Monday, July 6, 2009

ရာပြည့်ခေတ်မန္တလေး၊ ကျွန်တော်တို့မန္တလေး၊ မြန်မာတို့ရဲ့မန္တလေး
ရေးသူ- လူထုစိန်ဝင်း


မန္တလေးမြို့တည် နန်းတည် နှစ် (၁၅၀) အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ဖို့ စိုင်းပြင်းနေကြတာ တွေကို ကြားရ ဖတ်ရတော့ ကောလိပ်ကျောင်းသား ပေါက်စဘ၀နဲ့ ကြုံခဲ့ရ၊ ပါဝင်ဆင်နွှဲခဲ့ရတဲ့ 'မန်းရာပြည့်ပွဲတော်ကြီး' ကို ပြေးပြီး သတိရလိုက်မိတယ်။ ဘာလိုလိုနဲ့ နှစ်ပေါင်း (၅၀) တောင် ကြာခဲ့ပါပကော လား။ တွေးကြည့်လိုက်တော့ မနေ့တနေ့ကလိုပဲ အောက်မေ့နေသေးတယ်။ သက်ကြီးရွယ်အိုများဆိုတာ ပစ္စုပ္ပန်မှာ လှုပ်ရှားသက်ဝင်မှု မရှိသလို၊ အနာဂတ်ဆိုတာလည်း ကိုယ်နဲ့ မဆိုင်တော့ဘူး။ နောင်လာနောက်သား တွေအတွက် သက်သက်ပဲလို့ သဘောထားနေကြတာ ဖြစ်လေတော့ အတိတ်ကိုသာ တမ်းတမ်းတတ ဖြစ်တတ်ကြတာ သဘာဝပဲလေ။


