ရာစု-၂၀
အင်းဝကို ၂၂နှစ် ခံစား
၁။
အချိန်ကာလကို
လိမ်ညာလို့မရပါဘူး။
နာရီလက်တံဟာ
စက်သံမှန်သွားနေဆဲပါ။
ရောဂါထတုန်း
ကုန်းအော်နိုင်လည်း ခဏပေါ့။
အချိန်တန်ရင်
ရေခံမြေခံ အခြေမဟန်
ဘက်မမှန်နဲ့မို့
မှိုင်းအန်ပြီး
နေရာမှန်ပြန်ကျန်ပါလိမ့်မယ်။
၂။
အစိမ်းရောင်အောက်ခံ
အဖြူရောင်စာသားနဲ့
ချိတ်ထားတဲ့ ဆိုင်းဘုတ်က
ပါဠိဝေါဟာရကို
ဒေါသမျက်လုံးများဟာ
ခါးသီးစွာ အနက်ရှာနေကြပြီ။
သူတို့တွေငယ်ငယ်က
အာဂုံဆောင်လာရတဲ့
သဒ္ဒါသင်္ဂြိုလ်ထဲ
ပရိတ်ကြီးထဲ
ဖတ်စာအုပ်ထဲမှာ
‘သမဝါယမ’ ရယ်လို့
ရှာတွေ့ကြမှာ မဟုတ်ဘူး။
၃။
သုတေသနအကြောင်း
ကျောက်စာအကြောင်း
ဂန္ထဝင်အကြောင်း
ငြင်းကောင်းနေဆဲမို့
ဆွေးနွေးပွဲရောဂါထသူများ
ကြားလိုက်ကြဟန်မတူဘူး
“အာလူးလာမပေးနဲ့”
ခေတ်ကပေးတဲ့ ရင်ခုန်သံ။
၎။
ငတက်ပြားလို သူခိုးကမှ
အင်းဝမျိုးပီပီ
ရပ်တည်ချက်မှန်ပါသေးတယ်။
“တစ်လောကလုံး
အကျည်းတန်ဆုံးအရာဟာ
သစ္စာဖောက် မျက်ခွက်ပဲ” တဲ့
ရဲဘော်ရဲ့ စကားသစ္စာ
နားထဲမှာ စွဲနေတုန်း။
တာဝန်သိသူ
တာဝန်ရှိသူများရဲ့
တာဝန်မဲ့မှုမျက်ခွက်ဟာ
စက်ဆုပ်စရာကောင်းတယ်။
၅။
“မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေ့မယ်”
ပျောက်ကွယ်လုလု
ရာစုနှစ်ဆယ်အင်းဝရဲ့
မကွယ်ပျောက်သေးတဲ့
လူထုတေးတစ်ပုဒ်ဟာ
နုပျိုချိုမြဆဲပါ။
မောင်မှိုင်းလွင်(အင်းဝ)
“မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေ့မယ်” ကဗျာများ (၁၉၇၃-အင်းဝ)
No comments:
Post a Comment