Saturday, August 31, 2013

ကျောင်း ရေးသူ - မောင်ခိုင်အောင်(စစ်တွေ)





ကျောင်း

 

ရိုက်ခွဲခံလိုက်ရတဲ့ ပန်းအိုးလေးရဲ့
တစစီ လွင့်စင်ထွက်သွားတဲ့ အပိုင်းအစတွေကို
ပြန်ကောက် ပြန်ဆက်ဖို့
ပြီးတော့ ဘုရားစင်မှာပြန်ထားဖို့
အမေရေ
ညကြီးက မှောင်လိုက်တာ…….။
                                      (၂၀၀၅)

ငါ ချစ်တဲ့ ငါတို့ ချစ်တဲ့ကျောင်း
ခုတော့ နံရံပေါ် ခြုံနွယ်တွေ တွားတက်လို့
မြက်ခင်းမှာ သစ်ကိုင်းခြောက်အကျိုးတွေ ပေါင်းတွေ တောထလို့
သူ့ဝိဥာဉ်ဟာ အောင်လံတခု ဖြစ်နေရဲ့။
သားမိုက်တချို့ဟာ
မှတ်တိုင်မဲ့ မြေစိုင်ခဲတွေဘဝနဲ့
သမိုင်းတောနက်ထဲဆီ တိတ်တိတ်လေး ဝင်သွားကြလေရဲ့။

ကျောင်းဟာ နရသိန်နဲ့ နီးတယ်
နရသိန်ရဲ့နံရံတွေ ကြမ်းခင်းတွေပေါ်မှာ
ကျောင်းရဲ့နာမည်ကို
သားမိုက်တွေ ဂုဏ်ယူထွင်းထုထားခဲ့ကြသတဲ့။

၈၈ ညီလေးရဲ့ သွေးစက်တွေ သွေးကွက်တွေ
ကျောင်းတံတိုင်းကိုကျော် ကျောင်းဂိတ်ကိုဖြတ်လာတဲ့
ကျည်ဆံတွေ ကျည်ခွံတွေ စစ်ဖိနပ်တွေ
အဲဒီနေရာမှာ
ပန်းပင်လေးတွေ သစ်ပင်ပျိုတွေ စွယ်တော်ရွက်တွေ ရှိခဲ့တယ်။

အဲဒီနေရာမှာ
ကမ္ဘာကြီးကို တိုင်းဖို့
ချိန်းကြိုးတွေဆွဲ level တွေချိန်ကြ
ဘဝရဲ့ ပထမဆုံး “မြေတိုင်းပညာ”
ငါတို့ သင်ခဲ့ကြတယ်။
ခြေတလှမ်းဟာ ပေဘယ်လောက်ရှိသလဲ
ခြေလှမ်းတွေနဲ့ တဖြည်းဖြည်းလျှောက်
ခုတော့ ဘဝမှာ ခြေလှမ်းတွေ
ဘယ်လောက် ဘယ်ဝယ် ဘယ်ဆီ ရောက်သွားခဲ့ပြီလဲ။

အနုပညာမှော်ဝင်နေတဲ့ စွယ်တော်ရိပ်မှာ
နူးညံ့သိမ်မွေ့တဲ့ ယုန်လေးတွေ တေးဆိုငှက်တွေ
တွန်ကျူးတတ် ကတတ် ခွပ်တတ်တဲ့ ဒေါင်းလေးတွေ
ပီးတော့ ရဲရင့်တဲ့ ကျားသစ်လေးတွေ ရှိခဲ့လေတယ်။

ချစ်တဲ့စာအုပ်တွေကိုဖြဲဆုတ် မီးဒုတ်တွေလုပ်ခဲ့ကြ
စာသင်ခန်းနဲ့ခုံတန်းတွေ ခံကတုတ်ဖြစ်လာခဲ့ကြ
ကျောင်းရှေ့မြက်ခင်း ကျောင်းရှေ့ကကတ္တရာလမ်းတွေ
စစ်မြေပြင် ဖြစ်လာခဲ့ကြ
ဒီလိုနဲ့ နရသိန်ဟာ
ငါတို့တက္ကသိုလ် ဖြစ်လာ
ကျောင်းကြီးဟာ အဲဒီအဆိုးကောင်တွေကို လွမ်းနေခဲ့မှာ။

ကျောင်းကိုချစ် သားတပည့်တွေကိုချစ်
အင်္ကျီဖြူလက်တိုလေးနဲ့ ဆရာကြီး
အိမ်ရဲ့အုန်းပင်တွေကို ခူးစားခွင့်ပေးတဲ့ဆရာကြီး
သူကိုယ်တိုင် မြေဖြူဆင်းကိုင်တဲ့ဆရာကြီး
အောင်လံကိုင်သားမိုက်တွေအတွက် မျက်ရည်တွေဝဲလို့
ဒါနဲ့ မင်းမျက်သင့် ကျောင်းနဲ့ဝေးခဲ့ရလေတယ်။

