Thursday, December 25, 2008

ဟောလီးဝုဒ်ကအပြန်
ရေးသူ- တင်မိုး




ယူနီဗာဆယ်စီးတီး-တဲ့
မီးရောင်စုံ၊ ပန်းရောင်စုံ၊ လူရောင်စုံနဲ့
တုန်လှုပ်ဖွယ်၊ မက်မောဖွယ်၊ ရင်သပ်အံ့သြဖွယ်
တကယ်လား၊ အတုလား
ခွဲခြားလို့မရနိုင်တဲ့ မြို့တော်ကြီးမား
ခမ်းနားလှတဲ့ ဟောလီးဝုဒ်စခန်းမှာ
ကျမ်းကိုးကျမ်းကားနဲ့
လမ်းရိုးအတိုင်းသွားနေတဲ့ ကဗျာဆရာ ငါရယ်
စာချစ်သူ ကဗျာချစ်သူ ပညာချစ်သူ လမင်းတရာဆရာရယ်
အံ့ဖွယ်ကမ္ဘာ အလည်အပတ်ရောက်လာပါတယ်။



တိုက်ခန်း ခိုက်ခန်းတွေနဲ့
မိုက်ရမ်းနေကြတဲ့ ကောင်းဘွိုင်လမ်းမှာ
ယမ်းငွေ့မပြတ် သေနတ်တွေစမ်းနေပေမဲ့
ဇာတ်သိမ်းခန်းမှာတော့ လူမိုက်တွေကျဆုံးရ
သဘောကျလို့ မဆုံးနိုင်ခဲ့။

ရေတံခွန်တွေ တံတားတွေ ကျိုးကျ
ဟယဒယနှလုံးတွေ ဂျွမ်းထိုးမှောက်ခုန်ပေမဲ့
ဇာတ်ရုံကထွက်တော့ လေပြေညှင်းညှင်း
ပန်းသင်းသင်းနဲ့ပါ။

မြေငလျင်ကြီးတုန်ခါ
ကမ္ဘာကြီးပြိုကျ
ဘ၀တွေ လွင့်စင်ခမန်း
လျှပ်စီးလျှပ်ပန်း တ၀င်းဝင်း
တခြွင်းခြွင်း မြည်ဟိန်း
တဂျိမ်းဂျိမ်း တဂျိုင်းဂျိုင်းနဲ့
လှိုင်းတွေမောက် လမ်းတွေပျောက်ပေမဲ့
နောက်ဆုံးတော့ ငြိမ်သက်
ရွှေလက်တူတူ တွဲလို့
ရဲရင့်စွာ လျှောက်လှမ်း
အောင်ပွဲခန်း ရောက်လို့
ကိုကာကိုလာ သောက်ရင်း
နှစ်ယောက်သား ရယ်မောနိုင်ခဲ့ကြပါတယ်။

တိရစ္ဆာန် ဇာတ်လိုက်တွေမို့
ခပ်မိုက်မိုက် မထင်လေနဲ့
လူယဉ်ကျေး လူလိမ္မာတို့လို
လုပ်သင့်တာ မလုပ်သင့်တာ
လိမ္မာစွာ ပညာရှိစွာနဲ့
ချစ်စရာ ဖြစ်ခဲ့ကြပါတယ်။

ရုပ်ရှင်မြို့တော်က အပြင်ထွက်လို့
လက်တွေ့လောကထဲ ရောက်လာတဲ့အခါမှာလဲ
ပညာသာ ထာဝရ
အလိမ္မာသာ ထာဝရလို့
သဘာဝကျကျ စိတ်မှာစွဲပြီး
ရဲရဲကြီး လမ်းလျှောက်နိုင်ခဲ့ပါတယ်။

ဘယ်လောက်ပဲ ဟိန်းဟိန်း
ခြိမ်းခြောက်မှုဆိုတာ တခဏပါပဲ
ထာဝရ ဘယ်တော့မှ မဖြစ်နိုင်လို့
အခိုင်အမာ ယုံကြည်ပြီး
ယူနီဗာဆယ် မြို့တော်က
ကဗျာကျော် ငါတယောက်ဟာ
ထွန်းတောက်မဲ့ အနာဂတ်ကိုမျှော်မှန်းရင်း
လမ်းပေါ်က လမင်းတရာကို
ဝမ်းမြောက်စွာ ပွေ့ဖက်ခဲ့ပါတယ်။ ။

တင်မိုး
လမင်းတရာ ကိုအေးဝင်းနဲ့ အမှတ်တရ။
ဇွန်လ ၁၈ ရက်၊ ၂၀၀၀ တနင်းဂနွေနံနက်ခင်း၊ လော့စ်အိန်ဂျယ်လိစ်။

No comments: