Sunday, September 28, 2014

ကယ်လီဖိုးနီးယားကို ရေပေးပါ…. ရေးသူ - အေးဝင်း(လမင်းတရာ)

ကယ်လီဖိုးနီးယားကို ရေပေးပါ.
 


TV မှာ ခုတလော နေ့တိုင်း ပြ ပြ နေတဲ့ ရေနဲ့ပါတ်သက်တဲ့ သတိပေး ကြော်ငြာတခုကို ကျနော် သိပ်ချစ်တယ်။  ရေကို ချွေတာကြဖို့ လှုံ့ဆော်တိုက်တွန်းတဲ့ တကယ့်လူနဲ့ ကာတွန်းရုပ် တွဲထားတဲ့ ပြကွက်လေးပဲ.။  အမျိုးသားက မျက်နှာသစ်ခွက်မှာ မျက်နှာသစ်ဖို့ သွားတိုက်နေတယ်။  မျက်နှာသစ်ခွက်မှာ ရေတွေ ဒလဟော ဖွင့်ချထားတယ်။  ကာတွန်းရုပ်က ပြူတင်းပေါက် အပြင်ကနေ ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ရေကို ပိတ်ထား ဆိုတာ အမူအရာနဲ့ ပြနေရှာတယ်၊ မျက်နှာသစ်နေတဲ့ အမျိုးသားက တွေ့သွားပြီး ရေကို ကမန်းကတန်း ပိတ်လိုက်တယ်၊ သူတို့ နှစ်ယောက် မိတ်ဆွေဖြစ်သွားကြပြီး အမျိုးသားက အဝတ်လျှော်စက်မှာ အဝတ်လျှော်တာ ကာတွန်းက ဝိုင်းကူနေတာ..၊ ကျနော်ကြိုက်တာ အင်မတန် ချစ်စရာကောင်းတဲ့ ကာတွန်းရဲ့ မျက်နှာပေး..။
 
ကယ်လီဖိုးနီးယားမှာ ရေငတ်မယ့် ရေပြတ်မယ့် ကိန်း ဆိုက်နေပြီ။ ဗမာပြည်မှာလို ရေဖြုန်းတီးမှု သတိပြုဆိုပြီး မရှိတဲ့ ရေကို မဖြုန်းနဲ့ ဆိုပြီး တားမြစ် မနေဘူး။  ဒီမှာက ဥပဒေ တုတ်ကို ပြထားတယ်။  တကယ်ရိုက်မှာ။  ဒဏ်ငွေဈေးက တော်တော်ကြီး.။
 
ရေရှားခြင်းကို မော်တော်ကားထဲက ဓါတ်ဆီ guage ပုံစံနဲ့ ပြထားတာ 2014 နှစ်ကုန်ပိုင်းမှာ အဝါရောင်ဧရိယာထဲ ကောင်းကောင်းရောက်ပြီ ဆိုတဲ့ အကြောင်း၊ အခု အဝါရောင် အစပ်မှာ ရောက်နေပုံ ပြထားတယ်။

ခုဆိုရင် ကယ်လီဖိုးနီးယား ဂေါက်ကွင်းအတော်များများ မှာ အစိတ်အပိုင်းတချို့ ကို ရေဖြတ်လိုက်လို့ မစိမ်းနိုင် တော့ဘူး။  နူရာဝဲစွဲ ဆိုသလို ရေ ရှားပါတယ်ဆိုကာမှ  water main break တွေ ပေါက်တာကလည်း ခဏခဏ ။ ဆုံးရှုံးမှုတွေက ကြောက်စရာ။  တလောက UCLA (တက္ကသိုလ်) နဲ့ကပ်လျက်မှာ 93 နှစ် အသက်ကြီးပြီ ဖြစ်တဲ့ water main break ပေါက်တာ ပိုဆိုးတယ်။ ကားရပ်ရာ parking lot ကြီး ရေမြုပ်တာ တက္ကသိုလ်က အမှုထမ်းတွေ၊ ဆရာတွေ၊            
ကျောင်း သားတွေ အစီး ၇၀၀ ကျော် ရေမြုပ် သွားတယ်။ ကားအစီး ၅၀၀ ကျော်လောက် ပျက်စီးသွားတယ်။  ခန့်မှန်းခြေ ရေ ဂါလံပေါင်း (၈ သန်း ကနေ ၁၀ သန်း) အတွင်းမှာ ဆုံးရှုံးခဲ့ရတယ်။

 
ကယ်လီဖိုးနီးယား ရေငတ်ခြင်းကို နည်းမျိုးစုံနဲ့ ကုစားဖို့ ကြံစည်နေတာ တွေ့ရတယ်။  ဂါလံ ၅၀ ဆန့်တဲ့ မိုးရေခံပုံး ဝယ်ရင် အစိုးရက $75 rebate ပေးမယ် ကျေညာထားတယ်။ ဒီ အစီအစဉ်က မိုးရေကို အဲဒီပုံးနဲ့ ရေတံလျောက် က ခံသုံးရမယ်။  ရေစည်ကိုတော့ ခြင်လုံဇကာတပ်ရမယ် ပြောတယ်။

သမုဒ္ဒရာရေကို ရေသန့်ဖြစ်အောင် (သောက်လို့ရအောင်) လုပ်တဲ့ (Disalination) စက်ရုံ၊  ဆန်ဒီရေဂိုရဲ့ ၃၅ မြောက်ဘက် ၃၅ မိုင် နေရာမှာ ဆောက်နေတယ်။  ၂၀၁၆ ခုနှစ်မှာ ဖွင့်နိုင်မယ် ခန့်မှန်းထားတယ်။  ဆန်ဒီရေဂိုးအတွက် သောက်ရေသန့် တနေ့ကို ဂါလံ သန်း ၅၀ ထုတ်ပေးနိုင်မယ့် ဒေါ်လျံ တဘီလျံတန် စီမံကိန်းလို့ ပြောတယ်။

ကျနော် မှတ်မှတ်ရရ ကိုယ်တို့ အလုပ်မှာတောင် သမုဒ္ဒရာရေကို ဆားဖယ်ထုတ်ပြီး သုံးရေ ပြုလုပ်တဲ့ ကုမ္ပဏီတခု ရှိသေးတယ်။  ခု ဘယ်ရောက်သွားလဲ မပြောတတ်ဘူး၊ သူ့စက်တွေလည်း မရှိတော့ဘူး။  ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးလို့ တွက်ခြေမကိုက်တာနဲ့ ရပ်သွားလား၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ပြသနာ ရှာလို့လား  မပြောတတ်ဘူး။  ဆန်တာဘာဘရာမှာ ၁၉၉၁ က ဒေါ်လာ ၃၄ မီလျံတန်တဲ့ စက်ရုံကြီး ဆောက်ပြီး တွက်ခြေမကိုက်လို့ လေးလပဲ ခံတယ်၊ ပိတ်လိုက်ရတယ်။  ဒါပေမယ့် ခု ရေပြသနာမှာ လော့စ်အိန်ဂျယ်လိစ် ကနေ ဆန်ဖရန်စစ်စကို ကြားမှာ သမုဒ္ဒရာကနေ ဆားဖယ်ထုတ်ပြီး ရေသန့်ရအောင်လုပ်တဲ့ စက် ၁၅ နေရာတည်ဖို့ စီမံကိန်း လျာထားတယ်။

ဘာကြောင့် ဒီလို ရေခမ်းခြောက်တဲ့ ပြသနာ ဖြစ်တယ်ဆိုတာ တိတိကျကျ မဆိုနိုင်ပေမယ့် မိုးခေါင်တာကလည်း ကြောင်းရင်း တချက်ပေါ့။  ကယ်လီဖိုးနီးယားမှာ တနှစ်မှာ မိုးရေချိန် ပျမ်းမျှ ၁၅ လက်မ ရှိတယ်။  ဒါပေမယ့် ကုန်ခဲ့တဲ့ သုံးနှစ်က မိုးခေါင်ပြီး ဆက်တိုက် မိုးနည်းတာ. ပျမ်းမျှ တနှစ်မှာ ၅ လက်မ ကနေ ၉ လက်မ ပဲ ရှိတယ်။  သက္ကရာဇ် ၂၀၁၁ - ၂၀၁၂ မှာ မိုးရချိန် ၈ ဒသမ ၆၈၊ သက္ကရာဇ် ၂၀၁၂ -၂၀၁၃ မှာ မိုးရေချိန် ၅ ဒသမ ၈၆၊ သက္ကရာဇ် ၂၀၁၃ -၂၀၁၄ မှာ မိုးရေချိန် ၆ ဒသမ သုည ၈ ပဲ ၇ှိတယ်။

တရုတ်က နည်းပညာ ကူမယ် ကြားတယ်။  ရေ - ရေ - ရေ ။  ကယ်လီဖိုးနီးယားကို ရေ ပေးကြပါ။


Friday, September 26, 2014

ဤမှတ်တမ်းစာအုပ်ငယ်ဖြစ်ပေါ်လာရခြင်း (စာအုပ်အမှာစာ)

[နီမော် ရေးတဲ့ - မငြိမ်းမချမ်း မစိမ်းမလန်း သိန်းသန်းကုဋေ ပြည်သူတွေ - စာအုပ်ထဲက အင်တာနက်မိတ်ဆွေတွေ စိတ်ဝင်စားမယ်ထင်တာကို တင်ပေးလိုက်ပါတယ်။]



ဤမှတ်တမ်းစာအုပ်ငယ်ဖြစ်ပေါ်လာရခြင်း


ဤမှတ်တမ်းစာအုပ်ငယ် ဖြစ်ပေါ်လာရခြင်းသည် မြန်မာပြည် အရှေ့မြောက်ဘက် တရုတ် - မြန်မာနယ်စပ်ဒေသ တနံ့တလျားရှိ တိုင်းရင်းသားဒေသများသို့ ၁၉၆၈ ခုနှစ်မှ စတင်ကာ တောခိုဝင်ရောက်လာကြသော မြို့ပြဒေသရှိ ပညာတတ် လူတန်းစား လူ့အလွှာအသီးသီး၏ လက်နက်ကိုင်တော်လှန်ရေးထဲတွင် ပါဝင်လှုပ်ရှားခဲ့မှု အဖုံဖုံကို အများပြည်သူ သိရှိစေလိုသော စေတနာအရင်းခံကြောင့် ဖြစ်ပါသည်။

ထိုခေတ်ကာလများက ကွန်မြူနစ်ဝါဒကို ယုံကြည်ကြသူတိုင်းလည်း တောမခိုဖြစ်ကြပါ။ သို့သော်လည်း နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်းက တောတွင်းနေထိုင်မှုဘဝကို စိတ်ဝင်တစား ရှိကြပါသည်။  မြို့ကြီးပြကြီးကို လူတိုင်းမမက်မောကြပါ။  တောသဘာဝကို မြတ်နိုးကြပါသည်။  ကျွန်မဖခင်ဆိုလျှင် ကျွန်တော့်သမီးဟာ ကျေးလက်တောရွာမှာ လူထုလုပ်ငန်း သွားလုပ်နေတာဟု လူတိုင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ကြောင်း ကျွန်မပြန်လာတော့ သိရပါသည်။

