{၁}
ကြေးနီရောင်၊ သို့မဟုတ် နက်ပြာရောင်လုံချည်ကို ခြေသလုံးပေါ် ခပ်တိုတို ၀တ်၏။ အညာဖြစ် ပင်နီဖျင်ကြမ်း အပေါ်အင်္ကျီနှင့်။ သူ့ အလိုအလျောက် ကော့လန်၍နေသော ကတုံးဆံတောက်၏ အောက်နားဆီမှ ကျွဲကော်ကိုင်း မျက်မှန်သည် ပညာ၏ အမှတ်သဘွယ်ပင်။ ဟာသတခုကို ကျူးရင့်ပြီး ဟက်ဟက်ပက်ပက် အားပါးတရ ရယ်မော၏။ သူ့ ရယ်မောသံမှာ စမ်းရေယဉ်၏ စီးကျသံကဲ့သို့ ကာရန်ညီစွာ တေးဆံလှ၏။ ရယ်မော၍နေစဉ် သူ၏မျက်လုံးမှ အရေကြည်သည် တဖိတ်ဖိတ် တောက်ပ၍နေ၏.......
ဤသဏ္ဍန်သည် ကျွန်တော်၏ မှတ်ဥာဏ်တွင် စိမ်းစို၍ ကျန်ရစ်နေသော ကိုလှရွှေ၏ ရုပ်ပုံလွှာ ဖြစ်ပေသည်။
၁၉၃၇။
ကျောင်းမှ အိမ်သို့အပြန် ဖျာပုံသင်္ဘောပေါ်တွင် ဖြစ်၏။ တကျောင်းဆောင်တည်း နေသော သူငယ်ချင်းတဦးမှာ တွံတေးတွင် ဆင်းရမည်ဖြစ်ရာ၊ သူသည် ပဌမတန်းလက်မှတ်ခံကာ တွံတေးမရောက်ခင် အချိန်လည်း ဖြုန်းရင်းဆိုသလို အပျင်းပြေ ကစားရန် ပိုကာဝိုင်း လုပ်၍ထား၏။
ကျွန်တော်တို့ ကျောင်းသားတစုကား ကုန်းပတ်လက်မှတ်နှင့် ဖြစ်သော်လည်း သူ၏ဧည့်သည်များအဖြစ် ပဌမခန်းရှိ စားပွဲတွင် ၀ိုင်းကာ တသောသောနှင့် ရယ်မောကာ ပိုကာကစားလျက် ရှိကြသည်။ ကျောင်းသားတို့၏ အကျင့်အတိုင်း ကုလားထိုင် ဖရိုဖရဲနှင့်။ စား၍ လွှင့်ပစ်ထားကြသော မြေပဲခွံ၊ စက္ကူစုတ် စသည်တို့မှာလည်း ကြမ်းပြင်တွင် ပလူပျံကာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြသည်။
သင်္ဘော ရန်ကုန်ဆိပ်ကမ်းမှ ခွါကတည်းက ပိုကာဝိုင်းလည်း စတော့၏။ ကျွန်တော်တို့တတွေကား ပျက်လုံးတွေထုတ်ပြီး တသောသောရှိနေစဉ်၊ အသက် (၂၀)ခန့် အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း၊ ခေတ်ဆံဆံ အမျိုးသမီးတဦးသည် ခါးထောက်ကာ အပါးတွင်ရပ်လျက်.....
'ရှင်တို့ ဒီနေရာက ဖယ်ပေးကြပါ၊ ကျမမှာ ပဌမခန်း လက်မှတ်ပါတယ်'
သူမ၏အသံမှာ မာနဖြင့် ပြွမ်းသဖြင့် တင်းမာလှ၏။ ဂုဏ်မောက်သော မျက်နှာဖြင့် ခက်ထန်သုန်မှုန်၏။ ကျွန်တော့်မှာ ကုန်းပတ်လက်မှတ်သာ ရှိသူဖြစ်၍ ဘာမျှမပြောနိုင်ဘဲ အန်း၍ နေသည်။ အခြားကျောင်းသားများ မှာလည်း ရုတ်တရက် ကြောင်၍နေကြ၏။
'ရှင်တို့ ဖယ်မပေးဘူးလား.... ကျမ ဒီမှာ စာရေးကို ခေါ်လာရတယ်။ စာရေးရှင့်၊ သူတို့ကို အခန်းထဲက ထွက်ခိုင်းပေးပါ'
သူမ ခေါ်လာသော သင်္ဘောစာရေးမှာလည်း အားနာ၍ ဘာမျှမပြောဘဲ ရပ်နေ၏။ ထိုအခိုက် ကိုလှရွှေသည် ဘယ်ကပေါ်လာသည်မသိ ရောက်လာကာ၊ ထိုမာနခဲ မိန်းမပျိုနှင့် အပြန်အလှန် စကားများ ကြတော့၏။
အမှန်အားဖြင့် ကိုလှရွှေသည် ကျွန်တော်တို့အတွက် မခံချင်သဖြင့် သက်သက် ၀င်ပြောခြင်း ဖြစ်၏။
ကိုလှရွှေနှင့် ကျွန်တော်မှာလည်း လူချင်းမသိကြသေးပေ။ ကျောင်းမှ အိမ်အပြန် ဖျာပုံသင်္ဘောပေါ်တွင် ရံဖန်ရံခါ တွေ့တတ်သဖြင့်၊ ဖျာပုံမှ သခင်စိတ်ပေါက်နေသော ကောလိပ်ကျောင်းသားတယောက်ဟူ၍ သာမန်အားဖြင့် မှတ်ထင်ထားခဲ့၏။ သည့်ထက်ပို၍ မသိခဲ့ပေ။ ကျွန်တော်တို့ကို သူက ကျောင်းသားလေးတွေဟု မှတ်ဟန်ရှိ၏။
မိန်းမပျိုမှာ ကွန်ဗင့်ထွက်၊ ကောလိပ်ကျောင်းသူ ဇပ်ဇပ်ကြဲထဲက ဖြစ်၏။ သို့သော် ကိုလှရွှေနှင့် တွေ့သောအခါ ပြော့၍ ကျတော့၏။ ကိုလှရွှေမှာ အချက်ကျကျ စကားပြောတတ်သည်ဖြစ်ရာ မကြာမီ သူမ၏ ဒေါသသည် လွင့်ပျောက်၍ သွားလေသည်။
စိတ်ထဲတွင်မူကား၊ ကိုလှရွှေကို မဟုတ်မခံတဲ့ တော်တော်မီးခဲကျတဲ့ လူဘဲလို့ အောက်မေ့ထားလိုက်၏။
{၂}
ကိုလှရွှေအကြောင်းကို တွေးလျှင်၊ ၁၉၃၈ ခု ကျောင်းသားအရေးတော်ပုံမှ၊ ကားချပ်ကလေးများသည် တချပ်ပြီး တချပ်၊ ဖျပ်ကနဲ ဖျပ်ကနဲနှင့် ပေါ်လာလေသည်။
***********************
ဒီဇင်ဘာလ ၁၅ ရက်၊ ညနေ။
ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားတို့သည် လူစီတန်းလှည့်လည်ကာ အာဏာဖီဆန်ကြသည်။ ကျောင်းသား တပ်ပေါင်းစု၏ ချိန်းဆိုရာဌာနချုပ်ကား မြို့မကျောင်းဝင်းအတွင်း ဖြစ်သည်။
စုဝေးလျက်ရှိသော ကျောင်းသားလူထုကို ကိုလှရွှေက အာဏာဖီဆန်ခြင်း၏ စည်းကမ်းသဘောများကို ပြောပြ၏။ ထိုအခိုက် မိုးကြွင်းသည် ဖြန်းကနဲ ရွာချလိုက်သည်။ စောစောက ၀င်းနေသော ကောင်းကင်ရှိ ကွက်လပ်၌ တိမ်တိုက်အညိုများ ရောက်နေလေပြီ။
မိုးနှင့် လေအကြားမှ ခေါင်းဆောင်ကိုလှရွှေ၏စကားသံသည် ဖောက်ထွင်း၍ ထွက်လာသည်။
မိုးပေါက်များအကြားဝယ် ကျောင်းသားတပ်ကြီးသည်၊ မောင်ဂိုမာရီလမ်းတလျှောက် ချီတက်၍ သွားကြသည်။ လမ်းဘေးမှ ကြည့်နေသော ပြည်သူတို့က 'အရေးတော်ပုံအောင်ပါစေ' ဟု ကြွေးကြော်လိုက်ကြ၏။ လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်အပြည့် စစ်ကားသည် ခပ်လှမ်းလှမ်းမှ လိုက်ပါ၍ လာ၏။
********************************************
ဒီဇင်ဘာလ ၂၀ ရက်
အတွင်းဝန်ရုံး၏ တံခါးပေါက်များတွင် ပိတ်ဆို့၍ နေကြသော ကျောင်းသားလူထုအား ကိုလှရွှေသည် တပ်မှူးသဘွယ် လှည့်၍ အားပေးစကား လိုက်ပြောနေ၏။ သူ၏ လုံချည်တိုတို၊ အသားညိုညို သဏ္ဍန်သည် ကျောင်းသားလူထုထဲမှ ပြတ်သားပေါ်လွင်၏။ (၁၂) နာရီကျော်သောအခါ ဆန်းကဖီးက လှူသော ပေါင်မုန့်နှင့် ငါးသေတ္တာကို နေပူကျဲကျဲတွင် စားလျက်ရှိကြ၏။
မကြာမီ ကျောင်းသားတပ်ကြီးသည် တပ်ခေါက်ကာ ဂျူဒါအီစကယ်လမ်းမှ ကွေ့၍ ချီတက်ကာ ပြန်လာကြ၏။ စပတ်လမ်းထိပ်သို့ ရောက်လျင် မြင်းစီးပုလိပ်တို့သည် နံပါတ်ဒုတ်ဖြင့် တိုက်ခိုက်ကြသည်။
"သူပုန်သူပုန်.... ထထ"
"သခင်မျိုးဟေ့... ဒို့ဗမာ"
ဟူသော အသံသည် ပဲ့တင်ထပ်မြဲ ထပ်လျက်ရှိသည်။ အရှေ့ဆုံးမှ ဖရိုဖရဲ ဖြစ်သွား၏။ နောက်လူများက အလျင်းမသိ၊ ဆက်လက် ချီတက်ကြ၏။ မြင်းစီးပုလိပ်များ ရောက်လာပြန်၏။ ကိုလှရွှေသည် စပတ်လမ်း ပလက်ဖောင်းတွင် ဖုတ်အလိမ်းလိမ်းနှင့် လဲနေ၏။
အတွင်းဝန်ရုံးရှေ့ရှိ သွေးစက်များ.... သွေးစက်များ။
တက္ကသိုလ်ဆေးရုံ အနောက်ဘက် အခန်းတွင်ကား ကိုအောင်ကျော်သည် သွေးတဗွက်ဗွက်အံယင်း လူးလှိမ့်လျက် ရှိသည်။ သတိမရတချက် ရတချက်။ ကိုလှရွှေသည် ကုတင်ဘေးမှ ငေးကာ ကြည့်နေသည်။ ဟင်း..........
ကမာရွတ်မှ ဟံသာဝတီလမ်းအထိ၊ ကြီးမားပြွပ်သိပ်သော လူထု၏ အသံသည် ပင်လယ်မှ လှိုင်းတံပိုးသံဟု မှတ်ထင်ရသည်။ ရှေ့ဆုံးမှ ပန်းခွေဖြင့် လွှမ်းသော ဗိုလ်အောင်ကျော်၏ အလောင်းသည် ကြံတောသင်းချိုင်းအ၀သို့ ၀င်နေသော်လည်း နောက်ဆုံးမှလူသည် ကမာရွတ်ဂါတ်တဲရှေ့တွင် တိုးလျက်ပင် ရှိလေသည်။
မကြာမီ သုဿန်ဇရပ်ရှိ စကားပြောဓါတ်ခွက်မှ....
"ကျမသားလေး.... လက်နက်ဆိုလို့ အပ်တောင် မပါတာကို... နယ်ချဲ့အစိုးရဟာ ရက်ရက်စက်စက် သတ်ပစ်လိုက်ကြတာ.... ကောင်းနိုင်ကြသေးရဲ့လားနော်..."
