Wednesday, January 27, 2010
အဲဒါ ၀သုန်လို့ခေါ်တယ်
ရေးသူ- ကာတွန်းမြေဇာ
နေမကောင်းဘူးလို့ ကြားလိုက်တယ်။
ခါတိုင်းလို သာမန်ပဲလို့ ထင်မိတာပေါ့။ အိမ်သွားမယ်လို့ အမျိုးသမီးနဲ့ ပြောထားပြီး မသွားဖြစ်ဘူး ဖြစ်ရတယ်။ ကိုမြတ်ဆွေနဲ့ ကိုညွန့်သစ်တို့က ဆေးရုံရောက်နေပြီ ပြောတော့မှ အပြေးအလွှား သွားမိရတယ်။ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ တွေ့ရမိတော့ ရင်ထဲဆို့သွားမိတယ်။ နဖူးက စို့နေတဲ့ချွေးစလေးတွေကို တစ်သျှူး လေးနဲ့ ဖွဖွသုတ်ပေးမိတယ်။ လက်ကလေး ခြေကလေးတွေကို ဆုပ်နယ်ပေးမိတယ်။ သူက မျက်လုံးကြီးပြူးလို့ ကြည့်နေတယ်။ ပြန်နေကောင်းမှာပါလို့ မျှော်လင့်ချက်အပြည့်နဲ့ သူ့ကို ပြန်ကြည့်နေမိတာပေါ့။
မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရပါတယ်။ နောက်နေ့မှာ သူကွယ်လွန်သွားပြီတဲ့။ မဖြစ်နိုင်ပါဘူးလို့ ငြင်းဆန်နေမိပေမယ့် အဖြစ်အပျက်က တကယ်ရှိနေပြီ။ အဲဒီနေ့က ဘယ်သူနဲ့မှ စကားမပြောဘဲ တယောက်တည်း ငူငူငေါင်ငေါင်ကြီး ဖြစ်နေရတယ်။ မျက်စိထဲမှာ သူ့ကိုပဲ မြင်ပြီး ဦးဏှောက်ကလည်း သူ့ကိုပဲ တွေးနေမိတယ်။ အတွေးအရူး အဆွေးတတွေပါ ၀င်ရောက်နေရာယူလာတယ်။ သူနဲ့ အတူနေ၊ အတူသွား၊ အတူသောက်ကြတဲ့ ကာလတွေက နည်းမှမနည်းတော့။ တခါတလေလည်း သူ့ကို စိတ်ဆိုးမာန်ဆိုး ဖြစ်ရတာတွေလည်း ရှိပါရဲ့။
အဲဒီအခါတိုင်း သူရေးတဲ့ လက်ရာတွေ၊ ပန်းချီကားတွေ တွေ့ရတော့ သူ့ကို တကယ်ပဲ စိတ်ဆိုးရာကနေ စိတ်ပြေပြေလာရတယ်။ သူ့ရဲ့ အနုပညာက လူတွေရဲ့ စိတ်ဒေါသကို ပြေငြိမ်းစေပါလား။ 'ကိုဝသုန်ရယ်... ခင်ဗျားကို ကျွန်တော်စိတ်ဆိုး ဒေါသဖြစ်တိုင်း ခင်ဗျားလက်ရာတွေ တွေ့ရင် စိတ်ဆိုးပြေပြေသွားတယ်' လို့လည်း ပြောခဲ့မိပါရဲ့။
သူနဲ့က တလမ်းတည်း အတူနေခဲ့ဖူးတော့ နီးတကျက်ကျက်ဖြစ်တာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သူက စိတ်ပြေလွယ်တယ်။ စိတ်မှတ်မထား။ အချိန်ကျရင် ဘာပဲ ဖြစ်ဖြစ်နေ လာလာခေါ်မြဲ။ ကျွန်တော်ကလည်း သူလာခေါ်ရင် နှစ်ခါမခေါ်ရ။
သင်္ဃန်းကျွန်းမှာ နေရင်လည်း သူရောက်လာတယ်။ တောင်ဥက္ကလာမှာနေရင်လည်း သူရောက်လာ တယ်။ ဗဟန်းမှာနေတော့လည်း အလွတ်မပေး။ ဘယ်လောက်များလဲဆို ဟိုးအဝေးကြီး မင်္ဂလာဒုံ ကျိုက်ကလေ့ဘက်မှာ နေတာတောင် လာဖြစ်အောင်လာတယ်။ ကျွန်တော့်အပေါ် အဲဒီလောက် သံယောဇဉ်ကြီး လေတာ။ အချစ်ကြီးလေတာ။ အချစ်ကြီးတော့ အမျက်ကြီးတာတွေလည်း ဖြစ်ခဲ့ဖူးတာပေါ့။ ကာတွန်း မောင်မောင်အောင်အိမ်မှာ တခုသောရက်က ဝေါ့ဒစ်စနေရဲ့ Lion King ကာတွန်းကား ကြည့်ကြတာ။ 'ဝေါ့ဒစ်စနေက သိပ်တော်တာပဲ' လို့ ကျွန်တော်က ချီးကျူးမိလိုက်တယ်။ အဲဒီမှာ ဘာမပြော ညာမပြော လည်ပင်း ထညှစ်ပါရော။ သူနဲ့ လုံးလုံးထွေးထွေး သတ်သတ်ပုတ်ပုတ် မဟုတ်ငြား အဲဒီအဆင့်နီးပါး ဖြစ်သွားရတယ်။ နောက်မှ ဘာလို့ အဲဒီလို လုပ်ရတာလဲမေးတော့ တော်နေတဲ့သူကို တော်တယ်ပြောရကောင်းလားလို့ ပြန်ပြောတယ်။ ရုတ်တရက်တော့ ယောင်တောင်တောင် ဇဝေဇ၀ါဖြစ်သွားတယ်။ ဘာအဓိပ္ပါယ်လဲပေါ့။ ခေါင်းအေး အေးနဲ့ ပြန်စဉ်းစားကြည့်တော့ တော်နေတဲ့သူကို အထူးချီးကျူးစရာမလို ဆိုတဲ့ အဖြေထွက်လာတယ်။ သူ့အမြင်က ရိုးရှင်းလွန်းလှတယ်။
ပန်းချီကိုကျော်သောင်းရဲ့ရွာ ရှမ်းတဲကြီး သွားကြတဲ့ ကာလတွေ၊ ပန်းချီမောင်မောင်သိုက်ရဲ့ရွာ ကျိုက်မနိုင် သွားကြတဲ့ ကာလတွေ၊ မန္တလေးသွားကြတဲ့ ကာလတွေ၊ ပျဉ်းမနားရေဆင်း သွားကြတဲ့ ကာလတွေမှာ ရိုးရှင်းတဲ့အမြင်အပြင် သူနေထိုင်မှုပုံစံပါ ထိတွေ့ သိခွင့်ရခဲ့တယ်။ သူက ဟန်မဆောင်၊ ပကာသန မရှိ၊ ပြောစရာရှိ လျှင် စိတ်ထဲမှာ ဖုံးမထား၊ ရန်ဖြစ်စရာရှိလျှင်လည်း ဖြစ်ပြစ်လိုက်တာ။ နေရာ ဒေသ မရွေး၊ အဓိကကတော့ 'ဟန်' မရှိခြင်း၊ နေထိုင်မှုပုံစံ ရိုးခြင်း၊ အဲဒီ ရိုးမှုပုံစံတွေက သူ့အနုပညာလက်ရာတွေမှာ အမြဲထင်ဟပ်နေတာ။ အဲဒါကြောင့်လည်း သူ့ပန်းချီတွေ တွေ့မြင်ရလျှင်လည်း သူ့ကို လေးစားနားလည်သွားပြီး စိတ်ထဲမှာ ဘာစိတ်မှ မရှိ ဖြစ်ရပါတယ်။
သူက ပုံရေးကြာတယ်။ ပုံအပ်လျှင် ရက်ချိန်းမှန်ခဲတယ်။ တချို့ အယ်ဒီတာတွေ ထုတ်ဝေသူတွေ ရက်ချိန်းအတိုင်း ပုံမရရင် စိတ်ဆိုးကြတယ်။ မကျေမနပ် ဖြစ်ကြတယ်။ အဲ.... ဒါပေမယ့် သူ့ဆီက ပုံရသွားပြီး လက်ရာပန်းချီကို မြင်လိုက်ရပြီ ဆိုလျှင်တော့ စိတ်ဆိုးတွေ ပြေသွားကြတော့တယ်။ သူ့လက်ရာပုံကို ရွှန်းရွှန်းကြီး ကြည့်ကြည့်ပြီး ကျေကျေနပ်နပ် ပီတိသောမနဿတွေ ပွါးသွားကြတော့တယ်။ သူ့ အနုပညာက အဲဒီလောက်ထိ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေတယ်။ အမောတွေကို ပြေစေတယ်။ အဲဒီအခါမှာ သူကြွေးကြော်တာက 'အဲဒါ ၀သုန်လို့ခေါ်တယ်' တဲ့။ ဒါ သူ မကြာခဏ ကြွေးကြော်လေ့ရှိတဲ့ စကားပါ။ ကြွေးကြော်လောက်အောင်လည်း သူ့ အနုပညာတွေက ပြောင်မြောက်နေတာကိုး။ အလုပ်ကိုလည်း မလုပ်ချင် ပစ်ထားတာ။ လုပ်ပြန်တော့လည်း ရိုရိုသေသေ တကယ်လုပ်တာ။
ခုတော့ ဘာမှ မလုပ်တော့ဘဲ နှစ်ရှည်ခရီးကြီး ထွက်သွားပြီပေါ့။
လွမ်းလို့ ကျန်ခဲ့သူတွေကတော့ သရုပ်ဖော်ပုံတွေ မြင်တိုင်း၊ ပန်းချီကားတွေ ကြည့်တိုင်း ပြောလေ့ရှိခဲ့တဲ့ စကားသံကို ကြားယောင်နေမှာပါ။
'အဲဒါ ၀သုန်လို့ ခေါ်တယ်'
ကာတွန်း မြေဇာ
၂၉-၁၀-၂၀၀၈။
[ ပန်းချီဝသုန်ရဲ့ အပေါင်းအသင်းများ စုပေါင်းရေးသားတဲ့ 'လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက် ထည်ထည်ဝါ-ပန်းချီဝသုန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၉ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]
ဝတ္ထုတိုနှစ်ဆယ့်လေးပုဒ်နဲ့ ရိုးသားခြင်းသရုပ်သဏ္ဍာန် ပန်းချီဝသုန်ရဲ့ရေးဟန်
ရေးသူ- ဆောင်းဝင်းလတ်
သူတို့နှစ်ယောက်ဟာ သံယောဇဉ်သမားတွေဗျ။ သူတို့အချင်းချင်းလည်း သံယောဇဉ် မကင်းသလို စကားပြေအရေးအဖွဲ့ကိုလည်း သံယောဇဉ်ထားတတ်ကြတဲ့ နှစ်ယောက်ပါ။ ကာတွန်းမြေဇာနဲ့ ပန်းချီအစ်ကို ၀သုန်ပေါ့ဗျာ။ နှစ်ယောက်စလုံး ၀တ္ထုတို အရေးအဖွဲ့မှာ ရိုးရိုးစင်းစင်း ရှင်းရှင်းဘွင်းဘွင်း ခပ်ပြတ်ပြတ်ရေးဖွဲ့လေ့ ရှိတတ်ကြတယ်။ အစုအဆောင်း အထိန်းအသိမ်းလည်း ကောင်းပြီး စနစ်ကျလေတော့ အခု အစ်ကိုဝသုန်ရဲ့ ၀တ္ထုတို နှစ်ဆယ့်လေးပုဒ် ပေါင်းချုပ်စာအုပ်လေး ထွက်လာတဲ့အခါ ကြည့်ရတာ ကြည်နူးစရာပဲ။ မျက်နှာဖုံးကြည့် ရတာလည်း လွမ်းစရာကြီး။ ဦးလေးဦးအောင်စိုးရဲ့ ပန်းချီနဲ့လေ။ အတွင်းကျတော့လည်း မဂ္ဂဇင်းတွေမှာ ပါတုန်းက မူရင်းသရုပ်ဖော်ပုံတွေ ပြန်ဖော်ပြထားတော့ ဦးလေးဦးအောင်စိုး၊ ဆရာဦးစိန်၊ အစ်ကိုမောင်ညိုဝင်း၊ အစ်ကိုလေး တင်လှဝင်းထင်၊ ဦးတင်မောင်မျင့်၊ ကိုသိုက်၊ ကိုကျော်သောင်း၊ ချစ်သောဇာဇာခေါ် ကိုမြေဇာ၊ ကိုကျော်ဖြူစံ၊ ကိုယဉ်မင်းပိုက်၊ ဆုံးပါးသွားရှာပြီ ဖြစ်တဲ့ ကေမြိုးကြီး၊ ပြီးတော့ မမွှေး၊ တူမလေး အင်ကြင်းအေး၊ အောင်နဲ့မောင် ဆရာတွေ လို့ဆိုရမယ့် ကိုမင်းဝေအောင်၊ ကိုသန်းဌေးမောင်၊ ဆရာဇော်မောင်တို့ လက်ရာတွေ တွေ့ရတယ်။ ကိုစည်၊ ကိုကိုနိုင်၊ မမွှေးနဲ့ ကိုစိုးဝင်းငြိမ်း၊ မျိုးထွဏ်းတို့ လက်ရာတွေကလည်း ကောင်းပါ့။
မှတ်မိသေးပါရဲ့။ မဟေသီ မဂ္ဂဇင်းမှာ ကျွန်တော်အလုပ်လုပ်တုန်းက တမျက်နှာ ၀တ္ထုတိုနဲ့ ကဗျာသရုပ်ဖော်ပုံတွေ အစ်ကိုဝသုန်ကို အပ်တဲ့အခါ အဲဒီအတိုဆုံး ၀တ္ထုတို စာတွဲတချို့မှာ ဖယောင်းတောင့်နဲ့ ရေးထားတဲ့ သမီးလေးအင်ကြင်းအေးရဲ့ အတွေးလက်ရာတွေပါ တွေ့လာခဲ့ရတယ်။
တောင်ဥက္ကလာပက အစ်ကိုဝသုန်တို့အိမ် ရောက်သွားရင် မြင်ရတဲ့ စာတန်းလေးတခုက... 'ပန်းချီရေးတဲ့ခုံ' တဲ့ဗျ။ ပန်းချီဆရာဟာ သူ့ဘ၀ ပတ်ဝန်းကျင်ကို ထင်ဟပ်တဲ့ ၀တ္ထုတိုလေးတွေ ရေးလာလိုက်တာ ခုခါမှာ စာအုပ်တောင် ဖြစ်ပြီ။ မဟေသီ၊ စပယ်ဖြူ၊ ရနံ့သစ် အပါအ၀င် မဂ္ဂဇင်းတွေမှာ အစုံရေးခဲ့တာကိုး။ ဒီစာအုပ်ကို ထုတ်ဝေလိုက်တာက သီဟရတနာ စာပေတိုက်က မောင်သိမ်းစိုး။ အမှတ်တရပါဘဲ။
ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းထဲမှာ အစ်ကိုရေးခဲ့တဲ့ 'အထပ်ခိုးကလေး' ၀တ္ထုတိုဟာ မြို့ပြ လူနေမှုစနစ်လို့ပဲ ဆိုချင်ပါတယ်။ ရနံ့သစ်မဂ္ဂဇင်းမှာ သူရေးခဲ့တဲ့ 'နေရာ' ကတော့ ကျွန်တော်သိသလောက် တကယ့်အဖြစ်အပျက် ပဲဗျ။ ပြည်မြို့ကို သူတို့ ပန်းချီဆရာတစု မောင်တင်ဦးတို့ မင်္ဂလာဆောင်သွားပြီး ရန်ကုန်ပြန်ရောက်တာနဲ့ သူ့ခမျာ အမူးလွန် သတိလစ်မေ့မျော ရောဂါဖြစ်ပြီး အရေးပေါ်ဆေးရုံပြေးရတဲ့ အခန်းရေးထားတာ ယမကာသမားများ သတိထား ဆင်ခြင်ဖွယ်ရာ။ ဒါတကယ်ဗျ။ မသေကောင်း မပျောက်ကောင်း သူကြုံရရှာတာ။ အဲဒီ 'နေရာ' ၀တ္ထုဖတ်တော့ သက်ရှိဇာတ်ကောင် ကာတွန်းမောင်မောင်အောင်တို့ မခင်မြတ်ဦးတို့ လင်မယား လူနာတင်ကားနဲ့ အစ်ကိုဝသုန်ကို ဆေးရုံလိုက်ပို့ရင်း မခင်မြတ်ဦး ငိုတဲ့နေရာလည်းရောက်ရော ကျွန်တော် နင့်ကနဲ ခံစားလိုက် ရတယ်။
အဲဒီစာ ဖတ်ရင်းက ဒီလင်မယားကိုလည်း သတိရပါသဗျာ။ ရိုးသားနိုးကြားပြီး စီးပွါးရေးတိုးပွါးအောင် ကြိုးစားဆောင်ရွက်နေကြတဲ့ တကယ်ခင်ဖို့ကောင်းတဲ့ လင်မယားဗျ။
ဆုံးပါးသွားရှာပြီ ဖြစ်တဲ့ မဟေသီမဂ္ဂဇင်းအယ်ဒီတာလေး မောင်သန်းထိုက်နဲ့ ကျွန်တော့်ကိုဆို သိပ်ခင်ကြ ချစ်ကြတာ။ ကိုမောင်မောင်အောင်ဟာ ကွမ်းသိပ်စားတယ်။ အရက်မသောက်တတ်ရှာဘူး။ သို့သော်.... တရက်မှာ ဘာစိတ်ကူးပေါ်တယ်မသိဘူး။ မခင်မြတ်ဦးက လက်ဘက်ကို ကြက်သွန်ဖြူဥကြီး နိုင်ချင်းနဲ့ ဆီစိမ်တယ်။ ပုဇွန်ခြောက် အကောင်ကြီးတွေကလည်း ရဲလို့။ သူတို့ လင်မယားက အလုပ်သမားလေးတယောက်ကို စက်ဘီးနဲ့ အရက်တပုလင်း သွားဝယ်ခိုင်းပြီး မောင်သန်းထိုက်နဲ့ ကျွန်တော့်ကို ဧည့်ဝတ်ပြုတယ်။ ရယ်စရာ ပြောရဦးမယ်။ သူတို့ဟာ အရက်ရဲ့ သဘာဝကို မသိကြရှာဘူး။ လက်ဘက်ရည်ဝယ်တိုက်သလို အားပါးတရ ချက်ချင်းကုန်အောင် သောက်စေချင်ကြတယ်။ ဘေးက အားမလိုအားမရ ထိုင်ကြည့်နေတဲ့ မခင်မြတ်ဦးက 'သောက်ကြလေ... ၀အောင်သောက်ပါ၊ ကိုဆောင်းရဲ့၊ စား... လက်ဘက်စား၊ အရက်လည်း မြန်မြန်ကုန်အောင်သောက်' တဲ့။ တကယ့်ကို ရိုးရိုးကြီးတွေ။
ကြီးပွါးရေးလမ်းညွှန်ဂျာနယ်မှာ အစ်ကိုဝသုန်ရေးခဲ့တဲ့ မေတ္တာလက်ဆောင်စာပေ ၀တ္ထုတိုကတော့ ရပ်ကွက်တခုရဲ့ ပတ်ဝန်းကျင်လူ့စရိုက်၊ လူ့သဘာဝကို လက်တွေ့ကျကျ ရေးလိုက်တာဗျ။ ဒါမျိုးတွေ တကယ် ရှိတာ။ စာအုပ်ငှားတဲ့ဆိုင်ရဲ့ ပတ်ဝန်းကျင် လူမှုဆက်ဆံရေးပေါ့ဗျာ။ ကျွန်တော်ဆိုရင် အငှားဆိုင်ဖွင့်တာ မဟုတ်ဘဲနဲ့ အိမ်နီးနားချင်းတချို့က လာယူကြ၊ လာငှားဖတ်ကြရင်း ဘာကြုံဖူးသလဲဆိုတော့ အိမ်တအိမ်ဗျာ၊ ကလေးများတဲ့အိမ်။ ပြောရမှာလဲ အားနာပါရဲ့။ မဂ္ဂဇင်းမျက်နှာဖုံးတွေ စုတ်ပြဲ၊ စာအုပ်ထဲက အရုပ်လှလှလေးတွေ ဆုတ်ဖြဲပြီး ပြန်လာပေးတာ ကြုံရဖူးတယ်။ သိပ်ကောင်းတဲ့ စာအုပ်။ ပြန်မပေးတာလည်း ခဏခဏပေါ့။ ဒီတော့ အိမ်မှာ စာအုပ်များလာရင် နီးစပ်ရာ ဆေးခန်းတို့၊ ဆေးရုံတို့ကို လူနာတွေဖတ်ဖို့ လှူပစ်လိုက်တာပဲ။ ဂျာနယ်တွေ၊ နိုင်ငံခြားသတင်းစာတွေ ကျတော့လည်း ဖတ်ပြီးလို့ များလာရင် စီးကရက်ဖိုးရအောင် ဘော်တယ်ဆိုင်သွားပြီး ပိဿာချိန်နဲ့ ရောင်းပစ်လိုက်တော့တယ်။
အောင်မယ်။ သူ့စာအုပ်ထဲမှာ ကျွန်တော်ကြိုက်တာလေး တပုဒ် ပါသေးတယ်။ 'ခြေထောက်များ' တဲ့။ မဟေသီမဂ္ဂဇင်းထဲ သူရေးခဲ့တာ။ ပန်းချီကားလာဝယ်တဲ့ အရှေ့တိုင်းသား တယောက်က ခြေထောက်က ဖိနပ်ဦးနဲ့ ပန်းချီကားကို မရိုမသေပြတဲ့အခါ အမျိုးသားယဉ်ကျေးမှုကို အစော်ကားမခံနိုင်ဘဲ အဲဒီပန်းချီကားကို မရောင်း တော့တဲ့အကြောင်းပေါ့။ ဒါမျိုးတော့ ဘယ်ရမလဲ။ အဲ... မဟေသီထဲကပဲ၊ ငှက်ကလေးရေ ပြန်လာပါတဲ့။ ကလေးတယောက်ရဲ့ အတွေးကို ရေးထားတာ။ ဒါလေးဟာ ရင်ထဲထိတဲ့ ရေးချက်ပဲဗျ။ ၀တ္ထုထဲမှာ ကလေးလေးဟာ ချစ်စရာလေး။
သူက ရိုးရိုးလေးနဲ့ အရေးရှင်းတော့ ရင်ထဲ လွယ်လွယ်ရောက်တော့တာပေါ့ဗျာ။ နောက်ပြီး သိပ်ကြီးကြီး ကျယ်ကျယ်ကြီးတွေ အခြေတည်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ချင်းစာ ခံစားလို့ရတဲ့ တကယ့် လူ့ဝန်းကျင်ထဲက သဘာဝဖွဲ့၊ စရိုက်ဖွဲ့တွေပဲ။ ဒါကြောင့် အစ်ကိုဝသုန်ရဲ့ 'သားကလေး အမည်မသိနှင့် အခြားဝတ္ထုတိုများ' ဖတ်ရတာ 'အီ' မသွားခဲ့ပါဘူး။ စာကို 'အီ' အောင်မရေးတာလည်း ကျေးဇူးတင်မိကြောင်းပါဗျာ။
ဆောင်းဝင်းလတ်
၂၀၀၄၊ ဖေဖော်ဝါရီ၊ မင်္ဂလာမဂ္ဂဇင်း။

Friday, January 22, 2010
နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ
ရေးသူ- ၀င်းတင်
(၁)
သြဂုတ် ၂ ရက် (၁၉၈၂ ခု) မနက်မှာ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ ရန်ကုန်ကနေ မန္တလေးကို ပြန်ကြပါတယ်။
ကျွန်တော် ဘူတာကြီးကိုရောက်တော့ ဦးလေးတို့ ပေါ်မလာကြသေးပါဘူး။ ဆန်းပါကလားလို့ စိတ်ထဲမှာ ထင်လိုက်မိတယ်။ ဟုတ်တယ်လေ။ ဦးလေးက ထကြွလုံ့လ သိတ်ရှိတာ။ နောက်ကျဖို့ဆိုတာ ဝေးရော။ မစောဘူးဆိုတာတောင် ရှိခဲပါဘိခြင်း။ ဘာလုပ်စရာရှိရှိ ဦးလေးက စောစော ရောက်နေတတ်တာချည်းပါ။
ရထားထွက်ခါနီးမှ ဦးလေးတို့ ရောက်လာကြပါတယ်။ ဦးလေးကို ကြည့်ရတာ ခါတိုင်းနဲ့ မတူပါဘူး။ ပျော့ယိုင်ယိုင် ဖြစ်နေသလိုပဲ။ ဦးလေး လမ်းလျှောက်ပုံက ခါးက ကော့ကိုင်းကိုင်း ဖြစ်နေပါတယ်။ ခါးကို ဆန့်နိုင်သမျှ ဆန့်ထားလို့ ကော့ယောင်ယောင် ဖြစ်နေတာ ထင်ပါရဲ့။ ဒါပေမယ့် ကိုင်းတိုင်းတိုင်း။ ခါးကတော့ ကိုင်းတိုင်းတိုင်းဟာ ကိုင်းတိုင်းတိုင်းမို့ ကော့ကိုင်းကိုင်း ဟန်ပေါက်နေတာပါ။ ခါးကိုင်းတော့ ဦးလေးဝတ်နေကျ အနက်ရောင် မကျည်းစေ့ကွက် တိုက်ပုံအင်္ကျီကြီးက ရှေ့ကို ပိုပြီး ဖါးလျားကျနေတယ်။ တောင့်တောင့် မတ်မတ်ဆိုလို့ ခါးပေါ်က လုံချည်ရဲ့ မီးခိုးရောင် ကွက်တုံးကြီးတွေပဲ ရှိတော့သယောင် ထင်ရပါတယ်။ ဦးလေးရဲ့ ဗယ်ဘက်လက်မှာ တောင်ဝှေးလို တုတ်တချောင်း ကိုင်ထားတယ်။ တုတ်ကို အတော်ကလေး အားပြုနေရတော့ လမ်းလျှောက်တုတ် ကိုင်သလို မကိုင်ပဲ တောင်ဝှေးကိုင်သလို ကိုင်ထားတယ်။ ဒါ့ကြောင့် တောင်ဝှေးလိုတုတ်လို့ စိတ်ထဲမှာ မှတ်မိလိုက်တာပါ။
ဒေါ်ဒေါ်က လိုက်ပို့သူတွေကို နှုတ်ဆက်ပြီး ရထားတွဲပေါ်ကို ချက်ချင်း တက်သွားပါတယ်။ ဦးလေး စင်္ကြန်ပေါ်မှာ တာရှည်ရပ်မနေပဲ ရထားတွဲပေါ် တက်ထိုင်နိုင်အောင်ဆိုတဲ့ သဘောနဲ့ တူပါတယ်။ ဒါပေမယ့် ဦးလေးက တွဲပေါ်ကို ချက်ချင်းလိုက်မတက်ပါဘူး။ ဦးလေး ရထားတွဲပေါ်တက်ထိုင်ပြီး အပေါ်က စကားပြောချင် ပြောနိုင်အောင်လို့ ကျွန်တော်လဲ တွဲဘေးစင်္ကြန် အတွင်းပိုင်းအထိ ၀င်လိုက်သွားပါတယ်။ "တနေ့လုံး ထိုင်သွားရမှာပဲ ကိုဝင်းတင်ရယ်၊ မတက်သေးပါဘူး" တဲ့။ ဦးလေးက စင်္ကြန်ပေါ်မှာပဲ အကြာကြီး ရပ်ပြီး ကျွန်တော်နဲ့ စကားပြောနေပါတယ်။ ဦးလေးက နိုင်ငံတကာအရေး၊ တိုင်းရေးပြည်ရေး၊ စာရေးပေရေးတွေကို ပြောနေပါတယ်။ "လူတွေ စာဆိုးပေညံ့တွေကိုချည်း ဖတ်နေရင် နှစ်ပေါင်း သုံးဆယ် လေးဆယ်အတွင်း နလပိန်းတုန်းတွေ ဖြစ်ကုန်နိုင်တယ် ကိုဝင်းတင်ရေ့၊ ဖေတော့မောင်တော့ အီးအားဒိန်းဒိုင်း စာတွေနဲ့ပဲ လူတွေ အချိန်ကုန်နေလို့ မဖြစ်သေးဘူး။ စာကောင်းတွေ ရေးဖို့ထုတ်ဖို့ သိတ်လိုနေပြီ၊ စာကောင်းတွေ ဖတ်မှ လူကောင်းတွေ ဖြစ်မယ်၊ လူတွေကောင်းမှ တိုင်းပြည်ကောင်းမှာ မဟုတ်လားဗျာ"
ဦးလေးကို ကြည့်ရတာ ခါတိုင်းလို ရွှန်းရွှန်းဝေေ၀ မရှိပါဘူး။ ဦးလေးဟာ စကားပြောရာမှာသာ ရွှန်းရွှန်းဝေေ၀ ရှိတယ်လို့ ဆိုနိုင်သူ မဟုတ်ပါဘူး။ ပြုံးကြည်တဲ့ မျက်နှာ၊ ဖျတ်လတ်တဲ့ က်ုယ်ဟန်ကြောင့် ပြုမူလှုပ်ရှားရာမှာလဲ ရွှန်းရွှန်းဝေေ၀ ရှိလှတယ်လို့ ဆိုနိုင်သူ ဖြစ်ပါတယ်။
"ကိုဝင်းတင် မန္တလေးမရောက်တာ ဘယ်နှစ်နှစ်လောက် ရှိနေပြီလဲ"
ဦးလေးက သူ့မေးခွန်းကို သူဖြေပြီး ဆက်ပြောသွားပါတယ်။
"ငါးနှစ်တောင် ရှိတော့မှာပါလား၊ မန္တလေးက လူတွေက ကိုဝင်းတင်ကို ခင်ကြတယ်။ ကိုယ့်ကို ခင်တဲ့သူတွေနဲ့ သိပ်အဆက်မပြတ်ကောင်းဘူးလေ။ ဦးလေးရေးလိုက်တဲ့စာ ရတယ်မဟုတ်လား။ ၀ါကျွတ်တော့ လာဖြစ်အောင် လာခဲ့ပေါ့ ကိုဝင်းတင်ရယ်"
ဦးလေးပြောတဲ့စာက ဇွန် ၃ ရက်နေ့စွဲနဲ့ ရေးလိုက်တဲ့ စာပါ။ အဲဒီစာကို မနေ့ (သြဂုတ် ၁ ရက်) ကပဲ ကျွန်တော်ရပါတယ်။ ဦးလေး ရေးလိုက်တဲ့ စာလို့ ဆိုပေမယ့် အမှန်က ဒေါ်ဒေါ်ရဲ့ စာပါ။ ဒေါ်ဒေါ်ရဲ့ စာအောက်မှာ သီတင်းကျွတ် ကိုသိန်းတို့နဲ့ အတူလာယင် ကောင်းမယ်လို့ တကြောင်းထဲ ဦးလေး ၀င်ရေးလိုက်တဲ့ စာပါ။ ကိုသိန်းဆိုတာ ဆရာဇ၀နကို ပြောတာပါ။ ဦးလေးဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘယ်တော့မှ စာအဆက်ပြတ်သူ မဟုတ်ပါဘူး။ စာပြန်ပျင်းတဲ့ ကျွန်တော့်လိုလူမျိုး ဆီကိုတောင် မပြတ်လိုလို သတိတရ စာရေးတတ်သူ ဖြစ်ပါတယ်။ ဒီတခါတော့ တယ်ပြီး နေကောင်းထိုင်သာ မရှိလှလို့နဲ့ တူပါရဲ့။ ဒေါ်ဒေါ့် ငါးမျက်နှာ စာရှည်ကြီးအောက်မှာ တကြောင်းလောက်သာ ၀င် 'တို့' နိုင်ပါတော့တယ်။
