သီတင်းကျွတ် - တန်ဆောင်မုန်းလ ဆိုတာ
ဗမာပြည်မှာ လကြည့်ကြတဲ့ လတွေပေါ့။ မိုးရာသီတခုလုံး တိမ်ဖုံးလို့ လမသာ ဖြစ်ခဲ့ရာကနေ
မသာလည်းတ၊ သာလည်းတ ရတဲ့လနဲ့ ပြန်တွေ့ရတဲ့ ကာလမို့ လရောင်အောက်မှာ ထုပ်စည်းတိုး တာကအစ
စန္ဒာလကတဆင့် စကားပါးတာအလယ် ဖားရိုက်ငါးရှာတာအဆုံး ဗမာ့ဓလေ့မှာ လနဲ့ခွဲလို့ မရတာတွေ
အများ ကြီးပါ။ ဗမာ့စာပေအနုပညာမှာ လကို တိုင်တည်တဲ့ စာကဗျာတွေ၊ သီချင်းတွေ အများကြီးရှိနေတာပဲ။
ဒါပေမဲ့ လရောင်အောက်မှာ အရက်သောက်သူရဲ့ခံစားချက်ကို ရေးဖွဲ့တာတော့
မတွေ့ဖူးသေးဘူး ထင်ပါတယ်။ ဗမာ့ ဓလေ့ထုံးစံမှာက အရက်သောက်တာဟာ သူရာမေရိယကံ ထိုက်တယ်ဆိုတာမို့
ထင်ပါတယ် ခိုးကြောင်ခိုးဝှက် လုပ်သင့်တဲ့ အရာလို့ သတ်မှတ်ပြီး ကိုယ်အရက်သောက်နေတုန်း
ကိုယ့်ထက်ကြီးတဲ့ ကိုယ်သိသူတဦးဦး ရောက်လာရင် “ကန်တော့ပါ” လို့ ပြောလေ့လည်း ရှိပါတယ်။
ဗမာသီချင်းတွေထဲမှာတော့ အရက်မူးတာကို သီဖွဲ့ထားတာတွေ အများကြီး ရှိနေတာကတော့ ထူးဆန်းလို့တောင် ပြောရမလိုပါ။
တနေ့တော့ တရုတ်ကျောင်းသားတယောက်က “ဆရာဖတ်ကြည့်စမ်းပါ” ဆိုပြီး တရုတ်ကဗျာလေးတပုဒ်ကို ပြပါတယ်။ သက္ကရာဇ် ၇၀၁ မှာ မွေးပြီး ၇၆၂ မှာ ကွယ်လွန်တဲ့ ထန်မင်းဆက်က နာမည်ကျော် တရုတ်ကဗျာဆရာကြီး လီပိုင် ရဲ့ ကဗျာလေးပါ။ တယောက်တည်း ခြံထဲမှာ အဖော်မဲ့ အရက်သောက်ရတဲ့အခါ လကို မိတ်ဆွေဖွဲ့၊ အရိပ်ကို အဖော် လုပ်ပြီး သောက်ရတဲ့ အကြောင်းကို စာဖွဲ့ထားတာလေးဟာ သရုပ်လည်းပါ၊ ချစ်စရာလည်း ကောင်းတယ်ထင်လို့ တရုတ် ဘာသာကနေ ပွားလိုက်ပါတယ်။ တရုတ်တွေကတော့ ကဗျာထဲ ရေးထားတာကို အမျိုးမျိုး ကိုယ်သန်ရာ အနက်ဖွင့် ခံစား ကြတာလည်း သတိထားမိပါတယ်။ ဥပမာ အောက်ဆုံးစာကြောင်းမှာပါတဲ့ “နောက်တကြိမ် ကောင်းကင်ယံမှာ
ပြန်တွေ့လို ပါ၏” ဆိုတာကို နောင်ဘ၀ကျမှ ကောင်းကင်ဘုံမှာ ပြန်တွေ့ ကြမယ်လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။
ကိုယ်တိုင်က အရက်ရဲ့ အရသာကို လုံးဝ မခံစားတတ်ပေမဲ့ ကဗျာရဲ့ အရသာကိုတော့ နည်းနည်းပါးပါး ခံစား တတ်တယ်လို့ ထင်မိလို့ မျှလိုက်တာပါ။
ဒီကဗျာမှာ
ကဗျာရဲ့ အမည်ရယ်လို့ အတိအကျ မရှိပါဘူး။ ဒါပေမဲ့ အများက ပထမဆုံး စာကြောင်း အတိုင်း “ပန်းတွေ အကြားမှာ အရက်တအိုး” လို့ အလွယ်ပဲ ရည်ညွှန်းကြပါတယ်။
အခု ဘာသာပြန်တဲ့ ကဗျာဟာ သူရေးတဲ့ “လရောင်အောက်မှာ သောက်ခြင်း” ဆိုတဲ့ ကဗျာတို လေးပုဒ်ထဲက
ပထမအပုဒ်ဖြစ်ပါတယ်။
ပန်းတွေအကြားမှာအရက်တအိုး
ပန်းတွေအကြားမှာ အရက်တအိုး၊ ဆွေမပါ မိတ်မပါ တယောက်ထဲသောက်
ခွက်ကိုမြှောက်ပြီး လကိုဖိတ်၊ အရိပ်ပါပါရင် ပေါင်းသုံးယောက်။
လက အရက်မသောက်တတ်၊ အရိပ်က ဘာမှမလုပ် ငါ့ဘေးကပ်။
တခဏသာ အဖော်ပြုနိုင်တဲ့ အရိပ်နဲ့လနဲ့၊ နွေဦးသဖွယ် သာယာလှပေစွှ
ငါသီချင်းဆိုတော့ လက တရစ်ဝဲ၀ဲ၊ ငါ ‘က’ တဲ့ အခါမှာ အရိပ်ဟာ ၀ရုန်းသုန်းကား
မမူးမီမှာ တူပျော်ရွင်ကြ၊ မူးပြီဆိုတော့ လမ်းခွဲရ
ချစ်ခင်ပေါင်းသင်းခြင်းဟာ ထာဝရမရှိ နောက်တကြိမ် ကောင်းကင်ယံမှာ
ပြန်တွေ့ လိုပါ၏။
တာရာလင်းယုန်
No comments:
Post a Comment