Saturday, November 30, 2013

အဖေ့ကောက်ကြောင်းတစ ရေးသူ - မိုးမိုးစံ


[တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်မှ ကူးယူဖော်ပြပါတယ်]


အဖေ့ကောက်ကြောင်းတစ
ရေးသူ - မိုးမိုးစံ

၁၉၉၀ နိုဝင်ဘာ (၁၇) ရက်တွင် အမေ ကွယ်လွန်သည်။

အရင်က သေခြင်းတရားနှင့် တခါမျှ တေ့တေ့ဆိုင်ဆိုင် ရင်မဆိုင်စဖူး၊ တိုက်ရိုက်မပါတ်သက် စဖူး။ ရင်ဆိုင်ရတော့ မိသားစု (၇) ယောက်တွင် အချစ်ရဆုံး၊ အရေးပါဆုံး မိခင် မမျှော်လင့်ဘဲ ကွယ်လွန်သွားသည်။ ခံစားရသည်မှာ နှိုင်းယှဉ်စရာမရှိ။ ပူလောင်လိုက်သည်မှာ ပြောစရာ မရှိတော့။ နေ့စဉ် မျက်ရည်များသာ တွေတွေ ကျနေသည်။ အဖေ့အသက် (၅၇) ပြည့်သည့် မွေးနေ့တွင် အမေ့ကို သဂြိုဟ်သည်။ အဖေ့ကို သနားလှသည်။ မိခင်မဲ့ မောင်လေး ညီမလေးများကို သနားလှသည်။ ပူဆွေးလှသည်။ အဲဒီမှာ အဖေ့စကားသည် မိမိစိတ်ကို တည်ငြိမ်စေသည်။ အမေ့ကို ပူလောင်ခြင်းနှင့် သတိမရနဲ့ သမီး။ အေးမြခြင်း၊ ကြည်ညိုခြင်းနဲ့သာ သတိရပါတဲ့လေ။ အဲဒိ စကားလေးက အလွမ်းမီးတွေကို ငြိမ်းသတ်စေပါတယ် ဖေဖေ။ ဘဝမှာ ခွန်အား ဖြစ်စေပါတယ် အဖေကြီး။

၁၉၉၁ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အဖေ အဖမ်းခံရသည်။

ေ၇ွှတောင်ကြီး ပြိုပြီ။ မိသားစု ချမ်းသာရေး စီးပွါးရေး တခါဖူးမျှ မပြောဘူးသော အဖေ။ စာပေကို ချစ်သော၊ နိုင်ငံကို ချစ်သော၊ လူငယ်တွေကို ချစ်သော၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သော၊ ရိုးသားမှုကို ချစ်မြတ်နိုးသော၊ အမှန်တရားကို ချစ်သော၊ မိသားစုကို ချစ်သော အဖေ အဖမ်းခံရပြီ။ အင်းစိန်ထောင်မှ ဘားလမ်းအချုပ်သို့ (၂) ပတ်တခါ ရမန်ယူရန် ထောင်ကားပြာကြီး ပေါ်မှ ဆင်းလာတာကို အချုပ် (၈) လတာကာလတွင် သွားတွေ့ရ သည့်အခါ မကြည့်ရက် မမြင်ရက်။ ဖိနပ်မပါ၊ လက်ထိပ်နှင့် ထောင်ကားပြာကြီး ပေါ်မှာ။

မိမိနှင့် ရင်းနှီးလာသည့် ပတ်ဝန်းကျင်က စာသံပေသံများ၊ စာသမား ပေသမားများ၊ မိသားစု စကားဝိုင်းကလည်း စာပေအကြောင်းသာ ဖြစ်ခဲ့။ ဖတ်သမျှ စာများ၊ တွေးမိသမျှ အတွေးအခေါ် များ၊ ခံစားမိသမျှများ ငြင်းကြခုံကြသည်သာ။ ပျှော်ရွှင်ပီတိ။

ယခု တွေ့ကြုံရသည့် ထောင်ပတ်ဝန်းကျင်က အသစ်။ ခါးသီးလှတဲ့ အသစ်။ ထောင်တို့ တရားရုံးတို့ ရဲဌာနတို့ စစ်ခုံရုံးတို့ ဆိုတာ ပတ်သက်လာရ လိမ့်မည်ဟု တသက်လုံး မတွေးခဲ့ မမျှော်လင့်ခဲ့။ အထီးကျန်သည့်အဖေ အထဲမှာ ဘယ်လိုနေမလဲ။ ဘယ်လို အနှိပ်စက် ခံရမလဲ။ လွတ်လပ်မှုကို မြတ်နိုးသည့် အဖေ ဘယ်လို ခံစားရမလဲ။ ဘယ်လို အိပ်ရသလဲ။ ဘယ်လို စားရသလဲ။ ဘာတွေ တွေးနေသလဲ။ ကျန်းမာရေး ကောင်းရဲ့လား ဖေဖေ။ ချောင်းတွေ အရမ်းဆိုးနေလား ဖေဖေ။ ဆေးလိပ် ရရဲ့လား ဖေဖေ။ စာမဖတ်ရ၊ စာမရေးရတဲ့ ဘဝဟာ အဖေ့အတွက် ငရဲဖြစ်မှာပါ ဖေဖေ။ အပြင်ကလူတွေနဲ့ အထဲကလူတွေ မျက်ရည်ကြိုးစက် များနှင့် ချည်နှောင်ထားသည့် ကာလများ။ အမှန်ဟာ အမှား၊ အချိုဟာ အခါးဖြစ်သော ကာလများ။