"လာမှာပေါ့ ဦးလေးရယ်၊ ဟုတ်မှာပဲ၊ မန္တလေးမရောက်တာလဲ ကြာလှပြီပဲ" ဦးလေးကို ကျွန်တော် ကတိ ပေးလိုက်ပါတယ်။
ရထားထွက်တော့ ဦးလေးက အကြာကြီး လက်ပြ နှုတ်ဆက်သွားပါတယ်။ မျက်စိအောက်က လူလုံး ပျောက်သွားတဲ့အထိ ဦးလေးက ပြူတင်းပေါက်မှာ ခေါင်းထုတ်ပြီး လက်တရမ်းရမ်း လှုပ်ပြသွားလို့ အကြာကြီးလို့ အမှတ်ထားလိုက်မိတာပါ။
အဲဒီနေ့က ကျွန်တော့နေ့စဉ်မှတ်တမ်းမှာ ဦးလေးပြောခဲ့တာတွေကို ရေးမှတ်ရင်း အပြီးသတ်မှာ "ရထားထွက်တော့ ဦးလေးက အကြာကြီး(၂) လက်ပြနှုတ်ဆက်သွားတယ်။ (?)" လို့ ရေးလိုက်မိပါတယ်။ (၂) က အကြာကြီးဆိုတာ တော်တော့ကို ကြာတဲ့ အကြာကြီးမှန်း မှတ်မိအောင်လို့ ထပ်ကိန်းနဲ့ တေးထားတာပါ။ (?) ကတော့ ကျွန်တော့် စိတ်ထဲမှာ ထင့်နေတဲ့ ပူပန်မှုကို ဘယ်လိုမှ ထုတ်မရေးရက်လို့ မေးခွန်းသင်္ကေတနဲ့ မှတ်ထားတာပါ။ အဲဒီနေ့က ကျွန်တော့် စိတ်ထဲမှာ ထင့်ကနဲ ဖြစ်လိုက်ရတဲ့ ပူပန်မှုက ဦးလေးရဲ့ ကျန်းမာရေး အခြေအနေ သိပ်များ ဆိုးနေပြီလား၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ၊ ဦးလေးကို နောက်ဆုံးတွေ့လိုက်ရ တာများ ဖြစ်နေ မလား၊ ဦးလေး အကြာကြီး လက်ပြနှုတ်ဆက်သွားတာကကော ဘာသဘောလဲ၊ ဦးလေး စိတ်ထဲမှာလဲ ငါတို့ကို နောက်ဆုံး တွေ့ရတာပဲလို့ ထင်နေလို့လားဆိုတဲ့ ပူပန်မှုပါပဲ။
ကျွန်တော် ဘူတာကြီးက ပြန်တော့ ဆရာတက်တိုးတို့ အိမ်ကို ၀င်သွားပါတယ်။
"ဦးလေးလှတော့ ကျန်းမာရေး အတော်ဆိုးနေပြီ ထင်တာပဲ ဆရာရယ်၊ စိတ်မကောင်းဘူး၊ အသက်မှ ရှည်ပါ့မလား မသိဘူး" လို့ နမိတ်မရှိ နမာမရှိ ကျွန်တော် ပြောလိုက်မိပါတယ်။ ဆရာတက်တိုးနဲ့ ဆရာကတော် ဒေါ်နုယဉ်တို့လဲ ဟုတ်လား၊ ဟုတ်လားနဲ့ စုတ်တသပ်သပ် ဖြစ်နေကြပါတယ်။ ဆရာက သူတို့ မင်္ဂလာဆောင်တုန်း က ဦးလေးပို့ပေးတဲ့ လက်ဆောင်ပစ္စည်းကလေးကို ထုတ်ပြပါတယ်။
"ကိုလှက သိပ် စိတ်ကောင်းရှိတဲ့လူ၊ သိတ် ချစ်တတ် ခင်တတ်တဲ့ လူကွ" ဆရာက နှစ်နှစ်လိုလို ပြောပါတယ်။
"အေးပေါ့ကွာ အသက်တွေ ကြီးလာတော့လဲ သေကြရမှာပေါ့၊ ငါ့ကိုကော သေခါနီးပြီလို့ မင်းက ထင်နေသလား"
"ဟာ ဆရာကလဲ မဟုတ်တာ"
"ထင်လဲ အရေးမကြီးပါဘူး မောင်ရာ၊ အသက်ကြီးတဲ့လူတွေ ဆိုတာ ကြီးလာလေ၊ သေရမှာ မကြောက်လေပဲကွ၊ မှတ်ထား အချိန်မရှိတော့ဘူး ဆိုတာ သိတော့ ပို အလုပ်လုပ်တယ်၊ အလုပ်ပိုလုပ်တော့ အသက်က ပိုရှည်ပြန်ရောကွ၊ ကိုလှ အသက်ရှည်မှာပါကွာ၊ မပူပါနဲ့၊ သူက တသက်လုံး သိပ်အလုပ်လုပ်တဲ့လူ၊ ခုအချိန်ဆို ပိုတောင် အလုပ်လုပ်နေအုန်းမှာ၊ ဒီတော့ ပို အသက်ရှည်မှာ မောင်ရေ့ စိတ်သာချ"
ဆရာတက်တိုးစကားကြောင့် ကျွန်တော့်စိတ်ထဲမှာ ထင့်နေတာ သက်သာတန်သလောက် သက်သာ သွားပါတယ်။
သက်သာရာ ရတယ်ဆိုပေမယ့် ရက်ပိုင်းပါပဲ။
သြဂုတ်လ ၇ ရက် မနက်စောစောမှာ ဆရာဇ၀နဆီက စာတိုကလေးတစောင် ရောက်လာပါတယ်။
ဦးလေး ဆုံးပြီဆိုတဲ့ သတင်းကို ဆရာသုခက တယ်လီဖုံး ဆက်ပြောကြောင်း.....
အလွန်ခိုင်ခံ့ တောင့်တင်းတဲ့ ဆရာဇ၀နရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရွက်ပေါ်က စာလုံးတွေဟာ ကျွန်တော်ရဲ့ မျက်စိထဲမှာ ယိမ်းပြိုလာသလို ထင်ရပါတယ်။ စာလုံးတွေ ယိမ်းပြိုတာကို မျက်စိထဲမှာ မြင်နေရသလိုပဲ ရင်ထဲမှာလဲ ကျောက်သားတောင်ကြီးတလုံး ၀ုန်းကနဲ ပြိုကျသွားတာကို ကြည့်မြင်နေရသလို ခံစားလိုက်ရပါတယ်။
(၂)
ချက်ချင်းပဲ မန္တလေးသွားဖို့ ကျွန်တော် စီစဉ်ပါတယ်။ ဆရာဇ၀နကလဲ အတူသွားကြမယ်၊ မန္တလေးမှာ ရက်လည်အောင် နေကြမယ်ပေါ့။ ဒါပေမယ့် အစီအစဉ် ပျက်သွားပါတယ်။ ဆရာဇ၀န သိပ်စိတ်ထိခိုက်နေပြီ၊ သွေးတက်နေပြီ။ မန္တလေးကို လိုက်နိုင်မယ့် အခြေအနေ လုံးဝ မရှိတော့ဘူး။ ဒေါ်ဒေါ်ဆီကို စာရှည်ကြီးတစောင် ရေးပြီး သူ့သားမက်ကြီး ဆရာကိုမျိုးအောင်ကိုပဲ ကိုယ်စားလွှတ်နိုင်တော့မယ်။ ဒါနဲ့ ကျွန်တော်တယောက်တည်း မန္တလေးကို ထွက်ခဲ့ရတော့တယ်။ ရထားပေါ်ကျမှ ဦးလေးရဲ့ မိတ်ဆွေကြီး ဦးအေးကြည်တို့၊ စာရေးဆရာမ ဒေါ်ခင်ဆွေဦး သားအမိတို့နဲ့ ဆုံပါတယ်။ မန္တလေးရောက်မဆိုက်ပဲ လူထုတိုက်ကို တန်းသွားကြပါတယ်။
"ကိုဝင်းတင်ရယ် ရှင့်ဦးလေးက ရှင့်ကို မန္တလေးလာစေချင်တာ ဒီလာပုံမျိုးနဲ့ လာစေချင်တာ မဟုတ်ပါဘူး ကိုဝင်းတင်ရဲ့" လို့ ဒေါ်ဒေါ်က ငိုပါတယ်။ ဒေါ်ဒေါ်က မျက်ရည်လည်ရွဲနဲ့ ကြေကွဲတဲ့ စကားတွေကို ပြောနေပါတယ်။ ကျွန်တော်လဲ မျက်ရည်မကျအောင် အနိုင်နိုင် ထိန်းနေရပါတယ်။ ဦးလေးရဲ့ ရုပ်ကလပ်ကို ကျွန်တော်အကြာကြီး စိုက်ကြည့်နေမိပါတယ်။ ပြီးတော့ ကျွန်တော့်မျက်စိကို အကြာကြီး မှိတ်ထားလိုက်ပါတယ်။ မှိတ်ထားတဲ့ မျက်စိထဲမှာ ဦးလေးရဲ့ သက်မဲ့ရုပ်ကလပ်ကို မမြင်ပါဘူး။ ကြည်သာရွှန်းဝေတဲ့ မျက်နှာ၊ လန်းဆန်း ဖျပ်လတ်တဲ့ ကိုယ်ဟန်နဲ့ သက်ရှိလှုပ်ရှားနေတဲ့ ဦးလေးကိုပဲ မြင်ယောင်နေမိပါတယ်။ စိတ်အာရုံထဲမှာလဲ ဦးလေးရဲ့ စိတ်ကောင်း လူကောင်း ဂုဏ်ဒြပ်တွေကို တစေ့စေ့ တွေးမှတ်နေမိပါတယ်။
"ဒေါ်ဒေါ်ရယ်- ဦးလေးဟာ လူ့လောက ကောင်းကျိုးကို အများကြီး သည်ပိုးသွားတဲ့ လူဆိုတော့ လူ့လောကကြီးမှာ အကြာကြီးနေသွားရဖို့ ကောင်းတာပေါ့။ အသက် ခုနှစ်ဆယ်ကျော်အထိ နေရတယ်ဆိုတာလဲ အကြာကြီးပါပဲ။ ဒါထက် ကြာကြာကြီး ပိုမနေရတဲ့အတွက် နှမြောစရာကောင်းတာ တခုပါပဲ"
(၃)
ဦးလေးအသုဘ ရက်လည်ပြီးတဲ့ နောက်တနေ့မှာ ကျွန်တော် ပြန်ဖို့ စီစဉ်ပါတယ်။ မပြန်ခင် ဒေါ်ဒေါ့်ကို နှုတ်ဆက်ဂါရ၀ပြုယင်း ကျွန်တော် စကားတခွန်း ပြာခဲ့ပါတယ်။
"ဦးလေးဟာ လူတွေအများကြီးရဲ့ ကောင်းကျိုးကိုလဲ ပြုခဲ့တယ်။ လူတဦးချင်း တယောက်ချင်းစီရဲ့ ကောင်းကျိုးကိုလဲ ပြုခဲ့တယ်။ ဒါဟာ ဦးလေးရဲ့ အလွန်ထူးခြားတဲ့ ဂုဏ်ဒြပ်ပါပဲ။ ဒါ့ကြောင့်လဲ ဦးလေးဟာ လူ့ဘ၀မှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ် နေသွားခဲ့ရတာပဲ" လို့ ကျွန်တော် ပြောခဲ့ပါတယ်။
အမှန်ပါပဲ။ ဦးလေးဟာ လူ့ဘ၀မှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ်နဲ့ နေသွားနိုင်ခဲ့ပါတယ်။
အများကောင်းကျိုး ဆောင်တယ်ဆိုတာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ ငတေမာကမ္ဘာမှာ အများကောင်း ကျိုးဆောင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ စိတ်ဓာတ်ရှိတောင် လက်တွေ့လုပ်ဖို့ ခက်ပါတယ်။ လက်တွေ့လုပ်နိုင်ပြန်လဲ ကျယ်ကျယ်ဝန်းဝန်း နှံ့နှံ့စပ်စပ် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အများအကျိုးကို ကျယ်ကျယ် ၀န်းဝန်း ဆောင်ရွက်တယ်ဆိုတာက လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးလုပ်ငန်းတွေ၊ လူမျိုးတမျိုးလုံးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးလုပ်ငန်းတွေကို ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အများကောင်း ကျိုးကို နှံ့နှံ့စပ်စပ် ဆောင်ရွက်တယ်ဆိုတာက ဥာတိသင်္ဂဟ စသည် တဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကို လဲ မချွတ်မယွင်း မလစ်မဟင်း ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အများကောင်းကျိုး ဆောင်တတ်ယင် ပြီးရောပေါ့။ ကျယ်ကျယ်ဝန်းဝန်းတွေ နှံ့နှံ့စပ်စပ်တွေ ခွဲခြမ်းနေဖို့ မလိုပါဘူးလို့ ဆိုချင်ကောင်း ဆိုချင်ကြပါ လိမ့်မယ်။ အမှန်တော့ ခွဲခြမ်းဖို့ လိုပါတယ်။ အကြောင်းက ဒီလိုရှိပါတယ်။
ကမ္ဘာ့အတိုင်းအတာနဲ့ ကြည့်ကြည့်၊ တိုင်းပြည်မြို့ရွာ အချိုးအဆနဲ့ ကြည့်ကြည့်၊ ပုဂ္ဂိုလ်တဦးချင်း အနေ အထားနဲ့ ကြည့်ကြည့် အများအကျိုး သယ်ပိုးဆောင်ရွက်တယ် ဆိုတဲ့နေရာမှာ သဘောတဖြောင့်တည်း မဟုတ်တာကို တွေ့ရတတ်ပါတယ်။ တချို့ဟာ ကမ္ဘာနဲ့ တိုင်းနိုင်ငံနဲ့ ချီပြီး လူအများကြီးရဲ့ ကောင်းကျိုးကို သယ်ပိုးတတ်တာ မှန်ပါရဲ့။ ဒါပေမယ့် လူတဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ ကျတော့ အမှုထားရကောင်းမှန်း မသိနိုင်လောက်အောင် ပေါ့လျော့ ပျက်ကွက်တာကို တွေ့ရတတ်ပါတယ်။ တချိ့ကျတော့ နီးရာစပ်ရာ လူတဦးချင်းတယောက်ချင်းရဲ့ ကောင်းကျိုးကို သယ်ပိုးဖို့ စေတနာ ထက်သန် သလောက် မြို့နဲ့ ရွာနဲ့ တိုင်းနဲ့ ကမ္ဘာနဲ့ ချီပြီးတော့ လူအများကြီးရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ကိုတော့ နှောင့်နှေး တွန့်ဆုတ် တတ်ကြပါတယ်။
ဒါဟာ သစ်တောကိုသာမြင်ပြီး သစ်ပင်ကို မမြင် ဆိုတဲ့စကား၊ သစ်ပင်ကိုသာမြင်ပြီး သစ်တောကို မမြင် ဆိုတဲ့စကားတွေ အတိုင်းပဲပေါ့။ အလှမ်းကျယ်လို့ အလယ်လပ်တယ် ဆိုတဲ့သဘော၊ အနုတ်မက်လို့ အခွက်ပျက် တယ်ဆိုတဲ့ သဘောအတိုင်းပါပဲပေါ့။
ဦးလေးကတော့ ဒီလိုမဟုတ်ဘူး။ လူတဦးတယောက်ချင်း ကောင်းကျိုးကို သယ်ပိုးရမလား၊ လာခဲ့။ လူအများစုကြီး ကောင်းကျိုးကို သယ်ပိုးကြမလား၊ စိန်လိုက်ပဲ။ အများကောင်းကျိုးကို လုပ်ငန်း ကြီးသေး၊ ဒေသ ကျဉ်းကျယ်၊ တာဝန် ပေါ့ လေး၊ အရေးထားမနေဘူး။ အမြဲထက်သန်နေတော့တာပဲ။ အမြဲတက်ကြွနေတော့တာပဲ၊ အမြဲနိုးကြားနေတော့တာပဲ။ ဒါဟာ ဦးလေးရဲ့ နှလုံးသားထဲက လျှံထွက်နေတဲ့ ပရဟိတ စိတ်ကောင်းစိတ်မြတ် အဟုန်ကြီးပါပဲ။ ဦးလေးဟာ ဒီစိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ ရပ်ရေး ရွာရေး လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ နိုင်ငံတကာ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ လူငယ်များ ကြီးပွါးရေး၊ ဘိုးဘွားများ စောင့်ရှောက်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေကို လုပ်တယ်။ လူတဦးတယောက်ချင်း ကောင်းကျိုးအတွက် ဆိုရင်လဲ ဒီစိတ်ဓာတ်နဲ့ လုပ်တာပဲ။ လူသားတရပ်လုံးရဲ့ ကောင်းကျိုးအတွက် ဆိုယင်လဲ ဒီစိတ်ဓာတ်နဲ့ပဲ လုပ်တာပါပဲ။
ဒီလို အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့်ကြီး၊ နှံ့နှံ့စပ်စပ်ကြီး ဆောင်ရွက်နိုင်စွမ်းရှိလို့လဲ ဦးလေးကို စိတ်ကောင်းစိတ်မြတ်တို့ ကိန်းအောင်းရာ ပုဂ္ဂိုလ်ကြီးအဖြစ် ရင်းနှီးသူတိုင်း၊ သိကျွမ်းသူတိုင်း၊ ကြားဖူးသူတိုင်းက ယုံကြည်စွဲမှတ်ကြတာ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်မှာတော့ ဒီလို လူ့လောကကောင်းကျိုး လူတွေရဲ့ ကောင်းကျိုးကို မပြတ်မလပ်၊ မပျက်မကွက်၊ မတွန့်မဆုတ်၊ သယ်ပိုးဆောင်ကျဉ်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လူ့လောကမှာ နေရကျိုး အနပ်ဆုံး လူသားတယောက်ပဲလို့ တထစ်ချ သတ်မှတ်ပါတယ်။
ဦးလေးဟာ သူကိုယ်တိုင်က ပရဟိတစိတ်ဓာတ် အဟုန်ကြီးနဲ့ သူတပါးကောင်းကျိုး၊ လူအများကောင်း ကျိုးကို တရစပ် တွန်းလုပ်နေရုံနဲ့ ရောင့်ရဲနိုင်သေးတာ မဟုတ်သေးဘူး။ သူတကာကိုလဲ သူ့လိုပဲ အများကောင်း ကျိုး သယ်ပိုးဆောင်ရွက်အောင် အမြဲစေ့ဆော် တွဲခေါ်နေတတ်သူ ဖြစ်ပါတယ်။ "ပရစိတ်ဓာတ်၊ ကျင့်ကောင်းမြတ်၊ လွှမ်းပတ်ကမ္ဘာခြုံစေသောဝ်" ဆိုတဲ့ စေတနာမျိုးနဲ့ သာသနာပြုနေသူတဦးရယ်လို့ ဦးလေးကို သတ်မှတ်မယ်ဆို ယင် လွန်တန်မယ် မထင်ရလောက်အောင် ဦးလေးဟာ အများအကျိုး သယ်ပိုးလိုလွန်းသူ ဖြစ်ပါတယ်။ ဒီတော့ ဦးလေးနဲ့ ရင်းနှီးဆက်ဆံသူတိုင်းဟာ တနည်းမဟုတ်တနည်း၊ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်အတိုင်း ကိုယ့်အတာနဲ့ အများကောင်းကျိုး သယ်ပိုးသူတွေ ဖြစ်လာတာချည်းပါပဲ။ ဦးလေးဟာ လူငယ် လူရွယ် အားသစ်မာန်သစ်တွေ အဖို့ စံထားစရာ ပုဂ္ဂိုလ်ကြီးတဦးအဖြစ် မားမားကြီး ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို ရပ်တည်နိုင်ခဲ့တာဟာ ဦးလေးကိုယ်နှိုက်က အများကောင်းကျိုးကို ထာဝစဉ် ရှေ့ရှုနေလို့၊ လူငယ်အားသစ်တွေအပါအ၀င် လူအများစုကြီးရဲ့ ကောင်းရာကောင်းကျိုးတွေကို အမြဲသယ်ပိုးရွက်ဆောင်နေလို့၊ အဲဒီလို အများအကျိုးကို သယ်ပိုး နေရတာကိုက ဦးလေးအဖို့ အားသစ်မာန်သစ်တွေ အဖန်တလဲလဲ ပွါးစည်း ဆူဝေနေလို့ပဲ ဖြစ်ပါတယ်။
ဦးလေးနဲ့ ရင်းနှီးရတာဟာ အများကောင်းကျိုး သယ်ပိုးရွက်ဆောင်လိုတဲ့ စိတ်ဓာတ်အားမာန်တွေကိုသာ ခွဲဝေရရှိစေတာ မဟုတ်ပါဘူး။ စာပေဗဟုသုတနဲ့ ပတ်သက်လို့ အသိသစ်တွေကို ရပါတယ်။ နိုင်ငံရေး၊ လူမှုရေးတွေနဲ့ ပတ်သက်လို့ အတွေးသစ်တွေကို ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ စည်းရုံးလှုပ်ရှားရေးတွေနဲ့ ပတ်သက်လို့ အားမာန်သစ်တွေကို ရပါတယ်။ ဦးလေးဟာ ဘာကလေးလုပ်လုပ် တဘက်လူရဲ့ ဆန္ဒ သဘောထားကို တောင်းခံ ဖော်ထုတ်ဖို့ ဘယ်တေ့မှ မေ့မထားဘူး။ မိမိရဲ့ ဆန္ဒကို တပါးသူ နားလည်သဘော ပေါက်ပြီး ထောက်ခံလိုက်လျောလာအောင် ညှိနှိုင်းဆက်စပ်ဖို့ ဘယ်တော့မှ မေ့မထားဘူး။ ဦးလေးဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ဆွေးနွေးညှိနှိုင်းရာမှာ ပြောဆိုနားထောင်ရာမှာ မျက်နှာအမြဲ ပြုံးချိုတယ်။ စကားအမြဲ ရွှန်းဝေတယ်။ ကိုယ်ဟန်အမြဲ ဖြတ်လတ်တယ်။ အာရုံ အမြဲစူးစိုက်တယ်။ စိတ်ထားအမြဲ စာနာတယ်။ သဒ္ဓါအမြဲပို တယ်။ ဒါတွေဟာ ဦးလေးရဲ့ ကိုယ်ကျင့်တွေပါပဲ။
ဦးလေးဟာ အဲဒီလို ကောင်းမြတ်တဲ စိတ်ဓာတ်တွေ၊ စေတနာ စိတ်ထားတွေ၊ ကိုယ်ကျင့်တရားတွေနဲ့ အတိပြီးတဲ့ပုဂ္ဂိုလ်တဦး ဖြစ်တယ်ဆိုတာ ဘယ်သူမှ ဒွိဟသံသယ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီ ကောင်းမြတ်တဲ့ စရိုက် လက္ခဏာတွေဟာ ဦးလေးဆိုတဲ့ ရုပ်ခန္ဓာကြီးကို ဖွဲ့စည်းတဲ့နေရာမှာ ပင်မဓာတ်ကြီးလို ဖြစ်နေပါတယ်။ ဦးလေးဆိုတဲ့ ရုပ်ခန္ဓာကြီးဟာ ဓာတ်ကြီးလေးပါးနဲ့သာမကဘဲ၊ မေတ္တာ၊ ကရုဏာ စေတနာ သဒ္ဓါဆိုတဲ့ စိတ်ကောင်း စိတ်မြတ် ကြီးတွေနဲ့ပါ ဖြည့်ဆည်းပေါင်းဖွဲ့ထားတာလို ဖြစ်လေတော့ ဦးလေးကို ကြည့်မြင်ရတာ၊ ဦးလေးနဲ့ ဆက်ဆံ ပြောဆိုရတာ၊ ဦးလေးနဲ့အတူ လက်တွဲ လုပ်ကိုင်ရတာဟာ ကောင်းမြတ်တဲ့ စေတနာ မေတ္တာ သဒ္ဓါတရားတွေနဲ့ ကောင်းမြတ်တဲ့ လုပ်နည်းလုပ်ဟန် ကိုယ်ကျင့်စရိုက် လက္ခဏာတွေကို ကူးဆက်မျှဝေ ခံယူရသလို ရှိပါတော့တယ်။ ဒီလိုနဲ့ ဦးလေးဟာ သူနဲ့ ပေါင်းသင်းရင်နှီးလက်တွဲ ဆက်ဆံလာသူတွေကို ဘ၀အဓိပ္ပါယ် ကြွယ်ဝစေတယ်။ ဘ၀အားမာန် ပြည့်ဖြိုးစေတယ်။ ဘ၀တာဝန် ကျေပွန်စေတယ်လို့ ဆိုရမယ်ထင် ပါတယ်။ ဒါဟာ ဦးလေးနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောတရားတွေ ထုတ်နေတာ မဟုတ်ပါဘူး။ ကိုယ်တွေ့ မျက်မြင်တွေအပေါ်မှာ ကျွန်တော်ဆန်းစစ်ပြီး သုံးသပ်ပြတာ ဖြစ်ပါတယ်။ ကိုယ်တွေ့ မျက်မြင်ဆိုတာတွေက အများကြီးပါ။ တခုတလေကို ထုတ်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကိုယ်တွေ့မျက်မြင် တွေကို သာဓက ဆောင်ချင်ပါတယ်။
ဦးလေးနဲ့ ကျွန်တော်ဟာ ၁၉၆၀ ပတ်ဝန်းကျင်လောက်ဆီ ကတည်းက သတင်းစာလောက လုပ်ငန်း တွေမှာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြဘူးပါတယ်။ ဒါပေမယ့် ဦးလေးက မန္တလေးမှာ ကျွန်တော်က ရန်ကုန်မှာ။ လုပ်ငန်းအတူတွဲလုပ်ခဲ့ကြတယ် ဆိုပေမယ့် တလတခါဆိုသလို စည်းဝေးဆွေးနွေးကြတဲ့ အခါကျမှသာ လူချင်းတွေ့ကြရတာ ဆိုတော့ နီးနီးကပ်ကပ်ရှိလှတယ်လို့ မဆိုနိုင်ပေဘူးပေါ့။ ၁၉၇၀ လွန်နှစ်များ အတွင်းမှာတော့ ကျွန်တော်ကလည်း မန္တလေးရောက်နေ၊ မန္တလေး ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး လုပ်ငန်းတွေကလည်း လုပ်စရာပေါ်နေ ဆိုတော့ ဦးလေးနဲ့ ကျွန်တော်ဟာ လေးငါးနှစ်လောက် ဆိုသလို အခါမလပ် အတူတွေ့ဆုံ ပြောဆို ဆွေးနွေးတိုင်ပင် လုပ်ကိုင်ဆောင်ရွက် ခဲ့ကြရပါတယ်။ ဒီအချိန်က ဦးလေးရဲ့ စိတ်ကောင်း၊ သဘောကောင်း၊ ကိုယ်ကျင့်တရားကောင်းတွေကို ကျွန်တော် တပုံကြီး ရခဲ့ပါတယ်။
ဦးလေးရဲ့ ပရဟိတ စိတ်ဓာတ် အဟုန်ကြီးမားပုံကိုတော့ ပြောမနေတော့ပါဘူး။ ဦးလေးဟာ စိတ်ဓာတ် ကောင်း၊ သဘောထားကောင်း၊ ကိုယ်ကျင့်ဟန်ကောင်းတွေသာ ရှိရုံမဟုတ်ပါဘူး။ အဲဒီအကောင်းတရားတွေနဲ့ အပ်စပ်ညီထွေတဲ့ လုပ်နည်းလုပ်ဟန်ကောင်းတွေလဲ အများကြီး ရှိတယ်ဆိုတာ ထင်းထင်းကြီး ပေါ်လွင်နေပါ တယ်။ ဦးလေးရဲ့ လုပ်ဟန်ကောင်းတွေဟာ ဘယ်လိုဟာတွေလဲ။