ဗိုလ်အောင်ကျော် မိခင်အိုကြီး၏ တုန်ရီအက်ကွဲသော အသံဝယ် လူတို့သည် ဆို့၍နေသည်။ မိခင်အိုကြီး၏ ရှိုက်သံသည် တဆွတ် ပျံ့ပျံ့ ပဲ့တင်ထပ်လျက်ရှိသည်။
ထို့နောက် ကိုလှရွှေ၏ မိန့်ခွန်းစကား "ဟယ်.... ဘမော်အစိုးရ" ဟူသော အသံသည် လူထုကို လွှမ်းလိုက်သည်။
စကားလုံးများကား ထက်မြက်ချွန်မြလှ၏။ စကားလုံးများကို တင်ဆောင်ကာ ဖွင့်လှပ်လိုက်သော အသံသည် နှလုံးကို စူးရှတိုးဝင်၍ သွားသည်။ လူတို့သည် ဗိုလ်အောင်ကျော်ကို လွမ်းနေရာမှ၊ လက်သီးကို ဆုပ်လိုက်ကြသည်။ အံကို ကြိတ်လိုက်ကြသည်။
သည်အခါတွင် လူထုသည် ကိုလှရွှေ၏ အမိန့်ကိုသာ နာခံကြလိမ့်မည်။ သူက သေဆိုလျင် သေကြမည်။ ကိုလှရွှေ၏အသံသည် လူအများကို ညှို့နိုင်စွမ်းလှသည်။ အင်္ဂလိပ်စာ ကထိကတဦးက 'ကိုလှရွှေ၏ သုဿန်တွင် ပြောသောစကားသည် ရောမစစ်ဘုရင် ဂျူးလီးယက်ဆီဆာ၏ အလောင်းရှေ့တွင် ထား၍ ပြောသော ကမ္ဘာကျော်စကား ကဲ့သို့ပင် လူများကို ပြောင်းလဲနိုင်သည်' ဟု မှတ်ချက်ချလိုက်သည်။
ကိုလှရွှေကား တရားပွဲများကို ဇက်တိုက်ဟောရသည်။ တညထဲတွင်ပင် အချိန်ပြောင်း၍ ချိန်းကာ ကားတစင်းဖြင့် တပွဲပြီးတပွဲ ပြေးကာ လွှားကာ ဟောရသည်။
သို့သော် သပိတ်လှန်လိုက်သောအခါ ရဲရဲတောက်သန်းတင်က သပိတ်မလှန်ဂိုဏ်းထောင်၍ (၂) စုကွဲသွားကြသေးသည်။ ယခင်က 'အာဏာရှင်' ဟု ချီးကျူးသော သတင်းစာများက 'ခွါနာရှင်' ဟု ပြက်ရယ်ပြုကြ လေ၏။ ည တည ကိုလှရွှေသည် မော်တော်ကားဖြင့် စမ်းချောင်းသို့သွားစဉ် ပုလင်းနှင့် အပေါက်ခံရ၏။
တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင်၊ ကျောင်းသားညီလာခံခေါ်ပြီး သပိတ်လှန်-မလှန် စည်းဝေးကြပုံကို သတိရမိ၏။ သန်းတင်နှင့် နောက်လိုက်များက နိုင်ငံလုံးဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်များရှေ့တွင် သပိတ်ဆက်လက်မှောက်ရေးကို ပြောကြ၏။ ပြီးနောက် ကိုလှရွှေက ခရေစေ့တွင်းကျ အချက်အလက်နှင့် ရှင်းလင်းပြ၏။
ကျောင်းသားကိုယ်စားလှယ်များသည် တကဲ့အဖြစ်မှန်ကို မြင်လာကြလေပြီ။ မဲခွဲလိုက်သောအခါ ကိုလှရွှေဘက်က မဲများစွာနှင့် အပြတ်အသတ် နိုင်ခဲ့သည်။
နောက်နှစ်တွင် ကိုလှရွှေသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ၏ ဥက္ကဌ ဖြစ်ခဲ့သည်။
ကျောင်းသားအရေးတော်ပုံ အပြီးတွင် ကိုလှရွှေလည်း မိန်းမယူလိုက်လေသည်။ လူတို့သည် စိတ်ပျက်သည့်အခါ၊ သို့မဟုတ် မျှော်မှန်းချက်များ အစိပ်စိပ်အမွှာမွှာ ကွဲပြိုသွားသည့်အခါ မိမိစိတ်ညစ်ခြင်းကို ခွဲဝေယူရန် အဘော်အဖြစ် မိန်းမယူတတ်ကြလေသည်။
ကိုလှရွှေလည်း ဆေးကျောင်းတက်နေယင်း 'ရီ' နှင့် လက်ထပ်လိုက်လေ၏။
တည သမဂ္ဂအစည်းအဝေးအပြီး၌ မိုးရွာနေရာ၊ သူ၏ ချစ်ဇနီး 'ရီ' အား ထီးမိုးကာ ကားပေါ်သို့ ပို့ပေးသည်ကို မြင်လိုက်ရ၏။
{၃}
သူ သမဂ္ဂအဖြစ်ဥက္ကဌအဖြစ်ဆောင်ရွက်သော ၁၉၃၈-၃၉ ကျွန်တော်လည်း တက္ကသိုလ်သမဂ္ဂတွင် အမှုဆောင် (ပေါင်းသင်းဆက်ဆံရေးအဖွဲ့နာယက) ဖြစ်ခဲ့ရာ သူနှင့် နီးနီးကပ်ကပ် တွေ့မြင်ရလေသည်။
တည တက္ကသိုလ်သမဂ္ဂအသင်းတိုက်တွင် အာဇာနည်နေ့ ကျင်းပရေးအတွက် အစည်းအဝေးတရပ် ကျင်းပ၏။ ဒို့ဗမာအစည်းအရုံးမှ စ၍၊ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ဆော်သြသူအဖြစ် ဖိတ်ခေါ်၍၊ ကိုလှရွှေသည် အစည်းအဝေး၏ သဘာပတိ၊ သခင်ဘဟိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
ကျွန်တော် မှတ်မိသလောက်၊ သခင်ဗစိန်၊ သူနာပြု ဦးဘနှင်း၊ မြို့မဆရာဟိန်၊ သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်တင်မောင် (ကွယ်လွန်) စသူတို့သည် ထက်ထက်သန်သန် စကားပြောကြ၏။
နောက်ဆုံးဘယ်နေ့ ဘယ်ရက်ကို အာဇာနည်နေ့ သတ်မှတ်မည်ကို နေ့ရွေးကြ၏။ ဆွေးနွေးယင်း အတိုက်အခံ အစုကလေး နှစ်စု ကွဲ၍လာ၏။
တဘက်က ဗိုလ်အောင်ကျော်အရိုက်ခံရသော အာဏာဖီဆန်သည့်နေ့ကို အာဇာနည်နေ့ သတ်မှတ်ရန် ပြောကြ၏။ တဘက်ကမူကား ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈ ကျောင်းသားအရေးတော်ပုံကြီးသည် ရေနံမြေအလုပ်သမား သပိတ်မှစတင် တောက်လောင်ခြင်း ဖြစ်သဖြင့် အလုပ်သမားများနှင့် ပတ်သက်သော နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း အကျယ်တ၀င့် ပြောကြ၏။
ပြောကြယင်း ပြောကြယင်း အရေးတော်ပုံကို အလုပ်သမားများက ခေါင်းဆောင်သည်၊ ကျောင်းသားများ ခေါင်းဆောင်သည် စသည်ဖြင့် ဆွေးနွေးသောအချက်မှ တိမ်းချော်ကာ ပုဂ္ဂလဓိဌာန် အထိအခိုက်တွေပါ ပါလာတော့၏။
တော်တော်ပြင်းပြင်းထန်ထန် ပြောကြ၏။ တဘက်နှင့်တဘက်လည်း ပုတ်ခတ်၍ လာကြ၏။ သခင်ဘဟိန်းကား ခပ်ပြုံးပြုံးပင် နားထောင်နေ၏။ လက်သီး လက်မောင်းတန်းနေသော သခင်တင်မောင်ကို ကျွန်တော်က ဆွဲထားရ၏။ သခင်တင်မောင်ကား ဒေါသကြီး၏။ သူတို့၏ မျက်နှာများသည် နီမြန်း၍ နေကြကုန်၏။
တချို့ကား လက်မောင်းပင့်ပြီး ရှေ့သို့ ထလာ၏။ ကျွန်တော့်စိတ်ထဲတွင်ကား တဘက်နှင့် တဘက် ထိုးကြ ကြိတ်ကြတော့မည်မှာ မလွဲဟု အောက်မေ့ထားလိုက်၏။ သခင်တဦးက ကျောင်းသားတွေဟာ ဘာကောင်တွေ ညာကောင်တွေ စသည်ဖြင့် ဆဲရေး၏။
'ထိုင်... ထိုင်.. မပြောနဲ့' စသည်ဖြင့် အော်ဟစ်ကြွေးကြော်နေသည့် ကြားထဲမှ သခင်လေးမောင်သည် မရပ်ဘဲ လျှာရှည်ရှည်နှင့် စကားပြောလျက်ရှိ၏။ တခန်းလုံး တယောက်တခွန်း စကားသံတွေဖြင့် ပွက်ပွက်ညံလျက် ရှိသည်။
သခင်တဦသည် လက်ထဲမှ ထီးကိုယူကာ တဘက်သို့ ပြေးသွားလေပြီ။
သည်လို ပေါက်ကွဲတော့မည့် လေပြင်းမုန်တိုင်းထဲမှ ကိုလှရွှေသည် ထကာ "သခင်လေးမောင်၊ ရပ်လိုက်ပါ... ရပ်လိုက်ပါ...."
သခင်လေးမောင်၏ စကားသံသည် ဆက်လက်ပေါ်လာ၏။
"အားလုံး ငြိမ်ကြပါ ဒီအစည်းအဝေးမှာ ကျွန်တော်သည်သဘာပတိ၊ ကျွန်တော့်အမိန့် နားထောင်ရမယ် ခင်ဗျားတို့ အားလုံးငြိမ်ကြ....."
သူ၏ အောင်မြင်ထက်မြက်သော အသံသည် သမဂ္ဂအခန်းတခုလုံးကို လွှမ်းသွားသည်။ ဆူပွက်သော အသံများသည် မီးကို ရေနှင့် သတ်လိုက်သလို ရှဲကနဲ တိတ်သွားသည်။ မီးကို ရေနှင့်သတ်လိုက်သလို ဟူသော ဥပမာစကား၏ တိကျမှန်ကန်ခြင်းကို ဤနေရာတွင်မှ ဒက်ကနဲ တွေ့လိုက်ရပေသည်။
ကျွန်တော်ကား ကိုလှရွှေကို ကျေးဇူးတင်လျက် ရှိသည်။ အကယ်၍သာ ကိုလှရွှေသည် အစည်းအဝေးကို မထိန်းသိမ်းနိုင်လျင်၊ ဧကန် သွေးထွက်သံယိုမှုများ ဖြစ်ပွါးမည်။ တိုင်းပြည်က အထင်ကြီးသော ဒို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်များနှင့် ကျောင်းသားများ၏ ရန်ပွဲသည် ရှက်ဘွယ်ရာ ကျော်ကြား၍ သွားပေမည်။
{၄}
ကျောင်းသားခေါင်းဆောင်အဖြစ်ကား ကိုလှရွှေသည် သံမဏိလမ်းစဉ်နှင့် လုပ်ခဲ့သည်။
အလုပ်သမား၊ လယ်သမားစသော ဆင်းရဲသားအရေးတို့ကို ရှေ့ရှုခဲ့သည်။ သူသတ်မှတ်ထားသော လမ်းစဉ်ကို မတိမ်းမစောင်းဘဲ စိုက်မတ်စွာ ရဲရဲရင့်ရင့် လုပ်တတ်သည်။ သူ သမဂ္ဂဥက္ကဌဖြစ်တဲ့နှစ်က ဒုတိယဥက္ကဌ ကိုကျော်မြင့် (ယခု ဆိုရှယ်လစ်ပါတီ) က သမဂ္ဂအစည်းအဝေးပွဲ တပွဲတွင် ဒေါက်တာဘမော်ကို နိုင်ငံရေးတရား ဟောခိုင်းဖို့ အဆိုတင်သွင်းရာ၊ ကိုလှရွှေသည် ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။
'ကျုပ်လက်ထက်မှာ ဒေါက်တာဘမော် သမဂ္ဂစင်မြင့်ပေါ် မတက်စေရဘူး' ဟု သူပြောသည်။
အခုတင် ဘမော်အစိုးရကို ဖြုတ်ချပြီး၊ အခုဘဲ သူနှင့် ပြန်၍ လက်တွဲရမည့်သဘောကို သူအလိုမရှိပေ။ သူ့လက်ထက်တွင် ဒေါက်တာဘမော် တခါမျှ သမဂ္ဂစင်မြင့်သို့ မရောက်ခဲ့ရပေ။ ကိုလှရွှေသည် သံမဏိလမ်းစဉ်၊ ချိုးဖဲ့ကွေးညွတ်၍ မရသော လမ်းစဉ်အတိုင်း စိုက်စိုက်မတ်မတ် သွားသည်။
ကျောင်းသားအရေးများကြောင့်ပင် သူသည် ပညာရေးဘက်က များစွာ အနစ်နာခံခဲ့ရသည်။
သူ တက္ကသိုလ်ရောက်သည်မှာ ကြာလှပေပြီ။ သူသင်ယူသော အမ်ဘီဘီအက်စ် ဆရာဝန်အတတ်မှာ (၇) နှစ် သင်တန်း ရှိပေရာ၊ သပိတ်ကိစ္စ၊ သမဂ္ဂကိစ္စ အ၀၀ကြောင့်၊ စာမေးပွဲ မဖြေရသည်မှာ မကြာခဏပင် ဖြစ်ပေသည်။ အထူးသဖြင့် ဆရာဝန်အတတ်မှာ ဘီအေ၊ အမ်အေ ကဲ့သို့ ကျောင်းမှန်မှန် မတက်သော်လည်း၊ စာဖတ်ပြီး စာမေးပွဲအောင်ရန် မရပေ။ လက်တွေ့ အတန်းများကို မပျက်မကွက်တက်ပြီး မှန်မှန်ကျိုးစား စာဖတ်မှ တော်ရုံကျပေသည်။ သည်အထဲ သမဂ္ဂလုပ်ငန်းကို လုံးလုံးလျားလျား လုပ်ပြီး၊ စာမေးပွဲ မဖြေရသဖြင့်၊ ကျောင်းသက်မှာ ရှည်ရခြင်း ဖြစ်လေသည်။
၁၉၃၉ ခုမှစ၍ သူသည် ကျောင်းစာကို လိုက်ရလေသည်။ ထိုနှစ်မှစ၍ သူ၏ သမဂ္ဂဥက္ကဌ သက်တန်းစေ့ သဖြင့်သာ၊ အမ်ဘီဘီအက်စ် ဆရာဝန်ဘွဲ့ကို ဆွတ်ခူးခွင့် ရခဲ့ပေသည်။
နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် နှုတ်ဖြင့် မေးသော စာမေးပွဲတွင် ဆေးတက္ကသိုလ်အဖွဲ့မှ ဆေးမင်းကြီးက ၁၉၃၈ ခု၊ ကျောင်းသားအရေးတော်ပုံသည် မှန်သလော ဟူသော မေးခွန်းမျိုးကို ကိုလှရွှေအား မေးသည်ဟု ကြားရသည်။ ကိုလှရွှေသည် အရေးတော်ပုံဘက်မှနေ၍ ရဲရင့်စွာပင် အချက်အလက်များနှင့် ဖြေကြားခဲ့ပေသည်။ ထိုအခါက နယ်ချဲ့စနစ်သည် ခိုင်မြဲလျက် ရှိသေးသည်။
အကယ်၍သာ ကျောင်းမှထွက်ပြီး နိုင်ငံရေးဆက်လိုက်လျင် သူ၏ ကျော်စောခြင်းအရှိန်နှင့် ယခုအခါ အတော် အရေးပါသော တနေရာတွင် ရောက်နိုင်ရန် အလားအလာ ရှိခဲ့ပေသည်။
သို့သော် သူသည် သမဂ္ဂက ထွက်ပြီးကတည်းက အေးချမ်းငြိမ်ဝပ်စွာ နေခဲ့သည်။ ဆရာဝန်ပညာကိုသာ စိတ်အားထက်သန်ခဲ့ပေသည်။ ဆရာဝန်ကြီးတဦးက ကိုလှရွှေအား 'ငယ်ရွယ်သော်လည်း ထက်မြက်လှသော အခွဲအစိပ် ဆရာဝန်တဦး ဖြစ်လေသည်' ဟု ချီးကျူးခဲ့သည်။
ဂျပန်တက်စ ဘီအိုင်အေ ခေတ်က ကျွန်တော်သည် ကျိုက်လတ်မြို့ရှိ ဒို့ဗမာအစိုးရ၏ အုပ်ချုပ်ရေးကိစ္စတခုဖြင့် ဖျာပုံသို့ ရောက်ခဲ့ရာ၊ သူ့အိမ်တွင် သူ့ကို သွားတွေ့သည်။ သူသည် အုပ်ချုပ်ရေးမှူး လုပ်လျက် ရှိသည်။
သူက 'ကျွန်တော်တော့ဗျာ မတတ်သာလို့ အုပ်ချုပ်ရေးမှူး လုပ်နေတာဘဲ' ဟု ညည်းသည်။ ဂျပန်ကလည်း ပြည်သူ့ဆေးရုံတွင် အခွဲအစိပ် ကိစ္စများကို လုပ်ကိုင်လျက် ရှိခဲ့သည်။ နောက်တဖန် မအူပင်သို့ ခရိုင်ဆရာဝန်အဖြစ် ပြောင်းသွားသည်။
လူအဖြစ်ကား ကိုလှရွှေသည် ဘော်ရွေပြူငှာလှသည်။ သဘောကောင်းသည်။ ရယ်စရာတခုခုပြောပြီး ဟက်ဟက်ပက်ပက် ရယ်မောတတ်သည်။ သူ၏ ရယ်သံမှာ တောမြိုင်အတွင်းရှိ ရေယဉ်စမ်းမှ စီးကျသံလို ကာရန်ညီ၍ စီးချက်ကျသည်။ သူနှင့် စကားပြောလျှင် ပျင်းစရာမကောင်း။ သူ့တွင် ဟာသရှိသည်။
တာရာမဂ္ဂဇင်းကို သူ့ထံသွားပေးသည့်အခါ သူသည် မျက်နှာဖုံးကစ၍ ဝေဖန်ချက် ပြောလေ့ရှိသည်။ သူ့တွင် ဝေဖန်စစ်ဆေးခြင်း မျက်စိရှိသည်။ 'ငွေလှေပေါ်ကအနမ်း' ကဗျာကိုကား 'ခင်ဗျားဟာက ကိုယ်မရတိုင်း၊ ကိုယ်မဖြစ်တိုင်း၊ ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်မက်ထာဘဲလားဗျာ' ဟု ရယ်ကာ ပြောလေသည်။
'ခင်ဗျားမူအတိုင်း မပျက်စေနဲ့၊ တန်ဘိုးကို အမြဲထိန်းသိမ်းနော်' ဟု ကျွန်တော့်ကို ပြောတတ်သည်။
'တာရာ' တွင် ဘ၀နှင့်ပတ်သက်သော ဆောင်းပါးများ ရေးပေးမည်ဟု ကတိပေးဘူးသည်။ သို့သော် သူ့မှာ မအားလပ်သဖြင့် မရေးဖြစ်ခဲ့။
သူသည် ခေတ်အယူအဆ၊ စာပေ စသည်တို့ကို လစ်လျူရှုသူ မဟုတ်ပေ။ သူရေးခဲ့သော် 'ဇနီးမောင်နှံရာသက်ပန်' ကား စာအုပ်ကောင်းတအုပ် ဖြစ်၍ မကွယ်မထောက် ရှင်းလင်း ပြတ်သားလှသည်။ ခေတ်ပေါ် ဗမာကာမသျှတ္တရ စာအုပ်များထဲတွင် သူ့စာအုပ်သည် ပညာအဆံဆုံး၊ အခိုင်လုံဆုံး ဖြစ်ပေသည်။
{၅}
ဆရာဝန်ဆို၍ ကိုလှရွှေတယောက် ရှိသည်မှာ မိတ်ဆွေရဲဘော်များအတွက်လည်း များစွာ အားကိုးစရာ ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က သခင်ဘဟိန်းသည် အသားဝါရောဂါ ဖြစ်နေစဉ်၊ ကိုလှရွှေသည် မနက်အစောကြီး ပေါက်လာကာ ဆေးထိုးပေး၏။ သခင်ဘဟိန်းမှာ အိပ်ရာထနေမြင့်၍၊ ကိုလှရွှေသည် စောင့်၍ ဆေးထိုးပေးရ၏။
ကျောင်းသားဘ၀ကလည်း ကိုလှရွှေသည် သခင်ဘဟိန်းကို ဆေးထိုးပေးခဲ့သည်။ ဆေးထိုးရန်အတွက် ဆေးထိုးတံ ပြင်နေစဉ်၊ သခင်ဘဟိန်းက လက်မောင်းကို ပွတ်ယင်း ပြုံးပြီး 'ဟုတ်မှ ဟုတ်ရဲ့လားကွာ တော်ကြာ ဆေးထိုးမှားလို့ ကြွနေပါအုံးမယ်'
ကိုလှရွှေကား ဟက်ဟက်ပက်ပက် ရယ်မောကာ၊ 'အလကားထိုးပေးရလို့ကို ကိုယ့်လူ။ မောင်ရင်က ပိုက်ဆံပေးရမှ အဟုတ်ထင်တာကိုး၊ အောင်မယ်လေး.... ထိုးပေးရတဲ့ လူကတောင် ချော့နေရသကိုး'
ကျွန်တော်တို့ကား ရှုံ့ ရှုံ့ မဲ့နှင့် ခံနေသော သခင်ဘဟိန်းအား ရယ်၍သာ နေကြ၏။ ကိုလှရွှေက အပ်ကို ဆွဲထုတ်ယင်း 'အပ်ကြီးကြီးနဲ့ ထိုးလိုက်ရတာ အသားဘဲဟေ့' ဟု ရယ်မောလျက် ရှိ၏။
၁၉၄၆ နှစ်ဦးက ကျွန်တော်သည် ၀မ်းကိုက်ရောဂါဖြစ်၍ ကိုလှရွှေထံတွင် အကြိမ် (၆၀) ခန့် ဆေးထိုးရဘူး၏။
သူဆေးထိုးမည်ပြုလျင် ကျွန်တော်က အင်္ကျီလက်ကိုပင့်ယင်း 'ဖြေးဖြေးလုပ်နော်' ဟုပြောရာ၊ 'ဒီတခါတော့ အပ်ကြီးကြီးနဲ့ ထိုးရမယ်ဗျ' ဟုပြောပြီး ထိုးလေ့ရှိ၏။
သူ့အိမ်သို့ ဆေးထိုးသွားလျှင် တက်ဘုန်းကြီးသိန်းဖေ၊ သခင်ဗတင်၊ စသည်တို့ကို တွေ့ရတတ်၏။ ကိုထွန်းအုံနှင့်ကား ဆေးထိုးဆုံ၍ နေတတ်၏။ ကိုလှရွှေ ဆေးထိုးမည့်နေ့ဆိုလျှင်၊ သူ့ဇနီး 'ရီ' သည် ဆေးထိုးတံ၊ အပ် စသည်တို့ကို ဆေးစိမ်၍ ထားလေ့ရှိသည်။ ကိုလှရွှရေးပေးသည့် အညွှန်းအတိုင်း ဆေးစပ်ပေးလေ့ရှိ၏။ ကိုလှရွှေသည် ချစ်ဇနီး 'ရီ' ကို အတော်ချစ်ပုံရလေသည်။
တညနေတွင် ကျွန်တော်သည် ဆေးရုံဝင်းထဲရှိ အိမ်တွင် ဆေးထိုးရန် ကိုလှရွှေကို စောင့်လျက်ရှိသည်။ ကိုယ်တော်တပါးသည် ဒေါက်တာမောင်လှရွှေကို တွေ့ချင်သည်ဆို၍ ဧည့်ခန်းသို့ ၀င်လာ၏။
မကြာမီ ကိုလှရွှေသည် ဆေးရုံမှ ရောက်လာသည်။ ကိုယ်တော်က ခြေတွင် ထုံကျင်ကိုက်ခဲသော ဝေဒနာ စွဲကပ်၍ ဆေးရုံတက်လိုကြောင်း ပြောပြ၏။ ကိုလှရွှေက နောက်တနေ့တွင် ဆေးရုံပြင်ပလူနာဌာနသို့ လာရောက်ရန် ချိန်းဆို၏။ သို့သော် ကိုယ်တော်က အတော်ကြာပင် ဆေးရုံအကြောင်းကို မေးမြန်းနေလေ၏။ ကိုလှရွှေကား စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ နားထောင်ရသော ကျွန်တော်ပင် စိတ်မရှည်ပေ။
ကိုလှရွှေ ခေတ္တ အိမ်ခန်းထဲသို့ ၀င်သွားသောအခါ ကိုယ်တော်က၊ 'အာဏာရှင်ကြီး မောင်လှရွှေ လခ ဘယ်လောက်ရလဲ၊ တထောင်ကျော်လား' စသည်ဖြင့် ကျွန်တော့်အား မေးလျက်ရှိ၏။ ကိုယ်တော်သည် ကျောင်းသားခေါင်းဆောင်အဖြစ် ကိုလှရွှေကို အတော်စွဲလန်းပုံရသည်။
{၆}
မသွားခင် တလကျော်ကျော်လောက်က သူနှင့် တွေ့သောအခါ၊ အမေရိကန်ပြည်သို့ သင်္ဘောနှင့် သွားမည်ဟု ကျွန်တော်ကို ပြော၏။ နောက်မှ လေယာဉ်ပျံနှင့် သွားမည်ဆိုတာ သိရ၏။
သူသည် အမေရိကန်ပြည် မနီဆိုတာ တက္ကသိုလ်၌ အခွဲအစိပ်ပညာကို ပညာတော်သင်အဖြစ် သွားရောက် သင်ကြားရန် ဖြစ်သည်။ သူသည် ဆေးသိပ္ပံပညာ၌ စိတ်ဝင်စားလျက် ရှိနေသည်။
'ကျွန်တော်တို့တတွေ သိပ္ပံပညာဘက်မှာ ပြည့်ပြည့်၀၀ ခေတ်မှီမှီ တတ်ကျွမ်းနားလည်ဘို့လိုတယ်။ လေ့လာဆည်းပူးစရာတွေ အများကြီး ရှိသေးတယ်.....' ဟု ကျွန်တော့်အား ကိုလှရွှေက ပြော၏။
ထင်ကြီးနှင့် တက္ကသိုလ်တခုတည်းဆို၍ ထင်ကြီးက တဖွဖွမှာနေသော တာရာမဂ္ဂဇင်းများကို ကိုလှရွှေနှင့် ပါးလိုက်ရန် သူ့ဆီသွားတွေ့၏။ ထိုနေ့က သူ အင်းစိန်သွားနေသဖြင့် မတွေ့လိုက်ရ။ လေယဉ်ပျံတွင် ယူနိုင်သည့် ၀န်စီစလယ် အလေးချိန်မှာ ပြည့်နေပြီဟု ကြားရသဖြင့် ဆန်းကဖေးမန်နေဂျာ တွန်မီထွန်းတင်နှင့် ပေးလိုက်ရလေသည်။
များမကြာမီ အာရေဗျ ပင်လယ်ကွေ့၌ လေယာဉ်ပျံ ပျက်သည့်သတင်းကြားရရာ ထိတ်ခနဲ ဖြစ်သွားသည်။ တနှစ်အတွင်း မိတ်ဆွေရဲဘော်များ၊ အထူးသဖြင့် သမဂ္ဂဥက္ကဌများသည် ကွယ်လွန်ရှာကြလေပြီ။ ပဌမ ကွန်မြူနစ်ခေါင်းဆောင် သခင်ဘဟိန်း၊ နောက် ဖဆပလဥက္ကဌ သခင်အောင်ဆန်း၊ နောက်ဆုံး ၁၉၃၈ နှစ် ကျောင်းသားအရေးတော်ပုံ၏ ခေါင်းဆောင် ကိုလှရွှေ။
ဒဂုန်တာရာ။
အောက်တိုဘာလ ၁၉၄၇။
[ဒဂုန်တာရာ 'ရုပ်ပုံလွှာ' ပထမနှိပ်ခြင်း။ ၁၉၅၅ မှ ကူးယူဖော်ပြပါတယ်။]
Wednesday, July 8, 2009
Monday, July 6, 2009
ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့- ခြောက်ဆယ်စုနှစ်ပုံရိပ်များ
ရေးသူ- ဥာဏ်မောင်ချစ်
စီစဉ်သူများရဲ့ ဖိတ်ကြားချက်အရ "၆၁-နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်" တွေ့ဆုံပွဲကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ ဒီပွဲက၊ ဆရာကြီးပါရဂူနဲ့ ဆရာကြီး ဒဂုန်တာရာတို့ကို အမှူးထားပြီး၊ ကျင်းပတဲ့ တွေ့ဆုံပွဲပါ။ ဒီပွဲမှာ ဆရာကြီး နှစ်ဦးနဲ့အတူ၊ ခေတ်ပြိုင်မျိုးဆက်သစ်များ ဖြစ်ကြတဲ့၊ လူငယ်ပိုင်း၊ လူလတ်ပိုင်း ကဗျာဆရာ၊ စာရေးဆရာနဲ့ စာနယ်ဇင်းအချို့က တာဝန်ခံ အယ်ဒီတာများနဲ့ တွေ့ဆုံနှုတ်ဆက်ခွင့် ရခဲ့ပါတယ်။ အထူးသဖြင့် သူတို့နဲ့အတူ လူ့သက်တမ်းအရ၊ ဖြတ်သန်းမှုအရ၊ မိမိနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ ၀ါရင့်သတင်းစာဆရာနဲ့ အတွေးအမြင်မဂ္ဂဇင်းဖန်တီးသူ မောင်ဝံသနဲ့ စွယ်စုံအနုပညာရှင် မောင်မိုးသူကိုပါ တွေ့ဆုံနှုတ်ဆက် စကားစမြည် ပြောခွင့်ရခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို တွေ့လိုက်ရတာဟာ၊ ကွဲကွာနေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတာ ထက် ပိုလွန်ပါတယ်။ သူတို့နှစ်ဦးရော၊ မိမိပါ မရှိရှာကြ၊ မတွေ့နိုင်ရတော့တဲ့၊ တခြား ငယ်ပေါင်းကြီးဖော်တွေပါ ကိုယ်စားပြုခဲ့ကြတဲ့၊ "ကာလတခုက သမိုင်းပုံရိပ်" များကို ပြန်မြင်ယောင်မိ၊ လွမ်းဆွတ်တသ မိခဲ့ရပါတယ်။
"ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီး" ရဲ့ ခြောက်ဆယ်စုနှစ်များက လွမ်းစရာပုံရိပ်များ၊ မြင်ကွင်းများ၊ အဖြစ်သနစ်များဟာ မိမိရဲ့ မြင်ကွင်းအာရုံထဲမှာ ပန်းစကြာ မှန်ပြောင်းလှည့်သလို၊ လင်းလက် ငုပ်ပေါ်၊ သက်တန်ရောင်စုံ ပျော်မြူးနေသလိုပါပဲ။ ဒီလိုနဲ့ မိမိရဲ့ အာရုံအင်္ဂါများက မိမိအတွက် "ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်ကြီး" ရဲ့ လွမ်းစရာ့ ပုံရိပ်များကို ပြန်ပြီး၊ အသက်သွင်ပေးခဲ့ပါတယ်။
***** ***** *****
ခုဆိုရင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ၊ နှစ်ပေါင်း (၄၆) နှစ်၊ ရာစုနှစ် တ၀က်နီးပါး၊ ရှိခဲ့ပါပြီ။ တချို့လူပုဂ္ဂိုလ်တွေ မသဲမကွဲ၊ မှေးမှေးမှုန်မှုန်၊ ပျပျရေးရေး၊ တချို့က သဲသဲကွဲကွဲ ထင်ထင်ရှားရှား၊ လင်းလင်းလက်လက်၊ ပျက်ပျက်ထင်ထင်။ တချို့အဖြစ်အပျက်တွေက ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်၊ တချို့အဖြစ်အပျက်တွေက ယိမ်းယိမ်းယိုင်ယိုင် ပြိုပြိုကွဲကွဲ။ တချို့ကို အာရုံတွေက ထိန်းသိမ်းလက်ခံထားဆဲ၊ တချိုကို မေ့ဖျောက်ပစ်ခဲ့ပါပြီ။
မိမိတို့ လူ့သက်တမ်းများ ကိုယ်နှိုက်ကပင် ဆယ်စုနှစ် ခြောက်ခု ကျော်ခဲ့ပြီ။ "ခုနှစ်ဆယ်" ဆိုတဲ့ လူ့သက်တမ်းဟာ ( ဆရာကြီးတက်တိုး မကွယ်လွန်မီက ရေးသားဆုံးမခဲ့သလို) "ကြီးဆိုးကြီးမိုက်များ" မဖြစ်ထိုက် တော့ပါပြီ။ "မလိမ္မာနိုင်ကြရင်တောင် မိုက်ဖို့မကောင်းတော့တဲ့ အရွယ်များ ဖြစ်ခဲ့ပါပြီ"။ "သူ့အလှနဲ့သူရှိတဲ့ လောကကို ပိုလှအောင် မစွမ်းဆောင်နိုင်ရင် ရှိပါစေတော့၊ ရှိပြီးဖြစ်တဲ့ လောကအလှကို ယိုယွင်းပျက်စီစေတဲ့သူ ဖြစ်ဖို့ မကောင်းတော့ပါပြီ။ ဘာပဲပြောပြော လူတယောက် လူအဖြစ် ကြီးပြင်း ရင့်ကျက်လာစေရေးမှာ အသက် အရွယ်တစုံတရာဟာ မရှိမဖြစ်တဲ့ လိုအပ်ချက်တော့ ဖြစ်ရလိမ့်မယ်" လို့ မှတ်ယူချင်ပါတယ်။
ကိုမိုးသူ(မောင်မိုးသူ)၊ ကိုစိုးသိန်း (မောင်ဝံသ) နဲ့ မိမိတို့ဟာ၊ လွတ်လပ်ရေးခေတ် ဒုတိယဆယ်စုနှစ် အတွင်းမှာ၊ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့ ရင်ခွင်နဲ့ အရိပ်အာဝါသအောက်ကို ၀င်ရောက်လာကြသူ မျိုးဆက်တဆက်ထဲက လူတချို့ပါ။ ကိုစိုးသိန်းနဲ့ မိမိတို့ တချို့က ရန်ကုန်တက္ကသိုလ်၊ ကိုမိုးသူတို့တချို့က မန်းတက္ကသိုလ် ကို တက်ရောက်ခဲ့ကြတာပါ။ အဲဒီစဉ်က စိတ်တူကိုယ်တူ ရှိခဲ့တဲ့ (အညာ) က သူငယ်ချင်းတွေရော၊ (အောက်) က သူငယ်ချင်းတွေပါ၊ အများတကာ့အများစုကြီးဟာ "လောကကို ပုံစံမျိုးစုံနဲ့ စွန့်ခွါသွားခဲ့ ကြရှာပါပြီ။"
မိမိတို့ အားလုံးဟာ၊ အမိတက္ကသိုလ် ကျောင်းတိုက်ကြီးများရဲ့ ကောင်းမြတ်တဲ့ သမိုင်းအစဉ်အလာများကို တတ်နိုင်သမျှ ဆက်ခံကိုယ်စားပြုခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်ကြီးဟာ၊ စတင်ထူထောင်ခါစ ကတည်းက ဗြိတိသျှကိုလိုနီ အစိုးရရဲ့ ရည်မှန်းချက်များနဲ့ ဆန့်ကျင်ပြီး၊ တိုင်းချစ်စိတ် ပြည်ချစ်စိတ်ကို မျိုးစေ့ချပေးခဲ့တဲ့ နေရာတခုပါ။ လောကပါလတရားကြီးများကို ချစ်ခင်မြတ်နိုးတတ်၊ ရပ်ခံကာကွယ်တတ်အောင်၊ ဖိနှိပ်မှုများကို ဆန့်ကျင်ဖယ်ရှားတတ်အောင် လေ့ကျင့်ပျိုးထောင်ခဲ့တဲ့ နယ်မြေပါ။ အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်၊ လူသားဂုဏ်၊ လွတ်လပ်မှုဂုဏ်တို့ကို ပျိုးချ၊ မြေတောင်မြှောက်ပေးခဲ့တဲ့ နေရာဌာနလည်း ဖြစ်ပါတယ်။ လောကပါလတရားများကို ချစ်တဲ့သူတွေ၊ ကိုယ်စားပြု ရပ်ခံကာကွယ်မယ့် မျိုးဆက်တွေကို စဉ်ဆက်မပြတ် မွေးဖွားပေးခဲ့တဲ့ ဘူမိနက်သန် မြေပါ။ ခေတ်ပြိုင် မျိုးချစ်ဝါဒီတွေ၊ ပရပဓါန၀ါဒီတွေ၊ နယ်ပယ်အမျိုးမျိုးကို ကိုယ်စားပြုတဲ့ ပညာရှင်တွေကို ပျိုးထောင် မွေးမြူပေးခဲ့တဲ့ နေရာပါ။ ပုဂ္ဂလလူနဲ့ သူ့ပတ်ဝန်းကျင်အကြား အတုန့်အလှည့်၊ အပြန်အလှန်ရှိတဲ့၊ Me နဲ့ We အကြားက Harmonic culture တမျိုးကို ဖော်ထုတ်ပေးခဲ့တဲ့ နေရာဌာနတခု ဖြစ်ပါတယ်။
ဒီလို နေရာဌာနမျိုးရဲ့ လမ်းပြမှုနဲ့ လူဖြစ်ခဲ့ရတာ။ ဒီလို လူဖြစ်လာကြတဲ့ ခေတ်ပြိုင်လူပုဂ္ဂိုလ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို ဒီ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ တွေ့ဆုံပွဲနဲ့ မိတ်ဆုံထမင်းစားပွဲမှာ ပြန်လည်ဆုံခွင့်ရတာဟာ၊ ကြီးမြတ်တဲ့ မင်္ဂလာတရားကြီးတပါးပဲလို့ ဆိုချင်ပါတယ်။ လူ့ဘ၀ လူ့အဖြစ်ကို နှုတ်ဆက်သွားကြပြီ ဖြစ်တဲ့ မင်းလှညွန်ကြူး (ကိုမောင်မောင်ညွန့်)၊ မင်းကျော် (ကိုကျော်ဆွေ)၊ မင်းမော် (ကိုထွန်းမြင့်)၊ မောင်ထွန်းသစ် (ကိုဘဆွေလေး)၊ မင်းနွယ် (ကိုသက်)၊ မြင့်မောင် (ကိုတင်ထွန်း)၊ စောအောင် (ကိုလှကြည်)၊ ရန်ကြီးအောင် (ကိုစိန်ဝင်း)၊ ဖေသန်း(ကိုညိုဝင်း)၊ ထွန်းထွန်း(ဆေးသိပ္ပံ) (ကိုမြင့်ထွန်းသိန်း) စတဲ့ သူတွေဟာ၊ ရန်ကုန်တက္ကကိုလ်ကလောင်အသင်းက ထုတ်တဲ့ "ပုလဲပန်းမဂ္ဂဇင်း" ၊ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်းနဲ့ အိုးဝေစာစောင် စတဲ့ မဂ္ဂဇင်းနဲ့ ဂျာနယ်အမျိုးမျိုးကတဆင့် ရန်ကုန်တက္ကသိုလ်နဲ့ ပြင်ပစာနယ်ဇင်းလောကမှာပါ စာပေတာဝန်ကို တစုံတရာ ထမ်းဆောင်ခဲ့ကြတဲ့ မျိုးဆက်သစ်များဖြစ်တယ်။ ဒီကနေ့လို စာပေနဲ့ အနုပညာလုပ်ငန်းနယ်ပယ်က မျိုးဆက်သုံးဆက် တွေ့ဆုံတဲ့ ပွဲမှာ သူတို့ကို တွေ့ချင်မြင်ချင်တဲ့စိတ်၊ လွမ်းတဲ့စိတ်တွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့မိပါတယ်။ လူပုဂ္ဂိုလ်တွေကို လွမ်းတဲ့စိတ်နဲ့အတူ၊ အဲဒီစဉ်က ခြောက်ဆယ်စုနှစ် ပတ်ဝန်းကျင်က၊ "ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီး" နဲ့ ပတ်သက်နေတဲ့ လွမ်းမောဖွယ် အတိတ်ပုံရိပ်များဟာ၊ မိမိရဲ့ အာရုံဖန်သားပြင်ထက်မှာ၊ တဖျပ်ဖျပ် လင်းလက်လို့ နေခဲ့ပါတော့တယ်။
********** ********** **********
မိမိဟာ ၁၉၅၅-၅၆ ခုနှစ် ပညာသင်နှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပါတယ်။ မိမိတို့ ဆယ်တန်းကျောင်းသား ဘ၀မှာ ဆယ်တန်းအောင်ဖို့ အင်မတန် ခက်ခဲပါတယ်။ ရန်ကုန်-မန္တလေးလို မြို့ကြီးပြကြီးများလောက်မှာသာ (ဒီကနေ့ "ကျူရှင်" လို့ လူသိများတဲ့ကျောင်းများ) "အလွတ်ပညာသင်ကျောင်း" များ ရှိပါတယ်။ တပြည်လုံးမှာ ၁၀ တန်းစာမေးပွဲအောင်နှုန်းဟာ ၂ - ၃% သာ ရှိပါတယ်။ ဆယ်တန်းဖြေတဲ့ ကျောင်းသား ၁၀၀၀ မှာ ၂၃ ယောက်ပဲ အောင်တယ်လို့ ဆိုရမှာပါ။ မိမိတို့မြို့က မိမိအပါအ၀င် ကျောင်းသား ၅ ယောက် တက္ကသိုလ် ဆက်တက်ခဲ့ကြ ပါတယ်။ မိမိတို့ခေတ်က ဒီကနေ့လို "Major ခေတ်" မဟုတ်ပါဘူး။ ဘာသာရပ်ဆိုင်ရာ ဆက်စပ်မှုရှိတဲ့ ဘာသာရပ် သုံးမျိုးနဲ့ အင်္ဂလိပ်ဘာသာ မယူမနေရ စနစ်ပါ။ ဥပမာ အရှေ့တိုင်းသမိုင်း၊ အနောက်တိုင်းသမိုင်း၊ နိုင်ငံရေးသိပ္ပံသမိုင်း၊ သမိုင်း ၃ မျိုးနဲ့ အင်္ဂလိပ်ဘာသာ တွဲယူရတာမျိုး ဖြစ်ပါတယ်။ အမှတ်ကန့်သတ်ချက်နဲ့ ဘာသာရပ်ခွဲခြား သင်ယူရတာမျိုး မရှိသေးပါ။ ၁၀ တန်းအောင်လာရင် ကြိုက်တဲ့ "လိုင်း" ကို ယူလို့ ရပါတယ်။ ငွေကြေးတတ်နိုင်သူ၊ English ကောင်းသူ "မျက်စေ့ပွင့်" သူများက ဆေးနဲ့ အင်္ဂျင်နီယာ ဘာသာများ သင်ယူကြ ပါတယ်။ အများစုက (၄) နှစ်နဲ့ ဘွဲ့တခု ရဖို့သာ ရည်မှန်းပြီး၊ လွယ်ကူတဲ့ ဘာသာတွဲ Combination တခုခုကို ရွေးကြရပါတယ်။ မိမိက သမိုင်း ၃ မျိုးနဲ့ English ဘာသာတွဲ သင်ယူခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ဖွဲ့စည်းပုံဟာ၊ ဗြိတိန်က အောက်စဖို့ဒ်တက္ကသိုလ် ဖွဲ့စည်းပုံအတိုင်းပါပဲ။ တက္ကသိုလ် ကြီးတခုထဲမှာ ဘာသာရပ်တခုချင်း ဌာနခွဲတွေ ထားပြီး ဖွဲ့စည်းထားတာပါ။ ရန်ကုန်တက္ကသိုလ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထီးတန်း (၀ိဇ္ဇာဘာသာ)၊ ရန်ကင်း (သိပ္ပံဘာသာ)၊ ကောလိပ်များနဲ့ ဆေးသိပ္ပံမဟာဌာန (လမ်းမတော်)၊ အင်ဂျင်နီယာမဟာဌာန (ပြည်လမ်း/လိပ်ခုံး)၊ ပညာရေးမဟာဌာန (အခု ပညာရေးတက္ကသိုလ်) တို့ ရှိပါတယ်။ ဘွဲ့နှင်းသဘင်ရဲ့ ဘယ်ဘက်မှာ သိပ္ပံဘာသာစာသင်ခန်းနဲ့ တက္ကသိုလ်ရုံး ရှိပါတယ်။ ဂျပ်ဆင်ခန်းမ ဘက်မှာ ၀ိဖ္ဇာဘာသာတွဲ စာသင်ခန်းများ ရှိပါတယ်။ ထီးတန်းကောလိပ်နဲ့ ရန်ကင်းကောလိပ်မှာ (၂) နှစ် နေထိုင် စာသင်ရပါတယ်။ I.A; I.Sc အောင်ပြီးမှ Main ကို ပြောင်းရွှေ့ပြီး B.A; B.Sc ဆက်လက် သင်ယူရပါတယ်။ ပုံမှန် စာသင်နှစ် လေးနှစ် ရှိပါတယ်။ (၄) နှစ် စာသင်ပြီးရင်၊ ဘွဲ့တခုခု ရနိုင်ပါတယ်။ ထူးခြားတာက ဘယ်အတန်းမှာ ဖြစ်ဖြစ်၊ တနှစ်ကို မတ်လနဲ့ ဇွန်လ တို့မှာ စာမေးပွဲ (၂)ကြိမ် ဖြေဆိုခွင့် ရှိတာပါပဲ။ စာသင်နှစ် (၂) နှစ်၊ (၄) ကြိမ် စာမေးပွဲ ဖြေလို့ မအောင်ရင် (၃) ခါကျ (3 F) သတ်မှတ်ပြီး၊ ကျောင်းဆောင်နေခွင့် မပြုတော့ပါ။ ၁၉၆၀ ခုနှစ်လောက် ကတည်းက ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာက ရှိလာနေပါပြီ။
ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်ကောင်စီက အုပ်ချုပ်ပါတယ်။ တက္ကသိုလ်အဓိပတိက ၀န်ကြီးချုပ်ပါ။ ဒု- အဓိပတိက ပါမောက္ခချုပ်ဖြစ်ပါတယ်။ တက္ကသိုလ်ကောင်စီမှာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲများ (ဥပမာ- တက္ကသိုလ် ပြုပြင်ထိန်းသိန်းရေး အင်ဂျင်နီယာဌာနမှူး၊ ကျောင်းဆောင်အရာရှိ) ပါလီမန်နှစ်ရပ်က ရွေးချယ်စေလွှတ်သူ ကိုယ်စားလှယ် (၂) ဦး၊ ကျောင်းသားကိုယ်စား လှယ် (၂) ဦး စသည်တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ဆိုင်တဲ့ ပညာရေး၊ အုပ်ချုပ်ရေး၊ ၀န်ထမ်းရေးရာ၊ ကျောင်းသားရေးရာနဲ့ဆိုင်တဲ့ လုပ်ငန်းများအားလုံးကို တက္ကသိုလ်ကောင်စီက စီမံခန့်ခွဲပါတယ်။ ဆရာကြီးများဖြစ်ကြတဲ့ ဒေါက်တာသာလှ၊ ဒေါက်တာလှမြင့်နဲ့ ဒေါက်တာမောင်မောင်ခ တို့ဟာ၊ မိမိတို့ခေတ်က ပါမောက္ခချုပ်များ ဖြစ်ပါတယ်။
အဲဒီစဉ်က၊ ရန်ကုန်တက္ကသိုလ် ကျောင်းတိုက်ကြီးမှာ၊ အသင်းအဖွဲ့ပေါင်းစုံ ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးက ဆရာများအားလုံးကိုကိုယ်စားပြုထားတဲ့ (UTA) လို့ ခေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ် ဆရာအသင်း ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်ကော်မတီရဲ့ အုပ်ချုပ်မှုအောက်မှာ အဆောင် (၂၂) ဆောင် ရှိပါတယ်။ မိန်းကလေးဆောင် ငါးဆောင် ပါပါတယ်။ အဲဒီတုန်းက အဆောင်နေ ကျောင်းသူကျောင်းသား (၅၀၀၀) ကျော် ရှိပါတယ်။ တက္ကသိုလ်ကြီးတခုလုံးမှာ ကျောင်းသား(၁၅၀၀၀)ကျော် ရှိပါတယ်။ ကျောင်းဆောင် များမှာ Social and Reading Club လို့ ခေါ်တဲ့ "သဟာယနဲ့စာဖတ်အသင်း" များ ရှိပါတယ်။ S.R ရဲ့ E.C ကို ကျောင်းဖွင့်စ (ဇွန် ၁ ရက်နေ့) အဆောင်နေ ကျောင်းသားများ စုံလင်တဲ့အခါမှာ၊ အဆောင်သားထု အစည်း အဝေးက ရွေးကောက်တင်မြှောက်ရပါတယ်။ အဆောင်တဆောင်မှာ ရှိတဲ့ အဆောင်သားများရဲ့ သာရေး၊ နာရေး များကို တာဝန်ခံ ဆောင်ရွက်ပေးတဲ့ အသင်းပါ။ ၁၉၆၀-၆၁ ပညာသင်နှစ်မှာ "သဟာယနှင့် စာဖတ်အသင်းများ " အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီ S & R အဖွဲ့အစည်းများဟာ၊ ဗြိတိသျှအစိုးရလက်ထက်မှာ ကတည်းက ရှိခဲ့တာပါ။ ၁၉၂၈-၂၉ လောက်က တကောင်း၊ ပြည်၊ ပုဂံ၊ ကျောင်းဆောင်များ၊ ၁၉၃၀-၃၁ လောက်မှာ central hall လို့ ခေါ်ကြတဲ့ သထုံ၊ ပဲခူး၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝဆောင်တို့ကို ဆောက်လုပ်ခဲ့ကြတယ်လို့ မှတ်တမ်းများမှာ ဖော်ပြပါတယ်။ အဆောင်နာမည်တွေကတော့ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ "မင်းနေမြို့တော်" များရဲ့ နာမည်များကို ဆက်ခံထားတာလို့ ဆိုပါတယ်။ New hall လို့ခေါ်တဲ့ မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူနဲ့ မိန်းကလေးဆောင်များ ဖြစ်တဲ့ မာလာ၊ ရတနာနဲ့ အင်းလျားဆောင် တို့ကတော့၊ လွတ်လပ်ရေးခေတ်ဦးမှာ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ကျောင်းသားချင်း ချစ်ခင်ရင်းနှီးရေးအတွက် ဟောပြောပွဲများ၊ ဘာသာရေးနဲ့ ယဉ်းကျေးမှု အထိန်းအမှတ်ပွဲများ၊ မိတ်ဆုံပွဲများ၊ ဟောပြောပွဲများ ကျင်းပပေးခဲ့ကြပါတယ်။
အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေးနဲ့ ထိန်းသိမ်းရေးအတွက် ဆို၊ က၊ ရေး၊ တီး လုပ်ငန်းအမျိုးမျိုးကို ခေါင်းခံဆောင်ရွက်နေတဲ့ "ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီး" ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ ဘာသာတရားကိုးကွယ် ယုံကြည်မှုနဲ့ အကျင့်ဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် အားကစားကော်မတီရဲ့ ကြီးကြပ်လေ့ကျင့်မှု အောက်မှာ အားကစားအဖွဲ့အစည်းပေါင်းစုံ ရှိပါတယ်။ ကာယအလှပြပွဲ၊ တက္ကသိုလ် မောင်မယ်ရွေးပွဲတွေ ရှိခဲ့ပါတယ်။ ကြက်တောင်၊ ရေကူး နဲ့ ဘောလုံးတို့မှာ အမျိုးသား လက်ရွေးစင်များ ထွက်ပေါ်ခဲ့ပါတယ်။ (၂) နှစ်တကြိမ် ကျင်းပတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများလည်း ကျင်းပလေ့ ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို "ရင်ဖွင့်ခွင့်ပေးနေတဲ့" ရန်ကုန်တက္ကသိုလ် ကလောင်အသင်း ရှိပါတယ်။ ပုလဲပန်းမဂ္ဂဇင်း၊ နှစ်လည်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်းနဲ့ အိုးဝေစာစောင် ရှိပါတယ်။ စာပေအနုပညာနဲ့ ပညာရပ်ဆိုင်ရာဟောပြေပွဲများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ရှိပါတယ်။ ကျောင်းသားတွေရဲ့ နားမျက်စေ့ကို နေ့စဉ်ဖွင့်ပေးနေတဲ့ ရန်ကုန်တက္ကသိုလ် သတင်းထောက်အသင်း ရှိပါတယ်။ "သတင်းစာဆရာမောင်ဝံသ" ဆိုတာ၊ ဒီ "စင်မြင့်" ကနေ လာတာပါ။ မင်းလှညွန့်ကြူး၊ တက္ကသိုလ်မင်းမော်၊ မင်းကျော်၊ မောင်ဆွေတင့်၊ သိန်းသန်းထွန်း၊ မေနှင်း၊ ကြူကြူသင်း၊ မလွမ်းမူ၊ တက္ကသိုလ်ပွင့်ဦး၊ နွယ်(စစ်တွေ) ဆိုတာတွေဟာ ရန်ကုန်တက္ကသိုလ် စာပေစင်မြင့်များက ပေါ်ထွက်လာကြတာပါ။ (ဒါဟာ အလွမ်းပြေရုံ မှတ်မိသမျှ ဖောပြရတာပါ)။ (ဒီစာရေးတဲ့သူဟာ ၁၉၆၀-၆၁ စာသင်နှစ်မှာ ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းကော်မတီရဲ့ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူပါ။ ဒီနေရာမှာ မှတ်မိတာလေးတခုကို ဖော်ပြချင်ပါတယ်။ ၁၉၃၅-၃၆ ခုနှစ်မှာ၊ ပထမဆုံးထုတ်ခဲ့တဲ့ "အိုးဝေမဂ္ဂဇင်း"တာဝန်ခံအယ်ဒီတာက ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပါ။ စာရေးသူ တာဝန်ခံ ထုတ်ဝေခဲ့တဲ့ "အိုးဝေမဂ္ဂဇင်း" ကတော့ "နောက်ဆုံး" ထုတ်ခဲ့၊ ထွက်ခဲ့တဲ့ မဂ္ဂဇင်းလို့ ဆိုရမှာပါပဲ) ဒီမဂ္ဂဇင်းရဲ့ အဖုံးသရုပ်ဖော်ပုံကို ဆရာကြီးဦးဘရင်ကလေး (ပန်းချီမောင်ညိုဝင်းရဲ့ ဖခင်ကြီး)က (မေတ္တာနဲ့) ရေးဆွဲပေးခဲ့တာပါ။ အဲဒီစဉ်က ခရိုင်နဲ့ မြို့နယ်အလိုက် အသင်းများလည်း "ကျောင်း" မှာ ရှိပါတယ်။ အဲဒီအထဲက တချို့က မဂ္ဂဇင်းများ ထုတ်ဝေခဲ့ကြပါတယ်။ ခရိုင်မြို့နယ်အသင်းများကလည်း သက်ဆိုင်ရာ ခရိုင်မြို့နယ်ဒေသက ကျောင်းသားများရဲ့ သာရေးနာရေးမျိုးစုံကို ဖြေရှင်းစောင့်ရှောက် ကူညီခဲ့ကြပါတယ်။
တက္ကသိုလ်နဲ့ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနဲ့ ကျောင်းသားပွဲတော်ကို တနှစ်ခြား ကျင်းပခဲ့ကြ ပါတယ်။ ပွဲတော်ကျင်းပရေးကော်မတီ ဖွဲ့စည်းပြီး ကျင်းပခဲ့ကြတာပါ။ ပွဲတော်ရဲ့ ရည်ရွယ်ချက်များက၊ ကျောင်းသားချင်း ချစ်ခင်ရင်းနှီးရေး၊ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျောင်းဆောင်တိုင်း၊ ကျောင်းမှာရှိတဲ့ လူမျိုးစုများ၊ ခရိုင်မြို့နယ်အသင်းများ၊ ၀ါသနာရှင်အစုများက တင်ဆက်တဲ့၊ ပွဲတော်ရဲ့ ရည်ရွယ်ချက်ကို ကိုယ်စားပြုတဲ့ ဘယ်လိုပုံစံနဲ့ တင်ဆက်မှုမျိုးကိုမဆို လက်ခံတင်ဆက်ခွင့်ပြုပါတယ်။ ယဉ်ကျေးမှုသရုပ်ဖော်များ၊ မြန်မာအကအမျိုးမျိုး၊ အိုးစည်ဒိုးပတ်တင်ဆက်မှုများ၊ တေးသရုပ်ဖော်များ၊ ပွဲတော်ကော်မတီက တင်ဆက်တဲ့ ပြဇာတ်များ၊ ငြိမ်းချမ်းရေးသရုပ်ဖော် ဘဲလေးစတဲ့ ပြကွက်အမျိုးမျိုးကို တင်ဆက်ခဲ့ပါတယ်။ 'ကပွဲဇာတ်ရုံ' ကို ဂျပ်ဆင်ခန်းမရှေ့ မြက်ခင်းမှာ (သို့မဟုတ်) တက္ကသိုလ်စာကြည့်တိုက် ရှေ့က မြက်ခင်းပြင်မှာ ဆောက်လုပ်ကပြ ခဲ့ကြတာပါ။ မြန်မာဆိုင်းကို ရွှေမန်းတင်မောင်နဲ့ စိန်မဟာသဘင် ဇာတ်ကြီးများက အသုံးပြု ခွင့်ပေးပါတယ်။ ခေတ်ပေါ်တီးဝိုင်းကတော့၊ ရုပ်ရှင်မင်းသားကြီး မြတ်လေးနဲ့ စန္ဒယားချစ်ဆွေတို့ ခေါင်းဆောင်တဲ့ "ကေသီပန်" တူရိယာအဖွဲ့က "လိုအပ်သမျှအရာအားလုံး" ကို ဆောင်ရွက်ပေး ကြပါတယ်။ ဟိုစဉ်က နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီလများ ရောက်လာပြီဆိုရင် အဆောင်တိုင်းက "နှုတ်ဆက်ညစာစားပွဲကြီး" များ ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။ အဲဒီပွဲများဟာ "ကေသီပန်အဖွဲ့" မပါရင် ပွဲမမြောက်သလောက်ပါပဲ။