အကျဉ်းကျ ကာလများ (၂) ပတ်တခါ ထောင်ဝင်စာတွေ့၊ တခါတွေ့ နှစ်ယောက်၊ တခါတွေ့ ဆယ့်ငါးမိနစ်။ မောင်နှမ ငါးယောက် (၂) ပတ်တခါ အလှည့်ကျတွေ့။ ဆယ်ငါးမိနစ် တွေ့ဖို့ တနေကုန်စောင့်။ အထဲက လူကလည်း အလှည့်စောင့်။ အပြင်ကလူကလည်း အလှည့်စောင့်။ တွေ့ရတဲ့ ဆယ့်ငါးမိနစ် ကာလမှာ အဖေ့မျက်နှာ ဝင်းပပ။ ချစ်စရာ အလွန်ကောင်းတဲ့ အဖေ။ လုံးဝ စိတ်ဓာတ်မကျ။ အဖေနဲ့ တွေ့ပြီး ပေါ့ပါးလာ၊ ပျော်ရွှင်လာ၊ သတ္တိရှိလာသည်ချည်းသာ။ ထောင်အတွင်းမှ မိတ်ဆွေအသစ်များ အကြောင်း မြိန်ရေယှက်ရေ ပြောတာ နားထောင်ရ။ တခါမှ အဖေ စိတ်ညှိုးငယ်တာ မတွေ့ခဲ့ရ။ သမီးတို့ စိတ်အားငယ်မှာ စိုးလို့လား ဖေဖေ။

၁၉၉၁ မှ ၁၉၉၅ - အဖေထောင်ကျနှစ်များ။

ဒုက္ခရောက်တဲ့ အချိန်မှာ လူ့အကြောင်း ပိုသိရသတဲ့။ အဖေ့ မိတ်ဆွေအပေါင်း အသင်းတွေရဲ့ ကျေးဇူးကို ပိုသိရပါတယ်။ ထောင်ကျနိုင်ငံရေး မိသားစုတွေ နေအိမ်ကို လူတွေ မလာရဲ၊ မသွားရဲ၊ မပါတ်သက်ရဲတဲ့ ကာလကြီးမှာ အဖေ့အိမ်မှာ မိတ်ဆွေတွေ တဖွဲဖွဲပါ အဖေကြီး။ သားသမီး ငါးယောက်ကို အားမငယ်ရအောင် လာအားပေးသူတွေနဲ့ အဖေ့အတွက် ထောင်ဝင်စာ သွားတဲ့အခါ ထည့်ပေးပါဆိုပြီး ငွေကြေးက တမျိုး၊ အစားအသောက်တွေ လက်ဆောင်တွေက တဖုံနဲ့ အားရှိ ကြည်နူးခဲ့ရပါတယ်။

အဖေတို့ အမေတို့ အမြဲပြောသလို တို့မှာ စိန်ရွှေရတနာ မရှိဘူး၊ မိတ်ဆွေ ရတနာသာ ရှိတယ် ဆိုသလိုပါဘဲ။ အဖေ့မိတ်ဆွေတွေ မနည်းပါလား၊ အမာခံတွေပါလား၊ မျက်ရည်ကျ မတတ် ကြည်နူးခဲ့ရပါတယ်။ ငါတို့လည်း သူများ ဒုက္ခရောက်တဲ့ အချိန်မှာ ဒုက္ခတွေကို ဝိုင်းကူ ထမ်းမယ်။ ဝိုင်းလက်တွဲမယ် ဆိုတဲ့ အဖိုးတန်တဲ့ လောကအသိတရား ရာသက်ပန်အတွက် ရခဲ့ပါတယ်။ ရိုးသားမှု မှန်ကန်မှုရဲ့ တန်ဖိုးကြီးမှန်း သိခဲ့ရပါတယ်။ ကျေးဇူးကြီးလှပါတယ် ဖေဖေ။

၁၉၉၅ ဖေဖော်ဝါရီ (၄) ရက်။

အဖေ ထောင်က လွတ်ပါတယ်။

၁၉၉၅ ဧပြီလ (၉) ရက်။

သင်္ကြန်အတွက် နိုင်ငံရေး လှုံ့ဆော်စာ သံချပ်ရေးတယ်ဆိုပြီး အဖေ့ကို မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးကို လာတွေ့ပါဆိုပြီး SB တယောက်က အိမ်ကို စာလာပေးပါတယ်။ အဖေနဲ့ ကျွန်မ ချိန်းထားတဲ့အချိန်မှာ သွားတွေ့ကြပါတယ်။ ကျွန်တော် ယခုအချိန်ထိ သင်္ကြန်သံချပ် တခါမှ မရေးဖူးပါလို့ ပြောခဲ့တာ ကြားယောင်မိပါတယ်။ နောင်ကို နိုင်ငံရေး လှုံ့ဆော်တဲ့ သင်္ကြန်သံချပ် ရေးသားပါက ပြစ်ဒဏ်ကျခံရမည်ကို သိရှိပါသည်ဆိုတဲ့ စာကို လက်မှတ်ထိုးခိုင်း ပါတယ်။