ဦးလေးဟာ သူတာဝန်ယူထားတဲ့ လုပ်ငန်းတွေအတွက် အမြဲတွေးတောစိတ်ကူးပြီး အကြံဥာဏ်ကောင်း တွေကို အမြဲဖော်ထုတ်တင်ပြတယ်။ အမြဲ ရွှင်ပြုံးတက်ကြွတယ်။ တချက်ကလေး ညည်းတဲ့ဟန် မပြဘူး။ အမြဲ အချိန်တိကျတယ်။ ဘယ်တော့မှ ဗိုလ်မကျဘူး။ ငါတကော မကောဘူး။ လူတတ်မလုပ်ဘူး။ ငါ့စကားနွားရ မပြောဘူး။ အထက်စီးမယူဘူး။ အပိုင်အနိုင်မယူဘူး။ ပေဖြစ်ပြီရယ်လို့လဲ မခံဘူး။ တူဖြစ်ပြီရယ်လို့လဲ မနှံဘူး။ လက်ညှိုးငေါက်ငေါက် မထိုးဘူး။ လက်သီးပုန်းလဲ မထိုးဘူး။ အတေးအမှတ် မထားဘူး။ လက်စားမချေဘူး။ နှုတ်မစွာဘူး။ ရန်မထောင်ဘူး။ အထက်ပင့် အောက်ဖိ မလုပ်ဘူး။ ရှေ့တမျိုး နောက်တမျိုး မကျင့်ဘူး။ ဗောင်းတော်ငြိမ့် စိတ်တော်သိ မလုပ်ဘူး။ မင်းလိုလိုက် မင်းကြိုက်မဆောင်ဘူး။ ဆင်ဖြူမီ ကြံမစုတ်ဘူး။ မျောက်ပြ ဆန်မတောင်းဘူး။ ကိုယ်နဲ့တွဲလုပ်သူတိုင်းရဲ့ ထင်မြင်ချက်၊ အကြံဥာဏ်နဲ့ ဆန္ဒတွေကို တောင်းတယ်။ ကိုယ့်ထင်မြင်ချက်၊ အကြံဥာဏ်နဲ့ ဆန္ဒကို အများလိုက်လျောအောင် ညှိတယ်။ ရှေ့မှောက်မှာရော နောက်ကွယ်မှာပါ ဘယ်သူ့အကြောင်းကိုမှ မကောင်းမပြောဘူး။ သိက္ခာမချဘူး။ နာမ်မနှိမ်ဘူး။ အပုပ်မချဘူး။ အမြဲသဖြင့် အတူတွဲလုပ်သူတွေရဲ့ ကောင်းကြောင်းကိုသာ ပြောတယ်။ ဂုဏ်တင်တယ်။ သိက္ခာဆယ်တယ်။ ဗန်းတင်တယ်။ စန်းတင်တယ်။ ဒါတွေဟာ ဦးလေးရဲ့ အထက်တန်းကျတဲ့ အကျင့်ကောင်း၊ လုပ်ဟန်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဦးလေးရဲ့ လုပ်ဟန် တိကျမှန်ကန်မှုရဲ့ အကျိုးသက်ရောက်မှုဟာ အင်မတန် ကြီးမားပါတယ်။
မန္တလေး ဘိုးဘွားရိပ်သာ တည်ဆောက်ရေး လုပ်ငန်းတွေ တန်းလန်းဖြစ်နေတာ အဲဒီအချိန်က ဆယ်နှစ်လောက် ရှိနေပါပြီ။ ဒါနဲ့ မန္တလေးတိုင်း ပြည်သူ့ကောင်စီက ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး အဖွဲ့တဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ဥက္ကဌက တိုင်းပြည်သူ့ကောင်စီဝင် ဒေါ်အောင်ကြည် ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဦးအေးမောင်၊ ဦးဝင်း၊ ဦးသာဌေး၊ ဦးစံငြိမ်း၊ ဦးသစ်၊ လူထုဦးလှ စတဲ့ မြို့မိမြို့ဖတွေ ပါဝင်ကြပါတယ်။ ဒီပုဂ္ဂိုလ်ကြီး တွေဟာ ကိုယ်ပိုင်လုပ်ငန်းကြီးတွေကို အောင်အောင်မြင်မြင် ဦးစီးလုပ်ကိုင်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။ ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလဲ အတွေ့အကြုံ ကြွယ်လှသူတွေ ဖြစ်ပါတယ်။ လုပ်သမျှလုပ်ငန်း ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်လောက်အောင် ဓနဥစ္စာအင်အား၊ မိတ်သင်္ဂဟအင်အား၊ ခန့်ခွဲကွပ်ကဲမှု အင်အား ကြီးမားသူတွေလဲ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ လက်တွဲလုပ်ကြစို့ ဆိုတော့ အဲဒီအချိန်က ဥက္ကဌ ဒေါ်အောင်ကြည်ဟာ အသက်အရွယ်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ပါ ၀ါနုနေပါတယ်။ ဒါပေမယ့် ဘိုးဘွားရိပ်သာ လုပ်ငန်းတွေဟာ နေ့ချင်းညချင်းပဲ အောင်အောင်မြင်မြင်ကြီး အကောင်အထည် ပေါ်လာခဲ့ ပါတယ်။ အောင်မြင်မှု ရခဲ့တဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ အလှူအတန်းမှာ မွေ့လျော်တဲ့ ဒေသခံပြည်သူ တွေရဲ့ ရက်ရက်ရောရော ကုသိုလ်ပါဝင်မှု၊ ဥက္ကဌ ဒေါ်အောင်ကြည်ရဲ့ အသက်အရွယ် အတွေ့အကြုံနုပေမယ့် ရှေ့ဆောင်ရှေ့ရွက် ပြုတဲ့နေရာမှာ ထက်မြက်ချက်ချာမှု၊ အဖွဲ့ဝင်လူကြီးတွေရဲ့ ကိုယ်ဖိရင်ဖိ ကြည့်ကြပ်မှု စတဲ့ အချက်တွေဟာ အောင်မြင်မှုရဲ့ အရင်းခံ အကြောင်းတွေပါ။ အဲဒီ အရင်းခံ အကြောင်းတွေလိုပဲ အဓိကကျတဲ့ အရင်းခံ အကြောင်းတခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုရင် အဖွဲ့အတွင်းမှာ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက် မှု တည်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဘိုးဘွားရိပ်သာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဦးလေးရဲ့ ကောင်းသော လုပ်ဟန်းဟာ အဖွဲ့ဝင် အားလုံးရဲ့ အချင်းချင်းယုံကြည် ရင်းနှီးမှု၊ လိုက်လျောကြည်ဖြူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပေါင်းစပ် တွဲဆက်ပေးတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ ဦးလေးဟာ လူတွေကို ချစ်တယ်။ ဒါ့ကြောင့် လူတွေရဲ့ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်တယ်။ သူချစ်တဲ့ လူတွေ အချင်းချင်းလဲ ချစ်ခင်ကြည်ဖြူမှု ရှိစေချင်တယ်။ အပြုအဖြစ် အကောင်းအမှန် လုပ်ငန်းတွေအတွက် သင့်မြတ်လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေချင်တယ်။ ဒါဟာ ဘယ်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ဦးလေးအမြဲကျင့်သုံးတဲ့ လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။
"ဦးအေးမောင်- ကိုဝင်းတင်ရေ- ကျွန်တော်တို့ မအောင်ကြည်ကို ၀ိုင်းကူကြရမယ်ဗျ။ သူလုပ်နိုင်တယ်ဗျ၊ လုပ်လဲ လုပ်တတ်တယ်။ စေတနာလဲရှိတယ်။ မဟုတ်ဘူးလားဗျာ"
ဦးလေးဟာ တခြားအဖွဲ့ဝင်တွေအပေါ်မှာလဲ ဒီလိုပဲ အကောင်းမြင်တယ်။ အကောင်းပြောတယ်။ ဒီလိုနဲ့ အဖွဲ့အတွင်းမှာ ညီညွတ်မှု ပူးပေါင်းဆောင်ရွက်မှုကို ရှင်သန်စေတယ်။ ဦးလေးက သူ့ကိုယ်သူ 'မယားပါ မန္တလေး သား' လို့ ပျော်စေ ပြက်စေ ပြောတတ်ပါတယ်။ ကျွန်တော်က ဘာ မန္တလေးသား ရယ်လို့မှကို ပြောလို့ မရတဲ့ အသည်အလာမဟုတ်တဲ့ ပျံကျကပ္ပါးဆိုတော့ ဦးလေးက ကျွန်တော့်ကို မန္တလေးအကြော၊ မန္တလေးအထာ၊ ခပ်နှိုက်နှိုက်ကလေးသိနေအောင် အမြဲသွန်သင် ရှင်းလင်းပြတတ်ပါတယ်။ ရပ်ခံဓလေ့အကြောင်း၊ ရပ်ခံရှင်လူ အကြောင်းစသည် အစုံပေါ့လေ။
"ဦးလေးဝင်းတို့၊ ဦးအေးမောင်တို့ဆိုတာ သိပ်တတ်တဲ့လူတွေ ကိုဝင်းတင်ရဲ့၊ ဦးသစ်တို့ ဦးစံငြိမ်းတို့ ဆိုတာလဲ ဒီလိုလုပ်ငန်းတွေမှာ သိပ် စိတ်သန်တာ။ ဦးသာဌေးက စကားတော့ သိပ်မပြောဘူး။ ဒါပေမယ့် လှူရတန်းရမယ်ဆိုယင် လာခဲ့ပဲ။ သိပ်ငြင်းနေတဲ့ လူစားမျိုး မဟုတ်ဘူး။ သိပ်ရက်ရောတဲ့ လူတွေဗျ။ သြဇာလဲ သိပ်ရှိကြတာ၊ သူတို့ ပါနေတာကိုက တအားဗျ။"
ဦးလေးဟာ အကောင်းကိုပဲ အမြဲပြောနိုင်မှာပေါ့။ ဦးလေးက အကောင်းကိုပဲ အမြဲမြင်၊ အကောင်းကိုပဲ အမြဲမှန်း၊ အကောင်းကိုပဲ အမြဲလုပ်နေတာကိုး။ ဒါဟာ လူတွေကို ချစ်တဲ့ စိတ်ဓာတ်နဲ့ လူတွေရဲ့ ကောင်းကျိုးကို သယ်ပိုးတဲ့ အလုပ်က ပေါက်ဖွားလာတဲ့ ဦးလေးရဲ့ လုပ်ဟန်ပါပဲ။ ဦးလေးရဲ့ ကောင်းတဲ့ ကိုယ်ကျင့်စရိုက်ပါပဲ။ အဲဒီ ကောင်းတဲ့ လုပ်ဟန်၊ ကောင်းတဲ့ ကိုယ်ကျင့်စရိုက်တွေဟာ ကောင်းတဲ့ အလုပ်တွေကို ကောင်းကောင်း ဖြစ်ထွန်းစေပါတယ်။ မန္တလေးဘိုးဘွားရိပ်သာကြီးဟာ သက်သေပါပဲ။
(၅)
ဦးလေး စကားပြောကောင်းတယ်။ စာရေးကောင်းတယ်။ အကြံဥာဏ်ပေးကောင်းတယ်။ သင်ခန်းစာပေး ကောင်းတယ်ဆိုတာတွေကို ဦးလေးပြောတာ ဟောတာ ကြားနာဖူးသူတိုင်း၊ ဦးလေးရေးတာသားတာ ဖတ်ရှုဖူးသူ တိုင်း၊ ဦးလေးဆီ ချဉ်းကပ် တွေ့ဆုံ ဖူးသူတိုင်း အားလုံးသိကြပြီး ဖြစ်ပါတယ်။
ဦးလေးနဲ့ စကားပြောတိုင်း၊ ဦးလေးစကားကို နားထောင်တိုင် မှတ်စရာ သားစရာ တခုခုတော့ ရလိုက် တာချည်းပါပဲ။ ဦးလေးရဲ့ ဘ၀အမြင်တခုခုကို သိလိုက်ရတာ ချည်းပါပဲ။ အဲဒီလို ကြားလိုက် မှတ်လိုက်ရတဲ့ ဦးလေးရဲ့ ဘ၀အမြင်တွေဟာ ကြားမှတ်လိုက်ရသူအဖို့ ဘ၀အားမာန်တွေလို ဖြစ်လာတတ်ပါတယ်။
၁၉၆၉ တုန်းက မန္တလေးမှာ ဟံသာဝတီ သတင်းစာတိုက် လာဖွင့်ပါတယ်။ တိုက်ဖွင့်ပွဲမှာ ဦးလေးလှ စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ်နဲ့ စကားပြောပါတယ်။ ထုံးစံအတိုင်း ဦးလေးက မှတ်စရာ သားစရာတွေနဲ့ ရွှန်းရွှန်းဝေအောင် ပြောသွားပါတယ်။ ပုံပြင်တခုကိုလဲ ထည့်ပြောသွားပါတယ်။ ဦးလေးပြော သွားတဲ့ ပုံပြင်က ဒီလိုပါ....။
တနေ့မှာ ခြင်္သေ့မတကောင် သားပေါက်သတဲ့။ မြေခွေးမတကောင်က မီးနေလာမေးသတဲ့။ ခြင်္သေ့မ သားပေါက်တာက တကောင်တည်းတဲ့။ ဒီတော့ မြေခွေးမက "ဟင်.. တကောင်တည်းလား" လို့ ခနိုးခနဲ့ မေးသတဲ့။ မြေခွေးမျိုးကတော့ သားပေါက်ယင် တပြုံတမကြီး ပေါက်တာကိုး။ ခြင်္သေ့မက ဘယ်ခံမတုန်း၊ ခပ်ထယ်ထယ်ပဲ ပြန်ပြောလိုက်တယ်တဲ့။
"အေး- ဟုတ်တယ်။ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ ဟဲ့-ခြင်္သေ့" လို့တဲ့။
ဦးလေးက မန္တလေးမှာ တစောင်ထီးတည်း တကိုယ်တော် ငေါင်းစင်းစင်း လာဖွင့်တဲ့ ဟံသာဝတီ သတင်းစာကို အားပေးစကား၊ အသားပေးစကား၊ ဗန်းတင်စကား၊ စန်းတင်စကား ပြောတာပါ။ ကျွန်တော်တို့ကို သတင်းစာလောကသားချင်း နှုတ်၏ စောင်မခြင်းနဲ့ စောင်မတာလို့လဲ ပြောနိုင်တာပေါ့။ တနည်း စဉ်းစားလိုက် တော့လဲ ဒီစကားဟာ ဦးလေးရဲ့ ဘ၀အမြင်တခုလဲ ဖြစ်ပေတယ်လို့ ဆိုလို့ရလိမ့်မယ် ထင်မိပါတယ်။
ဦးလေးဟာ လူတွေကို ချစ်တယ်။ လူတွေရဲ့ ကောင်းကျိုးကို လိုလားရှေ့ရှုတယ်။ လူတွေရဲ့ ကောင်းကျိုးကို ဆောင်တယ်။ ဒါဖြင့် လူတွေအားလုံးက ဦးလေးကို ပြန်ချစ်ကြရောလား။ ဦးလေးရဲ့ ကောင်းကျိုးကို လိုလား ရှေ့ရှုကြရောလား။ ဦးလေးရဲ့ ကောင်းကျိုးကို ဆောင်ကြရောလား။ ဒီလိုမေးလာယင် ဘယ်လို ဖြေရပါ့မလဲ။ အင်း အင်း အင်းနဲ့ အင်းလိုက်ဖြေယင်လဲ အပြည့်မမှန်နိုင်ဘူး။ ဟင့်အင်းချည်းလိုက်ပြီး ခေါင်းပဲ ခါနေယင်လဲ အပြည့်မမှန်နိုင်ဘူး။ ဦးလေးက စံတခုခုကို လက်ကိုင်ထားသူ၊ တရားတခုခုကို လက်စွဲပြုသူ ဆိုတော့ အဲဒီစံ၊ အဲဒီတရားဟာ ဦးလေးအဖို့ အမှန်စံ၊ အမှန်တရားပဲ ဖြစ်ပေလိမ့်မပေါ့။ ဦးလေးဟာ လူတွေကို ချစ်တယ် ဆိုတဲ့နေရာမှာ၊ လူတွေရဲ့ ကောင်းကျိုးကို လိုလားရှေ့ရှုတယ်ဆိုတဲ့နေရာမှာ၊ လူတွေရဲ့ အကျိုးကို ဆောင်တယ် ဆိုတဲ့ နေရာမှာ အဲဒီ အမှန်စံ၊ အဲဒီ အမှန်တရားတွေကို ရည်မှန်းချက်ထားပြီး လုပ်ကိုင်သွားမှာပဲဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဒီတော့ အဲဒီ စံတွေ၊ အဲဒီတရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေဟာ (ဥပမာ ဖက်ဆစ်ဝါဒီတွေ၊ နယ်ချဲ့ဝါဒီတွေ၊ စစ်ဝါဒီတွေ) ဦးလေးကို ဘယ်ချစ်မလဲ။ ဦးလေးအကျိုးကို ဘယ်လိုလား ရှေ့ရှုပါ့မလဲ။ ဦးလေး အကျိုးကို ဘယ်သယ်ပိုးပါ့မလဲ။ ဒါ သဘာဝတရားပဲ။
ကျွန်တော် စဉ်းစားကြည့်မိတယ်။ ဦးလေးဘ၀မှာလဲ အဲဒီစံတွေ၊ တရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေ များပြားအားကောင်းတဲ့ အနေအထားမျိုး ကြုံတဲ့အခါ ကြုံပေလိမ့်မှာပဲလို့။ အဲဒီလို ကြုံတဲ့အခါ ဦးလေးက သူ့ပုံပြင်ထဲကလို "တကောင်တည်းပဲဟေ့၊ ဒါပေမယ့် ခြင်္သေ့ကွ၊ ခြင်္သေ့" လို့ ကြုံးဝါးနေမိမှာပဲလို့။ ကျွန်တော်တော့ ဦးလေးပုံပြင်ကို ကြားလိုက်ရပြီး ကတည်းက ပုံပြင်ထဲက ခြင်္သေ့လို ကြုံးဝါးသင့်တဲ့အခါ ကြုံးဝါးမိတာ အမှန်ပဲ။ ဒါ့ကြောင့် ဦးလေးရဲ့ စကားတွေဟာ ဦးလေးရဲ့ ဘ၀အမြင်တခု ဖြစ်နိုင်တယ်။ ဦးလေးရဲ့ ဘ၀အမြင်တခုဟာ ကျွန်တော်တို့လို ကြားရ မှတ်ရသူတွေအဖို့ ဘ၀အားမာန်တခုလို ဖြစ်လာတတ်တယ်လို့ ကောက်ချက်ချမိတာ ဖြစ်ပါတယ်။
(၆)
"ကမ္ဘာ့အခြေအနေတွေကလဲ မကောင်းဘူး ကိုဝင်းတင်ရေ။ စစ်တွေဘာတွေ ဖြစ်ယင် လူတွေအားလုံး ဒုက္ခရောက်ကုန်မှာ။ ကျွန်တော်တို့၊ ကိုဝင်းတင်တို့မှာ လူတွေအတွက် လုပ်ပေးစရာတာဝန်တွေ အများကြီး ကျန်သေးတယ်ဆိုတာ မမေ့နဲ့ဗျို့"
ရန်ကုန်ဘူတာကြီး စင်္ကြန်ပေါ်မှာ ဦးလေးနောက်ဆုံး ပြောသွားတဲ့ စကားတွေပါ။ ဒီစကားတွေကို ပြောတဲ့ အချိန်မှာ ဦးလေးဟာ အသက် ခုနှစ်ဆယ်ကျော်နေပြီ။ ကျန်းမာရေးမကောင်းတော့ဘူး။ ကွယ်လွန်ဖို့ ငါးရက်ပဲ လိုတော့တယ်။ ဒါနဲ့တောင်မှ ဦးလေးဟာ လူတွေ လူသားတွေရဲ့ ကောင်းကျိုးအတွက် ထမ်းဆောင်စရာ တာဝန် တွေ အများကြီး ကျန်ပါသေးကလားဆိုတာ မြဲမြဲကြီး ခံယူထားဆဲပဲ ရှိနေပါသေးတယ်။ လူသားတွေ ချစ်တဲ့သူ၊ လူသားတွေရဲ့ ကောင်းကျိုး ချမ်းသာကို လိုလားရှေ့ရှုတဲ့သူ ဖြစ်လို့သာ ဒီလို မေတ္တာကရုဏာစကား၊ ဒီလိုတာဝန်စကား၊ ဒီလို နှောင်းလူတွေထံ တာဝန်ဆင့်ကမ်းစကားမျိုးကို နောက်ဆုံးအချိန်အထိ မမေ့မလျော့ ပြောကြားသွားနိုင်ပေတာပဲလို့ ကျွန်တော်တွေးမိပါတယ်။ ဦးလေးဟာ လူသားစိတ် တကယ်ပြင်းပြတဲ့ သူပါကလား။ လူ့လောကကို တကယ်ချစ်တဲ့သူပါကလား။ ဧရာမ နှလုံးသားပိုင်ရှင် ပါကလား။ ဦးလေးအကြောင်း ကို စဉ်းစားမိတိုင်း ဒီလိုပဲ ကျွန်တော် စိတ်ထဲမှာ ရေရွတ်မိတယ်။
ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ရောဘတ်ဘရောင်နင်က သူ့ကဗျာတပုဒ်မှာ ဒီလိုရေးဖူးပါတယ်။ သူ့နှလုံးသားကို ခွဲကြည့်ပါတဲ့။ သူ့နှလုံးသားထဲမှာ သူချစ်တဲ့နိုင်ငံရဲ့ အမည်ကို ကမ္ပည်းထိုးထားတာ တွေ့ပါလိမ့် မယ်တဲ့။
ဦးလေးရဲ့ နှလုံးသားထဲမှာရော ဘယ်လို ကမ္ပည်းစာတမ်းမျိုး ထိုးထားပါလိမ့်မလဲလို့ တခါတခါ တွေးမိတယ်။ ဒါ ကဗျာဆန်ဆန် ပြောနေတာ မဟုတ်ပါဘူး။ စာဖတ်ယင်း၊ ကဗျာဖတ်ယင်း၊ ဆက်စပ်ပြီး ပေါ်ထွက်လာတဲ့ အတွေးမျိုးဆိုတော့ ဒီလိုပဲ ရှိပေမှာပေါ့။ ဦးလေးရဲ့ နှလုံးသားထဲမှာ ကမ္ပည်းစာတန်းတခုသာ ရှိမယ်ဆိုယင် ဘယ်လို ကမ္ပည်းစာတန်း ဖြစ်မယ်ဆိုတာ ကျွန်တော် အတပ်ပြောနိုင်မယ်လို့ ထင်ပါတယ်။
ဦးလေးရဲ့ နှလုံးသားထဲမှာ မုချဆတ်ဆတ် ရှိနေမယ့် ကမ္ပည်းစာတန်းဟာ ဘယ်လိုကမ္ပည်းစာတန်းမျိုး ဖြစ်မယ်ဆိုတာ ကျွန်တော် မဝေနိုင် မခွဲနိုင် ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး။ ဦးလေးရဲ့ နှလုံးသားထဲမှာ ရှိမယ့် ကမ္ပည်းစာတန်းဟာ ရောဘတ်ဘရောင်းနင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ ကမ္ပည်းစာတန်းထက် ပိုပြီး ကျယ်ဝန်းနက်ရှိုင်း တဲ့ သဘောဆောင်မှာ သေချာပါတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံတနိုင်ငံ လူမျိုးတမျိုး လောက်ကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းကျဉ်းတိမ်တိမ် သဘောဆောင်မှာ မဟုတ်တာ သေချာပါတယ်လို့ ပြောချင် တာပါ။
ဦးလေးဟာ လူသားစိတ် အင်မတန်ပြင်းပြတဲ့သူ မဟုတ်လား။ လူ့လောကကို သိတ်ချစ်တဲ့သူ မဟုတ်လား။ လူသားထု အများကြီးကိုရော၊ လူတဦးချင်းစီကိုပါ မေတ္တာထားသူ မဟုတ်လား။ ဒီတော့ ဦးလေးရဲ့ နှလုံးသားထဲက ကမ္ပည်းစာတန်းဟာ လူ့လောကကြီးတခုလုံး၊ လူသားတရပ်လုံးကို ကျယ်ကျယ်ဝန်းဝန်းကြီး၊ နှံ့နှံ့စပ်စပ်ကြီး၊ ရစ်သိုင်းခြုံလွှမ်း မေတ္တာမိုးပက်ဖျန်းမယ့် ကမ္ပည်းစာတန်းသာ ဖြစ်ရပေလိမ့်မှာပေါ့။ အလွန်သေချာ တာပေါ့။
ဒီလိုဆိုယင် အဲဒီကမ္ပည်းစာတန်းဟာ ဘယ်လိုရေးထိုးထားတဲ့ ကမ္ပည်းစာတန်း ဖြစ်လေလိမ့်မလဲလို့၊ အရှည်အဝေး တွေးမနေပါနဲ့။ တွေးနေစရာ လိုလှမယ် မထင်ပါဘူး။
'လူသားရပ်ရွာ ဤကမ္ဘာ' ဆိုတဲ့ ကမ္ပည်းစာတန်းပဲ ဖြစ်မှာပါ။
ဝင်းတင်။
[လူထုချစ်သမျှ.. လူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ ၁၉၈၄ခုနှစ် သြဂုတ်မှ ကူးယူဖော်ပြပါတယ်။]

ဘောလုံးပွဲ
ရေးသူ- တင်မိုး
ဘောလုံးပွဲကား
သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်
မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။
နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍
ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို
ဦးညွတ်အလေးပြုပြီးပြီ။
အဖွဲ့ချုပ်က၊ ဥက္ကဌလဲ
ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်
လက်ခုပ်တီးသံ၊ တညံညံနဲ့
နိုင်သူ့ထံသို့ အပ်ရန်သာ။
သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု
မအပ်သေး။
ပရိသတ်ကား၊ မတ်တပ်ရပ်၍
စောင့်ကြဆဲ။
ဒိုင်နှိပ်စက်၍
ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်
စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ
မဖြစ်ဖူးမြဲ ဘောလုံးပွဲ
အံ့ဖွယ်သရဲ စံပါဘဲ။
တင်မိုး။
၁၉၉၅ နိုဝင်ဘာ ၃၀ တွင်၊ မန္တလေးမြို့ ဆွံ့အနားမကြားကျောင်း ရံပုံငွေအတွက် ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ရွတ်ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စစ်အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းရာမှ လွတ်မြောက်လာပြီး ပထမအကြိမ် ဟောပြောပွဲတက်ခြင်း ဖြစ်ပါတယ်။

Thursday, January 21, 2010
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
ရေးသူ- တင်မိုး
[၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ မှာ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာကြီး တင်မိုးကို အမှတ်တရအဖြစ် လမင်းတရာစာပေဆက်ဆံရေးမှ ထုတ်ဝေခဲ့တဲ့ ဆရာကြီး ရေးသားခဲ့သော "ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ" စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]
(၁)
ဒီလူကြီးတွေ...ဒီလူကြီးတွေ....
သွားရေတွေ တများများ
လူသားစား ကျားပါးစပ်နဲ့
အရပ်မှာ "ဗျိုး" ဟစ်ပြီး
"ကွန်မြူနစ်ဆန့်ကျင်ရေး" တဲ့
အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
လုပ်စားပေါင်းများခဲ့ပြီ။
(၂)
ကွန်မြူနစ်တွေဆိုတာ
ဘုရားမရှိ တရားမသိ
အမှားအတိနဲ့
အလကားငတိတွေထင်အောင်
တွင်တွင်ကြီး ၀ါဒဖြန့်
ကွန်မြူနစ်တစ္ဆေနဲ့လှန့်
ရွာအနှံ့ ရပ်အနှံ့ မောင်းထု
ပြည်သူကိုတော့ ထောင်းထုပြီး
မကောင်းမှုမှာ သရဖူဆောင်း
သူရဲကောင်းကြီး ဟန်ပန်လုပ်
အာဏာကို အချောင်အုပ်ကြတယ်၊
ပုပ်လိုက်တဲ့ သမိုင်း
ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။
(၃)
ကွန်မြူနစ်ကို လက်ညှိုးထိုး
ကိုယ်ကျိုးကို အရနှိုက်
ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။
လဲဗီးတဲ့....ပြူစောထီးတဲ့...
လက်နက်မဲ့ ပြည်သူတွေကို
ကူညီမလို အကြောင်းပြပြီး
ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ
မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။
ကွန်မြူနစ် ရန်စွယ်ဟာ
ဓမ္မ န္တရာယ် အစစ်ပါပဲလို့
ကလိမ်ကညစ် နည်းထုံးတွေနဲ့
ဖြီးလုံးတွေလွှင့်ထုတ်
စာအုပ် စာတမ်း ရေဒီယို
ထိုထိုသော သတင်းစာတွေနဲ့
အတင်းညာကာ ၀ါဒဖြန့်
ရွာလန့်အောင် လုပ်ကြတယ်။
ရိုးသားတဲ့ ဗုဒ္ဓဘာသာ
တို့မြန်မာလူထုရဲ့ စိတ်ထဲ
ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့
ယုံထင်ကြောင်ထင် ဖြစ်အောင်
သံကြောင်တွေ ဟစ်ကြတယ်
တကယ်ညစ်တာက သူတို့....သူတို့။
မသိဘူးလို့များမထင်နဲ့
ပြည်သူတွေက "မြင်"ပါတယ်။
ပြည်သူတွေက "လျင်"တယ်။
(၄)
မှန်တဲ့စကားတခွန်း
တစွန်းတစ မဟလိုက်လေနဲ့
ကွန်မြူနစ် တံဆိပ်ကပ်
အရပ်နဲ့ လှည့်တိုက်မယ်။
အခွင့်အရေး ဆိုစကား
တပြားဘိုးမျှ မတောင်းလိုက်လေနဲ့
ကွန်မြူနစ်တွေ သွေးထိုး
သူပုန်မျိုး အဖျက်သမားတွေလို့
မတရားစွပ်စွဲပြီး
နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။
အမှန်ကို ချစ်တာနဲ့
ကွန်မြူနစ် ဖြစ်ရရောလား။
လူကြီးမင်းများ ခင်ဗျား....
စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။
(၅)
ကျောင်းသားတွေ မခံနိုင်လို့
သံပြိုင်ဟစ် အုံကြွတော့လဲ
သူပုန်ထမဲ့ ဗကပ တဲ့
ဗကပ လှုံ့ ဆော်လို့
ကြွေးကြော်သံ အနန္တနဲ့
အလျှံထမတတ်
ဆန္ဒပြကြတာတဲ့။
ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး
ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို
မစိစစ် မဖွေရှာ
အာဏာပြ ပါဝါပြပြီး
အဓမ္မနှိမ်နင်း
အပြစ်ကင်းတဲ့ ကလေးငယ်တွေကို
ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။
ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ
အတန်တန် သွေးစွန်းခဲ့ရတယ်။
လွတ်လပ်ရေး ရပြီးကတည်းက
တကသ ဗကသ
ကျောင်းသားသမဂ္ဂတွေကို
ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့
ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့
ပစ်ခတ် သတ်ဖြတ်ခဲ့တာ
မှတ်တိုင်ကြီးတတိုင်
ဇူလိုင် ၇ ရက် သက်သေပါ။
တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့
ဟာသ ရသတောင်မြောက်ကုန်ပြီ
ဗကပတစ္ဆေ ခြောက်တုန်းပါကလား။
(၆)
အမှန်တကယ်အဖြစ်က
ပြည်တွင်းစစ်နဲ့ စားသာနေတာ
အာဏာလက်ရှိ လူတစုပါ။
ပြည်တွင်းစစ်ကို လက်ညှိုးညွှန်
ကွန်မြူနစ်ကို အပြစ်ပုံချ
ရသမျှအခွင့်အရေး အိပ်ထဲပိုက်
နှိုက်ချင်တိုင်း နှိုက်
ပိုက်ချင်တိုင်း ပိုက်
မိုက်ချင်တိုင်း မိုက်
ရိုက်ချင်တိုင်း ရိုက်
ရွှေစိတ်တော် အကြိုက်ပ၊
မြို့ ရွာတွေ မီးတိုက်လိုတိုက်
ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး
အမျိုးသမီးတွေ ယူလိုယူ
ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ
အိမ်တွေရ တံဆိပ်တွေရ
ဧရာမ သူရဲကောင်းလို့
အကြောင်းပြလို့လဲကောင်းသေး
ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့
ဝိုင်းအုပ် ၀ိုင်းတုတ်လိုက်ကြတာ
အလုပ်ကိုဖြစ်လို့၊
တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။
(၇)
ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ
ငြိမ်းချမ်းရေး အသံကြားရင်
နားဝမှာ ခါးနေတဲ့လူတွေ
စစ်ရှိမှ ကြီးပွါး
စစ်နဲ့ဘဲ လုပ်စားနေကြတာ
စစ်အား မကောင်းရင်
ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။
စစ်အလုပ် ကင်းဝေးမဲ့
ငြိမ်းချမ်းရေး ကိစ္စကိုများ
တရားသဘောနဲ့
အလကား ဟောမနေနဲ့
မောရုံသာ အဖတ်တင်မယ်
"၀တ္ထုနိပါတ် ပိဋကတ်"ကို
လျှာပြတ်အောင် ဟောသော်လဲ
ဟောရင်းသာ ပျံတော်မူရမယ်
"ဆန်ဖြူတခွက်မျှ ထွက်နိုင်ပုံမရ"ဆိုတဲ့၊
ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။
(၈)
ဒီလိုနဲ့ပဲ
တို့လူထုမှာတော့
ပူမှုတွေဖုံး
အပူလုံးတွေကြွ ယူကျုံးမရ
ပြည်တွင်းစစ်ဒုက္ခနဲ့
ပြေးရ လွှားရ ပုန်းရ အောင်းရ
ဘ၀တွေ ပျက်ခဲ့ပြီ။
လက်နက်တွေ တလကြမ်းနဲ့မို့
အမျိုးသားပန်းမှ ပွင့်နိုင်ပါအုံးမလား။
တနိုင်ငံလုံး ပြာပုံပေါက်
တည်ဆောက်လို့မှ ရနိုင်ပါအုံးမလား။
စစ်မီးတွေ တလောင်တည်းလောင်
ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ
ပြောင်ခဲ့ပြီလေ။
(၉)
ဒီလို ဒီလိုနဲ့
ဒီမိုကရေစီ ပြုတ်ကျ
စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့
မဆလတွေ မင်းမူခဲ့
တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့
တဖွဖွ စွပ်စွဲရင်း
ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊
မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ
ဘာကောင်စီ ညာကောင်စီ
အလံနီ အလံဖြူ လက်နက်ချနဲ့
မဆလ စစ်ဗိုလ်ကြီးတွေဟာ
တသီးတသန့် အခန့်စားစံရာ
ပါရမီ ငွေကြာရံ
ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ
တိုက်တာကြီးတွေ ဟိန်းထ
ပစ္စည်းတွေက သိန်းမက
ဘိန်းချသလား အောက်မေ့လောက်အောင်
ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။
ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့
စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။
မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်
မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်
အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်
အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်
မဆလလမ်းစဉ် အောင်ရမယ်လို့
မယုံကြည်ပဲ ကြွေးကြော်ပြီး
အရေးပေါ် ဆိုရှယ်လစ်တွေက
စခန်းသစ် ဖွင့်ခဲ့ကြတယ်။
မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။
(၁၀)
ခုတခါ လူထုကနာပြီမို့
တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့
အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့
ဆူပူရေးသမား ဗကပများတဲ့။
လုပ်စားနေတဲ့ လူကြီးများက
ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး
လူထုလုပ်ရပ် သေးသိမ်အောင်
ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။
ပြည်ထောင်စု ပြိုကွဲပြီး
ဖရိုဖရဲ မဖြစ်အောင်တဲ့။
မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့
စကားကို တရားလုပ်
လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း
အပ်သွားကြောင်းထပ်ပြီး
အဓမ္မပါးစပ်နဲ့
ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။
ကျောင်းသားနဲ့ ပြည်သူ
ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း
ကွန်မြူနစ်တွေ စီးနင်းလေဟန်
သတင်းတွေ ချဲ့ ကား
အတင်းလိမ်လည် လှည့်စားလို့တမျိုး
မဟားဒယား ကြံစည်ပြီး
ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။
(၁၁)
ခုတော့
သမိုင်းကသိ လူကမိပြီ
လူကြီးမင်းတို့ လက်ရာ
ညာလို့ မရတော့ဘူး
နိုးကြားနေတဲ့ ပြည်သူတွေမို့
အထူ အပိန်းတွေ မထင်ကြနဲ့တော့
ပါးစပ်ဟ လိုက်တိုင်း
အူမကို အတိုင်းသားပါပဲ။
လူကြီးမင်းတို့ ဖော်နည်းကားတွေ
ခေတ်မစားတော့ဘူး
ခေတ်နောက်ကျ သွားပါပြီ။
"ပြည်သူတွေဟာ ဗကပ မဟုတ်"
ဗကပ နဲ့လှန့်တိုင်း
လန့်လိမ့်မည်မဟုတ်။
နိုင်ငံရေး အခြေအနေ
ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို
ပိုင်းခြားလို့ သိနေပြီ။
ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့
တသက်လုံး လုပ်စားဖို့ကြံရင်
ပန်လန်လက်
ပက်လက်လန် မည်သာမှတ်ပေရော့။
ပါးစပ်က ဘုရား ဘုရား
လက်က ကားယားကားယားနဲ့
စားဖား လူကြီးမင်းများ ခင်ဗျား............။ ။
တင်မိုး။
[ ၂၀၀၀၊ သြဂုတ်လ ၁၅ ရက်မှာ လမင်းတရာစာပေဆက်ဆံရေးက ထုတ်ဝေလိုက်တဲ့
"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ"စာအုပ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်]
လွမ်းရုပ်ပုံလွှာ
ရေးသူ- တင်မိုး
(၁)
ဦးလေးနဲ့ မတွေ့ခင်
ဦးလေးရဲ့ 'ပန်းနဲ့စစ်သား'ကို တွေ့ရတယ်။
ဒုတိယကမ္ဘာစစ် ပြီးစကပေါ့။
(၂)
ဦးလေးနဲ့ မတွေ့ခင်
'လူထုသတင်းစာ'နဲ့ တွေ့ရတယ်။
ဦးလေးရဲ့စာ၊ ဦးလေးရဲ့ ဓာတ်ပုံ
ဦးလေးရဲ့ ဘဝ
တစွန်းတစ သိရတယ်။
ဦးလေးကို ကျွန်တော်စိတ်ဝင်စားမိပါတယ်။
လွတ်လပ်ရေး ရအပြီးမှာပေါ့။
(၃)
ဦးလေးနဲ့ မတွေ့ခင်
ဒေါ်ဒေါ်ရဲ့ 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော
အမှုအခင်းများ'နဲ့ တွေ့ရတယ်။
ဦးလေးဟာ ဒေါ်ဒေါ်ရဲ့ ဦးလေးမှန်း
ကျွန်တော် မသိခဲ့ပါဘူး။
သိတော့ ပိုစိတ်ဝင်စားမိပါတယ်။
ဦးလေးနဲ့ ဒေါ်ဒေါ်
နိုင်ငံ့အပေါ်မှာ တာဝန်ကျေကြပါကလား။
လက်တတွဲတွဲနဲ့
တသက်နွှဲမယ့် စာပေကြင်ဖော်ပါကလား။
ပီတိပွါးခဲ့ရပါတယ်။
(၄)
ဦးလေးကို လျှပ်တပြက်မြင်ဖူးပြီ။
ဦးလေးဟာ ရုပ်ချောတယ်။
အသားဖြူတယ်၊ မွန်ရည်တဲ့အသွင်ရှိတယ်။
နူးညံ့သိမ်မွေ့ပုံရတယ်။
စိတ်ထဲက ချစ်မိတယ်။
လျှပ်တပြက်ပါ။
လူထုတိုက် တံခါးဝမှာ-
မိတ်ဆက်ပေးစရာ မလိုပါ။
ကျွန်တော်က လမ်းပေါ်မှာ-
ဦးလေးမှန်း ကျွန်တော်သိပါတယ်။
ကျွန်တော်မှန်း ဦးလေးမသိနိုင်ပါ။
ကျွန်တော် ပျော်သွားတယ်။
'ငါ လူထုဦးလှကို မြင်ဖူးပြီ'လို့
ရွာကသူငယ်ချင်းတွေကို ပြောပြနိုင်ပြီ။
မမေ့နိုင်ပါ။ အာရုံထဲက မပျောက်နိုင်ပါ။
၁၉၅၀- ခုနှစ်က ရုပ်ပုံလွှာပါ။
(၅)
ဦးလေးဟာ ငယ်သေးတယ်။
ကျွန်တော်လဲ ငယ်သေးတာပေါ့။
ဦးလေးဟာ လူငယ်ပေမယ့် နာမည်ကဟိန်းလွန်းလို့
လုပ်ရပ်က ဟိန်းလွန်းလို့
ဦးလေးကို မြင်ဖူးရုံနဲ့ပဲ ကြက်သီးမွေးညှင်း ထမိတယ်။
ဦးလေးကို ကျွန်တော်ခင်နေပြီ။
ဦးလေးအကြောင်း၊ ဦးလေးသတင်း
ဦးလေးရဲ့ စာဆိုယင် စိတ်ဝင်တစား ပီတိပွါးနေပြီ။
ဦးလေးရဲ့ လူထုသတင်းစာ
ဦးလေးရဲ့ လူထုဂျာနယ်
သံယောဇဉ် တွယ်နေပါပြီ။
(၆)
ဦးလေးရဲ့ လူထုဂျာနယ်ပြန်ထွက်စ
၁၉၅၀ သြဂုတ်လထင်ပါ့။
ကျွန်တော်ကလဲ ကဗျာရေးစ
အမှတ် (၁)ကစပြီး ကဗျာပို့ခဲ့တယ်။
ဂျာနယ်ထွက်တော့ အပြေးကြည့်တယ်။
မပါပါ။ ကျွန်တော့ကဗျာ မပါပါ။
ဂျာနယ်ကိုကြည့်တော့
လေးနက်တဲ့ ဝေဖန်စာတွေ-
လေးနက်တဲ့ ဆောင်းပါးတွေ-
ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာတွေ-
ကျွန်တော်လဲ အတော်တုန်သွားတယ်။
ကျွန်တော် ကဗျာသမား
ဘာကမှ နားမလည်ပါတကား။
အဆင့်အတန်း မြင့်လှပါတကား။
(၇)
ဘာပဲဖြစ်ဖြစ်ပေါ့
ကျွန်တော်ကတော့ ဇွဲမလျှော့
ဦးလေးတို့တိုက်ကို ကဗျာပို့မြဲ
ထည့်မယ် မထည့်မယ်လဲမသိ။
ပါ မပါလဲ မစဉ်းစား။
ခန့်ညားလေးနက်တဲ့ စာရွှေအိုးမှာ
ငါတိုးလို့ မလွယ်ပါကလား။
ပါများ ပါယင်
ငါ့ကဗျာ လူရာဝင်ပြီလို့
ကိုယ့်အထင်နဲ့ကိုယ် ပျော်ရွှင်နေမှာပဲ။
ဦးလေးရဲ့ လူထုဂျာနယ် အမှတ်(၁၃)မှာ
ကျွန်တော့်ကဗျာ ပါခဲ့ပါတယ်။
နောက်- ၂၅- မှာ-
နောက်...
နောက်...
နောက်...
လူထုရဲ့ ကဗျာဆရာဖြစ်လာရပါတယ်။
(၈)
ဦးလေးနဲ့ ကျွန်တော်တွေ့ရတယ်။
၁၉၅၇ - ခုနှစ်မှာ -
ကိုမောင်မောင် (မန်နေဂျာ)က - -
တောကလာတဲ့ ကျွန်တော့ကို
"ဘာကိစ္စရှိပါသလဲ"လို့ မေးတယ်။
ကျွန်တော်က "လူထုဦးလှနဲ့တွေ့ချင်လို့" လို့
မရဲတရဲ ပြောမိတယ်။
ကိုမောင်မောင် စဉ်းစားပုံရတယ်။
တွေ့ပေးရ ကောင်းနိုးနိုး- -
ပြီးတော့-
"ကိစ္စရှိယင် ကျွန်တော့ကိုပြောခဲ့ပါ...
ကျွန်တော်ပြောပြပါ့မယ်။ ဦးလေးစာရေးနေတယ်"တဲ့။
ကျွန်တော်က"ကိစ္စမရှိပါဘူး၊ ဦးလေးနဲ့တွေ့ချင်တာ"
ကိုမောင်မောင်ဟာ အလွန်ယဉ်ကျေးရှာတယ်။
စဉ်းစားတယ်။ ကျွန်တော့ကို ထပ်လဲမမေးတော့ဘူး။
သူ့ဘာသာချိန်ဆပြီး ထိုင်ရာကထတယ်။
"ခဏနေနော်"တဲ့၊ ဦးလေး အခန်းထဲဝင်သွားတယ်။
ခဏကြာတော့ ပြန်ထွက်လာပြီး-
"ခဏစောင့်နော်'တဲ့။
ဦးလေးခမျာ အခန်းထဲကထွက်လာပြီ။
အားနာလိုက်တာ။ ကိုယ့်မှာက ပြောစရာစကားလဲမရှိ။
ဦးလေးဟာ သူ့ဧည့်သည်ကိုရှာတယ်။
တံခါးပေါက်ဝကို လှမ်းကြည့်တယ်။
ဦးလေးဟာ ကျွန်တော့အနားမှာ။
ကျွန်တော်က ဦးလေးကို မော့ကြည့်ပြီး စကားမဟ။
ဦးလေးက ကျွန်တော့ကိုကျော်ပြီး သူ့ဧည့်သည်ကိုရှာ။
အားနာလိုက်တာ ဦးလေးရယ်။
အခန်းထဲမှာ၊ စာအုပ်တွေအနားမှာ
ကျွန်တော်ပဲ လူစိမ်းရှိတယ်။
သူ့ကို တွေ့ချင်တဲ့လူငယ် ဟုတ်ပုံမရဘူးလို့ ဦးလေးတွေးနေမိသလား။
ဦးလေးဟာ ဧည့်သည်မမြင်လို့ ပြန်ဝင်မလိုအလုပ်၊
ကိုမောင်မောင်လဲ ကြောင်ကြည့်နေရှာတယ်။
ပြီးမှ ကျွန်တော့ကို လက်ညှိုးညွှန်တယ်လို့ထင်တယ်။
သည်တော့မှ- ဦးလေးဟာ ကျွန်တော့ကိုကြည့်မိပြီး--
"သြော်.... ဦးလေးနဲ့ တွေ့ချင်တာ မင်းလား" တဲ့။
အသံက ချိုအေးလိုက်တာ၊ ရင်ထဲမှာ ရင်းနှီးသွားတယ်။
"ဟုတ်-- ဟုတ်ကဲ့ပါ"
"ဘာကိစ္စရှိလဲကွဲ့"
"ဦး.. ဦးလေးနဲ့ တွေ့ချင်လို့ပါပဲ... ကိစ္စ အထူးမရှိပါဘူး"
ဦးလေးဟာ ကျွန်တော့ကိုခွင့်လွှတ်တယ်၊ နားလည်တယ်၊
ကြင်နာတယ်၊ စာစာနာနာဆက်ဆံတယ်။
ပြုံးပြီး...
"အေး... အေး.. နောက်မှတွေ့ရအောင်နော်...
ဦးလေး စာရေးစရာရှိသေးလို့...
အေး.. အေး.. နောက်လဲ လာခဲ့နော်"လို့
ယဉ်ကျေးဖွယ်ရာ ချိုသာတဲ့ အပြုံးရိပ်နဲ့
ဦးလေးဟာ သူ့အခန်းထဲ ပြန်ဝင်သွားခဲ့ပါတယ်။
ကျွန်တော်ပျော်တယ်။
ဦးလေးနဲ့တွေ့ရပြီဗျာ၊ တွေ့ဖူးပြီဗျာ၊ စကားပြောဖူးပြီဗျာ။
ပျော်ပြီပေါ့။
ကျွန်တော် ပေါ့ပါးစွာပြန်လာတယ်။
ကျွန်တော့ကို တက္ကသိုလ်လိုက်ပို့ဖို့ လိုက်လာတဲ့
ကျွန်တော့အဖေတည်းခိုရာ
ရွှေရေးဆောင်ကျောင်းတိုက်ကို ပြန်လာတယ်။
တက္ကသိုလ်မသွားခင်
လူထုတိုက်ကိုဝင်ပြီး ကျွန်တော်ခင်တဲ့ ဦးလေးနဲ့ တွေ့ခဲ့တယ်။
နောင်အခါ လူထုတိုက်ကိုလာ၊ ဦးလေးနဲ့ ဒေါ်ဒေါ်တို့နဲ့
ဆွေရင်းမျိုးရင်းလိုဖြစ်
အလွန် ချစ်ခင်ရင်းနှီးခဲ့ပါတယ်။
ဒါပေမယ့်
ဦးလေးနဲ့တွေ့ပြီး စကားတခွန်းမှ မပြောဖြစ်ခဲ့တဲ့
ဟိုနေ့ကသူငယ်ဟာ ကျွန်တော်ပါလို့
ကျွန်တော် ပြန်မပြောဖြစ်ခဲ့တော့ပါ။
အဲဒီအရသာ၊ အဲဒီလျှို့ဝှက်ပီတိကို
ကျွန်တော် တိတ်တိတ်သိမ်းထားခဲ့ပါတယ်။
လူထုထဲက လူငယ်တဦးက
လူထုရဲ့ဦးလေးကို လာရောက်တွေ့ဆုံခြင်းဟာ
စင်းစင်းကလေးနဲ့ အလွန်လှပါတယ်။
(၉)
ဦးလေးနဲ့ ဒေါ်ဒေါ်ဟာ
စာပေအဖော်၊ ဘ၀အဖော်ပါ။
ကျွန်တော်တို့၊ ကိုသာနိုးတို့၊ ကိုဝင်းမောင်တို့၊
ကိုကြည်အောင်တို့၊ ကိုစွမ်းရည်တို့၊
ကိုသိန်းနိုင်တို့၊ ကိုရွှေသော်တို့၊ ကိုမိုးသူတို့၊
ကိုအောင်ခင်တို့၊ ကိုနီမောင်တို့၊ ကိုဘတုတ်တို့၊
ကိုလေးတို့၊ သန်းဌေးတို့၊ မျိုးမြင့်တို့
ပေါ်ဦးတို့၊ ၀င်းဖေတို့၊ ဂလိတင်ဝင်းတို့၊
...တို့၊ ...တို့၊ ...တို့
ကျွန်တော်တို့ အားလုံးရဲ့
ဦးလေးနဲ့ ဒေါ်ဒေါ်ပါ။
ချစ်ခင်ရင်းနှီး သွေးစည်းညီညာ
ပျူငှာတဲ့ နှလုံးသားနဲ့
မိဘနဲ့မခြား ပြုစုပျိုးထောင်ပေးခဲ့တဲ့
ကျေးဇူးရှင်ပါ။
ဦးလေးကို မမေ့နိုင်ပါ။
ဦးလေးရဲ့ စေတနာကို မမေ့နိုင်ပါ။
ဦးလေးရဲ့ လူငယ်တွေအပေါ်မှာ
သည်းခံခြင်း၊ လမ်းကောင်းညွှန်ခြင်း၊ ဆိုဆုံးမခြင်း၊
အကူအညီပေးခြင်းစတဲ့ အပြုအမူတွေနဲ့
ကမ်းလင့်ပေးခဲ့တဲ့
ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ နွေးထွေးတဲ့လက်ကို
ကျွန်တော်တို့ မမေ့နိုင်ပါ။
ဦးလေးရဲ့ ရုပ်ပုံလွှာဟာ
ကျွန်တော်တို့ နှလုံးသားထဲမှာ
ချိတ်ဆွဲထားလျက်ပါ။
(၁၀)
မိုးတွေကရွာဆဲ။
သြဂုတ်လဆန်းစမှာ။
ကျွန်တော်နဲ့ မောင်စွမ်းရည်တို့
တက္ကသိုလ်စာကြည့်တိုက်မှာ--
ဦးလေးနဲ့ဒေါ်ဒေါ်တို့ကို တွေ့လိုက်ရပါတယ်။
မမျှော်လင့်ပဲ ၀မ်းသာအားရ ဆုံခဲ့ရတယ်။
ဦးလေးနဲ့ ဒေါ်ဒေါ်
ကံ့ကော်ပင်ရိပ်... မိုးမတိတ်တတိတ်.. မိုးစိပ်စိပ်
လက်ချင်းတွဲချိတ်ပြီး.. ဖေးဖေးမမ...
ယုယုယယ...
