Thursday, August 22, 2013

ဘော့လုံးပွဲကိုအနာလုပ်နေသူတွေ - ရေးသူ ယာတောကသာဗျော



(အဝေးကပေးစာတစောင်)

ဘော့လုံးပွဲကိုအနာလုပ်နေသူတွေ

၂၀၁၃ခု၊ သြဂုတ် ၂၃။
ကိုဟိုဒင်းရေ-

            ဟို တလောကဖြစ်ခဲ့တဲ့ မြို့တော်နေပြည်တော် ( အရင်ကတော့ မြို့တော်ရန်ကုန်လို့ ဆိုလိုက်ရင် ပစပ်ထဲမှာရော၊ နားထဲမှာရော ရှောရှောရှူရှူနဲ့ဗျ။ အခုဟာကြီးကတော့ မထိုက်တန်လို့လား မသိဘူး တော်နှစ်တော်နဲ့ ထောင့်လိုက်တာနော်) ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဖြစ်ခဲ့တဲ့ ဘော့လုံးပွဲ ရန်ဖြစ်မှုကြီးကို ဧရာမ အရေးကိစ္စကြီး အဖြစ်နဲ့ တဆိတ်ကို တအိတ်လုပ် နေကြတာကို ခင်ဗျားသတိပြုမိမယ် ထင်ပါတယ်။ တချို့ကဆိုရင် မြန်မာ့အားကစားသမိုင်းမှာ အဆိုးရွားဆုံး အဖြစ်အပျက်၊ မြန်မာပြည်သူတွေကို အရှက်ရစေတဲ့ ကိစ္စလို့ အထိပြောနေကြတယ်။ ဒါ့အပြင် ဒါဟာ ဗမာလူမျိုးတွေရဲ့ ညံ့ဖျင်းတဲ့ ဘာကျင့်- ညာကျင့်ဆိုပြီး ရမ်းရမ်းကားကား မှတ်ချက်ချတာလည်း ကြားလိုက်ရတယ်။


            တကယ်ကတော့ဗျာ ကျွန်တော်တို့ နိုင်ငံမှာရော ကမ္ဘာမှာပါ ဘော့လုံးပွဲကနေ ရန်ဖြစ်ကြတယ် ဆိုတာဟာ ဘာမှမဆန်းတဲ့ ကိစ္စပါ။ နောက်ပြီး ကမ္ဘာမှာဆိုရင်လည်း အားကစားပွဲတွေကနေ အကြီးအကျယ် လူတွေ သေတဲ့အထိ ဖြစ်နေကြတာကို နှစ်စဉ်လိုလို သတင်းစာ၊ တီဗွီ၊ အင်တာနက်တို့ အပေါ်မှာတွေ့နေရတာပဲ။ ၁၉၈၉ ခုနှစ် တုန်းက “ဥရောပလူယဉ်ကျေး” များ ရဲ့ အင်္ဂလန်နိုင်ငံ ရှဲ့ဖီးလ်မြို့က ဟီးလ်စဘရားအဖြစ်ဆိုးကြီး (Hillsborough Disaster) လို့ နာမည်ကြီးတဲ့ ဘော့လုံးပွဲ ရန်ပွဲကြီးမှာ လူ ၉၄ ယောက်တောင် သေခဲ့တဲ့ မှတ်တမ်း ရှိတယ်ဗျ။ အခုအထိ အဲဒီနေရာမှာ နှစ်စဉ် ပန်းစည်းတွေချ၊ ဖယောင်းတိုင်တွေ ထွန်းကြတုန်း။ ဒါ့အပြင် ဒီလို အဖြစ်အပျက်တွေထဲက စံချိန်တင်ရတဲ့ အဖြစ်အပျက်တခုပြောရမယ်ဆိုရင် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားပွဲအတွက် ခြေစစ်ပွဲလုပ်တဲ့ ၁၉၆၉ခုနှစ်က အလယ်အမေရိကတိုက် ဟွန်းဒူးရပ်စ်နိုင်ငံနဲ့ အယ်လ်ဆာဗားဒိုး နိုင်ငံအသင်းတို့ရဲ့ ပွဲ။ ဒုတိယ အချီအဖြစ် ဟွန်ဒူးရပ်စ် နိုင်ငံရဲ့ မြို့တော်မှာ ကစားကြရင်း ပရိသတ်ချင်း ရန်ဖြစ်ကြရာကနေ ဘော့လုံးစစ်ပွဲ လို့ခေါ်တဲ့ နှစ်နိုင်ငံ စစ်ပွဲကြီး ဖြစ်တာတောင် ရှိခဲ့ပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင်လည်း ၁၉၆၉ခုနှစ် ကျွန်းဆွယ်အားကစားပွဲမှာ လက်ဝှေ့ပွဲ နေရာမလောက်တာကနေ ကျွန်းဆွယ်အရေးအခင်းဆိုတာကြီး  ဖြစ်ပေါ်ခဲ့တယ် မဟုတ်လား။ နောက်ပြီးဗျာ၊ မြို့တွေ ရွာတွေက ဘော့လုံးပွဲတွေမှာလည်း ရန်ဖြစ်လိုက်ကြတာ တခြိမ်းခြိမ်းပါ။ ဗမာပြည်မှာ အသင်းတွေ ဘာတွေထဲပါပြီး တကယ် ဘော့လုံးကစားဖူးသူမှန်သမျှ သူတို့ ဘော့လုံးသက်တမ်းအတွင်းမှာ (ရန်ဖြစ်တဲ့အထဲမှာ ကိုယ်တိုင် မပါရင်တောင်မှ) နှစ်ဘက်ရန်ဖြစ်တဲ့၊ ဘေးက ပရိသတ်တွေပါ ပါလာတဲ့ အတွေ့အကြုံတွေ အများကြီး ပြောပြနိုင်ပါတယ်။ အထက်က ကျွန်းဆွယ်အရေးအခင်းနဲ့ အချိန် မတိမ်းမယိမ်းမှာပဲ မန္တလေးမှာ ကျင်းပတဲ့ တိုင်း ဘော့လုံးတပွဲမှာ မကျေနပ်တဲ့ ပရိတ်သတ်က ခုံတွေကိုချိုး၊ ဖျက်ဆီးတာတွေရှိလို့ မန္တလေးတိုင်းအသင်းကိုပါ တနှစ်ပယ် လိုက်တာ ကျွန်တော်မှတ်မိနေပါတယ်။