သားအဖနှစ်ယောက် အိမ်ကို ခေါင်းငိုက်စိုက်ချ ပြန်လာကြသည်။ အဖေ့ကို ရမယ်ရှာနေပြီ။ မောင်နှမတွေ တိုင်ပင်ကြသည်။ အဖေ ထပ်အဖမ်းခံ ရနိုင်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံ ရောက်နေသော ညီမ မိုးမိုးနှင်း ဆီ ပို့ကြရအောင်။ အဖေ့ကို ထောင်ထဲမှာ မမြင်ရက်တော့။ အဖေ အသက် (၆၆) နှစ်ထဲ ရောက်လာပြီ။ အဖေ့ကို ထောင်ထဲမှာ အသေမခံနိုင်ဘူး။ အဖေ့နာမည်ရင်း ဦးဘဂျမ်းနှင့် ပတ်စ်ပို့ လုပ်သည်။ စွန့်စားခန်းများ။ အခု ပြန်စဉ်းစားလိုက် တော့ အဖေက အားတက်သရော မရှိလှ။ အဖေ့ကြည့်ရတာ တွေတွေဝေဝေလေး။ မဆုံး ဖြတ်တတ်သည့်ပမာ။ တကြိမ်တခါမှ နိုင်ငံရပ်ခြား မသွားဖူးသည့် အဖေ။ စိတ်အားငယ် သည်လား။ သေသေချာချာ မစဉ်းစားမိခဲ့။ အဖေလွတ်မြောက်ဖို့ပဲ စိတ်သန်နေခဲ့သည်။ သည်ကြားထဲ ကိုးလေးလုံးအတွက် အဖမ်းအဆီးများလည်း ကြားနေရသည်။

၁၉၉ ခု၊ သြဂုတ်လ (၁၁) ရက်။

သမီး မိုးမိုးနှင်းရှိရာ ဘယ်လ်ဂျီယမ်းနိုင်ငံ အန့်တဝပ်မြို့သို့ စင်္ကပူ လေကြောင်းလိုင်းဖြင့် တိတ်ဆိတ်စွာ ထွက်ခွါသွားပါပြီ။ သူ ချစ်လှစွာသော မြန်မာပြည်ကြီးကို မည်သည့်အခါမျှ ပြန်လာရမည် မဟုတ်ကြောင်း မည်သူ သိအံ့။

၁၉၉၉ - ၂၀၀၇ မြန်မာပြည် ပြည်ပကာလများ။

ထိုကာလများတွင် နိုင်ငံပေါင်း တော်တော်စုံစွာ ရောက်သည်။ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ သြစတြေးလျ၊ အင်္ဂဂလန်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဂျာမဏီ၊ ပြင်သစ်၊ လူဇင်းဘတ်၊ အီတလီ၊ စပိန်၊ နော်ဝေ၊ ကနေဒါ၊ အမေရိက စသည့် နိုင်ငံများသို့ အလည်အပတ် အားဖြင့်သော်လည်းကောင်း၊ စာပေဟောပြောပွဲ သဘောမျိုးဖြင့် သော်လည်းကောင်း၊ ရောက်သည်။ ရောက်သည့်နေရာတွင် အဖေ့ကိုချစ်သော အဖေက ချစ်သော စာပေမိတ်ဆွေ၊ နိုင်ငံရေးမိတ်ဆွေ၊ တပည့် မိတ်ဆွေများနှင့် တွေ့ရ၍ ပျော်ရွှင်သည်။ သမီး မိုးမိုးနှင်းရှိရာ ဘယ်လ်ဂျီယမ်နိုင်ငံတွင် သော်လည်းကောင်း၊ သမီး မိုးချိုသင်းရှိရာ အမေရိကန် နိုင်ငံတွင် သော်လည်းကောင်း၊ တလှည့်စီ နေထိုင်သည်။ စီးပွါးရေးအရ၊ နေမှုထိုင်မှု အဆင့်အတန်းအရ အဆင်ပြေသည်ပဲ။ သို့သော်အဖေ၏ အလွမ်းနှစ်များ။ မြန်မာပြည်ကိုပဲ ပြန်လာချင်သတဲ့။ အချိန်ရှိသမျှ မြန်မာပြည်ကြီးကိုပဲ လွမ်းဆွတ်နေသတဲ့။ မြန်မာပြည်အရေးပဲ ခေါင်းထဲမှာ စိုးမိုးရှိနေတဲ့ ဖေဖေ။ နေ့တိုင်း တနေ့ကို ကဗျာ ၃ - ၄ ပုဒ် ရေးတဲ့ အဖေ။ ပြည်ပတွင် (၈)နှစ်တာမျှ လွန့်လွန့်လူးလူး နေထိုင်ရင်း ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်တွင် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့မှ တဆင့် လူ့လောကမှ ထွက်ခွါ သွားပါပြီ။

တင်မိုး ၈၀ ကဗျာ ၈၀။

၂၀၁၃ ခု နိုဝင်ဘာလ (၁၉) ရက်တွင် အဖေ အသက် (၈၀) ပြည့်ပါပြီ။ အသက် (၈၀) ပြည့် မွေးနေ့အတွက် ကဗျာစာအုပ်လေး အမှတ်တရ ထုတ်မည်ဟု ညီမ မိုးမိုးနှင်းက စိတ်ကူး စီစဉ်ပါသည်။ တင်မိုး ၈၀ ကဗျာ ၈၀။ ကိုလင်းဝဏ္ဏနှင့် ဇနီး မရည်မွန်တို့မှ စာအုပ်ထုတ်ဝေရေး ကိစ္စ အစစ အရာရာ ကူညီဆောင်ရွက်ပေးပါသည်။

အဖေ့ လွယ်အိတ်ကြီး ပန်းချီဆရာ ယဉ်မင်းပိုက်မှ ကဏ္ဍအလိုက် သရုပ်ဖော်များ ရေးဆွဲပေး ပါသည်။ ကျေးဇူးအလွန် တင်ရပါသည်။ ဤ ကဗျာ (၈၀) တွင် တပုဒ် နှစ်ပုဒ်စ မှ လွဲ၍ အများစု မှာ မြန်မာပြည်ပြင်ပတွင် ရေးသော ကဗျာများ ဖြစ်ပါသည်။ မြန်မာပြည် အလွမ်းများနှင့်၊ ဒီမိုကရေစီအရေး စိတ်ကူးမိသမျှ ခံပြင်မိသများသာ ထုံမွှမ်းနေသည်ကို တွေ့ရှိရပါမည်။ မိသားစု အလွမ်းကဗျာ များလည်း ချန်မထားချင် ပါသဖြင့် ထည့်ထားပါသည်။ ချစ်သောမျက်စိဖြင့် ဖတ်ရှုနိုင်မည် ထင်ပါသည်။ အင်တာနက် ဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များ၊ ဖေ့စ်ဘွတ်များတွင် တင်ထားပြီးသား ကဗျာများလည်း ပါဝင်ပါမည်။

မိသားစုအတွက် ခင်ပွန်းကောင်း၊ ဖခင်ကောင်းဖြစ်သော ကျေးဇူးကြီးလှသော ဖေဖေ၊ ဘဝတလျှောက်လုံး ရိုးသားဖြောင့်မတ် မှန်ကန်ခဲ့သော လောကကြီးတွင် အလှကိုယ်စီ ရှိသည်ဟု ချစ်ခင်စိတ်ဖြင့် အကောင်းမြင်တတ်သော၊ မိမိအလင်းဖြင့် ပတ်ဝန်းကျင်ကို ဖန်မီးအိမ်ဖြင့် ထွန်းညှိအလင်းပေးသော၊ အမှန်တရားအတွက် သစ္စာရှိခဲ့သော လူသားကောင်းတယောက် ဖေဖေ၊ မြန်မာ့သမိုင်းတွင် အကြီးကျယ်ဆုံး သမိုင်းမှတ်တိုင် ဖြစ်သည့် ၁၉၈၈ အရေးတော်ပုံကာလ၊ ဒီမိုကရေစီတိုက်ပွဲ ကာလကြီးတွင် နိုင်ငံအရေးကို ကလောင်ဖြင့် ကိုယ်ကျိုးစွန့် တိုက်ပွဲ ဝင်ခဲ့သည့်၊ ပြည်သူဖက်က ရဲရဲရင့်ရင့် ရပ်တည်ခဲ့သည့် စာပေတာဝန်၊ နိုင်ငံသားတာဝန် ကျေပွန်ခဲ့သည့် ကဗျာဆရာ ဖေဖေကို ချစ်မြတ်နိုးစွာ တန်ဖိုးထားစွာဖြင့် ထိပ်တွင်တင်မိုး ရှိခိုး ကန်တော့ လိုက်ပါတယ် ဖေဖေ။ အမေ ကွယ်လွန်စဉ် က အဖေ ဆုံးမခဲ့သလို အဖေ့ကို ကြည်လင်အေးမြသော စိတ်၊ ကြည်ညို ဂုဏ်ယူသော စိတ်  ဖြင့်သာ သတိရပါမည် ဖေဖေ။

မိသားစုနှင့် ဝေးကွာသော အကျဉ်းစံကာလများတွင် အဖေက သားအရင်းများသဖွယ် ချစ်ခင်ခဲ့၍ အဖေ့ကို ဖခင်ရင်းသဖွယ် နွေးထွေး ကြင်နာစွာ စောင့်ရှောက်ခဲ့ကြသော စာချစ်သူ၊ နိုင်ငံချစ်သူများအားလည်းကောင်း၊ အေးမြသော အရိပ်နေရာ ခိုလှုံခွင့်ပေးခဲ့သော ဒီမိုကရေစီ နိုင်ငံများအား လည်းကောင်း၊ ကျေးဇူးတင်လျက်၊ လေးစားလျက်။ ရာသက်ပန် ချစ်ခင်လျက်။

သားသမီးမြေးတို့ နားမနီးဝေး မဖြစ်အောင် ကြိုးစားပါမည် ဖေဖေ။


မိုးမိုးစံ
၃၀ - ၁၀ - ၂၀၁၃။

Friday, November 29, 2013

ဂျမ်းကိုပင်တမ်းတလိုက်ပါတယ်… ရေးသူ - အေးဝင်း(လမင်းတရာ)


ဆရာကြီးမှိုင်း အသက်ထင်ရှားရှိစဉ်ခေတ်ကို သိမီလိုက်သူတွေ ပြောလေ့ရှိတာ တခုရှိတယ်။ "ဆရာကြီးသာ ခုနေများ ရှိခဲ့လျင်……" လို့ တဲ့။ တမ်းတလို့ မျှော်ကြတယ်။ ဆရာကြီးက သူပြောစရာ ဆိုစရာရှိလျှင် မထောက်မညှာ ပြောလေ့ရှိတာကိုး

