Saturday, January 23, 2016

အင်တာနေရှင်နယ်သီချင်း ရေးသူ - ကျော်မော်





အင်တာနေရှင်နယ်သီချင်း
ရေးသူ - ကျော်မော်

အင်တာနေရှင်နယ် သီချင်းကြီးကို ဆိုနေကြပြီ။ ကမ္ဘာတဝန်းလုံးမှာလည်း အင်တာနေရှင်နယ် သီချင်းသံ ဝဲပျံပြီး နေတာမို့ ကျွန်တော်တို့ အကျဉ်းခန်းထဲမှာလည်း ဒီသီချင်းသံ ပြည့်နှက်သွားပစေ ကျွန်တော်တို့ကား သီချင်းဆိုကြသည်။ ၎င်းနောက် တော်လှန်ရေးသီချင်း တပုဒ်ပြီး တပုဒ် ပေါ်လာသည်။ ကျွန်တော်တို့ကား အဖော်ကွဲ၍ မနေလိုကြ။ အမှန်အားဖြင့် ကျွန်တော်တို့သည် အဖော်ကင်းမဲ့နေကြသည်မဟုတ်။ စင်စစ်အားဖြင့် ကျွန်တော်တို့ကား ယခုအချိန်တွင် လွတ်လွတ်လပ်လပ် နေထိုင်ရင်း အချုပ်အချယ်မရှိဘဲ သီချင်းဆိုနေရင်းက ကျွန်တော်တို့ကဲ့သို့ပင် တိုက်ပွဲဝင်နေကြသူများနှင့် တဂိုဏ်းတည်း တဖွဲ့တည်း ဖြစ်ကြပေသည်။
(ဂျူးလီယက်ဖူးချစ်- ကြိုးစင်ပေါ်မှ မှတ်တမ်းများစာအုပ်မှ)

ငါ့သားတို့ အင်းစိန်ကို ပြန်အခေါ်မှာ အဝင်ကစပြီး ပုံစံမထိုင်လို့ ဘယ်လိုရိုက်တယ်။ တိုက်ထဲမှာ အကြောင်းမရှိ အကြောင်းရှာပြီး ဘယ်လို ရိုက်တယ်။ အင်တာနေရှင်နယ်ကို ဆိုလို့ ဘယ်လို ရိုက်တယ်ဆိုတာကို ထပ်ကြားရပြန်တယ်။
(လူထုဒေါ်အမာ- ထောင်နှင့်မိခင်စာအုပ်မှ)

ကျွန်တော်တို့က အဲဒီ မိုးတွေ လေတွေ ကြားထဲမှာပဲ အင်တာနေရှင်နယ် သီချင်းကို ဆိုပြီး ထောင်ဗူးဝကို သွားကြတယ်။ ကြွေးကြော်သံတွေ တိုင်ကြတယ်။ ကျွန်တော်တို့ အဲလိုသွားပြီး တော့  ကြွေးကြော်သံတိုင်၊ ထောင်အာဏာပိုင်တွေကို လက်ညှိုးငေါက်ငေါက် ထိုးခဲ့တာ လေးကြိမ် ရှိသွားပြီ။ အဲလို လေးကြိမ်မြောက် ကြွေးကြော်သံတွေ တိုင်ပြီး ပြန်အလှည့်၊ နောက်ကို ပြန်အလှည့်ဆိုရင်ပဲ တိုက်ပွဲဆောင်ဆီက အင်တာနေရှင်သီချင်းသံ ထပ်တက်လာတယ်။
(ရဲဘော်ဖိုးသံချောင်း- ကျောင်းသား ထောင် တော်လှန်ရေးသမား- စာအုပ်မှ)

မျှော်လင့်ချက်က လွဲရင်
ဆုံးစရာ သံကွင်းတွေ တပွေ့တပိုက်နဲ့
လုပ်သားအဖိုးအိုတယောက်
အော်လေ နစ်လေအသံနဲ့
"အင်တာနေရှင်နယ်" သီကျူးလိုက်လေရဲ့
အချစ်
ဘေးကင်းပါစေ
(အုန်းမြင့်လှိုင်-ပန်းချီမပြီးသေးသော ကဗျာမှ)

တော်လှန်ရေးသမားမှသည် ကဗျာဆရာအထိ သီဆိုခဲ့တဲ့သီချင်း
တကမ္ဘာလုံးက တော်လှန်ရေးသမားတွေ ကြွေးကြော်ခဲ့တဲ့ သီချင်း
တကမ္ဘာလုံးက အလုပ်သမားတွေ အလေးအမြတ်ထားတဲ့သီချင်း
ကမ္ဘာ့ဘာသာမျိုးစုံဖြင့် ပြန်ဆိုထားသော သန်းရာပေါင်းများစွာသော
ကမ္ဘာ့ပစ္စည်းမဲ့
အလုပ်သမားများက သီဆိုနေကြသော တိုက်ပွဲခေါ်သံ သီချင်း
ထလော့….. အငတ်ဘေးကျရောက်သူတွေ …
ထလော့…. ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ…..
အစချီတဲ့ အင်တာနေရှင်နယ်သီချင်း

သီချင်းအစကဗျာ

အင်တာနေရှင်နယ် သီချင်းကို ကဗျာအဖြစ် ကဗျာဆရာ၊ သီချင်းရေးဆရာ၊ တော်လှန်ရေးသမား ယူဂျင်းပေါ်တီယဲ (Eugene Edine Potier) က ရေးသားခဲ့သည်။ ပေါ်တီယဲကို ၁၈၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ပါရီမြို့၌ မွေးဖွါးခဲ့သည်။
သူသည် ၁၄ နှစ်အရွယ်တွင် "လွတ်လပ်မှုအဓွန့်ရှည်ပါစေ" ဟူသော သီချင်းကို ပထမဆုံး ရေးဖွဲ့ခဲ့သည်။ ၁၈၄၈ ခုနှစ်တွင် သူသည် ဓနရှင် လူတန်းစားအား တိုက်ခိုက်သော အလုပ်သမားများ၏ မဟာတိုက်ပွဲကြီး ပါရီဘုံအဖွဲ့၏ ကတုတ်ကျင်းများထဲတွင် တပ်သားတဦး ဖြစ်နေသည်။