လှပတဲ့ ကဗျာတပုဒ်ပမာ...
မြင်လိုက်ရပါတယ်။
စာကြည့်တိုက်တံခါးဝက
လှပတဲ့ကဗျာတပုဒ်ကို နောက်ဆုံးမြင်လိုက်ရခြင်းပါပဲ။
ရယ်သံလွင်လွင်၊ ကြင်နာသံချိုချို
နုပျိုရောင်သန်းတဲ့ အမူအရာ
နူးညံ့တဲ့မေတ္တာနဲ့
ပန်းနှစ်ပွင့် သီကုံးထုံးဖွဲ့ထားတဲ့
လှပတဲ့ ကဗျာကလေးတပုဒ်ဟာ
မိုးစက်တွေကြားမှာ မှုန်တ၀ါးဝါး ပျောက်ကွယ်
သွားပါတယ်။
နောက်.....
ကဗျာတပုဒ်ထဲကပန်းတပွင့်၊ ကာရန်တစဟာ
ကြွေလွင့်သွားရှာပါတယ်။
ကဗျာတပုဒ်ထဲက ကျန်ခဲ့တဲ့ ပန်းတပွင့်ဟာ
ကြွေလွင့်သွားတဲ့ ပန်းကလေးကို ငေးမောကျန်ခဲ့တယ်။
ပန်းပွင့်ကလေးဟာ
သင်းပျံ့တဲ့ ရနံ့နဲ့အတူ
ဖြူဝင်းသော အသွေးအရောင်နဲ့အတူ
သြဂုတ်လရဲ့ မိုးစက်တွေထဲမှာ မျောပါခဲ့ပြီ။
လွမ်းတယ် ဦးလေးရယ်။
တင်မိုး။
[လူထုချစ်သမျှ လူထုဦးလှ စာအုပ်၊ ပထမအကြိမ်နှိပ်ခြင်း၊ ၁၉၈၄၊ သြဂုတ်မှ ကူးယူဖော်ပြပါတယ်။]
Tuesday, January 19, 2010
ဖယောင်းလိုလူ သံမဏိလိုလူ(လူထုဦးလှ အနှစ် ၁၀၀ပြည့် အထိမ်းအမှတ် ဆောင်းပါး)
ရေးသူ- လူထုစိန်ဝင်း
[အီးမေလ်မှ ရတဲ့ Eleven ဂျာနယ် မှ ဆောင်းပါးကို မာယာက အမြတ်တနိုး ကူးယူဖော်ပြပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။]
လူ့လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိတယ်။ တချို့ကလူနဲ့မူနဲ့ တစ်ထပ်တည်းကျပြီး တချို့ က လူတခြား၊ မူတခြား လုံးဝကွဲပြား ခြားနားတယ်။ သိသာထင်ရှားသူနှစ်ဦးကို နှိုင်းယှဉ်ပြရမယ်ဆိုရင် သခင် စိုးနဲ့ သခင်ဗဟိန်းကိုပြရလိမ့်မယ်။ သခင်စိုးကလူပုံကြမ်းတမ်းသလို စိတ်ဓာတ်ပိုင်း၊ မူပိုင်းဆိုင်ရာမှာလည်း အင်မတန်ကြမ်းတမ်းသူဖြစ်တယ်။ သခင်ဗဟိန်းကျတော့ လူကလူချောလူရည်သန့် ၊ အနုအလှလေးတွေကို ချစ်တတ်သလို အနေအထိုင်၊ အပြောအဆိုလည်း သိမ်မွေ့ယဉ်ကျေးတယ်။ ဒါပေမဲ့ ယုံကြည်ချက်အပိုင်း၊ မူအပိုင်းမှာတော့ အင်မတန်ခိုင်မာပြတ်သားတယ်။
ဗိုလ်ချုပ်စိတ်မကောင်းဖြစ်ရတဲ့ကိစ္စ
ဘယ်လောက်ထိ ခိုင်မာပြတ်သားသလဲဆိုရင် ကွယ်လွန်ခါနီး ဆေးရုံပေါ်ရောက်နေတဲ့အချိန်မှာ ကွန်မြူနစ်ပါတီကို ဖဆပလထဲက ထုတ်ပယ်ပစ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူမမာလာမေးချင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သူဆီခေါ်မလာနဲ့၊ မတွေ့ချင်ဘူးလို့ ပြတ်ပြတ် သားသားပြောခဲ့တာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရှာတယ်။ ဦးနုကျတော့ နာမည် နဲ့ လိုက်အောင်လူနုပြီး လူတစ်ဖက်သားကို ဘယ်တော့မှ နင်ဘဲငဆပြောလေ့မရှိဘူး။ စိတ်အင်မတန်နူးညံ့တယ်။ လူတိုင်းကျေနပ်အောင် အမြဲကြိုးစားတယ်။အဲဒီတော့လူတိုင်းကို ကျေနပ်အောင်လိုက်လုပ်ရင် နောက်ဆုံးကျ ဘယ်သူမှကျေနပ်ကြမှာ မဟုတ်ဘူးဆိုတဲ့သိုးဆောင်းစကား ဆိုရိုးရှိတဲ့အတိုင်း ဘယ်သူ့ကျေနပ်မှုကိုမှ မရခဲ့ရှာဘူး။
လောကဓံရဲ့ ကြည်စားမှု
ဦးလေးလှက သခင်ဗဟိန်းလို လူစားမျိုး။ နာမည်နဲ့လိုက်အောင် လူ ကလူချောလူလှ ဖြစ်သလို၊ စိတ်လည်း အင်မတန်လှတယ်။ အင်မတန်မှလည်း နူးညံ့သိမ်မွေ့တယ်။ ဆရာဒဂုန်တာရာပြောတဲ့ စကားအတိုင်း သူ့ဘက်ကတော့ 'မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ' ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ သူကမုန်းသူမရှိ၊ ရန်သူမရှိသဘောထားပေမယ့် သူ့ကိုရန်သူလိုသဘောထားသူတွေ ရှိလေတော့ နာမည်ကျော် ပုဒ်မ ၅ နဲ့ အကျဉ်းထောင်ထဲမှာ လေးနှစ်နီးပါးသွားနေခဲ့ရပါတယ်။ ဒီနေရာမှာ လောကဓံတရားရဲ့ ပြက် ရယ်ပြုမှုလို့ ပြောရမလား၊ အကြည်စားသန်မှုလို့ဆိုရမလား မသိတဲ့အချက်ကတော့ ဦးလေးလှကို ထောင်ထဲ ပို့ခဲ့တဲ့ ဖဆပလအဖွဲ့ကြီးကို စတင်တည်ထောင်သူတွေထဲမှာ သူဟာတစ်ယောက် အပါအ၀င်ဖြစ်ခဲ့ရုံတင်မက၊ ဂျပန်အပြေး အင်္ဂလိပ်တပ်တွေဝင်ဝင်ချင်း၊ ဖဆပလအဖွဲ့ကြီးရဲ့ဆိုင်းဘုတ် ကို မန္တလေးမှာပါမောက္ခဦးကျော်ရင်နဲ့ အတူအရင်ဆုံးတင်ခဲ့သူ ဖြစ်တယ်ဆိုတာ ပါပဲ။ ရန်ကုန်မှာတောင် အဲဒီအချိန်က ဖဆပလအဖွဲ့ ပြန်မဖွဲ့နိုင်သေးပါဘူး။
ဦးနုရဲ့ တောင်းပန်စကား
သူ့ကိုထောင်ထဲထည့်ခဲ့ပေမယ့် ဦးလေးလှက ဘယ်သူ့အပေါ်မှ အာဃာတမထားခဲ့ပါဘူး။မေတ္တာလည်း မပျက်ခဲ့ပါဘူး။ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်းဦးနုက 'နှစ် ၉၀ ပြည့် လူထုဦးလှ' စာအုပ်မှာ အမှတ်တရ ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့ ခဲ့ပါတယ်။ အဲဒီမှာ . . .''ကိုလှရေ။ ကိုလှဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့အပြစ်ဟာ မသေးပါဘူး။ အင်မတန်ကြီးမားပါတယ်။ကျွန်တော် ၀မ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ် အစရှိတဲ့ စကား တွေကိုပြောရုံမျနဲ့ ကျေအေးနိုင်လောက်တဲ့ အပြစ်မဟုတ်ပါဘူး။ ကိုလှဟာ ကျွန်တော့်ထက်ကြီးရင် ကျွန်တော်က ကိုလှကိုထိုင်ပြီး ရှိခိုးတောင်းပန်ရမယ့် အပြစ်မျိုးဖြစ်ပါ တယ်။ အဲဒါကြောင့် ကျွန်တော် အနူးအညွတ် တောင်းပန်ပါရစေ။ အပြစ်တွေရှိသမျ ကျွန်တော့်ကိုခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ . . .''လို့ ရေးခဲ့ပါတယ်။ အဲဒီစကားတွေကို မန္တလေးဘူတာကြီးမှာ ရထားထွက်အံ့ဆဲဆဲ ဦးလှကို ရုတ် တရက် တွေ့လိုက်ရတုန်းဦးနုကသွား ပြောခဲ့တာပါတဲ့။ ဒီစကားတွေကို ပြောချင်တာကြာပြီဖြစ်ပေမယ့် မပြောဖြစ်ခဲ့လို့ ခုလိုကြုံကြိုက်တုန်း ကတိုက်ကရိုက် သွားပြောခဲ့ရတာလို့ လည်း ဦးနုက ရေးပြထားပါတယ်။
သဘောထားကြီးတဲ့သူ
ဦးလေးလှက ဘယ်သူ့အပေါ် မှာမှ မုန်းစိတ်၊ အာဃာတစိတ်လုံး ၀မရှိခဲ့ပါဘူး။ နိုင်ငံရေးလုပ်တယ် ဆိုတာ နိဗ္မာန်ရောက်ကြောင်း တရား အားထုတ်တာမဟုတ်ဘူး။ သဘော ထားကွဲကြ၊ စကားများကြ၊ အပြန်အလှန် ဝေဖန်တိုက်ခိုက်ကြ ဆိုတာတွေ ဖြစ်မြဲထုံးစံပဲလို့ ဦးလေးလှက ကောင်းကောင်းကြီး သဘောပေါက် နားလည်ထားပြီးသားဖြစ်ပါတယ်။ ဦးလေး သဘောထားကြီးတာ နိုင်ငံရေးလုပ် ဖော်ကိုင်ဖက်တွေအပေါ်မှာမှ မဟုတ်ပါဘူး။ ထောင်ကျတဲ့အကြိမ်တွေ မရေတွက်နိုင်လောက်အောင် များနေပြီ ဖြစ်တဲ့ သူမျိုးအပေါ်မှာလည်း သဘောထားကြီးရုံမက မေတ္တာစေတနာထားနိုင်သူဖြစ်ပါတယ်။ မိတ်ဟောင်းဆွေဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံ ရေးသမားအိုကြီးတွေ၊ စာရေးဆရာအို ကြီးတွေ အပေါ်စေတနာထားပုံတွေက လည်းပြောလို့ ကုန်နိုင်ဖွယ်မရှိပါဘူး။ ဦးလေးရှိတဲ့ မန္တလေးဆိုတာမပြောနဲ့တော့ ရန်ကုန်တိုက်ခွဲမှာ လာကြတာတွေကိုက မနည်းပါဘူး။ လူငယ်ပီပီတစ် ခါတလေ ကိုယ်ကစေတနာတွန့်တိုမိပေမယ့် ဦးလေးကတော့ ဘယ်တော့မှ မတွန့်တိုပါဘူး။''အသင့်အတင့်တော့ ကြည့်ပေးလိုက်ပါကွယ်'' ဆိုတဲ့လက်သုံးစကားကိုသာ ပြောမြဲဖြစ်ပါတယ်။
နှလုံးကြီးသူ
ဦးလေးလှဟာ အပြောအဆို၊ အနေအထိုင်၊ အစားအသောက် နေရာတကာယဉ်ကျေးသူ၊ နှလုံးကြီးသူ ဖြစ်ပါတယ်။ ဖဆပလခေတ်မှာ လည်း ၀န်ကြီးချုပ်ဦးနု မန္တလေးရောက်တိုင်း ဦးလေးကိုခေါ်တွေ့ပြီး စကားစမြည်ပြောလေ့ရှိပါတယ်။ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးနောက် ပိုင်းမှာလည်း အဲဒီအချိန်က တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်း မန္တလေးရောက်တာနဲ့ ဦးလေးလှကိုခေါ်တွေ့ပြီး စကားစမြည်ပြော တာပါပဲ။ တစ်ခါတလေ ဦးလေးလှ ရန်ကုန်ရောက်လာရင်လည်း ရောက်ပြီးမကြာခင် အိမ်တော်ကအခေါ် ရောက်လာမြဲဖြစ်ပါတယ်။ ပုဂ္ဂိုလ် ရေးမှာတော့ ဦးလေးလှဟာအင်မတန်မှကို ပျော့ပျောင်းနူးညံ့ပါတယ်။ ဒါပေမဲ့ လူထုသတင်းစာရဲ့ မူဝါဒနဲ့ ပတ်သက်တာဆိုရင်တော့ နည်းနည်း မှအလျော့မပေးပါဘူး။ စာဖတ်ပရိသတ်ရဲ့ မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပါတယ်။ ဒါကြောင့်လည်း စာဖတ်ပရိသတ်အပေါင်းက လူထုဦးလှ ကိုချစ်ကြတာဖြစ်ပါတယ်။ မန္တလေးသား စစ်စစ်မဟုတ်ပေမယ့် မန္တလေး တစ်မြို့လုံး ကလေး၊လူကြီးမရွေး ထေကြီး၊ ၀ါကြီးဆရာတော်ကြီးများ ကအစချစ်ကြပြီး အားကိုးအားထား ပြုကြတဲ့ပုဂ္ဂိုလ်ဆိုလို့ ဦးလေးလှတစ်ယောက်သာ ရှိလိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နဲ့ပတ် သက်သမျ ဝေယျာဝစ္စတိုင်းမှာ ဦးလေးလှ မပါတဲ့ကိစ္စမရှိလို့ပဲဖြစ်ပါတယ်။ ဗထူးကွင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူ ကြီးလုပ်ခဲ့သလို တက္ကသိုလ်ဆီးနိတ် အဖွဲ့ဝင်လူကြီးလည်းလုပ်ခဲ့ပါတယ်။ အရပ်ထဲကကြက်တောင်ရိုက်အသင်း လူကြီးဖြစ်သလို၊ မန္တလေးတောင်ခြေ ဂေါက်ကွင်းလူကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လူကြီးတွေအတွက် စာအုပ် တွေမျိုးစုံရေးခဲ့သလို ကလေးတွေအတွက် ပုံပြင်စာအုပ်တွေချည်း ၄၆ အုပ်တောင် ရေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ဦးလေးလှဟာ ဦးနုတို့ ဗိုလ်ချုပ်နေ၀င်းတို့ရဲ့မိတ်ဆွေဖြစ်ခဲ့သလို ကလေးတွေရဲ့မိတ်ဆွေလည်းဖြစ်တယ်လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။
Monday, January 18, 2010
မျက်ရည်ဥ
ရေးသူ- မောင်ပန်းမွှေး
ပုလဲ ဆိုတာ
မျက်ရည်ဥပါဘဲ အချစ်ရယ်။
သည်တော့
ကမာကောင်သည်
မိမိ မျက်ရည်တွေကို
ဥကလေးတွေလို
ရင်ထဲမှာ သိုဝှက် ထားတတ်ကြပါတယ်။
ထိုအခါ
မကြင်နာတတ်သော သူတို့သည်
သူ့ရင်ကို တဖန် ခွဲ၍
သူ့ မျက်ရည်ကို တဖန် လုယူ၍
မိမိ ချစ်သူတို့၏ လည်မှာ
ဆင်မြန်းပေးကြပြန်သည်။
အို- အချစ်ရယ်
ကုသိုလ်ဆိုးလိုက်တဲ့ ကမာငယ်။
မောင်ပန်းမွှေး
The Egg of Tears
by- Maung Pan Hmwe
translated by- Khin Aye Thet
illustrated by Paw Oo Thet
A pearl, my love,
Is a tear-egg.
In her heart
Dose the oyster hide
Her tears.
And then again
The Incompassionate
Breaks it open,
Grab her tear-egg,
To adorn a beloved's throat,
O my love,
How ill-fated is the little oyster.
မျက်ရည်ဥပါဘဲ အချစ်ရယ်။
သည်တော့
ကမာကောင်သည်
မိမိ မျက်ရည်တွေကို
ဥကလေးတွေလို
ရင်ထဲမှာ သိုဝှက် ထားတတ်ကြပါတယ်။
ထိုအခါ
မကြင်နာတတ်သော သူတို့သည်
သူ့ရင်ကို တဖန် ခွဲ၍
သူ့ မျက်ရည်ကို တဖန် လုယူ၍
မိမိ ချစ်သူတို့၏ လည်မှာ
ဆင်မြန်းပေးကြပြန်သည်။
အို- အချစ်ရယ်
ကုသိုလ်ဆိုးလိုက်တဲ့ ကမာငယ်။
မောင်ပန်းမွှေး
The Egg of Tears
by- Maung Pan Hmwe
translated by- Khin Aye Thet
illustrated by Paw Oo Thet
A pearl, my love,
Is a tear-egg.
In her heart
Dose the oyster hide
Her tears.
And then again
The Incompassionate
Breaks it open,
Grab her tear-egg,
To adorn a beloved's throat,
O my love,
How ill-fated is the little oyster.
Wednesday, January 13, 2010
အမျိုးသားနိုင်ငံရေးသမားဘ၀ ဦးလှ (တတိယပိုင်း)
ရေးသူ- ညွန့်အောင် (ရေစကြို)
(၆)
ဦးလှတို့ ကျွန်တော်တို့ မန္တလေးကို ပြန်ရောက်ပြီးတဲ့နောက် မန္တလေးခရိုင် ဖဆပလ အလုပ်အမှုဆောင် အဖွဲ့မှာ အင်အားသစ်နှစ်ဦး တိုးလာတယ်။ မန္တလေးသူရိယဦးသန်းမောင်နဲ့ သခင်အေးမောင်ကြီး (အမ်အေဒေါ်အုန်း၏မောင်) တို့ ဖြစ်ကြပါတယ်။ ပြန်ရောက်ပြီးရယ်လို့ နားဖို့ စိတ်မကူးနိုင်ပါဘူး။ အလုပ် တာဝန်တွေက တန်းစီပြီး စောင့်နေကြတယ်။ မန္တလေးခရိုင်အတွင်း၊ မန္တလေးမြို့ လေးပြင်လေးရပ်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မေမြို့၊ အမရပူရစတဲ့ မြို့တွေမှာ မြို့နယ် ဖဆပလအဖွဲ့တွေ ဖော်ထုတ်ဖို့၊ ဆိုင်ရာမြို့နယ်တွေ အသီးသီးမှာလည်း ဖဆပလအဖွဲ့ မဖွဲ့ရသေးတဲ့ ရွာလွတ်ရွာလပ် တရွာမှ မကျန်အောင်၊ စေ့ဆော်စည်းရုံးဖို့၊ ပြေးစရာ လွှားစရာ လုပ်စရာကိုင်စရာတွေ အမြောက်အမြား ရှိနေတယ်။ အောက်တိုဘာ နိုဝင်ဘာ နှစ်လလောက် မနေမနား လုပ်ရတယ်။ ဖဆပလ အဖွဲ့တွေ ဖော်ထုတ်ရုံတင်မကဘူး မြို့နယ်လုံးကျွတ် လူထုအစည်းအဝေးတွေပါ လုပ်ကြတယ်။ ဒီစည်းဝေးပွဲတွေမှာ နေသူရိန်အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ပြန်ပြီး လှုံ့ဆော်ဆုံးဖြတ် ကြတယ်။
အဲဒါတွေ လုပ်လို့မှ အရှိန်မကုန်သေးဘူး ပြည်လုံးကျွတ် ဖဆပလ ညီလာခံကြီး ကျင်းပမယ်၊ မြို့နယ် ခရိုင်အလိုက် ညီလာခံကိုယ်စားလှယ်တွေ ရွေးချယ်ကြပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာလကုန်မှာ ကိုယ်စားလှယ်တွေ ရန်ကုန်အရောက် လာကြရမယ်ဆိုတဲ့ ညွှန်ကြားချက် ရပြန်တော့ ဆက်တိုက် မြို့နယ်တွေ ဆင်းကြရပြန်တယ်။ ပြီးတော့ ပြည်လုံးကျွတ်ညီလာခံ တက်ဖို့ ရန်ကုန်ဆင်းကြရပြန်တယ်။ ညီလာခံက ပြန်ရောက်ကြတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေက ရှေးကထက်တောင် ပိုအရေးကြီးလာတယ်။ လုံးဝလွတ်လပ်ရေးတိုက်ပွဲ အရှိန် ပိုပြင်းထန် လာတယ်။ နည်းနည်းမှ သတိလစ်လို့ မရဘူး။ အမျိုးသား ညီညွတ်ရေး အင်အား ပိုပြီး ကျစ်လစ်ခိုင်မာနေအောင် ကြိုးပမ်းကြရတယ်။
အဲဒီအထွတ်အထိပ်ရောက်လာတဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲသမိုင်းစဉ် အတွင်း အချိန်ကာလ အားဖြင့် တနှစ်ခွဲလောက် (ကျွန်တော်နဲ့ တွဲခဲ့ရတဲ့အချိန်) အတွင်းမှာ ဦးလှနဲ့ ပတ်သက်လို့ သတိရစရာအဖြစ်တွေ အများကြီးပါပဲ။ သမိုင်းအစဉ်အတိုင်း အဖြစ်သနစ် တကွက်ချင်းကိုသာ ရေးရရင် စာတအုပ် နှစ်အုပ်စာလောက် ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မပြောမဖြစ် ပြောရမယ့် ဦးလှရဲ့ ထူးခြားတဲ့ ဂုဏ်အရည်အချင်းတခုက ဦးလှက သိပ်အလုပ်လုပ်တယ်။ အချိန်ပြည့် အလုပ်လုပ်တယ်။ အချိန်ကို တန်ဖိုးရှိအောင် အသုံးချပြီး အလုပ်လုပ်တယ်။ ဦးလှ သိပ်အလုပ်လုပ် တယ်ဆိုတာ ဦးလှနဲ့ ရင်းနှီးသူတိုင်း သိကြပြီးသားပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲသည်တုန်းက ဦးလှကို ကျွန်တော် ဆက်ဆံခဲ့ပုံဟာ နည်းနည်းတော့ လွန်တယ်လို့ ကျွန်တော် ပြန်တွေးမိတယ်။ ထမင်းစားချိန် ကလွဲရင် မိုးလင်းမိုးချုပ် အချိန်ပြည့် တွဲလုပ်ခဲ့ကြတယ်။ ထမင်းစားကြတော့လည်း ကျွန်တော်က လက်ဆေးပြီးဝင်စားတယ်။ စားပြီးတော့ လက်ဆေးပြီး ထလာတယ်။ ကိုယ်စားတဲ့ ပန်းကန်တောင် ကိုယ်မဆေးဘူး။ ဒေါ်အမာကလည်း တခါမှ ကျွန်တော်တို့နဲ့ အတူ ၀င်မစားဘူး။ ဧည့်သည်ထမင်းကျွေးသလို ဘေးကနေ လိုသမျှ ဖြည့်ပေးတာပဲ။ ကျွန်တော်ကလည်း လူငယ်ဖြစ်လျက်နဲ့ ကိုယ့်ထမင်းကျွေးတဲ့ အိမ်ရှင်မက ကိုယ့်ကို ကြည်ဖြူအောင်ရယ်လို့ ဘာတခုမှ ကူညီညာပြီး လုပ်မပေးခဲ့ဘူး။ လောကွတ်တောင် မလုပ်ခဲ့ဘူး။ သူတို့ကလေးတွေကိုလည်း ချော့ကာ မြှူကာ တခါမှ ၀င်ကူ မထိန်းခဲ့ဖူးဘူး။ ဒီတုန်းက မသန်းရင်မာကလေးက မွေးကာစပဲ ရှိသေးတယ်။ နောက်ပိုင်း ပြန်စဉ်းစားတော့ ကျွန်တော် တနှစ်လောက် မနက်ည စားသောက်နေခဲ့တဲ့ ကာလအတွင်းမှာ ဦးလှတို့ ဇနီးမောင်နှံ ထမင်းတောင် လက်ဆုံ စားခဲ့ရမှာ မဟုတ်ပေဘူးလို့ တွေးမိတယ်။ စားပြီးပြန်တော့လည်း စားပြီး ပြန်ထွက်ကြတာပါပဲ။ ဦးလှဟာ အိမ်ထောင်ဦးစီးတယောက်၊ သားကျွေးမှု၊ မယားကျွေးမှု တာဝန်ရှိသူတယောက်၊ မိသားစုနဲ့ နေသူတယောက်ရယ်လို့ ကျွန်တော့် ခေါင်းထဲ နည်းနည်းမှ ထည့်မတွက်မိခဲ့ဘူး။ တိုတိုပြောရရင် ကျွန်တော်က သူ့ကို လူလွတ် အချိန်ပြည့် နိုင်ငံရေးသမားတယောက်လို ၀င်ထွက် ဆက်ဆံခဲ့တယ်။ ဦးလှကလည်း တချက်ကလေးမှ မတွန့်တိုပဲ အချိန်ပြည့် နိုင်ငံရေးသမားလို လုပ်ပေးခဲ့ တာပဲလို့ ပြန်ပြီး မြင်ယောင်မိပါတယ်။
ဒါတွေကို ဘာ့ကြောင့် ဒါလောက်အလေးထားပြီး ပြောနေတာလဲလို့ မေးစရာရှိလိမ့်မယ်။ သိပ်ရှိတာပေါ့ လို့ပဲ ဖြေတော့မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းစဉ်မှာ နောက်ဆုံး စခန်းသိမ်း တိုက်ပွဲအတွက် ကိုယ်ရောစိတ်ပါ စုံလုံးနှစ်ပြီး ကြိတ်ကြိတ်ခဲခဲ ဇွဲနဘဲနဲ့ အားထုတ်လုံးပမ်းခဲ့ရတဲ့ ဦးလှရဲ့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များကို ပီပီပြင်ပြင် သိမီလိုက်သူဆိုလို့ ယခုအခါမှာ မရှိသလောက် ရှားနေပါပြီ။ အဆင့်ဆင့် စကားနဲ့ ကြားဖူးရုံမျှ ရှိသူတို့ကလည်း စစ်ကြီးပြီးစက ဦးလှသည် ဖဆပလမှာ ၀င်လုပ်ခဲ့သေးသည် ဆိုတာလောက်ပဲ ဖော်ပြနိုင်ကြပါတော့တယ်။ အဲဒီမှာ တကယ့်အတွင်းသိ အစင်းသိ ဖြစ်ခဲ့တဲ့ ကျွန်တော့် အတွေ့အကြုံအရ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲရဲ့ ရေထဲမိုးထဲကာလမှာ တမျိုးသားလုံးရဲ့ အဓိက အကျဆုံးနဲ့ အလိုအပ်ဆုံး နိုင်ငံရေး စည်းရုံးရေးကဏ္ဍကို ဦးလှဟာ အရိုးသားဆုံး အနိုးကြားဆုံး အပြစ်ကင်းစွာ အကြိုးစားဆုံး ဖြည့်စွမ်းခဲ့သူ၊ ဖြည့်စွမ်းနိုင်ခဲ့သူ တဦးဖြစ်တယ်ဆိုတာကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
