Wednesday, December 16, 2009

မြင့်မိုရ်တောင်လေးခမျာ တောင်ပူစာလေးဖြစ်သွားရှာ
ရေးသူ- ညီပုလေး

အင်းစိန်ဆိုတာ မန္တလေးမြို့နဲ့ အဝေးကြီး၊ သရက်ထောင်ဆိုတာကလည်း မနီးလေတော့ ထောင်ဝင်စာ မမျှော်ကောင်းတဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်။ ကျန်ရစ်သူ မိသားစုခမျာ စိတ်ပန်း လူပန်း ငွေပန်းရှိကြ ရှာမယ်လေ။ သူတို့လည်း အစကတော့ ကြိုးစားလာကြပါရဲ့။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် တဖြည်းဖြည်း အလာ ကျဲကျဲသွားကြတယ်။ ဒါဟာ သိပ်ကို သရုပ်မှန်တဲ့ သရုပ်မှန်ဝတ္ထုတပုဒ်ပဲ။
မိသားစုဝင်တွေ နေကောင်းရဲ့လားလို့ ကြိုးစားပြုံးပြရင်း ကျွန်တော်က မေးမယ်။ ၀င်းဝင်းကလည်း ကြိုးစားပြုံးပြရင်း နေကောင်းကြတယ်လို့ ဖြေမယ်။



ဦးလေးတွေ၊ အဒေါ်တွေ နှစ်ဖက်ဆွေမျိုး အသိုင်းအ၀ိုင်းတွေရဲ့ သာကြောင်းမာကြောင်း ဖြေမယ်။
တခါတလေလည်း ကျွန်တော်ဖြစ်ဖြစ်၊ ၀င်းဝင်းဖြစ်ဖြစ် မ၀ဘဲ ပိန်နေပေမယ့် ၀လာတယ်နော်လို့ မုသားစကားလှလှလေး ဆိုမိတဲ့အခါလည်း ရှိမယ်။ အိမ်က တကူးတကန့် ယူလာတဲ့ ပစ္စည်းတွေ၊ မိတ်ဆွေတွေက အားပေးကူညီလိုက်တဲ့ စားစရာတွေ ခြင်းထဲက ထုတ်ယူပြီးချိန်မှာ ထောင်ဝင်စာ တွေ့ချိန်ဟာ စေ့သွားပါလေရော။ နောက်တခါလာရင် ယူလာသင့်တဲ့ ပစ္စည်းတွေကို မှာလိုက်မိတဲ့အခါလည်းရှိ၊ စိတ်လှုပ်ရှားပြီး မမှာလိုက်တာတွေ လည်း ရှိတတ်တယ်။
ထောင်ဝင်စာတွေ့ချိန် ၁၅ မိနစ်ဟာ ခပ်သွက်သွက် လူငယ်တယောက်ရဲ့ လက်ဖျစ်တကွက်အတွက် ဘတ်စ်ကားအမျိုးမျိုး ကြုံရာ ကြုံသလိုစီးနင်းကြရ၊ ညအိပ်ညနေ ခရီးတွေကို ဖြတ်သန်းခဲ့ရတဲ့အပြင် အိမ်မှု တာဝန်တွေ၊ ဆိုင်အရောင်းအ၀ယ်တွေ ထားပစ်ခဲ့ကြရတာကလား။
နောက်ပိုင်းမှာ ကျွန်တော်ဟာ ထောင်ဝင်စာလာရင် လာတယ်လို့ မှတ်ဆိုတဲ့ အုပ်စုထဲ ရောက်မှန်းမသိ ရောက်သွားတော့တယ်။

xxxxxx xxxxx
တနေ့.....
ထောင်ဝင်စာ လာတတ်တဲ့ရက်တွေ တော်တော် ကျော်လွန်တဲ့တနေ့။ ထောင်ဝန်ထမ်းတယောက်က လာခေါ်တယ်။ ဒီ ၀န်ထမ်း ထောင်ဝင်စာတာဝန်ကျတဲ့ ၀န်ထမ်းလည်း မဟုတ်ပါဘူး။ ဘာများပါလိမ့်။ စိုးထိတ်မှု တွေ တသီတတန်းကြီးနဲ့ လိုက်လာခဲ့ရတယ်။
ခါတိုင်း ထောင်ဝင်စာ တွေ့နေကျ သံဆန်ခါနှစ်ထပ်ခြားထားတဲ့ (ဗဟိုကင်းရဲ့ အောက်ဖက်က) အခန်း လေးကို ကျော်လာခဲ့ပြီ။ အလွန်ခက်ခဲတဲ့ ပဟေဠိတပုဒ်ထက် အစဉ်းစား ကြပ်နေတယ်လေ။
ထောင်ပိုင်ကြီးရုံခန်းထဲကို ၀င်ရမယ်တဲ့။ ကာထားတဲ့ ခန်းဆီးအလှပ်မှာ မိသားစုတွေ စုံစုံလင်လင်ကြီး မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။ ဇနီးသည် ၀င်းဝင်း၊ သမီးကြီး လင်းလင်းမွန်၊ သားအောင်ဘာလေ၊ သမီးထွေး ရွှေပြည်စိုး အစ်မကြီး ပြီးတော့ အမေပါ ပါလာပါတကား။
ကိုယ့်ကိုကိုယ် ထောင်ဆယ်နှစ် ကျခံထားတဲ့ ဒေါင်ဒေါင်မြည် ယောက်ျားရင့်မကြီး စိတ်ဓါတ်ခိုင်မာလှပြီ ထင်နေတာ။ သက်ရွယ်ကြီးရင့်ပြီး မတွေ့ရတာ ကြာပြီဖြစ်တဲ့ မာတာအမေ့ကို တွေ့လိုက်ရတဲ့အခါ စိတ်တွေ နည်းနည်းတော့ တုန်လှုပ်ခါရမ်းသွားတယ်လေ။ နည်းနည်းတောင်မကပါဘူး။
အိမ်က ထောင်ဝင်စာလာရင်ပြောမယ်လို့ အချိန်ရတိုင်း စိတ်ကူးတည်ဆောက်ထားတဲ့ အလွမ်းရဲတိုက် ဟာ အမေ့ကို မြင်လိုက်တာနဲ့ တစစီ ပြိုကျသွားပါလေရော့လား။ အားလုံးကို ကြိုးစားပြုံးပြရင်း စကားတွေ ရှာမရ ဖြစ်နေတယ်။ ပြောချင်တဲ့ စကားတွေကို ၀မ်းသာဝမ်းနည်း လှိုင်းလုံးတွေက ဖုံးလွှမ်းသွားတယ်လေ။ ၀မ်းသာမှု လှိုင်းလုံးတွေ သူကပိုမြင့်တယ်။ ငါကပိုမြင့်တယ်နဲ့ ရင်ထဲမှာ အားပြိုင်နေလိုက်ကြတာ ၀မ်းနည်းမှု လှိုင်းလုံးကြီး ကျွန်တော့် တကိုယ်လုံး ၀ါးမျိုပစ်တော့မယ်လို့....။
သြော်... အမေနဲ့ မတွေ့ရတာ နှစ်ကာလတွေ ကြာခဲ့ပြီကော။ အမေ့ရင်ထဲမှာကော ဘယ်လိုနေရှာမှာ ပါလိမ့်။