ဒါထက်  ကျွန်တော် ဒီလိုရေးလို့ ဒီလို ရန်ဖြစ်တာ ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဘော့လုံးပွဲ နဲ့ ရန်ပွဲ မခွဲနိုင်တာကို ပြောတာ။ ဘောလုံးပွဲ ယဉ်ကျေးမှုရဲ့ အစိပ်အပိုင်းတခုလို့ တောင်ပြောရင်ရမလားပဲ။


            ဒါနဲ့များ ဒီကိစ္စကို ဒါလောက်ရေးကြီး ခွန်းကျ လုပ်နေကြတာလဲ။ လူမျိုးပါ ကိုင်တုပ်နေကြတာလဲ။ ကျွန်တော် စဉ်းစားမိ တာတွေကို အောက်မှာဝေမျှလိုက်တယ်ဗျာ။


            နံပတ်တစ် အချက်ကတော့ ဒီ အဖြစ်အပျက်ဟာ သူတို့ရဲ့ မင်းနေပြည်မှာ ဖြစ်တာမို့ပဲဗျ။  ဒီလို ထီးရိပ်နန်းရိပ်မှာ ဖြစ်ရသလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူနေတဲ့ ရွှေမြို့တော်မှာမှ ဖြစ်ရသလားဆိုပြီး ရွှေဘောတော်မကျ၊ ရှက်ရမ်းရမ်းတာ ဖြစ်တယ်။


            နံပတ်နှစ် အချက်က အဲဒီနဲ့ တဆက်ထဲ လူထု မကျေနပ်မှုတွေ၊ ပေါက်ကွဲတာတွေ ဖြစ်လာမှာကို စိုးတာပဲဗျ။ ပြောရရင် အထက်မှာ ပြောခဲ့တဲ့ ကျွန်းဆွယ်အရေးအခင်းလိုဟာတွေ သူတို့ရဲ့ မင်းနေပြည်တော်မှာ ဖြစ်လာမှာ စိုးတာပဲ။ ဘယ့်နှယ်- ဒါတွေကိုကြောက်လို့ ပြောင်းလာပါတယ်ဆိုပါမှ လာဖြစ်နေပြန်ပြီလို့ တွေးမိတာဖြစ်မှာ။ မှန်တာပြောရရင် အခုအခါမှာ ဒီ အစိုးရဟာ သူတို့ကိုယ်တိုင် ဖန်တီးတဲ့ လူမျိုးရေး - ဘာသာရေး အရေးအခင်းတွေက လွဲရင် တိုင်းပြည်မှာ ဘယ်သူ့ကိုမှ လမ်း ပေါ်တက် ဆန္ဒပြစေချင်တာ မဟုတ်ဘူးဗျ။ လမ်းပေါ်တက်တယ်ဆိုရင် တွေ့ကရာ ပုဒ်မနဲ့ တရားစွဲတော့တာပဲ မဟုတ်လား။ နောက်ပြီး သူတို့ရဲ့အလိုတော်ရိတွေကိုလည်း လမ်းပေါ်တက်တာ မကောင်းကြောင်း သဘောတရားတွေ ထူထောင်၊ ဟော ပြောခိုင်းနေတာပဲမဟုတ်လား။


            တတိယ အချက်ကတော့ မကြာမီ ကျင်းပတော့မယ့် ကျွန်းဆွယ်ပွဲအတွက် သူတို့ စိုးရိမ်တာပါပဲ။ လူထုဆန့်ကျင်မှု ထမင်းလုံးတစ္ဆေအခြောက်ခံနေရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အဖြစ်ပါဗျ။


            သူတို့ နားမလည်နိုင်တဲ့အချက်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လှည့်စားပြီး မသိချင်ဟန်ဆောင်နေတဲ့ အချက်တခုက ဒီနေ့လို ဗမာပြည်သားတွေရဲ့ ရာခိုင်နှုန်း ၉၀လောက်ရှိတဲ့ အလတ်တန်းစားနဲ့ ဆင်းရဲသားပြည်သူတွေ ဆင်းရဲကြပ်တည်း နေသမျှ မကျေနပ်မှုတွေ ပေါက်ကွဲထွက်လာတယ်ဆိုတာ နေရာတကာမှာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပဲဗျ။ ဘော့လုံးပွဲ မပြောနဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သီချင်းဖွင့်တဲ့ ကိစ္စလေးကနေ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာတာကိုပဲ ပြန် စဉ်းစားကြည့်ပါ။


            ကျွန်တော်ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူကြီးများကို ဖြစ်လာပြီဆိုရင် ထန်းလက်နဲ့ကာဖို့ မကြိုးစားကြပါနဲ့ လို့ပဲပြောချင်ပါတယ် ကိုဟိုဒင်းရေ။

                        ဘယာဘေးကွာဝေးကြပါစေ
                                           ယာတောကသာဗြော

No comments: