Wednesday, January 27, 2010

အဲဒါ ၀သုန်လို့ခေါ်တယ်
ရေးသူ- ကာတွန်းမြေဇာ


နေမကောင်းဘူးလို့ ကြားလိုက်တယ်။
ခါတိုင်းလို သာမန်ပဲလို့ ထင်မိတာပေါ့။ အိမ်သွားမယ်လို့ အမျိုးသမီးနဲ့ ပြောထားပြီး မသွားဖြစ်ဘူး ဖြစ်ရတယ်။ ကိုမြတ်ဆွေနဲ့ ကိုညွန့်သစ်တို့က ဆေးရုံရောက်နေပြီ ပြောတော့မှ အပြေးအလွှား သွားမိရတယ်။ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ တွေ့ရမိတော့ ရင်ထဲဆို့သွားမိတယ်။ နဖူးက စို့နေတဲ့ချွေးစလေးတွေကို တစ်သျှူး လေးနဲ့ ဖွဖွသုတ်ပေးမိတယ်။ လက်ကလေး ခြေကလေးတွေကို ဆုပ်နယ်ပေးမိတယ်။ သူက မျက်လုံးကြီးပြူးလို့ ကြည့်နေတယ်။ ပြန်နေကောင်းမှာပါလို့ မျှော်လင့်ချက်အပြည့်နဲ့ သူ့ကို ပြန်ကြည့်နေမိတာပေါ့။



မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရပါတယ်။ နောက်နေ့မှာ သူကွယ်လွန်သွားပြီတဲ့။ မဖြစ်နိုင်ပါဘူးလို့ ငြင်းဆန်နေမိပေမယ့် အဖြစ်အပျက်က တကယ်ရှိနေပြီ။ အဲဒီနေ့က ဘယ်သူနဲ့မှ စကားမပြောဘဲ တယောက်တည်း ငူငူငေါင်ငေါင်ကြီး ဖြစ်နေရတယ်။ မျက်စိထဲမှာ သူ့ကိုပဲ မြင်ပြီး ဦးဏှောက်ကလည်း သူ့ကိုပဲ တွေးနေမိတယ်။ အတွေးအရူး အဆွေးတတွေပါ ၀င်ရောက်နေရာယူလာတယ်။ သူနဲ့ အတူနေ၊ အတူသွား၊ အတူသောက်ကြတဲ့ ကာလတွေက နည်းမှမနည်းတော့။ တခါတလေလည်း သူ့ကို စိတ်ဆိုးမာန်ဆိုး ဖြစ်ရတာတွေလည်း ရှိပါရဲ့။
အဲဒီအခါတိုင်း သူရေးတဲ့ လက်ရာတွေ၊ ပန်းချီကားတွေ တွေ့ရတော့ သူ့ကို တကယ်ပဲ စိတ်ဆိုးရာကနေ စိတ်ပြေပြေလာရတယ်။ သူ့ရဲ့ အနုပညာက လူတွေရဲ့ စိတ်ဒေါသကို ပြေငြိမ်းစေပါလား။ 'ကိုဝသုန်ရယ်... ခင်ဗျားကို ကျွန်တော်စိတ်ဆိုး ဒေါသဖြစ်တိုင်း ခင်ဗျားလက်ရာတွေ တွေ့ရင် စိတ်ဆိုးပြေပြေသွားတယ်' လို့လည်း ပြောခဲ့မိပါရဲ့။
သူနဲ့က တလမ်းတည်း အတူနေခဲ့ဖူးတော့ နီးတကျက်ကျက်ဖြစ်တာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သူက စိတ်ပြေလွယ်တယ်။ စိတ်မှတ်မထား။ အချိန်ကျရင် ဘာပဲ ဖြစ်ဖြစ်နေ လာလာခေါ်မြဲ။ ကျွန်တော်ကလည်း သူလာခေါ်ရင် နှစ်ခါမခေါ်ရ။
သင်္ဃန်းကျွန်းမှာ နေရင်လည်း သူရောက်လာတယ်။ တောင်ဥက္ကလာမှာနေရင်လည်း သူရောက်လာ တယ်။ ဗဟန်းမှာနေတော့လည်း အလွတ်မပေး။ ဘယ်လောက်များလဲဆို ဟိုးအဝေးကြီး မင်္ဂလာဒုံ ကျိုက်ကလေ့ဘက်မှာ နေတာတောင် လာဖြစ်အောင်လာတယ်။ ကျွန်တော့်အပေါ် အဲဒီလောက် သံယောဇဉ်ကြီး လေတာ။ အချစ်ကြီးလေတာ။ အချစ်ကြီးတော့ အမျက်ကြီးတာတွေလည်း ဖြစ်ခဲ့ဖူးတာပေါ့။ ကာတွန်း မောင်မောင်အောင်အိမ်မှာ တခုသောရက်က ဝေါ့ဒစ်စနေရဲ့ Lion King ကာတွန်းကား ကြည့်ကြတာ။ 'ဝေါ့ဒစ်စနေက သိပ်တော်တာပဲ' လို့ ကျွန်တော်က ချီးကျူးမိလိုက်တယ်။ အဲဒီမှာ ဘာမပြော ညာမပြော လည်ပင်း ထညှစ်ပါရော။ သူနဲ့ လုံးလုံးထွေးထွေး သတ်သတ်ပုတ်ပုတ် မဟုတ်ငြား အဲဒီအဆင့်နီးပါး ဖြစ်သွားရတယ်။ နောက်မှ ဘာလို့ အဲဒီလို လုပ်ရတာလဲမေးတော့ တော်နေတဲ့သူကို တော်တယ်ပြောရကောင်းလားလို့ ပြန်ပြောတယ်။ ရုတ်တရက်တော့ ယောင်တောင်တောင် ဇဝေဇ၀ါဖြစ်သွားတယ်။ ဘာအဓိပ္ပါယ်လဲပေါ့။ ခေါင်းအေး အေးနဲ့ ပြန်စဉ်းစားကြည့်တော့ တော်နေတဲ့သူကို အထူးချီးကျူးစရာမလို ဆိုတဲ့ အဖြေထွက်လာတယ်။ သူ့အမြင်က ရိုးရှင်းလွန်းလှတယ်။
ပန်းချီကိုကျော်သောင်းရဲ့ရွာ ရှမ်းတဲကြီး သွားကြတဲ့ ကာလတွေ၊ ပန်းချီမောင်မောင်သိုက်ရဲ့ရွာ ကျိုက်မနိုင် သွားကြတဲ့ ကာလတွေ၊ မန္တလေးသွားကြတဲ့ ကာလတွေ၊ ပျဉ်းမနားရေဆင်း သွားကြတဲ့ ကာလတွေမှာ ရိုးရှင်းတဲ့အမြင်အပြင် သူနေထိုင်မှုပုံစံပါ ထိတွေ့ သိခွင့်ရခဲ့တယ်။ သူက ဟန်မဆောင်၊ ပကာသန မရှိ၊ ပြောစရာရှိ လျှင် စိတ်ထဲမှာ ဖုံးမထား၊ ရန်ဖြစ်စရာရှိလျှင်လည်း ဖြစ်ပြစ်လိုက်တာ။ နေရာ ဒေသ မရွေး၊ အဓိကကတော့ 'ဟန်' မရှိခြင်း၊ နေထိုင်မှုပုံစံ ရိုးခြင်း၊ အဲဒီ ရိုးမှုပုံစံတွေက သူ့အနုပညာလက်ရာတွေမှာ အမြဲထင်ဟပ်နေတာ။ အဲဒါကြောင့်လည်း သူ့ပန်းချီတွေ တွေ့မြင်ရလျှင်လည်း သူ့ကို လေးစားနားလည်သွားပြီး စိတ်ထဲမှာ ဘာစိတ်မှ မရှိ ဖြစ်ရပါတယ်။
သူက ပုံရေးကြာတယ်။ ပုံအပ်လျှင် ရက်ချိန်းမှန်ခဲတယ်။ တချို့ အယ်ဒီတာတွေ ထုတ်ဝေသူတွေ ရက်ချိန်းအတိုင်း ပုံမရရင် စိတ်ဆိုးကြတယ်။ မကျေမနပ် ဖြစ်ကြတယ်။ အဲ.... ဒါပေမယ့် သူ့ဆီက ပုံရသွားပြီး လက်ရာပန်းချီကို မြင်လိုက်ရပြီ ဆိုလျှင်တော့ စိတ်ဆိုးတွေ ပြေသွားကြတော့တယ်။ သူ့လက်ရာပုံကို ရွှန်းရွှန်းကြီး ကြည့်ကြည့်ပြီး ကျေကျေနပ်နပ် ပီတိသောမနဿတွေ ပွါးသွားကြတော့တယ်။ သူ့ အနုပညာက အဲဒီလောက်ထိ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေတယ်။ အမောတွေကို ပြေစေတယ်။ အဲဒီအခါမှာ သူကြွေးကြော်တာက 'အဲဒါ ၀သုန်လို့ခေါ်တယ်' တဲ့။ ဒါ သူ မကြာခဏ ကြွေးကြော်လေ့ရှိတဲ့ စကားပါ။ ကြွေးကြော်လောက်အောင်လည်း သူ့ အနုပညာတွေက ပြောင်မြောက်နေတာကိုး။ အလုပ်ကိုလည်း မလုပ်ချင် ပစ်ထားတာ။ လုပ်ပြန်တော့လည်း ရိုရိုသေသေ တကယ်လုပ်တာ။
ခုတော့ ဘာမှ မလုပ်တော့ဘဲ နှစ်ရှည်ခရီးကြီး ထွက်သွားပြီပေါ့။
လွမ်းလို့ ကျန်ခဲ့သူတွေကတော့ သရုပ်ဖော်ပုံတွေ မြင်တိုင်း၊ ပန်းချီကားတွေ ကြည့်တိုင်း ပြောလေ့ရှိခဲ့တဲ့ စကားသံကို ကြားယောင်နေမှာပါ။
'အဲဒါ ၀သုန်လို့ ခေါ်တယ်'

ကာတွန်း မြေဇာ
၂၉-၁၀-၂၀၀၈။
[ ပန်းချီဝသုန်ရဲ့ အပေါင်းအသင်းများ စုပေါင်းရေးသားတဲ့ 'လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက် ထည်ထည်ဝါ-ပန်းချီဝသုန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၉ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]

No comments: