Tuesday, September 8, 2009

နိုင်ငံတကာကစာအုပ်ဆိုင်များ
ရေးသူ- ဇေယျ

များမကြာမီက ဥရောပ အရှေ့ပိုင်း ရူမေနီယာနိုင်ငံမှ ရောက်လာသော 'ယနေ့ရူမေနီယာ' ခေါ် မဂ္ဂဇင်း တစောင်တွင် 'စာအုပ်များသည် မရှိလျှင် မဖြစ်သော အဆင့်အတန်းရှိ၏' ဟု ခေါင်းစည်းတပ်သော ဆောင်းပါးတစောင် ပါလာသည်။ ရေးသားသူမှာ မကြာမီက ရူမေနီယာနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သော သြစတြေးလျမှ စာရေးဆရာမကြီး ဓင့်ဖနာကူဆက် ဖြစ်သည်။ ဆောင်းပါးကို စသည်နှင့်တပြိုင်နက် ဆရာမကြီးက "ဘယ်နိုင်ငံကိုရောက်ရောက် ကျွန်မ ပထမဦးဆုံး ပြုလိုတာကတော့ စာအုပ်ဆိုင်တွေကို တယောက်တည်း လျှောက်ပြီး အေးအေးဆေးဆေး ကြည့်ချင်ပါတယ်။ တိုင်းပြည်တပြည်က ပြည်သူပြည်သားတွေ ဖတ်လေ့ရှိတဲ့ စာအုပ်တွေကို ကြည့်ခြင်းအားဖြင့်သာ မဟုတ်ဘဲ ပြည်သူပြည်သားတွေဟာ စာအုပ်ကို ဘယ်လိုသဘောထား တယ် ဆိုတာကိုလည်း ကြည့်ခြင်းအားဖြင့် ထိုတိုင်းပြည်အကြောင်းကို များစွာပဲ သိနားလည်နိုင်ပါတယ်။ ဘူခါရက်မြို့မှာ ဆိုလျှင် စာအုပ်များဟာ မရှိလျှင် မဖြစ်တဲ့ ပစ္စည်းအဆင့်အတန်း ရှိပါတယ်။ စာအုပ်ဆိုင်တွေမှာ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ လှလှပပ ခန်းခန်းနားနားခင်းကျင်းပြသထားတဲ့အတွက် စာအုပ်ဝယ်ရခြင်းဟာ ပျော်စရာကြီး ဖြစ်ပါတယ်" ဟု အားပါးတရ ရေးသား ဖော်ပြလေသည်။


ကျွန်တော်တို့ ရောက်ခဲ့ဖူးသော တပါးနိုင်ငံများတွင်လည်း သြစတြေးလျ စာရေးဆရာမကြီး ဖော်ပြ သကဲ့သို့ပင် တွေ့ရပေသည်။ ၁၉၅၈ ခုနှစ်၊ ဥစဘက်ကီစတန်ပြည်နယ် တာ့ရှကင့်မြို့သို့ ရောက်စဉ်က အာရှအာဖရိက စာရေးဆရာညီလာခံ နေ့စဉ်အစည်းအဝေးများပြီး၍ အားလပ်ချိန်များတွင် စာအုပ်ဆိုင်များကို လှည့်လည်ကြည့်ရှုရာ နေ့တိုင်းပင် တာ့ရှကင့် မြို့သူမြို့သား ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ် များစွာတို့သည် ရန်ကုန်မြို့ လေဟာပြင်ဈေး ညနေပိုင်း အစားအသောက်ဆိုင်များတွင် လူတွေ တိုးကြိတ်နေသကဲ့သို့ အားပါးတရ ၀ိုင်းအုံ ၀ယ်ယူနေကြသည်ကို မြင်တွေ့ရသည်။ စာအုပ်များမှာလည်း ဈေးနည်းသော ငါးမူးတကျပ်တန်များ မဟုတ်ချေ။ ငါးကျပ်၊ တဆယ်၊ တဆယ့်ငါးကျပ် မရှောင် ဖောဖောသီသီကြီး ၀ယ်ကြလေသည်။ တခုသောညနေတွင် စာအုပ်ဆိုင်တဆိုင်ကို ၀င်၍ကြည့်ရာ ကျွန်တော့်ရှေ့က အသက် ၅၀ခန့်ရှိ အမျိုးသမီးကြီး တယောက်စာအုပ် သုံးလေးအုပ် ၀ယ်ယူနေသည်ကို တွေ့ရလေသည်။
ထို့နောက် ကျွန်တော့်ကိုမြင်ရာ ၀မ်းသာအားရဖြင့် ဘာလူမျိုးလဲဟု မေးလေသည်။ မြန်မာလူမျိုးဖြစ် ပါသည်။ စာရေးဆရာ ညီလာခံကို တက်ရောက်နေပါသည်ဟု ပြန်ပြောရာ စာအုပ်စင်ပေါ်မှ အတော်ထူထဲလှပ သော စာအုပ်တအုပ်ကို ရွေး၍ ငွေခုနှစ်ကျပ်ဖြင့် ၀ယ်ယူကာ စာအုပ်ပထမနေရာအလွတ်တွင် ကမ္ဗည်းရေးပြီးလျှင် "ဒီစာအုပ်ဟာ အလီရှား-နာဗာယီရဲ့ ကဗျာပေါင်းချုပ် ဖြစ်ပါတယ်" ဟု ဆိုလျက် ကျွန်တော့်အား လက်ဆောင်ပေးလေသည်။ ကျွန်တော့်မှာ ကျေးဇူးလည်းတင် အံ့အားလည်းသင့်ဖြစ်လျက် လက်ခံလိုက်ရ လေသည်။ ထိုအချိန်၌ ကျွန်တော့်လက်တွင် မြန်မာနိုင်ငံမှ စာအုပ်တအုပ် ပါလာပါမူကား ကောင်းလေစွဟု တောင်းတမိသည်။ သို့သော် မပါလာသဖြင့် "ကျေးဇူး ကြီးလှပါတယ်ခင်ဗျ၊ ဒီစာအုပ်ကို အမြတ်တနိုး အမှတ်တရ မြန်မာပြည်သို့ ဆောင်ယူ၍ သိမ်းဆည်းပါမည်။ ကျွန်တော်ကလည်း လက်ဆောင် တုံ့ပြန်ပါရစေ။ ဒီစာအုပ်ဆိုင်ထဲက ကြိုက်ရာ စာတအုပ်ကို ပြပါ" ဟု ပြောရာ အမျိုးသမီးကြီးက အလွန်ဝမ်းသာစွာနှင့်ပင် "ကျေးဇူးတင်ပါတယ်၊ ကျွန်မလက်ဆောင်ကို ကြည်ဖြူစွာ လက်ခံခြင်းကိုပဲ ၀မ်းသာလှပါပြီ။ နောက်ထပ် ၀ယ်စရာ မလိုဘူး။ ဟောဒီ ၀ယ်ပြီးသား စာအုပ်နှစ်အုပ်မှာပဲ လက်မှတ်ရေးထိုးသွားပါ။ တအုပ်က ကျွန်မအတွက် ဖြစ်ပါတယ်။ တအုပ်က ကျွန်ရဲ့ သားအတွက် ဖြစ်ပါတယ်။ သူက သိပ္ပံကျောင်းမှာ ပညာသင်နေရပါတယ်။ မြန်မာပြည်က စာရေးဆရာတယောက်ရဲ့ လက်မှတ်ကို ရတယ်ဆိုရင် အင်မတန် ၀မ်းသာပါလိမ့်မယ်" ဟု ဆိုသဖြင့် စာအုပ်နှစ်အုပ်စလုံး၌ပင် ဆုတောင်းမိတ်ဆက်စာ တကြောင်းစီနှင့် လက်မှတ်ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာ တို့ဖြင့် ရေးသားပေးလိုက်ရပေသည်။
တာ့ရှကင့်မြို့မှ တဖန် ရုရှားပြည် မော်စကိုမြို့၊ လီနင်ဂရက်မြို့သို့ သွားရောက်ကြရာ ထိုမြို့များတွင်လည်း နည်းတူစွာပင် စာအုပ်ဆိုင်များ၌ လူစည်ကားလျက် ဖောဖောသီသီ ၀ယ်ယူနေကြသည်ကို တွေ့ရလေသည်။ ကိုယ်ပိုင် ၀ယ်ယူကြသည်နှင့် အားမရသေးဘဲ စာကြည့်တိုက် ပြတိုက်များတွင်လည်း ကြိတ်ကြိတ်တိုးပင် ဖြစ်ကြသည်။ ထိုမြို့များ၌ ကျွန်တော်တို့နှင့် တွေ့ရလေသမျှ ကျောင်းသား ကျောင်းသူ လူရွယ်လူလတ် ဟူသမျှတို့ကလည်း စာအုပ်များကိုပင် အမြတ်တနိုး လက်ဆောင်ပေးကြသည်။ သူတို့ လက်ထဲတွင်လည်း ၀တ္ထုစာအုပ်၊ ကဗျာစာအုပ်များကို အမြဲလိုလိုပင် တွေ့ရသည်။ ၎င်းတို့မှာ ကျောင်းစာအုပ်များ မဟုတ်။ စာဖတ်ရင့်ကျက်မှု၊ ဗဟုသုတမှု၊ ယဉ်ကျေးမှုများအတွက် အလွတ်ဖတ်ရှု လေ့လာသော စာအုပ်များ ဖြစ်လေသည်။ ရုရှပြည်သူ ပြည်သားများသည် ရုရှ ဆရာကြီးများရေးသားပြုစုသော ကဗျာ လင်္ကာ ကျမ်းဂန်စာပေများကို သာမက အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသော ကမ္ဘာ့စာပေမျိုးစုံကို ရုရှားဘာသာသို့ ပြန်ဆိုရေးသား၍ ပုံနှိပ်ထုတ်ဝေထားသော စာပေများကိုလည်း အများအပြား လေ့လာဖတ်ရှုလျက် ရှိကြသည်။
၁၉၉၅၉ ခုနှစ်၊ တရုတ်ပြည်သို့ ရောက်စဉ်ကလည်း ပီကင်း၊ ရှံဟဲ၊ ကန်တုန်၊ ဟန်ချော၊ တာ့တွန်၊ ခွန်မင် စသော မြို့များတွင် ထိုနည်းပင် တွေ့ရလေသည်။ ပီကင်းမြို့ ဆိုင်စဉ်ကန္နား အလွန်ပေါများသည့် ၀မ်ဖူကျင်းလမ်း တလျှောက်တွင် စာအုပ်ဆိုင်ကြီးများ ရှိသည်။ အချို့မှာ တရုတ်ဘာသာ စာအုပ်များဖြစ်၍ အချို့မှာ နိုင်ငံခြားစာပေ များဖြစ်သည်။ နိုင်ငံခြားစာပေရောင်းသော စာအုပ်ဆိုင်များတွင် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်၊ အီတာလျံ၊ ရုရှား၊ ဂျာမန်စသော နိုင်ငံများမှဘာသာမျိုးစုံ စာအုပ်များတွင်လည်း ကဗျာလင်္ကာ၊ ၀တ္ထု၊ ရာဇ၀င်စသည်တို့နှင့် သိပ္ပံပညာ မျိုးစုံ ပါရှိသည်။ အချို့စာအုပ်များ၏ အဖိုးနှုန်းထားမှာ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များထက်ပင် သက်သာလေသည်။ နံနက်တခေါက် ညနေတခေါက် ရောက်သွားရာ ဆိုင်တိုင်း၌ ၀ယ်ယူသူများ စည်ကားလျက်ရှိသည်ကို တွေ့ရလေသည်။ ထိုသို့ စည်ကားသည်မှာ တရုတ်ဘာသာ စာအုပ်ဆိုင်များတွင်သာ မဟုတ်ဘဲ၊ နိုင်ငံခြားဘာသာ စာအုပ်မျိုးစုံဆိုင်များတွင်လည်း စည်ကားလျက် ရှိလေသည်။
၁၉၅၃ ခုနှစ်၊ အင်္ဂလန်ပြည်သို့ ရောက်စဉ်ကလည်း ထိုနည်းပင် တွေ့ရလေသည်။ လန်ဒန်မြို့တွင်ဆိုလျှင် တမြို့လုံး စာအုပ်ဆိုင်နှင့် ကင်းသောလမ်း ဟူ၍ မရှိသလောက် ဖြစ်သည်။ မြို့၏ ဗဟိုချက်မဖြစ်သော ချယ်ရင်ကရော့စ်လမ်း၊ ဘောင်းလမ်း၊ အောက်စဖို့လမ်း၊ ဗြိတိသျှပြတိုက်ကြီးတ၀ိုက်ရှိ လမ်းကြီးလမ်းငယ်တို့မှာ စာအုပ်ဆိုင်ကြီးဆိုင်ငယ်များနှင့် ပြည့်ကြပ်နေသဖြင့် ထိုအရပ်များသို့ သွားရောက်လျှင် စာအုပ်မြို့ကြီးပေလောဟု ထင်ရလေသည်။ ဆိုင်တွင်းဆိုင်ပြင် ခင်းကျင်းပြသထားသည်မှာလည်း ကြည့်၍မဆုံးဖြစ်သည်။ ချယ်ရင်ကရော့စ် လမ်းရှိ ဖွိုင်းအမည်ရှိသော စာအုပ်ဆိုင်ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်ဟု ဆိုကြသည်။ စာအုပ်ပေါင်း ၃ သန်း နှင့် ဌာနခွဲပေါင်း ၁၄ ဌာန ရှိသည်။ စာတအုပ်လျှင် ၂၅ ပြားတန်မှစ၍ တသိန်းတန်အထိ ရှိသည်။ ကျွန်တော်တို့ ရောက်သွားသည့် အချိန်တွင် ထိုဆိုင်ကြီးရှေ့ မျက်နှာစာ မှန်ခန်းအတွင်း၌ 'ရှိတ်စပီးယား-ဖိုလီယို' ခေါ် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ရာကျော်က လန်ဒန်မြို့တွင် ပုံနှိပ်သော စာအုပ်ကြီးတအုပ်ကို ပြထားသည်။ တန်ဖိုးမှာ ပေါင်စတာလင် ၆၄၀၀ (မြန်မာငွေ ကျပ် ၈၆၀၀၀ ခန့်) ဖြစ်သည်။ ကမ္ဘာပေါ်တွင် တန်ဖိုးအများဆုံး စာအုပ်များတွင် အပါအ၀င် ဖြစ်သည်။ ထိုစာအုပ်ကြီးကို ပြထားသော မှန်ခန်းနှင့် မနီးမဝေးရှိ ဆိုင်အပြင်ဘက် ခုံတန်းများ၌ ပြထားသော စာအုပ်များတွင် ခြောက်ပဲနိတန်ဝတ္ထုစာအုပ်ကလေးကိုလည်း တွေ့ရသည်။ ထိုနှစ်အုပ်လုံးကိုပင် ၀ယ်ယူသူ ရှိသည်။ အတွင်းသို့ ၀င်သွားသောအခါလည်း တဌာနမျှကိုပင် တနေ့နှင့် ကြည့်၍ ပြီးနိုင်မည် မထင်ချေ။ တဆယ့်လေးဌာန တတိုက်လုံးကိုမူကား ၁၅ ရက်ခန့် ကြည့်မှ စုံလင်ပေလိမ့်မည်။
စာအုပ်ဆိုင် များပြားသလောက် ၀ယ်သူလည်း များပြားလှပေသည်။ နံနက်ပိုင်း စာအုပ်ဆိုင်တွင် ၀င်ရောက်ကြည့်ရှုသူ ပြိုးပြိုးပြောက်ပြောက်သာ ရှိသည်။ ကျွန်တော် ရောက်နေကျ ဆိုင်ကြီးတဆိုင်မူကား တယောက်မျှ မရှိ။ ရောင်းသူ တယောက်နှစ်ယောက်သာ ချောင်ထဲတွင် ကုတ်နေကြသည်ကို တွေ့ရလေသည်။ သို့သော် နေ့လည်ပိုင်းနှင့် ညနေပိုင်းများတွင်မူကား ဆိုင်တိုင်းတွင် တိုး၍မပေါက်နိုင်အောင် စည်ကားလှပေသည်။ အမှတ်မဲ့ကြည့်သော် ဘုရားပွဲတော်ကြီးများလားဟု အောက်မေ့ရသည်။ လန်ဒန်မြို့ပေါ်ရှိ အလုပ်သမားများနှင့် ကျောင်းသားများမှာ နေ့လည်ပိုင်း အချိန်တနာရီ အားလပ်ချိန်နှင့် ညနေပိုင်း အလုပ်ဖြုတ်ချိန်များတွင် စားရေးသောက်ရေးကို တဆယ့်ငါးမိနစ်လောက်နှင့် အလျင်အမြန်ပြီးစေ၍ ကျန်အချိန်ကို စာအုပ်ဆိုင်များတွင် ကုန်စေကြသည်။ ထို့ကြောင့် အဆိုပါ အချိန်များတွင် စာအုပ်ဆိုင်များ၌ တိုးကြိတ်နေကြခြင်း ဖြစ်သည်။ ကျွန်တော်မူကား ထိုလူထုကြီးကို တိုးမနိုင်သဖြင့် တပါးအချိန်များကို ရွေး၍ စာအုပ်ဆိုင်များသို့ သွားရလေသည်။
အောက်စဖို့မြို့သို့ ရောက်သွားပြန်သောအခါလည်း ထိုနည်းပင် တွေ့ရသည်။ ထိုမြို့သို့ရောက်သောအခါ ကျွန်တော်သည် စာအုပ်သစ်များကို အာရုံမပြုဘဲ စာအုပ်ဟောင်းများကို ရှာဖွေလိုသော ဆန္ဒရှိသဖြင့် တပါးဆိုင်များကို မ၀င်ဘဲ ဘရော့လမ်းရှိ ဘလက်ဝဲလ် စာအုပ်ဆိုင်သို့ သွားလေသည်။ ထိုဆိုင်မှာ ရှားပါးသော စာအုပ်များနှင့်အထူးအားဖြင့် ကမ္ဘာ့အရှေ့ပိုင်း အာရှတိုက်နှင့် သက်ဆိုင်သော ရှေးစာအုပ်များကို အများအပြား ရောင်းသည်။ စာအုပ်သစ်များလည်း ရောင်းသည်။ သို့သော် စာအုပ်မျိုးစုံ မဟုတ်ဘဲ အထက်တန်း အတတ်ပညာများနှင့် သက်ဆိုင်သော အဖိုးတန်စာအုပ်များကိုသာ ကန့်သတ်၍ ထားရှိသည်။
ထိုကြောင့် ထိုဆိုင်မှာ လူနည်းလိမ့်မည်ဟု ထင်မိရာ ဆိုင်တွင်းသို့ ၀င်သွားသောအခါ မူကား ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့ရလေသည်။ စာအုပ်ဟောင်းများရှိသော အထက်ထပ်များသို့ တက်သွားပြန်သောအခါလည်း စည်ကားလျက်ပင် ရှိသည်ကို တွေ့ရလေသည်။ စာအုပ်သစ်ဆိုင်များတွင် လူစည်ကားသည်မှာ သာမန်အားဖြင့်ဆိုသော် အံ့သြဖွယ် မဟုတ်သော်လည်း တအုပ်လျှင် ငွေငါးဆယ်၊ တရာမှ တထောင်နှစ်ထောင်အထိ ရှားရှားပါးပါး တန်ဖိုးထား၍ ရောင်းသော စာအုပ်အဟောင်းဆိုင်၌ လူစည်ကားနေ သည်မှာကား အံ့သြဖွယ်ရာသာ ဖြစ်နေပေသည်။

ဇေယျ
(၁၉၆၀ ခန့်က သွေးသာက်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် 'ထမင်းတလုပ် စာတအုပ်' ဆောင်းပါးမှ ကောက် နှုတ်ဖော်ပြသည်။)
{စာပေလောက အရောင်းဆိုင် အမှတ် ၅ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အခမဲ့ဝေငှသော စာစောင်ငယ်မှ ကူးယူ ဖော်ပြပါတယ်။}

အဆိပ်လူးမြား
ရေးသူ- ညီပုလေး

သူများတွေ ပူရအိုက်ရတဲ့အထဲမှာ သူက ဖလန်နယ်အနီကွက်အင်္ကျီကို ၀တ်လို့။ အင်္ကျီက သစ်သစ် လွင်လွင်လည်း မဟုတ်ဘူး။ ကုပ်က အဖာရာနဲ့။ အရောင်ကလည်း လွင့်နေပြီ။ ဒီလိုအချိန် ဒီလိုကြီး ၀တ်စားထားလို့ သတိထားမိကြတဲ့ လူတွေက အံ့သြတကြီးနဲ့ လှည့်လှည့်ကြည့် သွားကြတယ်။ သူကတော့ ဘယ်သူ့ကိုမှ ဂရုမထားမိပါဘူး။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ ခြေလှမ်းကျဲကြီးနဲ့ ဆက်လျှောက် လာခဲ့တယ်။ လမ်းလျှောက်ရင်း ဘာကို တွေးမိတယ်မသိ၊ တယောက်တည်း မချိတင်ကဲ ပြုံးနေမိတယ်။
ဒီဖလန်နယ်အင်္ကျီအနီလေးကို သိပ်သဘောကျတဲ့လူ။ ပြီးတော့ ဒီအင်္ကျီလေးပေါ်မှာ သံယောဇဉ်လည်း ရှိတယ်။ သူ့ချစ်မိတ်ဆွေ ဦးမဲမောင်က ပေးခဲ့တဲ့ အင်္ကျီလေး။ ဦးမဲမောင်ကိုလည်း မြောင်းမြက တိုးတိုးထွန်းဆိုတဲ့ ပုသိမ်ကောလိပ်က ကျောင်းသားလေးက ပေးခဲ့တာ။ တိုးတိုးထွန်းနဲ့ သူနဲ့လည်း ညီရင်းအစ်ကိုလို ချစ်ကြ ခင်ကြတာလေ။