ကိုတင်လှိုင် ပီးတော့ ပီးတော့ ခင်မောင်လေး…..
ပီးတော့ ပီးတော့ ဘုန်းမော် ပီးတော့ ပီးတော့…..
တိုက်ပွဲဖိတ်စာတွေ လွမ်းသူ့ပန်းခွေတွေ
သေခြင်းတရားဟာ ကျောင်းကြီးနဲ့ နီးနီးလေးလိုပါလား
သူရဲကောင်းတွေလိုအပ်တဲ့နိုင်ငံဟာ ကံဆိုးပါတယ်တဲ့
ကျောင်းကြီးရဲ့ သားဆိုးတွေဟာ
ဇာတ်မြင့်ပြီး ကံနိမ့်ခဲ့ကြရှာတယ်။
                                    (၂၀၀၇)

နေ့လည်ခင်းတခုမှာ
ကျောင်းထဲရောက်မိတော့ “နွေးအေး” နေရာဟောင်းမှာ ထိုင်ပြီး
ဂျီဟောရှေ့ ဘောလုံးကွင်းကို ငေးကြည့်နေမိတယ်။
လမ်းကလေးမှာ လူသူမရှိ
ကွင်းကြီးက မြက်ရိုင်းတွေ တောထလို့။
စွန့်ပစ်ခံဂန္တဝင်အိမ်ကြီးတဆောင်လိုလို
သံဇကာတွေနဲ့ အကျဉ်းစခန်းလိုလို
သူ့ရှေမှာ ဖြတ်လျှောက်ခဲ့ကြ အားပေးခဲ့ကြ
ဘောလုံးကွင်းဆီက ရွံ့ဗွက်တွေစင်ခဲ့ကြ
ရင်ထဲမှာ သီချင်းဟောင်း တေးသံဟောင်းတွေ ပဲ့တင်ထပ်လာရဲ့။

ပိန်သေးသေး ခပ်ညိုညိုမိန်းခလေး
မျက်မှန်ထူထူ စာအုပ်ထူထူ ပွေ့လို့
အဆောင်ကနေ “နွေးအေး” ဆီ လာနေတယ်
အခု ရွှေတောင်ကြားမှာလား စင်ကာပူမှာလား
အဲဒီတုန်းက အနောက်ရိုးမရဲ့တဘက်တခြမ်းမှာ နေခဲ့ကြလေတယ်
မေ့ခဲ့သမျှဟာ လွမ်းစရာပါ ငါ့ကျောင်းရယ်။
                                            (၂၀၁၀)

ညီလေး ဖုန်းမော်ရေ
မင်းတို့ ငါတို့ ချစ်တဲ့ ကျောင်းကြီးမရှိတော့ဘူး
စွယ်တော်ရိပ် အာရ်အိုင်တီ မရှိတော့ဘူး
မြန်မာ့ကျောင်းသားသမိုင်းမှာ အောင်လံတခုအဖြစ်
မြန်မာ့ဒီမိုကရေစီသမိုင်းမှာ ဝိဥာဉ်တခုအဖြစ်
ပြတိုက်ထဲ ရောက်သွားပြီလေ။

အခုတော့ နာမည်သစ် ဒီဇိုင်းသစ်နဲ့ ကျောင်းကြီးပြန်ဖွင့်ပြီ
ဝမ်းသာတော့ ညီလေးရေ
ပညာခေတ်ကြီးမှာ
ထူးချွန်ထက်မြက်တဲ့ သူရသတ္တိရှိတဲ့ တက်ကနိုကရက်တွေ
ဒီကျောင်းကြီးက မွေးထုတ်ပေးလိမ့်မယ် ငါယုံတယ်။

“စစ်အာဏာရှင် ဖျက်ဖြိုကာအတည်
ပြည်သူ့ခေတ်တွင် တို့တတွေ ကျောင်းတက်မည်…..”
ငါတို့ တဘဝလုံး သီဆိုခဲ့ကြတယ်။

ညီလေးရေ….
ရိုးသားစွာ ပွင်ပွင့်လင်းလင်း ပြောရရင်
အားလုံးကို မေ့ပစ်ပြီး
ဒီကျောင်းကြီးမှာ စာတွေ တဝကြီးသင်ချင်သေးတယ်
ဒီကျောင်းကြီးမှာ သင်္ချာတွေ တဝကြီးတွက်နေချင်သေးတယ်။

ပညာဥာဏ်ကို မြတ်နိုးပေမယ့်
ပညာကိုစတေးခဲ့ရ ဘဝ… ဘဝ.. တွေကို စတေးခဲ့တဲ့
ဒီ အမှောင်ခေတ်ဆိုးကြီး ဘယ်တော့ နိဂုံးတိုင်မလဲ
နိဂုံးရေ တိုင်ပါတော့။    
                                    (၂၀၁၃ မေ)