ပေါ်တီယဲမှာ ဆင်းရဲသော မိသားစုက ပေါက်ဖွါးလာသူ ဖြစ်ပြီး ဘဝတလျှောက်လုံး ဆင်းရဲသား ဖြစ်ခဲ့သည်။ ပစ္စည်းထုပ်ပိုးသူ၊ နောက်ပိုင်းတွင် အထည်စက်ရုံ အလုပ်သမားအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ ၁၈၄၀ ခုနှစ်မှ စ၍ ပြင်သစ်အရေးတော်ပုံတိုင်းတွင် အလုပ်သမားကို သွေးစည်းရန် ပြင်သစ်ဓနရှင် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက်ရန် လှုံ့ ဆော်သည့် တက်ကြွသော တေးသီချင်းများ စပ်ဆိုခဲ့သည်။ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့သည်။

၁၈၇၀ ပါရီဘုံအဖွဲ့တွင် ဘုံအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ပေးမဲ ၃၆၀၀ အနက် သူက ၃၃၅၂ မဲရသည်။ သူသည် သမိုင်းတွင် ပထမဆုံးသော ပစ္စည်းမဲ့ လူတန်းအဖြစ် အစိုးရဖြစ်သည့် ဘုံအဖွဲ့၏ လှုပ်ရှားမှု အားလုံးတွင် ပါဝင်ခဲ့သည်။

ပါရီဘုံအဖွဲ့ ကျဆေုံးသောအခါ ပေါ်တီယဲမှာ အင်္ဂလန်သို့ ထွက်ပြေးရသည်။ ၎င်းနောက် အမေရိကန်သို့ ထွက်သွားရသည်။ သူသည် အင်တာနေရှင်နယ်ကဗျာကို ၁၈၇၁ ဇွန်လတွင် ရေးစပ်သည်ဟု ဆိုနိုင်သည်။ မေလ၏ သွေးစွန်းသော ရှုံးနိမ့်မှုကြီး ပြီးသည့်နောက် တလအကြာတွင် ဖြစ်သည်။ ပြည်ပတွင် တိမ်းရှောင်ရင်း အလုပ်သမား ကဗျာများစွာကို ရေးသားခဲ့သည်။ ဘုံအဖွဲ့ ကျဆုံးပြီး ကိုးနှစ်အကြာတွင် ပြင်သစ်နိုင်ငံကို ပြန်လာခဲ့သည်။ အလုပ်သမားပါတီထဲ ဝင်ရောက်ခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ပထမကဗျာစာအုပ်၊ ၁၈၈၇ ခုနှစ်တွင် "တော်လှန်တေးများ" ဒုတိယကဗျာ စာအုပ် ထုတ်ဝေခဲ့သည်။၁၈၈၇ ခုနှစ် နိုဝင်ဘာလတွင် ပေါ်တီယဲ ကွယ်လွန်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော် ပဲလာရှဲသုသန်တွင် မြှပ်နှံခဲ့သည်။

ကဗျာမှ သီချင်း

ယူဂျင်းပေါ်တီယဲ ရေးစပ်သော အင်တာနေရှင်နယ် ကဗျာကို ၁၇ နှစ်အကြာတွင် သီချင်းအဖြစ် အသံသွင်းခဲ့သူမှာ အလုပ်သမားသီချင်းရေးဆရာ ဖြဲဒီဂေးတာ (Pierre De Geyter) ဖြစ်သည်။ ဖြဲဒီဂေးတာမှာ ဂီတပညာရှင် မဟုတ်ဘဲ သေတ္တာလုပ်သည့် အလုပ်သမားတယောက်သာ ဖြစ်သည်။ သူ့အဖေမှာ အလုပ်သမား ဖြစ်၍ သူလည်း ၇ နှစ်သားမှစ၍ အလုပ်လုပ်ခဲ့ရသည်။ ပြင်သစ်နှင့် ဂျာမန် စစ်ဖြစ်သောအခါ  ပြင်သစ်တပ်တွင် ဝင်၍ အမှုထမ်းပြီး စစ်ထဲ၌ ရှိနေစဉ် အလုပ်သမား လူတန်းစားဘဝကို စိတ်ဝင်စားခဲ့ပြီး စစ်ပြီးချိန်တွင် အလုပ်သမား လှုပ်ရှားမှု များတွင် ပါဝင်ခဲ့သည်။ အလုပ်သမားသီချင်းများ ရေးခဲ့သည်။ ဖြဲဒီဂေးတားသည် ယူဂျင်းပေါ်တီယဲ စပ်ဆိုခဲ့သည့် လုပ်သားထု နိုးကြားထကြွရေး ကဗျာများနှင့် ထိတွေ့မိသည်။ ဤတွင် ပေါ်တီယဲ စပ်သည့် ကဗျာတပုဒ်မှ စာသားများကို ယူပြီး ဖြဲက ကမ္ဘာ့အလုပ်သမား များ၏ ကမ္ဘာသုံးသီချင်းဖြစ်နေသော အင်တာနေရှင်နယ် သီချင်းကို အသံသွင်း တေးသီပေး ခဲ့ခြင်း ဖြစ်သည်။

စတင်သီဆိုပြီ

အင်တာနေရှင်နယ် သီချင်းကို ပထမဆုံးအကြိမ်အဖြစ် ၁၈၈၈ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ပြင်သစ်ပြည် လီလဲမြို့ အလုပ်သမားပွဲတော်၌ စတင် သီဆို ခဲ့သည်။ သီဆိုခဲ့ကြစဉ်က နိုင်ငံတကာ အလုပ်သမားသီချင်း ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

၁၈၉၄ ခုနှစ်တွင် အင်တာနေရှင်နယ် သီချင်းကို စာသားရော တေးသွားပါ ပုံနှိပ်ထုတ်ဝေ လိုက်ရာ လီလဲ အရင်းရှင်များက သူပုန်စော် နံသည်ဟုဆို၍ ပုံနှိပ်ထုတ်ဝေသူကို ဖမ်းပြီး တရားစွဲသည်။ သီချင်းကို လူထဲ မသီဆိုရဟု တားမြစ်ပိတ်ပင်သည်။ သို့သော် သီချင်းမှာ လူကြိုက်များ၍ ပြင်သစ်ပြည် အနှံ့အပြားရှိ အလုပ်သမားရပ်ကွက်များတွင် သီဆိုခဲ့ကြ လေသည်။ ၂ နှစ်အကြာတွင် ပြင်သစ်အလုပ်သမားပါတီ ကွန်ဂရက် ကျင်းပသဖြင့် ကွန်ဂရက် ကိုယ်စားလှယ်များက အင်တာနေရှင်နယ် သီချင်းကို သူတို့နှင့်အတူ ကွန်ဂရက်အပြန်တွင် သယ်ယူသွားကြသဖြင့် ပြင်သစ်တပြည်လုံးတွင် သီဆိုခဲ့ကြလေတော့သည်။

ထို့နောက် ပြင်သစ်ပြည် အပြင်ဘက်သို့ ရောက်သွားပြီး ဥရောပ နိုင်ငံတကာ၌ ကိုယ့်ဘာသာ စကား ကိုယ်သွင်းပြီး သီဆိုခဲ့ကြသည်။ ၁၉၀၀ ပြည့်နှစ်တွင် လီနင်ထုတ်ဝေသည့် မီးပွါး သတင်းစာ၌ ဤသီချင်းကို ပထဆုံးအကြိမ် ပုံနှိပ်ဖော်ပြလိုက်သည်။ ၂ နှစ်ကြာသည့်အခါ ရုရှား တော်လှန်ရေးသမားတဦး ဖြစ်သည့် အာကာဒီကော့ ဆိုသူက ရုရှားဘာသာစကားသွင်းပြီး ဆိုရှယ်ဒီမိုကရက်တစ် သတင်းစာ၌ ဖော်ပြသည်။

၁၉၁၇ ခုနှစ်တွင် ကမ္ဘာ၏ ပထမဆုံး ဆိုရှယ်လစ်နိုင်ငံဖြစ်သော ဆိုဗီယက်ယူနီယံက အင်တာနေရှင်နယ် သီချင်းကို သူတို့၏ အမျိုးသားသီချင်းအဖြစ် သတ်မှတ်လိုက်သည်။ ၁၉၄၄ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ သီချင်းအဖြစ် သတ်မှတ်ပြန်သည်။ ဒုတိယ ကမ္ဘာ စစ် အတွင်း၌ စစ်မျက်နှာတိုင်းတွင် အင်တာနေရှင်နယ် သီချင်းကို သီဆို၍ ဖက်ဆစ်များကို တိုက်ခဲ့ကြသည်။ အကျဉ်းထောင်များ၌ ဤသီချင်းကို ကြံ့ကြံ့ခဲကြ တော်လှန်ကြလေသည်။

အင်တာနေရှင်နယ်သီချင်းကို ကမ္ဘာ့ဘာသာစကား မျိုးစုံဖြင့် ဘာသာပြန်ပြီး သီဆိုခဲ့ကြသည်။ နိုင်ငံတကာ အလုပ်သမားများသည် မိမိတို့ ရှေ့မှ သွားနှင့်သော တိုက်ပွဲဝင်သူရဲကောင်း ပစ္စည်းမဲ့ ကဗျာဆရာ၏ သီချင်းကဗျာကို ကမ္ဘာ့အလုပ်သမား အများစု၏ သီချင်းကြီးအဖြစ် ခံယူခဲ့ကြသည်။

လူတန်းစား အသိရှိသော အလုပ်သမားတဦးကို မိမိဇာတိမြေက ကွာလှမ်းသည့် မည်သည့်နေရာကိုပဲ ရောက်ရောက်၊ မည်သည့် ကံကြမ္မာမျိုးနှင့် ကြုံရ ကြုံရ၊ မည်မျှပင် သူစိမ်းတရံလို ခံစားနေရသည် ဖြစ်စေ အင်တာနေရှင်နယ်သီချင်း၏ သံပြိုင်အပိုဒ်မှတဆင့် ရဲဘော်တွေ မိတ်ဆွေတွေ ရှာတွေ့နိုင်သည်။ ငတ်ပြတ်နေသူများ၊ ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ခံရသူများ၊ ငုံ့မခံနေကြနှင့်၊ ထလော့ နိုးကြားလော့ ဘဝတူချင်း လက်တွဲလော့ အလုပ်သမားတွေ သွေးစည်းပြီး တိုက်ပွဲဝင်လော့။ လောကသစ်ကို ထူထောင်လေ.. ဟူသော စာသားများကို ဂီတဖြင့် သီကုံးထားသော အင်တာနေရှင်နယ် သီချင်းသည် ပစ္စည်းမဲ့ လူတန်းစားများ၏ မကွယ်မပျောက်နိုင်သော တိုက်ပွဲဝင်သီချင်းကြီး ဖြစ်လာတော့သည်။ ကမ္ဘာ့ အလုပ်သမား ပြည်သူတွေကို လွတ်မြောက်ရေးအတွက် ကြိုးပမ်းရန် တော်လှန်ရေးကို အဆုံးတိုင် ဆင်နွှဲရန် အားသစ်လောင်းပေးခဲ့သော အတွေးအခေါ် စာသားများသည် ကမ္ဘာတဝန်းလုံးတွင် ပြန့်နှံ့နေခဲ့သည်။ အင်တာနေရှင်နယ် သီချင်းသံသည် ကမ္ဘာ့လေထုထဲ တွင် ယခုတိုင် လွင့်ပျံလျက် ရှိနေသည်။


                                       နိုင်ငံတကာသီချင်း(L'Internationale)

ထလော့.. အငတ်ဘေး ကျရောက်သူတွေ
ထလော့… ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ
တော်လှန်ကာ ထစ်ချုန်းဟစ်ကြွေးကြော်နေ
နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ…..။
ရှေးရိုးအစဉ်အလာ အယူအဆဟောင်းတွေ စွန့်လေ
ကျေးကျွန်တွေ ထလေ.. ထကြလေ…
အခြေအနေတွေ ဒို့တော်လှန်ကာ ပြောင်းမလေ
အောင်မြင်ဖို့ရာ ရှင်းပစ်စို့လေ…။

(သံပြိုင်) ရဲဘော်တို့လာ စုရုံးလေ
အဆုံးစစ်ပွဲ နွှဲဆင်မလေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ….။
ရဲဘော်တို့လာ စုရုံးနေ
အဆုံးစစ်ပွဲ နွှဲမယ်လေ….
အင်တာ နေရှင်းနယ် စည်းရုံးစုစည်းကာနေ။

ကယ်တင်ရှင် ဘယ်သောအခါမှ မရှိပေ
နတ်သိကြား မင်းဘုရား ဒို့မယုံပေ
နှောင်ကြိုးကို ဒို့လက်ရုံးနဲ့ ချိုးဖျက်မလေ
သောက ဗျာပါဒ လောဘ ကင်းစင်စေ..။
လုယက်ခြင်းမှ မှန်မလွဲပင် ကင်းမလေ
အများပြည်သူ တူညီ ပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီ ထမ်းမလေ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ….။

(သံပြိုင်) ရဲဘော်တို့လာ စုရုံးလေ
အဆုံးစစ်ပွဲ နွှဲဆင်မလေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ….။
ရဲဘော်တို့လာ စုရုံးနေ
အဆုံးစစ်ပွဲ နွှဲမယ်လေ….
အင်တာ နေးရှင်းနယ် စည်းရုံးစုစည်းကာနေ။

လယ်သမား လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ
ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ…။
ညီရင်းပမာ သစ္စာအဓိဌာန် ပြုစို့ဟေ
သွေးစုပ်ကောင်တွေ မောင်နှင်ဟေ…။
ဒို့ရဲ့သွေးသား သူတို့ဝါးမြိုစားသလေ
နှစ်ကာလရှည်ကြာခံခဲ့ရပေ..
ကြောက်လန့်စိတ်တွေ အကုန်အစင် စွန့်လေ
အာရုဏ်ကျင်းကာ အလင်းသို့ ရောက်ပြီဟေယယ။

(သံပြိုင်) ရဲဘော်တို့လာ စုရုံးလေ
အဆုံးစစ်ပွဲ နွှဲဆင်မလေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ….။
ရဲဘော်တို့လာ စုရုံးနေ
အဆုံးစစ်ပွဲ နွှဲမယ်လေ….
အင်တာ နေရှင်းနယ် စည်းရုံးစုစည်းကာနေ။



ကျော်မော်
[မူလဆုံမှတ်-အနုပညာအယ်လ်ဘမ် အမှတ်(၁) မှ ကူးယူဖော်ပြပေးပါတယ်။]

Thursday, January 21, 2016

မြို့ပြကန္တာရထဲက ကဗျာစမ်းရေကြည် ဘာသာပြန်သူ- နေဦးဝေ



အေးစက်တဲ့ ဒီဇင်ဘာ ဆောင်းနေ့တနေ့။

နယူယောက်မြို့ ယူနီယံစကွဲယား မြေအောက်ဘူတာကနေ ဘရွတ်ကလင်ဘူတာကို အချိန်မှန်ထွက်ခွါလာတဲ့ 'Q' မြို့ပါတ်ရထား ထဲမှာ အားလုံးဟာ အေးခဲနေသလို ရထားတွဲတွေ ထဲမှာက လူအပြည့်။ ရပ်သူရပ်၊ ထိုင်သူထိုင်၊ သတင်းစာဖတ်သူဖတ်။ ဖုန်းပြောသူပြော၊ MP3 နားထောင်သူက နားထောင်။ ဒါပေမယ့် အားလုံးဟာ အေးခဲနေတယ်။ တဦးနဲ့ တဦး နှုတ်ဆက်ဖို့ မပြောနဲ့ စကားပင် မဟကြ။ ပီဘိ သူစိမ်းပြင်ပြင်။

ဒီအချိန်မှာ ရထားတွဲ တနေရာက သီချင်းဆိုသံ တသံထွက်လာတယ်။ နယူးယောက်မြို့သား တွေရဲ့ အေးခဲမှုကို ဒီသီချင်းသံက လှုပ်မနှိုးနိုင်။ ရထားတွဲထဲမှာ အာရုံခံစားမှု မဲ့နေဆဲ။ သတင်းစာ ဖတ်သူကလည်း ဆက်ဖတ်၊ တယ်လီဖုန်း ပြောသူကလည်း ဆက်ပြော၊ MP3 နားထောင်သူကလည်း နားကြပ်နဲ့ နားနဲ့ပ မခွါ၊ ဟမ်းဖုန်း ဖန်သားပြင်ကို အာရုံစိုက်သူက စိုက်၊ ငိုက်သူက ဆက်ငိုက်။

ဟော….. နောက်ထပ် အသံတသံ ရထားတွဲ တခြားတနေရာက ထွက်လာပြန်ပြီ။ ကဗျာရွတ်သံပါလား။ အခု ရေပန်းစားနေတဲ့ ကဗျာဆရာမ လူစီကလက်ဖ်တန်ရဲ့ "မေမေ့ဆန္ဒ" ကဗျာပါလား။ ကဗျာရွတ်သံနဲ့ အတူ ဘေစ်ဂစ်တာသံ တခုတွဲဖက်ပြီး ကြားလာရတယ်။ ဘေ့စ်ဂစ်တာသံက ညှင်းညှင်းငြိမ့်ငြိမ့်။ ကဗျာရွတ်သံနဲ့ အတူ ရထားတွဲထဲက အေးခဲမှုတွေ တစတစ အရည်ပျော်ကျလာခဲ့။ ဂျုံးဂျုံးဂျက်ဂျက် ခုတ်မောင်းသံဆီ ရောက်နေတဲ့ အာရုံတချို့ ကဗျာဆီကို ပျံဝဲလာကြ။ အတွဲအဖက် ညီလှတဲ့ ကဗျာနဲ့ ဂစ်တာသံရဲ့ ညှို့မြူမှု အောက်မှာ အပြုံးစတွေ ဝေစီလာနေတယ်။ သတင်းစာကို ဘေးချ။ ဟမ်းဖုန်းကို ပိတ်၊ MP3 နားကြပ်ကို ဖြုတ်သူ ဖြုတ်ပေါ့။

ဒီရထားတွဲမှာ ပထမဆုံး သီချင်းဆိုလိုက်သူက အသက် ၂၈ နှစ်အရွယ် ဖောက်နာ ဖြစ်ပြီး၊ ကဗျာရွတ်သူကတော့ အသက် ၃၃ နှစ်အရွယ် ကဗျာဆရာမ သွန်းဟေးလ် ဖြစ်ပါတယ်။ ဘေ့စ် ဂစ်တာသံလွင်လွင်ကို တီးခတ်တဲ့ ဂစ်တာဆရာမလေးကတော့ မာဗင်ဂရင်း ဖြစ်ပါတယ်။ ဒီရထားပေါ်မှာ သူတို့နဲ့ အတူ နောက်ထပ် ကဗျာဆရာ၊ ဆရာမ ၃ ဦး ပါပါသေးတယ်။

ကဗျာချစ်သူ ငါးဦးနဲ့ သီချင်းသည် ဂစ်တာဆရာမလေးတို့ဟာ သူတို့အဖွဲ့ကို Poets of Unexpected Places အနုပညာ မရှိနိုင်ဘူးလို့ ထင်ရတဲ့ နေရာတွေမှာ မထင်မှတ်ဘဲ ရောက်လာတတ်တဲ့ ကဗျာတစ္ဆေတွေ လို့ နာမည်ပေးခဲ့ကြတယ်။

သူတို့ဟာ မြေအောက်ရထားတွေထဲကိုလည်း သွားတယ်။ ကူးတို့ သင်္ဘေတွေကိုလည်း သွားတယ်။ မထင်မှတ်တဲ့ ပလက်ဖောင်းတွေ၊ အဝတ်လျှော်ဆိုင်တွေမှာလည်း တွေ့ရတယ်။  သေချာတာကတော့ သူတို့ လိုက်ပါလာတာကို ရထားတွဲထဲမှာ ဘယ်သူမှ သတိမထားမိကြ၊ ကူးတို့ သင်္ဘောပေါ်မှာလည်း တယောက်တကွဲစီ တက်လာကြ။ အချိန်ရောက်မှ တယောက် တလှည့်စီ ကဗျာတွေ ရွတ်ကြ၊ သီချင်းတွေ ဆိုကြ။

ဝင်ကြေးပေးစရာမလို တန်းစီစောင့်စရာမလို၊ ဒီနေရာရာမှာ ကတ္တီပါ ကော်ဇောမခင်း၊ ဖဲကြိုးမတန်း၊ ရာဇမတ်ကွက် မကာ။ သူတို့ရဲ့ ကဗျာပွဲတော်ဟာ ကဗျာဆရာတွေ ကိုယ်တိုင် နယူးယောက် မြို့သူမြို့သားတွေ လက်ထဲ ကဗျာတွေ လင်္ကာတွေကို တိုက်ရိုက် ထည့်ပေးတဲ့ပွဲ။ ကဗျာဆရာနဲ့ ကဗျာချစ်သူတွေ ရင်ဘတ်ချင်းဆက်တဲ့ပွဲ။

နယူးယောက်မြို့ပတ်ရထား အမြဲစီးလေ့ရှိတဲ့ ဘရွတ်ကလင်သား လူငယ်အရောင်းစာရေးလေး တဦးကတော့ အခုလို ကဗျာရွတ်ပွဲကို ပထမဆုံး ကြုံရတာ ဖြစ်ပေမယ့် အမြဲကြုံချင်တယ်လို့ ပြောခဲ့တယ်။ သူက ကဗျာဆရာ ဂျုံးဆင်းရဲ့ ကိုယ်တိုင်ရေးကဗျာကို သဘောကျသတဲ့။ သူရှေ့မှာလည်း ကဗျာတွေ အတော်လေး ရွတ်ပြီးသွားပြီ။ ရထားက ဘူတာ ဝင်တော့မယ်လို့ တောင် ကြေညာနေပြီး။ ဒီအချိန်မှာမှ ဂျုံးဆင်းကိုယ်တိုင် "ဂီတအပိုင်းအစ ပေါလောမျောနေတဲ့ ယမကာရော" ကဗျာကို ရွတ်တယ်။ ပါတီပွဲတခုမှာ သူနဲ့ တွဲကဖို့ ဘယ်လို ဖိတ်ခေါ်ခဲ့သလဲ ဆိုတဲ့ အကြောင်းအရာကလေးပါပဲ။ သူ့ကဗျာထဲမှာ R&B အပြင်းစား ခံစားချက် စင်တင်တေးတပုဒ် ဖြစ်တဲ့ Blackstreet အဖွဲ့ရဲ့ No Diggity ထဲက သီချင်းတပိုဒ်ကိုလည်း ထည့်ထားတယ်။ ဒီသီချင်းလည်း ရောက်ရော ရထားတွဲထဲက လူတွေလည်း မနေနိုင် ကြတော့ဘူး။ သီချင်းကို ဝိုင်းပြီး ဆိုကြတာပါပဲ။