'ဟင်.... ကိုမိုးကြီး.... ကိုမိုးကြီး'
သူလန့်သွားတယ်။ နာမည်ရင်း မိုးလှိုင်လို့ မခေါ်ဘဲ အိမ်သားတွေ သိပ်ရင်းတဲ့ ဆွေမျိုးသူငယ်ချင်းတွေမှ ခေါ်ကြတဲ့ နာမည် မဟုတ်လား။ ပြီးတော့ အသံကလည်း အမျိုးသမီးတယောက်ရဲ့ အသံ။ သူလှည့်အကြည့် လိုက်မှာ ပြုံးပျော်နေတဲ့ မျက်နှာပြည့်ပြည့်လှလှတခု သူ့အနားရောက်နေပြီး အမျိုးသမီးက သူ့လက်မောင်းကို ၀မ်းသာအားရ ဖျစ်ညစ်လှုပ်ယမ်းနေတယ်။
'ဟဲ့ မိဦး.... သန္တာဦး' သူလည်း ရုတ်တရက် ပျော်သွားတယ်။ အံ့လည်းအံ့သြသွားမိတယ်။ အံ့သြတာမှ အတော်ကို အံ့သြသွားတာ။ သူတို့နှစ်ယောက် ပြန်ဆုံကြပုံကို ကြည့်ပြီးနံဘေးက မြင်ရတဲ့သူတွေကိုပါ အပျော်ကူးစက် သွားစေတယ်။ တော်ရုံတန်ရုံ စိတ်ညစ်နေတဲ့သူတွေတောင်မှ ဒီမြင်ကွင်းကို မြင်ရင် စိတ်ညစ်နေ တာတွေ ခဏမေ့သွားလောက်တယ်။
ဒေါ်သန္တာဦးက ဦးမိုးလှိုင်ရဲ့ လက်မောင်းကို ပိုင်စိုးပိုင်နင်း ခပ်ရဲရဲဆွဲခေါ်ရင်း ပါးစပ်ကလည်း '၀မ်းသာလိုက်တာ ကိုမိုးကြီးရယ်' ဆိုတာ ဘယ်နှစ်ခါ ရှိနေပြီလဲ မသိဘူး။
ဦးမိုးလှိုင်က ဒေါ်သန္တာဦးထက် အသက်သုံးနှစ်လောက် ကြီးတယ်။ အတန်းကတော့ တတန်းပဲ ကြီးတာ။ သန္တာဦး တက္ကသိုလ်လာတက်တော့ အဆောင်မရလို့ မိုးလှိုင်တို့အိမ်ကနေ ကျောင်းတက်ခဲ့ရတာ။ ဘာသာရပ် ချင်းတော့ မတူကြဘူး။ သူတို့ မိဘချင်းက စီးပွါးဖက်တွေလေ။ ဆွေမျိုးမိသားစု သစ်ပင်ကြီးရဲ့ ဟိုဘက်ကိုင်းအဖျား ဒီဖက်ကိုင်းဖျား ဆိုပါတော့။
သန္တာဦးက ကျောင်းတုန်းက အလှသရဖူ ဆောင်းကြသူတွေထဲမှာတော့ မပါရှာဘူး။ ဒါပေမယ့် ဆွဲဆောင်မှု ရှိတာကြောင့် ကျောင်းသားတွေ အတော် စိတ်ဝင်စားခံရ၊ မိတ်ဆွေဖြစ်ချင်သူတွေ များတဲ့သူ တယောက်။ မည်းနက် ရှည်လျားတဲ့ သူ့ဆံပင်တွေကြောင့်လို့ ပြောရုံနဲ့ မလုံလောက်ပေဘူး။ သာမန် မိန်းမသားတွေထက် နည်းနည်းပိုမြင့်တဲ့ သူ့အရပ်အမောင်းကြောင့်ရယ်၊ ထူထဲတဲ့ မျက်ခုံးတွေနဲ့ တည်ကြည်ရွှန်း လက်နေတဲ့ သူ့မျက်ဝန်းတွေကြောင့်လို့ ပြောရမှာပဲ။ တချို့က အိနြေ္ဒကြီးတာကြောင့်နဲ့ ၀င်းမွတ်တဲ့ အသားအရေ ကိုပါ ထည့်ချင်ကြလိမ့်ဦးမယ်။ အားလုံးတညီတညွတ်တည်း သဘောကျကြတာကတော့ သူ့ရဲ့ မထူမပါး နှုတ်ခမ်း ရဲရဲလေးပါ။
'ဘယ်နေ့က အပြင်ရောက်လာတာလဲဟင် ကိုမိုးကြီး'
ကျောင်းသားဘ၀ကို ပြန်ရောက်နေတဲ့ ဦးမိုးလှိုင်က အတွေးစတွေကို ပြန်ရုတ်သိမ်းလိုက်ရင်း 'ဒီနေ့ပဲဟ၊ နင် အရင်လိုပဲ မိဦး ဘာမှ မပြောင်းလဲဘူးပဲ။ မဆိုသလောက်တော့ ၀လာတယ်' လို့ ပြောပြီးမှ သူ့စကားထဲမှာ အမှားပါသွားသလားလို့ ပြန်စဉ်းစားနေရတယ်။
'ကိုမိုးကြီးကတော့ နည်းနည်းပိန်သွားတယ်' ဒေါ်သန္တာဦးက သူ့စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်တာပါ။ တကယ်တော့ သူတော်တော့်ကို ပန်ကျသွားတာပါ။ တော်ရုံခင်မင်တဲ့သူတွေ မမှတ်မိနိုင် လောက်အောင် ပိန်သွားတဲ့သူပေါ့။
'မန္တလေးကို ဘယ်နေ့လောက် ပြန်မှာလဲ'
သူက မဆိုင်းမတွဘဲ 'အခုဘူတာသွားမှာ၊ ရတဲ့ရထားနဲ့ ပြန်မှာ'
'တရက်လောက်တော့ နေသွားပါဦး ကိုမိုးကြီး၊ ပြန်ချင်လှပြီလား' ဒေါ်သန္တာဦး စကားပြော မှားသွားသလို ဖြစ်သွားတယ်။
'အိမ်နဲ့ဝေးနေတာ ဆယ်နှစ်ကျော်ခဲ့ပြီ မိဦးရဲ့၊ နင်ကိုယ်ချင်းမစာဘူး' ဒေါ်သန္တာဦးက ဇက်ကလေး အသာပုပြီး အိနြေ္ဒနဲ့ ရှက်နေရှာတယ်။ အဲဒီလို ရှက်နေလိုက်တာလဲ ငယ်ငယ်တုန်းကလိုပဲလို့ သူပြန်သတိရနေ တယ်။
'ရထားလက်မှတ်အတွက် ကျွန်မတာဝန်ထားလိုက်၊ အိမ်ကိုတော့ ခဏလိုက်ခဲ့ဦး၊ ကိုကိုစန်းနဲ့လည်း မိတ်ဆွေ ဖြစ်ရအောင်လို့'
ရထားလက်မှတ်ကိစ္စကတော့ ဦးမိုးလှိုင်အဖို့ နားဝင်ချိုပေမယ့် ကိုကိုစန်းနဲ့ မိတ်ဆွေဖြစ်ရအောင်လို့ ဆိုတာကြီးက သူ့စိတ်ထဲမှာ အနှောက်အယှက်လိုလို ဖြစ်နေတယ်။ ဦးမိုးလှိုင် ငြင်းဖို့ အတော်ခက်နေတယ်။
ဒါနဲ့ပဲ သူ သန္တာဦးရဲ့ ကားပေါ်မှာ ပါလာခဲ့တယ်။ ကားပေါ်တက်ခါနီး ကားတံခါးကို ဘယ်လိုဖွင့်ရမှန်း မသိတာနဲ့ ကျင့်ဝတ်သိတဲ့လူလိုလို ဘာလိုလို လုပ်နေရသေးတယ်။ ကားသမားလေးက အတွင်းက ဖွင့်ပေးမှ သူကားပေါ် ရောက်တော့တာပေါ့။
ကျောင်းမှာတုန်းက မိုးလှိုင်က သန္တာဦးဟာ သူ့နှမတ၀မ်းကွဲတော်တယ်လို့ ပြောထားလို့ သူ့ကို ယောက်ဖတ၀မ်းကွဲလို့ ခေါ်ကြတဲ့သူတွေ ရှိတယ်။ တနေ့ကျတော့ သန္တဦးဆီက အစ်ကိုတ၀မ်းကွဲမဟုတ်ပါဘူး၊ လေးငါးဝမ်းကွဲပါလို့ ဆိုတဲ့အသံ ထွက်လာတော့ မိုးလှိုင်နားမလည်တတ်တော့ဘူး။ အတွေးရခက်သွားတယ်။ ဒီကောင်မလေး ဘာလို့ ဒီလို ပြောတာပါလိမ့်လို့ စဉ်းစားစရာ ဖြစ်လာတယ်။
အဲဒီတုန်းက သန္တာဦးနဲ့ သိပ်ပြီး ရင်းနှီးခင်မင်ချင်ကြသူတွေထဲမှာ မြင်းခြံက မြင့်အောင်က အသည်းဆုံး။ မြင့်အောင်က ပညာသားပါပါရော၊ အသလွတ်ရော ချဉ်းကပ်တာပါပဲ။ မိုးလှိုင်အနေကတော့ ရုပ်ရည်ရော ပညာအရည်အချင်းပါ မြင့်အောင်ကို ဘာမှ ပြောစရာ မလိုပေမယ့် မြင့်အောင်ကို သန္တာဦးက တူးတူးခါးခါးပဲ။ ပြောစရာဆိုလို့ ယူတီစီဝတ်စုံကို မချွတ်တမ်းလိုလို ၀တ်ထားတာပဲ သူမြင်မိတယ်။ ဒိပြင် ချဉ်းကပ်ကြတဲ့လူတွေ ရှိပေမယ့် မြင့်အောင်လောက် မျက်နှာမပြောင်ရဲကြဘူး။ တကယ်တော့ အဲဒီအချိန်က မိုးလှိုင်ကလည်း သူ့ကိုယ်သူ ကောက်ရိုးပုံစောင့်များ ဖြစ်နေသလားလို့ ပြန်တွေးကြည့်မိတယ်။ သူကလည်း သူ့နှမလေးကို ဘယ်သူနဲ့မှ ရင်းနှီး ကျွမ်းဝင် မဖြစ်စေချင်ဘူး။ တွန့်တိုစိတ်ရှိတာတော့ ၀န်ခံရလိမ့်မယ်။ ပြီးတော့ သူတို့ အနေနီးခဲ့ကြတယ်လေ။ မိဦးရဲ့ နုပျို လှပမှုက အထွတ်အထိပ်ကာလတွေ မဟုတ်လား။
အခုတော့ သူက နှမတ၀မ်းကွဲတော်တယ်လို့ ပြောခဲ့ပေမယ့် မဟုတ်ပါဘူး၊ လေးငါးဝမ်းကွဲပါ ဆိုသူလေး က ဦးကိုကိုစန်းဆိုတဲ့ တချိန်က မြန်မာ့လက်ရွေးစင် ဘောသမားတယောက်ရဲ့ ဘ၀အဖော်မွန် ဖြစ်နေရှာတယ်။
သူက ကားပေါ်ထိုင်နေရင်း ရန်ကုန်မြို့ကို မျက်စိလည်နေတယ်။ မိဦး ငါတို့ ဘယ်မြို့နယ်ထဲ ရောက်နေတာ လဲ။ သူက ပြူးပြဲနေတဲ့ ရောင်စုံဆိုင်းဘုတ်တွေ တိုက်အမြင့်ကြီးတွေ ငေးရင်း မေးမိတယ်။ မီဦး ဒါက ဘာလမ်းလဲ၊ ဒါကရော မေးဖန်များလို့ ကားမောင်းတဲ့လူငယ်က နောက်ကြည့်မှန်ထဲကနေ သူ့ကို ဘယ်လိုလူလဲဟ ဆိုတဲ့ အကြည့် စူးစမ်းတဲ့အကြည့်နဲ့ လှမ်းကြည့်တယ်။
ကားပေါ်မှာပါတဲ့ ဂျာနယ်တွေထဲက တစောင်ကို ကောက်ဖတ်လိုက်တော့ ပတ်ဝန်းကျင်ကို သိပ်မကြည့်ဖြစ်တော့ဘူး။ ဂျာနယ်က တခါတလေ မျက်လုံးခွါမိမှ ပတ်ဝန်းကျင်ကို ခဏလှမ်းကြည့်လိုက်ပြီးတော့ မျက်လုံးက ဂျာနယ်ဆီ ပြန်ရောက်သွားပြန်တာပါပဲ။ စာတွေ ငတ်လွန်းလို့ သူများတကာ လွှင့်ပစ်ထားတဲ့ ဆေးလိပ်အတိုတွေ စုပြီး ဆေးချေးစော် အနံခံပြီး ဆေးလိပ်ဖင်စီခံတွေ ဖြေဖတ်ခဲ့ရတဲ့ သူပဲ။ အခုလို ဂျာနယ်တစောင်ကို ဟန်ကျပန်ကျ ဖတ်ရတော့ ကျန်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို သတိရမိတယ်။ ပြီးတော့ ဂျာနယ်ကလည်း အားကစား ဂျာနယ်တစောင်။ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းပြခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးတွေရဲ့ ဓာတ်ပုံတွေနဲ့ ဆောင်းပါး။ ကုက္ကိုင်းကလပ်က ကာယအလှမယ်ရွေးပွဲမှာ ဆုရတဲ့သူတွေ၊ မြန်မာ့လက်ရွေးစင် ဘောသမားတွေရဲ့ အားကြိုးမာန်တက် ယှဉ်ပြိုင်နေပုံတွေ။ ဂျာနယ်က လွန်ခဲ့တဲ့ တလလောက်က ဂျာနယ် အဟောင်းပေမယ့် သူ့အတွက်တော့ အဆင်ဆန်းတဲ့ လိုချင်စရာ လေဘေးတထည်လို ဖြစ်နေတယ်။
မျက်လုံးက မျက်မှန်တောင်းဆိုနေတဲ့ မျက်လုံးမို့ ဂျာနယ်ကို မျက်လုံးနဲ့ ခပ်ဝေးဝေး ထားဖတ်ရတယ်။ တောက်လျှာက်လည်း ကြာကြာမဖတ်နိုင်လို့ ခဏအနားလိုက်မှာ စက်ဘီးမစီးရ၊ စက်ဘီးပေါ်မှ ဆင်းတွန်းပါဆိုတဲ့ ဆိုင်းဘုတ်လေးကို တွေ့လိုက်တယ်။ ကားလေးက နိုင်လွန်ကတ္တရာလမ်းပေါ်မှာ ခြေသံလုံလုံနဲ့ ပြေးနေတယ်။
သူ့ စိတ်တွေက ဟိုဒီအနှံ့ ပြေးလွှားနေတယ်။ တွန့်လိမ်နေတဲ့ သတ္တုပန်းကန်ပြားပေါ်က စပါးလုံးနိုင်းချင်းနဲ့ ထမင်းနီကျန်ကျန်တွေကို မြင်ယောင်ပြီး သူအံတွေ တင်းတင်းကြိတ်မိရဲ့။ မြက်ခင်းပေါ် မနင်းရဆိုတဲ့ ဆိုင်းဘုတ်လေးကို သူလည်ပြန်ကြည့်လိုက်ဖို့ မလိုပဲ ကြည့်နေမိတယ်။ ကားစီးရင် မမူးတတ်ပေမယ့် ကားမစီးရတာ ကြာလို့ပဲလား၊ စိတ်ထဲမှာ ပင်ပန်းလေးလံ တင်းကြပ်နေလို့ပဲလားမသိ။ သူ့ခေါင်းတွေ မူးဝေနေတယ်။
ကားဆိုက်ဆိုက်ချင်း သူများဝတ်ပြီးသား အင်္ကျီအကျလေး ၀တ်ထားတဲ့ ကောင်မလေးတယောက်က ဒေါ်သန္တာဦးလက်ထဲက ဈေးဆွဲခြင်း ဆီးကြိုယူပြီး ပြေးသွားတယ်။
ဦးကိုကိုစန်းက ဈေးအပြန်နောက်ကျတဲ့ ဇနီးကို ဆင်ဝင်အောက်အထိ ထွက်ကြိုတယ်လေ။
'ကိုကိုစန်း ကိုမိုးကြီးလေ၊ ဒီနေ့ပဲ ထွက်လာတာ၊ ဈေးနားမှာ သန္တာနဲ့တွေ့လို့ ခေါ်လာတာ'
ဦးကိုကိုစန်းက သူ့ကို ဖော်ရွေတဲ့ အပြုံးနဲ့ ပြုံးပြနေတယ်။ သူကတော့ ဦးကိုကိုစန်းဆိုတဲ့လူကို တွေ့လိုက်ရကတည်းက စိတ်ပျက်သွားမိတယ်။
'လူကို အခုမှ မြင်ဖူးပေမယ့် နာမည်ကတော့ သန္တာက ခဏခဏ ပြောနေတာနဲ့ ကြားဖူးနေတာ ကြာပါပြီ' သူက ကမ်းလိုက်တဲ့လက်ကို ဆွဲပြီးနှုတ်ဆက်ရင်း 'တွေ့ရတာ ၀မ်းသာပါတယ်' လို့ ပြောရင်း ရေဆာသလိုလို ဖြစ်လာတယ်။
အညာသားတယောက်နဲ့ အကြေသားတယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ အကြေသားလက် က အသားဖြူဖြူ၊ အညာသားလက်က ခပ်ညိုညို၊ ဒါတောင်နေရိပ်ထဲမှာ အကြာကြီး နေခဲ့ရတဲ့သူ။ အကြေသားရဲ့လက်က အေးစက်နေပြီး အညာသားရဲ့ လက်က ပူနွေးနေတယ်။ ဆယ်စုနှစ်တခုလောက် ဖြဲနေကျ သွားဖြဲလေး သူဖြဲလိုက်မိတယ်။
မျက်လုံးတွေကို ဦးမိုးလှိုင် သဘောမကျလှဘူး။ ဆင်မျက်လုံးနဲ့ တူသလိုလို မြေခွေးမျက်လုံးနဲ့ တူသလိုလို။ ဦးကိုကိုစန်းက သူထင်ထားတဲ့ ရုပ်ရည်နဲ့ တခြားစီ ဖြစ်နေတယ်။ သူ့ထက် အရပ်နည်းနည်း ပုသွားသလိုပဲ။ အရင် သတင်းစာတွေထဲမှာ နိုင်ငံခြားသွားပြီး ဘောကစားကြတဲ့ ဓာတ်ပုံတွေမှာ ဒိထက်ပိုပြီး မြင့်သလားလို့။ ပြီးတော့ ခန္ဓာကိုယ်မှာအဆီတွေ အသားပိုတွေနဲ့။
ဦးကိုကိုစန်းက ဦးမိုးလှိုင်ကို မိသားစုနဲ့ပဲ အေးအေးဆေးဆေးပဲ နေထိုင်သွားဖို့ ပြောမယ်လို့ပဲ။ တယောက်နဲ့တယောက် အကြည့်ချင်း ဆုံရင်း၊ ဟိုလူတွေရဲ့ မျက်လုံးတွေကို ကြည့်ပြီး သူပြောချင်တဲ့စကားက ထွက်မလာတော့ဘူး။ ဟိုလူရဲ့ မျက်လုံးတွေကလည်း သိမ်းငှက်တကောင်ရဲ့ မျက်လုံးလိုပါပဲလား။
ဧည့်ခန်းထဲမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ စတဲ့ နိုင်ငံတွေက အမှတ်တရ ပစ္စည်းလေးတွေ၊ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အထိမ်းအမှတ် အလံလေးတွေနဲ့ ဧည့်ခန်းက ဝေစည်နေတယ်။ မင်္ဂလာဦးတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာတော့ သတို့သား အစွမ်းကုန်ပြုံးထားပေမယ့် သတို့သမီးက မျက်နှာသေလေးနဲ့။ ပြီးတော့ တောင့်တောင့်ကြီး ရပ်နေရှာတယ်။
ဧည့်ခန်းဖိနပ်ချွတ်မှာ သူချွတ်ထားခဲ့တဲ့ ခြေချောင်းရာတွေ ထင်နေတဲ့ မြင်းကြယ်ဖိနပ်တရံ၊ ဦးကိုကိုစန်းရဲ့ ကတ္တီပါသည်းကြိုးနဲ့ ဖိနပ်တရံတို့က တရံနဲ့တရံ အံ့သြတကြီးနဲ့ ကြည့်နေကြတယ်။ မြင်းကြယ်ဖိနပ်ရဲ့ သည်းကြိုးက ကြွပ်ကြွပ်အိတ် ပလပ်စတစ်အိတ်တွေကို နန်းဆွဲပြီး သည်းကြိုးဖြစ်အောင် ထိုးထားတာမို့ ကတ္တီပါဖိနပ်အနက် လေးက မြင်းကြယ်ဖိနပ်ကို ကြည့်ပြီး ရွံနေတယ်။
သူကတော့ အားကစားစာစောင်တွေ တထပ်ကြီးကြားမှာ သူ့မျက်နှာကို မြှုပ်ထားလိုက်တယ်။ ဆောင်းပါးရှင် အသစ်တွေ၊ ကြော်ငြာဒီဇိုင်းအဆန်းတွေ၊ အမျိုးသမီးအားကစားကဏ္ဍအသစ်တွေ သူ့အတွက်တော့ အားလုံး အသစ်အဆန်းတွေချည်းပဲ။ လက်တိုလက်တောင်းခိုင်းတဲ့ ကလေးမလေးက သူ အမျိုးအမည် မခေါ်တတ် တဲ့ ဇီးဖျော်ရည်ရောင် အချိုရည်တခွက် လာချပေးသွားတယ်။
ဒေါ်သန္တာဦးက ပြောလိုက်လို့ ထင်ပါရဲ့။ သူ့ခင်ပွန်းက မီးရထားဌာနကို တယ်လီဖုံးဆက်နေသံ ကြားရတယ်။ ခဏကြာတော့ အဖြူရောင် ဖျော့ဖျော့ပေါ်မှာ အနီကွက်တွေ ဖော်ထားတဲ့ ခန်းဆီးကို ဖယ်ပီး ဦးကိုကိုစန်း ဧည့်ခန်းထဲ ၀င်လာတယ်။
'ရထားလက်မှတ်အတွက် ဘာမှမပူပါနဲ့၊ ကျွန်တော်ပြောထားပြီးပြီ' တဲ့။ မြန်မာလက်ရွေးစင်ဘောသင်း ဦးမော့လာနေတဲ့အကြောင်း ဆောင်းပါးကနေ မျက်နှာခွါပြီး သူဦးခေါင်းညိတ်ရင်း 'ဟန်ကျတာပေါ့' လို့ ပြန်ပြောလိုက်တယ်။
ဦးကိုကိုစန်းက ထရက်ဆု အစိမ်းရွှင်ကို သားသားနားနား ၀တ်ဆင်ထားတယ်။ စံချိန်ယူတဲ့ နာရီတလုံးကိုလည်ပင်းမှာ ပိုးကြိုးအနီလေးနဲ့ ဆွဲထားတယ်။
'ရေမိုးချိုးလိုက်ဦး၊ ညနေစာ စားပြီးမှကျွန်တော်တို့ ဘူတာ လိုက်ပို့ပေးမယ်။ လွတ်လွတ်လပ်လပ်သာနေ၊ ဘာမှ အားမနာနဲ့နော်။ ကျွန်တော့် ဘော့လုံးအသင်းကို ထရိန်နင် ပေးစရာ ရှိသေးတယ်'
သူကတော့ ထုံးစံအတိုင်း သွားဖြဲလေးနဲ့ ရယ်နေလိုက်တယ်။
'ပျင်းနေရင်လည်း ဘောကွင်းဘက် အညောင်းပြေ လျှောက်ခဲ့ပါဦးလား'
'ဟုတ်ကဲ့၊ ခင်ဗျားဇနီးက ဘာအစီအစဉ်တွေ ဆွဲထားလဲ မသိဘူး'
ဦးကိုကိုစန်းက ဗင်ကားလေးပေါ် အရောက်မှာ
'ကိုကိုစန်း စောစောပြန်ခဲ့နော်၊ ငါးဘတ်မွှေချက် ချက်ထားတယ်' လို့ လှမ်းအော်ပြောသံ ကြားလိုက်လို့ ဟိုလူက ကားပေါ်ကနေ လည်ပြန်ပြုံးပြရင်း ထွက်သွားတယ်။
ငါးဘတ်မွှေချက်ဆိုပါလား။ သူသိတ်ကြိုက်တဲ့ ဟင်းပဲ။ ဈေးခြင်းထဲမှာ ကြက်တကောင်တွေ့လိုက်ပါရဲ့နဲ့ မိဦးက သူကြိုက်တတ်တဲ့ ငါးဘတ်မွှေချက်ကို ချက်လိုက်လေသလား။ သူ ငါးဘတ်မွှေချက်ကြိုက်တာကို မိဦး မှတ်မိနေတာကိုပဲ အံ့သြရမလား။ ဒါမှမဟုတ် တိုက်ဆိုင်မှု တခုများလား။
ဂျာနယ်ကို ဖတ်နေရင်း သူ့ဆီ ခြောက်လတခါ ခုနှစ်လတခါ တကူးတကန့် လာလာတွေ့တဲ့ ဇနီးသည်ရဲ့ မျက်နှာလေးကို မြင်ယောင်နေရှာတယ်။ ပြီးတော့ ဘာလေးတွေ ထုခွဲလာမှန်း မသိနိုင်တဲ့ စားစရာလေးတွေ။ ငါးပိကြော်၊ ပဲကြော်၊ သရက်သီးဆီစိမ်၊ ထန်းလျက်တွေဟာ သမီးလေးရဲ့ နားဆွဲလေးလည်း ဖြစ်နိုင်တယ်။