သို့ဖြစ်ပါသောကြောင့် နိုင်ငံရေး လုပ်သူတိုင်း ရောက်ခဲလှသော တောတွင်းလက်နက်ကိုင် တော်လှန်ရေးတရပ် အတွင်း မြို့ပြမှ ရောက်ရှိလာသူများ၏ လှုပ်ရှားမှု အဖုံဖုံအပြင် ကွန်မြူနစ်ခေါင်းဆောင်ကို မြင်တွေ့သိရှိလိုသူများ အတွက် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ သခင်ဗသိန်းတင်အကြောင်းကိုလည်း ကိုယ်တိုင်ကြုံသမျှ၊ ဆုံသမျှနှင့် လေ့လာသိရှိသလောက်ကိုလည်း ထည့်သွင်းရေးသားထားပါသည်။

ယခုအချိန်တွင် ဥက္ကဌ သခင်ဗသိန်းတင်လည်း ကွယ်လွန်လေပြီ။ ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း ပါတီ၊ တပ်၊ အခြေခံဒေသကြီးအဖြစ် ခန့်ခန့်ထည်ထည် တည်ရှိခဲ့ရာမှ ဖြစ်မှု ပျက်မှု သဘောအရ ၈၉ ခုနှစ်တွင် နယ်စပ်အရေးအခင်းကြောင့် ဖရိုဖရဲ ပြိုကွဲခဲ့ပြီး ဖြစ်ကြောင်းလည်း အများသိပြီး ဖြစ်ပါလိမ့်မည်။  ကွယ်လွန်ပြီးသူ တယောက်၏ အကြောင်းကို ရေးသားရာတွင် အမှားကင်းနိုင်သမျှကင်းအောင် တာဝန်ယူစိတ်ကြီးကြီးနှင့် ရေးရပါသည်။  ကောင်းသည် (သို့မဟုတ်) ဆိုးသည်၊ သူ၏ သမိုင်းတလျှာက်လုံး လုပ်ရပ်များသည် မှန်သည် (သို့မဟုတ်) မှားယွင်းသည်ဟု ကောက်ချက်ဆွဲကာ မသုံးသပ်လိုပေ။  အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှ စတင်ကာ အုပ်စိုးသူ အဆက်ဆက်အား နှစ်ပေါင်းကြာရှည်မြင့်စွာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သော တခုတည်းသော တောတွင်းလက်နက်ကိုင်ပါတီကြီး၏ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် သခင်ဗသိန်းတင်အကြောင်းကို ရေးရန်မှာ မိမိနှင့် လျှော်ကန် ထိုက်တန်ပါရဲ့လားဟု မိမိကိုယ်ကိုမိမိ အကြိမ်ကြိမ် မေးမြန်းမိခဲ့သည်။  ထို့ပြင် မိမိသည် သမိုင်းပညာရှင် မဟုတ်သကဲ့သို့ ဝါရင့်စာရေးဆရာမကြီးလည်း မဟုတ်သည့်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်းကို သုံးသပ်နိုင်စွမ်းလည်း မရှိပါပေ။

ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သော လက်နက်ကိုင်တော်လှန်ရေးတရပ်သည် မြန်မာပြည်သမိုင်းတွင် ဧကန်အမှန် ရှိခဲ့သည်။ နယ်စပ်ဒေသတွင် အခြေချခဲ့သည်၆၈ ခုနှစ်မှ အစပြုကာ ၈၉ ခုနှစ် မေလ ၁၇ ရက်အထိ တောတွင်းလက်နက်ကိုင် ပါတီကြီးတရပ်၏ အဆောက်အအုံကြီးနှင့် လှုပ်ရှားမှု ရှိခဲ့သည်။ အုပ်စိုးသူ မဆလ အစိုးရအား တုံ့ပြန်တိုက်ပွဲဝင်မှုအပေါ် စာရေးသူ သိသရွေ့၊ ထိတွေ့သရွေ့လေးများကို အများပြည်သူတို့ သိစေလိုသော စေတနာနှင့် ရေးသားလိုက်ရခြင်းကြောင့်လည်းကောင်း၊ ပကတိ ဖြူစင်သော စိတ်ရင်းဖြင့် ရေးသားလိုက်ရသောကြောင့်လည်းကောင်း၊ ဤစာအုပ်ငယ်ကို ရေးရကျိုးနပ်သည်ဟု ထင်မြင်မိပါသည်။

တကယ်တော့ မြို့ပြမှသည် ဝေးလံသီခေါင်သော တိုင်းရင်းသားတောင်တန်းဒေသများသို့ စာရေးသူကဲ့သို့ လူထုလုပ်ငန်း လုပ်ရန် ရောက်ရှိလာကြသော ပညာတတ်ကျောင်းသား၊ အမှုထမ်းအရာထမ်း၊ အလုပ်သမား၊ လယ်သမား လူတန်းစား အရေအတွက်မှာ ၁၅၀ ဦးမျှ ရှိခဲ့ပါသည်။  ထိုခေတ်ကာလ အခြေအနေနှင့် သမိုင်းရေးဝန်းကျင်၊ သမိုင်းအချက်အလက်များအရ ဤအင်အားသည် နည်းသည်ဟု မဆိုသာပါ။  ဤ ကြမ်းတမ်းခက်ခဲသော လမ်းသို့ လျှောက်လှမ်းရန် ဘဝ၊ ဆွေမျိုးအသိုင်းအဝိုင်း၊ မြတ်နိုးတွယ်တာမှု၊ နုနယ်ပျိုမြစ်မှုနှင့်အတူ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသ အသီးသီးကို စွန့်လွှတ်နိုင်သော သတ္တိ ရှိဖို့ လိုပါသည်။  အနစ်နာခံမှုအပြင် အားမာန် ဇွဲသတ္တိတွေလည်း ရှိဖို့ လိုပါသည်။  အဆုံးစွန်အားဖြင့် အသက်ကိုပင် စွန့်လွှတ်ရန် စိတ်ပိုင်းဖြစ်ပြီးသော စိတ်ဓါတ်ကို ရရှိရန် မည်သည့်အရာက လှုံ့ဆော်၍ တွန်းပို့ခဲ့ပါသနည်း။

တောမခိုမီက စာရေးသူသည် ထိုခေတ် ထိုကာလက ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေသော အသက် ၂၂ နှစ်အရွယ် ကျောင်းသူတဦး ဖြစ်ပါသည်။  ထိုစဉ်အခါက လူလတ်တန်းစား အလွှာတွင် ပါဝင်၍ အစိုးရအရာရှိကြီး တဦးဖြစ်သော ဖခင်၏ လစာမှာ မနည်းလှပါ။  သို့ရာတွင် လူအပေါင်းမှာ ဆင်းရဲဒုက္ခ ကျပ်တည်းမှု အဝဝ ကြုံကြရသကဲ့သို့ စာရေးသူတို့ မိသားစုလည်း ကြုံကြရပါသည်။  ၁၉၈၈ ခုနှစ်အလယ်တွင် ဦးနေဝင်းကိုယ်တိုင် ရေဒီယိုမှ ကြေညာစကားဖြစ်သည့် မအောင်မြင်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးကို ဖျက်သိမ်းကာ နှုတ်ထွက်စကား ပြောသွားချိန်တွင် ပြည်သူလူထု တရပ်လုံး အဖိအနှိပ်ခံရလွန်းလို့ ဇီးဖြူသီး စကောထဲလှိမ့်သလို ကာလ ဖြစ်ခဲ့ပါ၏။  ဖိလွန်းရင် ကြွရသလို အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတို့၏ မြို့ပြတိုက်ပွဲများသည် ပြင်းထန်သည်ထက် ပြင်းထန်ခဲ့ပြီ ဖြစ်ပါသည်။

မိုးသက်မုန်တိုင်းသည် မြူတိမ်ကင်းစင် ကြည်လင်သော မိုးကောင်းကင်ကို မွေးဖွားပေးလိုက်သည်။  ဟုတ်ပါသည်။  မြန်မာပြည်၏ ကျောင်းသားသမိုင်းတွင် ဆန္ဒပြ သပိတ်တိုက်ပွဲများက တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ မွေးဖွားပေးခဲ့သည်။  သူရဲကောင်းအာဇာနည်တွေ ပေါ်ထွန်းလာခဲ့ပေပြီ။

အသက် ၁၉ နှစ်အရွယ် ကျွန်မ ရန်ကုန်တက္ကသိုလ်ပညာစသင်သည့် ၁၉၇၃ ခုနှစ်သည် နိုင်ငံရေး မိုးသက်မုန်တိုင်း ပြင်းထန်သည့်ကာလ ဖြစ်ပါသည်။  ၁၉၆၂ ခုနှစ် ဂျူလိုင် ၇ ရက် အရေးအခင်းအကြောင်းကို အင်းလျားဆောင်မှာ နေစဉ်က တက္ကသိုလ် အကိုကြီး၊ အစ်မကြီးများထံမှ စတင် ကြားသိခဲ့ရသည်။  တက္ကသိုလ်ဘော်ဒါဆောင်များမှာ ညတိုင်း ပုံပြင် ပြောသည်ကတော့ ဗိုလ်ချုပ်နေဝင်းနဲ့ စစ်တပ်က၊ ကျောင်းသားများကို ပစ်သတ်တာ၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့တာ၊ လက်နက်ဆိုလို့ အပ်တိုတချောင်းမှ မရှိသည့် ကျောင်းသားများကို ဓား ဓားချင်း၊ လှံ လှံချင်း ယှဉ်မယ်လို့ ကြိမ်းဝါးခဲ့တာကို ကြားသိရသည့်အခါ ကျွန်မတို့ ကျောင်းသားများ မျက်ရည်လည်ရွဲ တောက်တခေါက်ခေါက်၊ အံတကြိတ်ကြိတ် ဖြစ်ခဲ့ရသည်။

အုပ်စိုးသူများသည် သပိတ်မှောက်ကျောင်းသားများအပေါ် လက်နက်နှင့် မတုန့်ပြန်ပဲ နိုင်ငံရေးဖြင့်သာ တုံ့ပြန်စေလိုသည်မှာ ကျွန်မ၏ မပြည့်ဝသော ဆန္ဒပါ။

ကျွန်မတို့သည် ရန်သူကို အနိုင်တိုက်ရန် တက္ကသိုလ်ပညာနှင့်အတူ နိုင်ငံရေးပညာကိုပါ သင်ယူခဲ့ရသည်။  ထိုခေတ်က ခေတ်အစားဆုံး လက်ဝဲစာပေ၊ မာက်စ်လီနင်ဝါဒ၊ မော်အတွေးအခေါ်တို့ကို လေ့လာသင်ယူခဲ့ ကြသည်။  အတန်းတက်နေလျှင် လက်ဝဲနိုင်ငံရေးစာအုပ်များနှင့် ကွန်မြူနစ်သူရဲကောင်းများအကြောင်းကို လျှို့ဝှက်စွာ အစုဖွဲ့ လေ့လာခဲ့ကြသည်။  လုပ်သလောက် ခံစားရသော၊ တိုင်းပြည်နိုင်ငံ မသတ်မှတ်သော ကွန်မြူနစ်စနစ်ကြီးကို လွန်စွာနှစ်ခဲ့ကြသည်။

ငယ်ရွယ်သူ ကျွန်မတို့မှာ လေ့လာရေး လုပ်ရန် စုစည်းမိသောအခါတိုင်း ဘယ်ရဲဘော်က စတာလင်ကြီးနှင့်တူ သည်။  ဘယ်ရဲဘော်က သခင်သန်းထွန်းနှင့် တူသည်။  ချီဂွေဗားရား၊ ငုယင်ဗန်ထရွိုင်း ကတ်စထရို တို့နှင့် တူသည်။  ဘယ်ရဲဘော်မက ချောအိမန်နှင့် တူသည် ပြောပြီး သူရဲကောင်းများ၏ စကားပြောသည့် ဟန်ပန်အမူအရာများကို မတူတူအောင် အတုခိုးခဲ့ကြသည်။  နာမည်ဝှက်များမှည့်လျှင်လည်း ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ နာမည် တလုံးလုံး ပါအောင် ထည့်ပြီး မှည့်ခေါ်တတ်ကြသည်။  ကျောင်းတက်လျှင်လည်း အဝတ်အစား ခပ်နွမ်းနွမ်း ဝတ်ကာ ငတ်ငတ်ပြတ်ပြတ် နေပြ၍ ဒါကို နိုင်ငံရေးဆန်သည်ဟု ကိုယ့်ကိုယ်ကို ကျေနပ်နေကြသည်။  ကွန်မြူနစ်၏ စံဖြစ်သော ကိုယ်ကျင့်သိက္ခာကိုလည်း စောင့်ရှောက်ထိန်းသိမ်းနိုင်အောင် ကျိုးစားခဲ့ကြသည်။  အိုယန်ဟိုင်းလို ပြည်သူ့အတွက် အသက်စွန့်ရမည်ဆိုလျှင် နှလုံးသွေး တချက်မျှ အခုန်မပျက် စေအောင် လေ့ကျင့်ကြမည်။  ကျွန်မတို့ အားလုံး ကွန်မြူနစ်နှင့်ပါတ်သက်လျှင် ရူးသွပ်ခဲ့ကြသည်။

၁၉၆၇၊ ၆၈၊ ၇၀၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇ ခုနှစ်. အထက်ပါနှစ်များသည် ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်လုပ်ရှားသော နှစ်များ ဖြစ်သည်။  ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီးသည် သပိတ်ကြီးသည် ဖြစ်ကာ အဓိပတိလမ်းမကြီးမှာ တော်လှန်သူ ကျောင်သား ကျောင်းသူများ၏ သွေးခင်းလမ်း ဖြစ်ခဲ့ရသည်။  တနှစ်လုံးမှာ သုံးလမျှသာ ပညာသင်ရသော နှစ်များရှိသည်။  ကျောင်းသားမိဘများက သွားစရိတ်၊ ပြန်စရိတ် ပေးရလွန်း၍ မတတ်နိုင်တော့။  အလုပ်လက်မဲ့ ပညာတပိုင်းတစ သားသမီးများ တက္ကသိုလ်ပိတ်၍ စိတ်လေလွင့်သော သားသမီးများကို မိဘများက ရင်တမမ ထိန်းကျောင်းထားရသည်။  တက္ကသိုလ်နှင့် ကျောင်းများက ဖွင့်လိုက် ပိတ်လိုက်၊ ကျောင်းသားကျောင်းသူများက ထောင်ထဲ ဝင်လိုက်ထွက်လိုက်၊ စိတ်မရှည်သူတချို့ကလည်း ကျောင်းဆက်မတက်တော့ပဲ ဘွဲ့မရ အလုပ်လက်မဲ့ အိမ်ထောင်သည်တွေ ဖြစ်ကုန်ကြသည်။  မိဘပြည်သူများ၏ စားဝတ်နေရေးကလည်း တနေ့တခြား ဝါးလုံးခေါင်းထဲ ဆင်အောင်းရသကဲ့သို့ ဖြစ်လာသည်။  မိဘတချို့ကတော့ ထောင်အတွင်း သေဆုံးသွားသော၊ အရေးအခင်းများတွင် ပါဝင်ပြီးအိမ်ပြန်ရောက်မလာတော့သော၊ တောခိုကာ လက်နက်ကိုင်တိုက်ပွဲထဲ ပါဝင် သွားကြပြီး ကျဆုံးသွားကြသော သားသမီးများအတွက် သပိတ်သွတ်၊ ဆွမ်းကပ်ကာ အမျှအတမ်း ဝေကြရတော့သည်။  ၇၆ နှစ်က အင်းစိန်ထောင်တွင်း တိုက်ပွဲတွင် ထောင်အာဏာပိုင်များက ရိုက်နှက်သတ်ဖြတ်သောကြောင့် ကျောင်းသား သူငယ်ချင်းများ ကျိုး၊ ကန်း ဒဏ်ရာရ သေကြေကြရကုန်သည်။  တချို့လည်း ထောင်ကထွက်လာပြီး စိတ်မူမမှန်တော့ပေ။  ကျောင်းသူများလည်း ထောင်တွင်းတွင် ဘဝပျက်ကြ။  ပြင်ပလောကမှာလည်း အိနြေ္ဒသိက္ခာပျက်ကြရနှင့် တတိုင်းပြည်လုံး ကြိမ်မီးအုံးသကဲ့သို့ ဖြစ်နေတော့သည်။  အုပ်စိုးသူ မဆလ တပါတီစနစ် အာဏာရှင်တွေကတော့ ဆွေစဉ်မျိုးဆက် ဘဝပေါင်းများစွာ သုံးမကုန်အောင် ကြီးပွါးချမ်းသာလာကြကာ လူထုနှင့်ယှဉ်လျှင် လူနေမှု အဆင့်အတန်း အလွန်တရာမြင့်မားနေတော့သည်။

ထိုခေတ်ကာလက အလုပ်သမား၊ ကျောင်းသားစသည့် အလွှာအသီးသီးက သပိတ်တိုက်ပွဲနှင့် မြို့ပြမုန်တိုင်းသည် ပြင်းထန်သည်ထက် ပြင်းထန်လာတော့သည်။  မုန်တိုင်းထဲတွင် ရွှေကြာပွင့်လာသကဲ့သို့ ကျောင်းသူကျောင်းသား များနှင့်  အလွှာအသီးသီးက လူထုအပေါင်းတို့သည် နေဝင်းစန်ယု စစ်အာဏာရှင်များကို လက်နက်နှင့် တုန့်ပြန်တိုက်ဖို့၊ ဗမာပြည် ပြည်သူ့ဒီမိုကရေစီ ရရှိဖို့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ လွတ်မြောက်ဒေသခေါ် တရုတ်မြန်မာနယ်စပ်ရှိ အရှေ့မြောက် စစ်ဒေသသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။  ထိုကာလက တခုတည်းသော ပါတီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှု အောက်တွင် ရိုးသား ကြိုးစား တက်ကြွစွာဖြင့် ကျရာတာဝန် ထမ်းဆောင်ခဲ့ကြပြီး ကွန်မြူနစ်တော်လှန်ရေးသမား ဘဝကို ခံယူခဲ့ကြသည်။  ပြည်သူ့ဘဝ လွတ်မြောက်ရေးအတွက် ငယ်ရွယ်နုပျိုသောဘဝနှင့် အသက် သွေးချွေးကို စတေးခဲ့ကြသည်။  ပြည်သူလူထုကို အလုပ်အကျွေးပြုလိုသည့် မွန်မြတ်သော နိုင်ငံရေးသမား ဘဝကို ရောက်ရှိအောင် ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်က တွန်းအားပေးခဲ့သည်။

ဤသည်မှာ…….

"နိုင်ငံရေးဆိုသည်မှာ ကျွန်ပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေရသော ကိစ္စ ဖြစ်သည်။ တနည်း နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။  ကျွန်ပ်တို့၏ သွားလာမှု၊ စားသောက်မှု၊ နေထိုင်မှု အစုစုတို့သည် နိုင်ငံရေးဖြစ်သည်။  လူတို့သည် နိုင်ငံရေးနှင့် ကင်းကွာ၍ မဖြစ်ပါ။  ဤမျှ အရေးကြီးသော လူ့အရေး၊ နိုင်ငံအရေးကို လစ်လျူရှုခြင်းသည် လူ့တာဝန်ပျက်ကွက်ခြင်းပင် ဖြစ်သည်။" ဟု မိန့်ကြားခဲ့ဖူးပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အထက်ပါအဆိုအမိန့်ကို နှစ်သက်သော အဖိနှိပ်ခံ ပြည်သူအပေါင်းကို ကိုယ်စားပြုသည့် အလုပ်သမား၊ ကျောင်းသား၊ လယ်သမား စသည့် မြို့နေ လူတန်းစားတို့သည် ထိုကာလ၏ အခြေအနေနှင့် သမိုင်းရေးဝန်းကျင်၊ သမိုင်းကြောင်းအချက်အလက်များအရ ဗမာပြည်ကွန်မြူနစ်ပါတိ၏ လက်နက်ကိုင် တော်လှန်ရေး နယ်ပယ်ထဲသို့ ခြေစုံပစ် ဝင်ရောက်ခဲ့ကြလေသည်။

ဆယ်စု နှစ်စုကျော်သောအခါ နယ်စပ်ဒေသ၏ တောတွင်း လက်နက်ကိုင် အင်အားစုများထဲတွင် အင်အားအကြီးဆုံးသော ဗမာပြည်ကွန်မြူနစ်ပါတီသည် ၈၉ ခုနှစ်၌ နယ်စပ်ဒေသ တနံတလျားတွင် မိမိပြည်သူ့တပ်မတော်သား တိုင်းရင်းသားလက်နက်ကိုင်များ၏ အာဏာသိမ်းမှုကြောင့် ဖရိုဖရဲ ပြိုကွဲခဲ့ပြီး ဖြစ်ပါ၏။  ယခုအခါ၌ ရဲဘော်အပေါင်းသည် မိမိ၏ ဆန္ဒအရ ဘဝကို လွတ်လပ်စွာ လျှောက်လှမ်းနိုင်သည်ဆိုသည့် ပါတီဗဟို၏ သဘောထားအတိုင်း ၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲလိုက်သော ကချင်ငြိမ်းချမ်းရေး နှင့်  ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်မှု အောက်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စာရေးသူတို့ လေးနှစ်ကျော်မျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာပြည်မအတွင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။

ကျွန်မတို့သည် လက်နက်ကိုင် တော်လှန်ရေးထဲမှသည် မြို့ပေါ်ရှိ မိမိနေရပ်ဒေသတို့သို့ သပြေညိုပန်းတွေ တဝေဝေနှင့် အောင်ပန်းကို ဆင်မြန်းကာ ပြုံးပျော်ရွှင်လန်း ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်ရောက်ရှိလာခြင်း မဟုတ်ပါပေ။  မည်သူမဆို ကိုယ်ယုံကြည်စွာဖြင့် ဆယ်စုနှစ် တစုကျော် နှစ်စုကျော်နီးပါး ဆင်နွှဲခဲ့ရသော တော်လှန်ရေးကြီးတရပ် အောင်မြင်စေလို၍သာ နုပျိုသောဘဝတခုလုံး စွန့်လွှတ်စတေးကာ ပြည်သူလူထု လွတ်မြောက်ရေးအတွက် ပေးဆပ်ခဲ့ရခြင်း ဖြစ်ပါသည်။  အောင်ပန်းကို မလွတ်တမ်း ဆင်မြန်းလိုသူချည်းသာ ဖြစ်သော်လည်း ကျွန်တို့ အားလုံးမှာ မသေ၍သာ ဘဝကို တစ်က ပြန်စကာ ရှေ့ခရီးဆက်နေရခြင်း ဖြစ်ပါ၏။

ဤမှတ်တမ်းစာအုပ်ကိုလည်း နောင်လာနောက်သားတို့ သိရှိစေရန် နိုင်ငံရေးပါတီကြီးတခု၏ ဖြစ်ပျက်မှုသဘော၊ ပါတီ၊ တပ်၊ အခြေခံဒေသ ကေဒါများ၊ ခေါင်းဆောင်များတို့၏ တော်လှန်ရေးတွင်းက ရုပ်ပုံလွှာတို့ကို ကျွန်တို့ ထိတွေ့ သိရှိသမျှသာ ရေးသားလိုက်ခြင်းဖြစ်ကာ အချိန်အခါ၊ ကာလ၊ ဒေသ ကွဲပြားမှုအရ အမြင်ရှုထောင့် အမျိုးမျိုးအရ အကြောင်းအရာများလည်း ကွဲပြားနေမည် ဖြစ်ပါသည်။  မည်သို့ ဆိုစေ တော်လှန်ရေးတရပ်၏ နိမ့်ဆင်းပြိုကွဲမှု ဖရိုဖရဲဖြစ်မှုကို စိတ်ဝင်စားသူများအတွက် အမှန်အကန်ဆုံး အချက်အလက်များဖြင့် စိစစ်ကာ ရေးသားလိုက်ရခြင်း ဖြစ်သကဲ့သို့ ဗမာပြည်ကွန်မြူနစ်ပါတီတွင် ဖြတ်သန်းခဲသော၊ လိုလားသော ရဲဘော်များကလည်း ကျွန်မ၏ မှတ်တမ်း ပြည့်စုံမှု မရှိပါက ထောက်ပြဝေဖန် ဖြည့်စွက်ရေးသားကြပါရန် ဖြူစင်သော စိတ်ထားဖြင့် တောင်းဆိုအပ်ပါသည်။

ကျွန်မတို့ အားလုံးသည် အားမာန်တင်း၍ ဘဝရှေခရီး ဆက်နေရခြင်းသာ ဖြစ်ပေသည်။

စာရေးသူ
နီမော် (၂၀ - ၁ - ၂၀၁၄)


Wednesday, September 17, 2014

ဗမာပြည်ကွန်မြူနစ်ပါတီ အသံလွှင့်အဆောက်အအုံထဲက အထင်ကရဖြစ်ရပ်တွေ

[နီမော် ရေးတဲ့ - မငြိမ်းမချမ်း မစိမ်းမလန်း သိန်းသန်းကုဋေ ပြည်သူတွေ - စာအုပ်ထဲက အင်တာနက်မိတ်ဆွေတွေ စိတ်ဝင်စားမယ်ထင်တာကို တင်ပေးလိုက်ပါတယ်။]



ဗမာပြည်ကွန်မြူနစ်ပါတီ အသံလွှင့်အဆောက်အအုံထဲက အထင်ကရဖြစ်ရပ်တွေ


၁၉၆၈ ခုနှစ်က တရုတ် - မြန်မာ နယ်စပ်ဒေသကို စတင် အခြေချခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေခံစခန်းမှာ တပ်ဌာနအသီးသီးရဲ့ အဆောက်အအုံများကို တခုပြီးတခု ဆက်တိုက် တည်ဆောက်ခဲ့ကြရာ၊ ၁၉၇၈ ခုနှစ်မှာတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ စိတ်ဓါတ်နဲ့  အကူအညီပေးခဲ့တဲ့ အသံလွှင့်ဌာန အဆောက်အအုံကြီး ပေါ်ပေါက်လာခဲ့တယ်။

အသံလွှင့်ရုံ(က) ဌာန၊ (ခ)ဌာန ရယ်လို့ နှစ်ခုရှိရာ အသံလွှင့်ထုတ်တဲ့ (က) ဌာနကို ညောင်ညိုစခန်း၊ အသံသွင်းတဲ့ (ခ) ဌာနကို ညောင်နီစခန်းရယ်လို့ ခွဲခြားထားခဲ့တယ်။  အဲဒီကာလကတော့ နိုင်ငံတကာ ကူညီရေးစိတ်ဓါတ် အလွန်အားကောင်းနေချိန်ဖြစ်တော့ မော်စီတုန်းရဲ့ ပေါ်လစီအရ ငွေကြေး၊ ရုပ်ဝတ္ထုအင်အား၊ လက်နက် စတဲ့ ဘက်ပေါင်းစုံအကူအညီများ ရရှိတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အမွေရတဲ့ သူဌေးသားလို ဖြစ်ခဲ့တာ အမှန်ပါ။

တရုတ်ပြည်ထဲက အသံလွှင့်ဌာနကနေ မြန်မာပြည်နယ်စပ်ကို ပြောင်းရွှေ့ အသံလွှင့်ဖို့ ပြင်ဆင်ကြရာမှာ ရှေးဦးစွာ တရုတ်အင်ဂျင်နီယာများနဲ့ အသံလွှင့်ရုံဆောက်မယ့် မြေနေရာ ရွေးချယ်ကြရတယ်။  (ခ)ဌာနခေါ် ညောင်နီကုန်း အသံလွှင့်ရုံကို နမ့်ခါချောင်းဘေးက တောင်ကုန်းပေါ်မှာ ဆောက်မှာဆိုတော့ ပထမဆုံး တောင်ကုန်းကို မြေညှိရ တယ်။  စက်အင်အား လူအင်အားသုံးကာ မြေညှိပြီးတာနဲ့  အသံလွှင့်ရုံနေရာနဲ့  ဝန်ထမ်းအိမ်ယာတွေကို အသံလွှင့်ရုံ ဘေး ပတ်ပတ်လည်မှာ တည်ဆောက်ဖို့ မြေနေရာများ သတ်မှတ်လိုက်ကြပြီး အဆောက်အအုံ တွေအတွက် လိုအပ်သမျှ သစ်ဝါးတွေ၊  နမ့်ခါချောင်းဖျားက တောင်ပေါ် တက်ခုတ်ကြရတယ်။

တရုတ်-ဗမာ ကပြားရဲဘော်များ၊ ကချင်ရဲဘော်၊ အခါရဲဘော်များနဲ့ 'ဝ' တပ်ဖွဲ့ တခွဲစာ လူအင်အားများစွာတို့ တောင်ပေါ် တက်ကြရပါပြီ။  ဒေသခံ တိုင်းရင်းသား ရဲဘော်တွေက အကြမ်းပတမ်း ခံနိုင်ရည် ရှိပေမယ့် ဗမာရဲဘော်တွေနဲ့ ပင်လယ်ရပ်ခြား တရုတ်ရဲဘော်တွေကတော့ ခံနိုင်ရည် သိပ်မရှိကြပါ။  မြို့က တောခိုစ ပူပူနွေးနွေး စက်မှုတက္ကသိုလ်ကျောင်းသား ၇ဲဘော်အေးမောင်နဲ့ ရဲဘော်ဝင်းသိန်းတို့လည်း တတ်စွမ်းသလောက် သစ်ဝါးခုတ်ကြ၊ မခုတ်နိုင်ရင် တောတွင်းစခန်းမှာ ထမင်းဟင်းချက် တာဝန်ယူကြနဲ့ သစ်အလုံးပေါင်း ငါးထောင်ကျော်၊ ဝါးအလုံးရေ တသိန်းလောက်ကို တလနီးပါးခုတ်ယူကာ ချောင်းဖျားကနေ သစ်ဖေါင် ဝါးဖေါင် ဖွဲ့မျှော ကြရတာပါ။  ပညာတတ် တက္ကသိုလ်ကျောင်းသား ဘဝကနေ အရှင်လတ်လတ် နေ့ချင်းညချင်း သစ်ခုတ်သမားဘဝ ပြောင်းသွားတဲ့ ရဲဘော်ဝင်းသိန်း နဲ့ ရဲဘော်အေးမောင်တို့ဟာ သစ်ဖောင် ဝါးဖောင်ဖွဲ့ရာ ဖောင်မျှောရာမှာ ဒဏ်ရာ အသီးသီးရလို့ အမေ့ရင်ခွင်မှာ မနေချင်ဘဲ လာချင်ဦးဟ လွတ်မြောက်ဒေသ၊ ခုတ်ချင်ဦးဟ သစ်ဝါး။  မှိုင်းရာပြည့်မှာ ဘွဲနှင်းသဘင်ခန်းမကြီးကို စီးနင်းကာ သပိတ်စခန်းဖွင့်ခဲ့တုန်းက သတ္တိတွေ စွမ်းရည်တွေနဲ့ တခြားစီ ဖြစ်လို့နေတဲ့ 'ဝ' တောင်တန်းက သစ်တော ဝါးတောထဲမှာ ပညာတတ်မာနကို ခဝါချခဲ့ကြပြီ။

ဒီလိုနဲ့ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့် ဆိုတာလို ပဲခူးရိုးမတုန်းက အိပ်မက်မျှပင် ယောင်လို့ မမက်ခဲ့တဲ့ နိုင်ငံတကာ အကူအညီကြီးကြောင့် ကြီးမားခန့်ထည်တဲ့ အသံလွှင့်ဌာနကြီးနှစ်ခု တနှစ်အတွင်းမှာ ပြီးစီးသွား လေပြီ။

နှစ်ဧကမျှ ကျယ်တဲ့ အသံလွှင့်ဌာနဝန်းကြီးကို လူတရပ်ကျော်မြင့်တဲ့ အုတ်တံတိုင်း ဝင်းကြီးခတ်ကာ လုံခြုံမှုယူဖို့  ပတ်ပတ်လည်မှာ ဝန်ထမ်းရဲဘော်များရဲ့ နေအိမ်များ၊ ကင်းတပ်ဘုံရိက္ခာရုံကြီးတို့ကိုပါ ဆောက်လုပ်ခဲ့ကြပါတယ်။  အသံလွှင့်ရုံ တည်ဆောက်ရေးမှာ တရုတ် အင်ဂျင်နီယာများက အဆောက်အအုံ ဆိုင်ရာတဖွဲ့၊ စက်ပိုင်းဆိုင်ရာတဖွဲ့ နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ကြရတာပါ။  တည်ဆောက်ရေး ရဲဘော်တွေရဲ့ ရိက္ခာ ဟင်းသီးဟင်းရွက်၊ ငှက်ပျောထင်း အတွက် မဲဇလီပင်တွေကို တပြိုင်နက် စိုက်ပျိုးကြရကာ 'ဝ' ရဲဘော်တွေရဲ့ စာပေ ရေချိန်မြှင့်တင်ရေးအတွက် ရန်ကုန်တက္ကသိုလ် တောခိုကျောင်းသား ရဲဘော်ဗထွန်းက မြန်မာစာ၊ မြန်မာစကား နေ့စဉ်သင်ပေးတော့ 'ဝ' ရဲဘော်တွေ ပါးစပ်ဖျားမှာ ဆရာဗ၊ ဆရာဗ နဲ့ မြန်မာလို ပီပီသသခေါ်နိုင်၊ မြန်မာစကားလည်း မွတ်နေအောင် ပြောနိုင်လာကြတယ်။