ရထားတွဲလေးဟာ ထွက်လာစနဲ့ ဘာမှ မဆိုင်တော့ဘူး။ အားလုံး ကဗျာသေရည်နဲ့ မူးယစ်ရီဝေနေကြပြီ။ ခုနက ဟမ်းဖုံးဆရာတွေကလည်း အိတ်ထဲက ဟမ်းဖုံးတွေ မသိမသာ ထုတ်ပြီး ကဗျာတေးငှဲ့ပေးသူနဲ့ ကဗျာတေး သောက်သုံးသူတွေကို တိတ်တိတ် ဓါတ်ပုံတွေ ရိုက်နေကြပြီ။ တကယ်တော့ ဓါတ်ပုံရိုက်တယ်ဆိုတာ ခိုးလုပ်ဖို့ ခက်ခဲတဲ့ အရာပဲ။ ဒီလိုနဲ့ ဓါတ်ပုံကောင်း ရအောင် ကြံကြဖန်ကြပြီ။ ဒီလိုနဲ့က ကဗျာဆရာမတွေကလည်း ကိုယ်ရေးထားတဲ့ ကဗျာတွေ တခွက်ပြီးတခွက် ငှဲ့လောင်းပေးကြ။ သောက်သုံးသူတွေကလည်း သောက်လို့ မဝကြ။ ဓါတ်ပုံတွေကလည်း တဖျတ်ဖျတ်။

"ကျွန်တော်ဖြင့် ကဗျာရွတ်တာကို နားထောင်ရင်း အသက်ရှူဖို့တောင် မေ့နေတယ်" လို့ ရထားစီး ခရီးသွားဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတဦးက ရီဝေစွာ ပြောနေတယ်။

သူတို့ အဖွဲ့ဟာ မထင်မှတ်တဲ့ နေရာတွေမှာ ဘွားကနဲ ပေါ်လာတတ်တဲ့ ကဗျာတစ္ဆေ အဖွဲ့ ဖြစ်သလို ခရီးသွား လင်္ကာသည် အဖွဲ့လည်း ဖြစ်တယ်။ အနုပညာသည်တွေအတွက်ာကားခံ စင်မြင့်တွေဟာ မရှိမဖြစ် အရာတွေ ဆိုပေမယ့် သူတို့ကတော့ တိုက်ရိုက်ထိတွေ့ဖို့ ကြိုးစား နေကြတယ်။ Whole Foods စတိုး ဆိုင်တွေ၊ Victoria Secret ဆိုင်တွေ စူပါမားကက်တွေ ပန်းခြံတွေဟာ သူတို့ရဲ့ စင်မြင့်တွေ ပဲပေါ့။

တခါတော့ နယူးယောက်တိုင်းစကွဲယားကို သူတို့အဖွဲ့ ရောက်သွားတယ်။ ဧရာမ အမေရိကန် အလံတော်ကြီးကို မီးချောင်းတွေ ရောင်စုံ မီးလုံးတွေနဲ့ ပုံဖော်ထားတော့ ထိန်ထိန်လင်းနေတာ ပေါ့။ အားလုံး သိကြတဲ့အတိုင်း တိုင်းစကွဲယားဆိုတာ ကမ္ဘာလှည့်ခရီးသည်တွေ အစုံရောက် သလို အနုပညာ ခင်းကျင်းပြသသူတွေ ပြည့်နှက်နေတဲ့ နေရာ။

တိုင်းစကွဲယားထဲမှာ ပင့်ကူလူသား ဇာတ်လိုက်ပုံ အဝတ်အစားနဲ့ လူက သုံးလေးယောက် တောင် ရှိတယ်။ Toy Story ကာတွန်းထဲက ကောင်းဘွိုင် ဝူဒီပုံ ဖမ်းထားသူကလည်း လေးငါးယောက်မက ရှိတယ်။ ကပ္ပီတန်အမေရိက ပုံစံနဲ့ ပုဂ္ဂိုလ်တွေကလည်း မနည်းဘူး။ သူတို့နဲ့ အတူ ဓါတ်ပုံတွဲရိုက်ရင် ပိုက်ဆံပေးရတယ်။ ဓါတ်ပုံရိုက်ချင်သူတွေကို သူတို့ လှည့်ပြီး ခေါ်နေပုံက မျက်စိတောင် နောက်ချင်လာတယ်။ ဒီ ပုဂ္ဂိုလ်တွေကြားမှာ သူတို့ရဲ့ ကဗျာတစ္ဆေ အဖွဲ့ကလေး ရောက်သွားတော့ မထင်မှတ်ပဲ ဧရာမပရိသတ်ကြီး ဝိုင်းလာတာ တွေ့ရတယ်။

ဘရွတ်ကလင်းမှာ လူတိုင်းဝင်ပြီး ငွေပေး အဝတ်လျှော် အခြောက်ခံတဲ့ ရုံကြီးတရုံ ရှိတယ်။ ဒီနေရာကိုလည်း သူတို့ ကဗျာအဖွဲ့ အလွတ်မပေးဘူး။ အဝတ်လျှော် စက်ထဲမှာ အဝတ်တွေ ထည့်ထားပြီး ကဗျာရွတ်သူကလည်း ရွတ်။ အဝတ်လာလျှော်သူတွေကလည်း အဝတ် အခြောက်ခံရင်း ကဗျာတွေ သောတဆင်လို့ပေါ့။ အမှန်တော့ အဝတ်လျှော်ရုံ ဖေါက်သည်တွေ ဟာ ကဗျာနဲ့ မကင်းကွာ ကြဘူး။

အဝတ်လျှော်ရုံမှာ ပင်တိုင်ကဗျာဆရာကြီးတဦး ရှိနေတာကိုး။ ဒီအဝတ်လျှော်ရုံထဲမှာ အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ဂျပန်ကဗျာဆရာကြီး နာဂိုမာအိုတယေမီ ဟာ နှစ်ပေါင်း ၂၀၊ ၃၀ လောက် ကဗျာရွတ်လာခဲ့တာတဲ့။ အသက်ကြီးပြီ ဖြစ်လို့ သူ့မှာ ဆွဲဆောင်မှု မရှိဘူးလို့ မထင်လိုက်ပါနဲ့။ အဝတ်လျှော်စက်တွေ အခြောက်ခံစက်တွေ ကျိုးကျိုး ကျီကျီ မြည်နေတဲ့ကြားမှာ သူ့ကဗျာကို ဝိုင်းအုံ နားဆင်နေကြဆဲ ဖြစ်ပါတယ်။ ကဗျာဆရာကြီးက ကဗျာရွတ်ရင်း ဂျပန်ဝါးပုလွေကို မှုတ်ရင် မှုတ်မယ်။ ပရိသတ် မကြာခဏ ပွဲတောင်းခံရတဲ့ သူ့ကဗျာက "ဒီကဗျာကအခမဲ့" တဲ့လေ။

အဝတ်လျှော်ရုံကြီးဟာ တခါတလေ ကဗျာပြပွဲရုံကြီးနဲ့တောင် တူနေတယ်။ အဝတ်လျှော်ရုံကို လာကြသူတွေ ထဲမှာ ကဗျာပါရမီရှင်တွေကလည်း မနည်းဘူး။ အသက် ၁၀ နှစ်အရွယ် ဟာမိုနီကလေးဟာ သူ့အလှည့် ကဗျာရွတ်ဖို့ စောင့်ရင်း ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ လုပ်လေ့ရှိတယ်။ သူ့အလှည့် ရောက်ရင် "လူမည်းတွေရဲ့ သမိုင်းဆိုတာ ဘာလဲမေမေ"  ဆိုတဲ့ ကဗျာကို ရွတ်ဖို့ ပြင်ထားတယ်။ "မင်းအကြိုက်ဆုံးကဗျာကို ပြောစမ်းပါ" ဆိုတော့ဟာမိုနီက "မေမေ့ကဗျာ" လို့ ဖြေပါတယ်။ ဒီတော့မှ သြော်..သူ့အမေလည်း ကဗျာဆရာမကိုးလို့ သိလိုက် ရတယ်။ သူ့အမေက "ထရေစီ" လေ။ အသက် ၃၃ နှစ် "ကျွန်မ အာဖရိကသူ စစ်စစ်" ဆိုတဲ့ ကဗျာကို ရွတ်နေတယ်။ ပရိသတ်က စိတ်ဝင်စားလွန်းလို့ ငြိမ်ကျသွားတယ်။ ကဗျာဟာ ကူးစက်တတ်တဲ့ အရာဖြစ်လာတယ်။ တဦးကနေ တဦး ကူးစက်တာလည်း မြန်တယ်။ ထရေစီရဲ့ ကဗျာ ပြီးသွားတာနဲ့ အသက် ၃၀ အရွယ် ဟတ်သီရင်က သူရေးတဲ့ ကဗျာတပုဒ် ဖြစ်တဲ့ "ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာ" ကဗျာကို ဝင်ရွတ်နေတယ်။

သူတို့ရောက်လေရာ ပရိသတ်ကြီးက အားတက်သရော ကြိုဆိုကြတယ်။ သူတို့ရဲ့ ကဗျာ အနုပညာကို ချွင်းချက်မရှိ လက်ခံခဲ့ကြတယ်။ ရထားတွဲထဲမှာ ကဗျာရွတ်တာကို ဆက်ပြီး နားထောင်ချင်ကြလို့ ကိုယ်ဆင်းရမယ့် ဘူတာမှာ မဆင်းပဲ ဆက်လိုက်လာသူတွေလည်း မနည်းဘူး။ ရထားတွဲ ထဲမှာလည်း ကိုယ်ရေးထားတဲ့ ကဗျာကို ထရွတ်ပြီး ကဗျာပြပွဲ လုပ်သူတွေ ရှိနေတယ်။

သူတို့ ကဗျာတစ္ဆေအဖွဲ့ကို နေရပ်လိပ်စာကဒ်၊ အလုပ်ခန်း လိပ်စာကဒ် တောင်းသူက တောင်းတယ်။ တချို့ကလည်း ငွေတွေ ထုတ်ပြီး လှူကြတယ်။ ငွေတွေကိုတော့ လက်မခံ ကြဘူး။ အားနာစကားပြောပြီး ငြင်းကြတယ်။ တကယ်တော့ ကိုယ်စီ ကိုယ်စီ ကိုယ့်ကဗျာစာအုပ်လေး ထုတ်ဖို့ ကြိုးစားနေကြသူတွေပါ။ ဒါ ကိုယ့်ဖာသာ ကြိုးစားရမယ့် ကိစ္စလေ။

ဒီအဖွဲ့က တချို့ ဂီတဆရာတွေလို ဂီတာသေတ္တာဖွင့်ပြီး အလှူခံတာ၊ ဦးထုပ်ကလေးထိုးပြီး အလှူခံတာ မလုပ်ဘူးဗျ လို့ ပရိသတ်တဦးက ပြောပါတယ်။

သူတို့ အဖွဲ့မှာ ဘာတာဝန်မှ မရှိဘူးလို့တော့ မထင်လိုက်ပါနဲ့။ လူတွေနဲပ ကင်းကွာအောင် အလုပ်ခံထားရတဲ့ အနုပညာကို လူတွေကြားထဲ ပြန်ပို့ ရမယ့်တာဝန်က သူတို့ တာဝန်တဲ့။ ဘရောဒ်ဝေးပြဇာတ် တခါကြည့်ရင် ဒေါ်လာ ၁၀၀ လောက်ပေးမှ ကြည့်ခွင့်ရတယ်။ ဒါတောင် လက်မှတ်ရဖို့ မလွယ်ဘူး။ မော်ဒန်ပန်းချီပြတိုက် MMA ကို ဝင်ချင်ရင်လည်း ငွေတွေ တထပ်ကြီး ပေးရမယ်။ အနုပညာဟာ လူတွေနဲ့ ကြာလေ ကင်းကွာလေ ဖြစ်နေပြီ။ အများပြည်သူကို ဖျော်ဖြေတင်ဆက်တဲ့ အနုပညာလက်ရာထဲမှာ အလှတရားဆိုတဲ့ ဂုဏ်ပုဒ် ကိန်းအောင်းသားပါလို့ ပရိသတ်တဦးက ရှင်းပြတယ်။ သေချာတာကတော့ တဒီးဒီး ဆူညံနေတဲ့ မြို့ကြီးထဲမှာ ငြိမ့်ညောင်းလှပတဲ့ ကယရန်တွေ မီတာတွေ လင်္ကာတွေ ရောက်ရှိလာခြင်းဟာ နယူးယောက်မြို့ကြီးကို ပိုမိုငြိမ်းချမ်း ဝင်းပသွားစေတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။


နေဦးဝေ။
[Dusica Sue Malesevic ရဲ့  City Room Adding Verse and Meter to the Drome of The City ကို ဘာသာ ပြန်ပါတယ်။]

Sunday, January 10, 2016

ရှိစုမဲ့စု အရှေ့အရပ် ရေးသူ - မောရူးဆိုး



ကြယ်ပန်းနဲ့ ဟမ်းမင်းဘတ် ငှက်ကလေးတို့ ဆုံတဲ့နေရာမှာ ငါရှိတယ်။
ငါက လမင်းကြီးကို ကြည့်လို့
လမင်းကြီးက တောင်ကုန်းတွေကို ကြည့်လို့
တောင်ကုန်းတွေက ချည်မျှင်ရှည်လို အနက်ရောင်လမ်းတွေကို ကြည့်လို့
အဲဒီအချိန်မှာ
"နောင်" "ကြည်အေး" "ညွန်ကြူး" "ခင်လေးမူ" "မြေချစ်သူ" "မိနှောင်း" "နေထက်နိုင်" တို့ကို သတိရစွာ…………။

ပြောရရင် အရှည်ကြီးပဲ
ဥပဒေနဲ့ လှပတဲ့ အဆောက်အဦတွေ
နည်းလမ်းနဲ့ ဝိရိယလွင်ပြင်တွေ
ကိုယ်စီကိုယ်ငှနဲ့ လွတ်လပ်ဆွဲကြိုးတွေ
အနှစ်သာရနဲ့ အတ္တရဲ့ အရသာခြေနင်းဖိနပ်တွေ
ညီမျှခြင်းနဲ့ ကိန်းဂဏန်း ရောင်စုံမီးတွေ
ဘယ်သူ့အခွင့်အရေးလဲ မေးခွန်းထုတ်စရာမလို
ဒါကိုလဲ မမေ့ပါ…………။

နောက်ပြီးတော့ကာ
သမုဒ္ဒရာရေ အစပ်မှာ ဖြုတ်ကနဲ နေလုံးကြီး ငုတ်လျှိုးသွားရင်
ကြည့်နေတဲ့ လှေကားထစ်နေရာက ထရပ်လိုက ထရပ်ကြ
တစ်ချို့လည်း ရသမျှကလေး ဓါတ်ပုံရိုက်ယူကြ
အကောင်းဆုံး အားထုတ်တဲ့ သီချင်းနဲ့ တခြားအနုပညာတွေ ပြကြ
အလွန့်ကို မြင်ကွင်းကျယ်ကျယ်ကြီးမှာ ချယ်မှုန်းကြ
ထုထည်နဲ့ အစက်အပြောက်တွေ မျဉ်းအမျိုးမျိုးတွေ ကြီးကျယ်ကြ
ဖြစ်တည်ချက် အရှိန်အဟုန်က လင်းလက်ကြ
ပျဉ်ထူထူခင်း လမ်းမ မကျဉ်းမကျယ်မှာ
အစောင့်အရှောက်ဆိုတာကလည်း ထည်ထည်ဝါဝါ……..။

နေ့လည်း တိုချင်တို ရှည်ချင်ရှည်
ညလည်း တိုချင်တို ရှည်ချင်ရှည်
ညက နေ့ကို အလုပ်အကျွေးပြု
နေ့ကလည်း ညကို လေးစားသမှုပြု
ရက်သတ္တပတ်အဆုံးမှာ စစ်ပွဲဝင်သူ ကျား/ မများ
လူကြီးလူကောင်း ပီသကြသလို
ဘဝကို ခဏ
ဘယ်သူကမှ ယူစရာမလို
အဲသလို ဖွဲ့ဆိုကြတာ ဖွဲ့ဆိုကြတာ……..။

အိပ်မက်ထဲကလို
ဝယ်စရာ ခြမ်းစရာလေးတွေ ပြီးရင်
အိပ်မက်က လန့်နိုးတာမျိုးမှာ
ပေးစရာ ကမ်းစရာတွေ ပေးကမ်းပြီးသွားရင်
ထမင်းလုံးတစ္ဆေခြောက်သလို
မှောက်မှောက်မှားမှား ယောင်ယောင်ဝါးဝါးနဲ့
လောကဓံ ကစားပွဲများကို တက်မနင်းမိဖို့
သတိတွေ ကာရံ
လက်ကျန်အနာဂါတ်ကို ခပ်တင်းတင်း
ငါ ဖြန့်ခင်းထားရတော့မယ်……….။


မောရူးဆိုး
၁၂/၀၄/၂၀၁၅
Tracy, CA, USA.