xxxx xxxx xxxx xxxx

သူတို့နှစ်ယောက် စကားတပြောပြောနဲ့ ဘောလုံးကွင်းဘက်ကို လျှောက်လာကြတယ်။ ဒေါ်သန္တာဦးက ရေချိုးပြီး သနပ်ခါးရေကျဲလေး လူးထားတယ်။ စပို့ရှပ် အနက်ကလေးကို ၀တ်လို့၊ ကော်လာအနက်ပေါ်မှာ အဖြူနဲ့ အနီလိုင်းလေးက အနားသတ်ထားတယ်။ သူက မိဦး စပို့ရှပ်ဝတ်လေ့မရှိပဲ အခုမှ မြင်ရလို့ အံ့သြနေတယ်။ ထဘီက အဖြူများများ အပြာအရင့်ခက်တွေ ယှက်ထားတဲ့ ပါတိတ်ကို ဆင်ထားတယ်။ သူကတော့ မိဦးနဲ့တွေ့စ နေ့လည်ကအတိုင်းပဲ။ မျက်နှာမှာ အဆီတွေ ပိုပြန်နေတာပဲ ပြောစရာ ရှိရဲ့။
နှစ်မိနစ်လောက်ပဲ လျှောက်လိုက်ရတယ်။ သူတို့ ဘောလုံးကွင်းဆီ ရောက်သွားကြတယ်။ ကွင်းထဲမှာ ဘောသမားတွေ လေ့ကျင့်နေကြတယ်။ ဦးကိုကိုစန်းရဲ့အသံကို အဝေးကနေ ကြားနေရတယ်။ သူတို့ လာတာကို မြင်တော့ ဦးကိုကိုစန်းရဲ့အသံက ပိုကျယ်လာသလိုပဲ။ ဘောသမားတွေခမျာ ပိုပြီး လေ့ကျင့်ရရှာတယ်။ တခါတခါမှ လက်ထောက်နည်းပြဆရာရဲ့ အသံကို ကြားရရဲ့။
သူက ဘောကွင်းကို မြင်လိုက်ရကတည်းက လူငယ်လေး ပြန်ဖြစ်သွားတာ၊ မြို့မအသင်းမှာ ရခဲ့တဲ့ လက်ခုပ်သံတွေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှာ ကစားတုန်းက အော်ဟစ်အားပေးသံတွေ (ဆဲသံတွေ လည်းပါ)၊ တက္ကသိုလ်ဘောအသင်းရဲ့ အောင်မြင်မှုတွေ သူပြန်မြင်ယောင်နေတယ်။ လက်ဆွဲနှုတ်ခံခဲ့ရ၊ ပန်းစည်းတွေ၊ ပန်းကုံးတွေ၊ ဆုတံဆိပ်တွေ ဝေစည်နေတဲ့ အချိန်တွေပေါ့။
ဘောသမားနှစ်ယောက် လေ့ကျင့်ကြရင်း မတော်တဆ ခိုက်မိသွားလို့ လဲကျသွားတဲ့ ဆီကို ဦးကိုကိုစန်းနဲ့ သူ့လက်ထောက်တို့ အပြေးသွားကြည့်ကြတယ်။
သူတို့ကတော့ ပွဲကြည့်စင်ရဲ့ အရိပ်တနေရာက ရပ်ကြည့်နေကြတယ်။
သူက မန္တလေးမှာရှိတဲ့ ဘောကစားကွင်းဆိုရင် မကစားဖူးတဲ့ကွင်း မရှိသလောက်ပဲ။ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မြစ်ငယ်၊ သာစည်၊ စဥ့်ကူး၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ စတဲ့ မြေလတ်ပိုင်းက ကွင်းတွေလည်း မကျန်သလောက်ပဲ။
သူက ဘောသမားတွေကို ငေးရီကြည့်နေချိန်မှာ ဒေါ်သန္တာဦးက စိပ်ပုတီးလေးကိုစိပ်ရင်း ကွင်းဘက်ဆီ ကြည့်နေတယ်။ သူက မိဦးရဲ့ ပြောင်းလဲနေပုံတွေ စဉ်းစားရင်း နင်ဘာတွေ တတွတ်တွတ်ရွတ် နေတာတုန်းလို့ မေးမယ်လုပ်ပြီးမှ အာရုံပျက်သွားပါလိမ့်မယ်လို့ တွေးမိပြီး မမေးတော့ဘူး။
ဘောသမားတွေ ၀တ်စားပုံက သူတို့ခေတ်နဲ့ မတူကြတော့ဘူး။ ဘောင်းဘီပွပွတွေကို ဒူးဆစ်နားထိ ရှည်ရှည်ဝတ်ထားကြတယ်။ အင်္ကျီတွေက အရောင်ပိုစုံလာတယ်။ အင်္ကျီပေါ်မှာ စီးပွါးရေးကြော်ငြာကုမ္ပဏီ နာမည်တွေနဲ့။ ဘောကန်ဖိနပ် အမျိုးကောင်းတွေ စီးထားတယ်။
ဘောသမားတွေကို ကြည့်နေပေမယ့် သူ့ကို အတိတ်ဆီကို အတွေးက ပြန်ပြန်ခေါ်သွားတယ်။ နုပျိုတက်ကြွနေတဲ့ ဘောသမားလေးတွေကို အားကျစိတ်နဲ့ ကြည့်နေမိတယ်။ သူ့ကိုသူ ပြန်ကြည့်မိတော့ သူက အကျပိုင်း ရောက်နေပြီ။ သူ့မှာ ခွန်အားမရှိတော့ဘူး။
သူတို့ နည်းပြဆရာတွေက အားမလိုအားမရဖြစ်ပြီး လှမ်းအော်လိုက်သံနဲ့အတူ ဆဲသံပါ တပါတည်း ကြားလိုက်ရတယ်။ ဒေါ်သန္တာဦးလဲ ကြားလိုက်တယ်ထင်ရဲ့။ သူ့ကို အားနာဟန်မျက်လုံး တချက်ဝေ့ကြည့်လိုက် တယ်။ ဘောသမားတွေက တဖက်က ပစ်ပေးနေတဲ့ ဘောလုံးကို ခေါင်းတိုက်ကြဖို့ တန်းစီနေကြတာကို သူက ငါးပိစိမ်းကလေး တကော်အတွက် နေပူထဲမှ တန်းစီနေရတာကို ပြန်မြင်ယောင်နေတယ်။
ဘောသမားတွေ အကုန်လောက်နီးနီး သူဂျာနယ်တွေထဲမှာ တွေ့ခဲ့ဖူးသူချည်းပဲ။ နာမည်တွေကိုတော့ သူမမှတ်မိတော့ဘူး။ နာမည်တွေက သုံးလုံးမှည့်ကြတာ များတယ်မဟုတ်လား။
ဘောသမားတချို့ရဲ့ နာမည်ကိုရော လူကိုပါ ဒေါ်သန္တာဦးက သိနေတယ်။ ဟိုနံပါတ်ကိုးက ဘယ်သူ၊ နံပါတ်သုံးက ဘယ်ဝါ၊ နံပါတ်လေးက ဘယ်လို အလားအလာရှိတာ။ သူက တကယ့် ၀ါရင့် ပွဲကြည့်ပရိသတ် လေသံ။ ပင်တိုင်ဆောင်းပါးရှင် စတိုင်မျိုးနဲ့ သူ့ကို ပြောပြနေတယ်။ သူ့အဖို့ အံ့သြစရာချည်းပဲ။
သူကတော့ တချို့ ဘောသမားတွေကို သူနဲ့ တကြမ်းထဲ အတူ အိပ်ခဲ့တဲ့ နွားခိုးလေးတွေ၊ သာတီဒီလေးတွေ၊ ရေနံအပကလေးတွေနဲ့ တူသလိုလို ခံစားနေမိတယ်။
ဦးမိုးလှိုင် သေကောင်ပေါင်းလဲ နေမကောင်းတုန်းက ကိုယ်ဖိရင်ဖိ ပြုစုဖူးတဲ့ အောင်လံက အောင်မျိုးမြင့်နဲ့ ဂျာစီနီနဲ့ ကောင်လေးနဲ့ ရုပ်ချင်းသိပ်ဆင်ကြတယ်။ ညီအကိုဆိုရင် ယုံလောက်တယ်။
သူတို့နှစ်ယောက်အပြင် ဒိပြင်ခပ်လှမ်းလှမ်းမှာလည်းလေံနေကြပုံကို လာကြည့်ကြတဲ့ ပရိသတ်တွေ ရှိနေတယ်။ ၀င်သင့်ဝင်ထိုက်တဲ့ ဘောကို ဂိုးသမားက အစွမ်းပြကာကွယ်လိုက်တာကို တွေ့ပြီး သူ့ကိုယ်က တွန့်ကနဲ့ ဖြစ်သွားမိတယ်။
ဒေါ်သန္တာဦးကတောင် ပါးစပ်က ရွတ်နေတာ ရပ်သွားပြီး ဟာခနဲ အသံထွက်သွားမိတယ်။ ဦးကိုကိုစန်းက ဂုဏ်ယူတဲ့မျက်နှာနဲ့ သူတို့ဘက်လှည့်ပြီး ပြုံးပြလိုက်တယ်။ ခဏနေတော့ ခရာသံရှည် ပေါ်လာပြီး သူတို့ အနားရသွားကြတယ်။
သူ့လက်ထောက်ရော ဦးကိုကိုစန်းပါ သူတို့ ရှိရာကို လျှောက်လာကြတယ်။ မြက်ခင်းပေါ်မှာ ထိုင်ပြီး အနားယူနေကြတဲ့ ဘောသမားတွေအကြောင်းကို တယောက်ချင်း ဦးကိုကိုစန်းက ပြောပြနေတယ်။ လက်ရှိ မြန်မာ့လက်ရွေးစင်တွေ၊ လူငယ်လက်ရွေးစင်တွေနဲ့ လက်ရွေးစင်ဟောင်း ပူပူနွေးနွေးတွေက အများစုပဲ။ သွေးသစ်က သုံးယောက်လောက်ပဲ ပါတယ်။
လက်အိပ်လှလှကလေးစွပ်ထားတဲ့ ဂိုးသမားကိုတော့ ဦးကိုကိုစန်း စန်းအတင်ဆုံး။ ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်အကြိမ်ကြိမ်ဆောင်ခဲ့တာပေါ့။ အသရေ ခဏခဏဆယ်ခဲ့တာ သူပဲတဲ့။ တနေရာဆီက နာရီသံချောင်း ခေါက်သံကြားရတယ်။ ဒေါ်သန္တာဦးက ငါးမတ်တင်းလို့ ပြောပေမယ့် သူက လေးနာရီ သုံးမောင်းလို့ ဘာသာပြန်မိသွားတယ်။
လက်ထောက်နည်းပြဆရာက အချိန်တိတိကျကျပဲ။ ခရာရှည်ကို မှုတ်လိုက်တယ်။ ဘောသမားတွေက မြင်ခင်းပေါ်က အထနှေးရင် နောက်ကျရင် လစာဖြတ်ခံရတော့မယ့် ပုံစံအတိုင်း။ ခရာသံကြားကြားချင်း အမြန်ထလိုက်ကြတယ်။ သူကတော့ ဒီအချိန်ဆိုရင် ကျန်ခဲ့တဲ့ သူ့မိတ်ဆွေတွေ ဘာလုပ်နေကြပါလိမ့်လို့ တွေးနေမိတယ်။
ဘောသမားတွေက ဘောအထိန်းအသိမ်း ကောင်းစေတဲ့ လေ့ကျင့်ခန်း လုပ်သူကလုပ်၊ တချို့ကလည်း ကန်ချက်မှန်အောင်လေ့ကျင့်ကြ၊ တချို့ကလည်း ခေါင်းတိုက်လေ့ကျင့်နေကြတယ်။ သူများတွေမှာ ဘောလုံး ရှာပါးချင် ရှားပါးပါးမယ်။ ဒီမှာတော့ ဘောလုံးတွေက အများကြီး။
ဒေါ်သန္တာဦးက ဦးမိုးလှိုင်တို့အိမ်ကနေ ကျောင်းတက်ခဲ့ပုံ၊ ဦးလေးတို့ ဒေါ်ဒေါ်တို့က သူ့ကို စောင့်ရှောက်ကြပုံတွေ၊ အိမ်မှာ ရေပြတ်တဲ့အခါ ကိုမိုးကြီး ရေစည်လှည်းသွားဆွဲပေးခဲ့ပုံတွေ ပြန်မြင်ယောင် နေတယ်။
ပြင်းထန်တဲ့ လေ့ကျင့်ခန်းအရှိန်ကို လျှော့ချလိုက်ပြီ။ ပေါ့ပါးတဲ့ လေ့ကျင့်မှုကလေးတွေကို နည်းပြတွေ ပြောင်းပြီး လေ့ကျင့်ခိုင်းလိုက်တယ်။
ဦးကိုကိုစန်းက သူတို့ကွင်းထဲထိ လာဖို့ လှမ်းခေါ်နေပါပကော။ သူနဲ့ ဒေါ်သန္တာဦးနဲ့ ကွင်းထဲကို တဖြည်းဖြည်း လျှောက်သွားကြတယ်။ တယောက်နဲ့တယောက် လေးငါးပေ အကွာလောက်ကပါ။
ဦးကိုကိုစန်းရဲ့ မျက်နှာမှာ တခုခုပြောဖို့ ရှိနေတယ်ဆိုတာ ဒေါ်သန္တာဦးက သတိထားမိတယ်။
'ကျွန်တော်တို့ နောက်အပတ်ထဲမှာ ထိုင်းကိုသွားပြီး ကစားကြဖို့ ရှိတယ်၊ ဒါကြောင့် ကောင်လေးတွေကို အထူးကြပ်မတ်ပေးနေရတာ' တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။
'ခင်ဗျားလည်း တချိန်က ဘောသမားတယောက်လို့ ကျွန်တော်ကြားဖူးတယ်။'
သူ အံ့လည်းအံ့သြတယ်။ ပြီးတော့ လူလည်း ထူပူသွားမိတယ်။ ဒီစကားကို သူ မမျှော်လင့်မိဘူး။
'တလုံးလောက် စမ်းပြီးတော့ ကန်ကြည့်ပါဦးလား' ဦးကိုကိုစန်းက ဖိတ်ခေါ်နေပြီ။ ဘယ်လိုသဘောနဲ့ ဒီလို ဖိတ်ခေးတာလဲ။
သူက ချက်ချင်းပဲ 'ကန်တာပေါ့ဗျာ' လို့ ပြန်ပြောလိုက်တယ်။
'သတိလည်း ထားဦးနော်၊ တော်တော်ကြာ ဒူးကြီး လိုက်ကောက်နေရဦးမယ်' ဦးကိုကိုစန်းက မျက်လုံးပိတ်မတတ် ရယ်ရင်း ခနဲ့လိုက်တယ်။ ပြောပြောဆိုဆို သူတို့သုံးယောက် ကွင်းထဲကဖြတ်ပြီး ဂိုးစည်းဆီကို လျှောက်သွားကြတယ်။
လက်ထောက်ဆရာရဲ့ ခရာသံကြောင့် လေ့ကျင့်နေတာတွေ အားလုံး ရပ်လိုက်ကြတယ်။ ဦးကိုကိုစန်းက ဘောလုံးကို ဂိုးစည်းနားမှာ မတည်ပဲ စက်ဝိုင်းခြမ်းရဲ့ အပြင်မှာ တည်ပေးထားတယ်။ ဘောလုံးတည်နေပုံက ချိုင့်ထဲ နည်းနည်းကျလိုက်သေးရဲ့။ သူက ဘောလုံးကို နေရာ ရွှေ့တည်ရကောင်းနိုးနိုး စဉ်းစားသေးတယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဟိုလူတည်ပေးထားတဲ့နေရာမှာဘဲ ရှိစေတော့။ သူမပြင်တော့ဘူး။
ကွင်းထဲမှာ ရှိကြတဲ့ ဘောသမားတွေရော ကွင်းပြင်က ပရိသတ်တွေပါ ဦးကိုကိုစန်းရဲ့ လုပ်ရပ်ကို စိတ်ဝင်စားကြတယ်။ ကန်မယ့်သူက လေးဆယ်ကျော် ငါးဆယ်ချဉ်းနေတဲ့ လူတယောက်၊ တည်ထားတဲ့ ဘောလုံးက ဂိုးတိုင်နဲ့ သာသာထိုးထိုး ဝေးတဲ့နေရာ။ ပြီးတော့ ဘောလုံးက ချိုင့်ခွက်ထဲမှာ မဆိုသလောက် ကျနေသေးတယ်။
ဦးမိုးလှိုင်က ပုဆိုးခါးတောင်းကျိုက်လိုက်တယ်။ အဲဒီလို ခါးတောင်းကျိုက်လိုက်ခါမှ ပြက်လုံးထုတ်လိုက် သလို ဖြစ်ပြီး ဒေါ်သန္တာဦးတောင်မှ သူ့ပါးစပ်ပိတ်ပြီး ကျိတ်ရယ်လိုက်မိသေးတယ်။ တချိန်က တုတ်တုတ်ခိုင်ခိုင်နဲ့ ကျစ်လစ်တဲ့ ပေါင်လုံးသားတွေက အခုတော့ သေးသေးလေး ဖြစ်နေပြီ။ ပြီးတော့ သန်းကြီးကိုက်ထားတဲ့ အနာရွတ်၊ အရေပြားရောဂါရဲ့ ကုတ်ခြစ်ရာတွေနဲ့။ လူရဲ့ပေါင်နဲ့ မတူဘူး။ ကျားသစ်ပေါင်နဲ့ တူနေတယ်။ တချိန်က ကြွက်သားမျှင်တွေ ဖုထစ်ခဲ့တဲ့ ခြေသလုံးကလည်း အခုတော့ ခြေသလုံးပါလို့ စာတန်းထိုးထားရတော့မလိုလို။
သူငယ်ငယ် ဘောကစားတုန်းက ယဉ်ယဉ်ကျေးကျေး ပါးပါးနပ်နပ် ရှောင်တိမ်းကစားခဲ့သူမို့ သူ့မှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ အခု သူ့ညို့သကျည်းမှာ သေရာပါမယ့် အနာရွတ်တွေက မြို့တမြို့ရဲ့ မြေပုံနဲ့ တူနေတယ်။ ကြီးတဲ့ဟာကကြီး သေးတဲ့ဟာက သေးနဲ့။ ခြေသလုံးရိုးနှစ်ချောင်းဟာ မီးရထားသံလမ်း တစုံလို ဖြစ်ခဲ့ဖူးတယ်။
ကွင်းထဲမှရှိတဲ့ လူတွေအားလုံး တိတ်ဆိတ်သွားလိုက်ကြတာ မြက်ခင်းပေါ် ငှက်တကောင် ဆင်းနား ရင်တောင် ခြေသံကြားလောက်ရဲ့။
မိဦးတို့ နေကြတဲ့ နယ်မြေထဲ ရောက်လာကတည်းက သူလိုက်လာတာ မှားပြီလို့ နောင်တရနေတယ်။ သူပြန်လို့ရရင် ချက်ချင်းပဲ ပြန်ချင်တယ်။ မလွှဲသာ မရှောင်သာလို့ ထိုင်ပြီး ဂျာနယ်တွေ ဖတ်ခဲ့ရတာ။ သူ့မှာ သိတ်တွေ့ချင်နေတဲ့ မိတ်ဆွေတွေ ရှိတယ်။
အဘဦးအုန်းမြင့်၊ ဆရာတော်ဦးဝါသ၀ပဏ္ဍိ၊ ဦးပဉ္ဇင်းဦးပညာဒီပ၊ ကိုမြင့်ဆန်းတို့ ကိုအောင်တို့ မောင်ဌေးအောင်တို့တတွေ။ သူတွေ့ချင်တဲ့ လူတွေ အများကြီး။
တည်ထားတဲ့ဘောကို ဘယ်ခြေနဲ့ကန်မှာလား၊ ညာခြေနဲ့ ကန်မှာလား။ ဂိုးသမားကြိုပြီး မရိပ်မိအောင် သူက ဘောလုံးရဲ့ တည့်တည့်နောက်က ရပ်နေလိုက်တယ်။ လေက သူနဲ့ မျက်နှာချင်းဆိုင်ဘက်ကနေ တသုန်သုန်တိုက်နေလို့ အင်္ကျီလက်ဖတ်တွေ တဖျပ်ဖျပ်လွင့်နေတယ်။
မိဦး စာမေးပွဲနောက်ဆုံးနေ့ကျရင် ငါ နင့်ကို အရေးကြီးတဲ့စကား ပြောစရာရှိတယ်လို့ သူပြောခဲ့တဲ့ တုန်းက မိဦးရဲ့ ပြုံးမြမြမျက်နှာလေး ပြန်မြင်ယောင်မိတယ်။ နားထဲမှာတော့ အိပ်ကောင်းခြင်းမအိပ်ရတဲ့ အာလုံးကောင်းပါတယ် ဆရာကြီးဆိုတဲ့ အသံဝါကြီး ကြားယောင်ပြန်တယ်။
သူက ပျဉ်းမနားပေါင်းလောင်းဖလား သွားကစားနေရာ ပြန်လာတော့ သူ့မိဘတွေ လာခေါ်လို့ မိဦးက ထီးချိုင့်ပြန်သွားပြီ။ အခုတော့ မိဦးနံဘေးမှာ အစိမ်းရွှင်ထရက်ဆုနဲ့ စံချိန်မှတ်နာရီနဲ့ ဦးကိုကိုစန်းက ရပ်လို့။
ဖလန်နယ်အင်္ကျီရဲ့ ဘယ်ဘက်လက်ဖတ်ကို ညာလက်နဲ့ လိပ်တင်ခေါက်ပြီး တံတောင်ဆစ်အထက်နားထိ ပင့်တင်နေတာကို ဂိုးသမားက မမှိတ်မသုန် ကြည့်နေတယ်။ အရင်တုန်းက ဘောလုံးနဲ့ ဂိုးတိုင်နဲ့ ဒီလောက် အကွာအဝေးကို စာမဖွဲ့ အားပါဘူး။ ဒိထက်ဝေးတဲ့ နေရာက နေတောင် ဂိုးဝင်အောင် ပြေးလွှားကန်သွင်းခဲ့ဖူးသူပဲ။
သူက ဂိုးသမားကို သေသေချာချာကြည့်လိုက်တယ်။ ဂိုးသမားက ဂိုးဘားရဲ့ အလည်ခေါင်မှာ တည့်တည့် ခြေကားပြီး ရပ်နေတယ်။ ပင်နယ်တီ အဆုံးအဖြတ်ကို အသက်စွန့် ကာကွယ်မယ့်ဟန်နဲ့။ ဂိုးသမား ရပ်နေတာ ဂိုးတိုင်သုံးတိုင်ကြားမှာ ပြည့်နေသလိုပဲ။
ဦးမိုးလှိုင်က လွင့်နေတဲ့ စိတ်တွေကို စုစည်းပေမယ့် မရဘူး။
ဒေါ်သန္တာဦးကတော့ လက်အုပ်လေးချီထားသလို မချီသလိုလို။ လက်ချောင်းတွေကို ပူးယှက်ပြီး ရင်ဘတ်မှာ ခပ်ဖွဖွ ကပ်ထားတုန်းပဲ။
ဘောကန်တော့မယ်ဆိုရင် ကြွက်သားတွေ အရွတ်တွေ အကြောတွေ မနာအောင် သွေးပူလေ့ကျင့်ခန်း လုပ်ရမယ်။ အကြောလျှော့ပြီးမှ ကန်ရမယ်ဆိုတာ ဦးမိုးလှိုင် သိပ်သိတာပေါ့။ အခုတော့ သွေးပူလေ့ကျင့်ခန်း မလုပ်ရပါဘဲနဲ့ သူ့သွေးတွေ ပူလာ ဆူလာတယ်။
ကျန်ခဲ့တဲ့ သူ့မိတ်ဆွေတွေရဲ့ မျက်နှာ၊ တောင့်တောင့်ကြီး မရယ်မပြုံး ရပ်နေတဲ့ ဧည့်ခန်းထဲက ဓာတ်ပုံ၊ ပေါင်နဲ့ ညို့သကျည်းက ဒဏ်ရာတွေ၊ သူ့ဇနီးရဲ့ မျက်နှာလေး ပြန်မြင်ယောင်လာတယ်။
ပရိသတ်က စက္ကန့်နဲ့အမျှ အာရုံပို စူးစိုက်ကြည့်လာကြတယ်။ ဇာတ်ထွတ်ကို ရောက်နေတဲ့ ရုပ်ရှင်ကား တကားပေါ့။
.... တွေအတွက် .... အတွက် ... အတွက် ခြေတလှမ်းလှမ်းလိုက်တိုင်း သူ့ပါးစပ်က .... အတွက်တခု ရွတ်ပြီး ဘောလုံးဆီ တဖြည်းဖြည်းလျှောက်သွားနေတဲ့ အဟာရချို့တဲ့နေတဲ့ လူပိန်ပိန်တယောက်။
... အတွက် ... အတွက် ဘောလုံးဆီ ဖြေးဖြေး လျှောက်သွားပြီး ကန်တော့မှ ခွန်အားကုန်သုံးပြီး ကန်လိုက်တယ်။ ကန်ပြီးတာတောင် သူက လက်သီးဆုပ်မဖြေဘူး။
ကျွမ်းကျင်လက်ဖြောင့်တဲ့ သေနတ်သမားက ခလုတ်ကို ဖြုတ်လိုက်ကတည်းက ပစ်မှတ်ကိုထိတာ သိလိုက်သလိုပဲ ဦးမိုးလှိုင်လည်း သိလိုက်တယ်။
ဂိုးသမားက ဦးမိုးလှိုင် ဖလန်နယ်အင်္ကျီ ဘယ်ဖက်လက်ဖတ်ကို ညာလက်နဲ့ လိပ်တင်တာကို ကြည့်ပြီး ဦးမိုးလှိုင် ညာခြေနဲ့ ကန်မယ်လို့ ထင်သွားတယ် ထင်ပါရဲ့။
ပရိသတ်တွေရော၊ ကွင်းထဲက ဘောသမားတွေရော၊ ဦးကိုကိုစန်း၊ ဒေါ်သန္တာဦးနဲ့ လက်ထောက်နည်းပြ ဆရာတွေကိုရော ရုပ်ရှင်ကင်မရာတွေ ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်ထား မှတ်တမ်းတင်ထားပြီး အနှေးပြန်ပြကွက် တွေနဲ့ အရသာခံပြီး ကြည့်ဖို့ကောင်းတယ်။


ညီပုလေး။

ရွာလွမ်းချင်း
ရေးသူ- မောင်စွမ်းရည်

ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား၊
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။




ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ
ပဲကြီးလှော်ကြဲ၊
ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ၊
ခြေဆင်းလဲလူ အပူအပင်မရှိ။

ပဲစိကို တစိစီကောက်
အလျားမှောက်ပြီး
သောက်တာကို
လက်ချော်ပြီး၊ ခွက်မကျော်ရင်
ပျော်ရှင်ဖွယ်အတိ၊ အလွန်စည်းစိမ်ရှိတာကလား။

မိုးဦးကျစ
ပုတတ်က တကောင်နှကောင်
ရအောင်အရင်ရှာရမယ်၊
ပုတတ်ကလေး နီကျင်ကျင်
နွယ်ကြိုးရှည်နဲ့ မငင်လေနဲ့
ခွေးမြင်ရင် ခုန်ဟပ်မယ်၊ ဖုန်ကပ်မယ်
ခါးပုံစမှာ အသာခွေထည့်ပါ
ရွာအခြေထန်းတဲကိုရောက်ရင်
ထန်းလျက်ဖိုမှာ ကင်
ကင်ပြီးတော့ထောင်း၊ ထောင်းပြီးတော့ကြော်။
ကြက်သွန်နီနဲ့၊ ကြက်သွန်မြိတ်နဲ့
ငရုတ်သီးပွ လေးစိတ်စိတ်
အိုးအဖုံးမပိတ်ဘဲ
မီးလေးမပူတပူမှာ
ဆီပူလေးတလှိမ့် နှစ်လှိမ့် လှိမ့်လိုက်ရင်
ကွယ်- ဆိမ့်လိုက်မယ့်ဖြစ်ခြင်း။

ပုတတ်လိုက်ရင်း
မပျင်းသေးလို့ အချိန်ရရင်
ဗိန်မတို့ရှားတောအစ
နဘူးချုံ ဆူးချုံဖွသွား

ပျားအုံလေးဘာလေးရှာပေါ့
ပျားလပို့မမက်နဲ့ ပျားသလက်ကိုညစ်
ပျားနို့ရည် ဖြူပျစ်ပျစ်နဲ့
ပြောင်းဖူးနုရည်အနှစ်ကို
နှမ်းဆီစစ်စစ်နဲ့ကြော်ရင်
တဲပေါ်က တိုက်ပေါ်ရောက်သလိုပဲ
သောက်တာကယစ်၊ စားတာကအစ်နဲ့
အယစ်တွေရှည်ပေရော့။

ထန်းသမားကြီးက ဦးခတဲ့၊
ဒူးကျအောင် ထိုးကွင်းဟာ
ကြောင်အဆင်း ကြောင်အတက်နဲ့
ထန်းတက်ရင် အရက်မသောက်
ထန်းရေလောက်လဲမမက်
ဆေးရွက်ကြီးပဲငုံတယ်
မြုံစိစိနဲ့ စကားမပြောဘူး
ဦးခက လူထူးပဲ။

ထူးပုံကိုကြုံလို့ပြောရဦးမယ်
တခါတုန်းကပေါ့
ထန်းတက်တာ ကိုယ်တုံးလုံးနဲ့
ထန်းတက်နေတုန်း မိုးမိရော
မိုးမိတော့ အအေးပတ်ရော
ထန်းတက်တာရပ်ပြီး ဖိနပ်မပါဘဲ
ရွာထဲကို အမြန်သုတ်ပြီး
ကျားဘမ်းပရုပ်ဆီ
အဖေ့ညီ ကျောင်းဆရာဆီမှာ
တောင်းပြီးမျိုသတဲ့။

ပရုပ်ဆီမရှိရင်၊ ဘုန်းကြီးဆီပြေး
ရေနံချေးတကလော်ကို
မျိုသော်ပျောက်၏- တဲ့။

ဆံပင်စုတ်ဖွား၊ တင်တုတ်ကားနဲ့
ထန်းသမားကတော်က၊ ရှင်ဂွက်ထော်တဲ့။
မနော်နွယ် နို့တွဲလောင်းနဲ့
ထန်းရေအိုးကို ခေါင်းမှာရွက်
ခါးထက်ခွင် ကလေးတကောင်။
ထန်းပလပ်နွားရုပ်ဆွဲ
နှပ်တွဲလဲ ဂျိုးတန်းလန်းနဲ့
ထန်းမျိုးဆက်သစ် ချစ်စရာလေးတွေက
တကောင်နှစ်ကောင်။

ရန်လုံ အောင်နက်
ကြွက်လိုက်ယုန်လိုက်
ရှဥ့်လိုက်ပွေးတူး
ခွေးဘီလူးက သုံးကောင်လေးကောင်။

"ကောင်လေးတွေဘာလိုသေးတုံး" တဲ့
တပြုံးပြုံး မေးလားမေးရဲ့
ထန်းရေဖိုးပေးလဲ မယူဖူးတဲ့
ငါလဲ တခါမှ မပေးဖူးပါဘူး။

တခါတခါ ယုန်သား
တခါတလေ လင်းမြွေသား
သူကြီးသား င၀က်စားဖို့တဲ့
မြွေသားကို အလျဉ်နဲ့နှပ်ပြီး
ချက်တတ်ရင် ကောင်းချက်တော့၊
မချက်တတ်ရင်ကော
မချက်တတ်ရင် အထူးမလုပ်နဲ့
နူးရုံသာပြုတ် အရေဆုတ်ပြီး
ညက်ရုံထောင်း
ဆီစိမ်းလေးလောင်း၊ ကြက်သွန်မြိတ်လေးလှီး
လှီးတာတောင်မစောင့်ချင်ရင်
အပင်လိုက်ကိုက်ပြီး၊ ထန်းရေနဲ့မြည်းလိုက်ရင်
ရွာသူကြီး ဘုရားတကာလဲ
အနားလာပြီး ရောတိရောယောင်နဲ့
ကောင်လေးတွေ ရန်မဖြစ်ကြနဲ့
ရန်ဖြစ်တာ မကောင်းဘူးတဲ့၊
ဒါ ပြောင်းဖူးကြော်လား
အင်း တော်တော်ကောင်းသားဟဲ့၊ ဘာဟဲ့ ညာဟဲ့
တစလောင်း တဖလားငှဲ့ပြီး
သူအာခေါင်ထဲ ထည့်သွားမှာပါပဲ။

သာနိုးတို့၊ မိုးသူတို့
လူပျိုသိုးတသိုက်
တို့ရွာကို လိုက်ပြီးလာတော့
တို့စရိုက် တို့ဘာသာ
မြို့သားတွေ လာပကောလို့
ထန်းတောမှာ ၀ါးကွပ်ပျစ်ကို
လျှော်အသစ်နဲ့ ကွပ်ထားသတဲ့။

သူတို့လဲမြို့ပြန်
နို့လှန်ပြီး ကလေးကိုတိုက်ရင်း
ကြိုက်ရာအမည် စဉ်းစားတော့
သူ့သားကို သာနိုးတဲ့၊ မိုးသူတဲ့
ဂုဏ်ယူပြီးပေးခဲ့တာ၊
ခုအခါ သာနိုးလဲထန်းတက်လို့
မိုးသူလဲ ထန်းတက်လို့
မျိုးဆက်သစ်လေးတွေလေ ဒူးတွေတောင် ချောင်ရော့ပေါ့။

လွန်ခဲ့တဲ့ နှစ်လေးဆယ်
ကုန်လွယ်လိုက်တာ
မနေ့တနေ့ကလိုသာ ထင်ဆဲ
အဲ ... အဲဒီတုန်းက ငါ့အဖေလည်း ရှိသေးတယ်လေ။

ဒီလိုပေါ့ကွာ၊ တခါတလေပေါ့တဲ့၊
သောက်တော့သောက်လေ၊ မမူးစေနဲ့
ငါ့အဖေက ငါ့ကောင်တွေကိုဆုံးမတယ်၊ ပြုံးပြတယ်။

ငါ့အဖေရှေ့မှာ ငါထန်းရေမသောက်ခဲ့ဘူး
ငါ့အဖေကွယ်ရာမှာတော့
ဆယ်ခါလောက်လား၊ ဆယ့်ငါးခါလောက်လား
မှောက်မှောက်မှားမှားနဲ့
ယောက်ဖငကြွားနဲ့ပေါ့
သောက်သောက်စားစား
နည်းနည်းပါးပါး လုပ်ဖူးရဲ့
သောက်တဲ့အခါ မမူးပါဘူး
မူးတဲ့အခါလည်း မရူးစေရပါဘူး
နတ်ရွာကအဖေ၊ ခွင့်လွှတ်ရှာပေလိမ့်မယ်။

ခုတော့ကွာ
ရွာမရောက်တာ အတော်ကြာပြီ
ဆယ်နှစ်တခါ ရောက်ကောင်းမှရောက်ပါမယ်။

ရွာကိုသွားရင်
မိဘမဲ့သား ၆၀ ကျော် အူကြောင်ကြားကို
သနားကြသတဲ့။

မနှစ်ကတခေါက်
ငါ့ရွာရောက်ခဲ့တယ်။
ရောက်ရင်ရောက်ချင်း
ထန်းတောတွင်းကို ဆင်းခဲ့တယ်။
ထန်းပင်အောက်မှာ
ထန်းရေကလေး တငုံလောက်
လေးငါးဆယ်ငုံလောက် သောက်ခဲ့မိတယ်။
ကွယ်- အဖေ့ကို လွမ်းလို့ပါ။

မောင်စွမ်းရည်။
၇၊ ၃၊ ၀၁

{ဗြူတီမဂ္ဂဇင်း၊ ၂၀၀၁ မေလမှ ကူးယူဖော်ပြပါတယ်။}


Friday, September 4, 2009

ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး
ရေးသူ- လူထုစိန်ဝင်း

နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး တအုပ်ကို ဖတ်နေဆဲမှာ လူငယ်တစု ရောက်လာကြ ပါတယ်။ မကြာခဏ လာရောက်မေးမြန်းဆွေးနွေးနေကျ ဂျာနယ်သမားတွေပါ။ သူတို့ထဲက တယောက်က နတ်ရှင်နောင်စာအုပ်တအုပ် ယူကြည့်ပြီး၊ နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ "ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား" လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။



ခေါင်းမာတာ လူရိုင်းမဟုတ်
ဒီလူငယ်အပါအ၀င် လူတော်တော်များများက "အစွဲကြီးကြီးနဲ့ တော်တော်ခေါင်းမာတဲ့သူ" အဖြစ်သိထား ကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဖူးလို့ ယူဆပုံ ရပါတယ်။ နောက်ပြီးတော့ လူတော်တော်များများက ခေါင်းမာတာနဲ့ ရိုင်းစိုင်းကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းစိုင်းကြမ်းတမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာ တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင်မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်တကူ မစွန့်လွှတ်တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင်လိုက်ပြောင်းတတ်သူများက သူတို့ အားနည်းပျော့ညံ့မှုကို ခုခံကာကွယ်ဖို့အတွက် သူတို့ကအရင် သူများကို လက်ညှိုးထိုးလေ့ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်းကြမ်းတမ်းသူတွေအဖြစ် မြင်နေကြတာ ဖြစ်တယ်။

အစွဲကြီးသူ သိမ်မွေ့တတ်
အစွဲအလမ်းကြီးတတ်သူတွေဟာ အများအားဖြင့် အင်မတန်သိမ်မွေ့ပြီး စိတ်ကူးယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ် နှစ်ယောက်စလုံးဟာပင်ပမ်းနွမ်းနယ်မှုကို တယောထိုးဖြေ ဖျောက်တတ်ပြီး၊ ဟိုချီမင်းနဲ့ မော်စီတုန်းတို့ဆိုရင်လည်း ကဗျာဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာ တယ်သာ အပြောခံရတာ အီရတ်လို အာဖဂန်နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်းကျောင်းလေးပေါ် ဒုံးကျည် ကျရောက် ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း၊ မျက်နှာလွှဲပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ်ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင်တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။

စာတခြား လူတခြား
နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကို ကြိုက်တာ။ လူကို ကြိုက်တာ မဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ်လို့ လူကိုမုန်းတာနဲ့ သူ့စာတွေ မဖတ်ရ မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့သမားနဲ့ ပူးပေါင်းတဲ့အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ် ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြားကြည့်ရမှာပေါ့။ လူက နယ်ချဲ့သမားနဲ့ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ဘုန်းတော်ဘွဲ့ တွေမှ မဟုတ်တာ။ နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် ဖြစ်တဲ့အတွက် သေဒဏ်အစီရင်ခံ လိုက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး တိုင်းတပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးတော် ခံခဲ့သူများကိုတော့ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ပါဘူး။

နယ်ချဲ့အလိုတော်ရိတွေ
ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ လုပ်တာဖြစ်တဲ့အတွက် ကင်းဝန် မင်းကြီးတို့ တတွေကို အပြစ်မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့အလိုတော်ရိအဖြစ် စိတ်ထဲမှာ ရွံ့ရှာမုန်းတီးတာကိုတော့ ဖျောက်ပစ်လို့ မရပါဘူး။ အထူးသဖြင့် နယ်ချဲ့စစ်တပ်တွေ မန္တလေးမြို့တော်ကြီးကို သိမ်းပြီးစ ကာလမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့သွားပြီး ရွှေပြည်အေးတရားဟောတဲ့ လုပ်ရပ်တွေကိုတော့ ခါးခါးသီးသီး အော့နှလုံးနာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ်စနစ်တိုက်ဖျက်တာ ပါလီမန်ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။ သူတို့အကျိုးစီးပွါးအတွက် သူတို့သြဇာအာဏာ တည်ဆောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာသာ ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တာတေလန်အကျင့်ဆိုးတဲ့
လောကမှာ မမှားဖူးသူ မရှိပါဘူး။ အလောင်းတော်မြတ်ကြီးသောမှ မှားခဲ့လို့ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှာတာ မတတ်လို့ မှားတာကို အပစ်မမြင်ပါဘူး။ မှားမှန်းသိသိကြီးနဲ့ ကိုယ်ကျိုးစီးပွါးအတွက် "ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ဓာတ် မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုးကိုတော့ ခါးခါးသီးသီး ရွံ့ရှာပါတယ်။ ဘယ်တော့မှလဲ ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန်မင်းကြီးတို့ စာတွေကို ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့လက်ကိုင်တုတ်သမားအဖြစ် ဆောင်ရွက်ခဲ့တာတွေကိုတော့ ဘယ်တော့မှာ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာစာရေးဆရာတွေထဲမှာ စာကို ကြိုက်သလောက် လူကို မကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ "ရှာမှရှား" ဆိုလောက်သူတွေပါ။ ဒါပေမယ့် လူကြတော့ "တာတေလန်အကျင့်ဆိုးတဲ့ အရည်းတကာ့ ထိပ်သီးရှင်မထီး" ဆိုတဲ့စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့် သူတွေပါ။

မသမာရည်ရွယ်ချက်
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာမဟုတ်ပါဘူး။ အရက်သမားတိုင်း အကျင့်မဆိုး ပါဘူး။ ဆရာပီမိုးနင်းတို့၊ ဆရာမဟာဆွေတို့ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက်သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ ချမ်းသာကြီးပွါးရေးအတွက် ပြည်သူ လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြပါဘူး။ သစ္စာမဖောက်ရုံသာ မဟုတ်ပါဘူး။ တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာက ကိုယ်ကြီးပွါးချမ်းသာဖို့၊ ကိုယ်ထင်ပေါ်ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ဆိုတဲ့ "မသမာတဲ့ရည်ရွယ်ချက်" (ulterior motive) တွေနဲ့ လုပ်ဆောင်တာ မျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီး ရှိခဲ့သလို ခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ အများဆုံးရှိပေမယ့် စာပေနယ်မှာလည်း မနည်းလှပါဘူး။

စိတ်ဓာတ်အောက်တန်းကျမှု
ကိုယ်မှန်တယ်လို့ ယုံကြည်တာ တခုခုကို လုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ်မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာ မဟုတ်ပဲနဲ့ ကိုယ်ကျိုးစီးပွါးမျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ် အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အပြစ်ပါ။ အယူအဆမှားတာဟာ အပြစ်မဟုတ်ဖူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင် လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်အထိမှန်တယ်၊ ဘယ်အချိန်ထိ မှန်နေဦးမယ်ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာပြောနိုင်တာကတော့ ခုချိန်အထိ အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ်ဆိုတာပဲ ဖြစ်တယ်။ ကိုယ်လို မယုံကြည်သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့မတူလို့ ရန်သူလို သဘောမထား ပါဘူး။ သူယုံကြည်တာကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့ သူများကို အယူအဆ မတူပေမယ့် လေးစား ရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်ညွန့်ဆိုတာ အင်မတန် ရိုသား ဖြောင့်မတ်တဲ့ သတင်းစာ ဆရာကြီးတယောက် ဖြစ်ပါတယ်။ ယုံကြည်မှုခြင်းကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစားတန်ဘိုးထားပါတယ်။ ကိုယ့်ဆရာမဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ ကျွန်တော်ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက်အများကြီး ငယ်တဲ့ ကျွန်တော့်ကို အင်မတန် ခင်တွယ်ရှာပါတယ်။ သူ့ကျန်းမာရေး သိတ်မကောင်းတဲ့ ကြားကတောင် တပါတ်တခေါက်တော့ အနည်းဆုံးမှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တခါတလေများ မနက်တခေါက် ညနေတခေါက်တောင် ရောက်ချင်ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။

လိမ်တာသိဖို့ အရေးကြီး
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစားတန်ဘိုးထားတတ်သူဟာ စိတ်ဓါတ်ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တယောက် ကြီးပွါးချမ်းသာဖို့အတွက် မယုံတာကို ယုံချင်ယောင်ဆောင်ပြီး လိမ်နေတဲ့သူတွေကို ခွဲခြားသိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြားထားလိုက် ရမှာပါ။ ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ်ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း

Thursday, September 3, 2009

လကိုဖမ်းဖို့ ပိုက်ကွန်ရက်ရအောင်
ရေးသူ- ဂျူး

အချစ်ရဲ့အရသာ
အမေရိကန် ကဗျာဆရာ Shel Silverstein ရဲ့ ကဗျာတပုဒ်ကို ဖတ်ဖူးတယ်။
ကဗျာအမည်က Moon-catchin' Net တဲ့။ 'လကိုဖမ်းမယ့်ပိုက်ကွန်' လို့ အဓိပ္ပါယ် ပြန်ဆိုနိုင်ပါလိမ့်မယ်။

လကိုဖမ်းဖို့ပိုက်ကွန်တခု ငါရက်ခဲ့တယ်။
ကဲ... ဒီနေ့ည ငါအမဲလိုက်ဖို့ သွားတော့မယ်။
ပိုက်ကွန်ကို ငါ့ခေါင်းထက်မှာ ဖြန့်ကျက်လွှဲရင်း ပြေးသွားမယ်။
ပြီးတော့ အဲဒီ အလင်းလုံးကြီးကို အမိအရ ဖမ်းတော့မယ်။
ဒီတော့ မနက်ဖြန်ကျရင် ကောင်းကင်ကို တချက်ကြည့်လိုက်
အဲဒီမှာ လ,ကို မင်းမတွေ့ရဘူးဆိုရင်... အသေအချာပဲ
ငါရှာနေခဲ့တဲ့ အရာကို ငါတွေ့ခဲ့ပြီပေါ့
နောက်ဆုံးမတော့ ငါ့ပိုက်ကွန်ထဲမှာ လကို ဖမ်းမိသွားခဲ့ပြီပေါ့။
ဒါပေမယ့် တကယ်လို့များ ကောင်းကင်မှာ လသာနေဆဲပဲ ဆိုရင်တော့
အဲဒီအောက်နားကို မင်းကြည့်လိုက်
ကောင်းကင်ထဲမှာ ငါ့ကို သဲသဲကွဲကွဲ မြင်ရမယ်
ကြယ်တစင်းမိထားတဲ့ ငါ့ပိုက်ကွန်ကို လွှဲရမ်းလိုက်လို့လေ။




လကို ဖမ်းတဲ့သူတိုင်းဟာ လကို မမိကြပါဘူး။ လကိုဖမ်းပြီး ကြယ်ကိုမိတဲ့ အဖြစ်တွေ အများကြီးရှိမှာပါ။ ကြယ်ကလေးဟာလည်း သူ့ကိုမိခဲ့သူအဖို့ အလွန် ကြည်နူးချမ်းမြေ့ရတဲ့ အရသာကို ပေးနိုင်မှာ အသေအချာပါပဲ။ ဒါပေမယ့် စိတ်ကို အညှို့ယူနိုင်ဆုံးအချိန်၊ ဆွဲဆောင်နိုင်ဆုံးအချိန်၊ မိန်းမူးစေနိုင်ဆုံးအချိန်က လကို မိရတဲ့အချိန်လည်း မဟုတ်နိုင်၊ ကြယ်ကို မိရတဲ့ အချိန်လည်း မဟုတ်နိုင်။ လကို ဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့ အချိန်ပဲ ဖြစ်နိုင်ပါတယ်။
အဲဒီလိုပဲ.... လကိုဖမ်းဖို့ ပြင်ဆင်ကြံစည်နေတဲ့ အချိန်မှာ အရေးအကြီးဆုံး အချက်ဟာ ပိုက်ကွန်ခိုင်ခံ့ဖို့ လည်း မဟုတ်နိုင်၊ လနဲ့ ကိုယ်ရဲ့ အဝေးအနီး ချိန်ဆဖို့လည်း မဟုတ်နိုင်၊ လကို ချစ်မြတ်နိုးစိတ်နဲ့ ကြည်နူး မိန်းမောစိတ်ပဲ ဖြစ်နိုင်ပါတယ်။
တစုံတယောက်ကို ချစ်မြတ်နိုးတဲ့ အရသာဟာ လောကကြီးမှာ ကြည်နူးမိန်းမောစရာ အကောင်းဆုံးပါပဲ။ တစုံတယောက်ကို ချစ်မြတ်နိုးစိတ်နဲ့ လောကကြီးကို ကြည့်မိတဲ့အခါ ကမ္ဘာလောကကြီးတခုလုံးမှာ ပွင့်ကြကုန် သမျှ ပန်းပွင့်တွေဟာ လှပကုန်ကြပါတယ်။ ပင်လယ်ပြင်လည်းလှ...၊ တောင်တန်းတွေလည်းလှ၊ တိမ်တွေ လည်းလှ၊ ဘောလုံးကစားနေတဲ့ ကလေးတွေလည်းလှ၊ လမ်းဖြတ်ကူးနေတဲ့ လူတွေလည်းလှ၊ အားလုံးပဲ လှပနေကြ သိမ်မွေ့နူးညံ့နေကြတယ်။ အလှဆုံးအရာဆိုတာတော့ လောကမှာ ရှိကြတာပဲလေ။ အလှဆုံးအရာ ကတော့ ကိုယ့်ချစ်သူနဲ့ ထိလိုက်တဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်။
ကိုယ့်ချစ်သူ... ဆိုတဲ့ စကားဟာ အပြန်အလှန် ချစ်ကြရတဲ့ချစ်သူ၊ ကိုယ်ကလည်းချစ်ပြီး ကိုယ့်ကိုလည်း ပြန်ချစ်တဲ့သူ... အဲဒီချစ်သူမျိုး ဖြစ်ဖို့ မလိုပါဘူး။ ကိုယ်က ချစ်မြတ်နိုးရတဲ့ ချစ်သူသာ ဖြစ်စမ်းပါစေ၊ အဲဒီ ကိုယ့်ချစ်သူ ထိတွေ့လိုက်သမျှ အရာတိုင်းဟာ လှပတဲ့ အရာလည်းဖြစ်၊ စွမ်းအင်ပေးနိုင်တဲ့ အရာလည်း ဖြစ်သွားပါလိမ့်မယ်။
ဆိုကြပါစို့။ ချစ်သူနဲ့ အတူလမ်းလျှောက်သွားဖို့ ကြုံလာခဲ့ရင် ချစ်သူခြေဖ၀ါးချသွားတဲ့ ခြေရာနေရာလေး တွေဟာ မြေပြင်ပေါ်မှာ တခဏ သီးသန့်ဖြစ်တည်နေတာ မြင်ရမယ်။ (ပိုပြီး သိသာတာက သဲသောင်စိုစိုပေါ်က ခြေရာမျိုးပေါ့) အဲဒီ သီးသန့်မြေပြင် သို့မဟုတ် သဲပြင်အပိုင်းအစလေးဟာ ကိုယ်တယောက်တည်းနဲ့သာ ရင်းနှီတဲ့ အပိုင်းအစကလေး ဖြစ်နေတယ်။ ဘယ်လောက် ကိုယ်နဲ့ ရင်းနှီးနေသလဲ သိချင်ရင် အဲဒီ ခြေရာကလေးထဲမှာ ထပ်တူထပ်မျှ ခြေချကြည့်လိုက်ရုံပါပဲ။ ချစ်သူရဲ့ ကိုယ်ငွေ့ တနည်းပြောရရင် ရှင်သန်ခြင်းခွန်အားဟာ ကိုယ့်ဆီကို ချက်ချင်း စီးဝင်ပေါင်းစပ်သွားတာ ခံစားလိုက်ရပါလိမ့်မယ်။ အဲဒါဟာ အချစ်ရဲ့ အရသာတမျိုးပါပဲ။ အချစ်ဟာ ဘယ်လောက်တောင် ဖမ်းစားညှို့ယူနိုင်စွမ်း ရှိသလဲဆိုရင် ချစ်သူနဲ့ကိုယ် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ ချစ်သူထိ လိုက်တဲ့ အရာဝတ္ထုကတဆင့် ထိမိတာတောင် အချစ်ရဲ့အရသာက ကိုယ့်ဆီကို စီးဝင်ပေါင်းစပ်စေနိုင်ပါတယ်။
ချစ်သူကပေးတဲ့ စာအုပ်တအုပ်ဟာ ဘယ်လောက်များ တန်ဖိုးကြီးလိုက်မလဲ၊ ကံကောင်းထောက်မစွာ စာမျက်နှာတခုမှာ ချစ်သူရဲ့ လက်ရေးနဲ့လက်မှတ်လေးတခုကိုလည်း ရလိုက်ဦးမယ်ဆိုရင် ဒီစာအုပ်ကလေးရဲ့ တန်ဖိုးဟာ အဖိုးမဖြတ်နိုင်အောင် ကြီးမားပါလိမ့်မယ်။ အဲဒီစာအုပ်ကလေးကို ဖွင့်ဖတ်တိုင်း၊ သူ့လက်ရေး ကလေးကို လက်နဲ့ထိမိတိုင်း အချစ်ရဲ့ ခွန်အားဟာ ကိုယ့်ဆီကို စီးဝင်ပေါင်းစပ်နေပါလိမ့်မယ်။ အဲဒီခွန်အားကို ကြည်နူးမိန်းမူးစွာ ခံစားကြည့်တဲ့အခါ အချစ်ရဲ့ အရသာပါပဲ။

အချစ်ဆိုတဲ့အရာ
အချစ်ဆိုတာ ဘာလဲ..... လို့ လူတိုင်းတွေးကြည့်ခဲ့ဖူးပါလိမ့်မယ်။
လူမှုစိတ်ပညာဆရာကြီး Erich Fromm ကတော့ 'အချစ်ဆိုသည်မှာ ပြင်းပြသောခံစားချက်တခုမဟုတ်၊ အချစ်ဆိုသည်မှာ အနုပညာတခုဖြစ်သည်' လို့ သူရေးခဲ့တဲ့ ဒဿနစာအုပ် 'ချစ်ခြင်းအနုပညာ' (The Art of Loving) မှာ ရေးခဲ့ဖူးပါတယ်။ အချစ်ဆိုတာ သိပ္ပံအတတ်မျိုး မဟုတ်တဲ့အတွက် သီအိုရီနဲ့ ကျက်မှတ် လေ့လာလို့လည်း မရပါဘူးတဲ့။
သေချာတာတခုက အချစ်ဆိုတာ ဘာလဲ..... လို့ သိပြီးမှ အချစ်ကို ကြုံကြတာ မဟုတ်ပါဘူး။ အချစ်ကို ကြုံခဲ့ရပြီးမှ အချစ်ဆိုတာဘာလဲ...... လို့ သိလာကြရတာပါ။
အချစ်ဆိုတာ ဘာလဲ...... လို့ တယောက်ယောက်က မေးလာရင် ဖြစ်နိုင်ခြေက အဲဒီတယောက်ဟာ အချစ်ကို ကြုံခဲ့ရပြီးပါပြီ။ သူကြုံခဲ့တဲ့ အရာဟာ အချစ်မှ ဟုတ်ရဲ့လားလို့ သေချာချင်လို့သော်လည်းကောင်း၊ အချစ်မဖြစ်ပါစေနဲ့လို့ ဆန္ဒရှိလို့သော်လည်းကောင်း၊ အတည်ပြုချက်လိုချင်လို့ မေးလိုက်တဲ့ မေးခွန်းပဲ ဖြစ်တတ် ပါတယ်။ ဖြစ်ချင်တော့ အချစ်ဆိုတာ ဟောဒါပါပဲလို့ ဘယ်သူကမှ လက်ဆုပ်လက်ကိုင် ပြလို့မရပါဘူး။ တကယ့်အချစ်ဟာ နူးညံ့နက်နဲ သိမ်မွေ့လွန်းလို့ အာရုံငါးပါးနဲ့ ခံစားပြီး မသိနိုင်ပါဘူး။ အာရုံငါးပါးနဲ့ ဖော်ပြလို့ မရနိုင်တဲ့ အရသာ ဖြစ်ပါတယ်။ ဒီတော့ လူတယောက်ဟာ လူတယောက်ကို 'ဒီအတိုင်းဆို မင်းတော့ အချစ်ကို တကယ်သိနေပြီ' လို့ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အချစ်ကို ကြုံရတဲ့ ကာယကံရှင်ကိုယ်တိုင်သာ ဆုံးဖြတ်လို့ ရပါတယ်။
Tina Arena သီဆိုတဲ့ အချစ်သီချင်းကလေး တပုဒ်လိုပေါ့။
"I want to know what love is. I want you to show me.
အချစ်ဆိုတာ ဘာလဲလို့ သိချင်လိုက်တာ။ ကိုယ့်ကို မင်းကပဲ ပြပေးစေချင်လှပါတယ်" တဲ့။
မင်းက ဘာကြောင့် ပြပေးရမှာလဲ၊ မင်းပြမှ ကိုယ်သိရမှာမို့ပါ။ ဘာကြောင့် မင်းပြမှ ကိုယ်သိရမှာလဲ၊ ရှင်းပါတယ်ကွယ်၊ ကိုယ်ချစ်နေတာ မင်းပဲ ဖြစ်နေလို့ပေါ့။ တခြားသူက ဘယ်လို့လုပ်ပြီး ပြပေးနိုင်မလဲ။ တခြားသူ ပြတော့ရော ကိုယ်က မြင်နိုင်မတဲ့လား။ တကယ်တော့ ကိုယ့်ကို 'သူကသာ ပြနိုင်တာ' မဟုတ်ဘူး။ ကိုယ်မြင်တာက 'သူ့ဆီက အရာသာလျှင်' ဖြစ်နေလို့ပါ။
တကယ်တော့ အချစ်ဆိုတာ အကောင်အထည်မရှိတဲ့ စိတ်ကူးသက်သက်အရာ (Abstract thing) ပဲ ဖြစ်ပါတယ်။ အာရုံငါးပါးနဲ့ တိုက်ရိုက်ခံစားသိလို့ မရနိုင်ပေမယ့် အချစ်ဟာ အဲဒီအာရုံငါးပါးထဲကို အသွင်သဏ္ဍန် အမျိုးမျိုးနဲ့ ၀င်ရောက်ဖွဲ့စည်းနိုင်တာမို့ အချစ်ကို မြင်ရ၊ ကြားရ၊ မွှေးရ၊ ထိတွေ့ရတာပါ။ လေကို မမြင်နိုင် မကြားနိုင်ပေမယ့် အပူ အအေးစတဲ့ အရာတွေရဲ့ ဖန်တီးမှုကြောင့် လေရွေ့လျားတဲ့အခါ သစ်ရွက်ကတဆင့် လေကို မြင်ရတယ်။ အဲဒီ သဘောမျိုးနဲ့ ဆင်တူနိုင်ပါတယ်။
ဒီလိုနည်းနဲ့ ပန်းပွင့်လေးတပွင့်ဟာ အချစ်ဖြစ်ရတယ်။ မျက်လုံးလေးတစုံဟာ အချစ်ဖြစ်ရတယ်။ အပြုံးလေးတချက်ဟာ အချစ်ဖြစ်ရတယ်။ ချော့ကလက်ကလေးတဖဲ့ဟာ အချစ်ဖြစ်ရတယ်။ ပိုးထည်လေးတစဟာ အချစ်ဖြစ်ရတယ်။ အအေးဖန်ခွက်ရဲ့ အပြင်ဘက်နံရံမှာ သီးနေတဲ့ ရေစက်ရေငွေ့လေးတွေဟာ အချစ်ဖြစ်ရတယ်။ အေးအေးအိုအို.... လို့ စကားမပါဘဲ ညည်းညူလိုက်တဲ့ အမေ့ရဲ့ သီချင်းသံလေးဟာ အချစ်ဖြစ်ရပါတယ်။
အချစ်ကို ဘယ်လို သိနိုင်သလဲ။
ဒီမေးခွန်းရဲ့ အဖြေဟာ မေးသူထံမှာပဲ ရှိပါတယ်။
အချစ်ကို သိချင်ရင် အချစ်ကိုကြုံတွေ့တဲ့အခါ စိတ်ပါလက်ပါ ခြေစုံပစ်ဝင်လိုက်ရုံပါပဲ။ (ဒီသဘောနဲ့ အင်္ဂလိပ်၊ အမေရိကန်စကားမှာ falling in love လို့ သုံးလိုက်ကြတာ ဖြစ်ပါလိမ့်မယ်) ဒါမှ အချစ်ကို ထဲထဲဝင်ဝင် သိနိုင်မှာပေါ့။
တခါတုန်းကပေါ့။ Turner ဆိုတဲ့ ပန်းချီပညာရှင်တဦးဟာ ချားလ်စ်ကင်စ်လေ (Charles Kinsley) ကို သူ့ပန်းချီဆွဲခန်း (studio) ဆီ ဖိတ်ခေါ်ခဲ့တယ်။ ချားလ်စ်ကင်စ်လေ သွားကြည့်တဲ့အခါ စတူဒီယိုထဲမှာ ပင်လယ် မုန်တိုင်းကို ရေးဆွဲထားတဲ့ ပန်းချီကားတချပ်ကို တွေ့သတဲ့။ ကင်စ်လေဟာ အဲဒီ ပန်းချီကားကို ကြည့်ပြီး မုန်တိုင်းဟာ သရုပ်ပါလွန်းလို့ မှင်တက်မိသွားရတယ်..... တဲ့။ သူက မေးလိုက်တယ် 'တာနာ... ဒါကို ခင်ဗျား ဘယ်လိုလုပ် ဆွဲနိုင်ခဲ့တာလဲ'
ပန်းချီဆရာက ပြန်ဖြေပါတယ်။
'ကျွန်တော် ပင်လယ်ထဲက မုန်တိုင်းတခုကို ပန်းချီဆွဲချင်နေတာ ကြာပါပြီ။ ဒါနဲ့ပဲ ကျွန်တော် ဟောလန်ကမ်းခြေကို သွားခဲ့တယ်။ ငါးဖမ်းသမားတယောက်နဲ့ တွေ့ပြီးတော့ နောက်တခါ မုန်တိုင်းကျတဲ့အချိန်မှာ သူ့ ငါးဖမ်းလှေနဲ့ လိုက်ခဲ့ပါရစေလို့ ပြောလိုက်တယ်။ မုန်တိုင်းလည်းကျမယ်ဆိုရော ကျွန်တော် သူ့ ငါးဖမ်းလှေထဲ ရောက်သွားတော့တာပေါ့။ ကျွန်တော်ကို ရွက်တိုင်မှာ ကြိုးနဲ့ ခိုင်ခိုင်ချည်ထားပါလို့ ပြောရတယ်။ သူက ကျွန်တော့်ကို ရွက်တိုင်မှာ ချည်နှောင်ပေးပြီးတော့ လှေကို မုန်တိုင်းအလယ်ဗဟိုကို ရောက်အောင် လှော်ပို့ပေး လိုက်တာပဲ။ မုန်တိုင်းဟာ ပြင်းထန်လိုက်တာဗျာ။ ကျွန်တော့်မှာ လှေဝမ်းထဲမှာ လှဲအိပ်ချ ပစ်ချင်လောက်အောင် ပါပဲ။ ဒါမှ ရေလှိုင်းနဲ့ မုန်တိုင်းဟာ ကျွန်တော့်အပေါ်ကနေ ကျော်သွားကြမှာလေ။ ဒါပေမယ့် ဘယ်ဖြစ်မလဲ။ ကျွန်တော့်ခန္ဓာက ရွက်တိုင်မှာ ချည်ထားတာပဲ။ တချိန်လုံး ကျွန်တော်ဟာ မုန်တိုင်းကို မြင်ရ ခံစားရရုံတင်မကဘူး။ ကျွန်တော့် ကိုယ်ထဲကိုပါ မုန်တိုင်းက ၀င်သွားခဲ့တာ။ နောက်ဆုံး ကျွန်တော်ကိုယ်တိုင် မုန်တိုင်းရဲ့ အစိတ်အပိုင်း တခု ဖြစ်လာတဲ့အထိပါပဲ။
အဲ.... အဲဒီနောက်တော့ ကျွန်တော် ပြန်လာခဲ့ပြီး ဒီပန်းချီကားကို ဆွဲလိုက်တော့တာပါပဲ'။
အချစ်ကို နက်ရှိုင်းစွာ သိလိုက်သူဟာ ဘ၀မှာ အသက်ရှင်ရတာ ထိုက်တန်သွားပါတယ်။ သူရလိုက်တဲ့ အချစ်ရဲ့ လင်းရောင်ခြည်ဟာ သူတပါးကိုလည်း ကူးစက်ပျံ့နှံ့စေနိုင်လို့ တန်ဖိုးလည်း ကြီးမားလှပါတယ်။
ကိုစောငြိမ်းရဲ့ 'နွေနှောင်းရက်ကျန်' သီချင်းထဲက 'မယ့်ကိုယ်စား မွှေးမြလေသလား' ဆိုတဲ့ စကားလုံးလေးဟာ အချစ်ကို နက်ရှိုင်းစွာ သိလိုက်သူရဲ့ ခံစားချက်တခုပါ။ ပန်းရနံ့အသွင်နဲ့ ဖန်ဆင်းခံရလို့သာ အချစ်ရဲ့ ရနံ့ကို ခံစားနိုင်လိုက်တာ မဟုတ်လား။

ဘာကြောင့် ချစ်ကြတာလဲ
မာယာကော့ဗ်စကီးရဲ့ ကဗျာတပုဒ်က ပြောတယ်။

"လူဆိုတာ မွေးကတည်းက အချစ်ကို ရလာခဲ့ပြီးသားပါ၊
ဒါပေမယ့် အလုပ်ကိစ္စတွေ၊ ၀င်ငွေတွေ စတဲ့ အရာတွေကြားမှာ
နှလုံးသားဟာ မြေဆီဖုံးအုပ်ခံလိုက်ရတာ မာကျောစွာ ချိုးကပ်တဲ့အထိပဲ
အဲဒီ အကာထဲမှာ နှလုံးသား မရှင်သန်နိုင်တော့တဲ့အထိပါပဲ
နှလုံးသားဟာ ကိုယ်ခန္ဓာထဲမှ ရှိပါရဲ့
ဒါပေမယ့် ရှပ်အင်္ကျီဝတ်ပေးခံထားရရှာတယ်" တဲ့။

အဲဒါကြောင့်ဖြစ်မှာ။ ကလေးတွေဟာ လူကြီးတွေထက် ဖြူစင်ရိုးဖြောင့်နေကြတာ။ ကလေးတွေရဲ့ နှလုံးသားဟာ ပေါင်မုံ့ချိုးကပ်သလို အခွံမာနဲ့ အဖုံးမခံရသေးဘူးကိုး။ ဒီလိုဆိုတော့ ကလေးတွေဟာ အချစ်ကို လူကြီးတွေထက် ပိုပြီး ခံစားနိုင်စွမ်းရှိတယ်လို့ ပြောနိုင်တာပေါ့။
The Art of Loving စာအုပ်ထဲမှာ လူမှုပညာရှင်နဲ့ စိတ်ပညာရှင် Erich Fromm က ရေးထားပါတယ်။ 'လူသားတို့သည် အမိဝမ်းတွင်းမှ ကျွတ်လွတ်စွာ မွေးဖွားလာခဲ့သည့် တခဏ ကတည်းက (သူစိမ်းပြင်ပြင် ကမ္ဘာကြီးထဲသို့ ရောက်လာခြင်းအတွက်) နှစ်သိမ့်မှု၊ အစားထိုးမှု လိုအပ်ခဲ့သည်။ အမျိုးမျိုး ကြိုးစားယူခဲ့သည်။ အစောပိုင်းကာလ လူသားများသည် ဆေးဝါးမှီဝဲ မူးယစ်ခြင်း၊ ဘုံစနစ်အရ လိင်ဆက်ဆံကြခြင်း စသည်တို့ဖြင့် မိမိ၏အထီးကျန်မှုကို ဖြေဖျောက်လမ်းလွှဲ ယူခဲ့ကြသည်' .... တဲ့။ နောက်ပိုင်းမှာတော့ လူသားအချင်းချင်း ပေါင်းစပ်ခြင်းအားဖြင့် အထီးကျန်မှုကို အံတုဖို့ ကြိုးစားလာခဲ့ကြတယ်။ လူသားအချင်းချင်း ပေါင်းစပ်ဖို့၊ ပေါင်းစည်းစွာ နေထိုင်ဖို့၊ ပေါင်းစည်းစွာ ရှင်သန်ဖို့၊ ပေါင်းစည်းစွာ အံတုဖို့ 'အချစ်' ဟာအလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတော့တယ်။
လူ့ ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာတာနဲ့ အချစ်ဟာ ပို၍ ပို၍ အရာရောက်လာတယ်။ မိသားစုဘ၀ကို လူသားတွေဟာ ပို၍ပို၍ တန်ဖိုးထားလာကြပါတယ်။ လူသားဟာ မွေးဖွားပြီးခါစမှာပဲ မိခင်ရဲ့ ရင်ခွင်ထဲမှာ အချစ်ကို စတင်ခံစား သင်ယူခဲ့ရတယ်။ မိခင်ရဲ့အချစ်ဟာ (Erich Fromm ပြောသလို ပြောရရင်) အခြေအနေပေါ်မှာ မူတည်ပြီး သက်ရောက်တာမျိုး မဟုတ်တဲ့ (unconditional love) တသမတ်တည်းသော အချစ်ဖြစ်တယ်။ ဖခင်ရဲ့ အချစ်ကတော့ သားသမီးရဲ့ အပြုအမူပေါ်မှာ မူတည်ပြီး အနည်းအများ၊ အလေးအပေါ့ သက်ရောက်တဲ့ (conditional love) အချစ် ဖြစ်တယ်။ ဒီတော့ ကလေးဟာ ဖခင်ရဲ့အချစ်ကို ပုံမှန်အတိုင်း ရနိုင်ဖို့အတွက် ကိုယ့်ကို ချစ်ခင်လာစေမယ့် အပြုအမူမျိုးတွေကို အသိစိတ်နဲ့ ပြုမူလာတော့တယ်။ အဲဒီ နည်းအားဖြင့် မိခင်ရဲ့ အချစ်ဟာ ကလေးအတွက် လုံခြုံမှုပေးတဲ့အရာ ဖြစ်လာတယ်။ ဖခင်ရဲ့အချစ်ဟာ လောကထဲကို ၀င်ရောက်ကြီးပြင်း ရှင်သန်တတ်ဖို့ သင်ကြားပေးတဲ့အရာ ဖြစ်လာမယ်။
ဒိထက် ပိုပြီး မြင့်မားတဲ့ ယဉ်ကျေးမှုခေတ်ကို ရောက်လာတဲ့အခါ လူသားဟာ မိမိရဲ့ မိသားစုအတွင်းမှာ သာမက မိသားစုအပြင်ဘက်ထိ အချစ်ကို ဖြန့်ကျက်လာခဲ့တော့တယ်။ လူသားအချင်းချင်း ရဲဘော်စိတ်၊ ညီအစ်ကို စိတ်တွေနဲ့ ချစ်နိုင်ကြတာ လူသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်သည်ထက် မြင့်လာတာကို ပြနေတာပါပဲ။ အချစ်ကို မျက်စိနဲ့ မမြင်ရပေမယ့် လူသားအချင်းချင်း ရိုင်းပင်းကူညီမှု၊ ကြင်နာစောင့်ရှောက်မှုတွေဟာ အချစ်ရဲ့ သက်သေတွေပါပဲ။
ဒါ့ကြောင့် စကားပုံတခု ပေါ်ပေါက်လာခဲ့ရတာ ဖြစ်မှာပေါ့။
'အချစ်ဟာ ကမ္ဘာကြီးကို လည်ပတ်နေစေတယ်' တဲ့။
ကမ္ဘာလောကကြီးတခုလုံးကို ဝေဆာလှပစွာ ရှင်သန်နေအောင် ဖန်တီးနေတာလို့ ယေဘူယျ ပြောနိုင်ပါတယ်။
အချစ်.... ဆိုတဲ့ အရာမှာပဲ အခြေအနေအရ အတိမ်အနက်၊ အပြင်းအပျော့၊ အပူအအေး စသည်ဖြင့် နှိုင်းဆမှု အမျိုးမျိုးနဲ့ သဘာဝအမျိုးမျိုး ကွဲပြားနေတာကို ကြုံတွေ့ကြရပါတယ်။

အချစ်အမျိုးမျိုး
ကမ္ဘာပေါ်မှာ လူသန်းပေါင်း ခြောက်ထောင်ရှိလာပေမယ့် အချစ်ကတော့ ခြောက်မျိုးလောက်ပဲ ရှိနေပါတယ်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး လူသားတယောက်ဟာ အချစ်အမျိုးမျိုးကို ပြုပြင်ဖန်တီးတတ်ပါ တယ်။ ကိုယ်က သတိထားလိုက်မိသည် ဖြစ်စေ၊ သတိမထားလိုက်မိသည် ဖြစ်စေပေါ့။
၁။ မိခင်အချစ် သို့မဟုတ် ကြင်နာသောအချစ် (Motherly love or Tender love)
၂။ ကိုယ့်ကိုယ်ကို ချစ်သောအချစ် (Self-love)
၃။ ဘ၀ကို ချစ်သောအချစ် (Love of life)
၎။ ညီအစ်ကိုစိတ် သို့မဟုတ် ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သောအချစ် (Brotherly love)
၅။ ဘုရားကို ချစ်သောအချစ် (Love of God)
၆။ ကိလေသာအချစ် (သို့) ပေါင်းစပ်သောအချစ် (Passionate love or Erotic love)
လူတယောက်ဟာ အဲဒီအချက် အမျိုးမျိုးထဲက တခုမဟုတ်တခုနဲ့ တယောက်ယောက်ကို လောကကြီးကို ချစ်ခင်နှောင်ဖွဲ့ နေမိတတ်ပါတယ်။
ဒါက လူမှုအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကြုံကြိုက်ထားတဲ့ တွေ့ထားတဲ့ သဘာဝအချစ်တွေလို့ ဆိုရမှာပဲ။
ဒီနေရာမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဗုဒ္ဓသာသနာတော်မှာတော့ အချစ်ကို အမျိုးအစားခွဲခြားတဲ့ နေရာမှာ အချစ်နဲ့ မေတ္တာရယ်လို့ နှစ်မျိုးခွဲထားတာ တွေ့ရပါတယ်။
သာမန်လူတွေ သာမန်အချိန်မှာ တစုံတယောက်အပေါ်ထားတဲ့ စိတ်သဘာဝကို အချစ်အဖြစ် ယူဆ ထားတယ်။ နောက်ပြီး တရားကျင့်ကြံအားထုတ်နေတဲ့ သူတော်စင်၊ သူတော်မြတ်တွေနဲ့ ရဟန္တာပုဂ္ဂိုလ်၊ ဘုရားရှင် စသည်တို့ရဲ့ လောကအပေါ်ထားတဲ့ ဝေမျှမှု စိတ်သဘာဝကို မေတ္တာအဖြစ်ယူဆထားတယ်။
လူတွေပြောပြောနေတဲ့ တထောင့်ငါးရာမေတ္တာနဲ့ ငါးရာ့နှစ်ဆယ်ရှစ်မေတ္တာတို့ပါပဲ။ တထောင့်ငါးရာ မေတ္တာဆိုတဲ့ အသုံးအနှုန်းကို မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် တထောင့်ငါးရာအချစ် စိတ်သဘာဝလို့ သုံးနိုင်မယ် ထင်ပါတယ်။ တထောင့်ငါးရာ ကိလေသာလို့လည်း ခေါ်တတ်ကြပါတယ်။
ကိလေသာဆယ်ပါးကို အခြေခံထားတဲ့ ပုထုဇဉ်စိတ်လို့ ဆိုရမှာပေါ့။
အဲဒီ အချစ်နှစ်မျိုးရဲ့ ဂဏန်းအရေအတွက်ဟာ အနည်းငယ် ထူးဆန်းနေသယောင်ရှိတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လိုရလာသလဲ။

၁။ တထောင့်ငါးရာ ကိလေသာစိတ်သဘာဝ
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ်တွေကတော့ လောဘလို့ခေါ်တဲ့ အာရုံ၌ ကပ်ငြိခြင်း (တပ်မက်ခြင်း)၊ ဒေါသဆိုတဲ့ ကြမ်းတမ်းခြင်း၊ သည်းမခံနိုင်ခြင်း၊ မောဟဆိုတဲ့ အာရုံ၏ သဘောကို ဖုံးလွှမ်းခြင်း (တွေဝေခြင်း)၊ မာနဆိုတဲ့ ထောင်လွှားခြင်း၊ ဒိဌိဆိုတဲ့ မှားသော နှလုံးသွင်းခြင်း (အယူ)၊ ၀ိစိကိစ္ဆာဆိုတဲ့ အာရုံကို မဆုံးဖြတ်နိုင်ခြင်း၊ ထိနဆိုတဲ့ စိတ်၏ မခန့်ခြင်း၊ ငိုက်မြည်းခြင်း၊ ဥဒစ္ဆဆိုတဲ့ စိတ်၏မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း၊ အဟီရိက ဆိုတဲ့ ကာယဒုစရိုက်ပြုရခြင်း၌ မရှက်ခြင်း၊ အနောတ္တပ္ပဆိုတဲ့ ကာယဒုစရိုက်ပြုရခြင်း၌ မလန့်ခြင်း..... တို့ ဖြစ်တယ်။
အဲဒီ ကိလေသာဆယ်ပါးနဲ့ ရုပ်စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက လက္ခဏာရုပ် (၄) ခု၊ နိပ္ဖန္နရုပ် (၁၈)ခု၊ နာမ် (၅၃)ပါး အဲဒါတွေရဲ့ အစုအပေါင်းပေါ့။ ပေါင်းလိုက်ရင် ၇၅ ရပါတယ်။ အဲဒီ ၇၅ ကို ၁၀ နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တသဏ္ဍာန်၊ ဗဟိဒ္ဓသဏ္ဍာန်ရယ်လို့ နှစ်ပါး ရှိတဲ့အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ ဒါကို ၁၅၀၀ ကိလေသာလို့ ခေါ်တာပါ။

၂။ ၅၂၈ မေတ္တာသဘာဝ
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တခုပါပဲ။
မေတ္တာပို့တဲ့နေရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။ အဲဒါတွေကတော့ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္နာ၊ သဗ္ဗာဣထိယော၊ သဗ္ဗေ ပုရိသာ၊ သဗ္ဗေ အရိယာ၊ သဗ္ဗေ အနရိယာ၊ သဗ္ဗေ ဒေ၀ါ၊ သဗ္ဗေအနုဿ၊ သဗ္ဗေ၀ိနိပါနိကာ... တို့ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄) ပါးပို့တယ်။ အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု..... တဲ့။ အဲဒိတော့ ၁၂ ပါးနဲ့ ၄ ပါးနဲ့ မြှောက်လိုက်တဲ့အခါ ၄၈ ပါးရတယ်။ ဒါက အရပ်မျက်နှာ အရှေ့အနောက်ကို မရည်မှန်းဘဲပို့တဲ့ 'အနောဒိတ္တာ မေတ္တာအပါး ခေါ်တာပေါ့'။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ ခွဲပြီး ပို့လိုက်မယ်ဆိုပါတော့။ အရပ် (၁၀) မျက်နှာရှိပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ခေါ်တဲ့ အရပ် (၄)မျက်နှာ၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်ဆိုတဲ့ ထောင့် (၄)မျက်နှာ၊ အထက်နဲ့ အောက် (၂) မျက်နှာ၊ အားလုံးပေါင်း အရပ် (၁၀) မျက်နှာပါ။ ဒီလို အရပ်မျက်နှာ ရည်မှန်းမှု (၁၀) ခုနဲ့ စောစောက ၄၈ ကို မြှောက်လိုက်တော့ ၄၈၀ ရတယ်။ အဲဒီ ၄၈၀ ကိုမှ မရည်မှန်းဘဲ ပို့တဲ့ ၄၈ ပါးကို ထပ်ပေါင်းကြည့်လိုက်တော့ ၅၂၈ ရယ်လို့ ရလာပါတယ်။ အဲဒါကို ၅၂၈ သွယ်သော မေတ္တာလို့ ခေါ်ပါတယ်။
အဲဒီလို အတိအကျ စစ်ပြီး သိခဲ့ပြီဆိုရင် တစုံတယောက်ကို ချစ်တဲ့ ကိုယ့်အချစ်ဟာ ၁၅၀၀ ထဲမှာပါသလား၊ ၅၂၈ ထဲမှာ ပါသလား၊ အမှန်အကန် သိမြင်နိုင်ပြီပေါ့။
ကိလေသာကို မလွတ်ကင်းနိုင်တဲ့ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ တယောက်က တယောက်ကို ချစ်တယ်။ ခင်မင်တယ်ဆိုတဲ့ နေရာမှာ ၁၅၀၀ အချစ်တွေ ဖြစ်နေတဲ့ အချိန်က များပါတယ်။ တခါတလေ မိဘက သားသမီးကို ချစ်တာတောင် ငါ့သားလေးဟဲ့.... ငါ့သမီးလေးဟဲ့လို့ လောဘနဲ့ စိုးရိမ်ပူပန်စွာ တွယ်ငြိမှု ပါဝင်နေခဲ့ရင် ၁၅၀၀ အချစ်ထဲကို ၀င်သွားတတ်ပါတယ်။ ၅၂၈ သွယ်သောသော မေတ္တာကို ဖြူစင်စွာထားဖို့ဆိုတာ အင်မတန် ခဲယဉ်းတာပါ။ ဒါ့ကြောင့် ၅၂၈ ရဲ့ တကယ့်စစ်မှန်တဲ့ မေတ္တာသဘာဝကို မြတ်စွာဘုရားက တပည့်သာဝကတွေ ရဟန်းတွေအပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတတ်တယ်.... လို့ ပိုပိုကဲကဲကလေး ပြောနိုင်ပါတယ်။
ဟုတ်တယ်လေ။ တစုံတယောက်က တစုံတယောက်ကို ချစ်လို့ သံယောဇဉ်ရှိလို့ သူတပါးထက် တော်စေချင် တတ်စေချင်ပြီ ဆိုရင်တောင် အဲဒီအချစ်မှာ လောဘကလေးပါနေပြီပဲ။ ဒါဟာ ပုဂ္ဂိုလ် (၁၂)ပါးစလုံးကို မေတ္တာထားတဲ့ သဘောမျိုးမှ မဟုတ်ဘဲ။ ဒီတော့ ၅၂၈ လို့ ပေါ့ပေါ့တန်တန် သုံးနေကြတဲ့ အသုံးကို နည်းနည်းတော့ အလေးထားပြီး ရှောင်နိုင်ရင် ကောင်းမှာပါပဲ။
ဗုဒ္ဓဘာသာရဲ့ အချစ်အမျိုးအစားနဲ့ မဟုတ်ဘဲ လောကလူမှု အသိုက်အမြုံက ရတဲ့ စံနဲ့ ဖွဲ့ထားတဲ့ အချစ်အမျိုးအစား (၆)ခုကိုပဲ ထည့်စဉ်းစားမယ် ဆိုပါစို့။
Motherly Love မိခင်အချစ်ဟာ အကြင်နာနဲ့ ဖွဲ့စည်းထားတဲ့ အချစ်ဖြစ်တယ်။ မိခင်က ကိုယ့်သားသမီးအပေါ် ထားတဲ့ အချစ်မျိုးကို ခေါ်တယ်။ ဒီနေရာမှာ အမျိုးသမီးတယောက်က အမျိုးသား တယောက်ကို ကြင်နာစိတ်နဲ့ အစစအရာရာ ဖေးမကာကွယ်ပေး ပြုစုပေးချင်တဲ့ စိတ်နဲ့ ချစ်မယ်ဆိုရင် အဲဒီအချစ်ကို မိခင်ကဲ့သို့ အချစ်လို့ အဓိပ္ပါယ်သတ်မှတ် ပေးနိုင်ပါတယ်။ လောကမှာ အဆန်းကြယ်ဆုံး၊ အံ့သြရဆုံး၊ လေးစားထိုက်ဆုံး အချစ်ဟာ မိခင်အချစ်ပဲ ဖြစ်ပါတယ်။ မိခင်အချစ်လို့ ခေါ်တဲ့အတိုင်း မိခင်က ကိုယ့်သားသမီးအပေါ်မှာသာ ထားနိုင်မယ့် ကြီးမားတဲ့ အကြင်နာနဲ့ စွန့်စားမှု အနစ်နာခံမှုတွေပါ။ တော်ရုံတန်ရုံ လူတယောက်က ကိုယ်ချစ်ရသူကို မိခင်ကဲ့သို့ စွန့်လွှတ်အနစ်နာခံစွာ ချစ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ မိခင်အချစ်ကို ရှင်းပြဖို့ ဥပမာတွေဟာ အများကြီးပါပဲ။ ဒါပေမယ့် ပြောစရာ မလိုဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်အချစ်ကိုသာ ရေရေရာရာ မသိရင်ရှိမယ်။ မိခင်ရဲ့ အချစ်ကိုတော့ နားအလည်ဆုံး၊ အရင်းနှီးဆုံး ဖြစ်နေမှာမို့ပါပဲ။
ဒီတော့ အချစ်အမျိုးမျိုးထဲက လူတိုင်း တွေ့ကြုံရမယ့် နားလည်ရလည်း ခက်တဲ့ (Passionate love) ကိလေသာချစ်ကို စိတ်ဝင်စားစရာအကောင်းဆုံးအဖြစ် ရွေးလိုက်ကြရအောင်လား။

ကိလေသာအချစ် (Passionate love)
ကိလေသာလို့ ဆိုလိုက်လို့ ညစ်ညမ်းတဲ့ လိင်ကိစ္စနဲ့ ရောထွေး စဉ်းစားမှာကိုတော့ စိုးရိမ်စရာ ရှိပါတယ်။ ကိလေသာ (၁၀) ပါးနဲ့ မလွတ်ကင်းတဲ့ အချစ်မှန်ပေမယ့် သိမ်မွေ့နူးညံ့လှတဲ့ အချစ်ဖြစ်ပါတယ်။ လိင်ဆွဲဆောင်မှုနဲ့ သက်ဆိုင်သော်လည်း နူးညံ့သိမ်မွေ့လှတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင် (opposite sex) ကို ချစ်မိတဲ့ သဘာဝတွေ အကြောင်းလို့ ဆိုပါတော့။
ကိလေသာချစ်မှာကိုပဲ အချစ်အမျိုးမျိုး ရှိနေပါသေးတယ်။

၁။ မြင်မြင်ချင်း ချစ်မိတဲ့အချစ် (Love at first sight)
တခါမှ မတွေ့ဖူးတဲ့ လူသားနှစ်ယောက် ပထမဆုံးအကြိမ် စမြင်တွေ့လိုက်တဲ့အချိန်မှာ ချစ်သွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
မယုံမရှိနဲ့၊ တကယ်ကို ဖြစ်နိုင်ပါတယ်။
အချစ်ပမာဏရော မနည်းနိုင်ဘူးလား။
လုံးဝ မနည်းနိုင်ပါဘူး။ ရင်နဲ့ နှလုံးသားနဲ့ ပုံပြီး ချစ်လိုက်ရတဲ့ လေးနက်တဲ့ အချစ်မျိုးနဲ့ ချစ်သွားနိုင် ပါတယ်။ သူ့ရဲ့ အပြုံးတချက်၊ မျက်စိတ၀င့်၊ ခြေတလှမ်း၊ ကိုယ်တနွဲ့ဟာ ကိုယ့်ကို ဟိုးနက်ရှိုင်းတဲ့ အချစ်ပင်လယ်ကြီးဆီကို တခါတည်း ဆွဲဆောင် သွားနိုင်လောက်အောင် ပါပဲ။ ဒါကြောင့်သာ 'ခင်မောင်ရင်' ဆိုခဲ့တဲ့ 'ရှေးကုသိုလ်' လို သီချင်းမျိုးတွေ လှလှပပ ထိထိမိမိ ပေါ်လာခဲ့တာပါ။
"ဆင်းရူပကာxxx မြင်ကတည်းက ဘ၀င်ထဲမှာတော့ကွယ်၊ အမြဲပင်စွဲကာ ခင်တွယ်xx ရှေးကုသိုလ် ပြုသမျှရယ် အခုဘ၀မှာကွယ် မြင်ရုံနဲ့ပင် ချစ်ကာသွားလို့ တကယ်ပင် မြတ်နိုးတယ်xxx"
အဲဒီလို ဆိုခဲ့တယ် မဟုတ်လား။
အချစ်ပမာဏနဲ့ အချိန်ကာလရော များနိုင်သလား။ သိပ်များနိုင်တာပေါ့။
ခင်မောင်ရင် ညည်းသလို ညည်းရရင် 'ခင်ရယ် နေ့ရော ညစဉ် ခင့်မျက်နှာကိုကွယ်xx ခင်မောင်ရင် တရေးရေးနဲ့ မြင်ယောင်မိသေးတယ်....' တဲ့။
တခုတော့ ရှိပါတယ်။ မြင်မြင်ချင်း ချစ်မိဖို့ သူ့မှာ ထူးခြားတဲ့ စွဲမက်စရာ တခုခုတော့ ရှိနေရပါလိမ့်မယ်။ အဲဒါဟာ သိပ်လှတဲ့ အလှတခု ဖြစ်ဖို့ မလိုပါဘူး။ ချစ်စဖွယ် ကောင်းရမယ်၊ သို့မဟုတ် ယောက်ျားဆိုရင်လည်း ဟန်လှလှ၊ စတိုင်ကျကျလေး ဖြစ်ဖို့ လိုတာပေါ့။ မြင်မြင်ချင်း ချစ်မိသွားစေဖို့ မျက်စိနဲ့ မြင်ရတဲ့ အဆင်းရူပကာ ပေါ်မှာ မူတည်တာကိုး။
သူ့ကို မြင်လိုက်ရတဲ့ တခဏမှာပဲ သူဟာ ကိုယ့်ဘ၀အတွက် လိုအပ်နေတဲ့ သူလို့ ချက်ချင်းနားလည် သွားရလောက်အောင် ချစ်မိသွားတတ်ပါတယ်။ သူကလည်း ကိုယ့်ကို အဲဒီလို သဘောထားလိုက်ရင်တော့ ကံကောင်းလိုက်တာ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။ ဒါပေမယ့် လောကဆီက အဲဒီလောက်ကြီးတော့ မတောင်းဆိုလိုက်နဲ့လေ။ လောကဟာ ပုံမှန်အားဖြင့်တော့ တွန့်တိုတတ်တဲ့ သဘောရှိတယ်။ ကိုယ်ချစ်ရတဲ့ သူကို တွေ့သွားရတာကိုက တော်တော်တန်ဖိုးကြီးတဲ့ လက်ဆောင်တခု ကိုယ်ရလိုက်ပြီ မဟုတ်လား။
အဲဒီ အချိန်ကစပြီး အချစ်ရဲ့ အရသာကို ခံစားရတော့တာပါပဲ။ ကိုယ်တယောက်တည်းအတွက် သူက ဖန်ဆင်းပေးထားတဲ့ သီးသန့် အချစ်ဆိုပါတော့။ တဖက်သတ် အချစ်လို့လည်း ခေါ်နိုင်တယ်။ အုံ့ပုံးချစ်လို့လည်း ခေါ်ပါတယ်။

၂။ အုံ့ပုံးချစ်
အုံ့ပုံးချစ် ချစ်နေရတဲ့ အချိန်ဟာ ကိုယ့်ဘ၀အတွက် တိုးတက်ဖို့ အကြိုးစားဆုံး အချိန်ပဲ... လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုံ့ပုံးချစ်ကနေ နှစ်ကိုယ်တူ အချစ်အဖြစ် အဆင့်ဆင့် ပြောင်းလဲ တိုးတက်ဖို့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားရလို့ပါပဲ။
သူရဲ့ အကြင်နာပြုံးကလေး တချက်ရဖို့ ကိုယ်ဟာ လောကကြီးကို စိန်ခေါ်ရတဲ့ သူတယောက် ဖြစ်သွားပါပြီ။ အဲဒီအချိန်မှာ လောကဟာ ဆန်းကြယ်ဆုံး၊ လှပသာယာဆုံး၊ တန်ဖိုးလည်း အကြီးဆုံးပါပဲ။ ခံစားရတဲ့ အချစ်ကလည်း နက်နက်နဲနဲ အရှိဆုံးပါပဲ။
"အုံ့ပုံးချစ်နဲ့ တရက်လောက် ချစ်ရတာရယ်၊ လင်မယားချစ် တသက်လို့ မမှီပါတယ်" တဲ့။ အဲဒီ သီချင်းဟာ ပိုပို ကဲကဲ ဆိုထားတာ မဟုတ်ပါဘူး။ တကယ်ကို တမြေ့မြေ့လေး လွမ်းပြီး၊ တသိမ့်သိမ့်လေး ကြည်နူး မျှော်လင့်ရတဲ့ အချိန်ပါ။ Shel Silverstein ရဲ့ ကဗျာထဲကလို လမင်းကို ဖမ်းဖို့ ပိုက်ကွန်ရက်နေတဲ့ အချိန်တွေပါ။ အင်မတန် မျှော်လင့်လို့ကောင်း၊ အင်မတန် ကြည်နူးဖို့လည်း ကောင်းတဲ့ အချိန်ပေါ့။
ချစ်သူဖတ်တဲ့စာအုပ်ကို ကိုယ်လိုက်ကြိုက်ဖို့ ကြိုးစားတဲ့အချိန်၊ ချစ်သူကြိုက်တဲ့ ကော်ဖီမျိုးကို လိုက်ကြိုက်ဖို့ ကြိုးစားတဲ့အချိန်၊ ချစ်သူစိတ်ဝင်စားတဲ့ ဂီတ၊ ပန်းချီ၊ အနုပညာ စစရာရာကို လိုက်ပြီး အားကျတဲ့ အချိန်၊ ဒီအချိန်ဟာ ချစ်သူအတွက်ရယ်လို့ ရှာဖွေရင်း ကိုယ့်အတွက် လောကကြီးတခုလုံး ရလိုက်တဲ့ အချိန်ပါပဲ။
အဲဒီအချိန်ဟာ ချစ်သူကို ကိုယ်က အချစ်နိုင်ဆုံး အချိန်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချစ်သူကို ကိုယ်က မသိသေးတဲ့အချိန်၊ သိသယောင်ယောင်နဲ့ သိဖို့ လေ့လာနေတဲ့ အချိန်မဟုတ်လား။ ဒီအချိန်မှာ သူ့ရဲ့ အားနည်းချက်တွေ၊ မကောင်းကွက်တွေ၊ အဆိုးတွေကို ကိုယ်မသိနိုင်သေးပါဘူး။ ဒါကြောင့် အုံ့ပုံးချစ် အချိန်ဟာ ကိုယ့်ချစ်သူကို အပြစ်မမြင်နိုင်ဆုံး၊ အတွယ်တာဆုံး အချိန်တွေ ဖြစ်လာရတာပါ။ ချစ်သူနဲ့ ကိုယ်ကြားမှာ ခရီးကွာဝေးသေးတယ် မဟုတ်လား။ တော်တော်နီးကပ်နေခဲ့ရင်တောင် ကြားမှာ ဇာပ၀ါလေး ခြားထားလို့ ၀ိုးတ၀ါးသာ သိခွင့်ရတဲ့ အချိန်ပါ။ ဒါကြောင့် အုံ့ပုံးချစ်ကာလ ကြာရှည်ရင် အဲဒီလူဟာ ကံကောင်းလှတယ်.... လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
'ရေမြေတောတောင် သမုဒ္ဒရာခြားစေကွယ်xx အဆန်းမဟုတ်ပါ၊ ချစ်တာသာမှန်ရင် အနန္တစကြာဝဠာ ကွာပါစေကွယ်xx တအိပ်ရာတည်းလို့သာ ခင်ရယ် မဝေးဘူးထင်ပါတယ်'
အဲဒီအချိန်မှာ ကိုယ့်ချစ်သူ အနားမှာ တစုံတယောက် နီးကပ်စွာ ရှိနေခဲ့ရင် ချစ်သူက ကိုယ့်ကို ဂရုမစိုက်ပဲ တခြားသူကို ဂရုစိုက်တာမြင်ရရင်တော့ အချစ်ကြောင့် နာကျင်တဲ့ ဝေဒနာကို ခံစားဖူးသွားမှာပေါ့။

၃။ မနာလိုတဲ့အချစ် (Jealous love)
တစုံတယောက်ကိုမှ ကိုယ်ချစ်မိပြီဆိုရင် အုံ့ပုံးချစ်ပဲ ဖြစ်ဖြစ်၊ အပြန်အလှန် ချစ်ကြတဲ့ သမီးရည်းစား ချစ်ပဲဖြစ်ဖြစ်၊ မနာလိုချစ်ကိုတော့ ရင်ဆိုင်ကြုံတွေ့ရမယ့်သူ ချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ သူနဲ့ ကိုယ်နှစ်ယောက်တည်း ရှိနေတာ မဟုတ်လို့ပဲ။
ကိုယ်က သူ့အပေါ်မှာ အချစ်စိတ်တွေ ယိုဖိတ်နေမိတဲ့အခါ ပြိုင်ဘက်မဟုတ်သူတွေကို ပြိုင်ဘက်လို့ သဘောထားမိလာတတ်ပါတယ်။ ကိုယ်တယောက်တည်းရန်လို၊ ကိုယ်တယောက်တည်းဝမ်းနည်း၊ ကိုယ် တယောက်တည်း စွပ်စွဲနေတတ်ပါတယ်။ မနာလိုချစ်ဟာ မိသားစုတခုတည်းက မောင်နှမသားချင်း အချင်းချင်း တောင် ကြုံတွေ့တတ်ရလေတော့ ဆန့်ကျင်ဘက်လိင် ချစ်သူနဲ့ ပတ်သက်တဲ့ မနာလိုချစ်ဟာ အံ့သြစရာ မရှိပါဘူး။
မနာလိုချစ်နဲ့ ပတ်သက်လို့ အလွန်ခေတ်စားခဲ့တဲ့ သီချင်းလေးတပုဒ်တောင် ရှိခဲ့ပါသေးတယ်။ သန်းနိုင် (ပလေးဘွိုင်)ရဲ့ 'ဆု' ဆိုတဲ့ သီချင်းပါ။ မူရင်းသီချင်းက Rita Coolidge ရဲ့ Jealous Guy တဲ့။
'စိတ်မဆိုးနဲ့နော်၊ ခွင့်လွှတ်ပါကွယ်၊ ကိုယ်ရိုင်းနေရင်၊ ကိုယ့်စိတ်က အရင်ဒီလို မဟုတ်ဘူးကွဲ့၊ မင်းနဲ့မှ ပြောင်းလဲကုန်ပြီ။ အားလုံးလည်း ငါမယုံနိုင်၊ မင်းလေးကို ဘယ်သူ့မှ မပေး မပေး မပေးနိုင်ဘူး။ မင်းလေးဟာ ငါ့အချစ်ပဲ မင်းလေးဟာ ငါ့အတွက်ပဲ လွန်တယ်လို့ မင်းထင်သလား'
အဲဒိလောက်ထိက မလွန်သေးပါဘူး။ မုန့်ကိုသာ ဝေစားနိုင်မယ် အချစ်ကို မဝေနိုင်ဘူးဆိုတဲ့ စိတ်ဟာ ချစ်သူတိုင်းမှာ ရှိဟန်တူပါရဲ့။ လေဘာတီ မမြရင်ကလည်း ဆိုခဲ့ဖူးပါတယ်။
"မျက်နှာများမှာများတော့ တွင်တွင်တွေးတွေးပူမိတာ ကိုယ်က လွဲရင် တကယ်ပဲ မသဒ္ဓါ၊ ရွှေမန်ကျည်း ဖြစ်ရင် ဆစ်ဆင့်စီ ဝေနိုင်စရာ လေဘာတီ ရင်ရင်အသည်းမှာ အမြဲပဲ စွဲတဲ့ သံမှိုပမာ ချစ်ရင်အကျိုး ချစ်မြတ်နှိုး သဒ္ဓါ ရှင်တခုတည်းဆိုမှာ"
တခုရှိတာက မနာလိုမှုရဲ့ လားရာဟာ အမှားဘက်ကို ယိမ်းတတ်တယ်။ အမှန်ကို ကြည်ကြည်လင်လင် မမြင်နိုင်လို့ ဒေါသနဲ့ ဆုံးဖြတ်တဲ့အခါ မှားတတ်ပါတယ်။ မနာလိုစိတ်နဲ့ ကျူးလွန်တဲ့ အမှားတွေဟာ လူတယောက်ကို သတ်မိတဲ့အထိ ကြီးကျယ်တတ်တာ ရာဇ၀င်မှာ သမိုင်းမှာ ဖတ်ဖူးတယ်။ ကြောက်စရာကြီးပါပဲ။ အဲဒီ မနာလိုသူကို ဘေးကနေ အဆင်းမှာ ဘီးတပ်ပေးမယ့် ကုန်းချောသူတယောက် ရှိနေခဲ့ရင်တော့ ပြီးပါလေရော။ လူသတ်မှုကို ကျူးလွန်နိုင်သူတွေဟာ ဘုရင်တွေ မိဖုရားတွေ ဖြစ်တတ်တာမို့ ကြောက်စရာကောင်းတဲ့ (မနာလိုမှုရဲ့) အကြီးကျယ်ဆုံး ပြစ်မှုတွေကို မြန်မာ့ရာဇ၀င် ကမ္ဘာ့ရာဇ၀င်တွေမှာ တွေ့ရလေ့ရှိတယ်။
မနာလိုမိလို့ ရတဲ့ သောကပဲဖြစ်ဖြစ်၊ သူ ကိုယ့်အပေါ် မကြင်နာလို့ ရလာတဲ့ သောကပဲ ဖြစ်ဖြစ် သောကနဲ့ ယှဉ်တဲ့ အချစ်ဟာ တော်တော်လေး ဖိစီးလေးလံတတ်ပါတယ်။ အချိုထဲက ပါလာတတ်တဲ့ ခါးရှရှ အရသာလေးတွေပေါ့။

၎။ သောကအချစ် (Anguish love)
ပူလောင်လှတဲ့ သောကချစ်တခုအကြောင်းကို တောင်ငူရာဇ၀င်မှာ ရာဇဓါတုကလျာက ပီပီပြင်ပြင်ကြီးကို ဖွဲ့နွဲ့ စပ်ဆိုသွားပါတယ်။
"ကလျာရေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညှင်းသွဲ့၊ နန်းဟန်ဖွဲ့၍၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်၍၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား။"
သူကလည်း သူပါပဲလေ။ ကိုယ့်ထက် ၁၇ နှစ်လောက်ငယ်တဲ့ ယောက်ျားကိုမှ ချစ်မိတာကိုး။ အချစ်မှာ အသက်ကွာခြားတာဟာ အရေးမကြီးပါဘူးဆိုတဲ့ စကားဟာ မမှန်ဘူးလို့ ထင်ပါတယ်။ အခု လောကမှာ တွေ့နေရတဲ့ အချစ်တွေဟာ အခြေအနေပေါ်မှာ မူတည်နေတဲ့ conditional love တွေ ဖြစ်နေတာ များပါတယ်။ အသက်ကြီးခြင်းဆိုတဲ့ အခြေအနေဟာ အချစ်ကို အချိန်ကြာတာနဲ့အမျှ လျော့သွားအောင်၊ နှေးသွားအောင်၊ အေးစက်သွားအောင်၊ စိတ်ကုန်သွားအောင် ပြူလုပ်ပေးနိုင်ပါတယ်။ အသက်ကွာခြားမှုဟာ အချစ်အတွက် အရေးမကြီးဘူးဆိုတဲ့ စကားဟာ တ၀က်ပဲ မှန်ပါတယ်။ တယောက်က တယောက်ကို ချစ်ဖို့အတွက် (အချစ်ဆိုတာ နူးညံ့တဲ့ သိမ်မွေ့တဲ့ အကြင်နာတခု၊ ရမ္မက်တခု ဖြစ်တာကြောင့်) အသက်ကွာခြားမှုဟာ တခါတခါ နည်းနည်းမှ အရေးမကြီးပါဘူး။ ဒါပေမယ့် အချစ်တည်မြဲဖို့၊ ခိုင်မာဖို့၊ အချိန်ကာလကို အန်တုနိုင်ဖို့ ကိစ္စမှာတော့ အသက်ကွာခြားမှုက တော်တော် စကားပြောပါတယ်။
အချစ်တခု ဖြစ်တည်ဖို့ လိုအပ်ချက် အနည်းနဲ့အများတော့ ရှိပါတယ်။
ရုပ်ရည် - သိပ်ချောဖို့ လှဖို့မလိုပေမယ့် နည်းနည်းတော့ ကြည့်ကောင်းဖို့ ရင်ခုန်ဖို့ လိုမှာပေါ့။
ပညာဥာဏ် - လိုမှာပေါ့။ ကိုယ့်ထက်မတော်ရင်တောင် ကိုယ့်နဲ့ အဆင့်အတန်းတူတဲ့ ပညာရှိဖို့ လိုပါတယ်။ ဒါမှလည်း အချစ်အကြောင်းမပြောပဲနဲ့ လောကအကြောင်းပြောကြတဲ့အခါ (ချစ်သူတိုင်းဟာ အချစ်အကြောင်း ပြောတဲ့အချိန်ထက် လောကအကြောင်း၊ ဘ၀အကြောင်း၊ အနည်းဆုံး ပတ်ဝန်းကျင်အကြောင်း ပြောတဲ့ အချိန်ကများပါတယ်) ချဉ်းကပ်ပုံတူမှပေါ့။ ယေဘူယျအားဖြင့် မိမိနဲ့ စိတ်ဝင်စားစရာ တူသူကိုသာ ချစ်မိကြလေ့ ရှိပေမယ့် တခုမဟုတ် တခုတော့ ကွဲလွဲကြတာပါပဲ။ ကွဲလွဲမှုများလေ ညှိနှိုင်းဖို့လို့လေ။ ညှိနှိုင်းရတာများလေ၊ များနေသူ ပိုနေသူဘက်က ပွန်းရ ပဲ့ရလေပါပဲ။ တခါတလေ ပွန်းပဲ့ရတာ မသိသာပေမယ့် ခဏခဏ ပွန်းပဲ့ရ လျော့ရတာတွေ များလာရင် တချိန်ချိန်မှာ အချစ်လျော့သွားတယ်။ စိတ်ကုန် သွားတတ် ပါတယ်။ ဒီတော့ အိမ်ထောင်ပြုမယ်ဆိုရင် ကိုယ့်ဘက်က ပွန်းပဲ့မယ့် အဖြစ်မျိုးကို မရွေးသင့်ဘူး။
ရုပ်ရည်ကလည်း မရှိ၊ ပညာဗဟုသုတကလည်း မရှိ၊ ဦးဏှောက်ကလည်း ခပ်တုံးတုံးဆိုရင် ဒီလိုလူကို ဘယ့်နှယ့်လုပ်ပြီး ချစ်စိတ်ဝင်နိုင်ပါတော့မလဲ။ ဘယ်လိုလူကများ သူ့ကို ချစ်လာနိုင်ပါ့မလဲ။
မထင်ပါနဲ့။ တချို့က အကြင်နာ ပိုတတ်တယ်။ အဲဒီ ခပ်တုံးတုံး လူကိုလည်း သနားချစ်နဲ့ ချစ်တဲ့သူ ရှိမှာပါ။
စောစောက ပြောတဲ့ သောကချစ်ကို အုံ့ပုံးချစ်မျိုးမှာသာမက နှစ်ဦးသဘောတူ အပြန်အလှန်ချစ်တဲ့ အချစ်မျိုးမှာတောင် ကြုံရတာပါပဲ။ စိတ်အခန့်မသင့်တဲ့အခါ သူက ကိုယ့်ကို ဥပေက္ခာပြုတယ်လို့ ထင်ရတဲ့ အခါမျိုးပေါ့။ အချစ်ဟာ လူကို တခဏချင်းမှာ အေးစေနွေးစေနိုင်၊ တခဏချင်းမှာ ပူလောင်စေနိုင်၊ တခဏချင်းမှာ ရဲဝံ့စေနိုင်၊ တခဏချင်းမှာ စိုးရိမ်ထိတ်လန့်စေနိုင်၊ အချစ်ဟာ သူ့နေရာနဲ့သူတော့ တော်တော်စွမ်းအင်ကြီးမား တယ်လို့ ပြောရမှာပေါ့။

အချစ်ရဲ့စွမ်းအင်
လူတယောက်ဟာ ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် အသက်ကိုတောင် ထည့်မတွက်ပဲ ရဲဝံ့စွာ ဆုံးဖြတ်ပြုမူ လေ့ရှိတယ်လို့ ရာဇ၀င်တွေထဲမှာ တွေ့ဖူးဖတ်ဖူး ပါတယ်။
မိခင်တယောက်ရဲ့ သားသမီးအပေါ်မှာ ထားတဲ့ အချစ်စွမ်းအင်ကိုတော့ ခြွင်းချက်မရှိ လက်ခံနိုင်ပါ လိမ့်မယ်။ လက်မခံဘဲ နေလို့ မရလောက်အောင် ရှေ့မှာသာဓကတွေ အများကြီး ရှိခဲ့တာမဟုတ်လား။ ဖခင်က သားသမီးကို မိမိအသက်စွန့်ပြီး က်ာတင်တာတွေလည်း အများကြီး။
ဒါပေမယ့် ချစ်သူတယောက်က ချစ်သူတယောက်အတွက် အသက်ကို စွန့်ဝံ့ပါ့မလား။ တွေးစရာ ရှိပါတယ်။
စွန့်ဝံ့ပါလိမ့်မယ်။ စွန့်ဝံ့လောက်အောင် အချစ်စွမ်းအင်ကြီးမားတဲ့ အဖြစ်တွေ အများကြီးပါပဲ။ အသက်ကို စွန့်တယ်ဆိုတဲ့နေရာမှာ တဒင်္ဂ ဆုံးဖြတ်ချက်နဲ့ ပြုမူလိုက်တာမျိုးဆို ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အလှည့်ကျ ရင် ဒါမျိုးလုပ်နိုင်ပါ့မလားလို့ မေးရင်တော့ လုံးဝမလုပ်နိုင်ဘူးလို့ ဖြေရပါလိမ့်မယ်။ ကိုယ့်အသက်ကို မစွန့်ဘဲ ကယ်တင်လို့ရတဲ့ နည်းလမ်းတွေကိုပဲ ရှာမှာပေါ့။ နည်းပညာတွေ သိပ်တိုးတက်နေတဲ့ ခေတ်ကြီးလေ။ ကဲ.. အဲဒီ နည်းပညာတွေက မကယ်နိုင်တော့ဘူးတဲ့ ကိုယ့်အသက်စွန့်မှ ရတော့မယ်တဲ့။ သွားမလား... ၀ံ့မလား။ အများစုသော လူတွေက သွားမှာ မဟုတ်ပါဘူး။ ချစ်သူကို ချစ်တဲ့၊ အချစ်ထက် ကိုယ့်ကိုယ်ကို ချစ်တဲ့ အချစ်က ပိုနေတတ်တာ သဘာဝပါပဲ။ ကိုယ်ကလည်း သူ့အတွက်မစွန့်နိုင်ဘူးဆိုရင် သူက ကိုယ့်အတွက် အသက်စွန့်တဲ့အထိ ချစ်ဖို့ဆိုတာကိုလည်း မမျှော်လင့်လိုက်လေနဲ့။
ဖြစ်နိုင်ခြေနည်းပါးတဲ့ အသက်စွန့်ခြင်းတွေ မပါကြေးဆိုရင် အချစ်ရဲ့ စွမ်းအင်ဟာ ကမ္ဘာကို စိုးမိုးထားရလောက်တဲ့အထိ အင်အားကြီးမားတာတော့ အသေအချာပါပဲ။ လူသားတွေရဲ့အသက် သက်တမ်းကို အချစ်ကဆွဲဆန့် ပေးထားနိုင်သလို တယောက်ကိုတယောက် ယုံကြည်ကိုးစားမှုကိုလည်း အချစ်က ပေးအပ်နိုင်တာကိုး။
ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတခုကတော့ တီထွင်သူတွေ အားလုံးဟာ အချစ်အတွက် တီထွင်သွားခဲ့တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
လေယဉ်ပျံကို တီထွင်ခဲ့တဲ့ Wright ညီအကိုဟာ လေထဲမှာ ပျံသန်းရတဲ့ အရသာကို လိုချင်လို့ကိုပဲ တီထွင်ခဲ့တာ။ သောမတ်စ်အယ်ဒီဆင်ဟာလည်း အချစ်နဲ့ ဘာမှမဆိုင်ဘူး။ ချစ်သူတွေ ဆက်သွယ်ဖို့အတွက် ဆိုပြီး ဂရေဟမ်ဘဲလ်က တယ်လီဖုံးကို တီထွင်သွားခဲ့တာ မဟုတ်ဘူး။ အခု အသုံးပြုနေကြတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေကိုလည်း ကမ္ဘာ့တဘက်ခြမ်းမှာရှိတဲ့ ချစ်သူရဲ့ လှုပ်ရှားမှုကို မြင်ချင်တွေ့ချင်လို့ တီထွင်တည်ဆောက်ခဲ့ ကြတာ မဟုတ်ဘူး။
ဒီတော့ တခု စဉ်းစားစရာရှိလာတာက အချစ်ဟာ ကမ္ဘာလောကကြီးမှာ အရေးကြီးတယ်ဆိုပေမယ့် နေရာတိုင်မှာတော့ အရေးမကြီးနေဘူး။ လျှပ်စစ်စွမ်းအင်တွေ ရဖို့အတွက် အချစ်မလိုအပ်ဘူး။ ဘ၀အာမခံချက် ကောင်းတဲ့ အလုပ်တခုခုရဖို့အတွက် အချစ်မလိုအပ်ဘူး။ (ချွင်းချက်တချို့တလေတော့ ရှိနိုင်ပါတယ်။ ကိုယ့်ချစ်သူ ဟာ ကိုယ့်ကို အလုပ်ခန့်မယ့် ကုမ္ပဏီဥက္ကဌရဲ့ သမီးဖြစ်နေတဲ့အခါမျိုးပေါ့)
ဒါဖြင့် အချစ်ကို ဘာလို့ ရေးကြီးခွင်ကျယ် ဖွဲ့နွဲ့နေစရာလိုသလဲ။
လိုပါတယ်လေ။ အချစ်ဟာ လူတွေကို ယဉ်ကျေးသိမ်မွေ့အောင် ပြုပြင်ပေးနေတဲ့ စွမ်းအင်တခုပါ။ အချစ်ရဲ့ အသုံးဝင်ပုံတွေဟာ ရုပ်ဝတ္ထုပစ္စည်းအသုံးတွေလို ရုတ်တရက် မြင်သာထင်သာတာမျိုး မဟုတ်ပါဘူး။ အချစ်ရဲ့ စွမ်းအင်ဟာ အလွန်နက်နဲသိမ်မွေ့စွာ အရေးပါနေပါတယ်။ ဒါကြောင့်လည်း သုံးမိသူဟာ သုံးမှန်းမသိဖြစ်ရ၊ အကျိုးပြုခံရသူက ခံရမှန်း(ရရှိလိုက်မှန်း) မသိ ဖြစ်နေတတ်ပါတယ်။
လူဟာ အောင်မြင်မှုကိုလည်း မျှဝေဖြန့်ပေးချင်တယ်(ကြွားချင်တယ်)။ ဆုံးရှုံးမှုကိုလည်း မျှဝေဖြန့်ပေး ချင်တယ် (နှစ်သိမ့်ပေးမယ့်လူရှာတာ) ဒီလိုလူသားဟာ ဘယ်တော့မှ တဦးတည်း နေလို့ မရပါဘူး။ ဒါကြောင့်လည်း အချစ်ဟာ လူသားကို အဖော်ရှာပေးတဲ့ တာဝန်ကို ဆောင်ရွက်ရပါတယ်။

အချစ်ရဲ့ ခရီးဆုံး
ဆန့်ကျင်ဘက်လူ တယောက်နဲ့တယောက် (Opposite Sex) ချစ်ကြပြီဆိုရင် အဲဒီအချစ်မှာ လားရာရှိတယ်။ ခရီးဆုံးပန်းတိုင်ရှိတယ်။ ယေဘူယျအားဖြင့် အချစ်ရဲ့ ခရီးဆုံးပန်းတိုင်ဟာ လက်ထပ်ခြင်း ဖြစ်တတ်တယ်။ ချွင်းချက်အနေနဲ့ လက်ထပ်လို့ မဖြစ်တဲ့ ချစ်သူတွေ၊ လက်ထပ်ခြင်းကို မယုံကြည်တဲ့သူတွေ၊ မိသားစုဘ၀ပျော်ရွှင်မှုဆိုတာကို သံသယနဲ့ စောင့်ကြည့်ချင်တဲ့ လူထူးလူဆန်းတွေတော့ ရှိနိုင်တာပေါ့။
ဒါပေမယ့် ချစ်သူနှစ်ယောက် နက်နက်နဲနဲ ချစ်ကြပြီဆိုရင်တော့ တယောက်ကိုတယောက် မခွဲနိုင်လို့ လက်ထပ်ဖို့ကို ဦးတည်ကြလေ့ရှိတယ်။
နတ်သမီးပုံပြင်တွေထဲကလို အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက် ပျော်ရွှင်စွာ နေထိုင်ပေါင်းဖက်သွား တော့ သတဲ့ကွယ်.... ဆိုတာမျိုးပေါ့။ လက်ထပ်ခြင်းကြောင့် ရရှိလာတဲ့ ဆင်းရဲဒုက္ခတွေ ဝေဒနာတွေကိုတော့ ပုံပြင်ထဲမှာ ဘယ်ထည့်ပေးလို့ ဖြစ်မလဲနော်။
နောက်တခု အချစ်ရဲ့ ခရီးဆုံးဟာ ကွဲကွာမှုပါ။
ချစ်သူတိုင်းဟာ ပျော်ရွှင်စွာ နေထိုင်ပေါင်းဖက်သွားကြတာမျိုး မဟုတ်ပါဘူး။ ခွဲခွါခြင်းဆိုတာ ချစ်သူတွေရဲ့ မရည်ရွယ်တဲ့၊ မလိုလားတဲ့ ခရီးဆုံးတခုဖြစ်တယ်။ (တချို့ကတော့ မပေါင်းနိုင်မှန်းသိလို့ ရင်နာစွာ ခွဲခွါပစ်လိုက်ကြရတာပါ)
စန္ဒရားကျော်ဇောလေးရဲ့ 'ချစ်၍ချစ်ခါလာသည်မှကွယ်' ဆိုတဲ့ သီချင်းထဲကလို ညည်းပြရရင်တော့ 'ခွဲခွါခြင်းဟူသည် ကိုယ်တို့နှစ်ဦးအတွက် ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော ဝေါဟာရပါကွယ်' ..... ပေါ့။
ဒါပေမယ့် ခွဲခွါလိုက်ကြရတာပါပဲ။ တဦးက တဦးကို စိမ်းကားပြတ်တောက်စွာ ကွဲကွာလိုက်တာမျိုး ဆိုရင်တော့ ချန်ရစ်ခံရတဲ့ သူဟာ နာကျင်မှုဝေဒနာကို နင့်နင့်သည်းသည်း ခံစားရတတ်တယ်။ အသည်းကွဲရတယ်လို့.... သုံးနှုန်းကြပေမယ့် တကယ်တန်း နာကျင်ရတာက နှလုံးဆီကပါ။ ဒါပေမယ့် နှလုံးနာတယ်ဆိုတဲ့ စကားဟာ တခြားအဓိပ္ပါယ်တမျိုး သက်ရောက်တဲ့အတွက် အသည်းကွဲတယ်လို့ပဲ သုံးကြရတယ်။
စိတ်ခိုင်သူ စိတ်မာသူတွေက အံကြိတ်ပြီး ခံစားနိုင်ပေမယ့် မျက်ရည်တော့ ၀ဲမိကြမှာပဲပေါ့။ အဲလက်စ်သီချင်းလို အသည်းလေးကွဲတာ မျက်ရည်တွေနဲ့ပေါ့။

အသည်းကွဲဝေဒနာ (အလွမ်း)ကို ကုစားခြင်း
အချစ်ကို စသိလိုက်တဲ့ အချိန်မှာ ကိုယ်က သင်ကြားစရာ ပြင်ဆင်စရာမလိုဘဲ ဗြုန်းခနဲ ချစ်လိုက်ပြီးမှ သိလိုက်ရသလိုပဲ အသည်းကွဲတဲ့အခါမှာလည်း ဘယ်သူမှ ပြင်ဆင်ချိန် မရလိုက်ပါဘူး။ (ခြွင်းချက် အနည်းအပါးတော့ ရှိပါလိမ့်မယ်)။
အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ဒုက္ခအပိုင်းမို့ နင့်သည်းစွာ ခံရဖို့ပဲပေါ့။ ဒေဒနာဆိုမှတော့ နာကျင်မှုဟာ ဆိုးဝါးစွာ ခါးသက်မှာပေါ့။ ဒါပေမယ့်လေ... အသည်းကွဲရတဲ့ ဝေဒနာဟာ ချိုမြိန်တဲ့ ဝေဒနာလည်း ရှိပါတယ်။ သစ္စာဖောက်ခံလိုက်ရတာ မဟုတ်ဘဲ ရှေ့ဆက်လို့ မရတော့လို့ နောက်ဆုတ်လိုက်ကြရတဲ့ ချစ်သူတွေရဲ့ ဝေဒနာဟာ ချိုမြိန်စွာနာကျင်တဲ့ ဝေဒနာပါ။
လူငယ်တော်တော်များများဟာ အသည်းကွဲရင် အရက်နဲ့ စိမ်တယ်လို့ ပြောလေ့ရှိတယ်။ အရက်ကို မူးအောင်သောက်ပြီး ဝေဒနာကို လမ်းလွှဲယူနည်းဖြစ်တယ်။ အဲဒီ ဆေးနည်းဟာ ကုသပုံ မမှန်ရင် ဘေးထွက်အာနိသင် ဆိုးကျိုးကြောင့် အရက်ကို စွဲတဲ့ ဝေဒနာသစ်တခုပါ ပိုလာတတ်တယ်လို့လည်း ကြားဖူးပါတယ်။ သုံးရင် သတိနဲ့ သုံးဖို့ လိုပါလိမ့်မယ်။
အနုပညာရှင်ဘ၀ကို ရွေးချယ်မယ့် သူတိုင်းအတွက်တော့ ဒီဝေဒနာဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကိုယ့်အတွက် အကျိုးရှိတဲ့ ဝေဒနာဖြစ်တယ်။ ကိုယ့် နာကျင်မှုကနေပြီး ခံစားမှုကို သူတပါးသိအောင် ခံစားရအောင် ပြန်ထုတ်ပေးဖို့ (အနုပညာကို) လက်တွေ့အသုံးချခွင့်၊ လေ့ကျင့်ခွင့် ရသွားလို့ပါပဲ။ ဒါ့ကြောင့်လည်း အနုပညာသမားတွေဟာ သူ့ဝေဒနာကို မကုစားတဲ့အပြင် ပုံကြီးတောင်ချဲ့ပြီး ခံစားကြပါသေးတယ်။ နည်းနည်း လေး ခံစားရတာကို များများခံစားရအောင် လုပ်တာ။ နာကျင်မှုကို ထပ်ကာထပ်ကာ စဉ်းစားပြီး နှလုံးသွင်းတာ။ (နာကျင်မှုလေးကို ကိုယ် ဘယ်လိုခံစားရတယ်ဆိုတာ မေ့မသွားအောင်လို့လေ)။ အနုပညာသမားအတွက်တော့ ခါးသီးတဲ့ အရသာဟာလည်း အနုပညာပစ္စည်းအဖြစ် ပြောင်းလဲသွား၊ချိုမြိန်တဲ့အရသာဟာလဲ အနုပညာပစ္စည်း အဖြစ် ပြောင်းလဲသွား၊ မုန်းတီးမှု၊ နာကြည်းမှု၊ ရယ်မောမှု ခံစားမှုတိုင်းဟာ အနုပညာပစ္စည်းတွေအဖြစ် ပြောင်းလဲသွားကြတာပါပဲ။ ဒါ့ကြောင့် အနုပညာသမားတွေဟာ ချစ်ရမှာလည်း မကြောက်ဘူး။ လွမ်းရမှာလည်း မကြောက်ဘူး။
ဒါဖြင့် အနုပညာကို စိတ်မ၀င်စားတဲ့ သာမန်လူအတွက်ကော......
သာမန်လူတွေလည်း အလွမ်းဝေဒနာကို မကြောက်သင့်ပါဘူး။ ဝေဒနာကို ကုစားတဲ့ နည်းတွေ ရှိသားပဲ။ ခရီးထွက်တာ၊ ပတ်ဝန်းကျင် အသစ်အဆန်းနဲ့ ထိတွေ့တာ၊ အလုပ်ထဲမှာ နစ်နေအောင် ကိုယ့်ကိုယ်ကို ခိုင်းတာ၊ အချိန်ရဲ့ ကုစားမှုကို ယုံကြည်စွာ ခံယူတာ။ Time heals all wounds. တဲ့။ ဟုတ်တယ်မဟုတ်လား။
အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာ အချစ်ကို မသုံးတတ်သူတွေ အတွက်ပါ။ အချစ်ဟာ သတိရှိသူတွေ အတွက် ကြောက်စရာမကောင်းတဲ့အပြင် ရက်စက်ပြီး ရန်လိုတဲ့လောကထဲမှာ လုံခြုံစွာနေနိုင်ဖို့ အသုံးပြုစရာ ကရိယာလက်နက်တခုတောင် ဖြစ်နေပါသေးတယ်။ အချစ်ရှိမှ ရှင်သန်တာ။ အချစ်ဟာ လူကို ရှေ့ခြေလှမ်းတွေ အများကြီးလှမ်းဖြစ်အောင် တွန်းပို့တဲ့ တွန်းအားတခုဖြစ်တယ်။ အချစ် ပမာဏ သိပ်များတဲ့ အချိန်မှာ သတိနဲ့ ပြန်လျှော့လို့ ရပါတယ်။ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ ခွန်အားဟာ ကိုယ့်ကိုယ်ထဲမှာ ရှိတာပါ။ ဒါပေမယ့် အဲဒီ ခွန်အားကို ထုတ်ယူနိုင်အောင် တွန်းပေးတဲ့ တွန်းအားတခုလိုတယ်။ အဲဒီ တွန်းအားဟာ အချစ်ပဲ။
ဒီတော့ အချစ်ဟာ မကောင်းတာ ဘာများရှိလို့လဲ။
လကို ဖမ်းဖို့ ပိုက်ကွန်ရက်နေရတဲ့ အချိန်လေးရဲ့ ကြည်နူးမိန်းမောမှုကို တခြား ဘယ်နေရာမျိုး ဘယ်အခါမျိုးမှာ ရနိုင်မှာတဲ့လဲ။ လကိုမိတော့လည်း အံမခန်း ပျော်စရာ ကြည်နူးစရာပေါ့။ လကိုမမိ ကြယ်ကိုမိတော့လည်း ကြယ်ကလေးဟာ ဘယ်လောက် ချစ်စရာ ကောင်းလိုက်သလဲ၊ ဘယ်လောက်ရင်ခုန်စရာ ကောင်းလိုက်သလဲ မဟုတ်ဘူးလား။ ကိုယ့်ကမ္ဘာကြီးတခုလုံး လှပသွားအောင် အဲဒီ ကြယ်ကလေးက အလင်းရောင် ပေးနိုင်တာပဲ။ ကြယ်ကလေးဟာ နူးညံ့လို့ သတိနဲ့ ကိုင်တွယ်ဖို့တော့ လိုမှာပေါ့။ ဒီတော့ လကိုပဲ မိမိ၊ ကြယ်ကိုပဲ မိမိ၊ အရေးမကြီးပါဘူး။ ပိုက်ကွန်လေး ရက်နေဖို့က အရေးကြီးပါတယ်။
ဒီတော့ ပိုက်ကွန်လေးတခု ရက်ကြရအောင်လား။

ဂျူး။
{ဗြူတီမဂ္ဂဇင်း၊ ၂၀၀၀ခုနှစ် နိုဝင်ဘာမှ ကူးယူဖော်ပြပါတယ်}

Monday, August 24, 2009

ကာတွန်းဆရာကြီး ဦးဖေသိန်း (သို့မဟုတ်) ရွှေရိုးကလေးမှာတော့.....
ရေးသူ- ကြယ်စင်မြစ်


(တစ်)
ဘယ်သူ့ထိပ်ကိုမှ၊ ပိတ်ရော့လို့ မောင်မဆော်။
ဟုတ်တိုင်းဗျာ၊ မှန်ရာတွေးလို့ရယ်၊ ရေးရပါသော်။
နှလုံးတွေဖော်၊ အော်ခါဗျ။ မည်သူဆဲ။

ရွှေတလေးမှာဖြင့်၊ ကြေအေးတယ်ခါမဟူပ။
ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့

အမှားကို၊ အမှန်ကျအောင်ဗျာ ရေးရတာပဲ။
ရွှေတလေး
ရွှေတလေးကာတွန်းပေါင်းချုပ်စာအုပ်၊

အဖွင့်ကဗျာ (၁၉၃၇၊ ဒီဇင်ဘာ)



(နှစ်)
ထိုနေ့က မနက် (၆)နာရီလောက်တွင် ဖုန်းမက်ဆေ
့ဂ်ျတခု လက်ခံရရှိခဲ့သည်။ ဗြူတီမဂ္ဂဇင်း ဒါရိုက်တာဖြစ်သူ မအိအိငြိမ်း ပို့လိုက်ခြင်းဖြစ်သည်။ မက်ဆေ့ဂ်ျမှာ ကာတွန်းဆရာကြီး ဦးဖေသိန်း ယနေ့မနက် (၁၉-၆-၂၀၀၉) (၄) နာရီက ကွယ်လွန်သွားကြောင်း ဖြစ်နေပါသည်။ ထိုသတင်းကို ဖတ်ရင်း ၀မ်းနည်းမှုများနှင့် အတူ "ကြယ်တပွင့်တော့ ကြွေပြန်ပေါ့" ဟု တွေးနေမိသည်။ ဆရာဦးဖေသိန်း ကျန်းမာရေးမကောင်းသည်မှာ ကြာခဲ့ပါပြီ။ (၈၅) ဆိုသော အရွယ်မှာလည်း ဆီမခန်းပေမယ့် မီးဇာကုန်ရသည့် အချိန်မျိုး ဖြစ်ပါလိမ့်မည်။ သို့သော် ဆရာသည် အသက်ကြီး၍ ကျန်းမာရေးမကောင်းသည့် ကြားမှပင် ကာတွန်းဆရာကြီးများ ကန်တော့ပွဲ၊ ဆရာ့မွေးနေ့များတွင် လူငယ်ကာတွန်းဆရာများကို ရယ်ရယ်မောမောဖြင့် ဆုံးမသြ၀ါဒများ ပြောကြားနေသည်ကို တွေ့ရလေ့ရှိပါသည်။
ဆရာသည် လောကဓံ၏ အထုအထောင်းများကို ကာတွန်းအမြင်၊ ကာတွန်းအတွေးများဖြင့် အံတုခဲ့ပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာသူ ဖြစ်သည်။ ကာတွန်းပညာ
သည် အစွမ်းထက်သော ပညာအဖြစ်ခံယူကာ ဘ၀တလျှောက်လုံး ကာတွန်းဆရာအဖြစ်သာ ရပ်တည်နေထိုင် သွားခဲ့သူဖြစ်သည်။ ဆရာ့အကြောင်းကို တွေးမိနေချိန်တွင် ဒီဇိုင်းဆရာကိုသီဟလတ်ထံမှ ဖုန်းလာပါသည်။ ဆရာဦးဖေသိန်း ဆုံးသွားသည်ကို လှမ်းပြောခြင်းပင်။ ဆရာ့အိမ်သို့ အတူသွားကြရန်လည်း အဖော်ညှိပါသည်။ ကျွန်တော့်ကို အနော်ရထာလမ်းနှင့် (၃၅)လမ်းထိပ်မှ စောင့်မည်ဟု ခေါ်ပါသည်။
ကိုသီဟလတ်ရှိရာသို့ ရောက်သောအခါ ပုံနှိပ်တိုက်ဆရာ ကိုကျော်ဝဏ္ဏလည်း ရောက်နှင့်နေသည်ကို တွေ့ရသည်။ လမ်းတွင် ဖိုးလမင်း (ဆရာမြသန်းတင့်၏သား)ကို ၀င်ခေါ်ရမည်ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့သည် ဇွန်လ၏ မှိုင်းအုံ့သော ခဲပုပ်ရောင် တိမ်တိုက်များအောက်ဝယ် ဆရာ့အိမ်ရှိရာ (၆)မိုင်ခွဲမှ ဓမ္မာရုံလမ်းသို့ ထွက်ခဲ့ကြသည်။
ဆရာ့အိမ်မှာ သစ်ပင်ပန်းပင်များ စိမ်းစိမ်းစိုစိုနှင့် သွပ်မိုးပျဉ်ထောင်ကာ နှစ်ထပ်အိမ်ဖြစ်သည်။ ဤအိမ်၌ ဆရာသည် ကာတွန်းဆရာကြီးများ ကန်တော့ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်။ ဤနေရာသည် ကာတွန်းမျိုးဆက် သစ်များနှင့် မျိုးဆက်ဟောင်းများ ဆုံဆည်းရာ။ မြန်မာပြည်တနံတလျားမှ ကာတွန်းချစ်သူများနှင့် ကာတွန်းပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ စုဝေးရာ ဘူမိနက်သန် ဖြစ်ခဲ့သည်။ ဆရာ့မွေးနေ့နှင့် ကာတွန်းဆရာကြီးများ ကန်တော့ပွဲတွင် နှစ်စဉ် စုဆုံကြသည်။ နွေးထွေးစွာ တွေ့ကြသည်။ ပွင့်လင်းစွာ စုစည်းကြသည်။ ယခု ဤနေရာ၌ ဆရာခေါင်းချခဲ့ပြီ။ ဆရာသည် သူ၏ ကာတွန်းပညာဖြင့် အနာဂတ်အတွက် မျိုးစေ့ကြဲခဲ့လေပြီ။ ဆရာသည် သူစိုက်ခဲ့သော မျိုးစပါးတို့ကို သိမ်မွေ့စွာ ရိတ်သိမ်း၍ သူချစ်သော ပရိသတ်အား ဝေငှခဲ့လေပြီ။ သူသည် ထို ပီတိကို စား၍ လောကအား အကျိုးဖြစ်ထွန်းစေခဲ့သူ ဖြစ်၏။
အိမ်ရှေ့မှာ တာလပတ်စများဖြင့် ကလဖျဉ်းထိုးထားသော ဆ
ရာ့အိမ်သို့ ကျွန်တော်တို့ လူသိုက် ၀င်သွားသောအခါ ဆရာရွှေမင်းသား၊ ကာတွန်းအော်ပီကျယ်၊ ကာတွန်းကိုရွှေထူး၊ ကာတွန်းဝင်းကို အစရှိသော ကာတွန်းဆရာများနှင့် ဆရာ့မိသားစုတို့ကို တွေ့ရသည်။ သူတို့သည် ရောက်လာကြသော မိတ်သင်္ဂဟတို့ကို ဧည့်ခံနေကြသည်။ ဆရာ့ရုပ်ကလပ်အား ရေဝေးသို့ နံနက် (၉) နာရီခွဲလောက်က ပို့လိုက်ပြီဖြစ်ကြောင်း နှင့် ဆရာ့ဈာပနအား (၂၃-၆-၂၀၀၉) နေ့လည် (၁)နာရီ ရေဝေးသုဿန်တွင် မီးသင်္ဂြီုဟ်မည်ဖြစ်ကြောင်း၊ ထိုနေ့တွင် (၃၃)လမ်းထိပ်မှ ဈာပနလိုက်ပို့ရန် ကားများစီစဉ်ထားကြောင်း သိရသည်။
ဆရာရွှေမင်းသား၊ ကာတွန်းအောပီကျယ်နှင့် ကိုရွှေထူးတို့ ဆရာ့ဈာပနတွင် အခမဲ့ဝေငှရန် ဆရာကိုယ်တိုင် ရေးခဲ့သော ကိုယ်ရေးအကျဉ်း စာစောင်ကလေးကို ဆောင်ရွက်ရန် တိုင်ပ
င်နေကြသည်။ ကျွန်တော်တို့သည်လည်း ၀ိုင်းဝန်းကူညီကြရန် ပြောသည်။ ဆရာဦးဖေသိန်းပုံကို ဓါတ်ပုံဆရာထိန်ဝင်းက မေတ္တာဖြင့် ကူညီကြောင်း သိရပါသည်။ ဆရာ့အိမ်သို့ ဧည့်သည်များက တဖွဲဖွဲ ရောက်ရှိလာဆဲပင်။ ကျွန်တော် တို့သည် အိမ်ရှေ့ကလဖျဉ်းအောက်တွင် စီရရီချထားသော စပွဲဝိုင်း၌ ထိုင်ကာ စကားဝိုင်းဖွဲ့နေမိကြသည်။ ဈာပန အမှတ်တရ စာအုပ်တွင် ၀မ်းနည်းမှတ်တမ်းရေးကြသည်။
ထိုအချိန်တွင် မှိုင်းညို့အုံ့ဖွဲ့ခဲ့သော ဇွန်လ၏ မိုးတိမ်များသည် ၀မ်းနည်းဖွယ်နေ့တနေ့ကို မိုးစက်မြှားတံများ ဖြင့် တရစပ် ပစ်ခတ်နေပေတော့သည်။ ဆရာ့အိမ်ကလေးသည် တ၀ုန်းဝ
ုန်းရွာနေသော မိုးစက်များအောက်ဝယ် ဧည့်သည်များနှင့် ဆိတ်ငြိမ်နေသည်။ ကျွန်တော်တို့သည်လည်း အတွေးကိုယ်စီနှင့် ငြိမ်သက်နေမိသည်။ ကျွန်တော်သည် ဆရာရွက်လွှင့်ခဲ့သော ခေတ်စနစ်ပင်လယ်မှ လှိုင်းတံပိုးများကြားဝယ် ကာတွန်းလှေငယ်ကို ဖက်တွယ်၍ ရည်ရွယ်ရာ ကမ်းအရောက် ကူးခတ်ခဲ့သော ဆရာ့ပုံရိပ်များကို အာရုံတွင် စုစည်းနေမိပါတော့သည်။

(သုံး)
"ရွှေတလေး အမည်ခေါ်လို့မို့၊ ပြည်ပေါ်စည်တော် ရွှမ်းသည့်နှယ် ကာတွန်း ရီစရာသရုပ်တွေနှင့် ပြည်ရွာအလုပ်တွေ၊ ဆောင်သယ်ပိုးရာက...."
သခင်ကိုယ်တော်မှိုင်း

(ရွှေတလေးဘွဲ့၊ ကဗျာမဟာလေးချိုးကြီး)

ကာတွန်းဆရာဟူသည်မှာ သရုပ်ပေါ်လှသော ကာတွန်းအရုပ်များဖြင့် တိုင်းပြည်၏အကျိုးကို သယ်ပိုး ဆောင်ရွက်သူများ ဖြစ်ကြသည်ဟု ဆရာကြီး သခင်ကိုယ်တော်
မှိုင်းက ပထမမြန်မာကာတွန်းဆရာ ဦးဘကလေး (ရွှေတလေး)၏ ရွှေတလေးဘွဲ့ကဗျာ မဟာလေးချိုးတွင် ရေးစပ်ခဲ့ပါသည်။ ဆရာဦးဘကလေးမှာ ပုသိမ်သားဖြစ်၍ ဆရာဦးဖေသိန်းမှာ ပန်းတနော်သား ဖြစ်သည်။ ဆရာသည် တနယ်ထဲသားဖြစ်သူ ဆရာဦးဘကလေးကို ငယ်စဉ်ကတည်းက သိကျွမ်းအားကျခဲ့သူ ဖြစ်သည်။
ဆရာဦးဖေသိန်းကို (၃၁-၁-၁၉၂၄) တွင် အဖ ရွှေပြည်တော် ဦးဘတင်၊ အမိ ဒေါ်ကျော့စိန်တို့မှ ပန်းတနော်မြို့တွင် မွေးဖွားခဲ့သည်။ ဆရာ့ဖခင်၏ အစ်ကိုဖြစ်သူမှာ မြန်မာပြည်နိုင်ငံရေး ရောင်နီဦးကာလတွင် ထင်ရှားခဲ့သော ဘိလပ်သွား မြန်မာကိုယ်စားလှယ်အဖွဲ့ (ဖေ-ပု-ရှိန်) အဖွဲ့ဝင် ဦးထွန်းရှိန်ဖြစ်သည်။ ဆရာဦးဖေသိန်း၏ ဖခင်၊ ဘကြီးတော်သူဦးထွန်းရှိန်နှင့် ဆရာဦးဘ
ကလေးတို့မှာ ကောလိပ်တက်ဖက်များဖြစ်ပြီး ဆရာဦးဘကလေးမှာ ကောလိပ်တက်စဉ်ကတည်းက ပန်းချီကိုနိုင်နင်းစွာရေးဆွဲနိုင်ကြောင်း နောင်မှသာ ကာတွန်းလိုင်းဘက်ပြောင်းသွားကြောင်း၊ မြန်မာ့ကာတွန်း သမိုင်းအစတွင် ကာတွန်းပုံများမှာ ပန်းချီဆန်ခဲ့ပြီး နောင်မှသာ ပြောင်းသွားခဲ့ကြောင်း ဆရာဦးဖေသိန်းက ယခုလို ပြောခဲ့သည်။
"သူ(ဆရာဦးဘကလေး)က ကျွန်တော့်အဖေရယ်၊ ကျွန်တော့်ဘကြီး(ဖေ-ပု-ရှိန်)ရယ်၊ ကောလိပ်မှာ အတူတူတက်ရင်း ကတည်းက တော်တော်ပန်းချီနိုင်တယ်၊ နောက်တော့ ကာတွန်းလိုင်းဖြစ်သွားတယ်။ ရွှေတလေးရဲ့ ကာတွန်းက ကြည့်လိုက်ရင် ပန်းချီသဘောပါတယ်။ ရွှေတလေးတို့ ရေးသွားတာက လူအတိုင်းပဲ။ ခေါင်းနည်းနည်းကြီးတယ်။ အခုအခါမှာ ပြင်သစ်ကာတွန်း၊ အမေရိကန်ကာတွန်း၊ အနောက်နိုင်ငံမှာလည်း ကာတွန်းတွေက တမျိုးပြောင်းသွားတော့ ရေးတဲ့ရေးပုံရေးဟန်တွေလည်း ပြောင်းတယ်"
(ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ် (၅၉)၊ဧပြီ ၁၉၈၆၊ စာပေစကားဝိုင်း၊ ဦးစိန်၊ ဦးဖေသိန်း၊ ဦးဘထွေး)

ဆရာသည် ကာတွန်းပညာကို ငယ်စဉ်ကတည်းကပင် ၀ါသနာပါခဲ့ပြီး၊
ကာတွန်းဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးဘကလေးတို့၏ ကာတွန်းများကို ကူးရေးခဲ့ပြီး အာရှလူငယ်စာစောင်၊ ကျောင်းမဂ္ဂဇင်းများတွင် ကာတွန်းဝင်ရေး ခဲ့သည်။
၁၉၄၆ ခုနှစ် တက္ကသိုလ် တက်ရသောအခါ သူအလွန် ကြည်ညိုလေးစားသော ပုဂ္ဂိုလ်တယောက်ကို တွေ့ခဲ့သည်။ ထိုသူမှာ အိုးဝေဦးညိုမြ ဖြစ်သည်။ ဆရာသည် အိုးဝေဦးညိုမြကို ဘီအိုစီကောလိပ် ပေါ်တီကိုအောက်၌ မိတ်ဆက်ပြီး ကာတွန်းအကြောင်း သိလိုသည်များကို မေးခဲ့ဖူးကြောင်း၊ အိုးဝေဦးည
ိုမြ ရှင်းပြသည့်အတွက် ကာတွန်းဆရာ၏ သဘော သဘာဝကို ပိုမိုနားလည်ခဲ့ရကြောင်း အောက်ပါအတိုင်း ပြောပြခဲ့ဖူးသည်။
"ကာတွန်းဟာ ဖက်ဆစ်နိုင်ငံတွေမှာနဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ကာတွန်းက
ို ဘယ်လိုသဘောထားပါ သလဲလို့ မေးမိတယ်။ ဒါနဲ့ ဦးညိုမြက ကျွန်တော့်ကို ကြည့်ပြီး ဟ.... မောင်ရင်က ကာတွန်းဝါသနာပါရင် လာစမ်းပါတဲ့။ အိုးဝေမှာ လာဆွဲစမ်းပါတဲ့၊ ဖိတ်ခေါ်တယ်။ ကျွန်တော့်လက်ရာကို ဘာမှန်းမသိပဲ သူကပဲ အတင်းဖိတ်ခေါ်နေတယ်။ ပြီးတော့ ရှင်းပြတယ်လေ။ ကာတွန်းဆရာဟာ သိတ်ကောင်းတဲ့ ဘ၀ပေါ့ဗျာတဲ့။ သူ့ကို ဘယ်သူမှ ရန်မူလို့ မရဘူးတဲ့။ သူဟာ ကလောင်း(Clown) ပဲ။ လူရွှင်တော်တယောက်ပဲတဲ့။ အကုန်လုံးကို သရော်နိုင်တယ်။
သူလုပ်ချင်လုပ်နိုင်တယ်။ သူ့ကို ဘယ်သူမှ ရန်မမူရဘူး။ ဘေးလွှတ်ထားရတယ်။ ပညာရှင်ပဲ။ သူနဲ့ဖက်ပြီး ဘာမှလုပ်လို့မရဘူး လွှတ်ထားရတယ်။ ဒီမိုကရေစီနိုင်ငံမှာဆိုရင် သူ့ကို လွှတ်ထားရတယ်။ အဲ... တခုတော့ ရှိတယ်။ ကျွန်တော့်အနေနဲ့ အဲဒီကာတွန်းဟာ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားရတဲ့ ကလောင်း(Clawn) ရုပ်ကလေးပဲလို့ ကျွန်တော်ထင်တယ်။"
ကာတွန်းဆရာသည် ပြည်သူလူထု၏ အကျိုးကို ရှေ့ရှု၍ ရေးရ
သောကြောင့် ပြည်သူလူထု၏ ဘ၀ကို လွတ်လပ်စွာ တွေးတော၍ ရေးသားဖော်ပြကြသည်။ သို့မှာသာ သူတို့ ရေးသားသော ကာတွန်းများသည် အလွှာပေါင်းစုံမှ ကျယ်ပြန့်စွာ ခံစားနိုင်ကြလိမ့်မည် ဖြစ်သည်။ သူတို့၏ အတွေးမှာ ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စွာ တွေးတောရသည်ဖြစ်သဖြင့် မူဘောင်တခုခု၏ အထဲတွင် ရပ်တံ့၍မနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ခဲ့လျှင် သူတို့၏ ကာတွန်းမှာလည်း အရသာ ပျက်သွားနိုင်ကြောင်း ဆရာဦးဖေသိန်းက အင်ဗွိုင်းခန်းမတွင် ကျင်းပခဲ့သော ကာတွန်းနှီးနှောပွဲမှ ကာတွန်းပြပွဲတွင် သူရေးဆွဲသော "ရွှေရိုးကလေးမှာတော့....." ကာတွန်းအကြောင်း ဤကဲ့သို့ ရှင်းပြခဲ့သည်။
"ကာတွန်းရုပ်ကလေးတွေကို ချုပ်ချယ်လိုက်လို့ရှိရင် အရသာပျက်သွားနိုင
်မယ်။ အဲဒါကို မူတည်ပြီး ကာတွန်းပြပွဲကြီးနဲ့ ကာတွန်းနှီးနှောပွဲကို အင်ဗွိုင်းမှာ ပြုလုပ်ပါတယ်။ ကျွန်တော် ကာတွန်းတကား ရေးတယ်။ ဦးရွှေရိုးဟာ ရွှေတလေး ဦးဘကလေးပါပဲ။ ဦးဘကလေးကိုယ်တိုင် ရွှေရိုးအကမှာ ထီးကလေးကိုင်ကပြီး ဦးရွှေရိုးလုပ်တယ်။ သူ့ရဲ့ ကာတွန်းဟန်ပါတဲ့ အမူအရာဟာ ဇာတ်ကောင်ထက် ပီသပါတယ်။
အဲဒီအတွက်လည်း မြန်မာပြည်တပြည်လုံး ဘယ်တော့မှမရိုးနိုင်တဲ့ ကကွက်တခုဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်ဘာရေးလဲဆိုတော့ ကျွန်တော့်ကာတွန်းမှာ ဦးရွှေရိုးအရုပ်က ပန်းချီကားဘောင်တခုထဲမှာ လွတ်လွတ် လပ်လပ် ထီးကိုမွှေ့ပြီးတော့ ပုဆိုးတောင်ရှည်လေးကိုင်ပြီး လွတ်လွတ်လပ်လပ် က, နေတယ်။ ဘောင်နည်းနည်း ညှပ်နေတယ် ဆိုရင် နည်းနည်းထူလိုက်တယ်။ ဒီတော့ ဦးရွှေရိုးဟာ နည်းနည်းပဲ လှုပ်ရှားနိုင်တယ်။
ပြီးတော့ နည်းနည်း ဒိထက်ကောင်းအောင် ဘောင်ကို အမွှန်းတင်လိုက်သည်။ ဦ
းရွှေရိုး သိပ်လှုပ်ရှားလို့ မရပြန်တော့ဘူး။ နောက်ဆုံးတော့ ဘောင်ကြီးဟာ ရွှေဘောင်တွေ ဘာတွေနဲ့ ခတ်ထားလိုက်တော့ ကာတွန်းဦးရွှေရိုး အရုပ်လေးဟာ ထီးကလေးကိုပိတ်၊ လူကလည်း ငုတ်တုတ်လေးထိုင်ပြီး ဖြစ်နေတဲ့ပုံကို ကျွန်တော်ရေးခဲ့တယ်။
အဲဒီ ကာတွန်းပြပွဲမှာ 'ရွှေရိုးကလေးမှာတော့..' ဆိုပြီး အမည်ပေးထ
ားပါတယ်။ အဲဒီကာတွန်းကို အထောက်တော်လှအောင် ၀ယ်ခဲ့ပါတယ်။
ကျွန်တော်ဆိုလိုတာကတော့ ကာတွန်းရဲ့ လှုပ်ရှားမှုဟာ ဘောင်တွေခတ်လွန်းအားကြီးရင် လှုပ်ရှားလို့ မရဘူးဆိုတဲ့ သဘောကို ပြောချင်တာပါ။"

(လေး)
"ကာတွန်းအကြောင်း ပြောရရင် ကာတွန်းဟာ သရော်တာ။ ဆဲတာမဟုတ်ဘူး။ ခေတ်ကာလရဲ့ အမြီးအမောက် မတည့်တာတွေကို သူက သရော်တာ။ ဆဲတာ၊ စော်ကားတာ မဟုတ်ဘူးဆိုတာကို နညးလည်ဖို့လိုတယ်။"
ဆရာဦးဖေသိန်း
မိုးဇံ၏ ကာတွန်းဦးဖေသိန်းနှင့် အင်တာဗျူး
(ဗြူတီမဂ္ဂဇင်း၊ အမှတ်(၁၁) ဒီဇင်ဘာ ၂၀၀၀)

ဆရာဦးဖေသိန်းသည် ပြည်သူလူထုက ချစ်ခင်သော ကာတွန်းဆရာကြီးအဖြစ် ထင်ရှားပါသည်။ ထိုသို့ ပြည်သူချစ်သော ကာတွန်းဆရာတဦး ဖြစ်ရခြင်းအကြောင်းရင်းမှာ ပြည်သူလူထု အကျိုးစီးပွါးဖက်က အမြဲ ရပ်တည်ခဲ့သည့်အတွက် ပြည်သူလူထုက ချစ်ခင်ရခြင်း ဖြစ်ကြောင်းကို အင်္ဂလန်မှ ကာတွန်းဆရာကြီး ဒေးဗစ်လိုး (David Low) ကို ဥပမာပေး၍ ဆရာက ပြောခဲ့ဖူးသည်။
"ဆရာ့ကို ပြည်သူလူထုက ချစ်ခင်တယ်လို့ပြောတော့ ဆရာ ၀မ်းသာတယ်။ ကာတွန်းဆရာဆိုတာ ပြည်သူလူထုက ချစ်ကြတယ်။ ကာတွန်းဆိုတာ ပြည်သူလူထု အကျိုးစီးပွါးဖက်က ရပ်တည်ပြီး ခေတ်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးတွေရဲ့ ကမောက်ကမ ဖြစ်မှုကို၊ အမြီးအမောက် မတည့်တာတွေကို သရော်တာ မဟုတ်လား။
အင်္ဂလန်က ကာတွန်းဆရာကြီးတယောက် ရှိတယ်။ ဒေးဗစ်လိုး(David Low) တဲ့။ သူ့ကာတွန်းတွေမှာ low ဆိုပြီး လက်မှတ်ထိုးတယ်။ သူက ဒုတိယကမ္ဘာစစ်ကြီးမှာ ဖက်ဆစ်နာဇီတွေနဲ့ ဟစ်တလာကို သရော်တာ၊ ထိုးနှက်တာ။ စစ်ကြီးမှာ ဒီ နာဇီဖက်ဆစ်တွေကို နိုင်အောင်တိုက်နိုင်ခဲ့တဲ့အထဲမှာ သူ့ရဲ့ အင်အား၊ စွမ်းအားကို လည်း ထည့်ပြောရမယ်။
အဲဒီဒေးဗစ်လိုးကို ပရိသတ်က သိပ်ချစ်ကြတယ်။ အင်္ဂလန်မှာ သိပ်နာမည်ကြီးတာပေါ့။ အဲဒါ တခါကျတော့ သူ့ကာတွန်းမှာ သူက လမ်းကြိတ်စက်ကြီးတပုံ ထည့်ဆွဲချင်တယ်။ သူက လမ်းကြိတ်စက်ကို သေသေချာချာကြည့်ပြီးမှ ရေးချင်တယ်။ ဒါနဲ့ သူတို့ဆီက မြူနီစီပယ်ဌာနကို တယ်လီဖုံးဆက်ပြီးပြောတယ်။ သူနေတဲ့နေရာနဲ့ အနီးဆုံး ဘယ်မှာသွားကြည့်ရင် ရမလဲပေါ့။ လမ်းပြင်နေတာ ရှိရင်ပြောပါ။ ကျွန်တော်သွားပြီး လမ်းကြိတ်စက်ပုံကြီးကို ကြည့်ရေးချင်လို့ပါပေါ့။ ဒီတော့ မြူနီစီပယ်က ပြောတယ်။ ဒေးဗစ်လိုးက ကြည့်ချင်တာ ဆိုရင် ဘယ်မှမသွားပါနဲ့၊ အိမ်မှာပဲနေပါဆိုပြီး အိမ်ကို လမ်းကြိတ်စက်ကြီးတစီး ပို့လိုက်တယ်။ သူကြည့်ပြီး ပုံရေးပြီးမှ ပြန်မောင်းသွားတယ်။ အဲဒီလို ကာတွန်းဆရာကို ချစ်ကြတာ။"

(ငါး)
"ကာတွန်းဟာ အနုပညာမြောက်ဖို့ လိုတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အတွေးပဲ။ ကာတွန်းအတွေးကောင်းဖို့ လိုတယ်။"
ဆရာဦးဖေသိန်း
မိုးဇံ၏ ကာတွန်းဦးဖေသိန်းနှင့် အင်တာဗျူး
(ဗြူတီမဂ္ဂဇင်း၊ အမှတ်(၁၁) ဒီဇင်ဘာ၊ ၂၀၀၀)

မြန်မာ့ကာတွန်းသမိုင်းသည် အမျိုးသားရေးလှုပ်ရှားမှုများနှင့် ဆက်စပ်၍ တိုးတက်ထွန်းကားခဲ့ပါသည်။ ထိုသို့ ထွန်းကားခဲ့သော စာနယ်ဇင်းကာတွန်းသမိုင်းကို ဆရာဦးဖေသိန်းသည် စာနယ်ဇင်း ကာတွန်းသမိုင်းစာတမ်း ပြုစု၍ တင်ပြခဲ့သည်။ ထိုစာတမ်းကို စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ် စာနယ်ဇင်း သမိုင်းစာတမ်း ဒုတိယတွဲ (ပထမအကြိမ်၊ ၁၉၇၈) တွင် ဖော်ပြခဲ့သည်။ ထိုစာတမ်းမှာ ၁၉၇၅ ခုနှစ် စာနယ်ဇင်း သမိုင်း ဟောပြောပွဲတွင် တင်သွင်းခဲ့သော စာတန်းများ ဖြစ်သည်။
ဆရာဦးဖေသိန်း၏ စာတမ်းတွင် ၁၉၁၂ ခုနှစ် ရန်ကုန်တိုင်းသတင်းစာ ခရစ်စမတ်အထူးထုတ် (Rangoon Times m's Xas Number) တွင် Myauk(မျောက်) ဆိုသော ကလောင်အမည်ဖြင့် အင်္ဂလိပ်အမျိုးသားတဦး ရေးဆွဲခဲ့သော ကာတွန်းတခု စတင်ပါရှိသည်မှစ၍ ၁၉၇၀ ၀န်းကျင် မြန်မာကာတွန်း လောကမှ ကာတွန်းဆရာများအထိ စုံစုံလင်လင် ဖော်ပြထားသည်ကို တွေ့ရသည်။ ၁၉၁၅ ခုနှစ်မတ်လထုတ် ရန်ကုန်ကောလိပ်မဂ္ဂဇင်း ပွဲဦးထွက် "မြို့ပိုင်မင်းအိပ်မက်" ကာတွန်းကို ဦးဘကလေး စဆွဲခဲ့ပုံ။ ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာကျော်ခဲ့သည့် ဦးဘကလေး၏ "နံငယ်ပိုင်းနှင့်ဂန္ဒီစတိုင်" နိုင်ငံရေးကာတွန်းကို ရီဗျူးအော့ဖ်ရီဗျူး မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပုံ စသည်ဖြင့် မြန်မာကာတွန်းသမိုင်းကို ဖော်ပြခဲ့သည်။ ဆရာဦးဖေသိန်း သည် ထိုစာတမ်းကို ပြုစုခဲ့သည်သာမက ကာတွန်းဆရာကြီးများ ကန်တော့ပွဲအစဉ်အလာကို ဆက်ခံထိန်းသိမ်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ကာတွန်းဆရာကြီးများ ကန်တော့ပွဲ၏နိဒါန်းမှာ ၁၉၃၄ ခုနှစ်တွင် ကာတွန်းဆရာကြီး ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့က ရန်ကုန်မြို့ ၁၃လမ်း အောက်လမ်း မီးထွန်းပွဲတွင် သူရိယနှင့် မြန်မာ့အလင်းသတင်းစာများတွင် ပယ်ထားသော နိုင်ငံရေးကာတွန်းများနှင့် ထိုစဉ်က ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်များ၏ ချို့ယွင်းချက်များကို ရေးဆွဲထားသော ကာတွန်းများဖြင့် ကမ္ဘာပေါ်တွင် မပေါ်ဖူးသေးသော ကာတွန်းမီးပုံးများကို တီထွင်ကာ ဖော်ပြခဲ့ကြသည်။
ထိုသို့ သတင်းစာအပယ်ခံ ကာတွန်းများဖြင့် စတင်ခဲ့သော ၁၃ လမ်း အောက်လမ်း မီးထွန်းပွဲများကို အစဉ်အဆက် ကာတွန်းဆရာများ ဆက်လက်ဆောင်ရွက်လာခဲ့ကြရာ ၁၉၆၀ ခုနှစ် ဦးဘဂျမ်းမီးထွန်းပွဲအပြီးတွင် မီးထွန်းပွဲကို ကြီးကြပ်ရေးဆွဲသူ ကာတွန်းဆရာများတွင် အသက်အရွယ်ကြီးရင့်ပြီဖြစ်သော ဆရာကြီးဦးဟိန်စွန်း အား ပူဇော်ကန်တော့ရန် ကာတွန်းဦးဖေသိန်းမှ စတင်ဦးဆောင် စုစည်းခဲ့ပါသည်။ ထိုအချိန်မှစ၍ နှစ်စဉ်နီးပါး ကာတွန်းဆရာကြီးများ ကန်တော့ပွဲကို ကျင်းပခဲ့သည့် အစဉ်အလာကောင်းတရပ် ပေါ်ထွန်းလာခဲ့ပါသည်။
ဆရာသည် ကာတွန်းအပြင် ၀တ္ထု၊ ဆောင်းပါး ဘာသာပြန်များကိုလည်း ရံဖန်ရံခါ ရေးပါသည်။ မျိုးဆက်သစ် လူငယ်ကာတွန်းဆရာများနှင့် အမြဲတမ်း လက်ပွမ်းတတီး နေထိုင်တတ်ပါသည်။ ဆရာသည် ကာတွန်းဆရာ တယောက်အနေဖြင့် ထူးခြားသောနှစ်များကို သင်္ကေတရုပ်ပုံများဖြင့် ဖန်တီးရေးဆွဲလေ့ ရှိခဲ့ပါသည်။ ဥပမာ- ၁၉၅၅ (၅-၅-၅၅)၊ ၁၉၆၆ (၆-၆-၆၆)၊ ၁၉၇၇ (၇-၇-၇၇)၊ ၁၉၈၈ (၈-၈-၈၈) စသည်ဖြင့် ရေးဆွဲခဲ့ပါသည်။ ဆရာသည် ပုံပမာကာတွန်းစာအုပ်၊ ၃၈ ဖြာ မင်္ဂလာ၊ ကာတွန်းပဒေသာ (၁၉၇၈) (၁၉၈၂) နှင့် ငါးပါးသီလ၊ ကာတွန်းပဒေသာ (၁၉၈၄) (၁၉၉၁) စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ ဆရာဦးဖေသိန်းသည် ပုသိမ်အသင်း ရန်ကုန်၏ ရာသက်ပန်အသင်းဝင်၊ ဒုတိယဥက္ကဌ၊ အမှုဆောင်နာယက။ သာသနာ့ရိပ်သာ ဟိတေသီအဖွဲ့ဝင် ဖြစ်ပါသည်။ ဆရာ၏ သတင်းစာ ကာတွန်းဆရာဘ၀ တလျှောက်လုံးတွင် အစိုးရကိုရော သောင်းကျန်းသူကိုပါ ဝေဖန်ရေးဆွဲခဲ့သဖြင့် နှစ်ဖက်စလုံးမှ ငြိုငြင်ခြင်းနှင့် ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရပါသည်။ သို့သော် ပြည်သူလူထု၏ ချစ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

(ငါး)
ပြည်သူလူထုကို ချစ်ခင်ခဲ့သော ကာတွန်းဆရာကြီး ဦးဖေသိန်းမှာ ကွယ်လွန်ခဲ့သော်လည်း သူ၏ ကာတွန်းအတွေးအမြင်များမှာ ပြည်သူလူထု၏ နှလုံးသားတွင် ရှင်သန်နေဆဲ ဖြစ်ပါသည်။ ဆရာသည် အစွမ်းထက်သော ကာတွန်းပညာဖြင့် သူဖြတ်သန်းခဲ့သော လောကကြီး၏ ကောင်းကျိုးကို စောင့်ရှောက်ခဲ့ လေသည်။ ထိုသို့ အတွေးစများကြားမှ ကျွန်တော်သည် အုံ့ဆိုင်းပိန်းပိတ်နေသော ဇွန်လ၏ တိမ်ညိုတိမ်မဲများ ကြားတွင် ဆရာ၏ ရွှေရိုးကလေးမှာတော့ ကာတွန်းကို သတိရမိရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိပါ တော့သည်။

ကြယ်စင်မြစ်
(၉-၇-၂၀၀၉)
ကိုးကားစာအုပ်စာတမ်းများ
၁။ စာနယ်ဇင်းသမိုင်းစာတမ်းများ ဒုတိယတွဲ (ပထမအကြိမ်၊ ၁၉၇၈)
၂။ ကာတွန်းဆရာဦးဖေသိန်း၏ဆောင်ရွက်ချက်များ။ ဈာပနတွင် အခမဲ့ ဖြန့်ဝေစာစောင်။
၃။ ဘထွေး၊ ပန်းချီပန်းပု မှတ်တမ်း (၁၉၇၉)
၎။ ပေဖူးလွှာမဂ္ဂဇင်း၊ ဧပြီ ၁၉၈၆
၅။ မိုးဇံ၊ လူငယ်နှင့်အင်တာဗျူးများ Beauty's Collection ပင်နီစာအုပ်တိုက် ၂၀၀၃၊ မတ်လ။

{ဗြူတီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၉မှ ကူးယူဖော်ပြပါတယ်။}

Friday, August 14, 2009

ငါဆိုတဲ့တေး
ရေးသူ- ဖိုးသံ(လူထု)


{သြဂုတ်လ၊ ၁၅ရက်၊ ၂၀၀၉ မှာ ကျရောက်တဲ့ အနှစ်(၇၀) ပြည့် ဗမာပြည်ကွန်မြူနစ်ပါတီမွေးနေ့အတွက် ဖိုးသံ(လူထု) သီဆိုဟစ်ကြွေးတဲ့ ကဗျာတေး ဖြစ်ပါတယ်။}

ဒီတေးကိုငါဟစ်
တိုင်းပြည်ကိုချစ်လို့
ဒီတေးကိုငါဆို
အမှန်တရားကိုလိုလို့
ဒီတေးကိုငါဟစ်ကြွေး
လွတ်မြောက်ရေးကိုမျှော်သမို့။





ဒီတေးကိုငါဆိုရင်း
ထောင်တွင်းမှာအရိုက်ခံ
တောင်ယံမှာကျည်ဆံတိမ်း
ကျွန်းပေါ်မှာအောင်လံလွှင့်ခဲ့။

ဒီတေးကိုဆိုရင်း
ကြက်သီးတဖြန်းဖြန်းထဖူး
အားမာန်တွေတက်ဖူး
မပျော်စဖူးပျော်ဖူးသလို
မျက်ရည်တွေလည်းကျဖူးတယ်။

ဒီတေးကိုငါ
မိဘအတွက်ဆိုတယ်
ချစ်သူအတွက်ဆိုတယ်
သူတို့အတွက်ဆိုတယ်
အားလုံးအတွက်ဆိုတယ်
ငါ့အတွက်ငါလည်းဆိုတယ်။
အတိတ်နဲ့လည်းအတူဆိုဖူး
အနာဂတ်နဲ့လည်းအတူဆိုဖူး
တယောက်တည်းလဲဆိုဖူး
တရာနဲ့လည်းဆိုဖူး
တကမ္ဘာလုံးနဲ့လည်း
လက်တွဲဆိုခဲ့တယ်။

ဒီတေးကိုငါ
ကျောင်းသားဆိုတာကြားရ
အလုပ်သမားဆိုတာကြားရ
လယ်သမားဆိုတာကြားရ
စစ်သားဆိုတာကြားရ
တပ်ဦးမှာ၊ တပ်ဖျားမှာ
တောင်ထိပ်မှာ၊ တောင်ခြေမှာ
လမ်းမမှာ၊ လမ်းကြားမှာ
လယ်ထဲမှာ၊ မီးဖိုချောင်မှာ
နေရာတကာမှာ
အော်- ဗမာပြည်ကြီးသီချင်းဆိုနေပါကလား။

ဖိုးသံ(လူထု)
(၁၅-၈-၀၉)

Thursday, August 6, 2009

မင်းမင်းလတ်ရေ..... မင်းနဲ့ငါ့
ရေးသူ- ပုသိမ်မောင်စိမ်းသူ


[သြဂုတ်လ၊ ၂၂၊ ၁၉၉၇ မှာ ကွယ်လွန်ခဲ့တဲ့ ကိုမင်းမင်းလတ်အား အမှတ်တရအဖြစ် အင်္လကာဂီတဂျာနယ် အတွဲ (၃)၊ အမှတ်(၇)မှ ကူးယူဖော်ပြပါတယ်။]

မြတ်ခိုင်ရဲ့ ရင်ခုန်သံမဂ္ဂဇင်းမှာ မင်းမင်းလတ်သမိုင်း အပိုင်းအစများဆိုတဲ့ ဆောင်းပါးတစောင် လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ရေးပြီး ပုံနှိပ်စာလုံးနဲ့ ဖော်ပြပြီးပြီ။
အဲဒီတုန်းက အပိုင်းသုံးပိုင်းလား၊ နှစ်ပိုင်းလား၊ နှစ်လဆက်လား၊ သုံးလဆက်လား ကောင်းကောင်း မမှတ်မိပါဘူး။ အဲဒီတုန်းကတည်းက မင်းနဲ့ငါ ပတ်သက်သမျှ ငါ သွန်ချ ရေးပြီးခဲ့ပြီ အောက်မေ့တာ။
ခုတော့ ငါ ရေးရပြန်ပြီ၊ မရေးမဖြစ် ရေးရပြန်ပြီ။




ချစ်သော မင်းမင်းလတ်ရေ.....။
မင်းနဲ့ ပတ်သက်ပြီး တေးဂီတရာဇ၀င်နဲ့ ဘ၀ဇာတ်လမ်းကို မင်းကိုယ်တိုင် ရေးခဲ့တဲ့ "မင်းမင်းလတ်နဲ့ မင်းမင်းလတ်" စာအုပ်မှာ ပါခဲ့ပြီးပြီမို့ ငါဘာမှ ပြောဖို့ မလိုတော့ပါဘူး။
အခု ငါရေးမှာက မင်းနဲ့ ပတ်သက်ပြီး အများမသိသေးတဲ့ ငါခံစားရတာတွေ၊ မင်းနဲ့ငါနဲ့ အတူတကွ ပေါင်းသင်းခဲ့တဲ့ အချိန်ကာလ တချို့အကြောင်းလေးတွေကို ရေးမှာ ဖြစ်တယ်။
မင်းဘ၀ရဲ့ ပထမအစတွေကို ထားတော့၊ မင်းနဲ့ငါ ပေါင်းသင်းခဲ့ကြတဲ့ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ ချစ်ခင်ရင်းနှီးခဲ့ကြတယ်။ တခါမှ ရန်မဖြစ်ခဲ့ကြဘူးနော်။ အရက်တူတူသောက်ရင်လဲ အယူအဆ ဆွေးနွေးမှုတွေ မကွဲပြားခဲ့ကြဘူး မဟုတ်လား။ မြန်မာပိုင်း ရေဒီယိုသီချင်းတွေနဲ့ ပတ်သက်လို့ မင်းဘာမှ ငါ့ကို မဆွေးနွေးတတ်ခဲ့ သလို မင်းရဲ့ မင်းကျွမ်းကျင်တဲ့ နိုင်ငံခြားသီချင်းတွေနဲ့ ပတ်သက်ပြီး ငါ ၀င်မပြောတတ်တာမို့၊ မင်းနဲ့ငါဟာ ကိုယ့်စည်း ကိုယ်ခြားပြီး နေခဲ့ကြလို့ မင်းနဲ့ငါဟာ တယောက်နဲ့တယောက် ဘာပြဿနာမှ မရှိခဲ့ကြဘူး။
နှစ်ယောက်ပေါင်းမိကြတဲ့ အစနှစ်ပေါင်း သုံးဆယ်ကာလ ရှေးဦးပိုင်းမှာ မင်းနဲ့ငါ နှစ်ယောက် တသက်ခွဲလို့မရမယ့် ဖြစ်စဉ်တခုက တို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ရောက်လာတယ်။ အဲဒါကတော့ စတီရီယို တေးသီချင်းဆိုတာပဲ။
မင်းက မင်းရဲ့ ငယ်သူငယ်ချင်း မျိုးညွန့်(စာပေလောက)ကို ပူဆာတယ်။ သီချင်းရေးတတ်တဲ့ လူတယောက်ရှာပေးစမ်းပါတဲ့။
မျိုးညွန့်က မင်းကို ငါ့ဆီခေါ်လာတယ်။ မင်းနဲ့ ငါနဲ့က မျိုးညွန့်နဲ့ ပတ်သက်ပြီး အစကတည်းက တွေ့ရှိသိနေပြီး ဖြစ်ပေမယ့် သီချင်းနဲ့ ပတ်သက်စရာ အကြောင်းမရှိဘူး။
သူက သီချင်းဆိုချင်လို့တဲ့ဗျာ။ ခင်ဗျား သီချင်းရေးပေးလိုက်ပါ။ မျိုးညွန့်နဲ့ မင်းနဲ့ စကားတွေကြားမှာ ငါမွန်းနစ်သွားတယ်။ ဒါဟာ မင်းနဲ့ ငါရဲ့ စတီရီယိုသီချင်းသမိုင်းရဲ့ အစပဲ။ ငါ့ကို ခေါ်သွားတယ်။
မိုးမိုး(အင်းလျား) မဖြစ်သေးတဲ့ ဒေါ်စန်းစန်းနဲ့ မျိုးညွန့်တို့ရဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း ဟင်္သာတလမ်း နေအိမ်မှာ၊ အဲဒီမှာပဲ....။ အဲဒီနေအိမ်မှာပဲ တို့ စတီရီယိုတေးသီချင်း သမိုင်းအကြောင်းပြောရင် မပါမဖြစ်တဲ့ 'အပေါ်ထပ်နဲ့အောက်ထပ်' ဆိုတဲ့ သီချင်း အစပြု ဖြစ်ပေါ်လာခဲ့တယ် မဟုတ်လား။ တို့တွေ 'အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း' စီးရီးရေးနေတုန်းအချိန်က အခု အလင်္ကာတေးဂီတဂျာနယ် အယ်ဒီတာလုပ်နေတဲ့ နေမျိုးညွန်းက လေးဖက်တွားသွား ကလေးလေးအရွယ်၊ တို့ သီချင်းရေးနေတဲ့ ဂစ်တာကို နေမျိုးညွန့်က လာတီးကြည့်ပြီး ကစားနေခဲ့တယ်။ ဒီတုန်းက သီချင်းရေးရတာ ကက်ဆက်မရှိသေးဘူးလေ။
ဂီတာတီးပြ၊ ပါးစပ်က ဆိုပြတာကို စာသားထည့်ရတာလေ။ သီချင်းတရက်ရေးပြီး နောက်နေ့ ဆက်ရေးဖို့ကျတော့ မင်းနဲ့အတူ ပီးယားပွန့်မော်ဂန်ဆိုတဲ့ ကပြားတယောက် ပါလာတယ်။
ကပြားကြီးက တို့ မြန်မာစာနဲ့စကား ကောင်းကောင်းမတတ်ဘူး။ ဟိုကောင့် မျက်လုံးက ငါ့ကိုကြည့်တာ ယိုင်နေတယ်။ နှာခေါင်းပေါ်မှာ ယင်ကောင်တကောင် လာထိုင်နေတယ်။ ဒီလိုပဲ မြန်မာလို နားလည်သူတယောက်နဲ့ မင်းနဲ့ငါ သီချင်းတွေ ဆက်ရေးလိုက်ကြတာ အပေါ်ထပ်နဲ့အောက်ထပ် ပထမစီးရီး ပြီးသွားခဲ့တယ်။
မင်းက ဘာလုပ်လုပ် သိပ်မြန်ချင်တဲ့ကောင်။
စီးရီးကို မြန်မြန်ရေး၊ မြန်မြန်သွင်း၊ မြန်မြန်လုပ်ချင်တယ်။ ငါ့မှာက စိမ်းရွှေရွှေအနံ့အသက်နဲ့ အကျွမ်းမ၀င်တဲ့ သံစဉ်တွေ၊ ငါက မြန်မာသံစဉ်လိုင်းက လာတဲ့ကောင်၊ ဘာမှ အဆင်မပြေဘူး ဆိုပေမယ့် အဆင်ပြေအောင် လုပ်လိုက်လို့ ဒီစီရီးဟာ ဘာပဲပြောပြော မင်းသမိုင်းမှာရော၊ ငါ့ရာဇ၀င်မှာပါ တို့နှစ်ယောက်ပေါင်း အဆင်ပြေသွားခဲ့တဲ့ စီးရီးလို့ ဆိုရမယ်။ တို့နှစ်ယောက်ရဲ့ အစဟာ မင်းကလဲ ယောင်ဝါးဝါး၊ ငါကလဲ ဦးဏှောက်တွေစားနဲ့ မင်းဘ၀ရပ်တည်နိုင်ခဲ့သလို ငါလဲ လမ်းဆက်လျှောက်လို့ ရခဲ့တယ်။
အခု မင်းအသက် ၄၉ နှစ်၊ ငါ့အသက် ၅၅ နှစ်၊ မင်း ၄၉ နှစ်မှာ လူ့လောကကို စွန့်ခွါသွားခဲ့ပြီ။ လောကကို စွန့်ခွါသွားရပေမယ့် မင်းက ဘ၀ဆိုတာတို့၊ လောကဆိုတာတို့ကို ဘာမှ အလေးအနက်ထား သတိမပြုသွားဘူး ဆိုတာကို မင်းမိန်းမ ကုလားမသိသလို ငါလဲသိတယ်။
လေကကြီးမှာ အသစ်အဆန်း၊ ထူးခြားဆန်းပြားတာတွေနဲ့ အစားအသောက်တွေကို တွေ့ရှိအောင် ရှာဖွေစားသောက်နေထိုင်ပြီး၊ လွန်မင်းစွာ မပူမပင် လှလှပပနေထိုင်လို့ လောကကြီးကို စွန့်ခွါသွားရတာဟာ မင်းအတွက်တော့ လောကကြီး တန်ပါလိမ့်မယ်နော်။
မင်းနဲ့ ငါနဲ့ မသိခင် အကျွမ်းမ၀င်ခင်အပိုင်းတွေငါမသိဘူး။ ငါနဲ့ သိပြီးအပိုင်းတွေကစပြီး လေ့လာမိ သလောက် အားကြီး အစားအသောက်မက်တဲ့ အကောင်ပဲကွ။ ကိုယ်အကောင်း ကြိုက်တတ်သလို သူများကိုလဲ အကောင်းပဲ စားစေချင်တယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး သူများကို ကိုယ်နဲ့ ကိုယ်ချင်းစာပြီး ကိုယ့်လိုပဲ စားသောက်စေချင်တဲ့စိတ်ဟာ မင်းရဲ့ ပင်ကိုယ် ဓလေ့စရိုက်ပဲ ထင်ပါတယ်။
မင်းအစားအသောက် ပက်စက်ပုံကို ဘယ်မှာ စပြီး သတိထားမိလဲဆိုတော့ တို့နှစ်ယောက် ပထမစီရီး စရေးပြီး နောက်နေ့ ကတည်းကပဲ။ မနက်ပိုင်း သီချင်းနှစ်ပုဒ်လောက် ရေးပြီးတော့ ငါနဲ့ ကပြားကြီးကို စမ်းချောင်းကရင်င်္သချိုင်းအဟောင်းရှေ့က မြ ထမင်းဆိုင်ကို ခေါ်သွားတယ်။ ပြီး မင်း အားရပါးရ ဟင်းတွေမှာပြီး တို့နှစ်ယောက်ကိုလဲ စားစေတယ်။ မင်းလဲ စားတယ်။
စီးရီးလိုက်ရောင်းနေရင်း ရသမျှပိုက်ဆံကို တီးဝိုင်းတီးတဲ့လူတွေကို၊ သီချင်းရေးတဲ့ငါ့ကို ပိုက်ဆံပေးဖို့ မစဉ်းစားဖူး။ စားဖို့ပဲ စဉ်းစားတယ်။ ငါတို့က မိသားစုနဲ့ သားသမီးတွေနဲ့ဆိုတော့ စားဖို့ထက်၊ ပိုက်ဆံရဖို့ပဲ စဉ်းစားတယ်။ မင်းစားသလို သူများကိုလဲ စားစေချင်တဲ့ စိတ်ဟာ ဘယ်လောက်ကြီးမားသလဲဆိုရင် မင်းဟာ အစားအသောက်နဲ့ သေသွားတဲ့ အကောင်မို့လို့ မင်းနဲ့အစား တွဲပြီး ဒီလောက်ပြောနေရတာ။
၁၉၇၈ ခုနှစ်လောက်က စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့ရဲ့ ခြင်္သေ့လည်ပြန် စီးရီးထွက်တယ်။ ဒီစီးရီးကို သီချင်းစာအုပ် ရိုက်ဖို့ကိစ္စနဲ့ အဲဒီတုန်းက သုခမိန်လှိုင်မဖြစ်သေးတဲ့ သိဒ္ဓတ္ထလှိုင်ကို မန္တလေးကို လွှတ်တယ်။ ဟိုကောင် မန္တလေးရထားပေါ်မှာ စားသွားဖို့ဆိုပြီး ဘဲကင်တကောင်နဲ့ လိမ္မော်ရည်ပုလင်းတွေ ၀ယ်ပေးလိုက်တယ်။
ငါ မင်းနဲ့ ကုလားမရဲ့ 'သိပ္ပံ၏ရုပ်ကြွင်း' စီးရီးရေးတော့လည်း လမ်းသုံးဆယ် ရွှေဒံပေါက်နဲ့ နို့မလိုင်ခွက် တွေ၊ အအေးပုလင်းတွေ တန်းစီပြီး ချထားပေးတယ်။ မင်းဟာ သူများကိုလည်း စားစေချင်တယ်။ မင်းကိုယ်တိုင် လည်း စားတယ်။ အဲဒီအစားကပဲ မင်းကို သတ်သွားတာ။
အင်္ဂလိပ်ငါးပိ(ချိစ်) အခဲနဲ့ အမှုန့်တွေကို ထမင်းစားစပွဲပေါ်မှာထားပြီး မက်မက်မောမော စားသွားတဲ့မင်း။
မင်းနဲ့ ငါနဲ့ စပေါင်းကတည်းက မျိုးညွန့်နဲ့ ငါနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး လက်ဘက်ရည် သောက်ကြရင် မင်း ဘယ်တော့မှ မသောက်ဘူး။ အအေးပဲ သောက်တယ်။
လက်ဘက်ရည်တခွက် တမတ်၊ ပြားသုံးဆယ်ခေတ်မှာ မင်းက လိမ္မော်ရည် တပုလင်း ငါးမူး၊ ပြားခြောက်ဆယ်နဲ့ သောက်နေတော့ မင်းကိုငါ သိပ်မကြည်ဘူး။ ဒါပေမယ့် မင်းနဲ့ငါ ပေါင်းသင်းလာတာ ကြာတော့လဲ မင်းစရိုက်ကို နားလည်ပြီး မင်းကို ခွင့်လွှတ်လာနိုင်ခဲ့တယ်။
မနှစ်က မိုးဦးကျ ရာသီ ၁၉၉၆ ခုနှစ်၊ သရက်သီးတွေ ပေါ်ရော၊ မင်းသရက်သီးတွေ တော်ရုံတန်ရုံ စားရတာ အားမရဘူး။ ဒီရန်ကုန်မြို့ထဲက ဈေးတွေမှာ ၀ယ်စားရတာ အားမရလို့ဆိုပြီး သီရိမင်္ဂလာဈေးမှာ အများကြီး သွားဝယ်ပြီး စားတယ်။
တရက် မင်းအိမ်ငါရောက်သွားတော့ ကုလားမက ငါ့ကို ပြောတယ်။ ကိုလတ် အလာ့ဂျစ်ဖြစ်နေတယ်တဲ့။ ငါက ဒီကောင်လောက် သန့်ရှင်းသန့်ပြန့် နေတတ်တဲ့လူ မရှိဘူး။ ဘာလဲ၊ ဆေးမှားလို့လား၊ နေပါဦး ဒီကောင် လာပါစေဦး၊ ငါကြည့်လိုက်ပါဦးမယ်၊ ဒါနဲ့ စောင့်နေလိုက်တယ်။
ဟာကွာ မင်းပေါင်တွေ ခြေသလုံးတွေမှာ အနီဖုတွေ အမဲစက်တွေနဲ့၊ ဒါဆို ငါသိပြီ၊ ဒီရာသီမှာ အစေးအပူလောင်တတ်တဲ့ အစားအစာ သရက်သီးပဲ ရှိတယ်။ သရက်သီးအပူလောင်တဲ့ အမဲစက်တွေဟာ မင်း သေရာပါ ဒဏ်ရာအဖြစ် ပါသွားခဲ့တယ်။
ဒါဘာလဲ၊ မင်းအစားအသောက် မက်လို့။
မင်းနဲ့ငါနဲ့တွေ့ရင် အခုနောက်ပိုင်း ဆယ်နှစ်ကာလလောက်မှာ အရင်ဆုံးမေးတာက ကိုစိမ်းသူ ဘာစားပြီးပြီလဲ၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့၊ ဈေးဝယ်ရင်း စားမယ်။ ငါကလဲ အခုနောက်ပိုင်း ဆယ်နှစ်လောက် အတွင်းမှာ မင်းအိမ်ကို အစောကြီး ရောက်တတ်တာကိုး။ အထူးသဖြင့် မင်းအိုးသူကြီး မုန့်လုပ်ငန်းလုပ်တဲ့ ကာလတွေပေါ့။ ငါကလဲ အချိုအဆိမ့် ကြိုက်တတ်တဲ့အကောင်ဆိုတော့ မင်းအိမ်က လုပ်တဲ့ မုန့်တွေ ထောပတ်တွေကို သတိနဲ့ ရှောင်တိမ်းစားရတယ်။
မင်းနဲ့ငါ နောက်ဆုံးတွေ့ကြတာ ဇွန်လ ၂၈ ရက် ၁၉၉၇ ခုနှစ်၊ အဲဒီနေ့ အိပ်ရာကထလာတဲ့ မင်းကို ကုလားမက ပြောတယ်။ ဒါလင်ရေ ဒီနေ့ အုန်းထမင်းနဲ့ ဆိတ်သားချက်မယ်တဲ့၊ မင်းပျော်သွားတယ်။ ကိုစိမ်းသူ ရောက်နေလား၊ ကော်ဖီသောက်မယ် မဟုတ်လား။ ကျွန်တော်လဲ ကော်ဖီသောက်မယ်ဆိုပြီး နက်စ်ကော်ဖီနှစ်ထုပ် ယူခိုင်းလိုက်တယ်။ ငါနဲ့ အတူတူပါလာတဲ့ အောင်ခက်ကို မေးတော့ မသောက်ဘူးတဲ့။ နောက်မင်းက အောင်ခက်ကို ပြောလိုက်သေးတယ်။ ခင်ဗျား ကိုစိမ်းသူနဲ့ သိပ်မတွဲနဲ့။ သူ့နားသိပ်မကပ်နဲ့။ သူက သွေးစုပ်ဖုတ်ကောင်၊ သူနဲ့ တွဲတဲ့လူ သေကုန်ကြတာချည်းပဲ။
တသက်လုံး လက်ဘက်ရည် ကော်ဖီမကြိုက်ခဲ့တဲ့ မင်းက ဘာရောဂါတက်တာလဲ မသိဘူး။ သေခါနီး လေးငါး ခြောက်လလောက်မှာ ကော်ဖီတွေ ကြိုက်လာ သောက်လာတယ်။ မသေခင် တပတ်လောက်အတွင်း ထောပတ်ထမင်းတွေ ရက်ဆက်စား၊ ဘဲကင်ကောင်လုံးစား၊ ဒူးရင်းသီး အလုံးလိုက်စားနဲ့ မင်းငါ့ကို စွန့်ခွါသွားပါပြီး။
အစားအသောက်ဆိုတာ လူ့ဘ၀ အသက်ရှင် နေထိုင်ဖို့အတွက် အထောက်အကူပြုပစ္စည်းဆိုတာ မှန်ကန်ပေမယ့် လူ့ဘ၀ သေလမ်းအတွက် အကောင်းဆုံး အဆိပ်အတောက် ဆိုတာကိုလဲ မင်း ပြခဲ့ပါပြီ မင်းမင်းလတ်ရေ။

ပုသိမ်မောင်စိမ်းသူ
(၂၃၊ ၈၊ ၁၉၉၇)
[အင်္လကာဂီတဂျာနယ်၊ ၁၉၉၇ မှ ကူးယူဖော်ပြပါတယ်။]