ဆရာကြီးမှိုင်း
အသက်ထင်ရှားရှိစဉ်ခေတ်ကို သိမီလိုက်သူတွေ ပြောလေ့ရှိတာ တခုရှိတယ်။ "ဆရာကြီးသာ
ခုနေများ ရှိခဲ့လျင်……" လို့ တဲ့။ တမ်းတလို့ မျှော်ကြတယ်။
ဆရာကြီးက သူပြောစရာ ဆိုစရာရှိလျှင် မထောက်မညှာ ပြောလေ့ရှိတာကိုး …။
ကိုယ်တို့က
မှိုင်းကို မမြင်လိုက်ရဘဲ၊ မှိုင်း စာတွေနဲ့ပဲ ထိတွေ့ရတာ..။ တကယ်ကြီးခဲ့ရတာ ဂျမ်း
တို့ခေတ်..။ ငယ်ဘဝမှာ တမြည်မြည် ရွတ်လာခဲ့ရတာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊
ဆရာတင်မိုး…..။ ဒီတော့ မှိုင်းကို
ရှိခိုးဦးညွတ်ပြီး သကာလ၊ ဂျမ်းကို လွမ်းမျှော်လို့ တ, လိုက်ပါတယ်…။
ဆရာဂျမ်း
၈၀ ပြည့်မှာ ဆရာ့ချစ်သမီးတွေက "တင်မိုး ကဗျာ ၈၀" ကို ထုတ်ဝေလိုက်ပါတယ်။
ဖခင်ကြီးနဲ့ မိခင်ကြီးကို ဦးထိပ်ထားတဲ့ မိုးညီအစ်မလေးယောက် (စံ-အေး-နှင်း-ချို)
တို့က "မိုးနဲ့စမ်း" စာအုပ်တိုက်လို့ စာပေထုတ်ဝေရေး နယ်ပယ်မှာ
ခြေလှမ်းသစ်တရပ် လှမ်းလိုက်တယ်….။
မကြာသေးခင်ကလည်း စာအုပ်တိုက်တခုက "တင်မိုးကဗျာပေါင်းချုပ်" ဆိုပြီး
စာအုပ်တအုပ်ထွက်လာသေးတယ်။
ဂျမ်းစာတွေကို
ဖတ်လိုက်တိုင်း ဂျမ်း သဏ္ဍန်ဟာ မျက်စိထဲမှာ ပီပီပြင်ပြင် ထင်လာတယ်။ သူ့သဏ္ဍန်မှာ
ရိုးသားခြင်း နဲ့ ဟန်ဆောင်မှု ကင်းစင်ခြင်းက ရှေ့ဆုံးက…။
တင်မိုးကဗျာ
၈၀ ထဲမှာ "ရီယိုဟွန်ဒိုမှ ရန်ကုန်တက္ကသိုလ်သို့" …. တဲ့။ သမီးကို ကောလိပ်ကြိုပို့လုပ်ရင်း ဂျမ်းဟာ
"ရီယိုဟွန်ဒိုကောလိပ်" ကို မကြာခဏရောက်တယ်။ သမီး အတန်းတက်နေရင် သူက
စာအုပ်လေးတအုပ်နဲ့ အတန်းနီးပါးက ခုံတန်းမှာ စာဖတ်ရင်း ငိုက်နေရှာတယ်။ ကိုယ်လည်း
ဂျမ်းနဲ့ အဲဒီကျောင်းကို အတူလိုက်ဖူးတယ်။ သူ့ ကဗျာထဲကလိုပဲ "ကျောင်းပတ်လည်
ခံစား…." မိတယ်။ ဂျမ်းကတော့
ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကို ရင်ထဲက ဖွင့်ထုတ်လိုက်တယ်….။
"….တို့အရေးတွေ ဟစ်အော်
တကြော်ကြော်
တောင်းဆိုရင်း
ကျောင်းထဲကို
မရောက်
မြောင်းထဲကို
ရောက်သွားကြလေရော့သလား…"
ဟုတ်ပါတယ်…. ဆရာရယ်၊ ကျနော်တို့ ရဲဘော် ကျောင်းသားလေးတွေ အများစုဟာ
မြောင်းထဲ ရောက်သွားကြပါတယ်။
ဂျမ်းသာ
ခုနေခါရှိရင် မြောင်းထဲမရောက်ပဲ၊ ရန်သူစစ်အစိုးရရဲ့ သွေးစွန်းလက်တွေကို
မရှက်မကြောက် ဆုပ်ကိုင်ပြီး ဝီစကီတွေ ခွက်ချင်းတိုက်နေကြတဲ့ ကောင်တွေကို
ပစ်ပစ်နှစ်နှစ် ရေးမှာ သေချာတယ်။ ဒါကြောင့် ပြောတာ….. "ဂျမ်းသာရှိခဲ့လျှင်….."
လို့။
"ကာရန်ပျက်နေတဲ့ညများ"… ဆရာက -
"… ရန်သူ့ဖိနပ်တိုက်ပြီး
မုန့်တကိုက်နဲ့
ဇာတ်သိမ်း
သီချင်းငြိမ့်ပြီး
မှိန်းနေဦးမလို့လား…." ဆရာရေးတယ်။ ရန်သူကို
ဖိနပ်နဲ့ပေါက် စတန့်လုပ်တဲ့ ငနဲကို
ခုနေများ ဆရာရှိရင် ကာရန်တွေ ဘယ်လို ထွက်လာမလဲ။ ဂျမ်းကို လှမ်းလို့
မျှော်ပါ၏။
"မှတ်တမ်းရုပ်ရှင်တချို့"
ကဗျာထဲ -
"ရှစ်လေးလုံးအရေးတော်ပုံ
ပစ်ခတ်ကျောင်းသား
စစ်တပ်
သူတောင်းစား
ပြည်သူများသေ
လမ်းပေါ်က
သွေးတွေ
ပြည်သူသတ်တဲ့
ဒီစစ်တပ်ကို
အမှတ်တရ
ကမ္ဘာမကြေ……" တဲ့။
ပြည်သူတွေရဲ့
သွေးအလိမ်းလိမ်း စွန်းထင်းနေတဲ့ ဒီလမ်းတွေပေါ်မှာ ရန်သူ့ ကားပါမစ်နဲ့ ရတဲ့ ဇိမ်ခံကားကြီးတွေနဲ့
တက်ကြိတ်နေပါပြီ….။
ဂျမ်းသာရှိရင်
ဘာပြောမလဲ…..။ ငါတို့ ကြားချင်လိုက်တာနော်……..။
အေးဝင်း(လမင်းတရာ)
No comments:
Post a Comment