xxxx xxxx

သမီးကြီးနဲ့ သမီးထွေးတို့ မော်တော်ကားမူးတတ်၊ စက်လှေမူးတတ်ကြလို့ သူတို့ခမျာ မျက်နှာလေးတွေ သိပ်မရွှင်ကြဘူး။ သူတို့ရဲ့ ဖခင်ဟာ ထောင်ပုံစံ အင်္ကျီအဖြူ၊ ပုဆိုးအဖြူ၊ ဆံပင်တိုနံ့နံ့နဲ့။ တော်တော် အကြည့်ရဆိုးတဲ့ ဖိုးသူတော်ရုပ် ပေါက်နေပါလိမ့်မယ်။
သားအောင်ဘာလေကတော့ ထောင်ပိုင်ကြီးရဲ့ ရုံးခန်းဆိုတာလည်း ဂရုမစိုက်၊ အနားမှာရော ခပ်လှမ်းလှမ်းမှာရော ရှိကြတဲ့ ထောင်အရာရှိ အကြပ်အရာခံတွေကိုလည်း ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မထင်။ ကလေးပီပီ ဆော့လိုက် ကစားလိုက်၊ မုန့်စားလိုက်နဲ့၊ အောင်ဘာလေရဲ့ စိတ်ဓာတ်ကို ချီးကျူးမိတယ်။
ကျွန်တော် သူတော်စင်လို ၀တ်စားနေခဲ့တဲ့ ကာလတွေမှာ အမေက တနှစ်ကို တကြိမ်၊ တချို့နှစ်တွေမှာ နှစ်ကြိမ်လောက်တော့ ကြိုးစားလာရှာတယ်။ အမေက သူ့သားလက်ကျန်လေးကို လာအားပေးနှစ်သိမ့်တာ ဖြစ်မယ်။ ဒီအတွက် အမေတို့ကို ကျေးဇူးတင်တယ်။
အမေ ကျွန်တော့်ဆီ လာတွေ့ခဲ့ဖူးသမျှမှာ ထောင်ပိုင်ကြီးရုံးခန်း ထောင်ပိုင်ကြီးရှေ့မှာ တွေ့ကြရတဲ့ အကြိမ်ဟာ မှတ်မှတ်ရရ ရှိလှတယ်။ အဲဒီနေ့က စကားစမြည် ပြောကြရင်း အမေက သူ့ခန္ဓာကိုယ်လေး သေးသေး လေးနဲ့ ထောင်ပိုင်ကြီး မမြင်အောင်ကွယ်ပြီး ပခုံးမှာ လွယ်ထားတဲ့ အိတ်ထဲကနေ စာအုပ်တအုပ် ကျွန်တော် မြင်သာအောင် အသာထုတ်ပြတယ်။ ကျွန်တော်နဲ့ အမေတို့ ထိုင်နေကြတာ ကိုးပေ ဆယ်ပေလောက်ပဲ ဝေးမှာပေါ့။
အခုလို အမေလုပ်ကိုင်နေတာကို ကြည့်ပြီး အစ်မကြီးနဲ့ ၀င်းဝင်းတို့က စိုးရိမ်ပူပန်ပြီး မျက်စိမျက်နှာ မကောင်းကြဘူး။
အမေကတော့ အဲ့ဒီအချိန်မှာ သူ့သားလက်ကျန်လေးကလွဲလို့ ဘယ်သူမှ အလေးမမူ၊ အမှုမထားတာ ဖြစ်နိုင်သလို၊ ကျွန်တော်ခံစားနေရတာတွေ အားလုံး ထပ်တူထပ်မျှ ခံစားနားလည်နိုင်ဆုံးပုဂ္ဂိုလ်ဟာ ဒီအခန်းထဲမှာ အမေတယောက်တည်းပဲ ဖြစ်လိမ့်မယ်။
စာပေဆိုင်ရာ စာအုပ်တအုပ်ပါလား။
စာအုပ်ကို မြင်လိုက်တာနဲ့ တပြိုင်နက် ကျွန်တော့်မျက်နှာမှာ အံ့သြမှုတွေနဲ့အတူ ၀မ်းသာမှု ပုံရိပ်တွေ လွှမ်းသွားမယ်ထင်ရဲ့။ မိုင်ပေါင်းရာချီပြီး ဝေးတဲ့ အမေ့အိမ်ကို ချက်ချင်း ပြန်ရောက်သွားသလိုပဲ။
ပေါက်ပြားတွေ ဂေါ်ပြားတွေကိုင်တဲ့ နှစ်ကိုးကိုးနှစ်စီ ငြိမ်းချမ်းမဟုတ်တော့ဘဲ ကလောင်ကိုင်တဲ့ ညီပုလေး တမဟုတ်ချင်း ပြန်ဖြစ်သွားတယ်။ မိခင်တယောက်ရဲ့ မေတ္တာစွမ်းအားဟာ လူတယောက်ကို အပြောင်းလဲကြီး ပြောင်းလဲစေပါကလား။
ဟို အရင်တခေါက် ဇနီးသည် ၀င်းဝင်းလာတုန်းက ကျွန်တော်ရေးခဲ့တဲ့ 'စပါးကြီးမြွေ' ဆိုတဲ့ ၀တ္ထုတပုဒ်ကို ဆရာမကြီး ဒေါ်ခင်ခင်ချောရဲ့ တပည့်မတယောက် အင်္ဂလိပ်ဘာသာကို ပြန်ဆိုတယ်လို့ ပြောသွားတာကို ပြန်အမှတ်ရမိတယ်။
အနုပညာစိတ်ပိုင်းဆိုင်ရာမှာ အားအင်ကုန်ခမ်းနွမ်းချည့်ပြီး ကိုယ့်ကိုကိုယ် စာရေးသူတယောက်လို့ မေ့မျောနေသူတယောက်ကို အမေက အသက်ပြန်ရှင်လာအောင် ပြုစုလိုက်တာလေလား။

xxxx xxxxx

နှစ်တွေ ကြာခဲ့ပေါ့.......။
အိမ်ပြန်ရောက်လို့ စာရေးစာပွဲ ထိုင်လိုက်တိုင်း ဒီအဖြစ်အပျက်နဲ့အတူ အမေ့ကျေးဇူးကို အောက်မေ့သတိရမိတယ်။
အမေကွယ်လွန်သွားခဲ့ပြီ.... ဒါပေမယ့် သတိရနေဆဲပါ။
အမေ့ကျေးဇူးတွေ အများကြီးထဲက ကျေးဇူးတခုကို မှတ်တမ်းပြုတာမျှသာ ဖြစ်ပါတယ်။

ညီပုလေး။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]


1 comment:

htar* said...

စာကိုဖတ်ရတာ အလွန်စိတ်မကောင်းဖြစ်မိတယ်။
သိချင်တာလေးတစ်ခုရှိပါတယ်။ ဒီစာရေးတဲ့စာရေးသူဟာ နိုင်ငံရေးပြစ်မူ့ကြောင့် ထောင်ကျတယ်လို့ ယူဆလို့ရပါတယ်။
ကျွန်မအထင်ဟုတ်ပါသလား သိပါရစေ။

အကယ်လို့ နိုင်ငံရေးသမားဆိုရင် သူစာ့တွေမဂဇင်းမှာဖော်ပြခွင့်တော့ရလား။
ThaToe ThuZarAung