါး ကျွန်တော်တို့ တန်ဘိုးထားကြရတဲ့ ချစ်ရေစင်တို့၊ ပျို့မှာတမ်းတို့ ဆိုတဲ့ သီချင်းတွေကရော ဆရာ။ ကိုယ်ပိုင်သံစဉ်တွေ တေးသွားတွေလို့ ပြောနိုင်ပါ့မလား။ မြန်မာသံ စစ်တွေလို့ ခေါ်နိုင်ရဲ့လား။ အဲဒါတွေကြောင့် ပြင်စည်မင်းသားကြီးတို့ မြ၀တီမင်းကြီးတို့ ရွှေပြည်အေးတို့ မြို့မငြိမ်းတို့ကို ပုံတူကူးသမားတွေ သူခိုးတွေလို့ ခေါ်ကြရတော့မလားဆရာ။
ဆရာ။ ။သူတို့က ပုံတူ ကူးချတာ မဟုတ်ဘူး။ မြန်မာ့လေသံ မြန်မာ့စရိုက်နဲ့ ကိုက်ညီ အောင် ညှိယူခဲ့ကြတာ။
နှစ်။ ။သဘောချင်းကတော့ အတူတူပါဘဲဆရာရယ်။ ကဲထားပါတော့၊ (နမောတဿ ဘဂ၀တော၊ အရဟတော သမ္ဗာသမ္ဗုဒ္ဓဒဿ) ဆိုတဲ့ ဘုရားရှိခိုးကျတော့ ဘာပြောမလဲဆရာ။ မြန်မာစကားတလုံးမှ မပါဘူး။ အားလုံးတိုးင်ခြား ဘာသာစကားချည်းပဲ။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် လည်း မြန်မာလူမျိုးတဦး မဟုတ်ခဲ့ပါဘူး။ ရှေးရှေးက ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေကသာ ကော်ပီ မလုပ် လာခဲ့ဘူးဆိုရင် ကျွန်တော် တို့ မြန်မာလူမျိုးတွေမှာ ကိုးကွယ်ဆည်းကပ်စရာ ဘာသာစကားရယ်လို့တောင်မှ ရှိမှာ မဟုတ် ပါဘူး။ ပါဠိစကားလုံး တွေကို ကော်ပီစကားတွေမို့ မသုံးရဘူးလို့ ပြဌာန်းလိုက်ရင် ဆရာဒုက္ခ တခုခု ကြုံတဲ့အခါ ဘယ်လိုညည်းမလဲ။ သြော်.. ဆင်းရဲခြင်း၊ ဆင်းရဲခြင်းလို့ ပြောလို့ ဆရာ အားရပါ့မလား။
ဆရာ။ ။အင်း ဟုတ်တယ်၊ ဒုက္ခ ဒုက္ခလို့ ပြောနေကျ ဖြစ်နေပြီ။
နှစ်။ ။လူမျိုးတမျိုးနဲ့ တမျိုး အတုခိုးကြ ကော်ပီကူးကြဆိုတာ လူ့သမိုင်း စကတည်းက ရှိလာခဲ့တာ ပါဆရာ။ ပြစ်မှုဒုစရိုက်ကြီးတခု မဟုတ်ပါဘူး၊ အဲဒီလို ကူးလူးဆက်နွှယ်နေကြလို့ လူသားတွေ ယဉ်ကျေးတိုးတက် လာရတာပေါ့။ နောက်ပြီး ဂီတ အနုပညာတို့ ယဉ်ကျေးမှု တို့ဆိုတာ ခေတ်ရဲ့ လိုအပ်ချက် ခေတ်ရဲ့တောင်းဆိုချက်အရ ပြောင်းလဲလာရတာပါ။ သူ့အလိုလို "ဘွားခနဲ" မိုးပေါ်က ပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဒါကိုတော့ ဆရာလက်ခံမှာပါ။
ဆရာ။ ။ဘယ်အရာမဆို ခေတ်က စနစ်က ထုတ်လုပ်လိုက်တာချည်း ဖြစ်တယ်ဆိုတာ ဆရာလက်ခံပါတယ်။
နှစ်။ ။ရှေးခေတ်ကတော့ လူတွေဟာ စားဝတ်နေရေးအတွက် မကြောင့်မကျ နေနိုင်ခဲ့ကြတယ်လေ။ အဲဒီတော့ ဘယ်ကိစ္စမဆို အေးအေးဆေးဆေးပဲ နေလို့ လုပ်လို့ ရတယ်။ အဲဒီတော့ ဂီတ အနုပညာမှာလဲ အေးအေး ဆေးဆေးလေးနဲ့ ငြိမ့်ညောင်း သာယာတာကို အိပ်ယာပေါ် မျက်စိလေး အသာမှေးပြီး နားထောင်ခံစားနေနိုင် တာပေါ့။ စောင်းကောက်တို့ ပတ္တလားတို့ကို ကြိုက်နိုင်တာပေါ့။ ဒါတောင်မှနော်ဆရာ လယ်ကွင်းတွေကြားက လယ်သမားတွေကတော့ စောင်းကောက်ကို မကြိုက်နိုင်ဘူး။ အိုးစည်တို့ ဒိုးပတ်တို့မှ ကြိုက်ကြတာ။ စောင်းကောက်လေးတီးပြီး ကောက်စိုက်သမတွေကိုလှုံ့ဆော်ပေးလို့ မရဘူး လေ။ အိုးစည်တို့ ဒိုးပတ်တို့ကို အပြိုင်တီးပြီး ခြေသွက်လက်သွက်ဖြစ်အောင် လုပ်ပေးရတာ၊ ဒီနေ့ခေတ်က အိမ်မှာ ရှိသမျှ လူကုန်ပြေးလွှားလှုပ်ရှား ရုန်းကန်နေရတဲ့ ခေတ်ဆရာ။ အဲဒီတော့ ခေတ်နဲ့အညီ သွက်လက်လှုပ်ရှားနေတဲ့ ဂီတကို လိုအပ်လာတယ်။ ခေတ်က တောင်းဆို လာတယ်။ အဲဒီခေတ်က တောင်းဆိုတဲ့ သွက်လက်လှုပ်ရှားနေတဲ့ ဂီတကို စောင်းကောက် ကြီးက ဖန်တီးမပေးနိုင်ဘူး။ ပတ္တလားနဲ့ ဆရာနှစ်ခြိုက် လှတယ်ဆိုတဲ့ ဂျပ်ဇ်ဂီတကို ထုတ် လုပ်လို့ မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဂီတာတွေ အော်ဂင်တွေ ကိုင် လာရတာ။ အဲဒါ တွေကို ကိုင်သာ ကိုင်လာကြရတာ ကျွန်တော်တို့ လူငယ်တွေကို စနစ်တကျ လေ့ကျင့် သင်ကြားပေမယ့် ဂီတ အကယ်ဒမီကြီးတွေ ဘယ်မှာ ရှိလို့လဲ။ ကက်ဆက်ခွေတွေ ဓါတ်ပြား တွေက တဆင့်ခံလိုက်ပြီး လေ့လာကြရ တာပါ။ ဒါတွေတောင်မှ လွယ်လွယ်ကူကူနဲ့ လက်လှမ်း မီတာ မဟုတ်ပါ ဘူးဆရာ။ ဖြစ်ကတတ်ဆန်း လုပ်နေကြရတာပါ။ အဲဒီ ဖြစ်ကတတ်ဆန်း အခြေ အနေကြားကနေပြီး မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လက်ဘက်ရည်ဆိုင်တွေ ထောင် ပေါင်းများ စွားမှာ သီချင်းတွေ နေ့တိုင်း ဖွင့်နေနိုင်အောင် လုပ်နိုင်ကြတာ တော်ရုံ အရည်အချင်း မဟုတ်ပါ ဘူးဆရာ။ အဲဒါ တခုတော့ အသိအမှတ်ပြုပါ။
ဆရာ။ ။လူငယ်တွေ ကြိုးစားကြတယ်ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် လမ်းလွဲနေလို့ ပြောနေရတာပါ။
နှစ်။ ။လမ်းလွဲနေတယ်ထင်ရင် သူတို့ကို လမ်းမှန်ပြပေးပါ ဆရာ။ ဒီနေ့ လူငယ်တွေက မှန်တာကို ကောင်းတာကို ထိတွေ့ခွင့် မရကြပါဘူး။ အကောင်းကို မတွေ့ဘူးပဲနဲ့ ဘယ်လို လုပ်ပြီး အကောင်းကို ဖန်တီးလို့ရမလဲ ဆရာရယ်။ ဒီနေ့ ဒီလို မြင်တွေ့နေရတာတွေဟာ လူငယ် တွေကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆူသံတွေအစား ဂီတသံတွေကို ဖန်တီးချင်ပါတယ်။ ကျွန်တော်တို့ကို ဂီတနဲ့ ထိတွေ့ခွင့်ပေးပါ။ ကက်ဆက်ခွေလေးတွေ နားထောင်ပြီး လေ့ကျင့် နေရမယ့်အစား ဂီတအကယ်ဒမီကြီးတွေမှာ တက်ရောက်သင်ကြား နိုင်အောင်၊ အကယ်ဒမီ ကြီးတွေ ဖွင့်ပေးပါဆရာ။ အဲဒီအခါကျရင် ကျွန်တော်တို့ကလည်း မြန်မာချိုက်ကော့စကီးတွေ၊ မြန်မာပရက်စလေတွေ ထွက်လာအောင် လုပ်ပြပါမယ်။ ဆရာလည်း နမောတဿလို့ ရွတ်ပြီး ဘုရားရှိခိုးတိုင်း ကော်ပီလုပ်ခြင်းရဲ့ကျေးဇူးကြောင့် ခုလို ဘုရား ရှိခိုးစရာရှိနေရတာပါလားလို နှလုံးသွင်း နိုင်ပါစေခင်ဗျာ။

လူထုစိန်ဝင်း
၃၊ ရ၊ ၉၆

1 comment:

ဘလူးဖီးနစ် said...

ကြိုက်သွားပြီ။ မှန်တယ်။ မြန်မာပြည်မှာ ဒီလိုဖြစ်နေရတာ ကျောင်းကောင်းကောင်းတွေ မရှိလို့ ။ အထူးသဖြင့် ဂီတမှာ။ ကျွန်တော်ရောက်နေတဲ့နေရာဆို ၅ နှစ်လောက်ကစပြီး စံနစ်တကျသင်ပေးတယ်။ ... ကျွန်တော်တို့ အများကြီး လုပ်စရာတွေ ကျန်သေးတယ်။ တစ်ယောက်ချင်း အရည်အချင်းတွေ အများကြီး ရှိအောင် လုပ်ကြရမယ်။ ................