Thursday, August 22, 2013

ဘော့လုံးပွဲကိုအနာလုပ်နေသူတွေ - ရေးသူ ယာတောကသာဗျော



(အဝေးကပေးစာတစောင်)

ဘော့လုံးပွဲကိုအနာလုပ်နေသူတွေ

၂၀၁၃ခု၊ သြဂုတ် ၂၃။
ကိုဟိုဒင်းရေ-

            ဟို တလောကဖြစ်ခဲ့တဲ့ မြို့တော်နေပြည်တော် ( အရင်ကတော့ မြို့တော်ရန်ကုန်လို့ ဆိုလိုက်ရင် ပစပ်ထဲမှာရော၊ နားထဲမှာရော ရှောရှောရှူရှူနဲ့ဗျ။ အခုဟာကြီးကတော့ မထိုက်တန်လို့လား မသိဘူး တော်နှစ်တော်နဲ့ ထောင့်လိုက်တာနော်) ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဖြစ်ခဲ့တဲ့ ဘော့လုံးပွဲ ရန်ဖြစ်မှုကြီးကို ဧရာမ အရေးကိစ္စကြီး အဖြစ်နဲ့ တဆိတ်ကို တအိတ်လုပ် နေကြတာကို ခင်ဗျားသတိပြုမိမယ် ထင်ပါတယ်။ တချို့ကဆိုရင် မြန်မာ့အားကစားသမိုင်းမှာ အဆိုးရွားဆုံး အဖြစ်အပျက်၊ မြန်မာပြည်သူတွေကို အရှက်ရစေတဲ့ ကိစ္စလို့ အထိပြောနေကြတယ်။ ဒါ့အပြင် ဒါဟာ ဗမာလူမျိုးတွေရဲ့ ညံ့ဖျင်းတဲ့ ဘာကျင့်- ညာကျင့်ဆိုပြီး ရမ်းရမ်းကားကား မှတ်ချက်ချတာလည်း ကြားလိုက်ရတယ်။


            တကယ်ကတော့ဗျာ ကျွန်တော်တို့ နိုင်ငံမှာရော ကမ္ဘာမှာပါ ဘော့လုံးပွဲကနေ ရန်ဖြစ်ကြတယ် ဆိုတာဟာ ဘာမှမဆန်းတဲ့ ကိစ္စပါ။ နောက်ပြီး ကမ္ဘာမှာဆိုရင်လည်း အားကစားပွဲတွေကနေ အကြီးအကျယ် လူတွေ သေတဲ့အထိ ဖြစ်နေကြတာကို နှစ်စဉ်လိုလို သတင်းစာ၊ တီဗွီ၊ အင်တာနက်တို့ အပေါ်မှာတွေ့နေရတာပဲ။ ၁၉၈၉ ခုနှစ် တုန်းက “ဥရောပလူယဉ်ကျေး” များ ရဲ့ အင်္ဂလန်နိုင်ငံ ရှဲ့ဖီးလ်မြို့က ဟီးလ်စဘရားအဖြစ်ဆိုးကြီး (Hillsborough Disaster) လို့ နာမည်ကြီးတဲ့ ဘော့လုံးပွဲ ရန်ပွဲကြီးမှာ လူ ၉၄ ယောက်တောင် သေခဲ့တဲ့ မှတ်တမ်း ရှိတယ်ဗျ။ အခုအထိ အဲဒီနေရာမှာ နှစ်စဉ် ပန်းစည်းတွေချ၊ ဖယောင်းတိုင်တွေ ထွန်းကြတုန်း။ ဒါ့အပြင် ဒီလို အဖြစ်အပျက်တွေထဲက စံချိန်တင်ရတဲ့ အဖြစ်အပျက်တခုပြောရမယ်ဆိုရင် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပွဲအတွက် ခြေစစ်ပွဲလုပ်တဲ့ ၁၉၆၉ခုနှစ်က အလယ်အမေရိကတိုက် ဟွန်းဒူးရပ်စ်နိုင်ငံနဲ့ အယ်လ်ဆာဗားဒိုး နိုင်ငံအသင်းတို့ရဲ့ ပွဲ။ ဒုတိယ အချီအဖြစ် ဟွန်ဒူးရပ်စ် နိုင်ငံရဲ့ မြို့တော်မှာ ကစားကြရင်း ပရိသတ်ချင်း ရန်ဖြစ်ကြရာကနေ ဘော့လုံးစစ်ပွဲ လို့ခေါ်တဲ့ နှစ်နိုင်ငံ စစ်ပွဲကြီး ဖြစ်တာတောင် ရှိခဲ့ပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင်လည်း ၁၉၆၉ခုနှစ် ကျွန်းဆွယ်အားကစားပွဲမှာ လက်ဝှေ့ပွဲ နေရာမလောက်တာကနေ ကျွန်းဆွယ်အရေးအခင်းဆိုတာကြီး  ဖြစ်ပေါ်ခဲ့တယ် မဟုတ်လား။ နောက်ပြီးဗျာ၊ မြို့တွေ ရွာတွေက ဘော့လုံးပွဲတွေမှာလည်း ရန်ဖြစ်လိုက်ကြတာ တခြိမ်းခြိမ်းပါ။ ဗမာပြည်မှာ အသင်းတွေ ဘာတွေထဲပါပြီး တကယ် ဘော့လုံးကစားဖူးသူမှန်သမျှ သူတို့ ဘော့လုံးသက်တမ်းအတွင်းမှာ (ရန်ဖြစ်တဲ့အထဲမှာ ကိုယ်တိုင် မပါရင်တောင်မှ) နှစ်ဘက်ရန်ဖြစ်တဲ့၊ ဘေးက ပရိသတ်တွေပါ ပါလာတဲ့ အတွေ့အကြုံတွေ အများကြီး ပြောပြနိုင်ပါတယ်။ အထက်က ကျွန်းဆွယ်အရေးအခင်းနဲ့ အချိန် မတိမ်းမယိမ်းမှာပဲ မန္တလေးမှာ ကျင်းပတဲ့ တိုင်း ဘော့လုံးတပွဲမှာ မကျေနပ်တဲ့ ပရိတ်သတ်က ခုံတွေကိုချိုး၊ ဖျက်ဆီးတာတွေရှိလို့ မန္တလေးတိုင်းအသင်းကိုပါ တနှစ်ပယ် လိုက်တာ ကျွန်တော်မှတ်မိနေပါတယ်။


ဒါထက်  ကျွန်တော် ဒီလိုရေးလို့ ဒီလို ရန်ဖြစ်တာ ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဘော့လုံးပွဲ နဲ့ ရန်ပွဲ မခွဲနိုင်တာကို ပြောတာ။ ဘောလုံးပွဲ ယဉ်ကျေးမှုရဲ့ အစိပ်အပိုင်းတခုလို့ တောင်ပြောရင်ရမလားပဲ။


            ဒါနဲ့များ ဒီကိစ္စကို ဒါလောက်ရေးကြီး ခွန်းကျ လုပ်နေကြတာလဲ။ လူမျိုးပါ ကိုင်တုပ်နေကြတာလဲ။ ကျွန်တော် စဉ်းစားမိ တာတွေကို အောက်မှာဝေမျှလိုက်တယ်ဗျာ။


            နံပတ်တစ် အချက်ကတော့ ဒီ အဖြစ်အပျက်ဟာ သူတို့ရဲ့ မင်းနေပြည်မှာ ဖြစ်တာမို့ပဲဗျ။  ဒီလို ထီးရိပ်နန်းရိပ်မှာ ဖြစ်ရသလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူနေတဲ့ ရွှေမြို့တော်မှာမှ ဖြစ်ရသလားဆိုပြီး ရွှေဘောတော်မကျ၊ ရှက်ရမ်းရမ်းတာ ဖြစ်တယ်။


            နံပတ်နှစ် အချက်က အဲဒီနဲ့ တဆက်ထဲ လူထု မကျေနပ်မှုတွေ၊ ပေါက်ကွဲတာတွေ ဖြစ်လာမှာကို စိုးတာပဲဗျ။ ပြောရရင် အထက်မှာ ပြောခဲ့တဲ့ ကျွန်းဆွယ်အရေးအခင်းလိုဟာတွေ သူတို့ရဲ့ မင်းနေပြည်တော်မှာ ဖြစ်လာမှာ စိုးတာပဲ။ ဘယ့်နှယ်- ဒါတွေကိုကြောက်လို့ ပြောင်းလာပါတယ်ဆိုပါမှ လာဖြစ်နေပြန်ပြီလို့ တွေးမိတာဖြစ်မှာ။ မှန်တာပြောရရင် အခုအခါမှာ ဒီ အစိုးရဟာ သူတို့ကိုယ်တိုင် ဖန်တီးတဲ့ လူမျိုးရေး - ဘာသာရေး အရေးအခင်းတွေက လွဲရင် တိုင်းပြည်မှာ ဘယ်သူ့ကိုမှ လမ်း ပေါ်တက် ဆန္ဒပြစေချင်တာ မဟုတ်ဘူးဗျ။ လမ်းပေါ်တက်တယ်ဆိုရင် တွေ့ကရာ ပုဒ်မနဲ့ တရားစွဲတော့တာပဲ မဟုတ်လား။ နောက်ပြီး သူတို့ရဲ့အလိုတော်ရိတွေကိုလည်း လမ်းပေါ်တက်တာ မကောင်းကြောင်း သဘောတရားတွေ ထူထောင်၊ ဟော ပြောခိုင်းနေတာပဲမဟုတ်လား။