(၇)
ဦးလှရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ဂုဏ်အရည်အချင်းများနဲ့ ပတ်သက်လို့ ကျွန်တော်က အထူးဖော်ပြနေစရာ လိုမည်မထင်ဘူး။ ဦးလှရဲ့ ငယ်ပေါင်းကြီးဖော်တွေ၊ ရေးဖော်ရောင်းရင်းတွေက လူထုချစ်သမျှ လူထုဦးလှ ဆိုတဲ့ အမှတ်တရစာအုပ်မှာ ရေးသားဖော်ပြခဲ့ကြ ပြီးသားပါ။ ရေးသားချက်တွေအားလုံး ပိုတာ မရှိပါဘူး။ လိုတာ မပြည့်စုံတာသာ ရှိပါလိမ့်မယ်။ ကျွန်တော်ကတော့ ဦးလှရဲ့ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များကိုသာ ထုတ်နှုတ်ပြီး အထူးပြု ဖော်ပြရမှာမို့ ဦးလှရဲ့ တည်ငြိမ်တဲ့ အမျိုးသားစိတ်ဓာတ်နဲ့ ညီညွတ်ရေး သဘောထားများနဲ့ ပတ်သက်တဲ့ အမှတ်တရအချက် အချို့ကိုသာ ဖော်ပြချင်ပါတယ်။
ဦးလှရဲ့ ပင်ကိုယ်သဘာဝ စိတ်ထားကိုက ညီညွတ်ရေးသမား ဖြစ်တယ်။ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ မသင့်မြတ်ဘူး။ မတည့်ကြဘူးဆိုရင် သူက မကြိုက်ဘူး။ မလိုလားဘူး။ သင့်သင့်မြတ်မြတ် ချစ်ချစ်ခင်ခင် နေကြတာကိုပဲ လိုလားတယ်။ တဦးချင်း ဖြစ်တတ်တဲ့ မသင့်မြတ်မှုမျိုးဆိုရင် အခွင့်ကြုံတိုင်း သင့်မြတ်အောင် လုပ်ပေးလေ့ရှိတယ်။ ဒီလို အခြေခံပေါ်မှာ တမျိုးသားလုံး ညီညွတ်ဖို့ စည်းစည်းလုံးလုံး ရှိကြဖို့ လိုအပ်တယ်ဆိုတဲ့ အမျိုးသားရေးလိုအပ်ချက် အသိစိတ်နဲ့ ထပ်ပေါင်းလိုက်တော့ ညီညွတ်ရေးကိစ္စနဲ့ ပတ်သက်လာရင် ဦးလှက ပြောစရာကို မလိုတော့ဘူး။
၁၉၄၆ ခုနှစ် ဆန်းဆန်းချင်း ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲကြတော့ ဦးလှ စိတ်မကောင်းဘူး။ သူတပါးကိစ္စမို့ ၀င်မစွက်ကောင်းလို့ ဘာမှ မပြောပေမယ့် ကြုံလာလို့ မရှောင်သာရင်တော့ မကောင်းပါဘူးဗျာ၊ ကိုယ့်အချင်းချင်း တွေပဲ ဆိုတာလောက်ပဲ ပြောတယ်။ နောက်ပိုင်း အချင်းချင်း အာဃာတတွေနဲ့ ငယ်ကျိုးငယ်နာတွေ ကလော်ကြ ဖော်ကြတော့ ဦးလှက ကြုံတိုင်း နှာခေါင်းရှုံ့တယ်။ ဦးလှရဲ့ သဘာဝက အေးချမ်းတည်ငြိမ်သူ၊ စကားတောင် ကြမ်းကြမ်းနဲ့ မာတိမာဆတ် ပြောလေ့မရှိဘူးဆိုတော့ အမနာပစကား (မေတ္တာမဲ့စကား) မျိုးတွေ ကြားရတော့ နှစ်မြို့ပုံ မရပါဘူး။
နောက်တခါ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပခဲတဲ့ ဖဆပလ ပြည်လုံးကျွတ်ညီလာခံ နောက်ဆုံးနေ့မှာ ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ တလျှောက်လုံး ပျော်စရာ အားတက်စရာတွေနဲ့ မြူးကြွ ပျော်ရှင်ကြလို့ကောင်းတုန်း ညီလာခံ နောက်ဆုံးနေ့ ညဘက်မှာ ဗဟိုဦးစီးအဖွဲ့ဝင်တွေ ကိုယ့်ခရိုင်အလိုက် ရွေးကြတဲ့အခါမှာ ချောချောမောမော မဖြစ်ဘဲ အဖုအထစ်ဖြစ်ခဲ့တဲ့ကိစ္စ ဖြစ်တယ်။ ဦးလှက မန္တလေးခရိုင်ကိုယ်စားလှယ်များ ရှေ့မှာတင်ပဲ မန္တလေးခရိုင်က အချိုးကျ ရရှိတဲ့ ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာမှာ ညီညွတ်မှုကို အခြေခံပြီး ပါတီစုံက လူစုံပါအောင်ရယ်၊ မြို့နယ်အလိုက် ပါရလေအောင်ဆိုပြီး ဘယ်သူ ဘယ်သူတွေ ဦးစီးအဖွဲ့ဝင်ဖြစ်ဖို့ ဆိုပြီး နာမည်စာရင်းတွေ တွေးပါတယ်။ ဆရာကြီးတို့ လူကြီးတွေကပဲ ရွေးပါတယ်။ ရွေးပြီးတဲ့ စာရင်းကို ဖတ်ပြတော့ ကိုယ်စားလှယ်အားလုံးလိုလိုက ဘာမှ စောဒက မတက်ကြပါဘူး။ ဒါပေမယ့် ဆိုရှယ်လစ်ပါတီဝင် ကိုယ်စားလှယ်တချို့က အားလုံးကို သဘောတူပါတယ်။ ကျွန်တော် (ကိုညွန့်အောင်) အစား ဘယ်သူ့ကို ထည့်ပါဆိုပြီး ပြောလာပါတယ်။ ဦးလှနဲ့ လူကြီးတွေက ဖဆပလ စဖွဲ့ကတည်းက ပါတီစုံ လူစုံပါအောင် ညီညွတ်ရေးကို အခြေပြုပြီး ဖွဲ့စည်းခဲ့ကြတာမို့ ယခုလည်း ပါတီစုံ လူစုံမျှတအောင် ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ရှင်းပြကြတယ်။ လက်မခံဘူး။ မဲခွဲပါလို့ ဆိုလာတယ်။ လူကြီးတွေက ဒီလိုကိစ္စမျိုးမှာ မဲခွဲရတယ်ဆိုတာ မမှန်ကြောင်း၊ ကောင်းလည်းမကောင်းကြောင်း ပြောကြပါတယ်။ ဒါပေမယ့် ပြောမရလို့ မဲခွဲကြတော့ မဲချင်းတူနေပါတယ်။ လူကြီးတွေက ထပ်ရှင်းတယ်။ မရတော့ နောက်တခါ ထပ်ပြီး မဲခွဲတော့ ကျွန်တော် တမဲနဲ့ ကပ်ပြီး ရှုံးပါတယ်။ အဲဒီ ညက ဦးလှနဲ့ လူကြီးတွေ စကားမပြောကြတော့ပဲ အိပ်ရာထဲ ၀င်ကြတော့တာပါပဲ။
ဒါတွေ ကျွန်တော် အသေးစိတ် ပြန်ပြောနေရတာက ဦးလှက ညီညွတ်ရေးကို ဘယ်လိုနားလည်တယ် ဆိုတာ သိစေ မြင်စေချင်တဲ့ ဆန္ဒ သက်သက်ကြောင့်ပဲ ဖြစ်ပါတယ်။
ရန်ကုန် ဖဆပလပြည်လုံးကျွတ် ညီလာခံကြီးပြီးလို့ မန္တလေးပြန်ရောက်ကြတော့လည်း အားချိန် နားချိန် မရှိပါဘူး။ ပြည်လုံးကျွတ်ညီလာခံ ဆုံးဖြတ်ချက်များကို ထောက်ခံပြီး ထပ်ဆင့်ဆုံးဖြတ်တဲ့ မြို့နယ်လုံးကျွတ် လူထုအစည်းအဝေးပွဲကြီးတွေ ဆက်တိုက်လုပ်ကြရပြန်တယ်။ ဦးလှရဲ့ ထူးခြားချက်က မြို့နယ်လူထု အစည်း အဝေးပွဲ မှန်သမျှမှာ ပါတီစုံက လူကြီးတွေကို ပါအောင်ခေါ်တယ်။ လူကြီးတွေ လိုက်နိုင်အောင် ကားတန်ကား၊ မြင်းလှည်းတန်မြင်းလှည်း ဦးလှပဲ အပင်ပန်းခံတယ်။ ဦးလှက လူကြီးတွေကို အမှုဆောင် နာမည်ခံရုံထားပြီး သူချည်း လုပ်ချင်ရာ လုပ်သွားတယ်ဆိုတာမျိုး အဖြစ်မခံဘူး။ အထင်နဲ့ သံသယ အဖြစ်မခံဘူး။ မြို့မယ်လူထု စည်းဝေးပွဲ စင်မြင့်ပေါ်ကြည့်လိုက်ရင် ပါတီစုံက လူကြီးတွေ စုံစုံညီညီ ပါကြတယ်။ ကျွန်ပ်တို့ အားလုံး ညီညီညွတ်ညွတ် လုပ်နေကြပါတယ်ဆိုတာ ကြည့်လိုက်တာနဲ့ လူထုက သိအောင်ပြတဲ့ သဘောပဲ။
ဦးလှကို လူကြီးတွေကိုသာ လေးစားတတ် နေရာပေးတတ်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့လို လူငယ်တွေကိုလည်း တန်းတူ အလေးပေးတတ်၊ နေရာပေးတတ်ပါတယ်။ အမှန်ကို ပြောရရင် ဦးလှက ဆင်းရဲချမ်းသာ ဂုဏ်ရှိ ဂုဏ်မဲ့မရွေး ဘယ်သူ့ကိုမှ မထီမဲ့မြင် မလုပ်တတ်ပါဘူး။ ကျွန်တော်တို့ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ ကော်မတီတွေဆိုတာ အားလုံး လူငယ်တွေ အသက် ၂၀ နဲ့ ၂၅ နှစ်အတွင်းသာ ရှိကြသေးတဲ့သူများ ဖြစ်တဲ့အပြင် မန္တလေးဇာတိသားက တယောက်နှစ်ယောက်သာ ပါဝင်ပြီး၊ ကျန်တာက တနယ်တရွာသား ဧည့်သည်တွေပါ။ ဖက်ဆစ်တော်လှန်ရေးကို အကြောင်းပြုပြီး မန္တလေးကို ရောက်နေကြသူတွေ ဖြစ်ပါတယ်။ ရပ်ကွက်မြို့နယ် ဖဆပလအဖွဲ့တွေဖွဲ့ဖို့ ကွင်းဆင်းကြတဲ့အခါ ဦးလှက ကျွန်တော့်ကို တွဲဖက်အတွင်းရေးမှူးအဖြစ် မိတ်ဆက်ပေးတဲ့အပြင် သူ့ဘာသာသူ ပြောနိုင်ဆိုနိုင်ရက်နဲ့ ကိုညွန့်အောင် ကျွန်တော် ပြောတာ ဟုတ်တယ် မဟုတ်လား ဗျာတို့၊ ဒီကိစ္စကတော့ ကိုညွန့်အောင် နည်းနည်းရှင်းပြလိုက်ပါအုန်းတို့ လှည့်လှည့်ပြီး ပြောတတ်တယ်။ သဘောက ကျွန်တော်ဟာ သူနဲ့ တန်းတူပဲဆိုတာ ပြချင်တာ ဖြစ်တယ်။
(၈)
ဖဆပလ ပြည်လုံးကျွတ်ညီလာခံ ပြီးစီးတဲ့ ၁၉၄၆ ဇန်န၀ါရီလကုန်ကစပြီး ယခု ၁၉၄၆ ခု သြဂုတ်၊ စက်တင်ဘာလလောက်ထိ (၇) လ (၈) လ လောက်ဟာ နားရတဲ့ရက် မရှိခဲ့ပါဘူး။ အားလုံးသိတဲ့အတိုင်း ဒီကာလဟာ မြန်မာပြည်ကို ကျွန်သက်ရှည်အောင် နည်းမျိုးစုံနဲ့ ကြံစည်ကြိုးစားနေတဲ့ အင်္ဂလိပ်ဘုရင်ခံနဲ့ ဖဆပလအဖွဲ့ကြီးရဲ့ အားပြိုင်ပွဲကာလ ဖြစ်ခဲ့ပါတယ်။ စစ်မပြီးသေးခင် ဖဆပလ အထက်ဗမာပြည်အဖွဲ့ချုပ် ဖွဲ့စည်းဖို့ ကြိုးစားရတဲ့ကာလ၊ ပြီးတော့ ဖွဲ့စည်းပြီးတဲ့နောက် ၄၅ နှစ်ကုန်လောက်အထိ ကာလများတုန်းကတော့ ဂျာမဏီ၊ ဂျပန် စစ်အုပ်စု အရေးသာမယ်ထင်တုန်းက ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို တိုက်တယ်။ ဟောအခု ဂျာမဏီ၊ ဂျပန် စစ်အုပ်စု အရေးနိမ့်ပြီး အင်္ဂလိပ် အမေရိကန် မဟာမိတ်စစ်အုပ်စု အရေးသာလာတော့ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကို တိုက်တယ်ဆိုတဲ့ ထိုးနှက်ချက်တွေကို ဆန့်ကျင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး လူထုစစ်ပွဲသဘောတရားနဲ့ အားသွန်ပြီး ရှင်းလင်းခဲ့ တုန့်ပြန်တိုက်ခိုက်ခဲ့ကြရတယ်။
ယခု ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး ကမ္ဘာ့ပြည်သူလွတ်မြောက်ရေး သဘောတရားကိုပဲ အခြေခံပြီး ဖက်ဆစ်ဂျပန်ကို အချိန်တိုအတွင်း ထိထိမိမိ တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့တဲ့ မြန်မာပြည်သူများကို ဖဆပလအဖွဲ့ချုပ်ကြီး ရဲ့ တောင်းဆိုချက်အတိုင်း ယာယီအမျိုးသားအစိုးရ ဖွဲ့ပေးဖို့ ရွေးကောက်ပွဲ အမြန်ကျင်းပပြီး တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ဖို့၊ လွတ်လပ်တဲ့ နိုင်ငံရဲ့ အခြေခံဥပဒေကို ရေးဆွဲဖို့၊ လုံးဝလွတ်လပ်ရေး ကြေညာဖို့ဆိုတဲ့ အဆိုများနဲ့ ဆုံးဖြတ်ချက်များ ချကြပြီး လူထုကြီးရဲ့ သဘောထားကို ဖော်ထုတ်ကြတယ်။ လူထုကြီးကိုလည်း အင်္ဂလိပ်ကို တိုက်ခဲ့တာ လွတ်လပ်ရေး လိုချင်လို့ပဲ။ ဒီကာလဟာ ဗြိတိသျှနယ်ချဲ့ ကိုယ်စားလှယ် ဘုရင်ခံနဲ့ ဖဆပလအဖွဲ့ကြီးနဲ့ အားပြိုင်ကြရတဲ့ ကာလလို့ ဆိုရပါလိမ့်မယ်။ အတိုချုံးရရင် အားလုံးသိကြတဲ့အတိုင်း လူထုအင်အား အရှိန်အဟုန် ပိုမြင့်လာခဲ့တယ်။ နောက်ဆုံး သမိုင်းမှာ ကြုံတောင့်ကြုံခဲဖြစ်တဲ့ ပုလိပ် (ရဲတပ်ဖွဲ့) သပိတ်ကြီး ပေါ်လာပြီး အထွေထွေသပိတ်ထိ ပျံ့နှံ့ကြီးထွားလာတယ်။ ဖဆပလအဖွဲ့က သပိတ်ထောက်ခံပွဲတွေ လုပ်တယ်။ အိမ်တော်ရာဘုရားရင်ပြင် လူထုအင်အားပြ အစည်းအဝေး လုပ်တယ်။ သပိတ်ကို ထောက်ခံပြီး ဖမ်းထားတဲ့ သပိတ်ခေါင်းဆောင်တွေ လွှတ်ပေးဖို့ ဆုံးဖြတ်ချက်တွေ ချတယ်။ ဘာမှ မထူးခြားဘူး။ နောက်တကြိမ် သကျသီဟ ဘုရားရင်ပြင်မှာ လူထုစည်းဝေး ဆုံးဖြတ်ချက် တောင်းဆိုချက်တွေ ချပြီး အင်အားပြ လူထုစီတန်း လမ်းလျှောက်ပွဲကြီးလုပ်တယ်။ မထူးခြားဘူး။ တိုက်ပွဲအရှိန်ကို ရှေ့တဆင့်တက်ရတော့မယ်။
အဲဒီက နောက်ပိုင်း မန္တလေး ဖဆပလ အမှုဆောင်အဖွဲ့အတွင်းမှာ လုပ်ရကိုင်ရတာ ဘာမှ ရှင်းရှင်း လင်းလင်း မရှိကြဘူး။ ဒီတိုက်ပွဲကို ဘယ်အဆင့်ထိ တိုးပြီး တိုက်ကြရမှာလဲ။ ဘယ်မှာ လမ်းဆုံးမှာလဲဆိုတာ မရှင်းဘူး။ ဖဆပလ ရန်ကုန်ဌာနချုပ်ကရော၊ ကွန်မြူနစ်ပါတီဌာနချုပ်ကရော ဘာညွှန်ကြားချက်မှ မရဘူး။ ဦးလှတို့ ဆရာကြီးတို့အနေနဲ့ ဗဟိုဦးစီအဖွဲ့ အစည်းအဝေးမှာတုန်းက နားလည်ခဲ့တဲ့ အင်္ဂလိပ်ဘုရင်ခံအစိုးရကို လူထုနဲ့ ဖိအားပေးမယ်။ အစိုးရအဖွဲ့ဝင်ကို ကိုယ့်လိုလားချက်ရမှ ၀င်မယ်။ ၀င်ရရင်လည်း အတွင်းထဲဝင်ပြီး ဘုရင်ခံကို အကျပ်ကိုင်မယ်။ အတွင်းအပြင် ဖိတိုက်မယ်ဆိုတဲ့ ဗျူဟာပဲ။ ဒါပေမယ့် မထူးခြားတော့ တိုက်ပွဲကို ရှေ့တဆင့် မြှင့်ရင်မြှင့် မမြှင့်နိုင်ရင် ဒီအတိုင်း တန်းလန်းကြည့်နေရုံပဲ ရှိတယ်။
ဒီအခြေအနေမှာ လူထုစည်းဝေးကြီး တောင်းဆိုချက်တွေ ဆုံးဖြတ်နေရုံနဲ့ မပြီးတော့ဘူး။ ဒါကြောင့် လူထုအင်အားနဲ့ ထောင်ကို ၀ိုင်းမယ်။ ဖမ်းထားတဲ့ သပိတ်ခေါင်းဆောင်တွေ ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်မယ် ဆိုတဲ့နည်းလမ်းကို တင်ပြတယ်။ အမှုဆောင်အများစုက ခပ်တွန့်တွန့် ဖြစ်နေတယ်။ မန္တလေးမှာ အာဇာနည် (၁၇)ဦး ကိစ္စ ရှိခဲ့ဖူးတယ်။ စွန့်ရမယ်။ ပြီးတော့ ခရိုင်အရေးပိုင်တို့ ရာဇ၀တ်ဝန်တို့ဆိုတာ အင်္ဂလိပ်တွေ ဖြစ်တဲ့အပြင် ပုလိပ်က ဟိုတုန်းကလို တချက်ချင်း ထိုးပစ်ရတဲ့ မတ်စ်ကက်ရိုင်ဖယ်မျိုး မဟုတ်တော့ဘူး။ မောင်းပြန်ရိုင်ဖယ်တွေ၊ တော်မီဂန်းတွေ၊ ဘရင်းဂန်းတွေနဲ့ ဖြစ်နေကြပြီ။ အဲဒီအချိန်တွေမှာ တမြို့လုံး အိမ်တံခါးတွေ ပိတ်ပြီး ဆန္ဒပြဖို့ အဆိုပြုသူက ပြုတယ်။ အနည်းဆုံး တိုက်ပွဲ မပြီးမချင်း အိမ်တိုင်းမှာ ဖဆပလအလံတွေ အမြဲလွှင့်ထားကြဖို့ပဲ လှုံ့ဆော်နိုင်တယ်။ ဈေးတွေထဲ သံဖြူအော်လံနဲ့ လှည့်ပတ်အော်တယ်။ အဲဒီအတွင်းမှာ ဖဆပလအဖွဲ့ချုပ်က ဘုရင်ခံအမှုဆောင်ကောင်စီထဲ ၀င်ပြီး အစိုးရဖွဲ့လိုက်ပြီဆိုတဲ့ ရေဒီယိုသတင်း ရောက်လာတယ်။ အမှုဆောင် အားလုံး ပျော်သွားကြတယ်။ ဒါပေမယ့် ပျော်တာက ပျော်တာပဲ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေထဲမှာ ဘာဆက်လုပ်ရမလဲဆိုတာ မရှင်းတာက ပြသနာဖြစ်နေဆဲပါပဲ။
သမိုင်းကို ကျွန်တော်က အသေးစိတ် ပြန်ဖော်ပြနေစရာ မလိုဘူးထင်ပါတယ်။ အဲဒီအချိန်လောက်က စပြီး ကွန်မြူနစ်ပါတီနဲ့ ဖဆပလအဖွဲ့နဲ့ သဘောမကိုက်ညီမှုတွေ ပေါ်လာပြီး ပဋိပက္ခတွေ များလာတယ်။ နောက်ဆုံး အောက်တိုဘာလရောက်တော့ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ထဲက ထုတ်ပစ်တဲ့ဘ၀ ရောက်ခဲ့တာပါပဲ။ အဲဒီမှာတင် ဦးလှနဲ့ ကျွန်တော်လည်း လူချင်းကွဲ သွားခဲ့ရတာ ဖြစ်ပါတယ်။
ဖဆပလအဖွဲ့က ကွန်မြူနစ်ပါတီကို ထုတ်ပယ်ကြောင်း တရားဝင် ပြောကြ ဆိုကြတဲ့နေ့က မန္တလေးခရိုင် ဖဆပလအမှုဆောင်များရဲ့ မြင်ကွင်းကို ကျွန်တော် ယခုထိ မမေ့နိုင်သေးပါဘူး။ ဆိုရှယ်လစ်ပါတီဝင် အမှုဆောင်နဲ့ ဒို့ဘုရင် ပါတီဝင်အမှုဆောင်နှစ်ယောက် သုံးယောက်ကလွဲရင် ဘယ်သူမှ မျက်နှာမကြည်လင် မရွှင်လန်းကြပါဘူး။ ကျွန်တော်က အမှုဆောင်အဖွဲ့ကို စကားနည်းနည်းပြောချင်ပါတယ်လို့ ဥက္ကဌဖြစ်သူ ဆရာကြီး ဦးရာဇတ်ကို ခွင့်တောင်းတော့ ဆိုရှယ်လစ်နဲ့ ဒို့ဘုရင်တို့က မလိုပါဘူးဆိုပြီး ကန့်ကွက်တယ်။ ဆရာကြီးက သူ့မှာ အခွင့်အရေးရှိပါတယ်။ ပြောပါစေဆိုပြီး ခွင့်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း စကားစပြောရော ဆိုရှယ်လစ်နဲ့ ဒို့ဘုရင်အမှုဆောင်နှစ်ဦးက သူတို့အချင်းချင်း စကားတွေ ဖောင်လောက်အောင် ပြောပြီး ဟားတိုက်ရယ်နေကြ ပါတယ်။ ကျွန်တော် စကားပြောလို့ မရဘူး။ ကျန်တဲ့ အမှုဆောင်လူကြီးတွေက ကျွန်တော့်ကို မကြည့် သူတို့နှစ်ယောက်ကိုပဲ ခပ်ငေးငေး ကြည့်နေကြတယ်။ ဒီအခိုက်မှာ တချိန်လုံး ခေါင်းငုံ့နေခဲ့တဲ့ ဦးလှက ရုတ်တရက် ခင်ဗျားတို့ ခင်ဗျားတို့ ဘယ်လိုဖြစ်နေကြတာလဲဗျာ၊ အခုကိစ္စက ၀မ်းသာရမယ့်ကိစ္စလည်း မဟုတ်ပါဘူးလို့ ရုတ်တရက် သူတို့ဘက် လှည့်ပြောလိုက်တယ်။ ဦးလှအသံက နည်းနည်းကျယ်ပြီး မာသွားလား မသိပါဘူး။ အဲဒီတော့မှ သူတို့ ရယ်သံတိတ်ပြီး ငြိမ်သွားပါတယ်။ ကျွန်တော်လည်း စကားအရှည် မပြောတော့ပဲ တိုတိုပဲ ပြောလိုက်ပါတယ်။ ပြောပြီးတာနဲ့ ဆရာကြီးတို့ လူကြီးများကို ကျွန်တော်သွားပါအုန်းမယ်လို့ နှုတ်ဆက်ပြီး ထွက်လာခဲ့တာပါပဲ။ ဦးလှနဲ့ ဆရာကြီးတို့တတွေ မျက်နှာညှိုးညှိုးနဲ့ ကျန်ရစ်ခဲ့ကြပါတယ်။
အဲဒီနေ့က အဖြစ်ဟာ ဦးလှနဲ့ ကျွန်တော် လက်ပွန်းတတီး အတူတွဲလုပ်ခဲ့ကြတဲ့ ကဏ္ဍရဲ့ နောက်ဆုံးခွဲခွါ ခန်းပါပဲ။
(၉)
ဦးလှနဲ့ နောက်ဆုံး လူချင်းကွဲကွာတဲ့နေ့ဟာ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ကုန်လောက်မှာ ဆိုတော့ ၁၉၈၁ ခုနှစ်ထိဆိုရင် (၃၅) နှစ်လောက် ကြာသွားပြီ။ အဲဒီ (၃၅) နှစ်ကာလကြားထဲမှာ ကျွန်တော် ဦးလှနဲ့ မတွေ့ရသလောက်ပါပဲ။ တွေ့တယ်ဆိုတာလည်း ခရီးသွားဟန်လွဲ နှုတ်ဆက်တွေ့ တွေ့ကြရတဲ့ သဘောသာ ရှိခဲ့တယ်။ ၁၉၈၁ ခုနှစ်ကျတော့ ကျွန်တော် သက်ပြည့် ပင်စင်ယူဖို့ တနှစ်တောင် မကျန်တော့တဲ့ အချိန်မှာ ကျွန်တော် စစ်ကိုင်းတိုင်ရုံးကို ပြောင်းရွှေ့တယ်။ ပင်စင် ပြင်ဆင်ခွင့်ယူတဲ့အချိန်မှာ မုံရွာကို ရွှေ့ပြီး အခြေစိုက် လိုက်တယ်။ မုံရွာမြို့က ဘာမှ ကျွန်တော်နဲ့ ပါတ်ပါတ်သက်သက် ရှိခဲ့တဲ့ မြို့တော့ မဟုတ်ပါဘူး။ မုံရွာမှာနေဖို့ အကြောင်းထဲက တကြောင်းကတော့ ဦးလှနဲ့ ပြန်ပြီး နီးစပ်ချင်တဲ့ အကြောင်းတကြောင်းပါပါတယ်။ ဒါကြောင့် ပင်စင်ခွင့်ယူပြီး မကြာခင် ကျွန်တော်ဦးလှဆီကို တမင်သက်သက် သွားတွေ့ပါတယ်။ ဦးလှတို့ တိုက်ရောက်တော့ တိုက်ရှေ့ဧည့်ခန်းမှာ ကလေးမလေးတယောက်ပဲ တွေ့တယ်။ ဦးလှနဲ့ တွေ့ချင်ကြောင်းပြောပြီး ဧည့်ခန်းမှာ ကုလားထိုင်မှာပဲ ကျွန်တော် ထိုင်စောင့်နေလိုက်တယ်။ ကလေးမလေး အိမ်နောက်ဘက်ဝင်ပြီး အကြောင်းကြား လို့ မကြာခင် ဦးလှ ထွက်လာပါတယ်။ ဧည့်ခန်းမှာ ကျွန်တော့်ကို မြင်လိုက်တော့ ဟာ ဧည့်သည်ဆိုလို့ ဘယ်သူများလဲ မှတ်တယ် ကိုညွန့်အောင်ကိုး။ ခင်ဗျားနှယ်ဗျာ ဧည့်ခန်းထဲ ထိုင်နေရတယ်လို့ အရင်တုန်းကလို အိမ်နောက်ထဲထိ ၀င်လာခဲ့ ပြီးရောဆိုပြီး ကျွန်တော်ကို ဖက်လှဲတကင်း ကြိုဆိုပါတယ်။ ဦးလှမျက်နှာ ကြည့်ရတာ ရှေးရှေးကလို ရွှင်ပြုံးလို့၊ နှစ်များစွာ ကွဲကွာနေခဲ့တဲ့ မိတ်ဆွေကောင်းတယောက်ကို ပြန်တွေ့ရတဲ့အခါ တွေ့ရပြီဖြစ်တဲ့ ပျော်ရွှင်လှိုက်လှဲပုံ များအတိုင်းပါပဲ။