ကိုယ်တို့က မှိုင်းကို မမြင်လိုက်ရဘဲ၊ မှိုင်း စာတွေနဲ့ပဲ ထိတွေ့ရတာ..။ တကယ်ကြီးခဲ့ရတာ ဂျမ်း တို့ခေတ်..။ ငယ်ဘဝမှာ တမြည်မြည် ရွတ်လာခဲ့ရတာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး..။ ဒီတော့ မှိုင်းကို ရှိခိုးဦးညွတ်ပြီး သကာလ၊ ဂျမ်းကို လွမ်းမျှော်လို့ တ, လိုက်ပါတယ်

ဆရာဂျမ်း ၈၀ ပြည့်မှာ ဆရာ့ချစ်သမီးတွေက "တင်မိုး ကဗျာ ၈၀" ကို ထုတ်ဝေလိုက်ပါတယ်။ ဖခင်ကြီးနဲ့ မိခင်ကြီးကို ဦးထိပ်ထားတဲ့ မိုးညီအစ်မလေးယောက် (စံ-အေး-နှင်း-ချို) တို့က "မိုးနဲ့စမ်း" စာအုပ်တိုက်လို့ စာပေထုတ်ဝေရေး နယ်ပယ်မှာ ခြေလှမ်းသစ်တရပ် လှမ်းလိုက်တယ်.။ မကြာသေးခင်ကလည်း စာအုပ်တိုက်တခုက "တင်မိုးကဗျာပေါင်းချုပ်" ဆိုပြီး စာအုပ်တအုပ်ထွက်လာသေးတယ်။

ဂျမ်းစာတွေကို ဖတ်လိုက်တိုင်း ဂျမ်း သဏ္ဍန်ဟာ မျက်စိထဲမှာ ပီပီပြင်ပြင် ထင်လာတယ်။ သူ့သဏ္ဍန်မှာ ရိုးသားခြင်း နဲ့ ဟန်ဆောင်မှု ကင်းစင်ခြင်းက ရှေ့ဆုံးက

တင်မိုးကဗျာ ၈၀ ထဲမှာ "ရီယိုဟွန်ဒိုမှ ရန်ကုန်တက္ကသိုလ်သို့" . တဲ့။ သမီးကို ကောလိပ်ကြိုပို့လုပ်ရင်း ဂျမ်းဟာ "ရီယိုဟွန်ဒိုကောလိပ်" ကို မကြာခဏရောက်တယ်။ သမီး အတန်းတက်နေရင် သူက စာအုပ်လေးတအုပ်နဲ့ အတန်းနီးပါးက ခုံတန်းမှာ စာဖတ်ရင်း ငိုက်နေရှာတယ်။ ကိုယ်လည်း ဂျမ်းနဲ့ အဲဒီကျောင်းကို အတူလိုက်ဖူးတယ်။ သူ့ ကဗျာထဲကလိုပဲ "ကျောင်းပတ်လည် ခံစား." မိတယ်။ ဂျမ်းကတော့ ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကို ရင်ထဲက ဖွင့်ထုတ်လိုက်တယ်.။

".တို့အရေးတွေ ဟစ်အော်
တကြော်ကြော် တောင်းဆိုရင်း
ကျောင်းထဲကို မရောက်
မြောင်းထဲကို ရောက်သွားကြလေရော့သလား"

ဟုတ်ပါတယ်. ဆရာရယ်၊ ကျနော်တို့ ရဲဘော် ကျောင်းသားလေးတွေ အများစုဟာ မြောင်းထဲ ရောက်သွားကြပါတယ်။

ဂျမ်းသာ ခုနေခါရှိရင် မြောင်းထဲမရောက်ပဲ၊ ရန်သူစစ်အစိုးရရဲ့ သွေးစွန်းလက်တွေကို မရှက်မကြောက် ဆုပ်ကိုင်ပြီး ဝီစကီတွေ ခွက်ချင်းတိုက်နေကြတဲ့ ကောင်တွေကို ပစ်ပစ်နှစ်နှစ် ရေးမှာ သေချာတယ်။ ဒါကြောင့် ပြောတာ.. "ဂျမ်းသာရှိခဲ့လျှင်.." လို့။

"ကာရန်ပျက်နေတဲ့ညများ"  ဆရာက -
" ရန်သူ့ဖိနပ်တိုက်ပြီး
မုန့်တကိုက်နဲ့ ဇာတ်သိမ်း
သီချင်းငြိမ့်ပြီး မှိန်းနေဦးမလို့လား." ဆရာရေးတယ်။ ရန်သူကို ဖိနပ်နဲ့ပေါက် စတန့်လုပ်တဲ့ ငနဲကို  ခုနေများ ဆရာရှိရင် ကာရန်တွေ ဘယ်လို ထွက်လာမလဲ။ ဂျမ်းကို လှမ်းလို့ မျှော်ပါ၏။

"မှတ်တမ်းရုပ်ရှင်တချို့" ကဗျာထဲ -

"ရှစ်လေးလုံးအရေးတော်ပုံ

ပစ်ခတ်ကျောင်းသား
စစ်တပ် သူတောင်းစား
ပြည်သူများသေ
လမ်းပေါ်က သွေးတွေ
ပြည်သူသတ်တဲ့ ဒီစစ်တပ်ကို
အမှတ်တရ ကမ္ဘာမကြေ……" တဲ့။
ပြည်သူတွေရဲ့ သွေးအလိမ်းလိမ်း စွန်းထင်းနေတဲ့ ဒီလမ်းတွေပေါ်မှာ ရန်သူ့ ကားပါမစ်နဲ့ ရတဲ့ ဇိမ်ခံကားကြီးတွေနဲ့ တက်ကြိတ်နေပါပြီ.။

ဂျမ်းသာရှိရင် ဘာပြောမလဲ..။ ငါတို့ ကြားချင်လိုက်တာနော်……..။

အေးဝင်း(လမင်းတရာ)

Tuesday, November 19, 2013

“အိုလေ..စံကာမြန်းသည် မန်းလေးထောင်ဆီ တိုင်းလေးဌာနီ” ရေးသူ - အေးဝင်း(လမင်းတရာ)





“နောင်ကျော်” က သူ့စာအုပ်ကို ”နေရစ်တော့မန္တလေးထောင်”… တဲ့။

နရသိန်မဂ္ဂဇင်းမှာ သူရေးခဲ့တာတွေ စုစည်းပီး စာအုပ်အဖြစ်ထုတ်မယ် စီစဉ်တော့ “နေရစ်တော့မန္တလေးထောင်” တပုဒ်ကို ထပ်ရေးပီး ၊ ဆောင်းပါး ၁၅ ပုဒ် စုစည်းထုတ်ဝေပါတယ်။ လင်းသစ်ရောင်စဉ် စာပေက ၂၀၁၂ ခုနှစ် မတ်လမှာ ပထမအကြိမ် ထုတ်တာ ဖြစ်ပါတယ်။

ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ မြန်မာစာဌာနမှာ နည်းပြဆရာလုပ်နေတုန်း ၁၉၈၉ ဇူလိုင် ၁၂ ရက်မှာ နဝတ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပါတယ်။ ၂၀၀၃ ခုနှစ် ဧပြီမှာ မန္တလေးထောင်က ပြန်လွတ်တယ်။

ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ စာပေစိစစ်ရေးကို ဖြတ်သန်းရတဲ့ ခေတ်ကာလမို့ သူ့အတွေအကြုံကို ခပ်ပါးပါးပဲ ရေးခဲ့တာဖြစ်ပြီး၊ ရေးနိုင်တဲ့အချိန်မှာတော့ ထောင်ထဲနေရတဲ့ ကာလရှည် (၁၄) နှစ် ထဲက အတွေ့အကြုံတွေကို ပြန်ရေးအုန်းမယ်လို့ အမှာစကားမှာ ဆိုပါတယ်။

ထောင်ကျလို့ အင်းစိန်ထောင်မှာနေပြီး တနှစ်အကြာမှာ မန္တလေးထောင်ကို ပြောင်းနေရတာ၊ ၂၀၀၃ ခုနှစ် မှ မန္တလေးထောင်က လွတ်လူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်က နောင်ကျော် ဖြတ်သန်းတဲ့ ကာလတွေကို “အိုလေ စံကာမြန်းသည် မန်းလေးထောင်ဆီ တိုင်းလေးဌာနီ..”  လို့ပဲ ဆိုလိုက်ချင် ပါတယ်။

မန္တလေးတောင်ကို မျက်နှာမူထားတဲ့ အဆောင်တွေ၊ တိုက်တွေမှာ ဆယ်စုနှစ်နဲ့ ချီ နေခဲ့တာ… “အိပ်ရာမှထ မျက်စိကို ဖွင့်၍ ထထိုင်ပြီး တိုက်ဝ သံတိုင်ကြားမှ၊ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် မန္တလေးတောင်ထိပ်များကို နိစ္စဓူဝ မြင်တွေ့ရတယ်…” လို့ ရေးထားပါတယ်။

“ခရီးအကြိုကာလ.. တို့ဘဝကစွယ်တော်ရွက်လို” ဆောင်းပါးထဲမှာ ထောင်ကျလို့ အင်းစိန်ထောင်မှာနေပီး တနှစ်ကြာမှာ လူပေါင်း (၆၄) ယောက်ကို နှစ်ယောက်တတွဲ သံခြေကျင်း ပူးခတ်ပြီး မီးရထားနဲ့ မန္တလေးထောင်ကို ပို့ပုံ ရေးထားတာ ရင်နင့်စရာကို ခပ်သွက်သွက် ပေါ့ပေါ့ပါးပါး ရေးထားပါတယ်။

သံခြေကျင်းကွင်း ၂ ကွင်းအနက် ညာဘက်ကွင်းကို နောင်ကျော့် ညာခြေမှာခတ်၊ ဘယ်တကွင်းကို အခြားတယောက်ရဲ့ ဘယ်ခြေမှာခတ်ထားတာမို့… သူတို့ယောက်ရဲ့ လှုပ်ရှားပုံဟာ ပကတိ ဘယ်ခြေ ညာခြေ  ကြွ- လှမ်း-ချ- ညီ  ရပါတယ်။ တယောက်က မိလ္လာတက်ရင် တယောက်က မျက်နှာလွှဲ နှခေါင်းပိတ် ထိုင်နေရပုံမှာ စာဖတ်သူကို ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ နှစ်လွှာပေါင်းမှ တရွက်ဖြစ်သော စွယ်တော်ရွက်လို နှစ်ကွင်းပေါင်းမှ တခုဖြစ်တဲ့ သံခြေကျင်းထဲ နှစ်ယောက်သား ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်ပါသလဲတဲ့…..။

စာအုပ်ရဲ့ အဖွင့်စကားမှာ နောင်ကျော် ဝန်ခံထားတာ ဒီစာအုပ်ရဲ့ အဓိက ဦးတည်တဲ့ ပရိသတ်ဟာ ထောင်အတွေ့အကြုံ မရှိဖူးတဲ့ စာဖတ်ပရိသတ် အတွက်ပါတဲ့…။

“မြန်မာမှန်လျှင်ငပိကြိုက်သည်..”  ထဲမှာ အသက်မသေအောင် ထောင်အစာကို အားထုတ်ပြီး စားရတဲ့အတွက် နောင်ကျော်တို့ လူစုဟာ တခုတည်းသော အမာခံအစာ ငပိကြောင့် သွေးပေါင်ချိန် တိုင်း လိုက်တိုင်း ဆရာဝန်က သွေးတိုးလက္ခဏာ ရှိတယ်လို့ မှတ်ချက်ပေးပါတယ်..။

“သီချင်းဆို၍စိတ်ကိုချော့ခဲ့ရသောညများ” ထဲမှာ အဆောင်မှာ တခါတလေ သီချင်းဆိုကြတဲ့ အစီအစဉ်ကို ရေးပါတယ်..။ အစီအစဉ် ကျေညာသူ ကိုအောင်ချစ်က သီချင်းဆိုဖို့ လူခေါ်ထုတ်ရာမှာ အရွှန်းလေး အသောလေးတွေ ဖက်ပြီး..ကာတွန်းဝင်းအောင်ကို ပွဲထုတ်ပုံကို ကြည့်…” မန်းထောင်က - လွမ်းကောင်ကြီး - ဝင်းအောင်”… ပါတဲ့။

နောင်ကျော်ဟာ ထောင်ကျပြစ်ဒဏ်ကို ဆယ်နှစ်ပြည့်ပြည်ဝဝ နေရပြီး စစ်အစိုးရက အချုပ် ပုဒ်မ (ထိန်းသိမ်း) နဲ့ ဆက်လက် ချုပ်ထားတာမို့ အချုပ်သား နေသား သုံးနှစ်ခွဲပြည့်ရန် ရက်ပိုင်းအလိုမှာ စိတ်နာမကျန်းမှု ဖြစ်လာခဲ့ပါတယ်။

နားထဲမှာ နောင်ကျော်ကို အခု သွားသတ်မယ်..၊ သွားသတ်မယ် ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာပါတယ်..။ တာဝန်ကျအမှုထမ်းကို ပြောပြတော့ အမှုထမ်းက ပထမတော့ ရယ်သလို မောသလို မကြားချင်ယောင် ဆောင်နေလိုက်လို့ ပြောပါတယ်။ နောက်တော့ နားထဲဆို့ဖို့ ဂွမ်းတွေ အများကြီးယူလာပေးပါတယ်…။

နောင်ကျော့်လို စိတ်မကျန်းမာ ဖြစ်ပြီး ဒီနေ့ထိ ဆေးကုလို့ မပျောက်နိုင်သေးတဲ့ ဒေါက်တာဇော်မင်း၊ ကိုသန်းနိုင် (ယခုအမေရိက) တို့ ရှိသေးတာ ကျနော် ကြားဖူးပါတယ်။

ထောင်ထဲ နေတဲ့ ဆယ့်လေးနှစ်ပြည့်ဖို့ နှစ်လ အလိုလောက်မှာ နောင်ကျော် လွတ်တော့ တိုက်ထဲမှာ ဆက်ချုပ်ထားပြီး လွှတ်မပေးသေးတဲ့ ကိုတင်အေးကြူကို သွားနှုတ်ဆက်တော့ ကိုတင်အေးကြူက
“ဟာ….. ဗိုလ်နောင်”
“ကိုမှိုင်းကို လေးစားပါတယ်ဗျာ၊ ကျွန်တော်ကတော့….”
”ဗိုလ်နောင်၊ ခင်ဗျား ကျန်းမာရေးကို ကျွန်တော် သိနေတာပဲ၊ ကျွန်တော် နားလည်တယ်၊ ခင်ဗျား ကျန်းမာရေးက ပိုအရေးကြီးတယ်၊ ကျန်ဒါတွေ ထားလိုက်တော့…”
“တကယ်လေးစာပါတယ် ကိုမှိုင်း၊ ကဲ … ကျွန်တော်သွားပြီ”
ကျနော်ကတော့ ၁၄ နှစ်ကာလရှည်ထဲက အတွေ့အကြုံတွေကို နောင်ကျော်ပြန်ရေးမယ်ဆိုတာ ဖတ်ရတော့မယ်လို့ မျှော်လင့် တောင့်တနေပါတယ်..….။

အေးင်း (လမင်းတရာ)
၁၉ နိုဝင်ဘာလ၊ ၂၀၁၃ ခုနှစ်။

Monday, November 4, 2013

ပန်းတွေအကြားမှာအရက်တအိုး ရေးသူ - တရုတ်ကဗျာဆရာ လီပိုင်






 


   
သီတင်းကျွတ် - တန်ဆောင်မုန်းလ ဆိုတာ ဗမာပြည်မှာ လကြည့်ကြတဲ့ လတွေပေါ့။ မိုးရာသီတခုလုံး တိမ်ဖုံးလို့ လမသာ ဖြစ်ခဲ့ရာကနေ မသာလည်းတ၊ သာလည်းတ ရတဲ့လနဲ့ ပြန်တွေ့ရတဲ့ ကာလမို့ လရောင်အောက်မှာ ထုပ်စည်းတိုး တာကအစ စန္ဒာလကတဆင့် စကားပါးတာအလယ် ဖားရိုက်ငါးရှာတာအဆုံး ဗမာ့ဓလေ့မှာ လနဲ့ခွဲလို့ မရတာတွေ အများ ကြီးပါ။ ဗမာ့စာပေအနုပညာမှာ လကို တိုင်တည်တဲ့ စာကဗျာတွေ၊ သီချင်းတွေ အများကြီးရှိနေတာပဲ။