၁၉၅၆ စတုတ္ထအကြိမ်မြောက် ကျောင်းသားပွဲတော်ရဲ့ Hot Item က "ညီမလေးမာလာ" အရိပ်ပြ ပြဇာတ် (Shadow Play) ပါပဲ။ "ညီမလေးမာလာ" ရဲ့ Narrator က ကိုမြတ်လေးပါ။ "ညီမလေးမာလာပြဇာတ်" ရဲ့ "ဇာတ်သိမ်းသီချင်း" ကို သီဆိုပေးသူရဲ့ အပြောနဲ့ သရုပ်ဖော်တေး သီဆိုသူတို့ရဲ့ 'အသံ' ကြောင့်၊ စင်အောက်က ကျောင်းသူတွေ ငိုကြ၊ ကျောင်းသားတွေက 'တက်ခေါက်' မျက်ရည်ဝိုင်းကြပါတယ်။ "ဒါဟာ၊ ညီမလေးမာလာဟာ True Story လား" လို့ မေးခဲ့ကြပါတယ်။ ပဉ္စမအကြိမ် ကျောင်းသားပွဲတော်ရဲ့ Hot Item ကတော့၊ ဒါရိုက်တာနဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး မြတ်လေး စီစဉ်ညွှန်ကြားတဲ့ "ဆံမြိတ်လဲပြေ၊ ပန်းလဲကြွေ" ပြဇာတ်ပါ။ "အနောက်ယဉ်ကျေးမှုနောက် ကောက်ကောက်ပါသွားခဲ့တဲ့၊ အထက်လွှာပေါက် ကျောင်းသူတဦးရဲ့ဘ၀ ကတိမ်းကပါး ဖြစ်ရပုံ" ကို တင်ဆက်ထားတာပါ။ ကျောင်းသားပွဲတော်ရဲ့ မြင်ကွင်းများဟာ၊ ရောင်စုံပန်းတဆုပ်ကို ဖြန့်ကြဲထုတ်လိုက်သလို တဖြိုးဖြိုးတဖျပ်ဖျပ် လင်းလက်နေပါတော့တယ်။
ဆောင်းရာသီဝင်လာတာနဲ့ တပြိုင်နက် ကျောင်းမှာရှိကြတဲ့ အသင်းအဖွဲ့ပေါင်းစုံတို့ဟာ၊ ပညာသင်နှစ် တနှစ်ရဲ့ နောက်ဆုံးရက်များကို ဖြတ်သန်းဖို့၊ နှုတ်ဆက်ပွဲများ စီစဉ်ဖို့ ပျားပန်းခတ် လှုပ်ရှားလာကြပါတော့တယ်။ အဆောင်များက နှုတ်ဆက်ညစာစားပွဲများ ခင်းကျင်းဖို့၊ အကျွေးအမွေးများ စီမံစဉ်းစားကြ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့ တဖွဲ့ ရက်ချိန်းရဖို့၊ နာမည်ကြီးတဲ့ အငြိမ့်အဖွဲ့ တဖွဲ့ ရက်ချိန်းရဖို့၊ ပြေးကြလွှားကြ ရပါတယ်။ အဲဒီစဉ်က ကျောင်းသားများ အာရုံကျတဲ့ ကျား, မ အဆိုတော်များကို အလုအယက် ဖိတ်ကြားကြရပါတယ်။ အဆိုတော်ကိုသန်းလှိုင်၊ သန်းဖေလေး၊ ကိုမြကြီး၊ ကိုမိုးဝေ၊ ကိုမောင်မောင်ကြီး၊ ကိုခင်မောင်လွင်၊ စန္ဒယားချစ်ဆွေ၊ ကိုမင်းနောင်၊ ရီလေး၊ နွဲ့လေး၊ သဇင်ကြူ၊ မာမာအေး၊ ချိုပြုံး စတဲ့ အဆိုတော်များဟာ၊ အဲဒီစဉ်က ကျောင်းသူကျောင်းသားများ စွဲလန်းချစ်ခင်ကြတဲ့ အဆိုတော်များ ဖြစ်ပါတယ်။ သူတို့ဟာ ကျောင်းက ကျင်းပပြုလုပ်တဲ့ အခမ်းအနားများကို တက်ရောက်လာကြတဲ့အခါ "ငွေကြေးတစုံတရာ မယူကြပါဘူး။ ဒါကြောင့် ဖိတ်ကြတဲ့ အဖွဲ့အစည်းများက၊ ထိုက်တန်တဲ့ လက်ဆောင်ပစ္စည်းတမျိုးမျိုး ပေးကြရပါတယ်။"
ကိုမြတ်လေးရဲ့ "မစ္စ၀ီစကီ"၊ စန္ဒယားချစ်ဆွေရဲ့ "ပင်လုံထိပ်ထားဦး"၊ ကိုမောင်မောင်ကြီးရဲ့ "အမိုက်မလေးငှက်ငယ်"၊ ကိုခင်မောင်လွင်ရဲ့ "ဆောင်းဘုရင်မလေးနှင်း"၊ ကိုသန်းလှိုင်ရဲ့ "ဥဿာလှိုင်ထိပ်ထား" ကိုမြကြီးရဲ့ "မခင်နှင်းဆီ" (သီချင်းတွဲများ)၊ ကိုမင်းနောင်ရဲ့ "မောင်းမကန်ကေသီဦး"၊ သန်းဖေလေးရဲ့ "အပေါင်းသင်္ချာမင်းသမီးလေး"၊ ချိုပြုံးရဲ့ "ပန်းပိတောက်တို့ ကြွေရာမြေ" စတဲ့ ခေတ်ပေါ်တေးများ (အနှစ်၂၀ တေးများ ဖြစ်ခဲ့ကြပြီ) ဟာ အဲဒီစဉ်က "တက္ကသိုလ်ကျောင်းတိုက်ကြီး" ရဲ့ လွမ်းမောဖွယ် ပုံရိပ်များကို ကနေ့အထိ သယ်ဆောင်ပေးနေကြဆဲပါ။
နွေကြွေရွက်များကို တွေ့ရရင်၊ ဥသြတွန်သံတွေကို ကြားရရင်၊ ကံ့ကော်တွေ၊ ငုတွေ၊ ပိတောက်တွေ၊ နွေဦးရဲ့ လက်ပံတွေ၊ မိုးဦးရဲ့ စိန်ပန်းနီနီတွေ၊ ဇွန်မိုးပိတောက်တွေကို မြင်ရရင်၊ အလွမ်းတွေ၊ အပျော်တွေ၊ အချစ်တွေ၊ အမုန်းတွေ၊ အကြင်နာတွေ၊ ဆုံးရှုံးမှုတွေ၊ မျှော်လင့်ခြင်းတွေကို "ဒီနေရာက ပေးခဲ့ပြီ၊ ဒီနေရာက မွေးခဲ့ပြီ" လို့ တမ်းတရဆဲ၊ ခံစားရဆဲ၊ လွမ်းမောရဆဲ၊ အတိတ်ရက်စွဲတွေ။
ဥာဏ်မောင်ချစ်
(၂၀-၁၂-၂၀၀၈)
{စတိုင်သစ်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။}

ရွှေမန်းအာဇာနည် (၁၇) ဦး
ရေးသူ- ရွှေကိုင်းသား
တပို့တွဲလဆုတ် (၇) ရက်၊ ဤနေ့သည်ကား လွတ်လပ်ရေးအတွက် နယ်ချဲ့သမား၏ လက်ပါးစေများ လက်ချက်ဖြင့် သွေးမြေကျကာ အသက်ပေးသွားကြသော ရွှေမန်းအာဇာနည် (၁၇) ဦးတို့၏ တဆယ့်နှစ် နှစ်မြောက် နေ့ပေတည်း။
အချိန်ကား ဗမာ့နိုင်ငံရေးရာဇ၀င်တွင် လှုပ်ရှားထကြွဆုံး အချိန်ဟု ဆိုရမည့် ၁၃၀၀ ပြည့်နှစ်ခါဖြစ်၍ အရေးတော်ပုံများ တခုပြီးတခု ဆက်ခါ ဆက်ခါ ပေါ်ပေါက်ပြီး၊ ရန်ကုန်တွင် ကျောင်းသူကျောင်းသားပေါင်း (၂၀၀) ကျော် ဒဏ်ရာရ၍ ကိုအောင်ကျော် သေဆုံးရသည့် အခြေသို့ပင် တိုင်ခဲ့လေသည်။
ဤနိုင်ငံရေးဂယက်သည် မန္တလေးမြို့ကြီးသို့လည်း လာ၍ ထိခိုက်လေရကား၊ အတော်အတန် အေးချမ်း ငြိမ်သက်လျက် ရှိနေသော မန္တလေးမြို့ကြီးမှာလည်း ဓာတ်စက်ရုံ ဓာတ်ရထားနှင့် အင်္ဂလိပ်အလုပ်တိုက်များကို ပိတ်၍ ဘူတာရုံနှင့် ဂတ် စသည်များကို အစောင့်စစ်တပ်များ ချထားပြီး နန်းတော်ကြီးအတွင်းသို့ မြန်မာများ မ၀င်စေရဟူသော စီမံချက်တို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပေသည်။
ဤအတွင်း တပို့တွဲလဆုတ် (၆)ရက်နေ့က အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် ရဟန်းပျိုအဖွဲ့ချုပ်ဥက္ကဌ ဆရာတော်ဦးကလျာဏက သဘာပတိအဖြစ်၊ အမျိုးသားကျောင်းဆရာ ဦးထွန်းမောင်က အကျိုးဆောင်အဖြစ် ဆောင်ရွက်၍ ကျောင်းသားမိဘများနှင့် မြို့လုံးကျွတ်အစည်းအဝေးကြီး ကျင်းပရာ ရဟန်းရှင်လူ နှစ်သောင်းကျော် တက်ရောက်ကြပေသည်။
ထိုအစည်းအဝေးကြီးက (၁) ဘာသာရေးကိစ္စ (၂) ကျောင်းသားလွှတ်တော်ကို ထောက်ခံခြင်း (၃) အုပ်ချုပ်ရေးတိုက်ဖျက်ရန် (၄) မြန်မာဖြစ် အားပေးရန်နှင့် (၅) ဤမြို့လုံးကျွတ်အစည်းအဝေးကြီး အပြီးတွင် စည်းကမ်းသေ၀ပ်စွာ လမ်းလျှောက်ကြရန် အဆိုများတင်သွင်းပြီး၊ ထောက်ခံဆုံးဖြတ်ချက်များ ချမှတ်ခဲ့လေသည်။ အဆိုတရပ်ဖြစ်သော စီတန်းလမ်းလျှောက်ရန်မှာ အချိန်မရတော့သဖြင့် နောက်တနေ့ (တပို့တွဲလဆုတ် (၇) ရက်နေ့) (၁၁) နာရီ အချိန်သို့ ရွှေ့ ဆိုင်းလိုက်ရပေရာ၊ ဤဆုံးဖြတ်ချက်သည် အာဇာနည် (၁၇)ဦးတို့အတွက် သေနေ့ကို ကန့်သတ်ပေးဘိသကဲ့သို့ ဖြစ်နေသည်ကို နောက်မှ သိရပေတော့သည်။
၁၃၀၀- ပြည့် တပို့တွဲလဆုတ် (၇)ရက် (၁၁-၂-၃၉) နေ့တွင်ကား မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂ ကျောင်းသားများ၏ လွှတ်တော်မှ ဒီဇင်ဘာ (၃၁) ရက်နေ့က ပြဌာန်းချမှတ်ခဲ့ပြီး ဖြစ်သည့် ဆုံးဖြတ်ချက်များကို အိမ်တော်ရာ အစည်းအဝေးကြီးက ထောက်ခံဆုံးဖြတ်ချက်အရ လက်နက်မပါ စည်းကမ်းသေ၀ပ်စွာ စီတန်းလမ်းလျှောက်ကြရန် အိမ်တော်ရာဘုရားအတွင်းသို့ အဖွဲ့အသင်း အသီးသီးတို့သည် ခပ်စောစောအချိန် ကပင် ရောက်ရှိလာကြရာ ထိုရောက်ရှိလာကြသော ပရိသတ် နှစ်သိန်းကျော်တို့ကို ရဟန်းတော်များက ရှေ့ဆောင်ပြီး (၂၆) ဘီလမ်းအတိုင်း၊ ချီတက်ခဲ့ကြပေသည်။
စီတန်းလမ်းလျှောက်လာသူတို့၏ တပ်ဦးသည် ၂၆ ဘီလမ်း၊ ကြေးနန်းရုံးပေါက်သို့ ရောက်သောအခါ ကျုံးထိပ်ရှိ စစ်တပ်နှင့်ပုလိပ်တို့ကို ရင်ဆိုင်မိတော့သည်။ ပုလိပ်များ ထက်၌ အရေးပိုင် မစ္စတာလက်၊ ရာဇတ်ကြီး မစ္စတာရိန်းနှင့် လက်အောက် အင်စပက်တော် ရာဇ၀တ်များ ပါရှိ၍ ပုလိပ်များနောက်မှ လက်နက်ကိုင် ဘားမားရိုင်ဖယ်စစ်သားများ အသင့်ရှိနေကြပေသည်။
အချိန်ကား နေ့ခင်း နာရီအချိန်ခန့်၊ ထိုအခါ အရေးပိုင်သည် ရှေ့မတိုးနှင့် ပြန်ကြဟု စုံထောက်မစ္စတာ ဒေးဗစ်အား (၃) ကြိမ် ပြောစေ၏။ ရှေ့ဆုံးမှ ဗိုလ်အဖြစ် လိုက်ပါလာသော ရဟန်းတော်များက ကျုပ်တို့မှာ လက်နက် ဘာမျှမပါ we are armless ဟု အချို့ ရဟန်းတော် (၂)ပါးက အော်ပြောသေး၏။ အရေးပိုင်က သေနတ်နှင့် ပစ်မည်ဟု ပြောပြန်၏။ ထိုအခါ ရဟန်းတော်များက ငါတို့ ရှေ့သို့မတိုး၊ ဥက္ကဌအမိန့်ကို ဤနေရာမှ ရပ်၍ စောင့်နေသည်ဟု ပြန်ပြောကြသည်။ ဥက္ကဌမှာ ထိုအချိန်က အိမ်တော်ရာမှာ ရှိနေသေးသည်။
သို့နှင့်ပင် အရေးပိုင်မှာ နောက်သို့ပြန်လှည့်သွားပြီး ရှေ့တန်းရှိပုလိပ်များကို ရုပ်သိမ်းလိုက်၍ ဘားမားရိုင်ဖယ် စစ်သားများကို ရှေ့သို့ တိုးစေခဲ့ပြီးလျှင် စစ်ခရာသံ (၂)ချက်မှုတ်၍ အချက်ပေးလိုက်ခြင်းအားဖြင့် အသနား အညှာတာ ကင်းမဲ့လှစွာသော စစ်သားများ၏ သေနတ်ပြောင်းဝများမှ ကျည်ဆံများသည် တပြိုင်တည်းလိုလို ထွက်ပေါ်လာပြီးလျှင် စည်းကမ်းသေ၀ပ်စွာနှင့် ရပ်တန့်၍ ဥက္ကဌအမိန့်ကို စောင့်မျှော်လျှက် ရှိကြသော ရှေ့တန်းမှ ရဟန်းတော် (၆) ပါးတို့ကို နေရာတွင် ခွေကြသွားစေတော့သည်။
ရှေ့ဆုံးမှ (၂) ပါးတတွဲ၊ အလယ်မှ (၂) တတွဲနှင့် နောက်ဆုံးမှ တပါးစီ လဲနေကြကြောင်း၊ ထိုအခါက အလယ်က ကိုယ်တော်နှစ်ပါး၏ နေရာ၌ အလံမှာ မလဲကျဘဲ မတ်မတ်ကြီး ထူထားသော ဟူ၏။ တကယ့်အာဇာနည်ပါပေ။
လက်နက်ကိုင်တို့ကား ထိုမျှနှင့် မရပ်ကြသေးဘဲ ၂၆ ဘီလမ်းတလျှောက် ချီတက်လာကြပြီးလျှင်၊ ရိုးကုမ္ပဏီတိုက် အနီးထိ လိုက်လံပစ်ခတ်ကြသောကြောင့် ဗိုလ် (၁၇) ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိကြ လေသည်။
အာဇာနည် (၁၇) ဦးတို့၏ ဈာပနကိစ္စကိုကား တပို့တွဲ လကွယ်နေ့တွင် မြို့နယ်နှင့်ချီ၍ တခမ်းတနား သင်္ဂြိုဟ်ချီးမြှင့် လိုက်ကြရသော်လည်း မြို့သူမြိုသားတို့၏ စိတ်တွင်ကား တွေးလေတွေးလေ ဆွေးမပြေအောင် ဖြစ်ရဘိ၍ ထိုအကြောင်းကို မမေ့နိုင်အောင် ရှိလေတော့သည်။
ဤမန္တလေး အရေးတော်ပုံတွင် အကြမ်းစစ်ပွဲ၊ အနုစစ်ပွဲ ယှဉ်တွဲပြိုင်ဆိုင်၍ သူနိုင် ငါနိုင် အချက်ပိုင်ပိုင် နှစ်ဦးရင်ဆိုင်တိုက်ခိုက်ကြရာတွင် သူတို့သည် အကြမ်းနည်းဖြင့် အောင်မြင်ကြကုန်၍ ငါတို့လည်း အနုနည်းဖြင့် သူတို့ကို အပြတ်အသတ် နလံမထူ အလံမပြူနိုင်အောင် ပြုလိုက်ကြကုန်၏ ဟူ၍ ရဟန်းပျိုများ၏ အဖွဲ့ချုပ်ကြီး ဥက္ကဌဆရာတော် ဦးကလျာဏ အမိန့်ရှိသကဲ့သို့ ကမ္ဘာတွင် ယဉ်ကျေးပါသည်ဟု အသားယူနေကြသော ဗြိတိသျှအစိုးရတို့ကို ရွှေမန်းလူထုကြီးက အနုနည်းဖြင့် အနိုင်ယူလိုက်နိုင်ပေသည်။
အာဇာနည် (၁၇) တို့၏ ချီးကျူးပွဲကို ၁၃၀၉ - ခု၊ တပေါင်းလဆုတ် (၇) ရက် (၁-၂- ၄၈) နေ့က (၁၁) ကြိမ်မြောက်နှင့် နောက်ဆုံးချီးကျူးပွဲတရပ်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့လေပြီ။ ဤဘက်နှစ် များတွင်ကား နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသည့်အတိုင်း လာမည့် မတ်လ (၂၈) ရက်နေ့ ရောက်မှသာ နိုင်ငံတော်၏ အာဇာနည်နေ့အဖြစ်ဖြင့် တပေါင်းတည်း ပြုလုပ်ရပေတော့မည်။
ရွှေကိုင်းသား။
(ရွှေမန်းအောင်စည်သတင်းစာ၊ ၁၃၁၁ ခု၊ တပို့တွဲလဆုတ် ၇ ရက် မှ)
[မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ မေလ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါသည်။
ရာပြည့်ခေတ်မန္တလေး၊ ကျွန်တော်တို့မန္တလေး၊ မြန်မာတို့ရဲ့မန္တလေး
ရေးသူ- လူထုစိန်ဝင်း
မန္တလေးမြို့တည် နန်းတည် နှစ် (၁၅၀) အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ဖို့ စိုင်းပြင်းနေကြတာ တွေကို ကြားရ ဖတ်ရတော့ ကောလိပ်ကျောင်းသား ပေါက်စဘ၀နဲ့ ကြုံခဲ့ရ၊ ပါဝင်ဆင်နွှဲခဲ့ရတဲ့ 'မန်းရာပြည့်ပွဲတော်ကြီး' ကို ပြေးပြီး သတိရလိုက်မိတယ်။ ဘာလိုလိုနဲ့ နှစ်ပေါင်း (၅၀) တောင် ကြာခဲ့ပါပကော လား။ တွေးကြည့်လိုက်တော့ မနေ့တနေ့ကလိုပဲ အောက်မေ့နေသေးတယ်။ သက်ကြီးရွယ်အိုများဆိုတာ ပစ္စုပ္ပန်မှာ လှုပ်ရှားသက်ဝင်မှု မရှိသလို၊ အနာဂတ်ဆိုတာလည်း ကိုယ်နဲ့ မဆိုင်တော့ဘူး။ နောင်လာနောက်သား တွေအတွက် သက်သက်ပဲလို့ သဘောထားနေကြတာ ဖြစ်လေတော့ အတိတ်ကိုသာ တမ်းတမ်းတတ ဖြစ်တတ်ကြတာ သဘာဝပဲလေ။
ဗိုလ်ချဉ်ပေါင်ရဲ့မန္တလေး
ဒုက္ခိတဘ၀နဲ့ သွားသွားလာလာ မလုပ်နိုင်သူဆိုတော့ ပိုဆိုးတယ်ထင်တယ်။ မန္တလေးလို့ ဆိုလိုက်တာနဲ့ ဧရာမ အထပ်မြင့်တိုက်ကြီးတွေ၊ ရှော့ပင်းမောကြီးတွေ၊ နိုင်ငံခြားသားတွေသာ တတ်နိုင်တဲ့ ဟိုတယ်ကြီးတွေနဲ့၊ မျက်စိကျိန်းလောက်အောင် တဖိတ်ဖိတ်တလက်လက် တောက်ပနေတဲ့ ရွှေဆိုင်၊ စိန်ဆိုင်ကြီးတွေ ၀င့်ကြွား ထည်ဝါနေတဲ့ လက်ရှိ မန္တလေးကို မျက်စိထဲမှာ မမြင်ဘဲ၊ ရုပ်ရှင်ကြော်ငြာ ပိုစတာကပ်ထားတဲ့ ဆိုင်းဘုတ်ကို ထမ်းပြီး၊ လက်ကဆွဲလာတဲ့ မောင်းကို တဒူဒူထုရင်း "နာဂင်" ဆိုတဲ့ ကုလားကားကို "နာဂသူဇာ" ဇာတ်ကားကြီးလို့ တကြော်ကြော်အော်ပြီး ကြော်ငြာမောင်းခတ်တဲ့ မန္တလေး။ မြင်းလှည်းဘေး တဖက်တချက်မှာ "ယနေ့ ဗထူးကွင်း၊ မြို့မနဲ့တက္ကသိုလ်" ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ဘောလုံးပွဲသတင်း ကြေညာပေးတဲ့ မန္တလေး။
"အမေပြောတော့အမောပြေ၊ အီချင်ပြိတ်တော့ အိပ်ချင်ပြေ၊ အငေပြိုက်တော့ အငိုက်ပြေ" အစချီပြီး အဆုံးသတ်ကျတော့မှ၊ "တာဝတိံသာ သီးသီးသုတ်" လို့ အော်လေ့ရှိတဲ့၊ တာဝတိံသာ ဆိုရာမှာ ရိုးရိုးမဆိုဘဲ "တိံ" ဆိုတဲ့ နေရာရောက်တော့ လျှာလိပ်သံကို အရှည်ကြီး အသက်တရှိုက်ဆုံးတဲ့အထိ အော်ဆိုတတ်တဲ့၊ ၀ယ်သူရှိလို့ ခေါင်းပေါ်ရွက်လာတဲ့ ဇာတ်ရုံထဲက ဖျာတချပ်စာလောက် မကတဲ့ ကြွေရည်သုတ် ဇလုံအဖြူကြီးကို ချပြီး ရောင်းတဲ့အခါမှ ခါးကြားညှပ်ထားတဲ့ အလိပ် (၂၀) ၀င် ငါးသုံးလုံးစီးကရက် သံဘူးပြားထဲက စီးကရက်ထုတ် ထုတ်ပြီး သောက်တတ်တဲ့ သီးသီးသုတ်သည်ကြီးရှိတဲ့ မန္တလေး။ သူလိုပဲ အဲဒီခေတ် မန္တလေးရဲ့ ပြယုဂ် (symbol) တခုအဖြစ် ရှိနေတဲ့၊ ဘောင်းဘီရှည်အပြဲနဲ့ အင်္ကျီစုတ်ကြီးဝတ်၊ လက်ထဲက ပိန်ရှုံ့နေတဲ့ ဒန်ပန်းကန်ပြားကြီး တချပ်နဲ့ ကြွေရည်မရှိတော့တဲ့ မတ်ခွက်ကိုင်စွဲပြီး လက်ဖက်ရည်ဆိုင်တွေမှာ ပိုက်ဆံတမူးပေးပြီး လက်ဖက်ရည် ၀ယ်သောက်လေ့ရှိတဲ့၊ ကလေးတွေက စလိုက်တာနဲ့ ပါးစပ်က တဒိုင်းဒိုင်း အော်ရင်း လက်ထဲက ဒန်ပန်းကန်ပြားကြီးနဲ့ ကတ္တရာလမ်းမကို မနားတမ်း ရိုက်လေ့ရှိတဲ့ အရူးကြီး "ဗိုလ်ချဉ်ပေါင်" ရှိတဲ့ မန္တလေး။ ညဖက် စက်ဘီးနဲ့ လမ်းထွက်ရင် အဲဒီခေတ်က ကိုးဆယ်တရာမက ရှိတဲ့ အငြိမ့်နဲ့ ဇာတ်ဖွဲ့တွေကို မနည်းကြီး ရှောင်ကွင်း သွားရတဲ့ မန္တလေး။ နာရီစင်ကနေ ဈေးချိုတော်ဆုံးတဲ့ သံဖြူတန်းထိ အသွားလမ်း အပြန်လမ်း တဖက်တချက်စီမှာ ပဒေသာပင်တန်းတွေ လေးတန်းတောင် တန်းရတဲ့ ခြိမ့်ခြိမ့်သဲ ကထိန်ပွဲကြီးတွေ ကျင်းပလေ့ရှိတဲ့ မန္တလေး။ အဲဒီမန္တလေး၊ အနှီမန္တလေး၊ ဟိုတုန်းကမန္တလေးကိုပဲ ပြေးပြေး မြင်မိတယ်။
ဝါ၀ါဝင်းရဲ့မန္တလေး
အဲဒီလို မြင်မြင်နေတာကြောင့်ပဲ လွန်ခဲ့တဲ့ လေးငါးနှစ်က မန္တလေးရောက်သွားတော့ မန္တလေးသားတွေကို အားနာစရာကောင်းလှအောင် ဒုက္ခတွေ ပေးခဲ့မိတယ်။ ရောက်သွားတဲ့ အချိန်က တဆောင်မုန်းလကြီး ဆိုတော့ ငယ်ဘ၀ကို သတိရပြီး "ပွဲဈေးတန်းသွားချင်လိုက်တာ" လို့ အမှတ်မထင် ပြောလိုက်မိတယ်။ အဲဒီတော့ ဧည့်ဝတ်အင်မတန်ကျေကြတဲ့ မန္တလေးသား စာရေးဆရာများက ဟိုင်းလပ်ကားတစင်းအပြည့် လိုက်လာကြပြီး ပွဲဈေးတန်း လိုက်ရှာကြတယ်။ အံ့သြစရာလည်းကောင်း၊ ၀မ်းနည်းစရာလည်းကောင်းတဲ့ အချက်ကတော့ တန်ဆောင်မုန်းလ မန္တလေးရဲ့ ညမှာ မြို့လုံးပတ်လည် လိုက်ရှာတာတောင် ပွဲခင်းတခု၊ ပွဲဈေးတန်းတခု မတွေ့ရတာ ဖြစ်တယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုတာက မန္တလေးနဲ့ အညာဒေသတခုလုံးရဲ့ ပွဲတော်ချိန်မဟုတ်လား။ ဘုရားပွဲ၊ ကထိန်ပွဲ တခုဖြစ်တာနဲ့ အငြိမ့်နှစ်ပွဲလောက်နဲ့ ဇာတ်ပွဲတခုကတော့ အနည်းဆုံး ပါကြတာ။ တချို့ ရပ်ကွက်များဆို လေးဖက်လေးတန်မှာ အငြိမ့်လေးခုလောက်ထည့်ပြီး ဇာတ်အပြင် ရုပ်သေးပွဲတောင် ပါတတ် သေးတာ။ အဲဒီတော့ ပွဲဈေးတန်းကြီးဆိုတာ ဟီးထနေတာပေါ့။ ချမ်းချမ်းစီးစီးနဲ့ ပါးစပ်ထဲကတောင် အငွေ့တထောင်းထောင်း ထွက်နေတဲ့ အချိန်မှာ "၀ါဝါ၀င်း အကြော်ဆိုင်" မှာ ထိုင်ပြီး၊ ချွေတာရေး မုန့်ပြားသလက် (ရေမုန့်) နဲ့ ဘူးသီးကြော်၊ ဘယာကြော်၊ ပဲစိမ်းကြော်တွေကို နံနံပင်တထွေးကြီးနဲ့ ရေနွေးပူပူ မှုတ်သောက်ရင်း စားရတဲ့ အရသာဟာ၊ ဘာနဲ့မှကို မလဲနိုင်တဲ့ အရသာမျိုးပါ။ ခုတော့ စိတ်မှန်းနဲ့ပဲ လွမ်းရတော့မှာပလေ။ ခေတ်တွေက ပြောင်းနေပြီကိုး။
ရာပြည့်ရဲ့မန္တလေး
ဟိုတုန်းက ရာပြည့်ပွဲတော်ကြီး ကျင်းပတော့ မန္တလေးတက္ကသိုလ်ရောက်စပဲ ရှိသေးတယ်။ မြူးထူး တက်ကြွပြီး ကဲလို့ကောင်းတုန်းပေါ့။ ကဲလို့ ကောင်းတုန်း ရွယ်တူတန်းတူ သူငယ်ချင်းတသိုက် စုပေါင်းပြီး ရာပြည့်ပွဲတော်ကြီးကို အမှတ်တရဖြစ်အောင် ပါဝင်ဆင်နွှဲကြတယ်။ အဲဒီနှစ် သင်္ကြန်ပွဲတော်မှာ သူငယ်ချင်းတစုက ဂျစ်ကားတစင်းရဲ့ရှေ့မှာ ရော့ခ်သီချင်း သီဆိုကခုန်နေတဲ့ မင်းသား (Pat Boone) ရဲ့ အမည်းရောင် ကောက်ကြောင်းပုံ နောက်ခံနဲ့ (Loving You) ဆိုတဲ့ စာတန်းရေးထားတဲ့ ဆန်ကောဝိုင်း ချိတ်ပြီး ရေပက်ခံထွက်ကြတယ်။ အဲဒီခေတ်ကတော့ လူကြီးတွေ တော်တော် မျက်စိနောက်ခဲ့ကြမှာပေါ့။ သင်္ကြန်ပြီးသွား တော့လည်း ပိုးက တော်တော်နဲ့ သေမသွားဘဲ သူငယ်ချင်းတစု တပူးတွဲတွဲ ရှိနေခဲ့ကြတယ်။ အဲဒီအချိန်မှာ မန်းရာပြည့်ပွဲတော်ကြီး ကျင်းပမယ်ဆိုတော့ တခုခု အမှတ်တရဖြစ်အောင် လုပ်ချင်ကြတယ်။ အကြိမ်ကြိမ် အထပ်ထပ် စဉ်းစားတိုင်ပင်ပြီးတဲ့အခါကျတော့၊ အမှတ်တရ လွယ်အိပ်လုပ်ရောင်းဖို့ ရွေးချယ်ခဲ့ကြတယ်။ လွယ်အိပ်ကို မန်းရာပြည့်အထိမ်းအမှတ် ဆိုတာနဲ့အညီ မြန်မာဆန်ဆန်ဖြစ်အောင် လုပ်ချင်တာကြောင့် အဲဒီအချိန်က မြန်မာမှုပန်းချီနဲ့ နာမည်ကြီးစ ပန်းချီကိုအေးမြင့်ကို အကြံဥာဏ်တောင်းကြတယ်။ ကိုအေးမြင့်က မြန်မာဆန်ဆန် လှပတဲ့ လွယ်အိပ်ဒီဇိုင်းလေးတခု ရေးပေးခဲ့တယ်။ လွယ်အိပ်ကိုယ်ထည် နှစ်ဖက်စလုံးမှာ နန်းတော်မုခ်ဦး ပြသဒ်ပုံကို အပြာနုရောင်နောက်ခံထားရေးဆွဲပြီး လွယ်အိပ်ကြိုးကိုတော့ လှပတဲ့ ကနုတ်ပန်း တွေနဲ့ နက်ပြာရောင် လုပ်ထားတယ်။ လွယ်အိပ်ကိုယ်ထည်နဲ့ ကြိုးအဆက်နေရာမှာ စက်ဝိုင်းထဲက ပြသဒ်ပုံလေးတွေ အထက်အောက် (၄) ပုံစီ ထည့်ထားတယ်။ ကြည့်လိုက်တာနဲ့ ကိုင်မကြည့်ဘဲ မနေနိုင်လောက် အောင် လှတဲ့ လွယ်အိတ်ကလေးဖြစ်တယ်။
လူငယ်တွေရဲ့မန္တလေး
လွယ်အိတ်ဒီဇိုင်း စိတ်ကြိုက်ရပြီဆိုတာနဲ့ ရွှေကျီးမြင်ဘုရားနားက ကျားဘငြိမ်းရဲ့ ညီတော်စပ်သူဖြစ်တဲ့ ကိုတိုးရဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်းမှာ ဇင်ပိတ်အုပ်တွေ ၀ယ်ပေးပြီး အလုပ်အပ်ကြတယ်။ မန်းရာပြည့်ကွင်းကြီး ထဲမှာလဲ ဆိုင်ခန်းတခန်း ယူထားလိုက်ကြတယ်။ ပွဲတော်ရက်က သိပ်နီးကပ်နေပြီဖြစ်တော့ နေ့စဉ် လွယ်အိပ်များများကျစေဖို့အတွက် ကိုတိုးရဲ့ ဆေးဆိုးပန်းရိုက်အလုပ်ရုံမှာ သူငယ်ချင်းတွေ တယောက်မကျန် တနေ့လုံးသွားပြီး ကူလုပ်ကြရတယ်။ ဆေးဆိုးပန်းရိုက် အလုပ်တွေတော့ ဘယ်ဝင်လုပ်တတ်မှာလဲ။ ဆေးဆိုးပန်းရိုက်ပြီးတဲ့ အထည်တွေကို အင်တုံကြီးထဲထည့်ပြီး လျှော်ရညှစ်ရ အခြောက်လှန်းရတဲ့ အလုပ်တွေကို ၀ိုင်းလုပ်ကြရတာ။ ကျောင်းတက်၊ စာကျက်၊ ဘောလုံးကစား၊ ၀င်းလိုက်ရုံမှာ ပြသမျှ အင်္ဂလိပ်ကားတွေ မလွတ်တမ်းကြည့်ဆိုတဲ့ အလုပ်မျိုးကလွဲပြီး တခြားဘာအလုပ်မှ မလုပ်ဖူးတဲ့ ကောလိပ်ကျောင်းသားတွေ ဖြစ်ကြလေတော့ လက်တွေဆေးစားလို့ ပေါက်ကြပြဲကြ ဖြစ်ကြတာပေါ့။ တနေ့လုံး နေပူကြီးထဲမှာ လုပ်ရတော့ ပင်လည်း ပင်ပန်းကြတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်လို့ လုပ်ကြတဲ့ အလုပ်ဖြစ်တော့ မညည်းမညူ ပျော်ပျော်ပါးပါး သီချင်းတကြော်ကြော်နဲ့ လုပ်ခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့မန္တလေး
ဆေးဆိုးပန်းရိုက်က နေ့စဉ်ပြီးသမျှ အထည်တွေကို လွယ်အိတ်အဖြစ် ရောက်အောင်ချုပ်ဖို့အတွက် စက်ဆိုင်ကို ပို့ပေးရပြန်တယ်။ စက်ဆိုင်ကချုပ်ပြီး လွယ်အိတ်တွေကို သူငယ်ချင်းတွေ တယောက်တလှည့် မီးပူတိုက်ရပြန်တယ်။ ပွဲတော်စဖွင့်တဲ့နေ့ မနက်ပိုင်းရောက်မှ ရာပြည့်ကွင်းထဲက ယူထားတဲ့ ဆိုင်ခန်းကို မွမ်းမံနိုင်ကြပါတော့တယ်။ သူများဆိုင်ကြီးတွေလို တခမ်းတနား လှလှပပတွေ ဘယ်လုပ်နိုင်မှာလဲ။ အဖြစ်လောက်ပြင်ဆင်ပြီး တဆိုင်လုံးပြည့် လွယ်အိတ်တွေကို ချိတ်ထားလိုက်ကြတာပါပဲ။ စဖွင့်တဲ့နေ့ ညနေ (၆) နာရီလောက်မှာ လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေပြီ။ လော်စပီကာနဲ့ တယောက်က လွယ်အိတ်တလုံး ခြောက်ကျပ်၊ ခြောက်ကျပ် နဲ့ အော်ရောင်းနေတဲ့ ဆိုင်ရှေ့မှာလည်း လူတွေ ၀ိုင်းနေကြပြီ။ မမျှော်လင့်ဘဲ လွယ်အိတ်တွေ ရောင်းကောင်းလိုက်တာ လက်မလည်နိုင်အောင်ပါပဲ။ တယောက်မှလည်း အငြိမ်မနေရဘူး။ ညနေ (၆) နာရီလောက် စရောင်းလိုက်တာ ည (၁၀) ထိုးခါနီးမှပဲ လူစဲသွားတော့တယ်။ အဲဒီအချိန်ကျတော့ လူတွေ အားလုံးက ပွဲခင်းတွေထဲ ရောက်ကုန်ကြပြီ။
မေလှမြိုင်ရဲ့မန္တလေး
အင်မတန်ကျယ်တဲ့ ရာပြည်ကွင်းကြီးတခုလုံးမှာ ဈေးဆိုင်ခန်းတွေနဲ့ အပြည့်ပါပဲ။ ပုဂ္ဂလိက အရောင်းဆိုင်ခန်းတွေအပြင် အစိုးရဌာနဆိုင်ရာ ပြခန်းတွေကလည်း မနည်းပါဘူး။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲ တွေကလည်း ခြိမ့်ခြိမ့်သဲနေပါတယ်။ အဲဒီအချိန်က ရန်နိုင်စိန်-မေလှမြိုင် တို့ရဲ့ အစိုးရပြဇာတ်အဖွဲ့က လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့အချိန်ဆိုတော့ ညဦးပိုင်းမှာတော့ အဲဒီပွဲခင်းမှာ လူတွေ ကြိတ်ကြိတ်တိုး နေကြတယ်။ သူတို့က သန်းခေါင်ကျော်လောက် ပွဲသိမ်းတာကြောင့် သူတို့ပွဲပြီးမှ တခြားဇာတ်ရုံဘက် ကူးသွားကြတော့တယ်။ ဘားမားစတိတ်တို့၊ လန်ဒန်ဂိုးဖလိပ်တို့လို စီးကရက်ကုမ္ပဏီကြီးတွေရဲ့ ပြခန်းတွေမှာ ရန်ကုန်က နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုကျော်တွေ ညစဉ်ဖျော်ဖြေကြတာကြောင့် တိုးမပေါက်အောင်ကို စည်ကားလှပါတယ်။ ကချင်မနောပွဲကို ကိုယ်တိုင်ပါဝင် ကဖူးတာ ရာပြည့်ပွဲမှာပဲ ဆိုတာလည်း ကောင်းကောင်းမှတ်မိနေတယ်။ မနောကွင်းအတွင်း ၀င်ခွင့်လက်မှတ်ဝယ်ရင် ဘယ်သူမဆို ၀င်ကလို့ ရပါတယ်။ အဲဒီအချိန်က မနောအကဆိုတာ အထူးအဆန်းသဖွယ် ဖြစ်နေလေတော့ မနောကွင်းမှာလည်း လူတွေ စည်နေတာပါပဲ။
ပီတိများရဲ့မန္တလေး
ပျော်စရာတွေ ပေါလှပေမယ့် လွယ်အိတ်အဖွဲ့သားများတော့ စိတ်လွတ်ကိုယ်လွတ် မပျော်အားပါဘူး။ လွယ်အိတ်တွေက လက်မလည်အောင် ရောင်းရလေတော့ ၀ယ်လိုအားကို ထုတ်လုပ်အားက အမှီမလိုက် နိုင်ပါဘူး။ ဒီတော့ တဖွဲ့လုံးနေ့ခင်းမှာ ထုတ်လုပ်ရေးအတွက် လုပ်အားပေးကြရတာကြောင့် နေ့ခင်းမှာ ဆိုင်မဖွင့်နိုင်ကြပါဘူး။ ညနေ (၆)နာရီမှ စပြီး ဆိုင်ဖွင့်နိုင်ပါတယ်။ ဆိုင်ဖွင့်တာနဲ့ စောင့်နေတဲ့ လူအုပ်ကြီးက အတင်းတိုးဝှေ့ ၀ယ်ကြလေတော့ တနာရီလောက် ရောင်းလိုက်တာနဲ့ တနေ့တာ ထုတ်လုပ်နိုင်သမျှ လက်ကျန် မရှိတော့အောင် ကုန်သွားတော့တာပါ။ ဒါလောက်ရောင်းကောင်းတဲ့ လွယ်အိတ်တွေ ထုတ်လုပ်ရောင်းချကြတာ တော်တော်တွက်သားကိုက်မှာပဲလို့ လူတိုင်းထင်ကြတယ်။ ပွဲပြီးလို့ စာရင်းချုပ်လိုက်တော့ လည်ချောင်းတွေနာပြီး အသံမထွက်တော့တဲ့သူနဲ့၊ မျက်စိနာလို့ အပြင်မထွက်နိုင်တဲ့သူနဲ့၊ ဖျားလို့ဆေးရုံတင်လိုက်ရသူနဲ့ ပြီးတော့ အချိုးကျ စိုက်ငွေ ထပ်ထည့်ကြရတာနဲ့ပဲ ပျော်ရွှင်ကျေနပ်လိုက်ကြရပါတော့တယ်။ ကျောင်းသားလေးတွေပဲ၊ စီးပွါးရေးအကြောင်း ဘာသိတာမှတ်လို့။ အပျော်တမ်းသဘော လုပ်ကြတာ ဖြစ်လေတော့ သူတို့လွယ်အိတ် တွေကို လွယ်လွယ်လာကြတာတွေ့ရင်ပဲ ၀မ်းသာပီတိ ဖြစ်နေကြတာလေ။
သူငယ်ချင်းတွေရဲ့မန္တလေး
အခုတော့ နှစ်ပေါင်း (၅၀) ကြာခဲ့ပြီ။ သူငယ်ချင်းတွေ အားလုံးလည်း ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်တွေ ဖြစ်ကုန်ကြပြီ။ အားလုံးလိုလို မန္တလေးမှာ ရှိနေကြသေးတယ်။ တယောက်နဲ့တယောက် မတွေ့ဖြစ်ကြတော့ပေမယ့် တယောက်သတင်းကိုတယောက် နားစွင့်နေကြတာကြောင့်စိမ်းတော့မသွားကြဘူး။ ဘာပဲဖြစ်ဖြစ် ခုခေတ်မန္တလေးမှာ ဟိုတုန်းက သူငယ်ချင်းတွေ ရှိနေကြသေးလေတော့ မန္တလေးနဲ့ တစိမ်းပြင်ပြင် ဖြစ်မသွားလို့ ၀မ်းသာမိတယ်။ မန္တလေးနဲ့ ဝေးကွာခဲ့ရတာက နှစ်ပေါင်း (၅၀)နားတောင် ကပ်နေလေပြီ။
မြန်မာတို့ရဲ့မန္တလေး
နှစ်ငါးဆယ်နီးပါး ဝေးကွာခဲ့ရပြီ ဖြစ်ပေမယ့် မန္တလေးကိုတော့ ဘယ်မေ့မှာလဲ။ မန္တလေးကို မေ့နိုင်တဲ့ မန္တလေးသားဆိုတာ ရှိနိုင်ပါ့မလား။ မန္တလေးဆိုတာ မြန်မာလူမျိုး၊ မြန်မာစကား၊ မြန်မာစာပေ၊ မြန်မာလူ့အဖွဲ့အစည်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ရဲ့ ဘူမိနက်သန်ပဲလေ။ ရှေးတုန်းကများ မန္တလေးကို မရောက်ဖူးရင်၊ ဘယ်အငြိမ့်သမား၊ ဇာတ်သမားမှ သဘင်ပညာစုံပြီလို့ မယူဆကြဘူး။ သဘင့်တက္ကသိုလ်လို့ တောင် တင်စားခဲ့ကြတာ။ ဒါတင်မက ရဟန်းသံဃာများလည်း မန္တလေးမှာ စာမလိုက်ဖူးရင် သင်ရိုးကျွတ်ပြီလို့ မယူဆကြဘူး။ အဲဒါလောက် အရှိန်အ၀ါကြီးခဲ့တာ။ မန္တလေးဆိုတာက သူ့ကျွန်ဘ၀ကို နောက်ဆုံးမှ ရောက်ရတဲ့မြို့ မဟုတ်လား။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို အားခဲပြီး ထိန်းသိမ်းထားနိုင်ပေတာပေါ့။ ရာပြည့်ပွဲတော်ကြီး ကျင်းပတော့ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေ အများကြီး ထုတ်ပြနိုင်ခဲ့ကြတယ်။ အထူးသဖြင့် ယဉ်ကျေးမှုဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ခဲ့ကြတဲ့အတွက် မန္တလေးသားတိုင်း ဂုဏ်ယူခဲ့ကြတယ်။ ၀မ်းသာပီတိ ဖြစ်ခဲ့ကြတယ်။
"ဒါတို့မြန်မာ
ဒါတို့မန္တလေး" လို့
ခေါင်းမော့ရင်ကော့ပြီး ကြွေးကြော်နိုင်ခဲ့ကြတယ်။
ဘာပဲပြောပြော ဟိုတုန်းက မန္တလေးကို လွမ်းမိပါသေးတယ်။
လူထုစိန်ဝင်း
(၅-၂-၂၀၀၉)
{မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။}
Subscribe to:
Posts (Atom)