ဗိုလ်ချဉ်ပေါင်ရဲ့မန္တလေး
ဒုက္ခိတဘ၀နဲ့ သွားသွားလာလာ မလုပ်နိုင်သူဆိုတော့ ပိုဆိုးတယ်ထင်တယ်။ မန္တလေးလို့ ဆိုလိုက်တာနဲ့ ဧရာမ အထပ်မြင့်တိုက်ကြီးတွေ၊ ရှော့ပင်းမောကြီးတွေ၊ နိုင်ငံခြားသားတွေသာ တတ်နိုင်တဲ့ ဟိုတယ်ကြီးတွေနဲ့၊ မျက်စိကျိန်းလောက်အောင် တဖိတ်ဖိတ်တလက်လက် တောက်ပနေတဲ့ ရွှေဆိုင်၊ စိန်ဆိုင်ကြီးတွေ ၀င့်ကြွား ထည်ဝါနေတဲ့ လက်ရှိ မန္တလေးကို မျက်စိထဲမှာ မမြင်ဘဲ၊ ရုပ်ရှင်ကြော်ငြာ ပိုစတာကပ်ထားတဲ့ ဆိုင်းဘုတ်ကို ထမ်းပြီး၊ လက်ကဆွဲလာတဲ့ မောင်းကို တဒူဒူထုရင်း "နာဂင်" ဆိုတဲ့ ကုလားကားကို "နာဂသူဇာ" ဇာတ်ကားကြီးလို့ တကြော်ကြော်အော်ပြီး ကြော်ငြာမောင်းခတ်တဲ့ မန္တလေး။ မြင်းလှည်းဘေး တဖက်တချက်မှာ "ယနေ့ ဗထူးကွင်း၊ မြို့မနဲ့တက္ကသိုလ်" ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ဘောလုံးပွဲသတင်း ကြေညာပေးတဲ့ မန္တလေး။
"အမေပြောတော့အမောပြေ၊ အီချင်ပြိတ်တော့ အိပ်ချင်ပြေ၊ အငေပြိုက်တော့ အငိုက်ပြေ" အစချီပြီး အဆုံးသတ်ကျတော့မှ၊ "တာဝတိံသာ သီးသီးသုတ်" လို့ အော်လေ့ရှိတဲ့၊ တာဝတိံသာ ဆိုရာမှာ ရိုးရိုးမဆိုဘဲ "တိံ" ဆိုတဲ့ နေရာရောက်တော့ လျှာလိပ်သံကို အရှည်ကြီး အသက်တရှိုက်ဆုံးတဲ့အထိ အော်ဆိုတတ်တဲ့၊ ၀ယ်သူရှိလို့ ခေါင်းပေါ်ရွက်လာတဲ့ ဇာတ်ရုံထဲက ဖျာတချပ်စာလောက် မကတဲ့ ကြွေရည်သုတ် ဇလုံအဖြူကြီးကို ချပြီး ရောင်းတဲ့အခါမှ ခါးကြားညှပ်ထားတဲ့ အလိပ် (၂၀) ၀င် ငါးသုံးလုံးစီးကရက် သံဘူးပြားထဲက စီးကရက်ထုတ် ထုတ်ပြီး သောက်တတ်တဲ့ သီးသီးသုတ်သည်ကြီးရှိတဲ့ မန္တလေး။ သူလိုပဲ အဲဒီခေတ် မန္တလေးရဲ့ ပြယုဂ် (symbol) တခုအဖြစ် ရှိနေတဲ့၊ ဘောင်းဘီရှည်အပြဲနဲ့ အင်္ကျီစုတ်ကြီးဝတ်၊ လက်ထဲက ပိန်ရှုံ့နေတဲ့ ဒန်ပန်းကန်ပြားကြီး တချပ်နဲ့ ကြွေရည်မရှိတော့တဲ့ မတ်ခွက်ကိုင်စွဲပြီး လက်ဖက်ရည်ဆိုင်တွေမှာ ပိုက်ဆံတမူးပေးပြီး လက်ဖက်ရည် ၀ယ်သောက်လေ့ရှိတဲ့၊ ကလေးတွေက စလိုက်တာနဲ့ ပါးစပ်က တဒိုင်းဒိုင်း အော်ရင်း လက်ထဲက ဒန်ပန်းကန်ပြားကြီးနဲ့ ကတ္တရာလမ်းမကို မနားတမ်း ရိုက်လေ့ရှိတဲ့ အရူးကြီး "ဗိုလ်ချဉ်ပေါင်" ရှိတဲ့ မန္တလေး။ ညဖက် စက်ဘီးနဲ့ လမ်းထွက်ရင် အဲဒီခေတ်က ကိုးဆယ်တရာမက ရှိတဲ့ အငြိမ့်နဲ့ ဇာတ်ဖွဲ့တွေကို မနည်းကြီး ရှောင်ကွင်း သွားရတဲ့ မန္တလေး။ နာရီစင်ကနေ ဈေးချိုတော်ဆုံးတဲ့ သံဖြူတန်းထိ အသွားလမ်း အပြန်လမ်း တဖက်တချက်စီမှာ ပဒေသာပင်တန်းတွေ လေးတန်းတောင် တန်းရတဲ့ ခြိမ့်ခြိမ့်သဲ ကထိန်ပွဲကြီးတွေ ကျင်းပလေ့ရှိတဲ့ မန္တလေး။ အဲဒီမန္တလေး၊ အနှီမန္တလေး၊ ဟိုတုန်းကမန္တလေးကိုပဲ ပြေးပြေး မြင်မိတယ်။

ဝါ၀ါဝင်းရဲ့မန္တလေး
အဲဒီလို မြင်မြင်နေတာကြောင့်ပဲ လွန်ခဲ့တဲ့ လေးငါးနှစ်က မန္တလေးရောက်သွားတော့ မန္တလေးသားတွေကို အားနာစရာကောင်းလှအောင် ဒုက္ခတွေ ပေးခဲ့မိတယ်။ ရောက်သွားတဲ့ အချိန်က တဆောင်မုန်းလကြီး ဆိုတော့ ငယ်ဘ၀ကို သတိရပြီး "ပွဲဈေးတန်းသွားချင်လိုက်တာ" လို့ အမှတ်မထင် ပြောလိုက်မိတယ်။ အဲဒီတော့ ဧည့်ဝတ်အင်မတန်ကျေကြတဲ့ မန္တလေးသား စာရေးဆရာများက ဟိုင်းလပ်ကားတစင်းအပြည့် လိုက်လာကြပြီး ပွဲဈေးတန်း လိုက်ရှာကြတယ်။ အံ့သြစရာလည်းကောင်း၊ ၀မ်းနည်းစရာလည်းကောင်းတဲ့ အချက်ကတော့ တန်ဆောင်မုန်းလ မန္တလေးရဲ့ ညမှာ မြို့လုံးပတ်လည် လိုက်ရှာတာတောင် ပွဲခင်းတခု၊ ပွဲဈေးတန်းတခု မတွေ့ရတာ ဖြစ်တယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုတာက မန္တလေးနဲ့ အညာဒေသတခုလုံးရဲ့ ပွဲတော်ချိန်မဟုတ်လား။ ဘုရားပွဲ၊ ကထိန်ပွဲ တခုဖြစ်တာနဲ့ အငြိမ့်နှစ်ပွဲလောက်နဲ့ ဇာတ်ပွဲတခုကတော့ အနည်းဆုံး ပါကြတာ။ တချို့ ရပ်ကွက်များဆို လေးဖက်လေးတန်မှာ အငြိမ့်လေးခုလောက်ထည့်ပြီး ဇာတ်အပြင် ရုပ်သေးပွဲတောင် ပါတတ် သေးတာ။ အဲဒီတော့ ပွဲဈေးတန်းကြီးဆိုတာ ဟီးထနေတာပေါ့။ ချမ်းချမ်းစီးစီးနဲ့ ပါးစပ်ထဲကတောင် အငွေ့တထောင်းထောင်း ထွက်နေတဲ့ အချိန်မှာ "၀ါဝါ၀င်း အကြော်ဆိုင်" မှာ ထိုင်ပြီး၊ ချွေတာရေး မုန့်ပြားသလက် (ရေမုန့်) နဲ့ ဘူးသီးကြော်၊ ဘယာကြော်၊ ပဲစိမ်းကြော်တွေကို နံနံပင်တထွေးကြီးနဲ့ ရေနွေးပူပူ မှုတ်သောက်ရင်း စားရတဲ့ အရသာဟာ၊ ဘာနဲ့မှကို မလဲနိုင်တဲ့ အရသာမျိုးပါ။ ခုတော့ စိတ်မှန်းနဲ့ပဲ လွမ်းရတော့မှာပလေ။ ခေတ်တွေက ပြောင်းနေပြီကိုး။

ရာပြည့်ရဲ့မန္တလေး
ဟိုတုန်းက ရာပြည့်ပွဲတော်ကြီး ကျင်းပတော့ မန္တလေးတက္ကသိုလ်ရောက်စပဲ ရှိသေးတယ်။ မြူးထူး တက်ကြွပြီး ကဲလို့ကောင်းတုန်းပေါ့။ ကဲလို့ ကောင်းတုန်း ရွယ်တူတန်းတူ သူငယ်ချင်းတသိုက် စုပေါင်းပြီး ရာပြည့်ပွဲတော်ကြီးကို အမှတ်တရဖြစ်အောင် ပါဝင်ဆင်နွှဲကြတယ်။ အဲဒီနှစ် သင်္ကြန်ပွဲတော်မှာ သူငယ်ချင်းတစုက ဂျစ်ကားတစင်းရဲ့ရှေ့မှာ ရော့ခ်သီချင်း သီဆိုကခုန်နေတဲ့ မင်းသား (Pat Boone) ရဲ့ အမည်းရောင် ကောက်ကြောင်းပုံ နောက်ခံနဲ့ (Loving You) ဆိုတဲ့ စာတန်းရေးထားတဲ့ ဆန်ကောဝိုင်း ချိတ်ပြီး ရေပက်ခံထွက်ကြတယ်။ အဲဒီခေတ်ကတော့ လူကြီးတွေ တော်တော် မျက်စိနောက်ခဲ့ကြမှာပေါ့။ သင်္ကြန်ပြီးသွား တော့လည်း ပိုးက တော်တော်နဲ့ သေမသွားဘဲ သူငယ်ချင်းတစု တပူးတွဲတွဲ ရှိနေခဲ့ကြတယ်။ အဲဒီအချိန်မှာ မန်းရာပြည့်ပွဲတော်ကြီး ကျင်းပမယ်ဆိုတော့ တခုခု အမှတ်တရဖြစ်အောင် လုပ်ချင်ကြတယ်။ အကြိမ်ကြိမ် အထပ်ထပ် စဉ်းစားတိုင်ပင်ပြီးတဲ့အခါကျတော့၊ အမှတ်တရ လွယ်အိပ်လုပ်ရောင်းဖို့ ရွေးချယ်ခဲ့ကြတယ်။ လွယ်အိပ်ကို မန်းရာပြည့်အထိမ်းအမှတ် ဆိုတာနဲ့အညီ မြန်မာဆန်ဆန်ဖြစ်အောင် လုပ်ချင်တာကြောင့် အဲဒီအချိန်က မြန်မာမှုပန်းချီနဲ့ နာမည်ကြီးစ ပန်းချီကိုအေးမြင့်ကို အကြံဥာဏ်တောင်းကြတယ်။ ကိုအေးမြင့်က မြန်မာဆန်ဆန် လှပတဲ့ လွယ်အိပ်ဒီဇိုင်းလေးတခု ရေးပေးခဲ့တယ်။ လွယ်အိပ်ကိုယ်ထည် နှစ်ဖက်စလုံးမှာ နန်းတော်မုခ်ဦး ပြသဒ်ပုံကို အပြာနုရောင်နောက်ခံထားရေးဆွဲပြီး လွယ်အိပ်ကြိုးကိုတော့ လှပတဲ့ ကနုတ်ပန်း တွေနဲ့ နက်ပြာရောင် လုပ်ထားတယ်။ လွယ်အိပ်ကိုယ်ထည်နဲ့ ကြိုးအဆက်နေရာမှာ စက်ဝိုင်းထဲက ပြသဒ်ပုံလေးတွေ အထက်အောက် (၄) ပုံစီ ထည့်ထားတယ်။ ကြည့်လိုက်တာနဲ့ ကိုင်မကြည့်ဘဲ မနေနိုင်လောက် အောင် လှတဲ့ လွယ်အိတ်ကလေးဖြစ်တယ်။

လူငယ်တွေရဲ့မန္တလေး
လွယ်အိတ်ဒီဇိုင်း စိတ်ကြိုက်ရပြီဆိုတာနဲ့ ရွှေကျီးမြင်ဘုရားနားက ကျားဘငြိမ်းရဲ့ ညီတော်စပ်သူဖြစ်တဲ့ ကိုတိုးရဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်းမှာ ဇင်ပိတ်အုပ်တွေ ၀ယ်ပေးပြီး အလုပ်အပ်ကြတယ်။ မန်းရာပြည့်ကွင်းကြီး ထဲမှာလဲ ဆိုင်ခန်းတခန်း ယူထားလိုက်ကြတယ်။ ပွဲတော်ရက်က သိပ်နီးကပ်နေပြီဖြစ်တော့ နေ့စဉ် လွယ်အိပ်များများကျစေဖို့အတွက် ကိုတိုးရဲ့ ဆေးဆိုးပန်းရိုက်အလုပ်ရုံမှာ သူငယ်ချင်းတွေ တယောက်မကျန် တနေ့လုံးသွားပြီး ကူလုပ်ကြရတယ်။ ဆေးဆိုးပန်းရိုက် အလုပ်တွေတော့ ဘယ်ဝင်လုပ်တတ်မှာလဲ။ ဆေးဆိုးပန်းရိုက်ပြီးတဲ့ အထည်တွေကို အင်တုံကြီးထဲထည့်ပြီး လျှော်ရညှစ်ရ အခြောက်လှန်းရတဲ့ အလုပ်တွေကို ၀ိုင်းလုပ်ကြရတာ။ ကျောင်းတက်၊ စာကျက်၊ ဘောလုံးကစား၊ ၀င်းလိုက်ရုံမှာ ပြသမျှ အင်္ဂလိပ်ကားတွေ မလွတ်တမ်းကြည့်ဆိုတဲ့ အလုပ်မျိုးကလွဲပြီး တခြားဘာအလုပ်မှ မလုပ်ဖူးတဲ့ ကောလိပ်ကျောင်းသားတွေ ဖြစ်ကြလေတော့ လက်တွေဆေးစားလို့ ပေါက်ကြပြဲကြ ဖြစ်ကြတာပေါ့။ တနေ့လုံး နေပူကြီးထဲမှာ လုပ်ရတော့ ပင်လည်း ပင်ပန်းကြတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်လို့ လုပ်ကြတဲ့ အလုပ်ဖြစ်တော့ မညည်းမညူ ပျော်ပျော်ပါးပါး သီချင်းတကြော်ကြော်နဲ့ လုပ်ခဲ့ကြတယ်။

ကျွန်တော်တို့ရဲ့မန္တလေး
ဆေးဆိုးပန်းရိုက်က နေ့စဉ်ပြီးသမျှ အထည်တွေကို လွယ်အိတ်အဖြစ် ရောက်အောင်ချုပ်ဖို့အတွက် စက်ဆိုင်ကို ပို့ပေးရပြန်တယ်။ စက်ဆိုင်ကချုပ်ပြီး လွယ်အိတ်တွေကို သူငယ်ချင်းတွေ တယောက်တလှည့် မီးပူတိုက်ရပြန်တယ်။ ပွဲတော်စဖွင့်တဲ့နေ့ မနက်ပိုင်းရောက်မှ ရာပြည့်ကွင်းထဲက ယူထားတဲ့ ဆိုင်ခန်းကို မွမ်းမံနိုင်ကြပါတော့တယ်။ သူများဆိုင်ကြီးတွေလို တခမ်းတနား လှလှပပတွေ ဘယ်လုပ်နိုင်မှာလဲ။ အဖြစ်လောက်ပြင်ဆင်ပြီး တဆိုင်လုံးပြည့် လွယ်အိတ်တွေကို ချိတ်ထားလိုက်ကြတာပါပဲ။ စဖွင့်တဲ့နေ့ ညနေ (၆) နာရီလောက်မှာ လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေပြီ။ လော်စပီကာနဲ့ တယောက်က လွယ်အိတ်တလုံး ခြောက်ကျပ်၊ ခြောက်ကျပ် နဲ့ အော်ရောင်းနေတဲ့ ဆိုင်ရှေ့မှာလည်း လူတွေ ၀ိုင်းနေကြပြီ။ မမျှော်လင့်ဘဲ လွယ်အိတ်တွေ ရောင်းကောင်းလိုက်တာ လက်မလည်နိုင်အောင်ပါပဲ။ တယောက်မှလည်း အငြိမ်မနေရဘူး။ ညနေ (၆) နာရီလောက် စရောင်းလိုက်တာ ည (၁၀) ထိုးခါနီးမှပဲ လူစဲသွားတော့တယ်။ အဲဒီအချိန်ကျတော့ လူတွေ အားလုံးက ပွဲခင်းတွေထဲ ရောက်ကုန်ကြပြီ။

မေလှမြိုင်ရဲ့မန္တလေး
အင်မတန်ကျယ်တဲ့ ရာပြည်ကွင်းကြီးတခုလုံးမှာ ဈေးဆိုင်ခန်းတွေနဲ့ အပြည့်ပါပဲ။ ပုဂ္ဂလိက အရောင်းဆိုင်ခန်းတွေအပြင် အစိုးရဌာနဆိုင်ရာ ပြခန်းတွေကလည်း မနည်းပါဘူး။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲ တွေကလည်း ခြိမ့်ခြိမ့်သဲနေပါတယ်။ အဲဒီအချိန်က ရန်နိုင်စိန်-မေလှမြိုင် တို့ရဲ့ အစိုးရပြဇာတ်အဖွဲ့က လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့အချိန်ဆိုတော့ ညဦးပိုင်းမှာတော့ အဲဒီပွဲခင်းမှာ လူတွေ ကြိတ်ကြိတ်တိုး နေကြတယ်။ သူတို့က သန်းခေါင်ကျော်လောက် ပွဲသိမ်းတာကြောင့် သူတို့ပွဲပြီးမှ တခြားဇာတ်ရုံဘက် ကူးသွားကြတော့တယ်။ ဘားမားစတိတ်တို့၊ လန်ဒန်ဂိုးဖလိပ်တို့လို စီးကရက်ကုမ္ပဏီကြီးတွေရဲ့ ပြခန်းတွေမှာ ရန်ကုန်က နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုကျော်တွေ ညစဉ်ဖျော်ဖြေကြတာကြောင့် တိုးမပေါက်အောင်ကို စည်ကားလှပါတယ်။ ကချင်မနောပွဲကို ကိုယ်တိုင်ပါဝင် ကဖူးတာ ရာပြည့်ပွဲမှာပဲ ဆိုတာလည်း ကောင်းကောင်းမှတ်မိနေတယ်။ မနောကွင်းအတွင်း ၀င်ခွင့်လက်မှတ်ဝယ်ရင် ဘယ်သူမဆို ၀င်ကလို့ ရပါတယ်။ အဲဒီအချိန်က မနောအကဆိုတာ အထူးအဆန်းသဖွယ် ဖြစ်နေလေတော့ မနောကွင်းမှာလည်း လူတွေ စည်နေတာပါပဲ။

ပီတိများရဲ့မန္တလေး
ပျော်စရာတွေ ပေါလှပေမယ့် လွယ်အိတ်အဖွဲ့သားများတော့ စိတ်လွတ်ကိုယ်လွတ် မပျော်အားပါဘူး။ လွယ်အိတ်တွေက လက်မလည်အောင် ရောင်းရလေတော့ ၀ယ်လိုအားကို ထုတ်လုပ်အားက အမှီမလိုက် နိုင်ပါဘူး။ ဒီတော့ တဖွဲ့လုံးနေ့ခင်းမှာ ထုတ်လုပ်ရေးအတွက် လုပ်အားပေးကြရတာကြောင့် နေ့ခင်းမှာ ဆိုင်မဖွင့်နိုင်ကြပါဘူး။ ညနေ (၆)နာရီမှ စပြီး ဆိုင်ဖွင့်နိုင်ပါတယ်။ ဆိုင်ဖွင့်တာနဲ့ စောင့်နေတဲ့ လူအုပ်ကြီးက အတင်းတိုးဝှေ့ ၀ယ်ကြလေတော့ တနာရီလောက် ရောင်းလိုက်တာနဲ့ တနေ့တာ ထုတ်လုပ်နိုင်သမျှ လက်ကျန် မရှိတော့အောင် ကုန်သွားတော့တာပါ။ ဒါလောက်ရောင်းကောင်းတဲ့ လွယ်အိတ်တွေ ထုတ်လုပ်ရောင်းချကြတာ တော်တော်တွက်သားကိုက်မှာပဲလို့ လူတိုင်းထင်ကြတယ်။ ပွဲပြီးလို့ စာရင်းချုပ်လိုက်တော့ လည်ချောင်းတွေနာပြီး အသံမထွက်တော့တဲ့သူနဲ့၊ မျက်စိနာလို့ အပြင်မထွက်နိုင်တဲ့သူနဲ့၊ ဖျားလို့ဆေးရုံတင်လိုက်ရသူနဲ့ ပြီးတော့ အချိုးကျ စိုက်ငွေ ထပ်ထည့်ကြရတာနဲ့ပဲ ပျော်ရွှင်ကျေနပ်လိုက်ကြရပါတော့တယ်။ ကျောင်းသားလေးတွေပဲ၊ စီးပွါးရေးအကြောင်း ဘာသိတာမှတ်လို့။ အပျော်တမ်းသဘော လုပ်ကြတာ ဖြစ်လေတော့ သူတို့လွယ်အိတ် တွေကို လွယ်လွယ်လာကြတာတွေ့ရင်ပဲ ၀မ်းသာပီတိ ဖြစ်နေကြတာလေ။

သူငယ်ချင်းတွေရဲ့မန္တလေး
အခုတော့ နှစ်ပေါင်း (၅၀) ကြာခဲ့ပြီ။ သူငယ်ချင်းတွေ အားလုံးလည်း ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်တွေ ဖြစ်ကုန်ကြပြီ။ အားလုံးလိုလို မန္တလေးမှာ ရှိနေကြသေးတယ်။ တယောက်နဲ့တယောက် မတွေ့ဖြစ်ကြတော့ပေမယ့် တယောက်သတင်းကိုတယောက် နားစွင့်နေကြတာကြောင့်စိမ်းတော့မသွားကြဘူး။ ဘာပဲဖြစ်ဖြစ် ခုခေတ်မန္တလေးမှာ ဟိုတုန်းက သူငယ်ချင်းတွေ ရှိနေကြသေးလေတော့ မန္တလေးနဲ့ တစိမ်းပြင်ပြင် ဖြစ်မသွားလို့ ၀မ်းသာမိတယ်။ မန္တလေးနဲ့ ဝေးကွာခဲ့ရတာက နှစ်ပေါင်း (၅၀)နားတောင် ကပ်နေလေပြီ။

မြန်မာတို့ရဲ့မန္တလေး
နှစ်ငါးဆယ်နီးပါး ဝေးကွာခဲ့ရပြီ ဖြစ်ပေမယ့် မန္တလေးကိုတော့ ဘယ်မေ့မှာလဲ။ မန္တလေးကို မေ့နိုင်တဲ့ မန္တလေးသားဆိုတာ ရှိနိုင်ပါ့မလား။ မန္တလေးဆိုတာ မြန်မာလူမျိုး၊ မြန်မာစကား၊ မြန်မာစာပေ၊ မြန်မာလူ့အဖွဲ့အစည်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ရဲ့ ဘူမိနက်သန်ပဲလေ။ ရှေးတုန်းကများ မန္တလေးကို မရောက်ဖူးရင်၊ ဘယ်အငြိမ့်သမား၊ ဇာတ်သမားမှ သဘင်ပညာစုံပြီလို့ မယူဆကြဘူး။ သဘင့်တက္ကသိုလ်လို့ တောင် တင်စားခဲ့ကြတာ။ ဒါတင်မက ရဟန်းသံဃာများလည်း မန္တလေးမှာ စာမလိုက်ဖူးရင် သင်ရိုးကျွတ်ပြီလို့ မယူဆကြဘူး။ အဲဒါလောက် အရှိန်အ၀ါကြီးခဲ့တာ။ မန္တလေးဆိုတာက သူ့ကျွန်ဘ၀ကို နောက်ဆုံးမှ ရောက်ရတဲ့မြို့ မဟုတ်လား။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို အားခဲပြီး ထိန်းသိမ်းထားနိုင်ပေတာပေါ့။ ရာပြည့်ပွဲတော်ကြီး ကျင်းပတော့ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေ အများကြီး ထုတ်ပြနိုင်ခဲ့ကြတယ်။ အထူးသဖြင့် ယဉ်ကျေးမှုဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ခဲ့ကြတဲ့အတွက် မန္တလေးသားတိုင်း ဂုဏ်ယူခဲ့ကြတယ်။ ၀မ်းသာပီတိ ဖြစ်ခဲ့ကြတယ်။

"ဒါတို့မြန်မာ
ဒါတို့မန္တလေး" လို့
ခေါင်းမော့ရင်ကော့ပြီး ကြွေးကြော်နိုင်ခဲ့ကြတယ်။
ဘာပဲပြောပြော ဟိုတုန်းက မန္တလေးကို လွမ်းမိပါသေးတယ်။

လူထုစိန်ဝင်း
(၅-၂-၂၀၀၉)
{မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။}



No comments: