“နောင်ကျော်” က သူ့စာအုပ်ကို
”နေရစ်တော့မန္တလေးထောင်”… တဲ့။
နရသိန်မဂ္ဂဇင်းမှာ သူရေးခဲ့တာတွေ
စုစည်းပီး စာအုပ်အဖြစ်ထုတ်မယ် စီစဉ်တော့ “နေရစ်တော့မန္တလေးထောင်” တပုဒ်ကို ထပ်ရေးပီး
၊ ဆောင်းပါး ၁၅ ပုဒ် စုစည်းထုတ်ဝေပါတယ်။ လင်းသစ်ရောင်စဉ် စာပေက ၂၀၁၂ ခုနှစ် မတ်လမှာ
ပထမအကြိမ် ထုတ်တာ ဖြစ်ပါတယ်။
ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊
မြန်မာစာဌာနမှာ နည်းပြဆရာလုပ်နေတုန်း ၁၉၈၉ ဇူလိုင် ၁၂ ရက်မှာ နဝတ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံရပါတယ်။ ၂၀၀၃ ခုနှစ် ဧပြီမှာ မန္တလေးထောင်က ပြန်လွတ်တယ်။
ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ
စာပေစိစစ်ရေးကို ဖြတ်သန်းရတဲ့ ခေတ်ကာလမို့ သူ့အတွေအကြုံကို ခပ်ပါးပါးပဲ ရေးခဲ့တာဖြစ်ပြီး၊
ရေးနိုင်တဲ့အချိန်မှာတော့ ထောင်ထဲနေရတဲ့ ကာလရှည် (၁၄) နှစ် ထဲက အတွေ့အကြုံတွေကို ပြန်ရေးအုန်းမယ်လို့
အမှာစကားမှာ ဆိုပါတယ်။
ထောင်ကျလို့ အင်းစိန်ထောင်မှာနေပြီး
တနှစ်အကြာမှာ မန္တလေးထောင်ကို ပြောင်းနေရတာ၊ ၂၀၀၃ ခုနှစ် မှ မန္တလေးထောင်က လွတ်လူ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ကျနော်က နောင်ကျော် ဖြတ်သန်းတဲ့ ကာလတွေကို “အိုလေ စံကာမြန်းသည် မန်းလေးထောင်ဆီ
တိုင်းလေးဌာနီ..” လို့ပဲ ဆိုလိုက်ချင် ပါတယ်။
မန္တလေးတောင်ကို မျက်နှာမူထားတဲ့
အဆောင်တွေ၊ တိုက်တွေမှာ ဆယ်စုနှစ်နဲ့ ချီ နေခဲ့တာ… “အိပ်ရာမှထ မျက်စိကို ဖွင့်၍ ထထိုင်ပြီး
တိုက်ဝ သံတိုင်ကြားမှ၊ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် မန္တလေးတောင်ထိပ်များကို နိစ္စဓူဝ
မြင်တွေ့ရတယ်…” လို့ ရေးထားပါတယ်။
“ခရီးအကြိုကာလ.. တို့ဘဝကစွယ်တော်ရွက်လို”
ဆောင်းပါးထဲမှာ ထောင်ကျလို့ အင်းစိန်ထောင်မှာနေပီး တနှစ်ကြာမှာ လူပေါင်း (၆၄) ယောက်ကို
နှစ်ယောက်တတွဲ သံခြေကျင်း ပူးခတ်ပြီး မီးရထားနဲ့ မန္တလေးထောင်ကို ပို့ပုံ ရေးထားတာ ရင်နင့်စရာကို
ခပ်သွက်သွက် ပေါ့ပေါ့ပါးပါး ရေးထားပါတယ်။
သံခြေကျင်းကွင်း ၂ ကွင်းအနက်
ညာဘက်ကွင်းကို နောင်ကျော့် ညာခြေမှာခတ်၊ ဘယ်တကွင်းကို အခြားတယောက်ရဲ့ ဘယ်ခြေမှာခတ်ထားတာမို့…
သူတို့ယောက်ရဲ့ လှုပ်ရှားပုံဟာ ပကတိ ဘယ်ခြေ ညာခြေ ကြွ- လှမ်း-ချ- ညီ ရပါတယ်။ တယောက်က မိလ္လာတက်ရင် တယောက်က မျက်နှာလွှဲ
နှခေါင်းပိတ် ထိုင်နေရပုံမှာ စာဖတ်သူကို ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ နှစ်လွှာပေါင်းမှ
တရွက်ဖြစ်သော စွယ်တော်ရွက်လို နှစ်ကွင်းပေါင်းမှ တခုဖြစ်တဲ့ သံခြေကျင်းထဲ နှစ်ယောက်သား
ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်ပါသလဲတဲ့…..။
စာအုပ်ရဲ့ အဖွင့်စကားမှာ နောင်ကျော်
ဝန်ခံထားတာ ဒီစာအုပ်ရဲ့ အဓိက ဦးတည်တဲ့ ပရိသတ်ဟာ ထောင်အတွေ့အကြုံ မရှိဖူးတဲ့ စာဖတ်ပရိသတ်
အတွက်ပါတဲ့…။
“မြန်မာမှန်လျှင်ငပိကြိုက်သည်..”