            ဒါပေမဲ့ လရောင်အောက်မှာ အရက်သောက်သူရဲ့ခံစားချက်ကို ရေးဖွဲ့တာတော့ မတွေ့ဖူးသေးဘူး ထင်ပါတယ်။ ဗမာ့ ဓလေ့ထုံးစံမှာက အရက်သောက်တာဟာ သူရာမေရိယကံ ထိုက်တယ်ဆိုတာမို့ ထင်ပါတယ် ခိုးကြောင်ခိုးဝှက် လုပ်သင့်တဲ့ အရာလို့ သတ်မှတ်ပြီး ကိုယ်အရက်သောက်နေတုန်း ကိုယ့်ထက်ကြီးတဲ့ ကိုယ်သိသူတဦးဦး ရောက်လာရင် “ကန်တော့ပါ”  လို့ ပြောလေ့လည်း ရှိပါတယ်။


            ဗမာသီချင်းတွေထဲမှာတော့ အရက်မူးတာကို သီဖွဲ့ထားတာတွေ အများကြီး ရှိနေတာကတော့ ထူးဆန်းလို့တောင် ပြောရမလိုပါ။

            တနေ့တော့ တရုတ်ကျောင်းသားတယောက်က “ဆရာဖတ်ကြည့်စမ်းပါ” ဆိုပြီး တရုတ်ကဗျာလေးတပုဒ်ကို ပြပါတယ်။ သက္ကရာဇ် ၇၀၁ မှာ မွေးပြီး ၇၆၂ မှာ ကွယ်လွန်တဲ့ ထန်မင်းဆက်က နာမည်ကျော် တရုတ်ကဗျာဆရာကြီး လီပိုင် ရဲ့ ကဗျာလေးပါ။ တယောက်တည်း ခြံထဲမှာ အဖော်မဲ့ အရက်သောက်ရတဲ့အခါ လကို မိတ်ဆွေဖွဲ့၊ အရိပ်ကို အဖော် လုပ်ပြီး သောက်ရတဲ့ အကြောင်းကို စာဖွဲ့ထားတာလေးဟာ သရုပ်လည်းပါ၊ ချစ်စရာလည်း ကောင်းတယ်ထင်လို့ တရုတ် ဘာသာကနေ ပွားလိုက်ပါတယ်။ တရုတ်တွေကတော့ ကဗျာထဲ ရေးထားတာကို အမျိုးမျိုး ကိုယ်သန်ရာ အနက်ဖွင့် ခံစား ကြတာလည်း သတိထားမိပါတယ်။ ဥပမာ အောက်ဆုံးစာကြောင်းမှာပါတဲ့  နောက်တကြိမ် ကောင်းကင်ယံမှာ ပြန်တွေ့လို ပါ၏ ဆိုတာကို  နောင်ဘ၀ကျမှ ကောင်းကင်ဘုံမှာ ပြန်တွေ့ ကြမယ်လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။

ကိုယ်တိုင်က အရက်ရဲ့ အရသာကို လုံးဝ မခံစားတတ်ပေမဲ့ ကဗျာရဲ့ အရသာကိုတော့ နည်းနည်းပါးပါး ခံစား တတ်တယ်လို့ ထင်မိလို့ မျှလိုက်တာပါ။

                ဒီကဗျာမှာ ကဗျာရဲ့ အမည်ရယ်လို့ အတိအကျ မရှိပါဘူး။ ဒါပေမဲ့ အများက ပထမဆုံး စာကြောင်း အတိုင်း ပန်းတွေ အကြားမှာ အရက်တအိုး လို့ အလွယ်ပဲ ရည်ညွှန်းကြပါတယ်။ အခု ဘာသာပြန်တဲ့ ကဗျာဟာ သူရေးတဲ့ လရောင်အောက်မှာ သောက်ခြင်း ဆိုတဲ့ ကဗျာတို လေးပုဒ်ထဲက ပထမအပုဒ်ဖြစ်ပါတယ်။


ပန်းတွေအကြားမှာအရက်တအိုး


ပန်းတွေအကြားမှာ အရက်တအိုး၊ ဆွေမပါ မိတ်မပါ တယောက်ထဲသောက်
ခွက်ကိုမြှောက်ပြီး လကိုဖိတ်၊ အရိပ်ပါပါရင် ပေါင်းသုံးယောက်။
လက အရက်မသောက်တတ်၊ အရိပ်က ဘာမှမလုပ် ငါ့ဘေးကပ်။
တခဏသာ အဖော်ပြုနိုင်တဲ့ အရိပ်နဲ့လနဲ့၊ နွေဦးသဖွယ် သာယာလှပေစွှ
ငါသီချင်းဆိုတော့ လက တရစ်ဝဲ၀ဲ၊ ငါ  ‘က  တဲ့ အခါမှာ အရိပ်ဟာ ၀ရုန်းသုန်းကား
မမူးမီမှာ တူပျော်ရွင်ကြ၊ မူးပြီဆိုတော့ လမ်းခွဲရ
ချစ်ခင်ပေါင်းသင်းခြင်းဟာ ထာဝရမရှိ နောက်တကြိမ် ကောင်းကင်ယံမှာ ပြန်တွေ့ လိုပါ၏။

တာရာလင်းယုန်