            တတိယ အချက်ကတော့ မကြာမီ ကျင်းပတော့မယ့် ကျွန်းဆွယ်ပွဲအတွက် သူတို့ စိုးရိမ်တာပါပဲ။ လူထုဆန့်ကျင်မှု ထမင်းလုံးတစ္ဆေအခြောက်ခံနေရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အဖြစ်ပါဗျ။


            သူတို့ နားမလည်နိုင်တဲ့အချက်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လှည့်စားပြီး မသိချင်ဟန်ဆောင်နေတဲ့ အချက်တခုက ဒီနေ့လို ဗမာပြည်သားတွေရဲ့ ရာခိုင်နှုန်း ၉၀လောက်ရှိတဲ့ အလတ်တန်းစားနဲ့ ဆင်းရဲသားပြည်သူတွေ ဆင်းရဲကြပ်တည်း နေသမျှ မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာတယ်ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပဲဗျ။ ဘော့လုံးပွဲ မပြောနဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သီချင်းဖွင့်တဲ့ ကိစ္စလေးကနေ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာတာကိုပဲ ပြန် စဉ်းစားကြည့်ပါ။


            ကျွန်တော်ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူကြီးများကို ဖြစ်လာပြီဆိုရင် ထန်းလက်နဲ့ကာဖို့ မကြိုးစားကြပါနဲ့ လို့ပဲပြောချင်ပါတယ် ကိုဟိုဒင်းရေ။

                        ဘယာဘေးကွာဝေးကြပါစေ
                                           ယာတောကသာဗြော

Wednesday, August 21, 2013

ဗမာ့မိုးကောင်းကင်မှာထာဝစဉ်ထွန်းတောက်နေမယ့်တာရာကြီး ရေးသူ - ယာတောကသာဗျော



(အဝေးမှပေးစာတစောင်)

ဗမာ့မိုးကောင်းကင်မှာထာဝစဉ်ထွန်းတောက်နေမယ့်တာရာကြီး


၂၀၁၃ခုနှစ်၊ သြဂုတ် ၂၁ရက်။
ကိုဟိုဒင်းရေ-
             

ဆရာဒဂုန်တာရာဆုံးသွားပြီဆိုတော့ ခေတ်သစ်ဗမာပြည်သမိုင်းမှာ ၁၃၀၀ပြည့်အရေးတော်ပုံမျိုးဆက်က မီးရှူး တန်ဆောင်ကြီးတွေ တယောက်ပြီးတယောက် ချုပ်ငြိမ်းသွားကြတာ ကုန်သလောက်တောင်ရှိပါပေါ့လားလို့ စဉ်းစားနေ မိတယ်။ ဒီမီးရှူးတန်ဆောင်ကြီးဟာ မီးဇာကုန်ဆီခမ်းလို့ ချုပ်ငြိမ်းခဲ့တာဖြစ်ပေမဲ့ သူထွန်းညှိခဲ့တဲ့၊ သူလျှောက်လှမ်းခဲ့တဲ့ စာပေလမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းတို့ကတော့ ဗမာပြည်ပြည်သူတွေအကြားမှာ ထိန်ထိန်ငြီးလျက်ကျန်ရှိတယ် လို့ဆိုချင်ပါတယ်ဗျာ။


            ဆရာ့ရဲ့ထူးခြားချက်တခုက (ဒါဟာကိုလိုနီနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံလို ပြည်သူတွေမလွတ်မြောက်သေးတဲ့နိုင်ငံ တွေက ထူးခြားချက်ထင်ပါရဲ့) စာပေအနုပညာသမားပေမဲ့ ပြည်သူ့လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေနဲ့ခွဲခွာလို့မရတာ၊ အဲဒါတွေ မှာပါဝင်ခဲ့တာ၊ နောက်ပြီး အဲဒါတွေအတွက် သူကိုယ်တိုင်လည်းအဖမ်းခံရ၊ အဖိနှိပ်ခံရတာပဲဗျ။


            သူလိုပုဂ္ဂိုလ်တွေလျော့သွားတော့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ရေးမှာလည်း အားလျော့ သွားတာအမှန်ပဲဗျ။ ကျွန်တော်တို့နိုင်ငံမှာက မနေ့တနေ့ကသမိုင်းလေးကိုပဲ အကြီးအကျယ်ငြင်းခုံနေကြရတယ် မဟုတ် လား။ အရင်တုန်းကကျွန်တော်တို့ကြားဖူးတာက သတင်းစာများသည်သမိုင်းကိုပြောနေကြသည်တဲ့။ အခုတော့ “စစ် ဗိုလ်ချုပ်များသည်သမိုင်းကိုပြောနေကြသည်”ဆိုတာမျိုး လုပ်နေကြတာကိုး။ ပုဂံရာဇ၀င်ကိုတုတ်ထမ်းပြီးငြင်းကြရတယ်လို့ ဆိုပေမဲ့ ဒီနေ့စစ်အာဏာရှင်တွေလက်ထက်မှာကျတော့ တုတ်ကလေးတချောင်းတောင် ထမ်းခွင့်မရှိတဲ့ ပြည်သူတွေ၊ သမိုင်းဆရာတွေဟာ ခြေဆုံးခေါင်းဆုံးလက်နက်တပ်ထားသူတွေနဲ့ ပြိုင်ငြင်းရသလိုဖြစ်နေတယ်လေ။ ဒီလိုအခြေအနေ မျိုးမှာ ဆရာဒဂုန်တာရာရဲ့ကျွန်တော်တို့နိုင်ငံအပေါ် ကောင်းမှုပြုချက်တွေထဲမှာ စာပေဘက်ကသာမကပဲ သူရေးတဲ့ ဆောင်းပါးတွေ၊ ရုပ်ပုံလွှာတွေ၊ ၀တ္ထုတွေနဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင်သွားတာတွေဟာ တန်ဘိုးရှိလှတယ်လို့ ပြောချင်ပါတယ်။ သူလိုလူနဲ့တော့ ဘယ်စစ်ဗိုလ်မှပြိုင်မငြင်းရဲဘူးမဟုတ်လား။ သူကကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းလာတာ၊ သူများတွေလို တဆင့်ကြားတွေနဲ့ တတ်ယောင်ကားလုပ်တာမဟုတ်ဘူးဗျ။


            အလားတူပဲ ဆရာဒဂုန်တာရာကို အမှတ်မပေးမဖြစ်ပေးရ မှာကတော့ သူ့ရဲ့စာပေနယ်က ဆောင်ရွက်ချက်များနဲ့ အောင်မြင်မှုများပေါ့ဗျာ။ ဒီနေရာ၊ ဒီစာတိုလေးမှာ ဆရာ့ရဲ့စာပေဂုဏ်ပုဒ်တွေအားလုံးကို တချီထဲရေးဖို့ဆိုတာမဖြစ်နိုင် သလို၊ ကျွန်တော်လည်းမကြိုးပမ်းပါဘူး။ ကျွန်တော့်အတွေ့အကြုံထဲက ပြောသင့်တယ်ထင်တာလေးတွေပဲ နည်းနည်း ပါးပါရေးပါ့မယ်။ ကျွန်တော်တို့လူငယ်ဘ၀တုန်းက ကိုယ်စေတနာထားသူကို ကိုယ်ဖတ်စေချင်တဲ့စာပေမျိုး ပေးဖတ်မယ် ဆိုရင်၊ ဒါမှမဟုတ် စာကောင်းပေကောင်းပေးဖတ်ခိုင်းတယ်ဆိုရင်၊ ကိုယ်ချစ်တဲ့လူကို စာအုပ်ပေးဖတ်မယ်ဆိုရင် ဆရာ ဗန်းမော်တင်အောင်ရဲ့ စာအုပ်တွေနဲ့ ဆရာဒဂုန်တာရာရဲ့စာအုပ်တွေထဲကပဲ အများဆုံးဖြစ်ခဲ့တာ ခင်ဗျား လည်းမှတ်မိမှာပါ (ခင်ဗျားလည်းပေးဖူးမှာပါ)။ အဲဒီတော့ အဲဒီခေတ်တုန်းကရော၊ အခုခေတ်မှာရော ဘယ်စာရေးဆရာရဲ့ စာအုပ်တွေကိုများ အဲဒီလိုသီးသီးသန့်သန့်၊ သတ်သတ်မှတ်မှတ်နဲ့ စာပေလက်ဆောင်အဖြစ် များများစားစား အပေးခံရတာရှိလို့လဲလို့ မေးချင် ပါတယ်။ ကျွန်တော်ပြောတာ လုံးဝမရှိဘူးပြောတာ မဟုတ်ဘူးနော်။ နောက်ပြီး ဆရာမင်းသုဝဏ်တို့ ဆရာဇော်ဂျီတို့လို ဆရာကြီးများရဲ့စာပေများကိုလည်း မဆိုလိုဘူးနော်။ “မေ” ကို လက်ဆောင်ပေးဖူးသူတွေ၊  “အလင်္ကာ(ကဗျာပေါင်းချုပ်)” ကို လက်ဆောင်ပေးသူတွေ အများကြီးရှိခဲ့တယ်မဟုတ်လား။



            ဆရာဟာ စာပေမှာ အကြောင်းအရာနဲ့အနုပညာကိုပေါင်းစပ်ရာမှာ စံတင်ရတဲ့ပုဂ္ဂိုလ်တယောက်လို့ဆိုရင် မမှားဘူး ထင်ပါတယ်။ စာပေဟာ ကြွေးကြော်သံမဆန်ရဘူး၊ ၀ါဒဖြန့်စာတမ်းမဆံရဘူးဆိုတဲ့ မူပေါ်လစီကို တိတိကျကျနဲ့ ပြောင် ပြောင်မြောက်မြောက် အကောင်အထည်ဖော်သွားသူလို့ဆိုချင်ပါတယ်။ သူလိုလူတွေရဲ့ရေးသားချက်တွေကြောင့် ဗမာ ပြည်က ပညာတတ်တွေအကြားမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တိုးတက်တဲ့အယူအဆ တွေပျံ့နှံ့ခဲ့တယ်လို့ဆိုတင်လည်း မမှားပါဘူးကိုဟိုဒင်းရယ်။


            နောက်တခုပြောစရာရှိသေးတာက ပဒေသရာဇ်ခေတ်နောက်ပိုင်း ဗမာစာပေလောကမှာ စကားပြေအရေးကောင်း တဲ့စာရေးဆရာတွေ များမှများပါ။ လေးစားသင့်၊ အတုယူသင့်တဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ အပုံကြီးရှိပါတယ်။ ဒါပေ မဲ့ကိုဟိုဒင်းရယ် ဆရာဒဂုန်တာရာရဲ့စကားပြေအရေးအသားလို လူငယ်တွေကပြောင်တမျိုး၊ တိတ်တိတ်ကြိတ်လို့တဖုံ အတု ခိုးခံရတဲ့ စကားပြေမျိုးကတော့ နည်းတယ်လို့ထင်ပါတယ်။ ကျွန်တော်က သူ့ရေးဟန်ကိုကောင်းတယ်၊ မကောင်းဘူး ဘာမှ မပြောဘူးနော်၊ လူငယ်တွေ၊ ကလောင်သွေးချင်သူတွေအပေါ် သြဇာညောင်းတာကိုပြောတာ။ သူ့ဟန်ကိုတုရင်း နာမည် ကြီးစာရေးဆရာဖြစ်သွားသူတွေလည်း မနည်းပါဘူး။


            ကဗျာမှာရောဗျာ-။ သူနဲ့ခေတ်ပြိုင်တွေထဲမှာ သူ့ကဗျာတွေလောက်လူကြိုက်များခဲ့တာမရှိခဲ့ဘူးလို့ ကျွန်တော်ရဲရဲ ပြောဝံ့ပါတယ်။ သူ့သြဇာတွေညောင်းခဲ့ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုဝန်ခံခဲ့တဲ့ ကဗျာဆရာတွေတောင် မနည်းဘူး မဟုတ်လား။ ဒီနေရာမှာအချင်းချင်းမို့ လက်တို့ပြောလိုက်ပါဦးမယ်။ ကဗျာဆရာဖြစ်မလာတဲ့ ကျွန်တော်လည်းပဲ သူ့ရဲ့ တဟီတီသွားရအောင်တို့၊ ငွေလှေပေါ်ကအနမ်းတို့လို ကဗျာတွေကိုအတုခိုးပြီး ရေးစပ်ခဲ့တာ မနည်းဘူးဗျ။ ပါရမီထင်ပါ ရဲ့ဗျာ။ ဆရာနုပျိုစဉ်က စကားလုံးအသစ်တွေတီထွင်တာကို အတိုက်အခိုက်ခံရတာတွေလည်း ခင်ဗျားမှတ်မိတယ် မဟုတ်လား။ '၀တ်လစ်စလစ် လမ်းမကြီး'တို့၊ 'ဝေါ့ဒစ္စနေအပြာ'တို့ ဆိုတာတွေလေ။ အဲဒီခေတ်အဲဒီအခါတုန်းကတော့ စာပေတိုက်ပွဲကြီးတွေတမျှပေါ့။ ကျွန်တော်ထင်တာတော့ သူ့ကိုတိုက်သူတွေဟာ ဆရာ့ရဲ့နိုင်ငံရေးရပ်တည်ချက်ကြောင့် အပြစ်ရှာကြံတိုက်ခိုက်ကြတာပဲဗျ။ သူ့ရဲ့စာပေသစ်ကြွေးကြော်သံနဲ့ စာပေသစ်လှုပ်ရှားမှုကို “၀ဲ”စော်နံတယ်ဆိုပြီး အာဃာ တနဲ့တိုက်ကြတာ။ နောက်ဆုံးကျတော့- တနည်းသမိုင်းဘီးလည်ပတ်လာတော့ ဆရာ့ရဲ့တီထွင်ချက်၊ စမ်းသပ်ချက် တွေဟာ လမ်းဖုံဖုံဖြစ်လာတာပဲမဟုတ်လားဗျ။ အဲဒီတုန်းကတော့ စစ်အေးစစ်ပွဲအစကိုး။


            စစ်အေးစစ်ပွဲဆိုလို့ ဆရာ့ရဲ့ဘ၀မှာ စစ်အေးစစ်ပွဲရဲ့ဂယက်တွေရိုက်ခံရတာလည်း မနည်းဘူးဗျ။ ဗမာပြည်မှာ ဖဆပလ အစိုးရဟာ ပြည်တွင်းစစ်ပေါ်ပေါက်အောင် လုပ်လိုက်ပြီးတဲ့နောက်မှာ အမေရိကန်က မက္ကာသီဝါဒကို အတုခိုးပြီး “၀ဲ”လို့ သူတို့ ယူဆသူ မှန်သမျှကို စုံထောက်ဖိုင်တွေ ဖွင့်၊ မပြတ်စောင့်ကြည့်တာတွေ လုပ်တော့တာပဲ။ ဒီအခါမှာ ဆရာ တာရာလည်း ဘယ်လွတ်လိမ့်မတုံးဗျာ။ သူလည်းပဲ ထောက်လှမ်းရေးရဲ့အမည်းရောင် (အနီရောင်ခေါ်မလားပဲ) စာရင်းထဲ ပါတော့တာပေါ့။ အဆိုးဆုံးကတော့ ဗိုလ်နေ၀င်းခေတ်ပေါ့။ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့၊ ဂျပန်ဖက်ဆစ်နယ်ချဲ့နဲ့ ဖဆပလရဲ့ ပြည်တွင်းစစ်ဝါဒတို့ကို တက်တက်ကြွကြွ၊ ရွတ်ရွတ်ချွံချွံတိုက်ခဲ့တဲ့ ဆရာဒဂုန်တာရာဟာ စစ်အာဏာရှင်တွေလက်ထက် ကျမှ ထောင်ထဲရောက်ရတော့တယ်။ လူတွေကိုဖိနှိပ်ချုပ်ချယ်ရာမှာ အာဏာရှင်စနစ်၊ အထူးသဖြင့်ပြည်တွင်းက အာဏာ ရှင်စနစ်ဟာ လက်သံအပြောင်ဆုံး၊ အရက်စက်ဆုံးလို့ပြောနိုင်တာပေါ့ဗျာ။


                တကယ်က ဆရာတာရာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တပည့်နောက်လိုက်ပီပီ၊ သမိုင်းခေတ် အဆက်ဆက် မှာ ဘယ်တုန်းကမှ ရပ်တည်ချက် မမှားခဲ့တဲ့ သူပါ။ သူဟာနိုင်ငံရေး မလုပ်ဘူးလို့  စိတ်ဒုံးဒုံးချပေမဲ့ ခေတ်နဲ့ စနစ်တို့ရဲ့ တွန်းပို့မှု၊ တောင်းဆိုချက်တို့ အရ သူဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ စစ်ဖန်တီးမှုဆန့်ကျင်ရေး စကားတွေကို ပြောရ၊ ရေးရတဲ့ အဖြစ်ကို ရောက်ခဲ့ ရပါတယ်။ ဒါဟာ ဖိနှိပ်သူနဲ့အဖိနှိပ်ခံတွေ ပြက်ပြက်ထင်ထင်ကွဲပြားပြီး ပြင်းပြင်းထန်ထန် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတခုမှာ လူတွေဟာနိုင်ငံရေးနဲ့ကင်းချင်လို့မရဘူး၊ တဘက်ဘက်မှာ မရပ်လို့မရဘူးဆိုတဲ့သာဓက တခုပါပဲ။


                ကဲ၊ ဒီစာကို နိဂုံးချုပ်ရင်တော့ ထုံးစံအတိုင်းပဲ “သူတို့ကတော့ တာဝန်ကျေသွားကြပြီ” ဆိုတဲ့ ၀ါကျကိုလည်း မပါမဖြစ် ရေးရ မှာပါပဲ။ သဘောတရားအရဆိုရင် သူရဲကောင်းတွေ၊ အာဇာနည်တွေကို နောင် လူထုအရေးတော်ပုံကြီးတွေက မွေး ထုတ်ပေးဦးမှာပါ။ ဒါပေမဲ့ ဆရာဒဂုန်တာရာလို စာပေအနုပညာရော၊ နိုင်ငံရေးမှာပါ ဂုဏ်တင်ရမယ့် သမိုင်းဝင်ပုဂ္ဂိုလ်မျိုး ကတော့ လွယ်လွယ်နဲ့ ထပ်ပေါ်ပါ့မလားဗျာ။


                တောင့်တခြင်းမှလွဲ၍ ဘာမှမတတ်နိုင်တဲ့ ကျွန်တော့်ကို ခွင့်လွှတ်နိုင်ပါစေလို့ေ မျှာ်လင့်ပါတယ်။

                      ဘယာဘေး ကွာဝေးကြပါစေ။


                      ယာတောကသာဗြော