ပဋိသန္တာရစကား နည်းနည်းပြောကြပြီး ကျွန်တော်က ကျွန်တော့်လာရင်းကိစ္စနဲ့ ကျွန်တော့်စိတ်ကူးဆန္ဒ ကို ပြောပြပါတယ်။ ကျွန်တော် သက်ပြည့်ပင်စင်ယူလိုက်ပြီ။ အသက်ကြီးပိုင်းမှာ စာဖတ်စာရေး အလုပ်နဲ့ပဲ အချိန်ကုန်လွန်ချင်တယ်ဆိုတဲ့ အကြောင်းပေါ့။ ဦးလှက ကောင်းတယ်၊ သိပ်ကောင်းတယ် ကိုညွန့်အောင်လည်း အတွေ့အကြုံတွေ အများကြီး ရှိနေပြီပဲ။ စာများများ ရေးစမ်းပါလို့ အားရ ပါးရ တိုက်တွန်းပါတယ်။ ရှေးကတွဲခဲ့ကြ တဲ့ ဖဆပလ အမှုဆောင်လူကြီးတွေလည်း အားလုံးလိုလို ကွယ်လွန်ကုန်ကြပြီ။ ဦးလေးသိန်း (ဖိုးဦးဘသိန်း) တယောက်တော့ ကျန်သေးကြောင်း၊ ကျန်းမာရေးကောင်းကြောင်း သားထောက်သမီးခံ မကျန်တော့လို့ သူ့တူတော်မောင်နဲ့ အတူနေကြောင်း။ ဒီနားက (၃၁) လမ်းထဲတွင် လမ်းထဲဝင်လိုက်ရင် နှစ်တိုက် သုံးတိုက်ကျော်သာ ရှိကြောင်း ကိုညွန့်အောင် ၀င်ဖြစ်အောင် ၀င်သွားလိုက်စမ်းပါ။ ကိုညွန့်အောင်ကို တွေ့ရင် အလွန်ဝမ်းသာရှာမှာလို့ ပြောပါတယ်။ ဦးလှကို နှုတ်ဆက်ပြီး ကားပေါ်တက်တဲ့အထိ နောက်လာရင် အရင်တုန်းက လို အိမ်နောက်ထဲ တန်းဝင်လာခဲ့ဖို့၊ ဦးလေးသိန်းကို ၀င်တွေ့သွားဖို့ နောက်ကလိုက်ပြီး ပြောလာပါတယ်။ ဦးလေးသိန်းဆီ ၀င်တော့လည်း မမျှော်လင့်ပဲ တွေ့လိုက်ရလို့ ၀မ်းသာမဆုံးပဲ ကျွန်တော့် ပခုံးကို တကိုင်ကိုင် လက်တဆွဲဆွဲ ဖြစ်နေရှာပါတယ်။ ဒီတခေါက် မန္တလေးသွားရတာ၊ ဦးလှနဲ့ တွေ့ရတာ၊ ကျေနပ်ကြည်နူးလို့ မဆုံးပါဘူး။ ဒါပေမယ့် ဦးလှကို ယခုလို ပျော်မြူးရွှင်လန်းစရာ တွေ့ခဲ့ရတာဟာ ကျွန်တော်အဖို့ ဦးလှကို နောက်ဆုံးတွေ့ရခြင်းပဲဆိုတာ မသိခဲ့ပါဘူး။
ကျွန်တော်ပင်စင်ယူပြီးလို့ နှစ်လအကြာမှာ ကျွန်တော်နေတဲ့ မုံရွာမြို့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သုတေသနဌာနကြီးက နိုင်ငံရေးဌာနခွဲမှူးနဲ့ သုတေသနလက်ထောက် အမျိုးသမီးနှစ်ယောက်ရယ်၊ ဓာတ်ပုံဆရာ ညောင်ဦးဖိုးချိုရယ် ရောက်လာကြပါတယ်။ လာတဲ့ကိစ္စက မြန်မာ့နိုင်ငံရေးအခြေပြသမိုင်း အတွဲ (၃) အတွက် အချက်အလက်တွေ ရှာဖွေစုဆောင်းဖို့တဲ့။ ပါတီဥက္ကဌကြီး (ဦးနေ၀င်း) ကလည်း ဌာနမှူးကိုခေါ်ပြီး အထူးမှာ ပါတယ်။ သမိုင်းပြုစုရာမှာ ရန်ကုန်အနီးတ၀ိုက်ရှိတဲ့ လူတော်တယောက်ကို ရှာဖွေလေ့လာစုဆောင်းပြီး ရေးတာ မျိုးလောက်မလုပ်ဖို့၊ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုများမှာ အထက်ဗမာပြည်ရဲ့ အခန်းကဏ္ဍကလည်း သိတ်ကြီးမား တယ်။ ဒါကြောင့် မန္တလေး ဗဟိုပြုပြီး အထက်ဗမာပြည်တ၀ှမ်းမှာ လှုပ်ရှားခဲ့ကြတဲ့ ပုဂ္ဂိုလ်များနဲ့တွေ့ပြီး အချက်အလက် အမှန်တွေရအောင် လေ့လာစုဆောင်းပြီး ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ပြုစုရေးသားကြဖို့ လိုတယ်လို့ မှာကြားလို့ ဌာနမှူး (ဦးသိန်းတန် သုတေသနဌာနကြီးမှူး) (ကွယ်လွန်) လည်း မန္တလေးမှာ ရောက်နေကြောင်း။ ယခင် ဌာနမှူးက အန်ကယ့်ဆီသွားဖို့ စေလွှတ်လို့ လာခဲ့ရကြောင်း ရှင်းပြကြတယ်။
သူတို့ ပြောပြတဲ့စကား ကြားလိုက်တာနဲ့ ကျွန်တော့်ခေါင်းထဲ ဦးလှကို ချက်ချင်း သတိရလိုက်ပါတယ်။ ဒါကြောင့် ဒီကိစ္စက သမိုင်းရေးဖို့ အကြောင်းအရာ အချက်အလက်ရှာတဲ့ ကိစ္စဖြစ်လို့ သိပ်အရေးကြီးတယ်။ ပထမဆုံးက အချက်အလက် မှန်ဖို့ လိုတယ်။ ပြီးရင် ပြည့်စုံဖို့လည်း လိုတယ်။ ပြီးတော့ ဖြစ်နိုင်ရင် စာရွက်စာတမ်း အထောက်အထား ရှိနိုင်ရင် အကောင်းဆုံးဖြစ်မယ်။ ဒီတော့ ဒီကိစ္စကို ဦးလေး၊ ဦးလှနဲ့တွေ့ပြီး နှစ်ယောက်တိုင်ပင်ပြီး စာနဲ့ ရေးချင်တယ်။ ပြီးတော့ ဦးလေးက တနေရာတည်းမှာ အတည်တကျ နေခဲ့ရသူ မဟုတ်တော့ မှတ်တမ်းမှတ်ရာ မကျန်ခဲ့ဘူး။ ဦးလှက တနေရာတည်း စွဲစွဲမြဲမြဲ နေခဲ့သူဆိုတော့ သူ့မှာ မှတ်တမ်းရော၊ ဟိုစဉ်တုန်းက ထုတ်ဝေခဲ့တဲ့ ဖဆပလအဖွဲ့ လက်ကမ်းစာစောင်ကအစ ရှိနိုင်တယ်။ ဒါကြောင့် ဗိုလ်သိန်းတန် (ဌာနမှူး) ကိုလည်း ပြန်ပြောပြပါ။ ဦးလှနဲ့ တွေ့ပြီး ပြည့်စုံအောင် ရေးပေးပါ့မယ်လို့ ဦးလေး (ကျွန်တော်) က မှာလိုက်ကြောင်း ပြောပြပါ။ ပြီးတော့ ဗိုလ်သိန်းတန်လည်း မန္တလေးရောက်နေတော့ ဦးလှနဲ့ တွေ့ဖြစ်အောင် တွေ့လိုက်ပါအုန်းလို့ ကျွန်တော်က ရှင်းပြီး ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က လည်း ကိုယ်ရေးရာဇ၀င်ပဲ ဖြစ်ပါစေ ဖြစ်နိုင်သလောက် ယခုပြောပြပါအုံး။ သူတို့ တတ်နိုင်သလောက် မှတ်သား သွားပါမယ်ဆိုလို့ တနာရီလောက် လက်တန်းပြောပြလိုက်ပါတယ်။
ကျွန်တော့်မှာလည်း နက်ဖြန် ရန်ကုန်ဆင်းစရာ ရှိတဲ့အကြောင်း ပြောတော့ သူတို့လည်း နက်ဖြန်မနက် မန္တလေးပြန်မှာမို့ သူတို့ ကားနဲ့ပဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ဒီလိုနဲ့ နောက်နေ့မနက် ပါတီသုတေသနက ကားနဲ့ ကျွန်တော် မန္တလေးလိုက်ခဲ့တယ်။ မန္တလေးရောက်တော့ ဦးလှတို့ တိုက်ရှေ့မှာပဲ ကားရပ်ပြီး ကျွန်တော် ဆင်းနေခဲ့တယ်။ ကျွန်တော် တိုက်ထဲဝင်ပြီး ဦးလှ ရှိလားမေးတော့ မနေ့ကပဲ ဦးလှရော ဒေါ်အမာရော ရန်ကုန်ဆင်းသွားကြတယ်။ သိပ်မကြာဘူး သုံးလေးရက်နေရင် ပြန်ရောက်မယ်လို့ သိခဲ့ရတယ်။ ဒါ့ကြောင့် ဘူတာဆင်း၊ လက်မှတ်ယူပြီး အဲဒီညနေမှာပဲ ရန်ကုန်ဆင်းခဲ့ပါတယ်။
ဒီတခေါက် ဖြစ်ဝကျွန်းပေါ်ဘက် ကျွန်တော် ခရီးထွက်ခဲ့တာ နှစ်ပါတ်လောက်ကြာသွားတယ်။ ကျွန်တော် ရန်ကုန်ပြန်ရောက်လို့ ပါတီသုတေသနရုံး သွားတော့ ရုံးပေါ်မတက်ရခင်မှာပဲ ကျွန်တော့်မိတ်ဆွေက သြဂုတ်လ (၇) ရက်နေ့က ဦးလှ ကွယ်လွန်အနိစ္စရောက်ကြောင်း သတင်းစာနာရေးကြော်ငြာမှာ ပါကြောင်း ဆီးပြီး ပြောပါတယ်။ ကျွန်တော် ရုတ်တရက် ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် အံ့အားသင့်သွားမိပါတယ်။ သတင်းပေးတဲ့ မိတ်ဆွေကို စကားတခွန်းမှ ပြန်မပြောနိုင်ခဲ့ဘူး။ ကိုဘကိုး (ကလောင်ပျံ) ဆီရောက်တယ်။ ကိုဘကိုးက သူ မန္တလေး အသုဘပို့ သွားခဲ့ကြောင်း၊ သူက ဦးလှအကြောင်း အမှတ်တရ ဆောင်ပါးရေးမှာ ဖြစ်ကြောင်း၊ ဦးလှရဲ့ နိုင်ငံရေး ဆောင်ရွက်ချက်ကို ရေးနိုင်သူ ကျွန်တော်တယောက်သာ ရှိတာမို့ ကျွန်တော့်ကိုလည်း ဆက်ဆက် ဆောင်းပါးရေးပါလို့ တိုက်တွန်းပါတယ်။
ရန်ကုန်က မုံရွာအပြန် မန္တလေးမှာ ဒေါ်အမာကို ၀င်တွေ့ခဲ့ပါတယ်။ ဒေါ်အမာလည်း ဦးလှဆုံးပါးသွားစ ပူပူနွေးနွေးမို့ ပူဆွေးပြီး ကျွန်တော့်ကို ၀တ္တရားမို့ ဧည့်ခံနေရပေမယ့် မျက်ရည် တရွှဲရွှဲကျပြီး စကားတောင် ဖြောင့်အောင် မပြောနိုင်ရှာပါဘူး။ သည့်နောက် ကတည်းက ဦးလှအကြောင်း အမှတ်တရ စာစုလေးဖြစ်အောင် ရေးဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ မဖြစ်မြောက်ခဲ့ပါဘူး။ ဦးလှကွယ်လွန်ပြီးလို့ ဆယ့်သုံးလေးနှစ်ကြာမှ မိုးဂျာနယ်မှာ ကျွန်တော် ဦးလှအကြောင်း ရေးပါတယ်။ အဆုံးမသတ်ခဲ့ပါဘူး။ အခု ဦးလှ ကွယ်လွန်တာ ၁၈ နှစ်ကြာခဲ့ပြီ။ ဦးလှရဲ့ နှစ် (၉၀)မြောက် မွေးနေ့မှာ အမှတ်တရ စာအုပ်ထုတ်မယ်လို့ သိရတယ်။ ဒါ့ကြောင့်လည်း မဖြစ်မနေ ကြိုးစားပြီး ရေးလိုက်ပါတယ်။ ဦးလှ အသက်ထင်ရှား ရှိနေသေးမယ်ဆိုရင် သူ့ကို ဒီလို အမျိုးသားနိုင်ငံရေးသမားအဖြစ်နဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် ထိုက်ထိုက်တန်တန် ဆောင်ရွက်ခဲ့သူလို့ ရေးသား မှတ်တမ်းတင်လိုက်တာကို ကြိုက်မှ ကြိုက်ပါ့မလား မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဦးလှက ထင်ပေါ်ချင်သူ မဟုတ်ပဲ သူ့ကို အများက လူထဲကလူ သာမန်တယောက်လို့သာ မြင်စေချင်တဲ့ ဆန္ဒမျိုး ရှိသူ ဖြစ်လို့ပါပဲ။ သူ ထိုမျှလောက် နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာကို သူ့ ဇနီး ဒေါ်အမာကိုတောင် သူဘာတွေ လုပ်နေတယ်ဆိုတာ ပြောခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်လည်း ဒေါ်အမာက ကိုညွန့်အောင်ရယ် ဒီတုန်းက ရှင်တို့ ကိုလှတို့ ဘာတွေ ဘယ်လို လုပ်နေကြတယ်ဆိုတာ ကျွန်မ ဘာမှ သိခဲ့တာ မဟုတ်ဘူး။ ကိုလှကလည်း ပြောပြတာ မဟုတ်ဘူး။ ကျွန်မက ရှင်တို့ကို ထမင်းပဲ ချက်ကျွေးနေခဲ့တာလို့ ဒေါ်အမာက ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် ဦးလှရဲ့ ဘ၀ရုပ်ပုံလွှာကို ဖော်ပြခဲ့ကြရာမှာ မပြည့်မစုံ လစ်ဟာပြီး ကျန်နေသေးတဲ့ အမျိုးသားနိုင်ငံရေး ဘ၀ကဏ္ဍကို ဖြည့်စွက်ရေးသားလိုက်ရတာ ကျွန်တော် အားရမိပါတယ်။ ဦးလှရဲ့ ရင်းနှီး လှပါတယ်ဆိုတဲ့ အပေါင်းအသင်း ရောင်းရင်းတွေတောင် မသိကြသေးတဲ့ ဦးလှရဲ့ နိုင်ငံရဲ့ စွမ်းဆောင်ချက်များကို ထုတ်ဖော် ရေးသားလိုက်ရလို့လည်း ကိုယ့်ကိုကိုယ် ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ဦးလှနဲ့ ကျွန်တော် စားအတူ သွားအတူ ရင်းရင်းနှီးနှီးတွဲပြီး အလုပ်လုပ်ခဲ့တာ ကာလအားဖြင့် တနှစ်ခွဲလောက်သာ ကြာခဲ့ပါတယ်။ အဲဒီ တနှစ်ခွဲတွင်း ဦးလှနဲ့ ထိတွေ့ ပေါင်းသင်းနေထိုင်ခဲ့ရတဲ့ အချိန်တွင်း ဦးလှနဲ့ ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင် မကျေနပ်စရာ စိတ်ကွက်စရာလေးများတခုတလေ ရှိလေမလားလို့ ကျွန်တော် မကြာခဏ ပြန်တွေးကြည့်မိ ဖူးပါတယ်။ တကယ့်ကို မကျေနပ်စရာဆိုလို့ တကွက်တလေမျှတောင် စဉ်းစားလို့ မရပါဘူး။ ဦးလှနဲ့ အတူနေခဲ့ရသမျှ သူ့အပေါ် ကျေနပ်စရာ၊ ခင်မင်စရာ၊ လေးစားစရာ အဖြစ်ကလေးတွေကိုချည်း အောက်မေ့ သတိရနေမိတာ အမှန်ပါပဲ။ ဦးလှရဲ့ ဖြူစင်ဖြောင့်မတ်တဲ့ နှလုံးသား၊ တည်ငြိမ်အေးချမ်းပြီး ခိုင်မာတဲ့ စိတ်ဓာတ်၊ လှုပ်ရှားလေသမျှမှာ အပြစ်ကင်းပြီး ကောင်းမြတ်တဲ့ အမူအကျင့် အလေ့အထများအားလုံးဟာ မမေ့နိုင် လောက်အောင် အောက်မေ့သတိရစရာ ချည်းပါပဲ။ ယခုဆိုရင် ဦးလှ ကွယ်လွန်သွားတာ ဆယ့်ရှစ်နှစ်လောက် ရှိတော့မယ်။ ဦးလှနဲ့ ပတ်သက်လို့ ဦးလှကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ။ အကောင်းဆုံး ကျွန်တော်လုပ်ပေးနိုင်တာ တခုပဲ တတ်နိုင်တော့တယ်လို့ တွေးမိတယ်။ အဲဒီ အကောင်းဆုံး တတ်နိုင်တဲ့တခု ကျွန်တော်တို့ မြန်မာနိုင်ငံတော်မှာ ဦးလှလို အသိဥာဏ်ရှိသူနဲ့ အကျင့်ကောင်းသူများ များနိုင်သမျှ များများ မွေးထုတ်ပေးနိုင်ကြပါစေလို့ အမြဲမပြတ် ဆန္ဒပြု ဆုတောင်းပေးနေဖို့ပဲ ရှိပါတော့တယ်။
ညွန့်အောင် (ရေစကြို)
မြ၀တီရပ်၊ အမှတ် (၁)နယ်မြေ
မုံရွာမြို့။

Saturday, January 9, 2010
သူခိုးသေဖော်ညှိစာမျိုးတွေ
ရေးသူ- လူထုစိန်ဝင်း
( ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်နေ့ထုတ်၊ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ လူထုစိန်ဝင်း၏ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေးကို နိုင်ငံတကာ သီအိုရီတွေနဲ့ပဲ ချဉ်းကပ် လေ့လာသူတွေကို ဝေဖန်ထားတဲ့ ဆရာ့ အမြင်ကို မျှဝေပေး လိုက်ပါတယ်။ )
[အင်တာနက်ကနေ ရဲဘော်တယောက်က အီးမေပို့လာတာကို မာယာစာဖတ်သူတို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။ Weekly Eleven၊ အင်တာနက်ပေါ်တင်ပေးသူ၊ အီးမေပို့လာသူရဲဘော်- အားလုံးကို ကျေးဇူးတင်ပါတယ်။]
ခရစ္စမတ်နေ့က ကျောင်းသားဟောင်း တစ်ယောက်လာပြီး ဆုတောင်း မေတ္တာပို့ ပါတယ်။ ရှပ်အင်္ကျီနဲ့ ပုဆိုး အပြင် ခုခေတ် မြို့ပြရဲ့ ပြယုဂ်ဘူးစုံ ပုလင်းစုံခြင်း ကလည်း ပါသေးတယ်။ နက်စ်ကော်ဖီ၊ တူတံဆိပ် ထောပတ်၊ ခရတ်ဖ်ချိစ်၊ စပရိုက်စတာ တွေအပြင် အာလူးကြော်ဘူး၊ နာနတ်ယိုဘူး၊ လိုက်ချီးဘူး ဆိုတာတွေလည်း ပါတယ်။ စုံနေတာပါပဲ။ တပည့်ဟောင်းကို တွေ့ရလို့ ၀မ်းသာရတယ်။ သူယူလာတဲ့ ပစ္စည်းတွေ အတွက်တော့ ထူးထူး ခြားခြား ခံစားမှုမဖြစ်ပါဘူး။
မက်မောရတဲ့ အရာတွေ
သူနဲ့ထိုင် စကားပြော နေဆဲမှာပဲ ဆန်ကောကြီး နှစ်ချပ်အပြည့် ထည့်လာတဲ့ အသီးအရွက်တွေ မပြီး ကလေးတွေက ယူလာပြ ကြတယ်။ အလုံ၊ တောင်ကြီး ကားဂိတ်က သွားယူပြီး ပြန်လာကြတာပါ။ ဘန်းတွေ ထဲမှာလည်း စုံနေတာပါပဲ။ စူကာသီး၊ စူကာညွန့်၊ မုန်ညင်း၊ မုန်လာ၊ ပန်းမုန်လာ၊ ပဲပုတ်၊ ဆီတိုဟူး၊ ထောပတ်သီး၊ မိုးမျှော်ငရုတ်သီး အစိုထုပ်၊ အခြောက်ထုပ်၊ ခေါပုတ်၊ ခဲလန်ချောင်း၊ ဖရုံစေ့ထုပ်၊ နေကြာစေ့ထုပ်၊ လက်ဖက်ခြောက်၊ ကြက်သွန်ဖြူ၊ နှစ်ပြန်ကြော် အပြည့်ပါတဲ့ ဘူးကြီးက တစ်ဘူး၊ တောင်ကြီးပဲစို၊ ပဲကြော် အမျိုးစုံ အမယ်စုံပါ။ ဆိုင်ခင်း ရောင်းရင်တောင် ရလောက်တယ်။ လတ်လတ် ဆတ်ဆတ် အသီးအရွက်တွေ မြင်ရတာ ၀မ်းသာလိုက်တာ။ တစ်ခုချင်း ကောက်ကိုင် ကြည့်ပြီး ကိုယ့်ဟာကိုယ် ကျေနပ် နေမိတယ်။ ‘ဒီပစ္စည်းတွေဟာ စောစောက လက်ဆွဲခြင်းထဲက ပစ္စည်းများရဲ့ လေးပုံ တစ်ပုံတောင် တန်ဖိုးရှိမယ် မထင်ဘူး။ ဒါပေမယ့် ပိုပြီး မက်မောမိတယ်။ နှစ်မျိုးစလုံးက မေတ္တာနဲ့ပေးတဲ့ ပစ္စည်းပါ။ ဒါပေမယ့် ခြင်းတောင်းထဲက ပစ္စည်းတွေက ပိုက်ဆံရှိရင် အချိန်မရွေး ၀ယ်လို့ရတယ်။ တောင်ကြီးက ပို့တဲ့ ပစ္စည်းတွေက ရန်ကုန်မှာ ၀ယ်လို့ မရနိုင်တဲ့ ပစ္စည်းမျိုး။ ဥပမာ စူကာညွန့် (ဂေါ်ရခါးညွန့်) ဆိုပါတော့၊ တကယ်ကို အညွန့်လေးတွေ။ ရန်ကုန်မှာ တွေ့ရသလို အရွက် ကြမ်းကြီးတွေ မဟုတ်ဘူး။ မုန်ညှင်းတွေ၊ မုန်လာတွေလည်း အလားတူပဲ။ လတ်လတ် ဆတ်ဆတ် နုဖတ်နေတာ တွေပါ။
တိုက်တိုက်ဆိုင်ဆိုင်
ညနေကျတော့ ချက်ချင်းပဲ ပါလာတဲ့ ဆန်ခေါက်ဆွဲ လုပ်ခိုင်းပြီး ရွှေပဲရွက် နိုင်းချင်း ထည့်စားလိုက်တယ်။ ရန်ကုန်မှာ ဆန်ခေါက်ဆွဲ စားလို့ရပေမယ့် ရွှေပဲရွက်က ရနိုင်တာ မဟုတ်ဘူးလေ။ တိုက်ဆိုင်ချင် ပြန်တော့ နောက်တစ်နေ့မှာ မန္တလေး က နှမတွေပို့လိုက်တဲ့ အသီးအရွက်တွေ ဘူးနှစ်ဘူးနဲ့ ရောက်လာပြန်တယ်။ သူတို့ထဲမှာလည်း ရွှေပဲရွက်တွေ ပါလာ သေးတယ်။ သုပ်ပြီးတစ်ဝကြီး စားရတော့မယ်။ ၀မ်းသာ လိုက်တာ၊ သူတို့ပို့တဲ့ အထဲမှာလည်း မုန်ညှင်း မုန်လာတွေအပြင် ဂွေးတောက်ရွက်၊ တစောင်းခါး၊ ကိုင်းခရမ်းချဉ်သီး၊ ပဲမြစ်စတဲ့ အညာစာတွေ ပါသေးတယ်။ ဆောင်းတွင်း စားစရာတွေ တိုက်တိုက် ဆိုင်ဆိုင် မြို့နှစ်မြို့က ရောက်လာတာ ဆိုတော့ လှိုင်ဘောလယ် နေတော့တယ်။ ဆောင်းဆိုတော့ ကားနဲ့ ပို့လည်း စိမ်းစို လန်းဆန်း နေတုန်း။ ရန်ကုန်မှာလည်း နှစ်ရက် သုံးရက်တော့ ကောင်းကောင်း ခံသေးတယ်။ ဒါကြောင့် ဆောင်း ရာသီကို ကြိုက်ရတာ။ အညာသား ဖြစ်ပြီး အပူနဲ့ မတည့်တဲ့ ရောဂါ အတွက်လည်း ဆောင်းကာလဆို နေရထိုင်ရ သက်သာတယ်။ ခရစ္စမတ် အလွန်မှာ အအေးကလေး ပိုလာတော့ အနွေးထည် ၀တ်ရလောက်အောင် မဟုတ်ပေမယ့် ဆောင်းမှန်း သိသာလို့ ကျေနပ်မိတယ်။ ဆောင်းရာသီ ကုန်ဆုံးသွားမှာကို နှမြောနေမိတယ်။
အရှေ့ကအရှေ့၊ အနောက်က အနောက်
မြန်မာလူမျိုးက ဆောင်းရာသီက ချစ်စရာ အကောင်းဆုံးလို့ ယူဆပေမယ့် အနောက်က လူတွေကတော့ ဆောင်းကို တော်တော် စိတ်ပျက်ရှာကြမှာ။ သစ်ပင် ပန်းပင်တွေမရှိ၊ လမ်းတွေပေါ် နှင်းတွေခဲပြီး ကားတွေ ပိတ်ဆို့နေလို့ သွားလို့လာလို့ မရဖြစ်ကြတယ်။ သူတို့ဆီမှာ ဘာသစ်ပင် ပန်းပင်မှ မရှိတဲ့အချိန်မှာ မြန်မာ ပြည်မှာတော့ ပန်းတွေ အပွင့်ဆုံး၊ ဟင်းသီး ဟင်းရွက်တွေ အပေါဆုံး ဖြစ်နေတယ်လေ။ မြန်မာပြည်ကလူတွေ ကျောကော့အောင် လှိမ့်ခံနေကြရတဲ့ နွေလ မေလ ကျတော့ သူတို့က အလှဆုံး အချစ်ဆုံး ပန်းတွေ အပွင့်ဆုံးတဲ့။ အရှေ့နဲ့ အနောက် ကတော့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင် နေကြတာပဲ။ ဒီမနက်ပဲ သတင်းစာထဲမှာ အအေးလွန်ကဲလို့ ဥရောပတစ်ဝန်းမှာ သေဆုံးသူပေါင်း ငါးဆယ် နီးပါးရှိတယ်ဆိုတဲ့ သတင်း ဖတ်လိုက် ရသေးတယ်။ လေယာဉ်တွေ၊ မီးရထားတွေ မော်တော်ကားတွေလည်း မထွက်နိုင်ကြလို့ မြို့တကာ နယ် တကာမှာ ခရီးသည်တွေ ထောင်သောင်းချီပြီး သောင်တင်နေကြသတဲ့။ မြန်မာ လူမျိုးချစ်တဲ့ ဆောင်းဟာ သူတို့ အတွက်တော့ စိတ်ပျက် စရာပေါ့။ သူတို့ချစ်တဲ့ မေလကျတော့ မြန်မာ လူမျိုးတွေက ကြောက်လိုက်တာ။ ဒါကြောင့်လည်း အရှေ့က အရှေ့၊ အနောက်က အနောက်ပဲလို့ စာရေး ဆရာကြီး မတ်တွိန်းက ပြောခဲ့တာနေမှာ။
ဘာထိပ်တိုက်တိုးတာလဲ
ဒါနဲ့တောင် လူတွေက အနောက်က အရာမှန်သမျကို ဘာကြောင့်များ ကောင်းလှချည့်ရဲ့ ဆိုပြီး ခေါင်းပေါ် တင်ထားချင် နေကြတာလဲ။ အနောက်က လူတွေပြောသမျ စကားလုံးတိုင်း စာကြောင်းတိုင်းကို ဘာကြောင့်များ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှ ပါပေတယ်လို့ ပြောနေကြတာလဲ။ သူတို့နိုင်ငံမှာ ယဉ်ကျေးမှုတွေချင်း ထိပ်တိုက်တိုး နေကြတာနဲ့ပဲ ဒီမှာလည်း ထိပ်တိုက်တိုးစရာလား။ ဒီမှာက ဆဋ္ဌမ သင်္ဂါယနာတင်ခဲ့တဲ့ မင်းတုန်းမင်းကြီးကတောင် အမေရိကန် သာသနာပြုတွေ အတွက် ကျောင်းဆောက် ပေးခဲ့သလို အစ္စလာမ် ဘာသာဝင်တွေ အတွက်လည်း ၀တ်ပြုစရာ ပလီဝတ်ကျောင်း ဆောက်လုပ် လှူဒါန်းခဲ့တာပါ။ ပြည်ကြီး(တရုတ်) က၀င်လာသူတွေ၊ မူလွတ် (အိန္ဒိယ) ကရောက်လာတဲ့ သူတွေနဲ့လည်း ဆွေလိုမျိုး လိုနေခဲ့ကြတာ နှစ်ပေါင်း ရာချီ ကြာခဲ့ပါပြီ။ ဘာယဉ်ကျေးမှုတွေမှ ထိပ်တိုက် မတိုးခဲ့ဖူးပါဘူး။ သူတို့ဆီမှာကတော့ ကမ္ဘာပေါ်မှာ ရှိရှိသမျ လူမျိုးတစ်ရာ့ တစ်ပါးနဲ့ ဒေသခံတွေက အရေအတွက် အားဖြင့် 'ပိန်မသာ လိန်မသာ' ရှိနေကြရာမှာ မဟာလူဖြူတွေက အသားမဖြူတဲ့ လူတွေဆိုရင် ဘယ်သူ့မဆို ဒုတိယတန်းစား လူမျိုးတွေလို့ ရှုမြင်ထား ကြလေတော့ ပြဿနာကြီးတွေ မဖြစ်ဘဲ နေပါတော့မလား။
စပါးတကပ်လိုတုံ့ပြန်မှုပါ
လူမည်းတွေ လူညိုလူဝါတွေ ကရောက်စတော့ လူနည်းစုမို့ ငုံ့ခံနေကြရတာ ဖြစ်တယ်။ နောင်နှစ် တွေကြာပြီး ကိုယ့်အင်အားက များသထက်များ လာကြတဲ့အခါ ကောင်းကောင်း ပြန်အစွမ်းပြကြတယ်လေ။ ဒီတော့ ပြဿနာတွေက ပဋိပက္ခတွေဖြစ်၊ နောက်တစ်ဆင့် တက်တော့ လူမျိုးရေး၊ ဘာသာရေးနဲ့ ရန်ပွဲကြီး ရန်ပွဲငယ်တွေအထိ ဖြစ်လာကြရ တော့တာပါပဲ။ ဒါကို ယဉ်ကျေးမှုချင်း ထိပ်တိုက် တိုးတာလို့ ပြောတာပါ။ တကယ်က ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးတာ မဟုတ်ပါဘူး။ ကာလ ရှည်ကြာစွာ အနှိမ်ခံ၊ အဖိနှိပ်ခံ နေရာမှာ နေခဲ့ကြရသူတွေက ဗိုလ်ကျ မောက်မာ ဖိနှိပ်သူတွေကို တူညီတဲ့နည်းနဲ့ လက်တုံ့ ပြန်ကြတာ ဖြစ်ပါတယ်။ အနောက်ဖက်နဲ့ အနောက် မြောက်ဘက် တောကြီး မျက်မည်း ဒေသတွေ ဖြတ်ပြီး ရထားလမ်း ဖောက်ဖို့ ကျွန်ကုန်ကူး သူတွေဆီက တစ်ဆင့် ခေါ်ယူခဲ့တဲ့ တရုတ် လူမျိုးတွေကို ဘယ်လိုထားပြီး ဘယ်လို ခိုင်းခဲ့ကြသလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်း ရိုက်ပြီး ရောမခေတ်က ကျွန်တွေကို ဆက်ဆံသလို ဆက်ဆံခဲ့ကြတာပဲ မဟုတ်လား။ နောက်ဆုံးကျတော့ ရောမခေတ်မှာ 'စပါးတကပ်'တို့ တုံ့ပြန်ခဲ့သလို တုံ့ပြန်ခဲ့ကြတာပါ။ ဘာယဉ်ကျေးမှုခြင်း ထိပ်တိုက် တိုးခြင်းမှ မဟုတ်ပါဘူး။
သူခိုးသေဖော်မညှိနဲ့
ဒီလိုတုံ့ပြန်မှုတွေကို သေးသိမ်အောင် မဟာ ကော်ပိုရေးရှင်းကြီးများရဲ့ ကိုယ်စားလှယ်တွေက ဘာမှမဟုတ်တဲ့ ယဉ်ကျေးမှုချင်း ထိပ်တိုက် တိုးမှုအဖြစ် ရေးသား ၀ါဒဖြန့်နေကြတာ ဖြစ်တယ်။ အဲဒီ ၀ါဒဖြန့်ချိ ချက်တွေကို ဘာရည်ရွယ်ချက်နဲ့ ပြည်တွင်းမှာ တစ်ဆင့် ၀ါဒဖြန့်ချိ ပေးနေတယ် ဆိုတာ သိသာပါတယ်။ ကမ္ဘာကြီးကြောင်းကို မြန်မာတွေ သိစေချင်လို့ ဆိုတဲ့ အကြောင်းပြချက် ခိုင်မာစေဖို့ ၊ တော့ဖလာတို့၊ ပီတာဒရပ်ကားတို့၊ ဖူကူးယားမတို့၊ ဟန်တင်ထန်တို့၊ စတစ်ဂလစ် တို့လိုဘဲ ထင်ရှား ကျော်ကြားတဲ့ နှုံးချွမ်စကီးတို့ အက်ဒ၀ပ်ဆာအစ်တို့ ဖီလန်ကွန်ဒဲရားတို့ ဂျွန်ပီးစ်ဂါးတို့လို ပါမောက္ခကြီးတွေရဲ့ စာအုပ် တွေလည်း ဘာကြောင့် ဘာသာ မပြန်ကြတာလဲ။ မဟာ ကော်ပိုရေးရှင်း ကြီးတွေ ကြီးစိုးတဲ့ စနစ်ကြီးရဲ့ သရုပ်မှန်ကို အမှန်အတိုင်း ခွဲခြမ်း စိတ်ဖြာထားတဲ့ စာမျိုးတွေ ဖြစ်နေလို့ မဟုတ်ဘူးလား။ ဘယ်သူမဆို ကိုယ်ရေး ချင်တာ ရေးခွင့်ရှိပါတယ်။ ကိုယ်ဝါဒ ဖြန့်ချင်တာ ဖြန့်နိုင်ပါတယ်။ ကိုယ့်ဟာကို ရိုးရိုး သားသား လုပ်ပါ။ ဒါပေမယ့် မြန်မာတွေ ကြားဖူးစေချင်လို့၊ ဖတ်ဖူးစေချင်လို့၊ ဗဟုသုတ ရှိစေချင်လို့ ဆိုတဲ့ စေတနာ ယောင်ဆောင် "သူခိုး သေဖော်ညှိ" စကားတွေနဲ့တော့ လူတွေကို မလှည့်စားပါနဲ့။ အဲဒီ စကားတွေဟာ လူတွေ အားလုံးကို သိမ်းကျုံးပြီး နလဗိန်းတုံးတွေမို့ ပညာပေး နေရတာလို့ ပြောလိုက် တာနဲ့ အတူတူပါပဲ။
ဘယ်သူနဲ့မဆိုယှဉ်ရဲတယ်
မြန်မာလူမျိုးက အတွေ့အကြုံတွေ များလှတဲ့ လူမျိုးပါ။ လူတစ်ယောက် ပါးစပ်ဟ လိုက်တာနဲ့ အူမထိအောင် ဖောက်ထွင်း မြင်နိုင်တဲ့ လူမျိုး ဖြစ်ပါတယ်။ ကျွန်ဘ၀မှာ နေခဲ့ရချိန်တွေ များလွန်းလို့ စီပွားရေးတို့ ဘာတို့ ကောင်းကောင်း မလုပ်တတ်၊ မကိုင်တတ် သေးပေမဲ့၊ နိုင်ငံရေး အသိစိတ်နဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအမြင် တို့မှာတော့ ခေါ်လာစမ်းပါ။ ဘယ်သူနဲ့မဆို ယှဉ်ရဲပါတယ်။ ကိုယ်တိုင်မကြုံဘူး၊ ကိုယ်တိုင် မခံစားဘူး၊ ကိုယ်တိုင် လူတွေနဲ့ အတူလက်တွဲပြီး ဖြတ်သန်းကျော်လွှား မပြုဖူးသူတွေက ဘာသိမှာလဲ။ ဘာနားလည်မှာလဲ။ နိုင်ငံရေးဆိုတာ စာအုပ်ကြီးတွေ ဖတ်ပြီး လုပ်ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ လူတွေ ကြားထဲနေပြီး လူတွေနဲ့အတူ လက်ချင်းတွဲ လုပ်ဆောင် ရတာမျိုး ဖြစ်တယ်။ ဟမ်ဘာဂါစားပြီး ၀ီစကီလေး စုပ်ချင်နေသူ များနဲ့တော့ လားလားမှ အပ်စပ်တဲ့အရာ မဟုတ်ကြောင်းပါဗျာ။
လူထုစိန်ဝင်း

Thursday, January 7, 2010
သိမ်မွေ့တာက မြန်မာ့ယဉ်ကျေးမွှု
ရေးသူ- လူထုစိန်ဝင်း
[၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလထုတ် ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်]
စာနယ်ဇင်းဆိုတာ တိုင်းပြည်ရဲ့ "ကင်းစောင့်" ဖြစ်တယ်လို့ မကြာခဏ ရေးခဲ့ဖူးတယ်။ ကင်းသမားကောင်း က အမြဲနိုးကြားတက်ကြွပြီး သူခိုးသူဝှက်တွေကို စောင့်ကြည့်ပေးတယ်။ မီးဘေးအန္တရာယ် ကင်းဝေးဖို့လည်း ဂရုစိုက်တယ်။ အရေးကြုံရင် သံချောင်းခေါက်ပြီး လူတွေကို သတိပေးတယ်။ ကင်းစောင့်ကောင်းကောင်းရှိရင် လူတိုင်း လူတိုင်း အပူပင် အကြောင့်ကြကင်းစွာနဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတယ်။
လင်းယုန်မျက်စိ
သတင်းစာတို့၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ ဆိုတာလည်း လင်းယုန်မျက်စိနဲ့ လူ့အဖွဲ့အစည်းတခုလုံးကို အမြဲမပြတ် စောင့်ကြပ် ကြည့်ရှုပေးတဲ့ တာဝန်ယူရတယ်။ အိမ်တွင်းကမီး၊ တို့မီး ရှို့မီးတို့ကို စောင့်ကြည့်သလို သူခိုးသူဝှက် မကပ်အောင်လည်း ဂရုစိုက်ရတယ်။ တခြားရွာက ခြံစည်းရိုးကျော်ဝင်ပြီး ဓါးပြတိုက်လာမှာကိုလည်း အမြဲ သတိထား နေရတယ်။ အန္တရာယ်ကို မြင်ရင် ကြိုတင်သတိပေး နှိုးဆော်ရတယ်။ သူခိုးသူဝှက်ရန် ကာကွယ်ဖို့၊ ဓါးပြရန်ကို ခုခံဖို့၊ မီးဘေးရှောင် မလောင်ခင်တားဖို့ လူတိုင်းမှာ တာဝန်ရှိတာ မှန်ပေမယ့် လူတိုင်းကင်းစောင့် နိုင်ကြတာ မဟုတ်ဘူး။ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ရှိနေကြတယ်။ ဒါကြောင့် ကင်းစောင့် သပ်သပ် ထားရတယ်။ ကင်းစောင့်က ကင်းစောင့်ဖို့ပဲ တာဝန်ယူထားတာ ဖြစ်လို့၊ သူ့အလုပ်သူ ပိုနားလည်တယ်။ ပိုကျွမ်းကျင်တယ်။
ဘိုးဘိုးအောင်လို သဘောထားကြတာ
စာနယ်ဇင်းသမားဆိုတဲ့ ကင်းစောင့်ကလည်း ရပ်ကွက်ကင်းသမားလိုပဲ အမြဲတမ်း နိုးကြားတက်ကြွပြီး အမြဲတမ်း သတိရှိနေရတယ်။ သူခိုးသူဝှက်ရန်၊ ဓါးပြရန်ကို အမြဲစောင့်ကြည့် သတိပေးနေတာ ဖြစ်တဲ့အတွက် စာနယ်ဇင်းကောင်း များများရှိတဲ့ နိုင်ငံဟာ ငြိမ်းချမ်းသာယာပြီး စိတ်ယဉ်မှု အဆင့်မြင့်တယ်။ တိုင်းပြည်နဲ့ လူမျိုးကို ယဉ်ကျေးမှု အထက်တန်း ကျစေချင်သူမှန်သမျှ စာနယ်ဇင်းကောင်းတွေ များများ ပေါ်ထွက်လာအောင် အားပေးကြရတယ်။ စာနယ်ဇင်းကောင်းတွေရှိမှ စာနယ်ဇင်းသမားကောင်းလေးတွေ မွေးထုတ်နိုင်မှာ ဖြစ်တယ်။ စာနယ်ဇင်းသမားကောင်းဆိုရင် လူတွေက ယုံကြည်ကြတယ်။ အားကိုးကြတယ်။ တချို့များဆို "ဘိုးဘိုးအောင်" လောက်ကို သဘောထားပြီး အားကိုးအားထား ပြုကြတာ။ စာနယ်ဇင်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသူများ ဆိုရင်လည်း စာဖတ်ပရိသတ်က မသိခင်သာ အဟုတ်ထင်ကြတာ။ ခြထွက်လို့ တောင်ဘို့မှန်း သိပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ဆေးဖော်ကြောဖက်တောင် လုပ်ကြတော့တာ မဟုတ်ဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးပီမိုးနင်း၊ ဆရာကြီးရွှေဥဒေါင်းတို့လို ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင်ပါဝင် လုပ်ကိုင်ခဲ့ကြတဲ့အတွက် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သူရိယသတင်းစာကြီးဟာ ဂဠုန်ဦးစောက လက်ကိုင်ဒုတ်အဖြစ် အသုံးချခဲ့တာကြောင့် အဖတ်ဆည်မရအောင်ဖြစ်ပြီး နောက်ဆုံး တိုက်ပိတ်သွားခဲ့ရတာကို ကောင်းကောင်း သင်ခန်းစာ ယူသင့်တယ်။
မျက်စိမွဲတဲ့ လင်းယုန်ကြီး
ဘာလိုလိုနဲ့ ကင်းစောင့်အလုပ် လုပ်ခဲ့တာတောင် နှစ်ပေါင်းငါးဆယ်လောက် ရှိနေပြီ။ အင်မတန် စူးရှ ထက်မြက်ခဲ့ဖူးတဲ့ လင်းယုန်မျက်စိတောင် အခုတော့ မှုန်သီေ၀၀ါး ဖြစ်နေပြီ။ ချွန်မြနေတဲ့ လက်သည်းတွေလည်း တုံးကြလှပြီ။ ထိုးဖို့ ဆိတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေတဲ့ နှုတ်သီးချွန်ချွန်ဟာလည်း အခုတော့ နှုတ်သီး ကောက်ကောက် ဖြစ်နေပြီ။ ထိုးဖို့ဆိတ်ဖို့ဆိုတာဝေးလို့ ကိုယ့်လာထိုး ဆိတ်ဆွတာကိုတောင် ခုခံ ကာကွယ်နိုင်စွမ်း ရှိတော့တာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လူတွေက "ကင်းသမားကြီး" ကို အရင်လိုပဲ ထင်မှတ်နေကြသေးတယ်။ အားကိုးအားထားပြုချင်ကြသေးတယ်။ တနေ့က တပည့်ကျောင်းသူဟောင်းတယောက် ရောက်လာပြီး အကူအညီ တောင်းသေးတယ်။ ညဘက် မိသားစုစုံညီ ရုပ်သံစက်ရှေ့ ထိုင်ကြတဲ့အခါမှာ တယောက်မျက်နှာတယောက် မော့မကြည့်ရဲလောက်အောင်ကို အတင့်ရဲလွန်းတဲ့ ကြော်ငြာတွေအကြောင်း ရေးပါဦးလို့ မေတ္တာရပ်ပါတယ်။
သိမ်မွေ့မှုနဲ့ ယဉ်ကျေးမှု
မြန်မာ့လူ့အဖွဲ့အစည်းနဲ့ မြန်မာ့ယဉ်ကျေးမှုက လောကတံထွာ ဓမ္မတာတရားကို ပိတ်ပင်တားဆီး ချုပ်ချယ်မှု မပြုပေမယ့် သိုသိုသိပ်သိပ်နဲ့ သိမ်သိမ်မွေ့မွေ့ ပြုမူဆောင်ရွက်တာကိုမှ ယဉ်ကျေးမှုလို့ သတ်မှတ်ပါတယ်။ နေရာတကာ ပွင့်လင်းတာမျိုးကို လက်မခံပါဘူး။ ဘယ်သူ့ ယဉ်ကျေးမှုက ပိုကောင်းသလဲ ဆိုတာ သိချင်ရင် စောစောက ပြောခဲ့တဲ့ လင်ကွာမယားကွာမှုနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု ဘယ်သူက ပိုများသလဲဆိုတာ ကြည့်လိုက်ရုံပါပဲ။ ဖိုမ ကိစ္စဆိုတာ ဖိုမနှစ်ဦးရဲ့ ကိစ္စသာဖြစ်တယ်။ နှစ်ဦးသဘောတူရင် ပြီးတာပဲလို့ သဘောထားတဲ့ အနောက်လူ့အဖွဲ့အစည်းတွေမှာတောင် အခုတော့ HIV ကြောင့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိဖို့တို့ ဘာတို့ လှုံ့ဆော်မှုတွေ လုပ်လာကြရပြီ မဟုတ်လား။ ကျန်းမာရေး ပညာပေးပဲဆိုပြီး မောင်နဲ့နှမ သားနဲ့အမိ အတူတူကြည့်ဖို့ မသင့်တော်တာမျိုးတွေ ပြဖို့မသင့်ပါဘူး။ AIDS တံဆိပ် ခပ်နှိပ်ထားတာဟာ ရေးချင်တာရေးခွင့် ပြချင်တာပြခွင့် လိုင်စင်မဟုတ်ပါဘူး။ အနောက်လူ့အဖွဲ့အစည်းအတွက် ကောင်းတယ်ဆိုတိုင်း မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကောင်းချင်မှ ကောင်းမှာပါ။ ဒါကို မီဒီယာသမားတွေရော၊ ပညာပေးသမားတွေပါ သတိထားကြဖို့ လိုပါတယ်။
လက်ရှက်လို့
"တညမှာ တီဗွီကြည့်နေရင်း ဖေဖေ့ ရင်ခွင်ထဲ ၀င်ထိုင်နေတဲ့ ကျွန်မသမီး သုံးနှစ်အရွယ်က တီဗွီကြော်ငြာ လက်ညှိုးထိုးပြပြီး ဘိုးဘိုး အဲဒါဝယ်ပေး၊ အဲဒါဝယ်ပေးနဲ့ ဇွတ်နားပူနေလို့ တအိမ်သားလုံး ဦးနှောက်ခြောက်ကုန်ကြတယ် ဆရာရဲ့" အမျိုးသမီးသုံး သန့်စင်ဆေးရည်ဆိုတော့ သမီးလေးက ဇွတ်ပူဆာတာကို အဘိုးဖြစ်သူကလည်း ဘာပြောရမှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်နေရှာတယ်တဲ့။ ကျန်အိမ်သားတွေလည်း ပါးစပ်ဟောင်းလောင်းနဲ့ပေါ့လေ။ တပည့်မက ဆရာဝန်ပါ။ ဒါပေမယ့် သူလည်း အဖေနဲ့ အမေရှေ့၊ မောင်တွေညီမတွေရှေ့မှာ ဘာပြောရမှန်းမသိ ဖြစ်နေရပါသတဲ့။ "ကြော်ငြာထဲမှာ ပြောသွားတဲ့ စကားတွေ နားထောင်ရတာကိုက မျက်နှာပူစရာကြီးပါ ဆရာရယ်။ ကျွန်မပါးစပ်က ပြန်တောင်မပြောရဲ ပါဘူး" ဟုတ်မှာပါ။ သူပြန်ပြောရဲလည်း ရေးသူက "လက်ရှက်" လို့ ရေးရဲမယ် မထင်ပါဘူး။
ပုံတူကူးချလို့ မရဘူး
လွန်ခဲ့တဲ့ သုံးလေးနှစ်ကလည်း ခွန်အားတိုးဆေးတောင့် ကြော်ငြာတခုမှာ သရုပ်ဆောင်တဲ့ မင်းသားနဲ့ မင်းသမီး သရုပ်ဆောင်ပုံ လွန်ကဲပြီး မဖွယ်မရာ ပုံသဏ္ဍာန်ပေါက်နေတာကြောင့် ဝေဖန်မှုတွေ ပေါ်ထွက်လာတာ တွေ့ခဲ့ရပါတယ်။ နောက်တော့ အဲဒီကြော်ငြာအစား တခြားရိုက်ချက်နဲ့ အစားထိုး ပြုပြင်လိုက်တာ တွေ့ရလို့ ကျေးဇူးတင်မိသေးတယ်။ နောက်တခုက ကြော်ငြာမယ်လေးများရဲ့ ၀တ်စားဆင်ယင်ပုံများလည်းအတင့်ရဲသထက် ရဲလာနေကြပါတယ်။ တခါတလေများ မြန်မာမလေးတွေမှ ဟုတ်ရဲ့လားတောင် ထင်မိပါတယ်။ ပြီးတော့ "အဖော်" ဆိုတဲ့ ကြော်ငြာတွေကလည်း ရုပ်သံမီဒီယာနဲ့ မသင့်တော်ဘူးလို့ ထင်မိတယ်။ ရုပ်သံဆိုတာက အဘိုးအဘွား အဖေအမေက အစ၊ ကလေးငယ်တွေထိ အိမ်ရှိလူကုန် စုဝေးကြည့်ရှုကြတာလေ။ လေးငါးနှစ်အရွယ်ကလေးက "ဘိုးဘိုး အဖော်ဆိုတာ ဘာကြီးလဲ" လို့ မေးလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဖိုမ ကိစ္စဆိုတာ သဘာဝပဲ။ ရှက်စရာမဟုတ်ဘူး။ ပွင့်လင်းမှုရှိရမယ်ဆိုတဲ့ အနောက်နိုင်ငံက လူတွေရဲ့ စကားကို ပုံတူကူးချလို့ မဖြစ်ဘူးဆိုတာ သိထားသင့်တယ်။ သဘာဝနဲ့ ပွင့်လင်းလွတ်လပ်မှုကို ဦးစားပေးလွန်းတဲ့ သူတို့ အနောက်နိုင်ငံတွေမှာ လင်ကွာမယားကွာမှုတွေနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ အလွန်အမင်း များပြားနေမှုကြောင့် ခေါင်းခဲနေကြရတာလည်းသိကြဖို့ လိုပါတယ်။
အီလစ်တွေ အာတွေ့တဲ့စကား
ပညာပေးတာပဲ ဖြစ်ဖြစ်၊ ကြော်ငြာတာပဲဖြစ်ဖြစ်၊ စီးပွါးရေးလုပ်တာပဲဖြစ်ဖြစ်၊ စာနယ်ဇင်းနဲ့ မီဒီယာ လုပ်တာပဲဖြစ်ဖြစ် အားလုံးဟာ ပရိသတ်နဲ့ လုပ်ကြရတာ ဖြစ်တယ်။ အနောက်နိုင်ငံမှာလုပ်တော့ အနောက် ပရိသတ်၊ အရှေ့မှာလုပ်တော့ အရှေ့ပရိသတ်၊ မြန်မာနိုင်ငံမှာဆိုတော့ မြန်မာပရိသတ်ပေါ့။ မြန်မာပရိသတ်နဲ့ သင့်တော်အောင် မြန်မာအားလုံး လက်ခံနိုင်အောင်ဆိုရင် မြန်မာ့ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို မဆန့်ကျင်မိဖို့ လိုပါတယ်။ နိုင်ငံခြားကလာတဲ့ ကြော်ငြာစာရွက်တွေကို အရင်းအတိုင်း ဘာသာပြန်ပြီးဖော်ပြလို့ ဘယ်ဖြစ်မှာလဲ။ ပွင့်လင်းမှု လွန်ကဲရင် မြန်မာတို့က ရိုင်းတယ်လို့ သဘောထားပါတယ်။ လွန်လွန်မင်းမင်းကို ပွင့်လင်းရဲတင်းရင် တော့ စော်ကားတယ်လို့ သတ်မှတ်ပါတယ်။ ခုတလော မြို့ပေါ်က ရေပေါ်ဆီလူတန်းစား (အီလစ်)တွေ သိပ်အာတွေ့ နေကြတဲ့ (Transparency) ပွင့်လင်းမှု ဆိုတာကို သိပ်အဟုတ် ထင်မနေကြပါနဲ့။ အဲဒီ ပွင့်လင်းတဲ့ နိုင်ငံကြီးမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ လှမ်းကြည့်လိုက်စမ်းပါ။
ရုန့်ရင်း ကြမ်းတမ်းမှု
ပွင့်လင်းမှု သိပ်ကြွေးကြော်တဲ့ အနောက် လူ့အဖွဲ့အစည်းတွေမှာက ပွင့်လင်းမှု လွန်ကဲပြီး အနုပညာ တွေမှာတောင် ရုန့်ရင်းကြမ်းတမ်းမှုတွေ ဖုံးလွှမ်းလာတာ တွေ့ရတယ်။ အရှေ့တိုင်းသားတွေ မိန်းမအလှ ဖော်ကျူးတာကတော့ အ၀တ်အစား လုံလုံခြုံခြုံဝတ်ပြီး ဒူးကလေးညွတ်တာ၊ လက်ကလေးကွေးတာ၊ မျက်လုံးလေးချီတာ နှုတ်ခမ်းကလေး ပြုံးယောင်သန်းတာ စတာတွေနဲ့ ဖော်ကျူးကြတာ ဖြစ်တယ်။ ဘယ်ဟာက အနုပညာစစ်သလဲဆိုတာ တွေးဆကြည့်ကြပေတော့။ အရေးကြီးတာက ကိုယ်က မြန်မာပြည်မှာ နေတဲ့ မြန်မာလူမျိုးဖြစ်ပြီး မြန်မာလူမျိုးတွေ ဖတ်ဖို့၊ ကြည့်ဖို့၊ နားထောင်ဖို့ လုပ်နေကြတာဆိုတဲ့ အချက်ကို မမေ့ဖို့ဘဲ ဖြစ်တယ်။ သိမ်မွေ့တာကမှ မြန်မာ့ ယဉ်ကျေးမှုပါ။
လူထုစိန်ဝင်း
Subscribe to:
Posts (Atom)