တပ်ဖွဲ့အတွက် ဝက်မွေးမြူတဲ့တာဝန်ကို ကျွန်မရဲဘော်နီမော် တာဝန်ယူထားရတာကြောင့် နမ့်ခါချောင်းထဲက ရေညှိတွေ ဆယ်ယူကာ ဝက်စာကျွေးရတယ်။  အသံလွှင့်ရုံ စတင် အသံလွှင့်တာနဲ့ ကျွန်မရဲဘော်နီမော်က မြန်မာဘာသာ သတင်းဆောင်ပါး ဖတ်ကြားသူ၊ ရဲဘော်အေးမောင်က ညောင်နီစခန်း အသံသွင်းစက် အင်ဂျင်နီယာ၊ ရဲဘော်ဝင်းသိန်းက ညောင်ညိုစခန်း အသံလွှင့်စက်အင်ဂျင်နီယာ အဖြစ် တာဝန်ယူကြရတော့ မြို့ကရဲဘော်တွေ လူမှန် နေရာမှန် ဖြစ်နေကြပြန်ရော။  ပန်ဆန်းပါတီဗဟိုရဲ့ အသံလွှင့်ဌာနကြီးမှာ ဗမာ၊ ဂျင်းဖော၊ ကရင်၊ ရှမ်း၊ ဝ၊ တရုတ်ဘာသာ ၆ မျိုး နေ့စဉ် မနက်တကြိမ်၊ ညနေတကြိမ် လွှင့်ပါတယ်။  နယ်စပ်ဒေသဖွင့်ပြီး နောက် စစ်ရေးဆန်ဆန် ပြုမူ လှုပ်ရှားရမှာမို့  အခုလို ကြီးမားခန့်ထည်တဲ့ အဆောက်အအုံကြီးတွေ၊ ရုံဌာနကြီးတွေ မဆောက်သင့်ကြောင်းကို ဗဟိုကော်မတီ ရဲဘော်သန်းလွင်ထွန်း (ခ) ကျင့်ကောင်းက အမြင်သဘောထား တင်ပြပေမယ့် ရှုံးနိမ့်သွားခဲ့တယ်။

၈၅ ခု ပါတီကွန်ဂရက်မှာ ကိုယ့်ဒူးကိုယ်ချွန် လမ်းစဉ်ချမှတ်ပြီး တရုတ်ပြည်က ဘက်ပေါင်းစုံ ပေးနေတဲ့ အကူအညီတွေ ရုတ်သိမ်းမှာမို့၊ အသံလွှင့်ရုံကို ပေးနေတဲ့ တရုတ်လျှပ်စစ်မီးကို အရင်ဆုံး ဖြတ်တောက် လိုက်တယ်။  ဒီမှာတင် အသံလွှင့်လုပ်ငန်းလည်း ရပ်ဆိုင်းသွားကာ ၈၆ ခုကျမှ 'ဝ' နယ် မြောက်ပိုင်း ခွင်းမားမြို့နယ် မှာ အသံလွှင့်စက် တပ်ဆင်ထားတဲ့ ကားကြီးတစင်းကို တရုတ်တို့က ပေးတာနဲ့ အသံလွှင့်လုပ်ငန်း ပြန်လည်လုပ်ဆောင်ရပါတယ်။

ဒီတော့ 'ဝ' နယ်ရဲ့ မြို့တော် ပန်ဆန်းမှာ ရှိတဲ့ ကြီးမားခန့်ထည်တဲ့ အသံလွှင့်ရုံကြီးရဲ့ ညာဘက်ခြမ်းကို ပေါလစ်ဗျူရို ဦးကျော်မြက ဗဟိုဝါဒဖြန့်ချိရေးဌာနနဲ့ ဗဟိုသုတေသနဌာန ရယ်လို့ ဖွင့်လှစ်ရာမှာ ဗဟိုသုတေသနဌာနမှူးက ရဲဘော်အောင်ထက် ခေါ် ဖိုးသံချောင်း ဖြစ်ကာ၊ ဗဟိုဝါဒဖြန့်ချိရေး ရုံးအုပ်က ကျွန်မရဲဘော်နီမော်ပါ။  ဒီအချိန်မှာ ကိုယ့်ဒူးကိုယ်ချွန် လုပ်ရပြီမို့ ဌာနလုပ်ငန်းတဝက်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတဝက်နဲ့ တနေ့တာ အချိန်ကုန်ပါတယ်။

အသံလွှင့်ရုံ အဆောက်အအုံကြီးထဲမှာ အသံလွှင့်လုပ်ငန်း မလုပ်နိုင်တော့ပေမယ့် ၈၅ ခုနှစ် တတိယအကြိမ် ပါတီကွန်ဂရက်ကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့တယ်။  ၈၆ ခုနစ်မှာ အမျိုးသားဒီမိုကရေစီတပ်ဦး ခေါ် (မဒတ) နဲ့လည်း ဒီအသံလွှင့်ရုံခန်းမကြီးထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။  မဒတ ကိုယ်စားလှယ်များ ပါတီဗဟိုနဲ့ ဆွေးနွေးချိန်မှာ ဘာတေးလင့်တနာဟာ ကေအိုင်အေ ကောင်းမှုနဲ့ အိန္ဒိယကတဆင့် ဗမာပြည်ထဲကို ရောက်နေပါပြီ။  ကေအိုင်အေနယ်မြေကတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လွတ်မြောက်ဒေသ တကြောလုံးကို ဖြတ်ပြီး နောက်ဆုံး ထိုင်းနိုင်ငံထဲ ပြန်ဝင်ဖို့ အစီအစဉ် ဖြစ်ပါတယ်။  ပါတီဗဟိုခေါင်းဆောင်များလည်း ဗမာပြည်ကွန်မြူနစ်ပါတီ တည်ရှိကြောင်းကို ဘာတေးလင့်တနာ (Bertil Lintner) က ကမ္ဘာသိအောင် လုပ်ဆောင်ပေးတော့မယ်ဆိုကာ အထူးဝမ်းသာ ပျော်ရွှင်နေကြကြောင်း သိရပါတယ်။  အမျိုးသားဒီမိုကရေစီ တပ်ဦးအဖွဲ့ထဲမှာ ကေအိုင်အို၊ အက်စ်အက်စ်ပီပီ၊ ပီအက်စ်အယ်လ်အို (ပလောင်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့)၊ ဒဗလျူအင်န်အို('ဝ' အမျိုးသားအဖွဲ့ချုပ်)၊ မွန်ပြည်သစ်ပါတီ၊ ပအို့ဖြူအဖွဲ့၊ ကရင်နီအဖွဲ့၊ ကေအင်န်ယူ၊ ရခိုင်အဖွဲ့ စသည်ဖြင့် အဖွဲ့အစည်း ၉ ခုမှ ကိုယ်စားလှယ်များဟာ ဗဟိုရှိရာ ပန်ဆန်းကို ချီတက်ခဲ့ကြတယ်။  မဒတအဖွဲ့ ကိုယ်စားလှယ်တွေ ၈၆ ခုနှစ်မှာ ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းကို ရောက်လာကာ ပါတီဗဟိုနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပေမယ့် သတင်းထောက် ဘာတေးလင့်တနာကတော့ ၈၇ ခုနှစ်ကျမှ ပါတီဗဟိုနဲ့ တွေ့နိုင်တော့တယ်။

အရှေ့ဖျားစီးပွါးရေးဂျာနယ်မှ ဆောင်းပါးရှင် ဘာတေးလင့်တနာ (Bertil Lintner)

ထိုင်းအခြေစိုက် ဆွီဒင်နိုင်ငံသား ဘာတေးလင့်တနာဟာ ပါတီဗဟိုရှိရာ 'ဝ' နယ် ပန်ဆန်းကို လာရာလမ်းမှာ မြောက်ပိုင်းဗျူရိုရောက်တော့ စီစီဝမ် တာပန် တိုက်ပွဲကြီးကို ကြည့်လိုက်ရရုံမျှမက လွတ်မြောက်ဒေသတကျောကို ခြေလျင် လာတဲ့အတွက် ကိုးကန့်နဲ့ 'ဝ' မြောက်ကို ဖြတ်သန်းလိုက်ရတာကြောင့် သတင်းဆောင်းပါးရေးဖို့၊ စာအုပ်ထုတ်ဖို့ စီးပွါးရေးအရ တွက်ခြေကိုက်သွားတဲ့ အပြင် ပန်ဆန်းရောက်တော့လည်း ဥက္ကဌသခင်ဗသိန်းတင်နဲ့ ၆ ကြိမ်လောက် တွေ့ဆုံ ဆွေးနွေးလိုက်ရတော့ နှစ်ဦးနှစ်ဖက် ကျေနပ်မှု ရလိုက်ကြတယ် ထင်တယ်။

ပါတီဗဟိုကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ ရှိနေကြောင်း ကမ္ဘာသိအောင် ဝါဒဖြန့်စေချင်တယ်။  ဒါကြောင့် သူဟာ ပေါလစ်ဗျူရို ခေါင်းဆောင် တော်တော်များများနဲ့ လည်း တွေ့ဆုံခွင့် ရခဲ့တယ်။  ပါတီဗဟိုက မူးယစ်ဆေးဝါး တရားဝင် လုပ်ကိုင်ခွင့်မပေးဘူး ဆိုတာကိုလည်း ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေ အသံလွှင့်စေ ချင်တယ်။  ဘာတေးလင့်တနာကလည်း ကိုးကန့်နဲ့ 'ဝ' မြောက်ဒေသကို ဖြတ်သန်းရာ လမ်းတလျှောက်မှာ ဘိန်းပန်းတွေ လှလှပပ ရောင်စုံပွင့်နေတာ တွေ့ခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် ဘိန်းကိစ္စကို တို့ရုံထိရုံ ရေးခဲ့တာကတော့ ဗဟိုဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို ရပ်တန့်စေဖို့ ဆုံးဖြတ်ချက်အပေါ် ယုံကြည်စိတ်ချမှု မရှိတဲ့အတွက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  ဘယ်လိုပဲ ဖြစ်ပါစေ ဗမာပြည်ကွန်မြူနစ်ပါတီကတော့ ဘာတေးလင့်တနာတို့ မိသားစုအပေါ် အထူးဧည့်ဝတ်ကျေပွန်ခဲ့ပါတယ်။