ထဲမှာ အသက်မသေအောင် ထောင်အစာကို အားထုတ်ပြီး
စားရတဲ့အတွက် နောင်ကျော်တို့ လူစုဟာ တခုတည်းသော အမာခံအစာ ငပိကြောင့် သွေးပေါင်ချိန်
တိုင်း လိုက်တိုင်း ဆရာဝန်က သွေးတိုးလက္ခဏာ ရှိတယ်လို့ မှတ်ချက်ပေးပါတယ်..။
“သီချင်းဆို၍စိတ်ကိုချော့ခဲ့ရသောညများ”
ထဲမှာ အဆောင်မှာ တခါတလေ သီချင်းဆိုကြတဲ့ အစီအစဉ်ကို ရေးပါတယ်..။ အစီအစဉ် ကျေညာသူ ကိုအောင်ချစ်က
သီချင်းဆိုဖို့ လူခေါ်ထုတ်ရာမှာ အရွှန်းလေး အသောလေးတွေ ဖက်ပြီး..ကာတွန်းဝင်းအောင်ကို
ပွဲထုတ်ပုံကို ကြည့်…” မန်းထောင်က - လွမ်းကောင်ကြီး - ဝင်းအောင်”… ပါတဲ့။
နောင်ကျော်ဟာ ထောင်ကျပြစ်ဒဏ်ကို
ဆယ်နှစ်ပြည့်ပြည်ဝဝ နေရပြီး စစ်အစိုးရက အချုပ် ပုဒ်မ (ထိန်းသိမ်း) နဲ့ ဆက်လက် ချုပ်ထားတာမို့
အချုပ်သား နေသား သုံးနှစ်ခွဲပြည့်ရန် ရက်ပိုင်းအလိုမှာ စိတ်နာမကျန်းမှု ဖြစ်လာခဲ့ပါတယ်။
နားထဲမှာ နောင်ကျော်ကို အခု
သွားသတ်မယ်..၊ သွားသတ်မယ် ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာပါတယ်..။ တာဝန်ကျအမှုထမ်းကို
ပြောပြတော့ အမှုထမ်းက ပထမတော့ ရယ်သလို မောသလို မကြားချင်ယောင် ဆောင်နေလိုက်လို့ ပြောပါတယ်။
နောက်တော့ နားထဲဆို့ဖို့ ဂွမ်းတွေ အများကြီးယူလာပေးပါတယ်…။
နောင်ကျော့်လို စိတ်မကျန်းမာ
ဖြစ်ပြီး ဒီနေ့ထိ ဆေးကုလို့ မပျောက်နိုင်သေးတဲ့ ဒေါက်တာဇော်မင်း၊ ကိုသန်းနိုင် (ယခုအမေရိက)
တို့ ရှိသေးတာ ကျနော် ကြားဖူးပါတယ်။
ထောင်ထဲ နေတဲ့ ဆယ့်လေးနှစ်ပြည့်ဖို့
နှစ်လ အလိုလောက်မှာ နောင်ကျော် လွတ်တော့ တိုက်ထဲမှာ ဆက်ချုပ်ထားပြီး လွှတ်မပေးသေးတဲ့
ကိုတင်အေးကြူကို သွားနှုတ်ဆက်တော့ ကိုတင်အေးကြူက
“ဟာ….. ဗိုလ်နောင်”
“ကိုမှိုင်းကို လေးစားပါတယ်ဗျာ၊
ကျွန်တော်ကတော့….”
”ဗိုလ်နောင်၊ ခင်ဗျား ကျန်းမာရေးကို
ကျွန်တော် သိနေတာပဲ၊ ကျွန်တော် နားလည်တယ်၊ ခင်ဗျား ကျန်းမာရေးက ပိုအရေးကြီးတယ်၊ ကျန်ဒါတွေ
ထားလိုက်တော့…”
“တကယ်လေးစာပါတယ် ကိုမှိုင်း၊
ကဲ … ကျွန်တော်သွားပြီ”
ကျနော်ကတော့ ၁၄ နှစ်ကာလရှည်ထဲက
အတွေ့အကြုံတွေကို နောင်ကျော်ပြန်ရေးမယ်ဆိုတာ ဖတ်ရတော့မယ်လို့ မျှော်လင့် တောင့်တနေပါတယ်..….။
အေးင်း (လမင်းတရာ)
၁၉ နိုဝင်ဘာလ၊ ၂၀၁၃ ခုနှစ်။
No comments:
Post a Comment