ပါတီရဲ့ ကိုယ့်ဒူးကိုယ်ချွန်စိတ်ဓါတ်ကို ပါတီနဲ့ တပ်သားထု တရပ်လုံး ခက်ခဲ ပင်ပန်းဆင်းရဲစွာ အကောင်အထည် ဖော်နေရပေမယ့် ဘာတေးလင့်တနာ ဇနီးဖြစ်သူ ရှမ်းအမျိုးသမီး ဆင်နုံနဲ့ သမီးငယ်လေးတို့ကို ပြည်သူ့အသံလွှင့် ဌာနရဲ့ လစ်ဟာနေတဲ့ အဆောက်အအုံထဲမှာ ကောင်းမွန်နွေးထွေးမှုတွေနဲ့ ကြိုဆိုဧည့်ခံခဲ့တယ်။  ဧည့်ခံရေး ကျွေးမွေးပြုစုရေး တခုလုံးကို အသံလွှင့်ရုံဝန်းထဲရှိ ဗဟိုသုတေသနဌာနက ရဲဘော်အောင်ထက်က တာဝန်ယူကာ ကျွေးမွေးရေးအတွက် ဗဟိုကော်မတီ ရဲဘော်စံသူ(လင်စန်း)နဲ့ ဇနီး ဒေါ်စန်း၇ီတို့က တာဝန်ယူ ချက်ပြုတ်ကျွေးမွေး ကြတာကြောင့် ရဲဘော်စံသူဟာ ဥရောပအစားအစာ ချက်နည်းတွေကို ဇနီးဒေါ်စန်းရီကို သင်ကြားပြသနေတာ အမြဲတွေ့နေရတာနဲ့  နိုင်ငံခြားသားကို ငယ်ငယ်ကတည်းက အမြင်ကပ်တဲ့ ကျွန်မက ငါးပိထောင်း စပ်စပ်ထောင်းပေးလိုက်ပါလားလို့ အကြံပေးလိုက်တယ်။  ပါတီက အသားငါးမပြတ် ဆီဦးထောပတ် အမြဲကျွေးရတာပါ။  ဘာတေးလင့်တနာကလည်း ငှက်ဖျားကြောက်လို့ ရေစိမ်းတောင် မချိုးပါရစေနဲ့။  ရေကျက်အေး ချိုးချင်ကြောင်း ပြောတော့ ကျွန်မတို့ ဌာနက 'ဝ' ရဲဘော်တွေ တပ်ခွဲအိုးကြီးနဲ့ ရေနွေးကြိုကာ အအေးခံပေးကြရတယ်။  ကင်ပွန်းချဉ်နဲ့ တောဟင်းရွက်တွေ မစားရဲကြောင်းပြောတော့ တရုတ်ပြည် မုံအာရွာက အသီးအနှံ မပြတ် ဝယ်ကျွေးရတာပါ။  ဘာတေးလင့်တနာတို့ မိသားစု ပန်ဆန်းမှာ တလကျော် နေထိုင်သွားကြရာမှာ ဇနီးဖြစ်သူ ရှမ်းအမျိုးသမီး ဆင်နုံက အတော်လူလည်ကျကြောင်း ကျွန်မတို့ သိလိုက်ရတယ်။

သူဟာ ပါတီဗဟိုရဲ့ ကျွေးမွေးပြုစုမှု ဘယ်လောက်ကောင်းကောင်း သူ့နည်းသူ့ဟန်နဲ့ ပန်ဆန်းတခွင် ပြဲပြဲစင်အောင်လှည့်လည်ကာ သတင်းနှိုက်ပါတယ်။  အခွင့်အရေးမှန်သမျှ ယူတာ ခံစားတတ်ပေမယ့် ပြည်သူ့တပ်မတော်သား တယောက်နဲ့ ပေါင်းပြီး သတင်းပလင်းကို လက်ကုန်နှိုက်တတ်တဲ့ သူတို့ လုပ်နည်း လုပ်ဟန်ကို ရွံ့မုန်းပြီး ကျွန်မတို့ အသံလွှင်ဌာနမှာ နေထိုင်ကြသူ အားလုံး သွေးစည်းညီညွတ် ကုန်ကြတယ်။  အဲဒီကာလကလည်း ပါတီထဲမှာ ဆယ်စုနှစ် တစုကျော် ကြာပြီဖြစ်တဲ့ ကျွန်မတို့ ဗမာရဲဘော်တွေအတွက် အသိစိတ်ဓါတ်ကလေး ရသွားတာက ကိုယ့်အတွင်းရေး ကိုယ်ပဲ ရင်ဆိုင်ဖြေရှင်းချင်ကြတယ်။  နိုင်ငံခြားသား ဝင်စွက်တာ၊ သတင်းနှိုက်တာ ကိုယ့်လူမျိုးရဲ့ အရေးအရာ ကိစ္စတွေ ဝင်ရောက်စွက်ဖက် အမြတ်ထုတ်တာတော့ မခံသင့်ဘူး ဆိုတာပါပဲ။


ကျွန်မတို့ မိဘတွေကလည်းမျိုးချစ်စိတ်ဓါတ်ရှိဖို့ နိုင်ငံခြားသားဆီက အတုယူသင့်တာ ယူနိုင်တယ်။  အထင်မကြီးဖို့ ပြောဆိုဆုံးမတဲ့အပြင် ငယ်စဉ် ကတည်းက နိုင်ငံခြားသားတွေအပေါ် အမြဲသတိထား ဆက်ဆံတဲ့ အလေ့အကျင့် ရှိခဲ့တယ်။  မိဘတွေနဲ့ ပါတီရဲ့ မပြတ်သွန်သင်မှုအောက်မှာ ကျွန်မတို့အားလုံး နိုင်ငံခြားသားနဲ့ တွေ့မှ မျိုးချစ်စိတ်ဓါတ် တဖွားဖွား ပေါ်လာတာ ကတော့ အမြတ်ရလိုက်တာပါပဲ။  အရပ် ခြောက်ပေကျော်ပြီး ကြီးထွားသန်မာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံက သတင်းထောက်ကြီးရေးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန် (The Rise And Fall of The Communist Party of Burma) စာအုပ်ဟာ နိုင်ငံခြားသားတယောက်ရဲ့ ရေးသားချက် ဖြစ်တာမို့ အချက်အလက်တွေဟာ တချို့တလေသာ မှန်ကန်သလို စေတနာမဲ့၊ ခံစားချက်မဲ့ ရေးသားချက်တွေကြောင့် အသက်မဝင် စာပေမဖြူစင်တာတော့ ဖတ်ကြည့်လိုက်တာနဲ့ သိသာ ထင်ရှားလှပါတယ်။

Monday, September 15, 2014

ဗမာပြည်ကွန်မြူနစ်ပါတီရဲဘော်များရဲ့ လက်ထပ်ထိမ်းမြားမင်္ဂလာ - ရေးသူ နီမော်

[နီမော် ရေးတဲ့ - မငြိမ်းမချမ်း မစိမ်းမလန်း သိန်းသန်းကုဋေ ပြည်သူတွေ - စာအုပ်ထဲက အင်တာနက်မိတ်ဆွေတွေ စိတ်ဝင်စားမယ်ထင်တာကို တင်ပေးလိုက်ပါတယ်။]




ဗမာပြည်ကွန်မြူနစ်ပါတီရဲဘော်များရဲ့ လက်ထပ်ထိမ်းမြားမင်္ဂလာ



ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ပြည်ကွန်မြူနစ်ပါတီက နိုင်ငံတကာ အကူအညီအဖြစ် တည်ဆောက်ပေးခဲ့တဲ့ အသံလွှင့်ဌာနဟာ (က) ဌာန၊ (ခ) ဌာန ဆိုပြီး နှစ်ခုခွဲထားတယ်။  အသံသွင်းတဲ့ ဌာနကို ညောင်နီကုန်းစခန်းလို့ ခေါ်ပြီး၊ အသံလွှင့်ထုတ်ရာဌာနကိုတော့ ညောင်ညိုစခန်းလို့ ခေါ်တယ်။  အသံလွှင့်ထုတ်တဲ့ ညောင်ညိုစခန်းဟာ 'ဝ' နယ် ပန်ဆန်းမြို့ အလယ်လောက်ကနေ ရစ်ခွေစီးဆင်းနေတဲ့ နမ့်ခါချောင်းနဲ့ လယ်ကွင်းတွေ ကြားမှာ တည်ဆောက်ထားတယ်။  ညောင်ညိုစခန်းကို (က)ဌာနလို့လည်း ခေါ်သလို ကေဒါကျောင်း ဖွင့်ခဲ့ဖူးတော့ ကေဒါကျောင်းလို့လည်း ခေါ်ကြတယ်လေ။  ညောင်ညိုစခန်းလို့ပဲ အခေါ်များတဲ့ အသံလွှင့်ဌာနဟာ နမ့်ခါချောင်းဘေးမှာ ရှိတာမို့ မြေပြင်ညီညာပြန့်ပြူးကာ စိုက်ပျိုးလို့ကောင်း၊ သွားလာလို့ ကောင်းတယ်။

ဒီနေ့ ၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့။  ဒီနေ့ နေ့လယ်ကစလို့ ညောင်ညိုစခန်းက ရဲဘော်၊ ရဲဘော်မတွေ အားလုံး အခမ်းအနားလေး တခုအတွက် လှုပ်လှုပ်ရွရွ ပြင်ဆင်နေကြတယ်။  ဘာအခန်းအနားလဲဆိုတော့ ညောင်နီကုန်းစခန်းခေါ် (ခ)ဌာနက ရဲဘော်မနီမော်နဲ့ ညောင်ညိုစခန်းခေါ် (က)ဌာနက ရဲဘော်အေးမောင်တို့ရဲ့ ထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားပါ။  သူတို့ နှစ်ဦးဟာ လက်ထပ်မင်္ဂလာ ပြုလိုကြောင်း ပါတီဗဟိုကို တင်ပြခဲ့ပါတယ်။  အဲဒီ အချိန်က ဗဟိုဝါဒဖြန့်ချိရေးဌာနကြီးမှူးက ပေါ်လစ်ဗျူရို ဗိုလ်ကြင်မောင် ခေါ် ရဲဘော်ထွန်းပါ။  ပါတီကလပ်စည်း အတွင်းရေးမှူးတွေကတဆင့် တင်ပြကတည်းက ဒီရဲဘော် နှစ်ဦးလုံးဟာ လက်ထပ်သင့်၊ မသင့် စုံစမ်းစစ်ဆေးကြပါတယ်။  နောက်ကြောင်းရာဇဝင် (Biography) ကို စုံစမ်းကြသလို ၊ လက်ရှိဌာနတွင်းမှာ တာဝန်ထမ်းဆောင်မှု အခြေအနေ၊ လက်ရှိ အတွေးအခေါ် အနေအထားတို့ကို အခြားရဲဘော် များရဲ့ လက်ထပ်ပွဲမှာ စစ်ဆေးသလို ထုံးစံအတိုင်း လေ့လာ အကဲဖြတ်ကြတာပါ။  လက်ထပ်လိုသူတွေဟာ တပ်သက် သုံးနှစ်ပြည့်ရပါမယ်။  အမျိုးသား ရဲဘော်ရဲ့ အသက်ဟာ ၂၇ နှစ်ရှိကာ၊ အမျိုးသမီးရဲဘော်ကတော့ ၂၅ နှစ် ရှိရပါမယ်။  (ဒေသခံ တိုင်းရင်းသား ရဲဘော်တွေကတော့ အသက် သတ်မှတ်ချက် ပိုငယ်ပါတယ်)။

ဒီ စည်းကမ်းတွေနဲ့လည်း ကိုက်ညီ၊ တင်ပြထားတဲ့ သတ်မှတ်ကာလ ပြည့်ပြီဆိုရင်တော့ လက်ထပ်ခွင့် ပြုလိုက် ပါတယ်။  လက်ထပ်မယ့်သူအတွက် မင်္ဂလာအခမ်းအနားမှာ ဧည့်ခံကျွေးမွေးဖို့ ဌာနက ထောက်ပံ့ရေးဌာနကို တင်ပြတော့ ငွေတရာကျပ် ထုတ်ပေးပါတယ်။  ဒါလည်း ထုံးစံအတိုင်း ဆောင်ရွက်တာပါ။  ဒီငွေနဲ့ နေကြာစေ့၊ သကြားလုံးတွေနဲ့ လက်ဖက်ခြောက်တွေ ဝယ်ရပါတယ်။  ဧည့်ခံပွဲ မျက်နှာမလှမှာ မလောက်ငမှာ မပူရပါ။  မင်္ဂလာ ရွှေပွဲလာ ရဲဘော်များက ငှက်ပျောသီးမှည့်မှည့်၊ သင်္ဘောသီး၊ လိမ္မော်သီး၊ မက်မန်းချိုသီး၊ မက်မုံသီးနဲ့ ငှက်ပျောကောက်ညှင်းထုတ်တွေ၊ ချိုချဉ်တွေ ထပ်ယူလာပေးကြပါသေးတယ်။  စည်စည်ကားကား ပြည့်ပြည့်စုံစုံ ရှိအောင် ဝိုင်းဝန်းကြတာပါ။

လွတ်မြောက်ဒေသမှာတော့ ဘာပွဲလုပ်လုပ် စစ်ရေးအမြင် ရှိရပါတယ်။  တော်လှန်ရေးဆန်ရပါတယ်။  အခုကြည့်လေ။  လက်ထပ်ခွင့် ကျလိုက်တာနဲ့ အရေးကြီးဆုံးဖြစ်တဲ့ နေထိုင်မှုကို စီစဉ် ဆောင်ရွက်ရတာပါ။  ရဲဘော်နီမော်က ညောင်နီစခန်းမှာ အသံလွှင့်ဆောင်းပါး၊ တိုက်ပွဲသတင်းကြေညာသူ၊ တော်လှန်ရေး တေးသီချင်းများကို သီဆိုအသံသွင်းရသူ၊ အသံလွှင့်ဆောင်းပါး ရေးရသူ ဖြစ်တယ်။  ရဲဘော်အေးမောင်က ညောင်ညိုစခန်း အသံလွှင့်စက်ကိုင် စက်ပြင် အင်ဂျင်နီယာပါ။  ဒီတော့ ရဲဘော်အေးမောင်က ပိုတာဝန်ကြီးတယ်။  ဒါကြောင့် နေထိုင်ရေးကို ညောင်ညိုစခန်းမှာ နေရမယ်၊ မင်္ဂလာပွဲကိုလည်း ညောင်ညိုအသံလွှင့်ဌာနမှာပဲ လုပ်မယ်လို့ ဌာနခေါင်းဆောင်တွေက ဆုံးဖြတ်ချက် ပေးလိုက်တာနဲ့အညီ ညောင်ညိုစခန်းရဲ့ ခန်းမတခုမှာ ဧည့်ခံဖို့ ပြင်ဆင်နေကြတာပါ။  စားပွဲထိုင်ခုံတွေ အသင့်ရှိတော့ စားပွဲတွေပေါ်မှာ နှင်းဆီပန်းနဲ့ အောင်သပြေပန်းလှလှ ပန်းအိုးတွေ တင်ထားသလို လက်ဘက်ခြောက်ရည်ခွက်တွေလည်း အဆင်သင့်ပါ။  ဒီမှာတော့ တပ်အိုးကြီးနဲ့ ရေနွေးကြိုကာ စစ်သုံးမတ်ခွက်တွေနဲ့ သုံးဆောင်စေတယ်။  အသီးအနှံ၊ မုန့်၊ နေကြာစေ့၊ ချိုချဉ်တွေကို ပန်းကန်ပြားတွေနဲ့ ထည့်ထားပြီးပြီ။

ဌာနခေါင်းဆောင် ရဲဘော်ထွန်းအောင်နဲ့ ကေဒါရဲဘော်များရဲ့ စီစဉ်ပေးမှုကြောင့် ဧည့်ခံရေး အဆင်သင့် ဖြစ်နေပါပြီ။  အော် အရေးကြီးတဲ့ ကိစ္စတခုကို မနက်ပိုင်းမှာ ဆောင်ရွက်ဖို့ ဗဟိုဌာနချုပ်ရုံးကို သွားကြရသေးတယ်။  ဗဟိုဝါဒဖြန့်ချိရေး ဌာနကြီးမှူး ရဲဘော်ထွန်း ခေါ် ပေါ်လစ်ဗျူရို ဗိုလ်ကြင်မောင်ရဲ့ေ၇ှ့မှောက်မှာ သတို့သား ရဲဘော်အေးမောင်နဲ့ သတို့သမီး ရဲဘော်နီမော်တို့က နှစ်ဦးသဘောတူ ပါတီရဲ့ ခွင့်ပြုချက်နဲ့  လက်ထပ်ကြောင်း အသိအမှတ်ပြု စာရွက်မှာ လက်မှတ်ထိုးကြရတာပါ။  ဗဟိုရုံးက ပြန်လာတော့ ဗဟိုဓါတ်ပုံအဖွဲ့က ရဲဘော်စံဝင်း ရောက်လာကာ သတို့သား၊ သတို့သမီးကို အသိအမှတ်ပြု ဓါတ်ပုံရိုက်ပေးပါတယ်။

ကျွန်မတို့ နှစ်ဦးလည်း ဌာနက စီစဉ်တာမှန်သမျှ ကျေးဇူးတင်စွာ ဝမ်းမြောက်ဝမ်းသာ ခံယူကြပါတယ်။  ကိုယ့်မိဘ ဆွေမျိုး အားလုံးနဲ့ ဝေးရာမှာ ရောက်ရှိနေတုန်း ဌာနခေါင်းဆောင်တွေကို ကိုယ့်မိဘလို၊ ရဲဘော်ရဲဘက်တွေကို ကိုယ့်ညီအစ်ကို မောင်နှမတွေလို သဘောထားကာ ဆောင်ရွက်ကြရတာပါ။

ဖိတ်ကြားထားတဲ့ ရဲဘော်တွေလည်း သက်ဆိုင်ရာ ဌာနအသီးသီးက အလုပ်တာဝန်တွေ ပြီးချိန် ညနေ လေးနာရီလောက်မှာ မင်္ဂလာခန်းမရှီရာကို တဖွဲဖွဲ ရောက်လို့ လာကြပါပြီ။  သတို့သား သတို့သမီးတွေလည်း တသက်တာမှာ အရေးပါလှတဲ့ မင်္ဂလာပွဲကို တပ်ဝတ်စုံသစ်တွေ ဝတ်ဆင်ကာ ပျော်တပြုံးပြုံး ကျင်းပနေပါပြီ။

ဟော ထင်တဲ့အတိုင်ပါပဲ။  ပြည်သူ့အသံ တီးဝိုင်းရဲဘော်တွေ တူရိယာပစ္စည်းတွေနဲ့ ရောက်လာကြပြီး စတင်တီးမှုတ်ကြတော့တယ်။  အဲဒီတုန်းက စစ်ဒေသ ဆေးရုံအုပ်ကြီး ဗိုလ်ကျော်စွာက မယ်ဒလင်၊ ပြည်သူ့အသံ တီးဝိုင်းခေါင်းဆောင်များ ဖြစ်ကြတဲ့ ရဲဘော်ထွန်းခိုင်က အော်ဂင်(စန္ဒယားသံ)၊ ရဲဘော်ရန်လင်းက တယော၊ ရဲဘော်ဝင်းသိန်းက ဒုံမင်း (တရုတ်အခေါ် ယန်းချင်)၊ ရဲဘော်အဘ သက်ရှည်က ဝါးပတ္တလား၊ အသံတွေ စုံအောင် တီးလိုက်ကြတာ ရွှေပွဲလာ ရဲဘော်အပေါင်း မပြန်နိုင်တော့ လောက်အောင်ပါ။  မြို့မှာ ဆိုရင် မင်္ဂလာအခါတော်ပေး သီချင်းကို အဆိုတော်ကြီး ဒေါ်တင်တင်မြသီချင်းနဲ့ ဘိသိက်သွန်းက မင်္ဂလာ စကြတာပါ။  အားလုံးဟာ စိန်ရွှေ အတုအစစ်တွေ တွဲလွဲတွဲလွဲ၊ ကျွေးမွေးဧည့်ခံပုံ မျိုးစုံ၊ လက်ဖွဲ့တွေကလည်း ကားကြီးတွေနဲ့ တိုက်ယူရတယ်။  မင်္ဂလာခန်းမကြီးတွေကလည်း ဟည်းဟည်းထလို့၊ တချို့လည်း ရုံးတက်လက်မှတ်ထိုး၊ တချို့လည်း ခိုးရာလိုက်ပြေး လို့၊ အင်း.. အာဝါဟ ဝိဝါဟကတော့ လူ့ဘုံလူ့ရွာမှာ အမျိုးစုံအောင်ပါ။

ကျွန်မတို့လည်း ပြည်သူ့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ လွတ်မြောက်ဒေသ ရောက်လာကြပြီး ကျရာတာဝန် ထမ်းဆောင်ကြတာဆိုတော့ သတို့သား၊ သတို့သမီး ရဲဘော်နှစ်ဦးလုံးရဲ့ အိမ်ထောင်ရေးဟာ အထူးတလည် စွန့်လွှတ် အနစ်နာခံစိတ် မွေးနေဖို့ မလိုလောက်အောင် စိတ်ဓါတ်ရင့်ကျက်နေပါပြီ။

အင်း…… ဒီမင်္ဂလာပွဲကို ကြွရောက်လာကြတဲ့ ရဲဘော်အပေါင်းဟာ စားလိုက်၊ သောက်လိုက်၊ စကားပြောလိုက်နဲ့  ဖျော်ဖြေရေး တေးဂီတတွေ တခုပြီးတခု နားဆင်ကြတဲ့ အထဲမှာ အဝါရောင်သီချင်းလို့ ပါတီက သတ်မှတ်ထားတဲ့ သီချင်းတွေ တပုဒ်မှ မပါရပါ။  ရွှင်မြူးတက်ကြွတဲ့ ပြည်သူတွေ ဆန္ဒအညီ လွတ်မြောက်ဖို့ မှန်းမျှော်ရည်သီချင်း၊ ကောင်းကင်ယံက အာရုဏ်နီသီချင်း၊ ရွှန်းသစ်ပေါ်ထွန်းနေပြီ သီချင်းတွေကို သီဆို တီးမှုတ်ကြတာပါ။  အားလုံးဟာ စိတ်လက်ပေါ့ပါးကာ အလွန့်ကို ပျော်ရွှင်နေကြပါတယ်။

ဌာနကတော့ ထုံးစံအတိုင်း လက်ထပ်မင်္ဂလာပွဲတိုင်းကို တပ်ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း၊ တပ်ဝတ်စုံအသစ်၊ တပ်သုံး အိုးခွက်ပစ္စည်းအသစ်တွေ လက်ဖွဲ့တယ်။  အော်. အရေးကြီးဆုံး နေထိုင်ရေးအတွက် အိမ်ဆောက်ခွင့် ပေးလို့ မင်္ဂလာမဆောင်ခင် ကတည်းက သတို့သားလောင်း ရဲဘော်အေးမောင်ဟာ ဌာနက ရဲဘော်တွေနဲ့ သစ်ဝါးကို တောင်ပေါ်တက်ခုတ်ကြပြီး ဖေါင်မျှောဆင်းကာ အိမ်ဆောက်ရမယ့်နေရာ ညောင်နီစခန်း အသံလွှင့်ဌာနမှာ အိမ်အသစ် ဆောက်လုပ်ရပါတယ်။  သက်ကယ်ဖိုးကိုတော့ ဌာနက ထုတ်ပေးပါတယ်။  ဒါ့ကြောင့် အိမ်ထောင်ပြုမယ့်အရေး ဌာနဆိုင်ရာ လုပ်ငန်းတွေ အပြင် ကိုယ်ပိုင်အိမ်ပါ ရဲဘော်တွေ အကူအညီနဲ့ ဆောက်လုပ်ကာ ဧည့်ခံကျွေးမွေးဖို့ ငှက်ပျောသီးမှည့် အုပ်ပေးရတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား တဖြစ်လဲ ၇ဲဘော်အေးမောင်ဟာ ယူချင်ဦးဟ မိန်းမ၊ ယူချင်ဦးဟ မိန်းမ ငြှိမ်းမရတဲ့ မီးတွေပါနော်.. ဆိုတဲ့ ဓနုဖြူစိုးသိန်းရဲ့ သီချင်းကို နာနာကြီး ဟစ်ကြွေးရင်း ဘဝနာနေတာတော့ အမှန်ပါ။

တကယ်ပါ၊ တကယ်ပါ ကျွန်မတို့ နှစ်ဦးစလုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြလို့ မြို့ပေါ်မှာ ၇၀ ခုနှစ်ကျော် ကာလတွေ တုန်းကစပြီး တနှစ်ပြီး တနှစ် ဆက်တိုက်ဖြစ်ပွါးလာတဲ့ ကျောင်းသားလှုပ်ရှားမှု သပိတ်တိုက်ပွဲတွေမှာ မတွေ့ မဆုံခဲ့ကြပေမယ့် အခု ၈၁ ခုနှစ်မှာတော့ လွတ်မြောက်ဒေသမှာ ဖူးစာဘက်တွေ၊ အိမ်ထောင်ဘက်တွေ ဖြစ်လာခဲ့ကြလို့ အံ့သြစရာ့ အံ့သြစရာ ရွှေဖူးစာကြီးပါ။

မင်္ဂလာဆောင်မှာ ဧည့်ခံရေး ဆောင်ရွက်ပေးကြတဲ့ ပန်ဆန်းစစ်ဒေသ မူလတန်းကျောင်းအုပ် ဦးသန့်ဇင်၊ ဆရာမ ဒေါ်ခင်သစ်၊ ဆရာလှမြင့်၊ ဆရာဌေးမောင်တို့ကို အမြဲသတိရနေတော့တာပါ။  ဌာနရဲ့ ဆုံးဖြတ်ချက်အရ လက်ထပ်ပြီးစမှာ ညောင်ညိုစခန်းရဲ့ အခန်းတခန်းမှာ နေရပြီး နောက်တနှစ်မှာတော့ ညောင်နီစခန်းက အိမ်အသစ်မှာ ပြောင်းရွှေ့ နေထိုင်ရပါတယ်။  စားတာကတော့ ဘုံရိက္ခာရုံမှာပါ။

အခြေခံဒေသ ကျွန်မတို့ရဲ့ လက်ထပ်ပွဲ စည်ကားသိုက်မြိုက်တာထက် ပိုစည်ကား သိုက်မြိုက်တာကတော့ ၇ှမ်းပြည်နယ် အလယ်ပိုင်း ပျောက်ကျားဒေသက လက်ထပ်မင်္ဂလာပွဲတခုပါ။  ပြောက်ကျားသတို့သားလောင်း ၇ဲဘော်က နေ့တိုင်း၊ အချိန်တိုင်း၊ ညတိုင်း မင်းကို သတိရနေတယ်၊ ကံကြမ္မာက ဘဝမှာ အခွင့်အရေးဆိုတာ နှစ်ခါပေးချင်မှ ပေးတာ၊ လိုက်ရဲရင် လိုက်ခဲ့ပါ ဆိုတဲ့ စာတိုလေးကို ရှမ်းပြည် အလယ်ပိုင်း နမ့်လန်မြို့နယ်၊ ဟိုခဲ - ဟမ်းမငိုင်းဒေသကနေ နောင်လုံနောင်ဝိုးမှာ ရှိနေတဲ့ မြို့ရန်ကုန်က ရောက်လာတဲ့ မိန်းမပျို ၇ဲဘော်မလေးကို လူကြုံကောင်းနဲ့ ပေးလိုက်တယ်။  ဖူးစာမှန်တဲ့ မိန်းမပျိုလေးဟာ၊ ဒီစာကို ဖတ်လို့ ပြီးပြီးချင်း လွတ်မြောက်ဒေသကို ရောက်နှင့်တဲ့ ရဲဘော်စိုးနိုင် (ယခုစာရေးဆရာ ဘာသာပြန်ဆရာကြီး သန်းစိုးနိုင်) ဆိုတာ သိသိချင်း ၇ဲဘော်စိုးနိုင် ရှိရာကို ချက်ချင်း ဝမ်းသာအားရ သွားလိုက်တော့တယ်။  အဲဒီကာလက ၈၀ ခုနှစ်ပါ။

ရန်ကုန်တက္ကသိုလ်က ဘွဲရခဲ့သူ မိန်းမပျိုလေးဟာ တော်လှန်ရေးလုပ်ဖို့ ရဲရဲကြီး ဆုံးဖြတ်ကာ ပါတီအလံတော် အောက်  ရောက်အောင်လာခဲ့သူ၊ နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးဖခင်ကြီး၊ ပြည်သူတို့ရဲ့ ဖခင်ကြီး၊ မျိုးချစ်စာဆိုရှင်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၈၇၅ - ၁၉၆၄) ၇ဲ့ မြေးမလေး ရဲဘော်မဖြူ ခေါ် မမြတ်မွန်ပဲ ဖြစ်ပါတယ်။  ၇ဲဘော်မဖြူဟာ အဖိုးရဲ့ သွေးပီသစွာ၊ ပြောက်ကျားဒေသမှာ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့တယ်။  ပါတီစည်းကမ်း၊ တပ်စည်းကမ်းနဲ့ ညီညွတ်စွာ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကွန်မြူနစ်ပါတီ ဒုဥက္ကဌ ရဲဘော်ခင်မောင်ကြီး၊ ဗဟိုကော်မတီဝင် ရဲဘော်တိုက်အောင်တို့ကို၊ ရဲဘော်စိုးနိုင်က ရဲဘော်မဖြူကို လက်ထပ်ထိမ်းမြားလိုကြောင်း ခွင့်တောင်းတော့ ခေါင်းဆောင်အားလုံးက သဘောတူ ခွင့်ပြုရုံမက၊ ၁၉၈၃ ခုနှစ် မတ်လ ၂၈ ရက်မှာ (၃၄) နှစ်ပြည့်မယ့် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ နေ့မှာ မင်္ဂလာ လက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ပေးကြပါတယ်။

လက်ထပ်ပွဲဟာ နမ့်ဟူးရွာမှာ ကျင်းပတဲ့ လက်နက်ကိုင် တော်လှန်ရေးနေ့ပွဲကို တက်ရောက်လာကြတဲ့ ရှမ်း၊ 'ဝ' တိုင်းရင်းသားတွေနဲ့ စည်ကားလွန်းလှပါတယ်။  တနှစ်တခါ ကျင်းပတဲ့ ပွဲမှာ ထုံးစံအတိုင်း မြန်မာ့ရိုးရာ ချောတိုင်တက်ပွဲ၊ ခေါင်းအုန်းရိုက်ပွဲ၊ ထုတ်စီးတိုးပွဲ၊ ပြေးပွဲတွေ ပါဝင်တော့ အားလုံးဟာ ပျော်ရွှင်မဆုံးကြပါ။  ထမင်း၊ ဝက်သားဟင်းနဲ့ ကျွေးတာ ဗိုက်ကို ခွေးနမ်းတယ်ဆိုတာ အဲဒါမျိုးပါ။  ရဲဘော်စိုးနိုင်၊ ရဲဘော်မဖြူတို့ရဲ့ မင်္ဂလာပွဲကို SSA ဥက္ကဌ ဗိုလ်ချုပ်စိုင်းလိတ်က လိမ္မော်ခြံထဲမှာ နေရာထိုင်ခင်း စီစဉ်ပေးကာ ဦးစီး ကျင်းပပေးခဲ့တယ်။  မင်္ဂလာအချိန်ရောက်လို့ ခေါင်းဆောင်တွေ ရှေ့မှာ လက်မှတ်ထိုးဖို့ ကိစ္စကိုတော့ ရဲဘော်လီစစ်ရူက ဆောင်ရွက်ပေးခဲ့တယ်။

တပ်မဟာ (၆၈၃)က ရဲဘော်များ တက်ရောက်ကြတော့ ပြောက်ကျားဒေသမှာ ကျင်းပတဲ့ မင်္ဂလာပွဲဟာ မြို့ပေါ်က နှစ်ဖက်မိဘအလယ်မှာ ကျင်းပနေတာနဲ့ မခြား နွေးထွေးလုံခြုံလှတယ်။  သတို့သား သတို့သမီးတို့ရဲ့ တဦးနဲ့ တဦး ထားရှိပြီးတဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေ ပြည့်လျှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုကာ ပါရမီ ဖြည့်လိုလှတဲ့ ရဲဘော်ရဲဘက်များက ကြင်စဦး ဇနီးမောင်နှံနေဖို့ အိမ်ကလေးကို ဝိုင်းဝန်းဆောက်လုပ်ပေးကြတာ သတို့သား သတို့သမီးတောင် မသိလိုက်အောင် မြန်ဆန် သပ်ရပ်လှပါသတဲ့။

ပြောက်ကျားဒေသက သီရိဂေဟာ အိမ်လေးရဲ့ နွေးထွေးလုံခြုံမှုတွေကတော့ ဆွီတီဟုမ်းမွေ့ယာလည်း လိုက်လို့ မမီ၊ ဒမ်းလော့ပ်ပီလို အိပ်ယာကြီးလည်း အရှုံးပေးလိုက်ရကြောင်း၊ ပစ္စည်းမဲ့လူတန်းစား ရဲဘော်ရဲဘက်တို့ရဲ့ ချစ်ခြင်းမေတ္တာသာ အိမ်ထောင်ရေးကို သာယာခိုင်မြဲစေကြာင်း၊ ပြောက်ကျားဒေသ လက်ထပ်မင်္ဂလာပွဲရှင် မင်္ဂလာမောင်နှံက ပြောကြားပါတယ်။